လှေကားကြီး မြန်မြန်ထောင် § ဇဝန

လှေကားကြီးမြန်မြန်ထောင်
••••••••••••••••••••••••••••••

ဇဝန

တောက် .. တောက် .. တောက် .. ဟု ခွာဆောင့်၍နင်းလာသော လေဒီခင်ရှူးဖိနပ်သံကိုကြားရသဖြင့် ဦးရိုးဖေသည် ဖတ်နေသောသတင်းစာကို ဖတ်၍ကြည့်လိုက်ရာ ကျောင်းမှပြန်လာသောမေကြည်ကို တွေ့ရလေ၏။

မေကြည်သည် ခုံမြင့်ဖိနပ်ကလေးကို ခပ်မှန်မှန်နင်းကာ အိမ်အတွင်းသို့ ဝင်သွားလေရာ ဦးရိုးဖေသည် မေကြည်၏ သွားလာပုံနှင့်တကွ အဝတ်အစားကို ခြေဆုံးခေါင်းဆုံးကြည့်ပြီးလျှင် တစ်စုံတစ်ရာ စိတ်အိုက်သော အမူအရာဖြင့် သက်ပြင်းရှူရှိုက်မိလေ၏။

ဦးရိုးဖေသည် ခေတ်သစ်ကြီးထဲတွင် မွေးဖွားကြီးပြင်းလာသော သမီးပျိုတစ်ယောက်ကို အင်္ဂလိပ်စာသင်ကြား ပေးရသည့်အတွက် ကျောင်းစရိတ်၊ အဝတ်အစားစရိတ်၊ ကျွေးမွေးရသည့်စရိတ်၊ အသုံးအဖြုန်းစရိတ်တို့မှာ မိမိ၏ ပင်စင်လခကို ဝါးမျိုနေသည့်အတွက် စိတ်မချမ်းမသာဖြစ်မိကာ ထိုတာဝန်ကြီးသည် အဘယ်အခါမှ အေးပါမည်နည်းဟု တွေးကြည့်မိလေ၏။ ထိုသို့ တွေးလိုက်ရာတွင် သမီးဖြစ်သူလင်ရမှ မိမိ၏လက်ထဲက ကျွတ်လွတ်ကာ တာဝန်ငြိမ်းတော့မှာပဲဟု နှလုံးပြုမိပေတော့၏။

သို့ဖြစ်သည့် အားလျော်ညီစွာ သမီးဖြစ်သူအား ယောက်ျားမြန်မြန်ရပါစေတော့ဟု စိတ်ထဲက ဆုတောင်းမိလျက်
ခေတ်ကာလ ပညာတတ်ကလေးများ၏ ယဉ်ကျေးသော ထုံးစံအရ မေကြည်နှင့်အတူ အိမ်သို့မကြာခဏ လိုက်ပါ၍ လာတတ်ကြသော ယောက်ျားပျိုကလေးများကို ဦးရိုးဖေသည် မည်သည့်အခါမျှ မနှစ်သက်သောအမူအရာကို မပြချေ။ မိမိတာဝန်ကို ထမ်းရွက်ကြမည့် သာသနာ့ဝန်ထမ်းပုဂ္ဂိုလ်ကလေးများဟု အသိအမှတ်ပြုခဲ့လေ၏။ သို့ရာတွင် မိမိမျှော်လင့်သော အခြေအနေသို့ မရောက်မီကပင် မေကြည်သည် တစ်ယောက်ပြီးတစ်ယောက် ခွာပြဲပစ် လိုက်သဖြင့် ဦးရိုးဖေမှာ အတော်စိတ်ပျက်မိပေ၏။ သို့သော်ငြားလည်း မေကြည်မှာ ပိုးပန်းမည့်သူမရှားဘဲ တစ်ယောက်နှင့်ခွာပြဲလျှင် နောက်တစ်ယောက် ပေါ်လာသဖြင့် ဦးရိုးဖေမှာ မျှော်လင့်ချက်မကုန်ဘဲ ရှိလေ သေးတော့၏။

တတိယမ္ပိ .. သုံးယောက်မြောက်သော ရည်းစားနှင့် ခွာပြဲပြီးသည့်နောက်၊ တစ်နေ့သောညနေတွင် မေကြည်သည် စတုတၳမြောက်ရည်းစား တစ်ယောက်နှင့် အိမ်ရှေ့ခန်းတွင် စကားပြောလျက်ရှိသည်ကို ဦးရိုးဖေ တွေ့ရှိရလေ၏။

ဦးရိုးဖေသည် မိမိ၏ သမက်လောင်း၏ အသွင်အပြင်၊ အင်္ဂါရုပ်အဆင်းကိုကြည့်မိရာတွင် မိမိ၏ သမီးနှင့် ရှေ့သွားနောက်လိုက်ညီမည့်သူ ဖြစ်သည်ဟု ဆုံးဖြတ်မိလေ၏။ ထိုယောက်ျားပျိုကလေးမှာ ရုပ်ရည်သန့်ပြန့်လျက်
ကောင်းမွန်စွာ ဝတ်စားဆင်ယင်ပြီးလျှင် တဝင်းဝင်း ပြောင်လက်နေသော စိန်လက်စွပ်ဝတ်ဆင်တားသည်ကို တွေ့ရသောကြောင့် ၎င်းနှင့်ရလျှင် မိမိ၏ သမီးမှာ အေးအေးချမ်းချမ်းနေရပေလိမ့်မည်ဟု တွေးတောဝမ်းမြောက်ရင်း အိမ်ရှေ့ခန်းသို့ ထွက်လာလေ၏။

“ဖေဖေ . . ဟောဒီမှာ၊ ကျွန်မမိတ်ဆွေ ကိုတင်မြင့်ဆိုတာ” ဟု မေကြည်ကပြောသဖြင့် ဦးရိုးဖေက သမက်လောင်းကိုကြည့်၍ ပြုံးကာ တင်မြင့်ကလည်း ယောက္ခမလောင်းကို ပြုံး၍ကြည့်လေ၏။

ဦးရိုးဖေမှာ သမက်လောင်းကို အထူးသဘောကျကာ ရဲရဲတင်းတင်း နေထိုင်ပြောဆိုဝံ့စေရန် ခေတ္တမျှ ရင်းရင်းနှီးနှီး စကားပြောဆိုပြီးနောက် မိမိ၏ ငွေစီးကရက်ဘူးကို ထုတ်၍တည်လေ၏။

ထိုနောက် ဦးရိုးဖေ ထသွားသောအခါ မေကြည်က ...

“ကိုကို့ကို ဒီငွေစီးကရက်ဘူးတည်တာ ကိုကို့အပေါ်မှာ ဖေဖေ အန်မတန်အရေးယူကြောင်း ပြတာပဲ၊ ဖေဖေဟာ ..
တော်ရုံတန်ရုံ အရေးစိုက်ရမည့် လူလောက်ဖြင့် ဘယ်တော့မှ ဒီစီးကရက်ဘူးနဲ့မတည်ဘူး” ဟု တင်မြင့်အား ပြောပြလေ၏။

တင်မြင့်သည် အလွန်ကျေနပ်သွားကာ စီးကရက်တစ်လိပ်ညှိ၍ သောက်လေ၏။ စီးကရက်မှာ အလွန်သောက်၍
ကောင်းသဖြင့် နောက်ထပ်တစ်လိပ် ညှိ၍သောက်လေ၏။ စီးကရက်လေးလိပ်လောက် ကုန်သောအခါ ဦးရိုးဖေသည် နှမြော၍လာလေ၏။ “ဒီအကောင် . . ငါ့ ဆေးလိပ်ကိုသောက်ကောင်းလို့ပဲ မထတာလား၊ စကားပြောလို့ပဲ မကုန်နိုင်တဲ့အတွက် မထသေးတာလား” ဟု ဦးရိုးဖေ၏စိတ်တွင်တွေးမိပြီးမှ “ဟယ်ဒီကောင် ငါ့သမီးမရခင် လောက်သာ ငါ့စီးကရက်တွေသောက်ရမှာပါ၊ ငါ့သမီးယူပြီးတဲ့နောက် ငါ့တာဝန်အေးတော့မပေါ့၊ ဒါနောက်ဆုံး ကုန်ရတာပဲ၊ ကုန်ပါစေ” ဟု စေတနာပြဋ္ဌာန်းလိုက်လေ၏။

သို့အားဖြင့် တင်မြင့်သည် ဦးရိုးဖေ၏စီးကရက်များကို ညနေတိုင်း အားရပါးရ မှန်မှန်ကြီး တွယ်၍နေရလေ၏။ စီးကရက်များကို မေကြည်ကိုယ်တိုင်ယူ၍ပေး၊ မေကြည်ကိုယ်တိုင် မီးညှိ၍ပေးသဖြင့် တင်မြင့်မှာ အလွန်စည်းစိမ် တွေ့နေလေတော့၏။ ဦးရိုးဖေသည် မိမိ၏ စီးကရက်များကို တွန့်တို၍လာသော်လည်း ”တင်မြင့်မှာ မေကြည်ကို စွဲသည်ထက် စီးကရက်များကို စွဲမက်၍ လာနေလေရော့သလား” ဟု အောက်မေ့ကာ စီးကရက်များကို ဝှက်ထားလျှင် နောင်ကိုမလာဘဲနေ၍ သမီးနှင့်လမ်းပြတ်သွားမည်ကိုစိုးရိမ်ကာ တင်မြင့်၏စီးကရက်ဖိုးကို မိမိအကုန်ခံ၍ နေရလေတော့၏။

ထိုသို့လျှင် စီးကရက်နှစ်ဆယ့်လေးဘူး ကုန်မြောက်သည့်နေ့သို့ ရောက်သည့်တိုင်အောင် တင်မြင့်သည် မိမိအား မေကြည်ကို တောင်းရမ်းယူပါမည်ဟူသော စကားကိုလည်းမပြောသေး၊ မေကြည်ကလည်း တင်မြင့်နှင့် လက်ထပ်ဖို့ရန် မပူဆာသေးဘဲရှိသည့်ပြင် တင်မြင့်သည် စီးကရက်နှင့်ပင်မပြီးတော့ဘဲ ညနေတိုင်း အပြန် မိုးချုပ်ကာ တစ်ခါတစ်ရံ မိမိနှင့်အတူထမင်းစားပွဲတွင် ဝင်၍နှိုက်နေသည်ကို တွေ့ရပြန်လေ၏။ သို့ဖြစ်၍ ဦးရိုးဖေသည် တင်မြင့်ကိုကြည့်ရသည်မှာ ရှေးကနှင့်မတူဘဲ ကျွဲပေါက်ကလေးလိုဝဖြိုးလာသည်ဟု ထင်မြင်မိသော်လည်း သမက်လောင်းတစ်ယောက်ဖြစ်သည့်အတွက် စေတနာမပျက်နိုင်ဘဲ မေကြည်က တင်မြင့်အား ညနေတိုင်း ထမင်းစားရန်ခေါ်ခြင်းကို မတားမြစ်ဘဲ ရှိချေ တော့၏။

တင်မြင့်သည် မိုးချုပ်အောင်နေရုံမျှမက ညဉ့်နက်အောင်နေသောအခြေအနေသို့ ဆိုက်ရောက်လာပြီးလျှင် လျှပ်စစ် ဓာတ်မီးမီတာကို ညတိုင်းဖြုန်း၍နေလေတော့၏။ ဦးရိုးဖေမှ ခါတိုင်းမီတာခ လစဉ် ၃ိ-၈ဲ ခန့် ပေးနေခဲ့ရာမှ ယခုမူ ၇ိ-၁၂ဲ ပေးရသောကြောင့် စိတ်တို၍လာလေ၏။

ဦးရိုးဖေ၏စိတ်ထဲတွင် ခေတ်ကာလသားသမီးကို အင်္ဂလိပ်စာသင်ရခြင်းမှာ ကျောင်းနေစရိတ်၊ အဝတ်အစားစရိတ်၊
ကျွေးမွေးစရိတ်၊ အသုံးစရိတ်သာမက ရည်းစားစရိတ်ပါ ထောက်ပံ့နေရသည်ကို တွေ့ရသောကြောင့် မြန်မြန် ကိစ္စတုံးအောင် မည်သို့ လုပ်ရပါမည်နည်းဟု အကြံထုတ်လေ၏။ ထိုသို့အကြံထုတ်နေရာတွင် မေကြည်နှင့် တင်မြင့်တို့ မြန်မြန်ညားစေရန် ပြုလုပ်ခြင်းမှတစ်ပါး အခြားစိတ်ကူး၍ မရဘဲရှိသဖြင့် မြန်မြန်ညားစေရန် အဘယ်လုပ်ရပါမည်နည်းဟု နည်းလမ်းရှာရပြန်လေ၏။

ထိုသို့ စိတ်ကူးမိသဖြင့် အတင်း သမက်ဖမ်းရကောင်းမည်လားဟု စဉ်းစားမိပြီးမှ အကယ်၍ သမက်ဖမ်း၍မိလျှင် ကျကျနနလက်ထပ်ပေးဦးမှဖြစ်မည်ဖြစ်လေရာ လက်ထပ်မည့်အတွက် ကုန်ကျရမည်ကို တွေးမိသောကြောင့် ငွေကုန်နည်းမည့်နည်းကို စိတ်ကူးလေ၏။ ထိုသို့ စိတ်ကူးရတွင် ခေတ်ကာလအလျောက် ခိုးရာလိုက်ပြေး ကြခြင်းသည် ငွေကုန်သက်သာသော နည်းလမ်းပင်ဖြစ်သည်ကို အကြံရသဖြင့် ၎င်းတို့နှစ်ယောက် ခိုးရာ လိုက်ပြေးအောင် မည်ကဲ့သို့ လှုံ့ဆော်ရပါမည်နည်းဟု စိတ်ကူးထုတ်ရပြန်လေ၏။

တစ်ညတွင် အိမ်ရှေ့လမ်းပေါ်မှ ကလေးများ သီချင်းဆိုသွားကြသံကိုကြား၍ နားစိုက်ထောင်လိုက်ရာ 'ဦးရိုးဖေ.. ဟိုးဟိုးဟိုး .. မိုးထိအောင် လှေကားကြီးမြန်မြန်ထောင်” ဟူ၍ကြားလိုက်ရသဖြင့် မိမိအတွက်ဖြစ်ပေါ်လာသော အတိတ်တဘောင်ဟု နှလုံးပြုကာ ဝမ်းသာမိပြီးလျှင် မေကြည်အိပ်သော အခန်းပြတင်းပေါက်ကို လှေကားထောင်၍ ပေးလိုက်လျှင် ဘယ်နည်းနှင့်မဆို တင်မြင့်သည်ခိုးပြေးတော့မည်ဟု ယူဆပြီးလျှင် နောက်တစ်နေ့တွင် အိမ်နီးချင်းဘုရားလူကြီးတစ်ဦးအိမ်မှ လှေကားကြီးကို သွား၍ငှားလေ၏။

“ဘာများအရေးသိပ်ကြီးလို့ လှေကားလာပြီး ငှားရတာလဲဗျ၊ ဦးရိုးဖေ” ဟု မေးသည်ကို ဦးရိုးဖေမှာ အဖြေရခက် သဖြင့် “ပြောမဖြစ်တဲ့ကိစ္စ ရှိနေလို့ဗျာ၊ နောက်တော့ သိရပါစေမယ်” ဟု ပြောလေ၏။

“ကျုပ်လှေကားတော့ မကျိုးစေနဲ့နော် .. ကျိုးရင်လျော်ရမယ်”

“စိတ်ချပါ၊ မကျိုးစေရပါဘူး၊ ကျိုးရင်လျော်ပါ့ မယ်” ဟု ပြောပြီးလျှင် ဦးရိုးဖေသည် လှေကားကြီးကို ကိုယ်တိုင် ထမ်း၍ယူလာပြီးလျှင် မေကြည်အိပ်သော အခန်း၏အပြင်ပြတင်းပေါက်တည့်တည့်တွင် ထောင်ထား လိုက်လေ၏။

“ဖေဖေ ဒီလှေကားကြီး ဘယ်ကလာသလဲ”

“ဟိုဘက်အိမ်က ဦးဘိုးသောင်ဆီက”

“ဘာလုပ်ဖို့လဲ ဖေဖေရဲ့”

“လှေကားဆိုတာ အရေးကိစ္စရှိရင် တက်ရဆင်းရတာပေါ့”

“အခု ဘာကိစ္စမှမရှိဘဲ ဘာလုပ်ဖို့လဲ”

“အခုကိစ္စမရှိပေမယ့်၊ လိုလိုမယ်မယ် နောင်ကိုကိစ္စရှိရင် သုံးဖို့ပေါ့” ဟုပြောလိုက်သဖြင့် မေကြည်မှာ တွေး၍မရဘဲ ပြုံးမိလေ၏။

ဦးရိုးဖေ လှေကားငှားလာသည်မှာ ခုနစ်ရက်မြောက်သောနေ့သို့ ရောက်လာသည့်တိုင်အောင် မေကြည်နှင့် တင်မြင့်တို့သည် ထိုလှေကားကိုအသုံးမပြုသဖြင့် ဦးရိုးဖေမှာ ဒါလောက်တောင်အရသလားဟု နှစ်ယောက်စလုံး အပေါ်တွင် ဒေါသထွက်မိကာ ၎င်းတို့အတွက် အဘယ်ပုံကြံရမည်နည်း ဟု မှိုင်တွေချမိလေ၏။

ထိုအခါမှ ဦးရိုးဖေသည် မိမိတစ်ယောက်တည်ကြံ၍မဖြစ်နိုင်၊ ဘုရားလူကြီး ဦးဘိုးသောင်ကို အကျိုးအကြောင်း ဖွင့်ဟပြောဆို၍ တိုင်ပင်မှဖြစ်တော့မည်ဟု စိတ်ပိုင်းဖြတ်ကာ ဦးဘိုးသောင်အား တိုင်ပင်လေ၏။

ဪ . . ခင်ဗျားလှေကားငှားတာ၊ ဒီအတွက်ကို ဟား .. ဟား .. ဟား . .ဟား . . သမီး လင့်နောက်လိုက်ပြေးအောင် လုပ်ဖို့ဟာ ခုခေတ်မှာ သာပြီးလွယ်နေသေးတယ်၊ ခင်ဗျားသမီးကိုလာပြီး နောက်ပိုးနေတဲ့ သူငယ်ကို အခုလို ကြည်ကြည်ဖြူဖြူ လက်သင့်ခံနေသမျှ လာပြီး ခင်ဗျားစီးကရက်တွေ၊ ထမင်းတွေ၊ ဓာတ်မီးအားတွေ သုံးဖြုန်းနေမှာပဲ၊ အခုလိုလွတ်လွတ်လပ်လပ်ချစ်နေရတဲ့နောက်၊ ဘာလုပ်ဖို့ လိုသေးလဲ၊ ဘယ်တော့မှ ခိုးဖို့စိတ်ကူးကြမှာမဟုတ်ဘူး၊ အခုနေ တစ်ယောက်နှင့်တစ်ယောက် မတွေ့ရအောင် ကြပ်မတ်ထားပြီး ဟိုသူငယ်လဲ အိမ်မလာရအောင် လုပ်လိုက်ရင် တစ်ယောက်နှင့်တစ်ယောက် မတွေ့ရတဲ့အတွက် မနေနိုင်ဘဲ တွေ့နိုင်တဲ့ နည်းလမ်းကိုရှာကြတော့မှာပဲ၊ ဒီနည်းဟာ ခိုးရာလိုက်ပြေးစေတဲ့နည်းပဲ” ဟု ပြောပြလိုက်ရာ ဦးရိုးဖေမှာ များစွာကျေနပ်ပြီး ပြန်လာကာ အိမ်သို့ ရောက်သောအခါ သမီးကိုဆူပူလေ၏။

”နင်တို့ ခေတ်ကာလသားသမီးတွေဟာ မိဘကိုအင်မတန်အရှက်ခွဲတယ်၊ ယောက်ျားကလေးနဲ့ ပူးတွဲပြီး သွားဟယ်လာဟယ်နဲ့တင် အားမရသေးဘူး၊ အိမ်တိုင်ရာရောက် ခေါ်လာလိုက်သေးတယ်၊ အခုကြည့်စမ်း၊ အိမ်နီးပါးချင်းတွေ မေးငေါ့ကုန်ပြီ၊ ငါသိပ်ရှက်တယ်၊ နင်နဲ့ လိုက်လာတဲ့အကောင်တွေကလဲ အိမ်ဦးခန်းက စတိုင်နဲ့ထိုင်ပြီး နေရုံမကသေးဘူး၊ ငါ့စီးကရက်တွေလဲသောက် ထမင်းစားပွဲလဲဝင်နှိုက်၊ ဓာတ်မီးလဲဖြုန်း လိုက်သေးတယ်၊ ဒီမျက်နှာတွေ ငါမကြည့်ချင်ဘူး၊ ဒီအကောင်မျိုးတွေ ဘယ်တော့မှ ခေါ်မလာနဲ့၊ နောင်ကိုတွေ့ရင် အကုန်သတ်ပစ်မယ်၊ စော်စော်ကားကား အိမ်ကိုများ လာပြီး .. ဟင်း .. ” အစရှိသဖြင့် တစ်ညနေလုံး ဆူပူကြိမ်းမောင်းနေစဉ် တင်မြင့်ရောက်လာပြီး အိမ်ပေါ်သို့ တက်မည်အပြုတွင် ဆူပူသံကိုကြားရသဖြင့် ပြန်၍ လှည့်သွားလေ၏။

ထိုနေ့မှစ၍ တင်မြင့်သည်အိမ်သို့ ရောက်၍မလာတော့ဘဲရှိချေ၏။ မေကြည်မှာလည်း ချစ်သူနှင့်မတွေ့ရသဖြင့် တပိန်ပိန်ဖြစ်၍နေကာ မှိုင်၍နေသည်ကိုတွေ့ရလေ၏။

သုံးလေးရက်ခန့်ကြာသောအခါ ဦးရိုးဖေမှာ စိတ်ပူပန်မိပြန်လေ၏။ မိမိ၏ ဆူပူတားမြစ်ခြင်းကြောင့် တင်မြင့်မလာ
တော့ဘဲ မိမိပြောဆိုမိသမျှစကားတွေသာ အဖတ်တင်၍ နေလေရော့သလားဟု တွေးတောကာ ဦးဘိုးသောင်နှင့် တိုင်ပင်မိသည်မှာ လူပေါင်းမှားနေပြီဟု စိတ်ညစ်မိလေတော့၏။

သို့ရာတွင် ခြောက်ရက်မြောက်သောညတွင် သမီးအခန်းမှ တိုးတိုးတိတ်တိတ် ပြောသံကြားရသဖြင့် အသာစိုက်၍ နားထောင်လိုက်ရာ တင်မြင့်ရောက်နေသည်ကိုကြားသိရသဖြင့် ထ၍လက်ခမောင်းခတ်ချင် မိလေတော့၏။

“ကဲ . . ကြည်ကြည်၊ မြန်မြန်လုပ်ပါ၊ ကြည်ကြည်တို့ဖေဖေနိုးတော့မယ်၊ နိုးရင် ခက်ကုန်တော့မှာပဲ။ ဒီလှေကားကပဲဆင်းပါ” ဟု ပြောသံကြားရသဖြင့် ဦးရိုးဖေသည် အလွန်ဝမ်းသားကာ ချောချောမောမောအောက်သို့ ရောက်ကြပါစေဟု နှလုံးပြုလျက် လှေကားကျိုးမကျပါစေနဲ့လို့ ဆုတောင်းမိလေ၏။

အတန်ကြာလျှင် ဦးရိုးဖေသည် မိမိပြတင်းပေါက်မှကဲ၍ကြည့်လိုက်ရာ လှေကားပေါ်မှဆင်းသွားကြသော မေကြည်နှင့်တင်မြင့်တို့ကို တွေ့ရသဖြင့် မိမိဝဋ်ကျွတ်ပြီဟု ဝမ်းသာမိစဉ် လှေကားရင်းသို့ ရောက်ကြသည်တွင် ဝုန်းခနဲလှေကားကြီးလဲ၍ကျလေ၏။ မေကြည်နှင့်တင်မြင့်တို့သည် လူးလဲ၍ ထပြီးပြေးကြလေ၏။

ဦးရိုးဖေသည် အိမ်ပေါ်မှ ပြေး၍ဆင်းကာ လဲသွားသောလှေကားကို ကြည့်ပြီးနောက် မေကြည်နှင့်တင်မြင့်တို့ နောက်သို့ ပြေး၍လိုက်ကာ ”ဟဲ့ မပြေးကြနဲ့၊ နေဦး .. နေဦး” ဟု အော်လေ၏။ မေကြည်နှင့်တင်မြင့်တို့မှာ နောက်မှလိုက်လာသည်ကိုတွေ့ရ၍ ကြောက်အားလန့်အားပြေးကြရာ မေကြည်မှာ ပြေးရင်းခလုတ်တိုက်၍ လဲသဖြင့် ဦးရိုးဖေမီ၍လာလေ၏။

မေကြည်သည် ကမန်းကတန်းထကာ တင်မြင့်အားဖက်ထားပြီး ”ချမ်းသာပေးပါ ဖေဖေရဲ့၊ ကျွန်မတို့ ချစ်လွန်းလို့ပါ၊ ကျွန်မတို့ အချစ်ကို မခွဲပါနဲ့” ဟု ပြောပြီး တင်မြင့်အား `ကိုကိုရဲ့၊ ကျွန်မကိုဖက်ထားပါ ကိုကိုရဲ့၊ ကျွန်မကိုမလွှတ်ပါနဲ့” ဟု ငို၍ပြောလေ၏။

ဦးရိုးဖေသည် နှစ်ယောက်စလုံးကို စိုက်၍ကြည့်ပြီးလျှင် “မင်းတို့ခိုးပြေးတာကို ငါမကန့်ကွက်ပါဘူး၊ ဝမ်းသာပါတယ်၊ နို့ပေတဲ့ မင်းတို့ဆင်းဖို့ ငါငှားလာတဲ့လှေကားကျိုးသွားပြီ၊ မင်းတို့အတွက် ငါစိုက်ပြီး မလျော်နိုင်ဘူး၊ ငါကုန်ရတာများပြီ” ဟုပြောလိုက်ရာ နှစ်ယောက်သား အံ့အားသင့်၍ နေကြပြီး တင်မြင့်သည် ငွေစက္ကူ တစ်ရွက် ထုတ်၍ပေးလိုက်ပြီးလျှင် ကျေနပ်စွာပြန်သွားသောယောက္ခမကြီးကို ငေးကြည့်လျက် ကျန်ရစ်လေ တော့၏။

မြန်မာ့ရုပ်ရှင်၊ အောက်တိုဘာ၊ ၁၉၃၇။

ဆရာဇဝန၊ ဝတၳုတိုပေါင်းချုပ် ၁ ပီဒီအက်ဖ်၊
စာမျက်နှာ ၆၂ - ၆၅။

(ကော်ပီယူပြီး ပြန်တင်လိုသူများ စာရိုက်ထားသူရဲ့ နာမည်ကို ဖြုတ်မပစ်ကြဖို့ မေတ္တာရပ်ခံပါတယ်။)

စာရိုက် - စလေ ငနော့



Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်