ကဗျာနှင့် စတင်သိကျွမ်းရခြင်း § မင်းလူ

ကဗျာနှင့် စတင်သိကျွမ်းရခြင်း
•••••••••••••••••••••••••••••••••

မင်းလူ
ကျွန်တော်သည် ဤစာအုပ်တွင် စာတစ်ပုဒ် ရေးပေးရန် တာဝန်ပေးခြင်း ခံရပါသည်။ စီစဉ်သူများက ထိုအကြောင်းပြောသောအခါ ဝတၳုတစ်ပုဒ်
ပေးရမည်ဟု ထင်လိုက်မိသည်။ ကဗျာအကြောင်း ရေးရမည်ဟုဆို သောအခါ ကျွန်တော် လန့်ပြီး ဝမ်းသာသွားလေသည်။

လန့် ရသည့်အကြောင်းမှာ ကဗျာသည် စာပေအမျိုးအစားများထဲ တွင် ပြဿနာအတက်ဆုံး၊ အငြင်းအပွားရဆုံး၊ အကြောင်းအရာပိုင်းရော
ပုံသဏ္ဌာန်ပိုင်းပါ အထွေပြားဆုံးဖြစ်သောကြောင့် မရေးရဲခြင်းပင် ဖြစ်သည်။ ကဗျာ နှင့် ပတ်သက်၍ ကဗျာပုံစံသစ်များကိုလည်း ကြိုက်သလို၊ ရှိပြီးသား ကဗျာပုံစံများကိုလည်း ကြိုက်သည်။ ကဗျာဆိုလျှင် ဟောင်းဟောင်းသစ်သစ် ရင်ကို ငြိလျှင် ကြိုက်သည်ချည်းဖြစ်သည် ဆိုသလောက်သာ ပြောတတ်သည်။

ပြီးတော့ ကျွန်တော်သည် ဝတၳုရော ကဗျာပါ ရေးသူဖြစ်သည်။ သို့ရာတွင် ကျွန်တော့်ကို ဝတၳုရေးသူ အဖြစ်သာ လူသိများသည်။ ကဗျာ ရေးသူအဖြစ် သိသူနည်းသည်။ ကျွန်တော်ကလည်း ကဗျာအရေးနည်းသွားသည်။ အချို့က ကျွန်တော့်ကို ကဗျာဆရာအဖြစ် သတ်သတ်မှတ်မှတ်
သဘောထားချင်မှ ထားကြလိမ့်မည် ထင်သည်။ ထို့ကြောင့် ကဗျာအကြောင်း ရေးရမှာ လက်တွန့်ပါသည်။

ဝမ်းသာသွားသည့်အကြောင်းမှာ ဤစာအုပ် စီစဉ်သူများက ကျွန်တော့်ကို ကဗျာသမားတစ်ယောက်အဖြစ် အသိအမှတ်ပြု တာဝန်ပေးလာ ကြသောကြောင့်ပင် ဖြစ်သည်။ နယ်သို့ စာပေဟောပြောပွဲတွေ သွားရင်း
ကဗျာ
ဝါသနာရှင် လူငယ်များနှင့် တွေ့ ရသည်၊ သူတို့က ကျွန်တော့်ကို ကဗျာသမားတစ်ယောက်အဖြစ် လိုလိုလားလား လက်ခံဆွေးနွေးကြသောအခါ အလွန်ဝမ်းသာရသည်။ တချို့ သော မြို့နယ်များတွင် ကျွန်တော့်ကို ကဗျာဆရာဟု ကြေညာသည်ကို တွေ့ရသောအခါ စာမေးပွဲအောင် စာရင်းထဲက ကိုယ့်နာမည်ကို မြင်ရသကဲ့သို့ ကြည်နူးချမ်းမြေ့ရလေသည်။

ဘာပဲဖြစ်ဖြစ် ကဗျာနှင့် ပတ်သက်၍ စာတစ်ပုဒ်ရေးရန် တာဝန် ယူခဲ့ပြီ။ ထို့ကြောင့် ကျွန်တော်နှင့် အသင့်တော်ဆုံး ဖြစ်မည်ထင်သော ကဗျာရေးရာတွင် ကြုံရတွေ့ရသော အဖြစ်အပျက်ကလေးများကိုသာ ရေးမည်ဟု စိတ်ကူးသည်။


ချိုးနှစ်ကောင်

ထနောင်းပင်ညီနောင်က

လွမ်းအောင်ကူချွဲ။

ပန်းတော်ဖြူ

ပင်မြက်နေဇာထူလှ

ဖိုးတောင်သူတဲ။

ကလေးဘဝတုန်းက ထိုကဗျာလေးကို ကျောင်းမှာသင်ရသည်။ မျက်စိထဲတွင် ထနောင်းပင်၊ ချိုးနှစ်ကောင်၊ တောင်သူတဲကလေးတွေ ကို တကယ်ကို မြင်ယောင်လာသည်။ ချိုးကူသံကို ကြားယောင်လာ သည်။ အမျိုးအမည်မသိသော ခံစားမှုကို ခံစားရသည်။ ထိုစဉ်ကစ၍ ကဗျာကို စိတ်ဝင်စားမိသည်ဟု ထင်သည်။

ငါးတန်းခြောက်တန်းလောက်တွင် “ကဗျာရေးချင် စာစပ်သင်”၊ ”ကဗျာပရိယာယ်”၊ “ခေတ်သစ်ကဗျာမိတ်ဖွဲ့” စသော စာအုပ်များကို ဖတ်ရ သည်။ နှစ်သက်သော ကဗျာများကို မှတ်စုစာအုပ်ထဲမှာ ကူးယူထားသည်။ တချို့ကဗျာတွေကျတော့ ကူးရုံနဲ့ အားမရ။ အခြားသူများကိုပါ ပေးဖတ် နိုင်သည်။ “သူ့မှာတမ်း” ကဗျာကို လေးငါး ဆယ်ရွက်လောက် ကူးပြီး အတန်းထဲက သူငယ်ချင်းတွေကို လိုက်သည်။ (ခုထိလည်း ထိုကဗျာကို အကြိုက်နှစ်သက်ဆုံး ဖြစ်ပါသည်။ ထိုကဗျာထဲက အဖြစ်အပျက်အတိုင်း အိပ်မက်ထဲမှာ ထည့်မက်မိသည်အထိ စွဲလမ်းခဲ့ပါသည်။)

ကျွန်တော်သည် ကဗျာတွေ ဖတ်ရာမှ ကိုယ်တိုင်လည်း ကဗျာ ရေးချင်သည့် ဆန္ဒပြင်းပြလာသည်။ ကျွန်တော် စ ရေးသည့် ကဗျာများမှာ ”သံယောဇဉ်” ဟူသော အမည်ဖြင့် “အမျှင်သေးသေး၊ အမြင်ဆွေးလည်း ရှောင်ပြေးမလွတ်သာတကား” ဆိုသော ကဗျာမျိုး၊ “အသည်းတစ်ခြမ်း၊ မီးလောင်ကျွမ်းစဉ်၊ တစ်ခြမ်း လူခိုးခံရသည်” ဆိုတာမျိုး၊ ဘု ရားစင်မှာ
ခြောက်ကျည်ဆန်ခွံများကို ညောင်ရေအိုးအဖြစ် အသုံးပြုထားသည်ကို ခြင်ရသောအခါ အတွေးပေါက်ပြီး -

“အမြောက်ဆန်ခွံများ

ဘုရားပန်းထိုး

ညောင်ရေအိုးလို

တစ်မျိုးဆန်းသစ်

တီထွင်ပစ်ပြီ

စစ်ဆိုသည်မှာ ကိုးကွယ်ရာလား”

ဆိုသော ကဗျာကို ရေးဖြစ်သည်။
ဆယ်တန်းရောက်သောအခါ ကျောင်းက စာပေဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့မှာ အတွင်းရေးမှူးဖြစ်လာသည်။ နံရံကပ်စာစောင်တွေ ထုတ်သည်။ ကဗျာလည်း ဝင်ရေးသည်။


တက္ကသိုလ်စတက်သောနှစ်တွင် ကဗျာတွေ အမြောက်အမြား ရေးသည်။ ကလောင်အမည် မျိုးစုံတပ်၍ မဂ္ဂဇင်းတွေကို ပို့သည်။ အားလုံးအပယ်ခံရသည်ချည်း ဖြစ်၏။

နောက်တော့ ရန်ကုန်တက္ကသိုလ် အနုပညာအသင်း ပန်းချီဌာနစိတ်
၏ နံရံကပ်စာစောင်တွင် ကဗျာတွေ ဝင်ရေးသည်။ ကလောင်နာမည်က
တောကျောင်းဘုန်းကြီး။ ထိုစဉ်က ပန်းချီခန်းမသည် ဝိဇ္ဇာခန်းမ၏ နောက်ဘက်ရှိ အခန်းရှည်ကလေးထဲမှာ ဖြစ်သည်။ တာဝန်ခံ(အတွင်းရေးမှူး)က
မောင်မောင်စနေ။ နံရံကပ်စာစောင်စာတည်းအဖွဲ့မှာ သားကြီးမောင်ဇေယျ၊
တိုးမိုး၊ အနီမောင်၊ တင်လေးမြိုင်၊ ခင်မြဇင်၊ မစံတို့ ဖြစ်၏။ မြင့်ကောင်း၊ မျိုးရာဇာညွန့်နှင့် ကျွန်တော်တို့က ကဗျာများရေးပြီး ပို့ကြသည်။

ကျွန်တော်တို့ ကဗျာတွေ ရေးကြသည်။ ပုံစံအမျိုးမျိုး၊ အကြောင်းအရာအမျိုးမျိုး၊ တချို့က ကာရံမဲ့၊ တချို့က ကာရံရှိ၊ တချို့က လွတ်လပ်ကာရံ၊ တချို့က အချစ်အကြောင်း၊ တချို့က ဘဝ၊ တချို့က အတွေး အခေါ်၊ တချို့က သဘာဝအလှအကြောင်း၊ ကိုယ်သန်ရာ ကိုယ်ရေးကြသည်။ ပုံစံချင်း၊ အကြောင်းအရာချင်း ကွဲပြားသော်လည်း တစ်ယောက်နှင့် တစ်ယောက် ပဋိပက္ခမဖြစ်ကြ။ ကျွန်တော်တို့သည် နေရပ်ဒေသအသီးသီး မှ လာပြီး ကျောင်းမှာ ဆုံကြခြင်းဖြစ်၏။ သို့ရာတွင် ဒေသစွဲ မရှိကြ။ ပုဂ္ဂိုလ်စွဲ မရှိကြ။ ကဗျာကို ချစ်သော အစွဲသာ ရှိကြသည်။ ကဗျာရေးနေရ လျှင် ပျော်နေကြသည်။

သူငယ်ချင်းတစ်ယောက်ဆိုလျှင် ရည်းစားထက် ကဗျာကို ပို၍ ချစ်မိသဖြင့် ချစ်သူ၏ စွန့်ပစ်ခြင်းကို ခံလိုက်ရရှာသည်။ ကျွန်တော့်ကိုကော “ရည်းစား နှင့် ကဗျာ ဘယ်သူ့ကို ပိုချစ်သလဲ” ဟု ထိုစဉ်က မေးခဲ့လျှင် “ထောင့်ငါးရာနဲ့ ငါးရာနှစ်ဆယ့်ရှစ် တစ်မျိုးစီပေါ့”ဟု ဖြေမိပါလိမ့်မည်။

ကဗျာတွေကို မဂ္ဂဇင်းတိုက်သို့ ပို့မြဲပို့သည်။ သို့ရာတွင် အရွေး မခံကြရ။ ထိုစဉ်ကာလက မဂ္ဂဇင်းအများစုသည် ပုံစံသစ် ကဗျာများကို လက်မခံကြချေ။ ဖော်ပြခြင်း မရှိကြ။ ပုံစံသစ်ကဗျာကို သုံးသောမဂ္ဂဇင်း အနည်းငယ်ကိုလည်း ကျွန်တော်တို့ မတိုးနိုင်။

သို့ဖြင့် ကျွန်တော်တို့သည် လက်ရေးကဗျာစာအုပ်ကလေးတွေ ရေးသားထုတ်ဝေရင်း အာသာဖြေကြရသည်။ လက်ရေးကဗျာစာအုပ် တစ်အုပ် ထုတ်ဝေရသည်မှာ လွယ်ကူသည် မဟုတ်ချေ။ သာမန်အားဖြင့် ကြည့်လျှင်တော့ လွယ်လွယ်ကလေးဟု ထင်ရသည်။ ဖယောင်းစက္ကူပေါ်မှာ ကညစ်နှင့်ရေးပြီး စာကူးစက်ဖြင့်လှည့်၊ ပြီးတော့ ခေါက်ပြီး ချုပ်လိုက်ရုံသာ။ တကယ်တမ်းလုပ်ကြည့်တော့မှ လက်ဝင်သော အပိုင်းတွေရှိကြောင်း တွေ့ ရသည်။

ထည့်ချင်သော ကဗျာအရေအတွက်နှင့် စာမျက်နှာကိုက်ညီမှုရှိ စေရန် တွက်ချက် ချိန်ဆရခြင်း၊ စာကြောင်း အစိပ်အကျဲ စာလုံး အကြီး အသေး ညှိရခြင်း၊ စာမျက်နှာ မမှားအောင် ဂရုစိုက်ရခြင်း။ ပြီးတော့ ဖယောင်းစက္ကူပေါ်မှာ ရေးရတာ လွယ်သောအလုပ်မဟုတ်။ ရေးနေကျ မဟုတ်လျှင် စက္ကူစုတ်ပြဲသွားနိုင်သည်။

စာကူးစက်လှည့်ရာတွင် ကြုံရသည့် အခက်အခဲကလည်း ရှိသေးသည်။
ကဗျာစာအုပ်ဆိုလျှင် ပြဿနာ တက်တတ်သည်ဆိုပြီး စာကူးစက်တွေက လှည့်မပေးချင်ကြ။ တစ်စက်ပြီး တစ်စက် ခြေတိုအောင် လှည့်ပြီး စည်းရုံးရသည်။ ဘာမှ ပြဿနာတက်စရာ မပါပါဘူး၊ ရိုးရိုးပါ။ မယုံရင် ဖတ်ကြည့်ပါဆိုပြီး တောင်းတောင်းပန်ပန် ခခယယ လုပ်ရသည်။

စာကူးစက်လှည့်ပြီး၊ ချုပ်ပြီး စာအုပ်ဖြစ်ပြန်တော့ ရောင်းဖို့က ရှိသေးသည်။ တချို့ ကို ကျောင်းက ပန်းဝတီလိုဆိုင်မျိုးမှာ တင်ရောင်းခိုင်း ပြီး ကျန်တာကို ကိုယ်တိုင်လက်ပွေ့ လိုက်ရောင်းကြရသည်။ ကဗျာ စိတ်ဝင်စားသူတွေက ဝယ်သည်။ စိတ်မဝင်စားသူတွေက လှောင်သလို ပြောင်သလို လုပ်လွှတ်တတ်သည်။ တချို့က အားနာပါးနာ ဝယ်သည်။ ကိုယ်နှင့်နီးစပ်ရာကို အတင်းတွန်းထိုး ရောင်းရသည်။ ဒီကြားထဲ ဈေးဆစ်သည့်လူ၊ အကြွေးဝယ်သည့်လူ၊ နောက်သလို ပြောင်သလိုနှင့် အလကားဆွဲ သွားသည့် လူတွေ ရှိသေးသည်။ မိန်းကလေးအဆောင်တွေ သွားရောင်း
သောအခါ ကဗျာစာအုပ်တော့ မဝယ်ဘဲ သူတို့အဆောင် ဖန်ဖဲယားလက်မှတ် ပြန်ရောင်းခံလိုက်ရတာမျိုး၊ ဖန်ဖဲယားလက်မှတ်နှင့် ကဗျာစာအုပ် လဲလိုက် ရတာမျိုးလည်း ရှိသည်။

ကဗျာစာအုပ် လိုက်ရောင်းရသည့်အလုပ်မှာ ကောင်မလေးတစ် ယောက်ကို ရည်းစားစာ လိုက်ပေးရတာထက်တောင် မျက်နှာပိုပြောင်ဖို့ လိုလေသည်။


ဤစာအုပ် စီစဉ်သူများက ပြောသည်။ ယခု လက်ရှိကျောင်းထဲမှာ လက်ရေးကဗျာ စာအုပ်ကလေးတွေ ရေးထုတ်နေကြသူများနှင့် တွေ့ဆုံဆွေးနွေးခန်း သဘောမျိုးလည်း လုပ်ချင်သည်ဟု ဆိုသည်။ အလွန်သင့်လျော် ကောင်းမွန်သော အစီအစဉ်ပင် ဖြစ်သည်။

ကျွန်တော်သည် လက်ရေးကဗျာစာအုပ်များကို စိတ်ဝင်စားသည်။ အဆန်းသစ်ဆုံးအတွေး၊ အဆန်းသစ်ဆုံး အရေးအဖွဲ့များကို ထိုစာအုပ် များတွင် တွေ့နိုင်သောကြောင့် ဖြစ်သည်။ လက်ရေး ကဗျာစာအုပ်ကလေး များကိုလည်း ရနိုင်သလောက် စုဆောင်းထားသည်။

ကျွန်တော်၏စိတ်ကူးမှာ တစ်နေ့နေ့ကျလျှင် လက်ရေးကဗျာစာအုပ် ပြပွဲကလေးတစ်ခု လုပ်ချင်ခြင်းပင် ဖြစ်သည်။ တကယ်ဖြစ်လာနိုင်ဖို့တော့ မလွယ်၊ စိတ်ကူးယဉ်ဆန်သော စိတ်ကူးပင် ဖြစ်သည်။ သို့ရာတွင် ထို စိတ်ကူးကပင် စိတ်ကူးယဉ်လို့ ကောင်းလှသည်။
သင့်တော်သော နေရာတစ်ခုတွင် ပြပွဲခင်းကျင်းမည်။ ကဗျာစာအုပ် အရောင်းကောင်တာလည်း ရှိမည်။ ပြခန်း၏ အပြင်ဘက် ဥယျာဉ်တွင်းရှိ သစ်ပင်ရိပ်များတွင် ကဗျာထိုင်ဖတ်ရန် ခုံတန်းလျားကလေးများ ထားရှိမည်။ အခန်းတစ်ခန်းတွင် နာမည်ကျော် ကဗျာများကို အသံနေ အသံထားဖြင့် ရွတ်ဆိုသွင်းယူထားသော တိပ်ခွေများ နားထောင်နိုင်ရန် စီစဉ်ထားမည်။

ထိုစိတ်ကူးသည် တစ်နေ့နေ့ ဖြစ်မလာဘူးဟူ၍တော့ အတပ် ပြောနိုင်ချေ။


၁၉၇၈ ခု နှစ်ဦး၏ နေ့တစ်နေ့တွင် စာအုပ်လုပ်ငန်းလုပ်သူတစ်ဦးနှင့်တွေ့ သည်။ သူက လက်ရေးကဗျာစာအုပ်ကလေးများတွင် ပါဝင်သော ကျွန်တော့်ကဗျာများကို ဖတ်ဖူးကြောင်း၊ ထိုကဗျာများကို စုပြီး ပုံနှိပ်ထုတ်ဝေချင်ကြောင်း ပြောသည်။ “စာမူခကတော့ ထုံးစံအတိုင်းပေါ့ ဗျာ” ဟုလည်း ဆိုသည်။ ထုံးစံအတိုင်းဆိုသည်မှာ တစ်ပြားမှ မပေးနိုင်ဟု ဆိုလိုခြင်း ဖြစ်၏။

ကျွန်တော်က ဝမ်းသာအားရပင် သဘောတူလိုက်၏။ ကဗျာတွေ
စုပြီး ပေးလိုက်သည်။ နောက်တော့ ငွေကြေး အခက်အခဲကြောင့် သူ မထုတ်နိုင်ဟု ဆို၏။
ကိုယ့်ဘာသာ ထုတ်ဖို့ကလည်း ထိုအချိန်က ကျွန်တော့်မှာ ငွေ သုံးဆယ့်ငါးကျပ်သာ ရှိသည်။ တကယ်ကုန်ကျမည့်ငွေက ထောင်နှင့်ချီသည်။
မိဘကိုလည်း ဒုက္ခ မပေးချင်တော့။ ကိုယ့်ပြဿနာ ကိုယ်ရှင်းမည်ဟု ဆုံးဖြတ်သည်။

သုံးဆယ့်နှစ်လမ်းမှာ ကာလာရိုက်သည့် ပုံနှိပ်စက်အစုတ်ကလေး တစ်လုံးဖြင့် အလုပ်လုပ်နေသော သူငယ်ချင်း အေးမြင့်ဆီ သွားသည်။ အခက်အခဲကို ပြောပြသည်။ မင်းက စာအုပ်အဖုံးအတွက် တာဝန်ယူပါ။ ထိုအတွက်ကျသင့်ငွေကို စာအုပ်ထဲမှာ အစုရှယ်ယာပါသည်ဟု သဘောထားပါဟု ပြောလိုက်သည်။ ကဗျာစာအုပ်ဆိုလျှင် ရှုံးဖို့ ကျိန်းသေကြောင်း သူသိသည်။ သို့ရာတွင် သူက ကျွန်တော့်ကမ်းလှမ်းချက်ကို လက်ခံလိုက်၏။

စက္ကူဖိုးအတွက် အတိုးဖြင့် ငွေချေးရသည်။ ဘလောက်အကြွေး လုပ်သည်။ အတွင်းစာသားရိုက်သည့် ပုံနှိပ်တိုက်ကို အကြွေးရိုက်ခိုင်းသည်။

စာအုပ်အဖုံးအတွက် စက္ကူကို အကောင်းအသစ် မသုံးနိုင်၊ ဖြတ်စတွေ ဝယ်သုံးရသည်။ စက္ကူအရောင်က မဖြူတော့၊ ဝါကျင့်ကျင့် ဖြစ်နေ၏။ နှစ်ကာလ ဘယ်လောက်ကြာအောင် သိမ်းဆည်းသိုလှောင် ထားသော ပစ္စည်းမှန်း မသိရ။ ကြာရှည်အထားခံအောင် ဖြန်းရသည့်ပိုးသတ်ဆေးနံ့က တသင်းသင်း။ ပိုးသတ်ထားသော ကဗျာစာအုပ်အဖြစ် ကြံဖန် ဂုဏ်ယူလျှင်တော့ ရနိုင်ဖွယ် ရှိပေသည်။

စာအုပ်ကြော်ငြာများကို တက္ကသိုလ်နယ်မြေမှာ အထူးပြု၍ ကပ်ခဲ့၊ ချိတ်ခဲ့ ကြသည်။ စက်မှုတက္ကသိုလ်မှာလည်း ကပ်ပေး ချိတ်ပေးရန် ထို တက္ကသိုလ်ရှိ သူငယ်ချင်းများကို အကူအညီတောင်းရသည်။ သူတို့ကလည်း အားတက်သရော ကူညီကြပါသည်။ ဘယ်လောက်အထိလဲဆိုလျှင် ကဗျာ စာအုပ် ကြော်ငြာများကို လက်ဖက်ရည်ဆိုင်မှာသာမက စက်မှုတက္ကသိုလ် ဆင်ဝင်ကြီးအောက်ရှိ ကြော်ငြာသင်ပုန်းကြီးတစ်ခုလုံး ပြည့်သွားအောင် ကပ်ပစ်လိုက်ခြင်းပင်တည်း။

ဤသို့ဖြင့် ကျွန်တော်၏ ပထမဆုံးကဗျာစာအုပ်ဖြစ်သော “အချစ်လားဟေ့ ဝင်ခဲ့လေကွယ်” ထွက်ခဲ့သည်။

စာအုပ်အခြေအနေမှာ မဆိုးလှပါ။ အုပ်ရေ နှစ်ထောင်ရိုက်နှိပ်ရာ ခြောက်လလောက် အကြာတွင် ကုန်သလောက် ရှိသွားသည်။ (မေတ္တာ လက်ဆောင်ပေးတာ အုပ်သုံးရာလောက်ပါသည်။)

ထိုစာအုပ်အောင်မြင်သောကြောင့် သူငယ်ချင်းတွေက အားတက်လာ သည်။ သူငယ်ချင်းတစ်စုပေါင်းပြီး ကဗျာစာအုပ်များ ဆက်လက် ရေးသား ထုတ်ဝေသွားကြဖို့ ဆုံးဖြတ်ကြသည်။ အရင်းအနှီးရစေရန် ရှာကြဖွေကြ သည်။ ကျွန်တော်တို့၏ အရင်းအနှီးများကား လက်ပတ်နာရီ၊ အဘွားက ခမဲပေးထားသော လက်စွပ်၊ အိမ်မှာ အသုံးမလိုတော့သော ဗလာစာအုပ် အဟောင်း၊ မီးလုံးမီးသီးအကျွမ်း၊ ပုလင်းခွံများ စသည်တို့ပင် ဖြစ်ပါသတည်း။ ထပ်မံလိုအပ်သော ငွေကို အတိုးဖြင့် ချေးကြရသည်။

ချစ်ဒုက္ခ၊ အချစ်မြို့သားများ၊ နွေသစ်ရွက်၊ ရွှေနှလုံးသား ကဗျာ စာအုပ်များ ထွက်ပေါ်လာသည်။

ထိုစဉ်က ခုချိန်လို စာပေဝေဖန်ရေး အရှိန်အဟုန် မပြင်းထန်သေး သဖြင့် စာနှင့်ပေနှင့် ဝေဖန်ခြင်းကိုတော့ မခံရ၊ တစ်ဆင့်စကားဖြင့် လည်းကောင်း၊ တိုက်ရိုက်လည်းကောင်း ဝေဖန်ခြင်းကိုတော့ ကြားနာ ကြရသည်။ တချို့ဆရာများက “မင်းတို့မို့ တွေးတတ် ရေးတတ်ပလေကွာ” ဟု ချီးကျူးကြသည်။ တချို့ ဆရာများက “ကဗျာနဲ့စကားပြေကြား မှာ အဓိက ခြားနားထားတဲ့ စည်းကို မင်းတို့ ချိုးဖောက်ဖျက်ဆီးပစ်လိုက်ကြတာပဲ”ဟု အပြစ်တင်သည်။ လူငယ်စာဖတ်ပရိသတ်ကတော့ နှစ်သက်လက်ခံကြသည်။

ကျွန်တော်တို့၏ ကဗျာများသည် ထူးခြား ဆန်းသစ်နေသည်။ ဤသည်မှာ သက်သက် စတန့်ထွင်ခြင်း မဟုတ်ပါ။ ကဗျာ ပုံစံသစ်များ ထွင်ရန် လူငယ် အများအပြားတို့ ကြိုးစားအားထုတ်နေကြသည့် လှုပ်ရှားမှု ထဲတွင် တစ်စိတ်တစ်ပိုင်းအဖြစ် စီးဝင် မျောပါခဲ့ကြခြင်းသာ ဖြစ်ပါသည်။

ကဗျာပုံစံသစ်သည် ခုမှ ရှိသည်မဟုတ်။ လွန်ခဲ့သည့် နှစ်ပေါင်း အတော်ကြာကပင် သူ့ခေတ်နှင့်သူ ဆန်းသစ်ခဲ့မှုတွေ ရှိခဲ့ကြသည်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ခေတ်အလျောက် တီထွင်ဆန်းသစ် ကြည့်ခဲ့ ကြခြင်း ဖြစ်သည်။ နောက်ထပ် တက်လာမည့် ကဗျာသမားလူငယ်များ ကလည်း သူတို့ခေတ်အလျောက် ထပ်မံဆန်းသစ် တီထွင်ကြလိမ့်ဦးမည် ဖြစ်သည်။

ကျွန်တော်တို့ ရေးသော ကဗျာတွေကို ထောက်ခံအားပေးခဲ့သော ဆရာအချို့သည် ယခုအခါ မဂ္ဂဇင်းအချို့တွင် အယ်ဒီတာများ ဖြစ်နေကြ ပြီ။ ပုံစံသစ်ကဗျာများကို မဂ္ဂဇင်းစာမျက်နှာပေါ်တွင် ထည့်သွင်းဖော်ပြ လာကြပြီ။ ကျေးဇူးတင် ဝမ်းမြောက်ဖွယ်ပင်။


နိဂုံးချုပ်အားဖြင့် ပြောစရာတစ်ခုရှိပါသည်။ ကဗျာနှင့်ပတ်သက်၍ ကျွန်တော် မသိကျွမ်းတာတွေ အများကြီး ရှိနေသေးသည်။ အချိန်ကြာလာသည်နှင့် အမျှ ပို၍ သိလာရမည်ဖြစ်ပါလျက် ကြာလေ မသိသေးတာတွေက တိုးတက်များပြားလာလေ ဖြစ်ကြောင်း အံ့သြဖွယ် တွေ့ရှိရပါသည်။ ထို့ပြင် ကျွန်တော့်မှာ အကြီးမားဆုံး ပြဿနာတစ်ခု ဖြစ်လာသည်။
“ငါ ကဗျာရေးတတ်ပြီလား၊ မရေးတတ်သေးဘူးလား” ဟု ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိခြင်းပင် ဖြစ်၏။

ပန်းတက္ကသိုလ်၊
ဇူလိုင်၊ ၁၉၈၇။

PDF - burmeseclassic

ဆရာမင်းလူ၊ အက်ဆေးချစ်သူ ပီဒီအက်ဖ်၊
စာမျက်နှာ ၃၁ - ၄၁။

စာရိုက် - စလေ ငနော့



Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်