မှော်ဆရာမှတ်တမ်း မိတ်ဆက် § ဒဂုန်ခင်ခင်လေး
ဆရာမကြီး ဒဂုန်ခင်ခင်လေးရဲ့ စုန်း၊ ကဝေ၊ တစေၧဝတၳုတွေကို တင်ပေးသွားပါမယ်။ သည်ကနေ့ညက မိတ်ဆက်ပါ။
မှော်ဆရာမှတ်တမ်း
•••••••••••••••••••••••••
ကိုကိုလေး (ဒဂုန်ခင်ခင်လေး)
၁၉၅၇ ခုနှစ် တွင်ပုံနှိပ်သည်
ကလောင်ရှင်းတမ်း
၁၉၀၅-ခုနှစ်တွင် ဤစာရေးသူကို အနန္တဂုဏ်ရှင်မွေးမိခင် က ဖွားမြင်သဖြင့်၊ လူ့ခွင်လောက ၌ ဘ၀၏ အစနိဒါန်း ပြိုးခဲ့ရပါသည်။
၁၉၁၇-ခုနှစ် အသက် ၁၂ နှစ်မြောက် ကျောင်းစာသင်ဆဲ အချိန်မှာပင် စာရေးချင်သော ဝါသနာက၊ ကလောင် ကိုင်ရန် တိုက်တွန်းနှိုးဆွနေပါသည်။
သို့ကြောင့် "ပျောက်ဆုံးသောပတ္တမြား"ဆိုသည့် ဝတၳုရှည်တပုဒ်ကို ၁၉၁၇-ခုတွင် စတင်ရေးသား မိပါသည်။ ထို၀တၳုတပိုင်းလောက်ရှိလျှင်၊ ကြားဖြတ် စိတ်ကူးတချက်ရပြန်သောကြောင့်၊ ရလာသော ဇာတ်ကွက် ကို ပျောက်ပျက်မသွားစေရန် "မသန်းရီ" ၀တၳု ဟူသော အမည်နှင့် ၀တၳုတိုတပုဒ်ရေး မိပြန် သည်။
သို့သော် ထို၀တၳုနှစ်ပုဒ် မှာ အတော်ရှည်လျားနေသောကြောင့်၊ ရေးမဆုံးမှီ တပိုင်းလောက်တွင် သူရိယ နှင့် ဒဂုန်မဂ္ဂဇင်း မှ ဆုပေး၀တၳုများ ကြော်ငြာချက်အရ ဖူးစကက် စာမျက်နှာ ၁၆ ထက်မနည်း ၂၅ ထက် မများသော ၀တၳုတို ၂ ပုဒ်ကိုရေး ပို့လိုက်ပါသည်။ ၀တၳုတခု၏ အမည်မှာ "အလင်းရောင်" ဖြစ်၍ စာပုဒ်၏ အမည် မှာ "နွဲ့နွဲ့" ဟူ၍ အမည်တတ်လိုက်ပါသည်။ ထိုနှစ်ထဲမှာပင် ၀တၳု ၂ ပုဒ်လုံး မဂ္ဂဇင်း ၂စောင်တွင် ရှေ့ဆက် နောက်ဆက် ပါရှိလာပါသည်။
၀တၳုရှည် ၂ ပုဒ်ကိုမူ ၁၉၂၁ ခုနှစ်၌ ကိုယ်တိုင်ထုတ်ေ၀သော အမျိုးသမီးဦးစီးသည့်တလ ၂ ကြိမ်ထုတ် ကြည်တော်ဆက် မဂ္ဂဇင်းတွင် ထည့်သွင်းအသုံးပြုလိုက်ပါသည်။
ယင်း သည်မှအစပြု၍ ယနေ့၁၉၅၇-ခုနှစ်အထိလူ့ဘ၀၏ အသက် ၅၂ နှစ်၊ ကလောင်ဘ၀၏ အသက် ၄၀- နှစ် သို့ ရောက်ခဲ့ရခြင်းဖြစ်ပါသည်။
ကလောင်သက် ၄၀ နှစ်အတွင်းတွင် စာပေလောက၌၊ ၀တၳု၊ ကဗျာ၊ ဆောင်းပါး၊ မှတ်ဘွယ် အသွယ် သွယ် တို့ကိုကလောင်နှင့် တတ်စွမ်းသလောက်ရေးချယ်ခဲ့ရာတွင် "ဒဂုန်ခင်ခင်လေး" ဟူသော ကလောင်အမည် ကို အများဆုံးသုံး၍ ၁၉၂၀-ခုမှအစပြု၍၊ နိုင်ငံရေးလံှု့ဆော်မှု ဆောင်းပါးများကို တဘက်တလမ်း ရေးသား၍ ကလောင်ခြေလှမ်းချဲ့ခဲ့ပါသည်။ နိုင်ငံရေးဆောင်းပါးများမှာ "ရွှေကလောင်"ဟူ၍၎င်း၊ "မြကလောင်" ဟူ၍၎င်း၊ "ဟုမ္မရုးလမ်းညွန်"ဟူ၍၎င်း၊ ကလောင်အမည် တတ်၍ သတင်းစာ၊ ဂျာနယ်များ တွင် အတော်များများ ရေးသားခဲ့ပါသည်။
သူရိယမဂ္ဂဇင်းတွင် လစဉ်၀တၳုတွင်မက အိမ်သူပညာခဏ်း တခမ်းနှင့် အဲမောင်လှရေး ၃၇ ချင်း သရုပ်ပြ ဆောင်းပါး ဒဏ် တခမ်းကိုလှည်း လစဉ်ရေးပို့လျက်၊ ယု၀တီ၀တက္ခု ဆိုသောအခဏ်း အတွက်လည်း ရတနာပုံ ထိပ်တင်လှိုင် ဟူသောအမည်နှင့် ကွယ်လွန်သူ ပညာရှိကြီးလယ်တီပဏ္႑ိတ ဦးမောင်ကြီး ၏ တိုက်တွန်း တောင်းပန်ချက်အရ ပုံဆံထုံး ၅၅ မျိုး သရုပ်ပြဆောင်းပါး အစရှိသည်တို့ ကိုရေး ပို့ပေးရ ပြန်ပါ သည်။
ယင်းမှတဆင့် ၁၉၃၃ ခုနှစ်ကစ၍ မှော်ဆရာမှတ်တမ်းဆိုသောအခဏ်း တခမ်းဖွင့်ရေးရန် စိတ်သန် လာ ပြန်သော ကြောင့်၊ စုံးကေ၀၊ တစေၦ၊ သူရဲ သိုက်သမိုင်း၀တၳုများကို စတင်ရေးသားခဲ့ပါသည်။ အမှန်အတိုင်း ၀န်ခံရပါမူ စုံး၊ ကေ၀၊ တစေၦ၊ သူရဲ ၀တၳုများကို ရေးသားလိုသော်လည်း၊ ကိုယ်တိုင် ကစုံး ကေ၀၊ တစေၦ၊ သူရဲများကို ယုံကြည်မှုမရှိခဲ့သောကြေင့် ဖြစ်ပါသည်။ မိမိကိုယ်တိုင် ယုံကြည် မှုမရှိဘဲ၊ သူတကာများ ယုံကြည် အောင် ဘယ်ကဲ့သို့ ရေးသားရပါမည်လဲဟု အခက်အခဲဖြစ် လာပြန်သည်။ စာပေ၌တွေ့ရသမျှ နှိုက်နှိုက် ချွတ်ချွတ် ရှာဖွေစုဆောင်း ဖတ်ရှုခဲ့သည်။ အင်းအိုင်ခလဲ၊ လက် ဖွဲ့ပြုလုပ်နည်း စာပေ ပုရပိုက် ဟောင်းများ၊ ကေ၀သာရ ကျမ်းဟောင်းပေစာဟောင်းများကို လေ့လာရုံမက စုံးကေ၀ပညာတတ်သည့်ဟု သတင်းဖြစ်နေသူများကိုလေ့လာမိသည်။ ယုံကြည်မှု ကားထိုအချိန်အထိပင်မရှိခဲ့ပေ၊ သို့တစေလည်း စုံးကေ၀၊ တစေၦ၊ သူရဲ၊ ၀တၳုများရေးသားရန် အချက်အလက်နှင့် ဇာတ်ကွက်ဇာတ်လမ်းဆင်နိုင်ရန် အထောက် အထားများ စုံလင်ပြည့်၀လာ သောကြောင့် မှော်ဆရာမှတ်တမ်းခဏ်းကိုဖွင့်၍ စုံးကေ၀၊ တစေၦသူရဲ ၀တၳုများ ကို ပိုင်ပိုင်နိုင်နိုင် ရေးသားရပါတော့သည်။
မှော်ဆရာမှတ်တမ်း အဖို့လည်း ကလောင်နာမည်တမျိုးရှာရပြန်ပါသည်။ ထိုကလောင်အမည်မှာ "ကိုကိုလေး" ဟူ၍ဖြစ်၏။ သို့ရာတွင် ကိုကိုလေးကိုပင် တဖန်ပြန်၍အသက်သွင်းရပြန်ပါသည်။
လောက တွင် ကတယ်မရှိသော ကလောင်ဆရာကိုကိုလေးဆိုသူကို တကဲ့တကယ်ရှိလေဟန်နှင့် ကလောင်တံ ဖြင့် သူ့ကိုအသက်သွင်းထားရပြန်ပါသည်။
သို့ကြောင့် တဘက်စာမျက်နှာတွင် တွေ့မြင်ရမည်ဖြစ်သော မော်ဆရာမှတ်တမ်းရေးသူကိုကိုလေး ၏ အမှာ နိဒါန်း ကိုဆက်လက်ဖတ်ရှုပါက ကိုကိုလေးအားတကဲ့သားမယား အိုးအိမ်နှင့်လူသား စင်စစ်ကြီး အသွင် တွေ့မြင်ရမည်ဖြစ်ပါကြောင်း။
ဒဂုန်ခင်ခင်လေး
◾
မှော်ဆရာမှတ်တမ်း-ရေးသူကိုကိုလေး၏
အမှာနိဒါန်း
၁၉၃၃ အောက်တိုဘာ
ကျွန်တော်သည် ယခုသီတင်းကျွတ်လတွင် ထုတ်ေ၀သော ဒဂုန်မဂ္ဂဇင်းမှ အစပြု၍ အထက်အမည်ပါ မှော်ဆရာ မှတ်တမ်း ခေါ် အခဏ်းကြီးတခုကို ခမ်းနားသိုက်မြိုက်စွာ ဖွင့်လှစ်ပြီးလျှင် လောကတွင် မကောင်းသဖြင့် အနိင့်အထက်နှိပ်စက်တမ်း ရမ်းကား ရှုပ်ပွအဟိတ် ပဋိသနေ္ဓမျိုး ဖြစ်ကြကုန် သော မိစၦာနတ်ဆိုး တမျိုး စုံးကေ၀၊ တစေၦ၊ ပြိတ္တာ၊ မှင်စာ၊ သူရဲမှစ၍ နာနာဘာ၀တို့နှင့် ပတ်သက်၍ မျက်မြင် ကိုယ်တွေ့ အကြောင်းအရာအတၳုပ္ပတ္တိ တို့ကို လစဉ်၊ လစဉ်၊ ရေးသားရတော့မည်ဖြစ်၍ ကျွန်တော်၏ အကြောင်း ကိုလည်း အနည်းငယ်မျှရေးသားရန် ၀တၳရားရှိပါသဖြင့် အောက်တွင်ဖေါ်ပြ ပါအံ့။
ကျွန်တော်သည် ၁၉၂၅ခု ဧပြီလတွင် ဟိုက်စကူးဖိုင်နယ် ဆယ်တန်းစာမေးပွဲအတွက် အောင်မြင်သူ များအဖို့က ဂေဇက် ထွက်လာသော အခါ ကျွန်တော်နေသော ကျောင်းမှကျောင်းသားများ၏ စာရင်းတွင် "ကိုကိုလေး" ဆိုသော ကျွန်တော်၏နာမည်သည် ထိပ်ဆုံးမှပါလာသဖြင့် မိဘများက လည်း(၁၀)တန်း အထိ သာ သင်ပေးနိုင်မည်။
မင်း ၁၀ တန်းအောင်လျှင် အလုပ်ထွက်ပြီးလက်ရှိ အရောင်းအ၀ယ်အလုပ်ကို ကူညီလုပ်ကိုင်ရမည်ဟု အမြဲပြောထားဖူးသဖြင့် လူမှန်းသိကတည်းက ကြပ်တည်းဆင်းရဲစွာ နေထိုင်ခဲ့ရသော ကျောင်းကြီးနှင့် အပြတ်ကြီးပြတ်ရတော့မည် ဖြစ်သော် လည်းများစွာ၀မ်းမနည်းလှပဲ ရှိတော့၏။
ထို့နောက် မိဘများနှင့်အတူ လုပ်ကိုင်ရောင်း၀ယ်မှုကို ကူညီနေစဉ်၊ ကျွန်တော်၏ကိုယ်ရေးကိစ္စ တခုကို အကြောင်း ပြု၍ အထက်လမ်းဆရာကြီး ဦးအောင်ကြီးနှင့် တွေ့ဆုံရာမှ တစတစခင်မင်ရင်း နှီးကာ နောက်ဆုံး ၎င်းဆရာကြီး တပည့်အဖြစ်နှင့် ပညာရည်နို့သောက်စို့ မှီခိုခဲ့ရာဆရာကြီး ဦးအောင်ကြီးမှာ အထက်လမ်း ဆရာသက်သက် အစွမ်းလည်းလွန်စွာ ထက်လျက်ရုက္ခစိုးမှော်၊ ဘုရားမှော်၊ စသော မှော်ဘက် တွင်လည်း မှော်၀ိဇ္ဇာတမျှ စွမ်းခဲ့လှ၍ ဒေ၀ီ(ရ)ပါး၊ ဒေ၀ီ(၉)ပါး၊ နတ်ကြီး(၅)ပါး ၊ ဆေးစီရင် နည်း။ အသုံးချနည်းနှင့် ဂါတာစုတ်ပုံများမှာလည်း ကျွန်တာ်တွေ့ခဲ့ရ သလောက်တွင် ဆရာကြီးဦးအောင်ကြီးလောက် အာဏာစက်ပြင်သော ဆရာတဦးမျှမတွေ့ ခဲရဘူးသည့်အပြင် ကျွန်တော့်ကိုယ်ရေး ကိစ္စတွင်လည်း ဆရာ့ဆရာများစုံခဲ့လှရာမှ ယခုဆရာကြီး ဦးအောင်ကြီးလက်ထက် ကျရောက်မှပင် အကြပ်အတည်း ဒုက္ခကြီးမှ လွတ်မြောက်ခဲ့ရပေတော့ ၏။
"ဝါသနာဘာဂီဆက်တိုင်းမှီ" ဆိုသလို၊ ထိုထိုဘ၀တို့မှလည်း ဘာဂီအထုံစွဲခဲ့လေသည်မသိ၊ ထိုအခါကစပြီး ဆရာကြီး၏ တပည့်ရင်း ခံခါ၊ ထိုလမ်း၊ ထိုပညာ၊ ကိုလွန်စွာ တောင့်တလိုချင်လှသော ကြောင့်၊ အိမ်က အဆူအပူ အကြိမ်းအမောင်းခံကာ၊ ဆရာကြီးသွားရာသို့ ဆေးအိတ်ကိုထမ်းခါ ပညာခိုမှီရင်းခြေရင်း အလုပ်အကျေွး ပမာ တပည့်ခံခါ လိုက်ပါသွားခဲ့ဖူးသဖြင့် ဆရာကြီးကလည်း အခကြေးငွေပစ္စည်းများကို ပဓါန မထား မတရားဒုက္ခခံစားရရှာသော သတ္တဝါများကို သနားကြင်နာစွာ ကယ်ဆယ်ကုသလေ့ ရှိသည့် အတိုင်း အနယ်နယ်အရပ်ရပ်နှံ့စပ်အောင်ပင် ခေါ်လာသမျှလိုက် ပါ သွားရောက်ခဲ့ရာ ကျွန်တော့်မှာလည်း ပညာသင် တပည့်ဖြစ်၍ ဆရာသွားရာ ကောက်ကောက်ပါ ခဲ့သည့်အားလျော်စွာ တနှစ်မျှကြာလျှင်ပင် အတော်အတန် ပညာခံရထားသည် နှင့် တခါတရံဆရာ ကုသရန်ရှိသော ဒုက္ခိတသတ္တဝါများကို ဆရာ မအားလပ်ပါက ဆရာကိုယ်စားလွဲအပ်ကုသရန်ပင် တာ၀န်ပေးသည်ကို ခံယူကုသခဲ့ရလေ၏။
ယင်းသို့ဖြင့်လှည့်လည်သွားလာနေခဲ့ရာ အထက်ချင်းတွင်း အောက်ချင်းတွင်း မှ စ၍ ဆရာ့ဆရာ ပညာသယ် တွေပေါလှသော ယောနယ်တရိုး မှာလည်း ဆရာကြီး၏နာမည်မှာ ဟိုးဟိုးကျော်ခဲ့လေသ တည်း၊ အထက်ရှမ်းပြည်ရှမ်းရွာ ရှမ်းပညာသည်တွေ ပေါများသည့်ရှမ်းပြည်တလွှားမှာလည်း ဆရာကြီး၏ နာမည်မှာ လွန်စွာထင်ရှားခဲ့ပေ၏။ မြို့ကြီး၊ ရပ်ကြီး များတွင်လည်း ဆရာဦးအောင်ကြီး အမည်ကို မသိဘူးသူ ရှားလေ၏။ ကျွန်တော်ကား ဆရာကြီးသွားရာတွင် တကောက်ကောက် ပါခဲ့သော အန္တဝါသိက ဆရာ့တပည့်ရင်းကြီး တယောက်ဖြစ်သောကြောင့် ရောက်ရာတွင် လွန်စွာ မျက်နှာပွင့်လန်း ခဲ့ဘူး လေ၏။ ဝါသနာအတိုင်းပညာရှာရင်း ဆရာနှင့်အတူ အတွေ့အကြုံကုသရာ၌ အထူးအဆန်း ကြားမြင် တွေ့ကြုံခဲ့သမျှကို ဆရာ့လက်သုံးဒိုင်ယာရီ မှတ်တမ်းကြီးတွင် အမြဲထည့် သွင်း ရေးသားထားခဲ့ သည့် ဖြစ်လေ၏။
ထိုကဲ့သို့ ခရီးရှည်လှည့်လည်ခဲ့ကြရာ ကျွန်တော်ထွက်ခွာ လာခဲ့သည်မှစ၍ ရေတွက်သော် ၂ နှစ်နှင့် (၇)လ (၁၀)ရက် အရတွင် နေရင်းဌာန ရတနာပုံနေပြည် တော်ကြီးသို့ ဆရာကြီးနှင့် အတူပြန်လည် ဆိုက်ရောက်ခဲ့ရာ ကျွန်တော်၏ ဖခင်ပွဲစားကြီး ဦးရာကျော်မှာ၊ မရဏာမင်းသူ့လက်တွင်းသို့၊ သက်ဆင်း မနေ ကွယ်လွန်ပြီးလေသည်မှာ တလကျော်မျှကြာပြီ ဖြစ်ကြောင်း မိခင်နှင့် ဇနီးသယ်၏ငိုယိုပြောပြမှ ၀မ်းနည်းစွာ နားထောင်နေရ လေတော့၏။ ငါခရီးလွန်နေသဖြင့် ငါ၏ချစ်လှစွာသောဖခင်ကို မတွေ့မမြင် လိုက်ရလေခြင်း ဟု အတော်ပင် ယူကြုံးမရဖြစ်မိလေ၏။ ကျွန်တော်ရောက်ရာ အရပ်က စာရေး သော်လည်း အိမ်က ကျွန်တော့်ထံ စာပြန်ပေးရန်လိပ်စာကိုကား၊ အလျဉ်းမထဲ့ခဲ့ပေ၊ ထို့ကြောင့်အိမ်တွင် အကြောင်း ကိစ္စထူးထွေသော်၊ မသိရရှိခဲ့သဖြင့်၊ ကျွန်တော်ကိုယ် ကျွန်တော်အပြစ်တင်မိ၏။ သို့သော် ကျွန်တော် အယူကား ကျွန်တာ်ရှိရာအရပ်သို့ တပ်အပ်သိကြလျှင် အဖေသော်၎င်း၊ အမေသော်၎င်း ဇနီးသယ် ခင်ယုံသော်၎င်း၊ တနေ့နေ့ကျွန်တော်ကို ဇွတ်လာ၍ခေါ်သွားပါက ဆရာ့ပညာကို မရလိုက်မှာ စိုးရိမ် မိ သောကြောင့် မည်သည့်အခါကမျှ မရေးခဲ့ခြင်းဖြစ်ပေ၏။
အိမ်သို့ ရောက်ရှိသောအခါ ဆရာကြီးကို အိမ်ဦးမှာ ထား၍ကုသရန်ရှိသည်များကို နှစ်လခန့်အ တွင်း လက်ခံ ကုသနေပြီးလျှင်၊ တနေ့သောအခါ၊ ဆရာကြီးသည် ကျွန်တော်နှင့်တကွ အိမ်သားများ ကိုခေါ်ကာ ဆရာသွားတော့မည်ဟု တခွန်း တည်းအမိန့်ရှိလေရာ ကျွန်တော်မှာ၊ ဆရာကြီးသည်၊ ငါ့ အိမ် တွင် နေထိုင်ရသည်မှာ အပြုအစုလို၍ ဆင်းရဲငြိုငြင်သဖြင့် သွားမည်ပြောသည် ဖြစ်အံ့ဟု တွေးတော ပူပင်ကာ များစွာစိတ်မကောင်း၊ ဖြစ်မိရာ ဆရာကြီးမှာ ကျွန်တော့်အကြံကိုသိသကဲ့သို့ ငါ့တပည့် ဘာမှ ထွေထွေ ရာရာ မတွေးနှင့် ဆရာသွားမည်ပြောသည်မှာ၊ စုံး၊ နတ်၊ ပယောဂ စသဖြင့် မတရား သဖြင့် အဘမ်းစား နှိပ်စက်ခြင်းခံ နေရသော၊ ဒုက္ခိသတ္တဝါများကို သုံးနှစ်တိတိ ကယ်ဆယ်ပေးရန် ဆရာ အဓိဋ္ဌာန်ပြုခဲ့သည်မှာ သုံးနှစ် စေ့ရောက်သဖြင့်၊ ရှေ့အဖို့တွင် လူတို့ရပ်ရွာမှ ခွာရှောင်၍ တော်ကြီး၊ တောင်ကြီး အတွင်းရှိ တန်ခိုး ကြီးဘုရာများကို လှည့်လည်သွားရောက်ခါ ဆရာ၏ကိုယ်ရေးကိစ္စများကို ကြိုးစား ရတော့မည် အထက်ဆရာကြီးများနှင့်လည်း တိုင်ပင်နှီးနှောစရာ ကိစ္စတွေများသေးသည်။
သို့အတွက်ငါ့အတပည့်ကို ခေါ်ပြောခြင်းဖြစ်ကြောင်း ပြောပြရာ ကျွန်တော်မှာ "ဒီတစ်ခါမလိုက် ရတော့ဘူးလားဆရာရဲ့၊ ဆရာမရှိရင်တပည့် အားငယ်စွာနေရပါတော့မယ်"ဟု မျက်ရည်တလည် လည်နှင့်ပြောမိရာ၊ ကျွန်တော်မိခင်ဒေါ်လေးကြီးနှင့် ဇနီးသယ်မခင်ယုံတို့မှာ ဆရာကြီးအား ပွဲစားကြီး သေဆုံးပြီ ဖြစ်၍ အိမ်တွင်အားကိုးအားထား ယောကျ်ားမရှိသဖြင့် ကျွန်တော့်အားခေါ် မသွားရန် အတန်တန် တောင်းပန် လျက် ရှိကြလေ၏။
ဆရာကြီး လည်း ပြုံးရယ်ကာ "မိမိယခုသွားမည့်ကိစ္စမှာ မိမိတဦးတည်းနှင့်သာ သက်ဆိုင်သဖြင့်၊ လူပိုလူလျှံ တယောက်မှ မခေါ်နိုင်ကြောင်း၊ မိမိမရှိသော်လည်း အားငယ်ရန်မရှိကြောင်း၊ ဒုက္ခသည် များကို ကယ်ဆယ် စောင့်ရှောက်ရန် မိမိအသုံးပြုသော ဆေးအိတ်ကြီးနှင့် ဆေးနည်းများ၊ မှတ်တမ်းစာ အုပ်များနှင့် တကွ ဒေ၀ီ(၇)ပါးရုပ် နတ်ကြီး(၅)ပါးရုပ်စသော နတ်ရုပ်များ၊ ဆေးတောင့် အမျိုးမျိုးများ၊ လက်ဖွဲ့ အင်းအိုင်၊ ဂါတာမန္တရားစသည်တို့ ပြည့်နှက်စွာ ထည့်သိုထားသာ မှန်စီရွှေချ ဆေးအစ် ကြီး ကိုလည်း ဆရာ့ကိုယ့်စားထားခဲ့မည်။ ဆရာမရှိသော်ည်း ဆရာရှိသကဲ့သို့ပင်ဖြစ်၍ ၀မ်းနည်း အားငယ်ဖို့ မရှိကြောင်း ပြောဆိုမှာကြားခဲ့ပြီးနောက်၊ ဆရာကြီး လဲ လင်းအားကြီးလောက် တွင် ပျောက်ခြင်းမလှ ပျောက်ကွယ်၍ သွားလေတော့၏။"
ထိုအခါမှစ၍ ကျွန်တော်သည် မိခင်နှင့်ဇနီးသည်မခင်ယုံတို့ကို စောင့်ရှောက်ရင်း၊ ဖခင်ပွဲစားကြီး၏ အလုပ် များကို ဆက်လက်လုပ်ကိုင် နေထိုင်ခဲ့ရသော်လည်း၊ ဆရာကြီး၏တပည့်ဟူသော အရှိန်နှင့် တခါတရံ နတ်တိုက် စုံးတိုက် အမှောင့်ပယောဂအစွဲ၀င်သူ စသည်တို့မှာ ကျွန်တော်ထံလာရောက်၍ ခေါ်ငင်ကြ သဖြင့်၊ ခြေကြွမရှိအခမဲ့ စောင့်ရှောက် ကယ်ဆယ်ခဲ့ရလေရာ၊ တခါတရံအားလပ်သော အခါ၌လည်း ဆရာကြီး ကို အောင့်မေ့လွမ်းဆွတ်မိသဖြင့်၊ ဆရာကြီးပေးခဲ့သော ဆေးအစ်ပ၊ ပစ္စည်း အမျိုးမျိုး တို့ကိုကြည့်ကာ ဆရာ၏မျက်နှာကို ထင်မြင်မိရုံမျှမက ကျွန်တော်နှင့်ဆရာကြီး သွားလာ ကုသ ခဲ့ရပုံ များကို တွေး၍တရေးရေးပေါ်လာကြလေ၏။
ထိုအခါကတွေ့သမျှကြုံသမျှ ရေးမှတ်လာခဲ့သော မှတ်တမ်းစာအုပ်ကြီးကိုလည်း ဖွင့်ကြည့်မိလေ တိုင်း မျက်မြင်ကိုယ်တွေ့ အကြောင်းအရာစုတို့သည် ယခုလက်ငင်းဖြစ်နေသကဲ့သို့ ထင်မြင်မိ၏။ တခါတရံ အသိမိတ်ဆွေများကို စမြုံပြန်၍ပြောရသောအခါ၊ ကျွန်တော်၏စိတ်များမှာ လွန်စွာပျော် ရွှင်လျက်ရှိခြေ၏။ ယင်းသို့ တယောက်စ နှစ်ယောက်စပြောရသည်ပင် ဤမျှပျော်ရွှင်သေး၏ တကား၊ ငါးယောက်၊ ခြောက်ယောက် ကို ပြောရလျှင်၊ ထိုထက်မကပင် တနိုင်ငံလုံးကို သိအောင် ပြောရလျှင် အတိုင်းထက် အလွန်ဖြစ်တော့၏။
ထို့ကြောင့်ကျေးဇူးရှင်ဆရာကြီး၏ အကြောင်းကို မြန်မာတနိုင်ငံလုံး မောင်းတီးသလိုကြားအောင် ပြောလိုလှသဖြင့်၊ ကျွန်တော်မှတ်တမ်းတင်ခဲ့သော ဒိဋ္ဌကိုယ်တွေ့အကြောင်းအရာ အတၳုပ္ပတ္တိများ ဟုတ်တိုင်း မှန်ရာ ကို ဖေါ်ပြရေးသားခြင်းဖြင့်၊ ဆရာကြီး၏ဂုဏ်ကျေးဇူးကို ထုတ်ဖော် ချီးကျူးကာ အလွမ်းဖြေ ရပါတော့အံ့သတည်း။
"ကိုကိုလေး"ပွဲစား
ဆိုင်းတန်းရပ်
မန္တလေးမြို့။
”ရွှေစင်ဦး” ဘလော့ဂ်ကနေ ကူးယူပါတယ်။
စလေ ငနော့
thank you so much
ReplyDelete