စောလုံ စောင့်ပါခလှည့် (နရသီဟပတေ့) § ချစ်ဦးညို
သမိုင်းမတွင် သမိုင်းတွင်
•••••••••••••••••••••••••••
သမိုင်းဝင်နေတဲ့စကားများ
••••••••••••••••••••••••••••••
ချစ်ဦးညို
ကျေးဇူးမှတ်တမ်း
ဤဆောင်းပါးများ ရေးဖြစ်အောင် အကြံပေး တိုက်တွန်းခဲ့ သော စာရေးဆရာ မင်းလူ၊ အပတ်စဉ် ထည့်သွင်းဖော်ပြခဲ့ သော ပေါ်ပြူလာဂျာနယ်၊ ဖတ်ရှု ဝေဖန် ဆွေးနွေးပေးကြ သည့် မိတ်ဆွေများ၏ ကျေးဇူးတရားကို မမေ့မပျောက် မှတ်တမ်းတင်ပါကြောင်း။
(စာရေးသူ)
◾
လောကဇာတ်ခုံကြီးထက်မှာ အမျိုးမျိုး ပါဝင်လှုပ်ရှားသွားကြတဲ့ လူသားတွေရဲ့ အခန်းကဏ္႑တွေဟာ စိတ်ဝင်စားစရာ ကောင်းလှပါ တယ်။ ဒီလူတွေရဲ့ ကံသုံးပါးအမှုတွေထဲမှာ ဆင်ခြင်ဖွယ်၊ နည်းယူ ဖွယ်၊ အားကျဖွယ်၊ လေးစားမြတ်နိုးဖွယ်များ ပါရှိသလို သံဝေဂ ရဖွယ်၊ ရှောင်ကြဉ်ဖွယ်၊ စက်ဆုပ်ဖွယ်များလည်း ပါ ရှိနေကြပါတယ်။
ယူတတ်မယ်ဆိုရင်တော့ သမိုင်းဆိုတာဟာ ဘာသာရပ်အရဖြစ်ဖြစ်၊ ပညာအနေနဲ့ဖြစ်ဖြစ် ယူတတ်သူအဖို့ ကောင်းကျိုးဖြစ်ထွန်းစရာတွေ ချည်းပါပဲ။
သမိုင်းစဉ်တစ်လျှောက် အကောင်းနဲ့ ဖြစ်စေ၊ အဆိုးနဲ့ဖြစ်စေ ထင်ရှားကျော်ကြားခဲ့သူများရဲ့ စာတစ်လုံး၊ စကားတစ်ခွန်း(များ)ဟာ လည်း စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ ဒီစာတစ်လုံး၊ စကား တစ်ခွန်းကနေပြီး ကာယကံရှင် ပုဂ္ဂိုလ်အကြောင်းနဲ့ သူနဲ့ ဆက်စပ် နေတဲ့ သူ့ခေတ်၊ သူ့ဝန်းကျင်၊ သူ့နောက်ခံတွေကို ဆန့်ထုတ် ကြည့် မြင်လို့ ရနိုင်ပါတယ်။ သူတို့ရေးခဲ့တဲ့စာ၊ သူတို့ပြောခဲ့တဲ့ စကားတွေ ဟာ သူတို့ရဲ့ စိတ်နေသဘော၊ ကိုယ်ကျင့်တရား၊ ဖြစ်တည်ရှင်သန်မှုများနဲ့ အတူ သူတို့ရဲ့ လောကကြီးကို လှမ်းကြည့်လို့ ရနိုင်တဲ့ ပြတင်း ပေါက်သဖွယ် ဖြစ်နေကြပါတယ်။
“ကြည်... ပဲပြုတ်နဲ့နံပြားရရင် စားချင်တယ်”
အားလုံးသိကြတဲ့ စာလေးတစ်စောင် (စကားလေးတစ်ခွန်း)ပါ။ ဗိုလ်ချုပ်ဆောင်ဆန်းရဲ့ စာ၊ စကား။ ဗိုလ်ချုပ်ရဲ့ ရိုးသားဖြောင့်မတ်မှု၊ အဆောင်အယောင် ပကာသနကင်းမဲ့မှု၊ ကြီးလေးတဲ့ အမျိုးသားရေး တာဝန်များ ဖိစီးနေတဲ့ကြားထဲက ရိုးစင်းစွာ ထွက်ပေါ်လာတဲ့ ပကတိ ဖြူစင်မှု... တစ်ဆက်တစ်စပ်တည်း တွေးမယ်ဆိုရင် အများကြီး ဆင့်ပွားလာနိုင်စရာ စာ(စကား)လေး တစ်စောင်ဖြစ်ပါတယ်။
“ဪ...ဘရုတပ်စ်၊ မင်းလည်းပါသကိုး”
ဂျူးလီးယက်ဆီဇာရဲ့ စကားဖြစ်ကြောင်း အားလုံးသိကြပါတယ်။ သူ့ ဝမ်းဗိုက်ထဲ စိုက်ဝင်နေတဲ့ ဓားတွေ ယိုစီးလာတဲ့ သွေးတွေ ကြား မှာ အံ့သြစွာ၊ နာကြည်းစွာ၊ မယုံနိုင်စွာနဲ့ မြည်တမ်းရင်း သွေးအိုင်ထဲ ခွေလဲကျသွားခါနီး ဆီဇာရဲ့ နောက်ဆုံးစကား။ ဒီစကားလေးကို ဆင်ခြင်ကြည့်မယ်ဆိုရင်လည်း ရှုပ်ထွေးလှတဲ့ သက်ဦးဆံပိုင်စနစ်၊ ခေါင်းဆောင်နဲ့ နောက်လိုက်တို့ရဲ့ ဆက်နွယ်မှု၊ သစ္စာပျက်ယွင်းမှု၊ အနီးဆုံး လူရဲ့ လိျှု့ဝှက်ကြံစည်မှု၊ သတိ သံဝေဂရဖွယ်၊ သင်ခန်းစာ ယူဖွယ်များကို ပြောပြနေတဲ့ စကားတစ်ခွန်း...။
“ပေါင်မုန့် မရှိရင် ကိတ်မုန့်စားကြပစေပေါ့”
ဒါဟာလည်း (၁၈)ရာစု ပြင်သစ်တော်လှန်ရေးကြီး စတင် ပေါက်ကွဲဖို့ နီးစပ်လာတဲ့ ကာလလေးမှာ ထွက်ပေါ်လာတဲ့ စကား ဖြစ်ပါတယ်။ လူဝီ (၁၆)ရဲ့ မိဖုရား မေရီ အင်တွိုင်းနက်ရဲ့ စကား။ ဆင်းရဲငတ်ပြတ်နေတဲ့ ပါရီ မြို့သူမြို့သား လူထုရဲ့ စားရမဲ့ သောက်ရ မဲ့ ဒုဗ်ဘိက္ခန္တရကပ်ဘေးကို မစာမနာ ပြောရက်ခဲ့တဲ့ ဧကရီမကြီးရဲ့ စကားဖြစ်ပါတယ်။ မိဖုရားကြီးအဖို့ စားစရာ ပေါင်မုန့် မရှိခြင်း နေရာ မှာ ကိတ်မုန့်ကို အစားထိုးလို့ ရနိုင်တယ်လို့ ထင်ခဲ့ပါတယ်။ သူ ကောင်းမျိုး နဲ့ ဆင်းရဲသား ကျေးတော်မျိုး ကျွန်တော်မျိုး အကြားက
ကြီးမားလှတဲ့လူတန်းစားဘဝအသိ ကွာဟချက်ကို ပြလို့နေပါတယ်။ ဘာစတီး အကျဉ်းထောင်ရဲ့ ဘူးဝတံခါးကြီး ကျိုးပျက်ပွင့်ထွက် သွား စေဖို့ ထိမှန်တိုးဆောင့်ကြတဲ့ အကြောင်းရင်းတွေထဲမှာ မိဖုရားကြီးရဲ့ ဒီစကား တစ်ခွန်းလည်း အပါအဝင်ဖြစ်ပါလိမ့်မယ်။
“သမိုင်းမတွင်ပေမယ့် သမိုင်းဝင်နေတဲ့ စကားများ” လို့ ခေါင်းစီး တပ်လိုက်တဲ့ ဒီစာမှာ အလားတူ စာ(စကား)များကို အလှမ်းမီ သလောက် ကောက်နုတ် ဖော်ပြသွားမယ်လို့ ရည်ရွယ်ပါတယ်။ စကားတွေရဲ့ နောက်ခံ ဖြစ်ရပ်နဲ့ အကျိုးဆက်ဖြစ်ရပ်တွေကိုလည်း အလျဉ်းသင့်သလို ပြောဖို့ ကြိုးစား ကြည့်ပါမယ်။ ကမ်ဘာ့သမိုင်းမှာ အဲဒီလို ”ရာဇဝင်တွင်” လောက်တဲ့ စကားတွေ ရှိခဲ့သလို ရာစုများစွာ ရှည်ကြာပြီဖြစ်တဲ့ မြန်မာ့သမိုင်းမှာလည်း ရာဇဝင် (သမိုင်း)တွင်မယ့် စကားတွေ ရှိနေပါတယ်။ ဒီစကားတွေကို ပြောခဲ့သူတွေကလည်း ပုဂ္ဂိုလ်အမျိုးမျိုး၊ စရိုက်အမျိုးမျိုး ရှိကြပါတယ်။ ဒီစကားတွေက သယ်ဆောင်လာမယ့် ဆင်ခြင်နှလုံးသွင်းဖွယ်တွေကတော့ ကျွန်တော် တို့ တစ်တွေရဲ့ ခံစားစုပ်ယူနိုင်မှု အင်အားအပေါ်မှာ မူတည်ပြီး အမျိုးစုံ ကွဲပြားနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သမိုင်းဆိုတာ ယူတတ်ရင် မှားမှန် ခွဲခြားနိုင်တဲ့ (အမောဟ) အသိဉာဏ်ပညာအတွက် အထောက်အကူ ပြုနိုင်တာချည်း ဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ အတိတ်ရဲ့ အကျဉ်းသားများ မဖြစ်ဖို့၊ အနာဂတ် ရဲ့ မိခင် ဖခင်ကောင်းများ ဖြစ်ဖို့၊ ပစ္စုပ္ပန်ရဲ့ သားသမီးကောင်းများ ဖြစ်ဖို့ အရေးကြီးလှတယ် မဟုတ်ပါလား။
◾
“စောလုံ စောင့်ပါခလှည့်”
••••••••••••••••••••••••••••
(နရသီဟပတေ့)
•••••••••••••••••••••••
ပုဂံရာဇဝင်ထဲမှာ ထင်ရှားခဲ့တဲ့ နရသီဟပတေ့မင်းရဲ့ စကားတစ်ခွန်း ဖြစ်ပါတယ်။ ငယ်မည် မင်းခွေးချေး ခေါ်တဲ့ နရသီဟပတေ့ဟာ ပုဂံရာဇဝင် မှာ ဖြစ်ရပ်စုံလင်လှတဲ့ ဘုရင်တစ်ပါးပါ။ အမျက်စောင်မာန်ကြီးခြင်း၊ စည်းစိမ် ယစ်မှုးခြင်း၊ အသိဉာဏ်နည်းခြင်း၊ မဆင်မခြင် အဆောတလျင် ဆုံးဖြတ် အမိန့်ပေးခြင်း စတဲ့ စရိုက်လက္ခဏာတွေနဲ့ ပြည့်စုံသူလို့ ဆိုပါတယ်။ သူ့ လက်ထက်မှာ ထူးထူးခြားခြားလို့ဆိုရမယ့် ဖြစ်ရပ်တွေကလည်း အများ သား။ မိဖုရားကြီး ဖွားစောက အမြဲတစေ အနီးကပ် ထိန်းမတ်ပေးနေရတဲ့ ဘုရင်ပါတဲ့။
“စောလုံ စောင့်ပါခလှည့်”။ ဒီစကား ဖြစ်ပေါ်လာပုံက ဒီလိုပါ။ နွေလရာသီမှာ ရေဖျန်းကစားမြဲဖြစ်တဲ့ နရသီဟပတေ့ဟာ နန်းတော်ကနေ ၀င် မြစ်ဆိပ်အထိ အမိုးအကာအပြည့်နဲ့ တဲတန်းလျားရှည်ကြီးကိုထိုး။ မြစ်ဆိပ် မှာလည်း မင်းတဲ ဆောက်စေပြီး ရေကစားလေ့ ရှိပါတယ်။ မောင်းမမိဿံ အစုံအလင်နဲ့ပါ။ ဒီပွဲတစ်ပွဲမှာ မိဖုရား စောလုံကို “မျက်စိ၊ မျက်နှာ၊ ဦးဆံ
(???) အောင် ရေပက်” လို့
မောင်းမငယ် တစ်ဦးထံ ကျိတ်မှာထားပါတယ်။ စောလုံဆိုတာက နရသီဟပတေ့ အလွန် မြှောက်စားချစ်ကြည်တဲ့
မိဖုရားငယ် တစ်ဦးပါ။ အချစ်ကြီးသူမို့ ခပ်ကြမ်းကြမ်းကလေး ကျီစယ်တဲ့ သဘောပါ။ မောင်းမမိဿံတွေ အလယ်မှာ စောလုံဟာ ရေမွန်းပြီး ဝူးဝါး
ပြိုလဲ
အရှက်တကွဲ ဖြစ်ခဲ့ရပါတယ်။ ဒါကို နရသီဟပတေ့က တဟားဟားနဲ့ ရယ်ပွဲဖွဲ့၊
ဘုရင်ရယ်တော့ အားလုံးကလည်း လိုက်ရယ်ကြပေါ့လေ။
စောလုံဟာ ငယ်ရွယ်ချောမောသလောက် အလှဂုဏ်နဲ့ မာန်မာနကြီး တဲ့အထဲ ရေသဘင်ပွဲမှာ အရှက်တကွဲဖြစ်ခဲ့ရတော့ မင်းကြီးအပေါ် အမျက် သို နှလုံးနှာပြီး ပွဲတော်စာ(ထမင်းအုပ်)မှာ အဆိပ်ခတ်ပါရော။ ဒီအမှု ပေါ်သွားတော့ မင်းကြီးက စောလုံကို စစ်မေးပါတယ်။ စောလုံက “ဟယ်... ပန်းပွတ် သည်မြေး၊ နင့်ကို ငါ လုပ်ကျွေး မွေးမြူ၍ ငါ့ကိုနင် သူကောင်းပြုလျှင် ဤသို့သော ကိုယ်ဖြစ်၍ အထင်အရှား ရှိပြီးမှ မောင်းမငယ်ကို နှုတ်ထည့်၍ အဝတ်အစား ဦးဆံစွတ်အောင် နင်လုပ်သောကြောင့် နင့်ကိုငါ နှလုံးထောင့်၍ ကြံသည်” လို့ ပြန်ပြောပါတယ်။
”ပန်းပွတ်သည်မြေး”́ ဆိုတဲ့ စကားလုံးဟာ နရသီဟပတေ့ရဲ့ မျိုးရိုး ဇာတ်မြစ်ကို လှန်ပြီး ငယ်ကျိုးငယ်နာ ဖော်လိုက်တဲ့ စကားပါ။ ဒီစကားလုံးကို ဘုရင် မခံနိုင်ပါဘူး။ ဒါ့အပြင် အဆိပ်ခတ် လုပ်ကြံတယ်ဆိုတာကလည်း အဆုံးစွန်သော ရာဇဝတ်ပြစ်မှုဆိုတော့...
ပန်းပဲသမားတွေခေါ် သံကျပ်စင်လုပ်ခိုင်းပြီး “ဖိုထိုးကျပ်တင်သတ်စေ” အမိန့်ချပါတယ်။ မိဖုရားစောလုံဟာ ခုနှစ်ရက်လုံးလုံး အဓိဋ္ဌာန်ဝင်၊ သီတင်း
သီလစောင့်ပြီးမှ သံကျပ်စင်တက်တယ်လို့ ဆိုပါတယ်။ သီလဂုဏ်ကြောင့် မီးသုံးကြိမ် သေပြီးမှ ငါသည် ခဏချင်း ကျွမ်း၍ ပျောက်စေသားလို့ ဓိဋ္ဌာန် ပြီး အနိစ္စရောက်သွားပါတယ်။
နရသီဟပတေ့မင်းဟာ စောလုံကို သတ်ပြီးနောက် စက်တော်ခေါ်ချိန်
ရောက်ရင် ယောင်ယမ်းတမ်းတ ခေါ်မိပါတယ်တဲ့။ အခါတိုင်း သူအိပ်ရာ အဝင်မှာ ထွေးပွေ့ချော့သိပ် ခစားရသူဟာ စောလုံဖြစ်ခဲ့တာကလား။ ဒီတော့ မင်းကြီးဟာ အိပ်ရာဝင်တာနဲ့ မြည်တမ်းပါတော့တယ်။ “စောလုံ... စောင့်ပါခလှည့်၊ စောလုံ... စောင့်ပါခလှည့်” တဲ့။
စောလုံကို စီရင်ပြီးပါပကောလို့ မိဖုရားစော သတိပေးတော့မှ ငါ မှားပြီရယ်လို့ နှလုံးကြေကွဲပြီး အိပ်မပျော်နိုင်ဖြစ်ရပါတယ်။ မဟာထေရ် ဆရာတော် တရားနဲ့ ဆုံးမမှ အတန်အသင့် ဝေဒနာပြေပြီး “နောင် ငါ မျက်တဲ့သော် လခွဲဆက်ရက် ထားပြီးမှ အချင်းခပ်သိမ်းကို မေးမြန်းစိစစ်ဦး၊ ပြီးမှ စီရင်သင့်သူကို စီရင်၊ လွှတ်သင့်သူကို လွှတ်စေ” လို့ မိန့်မှာပါသတဲ့။
◾
ချစ်ခင်လေးစားအပ်သော မိတ်ဆွေ...။ ကျွန်တော်တို့မှာ ကိလေသာ အကြမ်းစားတွေ အခံရှိနေလေတော့ တစ်စုံတစ်ခု မိမိကို ထိခိုက်လာတယ်လို့ ထင်မြင်ယူဆလိုက်တဲ့အခါ ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေ ထွက်ပေါ်လာ တတ်ကြပါတယ်။ အဲဒီ ပေါက်ကွဲမှုရဲ့ ဖြစ်စဉ် နောက်ခံ အကြောင်းရင်းတွေ ထဲမှာ တရားခံဟာ သူပဲ ဖြစ်နေတတ်ပြီး မိမိရဲ့ အပြစ် မရှိဘူးလို့လည်း ယူဆတတ်ကြပါတယ်။ သူ့ကြောင့်၊ သင်းကြောင့်... ငါကဲ့သို့သော သူကို များ စသည်ဖြင့် အတ္တမာန်မာန၊ ဒေါသမီးအဆိပ် တောက်လောင်ပျံ့နှံ့လာတဲ့ အခါမျိုးမှာ မပြောသင့်တာ ပြောမိ၊ မလုပ်သင့်တာ လုပ်မိနဲ့။
နရသီဟပတေ့ကတော့ “စောလုံ စောင့်ပါခလှည့်” လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်ကတည်းက မြည်တမ်းရေရွတ်ခဲ့ဖူးပြီ။
PDF - www. burmeseclassic. com
ဆရာချစ်ဦးညို၊ သမိုင်းမတွင် သမိုင်းတွင် သမိုင်းဝင်နေတဲ့စကားများ ပီဒီအက်ဖ်၊
စာမျက်နှာ ၁၀ - ၁၉။
စာရိုက် - စလေ ငနော့
Comments
Post a Comment