ရှင်တော်ပြုံးခဲ့သည့် ဇနီးမောင်နှံ § အောင်သင်း

ရှင်တော်ပြုံးခဲ့သည့် ဇနီးမောင်နှံ
••••••••••••••••••••••••••••••••••

အောင်သင်း

အများကြားဖူးနားဝ ရှိနေကြသော ပိဋကတ်တော်လာ ဖြစ်ရပ် ကလေးတစ်ခုကို ကျွန်တော် မကြာခဏ သတိရမိပါသည်။ တက္ကသိုလ် ဆရာဘဝ၊ တက္ကသိုလ်ပတ်ဝန်းကျင်တွင်လည်း ထိုဖြစ် ရပ်ကလေးကို သတိရစရာ မကြာခဏ ကြုံခဲ့ရပါသည်။ ပိဋကတ် တော်လာ ဖြစ်ရပ်ကလေးက...

တစ်ခါက သူတောင်းစား ဇနီးမောင်နှံနှစ်ယောက်တို့သည် မြတ်စွာဘုရားကျောင်းတော် ဆွမ်းစားကျောင်းအနီးမှာ စားကြွင်း စားကျန်ကလေးများကို တောင်းယူဖို့ စောင့်နေသည်။ ထိုဇနီးမောင်နှံတို့ကို ဘုရားရှင် မြင်တော်မူသောအခါ ပြုံးတော်မူသည်။

ရှင်အာနန္ဒာက အကြောင်းကို လျှောက်ထား မေးမြန်းသောအခါ...

“ချစ်သား အာနန္ဒာ ဤသူတောင်းစား ဇနီးမောင်နှံသည်ကား ငယ်ရွယ်စဉ်အခါကသော် ကုဋေရှစ်ဆယ်စီ ကြွယ်ဝသော နှစ်ဖက်မိဘတို့ကြောင့် ကုဋေရှစ်ဆယ် နှစ်ပြန်ကြွယ်သော မောင်နှံ တို့ ဖြစ်ခဲ့ရ၏။ ထို ပထမအရွယ်တွင် လောကီစီးပွားကို ကြိုးစား လုပ်ကိုင်ခဲ့သည် ရှိသော် ဗာရာဏသီပြည်၌ အကြွယ်ဝဆုံးသော သူဌေးမောင်နှံ ဖြစ်ခဲ့ရာ၏။ အကယ်၍ လောကုတ္တရာချမ်းသာကို ရှာခဲ့သည် ရှိသော် လင်ယောက်ျားသည် အရဟတ္တမဂ် ဆိုက်၍ မယားဖြစ်သူသည် အနာဂါမိမဂ် ဆိုက်လေရာ၏။ ဒုတိယအရွယ်၌ လောကီစီးပွားကို ကြိုးပမ်းရှာဖွေသည်ရှိသော် ဒုတိယ အကြွယ်ဝဆုံး သူဌေးမောင်နှံ ဖြစ်လေရာ၏။ လောကုတ္တရာ ချမ်းသာကို ရှာသော် လင်ယောက်ျားသည် အနာဂါမိမဂ်၊ မယား ဖြစ်သူသည် သကဒါဂါမိမဂ်ကို ဆိုက်လေရာ၏။ ထိုနောက် တတိယအရွယ်ဝင်စတွင် စီးပွားရှာလေသော် တတိယ အကြွယ်ဝဆုံးမောင်နှံ ဖြစ်လေရာ၏။ လောကုတ္တရာ ချမ်းသာကို ရှာလေသော် ယောက်ျားဖြစ်သူသည် သကဒါဂါမိမဂ်၊ မယားဖြစ်သူသည် သောတပတ္တိမဂ်ကို ဆိုက်လေရာ၏။ ယခုသော်ကား အချည်းနှီး ဖြစ်ခဲ့လေပြီ”

ထိုနိပါတ်တော်လေးကို ကျွန်တော် မကြာခဏ နှလုံးသွင်းမိပါသည်။ ကုဋေရှစ်ဆယ် နှစ်ပြန်ကြွယ်ခဲ့သည်ဆိုမှတော့ ဘဝဟောင်းက ဒါနပါရမီ အဘယ်မျှ ကြီးမားခဲ့သည်ကို အထူးပြောရန်ပင် လိုတော့မည် မထင်ပါ။

လင်ယောက်ျားဖြစ်သူမှာ လောကုတ္တရာ ပညာကို ရှာသော် ရဟန္တာပင် ဖြစ်နိုင်သော ပါရမီ ရှိသည်။ မဂ်ဖိုလ်ပညာထက် ခက်သော ပညာ အဘယ်မှာ ရှိပါသေးသနည်း။ ထို့ကြောင့် ပညာပါရမီလည်း အလွန်ကြီးခဲ့သော ဇနီးမောင်နှံ ဖြစ်ခဲ့သည်ဟု အခိုင်အမာ ဆိုနိုင်ပါသည်။

ယခုသော် ထိုထိုသော ပါရမီတို့သည် အချည်းနှီးဖြစ်ခဲ့လေ ပြီ။ အဘယ်ကြောင့်နည်း။ ပစ္စုပ္ပန် ကျင့်သုံးမှုတို့သည် အတိတ်ဘဝ က ဖြည့်ဆည်းခဲ့သော ပါရမီတို့ကိုပင် အချည်းနှီး ဖြစ်စေနိုင် သည်ဟု ဆိုရာရောက်သည်ဟု ကျွန်တော် တွေးမိပါသည်။

မြန်မာစကားပုံတို့တွင် “ကံကို ယုံ၍ ဆူးပုံ မနင်းရာ" “ကျားရဲရာ ကြမ္မာမယိုးသာ” ဟူသော စကားပုံများကို ကြည့်လိုက် လျှင် အလွန်လက်တွေ့ဆန်သော တစ်နည်းအားဖြင့် ပစ္စုပ္ပန် ဆန်လှသော အတွေးမျိုး ဖြစ်သည်ကို တွေ့နိုင်ပါသည်။ မှန်လည်း မှန်ပါပေသည်။ ငါ ကံကောင်းသည်ဆိုပြီး မည်သူမျှ ဆူးပုံ တက် နင်းဝံ့မည် မဟုတ်ပါ။ ကျားဆိုး သောင်းကျန်းနေသော နယ်သို့ သွားရောက်သဖြင့် ကျားကိုက်သေလျှင် ကံဆိုးလိုက်တဲ့သူဟု မည် သူကမျှပြောမည်မဟုတ်ပါ။ အတင့်ရဲလိုက်တဲ့သူ၊ မိုက်လိုက်တဲ့ သူဟုသာ ဆိုကြပါလိမ့်မည်။

ကျွန်တော် ခပ်ငယ်ငယ်က ရံဖန်ရံခါ ဗေဒင် လက္ခဏာ တို့ကို မေးကြည့်ခဲ့ဖူးပါသည်။ ထိုစဉ်အခါက ဆရာစန္ဒြသည်လည်း
နာမည်ကြီးစ ဖြစ်သည်။ ထို့ပြင် ဆရာစန္ဒြသည် အနောက်တိုင်း ကိုင်ရို လက္ခဏာ ပညာအကြောင်းကို သွေးသောက်မဂ္ဂဇင်းတွင်
ဆောင်းပါးတွေ ရေးနေချိန်လည်း ဖြစ်ပါသည်။ ထို့ကြောင့် စိတ်ဝင်တစား သွားမေးခြင်းဖြစ်ပါသည်။ သူ ပြောစရာတွေကို ဟော ပြီးနောက် ကျွန်တော်က “ကျွန်တော့်မှာ လူဖြစ်ရှုံးစေတဲ့ ရောဂါ ကြီးတွေ စွဲကပ်နိုင်ပါသလား ဆရာ” ဟူ၍ မေးလိုက်မိပါသည်။ “ခင်ဗျားဇာတာ လက္ခဏာမှာ မပါဘူး။ ဒါပေမဲ့ ခင်ဗျား တစ်ခု နားလည်ထားရမှာက အတိတ်ကံမှာ မပါဘူးလို့ ပြောတာ၊ ဗေဒင်တို့ လက္ခဏာတို့ဆိုတာ အတိတ်ကံကိုသာ ဟောနိုင်တာ၊ ပစ္စုပ္ပန် ကံက ခင်ဗျားနဲ့သာလျှင် ဆိုင်တယ်။ ခင်ဗျားက ကိုယ့်ဉာဏ်နဲ့ ကိုယ် မဆင်မခြင် တွေ့ရာလျှောက်လုပ်နေရင် တွေ့ရာတွေ ဖြစ်ကုန်မှာပေါ့” ဟု ပြောပါသည်။

ဆရာစန္ဒြ ပြောလိုက်သည့် စကားကို ကျွန်တော် အလွန် နှစ်သက်သဘောကျမိပါသည်။ ထို့ပြင် “လုံ့လမထူ၊ ဉာဏ်မကူဘဲ၊ အယူတစ်ချောင်း၊ ကံတစ်ကြောင်း၊ မကောင်းလည်း ကံ၊
ကောင်းလည်းကံ ဟု၊ ကံကိုချည်းသာ၊ မကိုးရာဘူး” ဟူသော မာန်လည် ဆရာတော်ဘုရား၏ အဆုံးအမကိုလည်း မကြာခဏ သတိရမိပါသည်။

ထီပေါက်သည့်ကိစ္စမျိုးမှာ ကံသက်သက်ဟု ပြောနိုင်သော အခွင့်အလမ်းမျိုးဖြစ်ပါသည်။ သို့ပါလျက်နှင့်ပင် ထီမထိုးဘဲတော့ ဖြင့် ထီမပေါက်နိုင်ပါ။

အထက်တွင် ဖော်ပြခဲ့သော နိပါတ်တော်နှင့် ပတ်သက်ပြီး ကျွန်တော် စဉ်းစားမိသမျှ အတွေ့အကြုံကလေးကို ပြောလိုက် ချင်ပါသေးသည်။ အားထုတ်ခဲ့လျှင် မဂ်ဖိုလ် ရနိုင်သည့်တိုင်အောင် ပညာပါရမီကြီးသော ဇနီးမောင်နှံဖြစ်သည်ဟု ဘုရားရှင် ကိုယ်
တော်တိုင်က မိန့်တော်မူခဲ့သည်။ သို့ပါလျက် အားမထုတ်လေ သောအခါ ထိုပါရမီသည် အချည်းနှီး ဖြစ်သွားခဲ့ရပါသည်။

ကျွန်တော်က ကျောင်းဆရာတစ်ယောက် ဖြစ်လေတော့ ကျောင်းဆရာ အတွေ့အကြုံကလေးတွေ တင်ပြလိုပါသည်။ ကလေးတွေ ဉာဏ်ကောင်းသည်၊ ဉာဏ်ထိုင်းသည် ဟူသော ကိစ္စပင် ဖြစ်ပါသည်။ မွေးကတည်းက ဦးနှောက် ချို့တဲ့နေသော ကလေးများကို အပထား၍ ကလေးများတွင် ဉာဏ်ရည်သွက်သူ နှင့် ဉာဏ်လေးသူ အတန်သင့် ကွာခြားတတ်ပါသည်။ အထူး သဖြင့် မူလတန်းကဲ့သို့သော အတန်းငယ်ကလေးများတွင် အလွန် သိသာပါသည်။ သို့သော် ဉာဏ်သာမဟုတ် ဝီရိယကလည်း သူတို့ ချင်း ကွာခြားနေတတ်ကြသေးသည်ကိုလည်း မမေ့သင့်ပါ။ ကျွန်တော် သတိထားမိသလောက် အတန်းထဲတွင် စာတော်သော ကလေးများသည် ဉာဏ်ကောင်းသူနှင့် ဝီရိယကောင်းသူတို့ ဖြစ် ကြသည်။ တစ်ခုရှိသည်က ဉာဏ်ကောင်းသော ကလေးက စာကို တစ်နာရီ ဖတ်ရုံနှင့် ရသည်ဆိုလျှင် ဝီရိယအားကိုးရသော ကလေး က နှစ်နာရီ ဖတ်ရသည်ပေါ့။ သို့သော် သူလည်း အချိန်တန်တော့ ဉာဏ်ကောင်းသည့် ကလေးငယ်ကဲ့သို့ပင် အတန်းထဲတွင် ထိုက် သင့်သလောက် အဆင့်ကို ရောက်နေမြဲ ဖြစ်သည်။ ဤသည်တို့ မှာ မူလတန်းကဲ့သို့သော အတန်းငယ်လေးလောက်တွင်သာ ဖြစ်သည်။ အလယ်တန်းသို့ ရောက်လာသော အခါတွင်မူကား ဝီရိယသမားလေးက ဉာဏ်သမားလေးကို မသိမသာ စိန်ခေါ်လာ သည်ကို တွေ့ရနိုင်ပါသည်။ အနည်းငယ် ရှင်းပြပါရစေ။ မူလတန်း တွင် ဉာဏ်ကောင်းသော ဉာဏ်အားကိုးသော ကလေးငယ်က အဆင့်(၁) ဆိုလျှင် ဝီရိယသမားလေးက အဆင့် (၅) (၆) တို့ လောက် တွင် ရှိတတ်သည်။ သို့သော် အလယ်တန်းသို့ ရောက်လာသောအခါ (ဥပမာ - ၅ တန်း ၆ တန်းလောက်ရောက်သောအခါ) ဉာဏ်သမားလေးက အဆင့်(၁) ဆိုလျှင် ဝီရိယသမားလေးက အဆင့်(၃) လောက်ထိအောင် တက်လာတတ်သည်။ ၇ တန်း လောက်ရောက်သောအခါတွင်မူ ဝီရိယသမားလေးက အဆင့်(၂) လောက်ထိအောင် တစ်ခါတစ်ရံ အဆင့်(၁) ထိအောင် တက်လာ တတ်သည်။ ဉာဏ်သမား ကလေးငယ် ဝီရိယပါ ကောင်းလာ လျှင်တော့ သူ့ကို ကျော်တက်ဖို့ဆိုသည်မှာ မဖြစ်နိုင်သလောက်ပဲ ဆိုပါတော့။

အဲ - ၈ တန်းလောက် ၉ တန်းလောက် ရောက်လာပြီ။ ဝီရိယသမားကလေးကလည်း အသိစိတ်ကပါ ဦးဆောင်လာလေ ပြီ ဖြစ်တော့ ဘတစ်ပြန်ကျားတစ်ပြန်ထိအောင် အကြိတ်အနယ် ပြိုင်ရသည်သာ များတော့သည်။ ၁ဝ တန်းပြီးလို့ တက္ကသိုလ် ရောက်လာပြီ ဆိုလျှင်တော့ တက္ကသိုလ်ဆိုသည်မှာ ဝီရိယပြိုင်သော နယ်မြေကြီးသာ ဖြစ်လေတော့သည်။ မြင်မြင်သမျှ ၁ဝ တန်းအောင်ပြီးမှ ရောက်လာခဲ့သည် ဖြစ်သောကြောင့် ဘယ်သူ့ထက် ဘယ်သူက ဉာဏ်ရည်သာပါသည်ဟု ပြောလို့ကို မရတော့ပြီ။ ဝီရိယကောင်းသူသည်သာလျှင် အဆင့်မြင့်သွားပေလိမ့်မည်။

ဤနေရာတွင် ဝီရိယသဘောကို ထပ်ပြီး ခွဲပြရန် လိုပါလိမ့် ဦးမည်။ စာကြည့်တိုက်ကိုသွား၊ စာအုပ်တွေကို နင်းကန်ဖတ်၊ မှတ်စုတွေကို တရကြမ်း ထုတ်ဆိုတာမျိုးလောက်ကိုသာ ဝီရိယကြီးသည်ဟု ပြောနေလို့မရပါ။ မိမိစူးစမ်းလေ့လာသည့် ပညာရပ်နှင့် ပတ်သက်သော ပြဿနာ အခက်အခဲဟူသမျှကို သွားလည်း ဒီစိတ်၊ စားလည်း ဒီစိတ်၊ အိပ်လည်း ဒီစိတ်ဟု ဆိုရလောက်အောင် ဦးနှောက်ဝီရိယ ကြီးသူများသာလျှင် လူသူလေးစား ခံ့ညားသော တက္ကသိုလ်ကျောင်းသား၊ တက္ကသိုလ် ကျောင်းဆရာ ဖြစ်လာပါလိမ့်မည်။ မြတ်စွာဘုရားသခင် မိန့်သော “နိဗ္ဗာန်သို့ လွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍” ဆိုတာမျိုးသည် ထိုသို့သော တစ်ချောင်းတည်းသော စိတ်ဖြင့် စူးစိုက် ဝင်စားနေသည့် သဘော ကို ဆိုလိုခြင်း ဖြစ်သည်ဟု ယူဆမိပါသည်။

ကောင်းပါပြီ...။ သို့ဖြစ်လျှင် ပင်ကိုယ်အားဖြင့် ဉာဏ်ရည် အားနည်းသော ကလေးငယ်သည် ဝီရိယစွမ်းအားဖြင့် ဘယ်ပုံဘယ်နည်း ဉာဏ်ရည်မြင့်သော ကလေးတစ်ယောက်နှယ် ထက်မြက်လာရသနည်း။

ကျွန်တော် စဉ်းစားမိသလောက်ကို တင်ပြလိုပါသည်။ ဘယ်ပညာရပ်မဆို ရှေ့အကြောင်း နောက်အကြောင်းတို့မှာ ဆက်စပ်နေသည် ဖြစ်လေရာ ရှေ့ပိုင်းက အကြောင်းကို ပင်ပန်း ကြီးစွာ အားထုတ်ပြီး သိခဲ့ရသော်လည်း နောက်အပိုင်း ရောက် တော့ တစ်စတစ်စ အတန်ငယ် သက်သာစွာ သိလာနိုင်သည်ဟု
ထင်ပါသည်။ ပမာပြရလျှင် ကားတစ်စီးကို တွန်းရာတွင် အစဆုံး၌ ပင်ပန်းလှသော်လည်း ဘီးတစ်ချက် လိမ့်ပြီးသည် နောက်က စ၍ သက်သာလာသည့် နည်းမျိုးဟု ဆိုရပါမည်။

ကျွန်တော် ပဓာနထားပြီး ပြောလိုသော အချက်သို့ ရောက်ပါပြီ။ ပြီးရင် ကျွန်တော်တို့က ဇဝေဇဝါနှင့် ပါရမီဆိုသည်မှာ ဘဝဟောင်းက ပါလာသော အကျိုးပေးလိုလို ခုဘဝမှာ အားထုတ်ထားသမျှ လာမည့် ဘဝရောက်မှ အကျိုးပေးမှာလို တွေးနေမိတတ်ကြသည်။ ကျွန်တော့်အမြင် အတွေ့အကြုံအားဖြင့်ဆိုလျှင် ပါရမီဆိုသည်မှာ မျက်မှောက်ဘဝမှာပင် အကျိုးပေးနိုင်သည်။ ဘဝတက်လမ်းအတွက် ကိုယ် နေ့တိုင်း ကြိုးပမ်းနေသမျှသည် မျက်မှောက်ဘ၀၌ပင် အကျိုးပေးနိုင်သော ပါရမီဖြည့်ခြင်းမျိုး ဖြစ်သည်ဟု ဆိုချင်ပါသည်။

(ဤနေရာတွင် စကားချပ်ကလေးတစ်ခု သွင်းရပါလိမ့်မည်။ ပါရမီဟူသော ပါဠိစကား၏ ရင်းမြစ်အနက်မှာ တစ်ဘက်ကမ်း “နိဗ္ဗာန်” သို့ ကူးမြောက်စေနိုင်သောဟူ၍ ဖြစ်ပါသည်။ ယခု ကျွန်တော့်ဆောင်းပါးတွင်ကား မြန်မာတို့ အရပ်သုံး ပန်းချီ ပါရမီ၊ ကဗျာပါရမီ ဆိုသကဲ့သို့ ပင်ကိုဓာတ်ခံ စွမ်းရည်မျှလောက် ကိုသာ ဆိုလိုခြင်း ဖြစ်ပါသည်။)

အချုပ်ကို ဆိုရလျှင် ပါရမီ ဆိုသည်မှာ မျက်မှောက်ဘ၀၌ လည်း အကျိုးပေးနိုင်ပါသည်။ ယခု ချက်ချင်းပင် ကြိုးပမ်းဖြည့် ဆည်းနိုင်ပါသည်။ အထူးသဖြင့် လူငယ်များ ဤအချက်ကို နာနာကြီး သတိပြုကြစေချင်ပါသည်။

ကျွန်တော် တင်ပြခဲ့သည့် သူတောင်းစား မောင်နှံ အကြောင်းကို ပြန်ကောက်လိုက်ချင်ပါသေးသည်။
ကျွန်တော့်စိတ်တွင် ဇနီးဖြစ်သူ သူဌေးသမီးကလေးကို သနားနေမိသည်။ ဦးဆောင်ဦးရွက်ပြုသူ လင်ယောက်ျားက ညံ့လေတော့ သူ့ဘဝ ပါရမီပါ အကုန် ချောသွားရှာပါလားဟု အောက်မေ့မိသည်။ အကယ်၍ သတိတရားရှိသော အားထုတ်တတ်သော လင် ယောက်ျားနှင့်သာ ပေါင်းဖက်မိမည်ဆိုပါက ဒီကလေးမ အကြွယ် ဆုံး သူဌေးကတော်ကြီးဖြစ်နေမှာ အမှန်ဖြစ်သည်။ သို့မဟုတ်လျှင်လည်း မုချ မဂ်ဖိုလ်ဆိုက်မည်မှာ အမှန်ဖြစ်သည်။

သည်တော့ မြတ်စွာဘုရားသခင် မိန့်တော်မူတာလေး တစ်ခုကို သွားပြီး သတိရမိပြန်သည်။

အခါတစ်ပါးတွင် မြတ်စွာဘုရားသခင်အား ညီတော် အာနန္ဒာက “အရှင်ဘုရား၊ အပေါင်းအသင်းကောင်း (ကလျာဏ မိတ္တ) သည် မဂ် ဖိုလ်အတွက် ကိစ္စတစ်ဝက် ပြီးစေနိုင်သည် ဟု တပည့်တော် ထင်မိပါသည်ဘုရား” ဟု လျှောက်ထားလေ ရာ ဘုရားရှင်က ...

“အာနန္ဒား ဤသို့ မဆိုလင့်၊ အာနန္ဒာ ဤသို့ မဆိုလင့်။ အပေါင်းသင်းကောင်းတို့သည် မဂ်ဖိုလ်ကိစ္စအလုံးစုံကို ပြီးစေနိုင်၏”

ဟု မိန့်တော်မူခဲ့ဖူးသည်။

ရှင်တော် ပြုံးခဲ့သည့် ဇနီးမောင်နှံနှင့် ပတ်သက်၍
ကျွန်တော် ခံစားဆင်ခြင်မိသမျှ တင်ပြပြီးခဲ့ပါပြီ။ စာဖတ်သူတို့ အထူးသဖြင့် စာဖတ်သူလူငယ်တို့သည် အဆအရာ၊ အဆ အထောင်အားဖြင့် ချဲ့ ပွား၍ ဆင်ခြင်နိုင်ပါစေသတည်း။

၁၈-၅-၉၉

PDF - nyeyadhamma @ gmail. com

ဆရာအောင်သင်း၊ ပညာသာလျှင်နှင့် သစ်လွင်အတွေးဆောင်းပါးများ ပီဒီအက်ဖ်၊
စာမျက်နှာ ၇၆ - ၈၅။

စာရိုက် - စလေ ငနော့



Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်