မင်းရှင်ရဲ့ လမ်းပေါ်မှာ
၁၉၆၂ ခုနှစ် အနုပညာစာပေဆိုင်ရာ
••••••••••••••••••••••••••••••••••••
ဝတၳုတိုပေါင်းချုပ်ဆုရ
•••••••••••••••••••••••••••••
ဆရာ ”မင်းရှင်” ရဲ့ ”လမ်းပေါ်မှာ”
••••••••••••••••••••••••••••••••••••
သည်တခါ ကျနော်ငနော့ စာရိုက်တင်ပေးသွားဖို့ ရွေးချယ်ထားတဲ့ စာအုပ်ကတော့ ရာပြည့်စာအုပ်တိုက်ကနေ ဒုတိယအကြိမ် ထုတ်ဝေတဲ့ ဆရာမင်းရှင်ရဲ့ ”လမ်းပေါ်မှာ” ဆိုတဲ့ ဝတၳုတိုပေါင်းချုပ်စာအုပ် ဖြစ်ပါတယ်။ ဆရာ ”မင်းရှင်” ကို ဆရာကြီး သော်တာဆွေ၊ သန်းဆွေ၊ တင့်တယ် စသူတို့နဲ့ ခေတ်ပြိုင်ဆရာကြီးတဆူလို့ သိထားပေမယ့် သူ့ခေတ်ကို မမီလိုက်တာကြောင့် သူ့လက်ရာ ဝတၳု၊ ဆောင်းပါး တပုဒ်မှ ကျနော် မဖတ်ဖူးပါ။ ခု ကျနော် ရွေးချယ်လိုက်တဲ့ စာအုပ်က ၁၉၆၂ ခုနှစ် အနုပညာစာပေဆိုင်ရာ ဝတၳုတိုပေါင်းချုပ်ဆုရ စာအုပ်ဖြစ်ပြီး စာအုပ်အဖွင့်မှာ ရေးထားတဲ့ ဆရာ့ဆရာကြီးတွေရဲ့ အညွှန်းနဲ့တင် ဖတ်ချင်စရာကောင်းနေပါတယ်။ ဒါကြောင့် ကျနော်ကိုယ်တိုင်လည်း ဖတ်ရင်းစာရိုက်၊ စာရိုက်ရင်း ဖတ်သွားမှာ ဖြစ်ပါတယ်။ အမျိုးတို့လည်း မလွတ်တမ်း ဖတ်ချင်ရင် ငနော့ကို see first ထားလိုက်ကြပါလို့။
ခုလို စာရိုက်နိုင်အောင် စာအုပ်ကို ပီဒီအက်ဖ်အဖြစ် ဖန်တီးပေးတဲ့ Nyisay Ebook Creator ဖေ့စ်ဘုတ်ပေ့ဂျ်ကို အထူး ကျေးဇူးတင်ပါကြောင်း...။
🍀 ဆရာဇဝန၏ အမှာ
“မင်းရှင်” သည် သူ၏ စာပေရေးရာ ကြိုးပမ်း အားထုတ်မှုများကို အခွင့်အခါ သင့်တိုင်း ကျွန်တော့်အား ပြောပြတတ်သည်။ တိုင်ပင် နှီးနှောလေ့ရှိသည်။ ယခု သူ၏ “လမ်းပေါ်မှာ” စာအုပ်ကို ထုတ်ဝေမည်ပြုသည့်အခါ နိဒါန်း ရေးပေးရန် ကျွန်တော့်အား ပြောလာလေသည်။
နိဒါန်း ဆိုသည်မှာ စာဖတ်ပရိသတ်တို့ အသိနည်းသေးသော စာရေး ဆရာတစ်ဦးကို စာဖတ်ပရိသတ်တို့ အသိများသော ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် က စာရှုသူတို့နှင့် မိတ်ဆက်ပေးသည့် သဘောတစ်ရပ်လည်း ပါလေသည်။ ဤနေရာတွင်မူ မင်းရှင်ကို စာရှုသူတို့နှင့် ကျွန်တော်က မိတ်ဆက်ပေးရမည့် အစား မင်းရှင်ကပင် ကျွန်တော့်ကို စာရှုသူတို့နှင့် မိတ်ဆက်ပေးဖို့ရန် လိုကောင်း လိုနေလိမ့်မည်ဟု ထင်မိသည်။ အကြောင်းကို ဆိုရသော် မင်းရှင်သည် ဝတၳုများကို အဆက်မပြတ် ရေးသားနေ၍ စာဖတ်ပရိသတ်တို့က အသိများသူ တစ်ဦး ဖြစ်နေပြီး၊ ကျွန်တော့်မှာမူ ဝတၳု မရေးဘဲ နေခဲ့သည်မှာ နှစ်ကာလ အတန်ကြာခဲ့ပြီ ဖြစ်၍ ဝတၳု ပရိသတ်နှင့် အဆက်ပြတ်နေသူတစ်ယောက် ဖြစ်နေပေသည်။ သို့ဖြစ်၍ စာရှုသူတို့အား မင်းရှင်နှင့် မိတ်ဆက်ပေးဖို့ရန် မလိုတော့ပါ။
မင်းရှင်၏ အာသာ ဆန္ဒမှာလည်း သူ၏ လက်ရာသစ် ဖြစ်သော စာပေ ကြိုးပမ်းမှုပေါ်တွင် ကျွန်တော်၏ ဝေဖန် သုံးသပ်ချက်ကိုသာ ပို၍ လိုလား တောင့်တခြင်း ရှိပေလိမ့်မည်။
ယခင် ရေးသား ထုတ်ဝေခဲ့ပြီးသော စာအုပ်များတွင် နိဒါန်းထည့်ရန် မင်းရှင်သည် ဆန္ဒပြင်းပြစွာ မရှိခဲ့ဘဲ ယခု စာအုပ်တွင်မှ ကျွန်တော် တစ်ဦး တည်းသာမက သူနှင့် ရေးဖော်ရေးဖက် စာရေးဆရာများ၏ မှာတမ်းများ ကိုပါ တောင်းခံ ဖော်ပြခြင်းကို ထောက်သော် မင်းရှင်သည် သူ ရေးခဲ့ပြီးသမျှ စာများအနက် ဤစာအုပ်အပေါ်တွင် အကြိုက်အတွေ့ဆုံး ဖြစ်ကြောင်း ထင်ရှား ပေသည်။
ပန်းချီဆရာသည် လည်းကောင်း၊ ပန်းပုဆရာသည် လည်းကောင်း သူတို့၏ လက်ရာများအနက် ဘယ်ဟာ ကောင်းသည်၊ ဘယ်ဟာ ညံ့သည်။ ဘယ်ဟာ အကောင်းဆုံးဖြစ်သည်ကို သိကြသည်။ သို့ရာတွင် သူတို့စိတ်ထဲ၌
ကောင်းတိုင်း ဘေးလူ၏ အကြိုက်နှင့် တွေ့ချင်မှ တွေ့တတ်သည်။ မင်းရှင် ၏ “လမ်းပေါ်မှာ” သည် သူ၏ စိတ်တိုင်းကျ လက်ရာများ ဖြစ်သကဲ့သို့ စာရှုသူတို့၏ ကြိုက်နှစ်သက်သည့် လက်ရာကောင်းများ ဖြစ်မည်မှာ မလွဲဟု ကျွန်တော် ဆိုရဲပေသည်။
မင်းရှင်သည် “လမ်းပေါ်မှာ” လျှောက်နေသူတစ်ဦး ဖြစ်သည်။ ထို့အတူ များစွာသော စာရေးဆရာတို့သည်လည်း “လမ်းပေါ်မှာ” လျှောက်နေကြသူများ ဖြစ်ကြသည်။ သို့ရာတွင် မင်းရှင် လျှောက်သွားနေသော လမ်းသည် အခြား စာရေးဆရာ အများအပြား လျှောက်လေ့ သွားလေ့ရှိသောလမ်းမျိုး မဟုတ်ပေ။ တစ်ခါတစ်ရံ မင်းရှင် လျှောက်သွားနေသော လမ်းသည် အခြား စာရေး ဆရာများ လျှောက်သွားနေသော လမ်းနှင့် တစ်လမ်းတည်းပင် ဖြစ်နေတတ်
သော်လည်း လမ်းဘေးဝဲယာကို ကြည့်ရှု သုံးသပ်ရာတွင် အမြင်ချင်း မတူပေ။ မင်းရှင်သည် ကားပေါ်က လူထက် ခြေကျင်လျှောက်နေသူကို ပို၍ ဂရုစိုက် သည်။ တိုက်ကြီးတာကြီးများထက် တဲပုတ်ကလေးများကို ပို၍ အာရုံပြုသည်။ တစ်နည်းဆိုရသော် မင်းရှင်သည် အဆောင်အယောင်၊ ပကာသနတွေကို ဖယ်၍ လူကို လူသားပကတိအတိုင်း မြင်အောင် ကြည့်သည်။ လူသားတို့၏ စိတ်နှလုံး ကို ထိုးဖောက်၍ မြင်အောင် စူးစိုက် ကြိုးပမ်းသည်။ ယင်းသို့ ကြည့်ရှုပြီး မိမိ စိတ်ထဲ၌ ခံစားရသော ရသကို ဖော်ကျူးလေသည်။
“လမ်းပေါ်မှာ” ၌ ပါသော ဝတၳုများသည် သန့်စင် ကြည်လင်သော မေတ္တာစေတနာတို့ဖြင့် မွမ်းထုံအပ်၍ သိင်္ဂါရ ရသ၊ ကရုဏာ ရသတို့ဖြင့် အတိပြီးသည့် “မေတ္တာသုတ်” များဟု ဆိုလျှင် မှားအံ့မထင်ပေ။
သရုပ်ဖော်စာပေ ဟူသော စကားကို အမျိုးမျိုး ပြောဆို ငြင်းခုံနေကြ သည့် ယခုခေတ်တွင် သရုပ်ဖော် စာပေ၏ လက္ခဏာတစ်ရပ်ကို “လမ်းပေါ်မှာ” တွင် မင်းရှင်က တင်ပြထားပေသည်။ ထို့အတူပင် “ဝတၳုတို” ဟူသည်မှာ အဘယ်နည်း ဟူသော ပုစၧာကို “လမ်းပေါ်မှာ” ဝတၳုများဖြင့် အဖြေပေးလိုက် လေသည်။
ဝတၳုတို ဟူသည်မှာ စ-လယ်-ဆုံး အင်္ဂါသုံးရပ်နှင့် ပြည့်စုံရမည်။ ချစ်-ကြိုက်-ကွဲ-ညားခြင်းတို့ဖြင့် ခြယ်လှယ် ဖန်တီးအပ်သော ဝတၳုဇာတ်လမ်း မျိုးကို ပျံ့သောအားဖြင့် လည်းကောင်း၊ တစ်ခန်း တစ်ကဏ္႑ကို ကွက်၍ မီးမောင်းထိုးကာ ဖော်ပြသကဲ့သို့ လည်းကောင်း ရေးသားအပ်သည် ဟူသော အယူအဆမျိုးကို ယခုခေတ်တွင် စွန့်ပယ်လိုက်ကြပြီ ဖြစ်သော်လည်း ချစ်မှု ကြိုက်မှုတည်း ဟူသော သမုဒယ နယ်ထဲမှာပင် တဝဲလယ်လယ် ရှိနေကြသေး သည်။
မင်းရှင်သည် “လမ်းပေါ်မှာ” ဝတၳုများဖြင့် ဝတၳုတိုခေတ်ကို လုံးဝ တော်လှန်လိုက်သည်။ တစ်ခေတ်ဆန်းပြန်ခဲ့ပြီ ဖြစ်သော စာပေလောကသစ် တွင် အဖွဲ့ အနွဲ့ ထက် အတွေးအခေါ် ဆန်းသစ်ခြင်းကို အလေးအနက်ပြုလာ ကြရာ မိုးရွာထဲ လမ်းလျှောက်သွားခြင်းသည်ပင် ကဗျာကောင်း တစ်ပုဒ်၊ ဝတၳုကောင်းတစ်ပုဒ်ဟု ဆိုရအောင် အရေးအသား ပြောင်းလဲလာသည်နှင့်အညီ၊ မင်းရှင်ကလည်း မုန့်ဟင်းခါးသည် တစ်ဦး မုန့်ပြင်ရာတွင် တစ်နေ့ လက်ရာ တစ်မျိုး ဖြစ်လာခြင်းကို ဝတၳုဖြစ်အောင် တင်ပြထားလေသည်။ ဤနေရာတွင် မုန့်ဟင်းခါးသည်က အကယ်ပင် လက်ရာ တစ်နေ့တစ်မျိုး ပြင်သလော၊ စားသော မိန်းမပျို၏ စိတ်ထဲက ထင်နေခြင်းပေလောဟု စာဖတ်သူ၏ စိတ်၌ ဖြစ်ပွားလာကာ အလုပ်လုပ်သူသည် သူ့လုပ်ငန်းသူ လုပ်မြဲ လုပ်နေ သည်ကို လက်အား ပါးစပ်အားနေသူတို့က ကိုယ်ထင်ရာ မြင်ရာ ဝေဖန်တတ် ကြပါကလား ဟူသော သုံးသပ်ချက်ကို ဖြစ်ပွားစေလေသည်။
“ပီတိ” ဟူသော ဝတၳုထဲတွင် မိုးစို၍နေသော အဘွားအိုကြီးကို ထီးမိုးပေးလိုက်ရခြင်းကြောင့် ကြည်နူးမှု ရရှိသကဲ့သို့ “ကျေးဇူးတင်ပါသည်” တွင် ထင်းလှည်း တွန်းနေသော လင်မယားကို ကူညီပေးခဲ့ရာ၌ ကျေးဇူးတင်သော စကားကိုမျှ မဆိုဘဲ ထွက်သွားရကောင်းလောဟု ဒေါမနဿဖြစ်မိပုံကို နှိုင်းယှဉ်ထားလေသည်။
အချုပ်ကို ဆိုရသော် မင်းရှင်သည် စိန်ကွက်များကဲ့သို့ လူ့ဘဝ၏ အကွက်ကလေးများကို ဖော်ပြနေခြင်း ဖြစ်၍၊ ထိုသို့ ဖော်ရာတွင် အကွက်ဆန်း ခြင်းထက် စိန်သား၏ “မီး” ကို ပို၍ ပွင့်အောင် သွေးပေးလေသည်။ “လမ်း ပေါ်မှာ” ထဲမှ ဝတၳုတိုအားလုံးသည် လူတန်းစားအသီးသီး၏ စိတ်သဘာဝ ကို ထင်ဟပ်ထားသည်ဖြစ်ရာ ပို၍ ပေါ်လွင်အောင် “ကျွန်တော်” ဟူသော အမှယောဂအားဖြင့် ရေးထားလေသည်။
မင်းရှင်၏ သရုပ်ဖော်မှုသည် တရားဟောချက်များနှင့် ကင်းကာ စာဖတ်သူတို့ အလိုအလျောက် တွေးခေါ်မှုကို လှုံ့ဆော်ပေးထားခြင်းမှာ နှစ် ခြိုက်ဖွယ်ရာ ရှိလှပေသည်။
မင်းရှင်၏ “လမ်းပေါ်မှာ” နှင့် ပတ်သက်၍ ကျွန်တော့်အဖို့ ဤမျှ လောက်ပဲ ရေးရန်သင့်သည်ဟု ယူဆမိပါသည်။ သည့်ထက်ပိုလျှင် စာရှုသူတို့ ၏ အတွေးအခေါ်ကို လမ်းကြောင်းပေးရာ ရောက်နေမည်ကို စိုးရိမ်မိသည်။ သို့ဖြစ်၍ စာရှုသူတို့ကို “လမ်းပေါ်” သို့ ပို့ရုံမျှသာ ကျွန်တော် ပို့ပေးလိုက်ပါ ရစေ။ “လမ်းပေါ်မှာ” ဆက်၍ လျှောက်သွားဖို့ရန်ကိုမူ မင်းရှင်က လက်မလွတ် စေဘဲ ဆွဲခေါ်သွားပါလိမ့်မည်။
ဇ၀န
၁၉-၉-၆၂
_________________
🍀 ဒဂုန်တာရာ၏ အမှာ
(၁)
စစ်ပြီးခေတ်၌ လှုပ်ရှားလာသော အမျိုးသား လွတ်လပ်ရေး တိုက်ပွဲသည် နိုင်ငံရေးကဏ္႑၌သာ မဟုတ်၊ စာပေရေးရာဘက်၌လည်း နိုးကြားမှု၊ တီထွင် ဆန်းသစ်မှု၊ စိတ်အား တက်ကြွမှု၊ တိုင်းပြည်ချစ်စိတ်နှင့် ဆိုရှယ်လစ် သရုပ် ဖော် စာပေဘက် ဦးတည်မှု စသော အခြင်းအရာတို့ကို ဖော်ပြပေသည်။
နိုင်ငံရေးအားဖြင့် ကြည့်လျှင် အမျိုးသား လွတ်မြောက်ရေး လှုပ်ရှား မှုကို ကိုလိုနီ ဘဝမှ ရုန်းကန် တွန်းလှန်သော အမျိုးသား လှုပ်ရှားမှုအဖြစ် မြင်ကြရပေမည်။
ဒုတိယကမ်ဘာစစ် ဖြစ်စကာလက ကျွန်တော်တို့သည် အင်္ဂလိပ် ကိုလိုနီ စနစ်ကို ပြင်းထန်စွာ ဆန့်ကျင် တိုက်ခိုက်ခဲ့ကြသည်။ ထိုနောက် ဂျပန်ဖက်ဆစ် များ ဝင်လာကာ ယင်းဂျပန်ဖက်ဆစ် ဆန့်ကျင်ရေး ခုခံ လှုပ်ရှားမှု ပေါ်လာ သည်။ စစ်ပြီးသော် ကျွန်တော်တို့၏ အချုပ်အခြာအာဏာပိုင် လွတ်လပ်ရေး အတွက် ဆက်လက်၍ လူထု လှုပ်ရှားမှုအားဖြင့် တိုက်ပွဲဝင်ကြရသည်။
ယင်းကာလ ၁၉၄၆ က ကျွန်တော်တို့သည် အမျိုးသား ပြန်လည် ဆန်းသစ်ရေး၊ စာပေသစ် စသော အနုပညာ ရည်ရွယ်ချက်ဖြင့် “တာရာ” မဂ္ဂဇင်းကို ထုတ်ဝေခဲ့ကြသည်။ ထိုအခါ နိုးကြားတက်ကြွသော စာပေမွေ့သူ လူငယ်များသည် တာရာမဂ္ဂဇင်း၌ လာရောက် စုဝေးကြသည်။ သူတို့သည် အင်အားသစ်များ ဖြစ်ကြသည်။ သူတို့၌ နိုးကြားသော၊ တီထွင်ဆန်းသစ်လိုသော၊ စိတ်အား တက်ကြွသော၊ တိုင်းပြည်ချစ်သော၊ ဆိုရှယ်လစ် သရုပ်ဖော် စာပေဘက်သို့ ဦးတည်သော စိတ်ဓာတ်များ ကိန်းအောင်းနေကြသည်။
ယင်း လူငယ်များသည် စမ်းသပ်၍ သူတို့၏ အတွေးအခေါ် စိတ်ကူး စိတ်သန်းများကို ရေးသား ဖွဲ့နွဲ့ကြသည်။ ကျွန်တော်တို့သည် ယင်း အင်အား သစ်များကို တတ်နိုင်သရွေ့ အားပေးခဲ့ပေသည်။
ယင်း စာပေလှုပ်ရှားမှုသည်ကား အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲ ၏ ယဉ်ကျေးမှု မျက်နှာတစ်ဖက်ဟု ကျွန်တော်တို့က ခံစားမိပေသည်။
(၂)
ယင်းသို့ တာရာမဂ္ဂဇင်း၌ လာရောက် စုဝေးကြသော လူငယ်များအနက် မင်းရှင်လည်း ပါသည်။
မင်းရှင်မှာ ဖက်ဆစ်တော်လှန်ရေး၌ သေနတ် စွဲကိုင်ကာ တိုက်ခဲ့ပြီး နောက် စစ်ပွဲပြီးသော် တက္ကသိုလ် စာသင်ခန်း၌ ပညာရှာမှီးသည်။ ရှာမှီးရင်း တက္ကသိုလ်ရိပ်သာ စိန်ပန်းပင်ရိပ်အောက်မှ ထွက်ကာ စာပေလောကသို့ ဝင်လာသည်။ သူသည် တာရာမဂ္ဂဇင်း၏ တွဲဖက် အယ်ဒီတာအဖြစ် ကျွန်တော့် အား ကူညီခဲ့သည်။
ထိုအခါက “လမ်းပေါ်မှာ” အတွေးအခေါ်ပါသော ရသ စာပေများကို ရေးသားခဲ့ပေသည်။ “လမ်းပေါ်မှာ” သည် ၁၉၄၇-၄၈ လောက်က စတင်သည် ဟု ဆိုနိုင်ပေသည်။
ယခု “လမ်းပေါ်မှာ” ဝတၳု၌ ပါသော မြေနီကုန်း ကားဆိပ်၊ မုန့်ဖိုး စသော ဝတၳုများသည် တာရာမဂ္ဂဇင်း ၁၉၄၇-၄၈ ထုတ်များ၌ စတင်ပါခဲ့ ကြပေသည်။ ထို မြေနီကုန်း ကားဆိပ်ကို ထိုအခါက ကျွန်တော်တို့သည် “ဘဝကားတစ်ချပ်” ဟု အမည်ပေးခဲ့သည်။ ယခု မင်းရှင်က “လမ်းပေါ်မှာ” ဟု ခေါ်ထားပေသည်။
“မြေနီကုန်း ကားဆိပ်” မှာ မြေနီကုန်းကားဆိပ်၌ တွေ့ရသော မြေပဲ လှော် ရောင်းသူ ကလေးငယ် (ဝါ) ဆင်းရဲသား အညတရကလေး၏ ဘဝကို တစ်ကြောင်းဆွဲ ပန်းချီဟန်ဖြင့် ခြစ်ပြထားသော ဘဝကားချပ် စာတစ်ပုဒ် ဖြစ်ပေသည်။ ကျောင်းမနေနိုင်ရှာသော ဆင်းရဲသား သားသမီးတို့၏ အဖြစ် ကို တင်ပြထားခြင်း ဖြစ်သည်။
၁၉၄၆ လောက်ကစ၍ ယင်း “လမ်းပေါ်မှာ” အတွေးအခေါ်ဖြင့် သူသည် ကာတွန်းရုပ်စုံ၊ ပဒေသာမဂ္ဂဇင်း၊ ခေတ်ဆန်းမဂ္ဂဇင်း၊ သစ်ဆန်း မဂ္ဂဇင်းများ၌ ရေးသားလျက် ရှိသည်။
ယင်းသို့လျှင် မင်းရှင်သည် လမ်းပေါ်၌ တွေ့ရ မြင်ရသော လက်လုပ် လက်စား ဆင်းရဲသား အညတရကလေးတို့၏ ဘဝ အကွက်အကွင်းကလေး များကို သရုပ်ဖော်သော စာပေများ ရေးသားလေသည်။
မင်းရှင်သည် လမ်းပေါ်မှ အညတရ ဆင်းရဲသားများ၏ ဘဝတိုက်ပွဲ ကို စိတ်ဝင်စားသည်။ တွေ့တတ် မြင်တတ်သည်။ ယင်း သူတွေ့မြင်ချက်ကို နှစ်သက်ဖွယ်ကောင်းအောင် ဖွဲ့နွဲ့တတ်သည်။ ဤကား သူ၏ ထူးခြားချက် ဖြစ်သည်။
မင်းရှင်သည် လူလတ်တန်းစားမှ ပေါက်ဖွားသူ ဖြစ်သည်။ သို့သော် သူသည် သူ၏ ပိုးခန်းဆီးကို ကျော်၍ လမ်းပေါ်မှ မုန့်ဟင်းခါးသည်၊ ဈေးတန်း၊ ကားဆိပ်၊ ထင်းသမား၊ ဗျပ်ထိုးခေါင်းရွက်သည် စသည်တို့ကို ရှုမြင်သည်။ ယင်း ရှုမြင်ကွင်းတို့၌ ခံစားသည်။ ခံစားချက်ကို ဖွဲ့နွဲ့ သီကုံးသည်။
မင်းရှင်၏ နှလုံးသားသည် ကရုဏာဖြင့် မွမ်းသည်ဟု ထင်သည်။ မင်းရှင်၏ “လမ်းပေါ်မှာ” ကလေးများသည် လူသားတို့၏ မေတ္တာစောင်းကြိုး ကို တီးခတ်၍ ထွက်လာသော တေးသံ ဖြစ်သည်။
(၃)
ကျွန်တော်ကား အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲ ခေတ်ဦးက စိုက်ပျိုးခဲ့
သော စာပေပန်းပင်များ ယနေ့ခေတ်၌ လန်းရွှင် မွှေးထုံ၊ ဖူးငုံပွင့်ကိုက်နေသည် ကို တွေ့ရသဖြင့် ကြည်နူး ဆွတ်မောမိပေသည်။
ဒဂုန်တာရာ
၁၇-၉-၆၂
___________________
🍀 စာရေးဆရာများ၏ ထင်မြင်ချက်များ
ကျွန်တော်၏ ရောင်းရင်း သွေးသောက်တစ်ဦး ဖြစ်သော စာရေးဆရာ မင်းရှင် သည် လူ့လောကဘုံဓမ္မတာနှင့် ပတ်သက်၍ လောကတစ်ခွင်လုံး၌ သူ မြင်နိုင် သမျှသော သူ၏ အတွေ့အကြုံများနှင့် ပတ်သက်သော ပန်းချီကားများကို စာပေအနေနှင့် ရေးမှုန်ခြယ်သတတ်ပေသည်။ သူ၏ အရေးအသားများသည် မြန်မာလူမျိုးတို့ တွေ့ကြုံ ခံစားနေရသော ပစ္စည်းများအပေါ်၌သာ မူတည်၍ ထားခြင်း မဟုတ်ဘဲ ကမ်ဘာတစ်ခွင် ပြဲပြဲစင် ပုထုဇဉ် ဟူသမျှတို့ တွေ့ကြုံ၍ နေကြရသော လောကဓံတရားကို မျက်နှာဖုံး လှစ်ပြလိုက်သော အဖြစ်အပျက် ကလေးများသာ ဖြစ်ပေသည်။
အခြား အခြားသော သူများအဖို့၌ ဤ “လမ်းပေါ်မှာ” ဝတၳုများသည် အပျင်းပြေ ဖတ်ရှုရန် ဝတၳုများ ဖြစ်သည်ဟု ထင်မြင်ကောင်း ထင်မြင်ကြမည် ဖြစ်သော်လည်း ကျွန်တော်၏ အမြင်တွင်မူ မင်းရှင်သည် အချိန်နှင့်အမျှ ရင့်ကျက်၍ “လောကအကြောင်း သိကောင်းသိရာ” ဆိုသော ရတနာ ကျောက် မျက်ရွဲ တစ်လုံးကို ဖော်ထုတ်၍ ပေးလိုက်ခြင်း ဖြစ်သည်ဟု ဆိုချင်ပေသည်။
မင်းရှင်၏ “လမ်းပေါ်မှာ” ဝတၳုများသည် မြန်မာနိုင်ငံတွင်သာ ဖတ်ရှု ရမည့် “ဘဝကြေးမုံ” များ မဟုတ်ဘဲ ကမ်ဘာအရပ်ရပ်တွင်ပင် လက်ခံ ဖတ်ရှုနိုင်သော “ရုပ်ပြ သရုပ်ဖော်စာစု” များနှင့် တူလှပေသည်။ မင်းရှင်သည် “ဘဝ အစစ်အမှန်” ကို ရှုမြင်တတ်သော လူသားထဲမှ စာရေး တင်ပြတတ် သော လူသားတစ်ဦးပင် ဖြစ်သည်ဟု ဆိုချင်ပါ၏။
ကျွန်တော် မင်းရှင်ကို ကောင်းကောင်းကြီး “သိ” ပါသည်။
တင့်တယ်
__________________
လူနှင့် သို့မဟုတ် လူ့အဖြစ်နှင့် အတူဆုံးသော စာပေတစ်ခု ဖြစ်သောကြောင့် ဘဝကို မျက်ဝါးထင်ထင် ရှုမြင်ရနေဘိသို့ ဖြစ်သော စာများ ဖြစ်၏။
ရန်ကုန်ဘဆွေ
___________________
မင်းရှင်၏ “လမ်းပေါ်မှာ” ဝတၳုများသည် လူ့သဘာဝ၊ လူတန်းစားအမျိုးမျိုး၊ လူအသီးသီး စိတ်ဓာတ်တို့ကို ဖော်ထုတ် ရေးခြယ်ပြရာတွင် စာဖတ်သူ၏ အသည်းကို စူးသွားစေရုံသာမက မင်းရှင်၏ မေတ္တာမျက်စိ၊ မင်းရှင်၏ မေတ္တာ အသည်းနှလုံး၊ မင်းရှင်၏ မေတ္တာစိတ်ဓာတ်တို့သည် စာဖတ်သူ၏ မျက်လုံး နှစ်လုံးထဲသို့ပါ တစ်ပါတည်း ထွင်းဖောက် တိုးဝင် ကူးစက်သွားစေနိုင်သည်။
ဂျာနယ်ကျော်မမလေး
___________________
“ဘဝလေ့လာရေးတွင် စာအုပ်စင်သည် သင်နှင့် လောကအကြားမှာ
တံတိုင်းကြီး မဖြစ်ပါစေနှင့်။”
လောကခရီးတွင် ရေစီးစုန်ဆန် ကူးကလန် မခတ်ရဘဲ ရှိအပ်သော ဘဝ ရိပ်မြုံတွင် အေးချမ်းစွာ ခိုလှုံလျက် စာအုပ်ဗီရိုကို လက်ကိုင်ပြု၍ စာတွေ့ ဘဝတွေ တင်ပြလေ့ရှိသော စာရေးဆရာများအကြောင်း စဉ်းစားမိသည်၌ ကျွန်တော်သည် အထက်ပါ ဆောင်ပုဒ်ကို ရေးသားမိလေသည်။
မင်းရှင်သည် အဆိုပါ စာရေးဆရာမျိုးအဖြစ်မှ ဖဲကြဉ်ကာ ကိုယ်တွေ့ ဘဝကို လေ့လာ ရေးသားသော စာရေးဆရာကောင်းတစ်ယောက် ဖြစ်လာ သည်။ သူ၏ ယခု “လမ်းပေါ်မှာ” သည် လက်ရှိ လောကလမ်းပေါ်မှ လူများ၏ ဘဝမှန်ကို တင်ပြသည်ဖြစ်၍ စာပေလောကတွင် ရပ်တည်နေလိမ့်မည် ဟု မျှော်လင့်သည်။
သော်တာဆွေ
______________________
ကျယ်ဝန်းသော ဝင်းခြံ၊ ကြီးမားသော တိုက်တာ၊ ငြိမ့်ငြောင်းလှသော မှန်ကား ကြီးများဖြင့် စံမြန်း လှုပ်ရှားနေကြသော လူတန်းစား တစ်ရပ်ကသာ လွှမ်းမိုး ကြီးစိုးနေသော လူ့သမဂ္ဂနှင့် ခေတ်သမယတွင် စာရေးဆရာမင်းရှင်သည် မေ့လျော့ခြင်းခံနေကြရသော လမ်းဘေး လူတန်းစားများ၏ ဘဝနှင့် အကြောင်း အရာများကို ၎င်း၏ ရေးစရာ အကြောင်းအရာအနေနှင့် ရွေးချယ် ရေးသား ခြင်း ပြုနိုင်စွမ်းသဖြင့် “ဒီလူတစ်ယောက်နှယ် မြင်တတ် ရေးတတ်ပလေ တယ်” ဟူ၍ ချစ်ခင် အံ့သြမိပေသည်။
ချစ်ခင်မိခြင်းမှာ လူများစုကြီး၏ မေ့လျော့ခြင်းကို ခံနေကြရသော လူသတ္တဝါများ၏ အကြောင်းကို လေးလေးစားစား ရွေးချယ် ရေးသားနိုင် သောကြောင့်ပင် ဖြစ်လေသည်။ အံ့သြမိခြင်းမှာတော့ အခြားကြောင့် မဟုတ်။ အထက်တန်း အရာရှိကြီး တစ်ဦး၏သား၊ တက္ကသိုလ်ကျောင်းကြီးထွက်နှင့် ဗိုလ်ကြီးဟောင်းတစ်ဦးဖြစ်သော စာရေးဆရာ မင်းရှင်သည် ထိုလမ်းဘေး သတ္တဝါများ၏ အကြောင်းကို စာနာသော စိတ်ထား၊ ဖြူစင်သော စေတနာ များဖြင့် ရေးသား ဖော်ပြနိုင်စွမ်းသောကြောင့်ပင် ဖြစ်ပါသတည်း။
ဗန်းမော်တင်အောင်
_______________________
ရွှေကောင်း ရွှေသန့်သည် မြေထဲ၌ ရှိသည်မှန်၏။ သို့သော် မြေသား အမှိုက် သရိုက်များကို အကြိမ်ကြိမ်အဖန်ဖန် ကျင်ထုတ်၍ ကြေးညှော်ကင်းစင်အောင် အထပ်ထပ်အခါခါ လှော်ယူတတ်မှ ရွှေကောင်းရွှေသန့်ကို ရနိုင်ပေသည်။
မင်းရှင်သည် အများသူတကာ နေ့စဉ် တွေ့ကြုံ ခံစားနေရသော အခြင်းအရာများထဲမှ လူသားတို့၏ အတွင်းသဏ္ဌာန်၌ ကိန်းအောင်းလျက် ရှိသည့် လောဘ၊ ဒေါသ၊ မောဟ၊ မာနနှင့် မေတ္တာ စသည်တို့ကို မြင်တတ်
သော အမြင်၊ ခံယူတတ်သော ခံစားမှု၊ ရေးတတ်သော အတတ်တို့ဖြင့် စာတစ်ပုဒ်ဖြစ်အောင် ဖော်ထုတ် ရေးသားတတ်လေသည်။
“လမ်းပေါ်မှာ” သည် မြေမှ ထုတ်၍ အဆင့်ဆင့် ကျင်ယူထားသော ရွှေစင် ရွှေမှုန့်တို့ကို စုပေါင်းထားသည့် ရွှေတုံး ရွှေခဲပင် ဖြစ်လေသည်။
သန်းဆွေ
___________________
လောက၌ မြေကြီးပေါ်သို့ ခြေမချဘဲ ဘဝင်သွေးကြွနေသော လူများ ရှိကြ သည်။ သူတို့သည် အဆောင်အယောင်၊ ဂုဏ်ပကာသန ဗွက်ညွန်ထဲတွင် နစ်မွန်းနေသူများ ဖြစ်သည်။ သို့သော် သူတို့သည် မေတ္တာတရား၊ သစ္စာ တရား၊ ကရုဏာတရား ခေါင်းပါးသူများ ဖြစ်သည်။ သူတို့သည် ဟန်ဆောင် လောကမှ စေတနာဖြူစင်မှု ကင်းမဲ့စွာ မွေးဖွားလာသူများ ဖြစ်ကြသည်။
လမ်းပေါ်မှ လူများကား မြေပေါ် ခြေချ၍ ဘဝလမ်းမကြီးပေါ်က ရိုးသားစွာ လျှောက်နေကြသူများ ဖြစ်ကြသည်။ သူတို့၌ မေတ္တာ၊ စေတနာ၊ ကရုဏာ အပြည့်အဝ ရှိကြသည်။ မဟုတ်လျှင် မခံတတ်သော သတ္တိလည်း ရှိကြသည်။ ထို့ကြောင့် သူတို့သည် ချစ်စရာကောင်းသူများ၊ လေးစားစရာ ကောင်းသူများ ဖြစ်ကြသည်။
သူတို့အကြောင်းသည် သိကောင်းစရာများနှင့် ပြည့်ဝနေသည်။ သင် သည် သူတို့အကြောင်းကို တကယ် သိလိုလျှင် မင်းရှင်၏ “လမ်းပေါ်မှာ” ကို ဖတ်ကြည့်သင့်ပေသည်။
အောင်လင်း
_____________________
လူတကာ လျှောက်သွားနေကြသော လမ်းများပေါ်တွင် ကြည့်တတ်၊ မြင် တတ်၊ ခံစားတတ်သူတွေအတွက် စိတ်ဝင်စားဖွယ်ရာ၊ ရင်နာဖွယ်ရာ၊ အားကျ ဖွယ်ရာ၊ ခံပြင်းဖွယ်ရာ စိတ်လှုပ်ရှားမှု အမျိုးမျိုးကို ပေးစွမ်းနိုင်သော ဇာတ်လမ်း အဖြစ်အပျက်များ ရှိနေသည်။
ထိုသို့ မြင်တတ်၊ ခံစားတတ်သူတစ်ယောက်မှာ မင်းရှင်ပင် ဖြစ်သည်။ သူသည် လမ်းများပေါ်တွင် မြင်တွေ့ သတိပြုမိပြီး ရင်ထဲက အသိဖြင့် ခံစား ရချက်များကို ဝတၳုအဖြစ် တင်ပြရာ၌ အထူးကျွမ်းကျင်သူတစ်ဦး ဖြစ်ပေ၏။
မိုးဝေ
___________________
အနုပညာဆိုသည်မှာ ခံစားချက်နှင့် အသိနှစ်ခု ပေါင်းစပ်ချက် ဖြစ်သည်ဟု ဆိုချင်သည်။
မင်းရှင်သည် သာမန်လူများ အမှုမဲ့ အမှတ်မဲ့ သဘောထားတတ်သော လမ်းပေါ်မှ အဖြစ်အပျက် အတွေ့အကြုံများကို ပထမ ခံစား၏။ နောက် သူ့အသိက ဆုံးဖြတ်၏။ ထို ခံစားချက်နှင့်အညီ ဆုံးဖြတ်ချက်တို့သည်ပင် မင်းရှင်၏ “လမ်းပေါ်မှာ” ဝတၳုများ ဖြစ်လာရပေသည်။
မင်းအောင်
_____________________
ဝမ်းနည်းစရာရှိသောအခါ အများတကာထက် ပို၍ ဝမ်းနည်းတတ်၏။ ဒေါသ အမျက်ထွက်ရန်နှင့် ကြုံသော အခါများတွင်လည်း ချုပ်တည်းသည်းခံနိုင်စွမ်း မရှိဘဲ “ဝုန်း-ဒိုင်း” နှင့် ပေါက်ကွဲတတ်၏။ ဤကား ကျွန်တော်၏ အားနည်း ချက် ဖြစ်ချင်လည်း ဖြစ်မည်။ ရုပ်ရှင်၊ ပြဇာတ်၊ ဇာတ်သဘင် ကြည့်သောအခါ မှာပင် “တကယ် မဟုတ်၊ သရုပ်ဆောင်ခြင်းပါကလား” ဟူ၍ သိပါလျက် ဝမ်းနည်း ကြေကွဲခန်းမျိုးတွင် ဟန်မဆောင်နိုင်ဘဲ မျက်ရည်ကျတတ်သော အကျင့်မှာ ကျွန်တော့် တစ်သက်တွင် ဖျောက်ဖျက်၍ မရနိုင်ခဲ့ပေ။ သို့သော် ဤသည်ကား ခံစားချက်ပင် ဖြစ်သည်။
ကျွန်တော် စာဖတ်သော အခါတွင်လည်း ထိုခံစားချက်တို့ဖြင့် ရင်နှင့် ခဲ့ရပေါင်း များလှပြီ။ ထို ရင်နှင့်ရသော ခံစားချက်များအနက် စာရေးဆရာ ဦးမင်းရှင်၏ “လမ်းပေါ်မှာ” ဝတၳုများသည် ကျွန်တော် ရင်အနင့်ရဆုံး၊ ခံစား ချက် အပြင်းပြဆုံး ဖြစ်ကြောင်းကို ရိုးရိုးသားသား ဝန်ခံပါရစေ။
လေးမြင့်
______________________
ဆရာ ”မင်းရှင်” ၏ အတၳုပ္ပတ္တိ
•••••••••••••••••••••••••••••••
မင်းရှင် (၁၉၂၇-၁၉၈၆)
ရန်ကုန်မြို့၌ အဖ မီးရထား ခရိုင်ဝန် ဦးတင့်၊ အမိ ဒေါ်ချောတို့က ၆ ဧပြီ ၁၉၂၇ တွင်
မွေးဖွားသည်။ မွေးချင်း လေးယောက်တွင် အကြီးဆုံး၊ ငယ်မည် ကိုကို၊ အမည်ရင်း ဦးဝင်းမောင်။ သို့ရာတွင် ကလောင်အမည် “မင်းရှင်” ကိုပင် တရားဝင် အမည်ရင်းအဖြစ် ပြောင်းလဲခံယူခဲ့သည်။ ဒိုင်အိုစီဆင် မိန်းကလေးကျောင်း (၁၉၃၃-၃၆)တွင် ပထမတန်းအထိ၊ ဆရာဖြစ်သင် ကောလိပ်
ကျောင်း (၁၉၃၈ - ၄၂)တွင် တတိယတန်းမှ ရှစ်တန်းအထိ ပညာသင်ခဲ့သည်။ ၁၉၄၆ တွင် ဒေါ်သာထက် အလွတ်ပညာသင်ကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်သည်။ ၁၉၄၆- ၄၈ တွင် ရန်ကုန်တက္ကသိုလ်၌ ဥပစာ အထက်တန်းအထိ သင်ယူခဲ့သည်။
ဘီဒီအေခေတ် (၁၉၄၄) ၌ အလုံ လေယာဉ်ပစ် အမြောက်ကြီးတပ်တွင် တပ်သားအဖြစ် အမှုထမ်း သည်။ ဂျပန်တော်လှန်ရေးတွင် ဗမာ့မျိုးချစ်တပ်မတော် မင်းရှင်နောင်တပ်ခွဲသို့ ဝင်ရောက်ပြီး တော်လှန်ရေး ဆင်နွှဲခဲ့သည်။ တက္ကသိုလ်ကျောင်းသားဘဝမှာပင် သစ်ဆန်းမဂ္ဂဇင်း အယ်ဒီတာ နှင့် တာရာမဂ္ဂဇင်း တွဲဖက်အယ်ဒီတာ (၁၉၄၆-၄၇)၊ ရှုမဝမဂ္ဂဇင်း အယ်ဒီတာအဖွဲ့ဝင် (၁၉၄၇၄၈)၊ တိုးတက်ရေးသတင်းစာ တွဲဖက်အယ်ဒီတာ (၁၉၄၉-၅၀)၊ မြန်မာနိုင်ငံ စာရေးဆရာအဖွဲ့ အမှုဆောင်နှင့် စာပေမဂ္ဂဇင်းအယ်ဒီတာ (၁၉၅၁-၅၂)၊ မြန်မာ့အသံ မြန်မာပိုင်းအစီအစဉ်
လက်ထောက် (ဇွန် ၁၉၅၁- ဖေဖော်ဝါရီ ၁၉၅၃)၊ မြဝတီမဂ္ဂဇင်း အယ်ဒီတာချုပ် (၁၉၅၂)၊ ဖေဖော်ဝါရီ ၁၉၅၃ မှ ၁၉၅၈ အထိ ဗမာ့တပ်မတော်တွင် ဗိုလ်ကြီးအဆင့်ဖြင့် ပြန်လည် အမှုထမ်းစဉ် မြဝတီမဂ္ဂဇင်း အမှုဆောင်အရာရှိ (၁၉၅၄ -၅၆) တာဝန်ယူခဲ့သည်။
၁၉၅၈ တွင် တပ်မတော်မှထွက်၍ မြန်မာ့အသံ မြန်မာပိုင်းအစီအစဉ် စာပြုမှူး နှင့် သောတရှင် မဂ္ဂဇင်း အမှုဆောင်အရာရှိ (၁၉၅၈-၆၄)၊ ရုပ်ရှင်ဆင်ဆာအဖွဲ့ဝင် (၁၉၆၃-၆၉)၊ ၁ ဇွန် ၁၉၆၄ တွင် နိုင်ငံခြားရုပ်ရှင် တင်သွင်းရေးအေဂျင်စီ၌ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၃ ဇွန် ၁၉၈၄ တွင် အငြိမ်းစားယူခဲ့သည်။
တော်လှန်ရေးကာလ “မင်းရှင်နောင်တပ်ခွဲ” ကို ဂုဏ်ပြုသောအားဖြင့် “မင်းရှင်” ကလောင် အမည်ယူ၍ ၁၉၄၆ ခုနှစ် အလင်းရောင်မဂ္ဂဇင်းတွင် “ရွက်” အခန်းဆက်ဝတၳုရှည် ရေးကာ စာပေနယ်သို့ ဝင်ရောက်ခဲ့သည်။ ထင်ရှားသော စာအုပ်များမှာ ရွက်ဝါ (၁၉၄၆)၊ ချစ်ဝဲလယ် (၁၉၄၆)၊ ပွင့်ချပ်သုံးလွှာ (၁၉၄၇)၊ မေ့ဘူးကွယ့် သက်လှယ်ရယ် (၁၉၄၈)၊ မေတ္တာရေလှိုင်း၊ ပြင်ဦး လွင်မှ လွမ်းရိပ်သာ၊ ကမေ်ဘာဇသဇင် (၁၉၆၁)၊ ချစ်မိုးညို။ မိုးနဲ့မြေ၊ မိုးလုံးပတ်လည် (၁၉၆၃)၊ ရေးမိသည့် အချစ်ဝတၳု ဝတၳုရှည်များနှင့် လက်ဆောင်မွန် (၁၉၅၅)၊ လမ်းပေါ်မှာ (၁၉၆၂)၊ တစ်ခါတုန်းက တို့ရဲဘော် (၁၉၆၃) ဝတၳုတိုပေါင်းချုပ်များ ဖြစ်ကြသည်။ “လမ်းပေါ်မှာ” ဖြင့် ၁၉၆၂ ခုနှစ် အနုပညာစာပေဆိုင်ရာ ဝတၳုတိုပေါင်းချုပ်ဆု၊ “တစ်ခါတုန်းက တို့ရဲဘော်” ဖြင့် ၁၉၆၃ ခုနှစ် အနုပညာစာပေဆိုင်ရာ ဝတၳုတိုပေါင်းချုပ် ဒုတိယဆုတို့ကို ရရှိခဲ့သည်။ ထို့ပြင် မော်ကွန်းဝင် ဒုတိယ အဆင့်ကိုလည်း ရရှိခဲ့သည်။
၁၉၈၆ ခု သြဂုတ်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။
PDF - Nyisay Ebook Creator
www. nyisay. com
စာရိုက် - စလေ ငနော့
Comments
Post a Comment