အစ်မ မမခွေး § ရဲသျှမ်း

အစ်မ မမခွေး
••••••••••••••••••••••••

ရဲသျှမ်း

7Day News
Sat, 2020-11-07 01:30

Issue No. No. 2620, SATURDAY, NOVEMBER 7 , 2020

(တစ်)

‘‘ဒိန်း တပ်တပ် ဒိန်းတပ်တပ် ဟိုး’’

‘ဒိန်း တပ်တပ် ဒိန်းတပ်တပ် ဟိုး’’

ဈေးက ပြန်လာပြီး မီးဖို ချောင်ထဲမှာ ဟင်းရွက်သင်နေတဲ့ အစ်မဆီက အသံ။ အစ်မ ဘာ ဖြစ်ပါလိမ့်ဆိုပြီး ဖတ်လက်စ စံပယ်ဖြူမဂ္ဂဇင်းကိုင်လျက် မီးဖို ခန်းထဲ၀င်ကြည့်တော့ ‘‘ဒိန်းတပ် တပ် ဒိန်းတပ်တပ် ဟိုး’’က မရပ် သေး။ ခေါင်းကလေး တခါခါနဲ့ ချဉ်ပေါင်ရွက်သင်ရင်း နှုတ်က ဒိန်းတပ်တပ် လုပ်နေဆဲ။

‘‘အစ်မ ဘာဖြစ်နေတာလဲ ဘာတွေ ဆိုနေတာတုံး’’

အစ်မက ဟီးခနဲ ရယ်ပါလေ ရော။

‘‘ငါ့မောင်ရေ ဈေးထဲက ပြန် ထွက်လာတော့ ဈေးထိပ်နားက မျက်လှည့်၀ိုင်းမှာ တပည့်လုပ်သူ က ဒိန်းတပ်တပ်ဆိုပြီး ဘင်ကြီး တီး၊ မျက်လှည့်ဆရာက ဟိုးဆို တော့ ဘင်တီးတာ ရပ်သွားရော ဒိန်း တပ်တပ် ဒိန်းတပ်တပ် ဟိုး ဒိန်း တပ်တပ် ဒိန်းတပ်တပ် ဟိုး.. ဆိုတာလေး ကဲ ဘယ်လောက်နား ထောင်လို့ ကောင်းတုံး’’

ကျွန်တော် အစ်မကိုကြည့် ပြီး ရယ်ချင်နေတယ်။ မျက်နှာပိုး သတ်ပြီး ‘‘ဪ...မျက်လှည့်၀ိုင်း ငေးနေလို့ အစ်မ ဈေးပြန် နောက် ကျတာပေါ့။ မျက်လှည့်က ဘာ တွေ အံ့မခန်းပြပြီး ဘာဆေးတွေ ရောင်းလိုက်သေးတုံး’’

ကျွန်တော် နောက်တောက် တောက် လုပ်နေတာကို အစ်မက မသိရှာဘူး။

‘‘မင့်ယောက်ဖ ရုံးကပြန်လာ ရင် ထမင်း၊ ဟင်းကျက်တာ စောင့်ရတယ်ဆိုပြီး ပေါက်ပေါက် ဖောက်မှာစိုးလို့ ပြန်လာရတာ။ ပခြုပ်ထဲက မြွေကြီးနဂါးအဖြစ် ပြောင်းတာပြဦးမှာတဲ့။ မြွေဆိပ် ဖြေဆေးဆိုတဲ့ ကျောက်နဂါးလေး တွေ ရောင်းလို့ အစ်မ၀ယ်ခဲ့သေး တယ်။ ငါးကျပ်တောင်ပေးရတာ။ လိုရမည်ရပေါ့။ သူများဖြစ်တော့ လည်း ပေးရမှာပေါ့။ အသက် ကယ်ကောင်းတယ်လေ’’

အစ်မထုတ်ပြတဲ့ ထုံး ကျောက်အချောင်းသေးသေး လေး ကျွန်တော်ယူထားလိုက် တယ်။ အစ်မ မမြင်နိုင်တဲ့နေရာ ၀ှက်ချင်၀ှက်၊ လွှင့်ပစ်ရင်လည်း ပစ်လုပ်ရမှာပဲ။ အရာရာကို ယုံ လွယ်တဲ့ အစ်မကတော့ ထုံး ကျောက်အချောင်းလေးကို လက် ဖက်ရည်ငါးခွက်ဖိုးနဲ့ ၀ယ်ချလာ ပြီ။ မြွေကိုက်လူနာကို ဆေးဆိုပြီး သွားပေးလို့ လူမမာ ဒုက္ခဖြစ်ရင် နေရင်းထိုင်ရင်း တရားခံဖြစ်နေဦး မယ်။ ကျွန်တော် မီးဖိုခန်းထဲက ပြန်ထွက်လာတော့ အစ်မက ဒိန်း တပ်တပ် ဒိန်းတပ်တပ် ဟိုး လုပ် နေဆဲ။

ကျွန်တော် စံပယ်ဖြူမဂ္ဂဇင်း ကို ဆက်မဖတ်နိုင်တော့ဘူး။ အစ်မအကြောင်းကို စဉ်းစားနေမိ တယ်။ ကျွန်တော်သိတတ်စအ ချိန်မှာ အစ်မက ကျွန်တော်တို့နဲ့ အတူနေနေပြီ။ အမေက သူ့အစ်မ ကြီးသမီး၊ သူ့တူမကို ရွာကနေ ခေါ်ထားလိုက်တာ။ အစ်မလည်း အမေ့မွေးစားသမီးဖြစ်သွားရော။ သုံးတန်းနဲ့ကျောင်းထွက်ထားရပြီး တောလုပ်၊ တောကိုင်လုပ်နေရတဲ့ တူမအပျိုကို အမေစိတ်မချဘူး ထင်ပါရဲ့။ ရွာကနေ အပြီးခေါ် ထားလိုက်တာ။ အစ်မကျောင်း နာမည်က မမြဟန်တဲ့။ ဘယ်သူ မှလည်း မခေါ်ကြပါဘူး။ အိမ်နာ မည်မခွေးပဲ ခေါ်ကြတာ။ ကျွန် တော်တို့ မောင်နှမတွေက မမခွေး ပေါ့။

နေ့လယ် ထမင်း၀ိုင်းမှာ တော့ အစ်မ၀ယ်လာတဲ့ နှမ်းဖတ် ချဉ်သုပ်ပါမလာတော့ဘူး။ မေး ကြည့်တော့ ‘‘နှမ်းဖတ်ချဉ်သုပ်ဖို့ ရေဆေးလိုက်တာ အဲဒါအဆင် မပြေဖြစ်သွားတယ်ကွယ်’’ တဲ့ လေ။

×××××

မမခွေးက အညာသူပေမယ့် အသားဖြူတယ်။ အရပ်က ပုပျပ် ပျပ်လေး။ ကျွန်တော်တို့ မီး ရထားလိုင်းနေအိမ်က မြို့ကလေး ရဲ့ မြို့လယ်ကောင်နဲ့နီးတော့ မမ ခွေးကို ပိုးတဲ့ကာလသားတွေ အ တော်များတယ်။ အိမ်ရှေ့ကနေ လေတချွန်ချွန်နဲ့ လျှောက်ပြန်သံ ပေးတွေပေါ့။ ကျွန်တော်တို့ မောင်နှမအငယ်တွေက အစ်မ ကြီးတွေ ဘယ်သူနဲ့ချိတ်တိတ် တိတ်လုပ်နေတာလဲဆိုတာကို မပြတ်ထောက်လှမ်းနေကြတာပဲ။ သည်ကြားထဲကပဲ မမခွေးက ရှိုး အောင်သန်းနဲ့ငြိသွားပါလေရော။ ကျွန်တော်တို့မြို့ကလေးမှာ အောင်သန်းတွေ များတော့ နွား ကြီးအောင်သန်း၊ ဗိုက်ပူအောင် သန်း၊ ဇိုးအောင်သန်း၊ ရှိုးအောင် သန်းဆိုပြီး အောင်သန်းတွေခွဲ ထားတာ။ ရှိုးအောင်သန်းက ထောက်ပို့တပ်က တပ်ကြပ်။ ယူနီ ဖောင်းနဲ့ တစ်ခါမှ မတွေ့ဖူးဘူူး။ အကျႌအဖြူ မီးပူကျ၊ ပလေကတ် ပုဆိုးနဲ့ ကြော့ကြော့လေး။ ဘူတာ မှာ RTO တာ၀န်ဆိုတော့ ပါဝါ လေးကလည်း နည်းနည်းရှိ။ လူ က လုံး၀အရိုး။ နောက်ကြောင်း ရှင်းရှင်း။ မမခွေးထက် ၁၀ နှစ် လောက်တော့ ကြီးမယ်ထင် တယ်။ (၃၀)ကျော်လောက်တော့ ရှိမှာ။ အဖေနဲ့အမေက သူတို့ တူမလေး နောင်ရေးစိတ်အေးရ မယ်ဆိုတဲ့အတွေးရှိပုံရတယ်ထင် ပါရဲ့။ ရှိုးကြီးနဲ့ မင်္ဂလာဆောင်ပေး လိုက်တော့တာ။ တော်ပါသေး တယ်။ နွား၊ ဇိုး၊ ဗိုက်ပူအောင် သန်းတို့မဟုတ်ပေလို့။ မမခွေးတို့ လည်း အိမ်ထောင်ခွဲသွားတယ်။ ကျွန်တော်တို့လည်း အဖေပြောင်း တဲ့နေရာတွေရောက်ပေါ့။

ကျွန်တော်တို့အမေက မြို့ ကလေးမှာ အိမ်ကလေး၀ယ်လိုက် တော့ မမခွေးတို့က တပ်ထဲက အိမ်မှာ မနေတော့ဘဲ ကျွန်တော် တို့ အိမ်ကလေးမှာနေတယ်။ မမ ခွေးလည်း တပ်ကြပ်ကြီးကတော် ဖြစ်နေပြီ။ တစ်ဦးတည်းသမီးလေး တောင် ရှစ်တန်းရောက်ပြီ။ ကျွန် တော်လည်း ကျောင်းပြီး မြို့က လေးမှာ ကျူရှင်ပြဖို့ရောက်လာ တော့ မမခွေးတို့နဲ့အတူနေဖြစ် တာပေါ့။ ယောက်ဖဦးရှိုးကြီးက ကျွန်တော်ငယ်ငယ်က မြင်ဖူးတဲ့ ရှိုးမရှိတော့ဘူး။ ရုံးပိုင်းဆိုင်ရာ ရောက်နေတော့ စနေ၊ တနင်္ဂနွေ ရက်တွေမှာ ရွှေကျားပျံဆေးလိပ် တစ်စည်းနဲ့ ငါးမျှားထွက်တော့ တာပဲ။ အစ်မက ဗျစ်တောက် ဗျစ်တောက်။ ဒါလည်း ပြုံးပြုံးကြီး ဘယ်တော့မှ စိတ်မဆိုးတတ်ဘူး။ အစ်မ အိမ်ထောင်ရေးကံကောင်း ပါတယ်။ လူရိုးကြီးနဲ့ရတာကိုး။ ရိုးတာမှ အောက်ကတပည့်တွေ ပေးသမျှလေးပဲ။ ဟိုမောင်တွေ မြေ၀ယ်၊ အိမ်ဆောက်လုပ်နိုင်နေ ပေမယ့် သူကတော့ အေးဆေးပဲ။ အစ်မက ‘‘တွေ့လား တော့် တပည့်ဟိုကောင် ဆွဲကြိုးတုတ် ကြီးဆွဲထားတာ’’ ခနဲ့လည်း ဆေး လိပ်သောက်မပြတ်ဘူး။ ပူပင်၊ သောက အတော်နည်းတယ်လို့ ဆိုရမှာပါ။

×××××

ကျွန်တော် မနက်ပိုင်းကျူရှင် သင်အပြီး အိမ်ပြန်လာတော့ အိမ် မှာ လူစိမ်းနှစ်ယောက်ရောက်နေ တယ်။ နှစ်ယောက်စလုံး မိုးကာ ဂျာကင်အစိမ်းရောင်၀တ်ထားကြ တယ်။ အစ်မက ဟုတ်ကဲ့ရှင့်၊ ဟုတ်ကဲ့ရှင့်နဲ့ ထိတ်ထိတ်ပျာပျာ ဖြစ်နေတာ။ ကျွန်တော် မစပ်စု တော့ဘဲ ကိုယ့်အခန်းထဲ၀င် အ ၀တ်အစားလဲမယ်လုပ်ပြီးမှ ဧည့် သည်တွေ ထိုင်နေတဲ့နေရာ ရောက်သွားတော့ အစ်မက ‘‘ကျွန်မ မောင်လေး ကျူရှင် ဆရာ’’ မိတ်ဆက်ပေးတော့ ဧည့် သည်နှစ်ယောက်က မျက်နှာပျက် တက်တက်ဖြစ်နေပြီ။

‘‘ခဏနေ ပြန်လာလိုက်ပါ။ ကျွန်မ ပိုက်ဆံရှာထားလိုက်ပါ မယ်။ အခုက ဈေးသုံးလေးပဲရှိလို့ ပါ။ တော်ပါသေးတယ်နော်။ ဆရာတို့ ထိန်းထိန်းသိမ်းသိမ်းလုပ် ပေးလို့ ဒါကြောင့် ကျွန်မ ကို အောင်သန်းကို ပြောတာ။ တပည့် တွေ သိပ်မယုံနဲ့လို့ နေပါစေဦး သည်လူကြီး ပြန်လာမှ တွေ့မယ်’’

ဟိုလူနှစ်ယောက် ပြန်သွား တော့ အစ်မက ပျာပျာသလဲနဲ့ ‘‘ငါ့မောင်ရေး မင့်စုထားတာ ဘယ်လောက်ရှိတုံး။ အစ်မဆွဲ ကြိုးလေးပြေးရောင်းရင် လေး သောင်းလောက်တော့ ရမယ် ထင်တယ်။ မင်းတစ်သောင်း လောက် အစ်မကိုချေး။ မင့် ယောက်ဖလေ စာရင်းစစ်၀င်တာ။ ပီပါအခွံတွေ စာရင်းမပြနိုင်လို့ ပြဿနာဖြစ်တော့မယ်။ အဲဒါ စောစောက ဆရာတွေက သူတို့ စာရင်းညှိပေးမယ် ငါးသောင်းပေး ဆိုလို့’’

ကျွန်တော်ပါ ရုတ်တရက် ပျာသွားတာပေါ့။ စိတ်ထဲမှာတော့ မသင်္ကာချင်ဘူး။ သည်လူတွေ ကျွန်တော့်ကိုမြင်တော့ မျက်စိ မျက်နှာပျက်နေတာလေ။ ‘‘အစ်မ နေဦး ကျွန်တော်ဦးရှိုးဆီ ဖုန်း ဆက်ကြည့်မယ်’’ ပြောပြောဆို ဆိုနဲ့ ကျွန်တော်တို့ အိမ်နောက် ပွဲရုံကဖုန်းနဲ့ အိတ်ချိန်းခေါ်ပြီး ဦး ရှိုးဆီဆက်တော့ တော်ပါသေး တယ်။ ဦးရှိုးက သူ့ရုံးမှာ အဆင် သင့်ရှိနေလို့ အကျိုးအကြောင်း ပြောပြတော့ ‘‘ကိုလွင်ရာ မင်း အစ်မအူတူတူ အတတနဲ့ အလိမ် ခံရတော့မလို့။ ဘာစာရင်းစစ်မှ မ၀င်ဘူး။ ငါအခုပြန်လာခဲ့မယ်’’ တဲ့။

ဟိုနှစ်ယောက်လည်း နောက်တစ်ခေါက် ပြန်မလာ တော့ပါဘူး။ ကျွန်တော်စဉ်းစား ကြည့်တယ်။ ဘာကြောင့်များ အစ်မဆီမှာ လာလိမ်နေကြပါလိမ့် လို့၊ အတာ၊ ရိုးသားတာက လိမ် ချင်စရာလား။ တစ်ခါကလည်း ကျွန်တော် ဖဲ၀ိုင်းအဖမ်းခံရလို့ ရဲ စခန်းရောက်နေတယ်။ ပိုက်ဆံ ပေးလိုက်ပါဆိုပြီး လာလိမ်တာ ငွေတစ်ထောင်ပါသွားပါရော လား။ ကိုယ်ကျူရှင်ပြတာက တစ် လလုံးမှ နှစ်ထောင်မပြည့်ချင်ဘူး။ စိတ်တိုတာပေါ့။ အစ်မကိုလည်း ‘‘အ ရသလား၊ စဉ်းစားပါတော့ လား။ ကျွန်တော်က ဖဲလည်ရိုက် တဲ့ကောင်စားလား။ အစ်မတစ် ယောက်တည်းရှိနေရင် အိမ်၀င်း တံခါးပိတ်သာထားတော့ ဘယ် သူခေါ်ခေါ် မဖွင့်ပေးနဲ့’’ ဆိုပြီး ပေါက်ပေါက်ဖောက်တော့လည်း မျက်နှာငယ်လေးနဲ့။

‘‘မင့်နှယ်ကွယ်။ အစ်မ စိတ် ပူတာအပြစ်မပြောနဲ့လေ။ ငါ့ မောင်လေး အချုပ်အနှောင်ခံရ မှာ စိုးရိမ်တာပေါ့။ အဲဒါအပြစ် လား’’

ကျွန်တော် စိတ်မကောင်း ဘူး။ မျက်ရည်လေး တစမ်းစမ်း ဖြစ်နေလို့ အစ်မပခုံးလေးကိုင်ပြီး ပြန်ချော့ရတယ်။

‘‘မင့် ယောက်ဖ မသိစေနဲ့ ဦး။ ဒီလူကြီးက အသက်ကြီးမှ ပစိ ပစပ်အလွန်များတာ။ သူ့တစ်လ စာပါသွားလို့ ပြောဆုံးမှာမဟုတ် ဘူး’’

ကျွန်တော်ရယ်တော့ အစ်မ လည်း ပြုံးပြုံးကြီး။

(နှစ်)

၂၀၀၀ ပြည့်နှစ်လောက်မှာ အစ်မခင်ပွန်း အရာခံဗိုလ်အဆင့် နဲ့ သက်ပြည့်ပင်စင်ယူတယ်။ ကျွန်တော်တို့ ဆွေမျိုးသားချင်း တွေရှိတဲ့ လမ်းဆုံဘူတာမြို့က လေးရဲ့ မြို့ကွက်သစ်လေး ပေ ၄၀ × ၆၀ နှစ်ကွက်တွဲကြီးထဲမှာ ဆွေမျိုးတစ်သိုက် အိမ်ကလေး တွေဆောက်ပြီး နေကြတယ်။

အေးအေးချမ်းချမ်းပါပဲ။ နောက်ပိုင်း လက်ကိုင်ဖုန်းတွေ လူတိုင်းနီးပါး သုံးလာနိုင်တော့ အစ်မနဲ့လည်း ဖုန်းပြောဖြစ်ပါ တယ်။ ဦးရှိုးကြီးကတော့ အသက် ရလာလို့ထင်ပါရဲ့။ အရင်တုန်းက လို ငါးမျှားတာတွေ မလုပ်တော့ ဘူး။ ရေဒီယိုနားထောင်၊ တီဗီ ကြည့်ရင်း တစ်၀ိုင်းတည်းနေတဲ့ တူ၊ တူမတွေကို သူ့ရဲ့နိုင်ငံရေး အမြင်တွေကို ပြောတော့တာပဲ တဲ့။ ကလေးတွေလည်း ဦးရှိုးကြီး ကို ချစ်တော့ ပြောသမျှ ခေါင်း ညိတ်ပေါ့။ ဆွေမျိုးတွေကြားမှာ အစ်မတို့ ငြိမ်းငြိမ်းချမ်းချမ်းလေး ဖြစ်တဲ့အပြင် ပင်စင်ကလည်း စား လောက်တယ်။ မန္တလေးက ကုမ္ပဏီတစ်ခုမှာဈေးကွက်မန်နေ ဂျာလုပ်နေတဲ့ တစ်ဦးတည်းသော သမီးအပျိုကြီးကလည်း ထောက် ပံ့တော့ အစ်မတို့ အိုကံကောင်း တယ်လို့ ဆိုရမှာပေါ့။

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က လမ်းဆုံမြို့ကလေးကို ကျွန်တော် ရောက်တော့ အစ်မတို့လင်မယား ကို သွားကန်တော့ရင်း ရှမ်းပြည် မြို့ကလေးမှာနေတုန်းက အ ကြောင်းတွေ ပြန်ပြောဖြစ်ကြ တယ်။ အစ်မလည်း သတိတွေ ပြန်ရပြီး ရှက်ရယ်ရယ်နေပါလေ ရော။

‘‘အစ်မ အရင်တုန်းကလို အ ယောင်ယောင် အမှားမှားတွေ လုပ်မိသေးလား။ မဟုတ်မဟပ် တွေကိုကော ယုံတုံးလား’’

ကျွန်တော်မေးတော့ အစ်မ က ရယ်ဟဟလုပ်နေရာက မျက် နှာတစ်ချက်တည်သွားတယ်။

‘‘အယောင်ယောင် အမှား မှား လုပ်မိတာတစ်ခုကိုတော့ အစ်မ အင်မတန်နောင်တရတယ် ငါ့မောင်။ ပြီးခဲ့တဲ့ ဆောင်းဦးတုန်း ကပေါ့။ အစ်မတို့ ရပ်ကွက်ဓမ္မာရုံ မှာ တရားပွဲလုပ်တယ်။ အစ်မ လေ ရှေ့ဆုံးတန်းနေရာလေးက နေ တရားနာချင်လို့ဆိုပြီး အစော ကြီးသွားလိုက်တာ တရားဟော ပလ္လင်ခုံမှာ ကိုယ်တော်တစ်ပါး သီတင်းသုံးနေတာ မြင်တော့ ဦး ချတာပေါ့။ အဲဒါ မီးဆင်နေတဲ့ လူတွေက ဟီးဟီး ဟားဟားနဲ့ ရယ်ပါလေရော။ ဒါနဲ့အစ်မလည်း သည်ကလေးတွေ ဘာကြောင့် ရယ်ပါလိမ့်ဆိုပြီး အသေအချာ ကြည့်မိတော့မှ ခုံပေါ်မှာ စောင်ညိုကြီးခြုံပြီးထိုင်နေတာက အစ်မ တို့အိမ်နောက်ဖေးဆန်စက်၀င်း ထဲက ငမူးမောင်သိန်းဖြစ်နေပါ ရောလား။ မီးဆင်နေတဲ့ကောင် လေးတွေကတော့ ရယ်လို့။ အစ်မလေ အတော့်ကို စိတ် မကောင်းဖြစ်တယ်။

ကိုယ့်ကိုယ်ကိုယ်လည်း ဒေါ သဖြစ်တယ်။ ယူကျုံးမရလည်း ဖြစ်တယ်။ ဘယ်တော့မှလည်း မေ့မှာမဟုတ်ဘူး။ မင်းစဉ်းစား ကြည့်လေ။ ကိုယ်နဲ့ မတန်မရာမှာ ထိုင်နေတဲ့သူကို အစ်မ ဦးနှိမ်ချမိ သွားတာလေ။ အစ်မတစ်သက် နောင်တရလို့ မဆုံးတော့ဘူး’’

အစ်မအသံက ငိုသံပါ စွက် နေတယ်။ ဦးရှိုးကြီးကတော့ အစ်မကို ‘‘မင်းကိုက မမြင်မစမ်း နဲ့။ ပြီးတော့ ဘယ်သူ့မှလည်း ခေါ် မသွားဘဲ ခပ်တည်တည်နဲ့တစ် ယောက်တည်း ထွက်သွားတာ ကိုး’’ ဆိုပြီး ပြုံးပြုံးကြီးပြောပေ မယ့် အစ်မကတော့ မျက်စောင်း ထိုးဖြစ်အောင် ထိုးလိုက်ပါသေး တယ်။

(သုံး)

ဦးရှိုးကြီးက ၂၀၁၆ မှာ ဆုံး ပြီး အစ်မကတော့ ၂၀၁၇ မှာ ဆုံး ရှာတယ်။ အခု ၂၀၂၀ နှစ်ကုန်ခါ နီးမှာ ကျွန်တော်လေ အစ်မ မမခွေးကို လွမ်းလွမ်းဆွေးဆွေး ကြီး သတိရနေမိတော့တယ်။

Copied from 7Day News.

စလေ ငနော့




Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်