အပြစ်မကင်း ခံစားခြင်း § မောင်ဝဏ္ဏ

အပြစ်မကင်း ခံစားခြင်း
••••••••••••••••••••••••••••

မောင်ဝဏ္ဏ

မနှင်းရည်သည် မောင်စိန်သောင်းနား ကပ်၍ တိုးတိုးပြော၏။

“ညနေ ရုပ်ရှင် သွားကြည့်ရအောင်နော်”

မောင်စိန်သောင်း မျက်လွှာလှန်ကြည့်၏။ ပြီးတော့ ခဏမျှ စဉ်းစားသလို လုပ်လိုက်၏။ တကယ်တော့ မောင်စိန်သောင်း အိုက်တင် ခံလိုက်ခြင်း ဖြစ်ပါသည်။ မောင်စိန်သောင်းသည် အိမ်မှာ တစ်နေကုန်နေပြီး စာဖတ်လိုက် လဲလျောင်းလိုက် အိမ်ဘေးနား ပန်းရုံကလေးများ ကြားသို့ လျှောက်လိုက်နှင့် ငေါင်တောင်တောင် ဖြစ်နေရာမှ မနှင်းရည်က ရုပ်ရှင်သွားကြရအောင်ဟု ပြောလာသောအခါ မဆွတ်ခင်က ညွတ်ချင်သူ ဖြစ်သဖြင့် ချက်ချင်း ခေါင်းညိတ်လိုက်ချင်ပါသည်။

သို့သော် ယောက်ျားများ ထုံးစံအရ စဉ်းစားသလို ဘာလိုလို ညနေဘက် အလုပ်ရှိသလိုလို ဟိုလိုလို သည်လိုလို အိုက်တင်ကလေး ခံနေလိုက်ခြင်းသာ ဖြစ်ပါသည်။

“မင်း ကြည့်ချင်ရင် သွားတာပေါ့ကွာ”

ခပ်တည်တည် ပြန်ပြော၏။

မနှင်းရည် ပျော်သွားသည်။ အချိန် ကြည့်လိုက်၏။ သုံးနာရီ ခွဲပြီးပြီ။

“ညပွဲမှ ကြည့်မလား၊ ညနေပွဲ ကြည့်မလား”

မနှင်းရည်က မေး၏။

“ညနေပွဲ ကောင်းပါတယ်ကွာ၊ စောစော အိမ်ပြန်ရောက်တာပေါ့”

သူ့ကိုယ်၌က ချက်ချင်းပင် သွားချင်လှပြီ ဖြစ်သည်ကို အိမ်ပြန်စောတာပေါ့ဟု အကြောင်းပြပြီး ခွင့်ပြုလေသည်။

“ရေချိုးလိုက်ဦးမယ်”

“အေး ... အေး”

“အစ်ကိုရော”

“မချိုးတော့ပါဘူးကွာ”

“ဪ ... တိုးတိုးနော်၊ ကလေးတွေ မသိစေနဲ့ဦး၊ တော်ကြာ လိုက်ချင်နေကြမယ်”

“သမီးကြီးတော့ ခေါ်သွားတာပေါ့”

“သမီးက ရုံထဲရောက်ရင် ဂျီကျမှာ အစ်ကို တာဝန်ယူမလား”

မောင်စိန်သောင်း နည်းနည်း အင်သွားသည်။

“ရပါတယ်ကွာ”

မပွင့်တပွင့် ပြော၏။

“မရပါဘူး၊ တော်ကြာ ရုံထဲမှာ ရန်ဖြစ်နေရဦးမယ်၊ အစ်ကို့သမီး အကြောင်းလဲ သိသားနဲ့”

“အေးလေ၊ ဒါဆိုလဲ တိတ်တိတ် သွားတာပေါ့”

“တိတ်တိတ်တော့ သွားလို့ မရဘူး၊ မြို့ထဲမှာ အလုပ်ကိစ္စတစ်ခု ရှိတယ်ဆိုပြီး သွားမှ”

“ကလေးကို ညာတာ မကောင်းပါဘူး”

“မညာလို့ ခေါ်သွားလို့မှ မဖြစ်တာ၊ ပြီးတော့...”
“ဟုတ်ပါပြီ၊ မင်းပဲ သမီးကို ကြည့်ပြောပေတော့”
“အင်း ... အသာနေ”

မနှင်းရည် ရေချိုးရန် ထွက်သွား၏။

ရေတွင်းမှ ရေငင်သံ တကျွီကျွီ ကြားနေရသည်။ စက်သီးတော့ ပြင်ဦးမှဟု မောင်စိန်သောင်း စဉ်းစားနေသည်။ ဤသို့ စဉ်းစားသည့် အကြိမ်မှာ မရေတွက်နိုင်တော့။

စက်သီး၏ ဘေးနံရံ သံပြားတစ်ဘက်မှာ ပွတ်တိုက်ဖန် များလွန်း၍ စားပြီး ချိုင့်ဝင်နေပြီ။

ခဏမျှကြာလျှင် သမီးအကြီး အိမ်ထဲ ဝင်လာ၏။ ဆော့ရာမှ ပြန်လာသည်လား၊ သို့မဟုတ် လျှောက်လည်နေရာမှ ပြန်လာသည်လား မသိ။ အင်္ဂလိပ်စာ အော်ကျက်နေသည်။

မနှင်းရည်က စာအကျက်ခိုင်း လိုက်သည်ထင့်။

မောင်စိန်သောင်း ထိုင်ရာမှ ထ၏။ နောက်ဖေးစည်ပိုင်းသို့ သွားပြီး မျက်နှာသစ်သည်။ တစ်နေကုန် အဆီပြန်နေသော မျက်နှာက စေးထန်းထန်း ဖြစ်နေသည်။

မောင်စိန်သောင်း၏ သမီးကြီး ဝါနုသည် သူ့အဖေ မျက်နှာသစ်သည်ကို လှမ်းကြည့်၏။ မျက်တောင် တစ်ချက်ခတ်မျှ ကြည့်ပြီး စာဆက်အံနေသည်။

“P. O. L. I. C. E. M. A. N Postman ရဲသား”

ကလေး၏ စိတ်အာရုံသည် စာထဲ မရောက်ဘဲ ဖအေ မအေထံ ရောက်နေကြောင်း သိသာ၏။ 

မအေက ရေချိုးနေသည်။ ဖအေက မျက်နှာသစ်သည်။ 

အပြင်သွားကြတော့မည်မှန်း သိသာလှ၏။ လိုက်လည်း လိုက်ချင်သည်။ ကလေးဆိုတော့ ဘယ်သွားသွား လိုက်ချင်သည်။ နံနက်ပိုင်း မောင်စိန်သောင်း အိမ်မှ လွယ်အိတ်လွယ်ပြီး ထွက်လျှင် အလုပ်သွားမည်ဟု ကလေးက သိသည်။ 

ညနေပိုင်း ထွက်ပြီဆိုလျှင် အလည်အပတ်တစ်နေရာရာ သွားမည်ဟု သိထားသည်။ ယခု သူ့အဖေနှင့်အမေ အပြင်ထွက်မည်။ ရေချိုးသူက ချိုးပြီး မျက်နှာသစ်သူက သစ်နေသည်။ ဧကန္တ ရုပ်ရှင် သို့မဟုတ် အိမ်လည် သွားကြမည်မှာ မုချ။ 

အရေးအကြောင်း ကိစ္စ တစ်ခုခု အရေးတကြီး ရှိလျှင် ဤပုံစံ ဤဟန်ပန်မျိုး မဟုတ်။ ကလေးက ပါးလိုက်သည်မှ လှစ်လို့။ 

သို့သော် မသိချင်ဟန် ဆောင်နေလိုက်သည်။ စာဆက်အံသည်။ 

“POSTMAN ရဲသား” 

“POSTMAN က ရဲသား မဟုတ်ဘူး သမီးရဲ့၊ စာပို့သမား၊ POLICEMAN ကမှ ရဲသား၊ ပြန်ဖတ်ပါဦး” 

မော်စိန်သောင်းက လေသံပျော့ဖြင့် ပြောသည်။ 

ကလေးက သူ့ အမှားကို သူချက်ချင်း သိ၏။ အမှန်ပြန်ပြင်ဖတ်၏။ 

“POLICEMAN - ရဲသား၊ He is a policeman” 

မနှင်းရည်က ရေချိုးပြီး ပြန်ဝင်လာသည်။ 

“စာရအောင် ကျက်ထားနော် သမီး၊ မေမေတို့ အပြန်ကျရင် မုန့်ဝယ်ခဲ့မယ်” 

“ဘယ်သွားမလို့လဲ မေမေ... ဟို...”

 “ကိစ္စရှိလို့ မြို့ထဲသွားမလို့၊ သမီးမလိုက်ရဘူး၊ အပြန် မုန့်ဝယ်ခဲ့မယ်” 

“မုန့်မစားချင်ဘူး မေမေ၊ ကလစ်လိုချင်တယ်”  

“အေးအေး ကလစ် ဝယ်ခဲ့မယ်၊ စာရအောင်ကျက်ထား” 

“ရနေပြီ” 

“ရနေလဲ ထပ်ကျက်၊ စာကြေအောင်ကျက်”

ကလေးက ဘာမျှ ပြန်မပြောတော့ပဲ စာအုပ်ကို စိုက်ကြည့်ပြီး တအားကုန် ကြုံးအော်တော့သည်။ သူ့နည်းနှင့်သူ ဆန္ဒပြခြင်းပေပဲ။ 

မောင်စိန်သောင်း ပြုံးလိုက်၏။ 

မနှင်းရည် သနပ်ခါးသွေးရင်း နောက်ဖေးဘက် လှည့်အော်သည်။ 

“အမာစိုးရေ၊ မောင်လေးကို သူ့ဘွားညိုကြီးအိမ် ခဏခေါ်သွားစမ်း၊ ပဲလှော်တစ်ဆုပ် နှိုက်သွား၊ ဟိုရောက်မှကျေွး” 

အငယ်ကောင်ကိုလည်း ပ, ထုတ်လိုက်ပြန်သည်။ 

မောင်စိန်သောင်း ပြုံးပြန်သည်။ 

ရှက်တော့ ရှက်သား။ ကလေးတွေကို ပြန်ညာနေရတာ ရှက်စရာတော့ အကောင်းသား။ သို့သော်လည်း သည်နည်းက အကောင်းဆုံးမို့ သည်နည်းပဲ သုံးရပေတော့မည်။ 

အမာစိုးသည် ကလေးကိုချော့၍ ခေါ်သွား၏။ 

“ဘွားညိုကြီးက ပဲလှော်စားရအောင် လာခဲ့ဦးတဲ့”

“ပဲလှော် မစားချင်ဘူး၊ ညက်ညက် စားမယ်”

“ဟဲ့- ထန်းလျက်ခဲ သူ့အဘွားဆီမှာ ရှိတယ်၊ ခေါ်သာသွား”

မနှင်းရည် သနပ်ခါးလူးရင်းက ပြော၏။ 

“ကလေးချောင်းဆိုးနေဦးမယ်” 

မောင်စိန်သောင်းက ဝင်စွက်၏။

“မဆိုးပါဘူး၊ တစ်ခဲတစ်လေ” 

မောင်စိန်သောင်း ပြုံးလိုက်ပြန်၏။ မနေ့က ကလေးများ၏ အဘွားက သကြားလုံး ကျေွးလိုက်သောကြောင့် မနှင်းရည် ဗျစ်တောက် ဗျစ်တောက် လုပ်နေသည်ကို သတိရ၏။

“နှာစေးချောင်းဆိုးတွေ ဖြစ်နေရတဲ့ အထဲ အမေ တစ်ယောက်လဲ ခက်တာပဲ၊ ကလေးတွေ ငြိမ်ပြီးရော ဆိုပြီး သကြားလုံး ကျေွးလိုကျေွး၊ ကိတ်မုန့် ကျေွးလိုကျေွးနဲ့” 

ခုတော့ သူကိုယ်တိုင်က ‘တစ်ခါတစ်လေ’ ပဲတဲ့။ 

မောင်စိန်သောင်းက ပြုံးမည့်သာ ပြုံး၏။ မနှင်းရည် မြင်လောက်အောင် မပြုံးရဲ။ မျက်နှာသုတ်ပဝါကို မျက်နှာမှာ အုပ်လျက် ပြုံးသတည်း။ 

သမီးဝါနုသည် သူ့အသံ စူးစူးကလေးနှင့် အော်၍ စာအံနေသည်။ 

မနှင်းရည် မောင်စိန်သောင်းကို လှည့်ကြည့်ပြန်၏။ ပြုံးပြသည်။ မေးငေါ့ပြသည်။ သမီး ဆန္ဒပြနေကြောင်းကို အသိအမှတ် ပြုလိုက်ခြင်း ဖြစ်၏။ 

သို့သော် မနှင်းရည်သည် သမီးကို ဘာမျှမပြော။ မဟန့်။ အော်ပေ့စေ။ 

မောင်စိန်သောင်း အကျႌလဲ၏။ 

သမီးက မောင်စိန်သောင်းကို လှည့်ကြည့်သည်။ ပြီးတော့ နာရီကြည့်သည်။ လေးနာရီ။ 

“ဖေဖေ ခုနစ်နာရီလောက် ပြန်ရောက်မှာလား” 

“အေးပေါ့၊ ခုနစ်နာရီ ခုနစ်နာရီခွဲပေါ့” 

“အင်း အင်း ... သမီးဖို့ ကလစ် မမေ့နဲ့နော်” 

“အေးပါ” 

သမီးသည် စိတ်တုံးတုံးချလိုက်ဟန် ရှိသည်။ သူ စိတ်တွက် တွက်ပြီးသား ဖြစ်မည်။ 

ယခုညနေ လေးနာရီ။ လေးနာရီ သာသာခန့်။ သူ့ဖေဖေနှင့် မေမေ အပြင်သွားကြမည်။ ငါးနာရီခွဲပွဲ ရုပ်ရှင် စ, ကြည့်လျှင် ခုနစ်နာရီခန့် ပြီးမည်။ အိမ်ပြန်ရောက်လျှင် ခုနစ်နာရီခွဲလောက် ရှိမည်။ ထို့ကြောင့် “ဖေဖေတို့ ခုနစ်နာရီလောက် ပြန်ရောက်မှာလား” ဟု မေးလိုက်ခြင်း ဖြစ်သည်။ 

ဤသည်ကို မောင်စိန်သောင်းက ချက်ချင်း မရိပ်မိ။ ခုနစ်နာရီခွဲလောက် ပြန်ရောက်မှာပေါ့ဟု ဖြေလိုက်သည်။ 

ထို့ကြောင့် သမီးသည် ရုပ်ရှင် သွားကြည့်ကြောင်း သေချာပေါက် ခိုင်လုံစွာ  သိရှိသွားလေ၏။ သို့သော် ကလေးက ဘာမျှ မပြော။ မသိချင်ဟန် ဆောင်နေလိုက်သည်။ 

“သွားကြပါစေလေ၊ သူတို့လည်း တစ်ခါတစ်လေ လွတ်လွတ်လပ်လပ်၊ အပျိုလူပျို လုပ်ပြီး သွားချင်ရှာမှာပေါ့” ဟု တွေးပြီ: ခွင့်လွှတ်လိုက်လေသလား မသိ။ 


“ဘတ်စ်ကားနဲ့ဆို မီမှာ မဟုတ်ဘူး။ နှစ်ကျပ်သုံးဘီးနဲ့ သွားကြရအောင်” 

မောင်စိန်သောင်းက အချိန်တွက်၍ ပြောသည်။ 

“တစ်ကျပ် အမြန်ကား စီးတာပေါ့၊ ဒါမှမဟုတ် ၂ သီးသန့် စီးမယ်လေ၊ ဒီအချိန် ချောင်ပါတယ်” 

“သီးသန့်ကားက သိပ်မသီးသန့်တော့ဘူး ခင်ဗျ၊ ပြွတ်သိပ်တင်နေတာ” 

“ဒါဆိုလဲ အမြန်ကား စီးရအောင်” 

“သဘောလေ” 

အမြန်ကား နှစ်စင်း ဆက်တိုက်လာသဖြင့်၊ ဘေးတန်းက ထိုင်၍ လိုက်ရသည်။ “ထိုင်လိုက်ရမယ်၊ ထိုင်လိုက်ရမယ်၊ ဘေးတန်းရမယ်” စပယ်ယာ၏ အသံသည် သာယာနာပျော်ဖွယ် ရှိစွ။ 

ယခုလို ညနေစောင်း မြို့ထဲဘက် အသွားဆိုလျှင် အမြန်ကားဆရာများ သဘောကောင်းလေ့ရှိသည်။ မှတ်တိုင်မှာလည်းရပ်၏။ လိုက်မည့်သူက တားလျှင် မှတ်တိုင် မဟုတ်ပဲလည်း ရပ်ပေး၏။ 

“လိုက်သူ မရှိရင် မောင်း ဆရာရေ့” 

မြန်ပါပေသည်။ 

တာမွေဈေးမှာတော့ နည်းနည်း ကြာမည်ထင်၏။ သို့သော် မကြာပါ။ တာမွေဈေး မှတ်တိုင်တွင် ရပ်သည်နှင့် တပြိုင်နက် “ဆွဲ ဆရာရေ နောက်ကား ကပ်ပါလာတယ်၊ တစ်နေကုန် ကပ်လိုက်နေတာပဲ” 

လှစ်ခနဲ ကျောက်မြောင်းဈေး ရောက်လာသည် ထင်ရ၏။ 

ခရီးသည် တစ်ယောက် တား၏။ ရပ်၏။ 

“ဘယ်ရောက်မလဲ” 

“ဪ- အရေးထဲ ဘယ်မှ မရောက်ဘူး။ ဆွဲဆရာ နောက်ကကောင် နာလန်ထ လူနာ အမဲခြောက် တောင်းသလို လိုက်နေတယ်။ အပြတ်နင်းထား” 

ကားဆောင့်ထွက်၏။ ဘယ်ရောက်မလဲ သိချင်သော ခရီးသည်ခမျာ ပါးစပ် ဟောင်းလောင်းနှင့် ကျန်ခဲ့သည်။ နောက်ကားက တင်ခဲ့သည်ကို မြင်လိုက်ရသည်။ 

မြင်ကွင်းတို့သည် ရိပ်ခနဲ ရိပ်ခနဲ ကျန်ရစ်ကြသည်။ 

“နင်းထား၊ သန့်သန့်ကလေး ဆွဲမယ်ဆရာ၊ သန့်သန့်ကလေး။ အမြန်မောင်း၊ အမြန်တင်၊ အမြန်ချ၊ အမြန်ဆွဲ” 

မောင်စိန်သောင်း အမြန်ကားစီးတိုင်း စိတ်နည်းနည်း ညစ်ရသည်။ 

သို့သော် သူတို့ခမျာမှာလည်း အချိန်လု၍ ငွေရှာနေရတာပဲလေ၊ ဘာထူးသလဲ၊ မောင်စိန်သောင်း ကိုယ်တိုင်လည်း ငွေလိုပြီဆိုလျှင် အမြန်နှုန်းနဲ့ စာရေးဖြစ်သည်ပဲ။ မှားသည် မှန်သည် သိပ်တွေးမနေ၊ စိတ်ထဲရှိရာကို ရေးပစ်လိုက်၏။ ပြီးလျှင် အယ်ဒီတာထံ ပို့၏။ အယ်ဒီတာ မသင့်လျော်သည်ကို ဖြုတ်လိမ့်မပေါ့။ သို့မဟုတ် ပယ်လိမ့်မပေါ့။ 

တစ်ခါတလေကျ မောင်စိန်သောင်း ထုတ်ဝေသူများထံမှ ငွေကြိုတောင်းလေ့ ရှိသည်။ ပြီးတော့ ရက်ချိန်းကပ်လာလျှင် စာတွန်းရေးတော့သည်။ ဘာထူးလို့လဲ၊ မောင်စိန်သောင်းလည်း အမြန်ယာဉ် တစ်စီးပဲ။


အမြန်ကားသည် မြန်စွာပင် မြို့ထဲသို့ ရောက်၏။ ၃၈ လမ်းဈေးတွင် ဆင်းလိုက်သည်။ ရှေ့ကျလျှင် ကားက လသာလမ်းကျမှ ရပ်တော့မည်။ 

၃၈ လမ်းဈေးထိပ်တွင် အဆောက်အအုံတစ်ခု ဆောက်နေသဖြင့် ကျောက်စရစ်ပုံ အုတ်ခဲကျိုးပုံ စသည့် ဆောက်လုပ်ရေး ပစ္စည်းများ အနော်ရထာ လမ်းပေါ်အထိ ရောက်နေ၏။ 

ဈေးသည်များက ကျောက်စရစ်ပုံကို လွန်၍ အနော်ရထာလမ်းပေါ် တက်ရောင်းနေကြသည်။ 
အများအားဖြင့် ပန်းသည်များ။ 

ဈေးသည်များကို ကွေ့ရှောင်ရသည်။ တစ်ဘက်က ကားများကိုလည်း သတိထားနေရသေးသည်။ 
 
အနော်ရထာလမ်းအတိုင်း လျှောက်လာသောအခါ လမ်းဘေး၍ ပုံရောင်းသော ပစ္စည်းမျိုးစုံကို တွေ့ရသည်။ မနှင်းရည် မိန်းမပီပီ ပစ္စည်းများကို ဟိုကြည့်သည်ကြည့် လုပ်ရင်း လျှောက်လာ၏။ တစ်ခါတစ်ရံ ဈေးဝင်မေး၏။ ဝယ်တော့ မဝယ်။ 

သို့နှင့် ရုပ်ရှင်ရုံ ရောက်သောအခါ ရုပ်ရှင်ကားက ပြနေပြီ။ 

အထူးတန်း လက်မှတ်ကို တိုးနေကြသည်။ 

တစ်စုံတစ်ယောက်က မောင်စိန်သောင်းတို့၏ ပုံပန်းကို ခန့်မှန်းမိဟန်ဖြင့် အနားကပ်လာ၏။ 

“ဒီစီနှစ်စောင် ရမယ်၊ ဒါပဲ ကျန်တော့တယ်” 

“ဘယ်လောက်လဲ” 

“ရှစ်ကျပ်” 

မောင်စိန်သောင်း လက်မှတ်တိုးကြည့်ဦးမည် စိတ်ကူးသည်။ သို့သော် မလွယ်တော့။ 

“နှစ်စောင် ဆယ့်လေးကျပ် ရမလား” 

“နှစ်စောင် ဆယ့်ငါးကျပ် မလျှော့ဘူး” 


ရုပ်ရှင်ရုံက ပြန်အထွက်ကျတော့ မောင်စိန်သောင်းနှင့် မနှင်းရည်တို့ လက်ဖက်ရည်ဆိုင် တစ်ဆိုင် ဝင်ထိုင်ကြသည်။ တစ်ကျပ်ခွဲတန် လက်ဖက်ရည် သောက်၏။ မနှင်းရည် နှမြောနေဟန် ရှိသည်။ မုန့်မစား။ 

ဘတ်စ်ကားပေါ်တော့ တိုး၍ မရနိုင်တော့ကြောင်း နှစ်ယောက်စလုံး စဉ်းစားမိသည်။ တွဲလောင်းတွေ၊ အတွယ်အတာတွေ လက်ချင်း မြဲမြဲတွဲထားကြသည်။ 

အမြန်ကား စပယ်ယာ၏ အော်သံ ကြားရပြန်သည်။ 

“သံယောဇဉ်လေးတွေ ရှိရင် လိုက်လို့ရတယ်” 

မောင်စိန်သောင်း ရုတ်တရက် နားမလည်။ 

နောက်မှ သဘောပေါက်သည်။ သံယောဇဉ် ဆိုသည်မှာလည်း အတွယ်အတာ သဘောပဲ မဟုတ်လား။ စပယ်ယာတို့၏ စိတ်ကူးကို မောင်စိန်သောင်း သဘောကျသွားသည်။ 

တစ်ကျပ် သုံးဘီးကားဂိတ်သို့ လျှောက်သွား၏။ 

မလွယ်။ 

သုံးဘီးကား တစ်စီးကို လူဆယ်ယောက်ခန့် စုပြုံ တိုးတက်နေကြသည်။ 

မောင်စိန်သောင်းနှင့် မနှင်းရည်တို့သည် ဟိုပြေးသည်ပြေး ဖြစ်နေကြ၏။ ဘယ်နေရာကမှ ကားပေါ်တက်၍ မလွယ်။ 

ရုပ်မြင်သံကြား ရောင်းသောဆိုင်ကို အမှတ်တမဲ့ ကြည့်လိုက်မိသည်။ 

နှစ်ယောက်စလုံး ကြည့်မိကြခြင်း ဖြစ်၏။ 

မနှင်းရည် မောင်စိန်သောင်းကို လှည့်ကြည့်သည်။ 

မောင်စိန်သောင်းကလည်း မနှင်းရည်ကို လှည့်ကြည့်သည်။ 

မနှင်းရည် ပြုံးစပ်စပ်နှင့် ပြော၏။ 

“တီဗွီ တစ်လုံးလောက် ဝယ်ရအောင်လား” 

“ကောင်းသားပဲ ကြည့်လေ၊ ဘယ်အလုံး ကြိုက်သလဲ၊ ဖောစစ္စတမ် နိပ်မယ်ထင်တယ်၊ တွမ်တီးအင်းချက်စ်ပေါ့” 

မောင်စိန်သောင်းကလည်း ခပ်တည်တည် ပြော၏။ 

မနှင်းရည်က- 

“ကလေးတွေနဲ့၊ အဖေနဲ့၊ နှင်းရည်တို့ နှစ်ယောက်နဲ့ မိသားစု နည်းနည်းလေးပဲ။ ဖော်တင်းအင်းချက်စ်ဆို တော်ရောပေါ့” 

“ဟီး- ဟီး” 

မောင်စိန်သောင်း စပ်ဖြဲဖြဲ လုပ်ပြ၏။ 

“နေရှင်နယ်နဲ့ တိုရှီးဘား ဘယ်ဟာ ကြိုက်သလဲ” 

“တော်ပါတော့၊ ဟိုမှာ သုံးဘီးတစ်စီး လာနေပြန်ပြီ” 

အနားကပ်သွား၏။ သူတို့ထက် လျင်သောသူများက ကားပေါ် တိုးတက်လိုက်ကြသည်။ 

မောင်စိန်သောင်း မနှင်းရည်တို့ ကျန်ရစ် ပြန်သည်။ 

တီဗွီရောင်းသော ဆိုင်ဘက် တစ်ချက် ပြန်လှည့်ကြည့်သည်။ 

တီဗွီဆိုင်ရှေ့မှ ကလစ်ကလေးများ ရောင်းနေသော ပလက်ဖောင်းဈေးသည်ကို တွေ့ရသည်။ 

နှစ်ယောက်စလုံး ပြိုင်တူ သတိရသည်။ 

“သမီးဖို့ ကလစ်ကလေး တစ်ချောင်း ဝယ်သွားရဦးမယ်လေ” 

မောင်စိန်သောင်းက ဦးအောင် ပြော၏။ 

မနှင်းရည် ကလစ်ဆိုင်ရှေ့ ရောက်နေပြီ။ 


ငါးမတ်တန် ကလစ်တစ်ချောင်း ဈေးဆစ်၍ ဝယ်ခဲ့သည်။ 


အိမ်ပြန်ရောက်တော့ ညဉ့်ဆယ်နာရီ ထိုးခါနီးပြီ။ 
သမီးဝါနုသည် အိမ်ရှေ့ ကွပ်ပျစ်ပေါ်၌ အိပ်နေသည်။ 

အဖေနှင့် အမေကို စောင့်ရင်း အိပ်ပျော်သွားဟန် တူသည်။ 

သူ့အဘိုးက ပြောသည်။ 

“အိပ်ရာထဲ သွားအိပ်ပါဆိုတော့ မရဘူး၊ ဒီနားမှာ ခြင်ကိုက်ခံပြီး စောင့်နေတယ်၊ မင်းတို့ကလဲ စောစောပြန်ရောပေါ့” 

“ကားက မလွယ်ဘူး အဖေရ” 

“ကလေးအတွက် မုန့်ပါသလား” 

“သူမှာလိုက်တဲ့ ကလစ်တော့ ပါတယ်” 

“နှိုးပြီး ပေးမနေနဲ့တော့ အိပ်ရေးပျက်မယ်၊ မနက်ကျပေး” 

မောင်စိန်သောင်းသည် သမီးဝါနုကို ပွေ့၍ အိပ်ရာထဲသို့ ပို့၏။ ဆံပင် ကျဲကျဲကလေးများကို အသာအယာစု၍ ဝယ်လာသော ကလစ်ကလေး ညှပ်ပေးလိုက်သည်။ 

အိပ်မောကျနေသော အငယ်ကောင်ကို နမ်း၏။ 

“ပြည်ထောင်စုပွဲ ကျရင်တော့ သမီးတို့ကို ကွင်းထဲ လိုက်ပို့ရအောင် အစ်ကိုရယ်” ဟု မနှင်းရည်က ပြောသည်။ 

မောင်ဝဏ္ဏ 
ရှုမဝ၊ မေ၊ ၁၉၈၄။

”မြန်မာဝတၳုတိုများ” ပေ့ဂျ်ကနေ ကူးယူပါတယ်။

စလေ ငနော့ 



Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်