အမေတို့ အဖေတို့ § ရွှေဥဒေါင်း

အမေတို့ အဖေတို့
•••••••••••••••••••••••

ရွှေဥဒေါင်း

မျက်နှာဖြူဆိုလျှင် 'မိုးကျရွှေကိုယ်' တမျှ သဘောထားကြရသည့် ဒိုင်အာခီလက်ထက် မီးထွန်းစအချိန်တွင် မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်း၌ ဆိုက်ကပ်ထားသော ဗန်းမော်စာပို့ 'တာပင်'(Taping) သငေ်္ဘာကြီးပေါ်၌ အညာသွား ခရီးသည်များသည် သူ့ထက်ငါ နေရာကောင်းရအောင် 'ဦး' လျက်၊ ရပြီးသောနေရာများတွင် တံမြက်လှည်းခြင်း၊ ဝန်စည်စလယ်များကို နေရာတကျချထားခြင်း၊ အိပ်ရာနေရာ ခင်းကျင်းပြင်ဆင်ခြင်း၊ နေရာမရသေးသူများက ဦးပိုင်းမှ ပဲ့ပ်ိုင်း၊ ပဲ့ပိုင်းမှ ဦးပိုင်း ခေါက်တုံ့ခေါက်ပြန် စင်္ကြံလျှောက်ကြခြင်း စသည်ဖြင့် သငေ်္ဘာတစ်စင်းလုံး လှုပ်လှုပ်ရွရွ ဆူဆူညံညံ ရှိနေလေသည်။

သငေ်္ဘာကြီးပေါ်၌ ဦးပိုင်းတွင် ပထမတန်း၊ ပဲ့ပိုင်းတွင် ဒုတိယတန်း၊ အလယ်ပိုင်းတွင် တတိယတန်း စသည်ဖြင့် သူ့နေရာသူ ပိုင်းခြားကန့်သတ်လျက် ဓာတ်မီးများ ဝင်းထိန်စွာ ထွန်းထားသည်များကို ဆင်ခြင်အောက်မေ့လိုက်သည့်အခါ စည်းမရှိ ကမ်းမရှိ အချိန်ကန့်သတ်ခြင်းမရှိ ရှုပ်ချင်တိုင်း ရှုပ်ပွလျက် ရောပြွမ်းသပြွမ်း 'ပေါက်ပန်းဈေး' စီးနင်းလိုက်ပါကြရသော ယခုခေတ် ရေကြောင်းခရီးသည်များအဖို့ နတ်ဘုံနတ်နန်းသဖွယ် လွမ်းဆွတ်တမ်းတလောက်ပါပေ၏။ ပိုက်ဆံတတ်နိုင်သူများအဖို့မှာ ဒုတိယခန်း၊ ပထမခန်း ရှိကြသည့်အပြင်၊ တတိယတန်းပင် စီးနင်းရစေကာမူ စောစောသွားနိုင်လျှင် နေရာကောင်းရနိုင်၍ ယခုခေတ်ကဲ့သို့ ဖျာခင်းပြီး နေရာယူထားသူတို့ထံမှ ပိုက်ဆံနှင့် နေရာဝယ်ယူရသည်ဟူ၍လည်း မရှိချေ။

ကျွန်ုပ်မှာ ထိုစဉ်အခါက ကသာဒိစကြိတ် ကမ်းနီရွာတွင် အင်္ဂလိပ်ကျောင်း တည်ထောင်ဖွင့်လှစ်၍ တစ်ရပ်တစ်ကျေးသို့ မပို့လိုသော ကုန်သည်များ၏ သားသမီးများအား အင်္ဂလိပ်စာ တစ်ဘာသာတည်း သင်ပြလျက်ရှိသည်ဖြစ်၍ ကျွန်ုပ်တို့လင်မယားသည် မန္တလေးမြို့သို့ အလည်အပတ် လာရာမှအပြန် စာပို့သငေ်္ဘာကြီးသို့ ဆင်း၍အိပ်ကြရ၏။ စာပို့သငေ်္ဘာကြီးပေါ်၌ ပဲ့ပိုင်းတွင် ဒုတိယတန်းခရီးသည်များအတွက် အခန်းလေးခန်း ပါရှိလေရာ ကျွန်ုပ်တို့ ရောက်သွားသောအချိန်၌ ဗိုလ်ကပြားလင်မယားတစ်စုံနှင့် မြန်မာအရာရှိ လင်မယားတစ်စုံတို့ ရောက်နှင့်ကြပြီဖြစ်၍ စတုတၳအခန်းတစ်ခန်းသာလျှင် လွတ်လပ်လျက် ရှိလေတော့သည်။

ကျွန်ုပ်တို့ ဝန်စည်စလယ်များကို နေရာတကျ ချထားပြီးနောက် မျက်နှာချင်းဆိုင်ရှိနေသော အခန်းများ၏ အလယ်၌ရှိသော စားပွဲကြီး၌ထိုင်ကာ ခရီးသည်အချင်းချင်း မိမိတို့ကိုယ်ကို မည်သူမည်ဝါဖြစ်သည်ဟု ပြောပြလျက် မိတ်ဆက်နေကြစဉ် တောင်းများ၊ ပလုံးများ၊ ခြင်းများကို ရွက်သူကရွက်၊ အထုပ်အပိုးများနှင့် ကျွန်းသေတ္တာကြီးကို ထမ်းသူကထမ်း၍ တက်လာကြသော တောသူတောသား ခရီးသည်တစ်စုသည် ဒုတိယတန်း ခရီးသည်များအတွက် ကန့်သတ်သော ပဲ့ပိုင်းသို့ ဝင်လာကြလေ၏။ ထိုအခါ ဗိုလ်ကပြားလင်မယားသည် နှာခေါင်းရှုံ့လျက်ရှိကြရာ အရာရှိလင်မယားကမူ "ဗျို့၊ ဘကြီးတို့ ဒီနေရာမဟုတ်ဘူး၊ ခင်ဗျားတို့ မှားနေကြပြီထင်တယ်။ ခင်ဗျားတို့ ဟိုဘက်မှာ စီးရလိမ့်မယ်" ဟု ပြောလိုက်သည်တွင် ရှေ့ဆုံးမှ လွယ်အိတ်ကြီးနှင့်တက်လာသော ငါးဆယ်ကျော် ခြောက်ဆယ်တွင်းအရွယ် လူကြီးတစ်ယောက်က-

"ကိစ္စမရှိတန် ကောင်းပါဗျာနော်။ သငေ်္ဘာစာရေးကြီးကို ကျုပ်တို့ ပြောပြီးသားပါဗျာ။ တော်တော်ကြာတော့ သူလိုက်ပါလာလိမ့်မယ်ဗျာ" ဟု ပြောနေသဖြင့် ဗိုလ်ကပြားက-

"မဟုတ်ဘူး အဘိုးကြီး၊ ဒီနေရာမှာ ခင်ဗျားတို့ စီးဖို့မဟုတ်ဘူး၊ ဟိုဘက်မှာ ခင်ဗျားတို့ နေရာရှာထားကြပါ။ မဟုတ်ရင် ဒုက္ခရောက်ကုန်လိမ့်မယ်" ဟု ဝင်၍ပြောလေ၏။

ထိုအခါ တောင်းပလုံးများ ရွက်ထားသော မိန်းမများနှင့် အထုပ်များ ထမ်းပိုးလျက် ရပ်နေကြသော ယောက်ျားများသည် ထိုင်ရမလို ထရမလိုနှင့် ယောင်လည်လည်ဖြစ်နေကြစဉ် သငေ်္ဘာစာရေးကြီး ဝင်လာ၍ လွတ်လပ်လျက်ရှိသော စတုတၳအခန်းကို ဖွင့်ပေးလိုက်သည်တွင်မှ ကျွန်ုပ်တို့အားလုံးမှာ တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ကာ အံ့သြသင့်လျက် ရှိကြလေ၏။ ဗိုလ်ကပြားလင်မယားမှာမှု ကျေနပ်ဟန်မတူသော အမူအရာများရှိကြ၍ ယောက်ျားဖြစ်သူသည် သငေ်္ဘာဦးပိုင်းရှိ ပထမတန်း အခန်းများသို့ပင် သွားရောက်စုံစမ်းသေးရာ ၎င်းအခန်းများတွင် အရေးပိုင်၊ သစ်တောဝန်၊ ပညာမင်းကြီး စသော ဘိလပ်သားအစစ် မျက်နှာဖြူများနှင့် ပြည့်လျက်ရှိသောကြောင့် မကပ်နိုင်ဘဲ ပြန်လာခဲ့ရလေ၏။ မြန်မာအရာရှိလင်မယားတို့ကမူ ကပြားလင်မယားကဲ့သို့ ထင်ရှားသော အမူအရာမျိုး မဖော်ပြသော်လည်း မျက်နှာထား ခပ်အိုအိုပင် ရှိကြလေသည်။ သို့ဖြစ်၍ ထိုလင်မယားစုံတွဲတို့သည် စားပွဲတွင် မထိုင်ကြတော့ဘဲ ပဲ့အစွန်းလက်ရန်းအနီး၌ရှိသော ကုလားထိုင်များသို့ ပြောင်းရွှေ့ကာ ထိုင်နေကြလေတော့သည်။

       ကျွန်ုပ်တို့ လင်မယားမှာ အခါခပ်သိမ်း ဒုတိယတန်းဖြင့် ခရီးသွားကြသည်မဟုတ်ဘဲ အအိပ်အနေ ဆင်းရဲမည်စိုးသဖြင့်သာ ရံဖန်ရံခါ အခွင့်သာသည့်အလျောက် စီးနင်းလိုက်ပါသူများဖြစ်ကြ၍ ထိုလင်မယားနှစ်စုံတို့၏ သွေးကြီးမွေးကြီး အမူအရာကို ကျောခိုင်းလျက် နောက်တက်လာသော ခရီးသည်များကိုသာ စိတ်ဝင်စားစွာနှင့် ကြည့်နေကြလေ၏။ တက်လာကြသော တောသူတောင်သားများမှာ ၁ဝ ယောက်ထက်မနည်းသော်လည်း တကယ်ခရီးသွားမည့်သူတို့ကား လွတ်အိတ်နှင့်ရပ်လျက် စကားပြောသော အရပ်ခပ်မြင့်မြင့်လူကြီးနှင့် ထန်းခေါက်တောင်းတစ်လုံးကို ရွက်လာသည့် ၎င်း၏ ဇနီးတို့သာ ဖြစ်လေသည်။

         စာရေးကြီး ဆင်းသွားပြီးနောက် လူတစ်စုတို့သည် ခရီးသည်အဘိုးကြီး လင်မယားတို့၏ ဝန်စည်စလယ်များကို ၄င်းတို့၏အခန်းထဲတွင် နေရာတကျ ကူညီချထားပေးကြပြီးနောက် အချို့ကား ရေချိုးခန်းသို့ဝင်ကြည့်ကာ အံ့သြသောမျက်နှာထားများနှင့် ထွက်လာကြခြင်း၊ အချို့လည်း ဓာတ်မီးခလုတ်ကို ဖွင့်ချည်ပိတ်ချည်လုပ်ကြည့်ခြင်း၊ အချို့ကား ပန်ကာကို ဖွင့်ကြည့်ခြင်း၊ အချို့ကား ဖြူစင်သန့်ရှင်းသော အိပ်ရာခင်းကိုကြည့်လျက် တစ်ယောက်၏မျက်နှာကို တစ်ယောက်ကြည့်ခြင်း စသည်ဖြင့် အနည်းနည်းအဖုံဖုံ စမ်းသပ်အံ့သြနေကြလေရာ ကျွန်ုပ်မှာလည်း ၎င်းတို့၏ မျက်နှာထားများကို မြင်ရခြင်းအားဖြင့် အရသာတစ်မျိုး ပေါ်ထွက်လျက် ရှိပေတော့သည်။ အပျိုဖြန်းအရွယ် သူငယ်မတစ်ယောက်က ၎င်း၏အဖော်အား "နေရာကျလိုက်တာအေရယ်၊ သူတို့အခန်းထဲမှာတောင် ဓာတ်ခလုတ်နဲ့တော့၊ အသာကလေး နှိပ်လိုက်ရင် ထိန်သွားတာပဲ" ပြောရာ ၄င်း၏အဖော်က "ဟုတ်သတော့ တပို့တပါး သွားချင်ရင်လည်း ချုံရှာမနေရဘူး၊ ဟိုဘက်အခန်းထဲ ဝင်ထိုင်ရုံပဲ။ ရေချိုးတာတောင် မှန်ကြီးနဲ့တော့၊ သိပ်ဟုတ်တာပဲအေရယ်" ဟု ပြန်ပြောလေ၏။ ကာလသားအရွယ် လူငယ်တစ်ယောက်ကလည်း ၎င်း၏အဖော်အား "နိပ်လိုက်လေသကွာ အိပ်ရာကြီးကလည်း ဖွေးလို့ ဇိမ်ပဲဟေ့" ဟု ဆိုကာ အဖော်က "လေရဟတ်ကြီး ကြည့်လိုက်ပါဦးကွာ၊ ခုတင်ခေါင်းရင်းနားတင် ကပ်လို့။ ဘကြီးတို့တော့ သိပ်နိပ်တာပဲဟေ့" ဟု ပြန်ပြောလေ၏။

         ခရီးသွားမည့်အဘိုးကြီး လင်မယားတို့ကို လိုက်ပို့ကြသော လူများသည် တစ်နာရီကျော်ခန့်မျှ ကြာသည့်တိုင်အောင် တစ်သငေ်္ဘာလုံး လှည့်ကြည့်သူကကြည့်၊ ဒုတိယအခန်းတွင်းသို့ ဝင်ချည်ထွက်ချည် လုပ်သူကလုပ်၊ ဦးပိုင်းရှိ ပထမတန်း အကန့်အတွင်းသို့ ဝင်မိသဖြင့် ငေါက်ထုတ်ခြင်း ခံရသူကခံရပြီးသည်နောက် ဧည့်သည်အားလုံးတို့သည် ပြန်ကြတော့အံ့ဟု နှုတ်ဆက်ကြရာတွင် "လူကလေးကို ပြောလိုက်ပါနော် ဘကြီး၊ ကျုပ်တို့က ခဏခဏ သတိရပါတယ်လို့ ပြောလိုက်ပါနော်၊ ကြီးတော်က တစ်ခေါက်လောက် ရွာကို အလည်လာခဲ့ပါဦးလို့ မှာဘိုက်တယ်ပြောပါနော် ဘကြီး" စသည်ဖြင့် တစ်ယောက်တစ်ခွန်း ပြောဆိုနှုတ်ဆက်ကြလေ၏။

         သငေ်္ဘာပေါ်မှ ဆင်းသွားကြသောအခါ လူကြီးလင်မယားသည်လည်း သငေ်္ဘာစက်ခေါင်းပေါ်သို့သွား၍ လက်ရန်းကိုကိုင်ကာ ၎င်းတို့၏ ရွာသူရွာသားများကို မျှော်ကြည့်နေကြလေရာ ကျွန်ုပ်လည်း ၎င်းတို့၏ အပြုအမူများကိူ စိတ်ဝင်စားလျက် ရှိသည်နှင့် ၎င်းတို့နောက်မှကပ်၍ ကမ်းပေါ်သို့ မျှော်ကြည့်မိသေး၏။ လူများသည် လှည်းနှစ်စီးပေါ်သို့ တက်ကြစဉ် ၎င်းတို့၏ မျက်နှာများသည် သငေ်္ဘာဖက်သို့ချည်း လှည့်လျက်ရှိကြသဖြင့် တစ်ယောက်က "ဟောဟိုမှာ ဘကြီးတို့ ကြီးတော်တို့၊ မြင်ကြလား" ဟု ပြောလိုက်သည်တွင် ကျန်လူများသည် လူကြီးလင်မယားကို မြင်ကြ၍ "သွားကြတော့ ဘကြီးတို့နော်၊ လူကလေးကို ပြောလိုက်ပါနော်" စသည်ဖြင့် သံပြိုင်ဟစ်အော် နှုတ်ဆက်လိုက်ကြသဖြင့် ကမ်းတစ်ခုလုံး ဆူညံသွားလေတော့သည်။

         ပဲ့ဘက်ပိုင်းသို့ လူကြီးလင်မယား ပြန်ရောက်လာကြသောအခါ၌ လင်မယားနှစ်စုံတို့သည် ကျွန်ုပ်၏ ဇနီးသည်နှင့်အတူ စားပွဲထိုင်လျက် ရှိကြလေရာ လူကြီးလင်မယားသည် လင်မယားနှစ်စုံတို့၏ ခပ်တန်းတန်းလုပ်နေကြသော မျက်နှာထားများကို မရိပ်မိဟန်လက္ခဏာနှင့် လူကြီးက စကားရောဖောရော ပြောသေးရာ မိန်းမကြီးကမူကား ၎င်းတို့အခန်းတွင်းသို့ တန်း၍ ဝင်သွားလေတော့သည်။ လူကြီးသည် ခရီးမထွက်စဖူး ထွက်လာခဲ့ရ၍ တစ်သက်မှတစ်ခါ မမျှော်လင့်ဝံ့သော အခြင်းအရာကို ကြုံတွေ့ခံစားနေရသဖြင့် အလွန်တရာ ကြည်နူးရွှင်မြူးလှသော အမူအရာဖြင့် တာပင်သငေ်္ဘာကြီး၏ ခံ့ညားပုံ၊ လှပပုံ၊ အချိုးအစားကျနပုံ၊ ဓာတ်မီးတွေ ထိန်ထိန်ဝင်းပလျက်ရှိပုံ၊ ရေချိုးခန်းနှင့် အိမ်သာပူးတွဲစီမံထားသည့်အတွက် နေရာကျလှပုံ၊ အိပ်ရာခင်းနှင့် ခေါင်းအုံးစွပ်များ ဖြူစင်သန့်ရှင်းပုံ၊ ခလုတ်နှိပ်လိုက်လျှင် ဓာတ်မီးရော လေရဟတ်ပါ လိုရာရပုံများ အကြောင်းကို အားရပါးရ ချီးကျူးပြောဆိုလေရကား လင်မယားနှစ်စုံတို့သည် တစ်စုံ၏မျက်နှာကို တစ်စုံကြည့်ကာ မရယ်မပြုံး လုပ်နေကြရာမှ "ကောင်းလိုက်တဲ့ သငေ်္ဘာကြီးဗျာ၊ တစ်သောင်းလောက် ကုန်ပါလိမ့်မယ်ထင်ပ" ဟု ပြောလိုက်ရာတွင်မူကား မရယ်ဘဲမနေနိုင်အောင် ဖြစ်လာကြလေ၏။

လူကြီး။   ။ "ဘာလုပ်ရယ်ကြတာလဲဗျာ၊ များသလား ဆိုနိုင်ပေါင်ဗျာ၊ ကျုပ်တို့တောသားတွေ အရမ်းတွေးရတာပါပဲ၊ ဖိုးထွန်းဦးရဲ့ ဆန်စက်ဟာတောင် တစ်သောင်းကျော် ကုန်တယ်ဆိုတော့ ဟိုစက်လို ဆန်မကြိတ်နိုင်ပေမဲ့ ဒီလောက်တော့ ကုန်လိမ့်မယ် မှတ်တာပါပဲ"

နုပ်။   ။ "ဖိုးထွန်းဦးရဲ့ ဆန်စက်က ဘယ်မှာလဲ ဘကြီး"

လူ။   ။ "ကျုပ်တို့ ရွာပေါက်က ဆန်စက်လေ"

နုပ်။   ။ "ဘကြီးတို့ရွာက ဘယ်မှာလဲ"

လူ။   ။ "ပုသိမ်ကြီးပေါ့ဗျာ၊ နန်းတော်ကြီးရဲ့
       အရှေ့ဘက်ဆီမှာလေ၊ ကျုပ်တို့ရွာမှာတော့ ဖိုးထွန်းဦး ဆန်စက်ဆိုရင် လူတိုင်းသိတာပေါ့၊ ဟိန်းလို့ဗျာ၊ တည်ထားလိုက်တဲ့ စက်ကြီးမှ ဧရာမဟာကြီးပဲ"

နုပ်။   ။ "ဒါမှ တစ်သောင်းကျော် ကုန်သတဲ့လား ဘကြီးရဲ့"

လူ။   ။ "အဲလေ ဟုတ်ပါရဲ့၊ သောင်းဆိုလား 
        သိန်းဆိုလား ပြောတတ်ပေါင်မောင်ရယ်၊ 'သ' တော့ ပါတာပါပဲ"

အရာရှိ။   ။ "ဒီလိုဆိုရင် သန်းဖြစ်ချင်ဖြစ်နေပါ့မယ် ဘကြီးရယ်"

လူ။   ။ "အေးလေ ဒါလဲ မဆိုနိုင်ဘူး၊ ကျုပ်တို့တော့
        စပါးတစ်ရာ၊ နှစ်ရာ၊ ငွေတစ်ရာ၊ နှစ်ရာ ဒါလောက် ရေတတ်တွက်တတ်တော့ ဒီ့အထက်ဆိုရင် ရှုပ်ကုန်ပြီ၊ လူကလေးတော့ တွက်တတ်မှာပဲ"

         လူကြီးသည် ၎င်းပြောသော စကားများကို ကျွန်ုပ်မှတစ်ပါး အခြားခရီးသည်များ စိတ်ဝင်စားဟန်မရှိသည်ကို ရိပ်မိသည်နှင့် ထိုင်ရာမှထ၍ ဗိုလ်ကပြားလင်မယားဘက်သို့လှည့်ကာ ဦးခေါင်းညွှတ်လျက် "ဂွတ်ဒမောနိန်း သခင်ကြီး" ဟု နှုတ်ဆက်ပြီးလျှင် ၄င်း၏အခန်းထဲသို့ ဝင်သွားလေ၏။ ကျွန်ုပ်တို့လည်း ပြုံးရယ်လျက် ကျန်ရစ်ကြလေရာ ထိုလူကြီးအား "ဂွတ်ဒမောနိန်း ဆရာကြီး" ဟူ၍ နာမည်ပေးထားကြလေတော့သည်။

         နောက်တစ်နေ့နံနက်တွင် တာပင်သငေ်္ဘာသည် မန္တလေးဆိပ်ကမ်းမှ ထွက်ခွာလာခဲ့ရာ ဂွတ်ဒမောနိန်းဆရာကြီးသည် ကျွန်ုပ်တို့အိပ်ရာမှ ထာလာကြသောအချိန်တွင် သငေ်္ဘာပဲ့ပိုင်းစွန်း၌ ထိုင်လျက် အနောက်တောင်ရိုးကြီးတန်းကို စိတ်ဝင်စားသော အမူအရာနှင့် ငေးမျှော်ကာ ကြည့်နေလေ၏။ မင်းကွန်းဘုရားကြီးကို မြင်ရသောအခါ ကုလားထိုင်ပေါ်မှဆင်းကာ ဒူးတုပ်၍ကန်တော့ပြီးနောက် "တစ်ခေါက်လောက် ရောက်စမ်းချင်တာ တစ်ခါမှ မသွားဖြစ်ပါဘူးဗျာ၊ အားလပ်တယ်လို့ကို မရှိနိုင်ပါဘူး" ဟု ကျွန်ုပ်အား ပြောပြသဖြင့် ကျွန်ုပ်သည် ခရီးဆောင်မှန်ပြောင်းကို အခန်းထဲမှယူ၍ လူကြီးလက်သို့ ပေးလိုက်လေ၏။ လူကြီးသည် မှန်ပြောင်းရသော အချိန်မှစ၍ သငေ်္ဘာပဲ့စွန်းမှ မခွာတော့ဘဲ အရှေ့ဘက်နှင့် အနောက်ဘက်ကမ်းများကို တစ်လှည့်စီကြည့်ရာမှ ၎င်း၏ 'ရှင်မ' ကိုလည်း မကြာခဏ ခေါ်၍ပြလေ၏။ "နေရာကျလိုက်တာလေ မောင်ရယ်၊ သိပ်ဟုတ်တာပါလား၊ အနားသွားကြည့်တာလိုပဲလား မောင်ရင်ရယ်၊ ရေကြောမြေကြော ရှုံ့နိုင်တယ်ဆိုတာ ဒီဟာများ ထင်ပါရဲ့၊ ကျေးဇူးများလိုက်တာ မောင်ရင်" ဟူ၍ အားရပါးရ အမူအရာနှင့် လင်မယားနှစ်ယောက်လုံးက ပြောရှာကြပေသည်။

         လက်ဖက်ရည်သောက်ကြသောအခါ လူကြီးလင်မယားသည် ကျွန်ုပ်တို့နှင့်အတူ တစ်စားပွဲတည်းတွင်ထိုင်လျက် ဟန်ရပန်ရ သောက်ရှာကြ၏။ ကြွပ်အောင်ကင်၍ ထောပတ်သုတ်ထားသော ပေါင်မုန့်(တို့စ်) ကို လက်ဖက်ရည်တွင် နှစ်ပြီးမှ စားသည့်အတွက် လက်ဖက်ရည်တွင် ထောပတ်ဆီ 'ဝေ့' ကျန်ရစ်သဖြင့် ကပြားလင်မယားတို့၏ ပြုံးရယ်ခြင်းခံရရုံမှတစ်ပါး အရုပ်ဆိုးလှအောင် မရှိပေ။ 'ရှင်မ' ကမူ ပေါင်မုန့်ကင်မှာ 'အချိုပေါ့' သည့်အတွက် နို့ဆီကလေးနှင့် သုတ်စားလိုသဖြင့် ၄င်း၏ဆန္ဒ ပြည့်စိမ့်သောငှါ ဘွိုင်ကုလားကို ကျွန်ုပ်ကပင် ခေါ်တောင်းယူပေးလိုက်ရ၏။

         ကျွန်ုပ်သည် အရာရှိလင်မယားတို့၏ မျက်နှာထားနှင့် ဗိုလ်ကပြားမောင်နှံတို့၏ အမူအရာများကိုကြည့်ကာ စာရေးဆရာတို့၏ သဘာဝအတိုင်း စိတ်ဝင်စားသော အရသာကို ခံစားလျက်ရှိရာ ကပြားလင်မယားတို့ နှာခေါင်းရှုံ့သည်ကို မြင်သဖြင့် အရာရှိလင်မယားတို့က မြန်မာအတွက် လိုက်၍ ရှက်ကြဟန်တူ၏။ ကပြားလင်မယားတို့မှာလည်း မြန်မာသွေးပါသည့်အဖြစ်ကို အရာရှိလင်မယားတို့ စဉ်းစားမိဟန်မတူချေ။ စင်စစ်မှာ မြန်မာတောသူတောင်သားများ၌ အထက်တန်းစားလူများ၏ အမူအရာမျိုး မရှိသည့်အတွက် အင်္ဂလိပ်မြန်မာကပြားများ ရှေ့တွင် တစ်စုံတစ်ရာမှ ရှက်ဖို့မရှိသင့်ပေ။

         သို့ရာတွင် နံနက်စာ စားကြသောအခါ၌မူကား အတော်ကလေး ခွကျသော အခြင်းအရာများ ကြုံတွေ့ရ၏။ အရာရှိလင်မယားတို့သည် လူကြီးလင်မယားတို့အတွက်ကြောင့် နံနက်စာစားချိန်တိုင် ရောက်မည်ကိုပင် ပူပန်နေကြဟန် တူပေရာ ကျွန်ုပ်တို့မှာမူ 'နေသာသပ လေညှာက' ဟူသော စကားအတိုင်း ထိုအတွက်ကြောင့် မရှက်ဘဲ ရှက်ဟန်တူသော အရာရှိလင်မယားတို့အတွက်သာလျှင် သနားမိ၏။ ဘိလပ်သားအစစ်များ ရှေ့တွင်ဆိုပါမူ ကျွန်ုပ်သည်လည်း ရှက်ကောင်းရှက်မိ၍ လူကြီးလင်မယားအား တစ်နည်းတစ်လမ်းဖြင့် အကြံပေးကောင်း ပေးမိပေမည်။ ယခုမှာမူ မြန်မာသွေးပါသော ကပြားများသာ ဖြစ်သောကြောင့် ရှက်နေဖို့မရှိဟု ကျွန်ုပ်အောက်မေ့မိ၏။ အရာရှိလင်မယားတို့ကား မည်သည့်နည်းနှင့် စဉ်းစားကြသည်မဆိုနိုင်၊ ရှက်သလိုလို အားနာသလိုလို ဖြစ်နေရှာလေတော့သည်။

         နံနက်စာ စားချိန်တိုင်ရောက်သောအခါ ဘွိုင်ကုလားသည် စားပွဲတွင် အဝတ်ခင်း၍ ဇွန်း၊ ခက်ရင်း၊ ဓား စသည့် ကိရိယာတန်ဆာများကို စားပွဲပေါ်တွင် အစီအစဉ်အတိုင်း လူရှစ်ယောက်အတွက် တည်ခင်းနေသဖြင့် ကျွန်ုပ်တို့သည် ကိုယ့်နေရာ၌ကိုယ် ထိုင်ကြလေရာ လူကြီးလင်မယားတို့လည်း မိမိတို့နေရာတွင် ထိုင်ကြလေ၏။

         ပေါင်မုန့်နှင့်ထောပတ်တို့ကို စားပွဲအလယ်တွင် တည်ခင်း၍ လိုသလောက် နှိုက်ယူစားသောက်ကြရန် ဖြစ်လေရာ အခြားစားစရာများကိုမူ ဥရောပတိုက်သားများ ထုံးစံအတိုင်း လူအသီးသီးရှေ့၌ တည်ခင်းပေးလေသည်။ ရှေးဦးစွာ 'ငါး' ပွဲရောက်လာသောအခါ၌ လူကြီးလင်မယားသည် ဓား၊ ခက်ရင်း၊ ဇွန်းတို့နှင့် တစ်ကြိမ်မျှ စားဖူးဟန်မတူသော်လည်း အတော်အတန် ပါးရည်နပ်ရည် ရှိသူများဖြစ်သည့်အလျောက် အခြားလူများ ကိုင်ပုံတွယ်ပုံကို ကြည့်လျက် ကြိုးစား၍ လိုက်နာကြ၏။ ငါးအတွက် ဓားတစ်မျိုးပေးထားသည်ကိုပင် မမှားအောင် ရွေးချယ်အသုံးပြုကြသည့်အတွက် ကျွန်ုပ်စိတ်ထဲ၌ ချီးကျူးမိ၏။ ပေါင်မုန့်ကိုလည်း ကျွန်ုပ်တို့နည်းတူ လက်နှင့် လှမ်းယူကိုင်တွယ် စားသောက်ကြ၏။ အနည်းငယ် အကိုင်အတွယ် မကျင်လည်ရုံမှတစ်ပါး ပြောဖွယ်ရာမရှိချေ။ သို့ရာတွင် ကြက်သားပွဲ ရောက်လာသောအခါတွင်ကား 'ရှင်မ' သည် ကြက်ပေါင်ကို အရိုးနှင့်အသား တစ်ခြားစီဖြစ်အောင် ဓားနှင့်လှီးဖြတ်ရန် ရှေးဦးစွာ အခက်အခဲတွေ့လေရာ ထိုနောက်တွင် လူကြီးသည် ပေါင်ရိုးနှင့် ဓားနှင့်ကြိတ်၍ လှီးဖို့ကြိုးစားသည်တွင် ကြက်ပေါင်သည် ပန်းကန်ပြားထဲမှ ချော်ထွက်၍ စားပွဲပေါ်သို့ စင်ထွက်သွားလေ၏။ အရာရှိလင်မယားတို့ကမူကား မျက်နှာများကို အောက်သို့ငုံ့လျက် မမြင်ချင်ပြုနေကြလေရာ ကပြားလင်မယားလည်း ရယ်မောကြလေ၏။ လူကြီးမှာမူ မိမိ၏မကျင်လည်မှုအတွက် အနည်းငယ်ရှက်ကိုးရှက်ကန်း  ဖြစ်ရုံမှထက်မပိုဘဲ လွင့်စင်သွားသော ကြက်ပေါင်ကို လက်ဖြင့်ကောက်ယူ၍ ဓားကိုလုံးဝချထားပြီးလျှင် လက်နှင့်ပင် ကိုင်တွယ်စားသောက်လေတော့၏။

         "ကိုယ်တတ်သလို ကိုယ်စားပါ ရှင်မရယ်" ဟု ပြောလိုက်သဖြင့် ၄င်း၏ဇနီးမှာလည်း ၄င်းနည်းတူ လက်နှင့်ပင် ကိုင်တွယ်စားသောက်လေရာ နောက်ထပ်ရောက်လာသော စားစရာများကိုလည်း ဤနည်းအတိုင်း ပယ်ပယ်နယ်နယ် ကိုင်တွယ်စားသောက်ကြလေ၏။

         ကျွန်ုပ်သည် ထိုလူကြီးလင်မယားတို့၏ အမူအရာကိုမြင်သဖြင့် များစွာအံ့သြမိ၏။ အခြားသော တောသူတောင်သားတို့မှာ ဤသို့သောနေရာ၊ ဤသို့သော ပရိတ်သတ်ရှေ့၌ ဇွန်း၊ ခက်ရင်းဖြင့် စားသောက်ခြင်းကို အဝေးမှ ရှောင်ကွင်းကြမည်ဖြစ်ရာ ၄င်းတို့မှာမူ ရောနှောရန်ကြိုးစား၍ အထမမြောက်သောအခါ၌လည်း အလွန်အမင်း ရှက်လှသည်မရှိဘဲ၊ ခပ်အေးအေးပင် ရှိနေကြ၏။ "တတ်နိုင်သမျှ ကြိုးစားတာပဲ၊ မဖြစ်တော့တာ ကျုပ်တို့အပြစ်မဟုတ်ဘူး" ဟု ဆိုလိုသော အမူအရာကိုသာ ပြကြလေသည်။ ဟန်ဆောင်ချင်သော တောသားတစ်ယောက် ဖြစ်ခဲ့ပါမူ ဖြူစင်သော စားပွဲခင်းကြီးပေါ်သို့ ကြက်ပေါင်ကြီး လွင့်စင်သွားသဖြင့် စွန်းပေသွားသော တစ်ခဏ၌ လဲသေချင်မတတ် ရှက်ကြမည်ဖြစ်ရာ ထိုလူကြီးမှာ ရှက်ပြုံးပြုံးလိုက်ခြင်းမှတစ်ပါး ထူးခြားသော မျက်နှာထားမျိုး မပြချေ။

         ရှေ့အဖို့၌ လူကြီးလင်မယားသည် လက်နှင့်ပင် ကိုင်တွယ်လျက် မိမိတို့နေအိမ်၌ကဲ့သို့ လွတ်လပ်စွာ စားသောက်နေကြသည်ကို တွေ့ကြရသောအခါ အခြားပရိတ်သတ်များမှာ တစ်မျိုးတစ်ဖုံ အမူအရာ ပြောင်းလဲသွားကြ၏။ ဗိုလ်ကပြား လင်မယားသည် ရယ်မောချင်သော အမူအရာမျိုး မရှိတော့ချေ။ အရာရှိလင်မယားသည်လည်း လူကြီးလင်မယားအတွက် ယခင်ကဲ့သို့ ရှက်သောမျက်နှာထားမျိုး မပြတော့ချေ။ ကျွန်ုပ်မှာလည်း ၄င်းတို့အတွက် ယခင်ကတည်းက မရှက်လှသည့်အထဲတွင် ယခုမှာမူ လုပ်ချင်သည့်အတိုင်း ဘွင်းဘွင်းကြီး လုပ်တတ်ကြသည်ဖြစ်သောကြောင့် သဘောကျသလိုလိုရှိ၏။ စကတည်းက လက်နှင့်ကိုင်စားကြပါမူ ကျွန်ုပ်သည် ကဲ့ရဲ့မိကောင်း ကဲ့ရဲ့မိပေမည်။ ယခုမှာ တတ်နိုင်သမျှ ကြိုးစားကြပြီးနောက် မဖြစ်နိုင်ကြောင့် တွေ့ရသောအခါမှ 'ဇာမချဲ့ဘဲ' လွတ်လပ်စွာ စားသောက်ကြခြင်း ဖြစ်သည့်အတွက် ဤလူကြီးစုံတွဲသည်ကား တစ်ထောင်တွင်တစ်ယောက် တွေ့ရခဲလှသော လင်မယားပေတည်းဟု အောက်မေ့မိလေတော့သည်။
         နေ့လယ် လက်ဖက်ရည် သောက်ကြသောအခါ၌ လူကြီးလင်မယားသည် ကျွန်ုပ်တို့၏ မျက်နှာများကို အကဲခတ်ရင်း စားသောက်ကြလေရာ ကျွန်ုပ်သာမက ဗိုက်ကပြားစုံတွဲနှင့် အရာရှိလင်မယားတို့သည် ၄င်းအပေါ်တွင် အထင်အမြင်ကြီး၍ ဂရုဏာသက်လာကြလေပြီ။ ကပြားကတော်သည် မိန်းမကြီးအတွက် ပေါင်မုန့်ကို ယိုနှင့်ထောပတ်များသုတ်ပေး၍ အရာရှိကတော်က ၎င်းတို့ အဆင်သင့်သောက်ရန် လက်ဖက်ရည် ဖျော်ပေးလေ၏။ လူကြီးလင်မယားသည် မိမိတို့မကျွမ်းကျင်သည့်အတွက် သင်ပြပေးကြသည်ဟု ရှက်သော မျက်နှာထားမျိုးမပြဘဲ ကျေးဇူးတင်စွာနှင့် စားသောက်ကြလေသည်။ ညနေစောင်းအချိန်၌ အခြားခရီးသည်များသည် သငေ်္ဘာပေါ်တွင် လှည့်လည်ကြည့်ရှုနေကြစဉ် ကျွန်ုပ်သည် လူကြီးအနီးတွင်ထိုင်၍ စကားစမြည်ပြောကြ၏။

လူကြီး။   ။ "တစ်ခုမေးပါရစေ မောင်ရယ်၊
      ဒီနေရာမှာ စီးရင် သူတို့ထမင်းဟင်းကို မစားလို့ မဖြစ်ဘူးလား မောင်ရယ်"

နုပ်။   ။ "ဖြစ်တာပေါ့ ဘကြီးရဲ့၊ ကိုယ်စားချင်မှ
      စားရတာပေါ့၊ ဘာကြောင့်မေးတာလဲ ဘကြီး"

လူ။   ။ "ဗိုလ်လိုစားရတာ မဝပါဘူးမောင်ရယ်၊
      ကျုပ်တို့က ဗမာထမင်းဟင်း စားချင်တာပါ။ မစားဘဲ မဖြစ်ဘူးဆိုလားလို့ စားမိတာပါ မောင်ရယ်"

နုပ်။   ။ "ဘာဟုတ်မလဲ ဘကြီး၊ စားချင်မှ
      စားရတာပေါ့၊ ဗမာထမင်းဟင်းလည်း ပါသားကပဲ"

လူ။   ။ "ပြောတတ်ပေါင် မောင်ရယ်၊ စာရေးကြီးက
      ကျုပ်တို့ ထမင်းဖိုးအတွက်ပါ ပေးပြီးသားဆိုလို့ စားမိကြတာပါ၊ ညစာကျရင်တော့ ထမင်းဆိုင်မှာ ဝယ်စားပါတော့မယ်၊ တော်ပါပြီ။ ကျုပ်တို့နဲ့ မတန်ပါဘူး"

နုပ်။   ။ "ဒီလိုဆိုရင် စိတ်ချ ဘကြီး၊ ကျွန်တော်
      လိုက်ပြပေးမယ်။ လူတစ်ယောက်မှ ၈ဲ ပေးရပါတယ်"

လူ။   ။ "ဒီမှာတော့ ဘယ်လောက်လဲ မောင်ရင်"

နုပ်။   ။ "လက်ဖက်ရည် ၈ဲ၊ နံနက်စာ ၁ိ ၈ဲ၊
      ညစာ ၂ိ ကျတယ် ဘကြီး"

လူ။   ။ "အလိုလေးဗျာ မှားပေါ့၊ ဒီလိုဆိုရင်
      တစ်ရက်စာအတွက်က ကျုပ်တို့တောမှာ တစ်လစားလောက်တာပါကလား"

         ညစာစားချိန်တွင် ကျွန်ုပ်သည် လူကြီးလင်မယားကို သငေ်္ဘာပေါ်၌ ပါလာသော မြန်မာထမင်းဆိုင်သို့ လိုက်ပို့ခဲ့၍ ကျွန်ုပ်တို့လူစုချည်း ညစာစားသောက်ကြလေရာ လင်မယားနှစ်စုံတို့က ထိုလူကြီးလင်မယားအကြောင်းကို မမေးကြသော်လည်း ၄င်းတို့မရှိသည့်အတွက် စိတ်သက်သာ ရကြဟန်တူ၏။

         လမ်းတစ်လျှောက်လုံးတွင် မိန်းမကြီးသည် ၎င်းတို့၏ အခန်းပြင်သို့ ထွက်လှသည်မရှိဘဲ လူကြီးကမူ မမြင်ဖူး မရောက်ဖူးသော အရပ်ဒေသဆို၍ ကျွန်ုပ်ပေးထားသော မှန်ပြောင်းကလေးဖြင့် မြစ်ကမ်းတစ်ဖက်တစ်ချက် ပြောင်းလဲမှန်ချိန်ကာ ကြည့်၍မပြီးနိုင်အောင် ရှိနေလေတော့သည်။

         ထိုညဥ့်၌ သငေ်္ဘာသည် ကြာညှပ်အထက်၌ရှိသော မောင်းကုန်းဆိပ်ကမ်းတွင်အိပ်၍ တစ်ညဥ့်လုံး ထင်းများတင်လေရာ လူကြီးသည် ကျွန်ုပ်တို့နှင့်အတူ သငေ်္ဘာပ့ဲပိုင်းတွင် မထိုင်ဘဲ ထင်းကူလီများနှင့် စကားလက်ဆုံဝင်လျက် ရှိလေ၏။ ကျွန်ုပ်သည် လူကြီးကို သဘောကျလျက်ရှိသဖြင့် ၎င်းရှိရာသို့ လိုက်သွား၍ မနီးမဝေးမှ အကဲခတ်နေလေ၏။ လူကြီးသည် ဆိပ်ကမ်းသို့တက်၍ 'ထင်းကား' များ စီထားသောနေရာအနီး ထင်းတုံးတစ်တုံးပေါ်ထိုင်လျက် ထင်းလုပ်ငန်းသမားများအား မေးလားမြန်းလား ရယ်လားမောလားဖြင့် စကားပြောမိသည်တွင် နာရီတစ်မတ်မျှ မကြာသေးမီ ဟိုကဘကြီး၊ ဒီကဘကြီးနှင့် အကျွမ်းတဝင် ဖြစ်နေကြသည်ကို တွေ့ရလေ၏။ တစ်နာရီခန့်ကြာ၍ လူကြီးတက်လာသောအခါတွင် 'အပြန်ဝင်ခဲ့ဦးနော် ဘကြီး' 'ဘယ်တော့ပြန်ခဲ့မှာလဲ ဦးကြီး' စသည်ဖြင့် ဝိုင်းဝန်းနှုတ်ဆက်ကြသည်များကို တွေ့မြင်ရသောအခါ ဤလူကြီးကား တောသားအချင်းချင်းအနက်တွင် လူချစ်လူခင်ပေါမည့် ပုဂ္ဂိုလ်ကြီးပေတကားဟု ကျွန်ုပ်အောက်မေ့မိလေသည်။

         နံနက်စောစော သငေ်္ဘာထွက်ခွာ၍ လက်ဖက်ရည်သောက်ပြီးကြသဖြင့် ကျွန်ုပ်တို့လင်မယားသုံးစုံတို့သည် စားပွဲတွင်ဝိုင်းဖွဲ့ကာ ထိုင်လျက်စကားပြောနေကြစဉ် လူကြီးသည် ၄င်း၏အခန်းမှ ထွက်လာ၍ ကုလားထိုင်တစ်လုံးတွင် ထိုင်ပြီးလျှင်_

လူကြီး။   ။ "ကျုပ်တစ်ခု ပြောပါရစေဗျာ၊
       သခင်ကြီးလင်မယားရော၊ မြို့အုပ်မင်းရော၊ ကျောင်းဆရာရော တစ်ဆိတ်ကလေး ခွင့်ပြုကြပါ။ ကျုပ်က ပြောချင်တဲ့စကားကို ဖွင့်ပြီးပြောလိုက်ရမှ ရင်ထဲလင်းသွားတတ်တဲ့ ဝါသနာရှိလို့ပါ။ ကျုပ်တို့ အခု ဒီနေရာက ဒွိဟတန်းဆိုလား၊ ဒွိတရတန်းဆိုလား စီးနိုင်ခြင်းဟာ ကျုပ်တို့အစွမ်းမဟုတ်ပါဘူး။ ကျုပ်တို့လင်မယားဟာ ခင်ဗျားတို့ အတန်းအစားထဲက မဟုတ်ပါဘူး။ လူကလေးက အမေကြီး အဖေကြီး သူ့ဆီအလည်လာဖို့ မှာတဲ့အခါမှာ တစ်သက်မှာတစ်ခါခေါ်နိုင်ခြင်း ဖြစ်တယ်ဆိုပြီး သငေ်္ဘာစာရေးကြီးကို လက်မှတ်ဖိုးရော၊ တိုလီမိုလီဖိုးရော ၊ စရိတ်ရော၊ သူ့လက်ထဲ ငွေအပ်လိုက်လို့ စာရေးကြီးကိုယ်တိုင် ကျုပ်တို့ရွာကို လာခေါ်ခြင်း ဖြစ်ပါတယ်။ ကျုပ်တို့သဘောအတိုင်းဆိုရင် ငွေနှမြောပြီး ဘယ်နည်းနဲ့မှ ဒီလိုနေရာမျိုးမှာ မစီးဘူးဆိုတာ လူလေးက သိလေတော့ စာရေးကြီးလက်ကို ငွေအပ်လိုက်ပါတယ်။ ကျုပ်တို့လင်မယားမှာ ဒီလိုနေရာမျိုး မဆိုထားနဲ့၊ ဟိုဘက်က တတ္တရာတန်းမှာတောင် မစီးနိုင်လို့ လူကလေးဆီ သွားချင်လျက်နဲ့ နှစ်တွေအများကြီးအောင့်ပြီး နေကြရပါတယ်။ ဒီနှစ်ကျတော့မှ လူကလေးက ရာထူးတိုးလို့ဆို ထင်ပါရဲ့ စာရေးကြီးကို မှာလိုက်လို့ ကျုပ်တို့ လိုက်လာကြရပါတယ်။ ကျုပ်တို့ ခင်ဗျားတို့နေရာမျိုး စီးနိုင်လို့ တောသူဌေးလား၊ မြေပိုင်ရှင်ကြီးလား အောက်မေ့နေကြမှာစိုးလို့ အခုလိုဖွင့်ပြောရခြင်း ဖြစ်ပါတယ်"

နုပ်။   ။ "လူကလေးဆိုတာက ဘယ်သူလဲ ဘကြီးရဲ့"

လူ။   ။ "လူကလေးဆိုတာ ကျုပ်သားပေါ့ မောင်ရယ်၊
        ကျုပ်က မြေကလေး လေးငါးရှစ်ဧကနဲ့ လုပ်စားလာတဲ့ တောသားလယ်သမားဖြစ်ပေမဲ့ အင်္ဂလိပ်စာသင်တာဟာ စာရေးစာချီဖြစ်နိုင်တယ်လို့ သိတယ်။ လူကလေးက သေးသေးသွယ်သွယ်မို့လို့ ကျုပ်တို့လိုရွှံ့ထဲမှာ နွားနဲ့ဖက်ပြီး ရုန်းရတဲ့အလုပ်မျိုးနဲ့ မတော်ပါဘူးလို့လည်း ကျုပ်သဘောရတယ်။ ဒါကြောင့် ကျုပ်တို့လင်မယား ချဉ်ပေါင်ဟင်းနဲ့စားပြီး လူကလေးကို အင်္ဂလိပ်ကျောင်း ထားခဲ့ပါတယ်။ ခါတိုင်းတော့ လယ်ကရတဲ့ စပါးကလေးနဲ့ ချွေချွေတာတာ စားလောက်ရုံ ရှိကြရဲ့။ လူကလေးကို အင်္ဂလိပ်ကျောင်းမှာ ကျောင်းအိပ်ကျောင်းစားထာတော့ သူ့ကျောင်းလခနဲ့ စာအုပ်ဖိုးနဲ့ ထမင်းဖိုးနဲ့ဆိုတော့ လယ်လုပ်လို့ရတဲ့ စပါးနဲ့ ကောင်းကောင်းမလောက်တတ်လို့ ကျုပ်တို့လင်မယား တောင်ရိုးပေါ်မှာ ထင်းခုတ်ပြီး မြို့ထဲသွားရောင်းရပါတယ်။ ထင်းလှည်းတစ်စီး တစ်ကျပ်ခွဲနှစ်ကျပ်ဆိုပေမယ့် သားကလေး သရေစာဖိုးရရ၊ ဘုတ်အုပ်ဖိုးရရဆိုပြီး ကောက်ကြီးတလင်း တက်တယ်ဆိုရင်ပဲ ကျုပ်တို့လင်မယား တောင်ရိုးကို နှစ်တိုင်းထင်းခုတ် ထွက်ခဲ့ကြပါတယ်။ သို့သော် သားကလေးက တော်ရှာပါတယ်။ကျုပ်တို့က ထင်းဖိုးကလေးရရင် သူ့ကျောင်းဝင်ပြီး ပေးခဲ့ပေမယ့် ကျောင်းပိတ်တဲ့အခါတိုင်း သူ့အမေဖို့ တဘက်၊ ကျုပ်ဖို့ ဖိနပ်ဆိုတာလို လာတိုင်း ပါခဲ့ရှာပေတယ်။ မပါဘူးဆိုရင် အနည်းဆုံး သူ့အမေဖို့ ပင်နီတစ်ဝတ်စနဲ့ ကျုပ်ဖို့ ပဝါတစ်ပိုင်းတော့ ဝယ်လာရှာတာချည်းပါပဲ"

နုပ်။   ။ "ဘကြီးသားက နောက်တော့
       ဘယ်နှတန်းအောင်သလဲ"

လူ။   ။ "ဟိုက်စကူးဖိုင်တွဲဆိုလား၊
       မဲသားတစ်ကျူလေးဂျင်ဆိုလား မခေါ်တတ်ပေါင် မောင်ရယ်၊ ၉ နှစ်လား ထင်ရဲ့။ ကျောင်းမှာသင်ခဲ့ရတာပါပဲ။ တစ်နှစ်မှ စာမေးပွဲ မကျပေဘူး၊ နှစ်တိုင်းအောင်ရှာပါပေတယ်။ နောက်ဆုံးမှ အဲဒီဖိုင်တွဲ စာမေးပွဲအောင်လာတော့ သစ်တောဘက်ဆို ထင်ပါရဲ့။ ဘိုကြီးတွေ ငှက်ပစ်လာကြတော့ လူကလေးက သေနတ်ထမ်းပြီး လိုက်ဖော်ရတာနဲ့ "မင်းဘာအလုပ်ရှိသလဲတဲ့" မေးတော့ အလုပ်မရှိသေးပါဘူးလို့ ပြောရာမှ "ငါတို့ သစ်တောဘက်မှာ လုပ်ချင်ရင် အလုပ်ပေးနိုင်တယ်" ဆိုပြီး လက်မှတ်တစ်စောင် ရေးပေးခဲ့ပါတယ်။ အဲဒီလက်မှတ်နဲ့ စတီးဘဒါးသားဆိုလား အဲဒီကုမ္ပဏီမှာ လျှောက်လိုက်ချင်းပဲ ကသာနယ် ရွှေလီဝက်အင်းရွာဆိုတဲ့ ရွာမှာ သစ်ဘက်က လက်ထောက်လုပ်ဖို့ ခန့်စာရပါရောဗျာ။ ကသာဆိုတော့ ကျုပ်တို့က ငှက်တောခွေးတောဆိုပြီး လန့်ရတဲ့အထဲမှာ မဲဇာတို့၊ ရွှေလီတို့ဆိုတော့ ဘာပြောကောင်းမလဲ။ လက်ဝဲသုန္ဒရအမတ်ကြီးကို ပြည်နှင်ဒဏ်ပေးလို့ ပို့ထားတဲ့အရပ်ဆိုပြီး ကျုပ်တို့က သိပ်ကြောက်တာပ။ သို့ပေမဲ့ သားကလေးကြီးပွားရေးကို မတားဆီးတော့ပါဘူးဆိုပြီး သွားခွင့်ပြုလိုက် ကြရပါရောဗျာ"

နုပ်။   ။ "ဒါ ဘယ်နှနှစ်ရှိပြီလဲ ဘကြီး"

လူ။   ။ "ကျောင်းသားတွေ သပိတ်မှောက်ကြတဲ့
       နှစ်ကပါပဲ မောင်ရင်၊ ရှစ်ရာသီလောက် ရှိသွားထင်ပ၊ ဒီအတောအတွင်းမှာ မိဘများဆီကို လူကလေး တစ်ခေါက်တည်း လာနိုင်ရှာတယ်။ အခု ကျုပ်တို့သား မျက်နှာကို မမြင်ရတာ လေးနှစ်ရှိသွားပြီ။ လာခဲ့မယ် လာခဲ့မယ်နဲ့ ခွင့်ကိုပဲ မရနိုင်ရှာဘူးတဲ့။ နောက်ဆုံးကျတော့ သူတော့ဖြင့် မလာနိုင်တော့ဘူး။ အဖေတို့ အမေတို့ပဲ လိုက်ခဲ့ကြပါတော့တဲ့ မှာလိုက်ပြီး သငေ်္ဘာစာရေးကြီးလက်ထဲ ငွေထည့်လိုက်ရရှာတယ်။ ဒီနှစ်တော့ သားက ရာထူးတိုးပြီး ဟိုရွှေလီထဲက ကျွန်းချောင်းဆိုလား အဲဒီရွာမှာ တိုက်ထိုင်အရာရှိကလေး ဖြစ်နေသတဲ့။ ကျုပ်တို့လိုက်လာကြမယ်ဆိုလို့ ရွှေလီဝက ဆီးကြိုနေလိမ့်မယ်"

နုပ်။   ။ "နို့ နေပါဦးခင်ဗျာ၊ ဘကြီးတို့ 
       ဟိုရောက်ရင် ဘယ်လောက်ကြာကြာ နေကြမှာလဲ၊ ဒီ့ပြင် သားသမီးမရှိတဲ့ လင်မယားနှစ်ယောက်တည်းဆိုတော့ သားနဲ့အတူ နေကြဖို့ ရှိတော့တာပေါ့နော်။ သားက တိုက်ထိုင်ဆိုတော့ လခတော်တော်ကောင်းပါလိမ့်မယ်။ သားအဖသုံးယောက်တော့ ကောင်းကောင်းစားလောက်ပါလိမ့်မယ်"

လူ။   ။ "စိတ်မကူးပါဘူး မောင်ရယ်၊
       ကိုယ့်ဟာကိုယ် လုပ်ကိုင်စားသောက်နိုင်ပါသေးရဲ့နဲ့ သားသမီးလုပ်စာကို ထိုင်စားရမယ်ဆိုလို့ မျိုမကျနိုင်ပါဘူး။ သူ့မှာလည်း အိမ်ထောင်ပြုရေး ရှိပါသေးတယ်။ အမှန်ပြောရရင် အငြိမ်းထိုင်စားရမယ်ဆိုလို့ နေလည်း မနေတတ်ပါဘူး။ ကိုယ့်လယ်ကလေး ကိုယ်လုပ်စားရတာလောက် မြိန်လိမ့်မယ်လည်း မထင်ပါဘူး၊ ဒီတော့ ဟိုရောက်လို့ သူနဲ့တွေ့ပြီး သငေ်္ဘာတစ်ပတ်လောက်နေရင် ကျုပ်တို့ပြန်ကြမှာပါ မောင်ရင်"

နုပ်။   ။ "ဘကြီးတို့က ပြန်ချင်ပေမဲ့ သားက
        တားဦးမှာပေါ့ ဘကြီး"

လူ။   ။ "ဘယ်လိုတားတား ကျုပ်တို့ မနေနိုင်ပါဘူး
       မောင်ရင်၊ လယ်သမားဆိုတဲ့ လူမျိုးဟာ ရွှံ့ထဲမှာနေရမှ ပျော်နိုင်တယ်ဆိုတာကို လူကလေးလည်း သိပါတယ်"

နုပ်။   ။ "မန္တလေးဆိပ်ကမ်းမှာတုန်းက
        လိုက်ပို့ကြတဲ့ လူစုတွေဟာ ဘကြီးတို့ရွာကလား"

လူ။   ။ "ဒါပေါ့မောင်ရင်၊ အိမ်နီးပါးချင်းတွေပေါ့၊
       ပုသိမ်ကြီးဆိုတာ နီးတဲ့ခရီး မဟုတ်ပါပေဘူး၊ ညကြီးသန်းခေါင်မှာ လိုက်ပို့ရှာကြတာ၊ အင်မတန် ခင်မင်ရှာကြလို့ပါပေပဲ၊ ဒါတောင် တစ်ရွာလုံး လိုက်ပို့ကြမလို့ဟာ ဘုန်းကြီးပျံရှိနေလို့ ဘုန်းကြီးစိတ်ဆိုးနေရော့မယ် ဆိုပြီး တောင်းပန်ထားခဲ့ရတယ်"

         ထိုကဲ့သို့ ရှင်းလင်းပြောပြနေသည့်အခိုက်တွင် အဒေါ်ကြီးသည် အခန်းထဲမှထွက်လာ၍ ကုလားထိုင်တစ်လုံး၌ ထိုင်ကာ လင်ယောက်ျား၏ မျက်နှာကို တပြုံးပြုံးနှင့် ကြည့်နေလေရာ လူကလေးအကြောင်းကို ပြောသောအခါတွင် မူကား ပခုံးတွင် တင်ထားသော တဘက်ကလေးဖြင့် ၄င်း၏မျက်လုံးများကို မကြာခဏ ပွတ်ပေးလေ၏။

         ကျွန်ုပ်တို့လင်မယားသုံးစုံသည် လူကြီး၏ ရှင်းလင်းပြောပြသည်များကို ကြားကြရပြီးသောအခါတွင် ထိုလင်မယားနှစ်ယောက်အပေါ်၌ ကျေနပ်သည်ထက်ကျေနပ်သောစိတ် ဖြစ်ပေါ်လျက်ရှိကြလေရာ ဗိုလ်ကပြားလင်မယားတို့ကလည်း လူဘက်မဟုတ်ဆို၍ ရှောင်ကွင်းလိုခြင်း၊ နှာခေါင်းရှုံ့လိုခြင်း စသောအမူအရာမျိုး အလျဉ်းမရှိတော့သည့်အပြင် အရာရှိစုံတွဲတို့ကလည်း ၄င်းတို့အတွက် ရှက်ရမည်ဝေးစွ ဂုဏ်ယူချင်သော စိတ်မျိုးပင် ဖြစ်ပေါ်နေကြသည့် လက္ခဏာရှိ၏။ ကျွန်ုပ်တို့လင်မယားမူကား ပရိယာယ်ဟန်ဆောင်ခြင်းကင်း၍ လူချစ်လူခင်ပေါများဟန်တူသော ထိုလင်မယားအား ကြည်ညိုလေးစားခြင်းရှိလျက် အားလုံးသော မြန်မာတောသားများသည် ဤလင်မယားကဲ့သို့ အကင်းပါး၍ ရိုးသားကြလျင် ကောင်းလေစွဟု အောက်မေ့မိ၏။

         ကျွန်ုပ်တို့ ခရီးသွားကြသောကာလမှာ တပေါင်းလ နွေရာသီဖြစ်၍ မြစ်ရေနည်းလှသဖြင့် ရေကြောင်းအလွန်ကျပ်လှပေ၏။ သောင်ကုန်းများသည် တစ်မြစ်လုံးတွင် အနှံ့အပြား ပေါ်ထွန်းလျက်ရှိရာ ဧရာဝတီအထက်မြစ်ညာတွင် အကြီးဆုံး၊ အလှဆုံးသော 'တာပင်' သငေ်္ဘာကြီးသည် စည်းတိမ်၊ သောင်တိမ်များကို လွတ်အောင်ခဲယဉ်းစွာ တိမ်းရှောင်ခုတ်မောင်းရလေ၏။ သို့နှင့် သငေ်္ဘာသည် တကောင်းမှခွာ၍ ဆယ်မိုင်ခန့်ရောက်လာသောအခါတွင် သငေ်္ဘာပေါ်၌ မတ်တတ်ရပ်လျက် နေမိသူအပေါင်းတို့ ဟပ်ထိုးလဲကျသွားတော့မတတ်ဖြစ်ကြပြီးလျှင် "ဘုရားကယ်တော်မူပါ" ဟူသော ယောင်ယမ်းအော်ဟစ်သံများဖြင့် ဆူညံသွားလေ၏။ အကြောင်းမူကား သငေ်္ဘာကြီးသည် မြစ်လယ်၌ရှိသော စည်းတိမ်တစ်ခုပေါ်သို့ ထိုးတင်လျက် ရှိပေသောကြောင့်တည်း။ 

         သငေ်္ဘာသည် စက်ကိုနောက်ပြန်ခုတ်၍ သောင်မှကျအောင် ကြိုးစားပါသော်လည်း မရဘဲရှိလေ၏။ မွန်းတိမ်းသည့်တိုင်အောင် အနည်းနည်းစမ်းသပ် ခုတ်နှင်ပါသော်လည်း မရဘဲရှိရာတွင် လူကြီးလင်မယားတို့မှာ သားကိုတွေ့ရတော့အံ့ဟု နာရီကို လက်ချိုးရေတွက်ခဲ့ကြရာမှ အချိန်ရွှေ့ဆင်းသွားပြန်သည့်အတွက် မျက်နှာမသာမယာ ရှိနေကြရှာလေသည်။ ရွှေလီဝသို့ ထိုနေရာမှ မည်မျှဝေးပါသေးသနည်းဟု ကျွန်ုပ်အား မေးကြလေရာ ၎င်းတိုအကြံကို ရိပ်မိသဖြင့် ထိုနေရာမှ သမ္ဗန်ဖြင့် ဆန်တက်ရန် ခရီးကွာလှမ်းလွန်းသည့်အကြောင်း ပြောပြရ၏။ "တွေ့ရလုပါပြီ ရှင်မရယ်၊ ကြာလှ တစ်ရက်ပေါ့" ဟု မယားဖြစ်သူကို အားပေးရသော်လည်း ၄င်း၏မျက်မူကား မရွှင်လှရှာပေ။

         ညနေစောင်းလုနီးအချိန်တွင် အစိုးရသငေ်္ဘာတစ်စင်းသည် အဆင်သင့်ရောက်လာ၍ စာပို့သငေ်္ဘာကြီးကို ကြိုးနှင့်ချည်ပြီးလျှင် နှစ်စင်းလုံး တစ်ပြိုင်နက်တည်း စက်ကုန်နှင်ကြလေရာ အုန်းဆံကြိုးတစ်ချောင်းနှင့် သံနန်းကြိုးကြီးတစ်ချောင်း ပြတ်ပြီးသောအခါမှ လျှေကျသွားလေတော့သည်။ ထိုအခါ သငေ်္ဘာကြီးတစ်စင်းလုံးအနက်တွင် လူကြီးလင်မယားကဲ့သို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်သောသူသည် မရှိဟူ၍ ကျွန်ုပ်တို့ ယုံကြည်မိ၏။ သည်းလှိုက်အူလှိုက်အမူအရာမျိုး ဖြစ်ခဲလှသော အဒေါ်ကြီးသည်ပင်လျှင် တဘက်ကလေးကို ရောမြှောက်၍ ရမ်းလေ၏။

         သငေ်္ဘာကြီသည် ထီးချိုင့်တွင် ဆိုက်ကပ်၍  ၄င်းအရပ်မှ ထွက်ခွာလာသောအချိန်တွင် မှောင်မိုက်နေပြီဖြစ်၍ ဆက်(ခ်ျ)လိုက် ဓာတ်မီးဖြင့် ခုတ်နှင်ရလေ၏။ နောက်ဆိုက်မည့်စခန်းမှာ ရွှေလီဝခေါ် အင်းရွာဆိပ်ကမ်းဖြစ်ရကား လူကြီးလင်မယားတို့မှာ အထုပ်အပိုးများ ပြင်ဆင်ကာ ဂနာမငြိမ် ရှိနေကြလေတော့၏။ ကျွန်ုပ်တို့လင်မယားမှာ ၄င်းဆိပ်ကမ်းမှာပင် ဆင်းကြမည်ဖြစ်သော်လည်း ထိုညဥ့်အဖို့တွင် သငေ်္ဘာသည် အင်းရွာဆိပ်ကမ်းမှာပင် အိပ်ရမည့်အဖြစ်ကို သိပြီးဖြစ်သဖြင့် ခပ်အေးအေး ထိုင်နေကြလေသည်။

         သငေ်္ဘာသည် အင်းရွာဆိပ်ကမ်းသို့ ချဉ်းကပ်လာရာတွင် ခပ်လှမ်းလှမ်းမှ ဆိပ်ကမ်းဆီသို့ ဓာတ်မီးနှင့် တည့်တည့်ထိုးလိုက်သဖြင့် ကမ်းပေါ်၌ စောင့်မျှော်လျက်ရှိကြသော လူများကို လှုပ်လှုပ်ရွရွ တွေ့မြင်နိုင်ကြပေ၏။ အချို့လူများ၏ အဝတ်အစားမှာ ဓာတ်မီးရောင်နှင့် ပနံမိသည့်အခိုက်အတန့်တွင် ဝင်းခနဲလက်ခနဲ အရောင်ကလေးများ ထွက်ပေါ်လာသည်ကိုလည်း မြင်ကြရ၏။

         နောက်ဆုံး၌ သငေ်္ဘာသည် စက်ကိုလျှော့၍ ကမ်းဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လျက်ရှိရာတွင် လူကြီးလင်မယားသည် သငေ်္ဘာနံဘေးမှရပ်လျက် လည်ပင်းကို ဆန့်တန်းပြီးလျှင် ကုန်းပေါ်မှ လူတန်းကြီးကို ခေါက်တုံ့ခေါက်ပြန် စူးစိုက်ကာ လှမ်းမျှော်ကြည့်ရှုကြလေရာ ကျွန်ုပ်တို့လင်မယားသုံးစုံသည်လည်း အဘိုးကြီးလင်မယားကိုသာ အာရုံစိုက်လျက် ကြည့်နေကြလေတော့သည်။ နောက်ဆုံး၌ ကုန်းပေါ်မှ လူတစ်ယောက်၏အသံဖြင့် "အမေတို့၊ အဖေတို့..." ဟု တုန်တုန်ယင်ယင် ခေါ်လိုက်သည်တွင် "ဟေ့...ငါ့သား၊ လူကလေးရေ..." ဟု သံပြိုင်ထူးလိုက်ကြလေရကား ကျွန်ုပ်တို့မှာ မိဘချင်း၊ သားသမီးချင်း စာနာသောအားဖြင့် မျက်ရည်ကိုယ်စီ ဝိုင်းလျက် ရှိကြလေတော့သည်။

         များမကြာမီအတွင်း တပည့်သုံးလေးယောက်တို့၏ ရှေ့မှ သပ်ရပ်စွာ ဝတ်စားဆင်ပြင်လျက် အလွန်တရာ အဆင်ပြေလှသော မျက်နှာနှင့် မွန်ရည်သော ရုပ်လက္ခဏာရှိသည့် လူတစ်ယောက်သည် သငေ်္ဘာပဲ့ပိုင်းသို့ ပြေးလာ၍ "အမေတို့၊ အဖေတို့" ဟု ဟစ်အော်ကာ အဒေါ်ကြီးကို ရှေးဦးစွာ ပွေ့ဖက်လေရကား ကျွန်ုပ်တို့သည် အိမ်၌ကျန်ရစ်သော မိဘများကိုလည်းကောင်း၊ သားသမီးများကိုလည်းကောင်း ဆိုင်ရာဆိုင်ရာ သတိရလာကြသည့် လက္ခဏာနှင့် သငေ်္ဘာပေါ်မှ ဆင်းလာခဲ့ကြလေသတည်း။


ရွှေဥဒေါင်း

ဝတၳုတိုပေါင်းချုပ်ပဉ္စမတွဲ မှ

မ Khine Nilar Mg ဖေ့စ်ဘုတ်ကနေ ကူးယူပါတယ်။

စလေ ငနော့ 



Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်