မြန်မာစာပေ အရေးအသားနှင့် ဘကြီးမိုး § မောင်မိုးသူ

မြန်မာစာပေ အရေးအသားနှင့် ဘကြီးမိုး
••••••••••••••••••••••••••••••••••••••••

မောင်မိုးသူ

ကုမုဒြာဂျာနယ်
အတွေးအမြင်ဆောင်းပါးများ
22 NOV 2017

ဘကြီးမိုးမှာ သားသမီးသုံးယောက်၊ မြေးငါးယောက်နဲ့ မြစ်သုံးယောက် ရှိပါတယ်။ သားကြီး မောင်ပန်းသီးရဲ့သား မြေးဘွန်ဘွန်က အမေရိကားမှာနေပြီး ဒုတိယ ဘာသာစကားအဖြစ် တရုတ်ဘာသာ သင်သတဲ့။ သည်မှာ အတူနေတဲ့ မြေးဘိုဘိုက တော့ အဝေးသင် တတိယနှစ် ဖြေပြီးပြီ။ ဂျပန်ဘာသာ (N 2) အောင်ပြီးပါပြီ။ အတော်ကျွမ်းနေပြီဖြစ်လို့ ဂျပန်စာနဲ့ အသက်မွေးမှုတောင်လုပ်ဖို့ ပြင်ဆင်နေ ပါပြီ။ ဒူဘိုင်းမှာနေတဲ့ မြစ်မလေး နှစ်ယောက်ကတော့ သူတို့အမေက ဖြူစင်၊ ကြယ်စင် လို့ ပေးထားပေမဲ့ ဘကြီးမိုးက တော့ သူတို့ အမြွှာနှစ်ယောက်ကို ကွီစိ၊ ကွစလို့ ခေါ်ပါတယ်။ သူတို့ ဒူဘိုင်းမှာနေ အင်္ဂလိပ်ကျောင်းတက်တယ်။ သူတို့ရဲ့  အိမ်အကူ မိန်းကလေးက မြန်မာဆိုတော့ ကလေးတွေ မြန်မာလိုတော့ ပြောတတ်ပါ သတဲ့။

အဲ မြန်မာစာရေးဆရာ ဘကြီးမိုးဆိုတဲ့ မောင်မိုးသူရဲ့မြေး၊ မြန်မာစာပေကို အလွန် မြတ်နိုး မြန်မာစာအုပ်တွေအပြည့်စုထားတဲ့ ကွယ်လွန်သွားရှာပြီဖြစ် တဲ့ နောက် အဘိုးတစ်ယောက်ဖြစ်တဲ့ ကိုဝင်းညွန့်နိုင်ရဲ့ မြေးရှိပါတယ်။ သူ့နာမည်က မိုးသောက် တဲ့။ သူက ပန်းချီလည်းဆွဲတော့ “မိုးသူ- မိုးသောက်” ပြပွဲဆိုပြီး ပန်းချီပြပွဲတစ်ပွဲ ပြခဲ့ကြဖူးပါတယ်။

မောင်မိုးသောက်ကလည်း စာဖတ်ဝါသနာ အတော်ပါတယ်။ ဒါပေမဲ့ အင်္ဂလိပ် စာတွေချည်း ဖိဖတ်နေတဲ့ကောင်။ နောက်ဆုံး ကိုနင်ဒွိုင်းရဲ့ ရှားလော့ဟုမ်းပေါင်းချုပ် မူရင်းကြီး ဖတ်နေသတဲ့။ မူရင်းဖတ်ရတော့ မှ သူငယ်ငယ်က ဖတ်ခဲ့ရတဲ့ အကျဉ်းချုပ် တွေဟာ ရှားလော့ဟုမ်း အရသာမပေးနိုင် ဘူးလို့ ကြီးကြီးကျယ်ကျယ် ပြောနေတဲ့ ကောင်။ သည်တော့ သူ့အဖေဖြစ်တဲ့ ညီညီ နဲ့ တိုင်ပင်ကြပြီး သည်တစ်ခါ စာမေးပွဲပြီး နွေကျောင်းပိတ်ရက်ရှည်မှာ သူ့အဘိုး စာအုပ်စင်က ရွှေဥဒေါင်းရဲ့ မောင်စံရှားပေါင်း ချုပ်ကို ဖတ်ခိုင်းရမယ်။ မြန်မာစာရေးဆရာ ကြီးတစ်ယောက်ရဲ့ မြန်မာမှုပြုပုံကို မောင် မိုးသောက် သိစေချင်လို့ပါ။

မြန်မာစာပေမှာ ကျော်ကြားတဲ့ ပန်းသာ မစာဥဟာ  အမှီးဝတၳုဖြစ်ပေမဲ့ သခင် ဘသောင်းကတော့ မြန်မာဝတၳုဖြစ်အောင် ရေးသားခဲ့သလို ပီမိုးနင်းရဲ့ ဝတၳု တွေကလည်း မြန်မာစာအရေး အသားမှာ လေ့လာထိုက်လှပါတယ်။

ဘကြီးမိုးကတော့ ဆရာစွဲကြီးသူလို့ ပြောချင်ပြောကြပေတော့၊ ဆရာကြီး ရွှေ ဥဒေါင်းရဲ့ တည်ခန့်တဲ့ မြန်မာစကားပြေကို အားကျကျေနပ်သလို အမေ လူထု ဒေါ်အမာရဲ့ ဖွယ်ဖွယ်ရာရာလှပတဲ့ မြန်မာစကား ပြေ ဓလေ့ စကားပုံတွေကို နေသားတကျ သုံးစွဲတတ်ပုံကို သဘောကျလှပါတယ်။

ဆရာကြီးရွှေဥဒေါင်းရဲ့ ရူပနန္ဒီ၊ ရူပ ကလျာနီ ဖတ်ပြီးတဲ့နောက် မူရင်းဖြစ်တဲ့ She နဲ့ Ayesha ကို ပြန်မဖတ်ချင်တော့ ပါဘူး။ ရူပနန္ဒီကို စွဲခဲ့ပုံကတော့ အံ့ဩဘနန်းပါပဲ။
မြန်မာ့ရိုးရာကြေးစည်သံကို သာယာတယ်လို့ ထင်မှတ်ထားခဲ့ရာက ဆရာကြီးရဲ့ ပထမံဆရာသိန်းဝတၳုထဲက တိဘက် ဘုန်းတော်ကြီးရဲ့ ကြေးစည်သံကို ကြက်သီးထခဲ့ဖူးပါတယ်။

ဆရာကြီး ရွှေဥဒေါင်းရဲ့ “ဇော်ဝိတ်” ဝတၳုတစ်ပုဒ်ထဲမှာ မြန်မာလက်ဝှေ့ကျော် နှစ်ဦးနဲ့ ရင်ဆိုင်ရတဲ့ ဇော်ဝိတ်က “လောကကြီးမှာ အကောင်ကြီးတိုင်း ကြောက်ရမယ်ဆိုရင် ဆင်တွေ မင်းမူနေမှာပေါ့” ဆိုတဲ့ စကားလုံးကို ဘကြီးမိုး စာပေဟောပြောပွဲ တစ်ခေတ်လုံးမှာ မြန်မာစကားပြေရဲ့ ခွန်အားရှိတဲ့ စကားလုံးအဖြစ် ကိုးကားဖူးပါတယ်။

နောက်ထပ် ရုပ်ရှင်အဘိုး ဆရာလို ဖြစ်တဲ့ ဆရာရွှေဒုံးဘီအောင်ရဲ့ စကားလုံးသုံးစွဲပုံကိုလည်း အင်မတန် အားကျပါတယ်။

“လှေနံတော့ နှစ်ဖက်မနင်းပါနဲ့ မမြဝင်းရယ်၊ နင်းရင်းနင်းရင် ကျုပ်ဘက်သာ ဖိနင်းလိုက်ပါ” လို့ ဗိုလ်အောင်ဒင် ပြောတဲ့ ရည်းစားစကား။
ဆရာရွှေဒုံးရဲ့ ထူးခြား ပြောင်မြောက် လှတဲ့ ပြောစကားများကို ဘကြီးမိုး အရမ်း ကြိုက်ကာ အားကျကိုးကားဖူးပါတယ်။

ဘကြီးမိုးကိုယ်တိုင်လည်း “ရေပွက်ပမာ” ဇာတ်ကားမှာ“ကောင်မလေးကို လွှတ်လိုက်” တို့၊ “လောကကြီးမှာ လူတိုင်း နဲ့ မတန်တာသုံးခုရှိတယ်၊ လက်နက်ရယ်၊ ငွေရယ်၊ အာဏာရယ်” တို့အပြင် “သုံးယောက်နဲ့ တစ်ယောက် ဒီပွဲ ကြည့်မကောင်းဘူး” ဆိုတဲ့ စကားလုံးတွေ သုံးစွဲခဲ့ဖူးပါတယ်။

ဒေါ်ဒေါ် လူထုဒေါ်အမာက ဘကြီးမိုး ကို ဆုံးမရာမှာ စကားပုံလှလှလေးဖြစ်တဲ့ “အေး ငရုတ်သီးနဲ့ပေါင်းတော့ ကြက်သွန်ပါ အထောင်းခံရတာ” တဲ့။ ဟုတ်ပါ့၊ ကြက်သွန်ချည်း သက်သက်က လှီးရုံလှီးတာ၊ အဲ ငရုတ်သီးနဲ့ သွားပေါင်းတော့မှ အထောင်း  ခံရရှာတာကိုး။

မြန်မာစကားများရဲ့ အနှောင့်အသွား မလွတ်ပုံကို ဒေါ်ဒေါ်က “တောင်တောရယ်သာ”လို့ ပြောတဲ့စကားမှာ နောက်တောကတော့ မသာဘူးဆိုတဲ့  အဓိပာယ်မရောက် ဘူးလားလို့ ဆိုပါတယ်။

ဒေါ်ဒေါ်ဟာ ဘကြီးမိုး ကွမ်းစားတာကို နာသွားအောင် “မင်းပါးစပ်ကြီးကလဲ ထွေးခံကြီးကျနေတာပဲ”လို့ ပိဿာလေးနဲ့ နံဘေးပစ်သလို ဆုံးမခဲ့ဖူးတာကို သတိ ရမိပါတယ်။ မြန်မာစာရေးဆရာတွေထဲမှာ ဘကြီးမိုး စွဲလမ်းနှစ်ခြိုက်ပြီး မြန်မာစကားပြေ အ ရေးအသားမှာ ထိပ်ဆုံးကထားမိတဲ့ စာရေးဆရာနှစ်ဦးကတော့ တင့်တယ်နဲ့ သော်တာဆွေတို့ ဖြစ်ပါတယ်။ ရသဝတၳုရေးဆရာတွေအဖြစ်  သိန်းဖေမြင့်၊ မြသန်းတင့်၊ မမလေး၊ ခင်နှင်းယုတို့ကို သဘောအကျဆုံးဖြစ်ပေ မဲ့ မြန်မာစကား ကြွယ်ဝပုံ လှပပုံမှာတော့ တင့်တယ်နဲ့ သော်တာဆွေပါပဲ။ တင့်တယ် ရဲ့ နာမည်ကြီးဝတၳု လာလုလုငေးရဲ့  အဆုံး သတ်မှာ ”မို့ ပရိယာယ် ငတင့်တယ် နားဝယ် မလည်ပါ” လို့ ရေးလိုက်ပုံကို အစွဲကြီးစွဲခဲ့ပါတယ်။ မူရင်း ပန်းပဲမောင်တင့်တယ် စကားလုံးက “မင်းပရိယာယ် မောင်တင့်တယ် နားဝယ်မလည်” ပါတဲ့။

မင်းရဲ့ ပရိယာယ်ကို မသိဘဲ  အသက်ပါ စတေးခံရတဲ့ ပန်းပဲမောင်တင့်တယ် အဖြစ်ကို မို့ဆိုတဲ့ မိန်းကလေးရဲ့ ပရိ ယာယ်ကို နား မလည်တဲ့ စာရေးဆရာ ငတင့်တယ်ကို နှိုင်းလိုက်ပုံက သဘော ကျလွန်းလို့ပါ။

အဲ သော်တာဆွေအကြောင်းလည်း ပြောပါရစေ။ ဆရာကြီးရွှေဥဒေါင်းက သူ့ တပည့် သော်တာဆွေ မြစ်ကြီးနား နဘားမှာ ဆန်ကုန် သည်ဘဝနဲ့ တွေ့ကြုံရတဲ့ မိန်းကလေးရဲ့ အဖြစ်ကို သုံးလေးပုဒ်ရေး ဖူးတယ်ခင်ဗျ။ ဘယ်ဟာအဖြစ်မှန်လဲလို့ မေးယူရလောက် အောင်သော်တာဆွေက တစ်ခါရေး တစ် မျိုးဖြစ်အောင် ရေးနိုင်တဲ့ သူပါ။

ဆရာကြီးရွှေဥဒေါင်းနဲ့ ဘကြီးမိုးတို့ဟာ ပီဂျီဝု(ဒ်) ဟောက်စ်ရဲ့ အင်္ဂလိပ်ဝတၳု များကို သိပ်အရသာ မတွေ့ပါ။ အင်္ဂလိပ် ဟာသက ဒရယ့ (ခြောက်ကပ်ကပ်နိုင်တယ်) လို့ ယူဆပါတယ်။ ဝု(ဒ်)ဟောက်စ်ရဲ့ ဂျိ ဝတၳုတွေကို ကြိုက်သူက ဒေါ်ဒေါ့်မောင် ဦးမောင်လေးပဲ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒါပေမယ့်ပေါ့လေ ပီဂျီ ဝု(ဒ်)ဟောက်စ်ရဲ့ ဝတၳုတွေကို ဆရာဆွေ ဖတ်ဖူး မဖတ်ဖူးမသိပါ။
ပီဂျီ ဝု(ဒ်)ဟောက်စ်ရဲ့ ဝတၳုတွေ အရမ်းကြိုက်ပြီး ဖတ်လေ့ရှိတဲ့ ဒေါ်ခင်မျိုးချစ် ပြန်ပြောတာကို နားယဉ်နေပုံရတဲ့ သော်တာဆွေဟာ ပေါ်အူး၊ အေးဆွေ လုပ်လိုက်ပုံက တော့ မြန်မာဝတၳုသမိုင်းမှာ အရယ်ရဆုံး ဝတၳုများ ဖြစ်ခဲ့ရပါတယ်။
မြန်မာပညာရှိ ဦးပေါ်ဦးကို သော်တာဆွေရဲ့ ပညာရှိ ဇာတ်လိုက်နာမည်ကို ပေါ်အူးလို့ ပေးလိုက်ပုံရော၊ အင်မတန်မှ ချစ်စရာကောင်းလှတဲ့ ဆရာကြီး ရွှေဥဒေါင်းရဲ့ ဇနီး ဒေါ်ကြီးစိုးကို အင်မတန်မှ ကြောက်ရ တဲ့ ဇာတ်ရုပ်အဖြစ် ဖန်တီးပုံကလည်း ဒေါ်ကြီးစိုး၊ အေးဆွေ ပြောစကားတွေမှာ ပြောင်မြောက်လှပါတယ်။

အဲသည်လို အဲသည်လို ဘကြီးမိုး ကြိုက်ခဲ့တဲ့ မြန်မာခေတ်သစ် စာရေးဆရာတွေအပြင် မြန်မာစာပေအကျော် ဦးပုညရဲ့ ဆဒ္ဒန်ဆင်မင်း ဝတၳုကိုလည်း ကိုးကားပါရစေ။

တစ်ခါတော့ လက်ဝှေ့ကျော် ကျားဘညိမ်းရဲ့တပည့် တိုင်းရင်းသား လက်ဝှေ့သမားကလေးက ဆရာကျားရဲ့ မြန်မာစကား တတ်ပုံကို သဘောကျလွန်းလို့ ဆရာကျားကို သင်ပေးပါဆိုတော့ ဆရာကျားက ဦး ပုညရဲ့ ဆဒ္ဒန်ဆင်မင်းဝတၳုကို ပေးဖတ်သ တဲ့။ တိုင်းရင်းသား လက်ဝှေ့ကျော်လေးက ဖတ်ရာမှာ ဆဒ္ဒန်ဆင်မင်းက “မုဆိုးတစ်ပိုင်း မိန်း မရိုင်းကို ငါမှာတိုင်းသာ ပြောပါလေ” အစ ရှိတဲ့ စာတွေဖတ်ပြီး ဆင်ကြီးတောင် သည်လောက် မြန်မာစကားတတ် နေတာ မသင် တော့ဘူးလို့ ဆရာကျားကို ပြောဖူးပါ တယ်။

မြန်မာစာ မြန်မာစကားပြေဟာ အင်မ တန်မှ လှပထင်ရှားပါတယ်။ ဘကြီးမိုးတို့ မြေးတွေလက်ထက်ကျမှ အင်္ဂလိပ်ကျောင်းတွေတက်၊ မြန်မာစာကို ကျူရှင်ယူရ၊ ဒုတိယ ဘာသာစကားအဖြစ် တရုတ်တို့၊ ဂျပန်တို့ သင်နေကြလေတော့ မြန်မာစာ အရေး အသားများကို ကျကျနန သင် ကြား ပြော ဆိုပေးနိုင်ကြတဲ့ မြန်မာစာဆရာတွေ၊ မြန်မာစာရေးဆရာတွေ လိုအပ်လှပါကြောင်း၊ ၄င်းအပြင် ဖေ့စ်ဘုတ်ခ်ပေါ်မှာ တွေ့ရတဲ့ မြန်မာစာတွေလောက်သာ ယဉ်ပါးနေကြတဲ့ ယနေ့လူငယ်တွေအတွက်လည်း သိစေချင်လှပါကြောင်း…။

မြန်မာစာပေအရေးအသားနှင့် ဘကြီးမိုးပါ။

ဘကြီးမိုး (မောင်မိုးသူ)

”ကုမုဒြာဂျာနယ်” ဝက်ဘ်ဆိုက်ကနေ ကူးယူပါတယ်။

စလေ ငနော့



Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်