ကျွန်တော်မေ့ခဲ့သောသူ § သော်တာဆွေ

ကျွန်တော်မေ့ခဲ့သောသူ
••••••••••••••••••••••••••

သော်တာဆွေ

ကျွန်တော့်တွင် နှစ်ပေါင်းများစွာက အတိတ်ဟောင်းတစ်ခု၊ ဖြစ်တောင့်ဖြစ်ခဲဟာမို့ ကိုယ်ကိုယ်ကိုပင် တယ်ပြီး မယုံကြည်မိ၊ အိပ်မက်လေလော၊ သို့မဟုတ် စာရေးသမားပီပီ စိတ်ကူးလွန်ခြင်းပေလော။ သို့လော သို့လော မကြာခဏတွေးတောမိတတ်ပေရာ၊ ယခုရုပ်ရှင်ကားထဲ မိမိကိုယ် ပါသွားတော့မှ သက်ဆိုင်သူက ကျွန်တော့်ကို မှတ်မိလေ၍ တကယ်အစစ်ဖြစ်ကြောင်း ရှင်းလင်းသွားပါတော့သည်။ အကယ်၍သာ ကျွန်တော်ရုပ်ရှင်မရိုက်ဖြစ်ဘူး ဆိုပါက ဒီကိစ္စသည် ပြန်လည်ပေါ်ပေါက်လာရန် အကြောင်းမရှိပေ။

စင်စစ် ကျွန်တော်သည် စာရေးဆရာ ဖြစ်လိုစိတ်မပေါ်မီက ပထမရုပ်ရှင်မင်းသား ဖြစ်ချင်စိတ် ပေါ်ခဲ့ပါသည်။ ကိုယ့်ကိုယ်ကိုလည်း မှန်ထဲကြည့်၍ (လူပျိုပေါက်က) ဖြစ်လောက်သည်ဟု ထင်ခဲ့ပါသည်။ ထို့ကြောင့် ကျောင်းသားဘဝနှင့် ရန်ကုန်ရောက်သည်၌ ရုပ်ရှင်ထဲသွင်းပေးနိုင်သည်ဆိုသော ညာစားသမား နှစ်ယောက်နှင့်တွေ့၍ ကိုယ့်ရှိသမျှလေး တော်တော်ချောခဲ့ဘူးပါသည်။ ဤသူနှစ်ယောက်ကို ကျွန်တော်အမှတ်တရပင် ရှိနေပါသေးသည်။

သူတို့နှစ်ယောက်နာမည်ကို မဖော်ပြလိုပါ။ တယောက်က ပုကွကွ၊ ထော့ကျိုး၊ ထော့ကျိုးနှင့် လူရွှင်တော်ဟု ပြောပါသည်။ သူ့ကို ရုပ်ရှင်ကားတစ်ခု၌ တခန်း၊ နှစ်ခန်းလောက် မြင်ခဲ့ဘူးပါသည်။ တယောက်ကတော့ ပိန်ပိန်ပါးပါး အရုပ်ခပ်ဆိုးဆိုးနှင့် ကုမ္ပဏီသစ်တခုမှာ လူကြမ်းလုပ်မည့်သူတဲ့၊ ကျွန်တော့်ကိုလည်း ဤကုမ္ပဏီအသစ်မှာဘဲ မင်းသားအဖြစ်နှင့် သူတို့က တင်ကြမည်။ သူဌေးသည် သူတို့ပြောလျှင် ပြီးသပေါ့။

သူတို့သဌေးအား ပြဘို့ဆိုပြီး ကျွန်တော့်ကို ဓာတ်ပုံဆိုင်မှာ ဓာတ်ပုံအမျိုးမျိုး ရိုက်စေ၍ ယူသွားကြသည်။ ကျွန်တော့်အား သူဌေးနှင့်တွေ့ရန်လိုလို၊ ဒါရိုက်တာအားပြလိုလိုနှင့် ဟိုခေါ်သည်ခေါ် ခေါ်သွားကြပြီး ကျွန်တော်က စရိတ်ခံရသည်။ သူတို့အား အရက်တိုက်ရသည်။ ဘယ်သူနှင့်မျှတော့ တစ်ခါမျှ မတွေ့ခဲ့ရဘူးပါ။ အိမ်တအိမ်ရှေ့ ခေါ်သွားပြီး တယောက်က အပေါ်တက်သွားပြီး ပြန်ဆင်းလာပြီး သူဌေးတော့ ဘယ်ဘယ်သွားသတဲ့၊ ဒါရိုက်တာ မရှိပြန်ဘူးတဲ့နှင့် ကိစ္စပြီးရသည်သာ။ ကြာတော့ (ဆိုပါတော့ သုံးလေးတုံးလောက်ကုန်တော့) ကျွန်တော်ရိပ်မိလာပြီး ရုပ်ရှင်မင်းသားလုပ်ချင်စိတ် ကုန်သွားလေတော့သည်။ စာပေဘက် ဖိကြိုးစားတော့၏။

သို့သော် ကျွန်တော့်တွင် ငယ်စဉ်က စိတ်ကူးအတိုင်း ရုပ်ရှင်ဘက်မှာ မဖြစ်စလောက်ပါရမီလေး ရှိနေသေး ထင်ပါ၏။ ရှုမဝမှ လာလုလုငေး ဇာတ်ကားရိုက်တော့ သန်းဆွေနှင့်အတူ ဇာတ်လိုက် (မြင့်စိုး) ၏ သူငယ်ချင်းများအဖြစ် ပါဝင်ရတော့၏။ ဤဇာတ်ကားမှာ ကျွန်တော်လည်း မျက်နှာမရဲသေး။ ပင်ကိုယ်ကလည်း စကားပြောမြန်လှသဖြင့် ကြည့်သူတွေ မဆိုထားနှင့်၊ ကိုယ့်ကိုယ်ကိုဘဲ တော်တော်စိတ်ပျက်မိသည်။ ထိုအချိန်၌ ကျွန်တော့်အသက်လည်း ၄၀ ချဉ်းနေပြီ။ မျက်နှာကလည်း အရက်ဖောနှင့် မိတ်ကပ်ကလည်း မလုပ်တတ်သဖြင့် “တော်ပဟဲ့ - ဒီသောက်ရုပ်ကြီးတော့ ရုပ်ရှင်ထဲ နောက်ဘယ်တော့မှ မပါတော့ပါဘူး” ဟု ရုပ်ရှင်စိတ်ကုန်သွားပါတော့သည်။

သို့သော် ကျွန်တော့်မှာ အသက် ၄၀ ကျော်မှ ကံပေါ်ပြန်ဆိုဘိသို့ တနေ့သ၌ သာဓုနှင့်တွေ့တော့ သူကဘဲ စမေးသည်။

“ဟေ့ နင် ငါ့ရုပ်ရှင်ထဲ ပါမလားဟေ့”

“ဟာ - ငါ့သောက်ရုပ်ကြီးနဲ့တော့ မဖြစ်တော့ပါဘူးကွာ၊ အသက်ကြီးနေပါပြီ”

“အောင်မယ်၊ နင့်ကိုများ ငါက မင်းသားလေး လုပ်ခိုင်းမယ် အောက်မေ့နေလို့လား”

“နို့ - ဘာလုပ်ခိုင်းမလို့လဲ”

“နင့်အရွယ် နင့်ရုပ်နဲ့ တန်ရာတန်ရာပေါ့ဟ။ အခု ငါရိုက်မယ့် ‘ဧည့်သည်’ ဇာတ်ကားထဲမှာ မေနွဲ့ရဲ့ လင်လုပ်ရမယ်”

“ဟယ်- နင် ဂွတ်တယ်ထင်ရင် ဒူးသာ ဒူးပေရော့”

တကယ်တော့ ကျွန်တော့်ဗီဇဝါသနာလေးက ရှိနေတုန်းပင်၊ သို့နှင့် ဧည့်သည်ဇာတ်ကားထဲ ပါဖြစ်သွားသည်။ သာဓုသည် ဒါရိုက်တာကောင်းတယောက်ဖြစ်သည်။ ကျွန်တော့် “အထာ” ကိုကြည့်၍ သင့်လျော်အောင် သုံးသည်။ ကျွန်တော့်အား စကားတိုတို ပြောစေပါသည်။ ကိုယ်လှုပ်ရှားမှုနှင့် မျက်နှာအမူအရာ များများပေးသည်။ ကျွန်တော့်မျက်နှာ မိတ်ကပ်ကို သူ့တွဲဘက်ဒါရိုက်တာ ကိုသက်နောင် အား လိမ်းခြယ်ပေးစေသည်။ (လာလုလုငေးတုန်းက ကိုယ့်ဟာကိုယ် လိမ်းရတာသဗျား၊ ဘယ်ပုံပန်းကျမလဲ)

သို့နှင့် “ဧည့်သည်” ဇာတ်ကားထွက်လာတော့ “သော်တာဆွေမဆိုးဘူး” ဆိုသော အသံလေး ထွက်လာသည်။ နောက် ဒုတိယ “အကယ်၍သာ” ဇာတ်ကားမှာ မေနွဲ့ရဲ့လင်အဖြစ်နှင့်ဘဲ။ ဤကားမှာ အချီးမွမ်းမခံရသော်လည်း အပြစ်တင်သံမကြားရပါ။

ယင်းနှစ်ကားတွင် သာဓုသည် ကျွန်တော့်အား အကွက် အနည်းငယ်စီဘဲ သုံးပါသည်။ တတိယ “ဖတ်စကလပ်” ဇာတ်ကားကျတော့
“သူငယ်ချင်း ဒီကားမှာ မင့်အသားပေးမယ့် မိန်းကာရိုက်တာ (ခေါင်းဆောင်မင်းသား) နေရာက သုံးမယ်၊ မင်းကြိုးစားပေတော့ကွာ”

ကျွန်တော် တော်တော်ဘဲ ကြိုးစားလိုက်ပါသည်။ ပသို့ ကြိုးစားရသနည်းဟူမူ အိမ်က မှန်ရှေ့မှာ ပြောဟန်ဆိုဟန် လေ့ကျင့်ရုံမက မျက်နှာအရက်ဖောပျောက်အောင် နံနက်စောစော လမ်းလျှောက်ခြင်း၊ ဒုန်းပြေးခြင်း၊ အရက်လျှော့သောက်ခြင်း များကိုပြုရပါသည်။ ထို့ကြောင့် ဤဇာတ်ကားတနေရာ၌ ကျွန်တော့်ငယ်ရုပ်ကလေး ပြန်ပေါ်လာသည်ကိုပင် တွေ့ရပါသည်။ ထို့ကြောင့်ပင် ငယ်က ကျွမ်းကလေးက ခွန်းဆက်၍ ဤအကြောင်းကို ရေးသားရန် ပေါ်လာရခြင်းဖြစ်ပါသည်။

ယင်း “ဖတ်စကလပ်” ဇာတ်ကားကို ကျွန်တော်အောင်မြင်သည်ဟု ဆိုရပါမည်။ ပရိတ်သတ်တော်တော် ကြိုက်ကြသည်။ ချီးမွမ်းစာများ လာသည်။ နောက်ထပ်ရိုက်ရန် တိုက်တွန်းကြသည်။ မေနွဲ့နှင့် အလိုက်ဆုံး ဆိုကြသည်။ ဆရာဦးသိန်းဖေမြင့်ကပင် သူ့ဗိုလ်တထောင် ပွင့်ပွင့်လင်းလင်းပြောပါရစေ အခန်း၌ တော်တော်လေး ချီးကျူးအားပေးရေးသားပါသည်။ သူ့စေတနာနှင့် မေတ္တာကို ကျေးဇူးတင်လှပါသည်။

ကဲ ဤတကား၌ ကျွန်တော် ရုပ်ရှင်ဖလင်ပေါ်တွင် ထင်ပေါ်ခဲ့ပေပြီ။ သို့သော် စာရေးဆရာအဖြစ် ထင်ရှားရခြင်းနှင့် ရုပ်ရှင်သမားအဖြစ်နှင့် ထင်ရှားရခြင်း မတူကြပေ။ ရုပ်ရှင်က တယ်လူကြည့်ခံရသဗျို့။ ဒီ “ဖတ်စကလပ်” ကား ရန်ကုန်ဧရိယာမှာ ပြနေစဉ်အတွင်းနှင့် ပြပြီးခါစတွေမှာဆိုရင် ရုပ်ရှင်ဝါသနာအိုးတွေက ကျွန်တော့်ကို ဝိုင်းကြည့်ကြသဗျ။ နို့ပြီး “ဟော ဟိုမှာ ဖတ်စကလပ် သော်တာဆွေ- သော်တာဆွေ” လို့ သူတို့ချင်း တီးတိုး ပြောတတ်ကြသဗျ။ အကြောင်ဆုံးကတော့ နှုတ်ဆော့တတ်တဲ့ ကလေးတွေဘဲ။ ကျွန်တော့်ကိုကြည့်ပြီး “ဖတ်စကလပ်ကြီး ဖတ်စကလပ်ကြီး” လို့ အော်ကြသဗျ။ တချို့တွေလဲ လူချင်းလာနှုတ်ဆက်ချီးမွမ်းပြီး အခု ဘာကားရိုက်နေသလဲ မေးကြသဗျ။ မှန်တဲ့အတိုင်း ဘယ်ကားမှ မရိုက်ပါဘူးလို့ ဆိုတော့ လျှို့ဝှက်ထားတယ် ထင်ကြပုံပေါ်သဗျ။ စာရေးဆရာထက် ရုပ်ရှင်က တယ်ပြီးပေါ်ပြူလာဖြစ်မြန်သကိုးဗျ။

အမှန်က စာရေးဆရာအဖြစ်နဲ့ ကျွန်တော်ကို ဘာဝတၳုရေးနေသလဲဆိုရင် အစဉ်ဘဲ ဖြေစရာ ရှိနေပါလိမ့်မယ်။ သို့သော် ရုပ်ရှင်အနေနဲ့ ကိုယ်က ရိုက်ချင်တိုင်းမှ မဖြစ်တာဘဲ။ ခေါ်မယ့်ကုမ္ပဏီနဲ့ ဒါရိုက်တာ ရှိပေအုံးမှ။ အမှန်အတိုင်းပြောရရင် သာဓုကလွဲပြီး ကျွန်တော့် ခေါ်တဲ့လူ တစ်ယောက်မှ မရှိပါဘူး။ “ခု ဘာကားရိုက်နေလဲ” “ဘာလို့ ဆက်မရိုက်သလဲ” မေးတတ်တဲ့လူတွေ ယုံကြပါတော့။ ဘုရားစူးရပါစေရဲ့။ ကျွန်တော်က နှက်ချင်လိုက်တာမှ သေလို့။

အဲ သာဓုနဲ့တောင် နောက်ထပ် “ဈေးသည်” ဆိုတဲ့ကားရိုက်ဖို့။ ဟိုကားတွေတုန်းက မေနွဲ့နဲ့က လင်မယား။ အဲဒီကားကျတော့ ကျွန်တော်က လူပျိုကြီး။ သူက လူပျိုးကြီးအဖြစ်နဲ့ပါဘို့ ပြောထားဘူးသေးတယ်။ ခုတော့ အဲဒီကားဟာ ဘာကြောင်လဲမသိဘူး။ မရိုက်ဖြစ်တော့ဘူးတဲ့။
ဒါနဲ့ ဖတ်စကလပ် ပြပြီးကတည်းက ကျွန်တော်လည်း ရုပ်ရှင်နဲ့ဝေးခဲ့တာ ကြာလှပါပြီ။ သာဓုခြံလဲ ကျွန်တော် မရောက်တော့ပါဘူး။ တခါတခါသာ ကျွန်တော်သူတို့ဆီကို ဖုန်းဆက်စကားပြောလေ့ရှိပါတယ်။

သို့ဖြင့် တနေ့ ကျွန်တော် ကိုဖေသိန်းအိမ်သွားရင်း တယ်လီဖုန်းနားရောက်တော့ ပျင်းပျင်းရှိတာနဲ့ မြတ်မွန်ဆီကို ဖုန်းလှမ်းဆက်လိုက်တယ်။ မြတ်မွန်ဟာ ကျွန်တော့်အသံကို ကောင်းကောင်းကြီး မှတ်မိနေပါတယ်။

“ဟော - အကိုဆွေ ပေါ်တော်မူ၊ ခုမှဘဲ ဖုန်းလေးဘာလေး ဆက်ဖော်ရတော့တယ်။ အိမ်ကို လာလည်ဘို့များ ဝေးရော။ အခုဘာတွေရေးနေတာလဲ။ စာဘဲရေးနေတာဘဲလား။ မမမေကော နေကောင်းရဲ့လား၊ အောင်မယ် ခုမြေးနဲ့ ဘာနဲ့ ဖြစ်နေပြီဆို။ အဲဒီမြေးကလေးက လှရဲ့လား၊ အင်း - အစ်ကိုဆွေနဲ့ တူရင်တော့ လှမှာပေါ့လေ။ မနေ့ကတောင် အကိုကပြောနေသေးတယ်”
“ဟဲ့ မြတ်မွန်ရဲ့ ငါများပြောပါရစေအုံး”
ကျွန်တော်ဖြတ်အော်လိုက်ရသည်။

“ဘာပြောချင်လို့လဲ”

“သာဓုက ငါ့ကို ရုပ်ရှင်ဘယ်တော့ရိုက်မတဲ့လဲ”

“ဪ- အကိုဆွေ့ကို ခလေးဇာတ်လိုက်လုပ် ရိုက်ချင်လို့တဲ့”

“ဟဲ့ - ဘယ်နှယ့် ငါခလေး လုပ်ရိုက်ပါ့မလဲ”

“လွယ်ပါတယ် အစ်ကိုဆွေ၊ အခုသေလိုက်ပြီး လူဝင်စားလေး ဖြစ်လိုက်ပေါ့ ဟီး-ဟီး”

“ဟယ် - နင့်ဗိုက်ထဲ ဝင်ရမလား။ ဘယ်က ဝင်ရမလဲ”

“နှာခေါင်းပေါက်က ဝင်ပေါ့၊ ဟဲ-ဟဲ- ဪ … မေ့နေလိုက်တာ။ အကိုဆွေ့ စာတစ်စောင်ရောက်နေတယ်”

“ဘာလဲ မသင်းမေ ဆီကလား”

“ဘာလဲ မေနွဲ့နဲ့တွဲပြီး ရုပ်ရှင်ရိုက်ပါအုံး၊ ဦးသော်တာဆွေ သိပ်ကောင်းတာဘဲ ဆိုတဲ့ စာမျိုးဘဲ မဟုတ်လား”

“မဟုတ်ဖူး၊ မဟုတ်ဖူး ဆရာရေ ့ … ဒီတခါ ဒီစာက တော်တော်ဆန်းတယ်”

“ဘာတွေဆမ်းထားတာလဲ၊ ငါးပိရေတွေနဲ့လား”

“မဟုတ်ဘူး၊ ငန်ပြာရည်တွေနဲ့၊ ဟင်း … ဒီက အကောင်းပြောနေတဲ့ဟာကို အကိုဆွေကလဲ၊ နေအုံး နေအုံး အဲဒီစာယူပြီး အကို့ဆွေ့ ဖတ်ပြအုံးမယ်”

ဆိုပြီး သူ့ဖုန်းဘေးချသံ ကြားလိုက်ရသည်။ ကျွန်တော့် စိတ်ထဲမှာတော့ အင်း … ဒီကောင်မလေး ငါ့တော့ နောက်ကွက် ထွင်ပြန်ပြီဟု အောက်မေ့လိုက်သည်။ အကြောင်းမှာ မြတ်မွန်သည် အင်မတန်နောက်တတ် ရွှတ်တတ်သော မိန်းကလေးဖြစ်၏။

ခဏအကြာ၌ သူတယ်လီဖုန်း ပြန်ကောက်လိ်ုက်ပြီး …

“ဒီစာရောက်နေတာ တော်တော်ကြာပြီ။ အကိုဆွေနဲ့ မဆက်မိတာနဲ့ ၊ နားထောင်၊ နားထောင်။ ဖတ်ပြမယ်။ အဟမ်း၊ ဦးသော်တာဆွေရှင့် (တဲ့ ကြွက်မဟုတ်ဖူး) လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်လောက်က ပျောက်သွားတဲ့ ကျမရဲ့ “ကောင်လေး” ကို အခုမှ ပြန်တွေ့ရပါတော့တယ် (တဲ့)။ အဲဒီကောင်လေးက ဘယ်သူမှတ်သလဲ၊ အခုဦးသော်တာဆွေရယ်ပေါ့ (တဲ့)၊ ဟိုတုန်းက ရာပြည့်ရှုမဝမှာ ဦးသော်တာဆွေပုံ မြင်ရတော့ ကျမကောင်လေးနဲ့ ဆင်ဆင်တူတယ်ဘဲ အောက်မေ့ခဲ့တယ်။ ဒါနဲ့ ကျမ ဦးသော်တာဆွေဆီ မိတ်ဆက်စာရေးခဲ့ပါသေးတယ်။ ကျမက ဦးသော်တာဆွေရဲ့ စာဖတ်ပရိတ်သတ်ပဲ၊ အဲဒီမိတ်ဆက်စာ ရေးတာ ဘယ်သူဘယ်ဝါ ဆိုတာ ဦးသော်တာဆွေ မှတ်မိမယ်မဟုတ်တော့ပါဘူးလေ။ ဦးသော်တာဆွေဆီက ပြန်စာတစောင်သာရပြီး နောက်မလာတော့ဘူး”

ကျွန်တော်က ဖြတ်၍ …

“ဟေ့ ဟေ့ မြတ်မွန် တော်တော့၊ အဲဒီ နင့်လင် သာဓုရေးနေတဲ့ ဝတၳုထဲက ဇာတ်လိုက် နေရာမှာ ငါ့နာမည် ထည့်ဖတ်ပြနေတာ မဟုတ်လား”

“အောင်မလေး မဟုတ်ရပါဘူး အကိုဆွေရာ၊ အိမ်ကဆရာ စာမရေးတာလည်း ကြာလှပါပြီ။ အကိုဆွေ ဆက်သာ နားထောင်ပါ။ နောက်တော့ အကိုဆွေ ဘယ်လောက် စိတ်ဝင်စားလာမလဲ ဆိုတာ ကြည့်။ အင်း ခုန ဘယ်နား ရောက်သွားပါလိမ့်၊ အဲ - အဲ နားထောင်။ ကျမစိတ်ထဲမှာ ရှုမဝထဲက ပုံဟာ ကိုယ့်စိတ်ထင်လို့သာ ဟိုကောင်လေးနဲ့ တူတယ်အောက်မေ့တာ၊ ဦးသော်တာဆွေတော့ ကျမကောင်လေး ဟုတ်နိုင်မယ် မထင်ခ့ဲဘူး။ ဟော - အခု ဖတ်စကလပ် ဇာတ်ကားကြည့်တော့မှဘဲ လား လား ကျမကောင်လေးဟာ ဘာသားချောဘဲကိုး။ စစချင်း ပါးတဖက်ချိုင့်တာနဲ့ မျက်နှာအနေအထားကို ဖမ်းမိတယ်။ နောက် ဟို တခန်းကျတော့ဖြင့် တခါတည်း ရှင့်ငယ်ရုပ်ကလေး ပေါ်သွားတော့တာဘဲ၊ (ဟုတ်တယ် အကိုဆွေ၊ ဧည့်ခန်းမှာ မမနွဲ့နဲ့ နှစ်ယောက် ထိုင်နေတာ လောင်းရှော့မှာလေ)”

“တယ် … နင် ဖြတ်ပြောမနေစမ်းနဲ့ စာဆက်ဖတ်စမ်းပါ”

“အဲ … အဲ - လူကြီး စိတ်ဝင်စားလာပြီ။ ကဲ - ကဲ နားထောင်။ ရှင့် ငယ်ရုပ်ကလေး ပေါ်သွားတော့တာဘဲ။ အဲဒါ ဧကန္တ ဟုတ်ပြီဆိုတာလဲ သိရရော အခု ကျမ အရွယ်ကြီးနဲ့များ ရင်ထဲ ရှမ်းကနဲပူပြီး ဒိတ်ကနဲ ခုန်သွားပါသေးတယ်ရှင်။ ကျမက ရှင့်ကို ချစ်ခဲ့ဘူးသူကိုး (ဟဲ - ဟဲ အဲဒါကောင်းခန်း၊ ကောင်းခန်း)”

“ဟဲ့ … မြတ်မွန် ကောင်းကောင်း ဆက်ဖတ်ပြစမ်း”

“ဟဲ - ဟဲ လူကြီး ကြိုက်သွားပြီိ။ ကဲ နားထောင်။ ရှင် ငယ်ငယ် က အတော့်ကို ချစ်စရာကောင်းတဲ့ ကောင်လေးပါ။ ပါးချိုင့်လေးနဲ့ ဘယ်ဘက်က သွားတက် စပယ်ဖူးနဲ့၊ (ဟင် ဟုတ်လား၊ ဟုတ်လားအကိုဆွေ၊ အခု အဲဒီသွားတက်လေး မရှိတော့ပါလား)”

“၁၉၄၉ - ခုနှစ်က ရန်ပွဲမှာ ခဲမှန်လို့ ကျိုးသွားပြီကွာ၊ အခု အတုစိုက်ထားရတာ၊ အဲ ဆက်ဖတ်စမ်းပါအုံး”

“ရှင့်ကို ကျမ ကောင်လေး ကောင်လေး နဲ့ ခေါ်နေတာက အဲဒီတွေ့ကြတုန်းက ရှင်ဟာ ကျွန်မထက် ငယ်တယ်အောက်မေ့လို့ပါ။ ကဲ - ကျမကတော့ ရှင့်ကို သိနေပြီ။ ရှင်ကတော့ ကျမကို သိဦးမယ် မဟုတ်ဘူး။ ကျမ ဘယ်သူလဲဆိုတာ နာမည်ပြောလို့လဲ ရှင် မှတ်မိမယ် မဟုတ်ဘူး။ အဲဒီတုန်းက ရှင့်ကို ကျမနာမည် ပြောခဲ့သေးသလား။ ပြောခဲ့ရင်လဲ အမှန်ဟုတ်ပါ့မလား။ ကျမဟာ ကျမ မမှတ်မိတော့ဘူူး။ အဲဒီတော့ အဖြစ်သနစ်ကလေးကို ဖွင့်လှစ်ပါရစေတော့ (အကိုဆွေရဲ့ ရှုပ်ထွေးပွေလီလှတဲ့ စတိုရီလေးပါလား)”

“အေးကွဲ့၊ ဆက်ဖတ်စမ်းပါဦး၊ နင်နောက်နေတာတော့ ဟုတ်မယ်မထင်ပါဘူးနော်”

“ကြည့်စမ်း အကိုဆွေ၊ ကျမကို ခုထက်တိ မယုံသေးဘူး၊ ကဲ - ဒါဖြင့် ဖတ်မပြတော့ဘူး”

“ဟယ် … မလုပ်စမ်းပါနဲ့ ကောင်မလေးရယ်”

“ဟင်း … လူကို ကောင်မလေး မခေါ်နဲ့”

“အောင်မယ်လေး မမဖျားရယ်၊ မမဖျား၊ ဖတ်ပြတော်မူပါတော့”

“ကဲ - နားထောင်၊ ကြားချင်သလား၊ နားဆင်ထားဟေ- စာချောက်ရုပ်လေးရယ်၊ ငါနောက်ဆုတ်မပြေးတယ်”

“ဟေ … မြတ်မွန်ရဲ့၊ ငါ သူများအိမ်ကက တယ်လီဖုန်းနဲ့ ပြောနေရတာပါဟဲ့၊ နင့်အသံကောင်းမှန်း သိပါတယ်ဟဲ့”

“ဟီး ဟီး ဟီး- ကဲ နားထောင်၊ ဒီမှာရှင့် ဦးသော်တာဆွေရဲ့၊ ၁၉၄၃ - ခုနှစ် ဂျပန်ခေတ်မှာတုန်းက လက်ပံတန်းနဲ့ ရန်ကုန် ပြေးဆွဲတဲ့ ဂျပန် ဘတ်စ်ကားပေါ်မှာ အသက်နှစ်ဆယ် အရွယ်၊ အသားဖြူဖြူ ကောင်မလေး တယောက်နဲ့ အသားဝါတာတာ ကောင်လေးတယောက်တွေ့ကြတယ်လေ။ ဘတ်စ်ကား အလယ်တန်း ထိုင်ခုံပေါ်မှာ ဘေးချင်းယှဉ်ထိုင်ကြတယ်။ နောက် လူတွေများပြီး တဖြည်းဖြည်း ပြည့်ကျပ်လာတော့ အသားချင်းထိကြပြီး ကောင်လေးက သူ့ဦးထုပ်နဲ့ ကွယ်ပြီး တယောက်လက် တယောက် ကိုင်ကြတယ်။ သူတို့ဟာ သမီးရည်းစားလို ဖြစ်သွားကြတယ်။ နောက် လမ်းခရီးမှာ ဘတ်စကားဟာ အင်ဂျင်ပူလို့ နားတော့ လူတွေ အောက်ဆင်းကြရာမှာ သူတို့ နှစ်ယောက်က တခြားလူတွေနဲ့ ဝေးဝေး တာမြောင်းဗဘးမှာ သွားထိုင်ကြတယ်။ ကောင်လေး လက်ထဲမှာ အင်္ဂလိပ် စာအုပ်တအုပ်ပါလာတယ်။ ကောင်မလေးက ဘာစာအုပ်လဲ မေးတော့ ဝတၳုစာအုပ်လို့ ပြောတယ်။ ဒါဖြင့် အဲဒီ ဝတၳုအကြောင်း ပြောပြစမ်းပါ ဆိုတော့ ကောင်လေးက ပြောပြတယ်။ ဝတၳုဇာတ်လမ်းက သိပ်ကောင်းတာဘဲ၊ သူ့ဝတၳုနာမည်က ဗမာလို ဆိုရင် “ဆေးဓာတ်ရှင်” လို့ ခေါ်မယ်တဲ့”

ဤနေရာတွင် ကျွန်တော်သတိရကာ ရင်ထဲလှုပ်ရှားလာ၍ …

“ဟေး … မြတ်မွန်၊ တော်ပြီ … တော်ပြီ။ ငါသူ့ကို သိပြီကွာ၊ အဲဒီစာ ငါ့ဆီလိပ်တပ်ပြီး ပို့လိုက်တော့ကွာ”

“အောင်မာ ဘာရမလဲ သာဝရာ … အကောင်းဆုံး ခေါက်ဆွဲကြော်တစ်ထုပ်နဲ့ အိမ်ကို လာယူလှည့်ပါ။ ဒါ မြတ်မွန် အမိန့် ဘိုင်အော်ဒါ၊ နောက်ပိုင်းမှာ ကောင်းခန်းတွေ ကျန်သေးတယ်ဆရာ”


ကျွန်တော့်တွင် နှစ်ပေါင်းများစွာက အတိတ်ဟောင်းတခု၊ ဖြစ်တောင့် ဖြစ်ခဲဟာမို့ ကိုယ်ကိုယ်ကိုပင် တယ်ပြီး မယုံကြည်မိ။ အိပ်မက်လေလား၊ သို့မဟုတ် စာရေးသမားပီပီ စိတ်ကူးလွန်ခြင်းပေလော။ သို့လော သို့လော မကြာမကြာ တွေးတောမိတတ်ပေရာ ယခု မြတ်မွန်ဆီက စာကိုရတော့မှ အကယ်စင်စစ် ဖြစ်ခဲ့ကြောင်း ရှင်းလင်းသွားပါတော့၏။


အများပင် သိကြပါ၏။ ဂျပန်ခေတ် ခရီးအသွားအလာ အခက်အခဲ။ ရန်ကုန်မြို့ကြီးပေါ်မှာပင် မြင်းလှည်းနှင့် ဆိုက်ကားသာ ရှိပေတော့သည်။ ထိုအချိန်၌ ကျွန်တော်သည် စမ်းချောင်းမှာ အိမ်ထောင်ကျ၍ မြင်းလှည်းမောင်းနေပါသည်။
တရံရောအခါ၌ ကျွန်တော်သည် ဇာတိဌာနေ မွေးရပ်မြေသို့ ပြန်၏။ ထိုစဉ်က ရန်ကုန်ပြည်လမ်း မီးရထားမရှိတော့ပြီ။ ဓာတ်ဆီ အခက်အခဲ ကြောင့် ဗမာပိုင်ဘတ်စ်ကားများလည်း မပြေးနိုင်တော့ပြီဘဲ။ ရန်ကုန်နှင့် လက်ပံတန်းသာ ဂျပန်အစီအမံဖြင့် မနက်သွား ညပြန် ဘတ်စ်ကားတစီး ပြေးဆွဲနေပါသည်။

ကျွန်တော် ပေါင်းတည်က ပြန်လာတော့ နတ်တလင်း၊ ဇီးကုန်း၊ ကြို့ပင်ကောက်ထိ မြင်းရထား သုံးဆင့်စီးခဲ့ပြီးနောက်၊ ထိုနေ့ည ကြို့ပင်ကောက် အနီးရှိ သူငယ်ချင်းတယောက် အိမ်မှာ ဝင်အိပ်ပါသည်။

နောက်တနေ့နံနက်စောစောမှာ လက်ပံတန်းမှ မွန်းလွဲ နာရီပြန်တချက် ရန်ကုန် ပြန်ထွက်မည့် ဂျပန်ကားကို မီရန် သည်လိုဘဲ မြင်းရထားအဆင့်ဆင့် စီး၍ လာခဲ့ရပါသည်။ သို့ဖြင့် ကျွန်တော် ဂျပန်ကားဆိပ်ရှိရာ လက်ပံတန်း၊ ကျွန်းကလေးတာဂွရောက်တော့ နာရီပြန် တချက် မထိုးသေးပါ။ ဂျပန်ကားလည်း မထွက်သေးပါ။ သို့သော် ( ထိုစဉ်၌ မော်တော်ကားကိုပင် လက်မှတ် ယူ၍ စီးရလေရာ) လက်မှတ်ရုံရောက်တော့ အထဲက ဂျပန်ကြီးတယောက် ထိုင်နေသည်။ လက်မှတ်ကုန်ပြီဟု ပြောပါသည်။

ယော် တခါဖြင့် ခက်ကရော၊ လက်ပံတန်းမှာဘဲ သူငယ်ချင်းအိမ်ရှာပြီး တညအိပ်ရတော့မှာဘဲဟု ကုတ်အကျႌလေး ပခုံးပေါ်တင်၊ လက်က လွယ်အိတ်ကလေးဆွဲ တွေဝေနေတုန်းမှာဘဲ၊ လူတယောက်က အနားရောက်လာပြီး …

“ခင်ဗျား ဘယ်သွားမှာလဲ”

“ရန်ကုန်ကိုပါ”

“ဒါဖြင့် ဟိုရှေ့မှာသွား၊ ခင်ဗျားလိုဘဲ လက်မှတ်မရဘဲနဲ့ ကားစီးမယ့်လူတွေ စောင့်နေလေရဲ့”

“ဟာ … ကားက လူပြည့်နေပြီဘဲဗျ”

“သွားပါလေ၊ အလယ်က ခုံထိုးပေးမှာပေါ့ဗျ”

ဤမှ ကျွန်တော် သဘောပေါက်ကာ သူညွှန်ကြားသည့် အတိုင်း လျှောက်သွားခဲ့သည်။ နှစ်ဖာလုံ လောက်ရောက်သော အခါ၌ ခရီးသွားမည့် လူတော်တော်များများ စောင့်နေသည်ကို တွေ့ရသည်။ ၎င်း လူအုပ်ထဲတွင် ရုပ်ရည်အဖြောင့်ဆုံး အတောင့်ဆုံး မိန်းကလေး၊ အသက်က ၂၀ ကျော်လောက်ဟု ခန့်မှန်းရသည်။ ကျွန်တော်နှင့် သက်တူရွယ်တူပင်။ ကိုယ်လုံးကိုယ်ပေါက် ကျစ်ကျစ်လျစ်လျစ် နှင့် အရပ်သွယ်သွယ်။ ထိုစဉ် ကျွန်တော် ခရီးသွားလျှင် အိပ်ချင်ပြေ ရှာတတ်သော အရွယ်မို့၊ သူ့အနား ချဉ်းကပ် သွားလိုက်သည်။ သူကလည်း ကျွန်တော့်ကိုကြည့်၍ စိတ်ဝင်စားပုံ ပေါ်ပါသည်။ သူ၌ အခြားအဖော် ပါပုံမပေါ်ပါ။

မတ်တတ်ရပ် ကားစောင့်ကြရင်း ညောင်း၍ လမ်းဘေးမှာ သူကထိုင်လိုက်တော့။ ကျွန်တော်ကလည်း အနီးမှာ ထိုင်လိုက်သည်။ ခဏကြာတော့ ကျွန်တော်က ကူးဝါးစီးကရက်ဗူးကိုထုတ်၊ တလိပ်ညှိ၍ သူ့အား သောက်တတ်ပါသလားဟု ဗူးပေးတော့ သူက “မသောက်တတ်ပါဘူး၊ ကျေးဇူးတင်ပါတယ်” ဟု ပြုံးချိုစွာ ပြောပါသည်။

သည်နောက် ကျွန်တော် ခေါင်းပေါ်မှ သက္ကလပ် ဦးထုတ်ကိုချွတ်ပြီး ယပ်ခပ်ရင်း “သိပ်ပူတာဘဲနော်” ဟု ပြောတော့ သူက “ကားပေါ်ရောက်ရင် သည့်ထက် ပူအုံးမှာဘဲ” ဟု ပြန်ပြောပါသည်။ သူက ဤခရီးသွား ဤကားစီးဘူးပုံ ပေါ်ပါသည်။

ထို့နောက် ကျွန်တော်က သူ့ကိုပါ ဦးထုပ်နှင့် ယပ်ခပ်ပေးပါသည်။ နဘေး ပရိတ်သတ်က ကျွန်တော်တို့ကို နဂိုရ်ထဲက ရင်းနှီးပြီးသားဟု အောက်မေ့ကြပေမည်။ သည်လိုထင်အောင်လဲ ကျွန်တော်က ပြုရသည်။

ဟော … မကြာမီဘဲ ကားလာပါပြီ။
ကျွန်တော်တို့ရှေ့ ထိုးရပ်သည်။ ကျွန်တော့်ကို ခရီးညွှန်သူဘဲ ရှေ့က ဆင်းလာသည်။ လား လား သူက ကားစပယ်ယာကိုး။ ထိုစဉ် အခြားလူ တယောက်က တနေရာမှ ခုံရှည်တစ်ခုကို ထမ်း၍ ထွက်လာသည်။ ထိုခုံတင်ပြီး ကျွန်တော်တို့တွေ ကားပေါ်တက်ရတော့ ကျွန်တော်က ကိုယ့်မြာ ရှေ့က တိုးပေးပြီး၊ သူ့ကို ကားပေါ်အရင် တက်စေကာ ကျွန်တော်က သူ့နောက်မှ ကပ်တက်လိုက်သည်။ သူ့လွယ်အိတ်ကိုလဲ ကူကိုင်ပေးလိုက်သည်။ သို့နှင့် ကျွန်တော်တို့ နှစ်ယောက်ကားပေါ်မှာ ဘေးချင်းယှဉ်မိရက်သား ဖြစ်သွားတာပေါ့ဗျ။

စင်စစ် ထိုကားကို ဂျပန်က အုပ်ချုပ်၍ စည်းကမ်းတကျ လူဘယ်နှယောက်သာ တင်ရမည်ဟု ရှေးခေတ် ဘတ်စ်ကားပုံစံအတိုင်း နဘေးခုံ နှစ်တန်းစာ လက်မှတ်များနှင့်စီးစေသော်လည်း ကိုရွှေဗမာ ဒရိုင်ဘာနှင့် စပယ်ယာတို့က ဂျပန်မျက်ကွယ်ရောက်တော့ အလယ်က ခုံတန်းရှည်ထိုးပြီး လမ်းတလျှောက်လုံးရသမျှ ခရီးသည် တင်တော့သည်။

ထို့ကြောင့် လူတွေက ကျပ်သည်ထက် ကျပ်လာသည်။ ကျွန်တော်တို့ တူမောင်မယ်က အသားချင်း ကပ်သည်ထက် ကပ်လာပါသည်။ တယောက်အား တယောက် ကျေနပ်ပုံပေါ်လာတော့ ကျွန်တော်က ဦးထုတ်နှင့်ကွယ်ကာ သူ့လက်ကိုကိုင်သည်။ သူက ပြန်၍ ကိုင်သည်။ လက်ချင်း ဖျစ်ညှစ်လျက် အချစ်စိတ်ကို ပြကြသည်။ မျက်စေ့ချင်း စကားပြောကြသည်။

ကျွန်တော်တို့ နှစ်ယောက်သည် ခရီးမပန်းတော့ပြီ။ လမ်းခရီးဝေးသည်လည်း သတိမထားမိတော့ပြီ။ ပူအိုက်မှန်းလည်း မသိတော့ပြီ။ သစ်လွင်သော ဖိုမ အထိအတွေ့နှင့် ပတ်ဝန်းကျင်ကို မေ့နေတော့သည်။

သို့နှင့် ခရီးလမ်းတဝက်ရောက်တော့ မော်တော်ကား အင်ဂျင်နားရမည်။ ရေဖြည့်ရမည်ဖြစ်၍ အတွင်းမှာ ပြည့်ကျပ်လှောင်အိုက်လာသော ခရီးသည်များ အောက်သို့ဆင်း၍ အနားယူကြသည်။ သူနှင့် ကျွန်တော်က အခြားသူတွေနှင့် ဝေးရာ တာမြောင်းနံဘေးမှာ သွားထိုင်ကြသည်။ လက်အားနေသော ကျွန်တော်က ကုတ်အကျႌအိတ်ထဲ ပါခဲ့သော စာအုပ်ကို ထုတ်လိုက်သည်။ သူက ဘာစာအုပ်လဲမေးသည်။ ကျွန်တော်က ဝတၳုစာအုပ်ဟု ပြောသည်။ သည်တော့သူက ကျမ ဝတၳုဖတ်သိပ်ဝါသနာပါတာဘဲ။ ဒါပေမဲ့ ကျမ အင်္ဂလိပ်လိုတော့ မဖတ်တတ်ဘူး။ (စာအုပ်ကို ယူကိုင်လျက်) ဒီဝတၳု ကောင်းမှာဘဲ။ ရှင်ဖတ်ပြီးရင် ကျမကို ပြောပြပါလားဆိုတော့ ကျွန်တော် အကြိုက်တွေ့သွားသည်။

ဤဝတၳုသည် ကျွန်တော် ၁၀- တန်းမှာ သင်ခဲ့ရသော Sir Walter Scott ၏ The Talisman ဝတၳုဖြစ်ပါသည်။ ထိုဝတၳုကို ကျွန်တော်မြင်းလှည်းမောင်းစဉ်ကပင် အချိန်အားရသမျှ နည်းနည်းချင်း ဘာသာပြန်လျက် ရှိပါသည်။ (ယခု “အမြုတေရတနာ” ဟူသော အမည်ဖြင့် နှစ်ကြိမ်တိုင်တိုင် ရိုက်နှိပ်ခဲ့ပြီး ဖြစ်ပါသည်။) သို့သော် ထိုစဉ် ဘာသာပြန်စဉ်ကမူ ယင်းသို့ ရိုက်နှိပ်ရန် မမြှော်လင့်၊ ကိုယ့်ကို စာရေးဆရာ ဖြစ်လိမ့်မည်လဲမသိ။ အင်္ဂလိပ်စာမတတ်သော သူငယ်ချင်း မိတ်ဆွေများကို ဖတ်စေချင်သော စေတနာသာ ဖြစ်လေရာ ဖော်ပြပါ မိန်းကလေးက ဖော်ပြပါ အခြေတွင် သူ့အား ဤဝတၳုကြောင်း ပြောပြပါ ဆိုတော့ ကျွန်တော် မည်မျှ စိတ်ကြိုက်တွေ့သွားလိမ့်မည်နည်း။

ကျွန်တော်တို့သည် မိုးဦးကျစ စိမ်းလွင်သော မြက်ခင်းပြင်လေးပေါ်မှာ ဘေးချင်းယှဉ်ထိုင်ကာ ကိုယ်ချင်းထိထိုင်ကာ ကျွန်တော်က တရွက်ချင်း တရွက်ချင်း လှန်၍ သူ့အားပြောပြနေသည်။ သူ့ညာလက်က ကျွန်တော့်ဘယ်လက်မောင်းကို ကိုင်၍ နားထောင်နေသည်။ 

ဤဝတၳု နာမည်ကို ယခုလို “အမြုတေရတနာ” ဟု မခေါ်သေး။ ဝတၳုဇာတ်ကြောင်းမှာ ဓာတ်လုံး၏ ဆေးတန်ခိုးပါသည်မို့ “ဆေးဓာတ်ရှင်” ဟု သူ့ကိုပြောပြသည်။ သူအလွန်နှစ်သက်သည်။ တအံ့တသြ နားထောင်သည်။ သို့သော် ဝတၳုဇာတ်ကြောင်း တဝက်လောက်မှာ မော်တော်ကား ထွက်တော့မည်မို့ ကျွန်တော်တို့ ကားပေါ်ပြန်ရောက်ခဲ့ကြသည်။ ထိုးကားက သိပ်ပြီး မမြန်သည်မို့ မင်္ဂလာဒုံ မရောက်မီဘဲ မှောင်သည်။ ကားထဲမှာ မီးသီးလဲမပါသည်မို့ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေဆိုဘိသို့ ကားဝမ်းမှာ မှောင်လေ ကျွန်တော်တို့ ကြိုက်လေဖြစ်ကြသည်။ တယောက်ခါး တယောက် ဖက်ကြသည်။ 

စင်စစ် ဤကားသည် ဤအတိုင်း ခရီးဆက်လက် သွားပါက သူနှင့် ကျွန်တော်သည် တယောက် တယောက် သာယာထိတွေ့ကြသော်လည်း တဦးကို တဦး ချစ်ပါသည်။ ကြိုက်ပါသည်လည်း မပြော။ ဘယ်သူဘယ်ဝါ ဘယ်မှာ နေကြသည်လည်း မမေးမြန်းကြသေးသည်မို့ ဤကားဂိတ်ဆုံး မြေနီကုန်းသို့ ရောက်သော အခါ၌ ကားပေါ်မှ ဆင်း၍ ကိုယ်လမ်းကိုယ်သွားကြပေတော့မည်။ သို့သော် မမြှော်လင့်သော အရာက ဖြစ်ပေါ်ခဲ့၏။ သမိုင်း ကျိုက္ကလားမှ ကမာရွတ်နယ်မြေ အဝင်တွင် ဒိုင်းကနဲ မော်တော်ကားရှေ့ဘီး ပေါက်လေ၍ လမ်းဘေး ထိုးရပ်သွားလေတော့သည်။ ခေတ်နှင့်လျှော်ညီစွာ ထိုကားမှာ စပယ်ယာဘီး မပါေလေသဖြင့် ကဲ - ခရီးသည်များ ကိုယ်လိုရာ ဒီကဘဲ ဆင်းကြွကြပါရော့။ 

ညဥ့် ၉ နာရီ ကျော်နေပြီ။ ထိုအချိန်မှာ ကမာရွတ်တွင် ဆိုက်ကား၊ မြင်းလှည်းများ မရှိတော့ပြီ။ ခရီးသည်တွေ ရွစိရွစိ ဟိုဟိုသည်သည် သွားကြကုန်သည်။ 

ကျွန်တော်တို့နှစ်ယောက် ဒီတော့မှ ဘယ်သွားမှာလဲဟု တယောက် တယောက် မေးကြသည်။ သူက ကြည့်မြင်တိုင်ကို၊ ကျွန်တော်က စမ်းချောင်း။ 

“ဟာ … ဒါဖြင့် ဟန်ကျပြီ။ ကျွန်တော်တို့နှစ်ယောက် ခြေလျင်ဘဲ ဆက်သွားကြမယ်။ ဘာဝေးတော့တာမှတ်လို့။ ဘာပစ္စည်းမှလဲ လေးလေးလံလံ မပါကြဘဲ”

“အေး … ကောင်းတယ်။ ရှင်က ခုနဝတၳုဆက်ပြောပါ။ ကျမဆက်နားထောင်ချင်နေတာ အဆင်သင့်ဘဲ”

သို့ဖြင့် ကျွန်တော်တို့သည် မောသည် ပန်းသည်မရှိ။ တယောက်လက် တယောက်ကိုင်ကာ ဝတၳုပြောရင်း လာခဲ့ကြသည်။ 

ဤအတိုင်းဆိုပါက လမ်းမှာဘဲ ဝတၳုဇာတ်ကြောင်းလဲ ဆုံးပါလိမ့်မည်။ မြေနီကုန်းရောက်သောအခါ၌ ဂျပန်ခေတ် နာမည်ကျော် “ဆာကုရ” ရုပ်ရှင်ရုံကြီးတွင် ရုပ်ရှင်ဖြုတ်ကို ကြိုကြသော ဆိုက်ကား မြင်းလှည်း များနှင့်တွေ့၍ သူ့ကြည့်မြင်တိုင်သို့ သွားရန် မခဲယဉ်းတော့ပြီ။ ကျွန်တော်ကား မြေနီကုန်းရောက်ပြီ ဆိုလျှင် မအူပင်လမ်း အနီးကလေး ရှိတော့သည်။ သို့သော် ကမာရွတ်အဝိုင်းအလွန် ယခု “လိ်ုင်းပေါက်” ဟုခေါ်သော နေရာလောက် အရောက်၌ မမြှော်လင့်သော မိုးသည် သည်းထန်စွာ ရွာချလိုက်တော့ သူနှင့် ကျွန်တော်သည် လမ်းဘေးဆင်းပြေး၍ မိုးခိုရန် နေရာရှာကြတော့သည်။ အဆင်သင့်ပင် ကြံတောသွား၊ နာနတ်တော လမ်းဒေါင့်၌ လူသူမရှိသော ဈေးဆိုင်လေးကိုတွေ့ရသည်။ ပေါင်လယ်လောက်အမြင့် ဝါးကြမ်းအခင်းနှင့် တိုင်လေးတိုင်စိုက်၍ ဓနိမိုးထားသည်။ မိုးကောင်းစွာလုံသည်။ 

ကျွန်တော်တို့သည် အထဲဝင်ထိုင်ကြ၍ ကိုယ်က မိုးရေတွေသုတ်ကြပြီးနောက် ကျွန်တော်သည် သူ့ကို ဖက်၍နမ်းလိုက်သည်။ သူက လိုက်လျောပါ၍ အားရပါးရ ဖက်နမ်းလိုက်သည်။ ဟိုဝတၳုထဲက ဇာတ်လိုက် မင်းသား မင်းသမီးချစ်ခန်းကြိုက်ခန်းလဲ ပြောပြီးခါစကိုး။ 

ကျွန်တော်တို့သည် သဘာဝ အင်မတန်ကျပါသည်။ တယောက်တယောက် ချစ်ပါတယ်၊ ကြိုက်ပါတယ် ဟူ၍ လုံးပို တခုမှမပါ။ 

မိုးသည် သဲသဲမဲမဲ ရွာနေတုန်းပင်။ 
နံနက် အရုဏ်ပျိုးစ ကျွန်တော်အိပ်ရာမှ နိုသည်၌ မိုးစဲနေလေပြီ။ အဲ … အခုမှ ကျွန်တော်တို့ ဇာတ်လမ်း ဘယ်လို ဆက်ကြမလဲ။ စဉ်းစားရကျပ်လာသည်။ 

ကျွန်တော်၏ ပုဆိုးနှစ်ထည်ကို ဆက်ခင်း၍ ကိုယ့်လွယ်အိတ်ကိုယ် ခေါင်းအုံးကြကာ ကျွန်တော့် ကုတ်အကျႌကို နှစ်ယောက်ခြုံ၍ အိပ်ခဲ့ကြသည်။ 

သူက နိုးပုံမပေါ်သေးပါ။ 

ကျွန်တော်၏ ညမြင် လက်ပတ်နာရီကို ကြည့်လိုက်ပါသည်။ ၅- နာရီကျော်နေပြီ။ လင်းကြက် တွန်သံ၊ ညဥ့်ငှက်တို့ အိပ်တန်းပြန်ရင်း မြည်ကျူးသံ များကြားနေရပြီ။ မကြာမီ မိုးလင်းတော့မည်။ မိုးမလင်းမီ သူနှင့် ကျွန်တော် ခွဲခွာချင်ပါသည်။ တရားသဖြင့် သူနှင့်ကျွန်တော် ရှေ့ဆက်ရန် နည်းလမ်းမရှိပါ။ သု့ိသော် ကျွန်တော်ယောကျာ်းက မိန်းမသားတယောက်ကို အမှောင်ထဲတွင် စွန့်ပစ်သွားရန် သင့်ပါမည်လား။ 

ကျွန်တော် အခက်တွေ့နေပါပြီ။ သူ့ကိုယ်လဲ မထိရဲတော့။ ယမန်နေ့က ပြင်းပြခဲ့သော စိတ်များလည်း ဆင်ခြင်တရားဖြင့် ပြေပျောက်ကုန်လေပြီ။ သို့နှင့် ကျွန်တော် မလှုပ်ဘဲ ငြိမ်၍နေပါသည်။ သူနှိုးလျှင် နိုးရပါမည်။ သူစကားပြောလျှင် ပြောပါမည်။ 

သို့သော် မယ်မင်းကြီးမ တော်ပါပေသည်။ သူ အိပ်ရာက ထပါသည်။ ကျွန်တော့်ကို မနှိုးပါ။ ညင်သာစွာ သူ့ပစ္စည်းလေးများကို သိမ်းဆည်းပါသည်။ ကျွန်တော် အိပ်ချင်ယောင် ဆောင်လျက်ပဲ နေပါသည်။ 
နောက်ဆုံး၌ သူ့နှာခေါင်းမှ လေရှူသော အငွေ့လေး ကျွန်တော့်ပါးလာထိကာ “မေ့လိုက်တော့နော်” ဟူသော တီးတိုးသံလေး ကြားရပြီး သူဆိုင်ပေါ်မှ ဆင်း၍ ထွက်ခွာသွားပါတော့သည်။ ကျွန်တော့်ရင်ထဲ တမျိုးကြီး ခံစားရပါသည်။ 

ကျွန်တော် မျက်စိဖွင့် မကြည်ရဲသေးပါ။ တော်တော်ကြာမှ ကျွန်တော်ဝမ်းလျားမှောက်၍ သူသွားရာလမ်း လှမ်းကြည့်လိုက်တော့ အရုဏ်တက်စ လင်းရောင် ဝိုးတဝါးမှာ သူ့ကိုယ်ကို နောက်ဆုံး မြင်လိုက်မိပါ၏။ 

သူ … ဘယ်ကလဲ၊ ဘယ်သူလဲ၊ ကျွန်တော်မသိလိုက်ပါ။ 

ယခု ၂၅ - နှစ်ကျော်မှ သူ့ဆီကစာ သာဓုရုပ်ရှင်မှတဆင့် ရောက်လာခြင်း ဖြစ်ပါသည်။ မြတ်မွန် တယ်လီဖုန်းမှ ဖတ်ပြသည်မှာ မဆုံးသေးပါ။ နှစ်ယောက်သား ဝတၳုပြောရင်း လမ်းလျှောက်လာကြသည်မှ ဆက်လက်ဖော်ပြသည်မှာ…
အဲသည်တုန်းမှာဘဲ ကမာရွတ် အဝိုင်းကြီးကျော်တော့ မိုးတွေရွာချလို့ လမ်းဘေး လူမရှိတဲ့ ဈေးဆိုင်လေးထဲ ဝင်ခိုကြတယ်။ 

ကဲ … ဦးသော်တာဆွေ အဲလောက်ဆိုရင် ရှင် - ကျမတို့ ဇာတ်ကြောင်း ကောင်းကောင်းကြီး မှတ်မိလောက်ပါပြီ။ ကျမ အိပ်ရာထတော့ ရှင် အိပ်ချင်ယောင် ဆောင်နေတာ ကျမသိပါတယ်။ ကျမ စိတ်ကြိုက်ပေါ့။ ကျမနဲ့ ရှင် ရှေ့မဆက်နိုင်ပါဘူး။ ကျမက လွတ်လပ်သူမှ မဟုတ်တာဘဲ။ ဖအေလောက်ရှိတဲ့ လူကြီး ပစ္စည်းကြောင့် လင်လုပ်ထားရတယ်။ ကျမ နဲနဲ မှ မကြည်ဖြူပါဘူး။ ကျမအရွယ် ကျမရုပ်နဲ့ ကျမန့ဲ ရွယ်တူ လူငယ်ချောချော ချစ်ချင်တာပေါ့။ ဒါနဲ့ ကျမ ကားပေါ်မှာ ရှင့်ကို သာယာမိတာကအစ အခြေအနေတွေက မမြှော်လင့်တဲ့ဆီ ရောက်အောင် ပို့ပစ်လိုက်တယ်။ 

ဦးသော်တာဆွေ ရှင် ကျမကို ဘယ်လိုထင်မလဲမသိဘူး။ ကျမ လင်ကံဆိုးသူပါ။ အဲဒီအသက်ကြီးကြီးလူနဲ့ ပေါင်းလို့ ၈- နှစ်လောက် အကြာမှာ ကျွန်မ မုဆိုးမ ဖြစ်ပါတယ်။ အဲသည် တော့ ကျမ အသက် ၃၀ - လောက်ပေါ့။ နောက်တနှစ်လောက်အကြာမှာ ရှင့်အရွယ်လောက်ရှိတဲ့ လူချောလေးနဲ့ ကျမ အိမ်ထောင်ပြုပြန်တယ်။ အဲဒါဟာ ကျမ အမှားဘဲ ဦးသော်တာဆွေရယ်။ လား - လား ဒီကောင်လေးက သူူ့ထက်ကြီးတဲ့ ကျမ မုဆိုးမကို ပစ္စည်းကြောင့် ယူတာကိုးရှင့်။ ဒီတော့ ကျမ ပထမအိမ်ထောင်တုန်းက ဖြစ်ခဲ့သလို သူနဲ့ကျမ နေရာချင်းလဲပြီး မသာယာမှုတွေ ဖြစ်ကြပြန်တာပေါ့။ ဒီလို ဖြစ်လိမ့်မယ်လို့ ကျမ မစဉ်းစားမိခဲ့ဘူး။ ကိုယ့်ရမ္မက်သာ ကိုယ်ကြည့်တာကိုး။ ကျမ မိုက်တာပါ။ 
ဪ - နောက်မှ နောင်တရတော့လဲ နောင်တဘဲ ရှိတော့တာပေါ့ရှင်။ 
သို့သော်လည်း ဘဝဆိုတာ သင်္ခါရချည်း မဟုတ်ပါလား ဦးဆွေ။ အခု အသက်အရွယ်ကြီးလာလို့ လင်စိတ်သားစိတ်ကုန်တော့ ဒီသောကတွေလဲ ငြိမ်းပါပြီ။ ကျမ အခု အသက် ၅၀ - ထဲ ရောက်ပြီ။ ဪ ရုပ်ရှင်ထဲ ရှင့်ရုပ်မြင်ရတော့ ရှေးဖြစ်ဟောင်းလေး သတိရလို့ ဒီစာရေးလိုက်တာပါ။ ကျမ ဘယ်သူလဲ၊ ခု ဘယ်မှာလဲတော့ မသိချင် ပါနဲ့တော့ရှင်။ မထူးတော့ပါဘူး။ 

ကဲ တော်လောက်ပါပြီ။
တခါက “ကျမကောင်လေး” ကျန်းမာ ချမ်းသာ ပါစေရှင်။ 

ကျွန်တော် သူ့စာကို ဖတ်ပြီး သူ့ပုံရိပ်ကို ပြန်စဉ်းစားသည်။ အသားဖြူဖြူ အရပ်နွယ်နွယ်နှင့် ချစ်စဖွယ်လေး ဆိုသည်မှတပါး သူ့မျက်နှာကို မျက်စိထဲ မြင်ယောင်၍မရပါ။ 

ထို့ကြောင့် “ကျွန်တော် မေ့ခဲ့သောသူ” ဟူ၍သာ အဆုံးသတ်လိုက်ပါ၏။ 

သော်တာဆွေ

(ငွေတာရီ မဂ္ဂဇင်း၊ ဖေဖော်ဝါရီလ။ ၁၉၆၉ ခု) 

စာဖတ်သူ မိတ်ဆွေများခင်ဗျာ။ ယခုဝတၳုပါ စာလုံးပေါင်းသတ်ပုံများသည် မူလဝတၳုပါအတိုင်း ကူးယူ ဖော်ပြခြင်းသာ ဖြစ်ပါသည်။ မြန်မာစာအဖွဲ့၏ ၂၀၁၄ ခုနှစ်ထုတ် မြန်မာစာအဘိဓာန်ပါ စာလုံးပေါင်းမူများနှင့် ဝတၳုပါ စာလုံးပေါင်းအချို့ ကိုက်ညီမှုမရှိပါ။ စာကူးသူ၏ အားနည်းချက်ပါလျှင်လည်း ခွင့်လွှတ်ရန် မျှော်လင့်ပါကြောင်း …။

​ကျေးဇူးကမ္ဘာပါ...
ဆရာစက်​​ဖေ​

”Mg thwin author” ပေ့ဂျ်ကနေ ကူးယူပါတယ်။

စလေ ငနော့ 



Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်