ရမ်ဘိုပါးစပ်နှင့် မီးယပ်သွေးဆုံး § အဏ္ဏဝါစိုးမိုး
ရမ်ဘို ပါးစပ်နှင့် မီးယပ်သွေးဆုံး
•••••••••••••••••••••••••••••••••
အဏ္ဏဝါစိုးမိုး
ကိုအဏ္ဏဝါမောင် အိပ်ရာမှ မထသေးသော်လည်း နိုးနေသည်။ ခေါင်းရင်းအိမ်က စိတ်ဝေဒနာသည် ဒေါ်လှကြွယ်၏ ဘုရားရှိခိုး မေတ္တာပို့သံကို ကြားနေရသည်။
'အစိန္တယျေ အစိန္တယျေ အစိန္တယျေ၊ အပ္ပမေယျ အပ္ပမေယျ အပ္ပမေယျ လမ်းထိပ် အလှပြင်ဆိုင်က ကောင်မလေးတွေ ရွမနေကြနဲ့၊ ပျံမနေကြနဲ့၊ လန်မနေကြနဲ့၊ ကော့မနေကြနဲ့၊ မော့ မနေကြနဲ့၊ ရှောက်သီးဆေး ပြားသည် မိတ်ကပ်ခြယ်လိုက်ရင် နင်တို့လောက်တော့ လှတယ်ဟဲ့၊ လွတ်လပ်ရေး ရပြီးခါစ ခရမ်းသုံးခွနယ်တစ်ဝှမ်းမှာ ကွမ်းတောင် ပန်းတောင်ကိုင်ခဲ့တဲ့ သူကြီးသမီး၊ မလှကြွယ်ဆိုတာ ငါပဲဟဲ့၊ အစဲ၊ မင်းဂလွမ်း၊ ဗော့သပြေကန်၊ ကုန်းသပြေကန်၊ တစ်နံတစ်လျားမှာ ရှားရှားပါးပါး ချောတဲ့ လှတဲ့သူဆိုလို့ ငါတစ်ယောက်တည်း ရှိခဲ့တယ်ဟဲ့ ကောင်မတွေရဲ့၊ အဲဒီတုန်းက အလှပြင် ဆံပင် ကောက်တဲ့ဆိုင်တွေ မပေါ်သေးဘူးဆိုတာ မှတ် ထားကြကုန်လော့၊ မြတ်ရှင်စော ဩကာသ ဩကာသ ဩကာသ'
စိတ်ဝေဒနာသည် နှင့် အိမ်နီးချင်းဖြစ်ရသူ သငေ်္ဘာသား ကိုအဏ္ဏဝါမောင် စိတ်ညစ်သည်။ ဘုရားရှိခိုးသံကို သိကြားမင်းကြီး ကြားသွားပြီး မိုးကြိုးနှင့် ပစ်လျှင်တောင် စက်ကွင်းလွတ်မည် မဟုတ်၍ ပိုပြီး စိတ်ညစ်သည်။ နေ့စဉ် နံနက် စောင်းမြောင်းရေရွတ်နေသော ဒေါ်လှကြွယ်၏ စောင်းသံကို ကြားနေရ၍ဖြစ်သည်။
အသက် ငါးဆယ်ကျော် သွေးဆုံးချိန်တွင် သွေးလေက မမှန်၊ အာဟာရချို့တဲ့ပြီး စိတ်ကယောက်ကယက် ဖြစ်လာရာမှ တစ်နေ့တခြား ဆိုးရွားလာခြင်း ဖြစ်သည်။
သူ့ကိုယ်သူ အမွှမ်းတင်ပြီး လူတကာကို ပြစ်တင်ကြိမ်းမောင်းသည်။ သူ့ယောက်ျားနှင့် သားသမီးများကိုပင် ချမ်းသာမပေး၊ စိတ်ကြီးဝင် ဘဝင်မြင့်ပြီး ဖြစ်ချင်တာတွေ ဖြစ်မလာခဲ့၍ ခံပြင်းနေဟန်တူသည်။ ထိုမှတဆင့် စိတ်ရောဂါ ရရှိသွားခဲ့ခြင်းဖြစ်သည်။
'ဘုရားစင်ရှေ့က ပင်စင်နာကြီး မထသေးဘူးလား၊ ရှင့်အဆက်ကြီး ပဲပြုတ်သည် ဒေါ်မဲတူ အော်သံမကြားလို့ မထတာလား။ ရှင့်ဟာမကြီး မနေ့က နို့ဆီတစ်လုံး မဲပေါက်ထားလို့ ဘဝင်မြင့်နေတယ်။
ဒီနေ့လာမှာ မဟုတ်ဘူး။ ထတော့၊ အဲဒီလို နေမြင့်မွန်းတည့် အိပ်ချင်ရင် အစက ဘာလို့ ကျောင်းဆရာလုပ်ခဲ့တာလဲ၊ သူများတွေလို သူဌေးဖြစ်အောင်လုပ်ပါလား။ အခုတော့ မဟုတ်ပေါင်တော်၊ ကျောင်းဆရာအလုပ်ကိုမှ ဝါသနာပါသတဲ့၊ ကလေးတွေကို စာသင်ပေးရတာ ပညာပါရမီ ဖြည့်ဆည်းရတာမို့ ကုသိုလ်ရသတဲ့၊ အနနေ္တာ အနန္တ ဂိုဏ်းဝင်မို့ မွန်မြတ်သတဲ့၊ တော်တော်အပြောကောင်းတယ်၊ အခုတော့ ပင်စင်စားဘဝနဲ့ မမွန်မြတ်ပဲ အလွန်ငတ်နေပြီမဟုတ်လားဟဲ့ ကျောင်းဆရာကြီးရဲ့'
'ဟေ့ တော်စမ်းကွာ၊ မနက်စောစောစီးစီး မိုးမလင်းသေးဘူး'
အိမ်ရှေ့ခန်းက ဘုရားစင်ရှေ့မှာ အိပ်နေသော ဆရာကြီးဦးထွန်းရွှေ၏ အော်ငေါက်ကြိမ်းမောင်းသံကြီး ထွက်ပေါ်လာသည်။ စိတ်ဝေဒနာသည် ဇနီးကြောင့် ဆရာကြီးခမျာလည်း စိတ်ညစ်ရှာလိမ့်မည်ဟု တွေးမိပြီး ကိုအဏ္ဏဝါမောင် သက်ပြင်းချလိုက်သည်။
ဆင်းရဲသားရပ်ကွက်ထဲက နှစ်ဦးတစ်ကွက်ကျ မြေပေါ်မှာ အိမ်ချင်းပူးကပ်စွာ ဆောက်ထားကြရသော အိမ်နှစ်အိမ်မှာ ဝါးထရံနှစ်ချပ်သာ ခြားသလိုဖြစ်နေသဖြင့် လူခြေတိတ်ချိန်မှာ ဟိုဘက်အိမ်က အသက်ရှူသံကိုပင် ဒီဘက်အိမ်က ကြားနေရသည်။ လွတ်လပ်မှု သိပ်မရှိဖြစ်နေသည်။ ကိုအဏ္ဏဝါမောင် စိတ်ညစ်တာ အဲဒါလည်း ပါသည်။
ကိုအဏ္ဏဝါလည်း ပြည်တော်သာ ခေတ်နှောင်းပိုင်းမှာ ခုနစ်တန်းအောင်ခဲ့သူမို့ ခေတ်အပြောင်းမှာ မြောင်းတည့်ပြီး သငေ်္ဘာသားဖြစ်လာခဲ့သည်။ ကျောင်းဆရာ မလုပ်မိလို့ တော်ပါသေးရဲ့ဟုတွေးမိပြီး သူ့ဘေးမှာ ကွေးအိပ်နေသော ချစ်ဇနီး မဖြူတုတ်၏ ပါးကို မွှေးမွှေးပေးလိုက်သည်။ နိုးနေသူ မဖြူတုတ်ကလည်း အလားတူ တွေးနေဟန်ရှိသည်။ မျက်နှာလေး မော့ပေးသည်။ အိပ်ရာက မထကြသေးပဲ စောင်တထည်တည်းကို နှစ်ယောက်လုံအောင်ဆွဲခြုံပြီး တစ်ဦးကိုတစ်ဦး တင်းတင်းဖက်ထားလိုက်ကြသည်။ ကံကောင်းတဲ့ တို့နှစ်ယောက်ဆိုသည့် သငေ်္ကတဖြစ်သည်။ ခေါင်းရင်းအိမ်က ဒေါ်လှကြွယ်၏ အာရုဏ်တက် မေတ္တာပို့သံကို ဆက်လက် နာခံနေကြသည်။
'ဖအေတူ သားတွေကလည်း လာချေသေးတယ်၊ အမ်စီတက်ချင်သတဲ့၊ အာအိုင်တီတက်ချင်သတဲ့၊ ငတ်သေမဲ့ကောင်တွေ၊ ဆယ်တန်းအောင်ရင် တက်ကြဟေ့၊ တက်ကြ၊ စာတစ်လုံးမှ မတတ်တဲ့ ဆာမိတို့ ရေလှည်းတွန်းနေရာက အရက်ဆိုင်မှာ ပုလင်းကောက်၊ ဖန်ခွက်သိမ်း လုပ်အားပေးရင်းနဲ့ တယ်လီဗေးရှင်းတောင် ဝယ်နိုင်နေပြီ။ ဓါတ်ဆီဆိုင်မှာ ရရာဝင်လုပ်တဲ့ ပန့်ဆွဲဘိုးထောင်တို့များ မော်တော်ဆိုင်ကယ်နဲ့ တိုက်ခံအိမ်နဲ့ ဖြစ်နေပြီ၊ ဘယ်လောက်အားကျဖို့ ကောင်းလဲ။ အလုပ်ဟူသမျှ ဂုဏ်ရှိစွတဲ့၊ ဆေးရုံ ဂိတ်စောင့်တောင် တစ်နေ့ အစိတ်သုံးဆယ် ရတဲ့ခေတ်မှာ ကြုံရာကျရာ ဝင်လုပ်ပေါ့။ ဒီအိမ်က သူဌေးသားတွေက မလုပ်ဘူး၊ ပညာပဲ ဆက်သင်ချင်သတဲ့၊ ဆရာဝန် အင်ဂျင်နီယာ မဖြစ်ခင် ငတ်သေမယ့်ကောင်တွေ၊ စာကြိုးစားကြဟေ့၊ ကြိုးစားကြဟဲ့'
တွေ့သမျှ မြင်သမျှကို ပစ်ခတ်တိုက်ခိုက်တတ်သော ဗီယက်နမ်စစ်ပြန်ကြီး ရမ်ဘို၏ သေနတ်လို မီးယပ်သွေးဆုံး စိတ်ဝေဒနာသည် ဒေါ်လှကြွယ်၏ ပါးစပ်သေနတ်ကလည်း လင်ကိုသာမက သားသမီးတွေကိုပါ ချမ်းသာမပေးတော့ပေ။ လာပြန်ပြီ နောက်တစ်မျိုး။
'အခုတော့ ထိပ်ပြောင်ကြီးနဲ့ ဘတ်စ်ကားတွယ်စီးပြီး မယားကြီးအိမ်နဲ့ မယားငယ်အိမ်ကို ကူးချည်သန်းချည် လုပ်နေရပြီမလား'
ကိုအဏ္ဏဝါမောင် ဦးနှောက်ခြောက်သွားသည်။ ရပ်ကွက်ထဲမှာ ထိပ်ပြောင်တွေက အများကြီး။ ကိုအဏ္ဏဝါမောင်လည်း ထိပ်ပြောင်သူ စာရင်းထဲမှာပါနိုင်သည်။ သေချာအောင် စောင်ခြုံထဲက လက်ကိုထုတ်ပြီး သူ့ခေါင်းသူ စမ်းကြည့်မိသည်။ ပြောင်နေတာ တွေ့ရသည်။ မဖြူတုတ်က ကိုအဏ္ဏဝါမောင် လက်ကို ဆွဲယူပြီး စောင်ထဲ ပြန်ဆွဲသွင်းလိုက်သည်။ သူ့ကို ပြန်ဖက်ထားရန်သာ အချက်ပြသည်။ ရှင့်ကို ပြောတာမဟုတ်ဘူး။ ဘယ်သူ့ကို ပြောတယ်ဆိုတာ ကျွန်မသိတယ်၊ နောက်မှ ပြောပြမယ်၊ ဆက်သာ နားထောင်ဆိုသည့် သဘော။ နိုင်ငံခြားမှာချည်း အနေများ၍ ရပ်ကွက်ထဲကအကြောင်း ဘာမျှ မသိသော ကိုအဏ္ဏဝါ အရမ်း သဘောကျသွားသည်။ သတင်းစုံသော ဒေါ်လှကြွယ်ကို ကျေးဇူးတင်မိသည်။
'သမဆိုင်က ကျောက်သင်ပုန်းမှာ ရွှေဝါဆပ်ပြာတစ်ပိုင်း၊ နို့ဆီဘူးတစ်ဝက်၊ ဒီနေ့နောက်ဆုံးလို့ရေးတာ ဘယ်သူလဲ၊ အိပ်ရာကထရင် သွားမေးကြစမ်း။ လကုန်ရက်ကြီး သူ့မေလင်ဆီက ပိုက်ဆံရလို့ ထုတ်နိုင်မှာတဲ့လား။ တရုတ်ပြည်လုပ် ငါးခွက်ဝင် ဓါတ်ဘူးသုံးလုံးကို ဦးရာလူစံနစ်နဲ့ ကုန်ပြီဆိုတာကရော ဘယ်ကောင့်လက်ရာလဲ။ မြန်မာစာကို မြန်မာတွေနားလည်းအောင် ရေးတတ်ကြရဲ့လား။ လမ်းထဲမှာလာပြီး အိမ်ငှားနေတဲ့ စာရေးဆရာဆိုတဲ့အကောင်လဲ အလကားပဲ၊ စာရေးဆရာဆိုလို့ အထင်တကြီးနဲ့ အားကိုးရမလားအောက်မေ့ ပါတယ်။ မြို့ထဲက ပြန်ရောက်လာတာနဲ့ အိမ်ထဲက အိမ်ပြင်ကို မထွက်လာတော့ဘူး။ အရက်နံ့ပဲ ထွက်လာတယ်။ မဟုတ်တာကို အဟုတ်ထင်အောင် လုပ်ကြံရေးတတ်တဲ့ သူကို စာရေးဆရာလို့ခေါ်တယ် ဟေ့၊ မှတ်ထားကြ၊ နေ့တိုင်း ဒါပဲဝတ်ပြီး မြို့ထဲထွက်တဲ့ စာရေးဆရာ ကိုဒါဝတ်ရေ သမဆိုင်က ကျောက်သင်ပုန်းမှာ စာပြင်ဆရာ လုပ်ပါလားဟဲ့'
စောင်ခြုံထဲက ကိုအဏ္ဏဝါမောင် ပြုံးမိသည်။
မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေး ထိုးထိုးထောင်ထောင် ဖြင့် ပိန်ညှောင်ညှောင် အရပ်မြင့်မြင့် စာရေးဆရာဆိုသူ၏ ပုံကို မြင်ယောင်လာသည်။ လွန်ခဲ့သည့် သုံးလခန့်ကမှ ဒီလမ်းထဲကို ပြောင်းရွှေ့လာသူဖြစ်သည်။ စကားနည်း၍ တည်ငြိမ် အေးဆေးစွာ နေတတ်သူဖြစ်သည်။ ဒီလိုလူမျိုးကိုလည်း ဒေါ်လှကြွယ်က ချမ်းသာမပေးပါလားဟု ကိုအဏ္ဏဝါမောင် တွေးပြီး ပြုံးလိုက်မိခြင်း ဖြစ်သည်။
'သငေ်္ဘာသား ဆိုတဲ့ ကောင်ကလဲ သငေ်္ဘာလိုက်စားနေတာ ဆယ် ကိုးနှစ်ရှိပြီ၊ ခုထိ လူမွေးလူတောင် မပြောင်သေးဘူး။ တခြားသငေ်္ဘာသားတွေလို ရွှေတောင်ကြားတို့၊ ဝင်ဒါမီယာတို့၊ ပါရမီတို့မှာ ဝယ်ပါတော့လား၊ အခုတော့ မဟုတ်ပေါင်တော်၊ ဗွက်ထူ ခြင်ပေါတဲ့ ဒီလမ်းထဲကကို မထွက်ဘူး'
'ဟေ့ ကြားသွားပါ့မယ်ကွ၊ နင့်ပါးစပ် တော်တော်သရမ်းနေပါ့လား'
ဆရာကြီး၏ ကျိတ်ပြီး ကြိမ်းမောင်းသံကို တိုးတိုးကြားရသည်။ သငေ်္ဘာသား အလှည့်ရောက်လာရုံ သာမက ဒီလမ်းထဲက ဆိုတော့ ကိုအဏ္ဏဝါမောင်ရော၊ မဖြူတုတ်ပါ ခေါင်းထောင်ပြီး နားစွင့်ကြရတော့သည်။
'ကြားပါစေ၊ ကြားပါစေ ကြားအောင်တမင် ပြောနေတာ၊ ဆယ်နှစ်လောက် သငေ်္ဘာလိုက်ပြီးမှ တယောတံဆိပ် မီးခြစ်ဘူးအရွယ်လောက်ရှိတဲ့ တယ်လီဗေးရှင်းလေး တစ်လုံးပဲ ရှိသေးတယ်၊ ဒီရပ်ကွက်ထဲက ထွက်နိုင်ဖို့ဆိုတာတော့ ဝေးရော၊ မီးခြစ်ဘူးပေါ်က တယောကမှ တီးရင်မြည်ဦးမယ်၊ နင့်တယ်လီဗေးရှင်းက အသံမထွက်ဘူးဟေ့ သိပြီလား'
သိပြီလားဆိုတော့ ကိုအဏ္ဏဝါမောင် သိလိုက်ပါပြီ။ ရုပ်ရှင်လာသည့် ညက သူတို့အိမ်က မကြားအောင် အသံကို တိုးထားမိ၍ အညှိုးဖြင့်ဆော်နေခြင်း ဖြစ်သည်။ တစ်ဆယ့်လေးလက်မ တီဗွီဟာ သေးတော့ သေးတာပေါ့၊ ဒါပေမယ့် သူပြောသလို တယောတံဆိပ် မီးခြစ်ဘူးလောက်တော့ မသေးပါဘူးဗျာ ဟု ကိုအဏ္ဏဝါမောင် ချေပပြောဆိုလိုက်မိသည်။
'သငေ်္ဘာသားဆိုတော့ ကိုယ်ပိုင်ကားသာ မစီးနိုင်သေးရှိရမယ်၊ မယားငယ်တော့ ထားနိုင်ပါသေးတယ်တော်၊ သငေ်္ဘာသား ကားဝယ်ရောင်း လုပ်တဲ့ တရုတ်သူဌေးရဲ့ အပျော်မယား ကောင်မက ရုပ်ရှင်နဲ့ ပြဇာတ်မင်းသမီးပါဆိုပြီး ဆပ်ပြာပူဖောင်း မဂ္ဂဇင်းမှာ မျက်နှာဖုံးပုံ ပါလာတော့ ယုံပြီးကြိုက်လိုက်တာလေ၊ မြို့ထဲက တိုက်ခန်းတစ်ခန်းမှာ တစ်လငါးရာ ပေးထားပြီး တရုတ်သူဌေးနဲ့ တစ်လှည့်စီ ပေါင်းကြသတဲ့တော့၊ အံ့ရော အံ့ရော'
'ဟေ့ နင်တော်တော် လွန်နေပြီကွ၊ သူများ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို အော်ကျယ်ဟစ်ကျယ်နဲ့ နင်ဘယ်လိုလဲ၊ ပြောမရရင် ငါထလုပ်မိတော့မယ်နော်'
ဘုရားရှိခိုးနေဟန်တူသည့် ဆရာကြီး ဦးထွန်းရွှေ၏ ကြိမ်းမောင်းသံက ပြင်းထန်တင်းမာလာသော်လည်း ကိုအဏ္ဏဝါမောင်ကို ဖက်ထားသည့် ဇနီးမဖြူတုတ်၏ လက်တွေက ဖြေလျော့ပျော့ကျသွားတော့သည်။ ခြုံထားသောစောင်ကို ဆွဲဖယ်လိုက်ပြီး အိပ်နေရာမှ ကုန်းထထိုင်လိုက်သည်။ ပြီးတော့ စောင်းအိပ်နေသော ကိုအဏ္ဏဝါမောင်၏ ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် တအားဆောင့်တွန်းလိုက်သည်။
'ရှင့်ခြေလှမ်းတွေ ပျက်နေတာကြာပြီ၊ အခု ဒေါ်လှကြွယ် ပြောမှ တိတိကျကျသိရတော့တယ်၊ ဒေါ်လှကြွယ်တောင် သိနေပြီဆိုတော့ တစ်မြို့လုံး သိနေကြလို့ပေါ့ ဟင်၊ ရှင်ဘာငြင်းဦးမလဲ၊ သေနာကောင်ကြီးရဲ့'
မဖြူတုတ်သည် ထိုင်ရာမှ ထရပ်ပြီး ထဘီကို တိုတိုပြင်ဝတ်လိုက်သည်။ ပြေကျပွယောင်းနေသည့် ဆံပင်တွေကို စုစည်းထုံးနှောင်လိုက်သည်။ တိုက်ပွဲဝင်ရန် အသင့်ပြင်သည့် သဘောဖြစ်သည်။ ကိုအဏ္ဏဝါမောင် မနေသာတော့၍ လှဲနေရာမှ အလန့်တကြားထိုင်လိုက်ရတော့သည်။ ပြန်လည် တိုက်ခိုက်ရန် သို့မဟုတ် ခုခံရန်၊ သို့မဟုတ် အထိမနာစေရန် တခုခုဖြစ်သည်။
တစ်ဖက်အိမ်က စိတ်ဝေဒနာသည် ဒေါ်လှကြွယ်၏ အသံကလည်း ပဌာန်းရွတ်နေသလိုပါပဲ၊ အသံမစဲဘူး၊ ဇာတ်ပွဲတွေထဲမှာ နောင်ဂျိန်ချရန်အတွက် ဗိန်းမောင်းဆိုင်း တီးပေးနေသည်နှင့်ပင် တူသေးတော့သည်။
'ဟုတ်တာပြောနေတာ၊ မှန်တာပြောတာ၊ ကောင်မတွေကလဲ ကောင်မတွေပဲ၊ ပိုက်ဆံတတ်နိုင်တဲ့ ယောက်ျားဆိုရင် ခေါင်းမှာ ဆံပင်တစ်မွှေးမှ မရှိတဲ့ အကောင်ကိုလဲ ကြိုက်ကြတာပဲ'
ကိုအဏ္ဏဝါမောင် သူ့ခေါင်းကို ဒုတိယအကြိမ် ယောင်ရမ်းပွတ်စမ်းလိုက်မိသည်။ မဖြူတုတ်၏ မျက်လုံးအစုံမှ ထွက်နေသော ဒေါသအရောင်တို့သည် ပြောင်နေသည့် ကိုအဏ္ဏဝါ၏ နဖူးမှ အရောင်ပြန် ကန်ထွက်လာမလား ထင်ရသည်။
ကိုအဏ္ဏဝါမောင်က မဖြူတုတ်ကို မော့ကြည့်ပြီး လေသံပျော့ပျော့ ဖြင့် ချော့ချော့မော့မော့ ပြောလိုက်သည်။
'တိုးတိုးပြောပါ မဖြူရာ၊ အရူးပြောစကားတွေကို ယုံပြီး ပြဿနာတက်ရတာ နင်မရှက်ဘူးလား၊ ထိုင်စမ်းပါဦး'
'ကျယ်ကျယ်ပဲ ပြောရမယ်၊ မရှက်နိုင်ဘူး၊ အရူးဆယ်ခွန်းပြောရင် တစ်ခွန်း မှန်တယ်တဲ့၊ အခု အခွန်းတစ်ရာမကဘူး ပြောနေတာ၊ ရှင်ကြားတယ် မလား။ ပတ်ဝန်းကျင် ကြားမှာတော့ ရှက်နေတယ်၊ မယားငယ်ယူတာတော့ မရှက်ဘူး မဟုတ်လား၊ မသာကြီး သေခါနီးကြီး၊ သေခါနီးမှ ထတာ သေပေရော့၊ ကဲဟာ ကဲဟာ'
ကျားသစ်မတစ်ကောင်ကဲ့သို့ မာန်ဖီနေသော မဖြူတုတ်သည် စောင်ခြုံတစ်ပိုင်းဖြင့် ငုတ်တုတ်ကလေးထိုင်ပြီး မော့ကြည့်နေသော ကိုအဏ္ဏဝါမောင်ကို ရင်ဘတ်ပေါ်ခွစီး ဖိထိုင်လိုက်သည်။ ရှိသမျှခွန်အားတွေကိုသုံးပြီး ဖိရိုက်၊ ကုတ်ဖဲ့၊ ကိုက်ဆွဲ ဝုန်းဒိုင်းကြဲလိုက်တာ တစ်အိမ်လုံး သိမ့်သိမ့်တုန်သွားလေတော့သည့်။ ကိုအဏ္ဏဝါမောင်ခမျာမှာ ဘာမှ ဖြေရှင်းချက်ပေးဖို့တောင် အချိန်မရနိုင်ပဲ အသက်အန္တရာယ်နှင့် နီးသည့် အရေးကြီး နေရာတွေကို မထိအောင် ကာကွယ်နေရတော့သည်။
အာရုဏ်မတက်မီထဲက တွေ့သမျှ မြင်သမျှတွေကို မနားတမ်းပစ်ခတ် တိုက်ခိုက်နေခဲ့သော မီးယပ်သွေးဆုံး စိတ်ဝေဒနာသည် ဒေါ်လှကြွယ်၏ ပါးစပ်သေနတ်ကြီးသည် ကိုအဏ္ဏဝါမောင်နှင့် မဖြူတုတ်တို့ လင်မယား ထသတ်ကြတော့မှပဲ အပစ်အခတ် ရပ်စဲသွားလေတော့သည်။
သဗေ္ဗသတ္တာ အဝေရာဟောန္တု။
အဏ္ဏဝါစိုးမိုး
ဒုက္ခရသဝတၳုတိုများမှ
စာရိုက် - Aung Wint Naing
ကို Aung Wint Naing ဖေ့စ်ဘုတ်ကနေ ကူးယူပါတယ်။
စလေ ငနော့
Comments
Post a Comment