ဖြစ်လာခဲ့ရပုံက § အောင်သင်း

ဖြစ်လာခဲ့ရပုံက
••••••••••••••••••••

အောင်သင်း

၁၁-၅-၉၉ ထုတ် “ရွှေပြည်တန်ဂျာနယ်” အမှတ် ၁၂ တွင် ကားတွန်းစိန်ကြီး၏ “၈ဝ ပြည့် ဆရာနှင့် ၆၀ ကျော် တပည့်များ” ဟူသော ဆောင်းပါးကို ကြည်နူးဖွယ်ရာ ဖတ်လိုက်ရပါသည်။ အသက် ၆၀ ကျော် တပည့်ခေါင်းဖြူတွေက အသက် ၈၀ ကျော် ဆရာကို သွားရောက်ကန်တော့ကြပုံကို ရေးထား
လိုက်သည်မှာ စာဖတ်သူပင် သူတို့နှင့်ရောပြီး ပျော်လာလောက်ပါပေသည်။ ထိုမျှလောက်သာဆိုလျှင် ဤဆောင်းပါးကို ရေးဖြစ်မည် မထင်ပါ။ သို့သော် သူ၏ ဆောင်းပါးနိဂုံးတွင် “ကျွန်တော်တို့ငယ်စဉ်က ဝိုင်းကျူရှင် မရှိခဲ့၊ သီးခြား ကျူရှင် မရှိခဲ့၊ ဂုဏ်ထူးသင်တန်းများ မရှိခဲ့၊ ဂုဏ်ထူးဘော်ဒါများ မရှိခဲ့၊ သို့သော် ကျွန်တော်တို့ ပညာပြည့်စုံခဲ့ကြသည်” တဲ့။ ထို့ကြောင့် ဤ ဆောင်းပါးကို ရေးလိုက်မိခြင်း ဖြစ်ပါသည်။

ကာတွန်း ဦးစိန်ကြီး ပြောသည်မှာ အမှန်ပင် ဖြစ်ပါသည်။ ကျွန်တော်တို့ ငယ်ငယ်က ဆရာက သီးခြား အိမ်ခေါ်ပြီး စာသင် ပေးရသည်။ ဆရာ့အိမ်မှာ ည သွားအိပ်ရသည်ဆိုလျှင် အရေး ကြီးသော စတုတၳတန်းတွင် စာညံ့လွန်းသော ကျောင်းသားမို့သာ ဖြစ်သည်။ ဆရာက ပိုက်ဆံတစ်ပြားမှ မရရှိသည့်ပြင် လက်ဖက်ကလေး ဘာလေးပင် ချကျွေးလိုက်ရသေးသည်။

ထို့ကြောင့် ကျူရှင် ဘာကြောင့် ပေါ်လာရသနည်း ဆိုသည်ကို နောက်ကြောင်း ခြေရာခံကြည့်မိပါသည်။

ပထမဆုံး လက်သည်ကတော့ ဒုတိယ ကမ်ဘာစစ်ကြီးဟု ဆိုချင်ပါသည်။
စစ်ကြီးအတွင်း ဂျပန်ခေတ်တွင် တစ်ပြည်လုံး အတိုင်း အတာနှင့်ဆိုသော် စာသင်ကျောင်းဟူ၍ မည်မည်ရရ မရှိခဲ့။ ကြိုးကြိုးကြားကြား ကျောင်းကလေးတွေ ရှိခဲ့ပါ၏။ သေချာ စာမသင်ခဲ့ရ။ လေးငါး ခြောက်နှစ်မျှ ပညာရေး ပျက်သွားခဲ့ ရ၏။ ပညာရေးပျက်သော်လည်း လူငယ်တွေ၏ အသက်က ရပ်မနေ၊ လူပျိုပေါက်တွေ အပျိုပေါက်တွေ ဖြစ်လာကြပြီ။ သို့နှင့် စစ်ကြီးပြီးတော့ ကလေးပေါက်စတွေအဖို့တော့ ပြဿနာမဟုတ် မူလတန်း အလယ်တန်းတို့တွင် ပညာဆက်သင်လိုက်ရုံသာ ဖြစ်သည်။ ခက်သည်က အသက် ဆယ့်ရှစ် ဆယ့်ကိုးနှင့် နှစ်ဆယ်ကျော်တွေပဲ ဖြစ်သည်။ အသက် ဆယ့်ရှစ်နှစ်လောက်ကြီးနှင့် ဆဋ္ဌမတန်းတွင် ကလေးတွေနှင့် ရောပြီးတော့လည်း မထိုင်ချင်တော့။

ဒီအချိန်တွင် အစိုးရ ပညာရေးဌာနက မည်သူမဆို အသက် ဆယ့်ခြောက်နှစ်ပြည့်လျှင် ဆယ်တန်း (မက်ထရစ်)ကို ဝင်ခွင့် ပေးလိုက်သည်။ ခုနှစ်တန်းအောင် လက်မှတ်တွေ ဘာတွေ ဘာမျှပြစရာမလို။ ဤသည်တွင် ကျွန်တော်တို့လို စကောစက ငနဲတွေအဖို့ မဟာအခွင့်အရေးကြီး ဖြစ်လာတော့သည်။

ထိုစဉ်က ကျွန်တော်တို့ ဖြေဆိုခဲ့ရသည့် ဘာသာရပ်များ အကြောင်းကို ပထမ သိဖို့ လိုပါသည်။ မဖြေမနေရ ဘာသာရပ်
တွေက မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ။ ရွေးခွင့်ဘာသာရပ်များ က ပထဝီ၊ သမိုင်း၊ အထွေထွေသိပ္ပံ၊ ပါဠိ စသည်တို့ဖြစ်သည်။ နှစ်ဘာသာ ယူရသည်။ အများဆုံး တွဲကြသည်ကတော့ ပထဝီ၊ သမိုင်းပဲ ဖြစ်သည်။

အလွတ်ဖြေကြသူများအဖို့ တစ်ခြားဘာသာတွေမှာ အရေးမကြီး၊ အင်္ဂလိပ်စာနှင့် သင်္ချာမှာ ဒုက္ခကြီးစွာ တွေ့ကြရ
တော့သည်။ ဤသည်တွင် အင်္ဂလိပ်စာနှင့် သင်္ချာကျူရှင်များ ပေါ်လာရတော့သည်။ တကယ့်ကို လိုအပ်လို့ ပေါ်လာရခြင်းပါ။
ကျောင်းလခကလည်း ငါးကျပ်ပါပဲ။ ဘာသာစုံကျူရှင်ဆိုတာတွေ ဘာတွေ မရှိသေး။ နောက်တော့ မြန်မာစာ၊ အင်္ဂလိပ်စာ ဆိုတာတွေကအစ အဖြေမှတ်စုစာအုပ်တွေလည်း ထွက်လာကြသည်။

ဤသည်မှာ ကျူရှင် အစပျိုးခဲ့ပုံ ဖြစ်ပါသည်။

ကျူရှင် ဖွံ့ဖြိုးတိုးတက်လာပုံကို ခြေရာကောက် ကြည့်ချင် ပါသေးသည်။

လက်သည်ကတော့ “ပြည်တွင်းသောင်းကျန်းမှု” ဟု ကျွန်တော် ပြောချင်ပါသည်။
စစ်ကြီးအတွင်းက စစ်ဘေးမှ လွတ်ရာလွတ်ကြောင်း မြို့က လူတွေ တောကျေးလက်သို့ ပြေးကြရသည်။ ပြည်တွင်း
သောင်းကျန်းမှုတွေပေါ်လာတော့ တောကျေးလက်က လူတွေ ကျေးလက်မှာ မနေနိုင်လို့ သောင်းကျန်းသူတို့ ဘေးမှ လွတ်ရန် မြို့ပြများဆီသို့ ခိုဝင်လာရပြန်သည်။ မြို့ပြတွေမှာပဲ သင့်သလို လုပ်ကိုင်ရှာဖွေ စားသောက်ကြရရှာသည်။ သည်လို ဖြစ်လာပြန်
တော့ နယ်မှာဆိုလျှင် မြို့သစ်တွေ၊ ရန်ကုန်လိုမြို့ကြီးတွေမှာ ဆိုလျှင် ကျူးကျော်ကွက်သစ်တွေ တစ်ပြုံကြီး ပေါ်လာတော့သည်။

သည်တော့ သူတို့တစ်တွေကလည်း ကိုယ့်သားသမီးတွေ ကို ကျောင်းထားကြသည်ပေါ့။ သည်တော့ ကျောင်းနှင့်မမျှလောက်အောင် ကျောင်းသားတွေကလည်း များလာပြန်သည်ပေါ့။ စာသင်ခန်း တစ်ခုတစ်ခုမှာ ကျောင်းသား ခုနှစ်ဆယ် ရှစ်ဆယ်လောက်တောင် ထည့်ထားခဲ့ရဖူးသည်။ ဆရာ ဆရာမ ကလည်း တတ်အောင်သင်ဖို့ မဆိုထားဘိ နိုင်အောင်ထိန်းဖို့ ပင် မလွယ်တော့။

သည်တော့ ကျူရှင်သာမက အလွတ်ပညာသင် ကျောင်း သားများကိုပင် စနစ်တကျ မှတ်ပုံတင်ပြီး ဖွင့်ခွင့်ပြုလိုက်ရတော့သည်။ ယခု “ဘဝသစ် ဦးအောင်ကျော်” ဆိုသည်မှာ “ဘဝသစ် အလွတ်ပညာသင်ကျောင်း” က ဆရာကြီးပါပဲ။ သူက ထို “ဘဝသစ်” ဆိုတာကို အမြတ်တနိုး ယခုထက်တိုင် ခံယူထား ဆဲဖြစ်သည်။ ထိုစဉ်က ကျူရှင်ဆရာတွေ၊ အလွတ်ပညာသင် ကျောင်းဆရာတွေ၏ ခံယူချက်၊ ကြိုးပမ်းချက်များမှာ နိုင်ငံ ပြန်လည်ထူထောင်ရေးအတွက်ဟူသော အသိစိတ် နိုးနိုးကြားကြား ဖြစ်စေ မသိမသာဖြစ်စေ ပါနေသည်ဟု ကျွန်တော် ယုံကြည်မိပါ သည်။ ထို့ကြောင့် သူတို့သည် ကြည်ညိုအပ်သော အနန္တဂိုဏ်း ဝင်ဆရာများဟု ကျွန်တော် တကယ်ကြည်ညိုမိပါသည်။ နောင် အခါတွင်တော့ ထိုသို့သော ကျောင်းတွေကို ဖွင့်ခွင့်ရပ်စဲပစ် လိုက်သည်။ ကျူရှင်ကဏ္႑ တစ်ခန်းရပ်တော့မလို ဖြစ်သွားခဲ့ လေသည်။

သို့သော် ဘာမျှ မကြာလိုက်မီ အိုင်-အယ်လ်-အေ (ခေါ်) ဆယ်တန်းအောင်မှတ်ကောင်းမှ အဆင့်မြင့် ပညာတွင် ကိုယ်လို ချင်သော ဘာသာရပ်ကို ရွေးချယ် သင်ယူခွင့်ရသည့်စနစ် ပေါ်လာပြန်သည်။ ဒီတော့ သာမန်အောင်ရုံနှင့် မပြီးတော့။ အမှတ်ကောင်းဖို့ ဂုဏ်ထူးတွေ များများပါဖို့ လိုအပ်လာပြန်သည်။ ဤသည်တွင် ကျူရှင်တွေ ခေါင်းထောင်လာပြန်တော့သည်။

အားလုံး အခြေခံခဲ့သည်မှာတော့ ဒုတိယကမ်ဘာစစ်ကြီးနှင့် ပြည်တွင်းသောင်းကျန်းမှုသာလျှင် ဖြစ်သည်ဟု ဆိုချင်မိပါသည်။

PDF - nyeyadhamma@gmail. com

ဆရာအောင်သင်း၊ ပညာသာလျှင်နှင့် သစ်လွင်အတွေးဆောင်းပါးများ ပီဒီအက်ဖ်၊ စာမျက်နှာ ၄၆ - ၅၀။

စာရိုက် - စလေ ငနော့



Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်