မောင်သာချို ေပေ့ဂျ်ရဲ့ စာဖတ်သူအားလုံးသို့ အသိပေးဝန်ခံခြင်း § စလေ ငနော့
'မောင်သာချို' ပေ့ဂျ်ရဲ့
••••••••••••••••••••••••
စာဖတ်သူအားလုံးသို့ အသိပေးဝန်ခံခြင်း
•••••••••••••••••••••••••••••••••••••••
စလေ ငနော့
(ပေ့ဂျ်ကို တည်ထောင်သူနဲ့ ပေ့ဂျ်ရဲ့ တဦးတည်းသော အဒ်မင်)
သည်ပေ့ဂျ်ကို တည်ထောင်သူ (founder) ဟာဆိုရင် ဆရာမောင်သာချို လုံးဝမဟုတ်သလို ဆရာနဲ့ ဆွေမျိုးနီးစပ်တော်စပ်သူလည်း မဟုတ်တဲ့ ဆရာ့ရဲ့ သူလိုငါလို သာမန်စာဖတ်ပရိသတ်
Facebook user တဦးသာလျှင် ဖြစ်ပါတယ်ခင်ဗျာ။ တချို့သော စာဖတ်သူတွေက အဒ်မင်ကို ဆရာမောင်သာချိုအထင်နဲ့ ကွန်မင့်မှာသော်လည်းကောင်း၊ message box မှာသော်လည်းကောင်း စကားပြောကြ၊ လိပ်စာ၊ ဖုန်း စသည်တို့ကို တောင်းကြတဲ့အခါမှာ ကျနော့်မှာ အားတုံ့အားနာ၊ မလုံမလဲ ဖြစ်ရပါတယ်။ ဆရာ့ရဲ့ ဖုန်း၊ လိပ်စာတို့ကိုလည်း ကျနော့်အနေနဲ့ သိရှိမထားပါဘူး။ ဆက်သွယ်လာသူ အားလုံးကိုလည်း ဆရာချိုမဟုတ်ကြောင်း တတ်နိုင်သမျှ အတိအလင်း ပြောပေးပါတယ်။ (ဆရာမောင်သာချို ကိုယ်တိုင်ကတော့ စာပေတာဝန်၊ ဟောပြောပွဲကိစ္စ စတာတွေနဲ့ အချိန်ခွဲဝေ လုပ်ကိုင်နေရတဲ့အတွက် Facebook မသုံးအားပါဘူး။ ဒါကြောင့် ဆရာ့ရဲ့ ဖေ့စ်ဘုတ်ခ်အကောင့်အစစ်၊ ပေ့ဂျ်အစစ် မရှိပါဘူး။ ဆရာက လူမှုဆက်သွယ်ရေးအတွက် အင်တာနက်ကို Viber နဲ့ပဲ သုံးတယ်လို့ သိရပါတယ်။)
သည်ပေ့ဂျ်ရဲ့ နာမည်ကို 'မောင်သာချို' လို့ ပေးထားရခြင်းဟာလည်း စာဖတ်သူတွေအနေနဲ့ ဖေ့စ်ဘုတ်ခ်ရဲ့ search bar မှာ မောင်သာချိုလို့ သုံးလုံးတည်း ရိုက်ရှာလိုက်ရုံနဲ့ စာတွေကို အလွယ်တကူ တွေ့ရှိနိုင်အောင် ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။ ကျနော့်အနေနဲ့ သည်ပေ့ဂျ်ကနေ ဘာစီးပွားရေးအကျိုးအမြတ်ကိုမှ ရယူလိုခြင်း မရှိတဲ့အတွက် ဆရာချို့အယောင်ဆောင်လိုခြင်း အလျှင်းမရှိရိုး အမှန်ဖြစ်ပါတယ်။ သည်ပေ့ဂျ်တည်ထောင်ခြင်းဟာ ဆရာချိုရဲ့ စာတွေကို တနေရာတည်းမှာ တစုတစည်းတည်း ဖြစ်စေလိုတဲ့ စာပေစေတနာတခုတည်းသက်သက်သာ ဖြစ်ပါတယ်။
သည်ပေ့ဂျ်တည်ထောင်ထားတာကိုလည်း ဆရာမောင်သာချိုဆီကို ဆရာကတော် အန်တီဒေါ်ဖူးဖူးကနေတဆင့် အသိပေးပြီး ခွင့်ပြုချက် တောင်းခံရယူပြီး ဖြစ်ပါတယ်။ အထူးသဖြင့် ပေ့ဂျ်ရဲ့ နာမည်နဲ့ ပတ်သက်လို့ ဆရာကိုယ်တိုင် တည်ထောင်တာ မဟုတ်ဘဲ ဆရာ့နာမည် ခံယူထားတဲ့အပေါ် ဆရာ့ဆီက သဘောထားမှတ်ချက် မေးမြန်းကြည့်တဲ့အခါမှာလည်း ဆရာ့ဖက်က တစုံတရာ ကန့်ကွက်ဖို့ မရှိကြောင်းလည်း သိရပါတယ်။
သည်ပေ့ဂျ်မှာ တင်သမျှ ဆရာချိုရဲ့ စာတွေကို မူရင်းရေးသားချက်အတိုင်း အတိမ်းအစောင်း အမှားအယွင်းမရှိအောင် ဂရုစိုက်အားထုတ်သွားမှာဖြစ်ကြောင်းလည်း ပြောလိုပါတယ်။ မတော်တဆ ချွတ်ယွင်းတိမ်းစောင်းမှု တခုတလေ ပါသွားခဲ့ရင်လည်း အဲဒါဟာ ဆရာမောင်သာချိုနဲ့ မသက်ဆိုင်ဘဲ ကျနော့်ရဲ့ စာအုပ်စာတမ်း မပြည့်စုံမှု၊ စာရိုက်စာကူးရာမှာ အားနည်းချက် စသည်တို့ကြောင့်ပဲ ဖြစ်ပါတယ်။ သည်ပေ့ဂျ်မှာ တင်သမျှ စာတွေအတွက် ကျနော်တဦးတည်းမှာသာ တာဝန်ရှိကြောင်းလည်း တာဝန်ခံပါတယ်။
အခု အောက်မှာ ပေ့ဂျ်တည်ထောင်သူ အဒ်မင်ရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့တကွ ဖေ့စ်ဘုတ်ခ်အကောင့်ကိုပါ ဖော်ပြပေးလိုက်ပါတယ်ခင်ဗျ။ (ကျနော့်အကောင့်ကို ပရိုဖိုင်ဖှိုတိုကို ကြည့်ပြီး အကောင့်တုလို့ မထင်စေချင်ပါဘူး။ timeline ထဲမှာ ပုံအမှန် တင်ထားပြီး ဖြစ်သလို အကောင့်ခိုင်မာမှု ရှိအောင် ဖေ့စ်ဘုတ်ခ်ကိုလည်း ID တင်ထားပြီး ဖြစ်ပါတယ်။)
အမည်။ ။ ကျော်ဇင်လတ် (စလေ ငနော့)။
မွေးနေ့။ ။ ၂၉ . ၄ . ၁၉၈၀ (အမှန်)၊
၂၄ . ၆ . ၁၉၈၀
(မှတ်ပုံတင်အရ)။
ပညာအရည်အချင်း။ ။ A.G.T.I(Civil);
B.Sc (Maths).
နေရပ်။ ။ မန္တလေး။
အိမ်ထောင်။ ။ မရှိ၊ လူပျို။
ဤ 'မောင်သာချို' ပေ့ဂျ် စတင်တည်ထောင်သည့် ရက်စွဲ။ ။ October 28, 2017
ဖေ့စ်ဘုတ်ခ်အကောင့်ရဲ့ လင့်ခ်။ ။
စလေ ငနော့
ခုလို စာဖတ်သူများကို အသိပေးဝန်ခံတဲ့ ပို့စ်ကို ဒါ စတုတၳအကြိမ်မြောက် တင်ခြင်း ဖြစ်ပါတယ်။ နောက်ထပ်တော့ သည်ပို့စ်ကို ထပ်တလဲလဲတင်မှာ မဟုတ်တော့ဘဲ ပေ့ဂျ်မှာ ဝင်ဖတ်သူတွေ အလွယ်တကူ မြင်ရအောင် ယခုပို့စ်ကို pinned post အဖြစ် ထားရှိမှာပါ။ ပေ့ဂျ်ရဲ့ စာဖတ်သူတွေ တိုးပွားလာတာနဲ့အမျှ မသိသေးသူတွေ ရှိနိုင်သလို သို့လော သို့လော တွေးထင်ပြီး ကျနော့်ကို အထင်အမြင် လွဲမှားမှုတွေ ရှိလာမှာ စိုးတဲ့အတွက် ကျနော့်အနေနဲ့ ကြိုတင်ပြီး သင်္ကာရှင်းရခြင်း ဖြစ်ပါတယ်။
စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျ။
အဒ်မင်
စလေ ငနော့ (ကျော်ဇင်လတ်)
◾
ဆရာမောင်သာချိုရဲ့ အတၳုပ္ပတ္တိ
••••••••••••••••••••••••••••••••
မောင်သာချို (၁၉၅၈ - )
၁၉၅၈ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့၌ အဖ ကုန်သည် ဦးဝင်းသိန်း + အမိ ဒေါ်တင်တို့မှ မွေးဖွားသည်။ အမည်ရင်း ညွန့်သောင်း။ မွေးချင်းသုံးယောက်အနက် အကြီးဆုံးဖြစ်သည်။ ငယ်စဉ်က ကွမ်းခြံကုန်းမြို့၊ သုံးခွရွာ မူလတန်းကျောင်းတွင် သူငယ်တန်းမှ စတုတၳတန်းအထိလည်းကောင်း၊ အ.ထ.က (၁) ကွမ်းခြံကုန်းတွင် ပဉ္စမတန်းမှ ဆဋ္ဌမတန်းအထိလည်းကောင်း၊ ရန်ကုန်မြို့ အ.လ.က (၁) မြောက်ဥက္ကလာပတွင် သတ္တမတန်းမှ အဋ္ဌမတန်းအထိလည်းကောင်း၊ အ.ထ.က (၁) မြောက်ဥက္ကလာပတွင် နဝမတန်းမှ တက္ကသိုလ်ဝင်တန်းအထိလည်းကောင်း ပညာသင်ကြားခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် ရန်ကုန်ဒေသကောလိပ်နှင့် ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်၌ မြန်မာစာ အဓိကဘာသာဖြင့် ဆက်လက်ပညာသင်ကြား၍ B.A (မြန်မာစာ) ဘွဲ့ ရရှိသည်။ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွင် မြန်မာစာဌာန နည်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ရင်း လုပ်သားများကောလိပ်၊ နိုင်ငံခြားဘာသာတက္ကသိုလ်၊ မိတၳီလာတက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်များတွင်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ ယခုအခါ ပညာရေးတက္ကသိုလ်တွင် ကထိကအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။
မောင်သာချိုသည် ၁၉၇၄ ခုနှစ်၊ ၉ တန်းကျောင်းသားဘဝမှာပင် သောင်းပြောင်းထွေလာ မဂ္ဂဇင်းတွင် 'ခေတ်သစ်မေတ္တာ' ကဗျာဖြင့် စာပေလောကသို့ စတင် ရောက်ရှိလာပြီး ၁၉၇၇-၇၈ ခုနှစ်မှစ၍ ငွေတာရီ၊ ရှုမဝ၊ မိုးဝေမဂ္ဂဇင်းများတွင် ဆောင်းပါး၊ အက်ဆေး၊ ဝတၳုတို(ချစ်ကိုယ်တွေ့)၊ ကဗျာများ ဆက်လက်ရေးသားသည်။ ၁၉၈၈ ခုနှစ်တွင် 'အိပ်မက်ဖူး' မဂ္ဂဇင်းအယ်ဒီတာအဖြစ် ဆောင်ရွက်လျက် ယမုံ၊ နေစိမ့်၊ ခင်လွန်းတို့နှင့်အတူ ရသစုံမဂ္ဂဇင်းတစ်စောင် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ နောက် အယ်ဒီတာဝင်းငြိမ်း၏ ရုပ်ရှင်အမြုတေမဂ္ဂဇင်းတွင် 'ဂျက်ကွမ်းခြံကုန်း' ကလောင်ခွဲဖြင့် ဟာသနှင့် သရော်စာဆောင်းပါးများ စတင်ရေးသားသည်။ မင်္ဂလာမဂ္ဂဇင်း၊ မဟေသီမဂ္ဂဇင်း၊ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းများတွင်လည်း ဆက်လက်ရေးသားခဲ့သည်။ ၁၉၉၉ တွင် 'သမီးဖတ်ဖို့' ဆောင်းပါးများဖြင့် ဖြူးမိတ်ဆွေများ စာပေဆုကိုလည်းကောင်း၊ ၁၉၉၇ ခုနှစ်တွင် 'ဖျတ်ခနဲတွေ့ရသည့် ကျွန်တော်တို့ရှေ့က ကြယ်တာရာများ' ဆောင်းပါးဖြင့် မန္တလေး စာဖတ်သူအကြိုက် စာပေဆုကိုလည်းကောင်း၊ ၂၀၀၀ ခုနှစ်တွင် 'သမီးဖတ်ဖို့ ဆောင်းပါးများ' စာအုပ်ဖြင့် တောင်ငူမော်ကွန်းသစ်စာပေဆု ကိုလည်းကောင်း၊ ၂၀၀၄ ခုနှစ်တွင် 'လင်္ကာရလမ်း' စာအုပ်ဖြင့် ထန်းရိပ်ညို စာပေဆုကိုလည်းကောင်း၊ ၂၀၀၉ ခုနှစ်တွင် 'သမီးဖတ်ဖို့ဆောင်းပါးပေါင်းချုပ်' စာအုပ်ဖြင့် ထွန်းဖောင်ဒေးရှင်းစာပေဆုကိုလည်းကောင်း အသီးသီး ချီးမြှင့်ခံရသည်။ မန္တလေး FM မှ သမီးဖတ်ဖို့ ဆောင်းပါးများနှင့် ချယ်ရီ FM ရှိ 'ဂျက်ကွမ်းခြံကုန်း' ၏ သရော်စာများကို အသံလွှင့်ခဲ့သည်။
ထုတ်ဝေပြီးသော စာအုပ်များမှာ 'သမီးဖတ်ဖို့၊ ပင်လယ်ဝသို့ လှေကလေးနဲ့ ထွက်ခဲ့၊ အိပ်မက်များ အနားမလာရ၊ လင်္ကာရလမ်း၊ နှလုံးသားရှုမျှော်ခင်းများ၊ ပိုးပင်လယ်ပေါ် ကတ္တီပါရွက်လွှင့်၊ ဖျတ်ခနဲတွေ့ရသော ကျွန်တော်တို့ရှေ့က ကြယ်တာရာများ၊ စိမ်းလန်းသောမိသားစုများ၊ ကျေးဂျူးကမ္ဘာဆိုင်၊ ဥတ္တရလမင်းနှင့် မြောက်ဘက်တောင်ကုန်းပေါ်က မှော်ရုံလမ်းများ' အစရှိသော စာအုပ်များနှင့် ဂျက်ကွမ်းခြံကုန်း ကလောင်ခွဲဖြင့် 'သပွတ်အူကျေးရွာမှ မမြင်ရသော ကံတရားများ၊ တို့တော့မယ်တဲ့ ဆိတ်တော့မယ်၊ ဂျာနယ်ထဲက ဂျက်၊ ရယ်လို့သာ မောကြပေတော့၊ လွမ်းလို့ရယ်တဲ့ မကုန်နိုင်တယ်၊ တုတ်ထိုးအိုးပေါက်၊ ဆင်တော်မှာ ခလောက်ကို ဆွဲပါလို့၊ မပြောကောင်း မဆိုကောင်း၊ လူကြားလို့ မကောင်းဘူး၊ ဂျက် ၅၀ စာအုပ်' များ ရေးသားထုတ်ဝေခဲ့ပါသည်။
မောင်သာချိုသည် မဂ္ဂဇင်းများအပြင် ဂျာနယ်များ (7 Day ဂျာနယ်၊ ပေါ်ပြူလာဂျာနယ်၊ True ဂျာနယ်၊ Modern Time ဂျာနယ်များ) တွင်လည်း လူမှုရေးဆိုင်ရာ၊ ရုပ်ပုံလွှာများဆိုင်ရာ၊ စာပေအနုပညာရေးဆိုင်ရာ ဆောင်းပါးများနှင့်အတူ ကဗျာ၊ အက်ဆေး၊ ဝတၳုတိုများလည်း ရေးသားလျက်ရှိပြီး ဇနီး ဒေါ်ခင်သက်ဆွေ၊ သမီး မေတာရာဖူး၊ သား ခွန်တေဇတို့နှင့်အတူ မြောက်ဥက္ကလာပမြို့နယ်၊ (ဂ) ရပ်ကွက်၊ ဥက္ကာ ၆ လမ်း၊ အမှတ် ၁၇၃ နေအိမ်တွင် နေထိုင်လျက် ရှိသည်။
(ဒီ ဆရာ့ရဲ့ အတၳုပ္ပတ္တိကို ၂၀၁၆ ဒီဇင်ဘာလမှာ ဒုတိယအကြိမ် ထုတ်ဝေတဲ့ ဆရာ့ရဲ့ 'အနာဂတ်ဝါကျများ' စာအုပ်ထဲကနေ ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်။ အချိန်ကာလအရ အချက်အလက်တချို့ updated မဖြစ်ခဲ့ရင် နားလည်ပေးကြစေလိုပါတယ်။ အဒ်မင်ဆီမှာ ရှိသမျှ ဆရာ့ရဲ့ စာအုပ်တွေထဲမှာ ဒီတအုပ်ပဲ ဆရာ့အကြောင်း ဖော်ပြထားတာ တွေ့ရလို့ ဖြစ်ပါတယ်။)
စာရိုက် - စလေ ငနော့
◾
ဆရာ မောင်သာချို (ဂျက်ကွမ်းခြံကုန်း) ရဲ့
••••••••••••••••••••••••••••••••••••••••
ထုတ်ဝေပြီး စာအုပ်များစာရင်း
•••••••••••••••••••••••••••••••
မောင်သာချို နာမည်နဲ့ ၄၇ အုပ်၊ ဂျက်ကွမ်းခြံကုန်း နာမည်နဲ့က ၂၅ အုပ်၊ စုစုပေါင်း ၇၂ အုပ် ဖြစ်ပါတယ်။ ဒုတိယအကြိမ်၊ တတိယအကြိမ် စသဖြင့် ထပ်မံပုံနှိပ်ထုတ်ဝေခြင်းများကို ထည့်သွင်းရေတွက်ထားခြင်း မရှိပါ။ သမီးဖတ်ဖို့ ပေါင်းချုပ်ကလည်း ၂၀၁၈ မှာ တကြိမ်၊ ၂၀၁၉ မှာ Special Edition အထူးထုတ်အဖြစ် တကြိမ် စိတ်ကူးချိုချိုတိုက်ကချည်း နှစ်ကြိမ်ထုတ်ထားတာပေမဲ့ စာရင်းမှာ တခါပဲ ရေတွက်ထားပါတယ်။
ကျနော် (အဒ်မင်) ဆီမှာ စုဆောင်းပြီးသား ဆရာ့စာအုပ်က ၃၆ အုပ်ပဲ ရှိပါတယ်။ (သည်အထဲက ၄ အုပ်က ဆရာကိုယ်တိုင် မန္တလေးကို လာရင်း ကျနော့်ကို မေတ္တာလက်ဆောင်အဖြစ် ချီးမြှင့်ထားတာပါ။) ဆရာ့စာအုပ်ဟောင်းတချို့က ကျနော့်နေရပ် မန္တလေးက ဆိုင်တွေမှာ ဝယ်လို့ မရတော့ပါဘူး။
မောင်သာချို၏ ထုတ်ဝေပြီး စာအုပ်များ
၁။ သမီးဖတ်ဖို့ (ရာပြည့်၊ ၂ဝဝဝ)
၂။ ပင်လယ်ဝသို့ လှေကလေးနဲ့ထွက်ခဲ့ (မုံရွေး၊ ၂၀၀၁)
၃။ အိပ်မက်များအနားမလာရ (ငြိမ်းငြိမ်းချမ်းချမ်း၊ ၂၀၀၂)
၄။ လင်္ကာရလမ်း(မုံရွေး၊ ၂၀၀၃)
၅။ နှလုံးသားရှုမျှော်ခင်းများ (မုံရွေး၊ ၂၀၀၅)
၆။ ပိုးပင်လယ်ပေါ် ကတ္တီပါရွက်လွှင့် (ဖူးပွင့်ဝေဝေ၊ ၂၀၀၆)
၇။ ဖျတ်ခနဲ တွေ့ရသည့် ကျွန်တော်တို့ရှေ့က ကြယ်တာရာများ (စာအုပ်ဈေး၊ ၂၀၀၇)
၈။ လက်ဆောင် (ရွှေအုတ်မြစ်၊ ၂၀၀၇)
၉။ သမီးဖတ်ဖို့ နှလုံးသားရှုမျှော်ခင်းများ (စိတ်ကူးချိုချို၊ ၂၀၀၈)
၁၀။ စိမ်းလန်းသော မိသားစုများ (စိတ်ကူးချိုချို၊ ၂၀၁၀)
၁၁။ ကျေးဇူးကမ်ဘာဆိုင်၊ ဥတ္တရလမင်းနှင့်
မြောက်ဘက်တောင်ကုန်းပေါ်က မှော်ရုံလမ်းများ (ဖူးပွင့်ဝေဝေ၊ ၂၀၁၀)
၁၂။ အနာဂတ်ဝါကျများ (လေးဝတီ၊ ၂၀၁၁)
၁၃။ ခေတ်ပြိုင်ခဲခြစ်ကောက်ကြောင်းများ (အလင်းသစ်၊ ၂၀၁၁)
၁၄။ ဖျတ်ခနဲတွေ့ရသည့် ကျွန်တော်တို့ရှေ့က ကြယ်တာရာများ (အလင်းသစ်၊ ၂၀၁၂)
၁၅။ စောင်းကြိုးပေါ်မှာ ကြယ်ရောင်တွေ နိုးပြန်တော့ (ဇွန်ပွင့်၊ ၂၀၁၂)
၁၆။ မဟာတံတိုင်းပေါ်က ကျော်၍ကြည့်ခြင်း၊ (ရေသောက်မြစ် ၂ဝ၁၂)
၁၇။ ပေကညစ်များဆီက လှေကားထစ်များဆီသို့ (ဇွန်ပွင့်၊ ၂၀၁၃)
၁၈။ တစ်ပိုင်းတစ်စ ကန္တာရထဲက ယွန်းနံ့စွဲနေတဲ့ စာမျက်နှာများ (စိတ်ကူးချိုချို၊ ၂၀၁၄)
၁၉။ တကယ့်လူ တကယ့်နှလုံးသား (ဇွန်ပွင့်၊ ၂၀၁၄)
၂၀။ ရေကြည်ပြီးတော့ မြက်နုစေချင်လို့ (လင်းလွန်းခင်၊ ၂၀၁၄)
၂၁။ ပလတ်စတစ်နှစ်ကာလများ (ဆန်းစသော်တာ၊ ၂၀၁၄)
၂၂။ ခင်ပွန်းသည် တစ်ယောက်ရဲ့ မှတ်စုများ (နှစ်ကာလများ၊ ၂၀၁၄)
၂၃။ ယာခရိုးမှာ ရွှေချိုးကူပါတော့ (သက်ခိုင်၊ ၂၀၁၄)
၂၄။ နှင်းပွင့်တိုင်းပြည်၌ ခွေးကျောင်းထွက်ခြင်း (ဆန်းစသော်တာ၊ ၂၀၁၄)
၂၅။ ခရီးသည်ရောက်ရာက မမေ့ပါဘု (စိတ်ကူးချိုချို၊ ၂၀၁၄)
၂၆။ တောင်တွေလည်း တန်းပါစေ၊ မြစ်တွေလည်း ဝှမ်းပါစေ (လင်းလွန်းခင်၊ ၂၀၁၅)
၂၇။ ကြိုးကြာငှက်များနှင့် ဗုံသံများ (သက်ခိုင်၊ ၂၀၁၅)
၂၈။ နိုင်ငံတော်ကို လမ်းပေါ်မှာ ရပ်မထားနဲ့ (ခဝါလှေမွန်၊ ၂၀၁၅)
၂၉။ ယာခရိုးမှာ ရွှေချိုးကူပါတော့ (ဆန်းစသော်တာ၊ ၂၀၁၅)
၃၀။ ကြည်အေးကဗျာ၊ ဂျူးဝတၳုနှင့် လင်္ကာရလမ်း (ဇွန်ပွင့်၊ ၂၀၁၅)
၃၁။ လူကြီးလူကောင်းတွေ မှောင်ရိပ်ခိုကြတုန်းက (ဆန်းစသော်တာ၊ ၂၀၁၅)
၃၂။ နာမဝိသေသနနည်းနည်းကြိယာများများ (လင်းလွန်းခင်၊ ၂၀၁၆)
၃၃။ ဒါလားနိုင်ငံတော်သမ္မတ (လင်းလွန်းခင်၊ ၂၀၁၆)
၃၄။ ကောင်းသောစကား (ဇွန်ပွင့်၊ ၂၀၁၆)
၃၅။ ကွေ့ကောက်သောလမ်းများနဲ့ ဖြောင့်တန်းတဲ့ခြေရာ (လင်းလွန်းခင်၊ ၂၀၁၇)
၃၆။ စိတ်ကူး (စိတ်ကူးချိုချို၊ ၂၀၁၇)
၃၇ ယုန်မွေးမလားကျားမွေးမလား (လင်းလွန်းခင်၊ ၂၀၁၇)
၃၈။ သမ္မတမပါစေနဲ့ (လင်းလွန်းခင်၊ ၂၀၁၈)
၃၉။ သုညနှစ်ကာလများ (စိတ်ကူးချိုချို၊ ၂၀၁၈)
၄၀။ ကျွန်တော့်အရေးအသားနဲ့ ကျွန်တော့်အတွေးများ (စိတ်ကူးချိုချို၊ ၂၀၁၈)
၄၁။ သမီးဖတ်ဖို့ ပေါင်းချုပ် (စိတ်ကူးချိုချို၊ ၂၀၁၈) (သည်စာအုပ်ကို ၂၀၁၉ မှာ အထူးထုတ်အခန့်ချုပ်အဖြစ် စိတ်ကူးချိုချိုတိုက်ကပဲ ရှေ့စာအုပ်မှာ မပါတဲ့ ဆောင်းပါးတွေ ထပ်ဖြည့်ပြီး ထပ်မံထုတ်ဝေပါတယ်။)
၄၂။ မြေသုဉ်းလို့ မျိုးတုံးမှာစိုး(ဆန်းစသော်တာ၊ ၂ဝ၁၉)
၄၃။ ရပ်ရွာအရေးဖတ်စရာလေးတွေ (စိတ်ကူးချိုချို၊ ၂၀၁၉)
၄၄။ စိတ်ကူးစိတ်သန်း (စိတ်ကူးချိုချို၊ ၂၀၁၉)
၄၅။ ဆီမီးခွက်ကလေးတွေ (စိတ်ကူးချိုချို၊ ၂၀၁၉)
၄၅။ ပျားခြေရာလမ်း ကဗျာများ (စိတ်ကူးချိုချို ၂၀၁၉)
၄၆။ အရိပ်နှင့် အရောင် ဝတၳုတိုများ (စိတ်ကူးချိုချို၊ ၂၀၁၉)
၄၇။ စိတ်ကစားခဲ့စဉ်က အရိပ်များ (ဆန်းစသော်တာ၊ ၂၀၂၀)
ဂျက်ကွမ်းခြံကုန်း အမည်ဖြင့်
ထုတ်ဝေပြီး စာအုပ်များ
၁။ သပွတ်အူကျေးရွာက မမြင်ရသော ကံတရားများ (ငြိမ်းချမ်းရေး၊ ၂၀၀၀)
၂။ တို့တော့မယ်တဲ့ ဆိတ်တော့မယ် (ငြိမ်းငြိမ်းချမ်းချမ်း၊ ၂၀၀၂)
၃။ ဂျာနယ်ထဲက ဂျက် (မုံရွေး၊ ၂ဝဝ၃)
၄။ ရယ်လို့သာ မောကြပေတော့ (ရွှေရည်မြင့်မြတ်၊ ၂၀၀၆)
၅။ လွမ်းလို့ရယ်တဲ့ မကုန်နိုင်တယ် (ဖူးပွင့်ဝေဝေ၊ ၂၀၀၇)
၆။ တုတ်ထိုးအိုးပေါက် (တော်ဝင်မြို့မ၊ ၂၀၀၈)
၇။ ဆင်တော်မှာ ခလောက်ကိုဆွဲပါလို့ (တော်ဝင်မြို့မ၊ ၂၀၀၈)
၈။ မပြောကောင်း မဆိုကောင်း (အလင်းသစ်၊ ၂၀၀၉)
၉။ လူကြားလို့မကောင်းဘူး(ဖူးပွင့်ဝေဝေ၊ ၂၀၀၉)
၁၀။ ဂျက် ၅ဝ (ရန်အောင်၊ ၂၀၀၉)
၁၁။ ကမ်ဘာကြီးက တောင်ကန် မြောက်ကန် (စာနဒီ၊ ၂၀၁၁)
၁၂။ ဘယ်သူမှ လျှောက်မပြောနဲ့ (ငွေသော်တာ၊ ၂၀၁၂)
၁၃။ မသိရင်ခက်မယ် (စာနဒီ၊ ၂၀၁၂)
၁၄။ ကူးတို့ဆိပ်က မှို့အိတ် (ရေသောက်မြစ်၊ ၂၀၁၂)
၁၅။ လေသေနတ်နဲ့ အသေသတ်မယ် (Global Peace ၊ ၂၀၁၄)
၁၆။ တောပါးစပ် (စိတ်ကူးချိုချို၊ ၂၀၁၄)
၁၇။ ဂျက်ထိုးတဲ့လက်ညှိုး (ဆုရောင်စဉ်၊ ၂၀၁၄)
၁၈။ တောစန္ဒရား (စိတ်ကူးချိုချို၊ ၂၀၁၄)
၁၉။ တောကြီးထဲမှာကတော့ ဆောရီးပဲ (စိတ်ကူးချိုချို၊ ၂၀၁၅)
၂၀။ အဓိပတိရဲ့ မထိတထိ (ဆုရောင်စဉ်၊ ၂၀၁၅)
၂၁။ ပြောစမှတ်ဆန်းတဲ့ တောဇာတ်လမ်း (စိတ်ကူးချိုချို၊ ၂၀၁၆)
၂၂။ တောပြောတောင်ပြော (စိတ်ကူးချိုချို၊ ၂၀၁၇)
၂၃။ မောတယ်ကွဲ့ တောအလယ် (စိတ်ကူးချိုချို၊ ၂၀၁၈)
၂၄။ အိုင်ကျွန်ုပ်နဲ့ မြိုင်အရှုပ် (စိတ်ကူးချိုချို၊ ၂၀၁၈)
၂၅။ ဆင်တစ်ဖက်၊ မြင်းတစ်ဖက် (၂၀၁၉)
စာရိုက် - စလေ ငနော့ (ကျော်ဇင်လတ်)
My Facebook page...
Comments
Post a Comment