မညိုပြာ ကောလိယချောင်း နံဘေးမှာ နေသည် ၂ ဇာတ်သိမ်း § မိုးမိုး (အင်းလျား)

မညိုပြာ ကောလိယချောင်း
••••••••••••••••••••••••••••••••
နံဘေးမှာ နေသည် (အပိုင်း ၂ ဇာတ်သိမ်း)
•••••••••••••••••••••••••••••••••••••••••

မိုးမိုး (အင်းလျား)

“အို၊ ဒါတော့ ကိုက ငွေကို စုမှ မစုဘဲ၊ ပြီတော့ ဆေးခန်းဖွင့်ပါ ဆိုလဲ မဖွင့်ဘူး၊ ပုသိမ်မှာတုန်းက စုမိသားပဲ”

“ဒါလဲ ဟိုပြောင်း သည်ရွှေ့နဲ့ ကုန်ခဲ့ပြီ မဟုတ်လား ဝါဝါရယ်။ ကိုကသာ ကြိတ်မှိတ် စုပေးခဲ့ပေမယ့် ဝါဝါ ရန်ကုန်မှာ နေရတဲ့ အတွက် မစုမိတဲ့ အပြင် အိမ်ကတောင် ပို့ပို့ပေး နေရတယ် မဟုတ်လား၊ ဒီမှာ ဆေးခန်းဖွင့်ဖို့ ဆိုတာတော့ မဖြစ်နိုင်ဘူး ဝါဝါ၊ ဆရာဝန်ကြီးရော ကိုရော ဆေးရုံမှာတင် မအားမလပ်အောင် လုပ်နေကြရတယ်၊ ရန်ကုန်က ဆရာဝန် တချို့ကသာ လာဖွင့်နိုင်တာ၊ တကယ်တမ်း ဖြစ်လာတော့လဲ ဆေးရုံကိုပဲ အားကိုးပြီး ပြေးလာကြရတာ”

“ကိုပဲ ဒီကို ပြောင်းချင်လှချည်ရဲ့ ဆိုပြီး ပြောင်းလာတာပဲလေ”

“ဟုတ်တယ်လေ၊ အဲဒီအတွက်လဲ ကို ရှင်းပြခဲ့ပြီးပြီပဲ”

“ခုကော ကိုက ဘာတွေ ဖြစ်စေချင်သေး လို့လဲ”

“ဝါဝါ အလုပ်ထွက်ပြီး ဒီကို ပြောင်းလာဖို့ပဲ၊ ဒါမှမဟုတ်လဲ ဒီမှာရှိတဲ့ အလုပ် တစ်ခုခုကို ပြောင်းလုပ်”

“အို ဟင့်အင်း၊ ကိုယ်ရပ်ကိုယ့်ရွာ မဟုတ်ဘဲ ဝါဝါ မနေချင်ဘူး”

“ဝါဝါ လက်ထပ်ခဲ့တာလဲ ကိုယ့်ရပ်ကိုယ့်ရွာက လူမှ မဟုတ်ဘဲ ဝါဝါရယ်”

ကျွန်တော်တွင် မထင်မှတ်ဘဲ အင်အားတွေ ရှိလာသလို အရှုံးမပေးလိုသော စိတ်ဆန္ဒတွေလည်း အားကြီးလာခဲ့ပြီ ဖြစ်ပါသည်။ ဇနီးသည်ကတော့ အကြောက်အကန် ငြင်းဆန်ဆဲပင်။

သို့သော် များမကြာမီ ကျွန်တော့်ဘက်က အောင်မြင်မှု ရလာသည်။ ကျွန်တော်က ရန်ကုန် မပြန်ဘဲ နေပါများလာသော အခါ မိန်းမသာ ြဖြစ်သော ဝါဝါသည် လိုက်လိုက် လာရ၏။ ကြာတော့ ကျွန်တော့် အိမ်ကလေးသည် ကျွန်တော်တို့ နှစ်ယောက်၏ အိမ်ကလေး ဖြစ်လာသည်။ ဝါဝါသည် သူ၏ မွမ်းမံပြင်ဆင်မှု အောက်မှာ သပ်ရပ် လှပလာသော အိမ်လေးကို တစ်စထက် တစ်စ ခင်တွယ်လာသည်။ နောက်ဆုံးတော့ ရုံးမှ ခွင့်ရက်ရှည် ယူကာ လာနေ၏။ ကျွန်တော်က ဝါဝါကို အပြီးအပိုင် နေဖြစ်ရန် သိမ်သွင်း ရသည်။

ကျွန်တော့် အထက်မှ ဆရာဝန်ကြီး ပြောင်းရွှေ့ သွားသဖြင့် ဒေသခံ ဖြစ်သော ကျွန်တော်သည် ဆရာဝန်ကြီး၏ နေရာမှာ ဝင်ရ၏။ ဝါဝါသည်လည်း “ဆရာဝန်ကြီး ကတော်၊ ဆရာဝန်ကြီး ကတော်” ဟူ၍ ရိုသေကျိုးနွံစွာ ဆက်ဆံတတ်သော နယ်သူ နယ်သားတွေနှင့် ရင်းနှီးခင်မင် လာသည်။ မကြာခင် ကျွန်တော့် စီမံကိန်းလည်း အောင်မြင်လာ၏။ ဝါဝါသည် ကျွန်တော့် အပါးမှာ အမြဲနေရန် ဆုံးဖြတ်သည့် အခြေသို့ ဆိုက်ရောက်ခဲ့ ပေပြီ။ တစ်ကြောင်းကလည်း ကျွန်တော်တို့ အိမ်ထောင်ရေးတွင် လိုအပ်နေသော အရာတစ်ခုကို ဖြည့်ဆည်းရန် အတွက် ဝါဝါတွင် ရင်သွေး တစ်ယောက်ကို လွယ်ထားရပြီ ဖြစ်လေသည်။


ယခုတော့ ကျွန်တော် ရွာကို မကြာ မကြာ ရောက်၏။ ကျွန်တော် မသွားလျှင်လည်း အဖေက ပဲရောင်း၊ စပါးရောင်းရင်း ရောက်ရောက် လာတတ်သည်။ အဖေသည် ကျွန်တော့်ကို အမူအရာဖြင့် ခွင့်လွှတ်စ ပြု၏။

ကျွန်တော် ရွာကိုရောက်တိုင်း မညိုမြတို့ အိမ်ကို ဝင်သည်။

အေးမောင်သည် လည်းကောင်း၊ မညိုမြသည် လည်းကောင်း၊ သူတို့ သမီးကလေး မညိုပြာသည် လည်းကောင်း ကျွန်တော့်ကို ချစ်ခင်ရင်းနှီးစွာ ကြိုဆိုကြ၏။ စိတ်မကောင်းစရာ ကောင်းသည်မှာ အေးမောင်သည် ပိုးထိသည့် ဒဏ်ရာကြောင့် ခြေထောက်တစ်ဘက် မသန်တော့ခြင်းပင်။ မညိုမြက ဦးဆောင်ဦးရွက် ပြုကာ လုပ်တတ် ကိုင်တတ်၍ တော်သေး၏။ မညိုမြတို့တွင် မညိုပြာသာမက နောက်ထပ် ကလေးအငယ် နှစ်ယောက် ရှိသေးကြောင်း ကိုပါ သိရသည်။

ယခုအချိန်မှာ ကျွန်တော် စိတ်ဝင်စား နေသည်ကတော့ မညိုပြာပင်။ သည်နှစ် မညိုပြာ လေးတန်း အောင်ပေပြီ။ မညိုပြာကို ကျောင်းဆက်ထားရေး အတွက် ကျွန်တော် ပြောရတော့သည်။

အစ ပထမတော့ မညိုမြက အင်တင်တင်။

“သူက အကြီးဆုံး ဖြစ်နေတာ ကိုအောင်ခိုင်ရဲ့ ၊ ဈေးလဲ ရောင်းတတ် နေပြီ၊ ထမင်းချက် ကလေးထိန်းလဲ သူ့ပဲ မျက်နှာလွှဲ နေရတာ”

“ဒါပေမယ့် လောလောဆယ် သက်သာတာလေးကို မကြည့်နဲ့လေ မညိုမြ၊ သူတို့ဘဝ တစ်သက်လုံး ကောင်းစားရေး အတွက် လုပ်ပေးရမယ့် ဝတ္တရာ ရှိတယ်”

“ဟုတ်တော့ ဟုတ်ပါတယ်လေ၊ ကျွန်မလဲ ငယ်ငယ်က ကိုအောင်ခိုင်တို့လို ကျောင်းနေချင်တာ၊ အမေက မထားလို့ မနေခဲ့ရတာပါပဲ”

“အဲဒါ ပြောတာပေါ့ မညိုမြရယ်”

ကျွန်တော်က လေးလေးစားစား ပြောတော့ မညိုမြ ကလည်း ကောင်းကောင်းမွန်မွန် ပြန်ပြောသည်။ သို့သော် မညိုမြ တွေဝေနေဆဲ။ အေးမောင် တစ်ယောက်ကတော့ အင်းမလုပ် အဲမလုပ် ဖြစ်နေသည်။ သူက စိတ်ဓာတ်ကျ နေသည်။

“သမီးကကော နေချင်လို့လား”

မညိုမြက သူ့သမီးကို မေးသည်။

“နေချင်တယ် အမေ၊ ဦးဦး ဆရာဝန်က ပြောတယ်၊ သူ့အိမ်က နေပြီး ကျောင်းတက် ရမယ်တဲ့၊ ဆရာဝန် ဖြစ်အောင် ထားပေးမယ်တဲ့”

မညိုပြာက ကျွန်တော် သင်ထားသည့် အတိုင်း ပြန်ပြောသည်။ မညိုမြရော အေးမောင်ကပါ ကျွန်တော့်ကို ကြည့်ကြ၏။

“မင်းကို ကျေးဇူးတင်ပါတယ် အောင်ခိုင်ရာ၊ ငါတို့ကတော့ ရရစားစား ဆိုတော့ အဲဒီလောက်လဲ မတတ်နိုင်တာ အမှန်ပါပဲ၊ အငယ်တွေ ကလဲ ရှိသေးတယ် မဟုတ်လား”

မညိုမြ ကတော့ စိတ်လှုပ်ရှားစွာ ကျွန်တော့်ကို ကြည့်နေသည်။

“မိန်းကလေးပဲ ဒီလောက်တော့ မလိုပါဘူး ကိုအောင်ခိုင်ရယ်။ ကိုးတန်း ဆယ်တန်းလောက် အောင်ရင် ဆရာမလေး ဘာလေးလုပ် တော်ပြီပေါ့။ ဒါတောင် သူတို့ကို အလိုလိုက် လို့ပါ။ နို့မို့ရှိ ခြံထဲမှာပဲ ခိုင်းရမှာ၊ ကျုပ်တို့တုန်း ကလဲ ဒီလိုပဲ လုပ်ခဲ့ ရတာပဲ”

“ဒါတော့ ခေတ်က အရင်လို မဟုတ်တော့ဘူးလေ မညိုမြရယ်”

ပြောသာ ပြောရသည်။ ကျွန်တော်သည် ကလေးပေါင်း များစွာထဲမှာ မညိုပြာ တစ်ယောက်ကိုပင် မနည်းဆွဲထုတ် နေရသည်ကို စဉ်းစားမိ၏။

“အင်းလေ နေချင်လဲ နေကြည့်ဦးပေါ့၊ ခု ကိုအောင်ခိုင့် မိန်းမလဲ ရောက်နေပြီနော်”

“အင်း တို့မှာ သားသမီးလဲ မရှိဘူး၊ ဝါဝါကလဲ သူ့ကို မြင်ရင် ချစ်မှာ၊ သူလဲ အဖော် မရှိဘူးလေ၊ ပြီးတော့ သမီး အနေနဲ့လဲ ဒီကနေ နေ့စဉ် ကျောင်း လာတက်ရရင် မိန်းကလေး ဆိုတော့ မလွယ်ဘူး၊ ဒါကြောင့် ပြောတာ၊ ကျောင်းပိတ်ရက်တော့ ရွာကိုပြန်ပေါ့၊ မဟုတ်ဘူးလား”

မညိုမြတို့ ဇနီးမောင်နှံက သဘောမတူချင် တူချင်ဖြင့် တူလိုက်ကြသည်။ ကျွန်တော်ကတော့ တကယ့် ကယ်တင်ရှင် အကျိုးတော်ဆောင်ကြီး တစ်ယောက်အဖြစ် ကျွန်တော့်ကိုယ် ကျွန်တော် ဝမ်းမြောက် ဂုဏ်ယူမိ၏။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်ဟု ဆိုသော်လည်း မျိုးကောင်းတစ်စေ့ ချနိုင်ရင်လည်း မနည်းဟု အောက်မေ့မိ လေသည်။ လယ်ကွင်းထဲက လူငယ်တွေကို ပညာတတ်ကြီးတွေ အဖြစ် ကျွန်တော် ဖန်တီးလိုဆဲ ရှိသေးသည်။


“ဝါဝါ အတွက်တော့ အဖော်ရပြီဟေ့”

မညိုမြ၏ ကိစ္စနှင့် ပတ်သက်၍ ကျွန်တော်နှင့် ဝါဝါ ကြိုတင် ဆွေးနွေးပြီး ဖြစ်သည်။ သိပ်ပြေလည်လှသည် မဟုတ်သော်လည်း ပြဿနာတော့ ကြီးကြီးကျယ်ကျယ် မရှိပါ။

မညိုပြာသည် သူ့အဝတ်အစား ကလေးနှင့် အိပ်ရာလိပ်ကလေး ကိုင်ကာ သပ်သပ်ရပ်ရပ်ပင် ရောက်လာပါသည်။ ဆန်၊ ဆီ၊ ငါးပိ စသည်တို့လည်း သူ့အမေက ထည့်ပေး လိုက်သေးသည်။ မညိုမြ၏ မာနကိုလည်း ကျွန်တော် လေးစားမိရသည်။

“အင်း၊ ရုပ်ကလေးကတော့ သားသားနားနား ပါပဲနော်”

ချီကျူးသည်လား၊ ဘာလား ခွဲခြား မရသော မှတ်ချက်ကို ဝါဝါက ပေး၏။

“သမီးရဲ့ အလုပ်က အဓိက ကျောင်းမှန်မှန် တက်ဖို့ရယ်၊ စာ ကြိုးစားဖို့ရယ် ပဲနော်၊ ကျန်တဲ့ အချိန်မှာတော့ ဦးဦး မရှိရင် အန်တီ့ အနားမှာ အဖော်ရအောင် နေရမယ်၊ နည်းနည်းပါးပါး ကူလုပ်ရမယ်၊ ဒါပဲနော်၊ ပြီးတော့ သမီးကိုယ် သမီးလဲ သန့်သန့်ရှင်းရှင်း နေရ စားရမယ်”

ဝါဝါက ကျွန်တော့်ကို မျက်စချီ၍ ကြည့်၏။

“ဘယ်လိုလဲ ကိုရဲ့၊ ဝါဝါက သူ့ကို သမီးလို့ ခေါ်ရမှာလား” 

“အို ဒါတော့ မင်း ကြိုက်သလို ခေါ်ပေါ့၊ ကဲ သမီး၊ ဟိုဘက်က အခန်းကလေးက သမီး အတွက်ပဲ၊ အဲဒီမှာ စာရေးစားပွဲလဲ ရှိတယ်၊ မနက်ကျမှ ဦးဦးကိုယ်တိုင် ကျောင်း လိုက်အပ် ပေးမယ်” 

မညိုပြာသည် ကျွန်တော်တို့ နှစ်ယောက်ရှေ့မှာ ခေါင်းကလေး ငုံ့ကာ ဝင်သွား၏။ ရောက်ရောက်ချင်း ဝါဝါ ပြုမူပုံကို ကျွန်တော် မကြိုက်သဖြင့် ဘာမျှ ကျွန်တော် မပြောဘဲ နေလိုက်သည်။ 

“မောင်သောင်း၊ အဲဒါတွေ သိမ်းလိုက်” 

ဝါဝါကလည်း မညိုပြာ ယူလာသော စားသောက်ဖွယ်ရာ ပစ္စည်းများကို သိမ်းရန် တပည့်ဖြစ်သူကို မေးငေါ့၍ ပြောရင်း အခန်းထဲသို့ ဝင်သွားလေသည်။ 

ကျွန်တော်၏ လုပ်ဆောင်ချက်များသည် လိုအပ်တာထက် ပိုမို လွန်ကဲ နေလို့များလားဟု တွေးရင်း ကျွန်တော် ကျန်ရစ်သည်။ 


“အေ တစ်ခု၊ တစ်ကောင်၊ တစ်ယောက်၊ စီအေတီ ကက်် ကြောင်၊ အာရ်အေတီ ရက်ထ် ကြွက်၊ ဘီအေတီ ဘက်ထ် ဘတ်တံ” 

ကျွန်တော် ဆေးရုံမှ ပြန်ရောက်ချိန်တွင် မညိုပြာ၏ စာကျက်သံ ကလေးကို ကြားရ၍ ရင်ထဲမှာ ကြည်နူးသွားသည်။ အိမ်ရှေ့မှ ကျွန်တော့်ခြေသံ ကြားသည်နှင့် မညိုပြာသည် ပြေး၍ ထွက်လာသည်။ ကျွန်တော့် လက်ထဲမှ ပစ္စည်း ပစ္စယများကို လှမ်းယူသည်။ နေရာတကျ ထားသည်။ 

“ဦးဦး ဆရာဝန်ကြီး၊ သမီးကို ကြည့်ပါဦး၊ ဆံပင်တွေ ညှပ်ထားတယ်” 

“ဟေ တယ်ဟုတ်ပါလား၊ ဘယ်သူ ညှပ်ပေးလဲ၊ အန်တီဝါဝါ လား” 

“မဟုတ်ဘူး ဦးဦးရဲ့” 

မညိုပြာက အနားတွင် ရပ်ကြည့်နေသော မောင်သောင်းကို လှမ်းကြည့်သည်။ မောင်သောင်းက စပ်ဖြီးဖြီး လုပ်နေသည်။ 

“ကျွန်တော့် လက်ရာလေ ဆရာရဲ့၊ မလှဘူးလား” 

သည်တော့မှ ကျွန်တော် သေသေချာချာ ကြည့်မိသည်။ နဂိုက ဆံရစ်ဝိုင်း မကျ ဆံတောက် မကျ ဖြစ်နေသော မညိုပြာ၏ ဆံပင်သည် ယခုတော့ မောင်သောင်း၏ လက်ချက်ဖြင့် အုန်းမှုတ်ခွက် လိုလို၊ ဗိုလ်ဆံတောက် လိုလို ဖြစ်နေသည်။ 

“မင်းကလဲကွာ၊ ကလေးကို အရမ်း လျှောက်လုပ်တာပဲ၊ နဂိုအတိုင်းလေးလဲ လှသားနဲ့” 

“အန်တီ ဝါဝါက ညှပ်ခိုင်းတာ ဦးဦးရဲ့” 

“မညှပ်လို့ ဘယ်ဖြစ်မလဲ၊ ခေါင်းထဲမှာ သန်းတွေကို အများကြီး” 

အခန်းထဲမှ ဝါဝါက လှမ်းပြောသည်။ 

“ကဲ ကဲ နောက်နေ့ကျရင် ဈေးကဆိုင်မှာ သွားပြင်ညှပ်ချေနော်၊ ဦးဦး ထမင်း ဆာလှပြီဟေ့၊ မောင်သောင်းရေ ထမင်းပြင်တော့” 

ကျွန်တော် ဝါဝါနှင့် အချေအတင် မပြောတော့ပါ။ 

“ကဲ ဝါဝါရေ၊ ထမင်းစားရအောင်” 

“ဝါဝါ စားပြီးပြီ ကို” 

ခါတိုင်းဆိုလျှင် ဝါဝါသည် ကျွန်တော့်ကို စောင့်ပြီးမှ ထမင်းစားသည်။ မနေ့က ကျွန်တော်က မညိုပြာကို ကျွန်တော်နှင့်အတူ ထမင်း ဝင်စားရန် ခေါ်မိသည်။ မညိုပြာ လက်ကို ရေဆွတ်ရုံ ပြီးစလွယ် ဆေးပြီး ဝင်လာခဲ့၏။ ဝါဝါ နှာခေါင်းရှုံ့မှ ကျွန်တော် သေသေချာချာ ကြည့်မိသည်။ 

“သမီး လက်ကို ဆပ်ပြာနဲ့ သေသေချာချာ ဆေးခဲ့၊ ပြီးတော့ လက်သည်းတွေ ကိုလဲ စင်အောင် ညှပ်ဦးနော်၊ နောက်ကို လက်ပေပေကြီးနဲ့ ထမင်း မစားနဲ့၊ အခုတော့ ဇွန်းနဲ့ပဲ စားလိုက်တော့” 

မညိုပြာသည် ကျွန်တော်တို့လို ဇွန်းနဲ့ ခက်ရင်းကို ကိုင်၍ ထမင်းစား ရသဖြင့် ကောင်းကောင်း မစားနိုင်ရှာပါ။ ကျွန်တော်တို့လည်း တောသားပီပီ လက်နှင့် စားရမှ အားရခဲ့သည်။ ငယ်ငယ်က ဆိုလျှင် လယ်ထဲမှာ မြေပဲ၊ ငရုတ် နုတ်အပြီး လက်ဝါးနှစ်ဘက်ကို ရိုက်ခတ်ကာ ပြီးစလွယ် ဆေးကြော စားသောက် ကြမြဲပင်။ သို့သော် ကျန်းမာရေး အတွက် ကောင်းရာ ကောင်းကြောင်းမို့ မညိုပြာကို သန့်သန့်ရှင်းရှင်း နေထိုင် စားသောက်ဖို့ သင်ရသည်။ 

ထမင်းစားပွဲမှာ ကျွန်တော် တစ်ယောက်တည်း ဖြစ်၏။ 

“သမီးကော တစ်ခါတည်း စားလေ” 

“စားပြီးပြီ ဦးဦး” 

“ဘယ်သူနဲ့ စားလဲ၊ အန်တီ ဝါဝါနဲ့လား” 

“မဟုတ်ဘူး၊ ဦးဦး ကိုမောင်သောင်းနဲ့” 

“ဪ အေး အေး၊ ပြီးရင် စာသွား ကျက်တော့” 

မညိုပြာသည် ကျွန်တော့်နားမှာပင် မယောင်မလည် ရပ်နေ၏။ ကျွန်တော်က တစ်စုံတရာများ ပြောစရာ ရှိလေသလား ဟူ၍ လှမ်းကြည့်သည်။ မညိုပြာ၏ မျက်လုံးများသည် စိုစွတ်တောက်ပ နေကြသည်။ 

“ဘာလဲ သမီး၊ ဘာပြောမလို့လဲ” 

“ဟိုလေ သန်ဘက်ခါ ကျောင်းပိတ်တယ်လေ ဦးဦး၊ သမီး အဲ ကျွန်မ ကျွန်မ မနက်ဖြန် ညနေ ရွာကို ပြန်ရမလားလို့ပါ” 

“ဪ အေး အေး၊ ကျောင်းမှ တက်မယ် မကြံသေးဘူး။ ရွာကို လွမ်းနေပြီလား၊ မနက်ဖြန် လူကြုံရှိရင် ပြန်တာပေါ့ကွယ်၊ ဒါပေမယ့် ကျောင်းတက်အမီ ပြန်လာရမယ်နော်” 

“ဟုတ်ကဲ့ရှင့်” 

ကျွန်တော်သည် မညိုပြာ၏ ပြောဆို ပြုမူပုံကလေး ပြောင်းလဲ သွားသည်ကို သတိထားမိ သော်လည်း စူးစမ်းခြင်းတော့ မပြုပေ။ 

မညိုပြာသည် ဇွဲတော့ ကောင်း၏။ ပညာကိုလည်း လိုလိုချင်ချင် ရှိသည်။ ကျွန်တော်က ဝါဝါ၏ ဆက်ဆံရေးကြောင့် မညိုပြာ စိတ်ညစ်ပြီး ပြန်မလာမှာကို စိုးရိမ်မိ သော်လည်း မညိုပြာသည် အပတ်စဉ် မှန်မှန် ပြန်လာ၏။ ပြီးတော့ သူ့ဉာဉ်ကလေးက ကောင်းသည်မှာ ကျွန်တော်တို့ အိမ်က အကြောင်းကို သူ့အိမ်သို့ ဘာမျှ ပြန်မပြောသလို သူ့အိမ် အကြောင်းကိုလည်း သယ်မလာပေ။ မညိုပြာ၏ အကင်းပါးမှုကြောင့် ဝါဝါ၏ တင်းမာသယောင် ရှိသော သဘောထား မှာလည်း တဖြည်းဖြည်း ပြောင်းလဲ လာခဲ့သည်။ 

“အမလေး၊ ဒီမှာ ကို့သမီးက လာကြွားနေတယ်၊ လပတ် စာမေးပွဲမှာ အဆင့်ငါး ရတယ်တဲ့” 

“ဟင် ဟုတ်လား၊ ပြစမ်းပါဦး” 

မညိုပြာက သူ့ကျောင်းမှ ပေးလိုက်သော ရီပို့ကတ်လေးကို တပြပြ ဖြစ်၍ နေသည်။ 

“အင်္ဂလိပ်စာ ၅၀ တောင် ရပါကလား၊ သင်္ချာက ၈ဝ၊ မဆိုးဘူး ဝါဝါရေ၊ မဆိုးပါဘူး၊ သမီး ဒီထက် ပိုကြိုးစား လိုက်ရင် အဆင့်တစ် ရဖို့ မဝေးတော့ဘူး” 

“ကိုတို့ ဘောလယ်သား တွေက တော်တယ်နော်၊ ဟင်း ဟင်း” 

ဝါဝါက ရယ်သွမ်း သွေး၏။ 

“တော်တဲ့လူတွေ အများကြီးပေါ့ ဝါဝါရယ်၊ ဘယ်နေရာမှာ မဆို တော်တဲ့လူတွေ ရှိတာပဲ၊ တော်တဲ့ အစွမ်းအစကို ထုတ်ပြခွင့် မရကြလို့သာ” 

“ဒါကြောင့် ကိုက နွံထဲက ပတ္တမြားတွေကို ဖော်ထုတ်ပေးနေတာပေါ့ ဟုတ်လား၊ ဟား ဟား” 

ဇနီးသည်က မည်မျှ ပြက်ရယ်ပြုသည် ဖြစ်စေ၊ ကျွန်တော်ကတော့ ကျွန်တော့် လုပ်ရပ်အတွက် ကျွန်တော် ဂုဏ်ယူနေမိ၏။ အမေသာ ဟင်းရွက် ရောင်းရင်း ကျွန်တော့်ကို ကျောင်း မပို့ခဲ့လျှင် ကျွန်တော်လည်း ဆရာဝန် ဖြစ်လာမည် မဟုတ်။ မညိုပြာကလေး ဆရာဝန် မဖြစ်လျှင် နေပါစေ၊ သူ့အမေ ပြောသလို ကျောင်းဆရာမကလေး ဖြစ်လျှင်လည်း ကျွန်တော် ကျေနပ်သည်။ 

အိမ်မှာ အနေကြာလာတော့ မညိုပြာသည် အစစ အရာရာ လိမ္မာရေးခြား ရှိလာ၏။ ဝါဝါ၏ စည်းစနစ်ကြောင့် သန့်သန့်ရှင်းရှင်း နေတတ် စားတတ် လာသည်။ အိမ်အလုပ် ကိုလည်း ဝိုင်းဝန်းကူညီ၍ လုပ်ကိုင်ပေး၏။ ကျွန်တော် နယ်ဆင်းရသည့် အခါ ဝါဝါအတွက် အဖော်ဖြစ်နေသည်။ မပေါ့မပါး ဖြစ်နေသော ဝါဝါကို အစစ အရာရာ အလိုက်တသိ လုပ်ပေးသည်။ သူ့စာကိုလည်း သူ ကြိုးစားသည်။ 

ကျွန်တော်တို့ သူ့ကို ကျောင်းထား ပေးရသည် ဆိုသော်လည်း လုံးဝဥဿုံ တာဝန်ယူရသည် မဟုတ်။ အဝတ်အစားဖိုး၊ စာအုပ်ဖိုးသာ ကုန်သည်။ အစားအသောက်နှင့် မုန့်ဖိုးပဲဖိုးလောက် ကိုတော့ သူ့အမေက ပေးလိုက်စမြဲ။ 

မညိုပြာ စာမေးပွဲ နီးလာတော့ ကျွန်တော်တို့က သူ့ကို ရွာမပြန် ခိုင်းတော့။ အိမ်မှာပင် စာကျက်စေသည်။ ထိုအခါ မညိုပြာ မျက်နှာ မကောင်းလှပေ။ 

“မညိုပြာ ရွာကို မှာစရာ ရှိတာ မှာလိုက်၊ ဦးဦး ရွာကို သွားမလို့၊ စာမေးပွဲ နီးလို့ စာကျက် ပျက်နေမယ်၊ မလိုက်နဲ့တော့နော်” 

မညိုပြာက ခေါင်းမညိတ်ချင် ညိတ်ချင် ညိတ်သည်။ 

မရောက်တာ ကြာသော ရွာသို့ ကျွန်တော် တစ်ယောက်တည်း လာခဲ့ရ၏။ အဖေ့ဆီ အရင်ဝင်သည်။ အဖေသည် တူသား လုပ်ဖော် ကိုင်ဘက်များနှင့် လယ်ကွင်းထဲ ဆင်းဆဲ။ 

“အိမ်း၊ မင်းကို ငါပြောရဦးမယ်၊ မညိုမြ သမီးကလေးကို မင်းက ကျောင်းခေါ် ထားပေးဆို” 

“ဟုတ်တယ် အဖေရ၊ ကောင်မလေးက စာလဲ သိပ်တော်တာပဲ။ ထားရကျိုး နပ်ပါတယ်” 

ကျွန်တော်က ဝင့်ကြွားစွာ ပြောလိုက်သည်။ သို့သော် အဖေ့စကား တစ်ခုခုကို တမင် အစပျိုးပြီ ဆိုလျှင်တော့ အကြောင်းတစ်ခုခု ရှိသည်သာ ဖြစ်၏။ ချီးမွမ်းချင်လို့တော့ မဖြစ်နိုင်။ 

“မင်းကသာ ထားရကျိုး နပ်နေ၊ ဟိုမယ်ဖြင့် ညိုမြတို့ လင်မယား ခါးချည်လို့ သေတော့မယ်” 

“ဘာဖြစ်လို့လဲ အဖေရဲ့၊ ဒီကလေး တစ်ယောက် ကျောင်းထား ရတာနဲ့ သူတို့အတွက် ဘယ်လောက်များ ထိခိုက်လို့လဲ” 

“ဟ ဒီကလေးက တစ်ယောက်ဆို တစ်ယောက် အားထားရတာ၊ ကျန်တာတွေက ပုစုခရု၊ အေးမောင်ကလဲ ခြေကမသန်၊ ညိုမြက လယ်ထဲ ဆင်းရ၊ ထမင်းချက်ရနဲ့ ကလေးတွေလဲ ဖြစ်ချင်ရာဖြစ် ပစ်ထားတာ လူရုပ်ကို မပေါ်တော့ဘူး” 

မညိုပြာအောက် ကလေးများကို ကျွန်တော် သွားသတိရသည်။ သူတို့လည်း ကျောင်းနေရမည့် အရွယ် ရောက်နေပြီ။ အဖေက ဆက်ပြော သေး၏။ 

“မင်းကသာ ကျောင်းနေနိုင်တာ၊ မင်း အစ်မတွေ ညီမတွေက ဘယ်နေရလို့လဲ၊ လယ်သမား သားသမီးက လယ်ထဲ ဆင်းရတာပဲကွ၊ မဆင်းဘဲ နေလို့ရတာ တစ်ယောက်တလေ၊ မင်းတစ်ယောက် ဆရာဝန် ဖြစ်တိုင်း အားလုံး ဖြစ်နိုင်မယ် ထင်လို့လား” 

ပြောခဲ ဆိုခဲသော အဖေသည် ထိုမျှနှင့် ရပ်သွား၍ တော်ပါသေး၏။ 

ကျွန်တော် အဖေ့အတွက် လိုအပ်သည့် ဆေးဝါးများ ပေးပြီး ပြန်လာခဲ့ ရသည်။ မညိုမြတို့ အိမ်ကို မဝင်ချင် သော်လည်း ဝင်ကြည့်ရ၏။ 

ခြံထဲမှာ အသီးအနှံကလေးတွေ စိမ်းစိမ်းစိုစို ရှိနေသော်လည်း လူတွေကတော့ ပြောင်ပြောင်လက်လက် မရှိလှ။ အေးမောင်က ကောက်ရိုးများကို မနိုင့်တနိုင် သယ်လျက်ရှိ၏။ မညိုမြသည် ယခင်ကထက် ပိန်ကျသွားကာ အသားက မည်းခြောက်နေသည်။ ကလေး နှစ်ယောက်က အိမ်အောက်မှာ ဘောင်းဘီ မပါဘဲ ဆော့ကစား နေကြ၏။ အနီးကပ် ကြည့်တော့ ညိုမြ၏ ဝမ်းစူစူပုံပုံကို သတိထား လိုက်မိသည်။ မွေးပဲ မွေးနိုင်လွန်။ စိတ်ထဲက ရေရွတ်လိုက်မိ၏။ 

စီမံကိန်း အချကောင်းသော ကျွန်တော့်ဇနီးက အိမ်ထောင်သက် ဆယ်နှစ်ကျော်မှ ကလေးတစ်ယောက် အနိုင်နိုင် မွေးသည်။ ကျွန်တော့်နောက်မှ အိမ်ထောင်ပြုသော ညိုမြက ကလေးသုံးယောက် မွေးပြီးနေပြီ။ 

“သမီး ပါမလာဘူးလား ကိုအောင်ခိုင်” 

ညိုမြက ဆီး၍ မေးသည်။ 

“မပါဘူး၊ စာမေးပွဲ နီးနေလို့ စာကျက် ခိုင်းထားခဲ့တယ်” 

“ဪ ဪ” 

မညိုမြ အသံက တက်တက်ကြွကြွ သိပ်မရှိလှ။ 

“နင့်သမီးက တော်တယ်ဟာ၊ လိမ်လဲ လိမ္မာတယ်” 

“ဟုတ်တယ်တော့၊ ဒါကြောင့် သူ့ပဲ အားကိုး နေရတာ၊ ပြန်လာတယ် ဆိုရင်လဲ အဝတ်တွေ အကုန်စုလျှော်၊ တစ်ခြံလုံး လုပ်ပေး သွားတာပဲ။ တစ်ပတ်စာလေ” 

ကျွန်တော်က မညိုပြာ တစ်ယောက် တစ်ပတ်တစ်ခါ အိမ်မပြန်ဘဲ မနေနိုင်သည်ကို သတိရမိသည်။ 

“စာမေးပွဲလဲ ပြီးတော့မှာပါဟာ” 

“အေးတော် ပြီးပါမှပဲ၊ မနှစ်က စပါးကလဲ မရ၊ ငရုတ်ကလဲ ဈေးကျတော့ သိပ် ကသီတာပဲ၊ အရေးထဲ ကိုအေးမောင်ကလဲ ပိုးထိ၊ ပြော မပြောချင်ပါဘူး” 

“ညိုမြကလဲ ဘာတွေ ပြောနေတာလဲ၊ ဧည့်သည်ကို အကြမ်းအိုးကလေး ဘာကလေး လုပ်ပါဦး” 

ကိုအေးမောင်က အိမ်ပေါ်ကို အားယူ တက်လာရင်း ပြောသည်။ 

“လုပ်မနေနဲ့တော့၊ ပြန်တော့မှာ၊ သမီးဆီ ဘာမှာဦးမလဲ” 

“ကောက်ညှင်းဆန်လေး နည်းနည်းနဲ့ မုန့်ဖိုကလေး ပေးလိုက်ချင်တယ်” 

ညိုမြ အိမ်ခေါင်းရင်း ဘုရားစင်ဆီ ထသွားမည်ြ ပုသည်။ ဝါးကျည်တောက် စုဘူးကို ထောင်လျက်သား လှမ်းမြင် နေရသည်။ အမေ ရှိစဉ်က ဝါးကျည်တောက်ဖြင့် ပိုက်ဆံ အကြွေတွေ စုတတ်သည်ကို ကျွန်တော် သတိရ၏။ 

မညိုမြသည် တတ်နိုင်၍ မဟုတ်ဘဲ သူ့သမီး မျက်နှာငယ်မှာ စိုး၍ ထောက်ပံ့နေကြောင်း ကျွန်တော် ရိပ်မိ၏။ 

“နေပါစေ၊ ပေးမနေနဲ့၊ အိမ်ကလဲ ပေးနေတာပဲ၊ သူ့အတွက် မလိုပါဘူး” 

ကျွန်တော် ခပ်သုတ်သုတ်ပင် ပြန်ဆင်းလာခဲ့၏။ 

စက်ဘီးကို နင်းကာ ချောင်းကမ်းပါး အတိုင်း ပြန်လာခဲ့၏။ ချောင်းထဲတွင် ရေနည်းလျက် ရှိပြီ။ လက်ရက်တွင်း ကလေးများ ပေါ်နေပြီ။ အကာအရံများ ပျက်စီး ယိုယွင်စပြုသော မူလတန်း ကျောင်းအိုကလေးမှ ကျောင်းသားကလေးတွေ ပြေးထွက် လာကြသည်။ ပင်ပန်း နွမ်းနယ်နေဟန် တူသော ဆရာကြီးက နောက်မှ ပါလာ၏။ ကျွန်တော်က ဆရာကြီးကို နှုတ်ဆက်ရန် စက်ဘီးပေါ်မှ ဆင်းလိုက်သည်။ ဆရာကြီးက ကျွန်တော်တို့ ငယ်စဉ်က သင်ခဲ့ရသော ဆရာကြီး မဟုတ်တော့။ သို့သော် ယခင် ဆရာကြီး ကဲ့သို့ပင် မည်းမည်းကြုတ်ကြုတ်၊ နွမ်းနွမ်းစုတ်စုတ်။ တပည့်တွေ ကလည်း နှပ်တရှုပ်ရှုပ်၊ ပေပေနုပ်နုပ်။ 

“ေဩာ ဆရာဝန်ကြီး ပါလား၊ တွေ့တုန်း ပြောရဦးမယ်၊ ရေက နည်းတော့ ဝမ်း စိုးရိမ်ရတယ်ဗျ၊ တစ်နေ့ကတောင် အနောက်ပိုင်းမှာ ဘာလိုလို” 

“ဟုတ်လား၊ ကျွန်တော် အဖွဲ့နဲ့ ဆင်းခဲ့ဦးမယ် ဆရာကြီး” 

“အေး၊ လုပ်စမ်းပါဦးကွ” 

ကျွန်တော် ဆက်လက် ထွက်ခွါလာခဲ့၏။ ရေကို ကျိုချက်သောက်ဖို့ ပြောဦးမည် ကြံသော်လည်း မပြောဖြစ်။ ကလေးများသည် ကျွန်တော့် စက်ဘီးကို နောက်ကို လိုက်ဆွဲကာ ဟေးကနဲ အော်လိုက်ကြသည်။ ကျွန်တော် နားထဲမှာတော့ ခင်ဗျား ကျွန်တော်တို့ ရွာသားတွေထဲက နောက်ထပ် ဆရာဝန် ဘယ်နှယောက်လောက်များ မျှော်လင့် နေသေးသနည်းဟု မေးနေ သယောင် ထင်ရသည်။ 


“ကြည့်ပါဦး ကို၊ ကလေးက အသားလဲ ဖြူတယ်၊ ကိုနဲ့ တူတယ်နော်၊ နားရွက်ကလဲ အကြီးကြီးပဲ၊ ဉာဏ်ကောင်းမှာ ကိုရဲ့၊ တစ်ဦးတည်းသော သား ဆိုတော့ သေသေချာချာ ပြုစုပျိုးထောင် ပေးရမယ်” 

ဝါဝါက ကျွန်တော်တို့၏ သားဦးကို တစ်ဦးတည်းသောသား ဟုပင် သတ်မှတ်သည်။ ဖြစ်နိုင်စရာ အကြောင်း ရှိ၏။ သည် အသက်အရွယ် ကျမှ နောက်ထပ် သားသမီးလည်း မလိုချင်တော့ပြီ။ ကလေးသည် ဝါဝါ ပြောသလိုပင် အသား ဖြူဖြူလေး။ ကျွန်တော်တို့သည် အချိန်ကာလ ကြာမြင့်စွာ ကပင် အစစ ပြင်ဆင်ထားခဲ့ ကြသဖြင့် သားအတွက် အရာရာသည် ပြည့်စုံပြီး ဖြစ်၍နေသည်။ နောက်ထပ် လိုအပ်သမျှကို ဖြည့်ဆည်း ပေးရန်လည်း အသင့် ရှိနေကြသည်။ 

“ကို့သားကတော့ ကို့လိုပဲ ဆရာဝန်ကြီး ဖြစ်မှာ သေချာပါတယ်။ ဟင်း ဟင်း၊ မဟာနဖူးကြီး ကလဲ အကျယ်ကြီးပဲ” 

“တောက ချောင်းထဲ မြောင်းထဲမှာ ဆော့နေတဲ့ ကလေးတွေထဲမှာလဲ နဖူးကျယ်ကျယ် နားရွက်ကားကား ကလေးတွေ တစ်ပုံကြီးပါကွာ၊ သူ ဖြစ်ချင်မှ ဖြစ်တာပါ” 

အဖြစ်သည်းတတ်သော မိခင်တို့၏ သဘာဝကို နားလည်သော်လည်း ကျွန်တော်က ကိုယ့်ဝေဒနာနှင့် ကိုယ်မို့ ပြောလိုက်မိသည်။ 

“ကိုကလဲ ဘယ်လို ဖြစ်နေတာလဲ၊ သူ ဖြစ်ချင်မှ ဖြစ်တာတော့ မှန်တာပေါ့၊ ဒါပေမယ့် လူဆိုတာ ပြုပြင် ဖန်တီးပေးမယ့်သူ ရှိရင် ဖြစ်နိုင်ဖို့ များတာပဲ၊ ဝါဝါတို့က သားအတွက် အားလုံး ဖန်တီးပေးမှာပဲဟာ” 

“အေးလေ ဖန်တီးပေးဖို့က တတ်နိုင်ဦးမှ၊ အဲဒါကို ပြောတာ” 

“ကိုက မညိုပြာအတွက် ပြောနေတာ မဟုတ်လား၊ သိပါတယ်၊ ကို လုပ်ချင်သလို လုပ်ပေးခဲ့ပြီပဲ၊ ဒီထက်ပိုပြီး ဘာတတ်နိုင်ဦးမှာလဲလို့” 

မညိုပြာကို ကျောင်းဖွင့်အမီ ပြန်လာခဲ့ဖို့ ကျွန်တော် အထပ်ထပ် မှာလိုက်သည်။ ပထမအစမ်း စာမေးပွဲ ဖြေပြီးရုံသာ ရှိသေး၍ ကျောင်း ဆယ်ရက်ခန့်သာ ပိတ်သည်။ ကျောင်းဖွင့်သည်မှာ သုံးရက်ခန့် ရှိပြီ။ မညိုပြာကာ ပေါ်မလာသေး။ ကျွန်တော်လည်း အရေးတကြီး လူနာတွေ ရှိ၍ လိုက်မသွားနိုင်ပေ။ တစ်နေ့ကပင် သူ့ အတန်းပိုင် ဆရာမနှင့် တွေ့၍ ပြောလိုက်သေးသည်။ 

“ဆရာဝန်ကြီး သမီးက သိပ်တော်တာပဲ၊ ပထမ ရတယ်လေ၊ သင်္ချာမှာလဲ အမှတ်ပြည့် ရတယ်၊ အင်္ဂလိပ်စာလဲ အမှတ် အများဆုံး” 

အကြောင်း မသိသူတွေက ကျွန်တော့် မွေးစားသမီးဟုပင် ထင်ကြသည်။ ကျောင်းမှာလည်း အုပ်ထိန်းသူ နေရာတွင် ကျွန်တော့်နာမည် ထည့်ထားသည်။ 

သည်အတိုင်းသာ ဆက်သွားလျှင် မညိုပြာ တစ်နှစ်တစ်တန်း မှန်မှန်အောင်မှာ မလွဲ။ မညိုပြာ၏ အစွမ်းအစကို ကျွန်တော် သိသည်။ 

တစ်ပတ်ခန့် ကျွန်တော် စောင့်သော်လည်း မညိုပြာ ပေါ်မလာ။ မနေနိုင်သည့် အဆုံး ကျွန်တော် လိုက်သွားဖို့ ပြင်ရသည်။ 

“ကို ရွာကို သွားမလို့လား၊ မညိုပြာလေးကို ပြန်ခေါ်ခဲ့နော်” 

ဝါဝါက တကယ် ပြောသည်လား၊ ရွဲ့ ပြောသည်လားတော့ မသိ။ ကျွန်တော်က ခေါင်းညိတ်ပြခဲ့သည်။ ကျောင်းမှ ပြန်ရောက်သည်နှင့် လွယ်အိတ်ကို ချကာ အိမ်အလုပ်ကို ဦးစွာ လုပ်ပေးတတ်သော မညိုပြာကို ဝါဝါသည် နှုတ်မှ ဖွင့်မပြောသော်လည်း လိုလိုလားလား ဖြစ်နေသည်မှာတော့ သေချာသည်။ 

သို့သော် ရွာရောက်တော့ မညိုပြာကို မတွေ့။ သူ့အမေ ညိုမြကိုလည်း မတွေ့။ သူ့အဖေ အေးမောင်နှင့် အငယ်လေး နှစ်ယောက်ကိုသာ တွေ့ရသည်။ 

“သားအမိ နှစ်ယောက် ကောက်ရိတ် သွားနေကြလေရဲ့” 

အေးမောင်က ပြောသည်။ 

“ကလေးက ကျောင်းဖွင့် နေပြီဗျာ၊ ဘာလို့ ခေါ်သွား ရသလဲ” 

“မခေါ်လို့ ဘယ်လို လုပ်မလဲ အောင်ခိုင်၊ ငါလဲ မလိုက်နိုင်၊ သူ့အမေကလဲ မပေါ့မပါးကြီးနဲ့” 

ကျွန်တော် ရင်ထဲမှ တောက်တစ်ချက် ခေါက်မိ၏။ အဖေဆီ ရောက်သော်လည်း ထိုအကြောင်းကိုတော့ မပြောဖြစ်။ ကျွန်တော် ပြန်လာချိန်အထိ မညိုပြာတို့ သားအမိ ပြန်မရောက်သေး။ မညိုပြာကို ကျွန်တော့်ဆီ လွှတ်လိုက်ဖို့သာ မှာခဲ့ရသည်။ 

လေးငါးရက် ကြာမှ မညိုပြာ ပြန်ရောက်လာ၏။ 

အသားတွေလည်း မည်းပြာ၍ လာ၏။ ဆင်ထားသော အဝတ်အစားတွေ မှာလည်း အရောင်အဆင်း မရှိတော့။ ကျောင်းစာတွေ နောက်ကျမည် စိုးသဖြင့် ကျွန်တော်က ကျောင်းကို မြန်မြန်ပို့သည်။ 

သို့သော် မညိုပြာသည် ကျောင်းတက်ရာမှာ သော်လည်းကောင်း၊ စာကျက်ရာမှာ သော်လည်းကောင်း ယခင်ကလို တက်ကြွ ထက်သန်ခြင်း မရှိတော့။ 


“ကိုရေ ဒီတစ်ခါ ထရန်စဖာ ရရင် ရန်ကုန်ကို ရမှာ သေချာပါပြီတဲ့။ ဦးလေးတို့ဆီက စာလာတယ်” 

ဝါဝါက အားတက်သရော ပြောသည်။ ကျွန်တော်ကတော့ အထူးတလည် ဝမ်းသာခြင်း မရှိလှ။ အမှန်အတိုင်း ဝန်ခံရလျှင် ကျွန်တော်လည်း ရန်ကုန်မှာ နေချင်သည်။ ဆေးဝါးကိရိယာ ပိုမိုပြည့်စုံသော ဆေးရုံကြီးတွေ မှာလည်း ကျွန်တော် အမှုထမ်းချင်သည်။ မိမိဘဝအတွက် တိုးတက်ရာ တိုးတက်ကြောင်းလည်း ပိုမို လမ်းပွင့်လာအောင် ကြိုးစားချင်သည်။ ကျွန်တော့် သူငယ်ချင်း ဆရာဝန်အချို့ ဆိုလျှင် နိုင်ငံခြားကို အနည်းဆုံး တစ်ခေါက် နှစ်ခေါက်တော့ သွားပြီးပြီ။ 

သို့သော် အခြေကျ အမြစ်တွယ်စ ပြုနေသော ဇာတိမြေကို ခင်တွယ်စိတ်ကလေး ကလည်း ကိန်းအောင်းနေပြီ ဖြစ်၏။ 

“ပြောင်းရတာတော့ ကောင်းပါတယ်ကွာ၊ ကိုယ်ကတော့ တစ်နှစ် နှစ်နှစ်လောက် ထပ်နေချင်သေးတယ်၊ တစ်မြို့တည်း မထားချင်လို့ ပြောင်းရရင်လဲ ဒီနား တစ်ဝိုက်ပေါ့” 

“အမလေး၊ ကိုက ခုမှ ဒေသစွဲ ကြီးနေလိုက်တာ၊ ကို မရှိလဲ တခြား ဆရာဝန်တွေ လာမှာပါ ကိုရဲ့” 

“ဒါတော့ ဒါပေါ့ကွ” 

“ဪ ဝါဝါတို့ ပြောင်းသွားရင် မညိုပြာကလေးတောင် ကျောင်းနေဖို့ အခက်နော်၊ ရန်ကုန်ကို ခေါ်သွားရအောင် ကိုရယ်၊ သူ့မိဘတွေကို ပြောကြည့်ပါလား” 

စာမေးပွဲကြီး ပြီးကတည်းက မညိုပြာ ရွာပြန်သွားသည်။ နောက်နှစ် သူ ကျောင်း ဆက်တက်ရေးသည် မရေရာ။ ကျွန်တော်ကလည်း ကျောင်းပိတ်ရက်က ရှည်ကြာဦး မည်မို့ ဘာမျှ မပြောဘဲ ထားသည်။ ကျောင်းဖွင့်မှ တစ်နည်းတစ်ဖုံဘရအောင် ဖန်တီးမည်ဟု စိတ်ကူးထား၏။ 

ကျွန်တော်တို့ မရှိလျှင် မညိုပြာ ကျောင်းတက်တော့မည် မဟုတ်သည်မှာ သေချာလှသည်။ 

“သူ့မိဘတွေက ထည့်ရင်တော့ ကောင်းတာပေါ့ကွာ၊ ကောင်မလေး က ထူးချွန်မှာ” 

ဝါဝါ၏ ရည်မှန်းချက်က အောင်မြင်သည်ဟု ဆိုရမည်။ သူ ပြောသလိုပင် ကျွန်တော် မကြာခင်မှာ ပြောင်းရွှေ့ဖို့ ဖြစ်လာသည်။ ရန်ကုန် ဆင်ခြေဖုံးမှ ဆေးရုံတစ်ခုသို့ ဖြစ်၏။ ဝါဝါကတော့ ပျော်၍နေသည်။ 

ကျွန်တော်သည် ထိုအကြောင်းကို အဖေ့ကို ပြောရန် ရွာသို့ လာခဲ့ရသည်။ 

“ဟော၊ ဆရာဝန်ကြီး သမီး စာမေးပွဲ အောင်တယ်လေ၊ သိပြီးပြီလား” 

လမ်းတွင် ဆရာ တစ်ယောက်က ပြောသည်။ ကျွန်တော် မသိသေး။ ခေါင်းကိုသာ ညိတ်ပြလိုက်မိ၏။ ဝမ်းသာသော်လည် လှိုက်လှိုက်လှဲလှဲ မဟုတ်တော့။ သည်မျှလောက်နှင့်တော့ မညိုပြာ၏ ဘဝသည် ထူးခြား ပြောင်းလဲ လာမည် မဟုတ်။ ခုနစ်တန်း ရှစ်တန်းအောင် အထိ ပညာသင်ပြီး လယ်ကွင်းထဲ ဆင်းနေရသူတွေ ရွာမှာ များစွာရှိသည်။ ကိုးတန်း၊ ဆယ်တန်း အောင်သူတွေက မြို့ပေါ်မှာ စာရေးစာချီ ဝင်လုပ်ကြသည်။ အချို့လည်း ရုံးအကူလောက်၊ ညစောင့်လောက်သာ ရကြသည်။ လခနှင့် မလောက်ငသော အခါ ငရုတ်တို့၊ မြေပဲတို့ ဆင်းစိုက်ကြ ပြန်သည်။ ဤနည်းဖြင့် သံသရာ လည်နေကြ၏။ 

ချောင်းရိုးအတိုင်း လျှောက်လာခဲ့သည်။ 

သဲသောင်ပြင်သည် မိုးကို မျှော်လင့်နေ၏။ မိုးကျ၍ ချောင်းရေတွေ တဝေါဝေါ စီးဆင်းလာလျှင် ကျွန်တော်တို့ ဝမ်းမြောက်ခဲ့ရမြဲ။ ကျောင်းနေစဉ် အင်းလျား ရေပြင်ကို ငေးမောရင်း ရွာက ချောင်းကို မေ့ခဲ့သည်။ သတိရတော့လည်း ချောင်းရေ အလျဉ်သည် မပြောင်းလဲ။ သူ့ဝတ္တရာကို သူ ဆောင်ရွက်နေဆဲ ဖြစ်၏။ 

သစ်ပင်အုပ်အုပ် ရှိသော ရွာကို လှမ်းမြင်ရ၏။ ရေတစ်ကွက် နှစ်ကွက် ရှိရာ နေရာအချို့တွင် ကလေးငယ်များ ကူးခတ် ဆော့ကစား နေကြသည်။ ကျောက်ပြား တလင်းပေါ်တွင် မိန်းကလေး တစ်ယောက် အဝတ်လျှော် နေ၏။ သေသေချာချာကြည့်တော့ မညိုပြာ။ 

“ဟေ ညိုပြာ၊ သမီး စာမေးပွဲ အောင်တယ်၊ သိပြီးပလား” 

“ဟော၊ ဦးဦး ဆရာဝန်ကြီး၊ အမေ မွေးပြီးပြီလေ၊ သိလား” 

စကားသံနှစ်ခု တစ်ပြိုင်နက်တည်း ထွက်သွားသည်။ ကျွန်တော်၏ ဝမ်းသာစရာ သတင်းစကား အတွက် မညိုပြာ ထူးခြားပြောင်းလဲ သွားပုံကို မမြင်ရ။ မညိုပြာ၏ သတင်းစကား ကလည်း ကျွန်တော့်ရင်ကို လှုပ်ရှားစေရန် အကြောင်းမရှိ။ မညိုပြာ လျှော်နေသော အဝတ်များသည် သူ့အမေ၏ လုံချည်များနှင့် ကလေးအနှီး လုပ်ထားသော ပုဆိုးပိုင်းများ ဖြစ်ကြောင်း တွေ့ရသည်။ 

“ကျွန်မ အောင်တာ သိပြီးပြီ ဦးဦးရဲ့၊ မနေ့က ဘိုဘို လာလို့ ပြောတယ်လေ” 

ဘိုဘို ဆိုသည်မှာ ကျွန်တော့် အစ်မက မွေးထားသော ကျွန်တော့် တူကလေး ဖြစ်သည်။ အစ်မက ဆန်စက်မှ အလုပ်သမား တစ်ယောက်နှင့် အိမ်ထောင်ကျ၍ မြို့ပေါ်မှာ နေသည်။ 

မညိုပြာသည် သူ့အဝတ်များကို လက်စသတ်ကာ ချောင်းကမ်းပါး ပေါ်သို့ တက်လာ၏။ ရင်ခေါင်းအထက် မကျတကျ စည်းထားသော မညိုပြာ၏ လုံချည်လေးက လျောလျည်းလျည်း။ 

မညိုပြာသည် ကျွန်တော်လာသည့် အကြောင်း သူ့အမေကို သတင်း ပေးရန်အတွက် ရှေ့မှ ပြေးသွားသည်။ 

သားသည်အမေ ဖြစ်ရပြန်သော ညိုမြသည် နနွင်း တဝင်းဝင်နှင့် ရှိ၏။ အေးမောင်သည် ငရုတ်ပျိုးခုံကို ရေလောင်းလျက် ရှိသည်။ 

“ညိုပြာ စာမေးပွဲ အောင်တဲ့ အကြောင်း လာပြောတာလား ကိုအောင်ခိုင်”  

မညိုမြ၏ အသံက အားတုံ့အားနာ ဖြစ်နေလေသည်။ 

“အလတ်ကောင် အောင်ငွေလဲ ဒီနှစ် နှစ်တန်းတက်ရပြီ၊ သူ့ကိုတော့ မြို့ကျောင်း ရောက်အောင် ပို့ပေးမယ်လို့ စိတ်ကူးတာပဲ” 

မညိုမြ၏ စကားက လမ်းခုလတ်မှာ ရပ်နေသည်။ ကျွန်တော် ဘာမျှမပြော။ မညိုပြာသည် သူ့မောင်ကလေး အထွေးဆုံးကို တယုတယ ချီပိုးနေ၏။ 

မညိုမြက ကျွန်တော်ကို မဝံ့မရဲ ကြည့်သည်။ 

“မိန်းကလေးမို့ ပညာ သင်မပေးချင် တာတော့ မဟုတ်ဘူး ကိုအောင်ခိုင်ရယ်၊ ဒါပေမယ့် အိမ်မှာ သူ မရှိရင် မဖြစ်ဘူး၊ မနှစ်ကဆို ခြံထဲက ဟင်းရွက်တွေလဲ မရောင်းရ၊ အတော်ကို ကသီတယ်၊ ရှေ့လဆိုရင် ငရုတ်က စချရတော့မှာ” 

ကျွန်တော် ဘာဆိုဘာမျှ မပြောတော့ပါ။ 

ရန်ကုန် ပြောင်းရသည့် အကြောင်းကို သော်လည်းကောင်း၊ မညိုပြာကို ခေါ်သွားချင်သည့် အကြောင်းကို သော်လည်းကောင်း ဘာမျှ မပြောဖြစ်တော့ပါ။ 

ကျွန်တော် ရွာက ပြန်လာချိန်ဝယ် ကျွဲလူးရုံသာ ရှိသော ချောင်းရေကွက်ကွက် ကလေးထဲမှာ ကလေးတို့ မြူးထူးစွာ ဆော့ကစားနေဆဲ ရှိသည်။ 


နှင်းများသည် ဝေသီမှုန်ဝါးစွာ ကျရောက်ဆဲ ဖြစ်၏။ 

ကျွန်တော်သည် ဒုတိယအကြိမ် ရွာကိုစွန့်ခွါဖို့ ပြင်သည်။ 

အဖေ့ကို ကန်တော့ကာ ရွာချောင်းရိုး အတိုင်း ကျွန်တော် တစ်ယောက်တည်း လျှောက်ခဲ့သည်။ ယခင် တစ်ကြိမ်က ရည်မှန်းချက် ကြီးမာစွာဖြင့် ကျွန်တော် ထွက်ခွါခဲ့၏။ ကျွန်တော် ပြန်လာတော့ ကျွန်တော့်အမေ မရှိတော့။ နောက်တစ်ခါ ပြန်လာလျှင်ကော အသက်ကြီးပြီ ဖြစ်သည့် အဖေ့ကို တွေ့နိုင်ပါဦးမည်လော။ 

ယခင်တစ်ခေါက်က မညိုမြကို ထားခဲ့ရသည်။ ယခုတစ်ခေါက် သူ့သမီး မညိုပြာကို ထားခဲ့ရပြန်ပြီ။ နောက်တစ်ခါ ကျွန်တော် ပြန်လာလျှင် မညိုပြာ သည်လည်း သူ့အမေလိုပင် သားတွေ သမီးတွေနှင့် ကျွန်တော့်ကို ကြိုဆို နေမည်လား မသိ။ ထိုကာလတွင်ကော မညိုပြာ၏ သားငယ် သမီးငယ်များသည် ရွာကျောင်းမှာ စာသင်တစ်ချက် မသင်တစ်ချက်ဖြင့် ချောင်းရေထဲမှာသာ မြူးထူး ဆော့ကစား နေကြဦးမည်လား မသိ။ 

သူတို့ ကလေးတွေ သည်နေရာမှာ ကျင်လည် ကျက်စားခြင်း မပြုတော့ဘူး ဆိုလျှင်လည်း လယ်ယာ ချောင်းမြောင်းတွေ တိမ်ကောကာ သီးနှံစပါးတွေ ဆိတ်သုဉ်းကုန် လေမည်လား။ 

ကားလမ်းမကြီး ပေါ်မှ ရွာကို ပြန်လည် လှမ်းမျှော်ကြည့် လိုက်တော့ နှင်းမှုန်တွေ ကြားမှာ တောင်းကလေးတွေ ကိုယ်စီရွက်ကာ လျှောက်လာနေသည့် မိန်းမကြီးငယ် တစ်သိုက်ကို မြင်လိုက်ရသည်။ အမေ့တုန်းကလိုပင် ခြံထွက် ဟင်းသီး ဟင်းရွက်များကို မြို့ဈေးမှာ သွားရောင်းရန် လျှောက်လာ နေကြခြင်း ဖြစ်သည်။ 

သည် မိန်းကလေး တစ်သိုက်ထဲမှာ ကျွန်တော်ချစ်သော မညိုပြာကလေး တစ်ယောက် ပါလာမည်မှာ မလွဲပါ။ 

မိုးမိုး (အင်းလျား)

စာပေလုပ်သား မဂ္ဂဇင်း၊ မေ၊ ၁၉၈၁။

မြန်မာပြည်မှာ နေကြသည်၊ (စာပေလောကစာအုပ်တိုက်)

”မြန်မာဝတၳုတိုများ” ပေ့ဂျ်ကနေ ကူးယူပါတယ်။

စလေ ငနော့ 



Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်