တီဗွီနာ § မစန္ဒာ
တီဗွီနာ
•••••••••••••
မစန္ဒာ
ဦးမောင်မောင်လတ်သည် မှန်ထဲတွင်
သူ့ကိုယ်သူ အသေအချာကြည့်မိသည်။
အသားအရေက ခြောက်နေသည်။ အိပ်ရေး
မဝသော မျက်လုံးများက ခပ်စင်းစင်း မျက်
တွင်းက ခပ်ကျကျ။ ဦးမောင်မောင်လတ်
သက်ပြင်းချမိသည်။ ဧည့်ခန်းထောင့်က တီဗွီ
ကို စောင်းကြည့်သည်။ ဒါကြောင့်…
◾
သူတို့နေသော ရပ်ကွက်ကလေးကမြန်မာ
ရပ်ကွက်ဖြစ်သည်။ အိမ်ခြေစိပ်သည် ဖုန်ထူ
သည် ခြင်ပေါသည် ကလေးပေါသည်။
ညနေတိုင်ကျလျှင် သူတို့လမ်းကျဉ်းလေး
တွင် ကလေးများနှင့် ပြည့်နေသည်။ ကစား
ကွင်းကလည်း သီးသန့်မရှိလေတော့ ဒီလမ်း
ပေါ်တွင်ပင် ဂေါ်လီရိုက်ကြ၊ သားရေကွင်းပစ်
ကြ၊ ထုပ်ဆီးတိုးကြ လိုက်တမ်းပြေးတမ်း
ကစားကြနှင့် ဆူညံနေသည်။
တစ်ခါတစ်ရံတော့လည်းငိုသံကြားရသည်
ဟိုဘက်အိမ်က ကလေးကို ဒီဘက်အိမ်က
ကလေးက ထိပ်ကိုထုသောကြောင့်ဖြစ်၏။
ဟိုဘက်အိမ်က ကလေးကလည်း ဒီဘက်
အိမ်က ကလေး၏ မျက်နှာကို ပြန်ကုတ်
သည်။ ကစားပွဲပျက်ကာ လုံးထွေးသတ်ပုတ်
ကြသည်။ အမေချင်းဆက်၍ စကားများကြ
သည်။ အဖေတွေက မျက်နှာထားတင်းတင်း
နှင့်တစ်ဦးကိုတစ်ဦး မျက်စောင်းခဲသည်။
ကိုယ့်ကလေးကို ကိုယ်အိမ်ထဲဆွဲသွင်းသည်
တံခါးကို ဂျိုင်းခနဲပိတ်သည်၊ တခြားအိမ်တွေ
က တခြားအမေတွေကလည်း 'အေ…သံ
ချောင်းရေ၊ ထမင်းစားရအောင်လာတော့လေ
'ပူစူးရေ အေ ပူစူး လာတော့ အိမ်ထဲဝင်
တော့' ဟု အော်ကြဟစ်ကြသည်။ ကလေး
အပေါင်း သူတော်ကောင်း မျောက်လောင်း
လေးများလည်းအိမ်ထဲသို့ကုပ်ချောင်းချောင်း
ဝင်ကြရကုန်သည်။
သို့သော် နောက်တစ်နေ့ညနေစောင်း
လျှင် အကုန်လုံး လမ်းမပေါ်သို့ ပြန်ရောက်
ကုန်ကြသည်။ ဟိုဘက်အိမ်က ကလေးနှင့်
ဒီဘက်အိမ်ကကလေးလည်း 'စိန်ပလိမ်တိန်
မုန့်ကြိုးလိမ် စိန် စိန်' ဟု အော်နေကြပြီဖြစ်
သည်။ ဟိုဘက်အိမ်ကအမေနှင့် ဒီဘက်
အိမ်ကအဖေတွေလည်း မျက်နှာထားပျော့
နေပေပြီ။
"မြတော့ ဒီရပ်ကွက်ကလေးမှာ နေရတာ
သိပ်ပျော်တာပဲ မြတို့ ငယ်ငယ်တုန်းကနေခဲ့
တဲ့ရွာကလေးလိုပဲ၊ ကူညီစရာရှိရင် ဝိုင်းပြီး
လာကြတာ တစ်ယောက်တစ်လက်ဝိုင်းလုပ်
လိုက်ကြတာ၊ ဘာမှပြောမနေရဘူး"
"လုပ်စရာရှိ လုပ်သလို အတင်းပြောစရာ
ရှိရင်လည်း ပါးစပ်ပေါင်း သောင်းခြောက်
ထောင်က ပြောကြတာကိုလည်း သတိရဦး"
"အို အတင်းပြောတယ်ဆိုတာက လူတွေ
အကျင့်ပဲ ကိုကိုရဲ့၊ ဘယ်မှာမဆို ပြောကြမှာ
ပဲ။ ခြံကြီးဝင်းကြီးနဲ့နေတဲ့ ဝင်ဒါမီယာတွေ၊
အင်းလျားလမ်းတွေ၊ ရွှေတောင်ကြားတွေမှာ
ရော အတင်းမပြောဘဲ နေကြမှာမို့လား။ တစ်
အိမ်နဲ့ တစ်အိမ်ဝေးလို့ မကူးနိုင်ရင် တယ်လီ
ဖုန်းဆက်ပြီး အတင်းပြောကြမှာ"
"ဒီမှာတော့ တစ်အိမ်က အီးသံတောင်တစ်
အိမ်က ကြားနေရတော့ ပိုပြီးပြောလို့လွယ်
တာပေါ့"
"ပြောစမ်းပါစေ ကိုကိုရယ် အတင်းပြော
တယ်ဆိုတာ လူတွေရဲ့ ဓာတ်စာပဲ။ မြတော့
အတင်းပြောတာဝါသနာပါတယ်၊ နားထောင်
ရတာလည်း ဝါသနာပါတယ်။ ကိုယ်လည်းအ
တင်းမပြောရ၊ သူများအတင်းလည်းနားမ
ထောင်ရရင် ပျင်းလို့သေရချည်ရဲ့"
"ကောင်းဗျာ ကြွားတာလေးရော ဝါသနာ
မပါဘူးလား"
"အဲဒါလဲ လူတွေရဲ့ ဓာတ်စာပဲ"
"ကောင်းဗျာ"
ဦးမောင်မောင်လတ် ရယ်မိသည်။ သူ့ဇနီး
ကို ပြောမယ့်သာပြောနေရသော်လည်း သူ
လည်း ဒီရပ်ကွက်ထဲမှာ ပျော်သည်ပင်။
မပျော်၍လည်းမရ။ သူက ၄၅၀-၂၅-၇၀၀
တန်းအရာရှိငယ် တစ်ဦးမို့ ပြည်ထောင်စုရိပ်
သာလို အရာရှိကြီးများရိပ်သာအနီးသို့ကပ်
ပင်မကပ်နိုင်။ စပေါ်ငွေ လေး ငါး သောင်းနှင့်
အိမ်လခ ၃၀၀ လောက်လည်း မတတ်နိုင်။
ဒီတော့တန်ရာတန်ရာ ဒီရပ်ကွက်ကလေးထဲ
သို့ပင် ရောက်ခဲ့သည်။ ဒါတောင်သက်သာ
သည်တော့မဟုတ် စပေါ် နှစ်သောင်း လခ
က တစ်ရာ့အစိပ်။
သူတို့ ပတ်ချာလည်တွင်လည်း သူလို
ကိုယ်လိုလူချည်းပင် များသည်။ အားလုံးက
လူလတ်တန်းစားများ ရေခဲသေတ္တာမရှိ၊ တီ
ဗွီမရှိ၊ တယ်လီဖုန်းမရှိ ရေခဲရေသောက်ချင်
လျှင် ရေခဲဆိုင်က ရေခဲတစ်ကျပ်ဖိုးပြေးဝယ်
ကြရသည်။ တယ်လီဖုန်းဆက်ချင်လျှင် ဈေး
ရှေ့ ကတိုက်တွင် တစ်ကျပ်ပေး၍ ဆက်ကြရ
သည်။ တီဗွီကြည့်ချင်လျှင်တော့ ကိုယ့်ဖျာ
လိပ်ကိုယ်ပိုက်ပြီး ကောင်စီရုံး ပြေးကြရလေ
သည်။ ဒီလို ဒီလို ရပ်ကွက်ကလေးအတွင်း
ကိုမှ သူက တီဗွီဝယ်လာခဲ့မိသည်။
◾
တီဗွီမှ သေးသေးလေးမဟုတ် လက်မ ၂၀
ဖြစ်သည်။ ဂျပန်ငွေနှင့် ယန်းတစ်သိန်းနီးပါး
ပေးရသည်။ ကံကောင်းထောက်မ၍ ဂျပန်
ပြည်သို့ လေ့လာရေးသွားရသည်။
သွားရသောကာလက တစ်လခွဲဆို
တော့ ဘာမှမကြာ၍ ဘာမှမစုဆောင်းနိုင်။
သို့သော်လည်း ရသမျှငွေလေးကို ချွေတာ
ပြီး တီဗွီတစ်လုံးတော့ပါအောင်သယ်ခဲ့သည်။
အိမ်ကမိန်းမကလည်း "တီဗွီနော် ကိုကိုတီဗွီ
ဝယ်ခဲ့" ဟု မှာသည်။ သားငယ်နှင့်သမီးငယ်
ကလည်း "ဖေဖေရေ တီဗွီဝယ်ခဲ့ပါ၊ ချောက
လက် မဝယ်ချင်နေပါ" ဟု ပြောသည်။ ခုနစ်
တန်းနှင့် ရှစ်တန်းသို့ရောက်နေပြီဖြစ်သော
သမီးအကြီးနှစ်ယောက်ကလည်း "တီဗွီပါမ
လာရင်တော့ သမီးတို့ ထမင်းမစားတော့ဘူး”
ဟု ကြိုတင်ဆန္ဒပြနှင့်သည်။ ဦးမောင်မောင်
လတ်ကိုယ်တိုင်ကလည်း တီဗွီဝယ်ချင်ချင်။
ရုံးက ထမင်းဝိုင်းတွင် "ညက ပြသွားတဲ့ကား
လေး ကောင်းသားဗျ၊ ရုံတင်သွားတာမကြာ
သေးဘူး ပြောတယ်" ဟု မကြွားတကြွား
လေး ပြောချင်သည်။
ထိုကဲ့သို့ အကြောင်းကြောင်းသောအ
ကြောင်းများကို အကြောင်းပြုပြီးသကာလ
ဂျပန်ပြည်မှ တီဗွီထမ်း၍ ပြန်လာသော ဦး
မောင်မောင်လတ်ကိုတွေ့ ကြရလေသည်။
◾
"ဟာ တီဗွီကြီး လှလိုက်တာကွာ၊ အဲဒါ
မင်းတို့ဟာလားဟင်"
"အေးပေါ့ဟ ငါတို့အဖေကြီးဝယ်လာတာ"
"လှလိုက်တာကွာ"
"ညကျရင်ဖွင့်မယ် မင်းတို့လာကြည့်လှည့်ကြ”
"ပွ တာပဲ အဟီး"
သားငယ်နှင့် သူ၏သူငယ်ချင်းအသံကို
ကြားရသည်။ဦးမောင်မောင်လတ် ပြုံးနေ၏
◾
"တွေ့ လား အဲဒါ ဖေဖေဝယ်လာတာ"
"ညကျရင် ဖွင့်မှာလားဟင်"
" ဖွင့်မှာပေါ့ နင်လာကြည့်ရင် ကြည့်လေ
နင့် မောင်လေးလည်း ခေါ်ခဲ့"
"မောင်လေးက ငိုနေမလားမသိဘူး"
"ငိုရင် ထန်းလျက်ကျွေးမယ်လေ ငါတို့တွေ
ဒီနားမှာ ထိုင်ကြမယ်၊ ဒီမှာ ရှေ့ ဆုံးတန်းက
ဖျာခင်းထားတာ ငါတို့တွေအတွက်သိလား"
သမီးငယ်နှင့် သူ့ သူငယ်ချင်းအသံကို
ကြားရပြန်သည်။ ဦးမောင်မောင်လတ် ပြုံးနေ
သည်။
◾
"ဟာ ဇိမ်ပဲ ကောင်စီရုံး သွားမကြည့်ရ
တော့ဘူးပေါ့"
"အေးလေ ဟိုမှာဆို ဟိုလူကစ ဒီလူကစနဲ့"
"ဟန်ကျလိုက်တာဟာ၊ အဲဒါကြီးဆိုရင် အ
ရမ်း အဖိုးတန်မှာ ဘယ်လောက်ပေးရသလဲ
ဟင် မတိုး"
"ဂျပန်ငွေနဲ့ တစ်သိန်းတဲ့"
"ဟယ် တစ်သိန်းတောင်၊ နင်တို့တွေ တစ်
ကယ် ချမ်းသာတာပဲ"
"သိပ် မချမ်းသာပါဘူးဟာ"
ဒါကတော့ သမီးကြီး၏ အသံဖြစ်သည်။
ဦးမောင်မောင်လတ် ပြုံးမိပြန်သည်။
◾
"ရှင်ရွှေမြတို့ကတော့ တကယ်ကုသိုလ်
ကောင်းတာပဲ၊ကြည့်စမ်းပါဦး လှလိုက်တဲ့
တီဗွီကြီး၊ ကာလတန်ဖိုးဆိုရင် နည်းမှာမ
ဟုတ်ဘူး"
"ဘယ်နည်းပါ့မလဲရှင်၊ အိမ်မှာ ထားသင့်
ထားအပ်တဲ့ပစ္စည်းမို့သာ ထားရတာ ရောင်း
စားလိုက်ရရင် တစ်သောင်းခွဲ နှစ်သောင်းခွဲ
လောက် မြတ်မှာ"
"ဒီလောက်အမြတ်ကြီးကိုစွန့်ပြီး အိမ်မှာထား
ထားနိုင်တာ တော်ရုံတန်ရုံ ကုသိုလ်လားရှင့်”
"အိမ်အတွက်ရော၊ အများအတွက်ရောပေါ့
ရှင်၊ ဒီအိမ်မှာရှိတော့ အားလုံးလာကြည့်နိုင်
ကြတယ် မဟုတ်လား"
"ဒါပေါ့ ဒါပေါ့ ကျုပ်တို့ကတော့ တီဗွီပိတ်မှ
ပြန်မှာရှင့်၊ နှင်တော့မထုတ်နဲ့"
"မနှင်ပါဘူးရှင် မနှင်ပါဘူး လာသာလာခဲ့
လက်ဖက်ပွဲနဲ့ ဧည့်ခံလိုက်ဦးမယ်"
"အောင်မယ်လေး ဟန်ကျလိုက်တာ ပုစွန်
ခြောက်နိုင်းချင်း၊ ဆီရွှဲရွှဲလေးနဲ့မှနော်၊
အဟင်း ဟင်း"
"စိတ်ချ စိတ်ချ"
ဇနီးသည်၏အသံက ရွှင်နေသည်။ ဦးမောင်
မောင်လတ် ပြုံးနေသည်။
◾
ညကျတော့ ပရိတ်သတ်က ထင်တာထက်
များသည်။ သူတို့အိမ်ကျဉ်းကျဉ်းလေး တစ်
အိမ်လုံး ပြည့်သွားသည်။ ရှေ့ တန်းက
ကလေးများ နောက်တန်းက လူကြီးများ။
ဦးမောင်မောင်လတ် ထိုင်နေကျ ပက်
လက်ကုလားထိုင်လေးကို အိမ်ရှေ့ ဖိနပ်ချွတ်
သို့ ရွှေ့ ရသည်။ ဖိနပ်ချွတ်တွင်လည်း လူအ
ပြည့်။ ဦးမောင်မောင်လတ်က ပရိတ်သတ်
ကြားတွင် ညပ်နေသည်။ ပရိတ်သတ်တွေက
ရယ်ကြမောကြနှင့် တအုန်းအုန်း။ ပိတ်ကား
ပေါ်တွင် အရုပ်စထင်တော့ လက်ခုပ်တီးကြ
သည်။ ဦးမောင်မောင်လတ်ပြုံးနေသည်။
◾
"ဟင်…ဟင်းကလည်း ဒါပဲလား"
"ဘဲဥကြော်ဆိုလည်း တန်ဖိုးက မသေးပါ
ဘူး၊ ဘဲဥက ပြား ၆၀၊ ဆီနဲ့ ထင်းနဲ့ မီးသွေးနဲ့
ထည့်တွက်လိုက်ရင် ဘဲဥကြော်တစ်လုံး
တစ်ကျပ်ကျော်တယ်ရှင့်"
"နေပါဦးကွာ တစ်ကျပ်ကျော်တာ ထားပါဦး
ဘေးအရန်ဟင်း အနေနဲ့ ခရမ်းသီးနှပ်လေး၊
ချဉ်ပေါင်ကြော်လေး၊ ကုလားဟင်းလေးပါရင်
တော်သေးတာပေါ့၊စားလို့ဖြစ်သေးတာပေါ့"
"ပိုက်ဆံက မကျန်တော့ဘူးရှင့်၊ ခရမ်းသီး
ကတစ်လုံးငါးမူး ချဉ်ပေါင်ကတစ်စည်းတစ်
မတ်၊ ခြွေလိုက်ရင် ခြောက်ရွက်လောက်ပဲရှိ
တာ၊ ကုလားဟင်းချက်ဖို့က ငါးခြောက်ရိုးပါရ
ဦးမယ်။ ဒန့်သလွန်သီး၊ ရုံးပတီသီး လိုသေး
တယ်။ လွယ်တာအောက်မေ့လို့"
"ဒါတော့ဘယ်လွယ်မလဲ၊ ညတိုင်းလက်
ဖက်ကျွေးလိုက်၊ ထန်းလျက်ကျွေးလိုက်၊ ပဲ
ကြီးလှော်ကျွေးလိုက်နဲ့ အဲဒါတော့လွယ်သ
လား"
"ကျွေးရမှာပဲရှင့် ကိုယ့်အိမ်လာတဲ့ ဧည့်
သည်ကို ကြောင်တောင်ထားလို့ဖြစ်မလား"
"သူတို့က တီဗွီလာကြည့်တာပဲ"
"ဘာလာကြည့်ကြည့် ရေနွေးကြမ်းနဲ့ပဲလှော်
လောက်တော့ ကျွေးရမှာပဲ၊ ရေနွေးကျိုလို့မီး
သွေး တစ်အိတ်မကလို့ နှစ်အိတ်ကုန်ကုန်
မတတ်နိုင်ဘူး"
ဒေါ်ရွှေမြက မျက်နှာထားနှင့် တင်းတင်းပြော
သည်။ ဦးမောင်မောင်လတ် မဲ့နေသည်။
◾
"ဟ…သမီးရီပို့ကတ်ကလည်း မင်နီတွေနဲ့
ရဲလို့ပါလား"
"ဒီတစ်လတည်းပါ ဖေဖေ"
"ဒီတစ်လတည်းလည်း ဘာလို့ဒီလောက်ကျ
ရလဲ"
"စာကျက်လို့မရဘူး အိပ်ချင်တယ် ဖေဖေ"
" အေး စာကျက်ချိန်မှာလည်း တီဗွီပဲကြည့်
နေတာကိုး"
သမီးက ငြိမ်နေသည်။
ဦးမောင်မောင်လတ် မဲ့နေသည်။
◾
"ဘာမှ ထူးထူးထွေထွေ ဖြစ်တာမဟုတ်ပါ
ဘူး။ အားနည်းနေတာပါ"
ဆရာဝန်က ဦးမောင်မောင်လတ်၏ရင်ဘတ်
ကို ဟိုထောက် သည်ထောက်နှင့် စမ်းကြည့်
သည်။ လျှာထုတ်ခိုင်းသည်။ မျက်စိဖြဲကြည့်၏
နံရိုးတွေကို ခေါက်ကြည့်သည်။ ဒူးခေါင်းကို
ခေါက်ကြည့်သည်။
"အိပ်ရေးဝဝ အိပ်ပါ "
ညဆယ်နာရီကျော်သည်အထိ အင်အား
ကောင်းမြဲဖြစ်သော ပရိသတ်ကို မြင်ယောင်
သည်။
"ရုံးအားရက်မှာ ကောင်းကောင်းအနားယူပါ"
တနင်္ဂနွေနေ့တွင် မြန်မာရုပ်ရှင်မို့ ည ပရိတ်
သတ်ထက်ပင် အားကောင်းသော နေ့ပရိတ်
သတ်ကို မြင်ယောင်သည်။
"အပူအပင် မထားပါနဲ့"
သားသမီးတို့၏ ပညာရည်မှတ်တမ်းများမှ
မင်နီများကို မြင်ယောင်သည်။
"အားဖြစ်တာကို စားပါ၊ အသားများများ၊ ပဲ
များများပေါ့"
ထမင်းဝိုင်းမှ ငါးပိရည်ချက်နှင့် ဘဲဥကြော်ကို
မြင်ယောင်သည်။
"ဦးမောင်မောင်လတ်က တယ်လီဖုန်းထဲက
နေပြီး မောတယ်၊ မူးတယ်၊ ကတုန်ကယင်ဖြစ်
တယ်ပြောတော့ ကျွန်တော်က စိုးရိမ်သွား
တယ်။ နောက်ပြီး ကိုယ်အလေးချိန်လည်း
ကျတယ်၊ ပိန်လာတယ်ဆိုတော့ အဆုတ်
နာများလားလို့"
ဆရာဝန်က နားကျပ်ကိုခေါက်သိမ်းသည်။
ဆေးသေတ္တာကို ပိတ်သည်။
"အားနည်းတာတစ်ခုပါပဲ၊ ဘာရောဂါမှ မရှိ
ပါဘူး"
"ရှိပါတယ်"
"ဗျာ"
"ဒါပေမယ့်ဆရာကုလို့ရတဲ့ ရောဂါမဟုတ်ဘူး”
"ဘာများပါလိမ့်"
"တီဗွီနာတဲ့"
(မစန္ဒာ-သောင်းပြောင်းထွေလာ မဂ္ဂဇင်း ၁၉၈၂- ဇွန်လ)
”ဟင်းလေးအိုး” ပေ့ဂျ်ကနေ ကူးယူပါတယ်။
Photo - Cartoon Collections
စလေ ငနော့
Comments
Post a Comment