ဂါရဝ ခဲကြမ်း § မင်းကိုနိုင်

ဂါရ၀ ခဲကြမ်း
•••••••••••••••••

မင်းကိုနိုင်

(မိုးမခ) မေ ၁၃၊ ၂၀၁၅

တက္ကသိုလ်နယ်မြေ ဟိုအရင်ကျနော်တို့ မရောက်မီခေတ်များက ဟောပြောပို့ချချက်ကောင်းသည့် ဆရာများအချိန်တွင် သက်ဆိုင်ရာ အတန်းသားများသာမက အဓိက အထူးပြုဘာသာရပ်မတူကျောင်းသားများပါ စိတ်အားသန် လာနားထောင် လေ့ရှိခဲ့ကြသည်။ ခန်းလုံးပြည့်သာမက အခန်းဘေးစင်္ကြန်များဆီပါ ပြည့်နှက်လျှက် ထိုပို့ချသူ ဆရာများထဲတွင် ဆရာကြီး ဦးခင်မောင်လတ်လည်း အပါအ၀င်။ သူ့ပို့ချချက်တွေက ကျောင်းစာမေးပွဲအတွက်သာမက ဘ၀စာမေးပွဲအတွက်ပါ အကြုံး ၀င်သည်ကိုး။ တနှစ်စာမက တသက်စာ တန်ဖိုးရှိသည်ကိုး။

တက္ကသိုလ်မြေ “ပြည်-တကောင်း”ဆောင်၊ လိပ်ခုံးဆေးတက္ကသိုလ်အနီး ဆရာကြီးနှင့် ဇနီးဒေါ်ခင်မျိုးချစ်တို့ နေခဲ့သည့် “အေးရိပ်သာ”သည် တချိန်က ပညာရပ်၀န်း၏ အမှတ်တရတခုဖြစ်ခဲ့သည်။ နောင်တချိန်တွင် ထင်ရှားသည့် စာရေး ဆရာ ပညာရှင်အလောင်းအလျာများ ဆုံစည်းရာလည်းဖြစ်သည်။ စာရေးဆရာထင်လင်း၊ ဆရာမကြည်အေးတို့လည်း ထို အေးရိပ် သာမှာ နားခိုခဲ့ကြဖူးသည်။

အေးရိပ်သာမှသည် ပြည်ရိပ်သာလမ်းအိမ် ရောက်သည်အထိ ဆရာသော်တာဆွေ၊ ဆရာနိုင်၀င်းဆွေတို့လည်း ကွန်းခိုခဲ့ကြ သည်။ ဆရာဦးခင်မောင်လတ် ဒေါ်ခင်မျိုးချစ်တို့ အရိပ်မှ စာပေနယ်စင်မြင့်သို့ ရောက်လာကြသူများမှာ အယူဝါဒ မတူကြ လျှင်တောင် အတူခိုလှုံဖူးကြသည့်သံယောဇဉ် ဇာတိစိတ်အခြေခံဖြင့် တသက်တာဆက်ဆံရေး မပျက်ခဲ့ကြ။ ဆရာဦးမိုးသူ အပါအ၀င် စာရေးဆရာများစွာက ပြောပြခဲ့သည်။ ၁၉၈၈ အရေးတော်ပုံနီးသည်အထိ ဆရာမ စမ်းစမ်းနွဲ့ (သာယာ၀တီ)၊ ဆရာချစ်ဦးညို၊ ရွှေကူမေနှင်းအပါအ၀င် ထိုအချိန်က ခေတ်ပြိုင်စာရေးဆရာများ၏ စာပေနှင့် ခေတ်သမိုင်း ဆွေးနွေး၀ိုင်း များမှာ ဆရာကြီးတို့ဇနီးမောင်နှံ၏ ပြည်ရိပ်သာခြံ၀န်းထဲပျက်ခဲ့သည်မရှိ။

“အပျိုလို မနေမိလို့” ဆိုသည့် ခေါင်းစဉ်ဖြင့် ဆွဲဆောင်ခဲ့သည့်စာအုပ်အပါအ၀င် ဆရာမကြီးဒေါ်ခင်မျိုးချစ်လက်ရာ အင်္ဂလိပ်-မြန်မာ စာအုပ်များက စာချစ်သူတို့အတွက် မမေ့နိုင်စရာများပင်။ Colourful Burma, Flowers and Festivals (ရောင်စုံမြန်မာ ဆယ့်နှစ်လရာသီပန်းနှင့် ပွဲတော်များ) စာအုပ်တို့မှာ မြန်မာဆိုတာ ဘာလဲဟုသိလိုသော နိုင်ငံခြားသားများအတွက် ရည် ညွှန်းစာအုပ်ကောင်းများ ဖြစ်ခဲ့သည်။ ထိုစာအုပ်များမှ မြန်မာတို့၏ ရနံ့ အသံ အဆင်းများသာမက စိတ်၀ိဉာဉ်ကိုလည်း ဖမ်းယူရနိုင်ခဲ့ကြသည်။ စာပေစိစစ်ရေးတင်းကျပ်သော မ.ဆ.လ လက်ထက်အထိ ပြောလိုက်စမ်းမယ် သောင်းပြောင်းထွေလာ
ခေါင်းစဉ်နှင့်အညီ ဆရာမကြီးကလောင်က အဆက်မပြတ်ခဲ့၊ တာ၀န်ကျေခဲ့မြဲ။ ယခုစာမှာ ဆရာကြီးနှင့် ဆရာမကြီးတို့၏ စာပေလက်ရာများအကြောင်းပြုစုသည်မဟုတ်၍ အကျယ်မချဲ့တော့ပါ။

တော်လှန်ရေးကောင်စီလက်ထက်၌လည်း လုပ်သားပြည်သူ့နေ့စဉ် အင်္ဂလိပ်သတင်းစာ အယ်ဒီတာချုပ်ဘ၀မှာ လွတ်လပ် စွာရေးခွင့်ပိတ်ပင်ခံရပြီး သံအမတ်ရာထူးပေးရန် နှစ်သိမ့်ကမ်းလှမ်းသည့်အပေါ်ရာထူးကို ငြင်းပယ်၊ သူမြတ်နိုးသည့် ကျောင်း ဆရာဘ၀ကိုသာပြန်သွားခဲ့သည့် ဆရာကြီးဦးခင်မောင်လတ်၏ ရွေးချယ်မှု။

ဂျပန်ခေတ်မှာ အလွန်အန္တရာယ်ကြီးသော စစ်သတင်းနားထောင်၍ပေးပို့ရသည့် လျို့၀ှက်အလုပ်ကို တော်လှန်ရေးခေါင်း ဆောင်များ၏ တာ၀န်ပေးချက်အရ ထမ်းဆောင်ခဲ့သည့် ဆရာမကြီးဒေါ်ခင်မျိုးချစ်၏ စွန့်စားရဲရင့်မှု။

.*….*…..*….*…..*

တခါက လှည်းတန်းတွင် မီးလောင်ခိုက် ဆရာကြီးတို့အိမ်သို့ လူတအုပ် ဒုန်းဆိုင်း၀င်လာပြီး အိမ်တွင်းရှိ အဖိုးတန်ပစ္စည်းများကို သယ်ယူပြေးသွားကြသည်။ အိ်မ်မှာ အခွံနှင့့်ပရိဘောဂသာ ဟောင်းလောင်းကျန်ခဲ့သည်။ အဖိုးတန်ရတနာအားလုံး ယူသွား ကြပြီပေါ့။ ထိုရတနာအားလုံးကို သယ်ပြေးကြသူများမှာ တနေရာတွင် စုရပ်အဖြစ် ရောက်ရှိသွားသည်။ ထိုနေရာကား လှည်းတန်းအ၀ိုင်း (ထိုစဉ်က လှည်းတန်းလမ်းဆုံမှာ မီးပွိုင့်ပင် မတပ်ဆင်သေး။ အ၀ိုင်းသာ ရှိသေးသောခေတ်ဖြစ်ပါသည်။)

မီးလောင်ခိုက် အိမ်တွင်းသို့ ပြေး၀င်လာကြသူများမှာ ကျောင်းသားများဖြစ်ပြီး သူတို့တန်ဖိုးထား သယ်ပြေးကြသည့် ရတနာ များမှာ စာအုပ်များဖြစ်ကြောင်း ကျနော် အထူးရှင်းရန်လိုမည် မထင်ပါ။

၁၉၈၈ အရေးတော်ပုံကာလ ဒေါက်တာမောင်မောင် သမ္မတဖြစ်ချိန် အစိုးရနှင့် ပြည်သူကြား တင်းမာပေါက်ကွဲကြချိန်၊ တုန့်ပြန်ကြချိန်။ အလယ်တန်း ကျောင်းသားကလေးများကအစ ပြင်းပြင်းထန်ထန်ေ၀ဖန်ပြောဆိုကြခြင်းကို ဒေါက်တာမောင် မောင် ရင်ဆိုင်ရချိန်တွင် သမ္မတထံ ဆရာမကြီး၏ အိတ်ဖွင့်ပေးစာတစ်စောင်ကို ကျနော်တို့ ဖတ်ခဲ့ရသည်။

ယာတောအလယ် ငါပြောမယ် ရွှေရှင်ဘုရင်ရဲ့ နင်ဆင်ခြင်ဦးဟူသော ဒေါ်ခင်မျိုးချစ်၏ အိတ်ဖွင့်ပေးစာတွင် ကိုမောင်မောင် ရေ …ဟု တရင်းတနှီးခေါ်လျှက် အစချီသည်။ ပြည်သူ့ဖက်မှ ရပ်တည်သောအရေးတော်ပုံ ဘက်တော်သားအဖြစ် ရေးသော စာ၊ ပညာတတ်တစ်ဦး၏ ဆင်ခြင် ဉာဏ်ရှေ့ရှုလျက်ရေးသောစာအဖြစ် ထိုကာလကို သိမီသူတိုင်းမှတ်မိကြပါဦးမည်။ အချက်အလက်များက ခိုင်မာသလောက် ဉာဏ်အမြော်အမြင် ဆင်ခြင်တုံတရား ပြည့်၀သောစာအဖြစ် ကျနော်တို့ မမေ့နိုင် ခဲ့ကြပါ။ သာမန်လူတယောက်ချင်း ေ၀ဖန်ရေးသားစာများကြားတွင် သမ္မတ၏ကျောင်းနေဖက် မိတ်ဆွေတဦးထံမှ အိတ်ဖွင့်
ပေးစာက ထူးခြားအားရှိစရာ အမှန်ဖြစ်ခဲ့ပါသည်။

*….*…..*….*…..*

ရပ်ကွက်တခု မီးလောင်သည်။ လူတွေအိမ်ထဲ ပြေး၀င်လာ အထုပ်များသယ်ယူကြသည်၊ ပညာမြတ်နိုးသူများဖြစ်သည့်အ လျောက် သူတို့အရေးတကြီး မက်မက်မောမော သယ်သောအထုပ်များမှာ စာအုပ်များသာဖြစ်သည်။ ပညာကိုတန်ဖိုးထား တတ်ရန် သင်ပေးခဲ့သော ဆရာတို့ ဇနီးမောင်နှံ၏ စေတနာ။ ထိုအပေါ် သူတို့ တပည့်များ၏ တုံ့ပြန်မှု။ အကြောင်းနှင့်အကျိုး။ လူဟာ စိတ်နဲ့ထိုက်တန်တဲ့ ဘ၀ကို ရကြတာပဲ…ကျနော်တွေးနေမိပါသည်။

မင်းကိုနိုင်

(ဆရာကြီးဦးခင်မောင်လတ်နှင့် ဆရာမကြီးဒေါ်ခင်မျိုးချစ်တို့ ဇနီးမောင်နှံ နှစ်တရာပြည့် အမှတ်တရ – ၉ – မေ- ၂၀၁၅)

ကိုမင်းကိုနိုင် ဖေ့ဘုတ်စာမျက်နှာမှ ပြန်လည်ကူးယူပါသည်။

”မိုးမခ အွန်လိုင်းမဂ္ဂဇင်း” ရဲ့ ဝက်ဘ်ဆိုက်အခွဲတခုဖြစ်တဲ့ ”Colorful People of Burma” ဝက်ဘ်ဆိုက်ကနေ ကူးယူပါတယ်။

စလေ ငနော့



Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်