စာဘယ်လိုရေးသလဲ § ဝင်းငြိမ်း
စာဘယ်လိုရေးသလဲ
•••••••••••••••••••••••••••
ဝင်းငြိမ်း
စာဘယ်လိုရေးသလဲ
ခေါင်းစဉ်တပ်လိုက်တော့...
"လက်နဲ့ရေးတာပေါ့"လို့ ဖြေချင်သူတွေ ရှိပါလိမ့်မယ်။ ကျွန်တော် ပြောချင်တာက စာကို ရေးချင်ပါရက်နဲ့ မရေးဖြစ်သူတွေအတွက် စာရေးဆရာမတစ်ဦးရဲ့ စာ ဘယ်လိုရေးတယ် ဆိုတဲ့ အကြောင်းအရာပါ။ မြန်မာစာရေးဆရာများအတွက် အများစုက လက်နဲ့ရေးကြတာ မှန်ပေမဲ့ တစ်ချို့ကလည်း ကိုယ်တိုင်ကွန်ပျူတာစာစီပြီး ရေးနေတဲ့သူတွေ ရှိနေပါပြီ။ ကွန်ပျူတာ စာစီတတ်သူများ အတွက် ကွန်ပျူတာနဲ့ ရေးတာက ပိုပြီး အဆင်ပြေတယ်ဆိုတဲ့ စကားသံတွေလည်း ကြားလာရပါပြီ။ စာရေးတယ်ဆိုတဲဲ့နေရာမှာ ဘာကြောင့် ရေးဖြစ်တာလဲ၊ ဘယ်အချိန်မှာရေးဖြစ်တာလဲ ဆိုတဲ့ အကြောင်းအရာများကို နာမည်ကြီး စာရေးဆရာမတစ်ဦး ဖြစ်တဲ့ အယ်လိဇဘက်ဖလော့ခ်က ပြောထားပါတယ်။ သူက တိုင်း(မ်)မဂ္ဂဇင်းကြီးနဲ့ ပီးပဲ(လ်)မဂ္ဂဇင်းတို့မှာ သတင်းထောက်အဖြစ် စာမရေးခင် ဆန်ဖရန်စစ္စကိုက ရုပ်မြင်သံကြား အစီအစဉ်တစ်ခုမှာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ်။ နယူးယောက်မြို့ကို ပြောင်းရွှေ့နေထိုင်တဲ့အခါ CBS သတင်းဌာနအတွက် သတင်းရေးသားခဲ့ပြီး အင်္ဂလန်နိုင်ငံမှ ဒိုင်ယာနာမင်းသမီး ကွယ်လွန်ခြင်းသတင်း၊ ပုပ်ရဟန်းမင်းကြီးရဲ့ သမိုင်းတွင်တဲ့ ကျူးဘားခရီစဉ်တို့ကိုလည်း ရေးသားခဲ့တဲ့ သတင်းထောက် ဖြစ်ပါတယ်။
(၂ဝဝ၃)ခုနှစ်မှာတော့ ဖလော့(ခ်)က သူမဘဝလမ်းကြောင်းကို ဝတၳုရေးဆရာတစ်ဦးအဖြစ် ပြောင်းလဲလိုက်ပါတယ်။ ပထမဆုံးရေးခဲ့တဲ့ But Inside I’m Screaming ဆိုတဲ့ ဝတၳုနဲ့ အောင်မြင်သွားခဲ့ပါတယ်။ လျှို့ဝှက်သည်းဖို ဝတၳုတစ်ပုဒ်ဖြစ်ပြီး စာဖတ်ပရိသတ်များ အသည်းစွဲ ဖြစ်ခဲ့ပါတယ်။ ဒုတိယစာအုပ်ဖြစ်တဲ့ Me & Emma ကတော့ မိသားစုဇာတ် ဖြစ်ပါတယ်။ ဒီဝတၳုမှာ ဖလော့(ခ်)က မြောက်ပိုင်း ကယ်ရိုလိုင်းနားပြည်နယ်က မိန်းကလေးတစ်ယောက် အကြောင်းကို ရေးဖွဲ့ထားခြင်းပါ။ ဒီဝတၳုနဲ့ ပတ်သက်ပြီး ဖလော့(ခ်)က... "ကမ်ဘာကြီးကို ကလေးတွေက မြင်တဲ့ အမြင်ကို ကျွန်မ သဘောကျတယ်" လို့ သူ့အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။ ဒီဝတၳုက နယူးယောက်တိုင်း(မ်) သတင်းစာကြီးရဲ့ အရောင်းရဆုံး စာအုပ်စာရင်းမှာ (၆)ပတ်လုံးလုံး နေရာယူထားခဲ့ပါတယ်။ စာအုပ်ဝေဖန်သူများကတော့ ဒီစာအုပ်ဟာ (၂ဝဝ၅) ခုနှစ်မှာ ထွက်ရှိလာတဲ့ စာအုပ်များထဲက အကောင်းဆုံးစာအုပ်လို့ သုံးသပ်ကြပါတယ်။
ဖလော့(ခ်) ရေးခဲ့တဲ့ ဝတၳုများထဲက Everything Must Go, Sleepwalking in Daylight ဝတၳုဟာလည်း အောင်မြင်တဲ့ဝတၳုများ ဖြစ်ပါတယ်။ ဖလော့(ခ်)ဟာ တင်နက်ဆီပြည်နယ် နက်(ရှ်)ဗီး(လ်)မြို့က Vanderbilt Universityက ဘွဲ့ရခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာ ဖလော့(ခ်)က နယူးယောက်မြို့နဲ့ မိန်းပြည်နယ်တို့မှာ နေထိုင်လျက်ရှိပါတယ်။
ဘာကြောင့် စာရေးသလဲ
-------------------------------
သူ့အင်တာဗျူးမှာ ဖလော့(ခ်)ပြောခဲ့တာက စာရေးခြင်းအလုပ်ကို သူရွေးချယ်ခဲ့တာပါတဲ့။ စာရေးဆရာအဖြစ် အသက်မွေးမယ်လို့ ရွေးချယ်ပြီးမှတော့ စာရေးဆရာဟာ စာရေးကိုရေးရမယ်လို့ ဆိုပါတယ်။ သူ့ အနေနဲ့ ဘယ်အလုပ်ပဲလုပ်လုပ် စာရေးလေ့ရှိတယ်လို့လည်း ဆိုပါတယ်။ စာရေးတဲ့ပုံစံက ဖက်ရှင်များလို တစ်ယောက်နဲ့ တစ်ယောက် ပုံစံမတူကြပေမဲ့ စာရေးတာချင်းတော့ တူကြပါသတဲ့။ ဘယ်သူပဲဖြစ်ဖြစ် စာရေးဆရာလုပ်တော့ မယ်ဆိုရင် စာရေးဖို့ကို သတိတရ ရှိသင့်ပါတယ်။ သူကတော့ နေ့စဉ်နေ့တိုင်း စာရေးစားပွဲမှာ ထိုင်ပြီး စာရေးလေ့ရှိတယ်လို့လည်း ဆိုပါတယ်။ စာရေးတယ်ဆိုတာဟာ ကိုယ့်ရင်ထဲမှာရှိနေပြီး ဘယ်သူ့ကိုမှ ထုတ်ပြောစရာ မလိုဘဲ ကိုယ်ပြောချင်တာကို စာရွက်ပေါ်မှာ ချရေးလိုက်ရုံပါပဲ။ ဒါကြောင့် စာရေးတယ်ဆိုတာဟာ ဘယ်အရာနဲ့မှမတူ အလွတ်လပ်ဆုံး အလုပ်တစ်ခုလို့လည်း သူက ဆိုပါတယ်။
အလေ့အကျင့်
----------------------
"ကျွန်မက ညနေခင်းတွေမှာ စာရေးလေ့ရှိပါတယ်။ နယူးယောက်မြို့လယ်က The Writers Room ဆိုတဲ့ နေရာလေးတစ်ခု ရှိပါတယ်။ အဲဒီမှာ စာရေးဆရာတွေ၊ မဂ္ဂဇင်းသမားတွေ ဆုံလေ့ရှိပါတယ်။ စာရေးဖို့ ဝါသနာပါသူတိုင်း အဖွဲ့ဝင် ဖြစ်နိုင်ပါတယ်။ အဲဒီမှာ စာရေးဆရာတွေ ဆုံကြပြီး သူ့အမြင် ကိုယ့်အမြင် ဖလှယ်ကြတာကြောင့် ကျွန်မ အဲဒီစကားဝိုင်းတွေကနေ ရေးစရာတွေ အများကြီးရပါတယ်။ အိမ်က စာရေးစားပွဲမှာ ထိုင်ပြီး စဉ်းစားနေတာထက် ဒီမှာလာပြီး စကားပြောတာက အများကြီးရပါတယ်။ ဒါကြောင့် ကျွန်မကတော့ နေ့စဉ်နေ့တိုင်းလိုလို အလုပ်တစ်ခုအနေနဲ့ အဲဒီနေရာကို သွားလေ့ရှိပါတယ်” လို့ စာရေးခြင်းအလေ့အထနဲ့ ပတ်သက်ပြီး ဖလော့(ခ်)က ပြောပြပါတယ်။
ပြန်လည်ဖတ်ရှုခြင်း
-----------------------------
ရေးပြီးတဲ့စာတွေကို ကျွန်မ ရှေ့ဆက်မရေးခင်မှာ ပြန်ဖတ်ပါတယ်။ တစ်နည်းပြောရရင် ကိုယ် ရေးပြီးသားစာကို ကိုယ်တိုင်ပြန်ပြီး တည်းဖြတ်ခြင်းပေါ့။ ကိုယ့်စာကိုယ် ပြန်ပြီးတည်းဖြတ်ရတာ ပျော်စရာကောင်းပါတယ်။ ဒါကြောင့် တစ်နေ့တာအတွက် စာ စ မရေးခင်မှာ ရေးပြီးသားကို ပြန်ဖတ်တဲ့အကျင့် လုပ်ထားပါတယ်။ အဲဒါပြီးတော့မှ ရှေ့ဆက်ရေးရမယ့်စာကို ဆက်ရေးပါတယ်။ ပြီးတော့ ဆောင်ပုဒ်တစ်ခုအနေနဲ့ လက်ကိုင်ထားတာရှိပါတယ်။ "တွေးမနေနဲ့၊ ရေးစရာရှိတာကို ရေး" ဆိုတဲ့ ဆောင်ပုဒ်ပဲ ဖြစ်ပါတယ်။ ဒီဆောင်ပုဒ်ကြောင့် ကျွန်မ နေ့စဉ်နေ့တိုင်း စာရေးဖြစ်တာလည်း ပါပါတယ်။
စာရေးနည်း
------------------
စာရေးတဲ့အခါမှာ အခန်းတစ်ခန်းပြီးတိုင်း ဒီအခန်းမှာ ဝတၳုရဲ့အဓိကကျတဲ့ ဘယ်အချက်ပါတယ် ဆိုတာကို အညွှန်းကတ်ပြားလေးတစ်ခုနဲ့ ကျွန်မ မှတ်သားထားပါတယ်။ ဥပမာပြရရင် ကျွန်မ ဇာတ်ကောင်တစ်ယောက်က နောင်မှာ သူ့ခင်ပွန်းသည်ဖြစ်လာမယ့် လူတစ်ယောက်ကို (၁၉၆၅)ခုနှစ်က ပထမအကြိမ်တွေ့ခဲ့ဖူးတယ်။ အဲဒီ အကြောင်းကို ကျွန်မက အခန်းနှစ်မှာ ရေးထားခဲ့တာပါ။ ဒီတော့ စာမျက်နှာ (၃ဝဝ)လောက် ရေးပြီးခါမှ ဒီအကြောင်းကို ပြန်ကောက်မယ်ဆိုရင် သူတို့နှစ်ယောက် တွေ့တာက ဘယ်အချိန်၊ ဘယ်နေရာမှာဆိုတာ အချိန်ကုန်ခံပြီး ပြန်ရှာနေစရာ မလိုတော့ဘဲ ကျွန်မ ထုတ်ထားတဲ့ ကတ်ပြားလေးကို ကြည့်လိုက်ရုံနဲ့ သိစေပါတယ်။ ဒီနည်းက ကျွန်မတို့ အထက်တန်းကျောင်းသူ ဘဝမှာတုန်းက စာကြည့်တိုက်မှာ သုံးခဲ့တဲ့နည်း။ အင်မတန် ရှေးကျတဲ့နည်း ဖြစ်ပေမဲ့ အသုံးဝင်တာကို တွေ့ရမှာ ဖြစ်ပါတယ်။
စိတ်ကူးစိတ်သန်း
------------------------
ကျွန်မ Me & Emma မှာ ဝတၳုကို စရေးတုန်းက ဇာတ်ကောင် အမည်ကို အရင်စဉ်းစားခဲ့တာပါ။ Carrie Parker ဆိုတဲ့ အမည်ကို ရပြီးတဲ့နောက် ကျွန်မ ရင်ထဲမှာ မွေးဖွားလာလိုက်တာ ဇာတ်ကို မြောက်ပိုင်း ကာရိုလိုင်းနားပြည်နယ်မှာ တည်မိမှန်းမသိ တည်ဖြစ်သွားခဲ့ပါတယ်။ တောတွေတောင်တွေ ထူထပ်တတ်တဲ့ ဒီပြည်နယ်မှာ ဇာတ်အိမ်တည်မိခြင်းက ကျွန်မ ရေးမဲ့ဇာတ်အတွက် အများကြီး အထောက်အကူပြုသွားပါတယ်။ ဒီဝတၳုဟာ ဇာတ်ကောင်အမည်ကနေစပြီး မွေးဖွားပေါ်ပေါက်လာတဲ့ ဇာတ်တစ်ပုဒ် ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။
လွှမ်းမိုးမှု
--------------
ကျွန်မတို့ ငယ်စဉ်ကတည်းက စာရေးဆရာကြီးများရဲ့ ဝတၳုတွေကို ဖတ်ခဲ့ကြတာဆိုတော့ သူတို့ရဲ့ လွှမ်းမိုးမှုဟာ အနည်းနဲ့ အများဆိုသလို ကျွန်မတို့အပေါ်မှာ ရှိပါတယ်။ စာရေးဆရာကြီး Raymond Carver ဆိုရင် ကျွန်မ လေးစားအားကျတဲ့ စာရေးဆရာကြီးတစ်ဦးပါ။ သူ့ရဲ့ ဂန္တဝင်စာပေတွေကို ကျွန်မ အများကြီး ဖတ်ဖူးတာပေါ့။ ဒါကြောင့် Everything Must Go ဝတၳုရေးတဲ့အခါမှာ ဆရာကြီးရဲ့ ဇာတ်ကောင်ဖြစ်တဲ့ John Cheever ရဲ့ လွှမ်းမိုးမှု ခံနေရတယ်ဆိုတာ ကျွန်မ သတိထားမိပါတယ်။ ဒါကတော့ ပုံတူကူးချတဲ့ ပုံစံမျိုးမဟုတ်ဘဲ ဒီဇာတ်ကောင်ကို စွဲလန်းစိတ်နဲ့ သူ့ရဲ့ အငွေ့အသက်ပါလာခြင်း ဖြစ်ပါတယ်။ အဲဒီလိုပဲ Me & Emma မှာ ရေးတော့လည်း ဇာတ်ကောင်တစ်ခုဖြစ်တဲ့ Tony Earley ရဲ့ လွှမ်းမိုးမှု ရှိခဲ့ပြန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆရာကြီး William Maxwe ကလည်း ကျွန်မ လေးစားအားကျတဲ့ စာရေးဆရာကြီးတစ်ဦး ဖြစ်ခြင်းကြောင့်ပါ။
အကြံပြုချက်
-------------------
စာရေးချင်သူများကို ကျွန်မ အကြံပေးချင်တာကတော့ နေ့တိုင်း စာရေးပါ။ ဒါဟာ အကောင်းဆုံးအကြံ ဖြစ်ပါလိမ့်မယ်။ နေ့တိုင်းစာရေးပါဆိုလို့ တစ်နေ့ကို ဝတၳုတစ်ပုဒ် ပြီးရမယ်၊ မဂ္ဂဇင်းစာမူတစ်ပုဒ် ပြီးရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ နေ့စဉ်ရေးသွားရင် ဒီစာမူ ပြီးဆုံးတဲ့အချိန်မှာ ခံစားရတဲ့ ပီတိက ဘာနဲ့မှ နှိုင်းယှဉ်လို့မရအောင် ကြီးမားလှပါတယ်။ ကျွန်မ အနေနဲ့ဆိုရင် စာတစ်နေ့ မရေးဖြစ်ဘဲ တစ်ခြားအလုပ်တစ်ခုကို လုပ်ဖြစ်နေတယ်ဆိုရင် စိတ်ထဲမှာ အပြစ်ရှိနေသလို ခံစားရပါတယ်။ အဲ...စာရေးပြီဆိုရင်လည်း ဘာအလုပ်ကိုမှ သတိမရတော့ဘဲ စာကိုသာ ဇောက်ချရေးဖြစ်တော့တာပါ။
ဒါကတော့ အနောက်တိုင်းက စာရေးဆရာမ Elizabeth Flock ပြောပြခဲ့တဲ့ စာရေးနည်း ဖြစ်ပါတယ်။ နေ့စဉ် စာရေးတယ်ဆိုတာ မြန်မာနိုင်ငံက တစ်ချို့သော စာရေးဆရာများ စတင်ကျင့်သုံးနေပြီဖြစ်တဲ့ အကျင့်တစ်ခု ဖြစ်ပါတယ်။ ဥပမာအားဖြင့် ကွယ်လွန်သူ စာရေးဆရာကြီးမြသန်းတင့်က နေ့စဉ် သူ့လက်နှိပ်စက်နဲ့ စာရေးခဲ့ပါတယ်။ ဆရာမခင်ခင်ထူး ဆိုရင်လည်း အခု သူ့ကွန်ပျူတာနဲ့သူ နေ့စဉ် စာရေးနေပြီးလို့ သိရပါတယ်။ ဝါရင့် စာရေးဆရာကြီးများမှသာ ဒီလိုအကျင့်လုပ်ရတာ မဟုတ်ပါဘူး။ ဝါသနာရှင်တိုင်း လေ့ကျင့်သင့်တဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ စာရေးဆရာဇနီးမောင်နှံဖြစ်တဲ့ ဆရာ မောင်ဆွေသက် နဲ့ ဆရာမ သရက်မသက်ဆွေ တို့ဆိုရင် သူတို့အိပ်ခန်းမှာ... “ဒီနေ့ စာရေးပြီးပြီလား” ဆိုတဲ့ စာတန်းတစ်ခု ကပ်ထားပါသတဲ့။ စာမူပြီးခြင်း၊ မပြီးခြင်း၊ ဖော်ပြခံရခြင်း၊ မဖော်ပြခံရခြင်းတို့က သူတို့နဲ့ မဆိုင်ဘဲ စာရေးဖို့သာ အဓိက ဖြစ်တယ်ဆိုတာကို ဖော်ဆောင်နေခြင်း ဖြစ်ပါတယ်။
"ဝါသနာရှင်တိုင်း စာရေးအကျင့် ရှိပါစေ"
ဝင်းငြိမ်း
ရွှေအမြုတေမဂ္ဂဇင်း
သြဂုတ်လ။၂၀၁၁ ခုနှစ် ။
”စာပေစုဘူး” ဘလော့ဂ်ကနေ ကူးယူပါတယ်။
Photo - ToonClips
စလေ ငနော့
Comments
Post a Comment