ငယ်စာရင်း ဖျက်လိုက်တော့ဘုရား § ခင်နှင်းယု

ငယ်စာရင်း ဖျက်လိုက်တော့ဘုရား
•••••••••••••••••••••••••••••••••••

ခင်နှင်းယု

ခုနစ်တန်းတုန်းက ဇနက္ကကို သင်ရစဉ် ဇနက္ကသည် တောသို့ နောက်ဆုံးဝင်ချိန်တွင် မြက်ပင်ကို ဖြတ်ပြကာ တောသို့ဝင်သွား၏။ မြက်ပင်အပြတ်သည် ပြန်ဆက်၍ မရတော့ပြီကို သိသော သီဝလိဒေဝီ သည် မြေတွင် လူးလှိမ့်ကာ ဆတ်ဆတ်လူး၍ ကျန်ရစ်ရှာသည်။

ထိုစဉ်က ခင်ခင်ကြီး၏ စိတ်တွင် သီဝလိဒေဝီသည် သဲလွန်းသည် ဟု ထင်မိခဲ့၏။ ယနေ့ မိမိတို့၏ နှစ်ဆယ့်ငါးနှစ်မြောက် လက်ထပ်ပွဲ နေ့မှာ အများထင်သလို ငယ်မူမပြန်နိုင်...

“နောက်ဆံ မယ်မတင်းရအောင် ငယ်စာရင်း ဖျက်လိုက်တော့ ဘုရား” ဆိုသော မိဖုရားတစ်ပါး၏ တေးထပ်ကဲ့သို့ ...
တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့မှာ ဦးကျော်စွာနှင့် ဒေါ်ခင်ခင် ကြီးတို့၏ လက်ထပ်သော အနှစ် ၂၅ နှစ်မြောက် ငွေရတုသဘင် ဆင်ယင်ကျင်းပသော နေ့ဖြစ်လေသည်။

လက်ထပ်ပွဲသာ ၂၅ နှစ်မြောက်သည် မဟုတ်၊ ဦးကျော်စွာအတွက်လည်း အသက် ၅ဝ ပြည့်ပြီ ဖြစ်၍ မွေးနေ့ပွဲကိုပါ တစ်ပါတည်း ရော၍ ခြံထဲတွင် ကျင်းပသည်။

ကောင်းကင်တွင် လဝန်းက ဝင်းဝင်းပပ သာလျက် ရှိ၏။ မြေပြင်တွင်လည်း တန်ဆောင်ဆီမီးတို့က တညီးညီး ဝင်းထိန်လျက် ရှိလေသည်။ သူတို့ခြံဝင်းထဲတွင်မူ လျှပ်စစ်မီးရောင်စုံများသည် ကျောက်ခက်ပန်းရုံများ ကြားတွင် ပန်းများလို ပွင့်နေကြသည်။ ကြွလာသော ပရိသတ်များ၏ ပိုးဖဲရောင်က ပန်းပွင့်လွှာများ မီးရောင်အောက်တွင် လှုပ်ရှားပျံဝဲ၍ နေ ကြလေသည်။

ပရိသတ်ထဲတွင် အထင်ရှားဆုံးမှာ ဒေါ်ခင်ခင်ကြီးတို့ ခြံနှင့်ကပ် လျက်မှလာသော အန်ကယ်ဂျွန်တို့ လင်မယားစုံတွဲဖြစ်လေသည်။

အန်ကယ်ဂျွန်ကို အင်္ဂလိပ်အမည်တပ်၍ ခြံနားပတ်ဝန်းကျင်က ရော၊ မိတ်ဆွေများကရော ခေါ်ဝေါ်ကြသော်လည်း အန်ကယ်ဂျွန်သည် စိတ်ရှည်သည့် မြန်မာအဘိုးကြီး ဖြစ်လေသည်။ အန်ကယ်ဂျွန်သည် သာသနာပြု ကျောင်းကြီးတစ်ကျောင်းတွင် ကျောင်းအုပ်လုပ်ခဲ့၍ သူ့တွင် တပည့်တပန်းများရုံမက ချစ်ခင်သူလည်း ပေါသည်။ သူ့မျက်နှာက ထာ ဝစဉ် ပြုံးရွှင်နေ၍ သူ့အသက်အမှန်ကို ပြောပြပေမယ့် မည်သူကမျှ မယုံ ကြပေ။

ထိုနေ့က အန်ကယ်ဂျွန်သည် ဝတ်နေကျ အနောက်တိုင်းသား ဝတ်စုံများကို မဝတ်၊ အကွက်ကျဲကျဲ မန္တလေးလုံချည်ပန်းရောင်နှင့် အနက် ရောသည်ကို ဝတ်ထား၍ တိုက်ပုံအင်္ကျီအနက် ခေါင်းပေါင်းပန်းရောင်ကို ကော့နေအောင် ဆင်ထားပေသည်။ သူ၏ ဖြူဆွတ်စိုပြေသောအသား မြင့်မားသော အရပ်တို့နှင့် သူ့ဝတ်ပုံမှာ နုပျိုလန်းဆတ်၍ နေသေးသလိုပင် ဖြစ်၏။

“ဂျွန်... မင်းကို ကြည့်ရတာကွယ်...တို့များတောင် ဆယ်နှစ် လောက် ပြန်ငယ်သွားသလိုပဲ”

အဘိုးကြီး သူငယ်ချင်းများက သူ့ကို ဝိုင်း၍ နှုတ်ဆက်ကြ၏။

“ဒါတောင် ရို့စ်ကြောင့် ဒီနေ့ ကိုယ်ခေါင်းပေါင်းတွေ ဘာတွေ ပေါင်းရတာကွယ့်... မဟုတ်ဘူးလား ရို့စ်ရယ်၊ ခါတိုင်းဆို ကိုယ်က လူ ပျိုဆိုတော့ နက်တိုင်နဲ့ ဘောင်းဘီရှည်နဲ့ ကာလသားလုပ်လာမှာပေါ့”

သူ့လက်ကို မှီတွဲကာ မခို့တရို့ ရပ်နေသော ရို့စ်မှာ ပါးခွက် လေးများပေါ်အောင် ပြုံးလိုက်၏။ မှန်၏။ ရို့စ်နှင့် အန်ကယ်ဂျွန် လက် ထပ်ပြီးသည်မှာ ၅ ရက်ပင် ရှိသေးသည်။ ရို့စ်သည် အသက် ၃၀ မပြည့် တတ်သေး။ ရန်ကုန် အရှေ့ပိုင်းသာ သနာပြုကျောင်းတွင် ကျောင်းဆရာမ လုပ်နေသူကလေးဖြစ်သည်။ ထိုနေ့ကရို့စ်သည် နှင်းဆီပန်း ပန်းရောင်လေး နှင့်တူ၏။ ပန်းရောင်ချိတ်ထဘီလေးကို ဝတ်ကာ နိုင်လွန်လက်ရှည်နှင့် ငွေချည်ဖောက်ပဝါပါးကို ခြုံထား၏။ သူ့ဆံပင် လိမ်ကောက်ကောက် လေးများကို နောက်တွင် သပ်သပ်ရပ်ရပ် မြန်မာဆန်ဆန် ထုံးဖွဲ့ ထား လေသည်။

အားလုံးကပင် ထိုစုံတွဲကို မျက်စိစားပွဲကျကာ စူးစိုက်ကြည့်ကြ၏။ တကယ်ပင် သူတို့နှစ်ဦး ဟန်ပန်ကလည်း နွေဦးတွင် ပိုးတုံးလုံးဘဝမှ တဖြစ်လဲလာကြသော လိပ်ပြာပေါက်စလေးများလို မြူးကြွရွှင်လန်းနေ ပေသည်။

ဦးကျော်စွာနှင့် ဒေါ်ခင်ခင်ကြီးက ဝမ်းသာအားရ ဆီးကြို၏။ ဒေါ်ခင်ခင်ကြီးသည် အစိမ်းရင့်ရောင်ဖဲခံတွင် ပုလဲလုံးများလို တောက်ပသော ငွေချည်များ ဖောက်ရက်ထားသည့် လုံချည်ကို ဝတ်ထား၏။ လုံ ချည်ရောင်မှာ ရင့်သည်ဆိုရမည် ဖြစ်သော်လည်း ညဉ့်ပွဲနှင့် အလွန်လိုက်သော လုံချည် ဖြစ်လေသည်။ သူ့ဆံပင်ကို အရွယ်ကြီးဟန်ဖြင့် တပတ်လျှို မြင့်မြင့်ပင့်၍ ထုံးထားသော်လည်း သူ့မျက်နှာ၏ ကျက်သရေကို ပုံ့ပုံ့အိအိ ဆံထုံးကပင် ထင်ရှားစေလေသည်။ သူသည် လွန်ခဲ့သော ၂၅ နှစ် သူ လက်ထပ်ပွဲတုန်းက ဆင်ယင်ခဲ့သော စိန်ဘီးနှင့် စိန်ဆံထိုးမှတစ်ပါး တခြား ဘာကိုမှ မဆင်ယင်ပေ။

ဦးကျော်စွာက ဒေါ်ခင်ခင်ကြီးထက် မြူးကြွ ရွှင်လန်းဟန်ရှိ၏။ ပိုးအဖြူတိုက်ပုံအင်္ကျီနှင့် ပန်းရောင်ချိတ်ပုဆိုးကို ဝတ်ထားလေသည်။

“အန်ကယ်ဂျွန်ရေ...ဒီဘက်စားပွဲကိုလာ...” ဟု ဦးကျော်စွာက ဖိတ်ခေါ်လိုက်၏။ ဒေါ်ခင်ခင်ကြီးကလည်း “ခြံချင်းကပ်နေလို့ ထင်တယ်၊ အန်ကယ်ဂျွန် နောက်ကျလိုက်တာ” ဟု လှမ်း၍ ပြောလိုက်၏။

“ဟဲ...ဟဲ...ရို့စ် ပြင်ဆင်နေတာကို စောင့်နေ ရလို့ ကြာတယ်များ ထင်သလား၊ မဟုတ်ဘူးကွဲ့၊ အန်ကယ်ဂျွန်လေ ကိုယ့်ကိုယ်ကို နုနေ အောင် မွှေးနေအောင် လုပ်နေရလို့ ကြာသွားတယ်”

အနီးအနားရှိ စားပွဲများမှ ပရိသတ်များက ဝိုင်းရယ်ကြ၏။

“ရို့စ်ရေ...ခင်ခင်ကြီးတို့ တွေ့ရတော့ လွန်ခဲ့တဲ့ ၂၅ နှစ်တုန်းက သူတို့လက်ထပ်ပွဲလေးကို ဒါလင်သတိရသေးတယ်ကွယ်”

ရို့စ်ကို လှည့်၍ ပြောလိုက်၏။

“ဒီတုန်းက ဒါလင်က အသက် ၄၀ လောက်ပေါ့၊ မေမေခင် ရှိ သေးတယ်ကွဲ့၊ ဒါလင်နဲ့ မေမေခင်က သူတို့အိပ်ရာခမ်းနားကို ပြင်ပေးရ တယ်ကွယ်။ မောင်ကျော်စွာ ခင်ခင်ကြီးရတာ တယ်ကံကောင်း၊ အဲဒီနေ့ ပွဲထုတ်တုန်းကများ ခင်ခင်ကြီးဟာ တယ်ချောတာကို...”

ဘေးမှ ပရိသတ်က အန်ကယ်ဂျွန်၏ အောင်မြင်သောအသံကို ဝိုင်း၍ နားထောင်ကြ၏။

“လင်နဲ့ မယားဟာ အနှစ် ၂၅ နှစ်လုံးလုံး ချောချောမောမော ပေါင်းသင်းလာခဲ့ကြရတယ် ဆိုတော့လည်း ဝမ်းသာစရာကြီးပေါ့လေ။
မေမေခင်နဲ့ ဒါလင်တို့ ငွေရတုသဘင် ပွဲနေ့တုန်းကများ ငယ်မူပြန်လို့ မဆုံးဘူးဟေ့” ဟု ပြောကာ ရယ်လိုက်၏။ ဘေးက ပရိသတ်ကလည်း ဝိုင်း၍ ရယ်လေသည်။ ရို့စ်ကမူ ရှက်စနိုးဟန်ဖြင့် မျက်ခုံးလေးချီလိုက် ကာ “ဂျွန်ကလည်းကွယ်” ဟု ဆိုလိုက်လေသည်။

“မေမေခင်ဆုံးပြီးတော့ မနေတတ်မထိုင်တတ်နဲ့ဟာ ငါးနှစ် လောက်အတွင်း တယ်ဟာတာကိုးဟာ...ခု ရို့စ်နဲ့ လက်ထပ်ပြီး ကျွန် တော်တို့ နက်ဖြန် ဟန်းနီးမွန်း တောင်ကြီးဘက်ကို သွားမယ်။ ရို့စ်နဲ့ ကျွန်တော်နောက် ငွေရတုသဘင် ကျင်းပနိုင်ပါစေလို့ ဒီနေ့မှာ ဆုတောင်း
ရမှာပဲ”

သူ့ အပါးက အငြိမ်းစား စက်ရှင်မင်းကြီး ဦးစောမြဦးအား လှမ်း ၍ ပြောလိုက်၏။ ထိုစားပွဲတစ်ဝိုက်တွင် အန်ကယ်ဂျွန်၏ ရွှင်ပျမြူးကြွ ဟန်မှာ လွှမ်းမိုးနေ၍ အိုမင်းပြီဟု ဆိုရမည်ဖြစ်သော အဘိုးကြီးပေါက်စ များပင် ရွှင်ပြုံးတင့်တယ်နေကြလေသည်။ အန်ကယ်ဂျွန်သည် စားရုံတွင် မက မီးရောင်စုံလေးများ မှိန်၍ ဘွိုင်များ စားပွဲသိမ်းစပြုသည်အထိ ဧည့် ခံပေး၏။

“မောင်ကျော်စွာနဲ့ ခင်ခင်ကြီးရေ....အန်ကယ်ပြန်ဦးမယ်ကွဲ့၊ မနက် ဟန်းနီးမွန်းကို အန်ကယ်ကိုယ်တိုင် ကားမောင်းသွားမှာမို့ စောစောပြန် အိပ်ဦးမယ်”

“ကျေးဇူးတင်ပါတယ် အန်ကယ်ရယ်၊ ရို့စ်ရေ မင်းအတွက် အန်ကယ်ဂျွန်ကတော့ မိတ်ဆွေကောင်းကြီးပါ”

ဒေါ်ခင်ခင်ကြီးက ရို့စ်၏ လက်ကလေးကို ဖျစ်ညှစ်၍ နှုတ်ဆက်ရင်း ပြောလိုက်သည်။

အန်ကယ်ဂျွန်နှင့် ရို့စ်သည် ပေါ့ပါးရွှင်လန်းစွာပင် တစ်ဖက်ခြံ သို့ ကူးသွားကြသည်။

နောက်ဖေးဘက်တွင်မူ ဘွိုင်များ သိမ်းလာသော မုန့်များအနက် အကောင်းနှင့် မကောင်းသည်များကို အစေခံများက ရွေးချယ်သိမ်းဆည်း နေကြလေသည်။

“အဲဒီမုန့်အပဲ့တွေကို ငါ့သားသမီးတွေဖို့ ပေးလိုက်ပါ စိန်ခင်ရယ်”

ဒေါ်ဝင်းဆိုသူက သူ့လက်ဆွဲကြိမ်ခြင်းလေးကို အနားဆွဲယူကာ တောင်းလိုက်၏။

“ဟောဒီဒေါ်ဝင်းကြီးကလေ လာရင် ယူဖို့လောက်ပဲ စိတ်ကူးနေတာပဲ”

စိန်ခင်က နှုတ်ခမ်းထော်ထော်နှင့် ပြောလိုက်၏။

“နင်တို့ဖို့ အပဲ့အကျန်တွေကို လွှင့်ပစ်မှာပါ၊ အိမ်မှာဆို ကလေး တွေ စားရမှာပါဟ”

“ကဲပါ စိန်ခင်ရယ်...စကားကို ရှည်တယ်၊ မဝင်း ခြင်းခံစမ်း၊ မဝင်းယူတယ်ဆိုရင် ခင်ခင်ကြီးက ဘာမှပြောမှာ မဟုတ်ဘူး။ အပဲ့အကျန် တွေ မယူနဲ့၊ ဟောတာ ပလိန်းကိတ်အကောင်း အဲဒါက တစ်ရက်နှစ်ရက် ထားလို့ခံတယ်။ ဆိတ်သားမုန့်ကတော့ ဒီညပြန်ရင်ကျွေး၊ နက်ဖြန်ဆို နမ်းပြီးမှ မသိုးရင်စား သိုးရင်လွှင့်ပစ်”

အစေခံအုပ်ကြီး ဒေါ်ခြူးက ဒေါ်ဝင်းခြင်းထဲသို့ မုန့်များ ထည့် ပေးနေ၏။ စိန်ခင်သည် ဒေါ်ခြူးဘက်သို့ မျက်စပစ်ရင်း ...

“မမကြီးက ဘာမှမပြောဘူးဆိုတာ သိပါတယ်။ ဒေါ်ခြူးကို ကြောက်လို့ ဒေါ်ခြူးကို ကြောက်လို့” ဟု ဆိုလိုက်၏။

“တယ်...ကောင်မ ဒီလိုပဲ ပြောတာပဲ၊ ပြီးတော့ ညည်းပဲ တန်းလျားကို စက္ကူနဲ့ ဖွက်ဖွက်ပြီး ထုတ်ယူသွားတာ ငါမသိဘူး အောက်မေ့ လို့ စိန်ခင်ရယ်၊ ဒါနဲ့ မဝင်း ညည်းက ခုညဉ့်တွင်းချင်း ပြန်တာတော့ ဟုတ်ပါတယ်၊ ဥက္ကလာပဆိုတော့ ညဉ့်နက်လှပြီ”

ဒေါ်ခြူးက မုန့်အတော်များများ ခြင်းထဲသို့ ထည့်လိုက်ကာ ပြော လိုက်၏။

“သြော်...ကလေးတွေလည်း မုန့်လတ်လတ်ဆတ်ဆတ် ကျွေးချင် သေးတယ်။ သူတို့အဖေ မနက် မုန့်ဟင်းခါးထွက်ဖို့ ပြင်ဆင်ပေးရသေး တယ်”

“တစ်ညလောက်များ အိပ်ပါဦးအေ”

“မအိပ်နိုင်ဘူး ဒေါ်ခြူး၊ ခင်ကြီးကို သွားနှတ်ဆက်ရင်း ကျွန်မ ကို ကားနဲ့ ပြန်ပို့ပေးဖို့ ပြောရမှာပဲ”

“ရပါတယ်၊ ညည်းတို့လည်း ခင်ခင်ကြီးနဲ့ အတူတူ တစ်နှစ်တည်း လို လင်ရတော့ အိမ်ပြန်ပြီး နှစ်ဆယ့်ငါးနှစ်မြောက်ပွဲ လုပ်မလို့ပေါ့လေ။ ကောင်မ တော်တော်ကဲတယ်၊ အခု ကလေးဘယ်နှယောက်လဲ”

ဒေါ်ခြူးသည် ဤအိမ်တွင် ဒေါ်ခင်ခင်ကြီး အပျိုဘဝကတည်းက ကွပ်ကဲလာခဲ့သော အစေခံအုပ်ကြီး ဖြစ်၏။ အားလုံးက ခုထိ သူ့ကို လေးစားကြသည်။

“ဆယ်ယောက်...”

“အမလေး...”

ဒေါ်မြူးက ရင်မကာအော်လိုက်၏။

“မ၀င်းရယ်...ခုသွေးဆုံးပလား...”
“ဆုံးချင်သလိုလိုပဲ၊ ခင်ခင်ကြီးက ကျွန်မထက် နှစ်နှစ်ပဲ ငယ်တယ်၊ ကျွန်မ ဝါဆိုက လေးဆယ့်ငါးနှစ်ပြည့်ပြီ၊ လေးဆယ့်တစ်နှစ်တုန်း က အငယ်ဆုံးလေးမွေးတာပေါ့”

“ခင်ခင်ကြီးတို့များတော့ တစ်ယောက်မှ မမွေးဘူးဟဲ” ဟု ဒေါ်ခြူး က ပြောလိုက်၏။

“ခင်ခင်ကြီးတို့ခြံထဲက တက်လာရောပေါ့။ ကျွန်မကား တောင်းရင်း သွားနှုတ်ဆက်ဦးမယ်”

“အေးအေး...”

ဒေါ်ဝင်းသည် ဒေါ်ခင်ခင်ကြီး အိပ်ခန်းထဲသို့ ဝင်သွား၏။ ဒေါ်ခင်ခင်ကြီးသည် မှန်တင်ခုံရှေ့တွင် ဆံပင်ကို ဖြေကာ စိန်ဆံထိုး၊ စိန် ဘီးများကို ဖြုတ်နေသည်။ သူသည် မှန်နောက်မှ ခင်ခင်ကြီးကို ငေးမော ကြည့်နေ၏။ ခင်ခင်ကြီးနှင့် သူသည် ဘာမှ မတူကြ၊ သူ့ရင်သည် ကလေးဆယ်ယောက် နို့တိုက်ခဲ့ရ၍ ပြားခြောက်ညိုမွဲ၍ နေလေပြီ။

ရွာမှာ ပြန်နေစဉ်တုန်းကလည်း ကိုစံဖေနှင့်အတူ လယ်တောဆင်း ခဲ့ရ၍ အသားများမှာ နေလောင်ခြောက်သွေ့ကာ ဤအိမ်ကြီးတွင် အစေ ခံလုပ်ခဲ့စဉ်က မဝင်းရုပ်ပင် မရှိတော့ပေ။ ဘယ်သူ့ကိုပင် ပြောပြော မဝင်းနှင့် ခင်ခင်ကြီး ရွယ်တူပါဆိုလျှင် ဘယ်သူမျှ ယုံမည်မဟုတ်။

ခင်ခင်ကြီး၏ ရင်သားများက ဇာလွှာဖုံးထားသော ဘော်လီအောက် တွင် ပြည့်၍ လျော့ရဲခြင်းမရှိသေး၊ အသားဆိုင်ဖြင့် ပြည့်တင်းနေသေး ၏။ သည်နေရာ ရောက်လာပြန်တော့လည်း ဒေါ်ဝင်းသည် လွန်ခဲ့သော နှစ်ဆယ့်ငါးနှစ်က ဤအခန်းထဲရှိ မြင်ကွင်းလေးကိုရော၊ သူ့သခင်ကြီး များကိုပါ သတိရ၏။

မှန်တင်ခုံရှေ့တွင် တစ်ဦးတည်းသမီး ခင်ခင်ကြီးကို ပွဲထုတ် ပြင်ကြဆင်ကြ မွမ်းမံ ချယ်လှယ်ကြသည်မှာ ဝက်ဝက်ကွဲနေကြလေည်။

အပျိုဘဝဆိုတော့ ခင်ခင်ကြီးရင်အုံသည် ထိုစဉ်က ယခုထက် လုံးကြွနေ၏။ ရွှေရောင်ရင်လွှမ်းထည်အောက်တွင် အသားနုမှာ ဝင်းဝါ နေသည်။ ရင်စည်းအပေါ်သားဆိုင်တွင်မူ စိန်ကို မသုံး၊ ခင်ခင်ကြီး၏ အဘွားအမွေပေးခဲ့သော ပုလဲသွယ်ကို ဆင်၍ ထား၏။ လည်တိုင်အောက် တွင်သာ စိန်လည်တုန်မှာ တဖျတ်ဖျတ်တောက်နေကြသည်။

အပျိုဖော်သူငယ်ချင်းများက နှုတ်ဆက်အနမ်းဟုဆိုကာ ခင်ခင် ကြီးပါးမို့ကလေးများကို နမ်း၍နမ်း၍ သွားကြသောကြောင့် ခင်ခင်ကြီး ပါးမို့လေးများသည် ပန်းနုရောင်သန်း၍ ကျန်ရစ်လေသည်။

အားလုံး ပြင်ဆင်ပြီး၍ ပွဲထုတ်ခါနီးတွင်မူ ခင်ခင်ကြီးသည် အခန်းထောင့်စွန်းတွင် ထဘီခေါက်နေသောသူ့ကို လှမ်းခေါ်လိုက်၏။
“မဝင်းရေ...လာပါဦးကွယ်”

ခင်ခင်ကြီး အပါးမှ မင်းကတော် အန်တီမြသည် လည်းကောင်း၊ ဆံထုံး ထုံးပေးရသည့် လယ်ဝန်ကတော် ဒေါ်လေးကက်သရင်းသည် လည်းကောင်း၊ နောက်သို့ ခေတ္တဆုတ်ပေးလိုက်ရ၏။

“ကိုယ် ဒီည မင်းနဲ့ ခွဲအိပ်ရတော့မယ်...နှုတ်ဆက်ရဦးမယ်ကွယ်”

ခင်ခင်ကြီးသည် မဝင်း၏နဖူးကို အသာအယာနမ်းလိုက်၏။ မဝင်းရင်ထဲတွင်မူ တဆတ်ဆတ် ခုန်၍ မျက်ရည်များပင် လည်လာသည်။ သူ့ ခြေထောက်ပင် ကော်ဇောပေါ်မှာ ရှိပါသေး၏လားဟု ထင်မိ၏။ ထင်လည်း ထင်သင့်ပေသည်။ မဟာ့မဟာ ရာထူးရှင်ဂုဏ်ရှင်ကြီးများ၏ သမီးပျိုများ ဝိုင်းဝိုင်းလည်နေသောအလယ်တွင်မှ မြေပိုင်ရှင်ကြီးလည်း ဖြစ်သော မဟာမင်းကြီး၏ တစ်ဦးတည်းသောသမီးက သူ့ အား နမ်းရှုပ် လိုက်သည်ဆိုတော့ မဝင်းလို အစေခံအဖို့ မူးလဲမသွားအောင် မနည်း သတိထားရ၏။

ဒေါ်လေး ကက်သရင်းကမူ ဘာမှမပြောရဲ၍သာ ကြည့်နေရသည်။ ဤလို အိမ်စေအစုတ်ပလုတ်ကို နမ်းရပါမို့လားဟု နှာခေါင်းရှုံ့၏။ မင်္ဂလာပွဲထုတ်ပြီးတော့လည်း ခင်ခင်ကြီးအမေ မင်းကြီးကတော် ဒေါ်စိန် သုံကို ခင်ခင်ကြီးအဖြစ်က နည်းနည်းသဲလွန်းသည်ဟု ထင်လိုက်သေးသည်။

ယခင်က မဝင်းမှာ ခင်ခင်ကြီးနှင့် တစ်ခန်းတည်း အိပ်ရ၏။ တကယ်ပင် ထိုညက မဝင်းတစ်ယောက်တည်းပင် အခန်းကျယ်ကြီးထဲ တွင် အိပ်နေရစ်ရလေသည်။

“မဝင်း ဘာကို စဉ်းစားနေလဲ”

ခင်ခင်ကြီးက မှန်ထဲတွင် ကြည့်ရင်း သူ့ကို လှမ်းအော်လိုက်မှ သူသည် အတွေးကို ရပ်ကာ ပြုံးလိုက်၏။

“ဪ...ဒီနေရာ ရောက်တော့ ခင်ခင်ကြီး လက်ထပ်တဲ့နေ့ကို ရော၊ သခင်ကြီးတို့ကိုရော သတိရပြီး တွေးနေမိလို့ပါ”

“လာပါဦး မဝင်းရယ်၊ ခင်ကြီးဖြင့် မဝင်းနဲ့တောင် စကားမပြော အားဘူး”
ဒေါ်ဝင်းသည် ခင်ခင်ကြီး ကုလားထိုင်အနိမ့်လေးဘေးတွင် ဝင် ထိုင်လိုက်၏။

“မဝင်းလက်ထပ်တာနဲ့ ခင်ကြီးလက်ထပ်တာ နှစ်လတည်းကွာ တယ်။ ကိုစံဖေနဲ့ ယူပြီး လယ်ထဲလိုက်သွားရတာပဲနော်”

“ဟုတ်တယ်လေ၊ အကြီးသမီးတောင် အိမ်ထောင်ကျနေပြီ”

“ဟုတ်ပါရဲ့ ...။ သူတို့ကို မြင်ရတော့ အနှစ်လေးဆယ်ဆိုတာ မနည်းဘူး။ ခင်ကြီးတို့လည်း အတော်အသက်ကြီးပြီနော်၊ ဒီည ဒီမယ်
အိပ်နော်”

“မအိပ်နိုင်ဘူး ခင်ခင်ကြီးရယ်... ဘုစုခရုတွေနဲ့ သူတို့ အဖေ
မနက် မုန့်ဟင်းခါးထွက်ဖို့လည်း လုပ်ပေးရဦးမယ်။ ကျွန်မလေ ကလေး တွေ စားဖို့ မုန့်အကျန်တွေ ယူသွားတယ်”
ခင်ခင်ကြီးသည် ညင်သာစွာပြုံးရာမှ ခေါင်းညိတ်လိုက်၏။

“မုန့်တွင်မဟုတ်ပါဘူး မဝင်းရယ်...၊ ခင်ကြီးငွေငါးဆယ် ကလေး တွေအတွက် ပေးလိုက်ပါရစေ၊ မနက်က ဘုန်းကြီးဆွမ်းကျွေးပြီး ပရိတ် ရွတ်တယ်၊ အမျှယူပါး မဝင်း ကလေးဘယ်နှယောက်လဲ”

“ဆယ်ယောက်”

“ဆယ်ယောက်”

ခင်ခင်ကြီးသည် တစ်စုံတစ်ရာကို သတိတရ စဉ်းစားသလို ခေတ္တ နေ၏။ ပြီးမှ အံဆွဲထဲမှ ငွေဆယ်တန်ဆယ်ရွက်ကို ယူကာ ဒေါ်ဝင်းလက်ထဲသို့ ထည့်လိုက်၏။

“ဖိုးခင်ကို လိုက်ပို့ခိုင်း၊ ကားနဲ့ ပြန်နော်”

“ကျွန်မ ခင်ခင်ကြီးနဲ့ အေးအေးဆေးဆေး စကားပြောချင်ပါ တယ်။ အချိန်မရှိလို့”

“နောက်နေ့ တွေကျတော့ လာသေးတာပေါ့၊ မဝင်းရယ်”

မဝင်းပခုံးကို ဖက်ကာ ခင်ခင်ကြီးသည် နောက်ဖေးတံခါးဝအထိ လိုက်ပို့၏။ ဒေါ်ဝင်းသည် ကားပေါ်တက်သွားရင်း ခင်ခင်ကြီး နေပုံထိုင် ပုံ သိမ်မွေ့ အေးဆေးပုံကို တွေးနေမိ၏။

အိမ်ရောက်လျှင် ကလေးတွေက ဝိုင်းအုံကြည့်၍ ကြိုကြ၏။

“အမေ ကားကြီးနဲ့ ပြန်လာတယ်ပေါ့” ဟု ဝိုင်း၍ အော်ကြ၏။ ဟုတ်၏။ သူတို့အမေကားကြီးနှင့် ပြန်လာသည်ကို ယခုတစ်ခါပဲ သူတို့ မြင်ဖူးကြသည်။ ဒေါ်ဝင်းသည် ဒေါ်ဖြူပြောသလိုပင် ဆိတ်သားမုန့်ကို အရင်ဆုံး ကလေးများကို ချကျွေးလိုက်၏။ ကလေးများသည် မုန့်အကောင်းစားကို အများဆုံးစားရ၍ လုယက်ကာ ပလုပ်ပလောင်းစားကြသည်။ အကြီးဆုံးကောင်မလေးကမူ ...

“နင်တို့ဟာ ငတ်ကြီးကို ကျလွန်းတယ်...” ဟု ပြော၏။ သူက မူ ပလိန်းကိတ်လေးတစ်ချပ်ကို ဣနြေ္ဒ ရရ စား၏။ ကလေးများအဖေသည် ကျွက်စီ ကျွက်စီ ဖြစ်နေသော သူ့ပရိသတ်ကို ကြည့်ရင်း “ငါဖြင့် မဝင်း ဒီည ဟိုမှာ အိပ်မလားလို့ ...” ဟု ပြောလိုက်၏။

“မအိပ်ပါဘူးရှင်...ကလေးတွေ မုန့်စားစေချင်လို့၊ ပြီးတော့ မနက် ဈေးအတွက် ရှင်တစ်ယောက်တည်း ကသီမှာစိုးလို့၊ ရှင်ကော ကိတ်မုန့် စားမလား၊ ဆိတ်သားမုန့်စားမလား”

“မစားချင်သေးပါဘူးကွယ်”

သူသည် အိပ်ရာရှိရာ နောက်ဘက်ခန်းသို့ ဝင်လာ၏။ နောက် မှ ကလေးတို့အဖေ လိုက်လာ၏။

“ခင်ခင်ကြီးက ငွေငါးဆယ်လည်း ပေးလိုက်သေးတယ်...”

ဒေါ်ဝင်းသည် ကိုစံဖေအား လှမ်းပြောလိုက်၏။ ကိုစံဖေသည် ဒေါ်ဝင်းအနားသို့ ကပ်ထိုင်ရင်း “တို့လည်း လက်ထပ်တာ နှစ်ဆယ့်ငါး နှစ်ရှိပြီနော်၊ မင်းပြန်လာတာလည်း ကောင်းပါတယ် တို့နှစ်ဆယ့်ငါးနှစ် မြောက် အထိမ်းအမှတ် ဒီညကျင်းပရတာပေါ့...” ဟု ရယ်မောကာပြော၏။

“ရှင် တော်တော်ကဲနော်”

ဒေါ်ဝင်းသည် အင်္ကျီလဲရင်း ပြော၏။ ကိုစံဖေသည် အိပ်ရာပေါ် လှဲကာ တွေးနေ၏။

“ငါတွေးကြည့်နေတယ်၊ မဝင်းရေ၊ သတင်းစာထဲမှာ ဖတ်ရတယ်။ လူတွေ လ,ရှိတဲ့ဆီသွားဖို့ လုပ်ကြ၊ ကောင်းကင်မှာ လှည့်ကြပတ်ကြနဲ့ တော်တော်ထူးဆန်းတယ်။ အဲဒီပညာတွေ သူတို့တတ်သားနဲ့ ငါ သူတို့ကို
လုပ်ခိုင်းချင်တာ တစ်ခုရှိတယ်”

“ရှင်ကတော့ ကြီးကြီးကျယ်ကျယ် ပြောတော့မယ်၊ ဘာလုပ်ခိုင်း ချင်လို့လဲ”

“ဒီလိုလေ ခင်ခင်ကြီးတို့ ဦးကျော်စွာတို့လို ချမ်းသာတဲ့ လင်မယား မှာ ဆိုလို့ရှိရင် ကလေးဆယ်ယောက် မွေးအောင်လုပ် မင်းတို့ငါတို့လို ဆင်းရဲတဲ့ လူမှာဆို အိုစာမင်းစာ သုံးယောက်လောက်ပဲမွေး၊ အဲဒီလိုသူတို့ ပညာတွေနဲ့ လုပ်ရရင် သိပ်ကောင်းမှာပဲ”

ဒေါ်ဝင်းက ရယ်လိုက်၏။

“ရှင်ကတော့ ပေါက်ပေါက်ရှာရှာ ပြောရော့မယ်၊ ငွေထုပ်ပိုက်နေ တဲ့ လူတွေပဲ၊ ကလေးရအောင် လုပ်လိုက်ကြတာ ကျွန်မ သိသားပဲ လုပ် မရလို့ပေါ့၊ ကံ-ကံ၏ အကြောင်းတရားဆိုတာ ဆန်းကြယ်သားတော့”

အပြင်တွင် ဆိတ်သားမုန့်များသည် အစအနမှ မမြင်ရတော့ပေ။ အကြီးဆုံးမ အိမ်ထောင်သည်လေးက ပလိန်းကိတ်များကို မနက်အ တွက် မီးဖိုခန်းသို့ ယူသွင်းကာ သိမ်းလိုက်၏။ အကြီးဆုံးကလေးများသည် ထို ညဉ့်အတွက် အိပ်ရာဝင်ကြသည်ကို ပျော်ပျော်ရွှင်ရွှင် ရှိ၏။ အငယ်သုံး
ယောက်သည်လည်း ဗိုက်လေးလာကြပြီဖြစ်၍ ကိုစံဖေ၏ ညာဘက်တွင် တစ်ယောက်ပြီးတစ်ယောက် ဝင်လှဲကြ၏။

မကြာခင် အိမ်ကလေးသည် တိတ်ဆိတ်သွား၏။ ညဉ့်ဆယ့်နှစ် နာရီလောက်မှ ဒေါ်ဝင်းသည် ဦးစံဖေအပါးတွင် ဝင်၍ လှဲဖြစ်တော့သည်။ သွေ့ခြောက်ခြောက်နှင့် ပူနွေးသော ဒေါ်ဝင်း၏ ကိုယ်ကို ဦးစံဖေက ဆီး ကြိုပွေ့ယူလိုက်၏။

“ရှင် ခုထိ မအိပ်သေးဘူးလား”

“ဒီနေ့ နှစ်ဆယ့်ငါးနှစ်မြောက်တဲ့ နေ့တော့ မဟုတ်ဘူးပေါ့ကွယ်။ နှစ်အနေနဲ့တော့ ဟုတ်တယ်။ ဒါပေမယ့် ငါလည်း ခင်ခင်ကြီးတို့ကို အားကျတာပေါ့။ ဒါကြောင့် မင်းကို စောင့်နေတယ်”

ဒေါ်ဝင်းက မှောင်ထဲတွင် ပြုံးလိုက်၏။ သူတို့အခန်းလေးသည် ယခုထက်ထို မှောင်နေတုန်းပါတကား။


မီးအပြာရောင် လင်းနေသော ရို့စ်၏ ခေါင်းအုံးပေါ်တွင် ရို့စ် မျက်နှာသည် ပြာလွလွလေး ဖြစ်နေသည်။

အန်ကယ်ဂျွန်သည် ရို့စ်၏ ပူနွေး၍ ပန်းရောင်သွေး ကြွနေသော နှုတ်ခမ်းလေးများကို စုတ်ယူလိုက်၏။

“ဂွတ်နိုက်...ရို့စ်... မနက်ကျရင် စောစောထရမယ်”

“ဂွတ်နိုက်...ဒါလင်”

ရို့စ်သည် ကျေနပ် အားရသောအသံဖြင့် နှုတ်ဆက်၏။ အန်ကယ် ဂျွန်သည် ခေါင်းရင်းရှိ မီးပြာခလုတ်ကို နှိပ်လိုက်၏။ အခန်းသည် မှောင် အတိကျသွားသည်။ မှန်ပြတင်းခန်းဆီမှ ဝင်လာသော လရောင်က ခုတင် ရှိရာသို့ရောက်အောင် မလင်း၊ ထို့ကြောင့် အန်ကယ်ဂျွန်တို့၏ ခုတင်ပတ်ဝန်း ကျင်သည်လည်း... အန်ကယ်အသက် ခြောက်ဆယ်ကျော်ပေမယ့် မှောင် နေတုန်းပါတကား။


ခင်ခင်ကြီးသည် အဝတ်များအားလုံး လဲပြီး၍ ညဉ့်အိပ်ရာဝင် အင်္ကျီကို ဝတ်လိုက်၏။ ဦးကျော်စွာသည် သူ့အခန်းဘက်သို့ ကူးလာ မည့် ခင်ခင်ကြီးကို တစ်ယောက်တည်း စောင့်နေ၏။ ခေါက်တုံ့ခေါက် ပြန် စင်္ကြံ လျှောက်နေသော နေရာမှာ လရောင်ဖြာကျရာ နေရာဖြစ်၍ လင်းနေသည်။ သူ့ခုတင် ခေါင်းရင်းတွင်လည်း မီးတစ်လုံး ပွင့်နေလေသည်။

လွန်ခဲ့သော နှစ်ဆယ့်ငါးနှစ်က တန်ဆောင်မုန်းလဆန်း ဆယ့် လေးရက်ညဉ့်လိုပင် သူ့ရင်များ ခုန်နေ၏။ သို့သော်.....ရင်ခုန်သံချင်း မတူသည်ကို သူ့စိတ်က အလိုလိုသိ၏။ ယနေ့ညရင် ခုန်ခြင်းသည် ကြေကွဲ၍ပင် ခုန်လေသလော၊ ကြည်နူး၍ ခုန်လေသလောဟူသည်ကို
တော့ မဝေခွဲတတ်ပါပေ။

ဟိုစဉ်ကတော့ ပျိုမျစ်နုနယ်သူ မိန်းမပျိုအပါးတွင် ပထမဆုံး
အိပ်စက်လဲလျောင်းလိုက်လျှင် မေ့ချင်မူးချင်သောအဖြစ်များက အများ ဆုံး ဖြစ်လိုက်သည်ကို တစ်ခုချင်း သတိရနေသည်။

ခင်ခင်ကြီးသည် ဖြည်းညှင်းစွာ လှမ်း၍ သူ့အပါးသို့ လျှောက်လာ သည်။ သူလှမ်း၍ နှုတ်ဆက်ရမည်ကို ကြောက်ရွံ့နေသလို၊ လျှာမသွက် သလို ငြိမ်သက်နေမိ၏။

မနက်ဘုန်းကြီးဆွမ်းကျွေးအပြီး ရေစက်ခွက်ကို တစ်ယောက် တစ်ခွက်စီ ခွဲခြား၍ ရေစက်ချ၏။ ထိုစဉ်က ခင်ခင်ကြီးမျက်နှာကို မော့ ၍ တစ်ချက်ကြည့်မိသည်။

ခင်ခင်ကြီးသည် သူ့ရှေ့တွင် မားမားရပ်၍ နေလေပြီ။ သူစကား ပြောမရ၊ ခင်သည် ရပ်ရာမှ ဒူးထောက်လိုက်၏။ ဒူးထောက်ရာမှ ကြမ်း ပေါ်တွင် ကျုံ့ကျုံ့ထိုင်လိုက်သည်။ ခင်ခင်ကြီးသည် တစ်စုံတစ်ခုကို စ၍ ပြောနေပေပြီ။ သူသည် ကြိုးစား၍ နားထောင်ရ၏။

“ခင်နဲ့ ကိုကိုနှစ်ဆယ့်ငါးနှစ် အတောအတွင်း ပေါင်းသင်းလာတဲ့ ကြတုန်းမှာ ခင်ပြုခဲ့တဲ့ အမှားတွေရှိရင် ခင့်အပေါ် ခွင့်လွှတ်ပါ...။ ကိုကို အပေါ်မှာလည်း ခင် မကျေနပ်တာတွေရှိခဲ့သမျှ ခွင့်လွှတ်ပါတယ်”

ခင်သည် ရှိခိုးရင်းပြော၏။ ခင့်အသံကလည်း တုန်နေသည်။ သူ့ ရင်ထဲမှာလည်း ဆို့သွားသည်။

သူသည် ခဏခဏဆိုသလိုပင် “ခင်ရယ်...ကိုကိုနဲ့ အခန်းချင်း ခွဲအိပ်ရအောင်” ဟု ပြောခဲ့၏။ ပြောခဲ့တိုင်း “ခင်ကြောက်တတ်လို့ပါ ကိုကို၊ တစ်နေ့ တော့လည်း ကိုကိုလိုချင်သလို သံသရာ စာရင်းရှင်းရမှာ ပါ” ဟု ခင်ခင်ကြီးက ပြောခဲ့၏။ ယနေ့သည် ခင် ပြောလာသည့်အတိုင်း သံသရာ စာရင်းရှင်းရမည့်နေ့ကို ကြုံပါပကော၊ နဖူးတွေ့ ဒူးတွေ့ ကြုံ ရတော့လည်း ဟိုလွန်ခဲ့သော နှစ်ဆယ့်ငါးနှစ် တန်ဆောင်မုန်းလဆန်း ဆယ့်လေးရက်နေ့ညဉ့် ရင်ခုန်ရသည်ထက် ပြင်းစွာ တုန်လှုပ်ရသည်ကို သူ့ စိတ်ထဲက ဝန်ခံမိ၏။ သူ့စိတ်ထဲတွင် ထိုမျှလောက် တုန်လှုပ်လိမ့် မည်ဟု မမျှော်လင့်ခဲ့။

“ခင်ရယ်... ကိုကို့ရင်တွေ ခုန်လိုက်တာ”ဟု သူသည် မတ်တတ် ရပ်ရင်း ပြောမိ၏။

“ခင်လည်းခုန်တာပါပဲ...”

ခင်ခင်ကြီးသည် ထိုင်ရာမှ ညင်သာစွာ ထရင်းပြော၏။ မှန်ပေ သည်၊ ၇ တန်းတုန်းက ဇနက္ကကို သင်ရစဉ်တွင် ဇနက္ကသည် တောသို့ နောက်ဆုံးဝင်ချိန်တွင် မြက်ပင်ကို ဖြတ်ပြကာ တောသို့ ဝင်သွား၏။ မြက်ပင်အပြတ်သည် ပြန်ဆက်၍ မရတော့သည်ကို သိသော သီဝလိဒေဝီ သည် မြေတွင်းလူးလှိမ့်ကာ ဆတ်ဆတ်လူး၍ ကျန်ရစ်ရှာသည်။ ထိုစဉ်က ခင်ခင်ကြီးစိတ်တွင် သီဝလိဒေဝီ သည်သဲလွန်းသည်ဟု ထင်မိ၏။

ယနေ့ မိမိ၏ ၂၅ နှစ်မြောက် လက်ထပ်ပွဲနေ့မှာ အများထင်သလို ငယ်မူမပြန်နိုင်။

“နောက်ဆံမယ် မတင်းရအောင် ငယ်စာရင်း ဖျက်လိုက်တဲ့ ဘုရား” ဆိုသော မိဖုရားတစ်ပါး၏- တေးထပ်လို ငယ်စာရင်းဖျက်ရသော
အချိန်တွင် ရင်များက တလှပ်လှပ် ခုန်ရလွန်းပါတကား။

သူသည် ဦးကျော်စွာအပါးမှထကာ ယခင်က မဝင်းနှင့်အတူ အိပ်ခဲ့သော ကပ်ရက်အခန်းသို့ ဝင်သွား၏။ ခုတင်ခေါင်းရင်းတွင် မီး တစ်လုံးဖွင့်ထား၍ ခုတင် ပတ်ဝန်းကျင်သည် လင်းနေသည်။

ဦးကျော်စွာသည် သူ၏တစ်ယောက်အိပ် ခုတင်ရှိရာသို့ ဖြည်းညှင်း စွာ လျှောက်သွား၏။ ခုတင်ခေါင်းရင်းမှ မီးတစ်လုံးကို မပိတ်တော့ပေ။ ယခင် ၂၅ နှစ်သော ညဉ့်များကမူ အမှောင်ကို ကြိုက်လိုက်သည့်ဖြစ်ခြင်း။ ယခုတော့လည်း သူ့ခုတင်ပတ်ဝန်းကျင်သည် မီးရောင်ဖြင့် လင်းနေ၏။


နံနက်တွင်မူ သူတို့နှစ်ယောက်၏ အိပ်ခန်းတစ်ခုစီမှ ပြတင်း တံခါးများ ပွင့်လာ၏။ ဟိုမှာဘက်ရှိ ခြံတွင် အန်ကယ်ဂျွန်နှင့် ရို့စ်သည် ခရီးထွက်ရန် ကားကို အဆင်သင့်ပြင်ပြီးပေပြီ။ အန်ကယ်ဂျွန်သည် သူ တို့အိမ်ဘက်သို့ လှည့်ကြည့်ရင်း ပြတင်းတစ်ပေါက်စီခွဲကာ ရပ်နေသော ဦးကျော်စွာတို့ လင်မယားနှစ်ယောက်ကို ကြည့်လိုက်၏။

“ဂွတ်မောနင်း ကျော်ရေ...ဂွတ်မောနှင်းခင်ရေ၊ အန်ကယ်တို့ သွားတော့မယ် ဘိုင့်ဘိုင်...”
ရို့စ်ကလည်း နေရောင်တွင် လှပစွာ ပြုံး၍ သူတို့ကို နှုတ်ဆက် ကာ ကားထဲသို့ ဝင်သွားတော့သည်။

ကားကလေးသည် ဖြည်းညှင်းစွာ ရွေ့လျားသွား၏။ ၆၀ ပင်ကျော် သော်လည်း အန်ကယ်ဂျွန်၏ မျက်နှာသည် ဦးကျော်စွာထက် ပျိုမျစ်နေ သေးသလို ထင်ရ၏။ အန်ကယ်ဂျွန်တို့ကို မြင်ရတော့လည်း လောက ကြီးသည် နေချင့်စဖွယ် ရှိသေး၏တကား။

PDF - burmeseclassic. com

ဆရာမခင်နှင်းယု၊ ကြာတော၌ ရွာသောမိုး ပီဒီအက်ဖ်၊
စာမျက်နှာ ၄၀ - ၅၆။

စာရိုက် - စလေ ငနော့



Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်