မျိုးဆက် မကွာဟခြင်း (သို့မဟုတ်) ဒဂုန်တာရာနှင့် ထူးအိမ်သင် § ချစ်ဦးညို
မျိုးဆက် မကွာဟခြင်း (သို့မဟုတ်)
••••••••••••••••••••••••••••••••••
ဒဂုန်တာရာနှင့် ထူးအိမ်သင်
••••••••••••••••••••••••••••••
ချစ်ဦးညို
မိုးဝေ စာပေမဂ္ဂဇင်းကို ဆရာနတ်နွယ် ဦးစီးခဲ့သောကာလ။ ၁၉၇ဝ အလွန် မင်းသား ကြီး ကောလိပ်ဂျင်နေဝင်း အိမ်၊ ဟာမစ်တစ် တွင် ဆရာ ဒဂုန်တာရာ နေထိုင်ခဲ့စဉ်ကဖြစ်၏။ မိုးဝေတွင် ကလောင်သွေး လက်တွေ့နေ သော ကျွန်တော်သည် တစ်နေ့သား ဆရာ့ဆီရောက် ခဲ့သည်။ ဆရာမြဝင်း(ဒဿန)၊ ဆရာ ဦးခင်မောင်တင်(မဟာဂီတ)တို့ အတူပါလာသည် ဟု ရေးတေးတေး မှတ်မိပါသည်။ အဲဒီအချက် က လွဲချင်လွဲနိုင်သည်။ မလွဲနိုင်သော မှတ်မိ ခြင်းက ဆရာနှင့်မဟာဂီတ အကြောင်း တစ်ထိုင်စာ စကားပြောခဲ့ရခြင်းပင် ဖြစ်သည်။
ကျွန်တော် တို့ရောက်တော့ ''ဆရာတာရာ ဧည့်သည်တွေလာတယ်ဗျို့''ဟု အော်ခေါ် ပေးလိုက်သည့် မင်းသားကြီး၏ အသံကို ကြား ယောင်နေဆဲပင်။ ဆရာက သူ၏ 'ကွန်း'ထဲ မှထွက်လာသည်။ ဧည့်ခန်းတွင် ထိုင်ကြရင်းက ဘယ်လို စကားစပ်မိသွားသလဲ မသိပါ။ ပတ္တလားမှ ငါးပေါက်နှင့် စန္ဒရားမှ KEY F တို့အသံ မတူကြကြောင်း စကားလမ်းကြောင်းရောက်သွားသည်။ ကျွန်တော်တို့ထဲမှ တစ်ယောက်က ငါးပေါက်ဆိုရင် F ပဲမဟုတ် လားဟုပြောရာ ဆရာ ဒဂုန်တာရာက စန္ဒရား ခုံသို့ ရွှေ့ထိုင်ပြီး အဖုံးကို ဖွင့်ပါတော့သည်။
''ဒီမှာ ပတ္တလား လည်းရှိတယ်။ ခင်ဗျား တို့ထဲက ဘယ်သူ တီးတတ်သလဲ။ ယှဉ်တီး ပြီး နားထောင်ကြည့်ရအောင်'' ဟု ဆရာကဆို သည်။ တက္ကသိုလ် အနုပညာအသင်းမှာ ဟို စပ်စပ်၊ ဒီစပ်စပ်လုပ်ခဲ့သော ကျွန်တော်က ''ကျွန် တော် တီးတတ်ပါတယ်ဆရာ''ဟုပြောကာ ပတ္တလား လက်ခတ်ကောက်ကိုင်ပါသည်။ ထို့ နောက် ပတ္တလားငါးပေါက်သံ အပီဆုံးဖြစ် သော တေးထပ်ကို ကောက်ချိုးလိုက်သည်။ အဆိုမပါပါ။ ကျွန်တော် ပတ္တလားတီးပြီးတော့ ဆရာက သူ့လက်ချောင်းများကို စန္ဒရား ခလုတ်များပေါ်တင်လိုက်သည်။
စီရီညီညီ ချိုမြစန္ဒရား သံလေးတွေပေါ် လာသည်။ ဆရာ့စန္ဒရားသံ တေးထပ်တီးလုံး၏ သံကျမှာ 'ဖာ'မဟုတ်ပါ။ 'ဖီ'ဖြစ်ပါသည်။ ''ကဲ တွေ့ပြီ မဟုတ်လား''ဟု ဆရာက ပြောလေသည်။
ထိုမှတစ်ဆင့် မဟာဂီတ အခြေခံ ကြိုး သီချင်းများအကြောင်း စကားစပ်မိကြပြန် သည်။ 'ထံတျာတေရှင်' (ပုစဉ်းတောင်သံကြိုး) သည် မဟာဂီတ စတင်လေ့လာသူအဖို့ တီးကွက်၊ အတွဲအဖက်၊ လက်နေလက်ထားများ ကို စနစ်ကျအောင် ဖွဲ့ပေးသော အခြေခံ စနစ် ဖြစ်ကြောင်း၊ သငေ်္ကတဖြစ်ကြောင်း၊ ဥပမာ- ထံဆိုလျှင် ယာလက်က ၇ ပေါက်၊ ဝဲလက်က ၁ ပေါက်၊ တေဆိုလျှင် ၆ ပေါက် ၂ ပေါက်၊ ရှင် က ဘယ် ၂ ပေါက်၊ ဒလုဆိုလျှင် မည်သို့၊ ထုံဆို လျှင်မည်သို့၊ ဒျန့်ဆိုလျှင်မည်သို့ ကျွန်တော်တို့ က ပြောကြသည်။ ဆရာ ဒဂုန်တာရာ ခေါင်းမညိတ်ပါ။ ရီဝေမျက်လုံးများက မဝေးတဝေး ဆီ ရော်ရမ်း ကြည့်လိုက်သလို ဖြစ်သွားပြီး
''ခင်ဗျား တို့ပြောတာ ကောင်းပါတယ်။ ဒါပေမဲ့ ထံတျာတေရှင်ကို မဟာဂီတကြိုး သီချင်း စနစ်လို့ ပြောချလိုက်လို့ မရသေးဘူးထင်တယ်။ သငေ်္ကတ ဆိုတဲ့စကားလုံးဆိုရင် ပိုမသုံးသင့် ဘူး။ 'တောပင်တောလုံးနှံ့ပါလို့လေး' ဆိုတဲ့ စာသား၊ 'ထက်စငယ်ကောင်းကင်-မိုး တည့် မိုးတိမ်ပြင်၊ စံရွှင်ပျော်ပါး ရွေဖော်တစ်စုများ ငယ်နှင့်လေး' ဆိုတဲ့စာသား (Lyric)တွေ ပါနေ တယ်။ ထံတျာတေရှင် အပါအဝင်ကြိုးသီချင်း တွေရဲ့စနစ်နဲ့ တန်ဖိုးကို သုတေသနလုပ်သင့်တယ်''
ကျွန်တော်တို့ စကားဝိုင်းဆီမှ အဖြေ တစ်ခုခု ထွက်မလာခဲ့ပါ။ နောက်လမိုးဝေ စာပေ မဂ္ဂဇင်းတွင် 'မြန်မာ့ဂီတနှင့် အသံနိမိတ်ပုံ ပြဿနာ' ခေါင်းစဉ်ဖြင့် ကျွန်တော်ဆောင်းပါး တစ်ပုဒ်ရေးဖြစ်ခဲ့လေသည်။ 'မြစ်တွေးတွန်သံ လန့်ကြိုး' အမည်ရှိ သီချင်းတစ်ပုဒ်ကို ကျွန်တော် တွေ့လိုက်သည်။ ထိုကြိုးသီချင်းမှာ(သီချင်းဟု ခေါ်ထားသော်လည်း) အကြောင်း အရာကို ဖော်ပြသည့်စကားလုံး၊ စာသားတစ်ခုမှ မပါပါ။ အစအဆုံး တစ်ပုဒ်လုံး ဒလုတွေ၊ ထုံတွေ၊ ဒျန့်တွေ၊ တေတွေ၊ တျာတွေ၊ တျောတွေချည်း ဖြစ်သည်။ ''ဒါတွေဟာ သငေ်္ကတလို့ မခေါ်နိုင်ရင် တောင်မှ တီးကွက်တီးလက် အတွဲအဖက်ကို ပြပေးနေတဲ့ စနစ် မဟုတ်ဘူးလား'' ဆိုသော ဆင်ခြေတက်သည့် အဓိပ္ပာယ်မျိုး ကျွန်တော် ရေးခဲ့ပါသည်။ အတွန့်တက်တာ မဟုတ်ဘဲ မိမိကိုယ်တိုင်ပင် မရေမရာဖြစ်နေသည်ကို ပြဿနာ တင်လိုက်သည့်အနေမျိုး။ ကျွန်တော့် ဆောင်းပါးမှလည်း၊ ဘာဂယက်မှ ထမလာခဲ့ပါ။ ဂီတဗေဒ ပညာရှင် လည်းမဟုတ်၊ ဂီတ တူရိယာပညာရှင်လည်း မဟုတ်သော ကျွန်တော်၏ ဆောင်းပါးကိုယ်နှိုက်က ယောင်ဝါး ဝါးဖြစ်ခဲ့ပုံရပါသည်။ သို့သော် ကျွန်တော့်အတွက် အမြတ် တစ်ခုထွက်ခဲ့သည်။ ဆရာ ဒဂုန်တာရာ၏ သန္တာန်ရိပ်တစ်ခု ကို ကျွန်တော်မြင်ခဲ့ရခြင်းပင်ဖြစ်၏။
ပေါ်ပြူလာဂျာနယ် ၃၆လမ်း တိုက် ဟောင်းမှာ ဖွင့်စဉ်ကာလ။ အခန်းဆက်ဆောင်းပါးတွေ ရေးရင်း၊ ပေါ်ပြူလာဂျာနယ်သို့ တစ်ပတ်နှစ် ကြိမ် လောက်ရောက်ရောက်နေသော ကျွန်တော် သည် တစ်နေ့သား ဂျာနယ်တိုက် ဧည့်ခန်းတွင် 'ငှက်' နှင့် ဆုံဖြစ်ပါတော့သည်။ ကျွန်တော်တို့ စာအကြောင်း၊ ဘာ အကြောင်း၊ ညာအကြောင်းပြောဖြစ်ကြသည်။ ဘယ်လိုစကားစပ်မိသွားသလဲ မမှတ်မိပါ။ ငှက်ဆီက စကားတစ်ခွန်း ထွက်လာသည်။
''ကျွန်တော်အခု မဟာဂီတထဲက ကြိုး သီချင်း ၁၃ ပုဒ်ကို ရေရေလည်လည် စိတ်ဝင် စားနေတယ်ဗျ''
ကျွန်တော် လှိုက်ခနဲ အ့ံသြဝမ်းသာ ဖြစ် သွားပါသည်။ ထူးအိမ်သင်ဟု တစ်ပြည်လုံးကျော် သော၊ အင်တာနေရှင်နယ်ဂီတကို သွန်းလုပ် နေသည့် အဆိုသမား တစ်ယောက်က မဟာ ဂီတကို..ကြိုးသီချင်း ၁၃ပုဒ်ကို...
''ဘယ်လို စိတ်ဝင်စားတာလဲ၊ ဘယ်လို တွေ့သလဲ ငှက်''
''ထံတျာတေရှင်ကြိုးရဲ့ SCALE သံစဉ်နဲ့ MELODY အသွားကို ကျွန်တော့်တစ်ပိုဒ်ချင်း တစ်ပိုဒ်ချင်း ခွဲခြမ်းစိတ်ဖြာကြည့်နေတယ်။ ပြီးတော့ သီတာ သာယာ၊ ဝေဘာ၊ ဘုံဆောင်၊ ကြိုးသီချင်းတွေ ထဲက ယေဘုယျ တူညီနေတာ တွေ၊ ထပ်နေတာတွေ၊ ကွဲပြားခြားနားသွား တာတွေ၊ အဲ..ပြီးတော့ တစ်ဆင့်ချင်း တစ်ဆင့်ချင်း ကြိုးသီချင်းတွေမှာ အသံအတွဲ အဖက် အဆင့်မြင့်သွားပုံတွေ... ကိုလည်း နှိုင်းယှဉ်လေ့လာနေတယ်''
သူ၏ ထက်သန်နေသောအလျဉ် ပြတ် တောက်သွားမှာစိုး၍ ''အဲဒီတော့'' ဟုသာ ကျွန်တော်ထောက်ပေး လိုက်ပါသည်။
''သိပ်ချစ်စရာကောင်းတာတွေ တွေ့ရသလို၊ ကျွန်တော့်စိတ်ထဲ သိပ်စိတ်တိုင်းမကျတာ တွေလည်း တွေ့ရတယ်''
''ကောင်းလိုက်တာငှက်ရာ... အဲဒီ... အဲ...သုတေသနကို ပရိသတ်နဲ့ပညာရှင် တွေထဲ ချပြပြီး FORUM ဟာမျိုး၊ WORKSHOP လိုဟာမျိုးလုပ်ဖြစ်ရင် သိပ်ကောင်း မှာပဲ''
''ကျွန်တော်ကြိုးစားမယ် အစ်ကိုရာ ပါးစပ်ကရှင်းပြရုံနဲ့မရဘူး။ တီးပြ၊ NOTES တွေနဲ့ ခွဲပြမှရမှာ''
စကားစက ထိုမျှနှင့်ပြတ်သွားပါသည်။ ငှက်နှင့်ထပ်ဆုံဖြစ်သည်မှာ MR.GUITAR ပွဲတစ်ပွဲ။ ကျွန်တော်က ''ကြိုးသီချင်းတွေကော ဘယ်လိုလဲ'' ဟု မေးတော့... ''လုပ်မှာ..လုပ်မှာ'' ဟု သူပြန်ဖြေသည်။ ထိုအစီအစဉ် ဖြစ်မလာခဲ့ပါ။ သို့သော် ထူးအိမ်သင်၏ သန္တာန်ရိပ်တစ်ခုကို ကျွန်တော်မြင်ခဲ့ ရပါသည်။
ဆရာဒဂုန်တာရာ၊ ထူးအိမ်သင် သူတို့နှလုံးသားကို ကျွန်တော် ဦးညွှတ်ပါ သည်။ အဟောင်းဆိုတိုင်းလည်း မဖက်တွယ်၊ သို့သော် မပစ်ပယ်။ အသစ်ဆိုတိုင်းလည်း ဖက်လဲတကင်း မလုပ်။ သို့သော် မပိတ်ပင်။ အကောင်းမြင်ဝါဒမဟုတ်၊ အဆိုးမြင် ဝါဒမဟုတ်။ သဘောထားကြီးသော ဝိဘဇ္ဇအမြင်ရှိသူတွေ ဖြစ်လေသည်။
ချစ်ဦးညို
”AF Ijournal” ပေ့ဂျ်ကနေ ကူးယူပါတယ်။
စလေ ငနော့
Comments
Post a Comment