ရီရီမာ ဆယ့်နှစ်လုံးတန်းမှာ နေသည် § မိုးမိုး (အင်းလျား)

 ရီရီမာ ဆယ့်နှစ်လုံးတန်းမှာ နေသည် 

•••••••••••••••••••••••••••••••••••••••


မိုးမိုး (အင်းလျား)


“ဖုန်းလေး တစ်ချက် ကောက်ဆက်လိုက်ရင် ဖြစ်တဲ့ ဥစ္စာကို ဖေဖေတို့များ မခဲယဉ်း ရမယ့်ဟာ ခဲယဉ်း နေလိုက်တာ” 


သမီး ရီရီမာက မကျေမနပ်နှင့် ပြောနေဆဲ ဖြစ်သည်။ ယခုတလော ရီရီမာသည် သည်စကား ကိုပဲ ထပ်ကာ တလဲလဲ ပြောနေသည်။ သည်တော့ မိခင်ဖြစ်သူ ဒေါ်သင်းကြည်လည်း မနေနိုင်တော့။ ယောကျ်ား ဖြစ်သူကို ကြောက်ရွံ့ လေးစား ရမြဲ ဖြစ်သော်လည်း လေသံ ပျော့ပျော့ဖြင့် ဝင်ပြော မိသေး၏။ 


“ဟုတ်သားပဲ အစ်ကိုကြီး ရယ်၊ သမီးက အလုပ် လုပ်ချင်လွန်းလို့ ပြောနေ ရှာတာပါ၊ ပြီးတော့လဲ ဒါ သမီး ပြောသလို ဘာခဲယဉ်းတာ လိုက်လို့” 


မည်သို့ပင် သတိထား ပြောပြော၊ မိန်းမသည် မိန်းမသာ ပဲမို့ ဒေါ်သင်းကြည် စကား ထဲမှာ အပြစ်တင် ဝေဖန်သည့် လေသံလေး ကတော့ ပါသေးသည်သာ ဖြစ်၏။ ဤသည်ကို ဦးသောင်းငွေ ကလည်း ချက်ချင်း သိလိုက်သည်။ ဖခင်တစ်ယောက် အနေဖြင့် သမီး အပေါ် ခွင့်လွှတ်နိုင် သော်လည်း မိန်းမ ကိုတော့ နားမလည်ဘဲ ဝင်ဝင် ပြောရ ကောင်းလားဟု ကရုဏာ ဒေါသဖြင့် မာန်မဲ ပစ်လိုက်ချင် လေသည်။ ယခုတလော ဦးသောင်းငွေ တစ်ယောက် စိတ်တိုင်း မကျတိုင်း မိန်းမကိုသာ ဖိပြီး ဟောက်နေ တတ်၏။ 


“မင်းတို့က လွယ်လွယ် ပြောဖို့ပဲ တတ်တယ်၊၊ လုပ်ရတာ မခဲယဉ်း တာတော့ မှန်တာပေါ့၊ ဒါပေမယ့် ဒီလို လုပ်လိုက်ရင် အခွင့်အရေး ယူရာ ကျမှာပေါ့၊ ကိုယ် လုပ်ချင်တဲ့ နေရာ အများ နည်းတူ ဝင်လျှောက်၊ စာမေးပွဲ ဝင်ဖြေ၊ အရွေး ခံရရင် လုပ်၊ ဒီလို ထုံးစံ အတိုင်း လုပ်နေကြတဲ့ အများထဲမှာမှ ငါက ငါ့သမီး အတွက် ငါ့နာမည် တစ်လုံး အသုံးချပြီး အလုပ်တောင်းလို့ ဖြစ်ပါ့မလား၊ အခွင်အရေး ယူတတ်လို့ ငါ ဒီလို နေရတာ မဟုတ်ဘူး၊ တိုင်းပြည် အတွက် လူမျိုး အတွက် အနစ်နာခံ ကိုယ်ကျိုးစွန့် ခဲ့လို့ နာမည် တစ်လုံး အဖတ်တင် ခဲ့တာ” 


သားအမိ နှစ်ယောက်လုံး မျက်နှာထားကို မသိမသာ ရှုံ့မဲ့လိုက် ကြသည်။ ဒေါ်သင်းကြည်က မမြင်သာအောင် ရှုံ့မဲ့ လိုက်ခြင်းသာ ဖြစ်ပြီး ရီရီမာက အဖေကို နွဲ့ဆိုး ဆိုးသည့် အသွင်ဖြင့် ရှုံ့မဲ့ ပြလိုက်ခြင်း ဖြစ်၏။ 


“အဲဒီလို တစ်သက်လုံး နေလာ ခဲ့တာမို့ သမီး အတွက် ဒီတစ်ခါလေးပဲ ပြောပေးပါလို့ ပြောတာပါ ဖေဖေရဲ့၊ ကိုယ်က သူများ တကာလို အခွင့်အရေးတွေ ခဏ ခဏ တောင်းဆို နေတာမှ မဟုတ်ဘဲ” 


သမီး ရီရီမာ ခပ်ချွဲချွဲ ပြောသည်။ 


အခွင့်အရေး တဲ့။ ဦးသောင်းငွေ တိုးတိုး ရေရွတ် လိုက်မိသည်။ 


သမီး တို့က သည်အရွယ်နှင့် အခွင့်အရေး ဆိုသည့် စကားကို သုံးတတ် နေပါကလား။ သူတို့တုန်း ကလည်း လှိုင်လှိုင် သုံးခဲ့ဖူး၏။ သို့သော် သူတို့က စက်ဆုပ် ရွံရှာဖွယ်၊ မုန်းတီးဖွယ် အဖြစ် ဝေဖန် ရှုတ်ချ သုံးခဲ့ခြင်း ဖြစ်သည်။ အခွင့်အရေး သမားတွေကို သူတို့၏ ယုံကြည်ချက် တည်းဟူသော လက်နက်ဖြင့် လှလှပပ ချေမှုန်းနိုင် ခဲ့သည်။ ယခုမူ သမီးက အခွင့်အရေး ယူသည်ကို စက်ဆုပ် ရွံရှာဖွယ် ဟူ၍ ခါးခါးသီးသီး မမြင်တော့။ တစ်ခါတစ်ရံ ဟူသော အကြောင်းပြချက် ကလေးဖြင့် ချိုချိုသာသာလေး သုံးနေသည်။ 


အေးလေ။ တစ်ခါတစ်ရံ ဆိုတာကတော့ လူတိုင်းမှာ ရှိတတ်တာပဲ။ သို့သော် သူ ပြောခဲ့ သလိုပင် တစ်ခါတစ်ရံလေး ဆိုတာလည်း မရှိရင် အကောင်းဆုံး မဟုတ်ပါလား။ သူ တစ်သက်လုံး မြတ်နိုး တွယ်တာစွာ ထားရှိခဲ့သော သိက္ခာကို တစ်ခါတစ်ရံ ဟူသော ဖြေသိမ့်မှု ကလေးဖြင့် ချေဖျက် ပစ်၍ကော ဖြစ်ပါ မည်လား။ 


“ဖြည်းဖြည်းပေါ့ သမီး ရယ်၊ အချိန်တန် တော့လဲ ဖြစ်ရမှာပေါ့” 


အပျော့ပျောင်းဆုံး လေသံဖြင့် သမီးကို ပြောလိုက်ရ လေသည်။ အသက်က ကြီးလာတော့ ဘာမဆို ဖြစ်ချိန်တန်မှ ဖြစ်ပြီး ပျက်ချိန်တန် လျှင်လည်း ပျက်ရတတ်သည် ဆိုသည့် သဘောကို သိ၍ လာ၏။ သို့သော် သမီးတို့ လိုပင် သူတို့ ငယ်စဉ်ကလည်း အရာရာကို စိတ်အား ထက်သန်မှုဖြင့် ဖြစ်လိုစိတ် ပြင်းပြခဲ့တာ၊ ဆန္ဒစော ခဲ့တာတွေ ရှိခဲ့သည်ပင်။ ရီရီမာ့ အသက်သည် ငယ်သေး၏။ ဆယ့်ခုနစ်နှစ် ဆိုတာ အများကြီး ငယ်သေးတာပဲ။ သို့သော် အလုပ် လုပ်ချင်သည်၊ အလုပ် လုပ်ချင်သည်ဟု တဖွဖွ ပူဆာ နေလေပြီ။ ဤသို့ ပူဆာ တတ်ခြင်း သည်ပင် သမီး၏ တက်ကြွ နိုးကြားသော စိတ်ဓာတ်ပင် မဟုတ် ပါလား။ သူတို့တုန်း ကလည်း သည်လိုပင် ရုန်းကန် ခဲ့ရ၏။ ချို့တဲ့ မွဲတေ နေသော ဘဝမှာပင် လူးလွန့် လှုပ်ရှားကာ ကိုယ့်ဘဝကို ထူထောင် ခဲ့ရ၏။ ထိုနောက် နိုင်ငံ အတွက် ထူထောင် ခဲ့ရ၏။ 


“နှစ်စ ဆိုတော့ စာလဲ နည်းသေးတယ် ဖေဖေ၊ အလုပ်ဆိုတာ ဝင်ဝင်ချင်းလဲ ခွင့်ယူလို့ ကောင်းတာ မဟုတ်ဘူး မဟုတ်လား၊ စာမေးပွဲ ဖြေခါနီးရင် ခွင့်တွေ ဘာတွေ ယူရမယ်၊ ဒါကြောင့် ဒီအသုတ်ထဲမှာ ပါအောင် ပြောပေးပါ ဖေဖေရယ်၊ ရေးဖြေ အောင်ပြီးသားမို့ လက်လွှတ်ရမှာ နှမြောလို့ပါ၊ ရေးဖြေမှာ ဘယ်လောက်ပဲ အမှတ် ကောင်းကောင်း၊ အင်တာဗျူးမှာ ရချင်မှ ရမယ်လို့ သူငယ်ချင်း တွေက ပြောနေ ကြတာ၊ အရင် တစ်ခါလဲ ဒီလိုနဲ့ပဲ ကျန်ခဲ့ ပြီးပြီ” 


သမီးငယ်ရဲ့ အတွေးအခေါ် တွေကို ဘယ်လိုလုပ်ပြီး ပြောင်းလဲ ပစ်ရ ပါမလဲ။ မိမိကပဲ ခေတ် နောက်ကျလွန်း နေပြီလားတော့ မသိ။ မိမိတို့၏ တစ်သက်လုံးက အရိုး စွဲခဲ့သော လုပ်နည်း လုပ်ဟန် များသည် တစ်ခါတစ်ရံ အသုံး မဝင်ချင်တော့တာ အမှန်ပင်။ သို့သော် အသုံးမဝင် တိုင်းလည်း မိမိ အယူအဆကို စွန့်ပစ်၍ မဖြစ်။ အယူအဆသည် အယူအဆပဲ ဖြစ်၏။ ရေကို အခြား အရာဝတၳုများနှင့် ရောနှော သောက်သုံး၍ ရသော်လည်း မူလ အရင်းခံ ကတော့ ရေပဲ ဖြစ်ရမည်။


“လိုက်နိုင်မှ၊ ပြောနိုင်မှ ရမယ် ဆိုတာတော့ မကောင်းပါဘူး၊ သမီး ရာ၊ အလုပ်ထဲ ကျတော့လဲ အကော် အကပ်နဲ့ ရလာတယ် ဆိုပြီ သူများ တကာက အတင်း ပြောတာ ခံရဦမယ်၊ ကိုယ့်ဘာသာ ကြိုးစားပြီး ရတာပဲ ကောင်းပါတယ်” 


သမီး၏ နုနယ်လှ သေးသော အတွေ့အကြုံ ထဲမှာ မည်သည့်နေရာ မဆို ပင်ကို အရည်အချင်းက အဓိက ဆိုသည်ကို မေ့ပျောက် ထားခဲ့မှာ စိုးမိသည်။ ဘာ အရည်အချင်းမှ ရှိဖို့ မလိုဘူးဟု ထင်မှတ် သွားလျှင် ကိုယ်ကျိုး မနည်းပါလား။ 


“အို ဖေဖေ ကလဲ အရည်အချင်း တူတဲ့ သူတွေက များနေတော့ကော ဘယ့်နှယ် လုပ်မလဲ၊ ဖေဖေ့လိုပဲ အရည်အချင်း ရှိတဲ့သူတွေ အများကြီး၊ သူများတကာ တွေက နေရာ ကောင်းကောင်း ရပြီး၊ ဖေဖေက ဒီလောက်ပဲ ရှိနေတာ ဖေဖေ အရည်အချင်း မရှိလို့လား  ကဲ ပြောပါဦး၊ ဖေဖေကတော့ ရောင့်ရဲနိုင် မှာပေါ့၊ လူကြီးကိုးလို့၊ သမီးက အလုပ်မှ မလုပ်ဖူး သေးတာ၊ လုပ်ချင်တာပေါ့လို့” 


သမီး ပြောပုံကိုတော့ သဘောတော့ အကျမိသား။ သို့သော် အသက်ကြီး၍ ရောင့်ရဲနိုင်သည် ဆိုသည့် စကားကိုတော့ သိပ် ဘဝင်မကျမိပေ။ ဖေဖေတို့ ငယ်ငယ်တုန်းက သည်ထက်မက ရောင့်ရဲခဲ့၊ အနစ်နာခံ ခဲ့ကြ ရသည်ကို အလျဉ်းသင့်လျှင် ပြောချင်သေးသည်။ ပြောဖူးပေါင်းလည်း များခဲ့ပြီ။ ပြောဖန် များတော့လည်း နား မဝင် တော့ဘူး ထင်ပါရဲ့ “ဖေဖေတို့တုန်းက ...” ဟု စကားစ လိုက်သည်နှင့် သားအမိ တစ်တွေ တစ်ဘက်သို့ မျက်နှာလွှဲ သွားတတ် သည်ကို မသိ မဟုတ်၊ သိသည်ပင်။ မရိုးနိုင်သော ဓာတ်ပြား ဟောင်းကြီးကို ဖွင့်နေရသည့် အတွက် ကွယ်ရာမှာ ဟားစရာ ဖြစ်နေ ပေမည်။ သို့သော် ထိုဓာတ်ပြား ဟောင်းကြီးတွေ ထဲမှာပင် နိုင်ငံနှင့် လူမျိုး အတွက် လှုပ်ရှား ရုန်းကန် ခဲ့ရသော သမိုင်းဝင် ဖြစ်ရပ်တွေ ပါဝင် နေသည်ကို မည်သူ ငြင်းနိုင်မည်လဲ။ 


“ကိုယ် တစ်ချိန်က ဘာတွေ လုပ်ခဲ့တယ် ဆိုတာကို သိတဲ့ သူတွေက သိနေ ကြပြီပဲ၊ ဒီအလုပ် ကိုတောင် ပေးတဲ့သူက ခေါ်ပေးလို့ ဖေဖေ ယူခဲ့တာ၊ ဒါ ကိုယ့် သိက္ခာပဲ သမီး ရဲ့၊ လူသာ သေရင် သေရမယ်၊ မူ မသေရဘူးတဲ့” 


သည် တစ်ခါတော့ ဒေါ်သင်းကြည် သိသိသာသာ မျက်နှာ မဲ့သွား၏။ ဘာမျှ ဝင်မပြောရဲ၍ ဝင်မပြော သော်လည်း အတော်ကို စိတ် မသက်မသာ ဖြစ်သွားသည့် ပုံကတော့ ပေါ်နေသည်။ 


“အစ်ကိုကြီး အတွက် ကတော့ ဟုတ်တာပေါ့” 


တစ်ခွန်းတော့ ပြောလိုက်မိသည်။ 

 

“အေးလေ၊ ငါ့သမီးက ခုမှ အစ ရှိသေးတာ၊ သမီး အတွက် လိုအပ်တယ် ထင်ရင် လုပ်ပေး ရမှာပေါ့” 


ရီရီမာ ရွှင်လန်း သွားသည်။ ဖေဖေ့ဆီက သည်မျှလောက်သော လိုက်လျောမှုကို ရပြီဆိုလျှင် တော်လောက်ပါပြီ။ သည်ကိစ္စမှာ ဖေဖေ နည်းနည်း ပါးပါးတော့ ကူမှ ဖြစ်တော့မည်ကို ရီရီမာ သိနေလေသည်။ 


* * *


မိန်းမမို့ အမြင် သေးနုပ်သည်ပဲ ဆိုချင်ဆို၊ အရာရာမှာ သူ့လိုတော့ သမားရိုးကျကြီး လုပ်မနေ နိုင်တာ အမှန်ပင်။ ဒေါ်သင်းကြည်လည်း နိုင်ငံရေးသမား တစ်ယောက်၏ မိန်းမ ပီသစွာ ခိုင်ခိုင်မာမာ ရပ်တည် ခဲ့ဖူးပါ၏။ သူတကာလို မဝတ်ရ မစားရသည် ထားဦးတော့။ အေးချမ်း ငြိမ်သက်ခြင်း မရှိ။ နေ့မြင် ညပျောက် စိုးရိမ် ကြောင့်ကြခြင်း များစွာဖြင့် နေခဲ့ရသည့် ကာလတွေကို ကျော်ဖြတ် ခဲ့ဖူးပြီပဲ။ မိဘ ပေးစားသည့် သူကို မယူဘဲ သူ့ကို အထင်ကြီး ကိုးစားကာ ယူခဲ့ရစဉ် ကတည်းက ငွေလေး နှစ်ဆယ်နှင့် မိန်းမ ခိုးပြေးသော သူ့ကို အပြစ် မတင်နိုင်ခဲ့။ မိန်းမ တစ်ယောက် အနေဖြင့် ရင့်ကျက် နိုင်သမျှ အတိုင်းအတာ ထိတော့ ရင့်ကျက်နိုင်သေး သည်ပင်။ 


သူ အခွင့်အရေး မယူတတ်သည့် အတွက် ခေတ် အဆက်ဆက် ရာထူးကြီးကြီး မရခဲ့တာ။ သို့သော် အများ တကာက ခင်မင် လေးစားတာ၊ သူတို့ အချင်းချင်း ဝိုင်းဖွဲ့သည့် ပွဲတွေမှာ သူ့ အပေါ် အရိုအသေ ပေးကြတာ တွေကို သိမြင် နားလည်ခဲ့ သော်လည်း ယခု အချိန်မှာ ရေရှည် ရပ်တည်ရသည့် ကိစ္စက ထင်သလောက် မလွယ်တာ ကိုတော့ မိန်းမကသာ သိနိုင်သည် ဟုတ်ပါလား။ 

 

သူက အိမ်ဦးခန်းမှာ ထိုင်ကာ ရှေးဟောင်း နှောင်းဖြစ်တွေကို ဂုဏ်ယူ ဝင့်ကြွားစွာ ပြောနေဆဲ မိန်းမက လက်ဖက်သုပ်ဖို့ ဆီလေး တစ်ဆယ်သားကို အပြေးအလွှား ဝယ်ပြီး နောက်ဖေးပေါက်က လျှိုဝင် ရတာတွေကို သူမှ မသိဘဲ။ ရေနွေးကြမ်းမှာ လက်ဖက်ခြောက် အရောင် ဖျော့တော့ လာတတ်တာ ကိုလည်း သူ သတိထားမိချင်မှ သတိထားမိမည်။ 


ပြောမိ ပြန်လျှင်လည်း မိန်းမမို့ အမြင် သေးနုပ်သည် ဆိုကာ လူရှေ့ သူရှေ့မှာ ပေမင့် မညှာမတာ ဝေဖန်ချင် ဝေဖန် တတ်၏။ ယခုတလော ပို၍ပင် စိတ်တိုတတ် သေးသည်။ သွေးတိုးက မထင်မှတ်ဘဲ တက်တက်လာ တတ်သည်မို့ သူ့ ဝေဒနာနှင့် သူ့ကို မလောင်မြိုက် စေချင်၍ အလျှော့ပေး လိုက်ရမြဲ ဖြစ်၏။ အိမ်တစ်အိမ်မှာ လင်နှင့်မယား တကျက်ကျက် ဖြစ်တတ်လာပြီ ဆိုလျှင် ဘာကြောင့်လဲ ဆိုတာ သူ သိပေမည်။ 


အခွင့်အရေး မယူတတ်တာကို ဂုဏ်ယူဖွယ်ရာ အဖြစ် သူ အမွှမ်းတင်၍ ကောင်းဆဲ။ သူနှင့်အတူ လုပ်ဖော် ကိုင်ဖက်တွေ အသီးသီး အသက သူ့နေရာနှင့်သူ ဖြစ်သွားကြ ကုန်၏။ သူက ချောင် တစ်ချောင်မှာ ခပ်ဝပ်ဝပ် နေခဲ့စဉ် အပေါင်းအသင်း တစ်ယောက်က သိမြင်သဖြင့် “ဟိုကောင်ကြီး တစ်ယောက်တော့ ကလေး သုံးယောက်နဲ့ ဒုက္ခရောက် နေရှာတယ်” ဟု ပြောပေး သောကြောင့် ယခု ဌာနမှာ အလုပ် တစ်နေရာ ရလိုက်ခြင်း ဖြစ်လေသည်။ သူ ပြောသလို တစ်ချိန်က ကိုယ် ဘာလုပ်ခဲ့တယ် ဆိုတာကို သိ၍ ခေါ်ခြင်း မှန်သော်လည်း သိခြင်းကိုပင် မှတ်မိအောင် ထုတ်ဖော်ပေးဖို့ လိုသည် မဟုတ်လား။ 


ဘာပဲဖြစ်ဖြစ် အလုပ်အကိုင်လေးနှင့် နေစရာလေးနှင့် ဖြစ်လာသည် ကိုတော့ ကျေးဇူးတင်ရ ပေမည်။ သို့သော် ဝင်ငွေ တိုးလာသည်နှင့် အမျှ ကုန်ကျစရိတ် ကပါ တိုးလာတော့ သူ့ အစွမ်းအစ ဆိုသည် ကလည်း လိုက်မမီတော့။ နောက်ထပ်လည်း မည်သူကမျှ ပြောမပေးတော့။ လက်ရှိ အခြေအနေက လျှောကျ မသွားသည် ကိုပင် ဝမ်းသာရသည်။ မလောက်ငသည် ကိုတော့ ကိုယ့်ဘာသာ ဖြည့်စွမ်းဖို့ပင် ကြိုးပမ်း ရ၏။ သူ၏ အဆုံးအမ ဩဝါဒတွေ ကလည်း လွှမ်းမိုးခဲ့ လေတော့ အချို့သော မိန်းမတွေလို ကုန်သည် ပွဲစားလည်း မလုပ်တတ်။ ကုန်ဝယ်စာအုပ် အပေါင်ခံသည့် အလုပ်မျိုး၊ ငွေတိုးချေး စားသည့် အလုပ်မျိုး ကိုလည်း မလုပ်ဝံ့။ ဒေါ်သင်းကြည် လုပ်တတ်တာ၊ တတ်နိုင်တာက ခြိုးခြံ ချေွတာဖို့သာ ဖြစ်တော့သည်။ ချေွတာဖန် များတော့လည် သားသမီး တွေက စိတ်ညစ်သည်။ 


ထမင်းဘူး တွေထဲမှာ ဟင်းကို ဆီပြန် ခြောက်ခြောက်လေး ထည့်ပေးချင် သော်လည် အသား နည်းနည်းနှင့် ဟင်းရွက် ရောသော အကြော်လေး ကိုသာ ကြည့်ကောင်းအောင် များများစားစား ထည့်ပေးလိုက် နိုင်၏။ စိုးပိုင်က ယောက်ျားလေး ဆိုတော့ ဟင်းစား ကြီးသည်။ သားငါးလည်း ကြိုက်သည်။ စိုးပိုင် ထမင်းဘူးထဲမှာ အသားဖတ် ပိုထည့် ပေးသည်ကို ရီရီမာက ဘာမျှ မပြောသော်လည်း အလတ်မ နီနီမာက နှုတ်ခမ်း စူချင်သည်။ ဒေါ်သင်းကြည်က ယောကျ်ားသားကို ဦးစားပေးသည့် အကျင့်က ပါနေမြဲမို့ “သူက ယောကျ်ားလေးပဲ” ဟု အကြောင်း ပြ၏။ 


သမီး ရီရီမာက အမြဲတမ်း အနစ်နာ ခံသည်။ 


ရီရီမာ အလုပ် လုပ်ချင်လှ ချည်ရဲ့ဟု ပူဆာ နေရခြင်းမှာ သူ့ အဖေ တွေးထင်သလို တက်ကြွ နိုးကြားသော လူငယ်စိတ်ကြောင့် ချည်းသာ မဟုတ် ဆိုသည်ကို အမေ လုပ်သူက သိနေလေသည်။ သမီးက သူ့အဖေ စိတ် အနှောင့်အယှက် မဖြစ်ရလေအောင် သွယ်ဝိုက်ပြီး ပြောနေလေသည်။ ဒေါ်သင်းကြည် ကတော့ ပွင့်ပွင့်လင်းလင်းသာ ပြောပစ် လိုက်ချင် တော့သည်။

 

အကြီးဆုံး သမီး ရီရီမာ အောက်မှာ နီနီမာရယ်၊ စိုးပိုင်ရယ် ရှိသည်။ သုံးယောက် ကျောင်းစရိတ် ဆိုတာ လွယ်သမှတ်လို့။ သူ့ လခ၊ ငါးရာခန့်နှင့် ဣနြေ္ဒ မပျက်အောင် နေနေရ သည့်တိုင် တစ်စတစ်စ ပျက်ယွင်းလာသော အခြေအနေကို အဝေးကပင် မြင်နိုင်လေသည်။ 


သမီး ရီရီမာ ဘာကြောင့် အောက်တန်း စာရေး အလုပ်ကလေးကို အငမ်းမရ လုပ်ချင်နေသလဲ ဆိုတာ တွေးကြည့်လျှင် သိနိုင်၏။ တစ်ခါတစ်ရံ တော့လည်း မသိချင်ယောင်များ ဆောင်နေသလား ဟုပင် သံသယ ဝင်မိ လေသည်။ သည်လိုတော့လည်း မဖြစ်နိုင်။ ယုတ်စွာ့အဆုံး မိမိ နေနေရသည့် အိမ်လေးကို ပြန်လည် သုံးသပ် ကြည့်ခြင်းဖြင့်ပင် သိနိုင်၏။ သို့သော် မကြည့်ဘူး ဆိုသည့်တိုင် နေ့စဉ် မတွေ့မြင်ချင်၍ မရ။ တွေ့နေ မြင်နေ ရသည်ပင်။ ကံအားလျော်စွာ ရရှိထားသော တိုက်ခန်းကျဉ်းလေး ထဲမှာ အိမ်ထောင် ပရိဘောဂ များလည်း ဟောင်းနွမ်း ဆွေးမြည့်၍ နေပြီ။ 


သူ ကြိုက်တတ်သော အမဲသားနှင့် ဆိတ်ကလီစာကို တစ်ပတ် တစ်ခါပင် အလှည့် မပေးတော့ သူက ဟန်ဆောင်၍ “အသက် ကြီးလာတော့ အသား တွေလဲ တယ် မစားချင်တော့ ပါဘူး၊ ဟင်းသီး ဟင်းရွက် များများ စားမှ အစာ ကြေတယ်” ဟု ပြောသော်လည်း နေမြင့်ချိန်မှာ ဈေးသွား၍ ပေါပေါလောလော ရလာသော အသားတွေကို အဆီ အကြောတွေ သန့်စင်ကာ ချက်ပေးလျှင် သူကောင်းကောင်း ခံတွင်းတွေ့ တတ်သည်ပင်။ 

ထိုကြောင့်လည်း သမီး ဘာကြောင့် အလုပ် လုပ်ချင်သည် ဆိုသည် သူ မသိဘဲ နေမည် မဟုတ်ဟု ဒေါ်သင်းကြည် တွေးနေမိ လေသည်။


* * *


အပေါ်ယံအားဖြင့် ကြည့်လျှင်တော့၊ ရီရီမာတို့လို မိန်းမငယ်လေး များသည် လတ်လျား လတ်လျားနှင့် ထောင့်မကျိုး သူများဟု ထင်စရာ ရှိလေသည်။ ရီရီမာတို့ ကလည်း ရဲရဲတင်းတင်း သွားလာတတ်သည်။ ပွင့်ပွင့်လင်းလင်း ပြောတတ် ဆိုတတ်သည်။ သွက်သွက်လက်လက် လှုပ်ရှား တတ်သည်။ ဤသည်မှာ ဖေဖေတို့ စွပ်စွဲသလို ခေတ်ကာလကြောင့် ချည်းသာ မဟုတ်။ သူတို့ ကျင်လည်ရာ ဝန်းကျင်ဘဝကို ကလည်း လျင်မြန်စွာ လှုပ်ရှားတတ်မှ နေရာ ရတတ်သည်။ 

ရီရီမာ မနှစ်က စာမေးပွဲကျ၏။ 


ကျသည် ကိုလည် အဆိုး မဆိုသာ။ ရီရီမာ စာကြိုးစား ပါသည်။ သူ့ကို သူလည်း အောင်မည်ဟု ထင်ထားသည်။ သို့သော် စာမေးပွဲ ဖြေကာနီးမှာမှ အကြောင်းက ပေါ်လာသည်။ ရုံးတစ်ရုံးက စာရေးအလုပ် ခေါ်သည်နှင့် ကြုံကြိုက်သဖြင့် စာမေးပွဲ ဝင်ဖြေ၏။ ဆယ်တန်း အောင်ပြီးသည်နှင့် အလုပ်တန်း ရလျှင် စာပေးစာယူကို အဆင်သင့် တက်နိုင်ဖို့ပင်။ 


သို့သော် ရီရီမာ မျှော်လင့်သလို တစ်ခုမျှ ဖြစ်မလာခဲ့။ အလုပ် ရချင် ဇောကြောင့် ဟိုသွား သည်သွားနှင့် ကျောင်းစာဘက်တွင် ပေါ့လျော့သွားကာ စာမေးပွဲလည်း မအောင်ခဲ့။ အလုပ်ကလည်း သေချာ သလိုလိုနှင့် တကယ်တမ်း ကျတော့ မရ။ ရီရီမာမှာ စိတ်ဓာတ် အကြီးအကျယ် ကျခဲ့ရှာ၏။ ယခု နောက်အလုပ် တစ်ခုကို ဝင်ဖြေထား ပြန်သည်။ ဆယ်တန်း ကိုတော့ ကျူရှင်ယူပြီး ပြန်ဖြေတော့မည်။ ထို့ကြောင့် ရီရီမာ အလုပ် ရရေးသည် သေရေး ရှင်ရေး ဖြစ်နေရ လေသည်။


ခက်သည်က ဖေဖေ။ 


ဖေဖေ့ကို ခေတ် နောက်ကျသည့် အဘိုးကြီးဟု မဆိုရက် သော်လည်း အချို့သော နေရာတွေမှာ ဖေဖေတို့တုန်းကနှင့် မတူတာ ကိုတော့ ရီရီမာ ပြောချင်သည်။ ဖေဖေတို့ ငယ်စဉ်က အခွင့်အရေး မယူတတ် ခြင်းသည် ဂုဏ်အင်္ဂါ တစ်ရပ် ဖြစ်၏။ သမီး ကလည်း ရှေးဟောင်း နှောင်းဖြစ် များကို နားထောင်ရင်း ဖေဖေတို့၏ အယူအဆ များကို အရိုးစွဲ ခဲ့သည်မို့ နားလည် သင့်သလောက် နားလည် ပြီးသားပင်။ သို့သော် သမီးတို့ အတွက် အခွင့်အရေး ယူရခြင်းမှာ ကြီးပွား ချမ်းသာဖို့ချည်း မဟုတ်တော့။ အလုပ်လုပ်ရန်၊ အဖေတို့ ပြောသလို တိုင်းပြည်အတွက် အလုပ် လုပ်ရန်၊ ပထမဆုံး မိမိ၏ စားဝတ်နေရေး အတွက် အလုပ် လုပ်ရန် နေရာလေး တစ်နေရာ ရဖို့ အတွက်သာ ဖြစ်ပါ၏။ သည်မျှလောက် ကိုတော့ ဖေဖေ သဘောပေါက် စေချင်သည်။ 


ဘာမျှ မလုပ်၊ ဘာမျှ မပြောလျှင် ဘာမျှ မဖြစ်တော့သည့် အခြေအနေ။ 


ဖေဖေတို့ အပေါင်းအသင်း ရောင်းရင်းများ၊ ယနေ့ထက်ထိ အယူအဆချင်း ကိုက်ညီသေးသည် ဆိုသည့် သူများမှာ တစ်နေရာတည်း စုစည်း၍ စကားစမြည် ပြောနေလျှင် နားထောင်၍ ကောင်းလှသော်လည်း လူအများ ကြားမှာ တစ်ယောက်ချင်း ပြောနေပြီ ဆိုလျှင်တော့ ဘေးထိုင် ဘုပြော နေသည့် လူတန်းစားတွင် ပါသွား တတ်သည်ကို ဖေဖေတို့ မသိပေ။ အများ တကာက မသိမသာ နှာခေါင်းရှုံ့ နေလည်း ဖေဖေက မြင်တာမှ မဟုတ်ဘဲ အနည်းဆုံး မေမေက တောင်မှ ကွယ်ရာမှာ မေးထိုးပြီး မဲ့တတ် နေပြီလေ။ 


ဖေဖေ့ အကူအညီလေး နည်းနည်း ရပြီ ဆိုလျှင်ပင် ရီရီမာ ကျေနပ်၏။ 


ဖေဖေက ဘာမျှ ရှည်ရှည်ဝေးဝေး ပြောစရာ မလို။ တယ်လီဖုန်း လေးနှင့် သမီး အကြောင်း တစ်ခွန်းလောက် ပြောလိုက်ရုံသာပင်။ သည်ထက် ပို၍ ရှည်ရှည်ဝေးဝေး ပြောနေလျှင်လည်း ဖေဖေက သူ့ အယူအဆနှင့် ချိန်ထိုးကာ တစ်ဘက်သားကို အခွင့်အရေး တောင်းရမှာ ဝန်လေး နေပေမည်။ လူ ဆိုသည်မှာ တစ်ချိန်က မည်သည့် အဆင့်မှာပဲ ရှိခဲ့ ရှိခဲ့၊ ရာထူး ရာခံနှင့် ဖြစ်နေချိန်ဝယ် တစ်ယောက်ယောက်က ကိုယ်လိုချင်ရာကို လေးလေးစားစား လာတောင်းမှသာ ကြိုက်ကြပေမည်။ လောလောဆယ် သူ့ကို ရိုသေလေးစား ရသည့် သူတွေ ရှိနေပြီ မဟုတ်ပါလား။ ဖေဖေ ကတော့ သူ့ ယုံကြည်ချက်နှင့် ယှဉ်ကာ လေးစားလောက်သူ မဟုတ်ဟု ယူဆလျှင် မည်သူ့ကိုမျှ အောက်ကျ နောက်ကျ ခံတော့မည် မဟုတ်ပေ။ ထို့ကြောင့် ဖေဖေ့ကို နေရာတကာလည်း မလွှတ်ရဲပေ။ ဖေဖေက ပြောကတည်း ကိုက “ဒီကောင်လား၊ ငါ သိပါတယ်၊ အရင်တုန်းက အလိုတော်ရိပဲ၊ လုပ်တာက နည်းပြီး များများရအောင် လုပ်တတ်တဲ့သူ” ဟု ပြောတတ်သေးသည်။ 


ရီရီမာသည် အတွေ့အကြုံ တွေကို အကြောင်းမဲ့ ရရှိ နားလည် ခဲ့ခြင်းတော့ မဟုတ်။ အလုပ်တစ်ခု အတွက် ရုံးတကာကို ဝင်ထွက် သွားလာပြီး လူပေါင်း များစွာနှင့် တွေ့ခဲ့ဖူးပြီ ဖြစ်သောကြောင့်ပင်။ 


ယခု ဖေဖေက ပထမဆုံး အကြိမ် ပျော့ပျောင်း လာသဖြင့် အဆင်ပြေ လိမ့်မည်ဟု မျှော်လင့်ရသည်။ 


* * *


ရုံးတကာ၏ အဝင်ပေါက်များကို ခပ်တည်တည်ဖြင့် ဝင်ရောက် တတ်သည့် အကျင့်က ရခဲ့ပြီမို့ ယခုလည်း သူ သွားချင်သည့် နေရာ၊ တွေ့ချင်သည်သူ ထံသို့ ရီရီမာ ရဲရဲဝံ့ဝံ့ပင် ဝင်ခဲ့သည်။ သည်အလုပ် အတွက် မည်သူသည် အဓိက ဆိုသည်ကိုလည်း ရီရီမာ စုံစမ်း သိရှိခဲ့ပြီ။ ဖေဖေ့ အကူအညီ ကိုလည်း ရခဲ့ပြီ။ 


“ဖေဖေ တခြား ဘာမှ မပြောနဲ့နော်၊ ကျွန်တော့်သမီး အဲဒီရုံးမှာ အလုပ်လျှောက် ထားတယ်လို့ပဲ ပြော” 


သမီးက အဖေကို ပြန်သင်ပေး ခဲ့ရသေးသည်။ 

 

အလုပ်များသူ လူကြီးတစ်ဦး ဆိုတော့ အခန်းထဲသို့ တိုက်ရိုက်ဝင်၍ မရ။ အပြင်က ခုံတန်းလျားမှာ ထိုင်စောင့် နေရ၏။ ရီရီမာ ရှေ့မှာ သုံးယောက်လောက် စောင့်နေ ကြသေးသည်။ ဖေဖေသာ သိလျှင်တော့ “အမယ်၊ ခုမှ ဒီကောင်က ကြီးကျယ် နေလိုက်တာ” ဟု အချိန်အခါနှင့် မလျော်သော စကားကို ပြောပေ လိမ့်ဦးမည်။ ထို့ကြောင့် သည်နေ့ ဖေဖေ မသိအောင်ပင် အိမ်က ထွက်ခဲ့ရ၏။ မေမေကလည်း ဖေဖေ မသိစေချင်ပေ။ 


အခန်းထဲမှ လူကြီး တစ်ယောက် ထွက်လာသည်။ လူပုံက သားသားနားနား မွန်မွန်ရည်ရည်ပင်။ မျက်နှာထား ချိုပြီး ထွက်လာပုံကို ထောက်၍ လိုချင်တာကို ရယူ အောင်မြင်ခဲ့ပြီ ဆိုတာ သိနိုင်လောက်သည်။ 


ရုံးအကူ စာရေးက နောက်တစ်ယောက်ကို အခန်းတွင်း ဝင်ရန် အချက်ပြ လိုက်သည်။ မိန်းမ ဝဝကြီး တစ်ယောက် အိပဲ့ အိပဲ့ဖြင့် ဝင်သွားသည်။ သားရေ အိတ်ကြီးက ခါးပေါ်မှာ မေးတင်နေသည်။ တော်တော် ကြာဦးမည့် ပုံပဲ။ တစ်ယောက်ပြီး တစ်ယောက် လက်ခံ တွေ့ဆုံ နေရရှာသည့် အခန်းထဲမှ လူကြီးကိုလည်း သနားမိလေသည်။ ဖေဖေ့လိုသာဖြင့် ဒီလိုသာ တစ်ယောက်ပြီး တစ်ယောက် လာအပူကပ် နေလျှင် အော်ထုတ်မည်မှာ သေချာသည်။ ဒါကြောင့်လည်း ဖေဖေ ဒီနေရာမျိုးမှာ ရှိမနေတာပေပဲ။ 


နာရီဝက်ခန့် ကြာသွားသည်။ ဘာတွေများ ပြောနေသည် မသိ။ မိန်းမကြီးသည် အရေးပါပုံတော့ ရသည်။ ရုံးစာရေးလေး ထွက်လာကာ လက်ဖက်ရည်များ ယူသွားသည်ကို တွေ့ရ၏။ လက်ဖက်ရည် သောက်ပြီး စကားပြောသည် ဆိုတော့ ကြာပေမပေါ့။ ထိုစဉ် ကောင်မလေး တစ်ယောက် ရောက်လာသည်။ ရီရီမာတို့နှင့် မတိမ်းမယိမ်း။ သို့သော် ဝတ်စားဆင်ယင် ထားပုံကတော့ အပျံစား။ မျက်နှာမှာလည်း အလိမ်းအခြယ် တွေနှင့်။ ထိုမိန်းကလေးသည် ရီရီမာ ဘေးမှာ ဝင်ထိုင်၏။ 

 

“အန်ကယ် ရှိရဲ့လား မသိဘူး” 


မိန်းကလေးက ရီရီမာကို နှုတ်ခွန်းဆက် အလ္လာပ သလ္လာပ ပြောသည့် အနေဖြင့် လှည့်၍ မေးသည်။ 


“ရှိပါတယ်” 


ရီရီမာက အလိုက်သင့် ပြန်ပြောလိုက် ရသည်။ 


“အန်ကယ်က သိပ်အလုပ် များတာပဲ၊ အရင်တစ်ခါ လာတာလဲ မတွေ့ရဘူး” 


မိန်းကလေးက ဆက်လက် ညည်းညူ၏။ ညည်းညူသည် ဆိုသော်လည်း အခန်းထဲမှ ပုဂ္ဂိုလ်ကြီးနှင့် သူနှင့် ရင်းနှီးကြောင်းကို ပေါ်လွင် စေခြင်းဖြင့် ကျေနပ်လျက် ရှိသည်။ 


“မိန်းမကြီး တစ်ယောက် ဝင်သွားတာပဲ၊ တော်တော် ကြာပြီ” 


မိန်းကလေး လူရွယ်ချင်းမို့ ရီရီမာ စကားပြောဖော် ရလာသည်။ သည်နေရာမှာ လာရောက် တွေ့ဆုံသည် ဆိုတော့ သူ့လိုပဲ ဘဝတူများ ဖြစ်နေလေ မလား။ သို့သော် ထိုမိန်းကလေး ကတော့ ရီရီမာထက် အတွေ့အကြုံရော၊ ပေါင်းသင်း ဆက်ဆံရေးပါ များစွာ သာလွန် နေသည်ကို ရီရီမာ ကောင်းစွာ ရိပ်မိလေသည်။ 


“အန်ကယ်တို့ အပူကပ်တဲ့ သူတွေကလည်း များသားကလား၊ ခုလဲ သူ့ပဲ အပူကပ်ဖို့ လာရတာ” 


မိန်းကလေးက ဂုဏ်ယူစွာ ပြော၏။ ဟုတ်ပါပြီ။ သူလည်၊ ရီရီမာ လိုပင် အလုပ်လျှောက် ထားသူများ ထဲမှ တစ်ယောက် ဖြစ်ရမည်ဟု ရီရီမာ ယုံကြည်လိုက်၏။ စိတ်ထဲမှ အားလျော့ သလိုလို ဖြစ်မိလေသည်။ “ငါက ဒီလူကြီးနဲ့ ဖေဖေနဲ့ သိတာလောက်ပဲ ရှိတာ၊ သူ့လောက်တော့ မရင်းနှီးဘူး” ဟု တွေးကာ အားငယ်မိ၏။ 

 

“အလုပ် လျှောက်ထား တာလားဟင်" 


ရီရီမာ အရဲစွန့်၍ မေးမိသည်။ 


မိန်းကလေးက အေးအေး ဆေးဆေးပင် ခေါင်းညိတ်ပြ၏။ 


“လျှောက်ထား တာတော့ အများကြီးပဲ၊ တစ်ခုမှလဲ အဆင် မပြေပါဘူး၊ ဘွဲ့ရပြီး အလကား နေရမယ့် အတူတူ အလုပ် တစ်ခုခုတော့ လုပ်ချင်သေး တယ်လေ၊ ဒါကြောင့် ရတာပဲ လုပ်တော့မယ်လို့ စိတ်ကူးတယ်၊ အဲဒါ အန်ကယ့်ကို ပြောရမှာ၊ အစကတော့ အန်ကယ်က သူ့ဌာနမှာ မလုပ်ပါနဲ့၊ တခြားဌာန သွင်းပေးမယ်လို့ ပြောထားတာ” 


မိန်းကလေးက ခပ်ကြွားကြွားပင် ပြောသည်။ ဘွဲ့ရပြီးသား ဆိုပါလားဟု ရီရီမာ စိတ်ထဲက ရေရွတ်မိပြန် လေသည်။ ရီရီမာက ဆယ်တန်းပင် မအောင်သေး။ နေရာမှ ထပြေးချင် စိတ်ပင် ပေါက်မိ၏။ မိန်းကလေးက သူ့ဘက် လှည့်မေးသည်။ 


“သူကော အလုပ်လျှောက် ထားလို့လား” 


ရီရီမာ ခေါင်းကိုသာ ညိတ်ပြလိုက် ရသည်။


“ဒါပေမယ့် မာကတော့ ရမယ် မထင်ပါဘူး” 


စိတ်ပျက် လက်လျှော့စွာ ပြောမိလေသည်။ မိန်းကလေးသည် ကြွားဝါခြင်း ကိုသာ ဝါသနာ ထုံဟန် တူသော်လည်း တစ်ဘက်သား ကိုတော့ သနားတတ်ဟန် ရှိ၏။ 


“ဘယ်ပြောနိုင် မလဲ၊ ရချင် ရမှာပေါ့ အန်ကယ်က သဘောကောင်း ပါတယ်” 


အချင်းချင်း အားပေး သဖြင့် ရီရီမာ အားတက်လာသည်။ ပြီးတော့ ဖေဖေ ရှိသေးသည်လေ။ ကံကောင်း ထောက်မ၍ ဖေဖေ့ကို ဖေဖေ ပြောသလို အမှန်တကယ် လေးစားခဲ့သူ ဖြစ်ပါက သည်ကိစ္စ အောင်မြင်နိုင်သည်။ 

 

မိန်းမကြီး ပြန်ထွက်လာသည်။ အပေါက်ဝနားထိ စကားက မပြတ်။ ဆင်နာ၊ရွက် တံခါးကို ဖွင့်ပြီးခါမှ အထဲဝင်ပြီး ဆက်ပြော နေသေးသည်။ 


“နောက်မှ မခင်မြင့်နဲ့လဲ တွေ့ရအောင် အိမ်ကို လာခဲ့ဦးမယ်” 


မိန်းမကြီး၏ နောက်ဆုံး နှုတ်ဆက်စကား။ ထိုမိန်းမကြီး လွတ်လွတ် ကျွတ်ကျွတ် ထွက်သွားမှ ရီရီမာက ရုံးစာရေး၏ မျက်နှာကို လှမ်းကြည့်ရသည်။ လိုအပ်သည် ထင်၍လည်း ပြုံးပြလိုက်ရ သေးသည်။


“ဝင်နိုင်ပြီ” 


စာရေးလေးက ခွင့်ပြုလိုက် သဖြင့် ရီရီမာသည် ဘေးက မိန်းကလေးကို ပြုံးပြနှုတ်ဆက် လိုက်ပြီး တံခါးကို ဆွဲဖွင့်ကာ ဝင်ခဲ့ရ၏။ ခြေထောက်များသည် မသိမသာ တုန်နေလေသည်။ ရည်မွန် ခန့်ညားသော လူကြီး တစ်ယောက် စားပွဲမှာ ထိုင်နေသည်။ စားပွဲပေါ်မှာ အရာရှိကြီးများ ရှိသင့် ရှိအပ်သော စာရေး ကိရိယာ တန်ဆာပလာ များနှင့် တယ်လီဖုန်း နှစ်လုံးကို တွေ့ရ၏။ 


ရီရီမာ စားပွဲရှေ့မှာ ခပ်ရို့ရို့ ရပ်လိုက်၏။ 


“ဆို၊ ဘာကိစ္စ” 


လူကြီး မေးမြန်းပုံက ခက်ထန်ခြင်း မရှိလှ သော်လည်း ဩဇာအပြည့် ရှိသည်။ တိုတိုနှင့် လိုရင်းကို ပြောဖို့သည် အရေးကြီးလှကြောင်း ကိုလည်း သိသာစေသည်။ 


စာရေးလေး ဝင်လာပြီး စားပွဲပေါ်မှ လက်ဖက်ရည် ပန်းကန် နှစ်ခွက်ကို လာသိမ်းသွား၏။ 


“ကျွန်မ ဒီရုံးမှာ အလုပ်တစ်ခု လျှောက်ထား ပါတယ် ဦး၊ အဲ အန်ကယ်၊ ကျွန်မ ဦးသောင်းငွေ သမီးပါ” 


ဖေဖေ့ နာမည်ကို အရဲစွန့် ပြောလိုက်ရသည်။

 

“ဪ အေး၊ ထိုင်” 


ယခုမှ သတိရ၍ ထိုင်ခိုင်းခြင်း လော၊ ဖေဖေ့နာမည် ပြောလိုက်ရ၍ ထိုင်ခွင့် ပြုလိုက်ခြင်း လောတော့ ရီရီမာ မသိ။ စိတ်ထဲမှာတော့ အနည်းငယ် နေသာ ထိုင်သာ ရှိသွားသည်။ ကုလားထိုင် သုံးလုံးခန့် တန်းစီထားသည့် အနက် အစွန်ဆုံး ကုလားထိုင်မှာ ဝင်ထိုင်လိုက်၏။ 


“မင်းအဖေ နေကောင်းရဲ့လား” 


“ဟုတ်ကဲ့၊ ကောင်းပါတယ်၊ အန်ကယ်” 


ဖေဖေ့ကို အရေးတယူ ရှိသားပဲဟု အောက်မေ့ လိုက်ရသည်။ ဖေဖေက ငါမပြောလားဟု ပြန်ပြောမည် ကိုလည်း ကြားယောင် နေရသည်။ 

“ရေးဖြေ အောင်ပြီးပြီ ဆို” 


“ဟုတ်ကဲ့ အန်ကယ်” 


“အင်တာဗျူး ဖြေဖို့ ဘယ်အသုတ်ထဲ ပါသလဲ” 


ရီရီမာ ရင်ထဲမှာ တဒိန်းဒိန်း မြည်လာသည်။ အလားအလာတွေ ကောင်းနေပြီ။ သည်တစ်ခါ ငါ အလုပ် ရတော့မည် ထင်ပါရဲ့။ 


“ဒုတိယ အသုတ်ထဲမှာပါ အန်ကယ်” 


“အေး စာတွေလဲ ကောင်းကောင်း ကြည့်ထားပေါ့၊ ဘာတွေ ကြည့်ရမယ် ဆိုတာ သိတယ် မဟုတ်လား၊ လုပ်ငန်း ဆိုင်ရာလေ” 


“ဟုတ် ဟုတ်ကဲ့ အန်ကယ်၊ ကျေးဇူး အများကြီး တင်ပါတယ်၊ ဖေဖေက အလုပ် လုပ်စေချင်တာ မဟုတ်သေးပါဘူး၊ သမီးက အဲ ကျွန်မက လုပ်ချင်လွန်းလို့” 


“အေး အေး ရမှာပေါ့ကွာ၊ ဒီအလုပ် မရတော့လဲ တခြား အလုပ်ပေါ့” 


မည်သည့်အရာ မဆို ပြတ်ပြတ်သားသား အာမခံချက် မပေးတတ်သည့် လူကြီးတွေ၏ သဘောကိုတော့ ရီရီမာ နားလည်သည်။ သည်မျှ အလားအလာ ကောင်းသည်ကိုပင် ဝမ်းမြောက်စရာ ဖြစ်၏။ 

 

ရီရီမာသည် သူ့ ခုံနံပါတ်နှင့် နာမည်လေးကို စာရွက်လေး တစ်ရွက် ပေါ်မှာ ရေးကာ တရိုတသေ ပေးပြီး ကျေးဇူးတင်စကား ကိုလည်း လှိုက်လှိုက်လှဲလှဲ ပြောခဲ့၏။ အခန်းထဲမှ ထွက်လာစဉ် သူ့ နာမည် စာရွက်လေးကို အရေးတယူမှ သိမ်းပါလေစဟု စိတ်မချစွာ ပြန်လှည့် ကြည့်မိလေသည်။ စာရွက်လေးကား စားပွဲပေါ်မှာ ရှိနေဆဲ။ ဘုရား သိကြားမလို့ ပန်ကာ လေအဝှေ့မှာ လွင့်ကျမသွား ပါစေနဲ့။ 


* * *


“ဒီ မြဖေဆိုတဲ့ အကောင် အလကား ကောင်ပါ” 


ဖေဖေ ဒေါသကြီး နေသည်။ ဖေဖေသည် မကြာခဏ ဆိုသလို ဒေါသ ကြီးလာ တတ်မြဲမို့ အဆန်းတော့ မဟုတ်တော့ပေ။ သို့သော် သည်တစ်ခါ ရီရီမာ့ အတွက် အရေးကြီးသည်။ ထိုဦးမြဖေ ဆိုသည့် လူကြီးကို ဖေဖေ ဒေါသ ဖြစ်နေခြင်းဖြင့် ရီရီမာ အလုပ်ရရေးကို ထိခိုက်စေနိုင်သည်။ 


“ဖေဖေ မပြောချင်လဲ မပြောပါနဲ့ ဖေဖေရာ၊ သမီးလဲ မရရင် တခြားအလုပ် ရှာပါ့မယ်” 


ရီရီမာ တောင်းပန် လိုက်ရသည်။ တော်ကြာ၊ ဖေဖေက တယ်လီဖုန်း ထဲကနေပြီး မြဖေဆိုတာ သောက် အလကားကောင်ဟု အခြောက်တိုက် သွားကော နေပါက ခက်ချေမည်။ ဖေဖေ့ကို အားမကိုးရလည်း ကိုယ်နည်း ကိုယ်ဟန်ဖြင့် ကြိုးပမ်းရုံသာ။ အင်တာဗျူး ဖြေရမည့် ရက်ကလည်း နီး၍ လာလေပြီ။ သည်အလုပ်သာ ရလျှင် သူ မျှော်မှန်းထားသလို အစစ အရာရာ အဆင်ပြေ ပေမည်။ အနည်းဆုံး ကျူရှင်ခနှင့် အဝတ်အစားဖိုးကို မေမေ့ကို အပူကပ်စရာ မလိုတော့။ ဆယ်တန်းကို အောင်အောင် ဖြေမည်။ စာပေးစာယူ သင်တန်း တက်ကာ ဘွဲ့ ယူမည်။ ဘွဲ့ ရသည့်အခါ ရာထူးလည်း တက်မည်။ အလုပ်လည်း ပူတောင့်ပန်းပင် ရှာစရာ မလိုတော့။ မိမိ တစ်ကိုယ်စာ အတွက်တော့ တာဝန်ယူ နိုင်မည်မှာ သေချာလေသည်။ ဖေဖေတို့ မေမေတို့ တစ်ယောက်စာ တာဝန်ပေါ့ရင်ကော နည်းလား။ 

“သူ့ဆီကိုတော့ ငါ့သမီး အောက်ကျ နောက်ကျ ခံပြီး သွားပြော နေစရာ မလိုဘူးနော်၊ ဖေဖေက သူ့လို လူမျိုးကို ဘယ်တုန်းကမှ အထင်မကြီး ခဲ့ဘူး၊ လုပ်တာချင်း အတူတူ သူ့အတွက် သူ နေရာရအောင် ယူတတ်တဲ့ လူစား” 


ဖေဖေက တစ်ခါတစ်ရံ သည်လိုပဲ သူတစ်ပါးကို ဝေဖန် တတ်သည်။

ဖေဖေသည် သူ့ ယုံကြည်ချက်နှင့် မကိုက်ညီလျှင် ထိုလူမျိုးကို ဘာကြီးပဲ ဖြစ်နေနေ အထင်မကြီး တတ်ပေ။ ဖေဖေ၏ ပေတံသည် ရာထူး အဆင့်အတန်း မဟုတ်၊ ခံယူချက်သာ ဖြစ်လေသည်။ ထို့ကြောင့်လည်း လူတချို့က ဖေဖေ့ကို လန့်ကြသည်။ ဝေးဝေးက ရှောင်ကြသည်။ သို့ဖြင့် ဖေဖေသည် လူကန့်လန့်ကြီး ဖြစ်ကာ တချို့ နေရာတွင် အစွန်းသို့ ရောက်နေသလို ဖြစ်ရလေသည်။ ဤသည်ကို ဖေဖေက မသိ။ ရီရီမာ ကသာ မြင်သည်။ 


“မပြောပါဘူး၊ ဖေဖေရယ်၊ သမီးက ဖေဖေ သိသလားလို့ မေးကြည့်တာပါ” 

 

ရီရီမာက ပါးနပ်စွာ လှီးလွှဲ ပြောလိုက်ရသည်။ တော်ကြာ အလုပ် ရလာလျှင် ဖေဖေက သူ မကြိုက်သူကို သွားပြောလို့ ရသည်ဟု ထင်ကာ ဒေါသ ဖြစ်နေမှာ စိုးရသေးသည်။ ဪ ဖေဖေ။ အင်မတန် ရိုးစင်းလွန်း လှတဲ့ ဖေဖေ။ 

 

မေမေကတော့ ဖေဖေ့ ကွယ်ရာမှာ တိုးတိုးကျိတ်ကျိတ် မှာသည်။ 


“ညည်း အဖေကို သိပ်လဲ ပြောပြ မနေနဲ့၊ ကိုယ် လုပ်စရာ ရှိတာလုပ်၊ အဲဒီ ဌာနက တက်လမ်းလဲ မြန်သတဲ့၊ ငါ မေးမြန်းကြည့် ပြီးပြီ၊ ဘွဲ့ ရတာနဲ့ သုံးရာကျော် ရမှာ၊ အလုပ်တစ်ခု ရဖို့ ဆိုတာ လွယ်သမှတ်လို့၊ ဒါတွေ ညည်း အဖေက နားလည်တာ မဟုတ်ဘူး’’ 


“သမီး သိပါတယ် မေမေ၊ မေမေကသာ ဘာမှ သွား မပြောနဲ့၊ တော်ကြာ မေမေ လုပ်တာနဲ့ သိသွားဦးမယ်” 


သည်သို့ဖြင် သားအမိ နှစ်ယောက် ကျိတ်ကြံ ကြရသည်။ 


အလုပ်ခန့်စာ ရလာတော့ ဖေဖေ့ကို ချက်ချင်း မပြောရဲသေး။ မိုးလေဝသ အခြေအနေ ကြည့်ပြီး ဖေဖေ စိတ်ကြည်လင် နေသည့် အချိန်မှာ ပြောလိုက်၏။ တော်သေးရဲ့။ ဖေဖေက ဘာမျှ အပြစ်မပြော။ 


ရီရီမာတို့ သားအမိ ကတော့ အလုပ် မဝင်ခင်ကပင် လခထုတ်ရက်ကို တွက်ချက်၍ မျှော်နေမိ ကြလေသည်။ 


* * *


ရီရီမာ ကတော့ သူ့ကိုယ်သူ စောစီးစွာ ဘဝကို ရုန်းကန်ရချည့်ဟု မိမိ ကိုယ်ကို ဝမ်းပန်းတနည်း ဖြစ်မနေပေ။ အဘယ့်ကြောင့် ဆိုသော် သူတို့ အသက်အရွယ်နှင့် အလုပ် လုပ်နေသူ မိန်းကလေးတွေ ဒုနှင့်ဒေး။ ရန်ကုန်မြို့၏ ရုံးတကာမှာ ဆယ်ကျော်သက် မိန်းကလေးတွေ သွားလာ လှုပ်ရှား နေကြသည်မှာ အဆန်းတကြယ် မဟုတ်တော့။ တချို့က ရီရီမာတို့ ထက်ပင် ချို့တဲ့သည်။ တချို့ကတော့ အခြေအနေ ကောင်းသည်ပေါ့။ 


အလုပ်ဝင်သည် ဆိုလျှင်ပင် ရုံးဝတ်စုံ နှစ်စုံ ချုပ်လိုက်ရ၍ ငွေတစ်ရာကျော် ထွက်သွားသည်။ သို့သော် ရုံးဝတ်စုံ ဝတ်ရခြင်းကိုပင် ကျေးဇူးတင်ရ သေး၏။ အဝတ်အစားသာ အပြိုင်အဆိုင် ဝတ်ရမည် ဆိုလျှင်တော့ လခနှင့် ကာမိမည် မထင်။ တချို့ စာရေးမလေး များတော့ ဝတ်နိုင်စားနိုင် သည်လည်း ရီရီမာ ဉာဏ်မမီ သေးပေ။ 


သမီး အလုပ်ရပြီ ဆိုတော့ မေမေသည် နံနက်စာကို ဖေဖေ့အတွက် ကြော်ပေးနေကျ ထမင်းကြော်တွင် အစာပိုထည့်ကာ တစ်အိမ်လုံး စားဖို့ လုံလုံလောက်လောက် ကြော်သည်။ ထမင်းဘူး ကတော့ ခါတိုင်းထက် ပိုပြီး မထူးခြား နိုင်သေး။ အရွက်နှင့် ရောရာတွင် မောင်လေး အတွက် သာမက ရီရီမာ အတွက်ပါ အသား ဖတ်လေး ပိုပိုသာသာ ထည့်ပေးရ သဖြင့် မေမေပဲ လျှော့စားရ လေသည်။ 


ကြိမ်ခြင်း အသစ်လည်း မဝယ်နိုင်သေး လေတော့ တချို့သော မိန်းကလေး လိုပင် သားရေအိတ်ကို ပခုံးမှာလွယ်၊ ထမင်းဘူးကို လက်မှာပိုက်ပြီး ရုံးကို လာရ၏။ လမ်းလျှောက်ပြီး လာလို့ ရသည့် ခရီးဆိုလျှင် မည်မျှ ကောင်းမည်လဲ။ ဘယ်လောက်ဝေးဝေး လျှောက်ရ လျှောက်ရ။ ရီရီမာ ဘတ်စ်ကား မစီးချင်။ သို့သော် မတတ်နိုင်။ ရန်ကင်းမှနေ ဆူးလေအထိ ဖယ်ရီကား ကလည်း အဆင်မပြေ သေး၍ ဘတ်စ်ကားကိုပင် အားကိုးရ၏။ ဖေဖေ့ ရုံးနှင့် တစ်လမ်းစီ ဖြစ်နေ၍ တော်ပါသေးရဲ့။ ဖေဖေ့ကိုတော့ တစ်ခါတစ်ရံ ရုံးမှ ကား လာကြိုသည်။ အရာရှိ တစ်ယောက်နှင့်လည်း လမ်းကြုံ နေသောကြောင့် ဖြစ်၏။ 


ဘတ်စ်ကား စောင့်ရသည့် အချိန်နှင့် စီးရသည့် အချိန်ကို တွက်ဆကာ အိမ်မှ တစ်နာရီခန့် စောထွက်ရသည်။ ရုံးကို ရောက်တော့ ကိုးနာရီခွဲ။ အလုပ်ဝင်စ ဆိုတော့ အချိန်လည်း တိကျရ၏။ အန်ကယ်ကြီး ရုံးမှာ တစ်ခါ တွေ့ဖူးသူ သွဲ့သွဲ့အေးသည် ရီရီမာနှင့် ဌာနခွဲ တစ်ခုတည်း လာကျ လေသည်။ 

 

သူက ဦးဝိစာရက နေပြီး မာဇဒါကား တစ်စီးဖြင့် ရုံးတက်သည်။ အလုပ် လိုချင်တာချင်း တူသော်လည်း အခြေခံချင်း မတူကြ။ အရာရှိ သားသမီးချင်း တူသော်လည်း အဆင့်ချင်း မတူကြ။ သို့သော် ရီရီမာ၏ အေးဆေးမှုကြောင့် အားလုံးနှင့် အဆင်ပြေစွာ ပေါင်းနိုင်ခဲ့သည်။ ဆယ်တန်း မအောင်သေးဘဲ အလုပ်ရသည် ကိုတော့ မည်သူကမျှ မေးငေါ့ တိုက်ခိုက် မနေတော့။ 


ရုံးကို ရောက်လျှင် လက်မှတ်ထိုး၊ နေရာကိုသွား၊ ဖုန်ကလေး ဘာလေး ခါ၊ ကုလားထိုင်မှာ ခေတ္တထိုင်ပြီး၊ အမောဖြေ ရသည်။ ပြီးတော့ ဘေးဘီက အပေါင်းအသင်း တွေကို နှုတ်ဆက်ရ၏။ 


“မိရွှေမာ၊ ဒီနေ့ ဘာဟင်း ပါလဲ” 


ဘေးစားပွဲမှာ ထိုင်သော လက်နှိပ်စက် စာရေးမလေး မအေးက လှမ်းမေးသည်။ မေးစရာ ဒါပဲ ရှိသေး၏။ ခဏကြာလျှင် သား အကြောင်း၊ သမီး အကြောင်း ပြောတတ်သော မမတွေတို့၊ ဖိနပ်တွေ လပေး ယူရောင်းသော ဒေါ်သန်းကြည်တို့ ရောက်လာကြ ပေမည်။ ရုံးခန်း ထဲမှာလည်း ဆူဆူညံညံ စည်စည်ကားကား ဖြစ်လာမည်။ စကားကို ရယ်စရာ လိုလိုနှင့် အနှောင့်အသွား မလွတ်စွာ ညစ်ညစ်ပတ်ပတ် ပြောတတ်သော စာရေးကြီး ကိုသန်းတင် ရောက်လာကာ အော်ကြ၊ ဟစ်ကြ၊ တွန်းကြ ထိုးကြ ပေလိမ့်မည်။ 


“ဖလံတောင်ဝှေးနဲ့ ပုစွန်ကြောာ်လေ၊ မမအေး၊ စားချင် ယူစား” 


ရီရီမာက မအေးထက် ဟင်းကောင်းသည်။ မအေးသည် ချဉ်ပေါင်ကြော်၊ ကင်ပွန်းရွက်ကြော် စသည်တို့ကို ပုစွန်ခြောက် မပါဘဲ ငါးပိနိုင်နိုင်နှင့် ကြော်တတ်သူ ဖြစ်၏။ သို့သော် သူ့ဟင်းများသည် အချဉ်အစပ် ကဲကာ စားကောင်း တတ်သဖြင့် ကျန်လူများက ဟင်းချင်း ဖလှယ်စားရန် ဝန်မလေး ကြပေ။ 

 

“အေး ကောင်းတယ်၊ ဖလံတောင်ဝှေးကို ပေါ်ဦး ပေါ်ဖျား စားနိုင်တာ သူဌေးပဲ” 


မအေး အပြောကို ရီရီမာ စိတ်ထဲက ပြုံးလိုက်မိသည်။ မေမေသည် သည်လို ကိစ္စများတွင် ကျင်လည်၏။ တညင်းသီး ပေါ်စ ဆိုလျှင်လည်း မေမေ ရအောင် ဝယ်သည်။ မေမေ ဈေးသွားချိန်သည် သူများ တကာလို နံနက်စောစော မဟုတ်။ နေမွန်းတည့်လုလု ၁၁ နာရီကျော်၊ ဈေးကွဲစ ပြုပြီ။ စောစောစီးစီး အိပ်ရာမှ ထလာရသော ဈေးသည်များလည်း ငိုက်မျဉ်းစ ပြုပြီ။ နံနက်စာ စားပြီး တရေးတမော အိပ်ရန် ပြင်ဆင် နေကြပြီ။ 


သည်အချိန်မှာ မေမေက ဈေးသို့ ဝင်၏။ အိမ်ပြန်ရန် ဟန်ပြင်နေသော လမ်းဘေး ဈေးသည်များက ဟင်းသီး ဟင်းရွက်များကို ဆစ်သည့် ဈေးနှင့် ပေးလိုက်ကြ လေသည်။ သားငါးရုံမှာလည်း တောင်းများ၊ ဇလုံများကို ဆေးကြောနေခိုက် အကြွင်းအကျန် သားတုံး ငါးတုံးများကို ချိန်ခွင်ထဲ ပစ်ထည့်ပြီး ပေးလိုက်ကြ လေသည်။ တချို့က ချိန်ပင် မချိန်တော့။ လက်ဖြင့် မှန်းဆ၍ ပေးလိုက်ကြ လေ၏။ 


သည်အဖြစ် တွေကို မည်သူ သိနိုင်တာ မှတ်လို့။ ဖေဖေပင် လုံးစေ့ပတ်စေ့ သိချင်မှ သိမည်။ ဖေဖေက သူ့လခကို အကွက်စေ့စေ့ သုံးတတ်သူ အဖြစ် မေမေ့ကို တစ်ခါတစ်ရံ ချီးကျူးတတ် သော်လည်း မည်သည့် နည်းဖြင့် အကွက်စေ့အောင် လုပ်နေရသည် ကိုတော့ သိမည် မထင်ပေ။ 


ယခုဆိုလျှင် ရီရီမာ အလုပ်ရသည့် အတွက် မေမေ့မှာ ကြွေးတင် နေသည်။ 


ရီရီမာ့ အတွက် အဝတ်အစား ချုပ်ဖို့၊ ဖိနပ် ဝယ်ဖို့က အစ ငွေက လိုလာသည် ဆိုတော့ သူ အပူကပ် နေကျ သူ့အစ်မဆီက သွားချေး ရသည်။ မေမေ့ အစ်မက မေမေ့လို အရာရှိ ကတော်လည်း မဟုတ်။ သူ့ ယောကျ်ား ကလည်း ဘယ်တုန်းကမှ ဘာမှ ပြောစမှတ် ရှိသည့်လူ မဟုတ်။ သာမန်ဈေးသည် ဖြစ်၏။ သူ့ယောက်ျားက ကီလီမှာ သစ်သီး ရောင်းသည်။ အတော်လေး ချောင်လည်၏။ ဟိတ်ဟန် မရှိ။ နှစ်ယောက်လုံး ရိုးသားသည်။ မေမေက အစ်မဆီမှာ ပိုက်ဆံချေး နေရသည့်တိုင် အစ်မက မေမေ့ကို လေးစားပြီး အစ်မယောကျ်ား ကလည်း ဖေဖေ့ကို တရိုတသေ ဆက်ဆံလေသည်။ 


ရုံးပေါ်မှာ တစ်စ တစ်စ လူစုံလာသည်။ 


သွဲ့သွဲ့အေးသည် အစကောင်းဖြင့် ပုံဆန်းဆန်း ချုပ်ထား ရုံးဝတ်စုံ အဖြူရောင် အကျႌနှင့် လုံချည် အသစ်ကို ဝတ်ကာ ဒေါက်ဖိနပ် ဖြူဖြူလေးနှင့် ခပ်ကြွကြွလေး လှမ်းဝင်ခဲ့သည်။ သွဲ့သွဲ့အေးသည် အမြဲတမ်း ကြွကြွရွရွလေး နေနိုင်သူ ဖြစ်သည်။ သူ့အဖေလကလည်း ဌာနဆိုင်ရာ အရာရှိကြီး တစ်ဦးပင်။ သို့သော် သွဲ့သွဲ့အေးက သူ့အဖေ၏ ဌာနမှာ မလုပ်။ သည်ဌာနမှာ လာလုပ်သည်။ အစက သည်သဘောကို ရီရီမာ နားမလည်။ အလုပ်ခွင် ဝင်ပြီး မကြာခင်ကမှ သဘောပေါက် လာရ၏။ အပေးအယူ အလဲအလှယ် သဘောတွေ များစွာ သက်ဝင် နေသည်။ သည်အကြောင်း တွေကို ဖေဖေ့ကို မပြောရဲ။ အထူးသဖြင့်တော့ ရီရီမာ လုပ်ရသည့် ဌာနသည် ဦးမြဖေ၏ လက်အောက်မှာ ရှိသည် ဆိုသည်ကို လုံးဝ မပြောရဲသေးပေ။ တစ်နေနေ့ မှာတော့ ဖေဖေ သိသွားလိမ့်မည်။ ထိုအခါ မည်သို့ ရင်ဆိုင် ရမည်ကို ရီရီမာ မတွေးရဲပေ။ 


သွဲ့သွဲ့အေးသည် သားရေအိတ် လှလှလေးကို စားပွဲပေါ် ပစ်တင် လိုက်၏။ လည်ကုပ်ပေါ်တွင် ဝဲနေသော ဆံပင်ကို လက်တစ်ဘက်ဖြင့် သပ်လိုက်ရင်း လက်မှတ်ထိုး ရမည့် စားပွဲဆီသို့ လျှောက်သွားသည်။ စာရေးကြီး ဦးစိန်ချစ်က ဘောလ်ပင်ကို အသင့် လှမ်းပေးသည်။ အထက်ဖား အောက်ဖိ ဆိုသည့် လူမျိုး ရီရီမာ ကြားရုံသာ ကြားဖူးခဲ့သည်။ မမြင်ခဲ့စဖူးပေ။ ယခု ဦးစိန်ချစ်နှင့် တွေ့ရမှ သည်လိုလူမျိုး ဖြစ်ရမည်ဟု တွေးမိ၏။ လက်နှိပ်စက် စာရေးမလေးတွေ၊ အောက်တန်း စာရေးမ စုတ်ချာချာလေးတွေ ငါးမိနစ် နောက်ကျလျှင် မင်နီဝိုင်းဖို့ တကဲကဲ ဖြစ်နေသော ဦးစိန်ချစ်။ သွဲ့သွဲ့အေး တို့လို မိန်းကလေးမျိုးက “အိမ်ကကား ပျက်နေလို့ ဦးစိန်ချစ်ရယ်” ဆိုလျှင် သွားကြီး တဖြဲဖြဲနှင့် ရယ်ကျဲကျဲ လုပ်နေတတ်သည်။ 


အောက်တန်း စာရေးချင်း တူသော်လည်း၊ တစ်ချိန်တည်းမှာ အလုပ်ခွင် ဝင်တာချင်း တူသော်လည်း ရီရီမာနှင့် သွဲ့သွဲ့အေးမှာ အခွင့်အရေးချင်း မတူပေ။ သွဲ့သွဲ့အေးက မကြာခင်မှာ ပြုလုပ်ဦးမည် ဖြစ်သည့် ဌာနတွင်း စာမေးပွဲကို ဝင်ဖြေရမည်။ ထိုအခါ အောင်မြင်လျှင် ရာထူး တိုးမည်။ အောင်မည် မှာလည်း သေချာသလောက် ဖြစ်သည်။ ရီရီမာ့ အဖို့တော့ မျှော်လင့်ချက် မရှိသေး။ သည်နှစ် ဆယ်တန်းကို အောင်ပါမှ မျက်နှာပန်း လှပေမည်။ 


သွဲ့သွဲ့အေးသည် သူ့ခုံ ရှိရာသို့ ပြန်လာပြီး ခပ်ရွရွလေး ထိုင်လေသည်။ ပြီးတော့ ရီရီမာ ရှိရာ သမင်လည်ပြန် လှည့်ကြည့်ကာ လှမ်း နှုတ်ဆက်သည်။ သွဲ့သွဲ့အေးသည် အလုပ်သင် အရာရှိ ဒေါ်ကြင်ရီတို့၊ လက်ထောက် အရာရှိ ဒေါ်ရင်မြတို့ ဘေးမှာ ထိုင်ရလေသည်။ ရီရီမာ ကတော့ မအေးတို့၊ မငယ်တို့ ဘေးမှာ ထိုင်ရသည်။ သို့သော် သွဲ့သွဲ့အေးက ရီရီမာ ကိုသာမက တစ်ခန်းလုံးနှင့် သင့်မြတ်အောင် ပေါင်းသင်း တတ်သည်။ ထို့ကြောင့် သူတစ်ပါး တွေက ကွယ်ရာမှာ ဘယ်လောက်ပဲ သွဲ့သွဲ့အေး အကြောင်း အတင်း ပြောပြော၊ ရှေ့တင်မှာတော့ ချိုချို ချိုချို ဖြစ်နေကြသည်။ 


ရီရီမာ ကတော့ ဖေဖေ့ဆီက အမွေလေး နည်းနည်းပါးပါး ပါလာလို့ပဲလား မသိ။ စိတ်ထဲက မပါလျှင် နှုတ်က မသွက်တော့ပေ။ မျက်နှာကိုလည်း အချိန်တိုင်းမှာ ပြုံးမထားတတ် တာက ခက်လှသည်။ ထို့ကြောင့် ရီရီမာမှာ သွဲ့သွဲ့အေးလောက် လူချစ်လူခင် မများပေ။ ပြီးတော့ ရီရီမာ့ အဖေ မည်သူမည်ဝါ ဆိုတာ မည်သူကမျှ မသိ။ သွဲ့သွဲ့အေးတို့ ဖေဖေက ဌာနမှူးနှင့် တစ်ချိန်တုန်းက နိုင်ငံရေး လုပ်ဖော် ကိုင်ဘက်တွေ ဆိုတာ တစ်ရုံးလုံးက သိပြီးပြီ။ သည်တော့လည်း ဒေါ်ကြင်ရီတို့၊ ဒေါ်ရင်မြတို့က သွဲ့သွဲ့ သွဲ့သွဲ့နှင့် တစ်သွဲ့တည်း သွဲ့ နေကြ လေတော့သည်။ 


“မာရေ၊ နေ့လယ်ကျရင် သွဲ့နဲ့ အဖော်လိုက် ခဲ့ပါဦးကွယ်” 


သွဲ့သွဲ့အေးက ရီရီမာ့ စားပွဲမှာ လက်နှစ်ဘက် လာထောက်ရင်း  ပြောလိုက်သည်။ 


သွဲ့သွဲ့အေးသည် ရုံးချိန်အတွင်း အပြင်သွား ချင်လျှင် ရီရီမာ ကိုသာ အဖော်ခေါ်၏။ ရီရီမာ ကလည်း ငြင်းရမှာ အားနာသည်နှင့် လိုက်လိုက် သွားရတတ်သည်။ အလုပ် ဝင်သည်မှာ မကြာသေး။ အပြင် ခဏခဏ ထွက်သည်ဟု သူများ အပြောခံ ရမှာလည်း စိုး၏။ သူများ တကာက ဘာမျှ မပြောသည် ထားဦး ။ ရီရီမာ့ ပင်ကိုစိတ် ကလည်း အလုပ်တစ်ခုကို လုပ်ပြီ ဆိုမှတော့ တာဝန်ကျေအောင် လုပ်ချင်သည်။ ညာဝါး ဖြီးဖြန်းပြီး နေရမည့် အလုပ်မျိုးကို ရီရီမာ ရွံရှာ၏။ ဒါလည်း ဖေဖေ့ အမွေ ထင်ပါရဲ့။ ဖေဖေ ကတော့ ရုံးမှာ တိကျ ပြတ်သားလွန်း၍ လူတကာ မေးငေါ့စရာ လူ့ခွစာကြီး ဖြစ်နေရသည်။ ဖေဖေ့ရုံးမှာ ရီရီမာ အလုပ် မလျှောက်ခြင်း ကတော့ ဖေဖေနှင့် တစ်ရုံးတည်း မနေလို သောကြောင့် ဖြစ်၏။ ဖေဖေကလည်း သူ့ရုံးမှာ လုပ်ဖို့ တစ်ခါမျှ စကားဦး မသန်းဖူးပေ။ 

“သွဲ့ ဘယ်သွားချင် လို့လဲ” 


သည် တစ်ခါတော့ ငြင်းလိုက်ရလျှင် ကောင်းမည်ဟု တွေးမိ၏။ 


“ဒီနားတင်လေ၊ ဆေးခန်းကိုပါ၊ ခေါင်းကိုက် ပျောက်ဆေးလေး သွားတောင်း ချင်လို့” 

 

သွဲ့သွဲ့အေးက ဘေးလူများ မမြင်အောင် မျက်စိမှိတ် ပြရင်း ပြောသည်။ ရီရီမာ သိလိုက်ပါပြီ။ ဗိုလ်ချုပ်ဈေးလား၊ လဟာပြင်လား။ တစ်ခုခု ပါပဲ။ ဖိနပ် ဝယ်ဖို့ ဖြစ်ချင်ဖြစ်မည်။ အကျႌ ရွေးဖို့ ဒါမှမဟုတ် အကျႌစ ဝယ်ဖို့ တစ်ခုခု ပါပဲ။ 


“မမမြများ အားမလားပဲ” 


ရီရီမာက မယုတ်မလွန် ပြောသည်။ 


“ဟွန်း၊ ဒီအဘွားကြီး တွေနဲ့ မသွားချင် ပါဘူး ခဏလေးပါ မာရဲ့” 


“လိုက်သွား လိုက်ပါ မာရယ်၊ ဒါမှမဟုတ် မမအေး လိုက်ခဲ့ရမလား” 


ဘေးမှ မအေးက မနေသာ၍ ဝင်ပြောသည်။ 


“ဟင့်အင်း၊ ဒီက သူ့ကို ခင်လို့ ခေါ်တာကို၊ ဒီတစ်ခါတည်းပါ၊ နောက် မခေါ်တော့ဘူး’’ 


သွဲ့သွဲ့အေးက ခပ်နွဲ့နွဲ့ ကလေး ပြောပြန်သဖြင့် ရီရီမာ မနေသာတော့။ သည်တစ်ခါတော့ လိုက်သွားဦးမည်။ နောက်ဆိုလျှင် အပြတ်ငြင်း မည်ဟု စဉ်းစားပြီး နေရာမှ ထရသည်။ ပြင်ပြီးသား စာရွက်များကို မအေး လက်နှိပ်စက် ရိုက်ရန် ပေးခဲ့၏။ ရီရီမာက ရုံးစာများကို ဖတ်ရှု ပြင်ဆင်ရ၏။ လက်နှိပ်စက်စာရေး သာသာပါ။ သွဲ့သွဲ့အေး ကတော့ စာရင်းဇယား ကိုင်သည်။ သို့သော် သူ့အလုပ်တွေကို မိန်းကလေးများနှင့် အရောတဝင် နေချင်လေ့ ရှိသော ရုံးအုပ် စာရေးကြီး ကိုသန်းတင်က ဒိုင်ခံ ကူလုပ်ပေးသည်။ လူသစ်မို့ ကူညီတာပါ ပြောသော်လည်း သူ့သဘောကို သိကြသော အခန်းသားတွေက လှောင်ရယ် ကြသည်။ 


ရီရီမာသည် သွဲ့သွဲ့အေး နောက်က လိုက်သာ လာရသည် စိတ်က မပါလှပေ။ အထူးသဖြင့် အပြင်ထွက်မည် ဆိုလျှင် ထွက်ခွင့် စာရွက်ကို ဦးမြဖေ အခန်းထဲ ဝင်ကာ လက်မှတ် ထိုးခိုင်း ရမည်။ ရီရီမာသည် ဦးမြဖေနှင့် တွေ့ရမှာ အလွန် စိတ်ညစ် လေသည်။ လက်မှတ် မထိုးပေးမီ စကား ပြောနေတာက ဆယ့်ငါးမိနစ်လောက် ကြာဦးမည်။ သွဲ့သွဲ့ အေး ကလည်၊ စကားစ ရှည်ပါဘိ။ 


ဦးမြဖေကို တွေ့စက ဖေဖေ ပြောသလောက်လည်း သဘော မဆိုးပါဘူးဟု အောက်မေ့မိ၏။ ရီရီမာတို့ သားအမိကို ရင်းရင်းနှီးနှီးပင် လက်ခံ တွေ့ဆုံကာ ရှေးဟောင်း နှောင်းဖြစ်တွေ မေးသည်။ ဇာတိမြို့မှာ နိုင်ငံရေး လုပ်ခဲ့စဉ်က အကြောင်း တွေကို ပြောပြီး တဟားဟား ရယ်နေသေးသည်။ 


“ဒီလောက်တော့ ကူညီရမှာ ပေ့ါဗျာ၊ တစ်ချိန်တုန်းက မမတို့ အိမ်ဟာ ကျွန်တော်တို့ စားအိမ် သောက်အိမ် ဖြစ်ခဲတာ ဘယ်မေ့ပါ့မလဲ” ဟု ပွင့်လင်းစွာ ပြောသေးသည်။ 


“အစ်ကိုကြီးရော၊ ဘယ်ဌာန ရောက်နေသလဲ” ဟု မေးသည်။ 


မေမေက ဖေဖေ့ ဌာနနှင့် အလုပ်အကိုင်ကို ပြောပြသည်။ ဦးမြဖေ အံ့ဩသွားဟန် တူသည်။ 


“အစ်ကိုကြီးက အရင်ကလိုပဲ ခွတီး ခွကျကြီး ထင်ပါရဲ့”  


ဦးမြဖေက မှတ်ချက် ချခဲ့၏။ 


“အေးကွယ်၊ ထုံးစံ အတိုင်းပဲ” 


ဦးမြဖေက တဟားဟား ရယ်သည်။ 


“သမီးကတော့ မမနဲ့ တူတယ်” 


ဦးမြဖေ၏ မှတ်ချက်ကို သဘော မကျလှ သော်လည်း ရီရီမာ ပြုံးနေလိုက် ရသည်။ တကယ်တော့ ရီရီမာဟာ ဖေဖေ့ သမီးလေ၊ ဖေဖေ့ စိတ်ဓာတ်ဘက်ကို တစ်ဝက်ကျော် ပါနေသည် ဆိုတာ ပြောပြချင်၏။ ဦးမြဖေ၏ ရယ်ရွှင်ပြုံးသော မျက်နှာကို ကြည့်၍ ဖေဖေ့မိတ်ဆွေ ဟို အန်ကယ်ကြီးလောက် ဖြောင့်မတ်ပုံ မရဘူး ဟု တွေးမိလေသည်။ 

 

ရီရီမာ သည်ဌာနကို ရောက်လာသည် မှာတော့ အဆန်း မဟုတ် တော့ချေ။ ကိုယ်နှင့် ပတ်သက်ရာ နေရာကိုပဲ ရောက်ရမည်ပေါ့။ သို့ဖြင့် ရီရီမာသည် တစ်စုံတစ်ယောက်၏ တပည့်လက်သား အဖြစ် ကျရောက်ခဲ့ပြီ ဆိုတာ များမကြာမီမှာ နားလည် ရရှိ လေသည်။ အလုပ်ခွင် ဝင်မှ တကယ် လူ့ဘဝထဲ ရောက်လာတာပဲဟု ရီရီမာ တွေးခဲ့မိ၏။ သို့သော် ဒါတွေကို ရီရီမာ ကျော်လွှား ရမှာပဲ။ ရီရီမာ့ ရည်ရွယ်ချက်က ကိုယ်တစ်ယောက်စာ စရိတ်စကကို မေမေ့ကို ဒုက္ခ မပေးရဘဲ ရှေ့တက်လမ်းကို လှမ်းနိုင်ဖို့ပင်။ 


“ဟော၊ ဒီကလေး နှစ်ယောက် ဘယ်သွားဦး မလို့လဲ” 


အခန်းထဲ ဝင်မိလျှင်ပင် ဦးမြဖေက ရင်းနှီးစွာ လှမ်းပြော လိုက်သည်။ သွဲ့သွဲ့သည် သွက်လက်စွာပင် စားပွဲနားသို့ လှမ်းသွားသည်။ 


“မေမေ ရယ်လေ၊ ကောင်းကောင်း နေမကောင်းလို့ လဟာပြင်မှာ ဆေးဝယ် ခိုင်းတယ်၊ ဖေဖေ့ ရုံးက ကောင်လေးတွေ ခိုင်းရင် ဖြစ်လျက်သားနဲ့ သမီး ကိုပဲ အပူကပ် ချင်တာ” 


သွဲ့သွဲ့အေး၏ အကြောင်းပြချက် များက တစ်နေ့လျှင် တစ်မျိုး မရိုးနိုင်ပေ။ 


“ဟောဒီ ကောင်မလေး ကကော” 


ရီရီမာဘက် လှည့်ကာ ခပ်ပြုံးပြုံး မေးသည်။ ရီရီမာ သည်လူကြီး၏ အပြုံးကို အစ ကတည်းက မနှစ်သက်။ ယခု ပို၍ပင် မကြိုက်တော့။ သူ့သတင်း အချို့ကို ပါးစပ်ပေါင်း တစ်ထောင် ရှိသော ရုံးသူ ရုံးသားများ ဆီမှ ကြားခဲ့ရပြီး ဖြစ်သည်။ 


“ထုံးစံအတိုင်း အဖော်ပေါ့ ဆရာရယ်၊ အဖေ ကလေ တစ်ယောက်တည်း အပြင် မထွက်ရဘူး မှာထားလို့” 

 

ဦးမြဖေသည် စာရွက်ကို ဆွဲကာ လက်မှတ် မထိုးသေးဘဲ တစ်နေရာသို့ တယ်လီဖုန်း ဆက်နေ လိုက်သေးသည်။ သူတို့ နှစ်ယောက်ကို ခေတ္တ ထိုင်စောင့်ရန် လက်ကာ ပြသည်။ သွဲ့သွဲ့အေးက အေးအေး ဆေးဆေး ဝင်ထိုင်ပြီး စားပွဲပေါ်မှ နယူးဝိခ် စာအုပ်ကို လှန်လှော နေသည်။ ရီရီမာ စိတ်မရှည်စွာ စောင့်နေရသည်။ ဖေဖေ့ ရုံးကို တစ်ခေါက် ရောက်ဖူးစဉ် ဖေဖေသည် တယ်လီဖုန်း လာလျှင် တိုတိုတုတ်တုတ် အကြောင်း ပြန်တတ်တာ သတိရသည်။ 


ဟဲ ဟဲ ဟဲ၊ အင်း၊ ဟုတ်လား၊ ဒါပေါ့ ဒါပေါ့နှင့် တယ်လီဖုန်းကို ခပ်ကြာကြာလေး ပြောနေသေးသည်။ နောက်ဆုံး “ကောင်းပြီ၊ ကောင်းပြီ၊ တွေ့ကြသေး တာပေါ့” ဟု အဆုံးသတ်ကာ တယ်လီဖုန်းကို ညင်သာစွာ ချလိုက်သည်။ 


ရီရီမာ သက်ပြင်းလေး တိတ်တခိုး ချမိသည်။ 


“ဘယ့်နှယ်လဲ၊ မမ တစ်ယောက်ကော နေကောင်းရဲ့ မတွေ့ရတာ ကြာပြီ’’ 


စာရွက်ပေါ်မှာ လက်မှတ် ထိုးပေးရင်း ရီရီမာ့ဘက် လှည့်ကာ မေးလိုက်သည်။ ရီရီမာက အလိုက်သင့် ပြုံးကာ ခေါင်းညိတ် ပြလိုက်၏။ ရုံးကို ရောက်မှ ရီရီမာသည် ပြုံးတတ်သော အကျင့်ကိုလည်း ရခဲ့သည်။ မည်သို့သော အပြုံးမှန်းတော့ သူ့ကိုယ်သူ သရုပ် မခွဲတတ်ပေ။ ပုံစံ မမှန်မှန်းတော့ သိသည်။ 


“ဒီနှစ် ဆယ်တန်း ဖြေမလို့ဆို” 


“ဟုတ်ကဲ့ ဆရာ” 


“ဘယ် ကျူရှင် တက်မှာလဲ” 


“မသိသေးပါဘူး” 


 “အင်း ကျူရှင်ခနဲ့၊ ကားခနဲ့၊ လခမှ ကျန်ပါတော့ မလား” 

 

ရီရီမာ ပြုံးနေ ပြန်သည်။ 


“မကျန်လဲ ဘယ်တတ်နိုင် မှာလဲ ဆရာရဲ့၊ ဆရာတို့လို လခ ကောင်းတဲ့ အရာရှိ သားသမီးမှ မဟုတ်တာ” 


သွဲ့သွဲ့အေး  မေးလေး ငေါ့၍ ဝင်ပြော၏။ 


“ညည်း အဖေလောက် လခ မကောင်းပါဘူး အေ၊ ရီရီမာတို့ အဖေ ကလဲ မလုပ်ချင်လို့ပါ၊ သူ့ အရည်အချင်းနဲ့ ဒီထက်ကောင်းတဲ့ နေရာ ရောက်နိုင်ပါတယ်၊ မဟုတ်ဘူးလား” 


ရီရီမာ ပြုံးလိုက်မိ၏။ 


ဒီတစ်ခါတော့ တကယ်ပြုံးခြင်း ဖြစ်သည်။ ဖေဖေကတော့ ဘယ်တော့မှလဲ လခကောင်းမှာ မဟုတ်ပါဘူး။ ဖေဖေသာ ဒီလို နေရာမျိုးမှာ ရောက်နေရင်လဲ ရုံးကိစ္စ မဟုတ်တဲ့ အကြောင်းတွေကို တယ်လီဖုန်းထဲမှာ အကြာကြီး ပြောနေမှာ မဟုတ်ဘူး။ ရုံးက ကောင်မလေးတွေ ကိုလည်း အကြာကြီး စကားလက်ခံ ပြောနေမှာ မဟုတ်ဘူးဟု တွေးမိသောကြောင့် ဖြစ်လေသည်။ 


သွဲ့သွဲ့အေးက ခပ်ထေ့ထေ့လေး စကား ဆက်နေ ပြန်သည်။ ဦးမြဖေက တဟဲဟဲ ရယ်နေ၏ ရီရီမာက သတိပေးသည့် သဘော သက်ရောက်အောင် လက်မှတ် ထိုးပြီးသား စာရွက်ကို လှမ်းယူသည်။ ကုလားထိုင်မှ ထမည့်ဟန် ပြုသည်။ သည်တော့မှ သွဲ့သွဲ့အေးက နေရာမှ ထသည်။ အခန်းထဲက ထွက်လာကြ သည်ကို အခန်းပြင်ဘက်က စာရေးမလေး တွေက ကြည့်နေသည်။ သူတို့ဘာသာ ဘာကြောင့်ပဲ ကြည့်ကြည့် ရီရီမာ ရှက်ရွံ့သလို ဖြစ်မိပြန် လေသည်။ 


ထုံ၊စံအတိုင်း သွဲ့သွဲ့အေးက အကျႌချုပ်ဆိုင်သို့ သွားသည်။ ရက်ချိန်း မမှန်သော စက်ဆိုင်ကို သွဲ့သွဲ့အေး နည်းတူ ရီရီမာ စိတ်ဆိုးမိ လေသည်။ သည်လိုသာ အခေါက်ခေါက် အခါခါ လာနေရလျှင် မခက်ပါလား၊ သို့သော် သူတို့နည်းတူ ရုံးဝတ်စုံနှင့် မိန်းကလေးပေါင်း များစွာ ဗိုလ်ချုပ်ဈေး ထဲမှာ လူးလာခတ် နေသည်ကို မြင်ရတော့ စိတ်သက်သာရာ ရသွားသလိုလို ရှိသည်။ 


သွဲ့ဘွဲ့အေးသည် အကျႌ ရွေးပြီးနောက် ဧဈးကို တစ်ပတ်ပတ် နေလိုက် သေးသည်။ အထည် အဆင်ဆန်းများကို ကြည့်ရင်း သွဲ့သွဲ့အေးက လခထုတ်လျှင် ဝယ်ပစ်မည်ဟု ကြုံးဝါးနေ သော်လည်း ရီရီမာ ကတော့ သူနှင့် ဘာမျှ မဆိုင်သလို ခံစားရသည်။ ရီရီမာလည်း မိန်းကလေး ငယ်ရွယ်သူမို့ ဝတ်ချင် စားချင်စိတ် ရှိသည်ပင်။ သို့သော် မီးဖိုချောင်ထဲမှာ ချေွးတလုံးလုံးနှင့် ချက်ပြုတ် စီမံနေသော မေမေ့ကို မြင်ယောင်ပြီး သည်စိတ်တွေကို ချိုးနှိမ်ရ၏။ လခထုတ်လျှင် မေမေ့ကို ရှံသားစလေး တစ်စ ဝယ်ပေးမည်ဟု စိတ်ကူး၏။ 

ဈေးက ပြန်ရောက်တော့ ရုံးပေါ်မှာ ထမင်းစား ကြသည်။ ထမင်းစားပြီး အမျိုးသမီး အချို့ စကားဝိုင်း ဖွဲ့ကြ၏။ သွဲ့သွဲ့အေး၏ အသံလေးက ညံစီနေသည်။ အရာရှိသမီး ဘွဲ့ရပြီး ရုပ်ရည် ချောမောသူ သွဲ့သွဲ့အေး၏ အပါးမှာ မျက်နှာလို အားရ ဝိုင်းဖွဲ့ နေသူကလည်း မရှား။ ရီရီမာတို့ ဌာနမှာ ခွင့်ကိစ္စ၊ လစာ ကိစ္စများကို ဆောင်ရွက် ပေးရသဖြင့် အလုပ် သိပ်မများလှ။ ရီရီမာ ကတော့ ပင်ကိုစိတ်ကိုက မနေတတ်၍ သူနှင့် ပတ်သက်ရာကို စောစော ပြီးထားစေရန် ကုန်းလုပ်သည်။ သည်လို လုပ်တော့လည်း အချို့က ချီးကျူးပေမင့် တချို့က မသိမသာ မဲ့ချင်သည်။ အလုပ် ဝင်စမို့ပါ။ ပညာ အရည်အချင်းက နည်းတော့ ပြုတ်သွားမှာ စိုးမှာပေါ့တဲ့။ လူကြီးကို မျက်နှာလုပ်ချင် လို့တဲ့။ 


ရီရီမာ အလုပ်ခွင် ဝင်ရခြင်းသည် အမိရင်ခွင်ထဲမှ ငှက်ကလေး တစ်ကောင် ကျယ်ပြန့်သော လောကကြီးထဲသို့ ရုတ်တရက် ဝင်ရောက် သွားသည်နှင့် တူလှတော့သည်။ 


* * *

 

ရန်ကုန်မြို့ ပေါ်မှာ ဘတ်စ်ကား ကျပ်သည့် အကြောင်းကို ပြောလျှင် ပင်လယ် ထဲမှာ ရေရှိသည်ဟု ပြောသည်နှင့် အတူတူပင် ဖြစ်ပေမည်။ အထူးအဆန်း ကိစ္စတစ်ရပ် မဟုတ်တော့။ မေမေက လမ်းစရိတ် သာသာ ထည့်ပေး လိုက်သော ပိုက်ဆံမျှသာ ပါသည် ဆိုသော်လည်း သားရေအိတ် ကလေးကို ရင်ခွင်မှာ ဖိကပ် ထားမိ၏။ အနည်းဆုံး သားရေအိတ် အခွဲခံရလျှင် သားရေအိတ် အသစ် ဝယ်နေရမည်။ ရုံးက မိန်းကလေး တချို့ သားရေအိတ် အခွဲခံရပေါင်း များသဖြင့် အသစ် မဝယ်ဘဲ ဖာထေ၊၍ သုံးကြသည်ကို တွေ့ရသည်။ ချုပ်ရာတွေ များလာတော့ “ကင်းခြေများ ဒီဇိုင်း’’ ဟု နာမည်ပေး ကြသည်။ 


ကားမှတ်တိုင်က နေပြီး အိမ်ကို ခပ်သုတ်သုတ် လမ်းလျှောက်ရ၏။ ရီရီမာ အတွက် အချိန်ပို သိပ်မရှိလှ။ လေးထပ်တိုက်ကို အပြေးအလွှား တက်ပြီး အိမ်ထဲ ရောက်ရောက်ချင်း၊ ထမင်းဘူးနှင့် သားရေအိတ်ကို ပစ်ချ လိုက်သည်။ ရေတစ်ခွက်ကို ခပ်ကာ တစ်ဝကြီး သောက်သည်။ 


“စာရေးမကြီး ပြန်လာပြီ’’ 


မောင်ငယ်က လှမ်း စသည်။ ညီမလေးက ညနေကျောင်း ဆိုတော့ အိမ်ပြန် မရောက်သေး။ 

“မေမေရေ ဘာဟင်း ချက်လဲ” 


ရီရီမာက မီးဖိုထဲကို လှမ်းအော်ကာ မေးသည်။ မေမေ ကတော့ ရယ်စရာလည်း ကောင်းသည်။ ဘာမျှ ဖွယ်ဖွယ်ရာရာ မချက်ဘဲနှင့်ကို မီးဖိုထဲက ထွက်ရသည် မရှိ။ တစ်ခါ တစ်ခါတော့ မေမေက ပြောသည်။ 


“ဟဲ့ အသား ဆီပြန်ဟင်း တစ်ခွက် ချက်ရတာ မြန်တယ်ဟဲ့၊ ကရိကထ မများဘူး၊ ဟင်းရွက်သင်ရ၊ ငါးပိချက်ရ၊ ပဲပုပ် ထောင်းရနဲ့ အဲဒါတွေက ကြာတာ” 

 

အိမ်မှာ ပုံးရည်ကြီးတို့၊ ပဲပုပ်တို့၊ ငါးပိချက်တို့ကို အားထား စားရ တတ်သည်။ ထို ဟင်းလျာများက အသား မပါသော်လည်း ထမင်းမြိန် စေ၏။ ဖေဖေက သွေးတိုး တတ်တော့ ဒန့်သလွန်ရွက် ကိုလည်း ဟင်းချို ချက်ပေးရ တတ်ရာ ဆားပေါ့သော ဟင်းရည် ချိုချိုကို အားလုံးဝိုင်း သောက်ကြ လေသည်။ 


“ပဲကြီးနဲ့ ဆူးပုပ် နှပ်တယ် သမီး၊ သရက်သီး ဆားရည်စိမ်လေးနဲ့ စားသွားမလား” 


ရီရီမာ မေမေ မမြင်သာအောင် နှာခေါင်းရှုံ့ လိုက်မိသည်။ ပဲကြီးကို ဖေဖေတို့ မေမေတို့ ကသာ အညာမှာ ကြီးပြင်း၍ ကြိုက်နှစ်သက် သော်လည်း ရီရီမာ ကတော့ ခံတွင်း မတွေ့ပေ။ အညာမှာ လိုလည်း ဆီနိုင်နိုင်နှင့် ချက်နိုင်သည် မဟုတ်။ တစ်ယောက်တည်း စားသွား ရမှာထက် စာလျှင် ကျူရှင်က ပြန်လာမှ မောင်နှမတွေနှင့် စကားဝိုင်းဖွဲ့ စားလျှင် ကောင်းမည်ဟု တွက်လိုက်သည်။ 


“ပြန်လာမှ စားမယ်၊ မေမေ၊ မေမေ့သမီး ပြန်လာရင် သမီး ပြန်လာမှ စားလို့ ပြောလိုက်ပါ” 


ရီရီမာသည် ရုံးဝတ်စုံကို လဲလှယ်ပြီး လွယ်အိတ် လွယ်ကာ ပြန်ထွက်ခဲ့သည်။ တက်ထရွန် လုံခြည်ပြောင်နှင့် ရှပ်အကျႌ အကွက်သေးသေး ဝတ်လိုက်တော့ ရီရီမာသည် ကလေး တစ်ယောက် အသွင် ပြောင်းကာ ပေါ့ပါး သွားသည်။ အကြီးဆုံးမို့သာ ဦးဆောင်ရ သော်လည်း ရီရီမာ နုနယ် ငယ်ရွယ် သေးတာကို တွေးမိပြီ ဒေါ်သင်းကြည် မကြာခဏ ကရုဏာ သက်စွာ ငေးကြည့်မိ တတ်သည်။ ယခုတော့ လှမ်း၍ မကြည့်အား တော့ပေ။ သားသမီးတွေ ထမင်း မြိန်စေရန် ငါးပိကို အဖျော် ကောင်းကောင်းလေး စီမံနေရ သောကြောင့် ဖြစ်၏။ 

 

ရီရီမာသည် လှေကားမှ ခပ်သွက်သွက် ကလေး ပြေးဆင်းခဲ့၏။ လမ်းထိပ်က ကွမ်ယာဆိုင်မှာ ငှက်ပျောသီး တစ်လုံးကို ပြားသုံးဆယ် ပေးကာ ဝယ်လိုက်ပြီး လမ်းလျှောက်ရင်း အခွံနွှာ စားသွားသည်။ ကျူးရှင်ကို ရောက်မှ ရေတစ်ခွက်ကို ဦးစွာ သောက်၏။ 

 

နာမည်ကြီး ကျူရှင် မဟုတ်သော်လည်း ဆရာကတော့ စေတနာ ကောင်းပါသည်။ ရာထူး အသင့်အတင့် ရှိသော လူတစ်ယောက်၏ သား။ ဘွဲ့ရပြီး ရုံးတစ်ရုံးမှာ အလုပ် လုပ်သည်။ ဝင်ငွေ အပိုရှာသည့် အနေထက် ဝါသနာ ပါ၍ဟု အကြောင်းပြကာ လူ လေး ငါး ဆယ်ယောက်နှင့် ကျူရှင်လေး ဖွင့်ထားခြင်းသာ ဖြစ်သည်။ အသောအထေ့ ပြက်လုံးတွေ နားမထောင်ရ သော်လည်း စိတ်ရှည် လက်ရှည် ရှင်းပြသဖြင့် ရီရီမာတို့ လူငယ် တစ်သိုက် ကတော့ သဘောကျသည်။ 


“ဘယ်လို ဖြစ်နေတာလဲ၊ ရေတွေချည်း ဖိသောက်နေ” 


နောင်နောင်သည် ရီရီမာ့ကို အမြဲ စောင့်ကြည့်နေသူ ဖြစ်၏။ ရီရီမာတို့ တိုက်နှင့် တစ်တိုက်ကျော်က ဖြစ်လေသည်။ တစ်ယောက်ချင်း တွေ့လျှင် အေးဆေး၍ ခင်မင်စရာ ကောင်း သော်လည် အပေါင်းအသင်းနှင့် အုပ်စုဖွဲ့ နေသော အခါတွင်တော့ နောက်ရာ ပြောင်ရာမှာ ရဲတင်းလှသူ ဖြစ်သည်။ 


“ရေငတ် နေတာကိုး ဟ” 


ရီရီမာသည် ရှေ့ဆုံး ခုံမှာ သွားထိုင်၏။ တိုက်ခန်း၏ မျက်နှာစာ လေးကို ကွယ်၍ အခန်းဖွဲ့ ထားသော စာသင်ခန်း ကလည်း ကျယ်ဝန်းလှသည် မဟုတ်ပေ။ နောင်နောင်သည် ရီရီမာ နောက်မှာ လာထိုင်၏။ 

“ရီရီမာ၊ နင် အခု အလုပ်လုပ် နေပြီဆို” 


လူမစုံသေးပေ။ ရီရီမာသည် ဗလာစာအုပ် တစ်အုပ်ကို ထုတ်ကာ ယပ်ခတ် နေလိုက်သည်။ 

“ဟေ့၊ ငါ မေးနေတာ မကြားဘူးလား” 


“ဪ၊ အေး” 


“နင် ဘာလို့ အလုပ် လုပ်ရတာလဲ၊ အလုပ် မရှိဘဲနဲ့တောင် မအောင်ဘဲနဲ့ဟာ” 


နောင်နောင်သည် သူ့စိတ်နှင့် နှိုင်းပြောခြင်း ဖြစ်၏။ နောင်နောင့် အဖေသည် လခနည်းလှသူ မဟုတ်ပေ။ နောင်နောင်က တစ်ဦးတည်းသော သားလည်း ဖြစ်၍ ပူစရာ မရှိလှ။ သို့သော် နောင်နောင် ဆယ်တန်း ဖြေနေသည်မှာ သုံးနှစ် ရှိပြီ။ လမ်းထိပ်က လက်ဖက်ရည်ဆိုင် သို့မဟုတ် တိုက် လှေကားရင်းမှာ နောင်နောင်တို့ လူသိုက်ကို ဂစ်တာနှင့်သော် လည်းကောင်း၊ အသားလွတ်ကြီးသော် လည်းကောင်း ထာဝစဉ် ဝိုင်းဖွဲ့ နေသည်ကို တွေ့ရတတ်သည်။ 


ရီရီမာက ခပ်ပြတ်ပြတ် ပြောလိုက် လေသည်။ တခြား မိန်းကလေးများ ရောက်လာကြ၏။ 


“မအောင်လဲ ဘယ်တတ်နိုင်မလဲ”


“ငါက နင် အလုပ် လုပ်တာ မကြည့်ရက်လို့ ပြောတာပါဟယ်” 


နောင်နောင် နောက်နားက ကပ်၍ ပြောသည်။ တစ်ရပ်ကွက်တည်း အတူ နေလာသည်မို့ နောင်နောင့်ကို ခင်မင်ခဲ့ သော်လည်း ယခုတလော နောင်နောင့် အပြုအမူတွေ ရဲတင်းနေ၍ ရီရီမာ စိတ်တိုရ လေသည်။ 


“နောင်နောင်၊ နင် ငါ့နောက်က ထိုင်ရင် အေးအေးဆေးဆေး ထိုင်နော်၊ စကား သိပ်မပြောနဲ့ ၊ ဆရာ ပြောတာ ဘာမှ မကြားရဘူး” 


အခန်းကျဉ်းလေး ထဲမှာ လူစုံ လာ၏။ ရုံးက ပြန်ရောက်ပြီး ခေတ္တ နားနေပုံ ရသော ဆရာလည်း အခန်းထဲ ဝင်လာသည်။ 


ဆရာသည် ဆယ်တန်းကို သုံး လေးနှစ် အတွေ့အကြုံ ရှိပြီးသား တပည့်များ အတွက် အရေးကြီးမည် ထင်ရသော ပုစၧာများကို ရှင်းလင်း တွက်ပြလေသည်။ ရီရီမာ ရုံးမှာလည်း အေးအေးဆေးဆေး ထိုင်မနေခဲ့ရ။ ဗိုလ်ချုပ်ဈေးကို ပတ်ခဲ့ရသဖြင့် မောနေသည်။ ဗိုက်ကလည်း ဆာနေသည်။ ဆရာ့ အသံကလည်း တိုးသည်။ နောက်က နောင်နောင် ကလည်း တိုးတိုး တိုးတိုး ပြောနေသည်။ ဘာတွေမှန်း မသိ။ ပင်ပန်း နွမ်းနယ် လာသည်။ အိပ်ငိုက်ချင် လာသည်။ 


သို့သော် သည်နှစ် ဆယ်တန်း အောင်မှ ဖြစ်မည် ဟူသော စိတ်ဇောဖြင့် မျက်လုံးကို ကြိုးစား၍ ဖွင့်ပြီး နားကိုလည်း အစွမ်းကုန် စွင့်ထားလိုက် လေသည်။ 


* * *


“မမအေးက ခင်လို့ သတိပေးတာနော်၊ တစ်မျိုး မထင်ပါနဲ့” 


“မထင်ပါဘူး။ မမအေး ရယ်၊ မထင်ပါဘူး’’ 


ရီရီမာ သက်ပြင်းလေးကို ခိုး၍ ရှိုက်မိသည်။ ခက်သည်က သွဲ့သွဲ့အေး သွားစရာ ရှိလျှင် မည်သည့် အခါမျှ တစ်ယောက်တည်း မသွားတတ်။ သူ့မှာ သွားစရာ လာစရာ ကိစ္စတွေ ကလည်း များပါဘိ။ အပြင် သွားတာက ထားဦး၊ ဟိုအခန်းထဲကို အကြောင်းမဲ့ သွားသွားနေတာ ခက်သည်။ သူ သွားတိုင်းလည်း ရီရီမာကို လက်တို့ ခေါ်သည်။ အထဲ ရောက်တော့လည်း ဘာမျှမဟုတ်။ အလုပ်အကြောင်း မေးသလိုလိုနှင့် ဟိုအကြောင်း သည်အကြောင်း ရောက်သည်။ ဦးမြဖေက ဖြူဖြူ ချောချော။ မိန်းကလေးများ သဘောကျ လောက်သည့် ရုပ်မျိုးပဲ။ အသက်ကြီးပေမင့် အရွယ်တင်သည်။ သူ့မိန်းမနှင့် အိမ်ထောင်ရေး အဆင်မပြေကြောင်း ရုံးမှာ သတင်းဖြစ် နေသည်။ 


“အဲဒါ တမင် ကြေညာနေတာ” 


မမအေးက တိုးတိုး ပြောသည်။ 


“ခက်တယ် မမအေး၊ မာ့ကိုလဲ ခဏခဏ ခေါ်ပြီး စာတွေ ပြင်ခိုင်းတယ်၊ သူ မခေါ်လဲ သွဲ့က ခေါ်လို့ ပါသွား ပြန်ရော၊ မာတို့ နှစ်ယောက်က လူသစ် ဆိုတော့ သူများ ပြောချင်စရာ ဖြစ်နေမှာပဲ” 


“သွဲ့ကိုတော့ သူ့အရှိန်အဝါနဲ့ လူတွေက မပြောရဲကြဘူး” 


မမအေးက မရဲတရဲ ပြောပြန်သည်။ မမအေး ပြောသည့် အဓိပ္ပါယ် ရီရီမာ နားလည်သည်။ မြေနိမ့်ရာ လှံစိုက် တတ်ကြသည်ပဲ။ ရီရီမာ ကလည်း မိဘ အရှိန်အဝါကို ထုတ်ဖော် သုံးစွဲတတ်သူ မဟုတ်။ ဖေဖေက လက်ရှိရာထူး အဆင့်အတန်း အားဖြင့် ဩဇာအာဏာ ကြီးမားလှသည် မဟုတ်သော်လည်း နာမည်ကို ပြောလိုက်လျှင်တော့ လေးစား လောက်သည့် ပုဂ္ဂိုလ် တစ်ယောက်မှန်း သိနိုင်သည်သာ။ 


“မာကတော့ အလုပ်ဝင်ရင် အလုပ် အကြောင်းပဲ သိရမယ်၊ ကိုယ့် အတွက်လဲ ကိုယ်ပိုင် ဝင်ငွေလေး ရမယ်၊ ဒီလောက်ပဲ တွက်ထားခဲ့တာ၊ အလုပ်ထဲ ရောက်တော့ သိစရာ အကြောင်း တွေက များလိုက်တာ လွန်ရော၊ ဒါပေမယ့်လဲလေ အိမ်ရောက်တော့လဲ ဒီအကြောင်းတွေ မတွေးအားတော့ ပါဘူး၊ ကျူရှင် တက်ရ၊၊ စာကျက်ရနဲ့ ပင်ပန်းလွန်းလို့ စာအုပ်ကိုင်ရင်း အိပ်ပျော်သွားတာ ချည်းပဲ” 


မမအေးက ကြင်နာစွာ ပြုံးသည်။ 


“မမအေးလဲ သတိထားမိ ပါတယ်ကွယ်၊ အခု အသစ် ဝင်လာတဲ့ မိန်းကလေးတွေ ထဲမှာ မာက အသက်ငယ် ပေမယ့် လူကြီးလေး လိုပဲ၊ စဉ်းစား တတ်တယ်၊ တချို့က အပေါ်ယံလေးတင် ကြည့်ပြီး အထင်သေးချင် ကြတာ” 


“ကျေးဇူးပဲ မမအေး ရယ်၊ မာလဲ လူတွေ အပြော လွတ်အောင်ထက် ကိုယ့်ဘာသာ အနေမှန်ဖို့ပဲ ကြိုးစားတော့မယ်” 


ပြောသာ ပြောရသည်။ သက်ပြင်း ကိုတော့ တိတ်တိတ်လေး ရှိုက်မိသည်။ 


ဘဝကို စတင် ရင်ဆိုင် တိုက်ခိုက် ရခြင်းသည် စောလွန်း နေသလား။ 


* * *


“သမီးလဲ အလုပ် လုပ်ချင်တယ်၊ မေမေ” 


နီနီမာကို အားလုံးက ဝိုင်းကြည့် ကြသည်။ နီနီမာသည် ခပ်တည်တည်နှင့် မည်သူ့ကိုမျှ မကြည့်ဘဲ နေသည်။ မေမေက ထမင်းလုတ်ကို လက်ဖြင့် သိမ်းပြီးမှာ ပါးစပ်ထဲ မထည့်သေးဘဲ နီနီမာကို အံ့ဩစွာ ငေးကြည့် နေသည်။ 


နီနီမာ ကလေးဆန်မှန်း၊ ဆိုးတတ်မှန်းတော့ တစ်အိမ်လုံးက သိသည်။ တစ်စုံတစ်ခုကို မကျေနပ်လျှင် ပထမ စကားမပြော ဆောင့်အောင့် နေမည်။ သို့မဟုတ် ငြိမ်သက်မည်။ ထို့နောက် မည်သူမျှ အရေး မယူလျှင် သူ မကျေနပ်တာကို တစ်နည်းနည်းဖြင့် ထုတ်ဖော် ပြသတော့သည်။ 


ယခု နီနီမာ စကားစ လိုက်ခြင်း သည်လည်း တစ်စုံတစ်ရာကို မကျေနပ်ကြောင်း ပြတော့မည်မှာ သိသာသည်။ နီနီမာသည် သည်နှစ်မှ ရှစ်တန်း ဖြေရမည် ဖြစ်သည်။ ဘယ်လို လုပ်ပြီး အလုပ်လုပ်လို့ ရမလဲ။ 


“နင်က ဘာလုပ် မလို့လဲ၊ ဖေဖေတို့ ရုံးမှာတော့ သန့်ရှင်းရေး အလုပ်သမားတွေ လိုတယ်လို့ ကြားတယ်” 


စိုးပိုင်က နောက်တတ် ပြောင်တတ်သူ ဖြစ်သည်။ နီနီမာ မပြုံး မရယ်ဘဲ မောင်ငယ်ကို မျက်စောင်းဖြင့် ပစ်ထိုး လိုက်လေသည်။

 

“လုပ်မယ် လုပ်မယ်၊ တံမြက်စည်း လှည်းတဲ့ အလုပ်ပဲရရ လုပ်မယ်၊ အိမ်မှာ အလုပ် မရှိတော့ မျက်နှာငယ်တယ်၊ ဖေဖေကလဲ အလုပ် လုပ်တဲ့ သူမှ ချီးကျူးတယ်၊ မေမေကလဲ အလုပ် လုပ်တဲ့ သူမှ ဦးစား ပေးတယ်” 


မေမေ မျက်နှာပျက် သွားသည်။ ရီရီမာသည် အလိုက် မသိတတ်သည့် ညီမကို မေမေ စိတ်ဆင်းရဲအောင် ပြောရ ပါမည်လားဟု မာန်မဲပစ်ချင် သော်လည်း နီနီမာသည် ပြောပြီးလျှင် ပြီးပြီး ပျောက်ပျောက် ဖြစ်သွားတတ် သည်ကို သတိရကာ နွဲ့ဆိုး ဆိုးသော ညီမကို ခွင့်လွှတ် လိုက်တော့သည်။ 


“ငါက ဘာတွေများ အခွင့်အရေးတွေ ပိုရ နေလို့လဲ အေ၊ ဘာလဲ ညည်း ထမင်းဘူး ထဲမှာ ဟင်းနည်း ပြန်ပြီလား” 


“ဒါလောက်ကတော့ ရိုးနေပါပြီ’’ 


မေမေက ရီရီမာ့ကို လက်ကုတ်ပြီး အသာနေရန် ပြောလိုက်သည်။ နီနီမာသည် ထမင်းဝိုင်းမှ ခပ်ဆောင့်ဆောင့်လေး ထသွားသည်။ ဘာပဲဖြစ်ဖြစ် သူ မကျေနပ် ကြောင်းကို ပြသ လိုက်ရပြီ ဖြစ်သဖြင့် သူ့ကိစ္စ ပြီးသွားပြီ ဖြစ်၏။ 


“အမေ့သမီး ဘာဖြစ်လို့လဲ” 


ရီရီမာက တိုးတိုး မေးသည်။ 


“ကျောင်းဖွင့်စ ဆိုတော့ လွယ်အိတ် အသစ် လိုချင်သတဲ့ အေ၊ လွယ်အိတ်က အကောင်းကြီး ရှိသေး၊ တစ်နှစ် တစ်လုံး ဘယ်ဝယ်နိုင် မလဲလို့ ပြောမိလို့” 


ရီရီမာ သိလိုက်၏။ မေမေက ရီရီမာ လခထဲက ရီရီမာ့ အတွက် ပလတ်စတစ်ခြင်း လှလှလေး တစ်လုံး ဝယ်ပေးသည်။ ထမင်းဘူးကြီး လက်က ကိုင်ပြီး ဘတ်စ်ကား တိုးစီး ရသည်ကို အခက်အခဲ တွေ့ရမည် စိုးသောကြောင့် ဖြစ်၏။ 

 

“ဝယ်ပေးလိုက်ပါ မေမေရယ်၊ အဟောင်းကို စိုးပိုင် အတွက် ထားလိုက်၊ သူက အစား စားရရင် ကျေနပ်တဲ့ ကောင်” 


“ရတယ် ရတယ်၊ သူ့ လွယ်အိတ် တစ်လုံး ဝယ်မယ့်အစား ဝက်သား တစ်ပိသာလောက် ဝယ်ပြီး ကောင်းကောင်း ချက်စား လိုက်မယ်” 


အိမ်မှာ မောင်နှမ တစ်တွေနှင့် သည်လို ပြောဆို နေထိုင် ရသည့် ဘဝကို တန်ဖိုးရှိမှန်း ယခုမှ ပိုသိလာရ လေသည်။ မိသားစု ကြားမှာ ကလေးလို အပူအပင် မရှိ နေရခြင်းသည် ပြင်ပ အလုပ်ခွင်တွင် ကျင်လည်ရ သည်ထက် နှစ်သက်ဖွယ် ကောင်း၏။ သို့သော် မိသားစု ပြဿနာကို တစ်ဘက် တစ်လမ်းမှ ကူညီ ဖြေရှင်းဖို့ အလုပ်ခွင်ကို ဝင်ခဲ့ရသည်ပင် နောက်ဆုံးတော့ ရုံးကိစ္စ ရုံးမှာ ထားကာ အိမ်ကိစ္စ အိမ်မှာ ဖြေရှင်းတမ်း ဟူသော စိတ်ကို မသင်ကြား ရဘဲ မွေးမြူတတ် လာသည်။ 


“ဖေဖေကော ပြန်မလာ သေးဘူးလား မေမေ” 


“ရုံးဆင်းရင် သူ့ အပေါင်းအသင်း တွေဆီ ဝင်ဦးမယ် ပြောတာပဲ၊ ထုံးစံအတိုင်း အာလူး ပေးဦးမှာပေါ့” 


“ပေးပါစေ မေမေရယ်၊ အစကတော့ ဖေဖေ ပြောတာတွေဟာ အပိုတွေချည်းပဲ ထင်ခဲ့တာ၊ ခုမှ တချို့ ဟာတွေဟာ အတော်ကို ဟုတ်ပါလားလို့ သိလာ ရတယ်” 


အငယ် နှစ်ယောက် အနားမှာ မရှိတော့၍ သားအမိ နှစ်ယောက်တည်း မီးဖိုခန်းလေး ထဲမှာ ကျန်ရစ်သည်။ မေမေသည် ရီရီမာ့ကို အကြီးဆုံး သမီး ဖြစ်သည်နှင့် အညီ အစစ အရာရာ တိုင်ပင်ရ လေသည်။ 


“ဘာတွေများ ဟုတ်ရ ပြန်တာလဲ၊ ဆိုစမ်းပါဦး” 


မေမေက ပန်းကန်တွေကို ဆေးကြောရင်း လှမ်းမေးသည်။ 

 

ရီရီမာက မေမေ ဆေးပြီးသား ပန်းကန်များကို စင်ပေါ် တင်ပေးရင်း သူ့ ခံစားချက်ကို မေမေ နားလည်အောင် မည်သို့ ပြောရပါလိမ့်ဟု စဉ်းစား နေလေသည်။ မေမေသည် ဖေဖေ့ကို အမြဲ နှာခေါင်းရှုံ့၍ ရှုတ်ချတတ် သော်လည်း တကယ်တမ်း အထင်သေး နှိမ့်ချလိုခြင်း မဟုတ်ဟု နားလည် လာသည်။ တစ်ချိန်တုန်းက ဖေဖေ့ကို ကြည်ညိုလို့သာ အားလုံးကို ဆန့်ကျင်၍ ယူခဲ့သည် မဟုတ်ပါလား။ 


“ဖေဖေ ပြောပြော နေကျလေ၊ ဖောက်ပြန်တတ်တဲ့ လူစား ဆိုတာ” 


“ဟေ” 


မေမေက ကြီးကြီးကျယ်ကျယ် ပြောလိုက်သော ရီရီမာ့ကို လှမ်းကြည့်သည်။ 


“ဟုတ်တယ်၊ မေမေရဲ့၊ အရင်တုန်း ကတော့ ဖေဖေဟာ သူများကို တမင်တကာ ခွကန့်လန့် တိုက်ပြီး ရှုတ်ချ နေတာလို့ ထင်မိတယ်၊ နောက်တော့မှ ဖေဖေ ဘာကြောင့် ဒီလိုပြောတယ် ဆိုတာ သဘောပေါက် လာတယ်” 


မေမေသည် နားဝေးလှ သူတော့ မဟုတ်ပေ။ ရီရီမာ့ စကားကို နားလည် သွားဟန်ဖြင့် ခေါင်းညိတ်သည်။ တစ်ဆက်တည်း မှာပင် သမီး အတွက် စိုးရိမ်ပူပန် သွားသည့် လက္ခဏာလည်း မြင်ရသည်။ 


“ဘယ်နေရာ မဆို အလိုက်အထိုက် ကြည့်နေပေါ့ သမီး ရယ်၊ ကိုယ် ကောင်းရင် ခေါင်းဘယ်မှ မရွေ့ဘူးလို့လဲ တစ်ဘက်သတ် မတွေးနဲ့ သမီး၊ တစ်ခါတလေ တော့လဲ သူများ အပြော လွတ်အောင်ကို နေပြ ရတာလဲ ရှိတယ်” 

“ဟုတ်ကဲ့ပါ မေမေ” 


သားအမိ နှစ်ယောက်လုံး မည်သည်ကို ရည်ရွယ်၍ ပြောနေမှန်း သိနားလည် ကြသည်။ 


“သမီး အလုပ် လုပ်ရတာ ငယ်လွန်း ပါတယ်ကွယ်၊ ဆယ်တန်း အောင်ပြီးရင် ထွက်လိုက်တော့၊ ကျောင်းကိုပဲ အေးအေးဆေးဆေး တက်” 

 

မေမေ အစိုးရိမ် လွန်သွားလေပြီ။ 


“မထွက်ဘူး မေမေ၊ အခု မလုပ်လဲ နောက် လုပ်ရမှာပဲ၊ စောစော လုပ်တော့ စောစော အတွေ့အကြုံ ရတာပေါ့၊ သမီးအတွက် စိတ်မပူနဲ့” 


မေမေသည် ခေတ္တ ငိုင်သွား၏။ ပြီးမှ ခပ်တိုးတိုး ပြောသည်။ 


“ညည်း အဖေ ရှေ့တော့ ရုံးက အကြောင်းတွေ သိပ်မပြောနဲ့ အေ” 


* * *


“သွဲ့ ကတော့ သူ့ကို ခင်လိုပါ တဲ့၊ သွဲ့ကို ခုလို ရှောင်ဖယ်ဖယ် လုပ်တာ နားမလည်ဘူး တဲ့၊ သွဲ့က အကျင့် စာရိတ္တ ပျက်နေတဲ့ မိန်းကလေးမို့လား တဲ့” 


သွဲ့သွဲ့အေး၏ စိတ်နာ စကားများကို တစ်ဆင့် ပြန်ကြား ရသည်။ ရီရီမာ အနေအထိုင် ဆင်ခြင် ရခြင်းသည် သွဲ့သွဲ့အေးနှင့် မိတ်ဆွေ ပျက်ပြားစရာ ဖြစ်လာရသည်။ သည်အတွက် ရီရီမာ စိတ်မကောင်း။ သွဲ့သွဲ့အေးသည် ခင်မင်စရာတော့ ကောင်းသားပင်။ အထင်အမြင် လွဲမှားမှု အတွက် ရီရီမာက ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရှာသည်။ မတွေ့။ 


ရုံးတွင်းက သတင်း စကားတွေ ကလည်း ပျံ့နှံ့နေသည်။ ချဲ့ကားသည့် စကားတွေက မကြားဝံ့စရာ။ ရီရီမာ တောင်မှ အရှောင် ကောင်းလို့ လွတ်တာတဲ့။ ရှက်စရာလည်း ကောင်းသည်။ ဝမ်းနည်းစရာလည်း ကောင်းသည်။ မေမေ ပြောသလိုပင် ကိုယ်ကောင်းလျှင် ခေါင်း ဘယ်မှမရွေ့ ဆိုသော်လည်း နုနယ်သော မိန်းကလေး တစ်ယောက် အတွက် ကြမ်းတမ်း လွန်းလှသည်။ 


သွဲ့သွဲ့အေး ကတော့ ဘာကိုမျှ မမှု။ ရီရီမာ့ ကိုတောင် အရွဲ့တိုက် လိုက်ပြီး တစ်ယောက်တည်း လျှောက်သွားသည်။ ဝင်ချင်သည့် နေရာ ဝင်သည်။ ထွက်ချင်သည့် နေရာ ထွက်သည်။ ရီရီမာ ကတော့ ဖားကိုလည်း မတုဝံ့ပေ။ တုလို စိတ်လည်း မရှိ။ အိမ်မှာ မေမေ ဟင်းချက်စရာဖိုး ပြေလည်ဖို့၊ ညီမလေးကို လွယ်အိတ် အသစ် ဝယ်ပေးဖို့၊ မောင်လေးကို အသားဟင်း များများ၊ ကျေွးနိုင်ဖို့လောက် စိတ်မလှုပ်ရှားပေ။ 


ရုံးရယ်၊ အိမ်ရယ်၊ ကျူရှင်ရယ်၊ သည် သုံးနေရာကို အကွက်စေ့အောင် ကူးသန်းရင်း သူ့ဘာသာ လုံးချာလိုက်သည်။ 


ရီရီမာ စာမေးပွဲ ဖြေကာနီး ခွင့်ယူရ၏။ ကျူရှင် လောက်နှင့် စိတ်မချနိုင်ဘဲ အထူး သင်တန်းတွေ၊ မှတ်စုတွေ တက်ရ ကျက်ရနှင့် ပင်ပန်းလှ၏။ သည်ကြား ထဲမှာ ဖေဖေက သွေးတိုး ပိုလာသဖြင့် မေမေက အနားယူ သင့်သည်ဟု ယူဆကြောင်း ပြောသည်။ ဖေဖေ စကားကို ကျယ်လောင် ကျယ်လောင် သိပ်မပြော နိုင်တော့။ “ငါ အနားယူရင် မင်းတို့ ဘာနဲ့ သွားစားမလဲ” စိုးရိမ် ကြောင့်ကြသော စကားကို ပထမဆုံး အကြိမ် ဖွင့်ဆို လေသည်။ 


မေမေက မရဲတရဲ ပြောသေး၏။ 


“မဝင်း ကတော့ ခေါ်သား၊ ဘာမှ ပင်ပင်ပန်းပန်း မလုပ်ရပါဘူး၊ သူ့ဘေးက ကူရုံပါပဲ တဲ့” 


မဝင်း ဆိုသည်မှာ မေမေ့အစ်မ ဖြစ်၏။ ဈေးရောင်းဖို့ ခေါ်ခြင်း ဖြစ်ပေမည်။ ဖေဖေသည် ခါတိုင်းလို မေမေ့ကို ဒေါသတကြီး မအော်တော့။ ညှာတာ လာပုံ ရသည်။ 


“ငါ မသေခင် မင်း သားသမီးတွေ လက်လွတ်ရင်တော့ ဘာပူစရာ လိုသလဲကွာ၊ ဒါကြောင့် ငါ သားသမီး တွေကို ဘဝမှာ နေတတ် ထိုင်တတ်အောင် သင်ပေး နေရတာကွ၊ အထူးသဖြင့် ဆိုတာ စိတ်ဓာတ်ပဲ၊ လူငယ်ဆိုတာ စိတ်ဓာတ် မြင့်မြင့် ထားရတယ်၊ အလုပ် လုပ်ရမယ်၊ ငါတို့ခေတ်ထက် ပိုလုပ်ရမယ်၊ ခေတ်က ပြောင်းလဲ လာတာနဲ့ အမျှ လူဦးရေက တိုးပွါး လာတယ်။ စရိတ်က ကြီး လာတယ်၊၊ နေစရာ ကျပ်တည်း လာတယ်၊ ဒီတော့ အစစ အရာရာ ခက်ခဲ ကျပ်တည်း မှာပဲ၊ အဲဒါကို ကိုယ်နဲ့ ကိုယ့်မိသားစုလေး ပြေလည်ရင် ပြီးရော ဆိုပြီး ရသမျှ အခွင့်အရေး သိမ်းကျုံး ယူတဲ့ သူဟာ အလကား လူပဲ၊ ဒီလို လူမျိုးဟာ ဘယ်လိုပဲ စည်းစိမ် အာဏာနဲ့ နေရ နေရ အဓိပ္ပါယ် မရှိပါဘူး” 


မေမေ မျက်နှာလွှဲစ ပြုသည်။ မေမေသည် ဖေဖေနှင့် ကာလများစွာ အတူ နေခဲ့ရ၍ ဖေဖေ့ စကားများသည် သူ့အတွက် ရိုးနေပေမည်။ 


ဖေဖေ မောနေသည်။ သို့သော် ဖေဖေသည် သူ ပြောချင်ရာ ပြောရမည် ဆိုလျှင် ပြီးဆုံးအောင် ပြောရမှ ကျေနပ်သူ ဖြစ်၏။ ရီရီမာက ဖေဖေ့ စကားကို စိတ်ဝင်စားကြောင်း ပြသရသည်။ 


“ဖေဖေဟာ ရာထူး ဂုဏ်ရှိန်နဲ့ ငွေကြေး အရတော့ အလကား ဖြစ်ချင် ဖြစ်နေမယ်၊ ဒါပေမယ့် အလုပ် ဝတ္တရား ကျေပွန်တဲ့၊ အခွင်အရေး မယူတဲ့ နိုင်ငံသား တစ်ယောက် အနေနဲ့တော့ နိုင်ငံအတွက် တန်ဖိုးရှိအောင် နေခဲ့တယ် ဆိုတာ သားသမီးတွေ သဘောပေါက် စေချင်တယ်၊ ဖေဖေ့ သားသမီးတွေ ကိုလဲ ဒီလိုပဲ ဖြစ်စေချင်တယ်” 


ဖေဖေ့ အသံသည် တိုးသွားသည်။ 

ရီရီမာ ကတော့ ဖေဖေ့ကို လေးစားစွာပင် ကြည့်နေ ပါသည်။ ဖေဖေ့ကို အပေါ်ယံအားဖြင့် ကြည့်လျှင် လူ့ခွစာကြီးဟု ထင်ကြ သော်လည်း ရီရီမာ မထင်ရက်တော့။ ဖေဖေသည် သူရသမျှ ရာထူးလေး အတွက်ပင် အပြည့်အဝ စေတနာ ထားကာ ထမ်းဆောင်ပေး ခဲ့သည်။ တချို့ တချို့သော လူတွေနှင့် နှိုင်းယှဉ်ပြီး ဖေဖေ့ကို ပိုလေးစား လာရလေ၏။ 


* * *


ရီရီမာ စာမေးပွဲကို အထူး ကြိုးစားပြီး ဖြေသည်။ 


သားသမီး သုံးယောက် စာမေးပွဲ ဖြေရေး အတွက် မေမေလည်း ပင်ပန်းလှသည်။ ဈေးကို ပိုပြီး နောက်ကျမှ သွားသည်။ မီးဖိုထဲ ဝင်ချိန်က ပိုကြာ လာသည်။ ထမင်းစားပွဲ ကတော့ ဖွယ်ဖွယ်ရာရာ ဖြစ်လာ၏။ သို့သော် မေမေသည် ဖေဖေ့ အလစ်မှာ ဈေးက အစ်မဆီ သွားသွား နေတာကို ရီရီမာက သိနေသည်။ 


စာမေးပွဲ ဖြေနေသည့် အခိုက်မှာ ရီရီမာ အားလုံးကို မေ့ထားလိုက်၏။ သည်စာမေးပွဲသည် ရီရီမာ အတွက် ဘဝ စာမေးပွဲလည်း ဖြစ်သည် မဟုတ်လား။ 


စာမေးပွဲ ပြီး၍ ရုံး ပြန်တက်သည့် နေ့မှာ သတင်းထူး များကို ကြားရ လေသည်။ 


ဦးမြဖေ တစ်ယောက် တခြားဌာနကို ပြောင်းသွားသည် တဲ့။ သူကတော့ သူ့အကျိုး အတွက် သူ လုပ်စရာ ရှိတာ လုပ်ပြီး အချိန်တန်တော့ လိုရာ ရောက်အောင် တက်လှမ်း တတ်သည့် သူပဲ။ 


သွဲ့သွဲ့အေးက အလုပ်သင် အရာရှိ စာမေးပွဲ ဖြေဆို အောင်မြင်သည် တဲ့။ နောက်ဆုံး သတင်း ကတော့ ကောင်းသည်ဟု ဆိုရမည်လား မသိ။ ရီရီမာက ဌာနတွင်း မွမ်းမံသင်တန်း တစ်ခုကို တက်ရမည့် သူတွေထဲတွင် ပါသည်။ ပြီးလျှင် အလုပ် အားဖြင့်လည်း တစ်ဆင့် တက်နိုင်သည်။ နေရာ အားဖြင့်လည်း တစ်နေရာသို့ ပြောင်းရွှေ့ ရဖွယ်ရာ ရှိသည်။ 


ရီရီမာ အားမလျှော့ပါ။ 


စာမေးပွဲ ကိုလည်း အောင်မြင် လိမ့်မည်ဟု မျှော်လင့်သည်။ အနာဂတ်သည် လင်းနေသည်။ မွမ်းမံသင်တန်း တက်ရလျှင်လည်း ပျော်စရာ ကောင်းတာပါပဲ။ တိုးတက် လာခြင်းပဲပေါ့။ 


သို့သော် တခြားနေရာ ပြောင်းရွှေ့ ရလျှင် ဘယ်နေရာမျိုး ကိုများ ရောက်လေမည်လဲ။ မေမေ့ကို ပြောပြလျှင်တော့ စိတ်ပူရှာ ပေလိမ့်မည်။ နယ်တွေ ဘာတွေများ ရောက်သွားလျှင် ဒုက္ခ။

 

ရီရီမာ သူ့ အတွက် မပူသော်လည်း မေမေ့ အတွက် စိတ်ပူ၏။ ရီရီမာသည် မေမေ့ အတွက် တအား ဖြစ်၏။ လ၏ အလင်းရောင် ရှိသော်လည်း ကြယ်လေးပါ လင်းလက်နေက ပိုကောင်းမည် မဟုတ်ပါလား။ 


ဆယ့်နှစ်လုံးတန်းက တိုက်ခန်းလေး ထဲမှာ ဖေဖေ့ ဦးဆောင်မှုရယ်၊ မေမေ့ ထိန်းသိမ်းမှုရယ်၊ ရီရီမာရဲ့ ကြိုးစားချက် ကလေးရယ် ပေါင်းစည်း ကျားကန် ထားမှ မောင်လေး၊ ညီမလေးတွေ အတွက်လည်း ပိုမို အင်အား ပြည့်နိုင်မည်။ ဒါမှလည်း ဖေဖေ့ အစဉ်အလာကို ရီရီမာတို့ မောင်နှမ အားလုံး၊ ထိန်းသိမ်း နိုင်မည်။ ရီရီမာတို့ အတွက် အမွန်အမြတ် ပြုထားရမည့် အစဉ် အလာကို ချမှတ်ပေး ခဲ့သည့် ဖေဖေ့ ကိုလည်း ရီရီမာ ရင်ထဲက လှိုက်လှဲစွာ ကြည်ညို လေးစား မိသည်။ 


မည်သို့သော အကြောင်း ဖြင့်မှ ရီရီမာတို့ကို အရှက် မရစေ ခဲ့သော ဖေဖေ၊ သားသမီးတွေ အတွက်လည်း ဖေဖေ အရှက် မရစေရဟု ရီရီမာ သန္နိဋ္ဌာန် ချမိလေသည်။ 


ဖေဖေ ပြောသလို ရီရီမာတို့ မောင်နှမ တစ်တွေ အားလုံး လက်လွတ်သည် အထိ ဖေဖေလည်း အသက်ရှင် နေပါစေဦး။ ပြီးတော့ ဖေဖေ ပြောနေကျ စကားများထဲမှ “လူတွေဟာ နိုင်ငံ အတွက် အလုပ်လုပ် ကြရမယ်၊ နိုင်ငံ ကလဲ လူတွေ အတွက် တာဝန်ယူ ရမယ်၊ ဒီလိုမှ မဟုတ်ရင်တော့” စသည် စသည် တို့ကို ကြားယောင်ပြီး ရီရီမာ အားတင်း လိုက်သည်။ 


ရုံးမှ သတင်းထူးကို ယူဆောင်၍ ဘတ်စ်ကားကို တိုးဝှေ့ စီးရင်း ရီရီမာသည် သူတို့ မိသားစု၏ ဘုံဗိမာန်လေး ဆီသို့ ပြန်လာခဲ့ လေသည်။


မိုးမိုး (အင်းလျား)

ရှုမဝ၊ ဇွန်၊ ၁၉၈၂။


(မြန်မာပြည်မှာ နေကြသည်) 


”မြန်မာဝတၳုတိုများ” ပေ့ဂျ်ကနေ ကူးယူပါတယ်။


စလေ ငနော့ 




Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်