ဆေးဦးနှောက် § မင်းလူ
ဆေးဦးနှောက်
••••••••••••••••••••••••
မင်းလူ
ဖြူဝါဝါအတွန့်အတွန့်တွေနဲ့ လက်ခုပ်ထဲတောင် ထည့်ထားလို့ရသော ပျော့စိစိအရာတစ်ခုက ကမ်ဘာကြီးတစ်ခုလုံးကို ထင်သလို ခြယ်လှယ်နိုင်တယ်ဆိုတာ အတော်အံ့သြဖို့ ကောင်းသည်။ ထိုအရာကို ဦးနှောက်ဟုခေါ်သည်။ သူသည် လူ့ခန္ဓာကိုယ်မှာ အရေးအပါဆုံးဖြစ်၏။ ဒါကြောင့်လည်း သူ့ကို ထိပ်ပေါ်တင်ထားရတာပေါ့။ မာကျောသော အရိုးများနှင့် ဖွဲ့စည်းထားသည့် ဦးခေါင်းခွံဖြင့် ကာကွယ်ပေးထားသည်။ တော်ရုံတန်ရုံနဲ့ ထိခိုက်ပျက်စီးမှုမရှိနိုင်အောင်လို့လေ။ ပြီးတော့ ကင်းသမားများဖြစ်ကြသော နားနှင့်မျက်စိတို့ကို သူနှင့်အနီးဆုံးမှာ အစောင့်ချထားလိုက်သေးသည်။
(သူတို့က မရှိမဖြစ် အရေးပါသောကြောင့် လူကြီးနားခေါ်ထားတာမျိုးလည်းဖြစ်နိုင်၏။)
ဦးနှောက်သည် လူ့ခန္ဓာကိုယ် တစ်ခုလုံးကို ထိန်းချုပ်ထားသည်။ သွေးဥကလေးတစ်လုံး၊ ဆဲလ်ကလေးတစ်လုံးကအစ သူ့သြဇာအောက်မှာရှိသည်။ ဇီ၀ဖြစ်ပျက်မှုအားလုံး သူ့ဆီသတင်းပို့ရသည်။ အရာ၀တၳုတစ်ခုကို တွေ့တဲ့အခါ မျက်စိကမြင်ရခြင်းမဟုတ်။ မျက်စိသည်မှန်ဘီလူးတစ်ခုသာဖြစ်၏။ ပုံရိပ်များကို စုစည်းပြီး မြင်လွှာပေါ်သို့ ပို့ပေးရခြင်းသာဖြစ်၏။ မြင်လွှာကတစ်ဆင့် ဦးနှောက်ထံသတင်းပို့ရသည်။ ဦးနှောက်က "မြင်စေဗျာ" ဆိုတော့မှ မြင်ရခြင်းဖြစ်၏။ တကယ်ဆိုလျှင် မြင်တယ်လို့ ပြောတာထက် သိတယ်လို့ ပြောတာက ပိုပြီးသင့်တော်မယ်ထင်သည်။
ထို့အတူ တစ်နေရာရာက နာတယ်၊ ကျင်တယ် ဆိုတာလည်း ထိုနေရာက နာခြင်းမဟုတ်။ ဦးနှောက်က နာခြင်းသာဖြစ်၏။ ထိုကိစ္စကို သက်သေပြနိုင်သည်။ ခန္ဓာကိုယ်အောက်ပိုင်း ခွဲစိတ်ကုသမှုတွေ ပြုလုပ်သောအခါ ခါးဆစ်ရိုးအတွင်းက အာရုံကြောမကြီးထဲသို့ ထုံဆေးထိုးသွင်းရသည်။ ထိုအခါ ခန္ဓာကိုယ်အောက်ပိုင်းနှင့် ဦးနှောက်တို့ အဆက်အသွယ်ပြတ်သွားသည်။ ခွဲစိတ်၊ ဖြတ်တောက် ဘာပဲလုပ်လုပ် ဘာမှ မခံစားရတော့။ နာကျင်မှုလည်း မရှိတော့။
ဦးနှောက်သည် နေရာတကာ ပါလေရာဖြစ်သောကြောင့် အလုပ်အလွန်များသည်။ ထို့ကြောင့် လုပ်ငန်းဆောင်တာတွေ ရှုပ်ထွေးမှုမဖြစ်ရအောင် (ကွန်ပြူတာ ဟတ်ဒစ်စ်တွေမှာလို) အကန့်တွေ ခွဲထားရသည်။ မှတ်ဉာဏ်အပိုင်း၊ နာဗ်ကြောတွေကို ထိန်းချုပ်တဲ့အပိုင်း၊ စဉ်းစားဆင်ခြင်တဲ့အပိုင်း၊ ဟော်မုန်းတွေ ထိန်းညှိတဲ့အပိုင်း စသည်ဖြင့် တာ၀န်တွေ ခွဲခြားထားသည်။ ဒိထဲကမှ အပိုင်းတစ်ပိုင်း ချွတ်ယွင်းသွားတာကို "တစ်ခန်းပျက်နေတယ်" ဟု အရပ်စကားနှင့်ပြောကြသည်။
လျှပ်စစ်ပစ္စည်းတွေကို အချိန်အကြာကြီး ဆက်တိုက်သုံးလျှင် အပူရှိန်လွန်ကဲပြီး ပျက်စီးတတ်သည်။ ဦးနှောက်ကိုလည်း တအားခိုင်းလျှင် "ကွိုင်ပူ"လာတတ်သည်။ ထို့ကြောင့် သူ့ကို အနားပေးတဲ့အနေနဲ့ အိပ်စက်ခိုင်းရသည်။ အိပ်တယ်ဆိုတာ မျက်စိညောင်းမှာစိုးလို့ဟု တချို့က ထင်သည်။ ဒီအတွက်ကတော့ မျက်စိမှိတ်ထားရုံနဲ့ လုံလောက်တာပဲ။ အမှန်တော့ အိပ်စက်ခြင်းဆိုတာ ဦးနှောက်ကို အညောင်းဖြေခိုင်းခြင်းသာဖြစ်၏။
ဒါတောင် အပြည့်အ၀နားရတာမဟုတ်။ စဉ်းစားတွေးခေါ်ခြင်း၊ လှုပ်ရှားသွားလာခြင်း စသော ကိစ္စတွေအတွက်သာ အာရုံကြော တစ်ချို့ သက်သာခွင့်ရခြင်းဖြစ်၏။ နှလုံးစည်းချက်ကိုထိန်းတာ။ အသက်ရှူနှုန်းညှိတာ၊ သွေးလှည့်ပတ်မှုကို စောင့်ကြည့်တာစတဲ့ လုပ်ဆောင်ချက်တွေကတော့ ရပ်ပစ်လို့ မရဘူးလေ။ အကြားအာရုံကိုလည်း တစ်၀က်တစ်ပျက် ဖွင့်ထားရသေးတာကော။ ဒီကြားထဲမှာ အိပ်မက်တွေက လာလာပြီး နှောင့်ယှက်တတ်သေးသည်။ ဦးနှောက်ဖြစ်ရတာ ထိပ်ဆုံးမှာ နေရတယ်ဆိုပေမယ့် တယ်မစားသာလှဘူးနော်။
◾
လူနှင့်တိရစာၦန်တို့၏ အဓိက ခြားနားချက်မှာ ဦးနှောက် ဖွံ့ဖြိုးမှု မတူခြင်းပင်ဖြစ်သည်ဟု ဆိုကြသည်။ ဒါ၀င်၏ သီအိုရီအရ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာတုန်းက လူဆိုတာလညး် တိရစာၦန်တစ်မျိုးသာဖြစ်၏။ တကယ်ဆိုလျှင် လူရယ်လို့တောင် ဖြစ်မလာသေးဘူးဟု ပြောနိုင်သည်။ ဒီထဲက မျောက်ဝံတစ်မျိုးသည် တခြားတိရစာၦန်တွေထက် အသိဉာဏ်ပိုရှိလာပြီး တစ်စ တစ်စ ဖွံ့ဖြိုးတိုးတက်လာရာမှ လူဖြစ်လာသည်ဟုဆို၏။
ထိုဖြစ်စဉ်မှာ စနစ်တကျ အကွက်ချ စီစဉ်ထားခြင်းမဟုတ်။ တနည်းအားဖြင့် ဘယ်တန်ခိုးရှင်ကမှ ဖန်ဆင်းလို့ မဟုတ်။ မတော်တဆ တိုက်ဆိုင်မှု တစ်ခုကြောင့်သာဖြစ်၏။ ဒီအတိုင်းဆိုလျှင် လူတို့သည် ကံကောင်းထောက်မလို့သာ ဒီလို ဦးနှောက်မျိုးကို ရှိခဲ့တာဟု ပြောရလိမ့်မည်။
ဒီနေရာမှာ တစ်ခုသွားတွေးမိ၏။ ကမ်ဘာပေါ်မှာ စက္ကန့်နဲ့အမျှ ထူးခြားတိုက်ဆိုင်မှုတွေ သန်းနဲ့ ချီပြီး ရှိနေတာပဲ။ လူကျမှပဲ သူများထက် ပိုသာတဲ့ ဦးနှောက်ကို ရရသလား။ လူလိုပဲ ဦးနှောက်ကောင်းတဲ့ ပြိုင်ဘက်သတ္တဝါမျိုး မပေါ်ပေါက်ခဲ့တာ အတော်ထူးဆန်း၏။ တစ်ခုတော့ရှိ၏။ ဟိုတစ်ချိန်တုန်းက ဒီလို သတ္တဝါမျိုးတွေ ပေါ်ကောင်းပေါ်ခဲ့လိမ့်မည်။ လူဖြစ်လာမယ့် အကောင်တွေက လက်ဦးအောင် သုတ်သင်ရှင်းလင်းပစ်လိုက်လို့ မျိုးတုံးသွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ လူတွေက ယုံရတာမဟုတ်။ ပြိုင်ဘက်ပေါ်လာရင် အပြတ်ရှင်းချင်တဲ့ ဉာဏ်က အဲဒီတုန်းကတည်းက ရှိချင်ရှိနေမှာ။
တကယ်တော့ လူတွေမှာ တိရစာၦန်ထက်သာတဲ့ အချက်က သိပ်မျာများစားစားမရှိ။ သိပ်ကြီးကြီးကျယ်ကျယ်လည်းမဟတု်။ ဆက်စပ်တွေးခေါ်ဆင်ခြင် စဉ်းစားတတ်တဲ့ အရည်အချင်းကလေး တစ်ခုထဲသာဖြစ်၏။ ဒီ ဘာမှမဟုတ်တဲ့ အကဲသာမှုကလေးကပဲ လူတွေကို ဒီဘ၀ရောက်အောင် ထိုးတင်ပေးလိုက်တာပါပဲ။
သစ်ကိုင်းချင်းပွတ်မိရာမှ တောမီးလောင်တာ၊ ကျောက်ခဲချင်း ထိခတ်မိလို့ မီးပွင့်တာကို အတုယူပြီး မီးကို ဖန်တီးလို့ ရမှန်းတွေးမိ၏။ အန္တရာယ်တွေ့လို့ လန့်ဖြန့် ယောင်ရမ်းပြီး ကျောက်ခဲနဲ့ ပစ်ပေါက်မိရာ ကျောက်လက်နက်ကို သုံးရကောင်းမှန်းသိလာသည်။ ရေထဲမှာ ပေါလောမျောနေသော သစ်တုံးကို ကြည့်ပြီး လှေလုပ်တတ်လာသည်။
လူက ဒီလောက်နဲ့ ရပ်နေတာမဟုတ်။ ရသလောက်နဲ့ တင်းတိမ်ရောင့်ရဲတတ်တာလည်း မဟုတ်။ ဆက်စပ်တွေးခေါ်တတ်တဲ့ ဦးနှောက်ကို ရပြီဆိုတော့လည်း ရှေ့ဆက်ပြီး မစဉ်းစားဘဲမနေနိုင်။ ရှေ့ဆက်ပြီး မတီထွင်ဘဲ မနေနိုင်။ ဒီလို ဆင့်ကဲ ဆင့်ကဲ တိုးတက်လာရာက ဒီနေ့ အခြေအနေအထိ ဆိုက်လာခြင်းသာဖြစ်၏။
သာမန်အားဖြင့်ဆိုလျှင် လူတို့၏ ဦးနှောက်သည် သိပ်ထက်ထက်မြက်မြက် ရှိလွန်းလှတာမဟုတ်။ တချို့သော စွမ်းရည်များတွင် တခြားတိရစ္တာန်တွေက လူထက်တောင် သာနေတာတွေရှိကြောင်း သိပ္ပံပညာရှင်များက ဆိုကြသည်။
ခွေးတွေက လူတွေထက် ပိုပြီးမှတ်ဉာဏ်ကောင်းသည်။ သင်္ချာစွမ်းရည်တွင် လူတို့သည် ပျားကောင်လေးတွေလောက်တောင် ထက်ထက်မြက်မြက်မရှိ။ ကြွက်တွေက ဖြတ်ထိုးဉာဏ်သုံးရာမှာ လူတွေထက်သာသည်။ တစ်ခုရှိတာက တိရစာၦန်တို့သည် သူတို့မှာ ရှိသော စွမ်းရည် တစ်ခု နှစ်ခုကိုသာ အားကိုးတတ်သည်။ လူတွေကတော့ မရှိမဲ့ ရှိမဲ့ အရည်အချင်းလေးတွေကို တစ်ခုနှင့်တစ်ခု ပေါင်းစပ်ပြီး အသုံးတည့်အောင် လုပ်တတ်သည်။
ဥပမာ-လူတို့သည် မှတ်ဉာဏ်လည်းမကောင်း၊ သင်္ချာလည်းညံ့သည်။ ထို့ကြောင့် အလွယ်တကူ ရေတွက်မှတ်သားနိုင်အောင် ကိန်းဂဏန်းတွေ၊ ပုံသေနည်းတွေကို တီထွင်ကြသည်။ ဒီလိုနည်းမျိုးတွေနဲ့ သူတို့ရဲ့ အားနည်းချက်တွေကို ကာကွယ်တတ်သောကြောင့် တခြားသတ္တဝါတွေအပေါ် ကြီးစိုးနေနိုင်ခြင်းဖြစ်၏။
လူတို့၏ ညံ့ဖျင်းမှုကို အထင်ရှားဆုံးသက်သေပြလိုက်သော အရာကတော့ ကွန်ပြူတာပင် ဖြစ်လေ၏။
ဦးနှောက်ပိုကြီးလျှင် ဉာဏ်ပိုကောင်းသည်ဆိုသော အယူအဆတစ်ခုရှိသည်။ ခန္ဓာကိုယ်နှင့် ဦးနှောက်တို့၏ အချိုးအစားကို နှိုင်းယှဉ်ပြီး တွက်ချက်ခြင်း ဖြစ်၏။ ဆင်တစ်ကောင်သည် ခန္ဓာကိုယ်ကြီးမားသော်လည်း ဦးနှောက်က သေးငယ်သည်။ ဒိုင်နိုဆောတွေဆိုလျှင် သူတို့၏ဦးနှောက်က အံ့သြစရာကောင်းလောက်အောင် သေးငယ်နေသည်။ ဒါ့ကြောင့်လည်း အရေးကြုံတဲ့အခါ မကြံတတ် မဖန်တတ်ဘဲ စောစောစီးစီး မျိုးတုံးပျောက်ကွယ် သွားကြရရှာတာဟု အဆိုရှိသည်။
ဒီလိုမျိုး အချိုးချကြည့်တဲ့အခါ လူတို့၏ဦးနှောက်သည် ခန္ဓာကိုယ် အရွယ်အစားနှင့်နှိုင်းယှဉ်လျှင် အဆမတန်ကြီးမားနေကြောင်း တွေ့ရသည်။ ဒါကလည်း အကြောင်းရှိသည်။ အလေးမ၊ ဒိုက်ထိုး၊ လေ့ကျင့်ခန်းများများ လုပ်လျှင် ကြွက်သားတွေ ကြီးထွားလာသလို လူတွေက ဦးနှောက်ကို အသုံးပြုဖန်များလို့ အရွယ်အစား တဖြည်းဖြည်းကြီးလာခြင်း ဖြစ်ပုံရသည်။ ဒီအတိုင်းမှန်လျှင်တော့ နောင်အခါမှာ လူတွေက ကွန်ပြူတာ အားကိုးနဲ့ ကိုယ့်ဦးနှောက်ကို သိပ်အသုံးမချချင်တော့သဖြင့် တဖြည်းဖြည်းပြန်ပြီး သေးငယ်သွားလေမလားမသိ။
ဆေးပညာသဘောအရ ဖြစ်နိုင်မဖြစ်နိုင်တော့ မပြောတတ်။ အရပ်ထဲက လူတွေကတော့ ခေါင်းကြီးလျှင် ဦးနှောက်ကြီးသည်ဟု ယူဆကြသည်။ ထို့ကြောင့် ခေါင်းကြီးသော ကလေးများကို ဉာဏ်ကောင်းလိမ့်မည်ဟု နိမိတ်ဖတ်ကြခြင်းဖြစ်၏။ ဟုတ်သင့်သလောက်လည်း ဟုတ်ကောင်းဟုတ်ပါလိမ့်မည်။ သို့ရာတွင် နှစ်ဆယ်ရာစု၏ ဉာဏ်ပညာအကြီးမားဆုံး ပုဂ္ဂိုလ်ဟု သတ်မှတ်ခံရသော အိုင်းစတိုင်း၏ ဦးခေါင်းသည် သူလိုကိုယ်လို အရွယ်အစားမျှသာ ဖြစ်ကြောင်း တွေ့ရပြန်လေသည်။
တချို့ကလည်း ခေါင်းကြီးခြင်း သေးခြင်းနှင့်မဆိုင်၊ ဦးခေါင်းခွံ အတွင်းရှိ ဦးနှောက်ထည့်သော အကန့် အကျဉ်းအကျယ်နှင့်သာ တိုင်းတာနိုင်သည်ဟု ဆိုကြပြန်သည်။
နောက်စေ့ချွန်သော သူများသည် ဦးနှောက်အတွက် နေရာပိုရသဖြင့် ဉာဏ်ကောင်းလေ့ရှိသည်ဟု ယူဆတာမျိုးလည်းရှိ၏။ နောက်စေ့ချွန်တယ်ဆိုတာက တံတောင်ဆစ်တို့ မေးစေ့တို့လို ချွန်းထွက်နေတာမျိုးကို ပြောတာမဟုတ်။ ဦးနှောက်ရဲ့ နောက်ဘက်မှာ ခပ်ဖောင်းဖောင်းလေး စွန်းထွက်နေတတ်ခြင်းကို ဆိုလိုသည်။ ဒါကို တချို့ လူမျိုးတွေက ဆန်အိတ်ပါတယ်ဟုပြောကြသည်။ ကြံရည်ဖန်ရည်ရှိတယ်။ လုပ်တတ် ကိုင်တတ်တယ်။ စားဖို့ သောက်ဖို့ မပူရဘူးဆိုတဲ့ သဘောပေါ့။
တချို့က ဦးခေါင်းပုံစံ အနေအထားကိုကြည့်ပြီး ဦးနှောက်ကောင်းမကောင်း ခန့်မှန်းလို့ ရသည်ု ဆိုသည်။ ဉာဏ်ပညာကြီးမားသူများ၏ ဦးနှောက်သည် ဘယ်လိုများနေပါလိမ့်မလဲဟု လေ့လာချင်သူ သိပ္ပံပညာရှင်များလည်းရှိသည်။ ဒီလို ပုဂိ္ဂုလ်ကြီးများ ကွယ်လွန်သောအခါ ဦးနှောက်ကို ထုတ်ယူပြီး သုတေသန ပြုလုပ်ခွင့်ရဖို့ ငွေအမြောက်အမြား ကြိုတင်ပေး၍ ၀ယ်ယူထားတတ်ကြသည်ဟု ကြားဖူးသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး ဆရာကြီးရွှေဥဒေါင်း၏ စုံထောက်ဦးစံရှားစာအုပ်မှ ပွေလီအင်းခွေးကြီး အမှုတွင်ရေးထားသည်။ တစ်နေ့သ၌ ဦးစံရှားထံသို့ အမှုအပ်မည့် ဆရာ၀န်တစ်ယောက် ရောက်ရှိလာသည်။ ထိုသူက ခရီးရောက်မဆိုက်မှာပင် ဦးစံရှားကို အကဲခတ်ကြည့်ပြီး မှတ်ချက်ချလိုက်သည်။
"မိတ်ဆွေရဲ့ ဦးခေါင်းနေပုံ ကြည့်ရတာ ပထမတန်း ဦးနှောက်ရှိတယ်လို့ ကျွန်တော် ဆိုဝံ့တယ်။ ကျွန်တော့်မှာ ပိုက်ဆံရှိရင် ခင်ဗျား ဦးနှောက်ကို ကျပ်ငါးထောင် ပေး၀ယ်ဝံ့ပါရဲ့"
" မလုပ်ပါနဲ့ ဗျာ၊ ခေါင်းနဲ့ ကိုယ်နဲ့ အိုးစားမကွဲပါရစေနဲ့ဦး ဆရာကြီးရယ်"
"အိန္ဒိယပြည်က ဂဏန်းသင်္ချာ ပါရဂူဘို့စ်ရဲ့ ခေါင်းကို နှစ်သောင်းနဲ့ ၀ယ်ထားတယ်ပြောတယ်၊ ခင်ဗျားဦးနှောက်ကို ရောင်းရင် နှစ်သောင်းထက် မနည်းရပြီးသားပဲ"
"ဦးခေါင်းကုန်ကူးချင်တဲ့ လူနဲ့ တွေ့နေပါပြီ။ ခင်ဗျားလာရခြင်းက ကျုပ်ဦးနှောက်ကို အရှင်အတိုင်း အသုံးချချင်လို့ မဟုတ်ဘူးလား"
"သေတော့ ကြည့်လုပ်တာပေါ့။ ရှင်တုန်းမှာ ကိစ္စပြောပါဦး။ မနေ့ ညက တစ်ခေါက် ၊ ခုတစ်ခေါက် လာပုံထောက်တော့ တော်တော်အရေးကြီးပုံရတယ်။ ဦးခေါင်းပွဲစားလောက် ကမယ် မထင်ပါဘူး" ဟု ဦးစံရှားသည် ရယ်မောပြောဆိုလိုက်လေ၏ ဟု ရေးထားတာဖတ်ဖူးပါသည်။
ကျွန်တော်တို့ အဖေ၏ ဦးခေါင်းသည်လည်း နောက်ဘက်မှာ ခပ်ဖောင်းဖောင်းလေး ချွန်ထွက်နေသည်။ သူ့ကို ချစ်ကြောက်ရိုသေကြသော တပည့်တွေက ကွယ်ရာမှာ "ဗိုလ်နောက်စေ့" ဟုခေါ်ကြသည်။
တစ်ခါတော့ အဖေ နေမကောင်းဖြစ်သောကြောင့် ဆေးရုံတက်ရသည်။ အဖေက ခေါင်းတုံးဆံတောက် ဘဲမြီးဆံပင်ပဲထားသည်။ ဆံပင်နည်းနည်းရှည်လာလျှင် မနေတတ်။ ခေါင်းယားသည်ဟုဆို၏။ ဆေးရုံပေါ်မှာ ရက်နည်းနည်းကြာတော့ ဆံပင်ညှပ်ချင်သည်ဟု ပြောလာသည်။ ထို့ကြောင့် ဆံသဆရာကို ဆေးရုံခေါ်ပြီး ညှပ်ခိုင်းရသည်။ တစ်ဖက်ကုတင်မှာ ဘုန်းတော်ကြီးတစ်ပါး ရောက်နေသည်။ ဘုန်းကြီးက အဖေ ဆံပင်ညှပ်နေတာကို အကဲခတ်ရင်း
"အင်း... ဒီဒကာကြီးရဲ့ ခေါင်းကိုကြည့်ရတာ တော်တော်ဦးနှောက်ကောင်းမယ့်ပုံပဲ" ဟု မှတ်ချက်ပြုသည်။ အနားမှာ ရှိနေသော ကျွန်တော့ အစ်ကို ကိုရူပက ကြားသွားပြီးပြုံးလိုက်မိ၏။ ဒါကိုမြင်တော့ ဘုန်းတော်ကြီးက
" အဲ့ဒီဒကာကြီးက ဘယ်သူတုန်း" ဟု မေးသည်။
" ဦးသာဓုပါ ဘုရား" ဆိုတော့မှ
"အော်... ဒါ့ကြောင့်ကိုး" ဟုမိန့်တော်မူသတဲ့။
ကျွန်တော်၏ ဦးခေါင်းအနေအထားသည် အဖေနှင့်တူသည်။ "ဒါကြောင့် ဦးနှောက်ကောင်းတာ" ဟု ဆိုသည်။ သို့ရာတွင် ဒီလိုပြောတဲ့လူက ကျွန်တော့်အမေ ကိုယ်တိုင်ဖြစ်နေသောကြောင့် ထိုစကားကို အတည်ပြုဖို့ ခက်သည်။ ကျောင်းက ဆရာဆရာမတွေက
"ဉာဏ်လေးကောင်းချင်ရက်သားနဲ့ စာမကြိုးစားချင်ဘူး။ ပေကပ်ကပ်နဲ့" ဟု ပြောကြသည်။
သူငယ်ချင်းတွေက
"မင်းဟာ အတော်ဉာဏ်များတဲ့ကောင်" ဟု ချီးကျူးသလိုလို အမြင်ကပ်သလိုလို ဆိုကြသည်။
စာပေသမားအချင်းချင်းကတော့
"ပေါက်ကရ ကပ်သီးကပ်သပ် တွေးတဲ့နေရာမှာတော့ တော်ပါပေတယ်"ဟု ထောမနာ ပြုကြလေသည်။
ကျွန်တော်ပဉ္ဇင်းတက်တုန်းက ကတုံးရိတ်ပေးတဲ့ ဦးဇင်းကတော့ ဆံပင်ကို သင်တုန်းဓားနှင့် ဆွဲချရင်း
" ဒီဒကာ အတော်ခေါင်းကြောမာတယ်" မှတ်ချက်ချဖူးပါသည်။
ကျွန်တော်သည် ဦးနှောက် ကောင်းမကောင်းတော့မသိ။ ၀တၳုတိုလေးတစ်ပုဒ်၊ အက်ဆေးလေးတစ်ပုဒ်၊ ကဗျာလေးတစ်ပုဒ်ကို တစ်ပတ်ဆယ်ရက်လောက်ကြာအောင် ပင်ပင်ပန်းပန်း ရေးရတာတော့ အမှန်ပါပဲ။ ပြီးတော့ ခုချိန်ထိ ကျွန်တော့် ဦးနှောက်ကို ဈေးကောင်းပေး၀ယ်မယ့် လူလည်းမရှိသေးပါ။ ပိုက်ဆံလေးနည်းနည်းပါးပါးလောက်ပေးပြီး ခေါင်းပူလောက်အောင် အများကြီး စဉ်းစားခိုင်းချင်သူမျိုးနှင့်သာ တွေ့ရတာများပါသည်။
ဦးနှောက်၏လုပ်ငန်းဆောင်တာများမှာ အလွန်ရှုပ်ထွေးသည်။ ဦးနှောက်၏ စွမ်းဆောင်နိုင်မှုများမှာ အံ့ဖွယ်သရဲဖြစ်သည်။ ဒီဦးနှောက်ကြောင့် ကမ်ဘာကြီးကို စိုးမိုးနေနိုင်ခြင်းဖြစ်သည် စသဖြင့် လူတွေက ကိုယ့်ဟာကိုယ် အထင်ကြီးနေကြသည်။
တကယ်တော့ ဦးနှောက်မှာ အလွန်ညံ့ဖျင်းသော အားနည်းချက်ကြီးတစ်ခုရှိနေသည်။ ကိုယ်မှတ်ချင်တာတွေချည်းရွေးပြီး မှတ်သားလို့မရခြင်းနှင့် မှတ်မိပြီးသားအကြောင်းအရာတွေထဲက မလိုချင်တာကို ပြန်ဖျက်ပစ်လို့ မရခြင်းပင်ဖြစ်၏။ အထူးသဖြင့် ထိတ်လန့်စရာ၊ သွေးပျက်စရာ၊ နာကျည်းစရာ အဖြစ်အပျက်တွေဆိုလျှင် ပိုပြီးစွဲစွဲမြဲမြဲ မှတ်မိနေတတ်သည်။ မုန်းတီးလေလေ မေ့လို့ မရလေဖြစ်ခြင်းကလည်း ထူးဆန်းလှသည်။
ကျွန်တော်တစ်ဦးတည်း၏ သဘောထားကို ပြောရလျှင် ဦးနှောက်ဆိုတာ တခြားနေရာတွေမှာသာ အသုံးတည့်ချင်တည့်မည်။ အချစ်ကိစ္စမှာတော့ ဘာမှအားကိုးမရတဲ့ အပိုပစ္စည်းသက်သက်ပဲ။ အကူအညီမရတဲ့အပြင် တစ်ခါတစ်ခါ အနှောင့်အယှက်တောင် ပေးတတ်သေးသည်။ သူ့ပယောဂကြောင့် လွဲချော်ခဲ့ရသော ချစ်သူတွေများလှပြီ။ ကျွန်တော့်မှာ ဦးနှောက်ရှိနေသောကြောင့် မတွေးဘဲမနေနိုင်။ အတွေးစ တစ်ခုရလျှင် မဆုံးနိုင်အောင် ဆွဲဆန့်ထုတ်တတ်သော ဝါသနာရှိသောကြောင့်လည်း ဘာရယ်မဟုတ် လျှောက်စဉ်းစားကြည့်နေမိခြင်းဖြစ်၏။ ဘုန်းကြီးကျောင်းက သံချောင်းခေါက်သံကြားတော့မှ ညနေလေးနာရီ ထိုးနေပြီဖြစ်ကြောင်း သတိပြုမိ၏။ အိပ်ရာထ နောက်ကျခဲ့သောကြောင့် မနက်စာ ထမင်းတောင် ခုထိမစားရသေး။ ထို့ကြောင့် ရေမိုးချိုး၊ အ၀တ်အစားလဲပြီး ထမင်းစားပွဲဆီသွားသည်။ ဘာဟင်းများ ချက်ထားသလဲဟု သိလိုစိတ်ဖြင့် ထမင်းအုပ်ဆောင်းကို ဖွင့်ကြည့်လိုက်သည်။
ဆိတ်ဦးနှောက်။
မင်းလူ
2011 ဆေးတက္ကသိုလ်မန္တလေး နှစ်လည်မဂ္ဂဇင်း
(စာစီပေးသော ညီမငယ် ယဉ်ယဉ်နှောင်းအား ကျေးဇူးအထူးတင်ရှိပါသည်။)
”မင်းလူ၏အနုပညာရပ်ဝန်း” ပေ့ဂျ်ကနေ ကူးယူပါတယ်။
စလေ ငနော့
Comments
Post a Comment