နောင်တအတိနဲ့ ရေးတဲ့စာ § အတ္တကျော်

နောင်တအတိနဲ့ ရေးတဲ့စာ
••••••••••••••••••••••••••

အတ္တကျော်


သူက ကျွန်တော့်ထက် လေးနှစ်နီးပါးကြီးပါတယ်။ အဲတော့ သူက တက္ကသိုလ်ကို ကျွန်တော့်ထက် လေးနှစ် စောရောက်တာပေါ့။ ကျွန်တော် တက္ကသိုလ်တက်ချိန်မှာ သူ ကျောင်းက ထွက်သွားပြီ ထင်တယ်။ ဒါပေမယ့် သူ့ကဗျာတွေက ကျွန်တော်တို့ တက္ကသိုလ်ရောက်ချိန်အထိ ကျန်ရစ်နေတုန်းပါ။ ကျွန်တော့်ထက်ကြီးပြီး တက္ကသိုလ်မှာ ကျောင်းဆွေးဆွေး လူဆွေးဆွေး နေတဲ့ ကဗျာဆရာ ရာမ(ဘူမိဗေဒ)ရဲ့ ကျေးဇူးနဲ့ သူ့ကဗျာတွေ ဖတ်ရတယ်လို့ ပြောရမယ် ထင်တယ်။

ကိုရာမက ကျွန်တော် တက္ကသိုလ်မရောက်ခင် ဆယ်တန်း ကျောင်းသားဘဝမှာကတည်းက လူချင်းလည်း မတွေ့ဖူးဘဲ ကျွန်တော့် ကဗျာတွေကို သူတို့ တက္ကသိုလ်ကျောင်းတော်သားတွေ စုထုတ်တဲ့ စာကူးစက် လက်လှည့် ကဗျာစာအုပ်ထဲမှာ ယူသုံးခဲ့ပါတယ်။ အဲဒါနဲ့ ကျွန်တော်တက္ကသိုလ်ရောက်တော့ သူ့ကို သွားတွေ့ခဲ့တယ်။ သူနဲ့ နှစ်ကြိမ်လားပဲ ဆုံလိုက်ရတယ်။ သခင်ကိုယ်တော်မှိုင်း အရေးတော်ပုံက ကျွန်တော် ပထမနှစ် ကျောင်းသားဘဝမှာ ပေါ်ပေါက်လာခဲ့တာမို့ သူအဖမ်းခံ လိုက်ရပြီး ထောင်ကျသွားပါတော့တယ်။ သူနဲ့ ဆုံတုန်းမှာ သူက “တောကျောင်းဘုန်းကြီး” ရဲ့ ကဗျာတွေ ကောင်းကြောင်း ညွှန်းတာနဲ့ ကျွန်တော်လည်း ဖတ်ကြည့်ခဲ့ဖူးပါတယ်။

ကျွန်တော် မကြိုက်ပါဘူး။ အလင်္ကာတွေ ဖောင်းဖောင်းပွပွ သုံးထားတာကလွဲရင် အနှစ်အသား မရှိလှဘူးလို့ မြင်မိရတယ်။ ဒါ့ကြောင့် နောက်ပိုင်းမှာ အဲဒီ့ဆရာရဲ့ ကဗျာတွေကို မဖတ်ဖြစ်တော့ဘူး။

အဲ… အဲဒီ့ “တောကျောင်းဘုန်းကြီး”ဆိုတာ ဆရာသာဓုရဲ့ သားထွေး၊ ဒါရိုက်တာ မောင်ဝဏ္ဏနဲ့ မင်းသား သုမောင်တို့ရဲ့ ညီ ဆိုတာရယ်၊ “မင်းလူ” နာမည်နဲ့ စာတွေ ရေးစပြုနေပြီဆိုတာရယ်ကိုလည်း ကိုရာမဆီက တစ်ဆင့် သိထားရပါတယ်။

ခက်တော့လည်း ခက်သားလားဗျ။ ပထမဆုံးမြင်လိုက်တဲ့ အမြင်က လူတယောက်မှာ ကာလတောင်တာ ရှည်ကြာတဲ့အထိ စွဲမြဲသွားတတ်တဲ့ သဘာဝက ရှိပေတာကိုး။ သူ နုစဉ်အခါက ရေးခဲ့တဲ့ ကဗျာတွေအပေါ်မှာ မသာယာမိခဲ့တဲ့အတွက် သူ့ လုံးချင်းတွေ ထွက်လာတော့လည်း ဖတ်ကို မဖတ်ဖြစ်ခဲ့ဘူး။


သူ တအားအောင်မြင်ပါတယ်။ သူ့ဝတၳုတွေလည်း ရုပ်ရှင်တွေ ရိုက်၊ အကယ်ဒမီတွေရတဲ့အထိ အောင်မြင်တယ်။ ဒါပေမဲ့ ကျွန်တော် တအုပ်မှ မဖတ်ဖြစ်ခဲ့ဘူး။ ပထမဆုံး အမြင်ရဲ့ ချယ်လှယ်ပုံက အဲလိုသင်းတာ။ ပိုဆိုးတာက သူ့ဝတၳုကို ရုပ်ရှင် ရိုက်သူက သူ့အစ်ကိုကြီး ဖြစ်နေတာလည်း ပါပါလိမ့်မယ်။ သူတော်တာ မဟုတ်ဘူး၊ သူ့အစ်ကိုကြီး တော်တာဆိုတဲ့ အစွဲလည်း ဝင်သွား ထင်ပါရဲ့။

ကျွန်တော့် ပထမဆုံး စာမူ ပြင်ပ စာနယ်ဇင်းမှာ စတင်ပုံနှိပ်ဖော်ပြခံရချိန်က ၁၉၈၀ ဖြစ်ပေမယ့် တကယ့်တကယ် စာပေနယ်ကို ထဲထဲဝင်ဝင် စ ရောက်ချိန်က ၁၉၈၈ ခုနှစ်မှပါ။ အများသိတော်မူတဲ့အတိုင်း အဲဒီ့အချိန်မှာ သူ့ရဲ့ “ဘာတွေ ဖြစ်ကုန်ကြပြီလဲ”ဆိုတဲ့ ကဗျာက လူထုကြားမှာ ပျံ့နှံ့သွားချိန်ပေါ့။ ဘယ်သူရေးမှန်း အဲတုန်းက မသိကြပါဘူး။ ကျွန်တော်ကတော့ ဒါ သူ့လက်ရာ ဖြစ်လောက်တယ်ဆိုတာ မှန်းမိခဲ့တယ်။

အဲဒီ့အချိန်က ကျွန်တော် ဗြိတိသျှ သံရုံး ပရဝုဏ်အောက်မှာ အမှုထမ်းနေချိန်၊ ဥရောပ သမဂ္ဂရဲ့ ဘာသာပြန်။ အဲတော့ အဲဒီ့ကဗျာကို တာဝန်အရ ကျွန်တော် အကြမ်းဘာသာပြန်ပြီး တင်ပြခဲ့ရပါတယ်။ ကျွန်တော့်ဘာသာပြန်ကို အဲဒီ့အချိန်က တတိယ အတွင်းဝန်အဖြစ် အမှုထမ်းနေတဲ့ ဗြိတိသျှအမျိုးသမီး၊ နောက် ၁၅ နှစ်ကျော်အကြာမှာ ဗြိတိသျှ သံအမတ်ကြီး အဖြစ်နဲ့ တကျော့ပြန် ရောက်လာသူက သဘောကျသွားပြီး ကျွန်တော်နဲ့ ပြန်လည်ညှိနှိုင်းကာ အချောသတ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ကပေါက်တိ ကပေါက်ချာ အင်္ဂလိပ်လို ဘာသာပြန်ချက်ကို သူက တကယ့် အင်္ဂလိပ်လို ဖြစ်သွားအောင် ချောပေးခဲ့တာလို့ ဆိုနိုင်ပါလိမ့်မယ်။

နောက်တော့ သူအဖမ်းခံရ၊ သူ အဲဒီ့ကဗျာကို ရေးတာမှန်း တပြည်လုံး သိကြရပေါ့။


သူ့အစ်ကိုကြီးနဲ့ ကျွန်တော်နဲ့ သိကျွမ်းခင်မင်တယ်။ သူ့ဒုတိယအစ်ကို ဆရာသုမောင်က ကျွန်တော့်ရဲ့ အလင်းတန်း ဂျာနယ်ပါ “ကျောက်ခဲကြီးများ” ဘာသာပြန်စာမူကို သဘောကျလို့ အလင်းတန်း ဂျာနယ်မှာပဲ “အတ္တကျော် ချီးမွမ်းခန်း” ဆိုတဲ့ စာတပုဒ်ရေးလိုက်တဲ့အတွက် ကျွန်တော် သွားကန်တော့ရင်း ခင်မင်လာခဲ့တယ်။ သို့တိုင်အောင် သူနဲ့ကျတော့ လူချင်း မသိခဲ့ပါဘူး။ အမှန်အတိုင်း ဝန်ခံရရင် သူ့ရဲ့ အောင်မြင်တဲ့ ဝတၳုတွေလည်း တပုဒ်ဆို တပုဒ်မှ မဖတ်ဖူးဘူး။

သည်လိုနဲ့ ကျွန်တော်လည်း စာပေနယ်မှာ နေရာလေးတနေရာ ရလာပါတယ်။ ကျွန်တော့် လုံးချင်းတွေလည်း သူ့ဟာနဲ့သူ အောင်မြင်လာပါတယ်။ အဲလို အချိန်ကျတော့မှ သူနဲ့ စတွေ့ရပါတယ်။ ခုနှစ်တော့ မမှတ်မိဘူး။ ၂၀၀၃ ခုနှစ် ဝန်းကျင် ဖြစ်ပါလိမ့်မယ်။ နေရာတော့ မှတ်မိတယ်။ ဗိုလ်ချုပ်လမ်းနဲ့ လွစ္စလမ်း (ဆိပ်ကမ်းသာလမ်း)ထောင့်က အာရှ ပလာဇာမှာ ဖြစ်ပါတယ်။

အဲတုန်းက Forever က ရုပ်သံလိုင်း မရောက်သေးဘဲ ebook ထုတ်နေချိန်ပါ။ ကျွန်တော့် စာအုပ်တွေကိုလည်း Forever က ebook အဖြစ် ယူထုတ်ခဲ့ပါတယ်။ (ကနေ့ အင်တာနက်ပေါ်မှာ ရှိနေတဲ့ ကျွန်တော့် စာအုပ် ebook တွေ အားလုံးဟာ Forever ရဲ့ ကျေးဇူးပါပဲ။)

အဲဒါ ဘယ်နှနှစ်မြောက်တော့ မမှတ်မိဘူး။ အိုလံပစ် ပလာဇာမှာ Forever က ebook မိတ်ဆက်ပွဲ လုပ်တယ်။ အဲဒီ့ပွဲကို ဖိတ်တော့ ကျွန်တော်လည်း ရောက်သွားပါတယ်။ ပွဲအပြီးမှာ လက်ဖက်ရည်ဆိုင် ထိုင်ကြတယ်။ ဘယ်သူတွေ ပါလဲဆိုတာ လည်း ကျွန်တော် မမှတ်မိပြန်ဘူး။

သို့ပေမယ့် ကဗျာဆရာအောင်ဝေးက တချီသားမှာ ကျွန်တော့်ကို ပြောပါတယ်။

“ခင်ဗျား ရသရေးလည်း ကောင်းရဲ့သားနဲ့ဗျာ၊ ရသတွေ ရေးစမ်းပါဗျ” တဲ့။

ကျွန်တော် ဘာပြန်ပြောရမှန်း မသိလို့ ရယ်ကျဲကျဲ လုပ်နေတုန်းမှာ ဝိုင်းထဲမှာ ထိုင်နေတဲ့ တိုက်ပုံနဲ့ အသားညိုညို၊ အကောင်သေးသေး ဆရာတယောက်က ဝင်ပြောပါတယ်။

“သူ အခု ရေးနေတာတွေလဲ ရသတွေပဲလေ” တဲ့။

အဲဒီ့ဆရာကို ကျွန်တော် မသိပါဘူး။ လူစုကွဲတော့မှ အဲဒါ ဘယ်သူလဲလို့ အနားက တယောက်ကို ကပ်မေးလိုက်မိပါတယ်။

“ဆရာ မင်းလူလေဗျာ… ခင်ဗျား မသိဘူးလား”

သေဟဲ့ နန္ဒိယပေါ့။ ကျွန်တော်တို့များ ထူမလိုလိုနဲ့ အတော် န ပုံ ပြောပါတယ်။


အဲဒီ့နောက်မှာတော့ သင်္ဃန်းကျွန်း သာဓုခြံကို ရောက်တိုင်း သူတို့ ညီအစ်ကို လေးယောက်နဲ့ တွေ့ရပါတယ်။

အစ်ကိုကြီး မောင်ဝဏ္ဏနဲ့က ကျွန်တော် ဥရောပ သမဂ္ဂမှာ လုပ်နေစဉ် ဥရောပ ရုပ်ရှင်ပွဲတော်အတွက် သွားဖိတ်ကြားရင်း သိကျွမ်းခဲ့တာ။ ဆရာသုမောင်နဲ့က အထက်မှာ ပြောခဲ့တဲ့အတိုင်း။ ကိုရူပကျတော့ တမျိုး။ ကိုရူပက “ဒေါ်လေးဝေ” ရယ်လို့ ချစ်စနိုးခေါ်တဲ့ ကိုရူပရဲ့ ဇနီးက ကျွန်တော်နဲ့ တက္ကသိုလ်တုန်းက တတန်းတည်း။ သူ့အိမ်က အဲဒီ့အချိန်က ကျွန်တော့်ကား ဘော်ဒီဆိုင်နဲ့ ကပ်လျက်မှာမို့ ကားဘော်ဒီဆိုင် ရောက်ရင် သူတို့အိမ် ဝင်လည်၊ ထိုင် လေပန်းရင်း နေခဲ့တာမို့ ပြောမနာ ဆိုမနာ ရင်းနှီးတဲ့ အတန်းဖော်သူငယ်ချင်းပေါ့။ ဘယ်လောက်ရင်းနှီးလဲဆိုရင် သူ့နာမည် ဝေဝေသက်ကို ကျွန်တော်က “ဝေသက်… ဝက်သေ” လို့ ခေါ်တဲ့အထိပါပဲ။

အဲဒီ့အချိန်မှာ အစ်ကိုကြီး ကိုဝဏ္ဏက စိတ်ကျတဲ့ ဝေဒနာ ခံစားနေရပြီး ဆေးကုနေချိန်ဖြစ်နေပါတယ်။ ကျွန်တော် သတိထားမိလိုက်တာက ဆေးတင် မဟုတ်ဘဲ စကားပြောဖို့ပါ လိုတယ်လို့ သိလိုက်ပါတယ်။ ဒါနဲ့ တာဝန်တခုလို ကိုယ့်ဘာသာ သတ်မှတ်ကာ အစ်ကိုကြီးဆီကို နေ့စဉ် ပုံမှန် သွားပြီး စကားတွေ ထိုင်ပြောခဲ့ပါတယ်။ အစ်ကိုကြီးကလည်း ကျွန်တော်နဲ့ စကားပြောရတာ ခံတွင်းတွေ့ပုံပါပဲ။

သူတို့ ညီအစ်ကို လေးယောက်က တအိမ်နဲ့ တအိမ် မဝေးလှပေမယ့် အကိုကြီးဆီ အခါ ၂၀ လောက်ရောက်မှ ကိုရူပတို့ ရွှေကြေးစည် လက်ဖက်ရည်ဆိုင်ကို တခေါက်လောက် ရောက်ပါတယ်။ ကိုရူပနဲ့ ဆရာမင်းလူနဲ့က အပေါ်ထပ် အောက်ထပ်နေကြတာမို့ ဆရာမင်းလူနဲ့လည်း ရံဖန်ရံခါ ဆုံပါတယ်။

ခက်တာက သူက အချိန်ဇယားနဲ့ နေတဲ့သူ။ တညလုံး လုံးဝမအိပ်၊ မိုးလင်းတော့မှ အိပ်ပြီး မွန်းလွဲမှ ထ၊ ညနေ ငါးနာရီလောက်မှ လက်ဖက်ရည်ဆိုင် ထိုင်။ အဲသလိုဆိုတော့ သူနဲ့ သိပ်မဆုံဖြစ်ဘူး။ ကျွန်တော့် စာအုပ်သစ် ထွက်တဲ့အခါ လက်ဆောင်ပေးချင်တော့မှ တခုတ်တရ စောင့်ပြီး သူ့ကိုပေးရတာ။

သူကလည်း သူ့စာအုပ်တွေ လက်ဆောင် ပြန်ပြန်ပေးပါတယ်။ ဒါပေသည့် ကျွန်တော် ငမိုက်သားက မဖတ်ဘူးဗျ။


အစ်ကို မောင်ဝဏ္ဏကိုတော့ တကယ့် အစ်ကိုရင်း တယောက်လိုကို ကျွန်တော်က အတော်ချစ်ပါတယ်။ လေးလည်း လေးစားတယ်။

အစ်ကိုနဲ့က ခရီးလည်း မှတ်မှတ်ရရ သုံးခါ အတူသွားဖူးတယ်။ နှစ်ခါက စာပေ ဟောပြောပွဲတွေ။ ပထမ တစ်ခေါက်က သူရယ်၊ တွတ်ပီဆရာ ဆွေမင်း (ဓနုဖြူ)ရယ်နဲ့ ဓနုဖြူကို သွားကြတာပါ။ နောက်တစ်ပွဲက နတ္တလင်းမှာ၊ ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)နဲ့ ဆရာ မြတ်သစ်တို့လည်း ပါလာခဲ့ပါတယ်။

အဲဒီ့နှစ်ပွဲ ကြားထဲမှာ ကျွန်တော့်သမီး မေမြို့မှာ ကျောင်းအိပ်ကျောင်းစားနေနေတာကို သီတင်းကျွတ် ကျောင်းပိတ်ရက်မှာ ပြန်ခေါ်လာပါတယ်။ ကျွန်တော်တို့ ဇနီးမောင်နှံက သမီးကို ပြန်ပို့မယ်ဆိုတော့ အစ်ကိုက သူလည်း လိုက်လို့ရရင် လိုက်ချင်တယ်ဆိုတာနဲ့ အစ်ကိုပါ ပါတဲ့ ခရီးစဉ်ပါပဲ။ တကယ့် အမှတ်တရပါပဲ။ (ကျွန်တော်နဲ့ အကယ်ဒမီများဆိုပြီး အလျဉ်းသင့်ရင် ရေးပါဦးမယ်။ ခက်တာက ခပ်တည်တည်နဲ့သာ ရေးမှာ၊ ကျွန်တော်နဲ့ သိတဲ့ အကယ်ဒမီရှင်တွေက အစ်ကိုရယ်၊ သူ့ညီ ဆရာ သုမောင်ရယ်၊ ဒေါ်ချိုပြုံးရယ်၊ ဒေါ်ဆွေဇင်ထိုက်ရယ်၊ ဦးအောင်လွင်ရယ်တို့ပဲ ရှိတာပါ။)

ဒါ့ကြောင့် သူတို့ ညီအစ်ကို လေးယောက်အနက်မှာ အစ်ကိုကြီးနဲ့ ကျွန်တော်နဲ့က အရင်းဆုံးလို့ ပြောလို့ ရပါတယ်။ အစ်ကိုကြီးရဲ့ ဘဝတာ နောက်ဆုံး ရှစ်နှစ်မှာ ကျွန်တော်ဟာ အစ်ကို့နံဘေးမှာ တချိန်လုံး ရှိနေခဲ့တယ်။ အဲဒါကို ဆရာမင်းလူက သတိထားမိဟန် တူပါရဲ့။

ကျွန်တော့်ကို သူက တော်တော် ချစ်ချစ်ခင်ခင် ရှိတာကို ခံစားရတယ်။ သူ့စာကို ကျွန်တော်မှတ်မှတ်ရရ စဖတ်ဖူးတာကတော့ “စာပေ ကယ်ရီကေးချား”ပါပဲ။ စာပေနယ်က သူ ချစ်ခင်တဲ့ စာရေးဆရာ၊ ဆရာမတွေကို သူက ကျီစယ်ထားတဲ့ စာတွေပေါ့။ ကျွန်တော်တို့ ဇနီးမောင်နှံကိုပါ ထည့် ကျီစယ်ထားတာမို့ ကြည်နူးရပါတယ်။

ကျွန်တော့်ရဲ့ “တောသားလည်း ဟုတ်နိုင်ပေါင် ခင်ရယ်” စာအုပ်အတွက် သူ့ကို အမှာစာရေးပေးဖို့ ပြောတဲ့အခါ သူက အလွယ်တကူ ရေးပေးခဲ့သလို ရသစာပေအတွက် သူ ကျွန်တော့်လက်ကို အားထားတဲ့ စကားတွေလည်း ပါလာတာမို့ ဝမ်းနည်းမိရပြန်တယ်။ သူကသာ အားထားနေတာ၊ ကျွန်တော်က စာချောအောင် ရေးတတ်တာကလွဲလို့ ရသဘက်မှာ အဖြစ် မရှိမှန်း ကိုယ့်ကိုယ်ကိုယ် အသိဆုံးမို့ပါ။ အဓိကကတော့ ကျွန်တော် အပျင်းထူတာပါ။ ရသက အားစိုက်ရတယ်။ ကျွန်တော် ရေးချင်သလို လျှောက်ရေးနေတဲ့ စာတွေက အားစိုက်စရာ မလိုဘူး။ အဲတော့ အပျင်းထူပြီး အလွယ်လမ်း လိုက်နေတဲ့ ကျွန်တော်ပါ။ အဲလိုလူကိုမှ သူက ရသအတွက် အားထားတယ်ဆိုတော့ ငိုချင်တာပေါ့ဗျာ။


အစ်ကိုကြီး မရှိတဲ့နောက် သူနဲ့ ကျွန်တော်နဲ့ မလွှဲသာမှပဲ ဆုံဖြစ်တယ်။ ကျန်တဲ့အပိုင်းတွေ ထားပြီး ကျွန်တော် သည်စာကို ရေးဖြစ်တဲ့အကြောင်း အထိ ကျော်လွှားလိုက်ကြပါစို့ရဲ့။

သူ တိမ်းပါးသွားခဲ့တာ ၃ နှစ်ရှိပါပြီ။ သူမရှိတော့မှပဲ သူ့စာတွေ ဖတ်ဖြစ်တယ်။ ဒါလည်း စိတ်ကူးပေါက်မှ ဖတ်ဖြစ်တာပါ။ ကျွန်တော့်အလုပ်နဲ့ ကျွန်တော် ဂျင်ချေလည်နေတာမို့ သူ့စာအပါအဝင် ရသ စာတွေ သိပ်မဖတ်ဖြစ်တော့တာ ကြာပါပေါ့။

အလုပ်များတဲ့ နိုင်ငံခြားသား တစ်ယောက်နဲ့ စကားစပ်မိတော့ အဲဒီ့မောင်က ကျွန်တော့်ကို မေးတယ်။ တနှစ် တနှစ်ကို အဲလို ရသစာအုပ် ဘယ်နှအုပ်လောက် ဖတ်ဖြစ်လဲတဲ့။ ကျွန်တော်က ဆယ်အုပ်လောက်တော့ ဖတ်ဖြစ်သေးတယ်လို့ ပြောတဲ့အခါ သူက ကျွန်တော့်ကို အားကျလိုက်တာတဲ့။ သူ့မှာ တနှစ်ကို နှစ်အုပ်၊ သုံးအုပ်တောင်မှ အနိုင်နိုင်တဲ့။

သူ့စကားကို ကိုယ်ချင်းစာပါတယ်။ ကျွန်တော်တို့ ခေတ်မီကမ်ဘာကြီးက လိုချင်တပ်မက်စရာတွေ များပြား၊ ငွေနောက်ကို ဟပ်ထိုး ဟပ်ထိုးလိုက်ရင်း ကိုယ့်စိတ်ကိုယ် အစာကျေွးဖို့ ခက်ခဲနေတဲ့ ဘဝတွေကို ဖန်တီးထားတဲ့ ကမ်ဘာကြီးဖြစ်နေပြီလေ။ အမှန်တော့ ရသ ဖတ်တယ်ဆိုတာ စိတ်ကို အစာကျေွးတာပါ။

ကျွန်တော့်ဘဝက သူများထက် နည်းနည်း ပိုနိပ်တာက အချိန်အားလေးတွေ ရှိနေတတ်တာပါပဲ။ အပျင်းသာ မကြီးရင် စာရေး စာဖတ် တော်တော် လုပ်နိုင်မယ့် ဘဝမျိုးမှာ အေးအေးချမ်းချမ်း နေနေရပါတယ်။ ဒါပေသည့် ကျွန်တော်က အပျင်း အင်မတန်ကြီးတော့ တခါတလေ တနေသာ ကုန်သွားတယ်၊ ဘာမှ မည်မည်ရရ မလုပ်ဖြစ်၊ မဖတ်ဖြစ်၊ မရေးဖြစ် နေ့တွေကလည်း အများကြီးပဲ။ အလကားနေရင်း ကွန်ပျူတာရှေ့ ထိုင်ပြီး ဟိုဖတ်သည်ဖတ်၊ တောင်ရေး မြောက်ရေး လုပ်တာတွေတော့ ရှိသပေါ့။

ထားပါတော့ဗျာ။ စကားက လိုရင်းကို မရောက်တော့ဘူး။


မနေ့ကတော့ သူ့စာတအုပ်ကို မျက်စိနဲ့ ခလုတ်တိုက်မိတယ်။ သူ့ကို လွမ်းလွမ်းရှိတာနဲ့ အဲဒီ့ စာအုပ်ကလေးကို ကောက်ကိုင်မိသွားတယ်။

အားပါး…ကောင်းလိုက်တာ။ ကျွန်တော့်ရင်ထဲမှာ လှိုက်ခနဲဖြစ်သွားရတဲ့ စာအုပ်။ သူ့စာအုပ်တွေ ကျွန်တော် အကုန် မဖတ်ဖူးပါဘူး။ အလွန်ဆုံးမှ ငါးအုပ်၊ ခြောက်အုပ်ပဲ ရှိပါလိမ့်မယ်။ အကုန်လုံး ဖတ်ပြီးမှ ပြောရင်တော့ ပိုကောင်းမှာပေါ့။ အကုန်မဖတ်ဘဲ ပြောရင် ဒေါသများ သင့်နေမလား မသိဘူး။

ဒါပေမယ့် ပြောချင်တယ်ဗျာ။ အဲဒီ့ စာအုပ်ဟာ မင်းလူရဲ့ မာစထာဖိ(စ်)၊ အကောင်းဆုံး လက်ရာပါလို့။

ဘာစာအုပ်လဲဆိုတော့ “ငှက်ကလေး”တဲ့။


ကျွန်တော့်စိတ်ထဲမှာ သူ့အပေါ် ပထမဆုံး အမြင် မကောင်းခဲ့တာ ပြောခဲ့ပြီးပါပြီ။ ဒါပေသည့် “စာပေ ကယ်ရီကေးချား”ကို ဖတ်ပြီးတဲ့အခါ သူ့ရဲ့ အာဝဇ္ဇာန်းနဲ့ ဟာသအမြင်ကို မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်ခဲ့ရပါတယ်။

သူကွယ်လွန်ပြီးမှ ထွက်လာတဲ့ “တစ်ကိုယ်တော် မဂ္ဂဇင်း”မှာတော့ သူ့ကို အလေးမပြုဘဲ မနေနိုင်အောင် ဖြစ်ရတယ်။ သူမှ “စာရေးဆရာ”ဘွဲ့ကို ခံထိုက်သူလို့ မြင်တဲ့အတွက် “သို့… ဒေဝတာမြို့တော်”ဆိုတဲ့ သူ့ကို လွမ်းတဲ့ စာအုပ်ထဲမှာ အဲဒီ့အတိုင်း ရေးပြီး သူ့ကို လွမ်းခဲ့ဖူးပါတယ်။

နောက်ပိုင်း သူ့စာအုပ် နှစ်အုပ်ကို ဆက်ဖတ်ဖြစ်တယ်။ အချစ်ဝတၳု ရိုးရိုးလေးတွေကို ဟာသလေးနှောပြီး လွမ်းအောင် ရေးသွားတာလေးတွေမို့ စွဲစွဲမက်မက် မဖြစ်ခဲ့ဘူး။ သူ စာရေးကောင်းတာကိုတော့ ဘယ်လိုမှ အသိအမှတ် မပြုဘဲ မနေနိုင်ဘူးပေါ့။

သူ့ဝတၳုတိုတွေကတော့ ပြောစရာ မလိုပါဘူး။ ပြောရမယ်ဆိုရင် သူ့ကို ဝတၳုရှည်ထက် ဝတၳုတိုရေးတာ ပိုကောင်းတယ်လို့တောင် အောက်မေ့နေခဲ့မိတဲ့အထိပါပဲ။


“ငှက်ကလေး”နဲ့ တွေ့တော့မှ တကယ် ဖျားတော့တာ။

ဇာတ်လိုက်က “ကိုယ်”၊ “ခိုင်”က မင်းသမီးလိုလိုနဲ့ ဇာတ်ပို့။ တကယ့် ဇာတ်လိုက်က အဖေနဲ့အမေ။

မဖတ်ရသေးသူတွေ ဖတ်ရတာ အရသာမပျက်အောင် ဇာတ်ကြောင်းကို ကျွန်တော် မပြောတော့ပါဘူး။ စတုတၳအကြိမ်ထုတ် အဲဒီ့ စာအုပ် ကျောဖုံးက ကောက်စာတွေကိုပဲ ကူးပြပါရစေ။

ကိုယ်နှင့် မေမေ စကားပြောသည်။ ကိုယ်နှင့် ဖေဖေ စကားပြောသည်။ ဖေဖေနှင့် မေမေ စကားမပြောကြပါ။ ကိုယ်ရယ်၊ မေမေရယ်၊ ဖေဖေရယ် သုံးယောက်ဆုံပြီးတော့လည်း စကားမပြောကြပါ။ တစ်အိမ်ထဲမှာနေသော လူနှစ်ယောက်တို့ စကားမပြောကြခြင်းသည် ထူးဆန်းသည်ဟု ကိုယ်ထင်သည်။ ဖေဖေနှင့် မေမေတို့သည် ကိုယ့်ကို ဧည့်သည်လိုပါပဲ၊ တစ်ယောက် တစ်လှည့်စီ ဧည့်ခံသလို ဖြစ်နေသည်။ သို့သော်လည်း ကိုယ်သည် ဧည့်သည်တစ်ယောက် မဟုတ်ပြန်ပါ။ စဉ်းစားရ ခက်ပဲ ခက်လိုက်လှပါတော့သည်။

အဲဒီ့စာအုပ်ကို စာဖတ်သူ လူကြီးမင်း မဖတ်ရသေးရင် သည်ကောက်စာတွေကြောင့် စိတ်ဝင်စားသွားလောက်ပြီလို့ ထင်မိပါတယ် ခင်ဗျား။

၁၀

စာအုပ်ဖတ်အပြီးမှာ ပုံနှိပ်ရာဇဝင်ကို ပြန်ကြည့်ပြီး ကျွန်တော့်မှာ ထခုန်မိမတတ် ဖြစ်သွားခဲ့ရပါတယ်။

ကျွန်တော် ဖတ်နေတဲ့စာအုပ်က ဆိုခဲ့တဲ့အတိုင်း စတုတၳအကြိမ်၊ ၂၀၁၁ စက်တင်ဘာလထုတ်။

ပထမအကြိမ်က ၁၉၈၁ ခုနှစ် အောက်တိုဘာလတဲ့။

သူ့အသက်နဲ့ ချိန်ထိုးကြည့်မိတော့ သည်စာကို သူ ၁၉၈၁ ခုနှစ်က ရေးတာဆိုရင် သူ့အသက် ၂၇ နှစ်မှာ ရေးခဲ့တာပေါ့။ ဘုရား… ဘုရား…

သည်လူ ဘယ်လိုလူလဲ။ တတ်လှချေလား။

ကျွန်တော် တကယ်ကို ဖျားသွားပါတယ်။ သည်ဝတၳုဟာ ခါတိုင်း မင်းလူရေးနေကျလို့ ကျွန်တော်သိထားတဲ့ စာအုပ်မျိုး မဟုတ်ဘူး။ တက္ကသိုလ်ဘုန်းနိုင်ရဲ့ “သူငယ်ချင်းလို့ပဲ ဆက်၍ ခေါ်မည်ခိုင်”လို၊ မစန္ဒာရဲ့ “အရိပ်”လို ဝတၳုမျိုး ဖြစ်နေပါတယ်။

သည်ဝတၳုဖတ်ပြီး ကျွန်တော့်ရင်ထဲမှာ ဝေဒနာဖြစ် ကျန်ရစ်တယ်။

၁၁

အဲဒီ့ ဝေဒနာပေါ်မှာ နောက်တဝေဒနာ ထပ်ဆင့်ပြန်တယ်။

အဲဒါက နောင်တ။

၁၉၈၁ ခုနှစ်ဆိုတာ ကျွန်တော် စာအုပ်တွေ နင်းကန် ဖတ်လို့ ကောင်းနေတဲ့ ကာလ။ ဒါပေမယ့် သူ့ဝတၳုတွေကို ကျွန်တော် မဖတ်ဖြစ်ခဲ့။ အဲဒါကြီးကို နောင်တရနေမိပြန်တယ်။

ကျွန်တော်သာ သည်ဎတၳုကို စောစောစီးစီးက ဖတ်ဖြစ်ထားခဲ့ရင် သူ့ကို ကျွန်တော် မေးဖြစ်ခဲ့မှာတွေ အများကြီး ရှိနေပါတယ်။

ပထမဆုံး မေးခွန်းကတော့ သူ ဘာလို့ သည်ဝတၳုကို ရေးတာလဲဆိုတာ ဖြစ်ပါလိမ့်မယ်။ နောက်တခုကတော့ ဘယ်လို စေတနာမျိုးက နှိုးဆွလို့ ရေးတာလဲ ဖြစ်မှာပါ။

သူဖြေမယ့် အဖြေတွေကို ကျွန်တော့်အထင်တွေနဲ့ တိုက်ကြည့်လို့ ရချင်လည်း ရသွားမှာပေါ့။ ဒါမှမဟုတ် သူကလည်း သူ့ထုံးစံအတိုင်း သိုသိုသိပ်သိပ် ကွယ်ကွယ်ဖုံးဖုံးနဲ့ ကျွန်တော့်မေးခွန်းတွေကို လုံးလုံး ရှောင်ချင်လည်း ရှောင်သွားမှာပေါ့။ အဲဒီ့အခါကျတော့လည်း ကျွန်တော်က ရှေ့နေတို့ရဲ့ ပြန်လှန်စစ်မေးတဲ့ ပုံစံနဲ့ သူ့အဖြေတွေကို ညှစ်ထုတ်ရမယ်ဆိုလည်း တော်တော်တော့ ပျော်စရာ ကောင်းမှာပေါ့။

ကျွန်တော်အကြီးအကျယ် နောင်တရနေမိပါတယ်။ ကျွန်တော့်မှာ မေးခွန်းတွေ အများကြီး ကျန်နေသေးတယ်။ အဖြေပေးမယ့် သူကဖြင့် သည်လောကကြီးက ထွက်ခွာသွားတာတောင် သုံးနှစ်ရှိသွားပြီ။

ကျွန်တော် ရင်ခံနေတယ်။ အီလည်လည် ဖြစ်နေတယ်။ ကိုယ့်ပါးကိုယ်တောင် ရိုက်ချင်မိတဲ့အထိပါပဲ။

၁၂

နောက်ဆုံး အရေးကြီးတဲ့ မေးခွန်းတစ်ခုကို မေးရင်လည်း သူကတော့ ဖြေမှာ မဟုတ်ပါဘူး။ သူ့ထုံးစံအတိုင်း ပြုံးစေ့စေ့နဲ့ မထုံတက်သေး လုပ်၊ ဒူးကလေး လှုပ်ရင်း “ကိုယ့်ဘာသာ ကြိုက်သလို စဉ်းစားပေါ့ဗျာ”လို့ ဖြေမှာလည်း သေချာပါတယ်။

အဲတော့လည်း မေးခွန်းကြီးသာ အဖတ်တင်ကျန်နေတော့မှာပါ။ ဒါပေမယ့်လည်း မမေးရ မနေနိုင်တဲ့ ကျွန်တော်က မေးဖြစ်အောင် မေးမိသွားဦးမှာလည်း သေချာပါတယ်။

သြော်… သည်စာကို ဖတ်နေတဲ့ စာဖတ်သူ လူကြီးမင်းများထဲမှာလည်း အဲဒီ့စာအုပ်ကို ဖတ်ထားပြီးတဲ့သူရှိရင် သူ့ကိုယ်စား ဝင်ဖြေပေး၊ ဝင်ဆွေးနွေးပေးပါလို့ တောင်းပန်ပါရစေလားခင်ဗျာ။

မဖတ်ရသေးသူများလည်း အဲဒီ့စာအုပ်ကို ဖတ်ကြည့်ပြီးတဲ့နောက် ကျွန်တော့် နောက်ဆုံး မေးခွန်းကို လာဖြေပေးကြမယ်ဆိုရင်လည်း ကျွန်တော်က အရမ်းကို ကျေးဇူးတင်မိမှာပါ။

ဟုတ်ကဲ့…

နောက်ဆုံးမေးခွန်းက ရိုးရိုးလေးပါ။

သည်ဝတၳုကို ဘာ့ကြောင့် “ငှက်ကလေး” ဆိုတဲ့ ခေါင်းစဉ် ပေးခဲ့တာပါလဲ။

အတ္တကျော်

(ရန်ကုန် – ၂၁၀၂၁၆)

စာကြွင်း

စာအုပ်ကို ဖတ်နေတုန်းက စိတ်ထဲမှာ မှတ်မှတ်ထင်ထင် ရှိလိုက်ပေမယ့် ရေးချင်ဇောနဲ့ အထက်က စာတွေကို ချရေးပြီးတဲ့နောက် ကျန်ရစ်ခဲ့တာလေး ဖြည့်ပြောချင်ပါသေးတယ်။

အဲဒါကတော့ စာရေးလိုသူများအတွက် တနည်းတဖုံ အသုံးတည့်မယ်လို့ ထင်တဲ့ အချက်ကလေးပါ။

“ငှက်ကလေး” ကို ရေးသွားရာမှာ ဆရာမင်းလူရဲ့ ဝါကျဖွဲ့ပုံနဲ့ အရေးအသားပါ။ အဲဒီ့ အရေးအသားက ဇာတ်လမ်းကို လုံးဝ အထောက်အကူဖြစ်နေတဲ့အချက်၊ တစ်နည်းပြောရင် ဇာတ်လမ်းကို ပို့ပေးနေတဲ့ အချက်ပါပဲ။ ဇာတ်လမ်းကို ပြန်ပြောပြသူက အလယ်တန်းကျောင်းသားလေး “ကိုယ်”ပါ။ ဇာတ်လမ်းပြောသူရဲ့ ပညာရေးအခြေအနေက အလယ်တန်းသာ ရှိပါသေးတယ်။ သည်အတွက် ဇာတ်ကို ပြန်ပြောပြသွားရာမှာ သုံးသွားတဲ့ ဝါကျနဲ့ စကားပြေက ရိုးရိုးစင်းစင်း၊ လွယ်လွယ်ကူကူ၊ ရှင်းရှင်းလင်းလင်းလေး ဖြစ်နေတာကိုလည်း သတိမထားမိဘဲ မနေနိုင်အောင် ဖြစ်ခဲ့ရပါတယ်။ တနည်းပြောရရင် အလယ်တန်းအဆင့် မြန်မာစာကို ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျင်သူ ကျောင်းသားလေးတယောက်ရဲ့ ရေးဖွဲ့နိုင်မှု ဘောင်ကို ကျော်မသွားပါဘူး။ (အထက်မှာ ကိုးကား ဖော်ပြခဲ့တဲ့ စာအုပ်နောက်ကျောဖုံးက ကောက်စာလေးကိုပဲ ဖတ်ကြည့်ရင်တောင် အဲဒီ့ အရေးအသားကို ကိုယ်တိုင် ခံစားကြည့်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။)

ဇာတ်လမ်းထဲမှာလည်း အဲဒီ့ ကျောင်းသားလေးက အတန်းပိုင် မြန်မာစာ ဆရာမ “တီချာမေ”ကို ချစ်ခင်လေးစားသလို ဆရာမ စာသင်တာ၊ စာစီစာကုံးလေ့ကျင့်ပြီး ရေးခိုင်းတတ်တာများကို ထည့်သွင်းထားတာမို့ အားလုံးက သူ့ယုတ္တိနဲ့သူ အတော် ဟုတ်နေခဲ့ပါတယ်။

ရသရေးတဲ့အခါ ပုံသဏ္ဌာန် (form) နဲ့ အကြောင်းအရာ (content) နှစ်ခုပါပါတယ်။ အကြောင်းအရာ ဘယ်လောက် ကောင်းနေနေ ပုံသဏ္ဌာန်လွဲနေရင် ရသမမြောက်နိုင်တော့ပါဘူး။

၁၉၉၀ ဝန်းကျင်က (ကိုကျော်ဇင်နဲ့ ကိုကျော်သန်းတို့ ဦးစီး စီစဉ်ပြီး ဆရာမောင်မြင့်မြတ် စာတည်းချုပ် လုပ်ခဲ့တဲ့) “သရဖူ”မဂ္ဂဇင်းမှာ အဲဒီ့ အကြောင်း ကျွန်တော် ရေးခဲ့ဖူးပါတယ်။ အဲတုန်းက ကွန်ပျူတာတွေ မတွင်ကျယ်သေး၊ ကျွန်တော်လည်း ကွန်ပျူတာ မသုံးနိုင်သေးတာမို့ စာမူမူရင်းက ကျွန်တော့်ဆီမှာ မရှိတော့သလို စာအုပ်လည်း ပျောက်နေပါပြီ။ အဲတုန်းက ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်ရယ်၊ ဆရာမ မစန္ဒာရဲ့ အရိပ်ရယ်၊ ဆရာငြိမ်းကျော်ရဲ့ သမုဒယမော်ကွန်း တွင်ရစ်စေသတည်းရယ် ဝတၳုရှည်ကြီး သုံးအုပ်က ကလေးသဘာဝ အဖွဲ့တွေကို ကောက်နုတ် ထုတ်ပြကာ အကြောင်းအရာနဲ့ လိုက်ဖက်တဲ့ အရေးအသား (ပုံသဏ္ဌာန်) ကို ပရိသတ် မြင်သာအောင် ရေးပြခဲ့တာပါ။

ဆရာဘုန်းနိုင်နဲ့ ဆရာမ မစန္ဒာတို့ရဲ့ စကားပြေ ရေးဟန်က ပုံသေမဟုတ်ဘူး။ အကြောင်းအရာနဲ့ လိုက်ဖက်အောင် သွားနေတာ အဲဒီ့စာအုပ်တွေမှာ မြင်ရတယ်။ ဆရာငြိမ်းကျော်ရဲ့ ရေးဟန်က သူ့ဟန်ရယ်လို့ အသေသတ်မှတ်နိုင်လောက်အောင် ငြိမ်တယ်။ အဲဒီ့ အရေးအသား အငြိမ်နဲ့ကျတော့ ကလေးသဘာဝကို ဖတ်ရတာ ကလေးမဆန်တော့ဘဲ ဖတ်သူမှာ လေးလေးပင်ပင်ဖြစ်နေတာကို နှိုင်းယှဉ်ပြခဲ့ဖူးတာပါ။

တကယ်လို့သာ ၁၉၈၁ ခုနှစ် ပထမအကြိမ် ထုတ်ကတည်းက “ငှက်ကလေး” ကိုသာ ကျွန်တော် ဖတ်ခဲ့ဖူးမယ်ဆိုရင် ဆရာမင်းလူရဲ့ ရေးဟန်ကိုလည်း အဲဒီ့ စာမူထဲမှာ ကိုးကား ချီးပဖြစ်သွားမှာလည်း သေချာပါတယ်။

ဒါလည်း နောက်ထပ် နှောင်းနောင်တ တရပ်အဖြစ် ကျွန်တော့်ရင်မှာ ဖြစ်ကျန်ရစ်ခဲ့ပါသေးတယ် ခင်ဗျား။

”အတ္တကျော်ရဲ့ စာပေါင်းစုံ” ဘလော့ဂ်ကနေ ကူးယူပါတယ်။

စလေ ငနော့



Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်