လူႀကီးေတြ နားမလည္ၾကဘူးထင္တယ္ § ေမာင္သာခ်ိဳ
ဆရာေမာင္သာခ်ိဳရဲ႕ ေဆာင္းပါးအသစ္။
လူႀကီးေတြ နားမလည္ၾကဘူးထင္တယ္
•••••••••••••••••••••••••••••••••••••••
ေမာင္သာခ်ိဳ
7Day Daily
Thursday, July 30, 2020 - 11:30
(တစ္)
နိုင္ငံတကာဆက္ဆံေရး ပညာ (IR) ဘာသာရပ္ျဖင့္ ဘြဲ႕ရ ထားသူ လူငယ္တစ္ေယာက္ ကြၽန္ေတာ့္ထံသို႔ ေရာက္လာပါသည္။ သူက ရသစာေပမဟုတ္သည့္ စာအုပ္စာတမ္းတခ်ိဳ႕ ေရးသားထုတ္ေဝခဲ့ၿပီးသူ။ သူႏွင့္ စာအုပ္ေတြအေၾကာင္း စကားေရာက္သြားသည့္ အခါ ‘မင္းသားေလး’ အေၾကာင္းဆီသို႔ ဟိုကူးသည္ခုန္ျဖင့္ ကူးစက္သြားျပန္ပါသည္။
သူက တ႐ုတ္ျပည္၌ ‘မင္းသားေလး’ကို အမ်ိဳးမ်ိဳးအဖုံဖုံ ထုတ္ေဝၾကေၾကာင္း အံ့ဩဝမ္းသာ ေျပာပါသည္။ သူ႕စကားကို ေထာက္ခံရပါသည္။ တ႐ုတ္ျပည္ အႏွံ႕ ခရီးႏွင္ခြင့္ရခဲ့စဥ္က အခြင့္ရလွ်င္ ရသလို စာအုပ္ဆိုင္ႀကီးမ်ား ရွိရာသို႔ အေျပးအလႊားသြားေရာက္ခဲ့ၿမဲ ျဖစ္ပါသည္။ ဆိုၾကပါစို႔ ပီကင္း (Peijing) တကၠသိုလ္ထဲက စာအုပ္ဆိုင္ႀကီးဆီသို႔။ နိုင္ငံျခားဘာသာတကၠသိုလ္ထဲက စာအုပ္ဆိုင္ႀကီးဆီသို႔။
ထိုအခါ ‘မင္းသားေလး’ ကို အေရာင္အဆင္းမ်ိဳးစုံျဖင့္ ေတြ႕ရပါသည္။ လက္လွမ္းမီသမွ် စာအုပ္အဖုံးက ၁၈ မ်ိဳး။ ဘာသာျပန္ဆိုသူတို႔က မ်ိဳးစုံ။ Yi Lin, Ma Lunma, Rachel juan, Wu Danru, Ai Ke, Wang Le Le & Chen Suwen, Hong You, Xiao Yao, Zhou Kexi ဟူ၍။ တခ်ိဳ႕ စာအုပ္မ်ားတြင္ ဘာသာျပန္သူ အမည္မပါ။ အဂၤလိပ္-တ႐ုတ္၊ အဂၤလိပ္-ျပင္သစ္-တ႐ုတ္၊ ျပင္သစ္-တ႐ုတ္ ႏွစ္ဘာသာတြဲ၊ သုံးဘာသာတြဲ အမ်ိဳးမ်ိဳးျဖစ္ပါသည္။
တ႐ုတ္ျပည္၌ အႀကိဳက္ဆုံး ကမၻာေက်ာ္စာအုပ္ ၁၀ အုပ္ မဲေပး၍ ေ႐ြးခ်ယ္ထားခဲ့ရာ ယင္း၌ ‘မင္းသားေလး’လည္း ပါဝင္ပါသည္။
တ႐ုတ္ျပည္၌ ကမၻာေက်ာ္ ဝတၳဳမ်ားကို တ႐ုတ္ဘာသာျဖင့္ အသံထြက္ဖတ္ျပသည့္ အစီအစဥ္ရွိပါသည္။ Reading Classic Novel in Chinese ဟု နာမည္ တပ္ထားပါသည္။ ထိုအစီအစဥ္တြင္ ‘မင္းသားေလး’ ကို ဖတ္ျပျခင္းလည္း ပါဝင္ေပရာ တ႐ုတ္ဘာသာ မတတ္ေသာ္လည္း ျမည္းစမ္းသည့္အေနႏွင့္ Online ေပၚကေန အနည္းငယ္ နားေသာတ ဆင္ၾကည့္ဖူးပါသည္။
သူတို႔ဆီက အလုပ္လုပ္ေနၾကပုံမ်ားကို အားက်၍ မဆုံးနိုင္ပါေလခဲ့။
(ႏွစ္)
‘မင္းသားေလး’ က ျပင္သစ္ဝတၳဳျဖစ္ပါသည္။ ျပင္သစ္စာေရးဆရာ စန္တက္ဇူေပရီ (Saint- Exupery) ၏ လက္ရာျဖစ္ပါ သည္။ မူလျပင္သစ္အမည္က လာပတီးပရန႔္စ္ (Le Petit Prince)။ အဂၤလိပ္ဘာသာျပန္က မင္းသားေလး (The Little Prince)။
ျမန္မာနိုင္ငံ၌ စာေရးဆရာမႀကီး ဂ်ာနယ္ေက်ာ္ မမေလး၏ သမီးျဖစ္သူ ျပင္သစ္စာေပပါရဂူ ေဒၚခင္ေလးျမင့္က ျပင္သစ္ဘာသာမွ ျမန္မာဘာသာသို႔ ‘မင္းသားေလး’ အမည္ျဖင့္ တိုက္ရိုက္ဘာသာျပန္ဆိုခဲ့ရာ အႀကိမ္ႀကိမ္ထုတ္ေဝခဲ့ၿပီးလည္း ျဖစ္ပါသည္။
ဧည့္သည္လူငယ္ စာေရးဆရာကို ကြၽန္ေတာ္က စိတ္ကူးစိတ္သန္း (Imagination) အေၾကာင္း ‘မင္းသားေလး’ ကို အေျခခံ၍ ေျပာျဖစ္ခဲ့ပါသည္။
(သုံး)
ဝတၳဳထဲတြင္ အဓိကဇာတ္ေဆာင္တစ္ဦးျဖစ္သူ ပန္းခ်ီဝါသနာရွင္ ခ်ာတိတ္ကေလးက ကမၻာဦး သက္ရင့္ေတာႀကီးထဲ၌ ဆင္ႀကီးတစ္ေကာင္လုံးကို အဆိပ္မရွိသည့္ ေႁမြႀကီးတစ္ေကာင္က မ်ိဳထားသည့္ပုံကို ဆြဲပစ္လိုက္သည္။ ထို႔ေနာက္ လူႀကီးတခ်ိဳ႕အား ထိုပုံကို ျပသလိုက္သည္။ လူႀကီးတို႔ ေကာက္ခ်က္ခ်ပံုက ခ်ာတိတ္ကေလးအဖို႔ စိတ္ပ်က္စရာႀကီး။ ေၾကာက္စရာမေကာင္းဘူး တဲ့။ ဦးထုပ္ပုံႀကီးတဲ့။
ခ်ာတိတ္ကေလး၏ ပန္းခ်ီက ေႁမြတို႔၊ ဆင္တို႔ကို အတိအက် မဆြဲဘဲ ေႁမြအထဲ၌ ေရာက္ေနသည့္ ဆင္၏ ႏွာေမာင္းေနရာ၊ ေခါင္းေနရာ၊ ကိုယ္လုံးေနရာ၊ အၿမီးေနရာတို႔ကို အဖုအထစ္မွ်သာ ဆြဲထားခဲ့ရာ ဦးထုပ္ႏွင့္ေတာ့ ဆင္ဆင္တူပါသည္။ ထို႔အျပင္ ဆင္ကို ေႁမြမ်ိဳသည္ႏွင့္လည္း တူ ပါသည္။ သို႔ေသာ္ လူႀကီးတို႔က ဦးထုပ္အျဖစ္ပဲ ပုံကိုခံစားပါသည္။
ဤတြင္ ခ်ာတိတ္ကေလးက ဆင္၏ မ်က္လုံး၊ ဆင္၏ အစြယ္၊ ဆင္၏ နား႐ြက္၊ ဆင္၏ ေျခေထာက္၊ ဆင္၏ အၿမီး စသည့္ ေႁမြ၏ ဝမ္းဗိုက္တြင္းမွ သဏၭာန္မ်ားကို ျမင္သာေအာင္ ထည့္ဆြဲ ျပလိုက္ေတာ့မွ လူႀကီးတို႔က ဆင္ကို ေႁမြမ်ိဳေၾကာင္း လက္ခံသြားခဲ့ ၾကျခင္း ျဖစ္ပါသည္။
ဤေနရာတြင္ စာေရးဆရာက သူ၏အျမင္ကို ခ်ာတိတ္ကေလးေနရာမွ ဤသို႔ဝင္၍ ေဖာ္ျပသည္။
‘‘ေႁမြအတြင္း၌ ရွိေနေသာပုံကို ေပၚေအာင္ဆြဲျပေတာ့မွပင္ လူႀကီးမ်ား နားလည္နိုင္ေတာ့သည္။ လူႀကီးဆိုသည္မွာ အၿမဲတမ္းရွင္းလင္းခ်က္မ်ား ရမွသာ ေက်နပ္သူမ်ား ျဖစ္ၾကသည္။ လူႀကီးသူမမ်ားသည္ အရာရာကို အက်ိဳးႏွင့္ အေၾကာင္းႏွင့္ ေရးႀကီးခြင္က်ယ္ ျပဳလုပ္တတ္သူမ်ားျဖစ္ၾကသည္’’ စသည္ျဖင့္။
ေလယာဥ္ပ်က္က်၍ ဆာဟာရသဲကႏၱာရထဲ၌ ခ်ာတိတ္ကေလးရွိေနစဥ္ မင္းသားေလး ေရာက္လာကာ သိုးပုံဆြဲေပးရန္ ေမတၱာရပ္ခံသည္။ ဆြဲေပးသည့္အခါ သိုးက မက်န္းမာသည့္ပုံ ေပါက္ေန၍၊ သိုးက အိုစာေန၍၊ သိုးက ဆိတ္ႏွင့္ တူေန၍ စသည္ျဖင့္ အလိုမက်ျဖစ္ေနရာ ပန္းခ်ီဆရာ ခ်ာတိတ္ကေလးက ေသတၱာတစ္လုံးပုံ ဆြဲေပးလိုက္ၿပီး ထိုေသတၱာထဲ၌ သိုးရွိေၾကာင္း ေျပာလိုက္ရာ မင္းသားေလးက ေသတၱာထဲသို႔ ကဲ၍ၾကည့္လိုက္ဟန္ေဆာင္ကာ အလြန္သေဘာက်သြားၿပီး ဟုတ္တယ္ သိုးကေလး ေသတၱာထဲမွာ အိပ္ေနတယ္ ဟုပင္ အားရဝမ္းသာ ေျပာေနျပန္ပါေလသည္။
စိတ္ကူးစိတ္သန္း ကမၻာ၏ အံ့ဩဖြယ္ရာပင္ ျဖစ္ပါသည္။
(ေလး)
သစ္သားတုံးအႀကီးႏွင့္ အေသးကို ခ်ကာ အႀကီးကို ေမေမလုပ္ အေသးကို သားကေလးလုပ္၍ ကစားေနသည့္ ကေလးတို႔ကို ေတြ႕ဖူးမည္ထင္ပါသည္။ အေမတို႔၊ သားတို႔ကို သူတို႔၏ စိတ္ကူးထဲ၌ ပုံေဖာ္ကာ ျမင္ေယာင္၍ ကစားေနၾကျခင္းျဖစ္ပါသည္။
သစ္႐ြက္ကေလးမ်ား၊ စကၠဴကေလးမ်ားကို ထပ္ကာ ပိုက္ဆံ လုပ္၍ ေဈးေရာင္းတမ္းကစားေနသည့္ ကေလးမ်ားကိုလည္း ေတြ႕ဖူးပါလိမ့္မည္။ ေရာင္းၾက၊ ဝယ္ၾက၊ ေဈးဆစ္ၾက၊ ပိုက္ဆံျပန္အမ္းၾက။ စိတ္ကူးထဲ၌ ျဖစ္ေနသည့္ အေရာင္းအဝယ္။
သဲေတြ၊ သစ္႐ြက္ေတြ၊ ေက်ာက္ခဲကေလးေတြ၊ ေရေတြ၊ ႀကိဳးစကေလးေတြက အသုပ္စုံအတြက္ ဆီျဖစ္၊ ပဲမႈန႔္ျဖစ္၊ ၾကာဆံျဖစ္၊ ထမင္းျဖစ္၊ ေခါက္ဆြဲ ျဖစ္။
ၾကမ္းျပင္က ပင္လယ္ႀကီး ျဖစ္၊ ေမြ႕ရာက ကမ္းေျချဖစ္၊ ပလတ္စတစ္ဘူးခြံကေလးက ပင္လယ္ကူးသေဘၤာျဖစ္။
ခြလိုက္တဲ့အခါ ဖက္ေခါင္းအုံးက ျမင္းျဖစ္သြား၊ သစ္သားတုံးကေလးေတြ တန္းစီလိုက္ေတာ့ မီးရထားျဖစ္သြား။ အုန္းလက္ကိုခြဲကာ အုန္းမႈတ္ခြက္ခ်ိဳ လုပ္တပ္လိုက္ေတာ့ ႏြားျဖစ္သြား၊ ငွက္ေပ်ာလက္ကို လက္ထဲဆုပ္ကိုင္လိုက္ေတာ့ ဓားျဖစ္သြား။
ဘာမီးမွမရွိတဲ့ ေျမအိုးကေလးကို မီးဖိုေပၚက ခ်စဥ္မွာ စိတ္ကူးထဲက အပူေတြနဲ႕ လက္ႏွီးကေလးနဲ႕ ကိုင္သတဲ့။ ခ်က္တမ္း ျပဳတ္တမ္းကစားသူကေလးမ်ား။ ဘာမွမပါတဲ့ ေျမပန္းကန္ကေလး ေတြထဲက အစားအစာကို စိတ္ကူးနဲ႕ ႏွိဳက္ႏိွဳက္ၿပီး ဝါးသတဲ့။ စားတမ္းေသာက္တမ္း ကစားသူ ကေလးမ်ား။
စိတ္ကူးစိတ္သန္းနဲ႕ ေဆာက္တည္ထားတဲ့ကမၻာကို လူႀကီးေတြ နားလည္နိုင္ပါ့မလား။
(ငါး)
တ႐ုတ္ျပည္၌ ‘မင္းသားေလး’ အဖတ္အရႈမ်ားပါသည္။ စိတ္ကူးစိတ္သန္း မေျခာက္ခန္းဖို႔ ဟူသည့္အသိ အေရးႀကီးေၾကာင္း သူတို႔ သတိထားၾကပုံရပါသည္။
‘မင္းသားေလး’ ကို ကိုးကား၍ ေျပာခ်င္ပါသည္။ ေသတၱာက လက္ေတြ႕ျမင္ေနရသည့္ အရာ ျဖစ္ပါ၏။ ေသတၱာထဲတြင္ အိပ္ေနသည့္ သိုးက စိတ္ကူး၍ ၾကည့္ရသည့္အရာျဖစ္ပါသည္။
လူငယ္တို႔ စိတ္ကူးခြင့္ကို ဘက္ေပါင္းစုံက လမ္းဖြင့္ေပးထားသည့္ လူ႕အဖြဲ႕အစည္းအခင္းအက်င္းျဖစ္ရန္ လိုအပ္လွပါသည္။ ။
(စာေရးဆရာ ေမာင္သာခ်ိဳသည္ ကဗ်ာ၊ ဝတၳဳတို၊ ခရီးသြားစာေပ၊ လူမႈေရး၊ ပညာေရး၊ စာေပေရးရာ ေဆာင္းပါးမ်ား ေရးသားေနသူျဖစ္သည္)
Copied from 7Day Daily.
စေလ ငေနာ့
Unicode
ဆရာမောင်သာချိုရဲ့ ဆောင်းပါးအသစ်။
လူကြီးတွေ နားမလည်ကြဘူးထင်တယ်
•••••••••••••••••••••••••••••••••••••••
မောင်သာချို
7Day Daily
Thursday, July 30, 2020 - 11:30
(တစ်)
နိုင်ငံတကာဆက်ဆံရေး ပညာ (IR) ဘာသာရပ်ဖြင့် ဘွဲ့ရ ထားသူ လူငယ်တစ်ယောက် ကျွန်တော့်ထံသို့ ရောက်လာပါသည်။ သူက ရသစာပေမဟုတ်သည့် စာအုပ်စာတမ်းတချို့ ရေးသားထုတ်ဝေခဲ့ပြီးသူ။ သူနှင့် စာအုပ်တွေအကြောင်း စကားရောက်သွားသည့် အခါ ‘မင်းသားလေး’ အကြောင်းဆီသို့ ဟိုကူးသည်ခုန်ဖြင့် ကူးစက်သွားပြန်ပါသည်။
သူက တရုတ်ပြည်၌ ‘မင်းသားလေး’ကို အမျိုးမျိုးအဖုံဖုံ ထုတ်ဝေကြကြောင်း အံ့ဩဝမ်းသာ ပြောပါသည်။ သူ့စကားကို ထောက်ခံရပါသည်။ တရုတ်ပြည် အနှံ့ ခရီးနှင်ခွင့်ရခဲ့စဉ်က အခွင့်ရလျှင် ရသလို စာအုပ်ဆိုင်ကြီးများ ရှိရာသို့ အပြေးအလွှားသွားရောက်ခဲ့မြဲ ဖြစ်ပါသည်။ ဆိုကြပါစို့ ပီကင်း (Peijing) တက္ကသိုလ်ထဲက စာအုပ်ဆိုင်ကြီးဆီသို့။ နိုင်ငံခြားဘာသာတက္ကသိုလ်ထဲက စာအုပ်ဆိုင်ကြီးဆီသို့။
ထိုအခါ ‘မင်းသားလေး’ ကို အရောင်အဆင်းမျိုးစုံဖြင့် တွေ့ရပါသည်။ လက်လှမ်းမီသမျှ စာအုပ်အဖုံးက ၁၈ မျိုး။ ဘာသာပြန်ဆိုသူတို့က မျိုးစုံ။ Yi Lin, Ma Lunma, Rachel juan, Wu Danru, Ai Ke, Wang Le Le & Chen Suwen, Hong You, Xiao Yao, Zhou Kexi ဟူ၍။ တချို့ စာအုပ်များတွင် ဘာသာပြန်သူ အမည်မပါ။ အင်္ဂလိပ်-တရုတ်၊ အင်္ဂလိပ်-ပြင်သစ်-တရုတ်၊ ပြင်သစ်-တရုတ် နှစ်ဘာသာတွဲ၊ သုံးဘာသာတွဲ အမျိုးမျိုးဖြစ်ပါသည်။
တရုတ်ပြည်၌ အကြိုက်ဆုံး ကမ်ဘာကျော်စာအုပ် ၁၀ အုပ် မဲပေး၍ ရွေးချယ်ထားခဲ့ရာ ယင်း၌ ‘မင်းသားလေး’လည်း ပါဝင်ပါသည်။
တရုတ်ပြည်၌ ကမ်ဘာကျော် ဝတၳုများကို တရုတ်ဘာသာဖြင့် အသံထွက်ဖတ်ပြသည့် အစီအစဉ်ရှိပါသည်။ Reading Classic Novel in Chinese ဟု နာမည် တပ်ထားပါသည်။ ထိုအစီအစဉ်တွင် ‘မင်းသားလေး’ ကို ဖတ်ပြခြင်းလည်း ပါဝင်ပေရာ တရုတ်ဘာသာ မတတ်သော်လည်း မြည်းစမ်းသည့်အနေနှင့် Online ပေါ်ကနေ အနည်းငယ် နားသောတ ဆင်ကြည့်ဖူးပါသည်။
သူတို့ဆီက အလုပ်လုပ်နေကြပုံများကို အားကျ၍ မဆုံးနိုင်ပါလေခဲ့။
(နှစ်)
‘မင်းသားလေး’ က ပြင်သစ်ဝတၳုဖြစ်ပါသည်။ ပြင်သစ်စာရေးဆရာ စန်တက်ဇူပေရီ (Saint- Exupery) ၏ လက်ရာဖြစ်ပါ သည်။ မူလပြင်သစ်အမည်က လာပတီးပရန့်စ် (Le Petit Prince)။ အင်္ဂလိပ်ဘာသာပြန်က မင်းသားလေး (The Little Prince)။
မြန်မာနိုင်ငံ၌ စာရေးဆရာမကြီး ဂျာနယ်ကျော် မမလေး၏ သမီးဖြစ်သူ ပြင်သစ်စာပေပါရဂူ ဒေါ်ခင်လေးမြင့်က ပြင်သစ်ဘာသာမှ မြန်မာဘာသာသို့ ‘မင်းသားလေး’ အမည်ဖြင့် တိုက်ရိုက်ဘာသာပြန်ဆိုခဲ့ရာ အကြိမ်ကြိမ်ထုတ်ဝေခဲ့ပြီးလည်း ဖြစ်ပါသည်။
ဧည့်သည်လူငယ် စာရေးဆရာကို ကျွန်တော်က စိတ်ကူးစိတ်သန်း (Imagination) အကြောင်း ‘မင်းသားလေး’ ကို အခြေခံ၍ ပြောဖြစ်ခဲ့ပါသည်။
(သုံး)
ဝတၳုထဲတွင် အဓိကဇာတ်ဆောင်တစ်ဦးဖြစ်သူ ပန်းချီဝါသနာရှင် ချာတိတ်ကလေးက ကမ်ဘာဦး သက်ရင့်တောကြီးထဲ၌ ဆင်ကြီးတစ်ကောင်လုံးကို အဆိပ်မရှိသည့် မြွေကြီးတစ်ကောင်က မျိုထားသည့်ပုံကို ဆွဲပစ်လိုက်သည်။ ထို့နောက် လူကြီးတချို့အား ထိုပုံကို ပြသလိုက်သည်။ လူကြီးတို့ ကောက်ချက်ချပုံက ချာတိတ်ကလေးအဖို့ စိတ်ပျက်စရာကြီး။ ကြောက်စရာမကောင်းဘူး တဲ့။ ဦးထုပ်ပုံကြီးတဲ့။
ချာတိတ်ကလေး၏ ပန်းချီက မြွေတို့၊ ဆင်တို့ကို အတိအကျ မဆွဲဘဲ မြွေအထဲ၌ ရောက်နေသည့် ဆင်၏ နှာမောင်းနေရာ၊ ခေါင်းနေရာ၊ ကိုယ်လုံးနေရာ၊ အမြီးနေရာတို့ကို အဖုအထစ်မျှသာ ဆွဲထားခဲ့ရာ ဦးထုပ်နှင့်တော့ ဆင်ဆင်တူပါသည်။ ထို့အပြင် ဆင်ကို မြွေမျိုသည်နှင့်လည်း တူ ပါသည်။ သို့သော် လူကြီးတို့က ဦးထုပ်အဖြစ်ပဲ ပုံကိုခံစားပါသည်။
ဤတွင် ချာတိတ်ကလေးက ဆင်၏ မျက်လုံး၊ ဆင်၏ အစွယ်၊ ဆင်၏ နားရွက်၊ ဆင်၏ ခြေထောက်၊ ဆင်၏ အမြီး စသည့် မြွေ၏ ဝမ်းဗိုက်တွင်းမှ သဏ္ဌာန်များကို မြင်သာအောင် ထည့်ဆွဲ ပြလိုက်တော့မှ လူကြီးတို့က ဆင်ကို မြွေမျိုကြောင်း လက်ခံသွားခဲ့ ကြခြင်း ဖြစ်ပါသည်။
ဤနေရာတွင် စာရေးဆရာက သူ၏အမြင်ကို ချာတိတ်ကလေးနေရာမှ ဤသို့ဝင်၍ ဖော်ပြသည်။
‘‘မြွေအတွင်း၌ ရှိနေသောပုံကို ပေါ်အောင်ဆွဲပြတော့မှပင် လူကြီးများ နားလည်နိုင်တော့သည်။ လူကြီးဆိုသည်မှာ အမြဲတမ်းရှင်းလင်းချက်များ ရမှသာ ကျေနပ်သူများ ဖြစ်ကြသည်။ လူကြီးသူမများသည် အရာရာကို အကျိုးနှင့် အကြောင်းနှင့် ရေးကြီးခွင်ကျယ် ပြုလုပ်တတ်သူများဖြစ်ကြသည်’’ စသည်ဖြင့်။
လေယာဉ်ပျက်ကျ၍ ဆာဟာရသဲကန္တာရထဲ၌ ချာတိတ်ကလေးရှိနေစဉ် မင်းသားလေး ရောက်လာကာ သိုးပုံဆွဲပေးရန် မေတ္တာရပ်ခံသည်။ ဆွဲပေးသည့်အခါ သိုးက မကျန်းမာသည့်ပုံ ပေါက်နေ၍၊ သိုးက အိုစာနေ၍၊ သိုးက ဆိတ်နှင့် တူနေ၍ စသည်ဖြင့် အလိုမကျဖြစ်နေရာ ပန်းချီဆရာ ချာတိတ်ကလေးက သေတ္တာတစ်လုံးပုံ ဆွဲပေးလိုက်ပြီး ထိုသေတ္တာထဲ၌ သိုးရှိကြောင်း ပြောလိုက်ရာ မင်းသားလေးက သေတ္တာထဲသို့ ကဲ၍ကြည့်လိုက်ဟန်ဆောင်ကာ အလွန်သဘောကျသွားပြီး ဟုတ်တယ် သိုးကလေး သေတ္တာထဲမှာ အိပ်နေတယ် ဟုပင် အားရဝမ်းသာ ပြောနေပြန်ပါလေသည်။
စိတ်ကူးစိတ်သန်း ကမ်ဘာ၏ အံ့ဩဖွယ်ရာပင် ဖြစ်ပါသည်။
(လေး)
သစ်သားတုံးအကြီးနှင့် အသေးကို ချကာ အကြီးကို မေမေလုပ် အသေးကို သားကလေးလုပ်၍ ကစားနေသည့် ကလေးတို့ကို တွေ့ဖူးမည်ထင်ပါသည်။ အမေတို့၊ သားတို့ကို သူတို့၏ စိတ်ကူးထဲ၌ ပုံဖော်ကာ မြင်ယောင်၍ ကစားနေကြခြင်းဖြစ်ပါသည်။
သစ်ရွက်ကလေးများ၊ စက္ကူကလေးများကို ထပ်ကာ ပိုက်ဆံ လုပ်၍ ဈေးရောင်းတမ်းကစားနေသည့် ကလေးများကိုလည်း တွေ့ဖူးပါလိမ့်မည်။ ရောင်းကြ၊ ဝယ်ကြ၊ ဈေးဆစ်ကြ၊ ပိုက်ဆံပြန်အမ်းကြ။ စိတ်ကူးထဲ၌ ဖြစ်နေသည့် အရောင်းအဝယ်။
သဲတွေ၊ သစ်ရွက်တွေ၊ ကျောက်ခဲကလေးတွေ၊ ရေတွေ၊ ကြိုးစကလေးတွေက အသုပ်စုံအတွက် ဆီဖြစ်၊ ပဲမှုန့်ဖြစ်၊ ကြာဆံဖြစ်၊ ထမင်းဖြစ်၊ ခေါက်ဆွဲ ဖြစ်။
ကြမ်းပြင်က ပင်လယ်ကြီး ဖြစ်၊ မွေ့ရာက ကမ်းခြေဖြစ်၊ ပလတ်စတစ်ဘူးခွံကလေးက ပင်လယ်ကူးသငေ်္ဘာဖြစ်။
ခွလိုက်တဲ့အခါ ဖက်ခေါင်းအုံးက မြင်းဖြစ်သွား၊ သစ်သားတုံးကလေးတွေ တန်းစီလိုက်တော့ မီးရထားဖြစ်သွား။ အုန်းလက်ကိုခွဲကာ အုန်းမှုတ်ခွက်ချို လုပ်တပ်လိုက်တော့ နွားဖြစ်သွား၊ ငှက်ပျောလက်ကို လက်ထဲဆုပ်ကိုင်လိုက်တော့ ဓားဖြစ်သွား။
ဘာမီးမှမရှိတဲ့ မြေအိုးကလေးကို မီးဖိုပေါ်က ချစဉ်မှာ စိတ်ကူးထဲက အပူတွေနဲ့ လက်နှီးကလေးနဲ့ ကိုင်သတဲ့။ ချက်တမ်း ပြုတ်တမ်းကစားသူကလေးများ။ ဘာမှမပါတဲ့ မြေပန်းကန်ကလေး တွေထဲက အစားအစာကို စိတ်ကူးနဲ့ နှိုက်နှိုက်ပြီး ဝါးသတဲ့။ စားတမ်းသောက်တမ်း ကစားသူ ကလေးများ။
စိတ်ကူးစိတ်သန်းနဲ့ ဆောက်တည်ထားတဲ့ကမ်ဘာကို လူကြီးတွေ နားလည်နိုင်ပါ့မလား။
(ငါး)
တရုတ်ပြည်၌ ‘မင်းသားလေး’ အဖတ်အရှုများပါသည်။ စိတ်ကူးစိတ်သန်း မခြောက်ခန်းဖို့ ဟူသည့်အသိ အရေးကြီးကြောင်း သူတို့ သတိထားကြပုံရပါသည်။
‘မင်းသားလေး’ ကို ကိုးကား၍ ပြောချင်ပါသည်။ သေတ္တာက လက်တွေ့မြင်နေရသည့် အရာ ဖြစ်ပါ၏။ သေတ္တာထဲတွင် အိပ်နေသည့် သိုးက စိတ်ကူး၍ ကြည့်ရသည့်အရာဖြစ်ပါသည်။
လူငယ်တို့ စိတ်ကူးခွင့်ကို ဘက်ပေါင်းစုံက လမ်းဖွင့်ပေးထားသည့် လူ့အဖွဲ့အစည်းအခင်းအကျင်းဖြစ်ရန် လိုအပ်လှပါသည်။ ။
(စာရေးဆရာ မောင်သာချိုသည် ကဗျာ၊ ဝတၳုတို၊ ခရီးသွားစာပေ၊ လူမှုရေး၊ ပညာရေး၊ စာပေရေးရာ ဆောင်းပါးများ ရေးသားနေသူဖြစ်သည်)
Copied from 7Day Daily.
စလေ ငနော့
Comments
Post a Comment