ရောင်းတယ် ဝယ်တယ် § အတ္တကျော်

ဆရာသုမောင်က ချီးမွမ်းရတယ်ဆိုတဲ့ ဆရာအတ္တကျော်ရဲ့ ဘာသာပြန်လက်ရာ။ ရောင်းတယ် ဝယ်တယ် •••••••••••••••••••••••••• အတ္တကျော် အလုပ်များတဲ့ လူတစ်ယောက်ပေါ့။ ကနေ့လည်း နောက်ကျပြန်ပြီ။ စိတ်မော၊ လူမောလည်းဖြစ်နေပြီ။ အဲသလိုနဲ့ အိမ်ပြန်ရောက်တဲ့အခါ သူ့ရဲ့ ငါးနှစ်သားလေးက တံခါးဝမှာ စောင့်နေတယ်။ “ဖေဖေ… ဖေဖေ့ကို သားတစ်ခု မေးလို့ရမလား ဟင်…” “မေးကွာ၊ မေး…မေး…” “ဖေဖေ အလုပ်လုပ်တဲ့အခါ တစ်နာရီကို ပိုက်ဆံ ဘယ်လောက် ရလဲဟင်…” ဖအေလုပ်တဲ့သူက သားရဲ့မေးခွန်းကြောင့် စိတ်တိုသွားတယ်။ “ဟကောင်ရ၊ အဲဒါ မင့်အလုပ် မဟုတ်ဘူး။ ဘာကိစ္စ ငါ့ကို ဒါတွေ လာမေးနေရတာလဲ။ အလုပ်ပင်ပန်းလို့ စိတ်တိုနေရတဲ့အထဲ။ မင်းနော်….” “သား သိချင်လို့ပါ ဖေဖေရယ်။ သားကို ဆူချင်လည်း ဆူ၊ ရိုက်ချင်လည်း ရိုက်ပါ။ ဒါပေမယ့် ဖေဖေ တစ်နာရီ အလုပ်လုပ်ရင် ပိုက်ဆံ ဘယ်လောက် ရသလဲဆိုတာတော့ သားကို ပြောပြပေးပါနော်…” ငါးနှစ်သားလေးက မျက်နှာငယ်လေးနဲ့ ခခယယ တောင်းပန်နေပြန်တယ်။ “အေး… မင်း သိပ်သိချင်တယ်ဆိုရင်တော့ ပြောပြရတာပေါ့ကွာ။ ငါ တစ်နာရီ အလုပ်လုပ်ရင် ဒေါ်လာ ၂၀ ရတယ်ကွ။ ကဲ… ကျေနပ်ပြီလား…” “အဲလောက်တောင်မှလား” လို့ သားလေးက ပြောပြီး ခေါင်းငိုက်စိုက် ကျသွားတယ်။ ဒါပေမယ့် ချက်ချင်းပဲ ပြန်မော့ပ...