အမေများ § သုမောင်
အမေများ
•••••••••••••
သုမောင်
ကျွန်တော့်တွင် လူသိရှင်ကြား တရားဝင်အမေသုံးဦး ရှိပါသည်။
၁။ ကျွန်တော်၏အမေ
ဒေါ်ခင်ညို
၂။ ကျွန်တော်၏ ယောက္ခမ
ဒေါ်မြသိန်း
၃။ ကျွန်တော့်အဖေ၏ ဒုတိယဇနီး
ဒေါ်မြတ်မွန်
တို့ဖြစ်ပါသည်။ ဤစာစုနှင့် ပတ်သက်၍ကား အမေ နံပါတ်(၁)နှင့် (၂)တို့ကိုသာ ယိုးမယ်ဖွဲ့ ရေးပါမည်။ အကြောင်း မှာ အသက်အရွယ်ကြီးရင့်ကြပြီဖြစ်သော အမေကြီးများနှင့် သက်ဆိုင်သည့်ကိစ္စကို ဦးတည်ရေးမည်ဖြစ်သောကြောင့် ဖြစ်ပါ သည်။
အမေလေး ဒေါ်မြတ်မွန်ကား ကျွန်တော်ရေးမည့် အကြောင်းအရာနှင့် လွန်စွာ မပတ်သက်သေး (တစ်နည်း) ငယ် ဂုဏ်မစင်သေးသောကြောင့် ချန်လှပ်ထားရပါမည်။ နောင် အလျဉ်းသင့်ပါက အမေလေး ဒေါ်မြတ်မွန်အကြောင်း ရေးပါ မည်။
ဆိုခဲ့သလို ကျွန်တော်၏ အမေရင်းဖြစ်သူ ဒေါ်ခင်ညို နှင့် ကျွန်တော့်ဇနီးသည်၏ အမေရင်းဖြစ်သူ ဒေါ်မြသိန်းတို့ နှစ်ဦးသည် ကျွန်တော်၏ လူသိရှင်ကြားအမေများ ဖြစ်သလို ကျွန်တော်ကိုယ်တိုင်၌လည်း မိခင်များ၌ ပို၍ သံယောဇဉ်တွယ် တတ်သော သဘာဝရှိခဲ့လေရာ ယင်းအမေနှစ်ဦးနှင့် ကျွန်တော် သည် အနေအထိုင် အပြောအဆို အဆက်အဆံ၌ လွန်စွာရင်းနှီးခဲ့ပါ သည်။
ယင်းကဲ့သို့ ကျွန်တော့်ဘက်က ဂရုစိုက် အရေးပေးရာ ရောက်လွန်းသဖြင့်လည်း ထိုအမေများသည် ကျွန်တော့်အပေါ် အခြားသားသမီးများ၊ သမက်များထက် နိုင်စားကြပါ၏။ သည်အတွက် ကျွန်တော်က အပြစ်မြင်ခြင်းမဟုတ်ပါ။ လူကြီး ဆိုသည်မှာ လူငယ်များအပေါ် နိုင်စားချင်သည့် သဘာဝတစ်မျိုးမျိုးတော့ ရှိနေတတ်သည်ကို ကျွန်တော် သိထားပါသည်။
ဆိုဆုံးမရခြင်းသည် သူတို့၏ အားဆေးတစ်မျိုးပင် ဟုတ်ပါလား။ သိပြီသား အကြောင်းအရာများပင် ဖြစ်စေကာမူ လူကြီးသူမတို့၏ ဆိုဆုံးမစကားသည် ကျွန်တော်တို့အဖို့ တန်ဖိုးရှိနေတတ်ပါသည်။ ကိုယ့်ဘာသာ ဖော်သောက်သည့်ဆေး နှင့် ဆေးဆရာက ညွှန်သောဆေးသည် အာနိသင်ချင်းတူသော် လည်း တန်ဖိုးချင်းကွာတတ်သည့်နှယ် ဖြစ်ပါလိမ့်မည်။ မည်သို့ ပင်ရှိစေ ယင်းအဘွားအိုကြီးများနှင့် စကားပြောရ၊ နားထောင်ပေး ရသည်ကိုပင်လျှင် ကျွန်တော့်လို စာရေးဆရာတစ်ယောက်အဖို့ အမြတ်ထုတ်နိုင်ခဲ့ပါသည်။ ကြည့် ယခုပင် ဤစာစုကို ရေး နိုင်လေပြီ။ ဤစာစုပါ အကြောင်းအရာသည် ကျွန်တော်သိ ပြီးဖြစ်သော်လည်း မေ့မေ့လျော့လျော့ ထားခဲ့မိသော အဘိဓမ္မာ တစ်ရပ်ကို ပြန်လည်ခံစား ဈာန်ဝင်စားစေနိုင်သော အကြောင်း တရားတစ်ခု ဖြစ်နေပြန်ပါသည်။
ပထမအမေဖြစ်သူ ဒေါ်ခင်ညိုသည် ကျောင်းဆရာ ကောင်းတစ်ဦးဖြစ်သူပီပီ ယခုထက်ထိ နေရာတကာ ဆရာလုပ် တတ်ပါသည်။
အမေဒေါ်မြသိန်းက ဆရာလုပ်ခြင်းထက် အပြစ်ရှာခြင်း ၌ ပို၍ ဝါသနာထုံပါသည်။ ဒေါ်ခင်ညိုက စကားများသ လောက် ဒေါ်မြသိန်းက ခပ်မဆိတ် နေတတ်ပါသည်။
အမေဒေါ်ခင်ညိုက အစားအသောက်အရာ၌ အလွန် လျှာသရမ်းပါသည်။ အိမ်ဦးခန်းတွင် ထိုင်၍ မိုးလင်းမိုးချုပ် ထိုင်၍ လာသမျှ သရေစာများ ခေါ်စားသည်။ (ဒါတောင် ကျွန်တော့်ညီ ကိုရူပဖွင့်ထားသောဆိုင်မှ မုန့်နှင့်လက်ဖက်ရည်
မပါသေးပါ။) သူ့ အိတ်ကပ်ကလေးထဲ ပိုက်ဆံမရှိလျှင် မနေတတ်ပါ။ ကျွန်တော့်ကို မြင်လိုက်သည်နှင့် ပိုက်ဆံတောင်း တတ်သည်။
“ဟေ့ လောကကြီးသုံးပါးမှာ ဘာမြင်သလဲသိလား”
“ဘုရား တရား၊ သံဃာပေါ့အမေ” ဟု ပြောလျှင် အမေက ရယ်မောပြီး
“လောကကြီးသုံးပါးမှာ အမေတော့ ပိုက်ဆံပဲ မြင်တော့တယ်”
ဟု သူ့စကား သူ သဘောကျစွာ ရယ်မောတတ်ပါသည်။
အမေ ဒေါ်မြသိန်းကား အစားအသောက် အလွန်ချွေတာသည်။ သို့သော် ကပ်စေးမနှဲပါ။ လိုသလောက်သာ ချင့် ချိန်သည်။ စည်းကမ်းကြီးသည်။ ထမင်းကို သူ့ဘာသာသူ ချက်စားသည်။ ယခု သူ့အသက်(၇၆)နှစ် ရောက်နေပြီဖြစ်သော် လည်း မုန့်ဟင်းခါး ခေါက်ဆွဲမှ နောက်ဆုံး ပေါက်စီပင်လျှင် သူ့ဘာသာ လုပ်စားသည်။
ကျွန်တော့်အမေ ဒေါ်ခင်ညိုက သားသမီးတွေဆီက ငွေတောင်းသည်။
သူကတော့ သူက ပေးရမှ ကျေနပ်သည်။ တစ်ခါတစ်ရံ ကျွန်တော့်ဇနီးသည်နှင့် ဈေးသွားသည့်အခါမျိုးတွင် ငါးပြား ဆယ်ပြားကအစ ငြင်းခုံ၍ အပေးအယူ လုပ်တတ်သည့်အတွက် ကျွန်တော့်မှာ ကျိတ်ရယ်ရသည်။
“အမေရယ် ဒီလောက်ကလေးနဲ့များ” ဟုပြောလျှင်
“ဟ့ဲ.. အဲသလောက် ကလေးတွေ ပေါင်းရင် အများကြီး ရသကွယ့်” ဟု ပြန်ပြောနေတတ်သည်။
ဒေါ်မြသိန်းနှင့် ဒေါ်ခင်ညိုတို့တူသော အချက်တစ်ချက် သာရှိမည်။
သူတို့အင်္ကျီများကို သူတို့ ချုပ်တတ်ခြင်းပင်ဖြစ်၏။ ဒေါ်မြသိန်းက ရင်ဖုံးအင်္ကျီကို သူ့ဘာသာ ချုပ်ဝတ်သလို ကျွန်
တော့်အမေကလည်း ကျွန်တော်တို့အကျ လုံချည်များကို လက်နှစ် ပေါက်၊ လည်ပင်းတစ်ပေါက် ဖောက်၍ ချုပ်ဝတ်သည်။
“ဖိုးရိုးဖားရားပေမယ့် အေးတယ်သားရဲ့” ဟုဆိုတတ်သည်။
ဒေါ်မြသိန်းက ဖြူဖြူချောချောဖြစ်ပြီး ကျွန်တော့်အမေ က ရွက်ကြမ်းရေကျို ညိုတိုတိုဖြစ်သည်။
ဒေါ်မြသိန်းတွင် ယခုအခါ သူနှင့်အတူ သားနှစ်ယောက်၊ သမီးနှစ်ယောက် အနီးကပ်နေထိုင်သည်။ ထို့ကြောင့် အနည်းဆုံး ဟင်းရှစ်မည်တော့ စားရတန်ကောင်းသည်။ သို့သော် သူက
“ဒင်းတို့ချက်တာ ရွံတယ်၊ မစားချင်ဘူး”
ဟုဆိုပြီး သူ့တစ်ယောက်စာ သူကိုယ်တိုင် ချက်စားသည်။
ကျွန်တော့်အမေမူကား သားလေးယောက်ရှိသဖြင့် ချွေးမလေးယောက်ထံမှ တစ်နေ့ဟင်းရှစ်ခွက် ပုံမှန်တောင်းစားသည်။
“ဟေ့ ငါက လောလောဆယ် နတ်ပြည်ရောက်နေတာ” ဟု ရယ်ပွဲဖွဲ့ သည်။
ဒေါ်မြသိန်းသည် ပုံမှန်တရားထိုင်သည်။ ဘုရားဝတ် ပြသည်။ မေတ္တာပို့ အမျှဝေ ကြေးစည်ထုသည်။ ရံဖန်ရံခါရိပ်သာ ပင် ဝင်လိုက်သေးသည်။ အလှူအတန်းဆိုလျှင်လည်း ရပ် ကွက်မီးကင်းအလှူမှအစ အလှူဒါနပြုကြသူငါအထိ လှူတတ် သည်။ သိမ်ဇရပ်ဆောက်လုပ်ရေး၊ ဘုန်းကြီးကျောင်း ပြင်ဆင်ရေး အစ...။
ဟော- အမေဒေါ်ခင်ညိုကတော့ ပုံမှန်တရားမထိုင်၊ ဝတ်မပြုနိုင်(လေဖြတ်ထားသဖြင့် လက်ကလေးတစ်ဖက်က မလှုပ်နိုင်သည်လည်း ပါသည်။) အမျှအတန်းဝေ၊ မေတ္တာပို့ ကြေးစည်ထုဖို့ဆိုသည်မှာ သူနှင့်မဆိုင်သလိုပင်။ တရားရိပ်သာ ဝင်ဖို့ဆိုတာ ဝေးလာဝေး၊ အလှူအတန်းနှင့် ပတ်သက်၍ ဗိုက်ဆံငွေကြေးဖြင့် လှူတန်းသည်ဟူ၍ မရှိသလောက်ပင်။ တစ်ခါတစ်ရံ ကျွန်တော်နှင့် ကြုံလျှင်တော့ ဘယ်လောက် လှူထည့်လိုက်စမ်း၊ ငါ့မှာ ဘိုင်ကျနေတယ်ဟူ၍ ဆိုတတ် သည်။
သို့သော် အမေက ပြောပါသည်။
“သား... ဘုရားကို အမေစိတ်က အမြဲရှိခိုးတယ်။ မြတ်စွာ ဘုရား ရုပ်ပွားတော်ကိုကြည့်ပြီး ကြည်ညိုတယ်။ မေတ္တာ ကိုတော့ မျက်စိနှစ်လုံးဖွင့်လို့ ကျီးသံ၊ ငှက်သံကြားတာနဲ့ အဲဒီ ကျေးငှက်ကို ချမ်းသာပါစေ၊ လောက်လေးစာ မမိပါစေနဲ့ စသည်ဖြင့် မေတ္တာပို့တယ်။ ဘတ်စ်ကားတစ်စီး ဖြတ်သွားသံ
ကြားတာနဲ့ ကားပေါ်က ဒရိုင်ဘာကို မေတ္တာပို့တယ်။ အင်း သူစိတ်ချမ်းသာမှ ကားစီးတဲ့ ခရီးသည်တွေ စိတ်ချမ်းသာမယ် မဟုတ်လား။ အဲဒီအတိုင်း မေမေမျက်စိဖွင့်ချိန်က ပိတ်ချိန်အထိ မြင်သမျှ သတ္တဝါ၊ သတိရသမျှသတ္တဝါတွေ မေတ္တာပို့တယ်။
ဟော အလှူအတန်းရော။ ကိုင်း... မင်းတို့ပေးတဲ့ ပိုက်ဆံနဲ့ လာသမျှ အသည်တွေခေါ်၊ အနီးအနားက မရှိတဲ့သူတွေ ဝယ် ကျွေးလုပ်တယ်။ အဲ.. တစ်ခုတော့ရှိတယ်။ အမေ့ကို ကုသိုလ်က အပြည့်တော့ မရဘူးကွယ်။ ဘာကြောင့်လည်းဆိုတော့ အမေက သူတို့ကို ကျွေးကတည်းက အမေခေါ်ခိုင်းချင်ရင် အလွယ်တကူ ရအောင်လို့ဆိုတဲ့ စေတနာပါနေတာကိုး။ ဟုတ်တယ်လေ၊ အမေက လေဖြတ်ထားတော့ သူတို့လေးတွေကိုပဲ လက်တိုလက်တောင်း ခိုင်းနေရတာကိုး” ဟူ၍ မေတ္တာဋီကာ ဖွင့်ပါသည်။
◾◾◾
တစ်နေ့တွင် အမေဒေါ်ခင်ညိုက ကျွန်တော့်ကို မေးပါ သည်။
“ဟဲ့ ငါ့အဘွားကြီးဆီရော ရောက်ရဲ့ လား”
“ရောက်ပါတယ်အမေ”
“နေကောင်းပါတယ်အမေ၊ ဒါပေမယ့် အမေ့လောက် တော့ မကောင်းဘူး”
“အဘွားကြီးက ဘာဖြစ်လို့လဲ”
“ဘာမှ ကြီးကြီးကျယ်ကျယ်တော့ မဖြစ်ပါဘူး။ ဒူးနာ တယ်၊ မောတယ် ဒီလောက်ပါပဲ”
“ဟဲ့.. လူကြီးဆိုတာ ဒီလိုပဲ။ ဆရာဝန်လေး ဘာလေး . ပြဦးမှပေါ့”
“မရဘူးအမေ၊ အမေဒေါ်မြသိန်းက အမေနဲ့ တူတာ မဟုတ်ဘူး။ သူ့ဆရာဝန်မှသူ တခြားဆရာဝန်ဆို နှာခေါင်းရှုတ် ချင်ချင်ရယ်”
“ဟာ ခက်တာပဲ”
“မခက်နဲ့အမေ၊ ဘယ်လိုမှ ပြောမရတဲ့ အဘွားကြီးဗျ၊ ပြီးတော့လည်း အမေ့လို စိတ်အတိုင်း တိုင်းထားပြီး ကိုယ့်ကိုယ် ကို ယောနိသော မနုသီကာရ နှလုံးမသွင်းနိုင်ဘူး။ ဟို... မြေး ဘာဖြစ်လို့တုံး၊ ဒီသားသမီး ဘာဖြစ်လို့တုံးနဲ့ အမြဲပူပန် သောက ရောက်နေတာ”
“ဒါတော့သားရယ်၊ အသက်ကြီးလာတဲ့ မိဘတိုင်း ဒီလို ချည်းပဲပေါ့”
“လွန်လွန်းပါတယ်အမေရယ်။ ဟော အမေကြည်စမ်း။ ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်၊ စိတ်ညစ်စရာတွေ လာမပြောကြနဲ့။ ဘယ်လောက်ကောင်းသလဲ၊ ကြည့်စမ်း ဝလို့ ဖီးလို့”
“နော့ ခု သူ့အနား ဘယ်သူရှိလဲ”
“ရှိပါတယ်အမေ။ အိမ်ထောင်သည်သားတစ်ယောက် အိမ်ထောင်သည်-သမီးနှစ်ယောက်၊ သားလူပျိုကြီးတစ်ယောက်။
မြေးအကြီးမလေးဆို အပျိုဖြစ်လို့ ကူဖော်လောင်ဖက်ရနေပြီ"
“သူတို့က ဂရုမစိုက်လို့လား”
“ဟာ ဘယ့်နှယ်မစိုက်ဘဲ နေပါ့မလဲ။. သားသမီးတွေ ပဲ။ သူကမှ အလုပ်မခိုင်းတာ”
“အင်း... ဒုက္ခ ဒုက္ခ”
“မဒုက္ခနဲ့အမေ၊ တစ်နေ့က သူ့ဆီသွားတော့ ဘာလုပ် တယ်မှတ်သလဲ။ ဒယ်အိုးသေးသေးလေးနဲ့ သူ့ထမင်းသူ ချက် ပြီးစားနေတာ၊ ဝက်သားလေး တစ်ဖတ်နှစ်ဖတ်နဲ့ ထမင်း တစ်လုပ်တစ်ဆုပ် နယ်ဖတ်စားနေလိုက်တာ ကျွန်တော်ဖြင့် စိတ်တောင် မကောင်းဘူး။ ပန်းကန်ဆေးလည်းသူ၊ အဝတ်လျှော်လည်းသူ၊ တံမြက်လှည်းလည်းသူ ဒီမယ်အမေ၊ သူ့ခါးကြီး ၉ဝ ဒီဂရီစောင်းနေပြီ။ ဘယ်သူကူတာမှလည်း မကြိုက်ဘူး ကုန်ကုန်ပြောမယ် စပါးလုံးရွေးတာတောင် သူ့စိတ်ကြိုက်
ရွေးတာ”
စသဖြင့် ဒေါ်မြသိန်းတစ်ယောက် တကုပ်ကုပ်လုပ်ရင်း တရားသာ ထိုင်နေတယ်၊ စိတ်က အိမ်မှုကိစ္စမှာပဲ ရှိ တဲ့ အကြောင်း၊ မေမေ့လို ယောနိသောမနသိကာရ နှလုံးမသွင်းနိုင်ကြောင်း စသဖြင့် ကျွန်တော့် အမေနှင့်ယှဉ်၍ အမေ ဒေါ်မြသိန်း ကို ကရုဏာဒေါသော ပြောဆိုနေမိပါသည်။
ထိုအခါတွင်မှ အမေသည် သက်ပြင်းချ၍ ကျွန်တော့် ကို အောက်ပါ စကားများ ပြောပါတော့သည်။
◾◾◾
“ဒီမယ်သား၊ မှတ်ထား။ အမေတို့လို အိုလာတဲ့အဘွား ကြီးတွေဟာ မာနပိုပိုကြီးလာတတ်တယ်၊ ကိုယ့်ဘာသာလုပ် နိုင်တုန်း အချိန်လေးမှာ ကိုယ့်ထမင်းပဲ ကိုယ်စားချင်လာတတ် တယ်။ ကိုယ့်လက်နဲ့ချက်တဲ့၊ ကိုယ့်ပိုက်ဆံနဲ့ ရှာတဲ့ ထမင်းကို ပဲ စားချင်တတ်ကြတယ်။ နောက်ဆုံး သားသမီးတွေကမကျွေး နိုင်၊ မထောက်ပံ့နိုင်တောင် ဘိုးဘွားရိပ်သာမှာသာ ခေါင်းချ ချင်တတ်တယ်။ သားယောက္ခမကြီးဟာ တကယ်တော်တဲ့၊ တကယ့် မာနကြီး အမယ်ကြီးပဲသား”
သည်တွင် ကျွန်တော်က အမေ့ကို တစ်ခုမေးပါသည်။
“နော့ အမေကကော ဘာကြောင့် ကျွန်တော်တို့ ကျွေး နေတဲ့ ထမင်းကို စားနေရတာလဲ”
“ဪ သားရယ်၊ သားတို့ စိတ်ချမ်းသာ ဝမ်းသာအောင် လို့ပေါ့”
(ကလျာ၊ ဩဂုတ်၊ ၁၉၉၂)
ဆရာသုမောင်၊ ကွမ်းစကား ပီဒီအက်ဖ်၊
စာမျက်နှာ ၈၆ - ၉၅။
စာရိုက် - စလေ ငနော့
Comments
Post a Comment