လက်နဲ့ရေးတဲ့စာ § မင်းလူ
လက်နဲ့ရေးတဲ့စာ
••••••••••••••••••••
မင်းလူ
စာရေးဆရာတွေ စာကို ဘယ်လိုရေးသလဲဟု မေးလျှင် “လက်နဲ့ရေးတာပေါ့”ဟုဖြေတာ အမှန်ဆုံးဖြစ်လိမ့်မည် ထင်၏။ ကျွန်တော်တို့သည် “စာ”ရယ်လို့ စတင်ပေါ်ပေါက်ခဲ့တဲ့အချိန်ကစပြီး လက်နှင့်သာရေးခဲ့ကြသည်။
အစပိုင်းမှာတော့မြေပြင်ပေါ်မှာ တုတ်နှင့်ခြစ်ပြီးရေးမည်။ ကျောက်နံရံပေါ် ခဲလုံးနှင့်ခြစ်ပြီးရေးမည်။ နောက်တော့
မြေနီ၊ မြေဝါတွေကို အရည်ဖျော်ပြီး လက်နှင့်တို့ရေးမည်။ တုတ်နှင့်တို့ရေးမည်။ အဖျားပိုင်းဖွာနေသော တုတ်က
ပိုရေးလို့ကောင်းကြောင်း သိလာရာကတစ်ဆင့် စုတ်တံ ပေါ်လာမည်။ ကြာကြာခံစေလိုသော စာများကို ကျောက်သားပေါ် ထွင်းကြရာမှ ကျောက်စာဖြစ်လာမည်။
သစ်ရွက်တွေပေါ်မှာ စူးနှင့်ခြစ်ပြီး စာရေးရာက ပေရွက်ပေါ်မှာကညစ်နှင့်ရေးသော အလေ့အထ ပေါ်လာသည်။
တချို့က ကန့်ကူဆန်ဖြင့် ပျဉ်ပြားအမည်းပေါ်မှာ ရေးကြသည်။ ကျောက်သင်ပုန်းပေါ်မှာ ကျောက်တံနှင့် ရေးကြသည်။ တရုတ်တို့က စက္ကူကိုစတင်တီထွင်ပြီး စုတ်တံဖြင့် စာရေးကြသည်။ ပိုးစပေါ်မှာလည်း ရေးကြသည်။ အနောက်နိုင်ငံတွေမှာတော့ ငှက်တောင်ကို မင်ဆွတ်ပြီးရေးသည်။ နောက်တော့ ကလောင်တံပေါ်လာသည်။
ကလောင်တံက မင်ကို တို့တို့ပြီးရေးရသောကြောင့် အလုပ်မတွင်ကျယ်လှ။ ထို့ကြောင့် မင်အိုးပါ တစ်ခါတည်း တွဲလျက်ပါသော ကလောင်တံ တစ်မျိုးကို တီထွင်ခဲ့ကြ၏။ ဒါကို ဖောင်တိန်ပင်ဟု ခေါ်သည်။
စာရေးသားခြင်းနှင့်ပတ်သက်ပြီး အတွင်ကျယ်ဆုံး၊ အသုံး၀င်ဆုံးကိရိယာလေးပင်ဖြစ်၏။ ကမ်ဘာပေါ်မှာ လူသုံး
အများဆုံးပစ္စည်းဖြစ်ပြီး နှစ်ပေါင်းများစွာကြာအောင် သုံးစွဲခဲ့ကြပြီး ခုချိန်ထိလည်း လက်မလွှတ်နိုင်သေးသော
အရာဖြစ်၏။ ဘောလ်ပင်ဆိုသည်မှာလည်း ဖောင်တိန်ကိုအခြေခံ၍ ပေါ်ပေါက်လာခဲ့ရခြင်းပင်ဖြစ်၏။ ထိပ်ဖျားမှာ
“နစ်”ခေါ်ကလောင်သွားမပါဘဲ ဘောလ်စေ့ကလေးတပ်ထားသောကြောင့် ဘောလ်ပွိုင့်ပင်ဟု ခေါ်ခြင်းဖြစ်၏။
သူလည်း ဖောင်တိန်၏မျိုးဆက်သစ်တစ်ခုပါပဲ။
နောက်ပိုင်းမှာ လက်နဲ့ရေးရတာလည်း သက်သာအောင်၊ စာလုံးတွေလည်း ပီပီသသထင်ထင်ရှားရှားဖြစ်အောင်
လက်နှိပ်စက်ကို တီထွင်ခဲ့ကြသည်။ သို့ရာတွင် လက်နှိပ်စက်ဆိုတာက နေရာတကာကို သယ်ယူသွားလို့
ရတာမဟုတ်။ ဖောင်တိန်တစ်ချောင်းလို အိတ်ကပ်ထဲထည့်သွားလို့မရ။ ပြီးတော့ လက်နှိပ်စက်ဆိုတာ
ဘယ်သူပဲရိုက်ရိုက် ဒီစာလုံးပဲထင်သည်။ ဖောင်တိန်နဲ့ရေးတာလို ကိုယ်ပိုင်လက်ရေးမူကိုမရ။ ထို့ကြောင့်
ဖောင်တိန်ကို မကျောနိုင်သေး။
ကျွန်တော် သူငယ်တန်းစတက်သော အချိန်တွင် ကျောက်သင်ပုန်းနှင့်ကျောက်တံကို နယ်နှင့် ဆင်ခြေဖုန်းရှိ ကျောင်းတွေမှာသာ သုံးတော့သည်။ ကျွန်တော်တို့ကျောင်းကတော့ မြို့လယ်မှာရှိသောကြောင့် စာအုပ်နှင့်
ခဲတံကိုသာ သုံးရသည်။ လေးတန်းအထိ ခဲတံနှင့်ရေးရသည်။ ငါးတန်းရောက်တော့ ဖောင်တိန်စကိုင်ရသည်။
ပိုင်းလော့အမျိုးအစား ဖောင်တိန်များကို ကျောင်းမှ ထုတ်ရောင်းပေးသည်။ ဖောင်တိန်ကိုင်ခါစ ကျောင်းသားတွေနှင့်
အလွန်လိုက်ဖက်သော ဖောင်တိန်များပင်ဖြစ်၏။ ကော်သားကောင်းသဖြင့် တော်ရုံတန်ရုံ ပြုတ်ကျလို့ ကွဲခြင်း အက်ခြင်းမရှိ။ ကလောင်သွားကလည်း အလွန်မာသည်။ ဘယ်လောက်ထိလဲဆိုတော့ စားပွဲပေါ်
ဒေါက်ခနဲ ပစ်စိုက်လို့ရလောက်အောင်မာသည်။ အောက်ပြုတ်ကျပြီး ကလောင်သွားကောက်သွားလျှင်လည်း
ပြန်ဖြောင့်ပြီး ရေးလို့ရသည်။
ထိုအချိန်မှာ ဘောလ်ပင်တွေ ပေါ်နေပြီဖြစ်သော်လည်း ကျောင်းသားတွေကတော့ ဖောင်တိန်ကိုသာ သုံးကြသည်။ ကျွန်တော်ဆိုလျှင် ဘွဲ့ရသည်အထိ ဖောင်တိန်ကိုပဲ သုံးခဲ့သည်။ စာရေးဆရာဖြစ်လာတော့လည်း ဖောင်တိန်နဲ့ပဲ
ရေးခဲ့သည်။ ဘောလ်ပင်နှင့်ရေးရတာကို ကျွန်တော်မကြိုက်။ ပေါ့ရွှတ်ရွှတ်နိုင်သည်ဟု ထင်၏။ မင်အရောင်ကလည်း ဖျော့တော့တော့နှင့် အားမရှိသလိုဘဲ။ မင်က စာရွက်သားထဲ စိမ့်၀င်မသွားဘဲ အပေါ်ယံမှာ
တင်နေတာကိုက လေးလေးနက်နက်မရှိဘူးဟု ထင်မိ၏။ နောက်ပြီး ဘောလ်ပင်တွေက တစ်ခါသုံးတွေသာ
များသည်။ မင်ကုန်သွားလျှင် လွှင့်ပစ်လိုက်ရုံပဲရှိ၏။ မင်ချောင်းလဲလို့ ရတာမျိုးဖြစ်လျှင်တောင် အိုးကလွဲလျှင်
အသစ်တစ်ချောင်းပြောင်းကိုင်ရတာနဲ့ ဘာမှမထူးဘူး။
အကြောင်းကတော့ ဘောလ်ပင်တို့သည် အမျိုးအစားချင်းတူလျှင်တောင် ရေးရတာ တစ်ချောင်းနှင့် တစ်ချောင်း အလိုက်ချင်းမတူကြ။ ဘောလ်ပင်တစ်ချောင်းထဲမှာတောင် ရေးခါစမှာ တစ်မျိုး၊ အလယ်မှာ တစ်မျိုး၊ မင်ကုန်ကာနီးတော့ တစ်မျိုး ဖြစ်တတ်၏။ တချို့ဘောလ်ပင်တွေက ရေးခါစမှာ ကောင်းသလိုလို ရှိသော်လည်း နောက်တော့ ထိပ်တုံးသွားတာမျိုး၊ တစ်ခါတလေ ကျတော့ အစပိုင်းရေးလို့မကောင်းဘဲ
အဆင်ပြေပြီဆိုတော့ မင်ကုန်သွားတာမျိုးကြုံရသည်။ ဘယ်လောက်အမျိုးအစားကောင်းတဲ့ ဘောလ်ပင်မျိုးဖြစ်ဖြစ် တစ်ခုမဟုတ်တစ်ခုတော့ စိတ်တိုင်းမကျတာမျိုးတွေ့ရတတ်လေသည်။
ဖောင်တိန်ကျတော့ ဒီလိုမဟုတ်။ ရေးခါစမှသာ နည်းနည်းပါးပါး အထာမကျတာမျိုး ရှိချင်ရှိမည်။ အသားကျသွားပြီ ဆိုတာနဲ့ တောက်လျှောက်ရေးလို့ အဆင်ပြေသွားတာပါပဲ။ ဖောင်တိန်က ရေးတဲ့လူရဲ့အကျင့်ကိုလိုက်ပြီးတော့
သင့်လျော်အောင် ပြုပြင် ပြောင်းလဲပေးနိုင်သည်။ ခပ်လှဲလှဲရေးတတ်တဲ့လူ၊ ခပ်စောင်းစောင်းရေးတတ်တဲ့လူ၊
အနေအထားအမျိုးမျိုးအတွက် အလိုက်သိစွာ အသုံးတော်ခံပေးနိုင်သည်။ ပြီးတော့ ဖောင်တိန်တစ်ချောင်းသည်
နှစ်ပေါင်းအတန်ကြာထိ အသုံးပြုလို့ရသဖြင့် ပိုင်ရှင်နှင့်ပိုပြီး ရင်းနှီးကျျွမ်း၀င်စေသည်။ တစ်ခါတလေများ လူနှင့်ဖောင်တိန် သံယောဇဉ်တွေတောင်ဖြစ်လို့။ ကျွန်တော်တို့လို ညဥ့်နက်သန်းခေါင်ထိ တစ်ယောက်တည်း စာရေးရသော စာရေးဆရာတွေအဖို့တော့ ဖောင်တိန် ဆိုသည်မှာ ကိုယ့်ရဲ့
တိုင်ပင်ဖော်တိုင်ပင်ဖက် လုပ်ဖော်ကိုင်ဖက်လည်းဖြစ်၏။ သူငယ်ချင်းလည်းဖြစ်၏။ ချစ်သူလည်းဖြစ်နိုင်၏။
ကျွန်တော်က ဖောင်တိန်နှင့်စာရေးရတာကိုပဲ လက်တွေ့သည်။ သို့ရာတွင် ခုချိန်မှာ ဖောင်တိန်က ရှားပါးပစ္စည်း
ဖြစ်နေပြီ။ ဆိုင်တိုင်းမှာ လွယ်လွယ်ကူကူ ၀ယ်လို့မရတော့။ ဆိုင်ကြီးတွေမှာသာရှိ၏။ ဈေးလည်းကြီးသည်။
ဖောင်တိန်ဆိုတာကလည်း မင်ထည့်၍ စမ်းရေးကြည့်ပြီးမှ ၀ယ်လို့ရတာမျိုးမဟုတ်။ ၀ယ်လာပြီးမှ ကိုယ့်စိတ်ကြိုက်
မဖြစ်လျှင် ခက်မည်။ ကျွန်တော် ဖောင်တိန်ကြိုက်တတ်မှန်းသိသဖြင့် သူငယ်ချင်းသငေ်္ဘာသားတွေက
လက်ဆောင်ပေးကြသည်။ သူတို့ပေးတာတွေက ပတ်ကား၊ ရှက်ဖာ၊ ရိုထရင်း စသော အကောင်းစားတွေချည်းဖြစ်၏။
သို့ရာတွင် ထိုဖောင်တိန်တွေက မင်လုံးအကြီးကြီးတွေ။ စာတစ်ကြောင်း နှစ်ကြောင်းရေးရုံ၊ ချက်လက်မှတ်ပေါ်မှာ
လက်မှတ်ထိုးရုံလောက်သာ သင့်တော်သည်။
ကျွန်တော်ကြိုက်သော ဖောင်တိန်မျိုးက ကလောင်သွား စူးစူးချွန်ချွန်၊ မင်လုံးသေးသေး၊ မင်အလိုက်ကောင်းကောင်း
ဖြစ်ရမည်။ ကိုယ့်စိတ်ကြိုက်ရဖို့က မလွယ်။ မင်စိုဘောလ်ပင်တွေပေါ်လာသောအခါ ဖောင်တိန်နှင့်ရေးရသော
အရသာမျိုး ပြန်ရလိမ့်မည် ထင်မိသေးသည်။ သူကလည်း မင်အလိုက်ကောင်းတာကလွဲလျှင် ဘောလ်ပင်နှင့်
သိပ်မထူးလှပါ။ ဒီတစ်ချောင်း ရေးလို့ ကောင်းပေမယ့် နောက်တစ်ချောင်းကျတော့ အဆင်ပြေချင်မှပြေသည်။
စာရေးစက္ကူတွေကလည်း အမျိုးမျိုး၊ ရေးလို့ကောင်းတာလည်းရှိ၊ မကောင်းတာလည်းရှိ။ တချို့စက္ကူတွေက
ဖြူတယ်၊ ချောတယ် ဆိုသော်လည်း တကယ်ရေးတော့ မကောင်းပြန်။
ကျွန်တော်သည် အခြေအနေအရ ဘောလ်ပင်တွေနှင့်သာ စခန်းသွားနေရ၏။ ဟိုအရင်ကသုံးခဲ့ဖူးသော
ဖောင်တိန်ကလေးများကို ရည်းစားဟောင်းတွေလိုပဲ လွမ်းဆွတ်သတိရနေမိလေ၏။ စာရေးဆရာအများစုသည်
စာကို လက်ဖြင့်သာ ရေးကြသည်။ အနည်းစုလောက်ကသာ လက်နှိပ်စက်ဖြင့် ရိုက်ကြသည်။ တချို့ကတော့
နှုတ်ကပြော၊ ကက်ဆက်နှင့် အသံဖမ်းယူထားပြီးမှ ပြန်ကူးကြသည်။ ကျွန်တော်သည် တစ်ခါက
ဇာတ်ညွှန်းတစ်ပုဒ်ကို ကက်ဆက်နှင့်အသံဖမ်းပြီးရေးဖို့ ကြိုးစားကြည့်ဖူးသည်။ အစကတော့
ဟုတ်သလိုလိုပဲ။ ကက်ဆက်ထဲကအသံကို ဖွင့်နားထောင်ပြီး ပြန်ကူးတဲ့အခါကျတော့ စိတ်မပါဘဲ ဖြစ်နေ၏။ စာရွက်ပေါ် ချရေးတာလောက် စီးစီးပိုင်ပိုင်မရှိ။
ကျွန်တော် လက်နှိပ်စက်ကောင်းကောင်း ရိုက်တတ်သည်။ လက်နှိပ်စက်စာရေးတွေလောက် မမြန်သော်လည်း စဉ်းစားလိုက်၊ ရိုက်လိုက်လုပ်ရတာ အခက်အခဲမရှိလှ။ သို့ရာတွင် လက်နှိပ်စက်သံ တချောက်ချောက်ကို
ကျွန်တော်မကြိုက်။ ကိုယ့်လက်ရေးကို မမြင်ရသောအခါ ဒီစာ ကိုယ် ရေးတာမှဟုတ်ရဲ့လား၊ စက်ကကူပြီး
ရေးပေးနေတာလားဟု ထင်ချင်သလိုဖြစ်မိ၏။ လက်နဲ့ရေးရတာကိုသာ ကိုယ့်မူပိုင်ဟု ယူဆမိသည်။ တချို့က ကွန်ပျူတာနဲ့ရေးပါလားဟု အကြံပေးကြသည်။ ကွန်ပျူတာနဲ့ စာရိုက်ရုံလောက်ကတော့ သိပ်မခက်။ အချိန်နည်းနည်းယူပြီး လေ့လာလိုက်လျှင်ရနိုင်သည်။ ကွန်ပျူတာက လက်နှိပ်စက်ထက် အဆများစွာသာသည်။
စာလုံးတွေကို အရွယ်အစားအမျိုးမျိုး ပြောင်းနိုင်သည်။ စာလုံးပုံစံ မျိုးစုံရနိုင်သည်။ စာကြောင်းတွေ၊ စာပိုဒ်တွေ
နေရာရွှေ့ခြင်း၊ အစားထိုးခြင်း၊ ပယ်ဖျက်ခြင်း လိုသလိုလုပ်နိုင်သည်။ ရိုက်ထားသောစာတွေကို မှတ်ထားခိုင်းနိုင်သည်။ မိတ္တူပေါင်းများစွာ ကူးယူနိုင်သည်။ စာမျက်နှာပေါင်းများစွာကို ဓာတ်ပြားချပ်ကလေးထဲ
ထည့်သိမ်းထားနိုင်သည်။
သို့ရာတွင် ကွန်ပျူတာကို ကျွန်တော်မယုံရဲ။ ရိုက်နေတုန်း မီးပြတ်သွားရင် ဘယ်လိုလုပ်မလဲ။ လျှပ်စစ်ဓာတ်
အဆက်မပြတ်အောင် ယူပီအက်စ်နှင့် ထိန်းထားနိုင်တာတော့မှန်သည်။ ဗိုင်းရပ်စ်၀င်လို့ဖြစ်စေ၊ တခြားပယောဂ
တစ်ခုခုကြောင့် ဖြစ်စေ မှတ်ညဏ်တွေ ပျက်ကုန်ရင်သွားပြီ။ ပရင်တာတစ်လုံးနှင့် တိုက်ရိုက်ဆက်ထားပြီး
တစ်ပြိုင်တည်း ရိုက်ထုတ်ထားမှဖြစ်မည်။ ပြီးတော့ သက်ရှိဦးနှောက်နှင့် အပင်ပန်းခံစဉ်းစားထားရသော
စိတ်ကူး၊ စိတ်သန်းတွေကို စက်ဦးနှောက်ထဲထည့်ထားရမှာ စိတ်မချနိုင်ဘဲဖြစ်ရ၏။ ကိုယ့်ရဲ့အနုပညာကို
လျှပ်စစ်စီးကြောင်းတွေက တစ်ဆင့်ပို့လွှတ်ရမှာကိုလည်း မသတီသလိုကြီးပဲ။
တကယ်တော့ စာရေးတယ်ဆိုတာ နှလုံးသားထဲက ခံစားချက်ကို ဦးနှောက်ဆီကိုပို့၊ သွေးကြောအတိုင်း လက်ဖျားဆီ စီးဆင်သွားပြီး ဖောင်တိန်ကတစ်ဆင့် စာရွက်ပေါ်မှာ သငေ်္ကတတွေ ထင်ဟပ်စေတာ
မဟုတ်လား။ လက်ချောင်းတွေရယ်၊ ဖောင်တိန်ရယ်၊ စာရွက်တွေရယ် တိုက်ရိုက်ထိတွေ့နေရမှ
စာလုံးတွေထဲမှာ အသက်၀ိညာဉ် ဖြစ်ထွန်းလာနိုင်သည်ဟု ယူဆ စွဲလမ်းနေဆဲပါပဲ။
သိပ္ပံပညာသည် အဆက်မပြတ် တီထွင်ဖန်ဆင်းနေသည်။ အနာဂတ်တွင် ကွန်ပျူတာမျိုးဆက်သစ်တွေ
ထပ်ပေါ်လာဦးမည်။ နှုတ်မှရွတ်ဆိုလိုက်ရုံဖြင့် စာတွေ အလိုအလျောက်ရိုက်ပေးမည်။ ကိုယ့်လက်ရေးမူ
နမူနာထည့်ပေးထားပြီး ရိုက်နှိပ်လိုက်လျှင် ကိုယ့်လက်ရေးအတိုင်းထွက်ပေါ်လာမည်။ ဖန်သားပြင်ပေါ်မှာ
တိုက်ရိုက်ချရေးနိုင်သော ကွန်ပျူတာသင်ပုန်းတွေ ပေါ်လာမည်။
ထိုအခါကျလျှင် ကျွန်တော်သည် အီလက်ထရွန်းနစ်ကလောင်တံနဲ့ပဲ စာရေးနေမလား၊ ရှေးဟောင်းပစ္စည်း
အရောင်းဆိုင်မှာ ဖောင်တိန်တစ်ချောင်းကိုပဲ မရမက လိုက်ရှာနေလေမလားဆိုတာကိုတော့
စောင့်ကြည့်ရပေဦးမည်။
မင်းလူ
မြ၀တီမဂ္ဂဇင်း၊ နှစ် ၅၀ ရွှေရတု၊
နို၀င်ဘာ၊ ၂၀၁၂။
”မင်းလူ၏အနုပညာရပ်ဝန်း” ပေ့ဂျ်ကနေ ကူးယူပါတယ်။
စလေ ငနော့
Comments
Post a Comment