အက်(ဖ)အီးဆီ (တစ်) § နီကိုရဲ

အက်(ဖ)အီးဆီ (တစ်)
•••••••••••••••••••••••••

နီကိုရဲ

အကျိုးနဲ့အကြောင်းနဲ့ ဖွဲ့စည်းထားတဲ့ လူ့လောကကြီးမှာ အဖြစ် အပျက်တစ်ခုဟာ ဖြစ်သင့်တဲ့အတိုင်း မဖြစ်ဘဲ သူ့ဘာသာ ဖြစ်ချင်သလို ဖြစ်သွားတာကို “လွဲတယ်” လို့ လူတွေက ပြောကြ လက်ခံထားကြပါတယ်။

အဲဒီ...“လွဲတယ်” လို့ လက်ခံထားတာက ဖြစ်သင့်တဲ့အတိုင်း ဖြစ်မလာဘဲ ရလဒ်က ဖြစ်ချင်တာ ဖြစ်သွားတာကို ဆိုလိုတာပါ။ ရလဒ် မှားတယ် ဆိုပါတော့။ ဒါပေမယ့် အဲဒီရလဒ်အမှားကိုတော့ တိတိကျကျ ကြီးကို ဖြစ်ရတာပါ။ ဒါကြောင့်မို့ လွဲသွားတယ် ဆိုတာက ရလဒ်ပါ။ အဖြစ်အပျက်ကတော့ သဘာဝလည်းကျ တိကျမှုလည်း သိပ်ရှိပါတယ်။

ကျွန်တော်ကတော့ တစ်ခုခုလွဲသွားပြီဆိုရင် ဘာဖြစ်လို့ လွဲရတာလဲ ဆိုတာ သေသေချာချာလေ့လာတယ်။ ဒီလိုဖြစ်ရမှာ ဘာဖြစ်လို့ ဟိုလို ဖြစ်သွားရတာလဲဆိုတာကို ရအောင်လိုက်လေ့ရှိပါတယ်။ ကိုယ့်ဆရာလည်း သိတဲ့အတိုင်း ကျွန်တော်က ကျွန်တော်ရောက်ခဲ့တဲ့ နယ်ပယ်တွေမှာ တစ်ခုမဟုတ်တစ်ခု အမြဲလွဲနေတတ်ပါတယ်။ ကျွန်တော်လွဲ ရင် လွဲ၊ မလွဲရင် ကျွန်တော်နဲ့ ပတ်သက်တဲ့လူတွေ လွဲတတ်ပါတယ်။

ကျွန်တော်နဲ့ ရေရှည်ပတ်သက်မယ်ဆိုရင် “ဒါလေးတစ်ခုတော့ ခွင့်လွှတ်စေချင်တယ်” လို့ ပြောရမလို ဖြစ်နေတယ်။ ကျွန်တော့်အတွက်
တော့ ကိစ္စ သိပ်မရှိလှဘူးပေါ့လေ။ တစ်ခုလွဲ တစ်ပုဒ်ရဆိုတော့ လက်ငင်း လည်း ပိုက်ဆံရ၊ စာမူလည်း စုပြီးသားဖြစ်၊ ကျွန်တော်နဲ့ပတ်သက်တဲ့ လူတွေအကြောင်းလည်း မှတ်တမ်းတင်ပြီးသားဖြစ်ရော မဟုတ်လား။

အဲဒီအချက် (၃)ချက်မှာ နောက်ဆုံးအချက်ဟာ ကျွန်တော့်အတွက် အရေးအကြီးဆုံး တန်ဖိုးအထားဆုံး အမှတ်တရအဖြစ်နိုင်ဆုံး အချက်ပါ။

ကျွန်တော် ကျင်လည်ခဲ့ဖူးတဲ့ ရပ်ကွက်စာရေးဘဝတုန်းက နယ်ပယ်၊ စာရေးဆရာပေါက်စ နယ်ပယ်၊ ဇာတ်ညွှန်းရေးဆရာတစ်ယောက် နယ်ပယ်၊ ရပ်ကွက်ထဲမှာ သာမန်လူလို နေထိုင်ရတဲ့ နယ်ပယ်တွေမှာ တွေ့ရတတ်တဲ့ အလွဲတွေကို ကျွန်တော်က စနစ်တကျ မှတ်တမ်းတင်သူ ဖြစ်လာလို့ပါပဲ။

ကျွန်တော်နဲ့ပတ်သက်ပြီး လွဲခဲ့ကြတဲ့ နယ်ပယ်အသီးသီးက လူတွေ ဟာ ဒီနေ့ခေတ်ပြိုင်မှာ နေထိုင်အသက်ရှင်နေကြသူတွေမို့ သူတို့ဂုဏ်သိက္ခာ၊ အနုပညာ စတာတွေကို မထိခိုက်ရင် ကျွန်တော့်အလွဲစင်မှာ တင်ဖြစ်ပါ
တယ်။

ဖတ်ပြီးသွားတော့ သူတို့လည်း ရယ်ကြရတယ်။ သူတို့နဲ့ သိတဲ့ နယ်ပယ်မှာလည်း ဒီလိုပါလား ဆိုတာကို သိသွားကြတယ်။ လူစုံရင် နှုတ်နဲ့ပြောပြီး ပျောက်သွားတာမျိုး၊ မဟုတ်ဘဲ စာနဲ့ပေနဲ့ အမှတ်တရကလေး လည်း ဖြစ်သွားတတ်ပါတယ်။

အခုလည်း ကျွန်တော်နဲ့ အပတ်စဉ် ဆက်ဆံနေပြီဖြစ်တဲ့ F/E ရဲ့ အလွဲလေးတစ်ခုကို ပြောချင်ပါတယ်။ ကျွန်တော်က Forever ကို အတိုကောက်အနေနဲ့ အက်(ဖ)အီးလို့ ခေါ်ပါတယ်။ ကျွန်တော် အက်(ဖ) အီးမှာ ဝင်ရေးဖြစ်တဲ့ အကြောင်းအရာကတော့ သူငယ်ချင်းအရင်းကြီး ဖြစ်တဲ့ မောင်မျိုးဆွေသန်းက “ဟေ့ကောင်... ရေးဟ” ဆိုတာနဲ့ ရေးဖြစ် သွားတာပါ။

တကယ်တော့ အားကစားနဲ့ပတ်သက်လို့က ကျွန်တော့်မှာ ဘာ အတွေ့အကြုံမှ သိပ်ရှိလှတာ မဟုတ်ပါဘူး။ ဒါကိုပဲ မောင်မျိုးဆွေသန်းက “မင်းမကန်ဖူးလည်း ဘောလုံးပွဲတွေတော့ ကြည့်တယ်မဟုတ်လားဟ... အဲဒါရေးပေါ့...ငါက ဘာရေးပါ ပြောနေရဦးမလား” လို့ အညာလေနဲ့ ဟောက်တာနဲ့ ရေးဖြစ်တာပါ။

ထားပါ။ အဲဒီအကြောင်းတွေက နောက်မှပဲ ခေါင်းစဉ်တစ်ခုနဲ့ ရေးတော့မယ်။ အခု ကျွန်တော်ရေးမှာက အက်(ဖ)အီးကနေ ကျွန်တော့် ဆီကို စာမူလာယူလာပို့တဲ့ ကိုကျော်ဌေးသိန်းတို့ အဖွဲ့ အကြောင်းပါ။ ဂျာနယ်ထဲမှာ ထည့်ထားတဲ့အတိုင်း ခေါ်ရရင်တော့ Marketing Teams ပေါ့လေ။

ကိုကျော်ဌေးသိန်းက ကျော်ဟိန်းလို လမ်းလျှောက်တတ်ပြီး ထွန်းထွန်းနိုင်လို ခေါင်းကလေးငုံ့ပြီး ရယ်တတ်တဲ့သူပါ။ တချို့ အင်္ဂါနေ့မနက် တွေမှာ သူ့ကို အိပ်မက်မမက်ရတဲ့ အိပ်ချင်မူးတူးမျက်လုံးတွေနဲ့ တွေ့ရ တတ်ပြီး တချို့နေ့တွေမှာတော့ ပန်း အခုမှပန်ထားတဲ့ အပျိုမလေးတစ် ယောက်လို ရွှင်ရွှင်လန်းလန်းနဲ့ တွေ့ရတတ်ပါတယ်။

ကိုကျော်ဌေးသိန်းလာတာကိုတွေ့ရင် ကျွန်တော့်ထက် ကျွန်တော့်
ဇနီး လေဒီချပ်ပြားက ပိုပျော်ပါတယ်။ ကျွန်တော့်စာမူခထဲက သူက မုန့်ဖိုး ရလေ့ရှိတာကိုး။ ကျွန်တော့်ရဲ့ သား ငတိကလည်း ပျော်ပါတယ်။ သူလည်း မုန့်ဖိုးရတာကိုး။ ဒီတော့ “ဖော်အဲဒါး”လို့ အကျယ်ကြီးအော်တတ်တယ်။

အဲဒီနေ့က ကျွန်တော် အပျင်းပြေဆိုပြီး လမ်းထိပ်မှာ ထွက်မတ်တတ် ရပ်နေတုန်း ကျွန်တော်တို့လမ်းထဲကို နီညိုရောင် Lite Ace ကားလေး တစ်စင်း ဝင်လာတယ်။ (အဲဒီကားအမျိုးအစား ဟုတ်ချင်မှ ဟုတ်မှာပါ။ ကျွန်တော်က ကားတွေအကြောင်း သိပ်မသိလို့၊ မှားရင်လည်း အောက်ခြေ မှတ်စုနဲ့ ပြင်ထည့်လိုက်ပါတော့ခင်ဗျား)

ကျွန်တော်နေတဲ့မေတ္တာလမ်းက လမ်းတစ်ဖက်ပိတ်ဆိုတော့ လမ်းထဲ ဝင်လာတဲ့ကားဆိုရင် အားလုံးက ကြည့်ကြတာများတယ်။ ကျွန်တော်
လှမ်းကြည့်တော့ ကားခေါင်းခန်းမှာ ကိုကျော်သိန်းဌေးကို ထွန်းထွန်းနိုင် အပြုံးနဲ့ ခေါင်းခန်းမှာ တွေ့လိုက်ရပါတယ်။ သူတို့အဖွဲ့ကလည်း ဘေးက ပြုံးလို့ပေါ့လေ။

“ဆရာ လမ်းထိပ်မှာ ကျွန်တော်တို့ လာမယ်မှန်းသိလို့ စောင့်နေ တာလား”

“ဒါပေါ့... အပေးအယူကို ဒီမှာပဲလုပ်ကြရင် ကောင်းမယ်ထင်တယ်၊ အိမ်မှာဆိုရင် ရာဖြတ်တွေရှိတယ်”

“ကိုရဲကလည်း ဘောလုံးပွဲတွေလိုပဲ တစ်ပုဒ် ပြားသုံးဆယ်တွေ ဘာတွေလုပ်ပေါ့”

“မရဘူးဗျ... သူတို့က ပေါက်ဈေးကြီးတယ်၊ တစ်ဂိုးမှ သရေ လောက်ရှိတာ...”

ကျွန်တော်တို့ နှုတ်ဆက်စကားတွေနဲ့အတူ အပြန်အလှန် ရယ်ပစ်လိုက်ကြတယ်။ ကျွန်တော် ရယ်ရင်းနဲ့ပဲ ကားကိုကြည့်တော့ ကားက တစ်ကိုယ်လုံး ဖုန်တွေအလိမ်းလိမ်းကပ်လို့... ရှေ့ခေါင်းခန်း အမိုးမှာ လည်း ငှက်ချေးတွေပေလို့ ကျွန်တော် ကားဘော်ဒီပေါ်က ဖုန်တွေကို လက်ညှိုးနဲ့ တို့ကြည့်တော့...

“ဘာမှမလုပ်ရသေးဘူးဗျ၊ ဒီကောင့်ကို အခုမှ ထုတ်လာတာ”

“အခုမှ ထုတ်လာတာ...”

“ဟုတ်တယ် ကိုရဲရ... လိုင်စင်ရုံးက နံပါတ်တွေ ဘာတွေ ဒီနေ့မှ ကျလို့ ထုတ်လာတာ၊ အပြန် ကိုရဲဆီ ဝင်ခဲ့တာ၊ မြို့ ထဲရောက်မှပဲ ဘော်ဒီ တွေ ဘာတွေ ရေဆေးရတော့မှာ...”

အားတက်သရောပြောနေတဲ့ ကိုကျော်ဌေးသိန်းကြောင့် ကျွန်တော် လည်း ကားကို လျှောက်ကြည့်ရတယ်။ ရှေ့ခန်းမှာလည်း ဖုန်တွေက ဝင် နေတာပါပဲ။ အဲဒါကလွဲလို့ ဘာမှလည်း မသိပါဘူး။

“Air Con လည်း ပါတယ်၊ ကက်ဆက်ကရော ကောင်းရဲ့လား”

“ဟာ... ကောင်းတယ်ဗျ၊ စမ်းပြီးမှ ယူလာတာ၊ အားလုံး OK ပဲ၊ အရောင်တင်လိုက်ရင် OK သွားမှာ”

“အေးဗျာ... ကိုကျော်တို့ စာအုပ်လုပ်ငန်းနဲ့ကိုက်ပါတယ်၊ နောက်က အမိုးတင်လိုက်ပေါ့ဗျ”

“ဒါကတော့ Boss သဘောပေါ့ဗျာ...”

စကားဆုံးတော့ ကိုကျော်က ထွန်းထွန်းနိုင်ရယ်သလို ရယ်ပါတယ်။ ဘာကိုရယ်တာမှန်း မသိပေမယ့် ကျွန်တော်ကလည်း မြန်မာပီပီ လိုက် ရယ်လိုက်မိတယ်။

အိမ်ကိုရောက်တော့ ခဏနား။ ရေတွေ ဘာတွေသောက်ပြီး ကျွန်တော်က စာမူအသစ်ပေး ကိုကျော်ဌေးသိန်းက ဂျာနယ်နဲ့ စာမူခပေး ပေါ့လေ။ ပြီးတော့ ဘောလုံးသတင်းလေး ဘာလေး နည်းနည်းပါးပါး ပြောပေါ့။ ကားအကြောင်းလည်း ပြောပေါ့။ ဒီတော့မှ သူတို့အဖွဲ့ ပျော်နေတာ “ကားကြောင့်လို့ သတိထားမိတော့တယ်။ ခဏကြာတော့ ကိုကျော်ဌေးသိန်း က ကျော်ဟိန်းလိုထရပ်ပြီး ထွန်းထွန်းနိုင်လို နှုတ်ဆက်တယ်။

“ကဲ...ကိုရဲ လစ်ဦးမယ်၊ ရှေ့မှာ ဆက်ရမယ့် ခရီးတွေရှိသေးလို့”

“OK...”

ကျွန်တော် အိမ်အပြင်ထိ လိုက်ပို့မြဲ လိုက်ပို့ရင်း သူတို့ကား နောက်ဘက်ဆုတ်တာ လမ်းထိပ်ကိုရောက်လို့ လှည့်ပြန်မယ်လုပ်တော့ ကားက ထိုးရပ်သွားတယ်။ ကျွန်တော်က စက်သေသွားတယ်ပေါ့လေ။ အခုမှ ထုတ်လာတာဆိုတော့ အင်ဂျင်က ဘယ်နွေးဦးမလဲပေါ့။ ဒါပေမယ့် ထပ်ခါထပ်ခါ နှိုးပေမယ့် ကားက စက်ပြန်နိုးမလာဘူး။ ဒါနဲ့ ကျွန်တော် လည်း အကူအညီပေးဖို့ လမ်းထိပ်ကို လိုက်သွားရတယ်။ ဘာမှ နားလည် လို့တော့ မဟုတ်ပါဘူး။

“ဆီပြတ်ပြီ ထင်တယ်”

“ဟင်... အခုမှ ထုတ်လာတာဆို”
“ဟုတ်တယ်လေ... ဒီမှာ ပြထားတာတော့ ဆီက Full ပဲ...”

ကိုကျော်ဌေးသိန်းပြတဲ့နေရာကိုကြည့်တော့ ဒိုင်ခွက်ထဲမှာ Full လို့ ရေးထားတာ တွေ့ရတယ်။ ကားသစ်ထုတ်တာကို သူတို့ပဲ ယုံယုံ ကြည်ကြည်လို့ စိတ်ထဲက အပြစ်တင်မိသေးတယ်။

“ဒီနားမှာ ဆီတွေ ဘာတွေ ရောင်းတဲ့နေရာ ရှိလား...”

“ကျွန်တော် သိပ်မသိဘူးခင်ဗျ၊ ခဏနေဦး မေးပေးမယ်လေ...”

နောက်ဆုံးတော့ ဆီရောင်းတဲ့အိမ်ကို တွေ့သွားတယ်။ ဆီထည့်ပြီး တော့ ကိုကျော်သိန်းက ဆီပုံးကို ကျွန်တော့်အိမ်ကို လာပေးတယ်။

“ကိုရဲရေ OK သွားပြီ၊ ပိုက်ဆံသုံးရာ သူတို့ ပြန်အမ်းလိမ့်မယ်၊ ကိုရဲပဲ ယူထားလိုက်တော့၊ ဆီပုံးလည်း ကိုရဲအိမ်မှာပဲ ထားခဲ့တော့မယ်၊ သူတို့ လာယူလိမ့်မယ်”

“ရတယ်... ကိုကျော်... သူတို့က ဒီအိမ်ကို သိလို့လား”

“သိတယ် ကိုရဲ... ကိုရဲအိမ်ကိုလာရင်း ဖြစ်တာဆိုလို့ သူတို့က ကူညီပေးလိုက်တာ...”

“ဟုတ်လား... ဆီရောင်းတဲ့အိမ်ကို ကျွန်တော်တောင် မသိဘူး...”

“ဆီရောင်းတာမဟုတ်ဘူး ကိုရဲရဲ့၊ သူတို့အိမ်မှာ ကားရှိလို့ ကူညီ လိုက်တာ၊ သွားမယ် ကိုရဲ... ဒီတစ်ခါ တကယ်နှုတ်ဆက်တာ”

“OK ...”

ဆီဝဝသောက်ပြီးသွားသော ယခုမှ နာရီသားသာသာရှိသေးသည့် အက်(ဖ)အီး၏ ရဲဘော်သစ်ကလေးသည် ယာယီနာမည်ကလေးနှင့် အသံ ဆာဆာ ဆာဆာပေးပြီး မြင်ကွင်းမှ ပျောက်ကွယ်သွား၏။

ကားက အသစ်ကလေးလည်းဖြစ်၊ ထိုးရပ်သွားတော့ စက်သုံးလေး ကြိမ်နှိုး၊ နည်းနည်းလည်းတွန်း ဆီပြတ်တာဆိုတော့ ဆီရနိုင်တဲ့နေရာ မေးနှင့်မို့ ကျွန်တော်တို့လမ်းထဲမှာ ဒီကားကလေးကို ကျွန်တော်တို့လမ်း ထဲက လူတော်တော်များများက ဂရုစိုက်ဖြစ်သွားကြပါတယ်။

အခုထိတော့ ကျွန်တော်ပြောတဲ့ အကြောင်းအရာထဲမှာ လွဲတာ ရယ်လို့ မပါသေးပါဘူး။ ကားဆီပြတ်တာကတော့ အခုမှ မော်တော်ယာဉ် ဌာနက ထုတ်လာတာရယ် ဖြစ်လေ့ဖြစ်ထရှိတာရယ်ကြောင့် အလွဲလို့ သဘောမထားတော့ပါဘူး။ ဒါပေမယ့် ဘယ်လိုလွဲသွားတယ်ဆိုတာ ဆက် ဖတ်ပေးပါဦး...

ဆရာနီကိုရဲ၊ နှလုံးသားနှင့် ကန်တဲ့ဘောလုံး (၂) ပီဒီအက်ဖ်၊
စာမျက်နှာ ၂၂ - ၃၁။

စာရိုက် - စလေ ငနော့



Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်