အက်(ဖ်)အီးဆီ (နှစ်) § နီကိုရဲ
အက် (ဖ်) အီးဆီ (နှစ်)
••••••••••••••••••••••••••
နီကိုရဲ
ကျွန်တော်အိမ်ထဲကိုပြန်ရောက်တော့ ကျွန်တော့်ဇနီး လေဒီချပ်ပြား က အက်(ဖ)အီးကပေးသွားတဲ့ မြန်မာအက်(ဖ)အီးပါတဲ့ စာမူခစာအိတ်ကို ကိုင်ကြည့်နေတယ်။ ကျွန်တော့်ကို မြင်တော့မှ
“လက်ရေးကလည်း သေးသေးလေးတွေ လှလည်း မလှဘူး”
စာအိတ်ကိုကိုင်ရင်း သူ့ဘာသာသူ တစ်ယောက်တည်း ပြောသလို လုပ်ပြောနေတယ်။ ကျွန်တော် သဘောပေါက်တာပေါ့။ အက်(ဖ)အီးက လာရင် ဒီလိုစာအိတ်နဲ့ ဒီလက်ရေးနဲ့ပဲဟာကို အခုမှ အထူးအဆန်းလုပ် ပြောနေတာကို ကိုယ့်ဆရာလည်း သဘောပေါက်ရောပေါ့။ ဒါကြောင့် ကျွန်တော် မသိချင်ယောင်ဆောင်နေလိုက်တယ်။ ဒါကို လေဒီချပ်ပြားက လည်း သဘောပေါက်ပါတယ်။ ကျွန်တော်က စာအိတ်ကို မကောက်ယူ သေးဘဲ စားပွဲပေါ်မှာ ဒီအတိုင်း တင်ထားလိုက်တယ်။
ခဏကြာတော့ သူတို့က ဘယ်ဝင်းဘက်ကနေ ထိုးဖောက်လာ ပြန်ရောခင်ဗျ။
“ဖေဖေကြီး မုန့်ဆာတယ် မုန့်ဝယ်ကျွေး”
“မုန့်ဆာတယ်ဆိုတာ မရှိဘူးကွ၊ ထမင်းဆာတယ် ဆိုတာပဲ ရှိတယ်၊ မင်း မနက်ကပဲ အုန်းနို့ဆန်ပြုတ်ရော ဘိန်းမုန့်ရော စားပြီးပြီ လေကွာ၊ တော်တော့ ဟုတ်ပြီလား...”
“ဪ... ပြောရဦးမယ်... ဆီ... ဆီကုန်နေတယ်...”
ဒါကတော့ အလယ်တန်းက ဝင်းကို ပို့၊ ဝင်းက ထိုးဖောက်ပြီး ရှေ့ဖြတ်တင်၊ ရှေ့က ဝိုင်းပိတ်စတဲ့ သီအိုရီနည်းပါပဲ။ မလွတ်ဘူးပေါ့လေ။
“OK .. ဟုတ်ပြီ ဝယ်ပေးမယ်လေ...”
ကျွန်တော် စာအိတ်ကို ကောက်ယူရင်း ပြောလိုက်တယ်။ လေဒီ ချပ်ပြားကိုလည်း ဟိုတလောကပဲ မုန့်ဖိုးပေးထားတာ မဟုတ်လား... အေးဆေးပေါ့...။
ရေမိုးချိုးပြီးတော့ ကျွန်တော် အပြင်ကိုထွက်ပါတယ်။ အဲဒီနေ့က ညနေခြောက်နာရီလောက်ကျမှ အိမ်ကိုပြန်ရောက်တယ်။ အိမ်ကိုပြန်ဖို့ လမ်းထိပ်မှာပဲ ကျွန်တော်နားမလည်တဲ့ မေးခွန်းက စပါတယ်။
“ကိုရဲ... မနက်က ကိုရဲအိမ်ကိုလာတဲ့ ကားနံပါတ်ကို မှတ်မိလား”
“ကား... နံပါတ်...!”
“ဆီပြတ်သွားတဲ့ ကားလေ... ဆီပြတ်သွားလို့ ကိုရဲ ဆီလိုက်ရှာ ပေးလိုက်ရတဲ့ ကား... အဲဒီကားကို ပြောတာ”
“ဟင်... အဲဒီကား ဘာဖြစ်လို့လဲ”
“ဘာမှမဖြစ်ပါဘူး ကိုရဲရဲ့... အဲဒီကားနံပါတ်က နိမိတ်ယူပြီး ကစ်လိုက်တာ အောင်သွားတယ်၊ ကျန်တဲ့နံပါတ်ကို မေးတော့ သူ မမှတ် မိတော့ဘူးဆိုပြီး ဒီကောင်ညစ်နေလို့ ကိုရဲကို မေးတာ...”
“အာ... အဲဒီကားလေးက ဒီနေ့မှ ကညနရုံးက ထုတ်လာတာတဲ့၊ နံပါတ်ကလည်း ယာယီနံပါတ်ပါ... ကျွန်တော်လည်း သတိမထားလိုက် မိဘူး...”
“ဟာ. . . ကိုရဲကလည်းဗျာ သေလိုက်ပါတော့၊ ကိုယ့်အိမ်လာတဲ့ ကားနံပါတ်ကလေးတောင် ကိုယ် မမှတ်မိဘူးလား၊ မဟုတ်သေးပါဘူး ဗျာ... ဖုန်းဆက်ပြီး မေးကြည့်ပါလား...”
ကားနံပါတ် မမှတ်မိတာကို အပြစ်တင်တဲ့လေသံနဲ့ ပြောတာရယ်၊ ဘာမှမဆိုင်တဲ့ ကိစ္စကို ဖုန်းဆက်မေးဖို့ ခိုင်းတာရယ်ကြောင့် ကျွန်တော် လည်း ဒေါကန်သွားတယ်။
“ဒီမှာ... ကျွန်တော်နဲ့ အဲဒီကားနဲ့ ပတ်သက်တာက စာပေလုပ်ငန်း နဲ့ပဲ ပတ်သက်တာ၊ ကားနံပါတ်နဲ့ ဘာမှမဆိုင်ဘူး၊ ကားနံပါတ် ဖုန်း ဆက်ပြီး မေးဖို့ဆိုတာ ဝေလာဝေးပဲ၊ ခင်ဗျားတို့သိချင်ရင် နောက်တစ် ခေါက်လာတော့ ကိုယ့်ဘာသာ ကြည့်ကြပေါ့”
ပြန်ပြောတဲ့ ကျွန်တော့်လေသံက မာတော့မှ ကျွန်တော် ဒေါကန် သွားတာကိုသိပြီး
“နောက်နေ့တွေလာရင် အဲဒီကားနဲ့ပဲ လာမှာလားဟင်”
ဆိုတဲ့ လေပျော့သံကလေးကို ကျွန်တော် ဖြေမနေတော့ဘဲ ထွက်လာခဲ့ တယ်။
လူတွေများ ဘာမှမဆိုင်တဲ့ကိစ္စကို ပြဿနာ တော်တော်လုပ်ချင်ကြတယ်။ အက်(ဖ)အီးတို့ရဲ့ ကားနံပါတ်ကတော့ လူတစ်ယောက် ဈေးဦး ပေါက်သွားပြီဆိုပဲ။ နောက်တစ်ပတ် အက်(ဖ)အီးတို့လာရင် ပြောရဦး မယ်ပေါ့။
အတွေးကလေးနဲ့ အိမ်ထဲကို ဝင်လာခဲ့တော့ ဧည့်ခန်းမှာထိုင်နေတဲ့ လေဒီချပ်ပြားက ကျွန်တော့်ကို မျက်မှောင်ကုတ်ကြည့်ရင်း...
“ဆီပုံးရော... ဆီ...”
“ဆီပုံး... ဘာဆီပုံးလဲ... လာပြန်ပြီလား...”
ကျွန်တော့်လေသံ ခပ်တန်းတန်းကြောင့် လေဒီချပ်ပြား နည်းနည်း တင်းသွားပုံရတယ်။
”ဘာဆီပုံးကမှာလည်း.... မနက်ကတည်းက ဆီကုန်နေပြီလို့ ပြောထားတာ၊ မအားရင်လည်း ပိုက်ဆံပေးထားခဲ့ပေါ့၊ ခုမှ လူကြုံနဲ့ ဆီပုံး ယူခိုင်းလို ယူခိုင်းနဲ့.. လူကို မယုံရင်လည်း နောက် ပိုက်ဆံပေးပြီး ဟိုဟာ ဒီဟာ ဝယ်မခိုင်းနဲ့၊ နောက် ဘယ်တော့မှ မဝယ်ဘူး၊ ဒီကလည်း ကင်းတယ် အဲဒီဆီပုံးကို မေးတာ”
ကျွန်တော့် လေဒီချပ်ပြား ပြောသွားတာကို ကျွန်တော် တစ်ခုမှ နားမလည်ဘူး။ ကျွန်တော်ဟာ Time Sleep ဖြစ်သွားတဲ့လူလို ဖြစ်နေ တယ်။ အိမ်ကို ပြန်ရောက်ကာစ ပြဿနာနဲ့ ဆီးတွေ့တော့ နည်းနည်း လည်း ကျွဲမြီးတိုသွားတယ်။
“မင်းပြောတာတွေ ငါ တစ်ခုမှ မသိဘူး၊ ဆီကုန်နေတယ်ဆိုလို့ သွားကြည့်တော့ တစ်ရက်စာလောက် ကျန်သေးတာနဲ့ မဝယ်သေးတာ...”
“ဒါဆို ဘာဖြစ်လို့ ဆီပုံး တောင်းခိုင်းလိုက်လဲ၊ ဒီမှာ ဆီဖိုးပိုတဲ့ငွေ သုံးရာတဲ့၊ ကျွန်မကို ရှင်ဝယ်ခိုင်းလည်း ဆီက ဒီဈေးပါပဲ၊ ကျွန်မကလည်း ခိုးနေဝှက်နေတဲ့ မိန်းမ မဟုတ်ဘူး... ဒီလောက်အထိ ဘာမှ စော်ကား နေစရာ မလိုဘူး”
ဒေါသအပြည့် မာနအပြည့်နဲ့ ပြောလာတဲ့ စကားသံကြောင့် ကျွန်တော်လည်း တော်တော့်ကို စဉ်းစားရကြပ်ပြီး စိတ်ညစ်သွားတယ်။ ငါမသိတာ တစ်ခုခုတော့ဖြစ်နေပြီလို့ သဘောပေါက်ထားပြီး သေသေ ချာချာကို မေးရတော့တယ်။
“ဆီပုံး... ဆီပုံးကို ဘယ်သူက လာယူတာလဲ”
ကျွန်တော့်အမေးကို လေဒီချပ်ပြားက မဖြေတော့ဘူး။ မာန်တင်းတင်း နဲ့ နှုတ်ခမ်းတွေကို စေ့ပြီး တစ်ဖက်ကို လှည့်ထားတယ်။
“ဟေ့ကောင်... ငါ မေးနေတယ်လေကွာ”
“ဟဲ့... ကလေးမတစ်ယောက် လာတောင်းတာပဲ ဆီပုံး ပေးလိုက်ပါတဲ့၊ ပြီးတော့ ဆီဖိုးပိုတဲ့ငွေ ဆိုပြီး ပိုက်ဆံ ၃ဝဝ ပေးတယ်”
ပထမတော့ ကျွန်တော် ကြောင်နေသေးတယ်။ ဖြစ်ရပ်တွေကို စပ်ဟပ်ကြည့်လို့ မရသေးဘူး။ ခဏနေတော့မှ “ပိုက်ဆံသုံးရာ သူတို့ ပြန်ပေးလိမ့်မယ် ကိုရဲပဲ ယူထားလိုက်တော့၊ ဆီပုံးလည်း သူတို့ လာယူ လိမ့်မယ်...” ဆိုတဲ့ ကိုကျော်ဌေးသိန်းရဲ့ အသံကို ပြန်ကြားရတယ်။ ဒါနဲ့ ဝမ်းသာအားရ ဆီပုံးထားတဲ့နေရာကို ကြည့်တော့ ဆီပုံးက မနက်က ကျွန်တော်ထားတဲ့နေရာမှာ ငုတ်တုတ်ပဲ...။ ငြိမ်လို့....။
“ဟင်... ဆီပုံးလာတောင်းတာဆို မပေးလိုက်ဘူးလား”
“ဟဲ့... နင့်မိန်းမ ပေးလိုက်တယ်လေ၊ နင် ဆီပုံး ယူမလာဘူး လား”
အိမ်ခန်းထဲက အော်နေတဲ့ အမေလည်း အိမ်ရှေ့ကို ထွက်လာတယ်။
ကျွန်တော်ကတော့ ချက်ချင်းသဘောပေါက်တာနဲ့ ဆီပုံးကို ကောက်ဆွဲပြီး “ဆီပုံးမှားသွားပြီ”လို့အော်ရင်း ထွက်ခဲ့ရတယ်။ အိမ်က မိန်းမက ဟင်းထဲ ချက်တဲ့ဆီပုံးနဲ့ မှားပေးလိုက်တာကိုး...။
အက်(ဖ)အီးတို့ကားကို ဆီရောင်းပေးလိုက်တယ်ဆိုတဲ့ အိမ်ကို မေးပြီး လိုက်ရှာတော့ လွယ်လွယ်ကူကူပဲ တွေ့ပါတယ်။ ကျွန်တော် ဆီပုံး ကိုင်ပြီ ဝင်သွားတော့ မိန်းကလေး သုံးလေးယောက် TV ထိုင်ကြည့် နေကြတယ်။
“ညီမရေ. . . ဆီပုံးပြန်ပေးတာ၊ ဟိုလေ ဆီပုံးချင်း မှားသွားလို့”
“ဆီပုံး .. !!”
TV ကြည့်နေကြတဲ့လူတွေ ကျွန်တော့်ကို တစ်ပြိုင်နက်တည်း လှည့်ကြတယ်။ တစ်ယောက်ကတော့ နားမလည်သလိုနဲ့ တအံ့တဩ “ဆီပုံး” လို့ ရွတ်ပါတယ်။
“ဪ.... ကျွန်တော် နီကိုရဲအိမ်ကပါ၊ မနက်က ဆီဝယ်သွားတာ ဆီပုံးနဲ့ ထည့်ပေးလိုက်တာလေ၊ အဲဒါ အခု လာတောင်းတော့ ဆီပုံးချင်း မှားသွားလို့... အဲဒါ ပြန်လာပေးရင်း လဲတာ”
ကျွန်တော်ပြောတာကို နားထောင်တဲ့သူကလည်း နားလည်ပုံ မရ ပါဘူး။ ကျွန်တော်ပြောတဲ့ထဲက သူ နားအလည်ဆုံး စကား သုံးလေးလုံးကို ရွေးပြီး နောက်ဖေးကို လှမ်းအော်ပြောပါတယ်။
“မေမေ... နီကိုရဲ... ဆီပုံးတဲ့ ဒီမှာ...”
“သေဟဲ...”လို့ ကိုယ့်ဘာသာပဲ ပြန်ပြောနေမိတယ်။ အတွင်းခန်း ထဲက “ဘာလဲ...”ဆိုတဲ့ ပြန်မေးသံကို ကြားရပြီး ဘာကိစ္စဆိုတာကို မသိသေးတဲ့ ပုံစံမျိုးနဲ့ အမျိုးသမီးတစ်ယောက် ထွက်လာတယ်။ ဒီတစ်ခါတော့ သေသေချာချာရှင်းပြဖို့ ကျွန်တော် ဆုံးဖြတ်ရပါတယ်။
“ဪ... အန်တီ၊ မနက် ၁၀ နာရီလောက်က အန်တီတို့အိမ် ကနေ ကျွန်တော်တို့ အိမ်ကို လာတဲ့ ဧည့်သည်ရဲ့ ကား ဆီပြတ်လို့ ဆီ လာဝယ်သွားပါတယ်၊ အဲဒါ အန်တီတို့အိမ်က ဓာတ်ဆီကို ပုံးနဲ့ ထည့် ပေးလိုက်လို့ ပုံပြန်လာပေးတာပါ”
“ဪ... ထားခဲ့လေ... နီကိုရဲဆိုတာ ဘာလဲ”
ကျွန်တော်လည်း တော်တော် ဖီလင်ငုပ်သွားတယ်ဗျာ...။ ဒါပေမယ့် ပြောလက်စရှိနေတော့ ပြောရတော့တာပဲ။
ဆရာနီကိုရဲ၊ နှလုံးသားနှင့် ကန်တဲ့ဘောလုံး ၂ ပီဒီအက်ဖ်၊
စာမျက်နှာ ၃၃ - ၃၉။
စာရိုက် - စလေ ငနော့
Comments
Post a Comment