အကြံတူသော ထိုသူလေးယောက် § ဖိုးကျော့

အကြံတူသော ထိုသူလေးယောက်
•••••••••••••••••••••••••••••••••••••

ဖိုးကျော့

နေမွန်းတိမ်းစတွင် ချောင်းကမ်းနားရှိ သပေါ့ဇာချုံတောမှ ဘုတ် များ အီသံကို ကြားရသည်။ ဘုတ်ငှက်အီသံ၏ သငေ်္ကတမှာ ဒီရေကျ တော့မည်ဟူသော သတိပေးသံဖြစ်၏။ ချောင်းကမ်းနားနေသော ဘုတ်
သည် ဒီရေတက်ခါနီးတစ်ကြိမ်၊ ဒီရေကျခါနီးတစ်ကြိမ် သတိပေး အော်မြည်တတ်ကြသည်။

“ဘုတ်အီသံတော့ ကြားပြီဟေ့၊ တို့ ချောင်းထဲ ဆင်းကြမှကွ” ဟု ထော်ကြီးက သူ့ညီထော်လေးကို ပြောလိုက်၏။
အိမ်ရှေ့ကွက်လပ်တွင် ကျောခင်းလဲလျောင်းပြီး ထမင်းလုံးစီနေသော ထော်လေးက တော်ကြီးစကားအဆုံးတွင် ဆတ်ခနဲ ထလာသည်။ သူတို့ ညီအစ်ကိုမှာ မုဆိုးကြီးဦးဘာဟိုး၏ သားများပီပီ ရေမုဆိုး ကုန်းမုဆိုး အလုပ်များကို ဝါသနာ အလွန်ကြီးကြသည်။

ယခု သူတို့ညီအစ်ကိုနှစ်ယောက်သည် “ပြားမျောက်”ခေါ် လတာပြင် ဘေး ချောင်းကမ်းစပ်မှာ မျောက်တစ်ကောင်ကောင်ကို သွားဖမ်းရန် တိုင်ပင်ပြီးသားဖြစ်ကြသည်။ ပြားမျောက်ကို သွားဖမ်းကြရခြင်းအကြောင်း အရင်းမှာ ဆေးဆရာတစ်ဦးက ချောင်းဆိုးသွေးပါ ရောဂါဖြစ်နေသော
လူမမာတစ်ဦးအား မျောက်သွေးနှင့် ဆေးတိုက်လို၍ ဖြစ်သည်။ မျောက် သွေးရရန်အတွက် သူတို့ညီအစ်ကိုက မျောက်တစ်ကောင်ကို အရှင်ဖမ်းရမည်။ ဖမ်းပြီးသားမျောက်ကို ခြေလက်ကြိုးတုပ်ကာ အရှင်လတ်လတ် လည်ချောင်းသွေး တစ်ပုလင်းရအောင် ခံရမည်။ မျောက်လည်ချောင်းသွေး တစ်ပုလင်းရလျှင် ညီအစ်ကိုနှစ်ယောက်အား ဆေးဆရာကြီးက ငွေငါး ဆယ်ကျပ် ပေးမည်ဟု ကတိစကားပြောထားခဲ့သည်။

ငွေ ငါးဆယ်ကျပ်ဆိုသည်မှာ သူတို့ညီအစ်ကိုနှစ်ယောက်အတွက် မနည်းပေ။ မျောက်တစ်ကောင်ရရန်မှာ သူတို့လို မုဆိုးညီအစ်ကိုနှစ်ဦး အတွက် ဘယ်တော၊ ဘယ်တောင်သွားပစ်ပစ် တစ်နေ့မကြိုးစားရ။ ယခု ဆေးဆရာကြီးက တောမျောက်တောင်မျောက်တွေကိုမလိုချင်၊ ပြားမျောက် ဟုခေါ်သော ချောင်းကမ်းနားရှိ ကနစိုတော၊ ကပိုင်တော၊ ပြူးတော၊ ပြာ
တောတွင်ရှိသော မျောက်အရှင်သွေးကိုသာ လိုချင်သည်ဟု ဆိုသည်။

ဤသည်မှာလည်း သူတို့ မုဆိုးညီအစ်ကို နှစ်ယောက်အတွက် ပို၍ပင် လွယ်လေသည်။ တောမျောက်၊ တောင်မျောက်ဆိုလျှင် တောထဲ
တောင်ထဲသွားပစ်နေရဦးမည်။ ဒူးလေး၊ ဝါးပြောင်းတို့နှင့် ပစ်ရသဖြင့် အရှင်လတ်လတ်ကလည်း ရချင်မှ ရမည်။ ယခုတော့ ချောင်းကမ်းနား ဘေးရှိ သစ်တောများတွင် ကျက်စားတတ်သော မျောက်ဆိုသည်မှာ သူတို့ရွာအောက် ချောင်းမှာပင် ဖမ်း၍ ရနိုင်သည်။

ရွာအောက်နားရှိ လတာပြင်နှင့် သစ်တောအစတွင် ကျက်စားတတ်
သော ပြားမျောက်များသည် ဒီရေကျသွားသည်နှင့်တစ်ပြိုင်နက် ကပိုင်၊ ကနုစို၊ ပြူးတော၊ ပြာတော အစနားရှိ လတာပြင်သို့ ဆင်းလာကြသည်။ လတာပြင်ပေါ်ရှိ ငါးများ၊ ဂဏန်းများကို ဖမ်းစားတတ်ကြသည်။

ထို့ကြောင့် ပြားမျောက်များကို လတာပြင်ပေါ်၌ ဖမ်းရခြင်းမှာ အလွန် လွယ်ကူလေသည်။ မျောက်ဖမ်းရန် ပစ္စည်းကိရိယာများမှာလည်း အထူးမလိုပေ။ ကြိုးတစ်ခွေနှင့် ငှက်ပျောသီး အမှည့်သုံးလေးလုံးသာ လို၏။ ဒီရေကျသွားလျှင် လတာပြင်ပေါ် ဆင်းပြီး ငါး၊ ပုစွန်၊ ကဏန်းများ ကိုရှာစားရန် စောင့်နေကြသော မျောက်များသည် သစ်ပင်ပေါ်က ထိုင်ပြီး ဒီရေအကျကို စောင့်နေကြသည်။ လတာပြင်များ ဖွေးဖွေးပေါ်အလာကို ကြည့်နေကြသည်။

သူတို့ ဤသို့စောင့်ကြည့်နေကြခြင်းမှာ သူတို့ မိတ်ဆွေ ဘုတ်ငှက် များ အချက်ပေးအော်မြည်သံကို ကြားကတည်းကပင်ဖြစ်သည်။ ဒီရေ အကျနှင့် လတာပြင်ဖွေးဖွေးများပေါ်အလာကို စောင့်နေကြသော မျောက် များကိုမြင်လျှင် လှေနှင့်စုန်လာသော ထော်ကြီးထော်လေးက မျောက်များ မြင်သာသော လတာပြင်ပေါ် တစ်နေရာတွင် လက်မောင်းတစ်ဆုံးလောက် ရွှံ့ညွှန် သဲကျင်းတူးရမည်။ ထို လက်တစ်နှိုက်စာ တွင်းထဲ ငှက်ပျောသီး တစ်လုံးထည့်ပြီး ကြိုးကွင်းချထားခဲ့ရမည်။

လူတွေ ကျင်းထဲ ငှက်ပျောသီးထည့်ပြီး နှိုက်ပြထားခဲ့သည်ကို မြင် သော မျောက်များသည် လူက ရေစပ်နားရှိ လှေထဲ ပြန်ဆင်းလာသည် နှင့်တစ်ပြိုင်နက် ကျင်းထဲမှငှက်ပျောသီးကို လာလုနှိုက်ယူတတ်ကြသည်။
ထိုအခါ လှေပေါ်မှလူသည် ကွင်းလျှောထောင်ထားသောကြိုးကို ဆွဲလိုက်ရုံနှင့် ပြားမျောက်တစ်ကောင်ကို အသာကလေး ရနိုင်လေသည်။

ထို့ကြောင့် နေ့ဝက်အချိန်ကလေး သွားလုပ်လိုက်ရုံနှင့် ငွေငါးဆယ်ကျပ် ရမည့် မျောက်တစ်ကောင်ဖမ်းရန် မုဆိုးကြီးဦးဘာဟိုး၏ သားနှစ်
ယောက်ဖြစ်ကြသော ထော်ကြီးနှင့် ထော်လေးတို့က သူတို့ရွာအောက်ဘက်ရှိ ဓနိချောင်းထဲ မျောက်ဖမ်းသွားရန် ပြင်ဆင်နေကြခြင်း ဖြစ်၏။


ကြိုးတစ်ခွေ၊ ငှက်ပျောသီးသုံးလုံး၊ လှော်တက်တစ်ချောင်းကို ထမ်းကာ အိမ်ရှေ့ဘက် ထွက်တော့မည် လုပ်နေသော ထော်လေးအား အစ်ကို ဖြစ်သူ ထော်ကြီးက ...

“ဟေ့ကောင်... မင်း ရေသွားခရီးမှာ သလွတ်လှံတွေ မယူဘူးလား” ဟု လှမ်းပြောလိုက်၏။

“အစ်ကိုကလည်း မျောက်ဖမ်းသွားတာပဲ၊ သလွတ်လှံ ဘာလုပ်ရ လဲ”
အစ်ကိုကြီး၏စကားကို ညီဖြစ်သူက အငေါ်တူးစွာ ပြန်ပြောလိုက် ၏။

“ဟေ့ကောင်.. မင်းတို့ ငါတို့ကို အဖေက ဘာပြောထားခဲ့ဖူးလဲ”

သူ့ အစ်ကိုကြီးငထော်၏စကားကြောင့် ထော်လေး ခြေလှမ်း တုံ့သွား ၏။ မှန်သည်။ မုဆိုးဆိုသည်မှာ ရေသွားလျှင် ရေလက်နက်၊ ကုန်းသွား လျှင် ကုန်းလက်နက်က ကိုယ်နှင့်မကွာ ပါရမည်။

ဆယ်ရေးတစ်ရေး၊ ကိုးရေးတစ်ရာ ဆိုသော စကားလည်း ရှိသည် မဟုတ်ပါလား။

သို့သော် ယခု မျောက်ဖမ်းရမည့်အလုပ်မှာ သူတို့ညီအစ်ကိုနှစ် ယောက်အတွက် ငှက်ပျောသီးကို အခွံနွှာစားသလောက် ရှိသဖြင့်...

ထော်လေးက “မိကျောင်း သွားဖမ်းတာမှ မဟုတ်တာ အစ်ကိုရ" ဟု ထပ်ကွန့်ပြန်၏။

“ဟေ့ကောင်... ဓနိချောင်းထဲ မိကျောင်းမရှိဘူးလို့ မင်းထင်သလား။ တစ်နေ့ကတင် ဘကြီးလူအောင်က ချောင်းကောက်မှာ မိကျောင်းတစ် ကောင် ပေါ်နေတာ တွေ့ရတယ်လို့ လာပြောတာ မင်း အကြားပဲ"

မှန်သည်။ ချောင်းကောက်တွင် မိကျောင်းတစ်ကောင် ပေါ် နေ ကြောင်း ဦးလူအောင်က သူတို့ညီအစ်ကိုအား လာသတင်းပေးသည်။

မိကျောင်းကြီးမှာ သစ်တုံးကြီးလားထင်ရသည်း ရေပေါ် မ လှုပ်မယှက်ငြိမ်သက်နေသည်ဟု ဦးလူအောင်က ပြော၏။

“ဘကြီးက ဘယ်ကမြင်လဲ၊ ကမ်းပေါ်ကလား”

“မဟုတ်ဘူးကွ ငါ့တူရာ၊ ဘကြီးလဲ ကွန်တစ်လက်နဲ့ ဟင်းစား ရှာထွက်ရင်း လှေလေးနဲ့ပေါ့။ အစကတော့ သစ်တုံးတစ်တုံးလို့ ထင်တာ နောက် သေသေချာချာ သတိထားကြည့်မှ လုံးဝကို မရွေ့လျားဘဲ၊ လက် စသတ်တော့ မောင်မင်းကြီးသားကိုး၊ ငါ့မှာဖြင့် ကြောက်ကြောက်နဲ့ ကမ်း
စောက်ဘက် အသာလေး လှော်ပြီး လစ်လာခဲ့ရတယ်။ အကောင်ကြီးက မသေးဘူးကွ၊ မင်းအဖေတို့ လက်ထက်က ရဖူးတဲ့ ချောင်းပိုင်ကြီး နီးနီး ရှိတာ၊ ငါ့မှာလေ ရေထဲတက်ချတာတောင် ပြင်းပြင်း မချရဲဘူး၊ နောက် ကများ လိုက်လာမလား၊ ရေထဲက ငုပ်လာပြီးများ လှေကိုသာ ထမ်းမှောက်မလားနဲ့”

“သစ်တုံးလို ရေဈာန်ဝင်စားနေတဲ့ မိကျောင်းမျိုးက မလိုက်တတ် ပါဘူး ဘကြီးရာ။ အမြီးခေါင်းနဲ့ စောင်းကောက်မာန်ဖီ ရန်မထီသို့ ဆိုတယ် မဟုတ်လား။ အမြီးရော ခေါင်းရော စောင်းကောက်လို ကော့ထောင်နေ ဆိုတဲ့ မိကျောင်းတွေကတော့ မြင်တဲ့လူ လိုက်၊ တွေ့တဲ့လူ ကိုက်ပဲ ဘကြီး ရယ်၊ ဘကြီး ကမ်းစောက်ဘက်က လှော်လာတာကလဲ သိပ်လမ်းမှန်တာပေါ့။ များသောအားဖြင့် ခုလို အသိုက်ကိုက်တဲ့ရာသီမှာ မိကျောင်းတွေဟာ လတာဘက် အနေများပါတယ်”

“အေးလကွာ” ဟူသော ဦးလူအောင်၏ စကားမဆက်မိခင် ထော်လေးက
“ဘကြီးမြင်ခဲ့တဲ့ မိကျောင်းက ချောင်းတောင်ဘက်မှာ ဆိုတော့
ရွာနဲ့ နီးသားပဲ”
ဟု ပြောလိုက်စဉ်...

“ဘာလဲ.. မင်းတို့ သွားဖမ်းကြမလို့လား၊ သွားလို့ မင်းတို့ရရင်တော့ ဘကြီးကို သတင်းပေးခ.."

“ဟာ. . ဘကြီးကလဲ မဟုတ်တာ၊ ကျွန်တော်တို့ မုဆိုးတွေမှာ သူ့စည်းကိုယ့်စည်း ထားရတယ်၊ တောမုဆိုးကျားနဲ့ ရေမုဆိုး မိကျောင်း ကို အကြောင်းအချင်း မခိုင်လုံဘဲ ဘယ်လိုက်ရှာရဲမလဲ၊ သူတို့က လူနဲ့ တိရစာၦန် တစ်ခုခုကို စည်းဖောက်ကိုက်သတ်ပြီးမှ လူမုဆိုးက လိုက်ရမှာ"

“ဟုတ်လား ..”

ဟု ပြောပြီး ဦးလူအောင် ပြန်သွား၏။

ဦးလူအောင် ပြောခဲ့သော မိကျောင်းကို ထော်ကြီး ထော်လေးတို့ ညီအစ်ကိုက နားစွင့်ခဲ့ကြသည်။ သို့သော် ဘာသံမှ မကြားရသဖြင့်
အာဂန္တုက မိကျောင်း၊ သူတို့ ဓနိချောင်းထဲ ခဏဝင်နားသွားခြင်းသာဟု သူတို့ ထင်ခဲ့ကြ၏။

သူတို့ ဓနိချောင်းတွင် လူနှင့်ကျွဲနွားများကို အန္တရာယ်ပေးနိုင်သော ကိုက်သတ်ရဲသော မိကျောင်းမပေါ် သည်မှာတော့ လေးငါးနှစ်ရှိသွားလေပြီ။ ငါးစား မျောက်ဖမ်းမိကျောင်းငယ်တွေကတော့ သူတို့ဓနိချောင်းထဲ တွင် အမြဲရှိနေတတ်လေသည်။

မိကျောင်းငယ်များ မျောက်ကို ဖမ်းချင်ပြီဆိုလျှင် ဒီရေအီနေချိန်ကပင် လတာပြင်ပေါ်၌ သူတို့တစ်ကိုယ်လုံးကို လတာပြင်ထဲ နှစ်မြှုပ်ထားတတ်၏။ မျက်လုံးနှစ်လုံးသာ ဖော်ထားသည်။ ဒီရေကျသွား၍ လတာပြင် ပေါ်လာသောအခါ မျောက်များသည် ငါး၊ ပုစွန်၊ ကဏန်း ဖမ်းစားရန် လတာပြင်ပေါ်သို့ ဆင်းလာကြ၏။ ထိုအခါမှ ရွှံ့ညွန်ထဲ တစ်ကိုယ်လုံး မြှုပ်နှစ်ထားသော မိကျောင်းသည် အနားရောက်လာသော မျောက်ကို ရိုက်ပုတ်ပြီး ဖမ်းစားတတ်လေသည်။

ဓနိချောင်းထဲတွင် မျောက်စားငါးမျိုးလို မိကျောင်းမျိုးတော့ အမြဲ ရှိလေသည်။ မည်သို့ဖြစ်စေ အစ်ကိုဖြစ်သူ ထော်ကြီးက ယခု သတိပေးနေသောအခါ ထော်လေးက “ဒါဆို ကျွန်တော့် သလွတ်လှံတစ်ချောင်းပါ အစ်ကို ယူလာခဲ့တော့၊ ကျွန်တော် ဆိပ်ဆင်းနှင့်မယ်”ဟု ပြောပြီး သူတို့
ရွာအောက်ရှိ လှေဆိပ်ဆင်းလာလေသည်။


ထော်ကြီးနှင့် ထော်လေးတို့ ညီအစ်ကိုနှစ်ယောက်သည် ဒီရေအကျ တွင် ရေစီးအတိုင်း လှေကို မျှောချကာ ဓနိချောင်းဘက် ထွက်လာ သည်။ ငါးပူတင်းအိုင်ဟု ခေါ်သော ဓနိချောင်း၏ ရေအိုင်နားမရောက် မှာပင် ကပိုင်ဆိပ် လတာပြင်ဘက်မှ ပြားမျောက်များ “ကွိကွိကွကွ” အော် မြည်နေကြသံကို ကြားရသည်။ ထို့ကြောင့် လှေကို မြန်မြန်လှော်လာ သည်။

ကပိုင်ဆိပ်နားသို့ ရောက်လာကြ၏။ မျောက်များအခြေအနေကို အကဲခတ် ကြည့်ကြသည်။ မျောက်များသည် ဒီရေကျသွားသော လတာ ပြင် အစရှိ ကနစို၊ ကပိုင်၊ ပြူးပင်များပေါ်မှ အောက်ကို ငုံ့ကြည့်ကာ ”ကွိကွိကွကွ” အော်မြည်နေကြ၏။

ဤအခြေအနေဆိုလျှင် ဤလတာပြင်ပေါ်၌ မျောက်ဖမ်း၍ ရပြီ ဆိုသည်ကို သူတို့ညီအစ်ကိုနှစ်ယောက် အတပ်သိလိုက်ကြသည်။
ထို့ကြောင့် လတာပြင်နှင့် ရေစပ်တွင် ဝါးလုံးတစ်လုံးကို ထိုးစိုက်ကာ လှေကို ချည်ထားခဲ့ပြီး၊ လတာပြင်ပေါ်သို့ တက်လာကြ၏။ သူတို့လက်ထဲ သလွတ်လှံ တစ်ယောက်တစ်ချောင်းစီနှင့် ကြိုးကွင်းတစ်ခု၊ ငှက်ပျောသီး သုံးလုံး ပါလာသည်။

မျောက်နှစ်ကောင် သုံးကောင် တက်အော်နေကြသော သစ်ပင် တစ်ပင်အောက် ရောက်သောအခါ လတာပြင်ထဲ တွင်းယက်၍ ထော်လေးက ငှက်ပျောသီးကို ထည့်သည်။ ထော်ကြီးက ကြိုးတစ်ခွေကို ဖြုတ် ကွင်းလျှောလုပ်ကာ တွင်းဝကို ဝိုင်းချထားလိုက်သည်။ ပြီး သစ်ပင်ပေါ်မှ
အော်ဟစ်ဆူညံနေကြသော မျောက်များအခြေအနေကို အကဲခတ်ကြသည်။

သူတို့သဘောမှာ သစ်ပင်ပေါ်က မျောက်များ သူတို့ကို ငုံ့ကြည့် လျှင် ကွင်းလျှော ထောင်ထားသော တွင်းထဲက ငှက်ပျောသီးကို လက်နှိုက်ပြထားခဲ့ရန် ဖြစ်၏။

သို့သော် မျောက်များသည် သူတို့ကို စိတ်မဝင်စား။ လတာပြင် ပေါ်ရှိ ကနစို၊ ကပိုင် သုံးလေးပင်ပေါက်နေသော တစ်နေရာဆီသို့ မျောက်များအားလုံး ငုံကြည့်ကာ အော်နေကြ၏။

ထိုအချိန်မှာပင် မျောက်များငေးကြည့်နေကြသော နေရာဘက်ဆီမှ ဗြန်းဗြုန်းဗြောင်းဗြောင်း လှုပ်ရှားရုန်းကန်သံများကို ကြားလိုက်ရသည်။ ထော်ကြီးနှင့် ထော်လေးတို့မှာ ရုတ်တရက်ဖြစ်သဖြင့် လန့်သွားကြ၏။ ဗြန်းဗြုန်းဗြောင်းဗြောင်း အသံတွေမှာ ပို၍ကျယ်လောင်လာသည်။

ထော်ကြီးက “ဟေ့ကောင် ကျွဲများ လတာပြင်ထဲ ရွှံ့လာလူးနေကြ သလားကွ” ဟု ဆို၏။

“ဟုတ်မယ်ထင်တယ် အစ်ကို၊ ဒါကြောင့် မျောက်တွေက အဲဒီ ဘက် စိတ်ဝင်တစား ကြည့်အော်နေကြတာ ဖြစ်မယ်”

“ဟာ... ရွှံ့လူးနေတာတော့ မဟုတ်ဘူးကွ၊ ကျွဲနှစ်ကောင် လတာ ပြင်ထဲ ဝှေ့ ခတ်နေကြပြီ ထင်တယ်။ ဒါကြောင့် အသံတွေက ဒီလောက် ဗြောင်းဆန် ဆူညံနေတာ ဖြစ်မယ်၊ လာ.. လာ အခြေအနေသွားကြည့် အောင်၊ ရွာက ဘယ်သူ့ကျွဲတွေပါလိမ့်”

ညီအစ်ကိုနှစ်ယောက်သည် အသံကြားရာ လတာပြင်ဘက် သွက်သွက် လျှောက်လာကြသည်။ သွက်သွက်ဟု ဆိုသော်လည်း လတာပြင်ထဲ တွင် ဒူးခေါင်းနားထိ ရွှံ့ညွှန်စေးတွေ ဖြစ်နေသဖြင့်ခြေတစ်လှမ်းချင်းကို မနည်းအားယူပြီး လှမ်းလာနေကြရသည်။

လတာပြင်ထဲ ဗြောင်းဆန်ဆူညံနေသော နေရာမှာ ရောက်လာ သောအခါ မုဆိုးညီအစ်ကိုနှစ်ယောက်ဖြစ်သော ထော်ကြီးနှင့်ထော်လေးတို့မှာ ရုတ်တရက် ခြေလှမ်းတုံ့သွားကြသည်။ တိရစာၧန်
နှစ်ကောင်သည် လတာပြင်ထဲတွင် တစ်ကောင်နှင့်တစ်ကောင် အသေအကျေ သတ်ပုတ် ကိုက်ခဲနေကြသည်။

တိရစာၧန် နှစ်ကောင်မှာ မည်သည့်အချိန်က သတ်ပုတ်နေကြသည် မသိ။ တစ်ကိုယ်လုံး ရွှံ့တွေပေကာ တစ်ကောင်နှင့်တစ်ကောင် များစွာ အားမစိုက်နိုင်ကြတော့။ သို့သော် တတ်နိုင်သလောက်အားနှင့် မလျှော့
တမ်း
သတ်ပုတ်နေကြ၏။ လူသားနှစ်ဦး အနားကို ရောက်လာကြပြီ ဆို သည်ပင် ဂရုမစိုက်နိုင်ကြ။ တစ်ချက်တစ်ချက်တွင် သူတို့နှစ်ကောင် သတ်ပုတ်နေရာမှ ရွှံ့ညွှန်များသည် တော်ကြီးနှင့်ထော်လေးတို့ကိုပင် လာစဉ်သည်။

“ဟာ.. ကျွဲတွေ မဟုတ်ဘူးကွ၊ လက်စသတ်တော့ တစ်ကောင် တစ်ကောင် အသေသတ်နေကြတာ ကျားနဲ့ မိကျောင်းပဲကွ၊ ဒီကောင်တွေ ကြည့်ရတာ ဒီရေအကျမှာ မျောက်တွေ လတာပြင်ပေါ် ဆင်းပြီး ငါးပုစွန်တွေ ဖမ်းစားတတ်မှန်းသိလို့ မျောက်ဖမ်းစားရအောင် လာရင်းက တွေ့ပြီး သတ်ပုတ်နေကြတာ ဖြစ်ရမယ်”

ထော်ကြီးက တစ်ကောင်နှင့်တစ်ကောင် အသေအကျေ သတ်ပုတ် နေကြသော တိရစာၧန်နှစ်ကောင်ကို သေသေချာချာ စူးစိုက်ကြည့်၍ ပြောလိုက်၏။

“ဟုတ်မယ် အစ်ကို၊ မိကျောင်းကရွှံ့ညွှန်ထဲ တစ်ကိုယ်လုံး နှစ်မြှုပ် ပြီး မျောက်ဖမ်းဖို့ စောင့်နေရင်း သူ့လိုပဲ မျောက်ဖမ်းစားဖို့လာတဲ့ ကျား ကလဲ မိကျောင်းကိုယ်ပေါ် တက်နင်းမိပါလိမ့်မယ်၊ ဒါနဲ့ အကြံတူတဲ့ ရန်သူ ဆိုတော့ ဘယ်ညှာလိမ့်မလဲ၊ အသေအကျေ သတ်ပုတ်နေကြတာ ခုကြည့်လေ. . ကျွန်တော်တို့ကို မြင်တာတောင် တစ်ကောင်နဲ့တစ်ကောင် ရန်ပွဲဖြုတ်ပြီး မပြေးကြသေးဘူး၊ မိကျောင်းကလဲ ကျားကို ခဲထားတုန်း ကျားတစ်ကိုယ်လုံးကို အမြီးနဲ့ရိုက်သတ်တုန်း၊ ကျားကလဲ ခြေလက်တွေ ကုတ်ခြစ်ပြီး မိကျောင်းကို ကိုက်သတ်နေတုန်းဆိုတော့ ကျွဲနှစ်ကောင် ဝှေ့တာထက်တောင် ကြည့်ကောင်းသေး”

“ကြည့်ကောင်းတာ အကြောင်းမဟုတ်ဘူးကွ၊ မကြာခင် ဒီရေတက် လာတော့မယ်၊ ဒီရေတက်လာရင် ရေထဲမှာ အားကောင်းတဲ့ မိကျောင်းက ကျားကို ရေထဲ ဆွဲနှစ်သွားလိမ့်မယ်၊ ခုလဲ ကြည့်ပါလား၊ ရေရှိတဲ့ လတာ ပြင်အောက်ကို အတင်းဆွဲချနေတာ၊ ဘယ်ရမလဲ၊ ကျားကလဲ ဒါကို သိလို့ အတင်းရုန်းကန်ကုတ်ခြစ်ပြီး သစ်ပင်တွေကို ဖက်တွယ်ရင်းက မိကျောင်း ကို အသားကုန် ကိုက်ခဲနေတာ”

“ဟုတ်ပ, ဒီနှစ်ကောင်က အငြိုးအတေးကြီးကြလိုက်တာ၊ လူတွေ မြင်တာတောင် ထွက်မပြေးကြသေးဘူး”

“ထွက်မပြေးတာ မဟုတ်ဘူးကွ၊ မပြေးနိုင်ကြတော့တာ ကျားခါး ကို တအားကိုက်ခဲထားတဲ့ မိကျောင်းကလဲ အားကုန်သွားတော့ သူ့အောက်အံပေါင်ကို ပြန်ဟလို့ မရတော့ဘူး၊ မိကျောင်းရဲ့ အပေါ်အံက အသေဆိုတော့ အောက်အံပဲ လှုပ်နိုင်တာကိုး၊ ကျားကလဲ သူ့ခါးကို မိကျောင်း ကတ်ကြေးနဲ့ညှပ်သလို ကိုက်ညှပ်ထားတော့ ထွက်ပြေးချင်ပေမယ့် ပြေးမရ
ဘူးလေ၊ အဲဒါကြောင့် လတာပြင်ထဲမှာ လုံးထွေးပြီး သူသေကိုယ်သေ သတ်ပုတ်နေကြတာ”

“အဲဒါ ကျွန်တော်တို့က ဒီလိုပဲ ကြည့်နေကြလို့ ဖြစ်မလား”

“ဟာ... ဒီလို ရပ်ကြည့်နေလို့တော့ ဘယ်ဖြစ်မလဲကွ၊ အတော်ကြာရင် ဒီရေက တက်လာတော့မယ်။ ဒီတော့ ငါပြောမယ်၊ တို့ သလွတ်လှံ တစ်ယောက်တစ်ချောင်းစီ ပါတာပဲ၊ မင်းက ကျားကို သလွတ်လှံနဲ့ တအားထိုး၊ မိပြီဆိုရင် သလွတ်ကြိုးကို ကနစိုပင်မှာ မြဲမြဲချည်ထားခဲ့၊ ပြီးတော့ မျောက်လည်ချောင်းလှီးဖို့ ယူလာတဲ့ဓားကို လှေထဲ သွားပြေးယူ၊ ငါက မိကျောင်းရဲ့ အောက်အံအရင်းက အသားပျော့ကို သလွတ်နဲ့ တအားထိုးပြီး သလွတ်ကြိုးကို ချည်ထားလိုက်မယ်၊ တို့.. မိကျောင်းထိုးနေကျ သလွတ် ဒစ်တက်က ဘယ်တော့မှ မကျွတ်နိုင်ဘူး၊ စိတ်ချရပါတယ်၊ မင်းက ကျားကို သာ ပိုင်ပိုင်နိုင်နိုင်ထိုး ကျားက ဘယ်နေရာ ထိုးထိုး တည့်တည့်ကျဖို့ပဲ လိုတယ်၊ မိကျောင်းကတော့ တခြားနေရာတွေက အရေထူလို့ အခွင့်အရေး မရရင် အောက်အံရင်းကို ထိုးတာ အကောင်းဆုံးပဲ၊ ကဲ... ပြောနေကြာတယ်ကွာ၊ တို့နဲ့ မျောက်ဖမ်းဖို့ အကြံတူကြတဲ့ ရန်သူနှစ်ကောင်ကို..."

ဟူသော တော်ကြီး၏ စကားမဆုံးခင်မှာပင် ထော်လေးသည် သလွတ်လှံနှင့် တစ်ဆက်တည်း ချည်ထားသော မိကျောင်းထိုး လှံသလွတ် ကို ဖြေပြီးသား ဖြစ်သွားသည်။

သလွတ်ကြိုး ဖြေပြီးသွားကြသော ထော်ကြီးနှင့် ထော်လေးတို့သည် အစီအစဉ်အတိုင်း... ထော်ကြီးက မိကျောင်းကို ထိုးပြီး၊ ထော်လေးက ကျား ကို ထိုးသတ်လိုက်ကြလေသည်။

ဆရာဖိုးကျော့၊ ကျားဘီလူးနှင့် တောကြီးဝင်္ကပါ မုဆိုးဝတၳုတိုများ ပီဒီအက်ဖ်၊
စာမျက်နှာ ၃၉ - ၄၇။

စာရိုက် - စလေ ငနော့



Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်