သံပရာတစ်ခြမ်း 🖊 ရွှေဥဒေါင်း
သံပရာတစ်ခြမ်း
•••••••••••••••••••••
ရွှေဥဒေါင်း
ဝက်လက်ဘူတာနှင့် ပေါက်ကံဘူတာတို့မှာ စစ်ကိုင်း၊ မြစ်ကြီးနားမီးရထားလမ်းတွင် ခရီးအဝေးကွာဆုံးသော ဘူတာနှစ်ခုဖြစ်လေရကား မီးရထားသည် ရန်ကုန်-မန္တလေး စာပို့ရထားကြီးခန့်မျှ လျင်မြန်လှစွာသောအဟုန်ဖြင့် ခုတ်နှင်လျက်ရှိနေ၏။ ၄င်းမီးရထားတွင် တစ်တွဲတည်းသော ဒုတိယတန်းတွဲ၌ အသက် ၂၅ နှစ်ခန့်ရှိ မိန်းမတစ်ယောက်သည် ပေါက်ကံဘူတာမှ မီးရထားထွက်လာကတည်းက မီးရထားလက်ဝဲဘက်၌ မျက်စိတစ်ဆုံး ပေါက်ရောက်လျက်ရှိသော ထန်းတောကြီးကို ငေးမျှော်ရင်း သက်ပြင်းချကာ လိုက်ပါလျက်ရှိသည်။
လွန်ခ့ဲသော ခြောက်လခန့်အခါက မသန်းမြင့်သည် ရန်ကုန်သို့အသွား မီးရထားပေါ်မှ ၄င်းထန်းတောကြီးကို မျှော်ကြည့်မိစဉ်က ငါသည် ဤထန်းတောကြီးကို နောက်တစ်ကြိမ်မြင်ရအောင် ရန်ကုန်မြို့မှ ပြန်လာရချေဦးတော့မည်ဟု တွေးတောမိခ့ဲဖူးသည်ဖြစ်ရာ ထိုက့ဲသို့တွေးတောမိခြင်းကို သတိရသည့်အတွက် သက်ပြင်းချနေမိခြင်း ဖြစ်ပေ၏။ ထိုအခါကမူ မသန်းမြင့်သည် နေအိမ်မှထွက်လာရခြင်းကို ဝမ်းနည်းမိပေ၏။ အကြောင်းမူကား မိမိအား အစစအရာရာ၌ ကြင်နာပိုက်ထွေးကလေးသဖွယ် ပြုစုစောင့်ရှောက်လေ့ရှိသော လင်ဖြစ်သူ မောင်ထွန်းဦးနှင့် ခွဲခွာကွေကွင်းရသောကြောင့်ပေတည်း။
ယခုမှာမူ ရန်ကုန်မြို့၌ မိတ်ဆွေသစ်များနှင့် ပျော်ရွှင်စွာနေထိုင်ခ့ဲရခြင်းကို လွမ်းဆွတ်တမ်းတခြင်းဖြစ်လျက် တောရွာကလေးသို့ပြန်၍ ခြောက်ကပ်ကပ်ထိုင်နေရဦးမည့်အရေးကို မျှော်တွေးပျင်းရိမိခြင်းကြောင့် နေရပ်သို့ပြန်လာရခြင်းအတွက် ကြည်ရွှင်ဝမ်းမြောက်ခြင်း မရှိသည့်အပြင် သက်ပြင်းချမိအောင်ပင် စိတ်၏လေးလံထိုင်းမှိုင်းခြင်း ဖြစ်ခ့ဲမိလေသည်။
မသန်းမြင့်မှာ မြို့အုပ် ဦးသောင်းတင်၏သမီးဖြစ်၍ အင်္ဂလိပ်ကျောင်းသူတစ်ယောက် ဖြစ်ရာ ဝက်လက်မြို့၌ ဦးသောင်းတင် မြို့အုပ်ဖြစ်စဉ်က ကျောင်းပိတ်ရက်အတွင်း မန္တလေးမြို့ နေရှင်နယ်မိန်းကလေးကျောင်းမှ ဖခင်ထံသို့ ပြန်လာပြီးလျှင် ဖခင်နှင့်အတူ နယ်လှည့်ရာသို့ လိုက်ပါခ့ဲဖူး၏။ မန်ကျည်းတုံရွာသို့ ဆိုက်ရောက်သောအခါ မြေပိုင်ရှင်တစ်ဦး၏သား မောင်ထွန်းဦးနှင့် မြင်လျှင်မြင်ချင်း ချစ်ကြိုက်စုံမက်မိကြ၏။
မောင်ထွန်းဦးနှင့် မသန်းမြင့်တို့ ချစ်ကြိုက်ကြခြင်းမှာ နဖူးစာမှတစ်ပါး အခြားသောအကြောင်းရှိဟန် လက္ခဏာမရှိချေ။ အကြောင်းသော်ကား မသန်းမြင့်မှာ မြို့သူကြီးဇာတိလည်းဖြစ်၏။ အင်္ဂလိပ်ကျောင်းသူလည်း ဖြစ်၏။ ရုပ်ရည်မှာလည်း လူချီးမွမ်းလောက်အောင် လှပပြေပြစ်ခြင်းနှင့် ပြည့်စုံ၏။ မောင်ထွန်းဦးမှာကား တောသားလညး်ဖြစ်၏။ရုပ်ရည်မှာလည်း ပြောရလောက်အောင် ချောမောလှပခြင်း မရှိချေ။ ထွားထွားကျိုင်းကျိုင်း ထောင်ထောင်မောင်းမောင်းနှင့် ယောကျ်ားပီသသော ကိုယ်ဟန်အမူအရာမှတစ်ပါး အခြားသော ချီးမွမ်းဖွယ်ရာ ရုပ်လက္ခဏာဟူ၍ တစ်စုံတစ်ရာမျှ မရှိချေ။
ပစ္စည်းအင်အားမှာမူ မြေပိုင်ရှင်တစ်ယောက်၏သားဖြစ်သဖြင့် ဒေသအလျောက် အသင့်အတင့်ခိုင်လုံသည်မှန်၏။ သို့ရာတွင် မသန်းမြင့်သည် ဤမျှလောက်အခြေအနေကို မက်မောလောက်သည် မမှတ်တန်ပေရာ။ ၄င်းတို့နှစ်ဦး ဆုံစည်းကြခြင်းမှာ ဘဝရေစက်သက်သက်မျှသာ ဖြစ်ဟန်တူပေ၏။
မြို့အုပ်ဦးသောင်းတင်မှာ ငယ်မယားဖြစ်သော မသန်းမြင့်၏မိခင် သေဆုံးပြီးနောက် နောက်အိမ်ထောင်နှင့် နေထိုင်ရသူဖြစ်သောကြောင့် သမီး၏လင်သားရွေးချယ်ပုံကို စိတ်တွင်း၌မကျေနပ်စေကာမူ အတိုက်အခံ ကန့်ကွက်ခြင်းမပြုဘဲ မိထွေးနှင့်လင်ပါသမီးတို့ တကျက်ကျက်ရှိနေတတ်သော အခြင်းအရာကို မျှော်တွေးမိသဖြင့် မိမိ၏လက်ဝယ်မှလွတ်လျှင် ပြီးပါစေတော့ဟု သဘောမျိုးနှင့် လျောလျောလျူလျူပင် သဘောတူလိုက်လေ၏။
တောသားမောင်ထွန်းဦးမှာ မြို့အုပ်၏သမီး မြို့ကြီးသူမိန်းမလှတစ်ယောက်ကို ရခ့ဲလေရကား အစစအရာရာ၌ အလွန်တရာ အလိုလိုက်၍ 'ဖူးဖူးမှုတ် ' မတတ် ယုယပိုက်ထွေး အရေးပေးခ့ဲလေ၏။ မောင်ထွန်းဦးမှာ ဖခင်ကြီးသေဆုံးပြီးနောက် မိခင်မုဆိုးမကြီးနှင့် နေထိုင်ရသူဖြစ်လေရာ ၄င်းတို့၏နေအိမ်ကို မသန်းမြင့် ရောက်သွားပြီးနောက် သားအမိနှစ်ယောက်စလုံးတို့သည် မသန်းမြင့်အား မိမိတို့နှင့်အဖက်မတန်မအပ်စပ်သည့် နတ်သမီးကလေးသဖွယ် 'ခြေမကိုင်မိလက်မကိုင်မိ' ပြုစုစောင့်ရှောက်လျက် အလွန်တရာ သဒ္ဒါကြည်ဖြူရှိကြ၏။ ဒေါ်သန်းမြင့် ခေါင်းကိုက်ခ့ဲသော် သားအမိနှစ်ယောက်စလုံး မအိပ်နိုင်၊ မစားနိုင် ပျာပျာသလဲ ဖြစ်နေကြ၏။
မသန်းမြင့်အတွက် ချီးမွမ်းရန်တစ်ချက်မှာ မိမိအား သားအမိနှစ်ယောက်စလုံးက ဤမျှလောက် အမြတ်တနိုးရိုကျိုးကြင်နာခြင်းရှိသည့်အတွက် 'ကန်းတက်ခြင်း' မရှိဘဲ လင်သားအားလည်းကောင်း၊ ယောက္ခမကြီးအားလည်းကောင်း မိမိနှင့်အဖက်မတန်ဟူသော အမူအရာမျိုးကို ဘယ်သောအခါမှ ပြသခြင်းမရှိချေ။ မောင်ထွန်းဦးသည် မြို့အုပ်တစ်ယောက်ဖြစ်ခ့ဲလျှင်လည်းကောင်း၊ မသန်းမြင့်သည် သာမညတောသူတစ်ယောက် ဖြစ်ခ့ဲလျှင်သော်လည်းကောင်း မယားဖြစ်သူသည် လင်ယောကျ်ားအပေါ်၌ ပိုမို၍ကျိုးနွံရိုသေခြင်း ရှိနိုင်ဖွယ်ရာမရှိတော့ချေ။
မသန်းမြင့်နှင့် မောင်ထွန်းဦးတို့သားအမိတို့ ယင်းက့ဲသို့ သင့်မြတ်ညီညာစွာ အတူတကွ နေထိုင်ကြပြီးနောက် သုံးနှစ်လောက်ကြာရှိသောအခါ တစ်နေ့သ၌ မသန်းမြင့်သည် ဘူးသီးငါးပေါင်းကြော် စားမိပြီးနောက် ချောင်းတဟွတ်ဟွတ် ဆိုးလျက်ရှိ၏။ ပထမနေ့၌ သားအမိနှစ်ယောက်တို့မှာ မထောင်းတာလှသေးသော်လည်း ဒုတိယနေ့၌ မသန်းမြင့်၏ ချောင်းဆိုးရောဂါ မသက်သာဘဲရှိရာတွင် သားအမိနှစ်ယောက်တို့မှာ 'ယောက်ယက်ခတ်' ဖြစ်နေကြ၏။ တတိယနေ့၌ကား နှစ်ယောက်စလုံး မျက်လုံးဝိုင်းလျက်ရှိရာ မန်းကျည်းတုံရွာမှ သမားဟူးရားများသာမက ရွာနီးချုပ်စပ်ရှိ ဆေးဆရာဟူသမျှတို့ထံ လှည့်နှင့်တစ်တန် မြင်းနှင့်တစ်ခေါက် တဒေါက်ဒေါက် ပြေးလွှားလျက်ရှိကြ၏။ သို့ရာတွင် မသန်းမြင့်ကမူ အင်္ဂလိပ်ကျောင်းထွက်ဖြစ်သည့်အလျောက် မြန်မာ့ဆေးဆရာများကို အယုံအကြည်မရှိကြောင်းနှင့် ငြင်းဆန်လျက်ရှိရာ ပဉ္စမနေ့၌ ချောင်းဆိုးရောဂါ မသက်သာဘဲရှိရာတွင် မောင်ထွန်းဦးသည် ရွှေဘိုမြို့ရှိ ဆရာဝန်ကြီးထံ မီးရထားနှင့် လိုက်ပါသွားလေ၏။
နောက်တစ်နေ့၌ ရွှေဘိုမှ ဆရာဝန်ကြီးသည် မော်တော်ကားနှင့် လိုက်လာ၍ မသန်းမြင့်၏ ရောဂါကို စစ်ဆေးကြည့်ရှုလေ၏။ ဆရာဝန်ကြီးသည် နားကြပ်ကိရိယာများနှင့် သေချာစွာစစ်ဆေးကြည့်ရှုပြီးနောက် မသန်းမြင့်၏ ရောဂါမှာ သာမညချောင်းဆိုးရောဂါမဟုတ် အဆုတ်နာရောဂါဖြစ်ကြောင်းနှင့် သားအမိနှစ်ယောက်အား တီးတိုးပြောရာတွင် ဒေါ်သိန်းခင်၏ဦးခေါင်းသည် တင်းတောင်းလောက် ကြီးသွားသည်ဟု မှတ်ထင်လိုက်မိ၏။ မောင်ထွန်းဦးမှာမူ အိမ်မြှောင်အမြီးပြတ်သက့ဲသို့ ဆတ်ဆတ်တုန်ဖြစ်သွားပြီးလျှင် မည်မျှပင်ကုန်ကျရသည်ဖြစ်စေ ဤရောဂါကို ကုသပေးပါရန်အကြောင်းနှင့် ဆရာဝန်ကြီးအား ရှိခိုးမတတ်တောင်းပန်လေ၏။
နောက်ဆုံးတွင် ဆရာဝန်ကြီးက မိမိမှာ မြို့ငယ်မြို့သိမ်မှ ဆရာဝန်တစ်ယောက်မျှသာဖြစ်သောကြောင့် ပညာလည်းမစုံ၊ လက်နက်ကိရိယာလည်း စုံလင်စွာမရှိကြောင်း၊ အကောင်းဆုံးသောနည်းလမ်းမှာ မသန်းမြင့်အား ရန်ကုန်ဆေးရုံကြီးတွင် ပထမတန်းအခန်းသို့ ပို့ထားရန်ဖြစ်ကြောင်း၊ ပထမတန်းအခန်းမှာ တစ်နေ့လျှင် ၁၆ ကျပ် ပေးရ၍ အကုန်များသည်ဟု ထင်ဖွယ်ရာရှိသော်လည်း မိမိအား အခေါက်ခေါက်အခါခါ ပင့်ခေါ်ရခြင်းသည်လည်း နောက်ဆုံး၌ အကုန်သက်သာမည်မဟုတ်လှကြောင်း၊ မသန်းမြင့် သွားလိုလျှင် မိမိကပင် ရန်ကုန်ဆရာဝန်ကြီးထံ ထောက်ခံစာရေးသားပေးအပ်မည် ဖြစ်ကြောင်းနှင့် ပြောပြလေ၏။ မောင်ထွန်းဦးက မည်မျှလောက်ကြာအောင် ဆေးရုံတက်ဖို့လိုကြောင်း မေးမြန်းရာ ဆရာဝန်ကြီးက တစ်လခန့်ဆိုလျှက် လုံလောက်မည်ဖြစ်ကြောင်း၊ တစ်လအတွက် ၄၈၀ိထားဘိဦး၊ စုစုပေါင်းငွေ ၆၀၀ ခန့်ကို ကုန်ဖွယ်ရာရှိကြောင်းနှင့် တွက်ချက်ပြောပြတိုက်တွန်း၏။
နောက်ဆုံး၌ မောင်ထွန်းဦးသည် မသန်းမြင့်အား ရန်ကုန်ဆေးရုံကြီးသို့ ပို့ပေးရန် ဆုံးဖြတ်လေရာ ဒေါ်သိန်းခင်ကလည်း ငွေ ၆၀၀ လောက်မျှကို နှမြောဖွယ်မရှိဟု ဆုံးဖြတ်တိုက်တွန်း၏။ သို့ဖြစ်၍ ဆရာဝန်ကြီး၏ အကြံပေးချက်အတိုင်း မသန်းမြင့်အား ဆရာမတစ်ယောက်နှင့်အတူ ရန်ကုန်ဆေးရုံကြီးသို့ ပို့ခ့ဲခြင်းဖြစ်လေသည်။
မသန်းမြင့်၏ ရောဂါမှာ တစ်လကျော်သော်လည်း မပျောက်သေးချေ။ မောင်ထွန်းဦးသားအမိကမူ မပျောက်မချင်း မဆင်းခ့ဲရန် စာအတန်တန်ရေး၍ မိမိတို့ပိုင်မြေများအနက် အချို့ကိုပေါင်နှံ၊ အချို့ကို ရောင်းချပြီးလျှင် စရိတ်ငွေကို မှန်မှန်ကြီးတင်ပို့ခ့ဲကြ၏။ ဤနည်းအားဖြင့် မသန်းမြင့်မှာ ရန်ကုန်မြို့၌ နေထိုင်ခ့ဲရလေ၏။
မသန်းမြင့်သည် ရန်ကုန်ဆေးရုံကြီး၌နေရစဉ် မင်းကတော်များ၊ အင်္ဂလိပ်ကပြားမများ၊ အရာရှိကြီးများ၏ သမီးများနှင့် အပေါင်းအသင်းပြုလုပ်ကာ နေထိုင်ရ၏။ ၄င်းရောဂါမှာ အသည်းအသန်ရောဂါမျိုးမဟုတ်ဘဲ တရှောင်ရှောင်ရောဂါမျိုးသာ ဖြစ်လေရကား မြို့တွင်းသို့လည်ပတ်ခြင်း၊ ဘိုင်စကုတ်ကြည့်ခြင်း၊ မော်တော်ကားဖြင့် လေညင်းခံထွက်ခြင်း စသည်တို့ကို ဆရာဝန်၏အမိန့်နှင့် ပြုခွင့်ရ၏။
မသန်းမြင့်မှာ လူမမာပင်ဖြစ်သော်လည်း အထက်တန်းစား မင်းကတော်ကြီး၊ ကပြားမများနှင့် ပေါင်းသင်းဆက်ဆံလျက် ပျော်ရွှင်စွာနေထိုင်ရသောကြောင့် တစ်သက်လုံး ဆေးရုံမှမဆင်းဘဲနေလျှင်ပင် နေနိုင်ဖွယ်ရှိ၏။ မသန်းမြင့်၏ လူရည်သန့်သော ရုပ်လက္ခဏာ၊ ရွှင်ပျသောအမူအရာနှင့် လက်ဖွာဖွာသုံးတတ်သော အလေ့အကျင့်များသည် အထက်တန်းစား လူမမာများအနက်တွင် မိတ်ဆွေပေါများစေဖို့ ဖြစ်နေ၏။ ကပြားမများနှင့် ဘိုမများသည် မသန်းမြင့်အား ချစ်ခင်တတ်ကြ၏။ သို့ဖြစ်၍ မသန်းမြင့်မှာ ဆေးရုံစရိတ်အပြင် တစ်လလျှင် ငွေ ၂၀၀ မျှ ကုန်ကျခ့ဲသေး၏။ ရိုးဖြောင့်ဖူးသော မသန်းမြင့်သည် ပရိယာယ်အမျိုးမျိုးနှင့် ငွေမှာတတ်လာခ့ဲ၏။ မှာတိုင်းလည်း မောင်ထွန်းဦးက ငြင်းသည်မရှိ ပို့လိုက်သည်သာလျှင် ဖြစ်ချေ၏။
ဤနည်းအားဖြင့် ၆ လခန့်မျှ နေထိုင်ခ့ဲပြီးနောက် မသန်းမြင့်သည် နောက်ထပ်ဆက်လက်နေထိုင်ခြင်းငှါအကြောင်း ယုတ္တိမရှိတော့သဖြင့် ဆေးရုံမှဆင်း၍ လင်ယောကျ်ားရှိရာ ဝက်လက်ဘူတာရုံသို့ ပြန်လာခ့ဲရခြင်း ဖြစ်လေသည်။ ဆေးရုံအတွင်း၌ အစားမှန်အအိပ်မှန် နေထိုင်ခ့ဲရခြင်းအားဖြင့် နုဖတ်ကြည်လင်စွာရှိသော အသားအရေသည် မသန်းမြင့်၏ နဂိုချောမောလှပြီးဖြစ်သော ရုပ်အဆင်းကို တိုးတက်တင့်တယ်ခြင်း ရှိစေသည့်အပြင် ရန်ကုန်သူစတိုင်'ဂိုက်ကျ' အောင် ဝတ်ဆင်ထားသော အဝတ်အစားများသည်လည်း အဆိုပါ ရုပ်လက္ခဏာကို တိုးမြှင့်ပင့်မြှောက်ခြင်း ပြုပြန်လေရကား ဒုတိယတန်းတွဲရှိ အခြားခရီးသည်များသာမက မသန်းမြင့်အား မြို့အုပ်ကတော်လေလော၊ ဝန်ထောက်ကတော်လေလောဟု တွေးတောငေးမောကာ အကဲခတ်လျက်ရှ်ိကြ၏။
သို့ဖြစ်၍ ဝက်လက်ဘူတာသို့ မီးရထားဆိုက်ရောက်လာရာတွင် သက္ကလတ်အကျႌခပ်နွမ်းနွမ်း ပဝါဆေးဆိုးဖြင့် မသပ်မရပ်ရစ်ပေါင်းထား၍ လုံချည်တဟ်ပတ်ရစ်၊ ဆေးမတိုက်သော ဖိနပ် စသည်တို့ဖြင့် နွားမောင်းသော တုတ်တိုကိုကိုင်ကာ ပြေးလာပြီးလျှင် 'မယ်မြင့်- မယ်မြင့်'နှင့် တစ်မြင့်တည်းမြင့်နေသော မောင်ထွန်းဦးကို မြင်ကြရသောအခါတွင် ခရီးသည်များသည် တစ်ယောက်၏မျက်နှာကို တစ်ယောက်လှမ်း၍ ကြည့်မိကြ၏။
ထိုအခြင်းအရာကို မသန်းမြင့် တွေ့မြင်ရသောအခါ မျက်နှာ၌ ရှိန်းခနဲ့ဖြစ်သွားပြီးလျှင် လင်ယောကျ်ားအတွက် ပထမအကြိမ် ရွံ့ရှက်သောစိတ်သဘောဖြစ်ပေါ်လာမိ၏။
မောင်ထွန်းဦးသည် တန်ဆာခံလာသော ပစ္စည်းများကို ဂတ်ဘိုထံမှ ရွေးချယ်ယူငင်လျက်ရှိစဉ် မသန်းမြင့်သည် ဘူတာရုံအပြင်ဘက်သို့ ထွက်နှင့်၍ နွားဝါစာဥကွက်တစ်ရှဉ်း တပ်ဆင်ထားသော လှည်းယဉ်ကလေးအနီးမှ စောင့်ဆိုင်းနေလေ၏။ အကြောင်းကား ၄င်းနွားတစ်ရှဉ်းနှင့် လှည်းယာဉ်ကလေးမှာ မောင်ထွန်းဦးနှင့်မိမိတို့ လက်ထပ်စဉ်က အဖိုးငွေ ၅၀၀ိ နှင့် ဝယ်ယူထားခ့ဲသော ပစ္စည်းဖြစ်ကြောင်း သိရှိသောကြောင့်ပေတည်း။
မသန်းမြင့် စောင့်နေပြီးနောက် တစ်မိနစ်ခန့်ကြာသောအခါတွင် လူတစ်ယောက်က မောင်းနှင်သွားသည်ကို မသန်းမြင့် တွေ့မြင်လိုက်ရာတွင် များစွာအံ့သြမိ၏။ ၄င်းနောက် မောင်ထွန်းဦးသည် ပစ္စည်းများနှင့်ထွက်လာ၍ နွားအိုနှစ်ကောင် တပ်ဆင်ထားသော လှည်းကြီးပေါ်သို့ တက်ရောက်ရန် ခေါ်လေ၏။ မသန်းမြင့်မှာ အ့ံသြစွာနှင့် လှည်းစုတ်ကြီးပေါ်သို့ တက်ရသော်လည်း မည်သို့မျှ မပြောသေးချေ။
မောင်ထွန်းဦးမှာ ချစ်လှစွာသော ဇနီးနှင့် ၆- လ တိုင် ခွဲနေရပြီးနောက် ပြန်လည်တွေ့ဆုံရခြင်းဖြစ်သောကြောင့် ဝမ်းမြောက်ဝမ်းသာရှိထိုက်သည် မှန်သော်လည်း အူလျားဖားလျား အမူအရာမျိုးမရှိဘဲ နှုတ်ခပ်ဆိတ်ဆိတ်ဖြစ်နေရာ မသန်းမြင့်နှင့် တစ်ယောက်တစ်ပြန် အကဲခတ်လျက်ရှ်ိကြ၏။ လမ်းခရီး၌...
"ကျွန်မတို့ နွားတစ်ရှဉ်း ဘယ်ရောက်လို့ ဒီနွားအိုကြီးတွေ တပ်လာသလဲ ကိုထွန်းဦး"
"မယ်မြင့်မရှိတာနဲ့ နွားချော၊ နွားကောင်းစီးတ့ဲလှည်းမရှိတော့လို့ ရောင်းပစ်လိုက်တယ်"
"ရှင်တို့က ကျွန်မကို ပြန်ချင်စိတ် မရှိဘူးလို့များ တွက်ထားကြလို့လား"
"မတော်တာ မယ်မြင့်ရယ်။ ဒီလို ဟုတ်ပါရိုးလား၊ ငွေတစ်ဆိတ်ကျပ်လို့ပေါ့"
"ငွေကျပ်ရင် လက်ထပ်တုန်းက ကျွန်မအဖေ လက်ဖွဲ့လိုက်တ့ဲ လယ်တစ်တော ရှိပါကောလား၊ ပေါင်သုံးပါတော့လား"
မောင်ထွန်းဦးသည်
ညှိုးငယ်သောမျက်နှာနှင့် မည်သို့မျှမပြောဘဲနေခ့ဲရာ မသန်းမြင့်လည်း လှည်းစုတ်ကြီး စီးရသည့်အတွက်ကြောင့် ဒေါခပ်ပွပွလုပ်၍ လိုက်ပါလာလေ၏။
အတန်ငယ်ခရီးရောက်သော် မောင်ထွန်းဦးက စတင်၍ ရန်ကုန်တွင်နေထိုင်ပုံများကို မေးမြန်းသဖြင့် မသန်းမြင့်က ပြောပြလေရာ မသန်းမြင့်သည် ပြောရင်းပြောရင်းနှင့် စိတ်အားထက်သန်ခြင်း ဖြစ်လာခ့ဲပြီးလျှင် ရန်ကုန်၌ နေထိုင်ရခြင်းကို ပျော်ရွှင်ဘိသက့ဲသို့လည်းကောင်း၊ အပေါင်းအဖော် မင်းကတော်များနှင့် ခွဲခွာခ့ဲရခြင်းကို လွမ်းဆွတ်တမ်းတဘိသက့ဲသို့လည်းကောင်း အားရပါးရ ပြန်ပြောင်းပြောပြလေ၏။ ထိုအခါ ရှိသမျှလယ်ယာချောင်းမြောင်းများ ကုန်စေကာမူ လူမာချာလျှင် ပြီးစေတော့ဟူသော သဘောထားမျိုးဖြင့် ငွေမှာတိုင်းတင်ပို့ခဲ့သော မောင်ထွန်းဦးမှာ မိမိမယားသည် လူသူပါးရှားလျက် အလွန်တရာချောင်ကျသော တောရွာကလေးသို့ ပြန်ရောက်နေထိုင်ရမည်ကိုပင် ပျင်းရိခြောက်သွေ့လှသော အခြင်းအရာတစ်ခုဟူ၍ မှတ်ယူနေခ့ဲလေပြီတကားဟု စဉ်းစားမိတိုင်း စိတ်တွင်ထိုင်းမှိုင်းလေးလံခြင်း ဖြစ်မိလေ၏။
မန်ကျည်းတုံရွာနေအိမ်သို့ ဆိုက်ရောက်ကြသောအခါ ဒေါ်သိန်းခင်က တောရွာနေအိမ်တို့၏ ထုံးစံမဟုတ်ဘဲလျက် မသန်းမြင့်၏ သဘောအရ တပ်ဆင်ထားသော အခန်းဆီးများကို အသစ်လဲလှယ်ထားနှင့်ခြင်းဖြင့်လည်းကောင်း၊ ဝင်းခြံအတွင်း အထူးရှင်းလင်းအောင် ပြင်ဆင်ထားခြင်းအားဖြင့်လည်းကောင်း၊ မသန်းမြင့် ကြိုက်တတ်သော ဟင်းလျာမျိုးကို အထူးတလည် ကောင်းမွန်အောင် ကြိုးစားချက်ပြုတ်ထားခြင်းဖြင့်လည်းကောင်း အစစအရာရာ အထူးတလည်စီမံထားခြင်းများကို မသန်းမြင့် တွေ့မြင်ရ၏။ သို့သော်လည်း ရန်ကုန်ဆေးရုံကြီးအတွင်း၌ ဥရောပတိုက်သားများ၏ အနေအထိုင်မျိုးဖြင့် နေထိုင်လာခ့ဲရသော မသန်းမြင့်မှာ ကျေးဇူးတင်စကား ပြောကြားရန်မျှပင် သတိမရခ့ဲချေ။ ထိုအခြင်းအရာကို သားအမိနှစ်ယောက် တွေ့မြင်ကြရသောအခါ တစ်ယောက်၏မျက်နှာကို တစ်ယောက် လှမ်းကြည့်ရုံမှတစ်ပါး မည်သို့မျှ ဖွင့်ဟပြောဆိုကြခြင်း မပြုကြချေ။
မောင်ထွန်းဦး၏ နေအိမ်၌ သူရင်းငှါးအစေခံများ ရှေးကက့ဲသို့ မများပြားသည့်အတွက် တိုလီမိုလီဗာဟီရကိစ္စများကို မောင်ထွန်းဦးကိုယ်တိုင်ဖြစ်စေ၊ မိခင်ကြီးဒေါ်သိန်းခင်က ဖြစ်စေ ဆောင်ရွက်လုပ်ကိုင်နေရခြင်းကို မသန်းမြင့် တွေ့မြင်သောအခါ အဘယ့်ကြောင့် အစေခံနှင့် သူရင်းငှါးများကို ဖြုတ်ပစ်နှင့်ကြလေသနည်းဟု မေးမြန်း၏။ မောင်ထွန်းဦးက စရိတ်အကုန်အကျ နည်းပါးအောင် စီမံရခြင်းဖြစ်ကြောင်းနှင့် ပြန်ပြောရာတွင် မသန်းမြင့်က ချွေတာဖို့မလိုကြောင်း၊ အရေးအကြောင်းရှိခ့ဲလျှင် မိမိအဖေလက်ဖွဲ့သော လယ်တစ်တောကို ပေါင်နံှရောင်းချ သုံးစွဲနိုင်ကြောင်းဖြင့် ပြော၏။ သို့ပါသော်လည်း မောင်ထွန်းဦးက
"ကိစ္စမရှိပါဘူး မယ်မြင့်ရယ်။ အလိုက့အထိုက် ဒီလိုပဲ ကြည့်နေသွားကြတာပေါ့။ မယ်မြင့်သာ ငြိမ်ငြိမ်နေပါ။ ကျုပ်တို့သားအမိတော့ နဂိုကတည်းက တောသားမို့ ဒီလောက်အလုပ်တော့ အရေးမကြီးပါဘူး"
ဟု ပြန်ပြော၏။
ရွာသူရွာသားတို့မည်သည်မှာ အိမ်နီးပါးချင်းတို့ အပြုအမှုအနေအထိုင် စသည်တို့ကို မြို့သူမြို့သားများထက် ပိုမိုဂရုစိုက်လေ့ရှိ၏။ ရွာသို့ရောက်လာစ အခါကမူ မသန်းမြင့်ကို ရွာသူရွာသားများက မသန်းမြင့်သည် မြို့အုပ်၏သမီးဖြစ်သော်လည်း စ်ိတ်ကြီးမဝင်ရှာဘူးဟုသဘောရ၍ လှိုက်လှိုက်လဲလဲ လျောလျောလျူလျူအမူအရာမျိုးဖြင့် အရောတဝင် ခေါ်ငင်ပေါင်းသင်းခ့ဲကြလေရာ ရန်ကုန်မှ ပြန်ရောက်လာသောအခါ၌မူ ရွာသူရွာသားများက ခပ်စိမ်းစိမ်းရှိနေကြသည်ဟု မသန်းမြင့် ထင်မိ၏။ ဟုတ်လည်းဟုတ်တန်ရာ၏။ အကြောင်းကား ရွာသူရွာသားများသည် မသန်းမြင့်၏ စိတ်နေစိတ်ထား ပြောင်းလဲလာခြင်းကို တွေ့မြင်ရသဖြင့် အရောမဝင်ဝ့ံအောင် ရွ့ံတွန့်တွန့်ရှိနေကြသောကြောင့်ပေတည်း။ သို့ပါသော်လည်း မသန်းမြင့်သည် မိမိ၏အပြစ်ကို မမြင်မသိဘဲ အမှုမ့ဲအမှတ်မ့ဲသာလျှင် နေထိုင်ခ့ဲမိလေ၏။
စိတ်သဘောထား ကောင်းမွန်ဖြူစင်လှသော ဒေါ်သိန်းခင်သားအမိနှစ်ယောက်တို့မှာမူ မသန်းမြင့်၏ အပြစ်ကို ဘယ်အခါမျှ ရှုရန်ဝါသနာမရှိသည့်အလျောက် 'မင်းစိုးရာဇာ တစ်ယောက်၏ သမီးအရင်းအချာဖြစ်ပါလျက် ရွာသိမ်ရွာငယ်တစ်ခု၌ မိမိတို့နှင့်အတူ နေထိုင်ရခြင်းမှာ ငြီးငွေ့ဖွယ်ရာကောင်းရှာပေလိမ့်မည်။ မသန်းမြင့်မို့ ဤမျှလောက် သည်းခံအောက်အည်း၍ နေရှာပေသေးသည်။ အခြားသူဖြစ်ခ့ဲလျှင် နှစ်နှစ်သုံးနှစ် မဆိုထားဘိ နှစ်လသုံးလမျှပင် နေထိုင်ဖို့ ခဲယဉ်းပေလိမ့်မယ်' စသည်ဖြင့် မိမိတို့စိတ်ထဲက အောက်မေ့သည်ဖြစ်စေ၊ သားအမိချင်း နည်းလမ်းညွှန်ပြသည်ဖြစ်စေ ပြုလုပ်ပြောဆိုလေ့ ရှိကြလေ၏။ ယင်းသို့ဖြစ်ရကား သားအမိနှစ်ယောက်တို့သည် မသန်းမြင့်အတွက်ကြောင့် အနည်းငယ်မျှ စိတ်ပျက်အားလျော့ခြင်းမရှိဘဲ ဘုရင်၏သမီးတော်အစစ်ကို ထိန်းသိမ်းစောင့်ရှောက်ခွင့် ရဘိသက့ဲသို့ ပျူပျူငှါငှါ ကျေကျေနပ်နပ် ပြုစုစောင့်ရှောက်ကြလေ၏။
တစ်နေ့သ၌ မောင်ထွန်းဦးသည် နှစ်မိုင်ခန့်ဝေးသော ဝက်လက်ဘူတာရုံမှ မန်ကျည်းတုံရွာသို့ ပြန်လာ၍ စပါးကုန်သည်ကြီးတစ်ဦးထံမှ တောပွဲစားအလုပ်ကို လက်ခံခ့ဲကြောင်း(တောပွဲစားဆိုသည်မှာ တောရွာမှ စပါးများကို ပေါက်ဈေးနှင့်ပေးဝယ်၍ စပါး ၁၀၀ လျှင် ငွေ ၁ိ ပွဲခရသော အလုပ်မျိုးဖြစ်လေသည်။) ရွာနီးချုပ်စပ်မှ စပါးများကို မိမိတို့မျက်နှာနှင့် ဝယ်ပေးရလျှင် တစ်နေ့အတွက် စပါးလေးငါရာကို အလွယ်တကူနှင့် ရနိုင်မည်ဖြစ်သောကြောင့် တစ်နေ့လျှင် ငွေလေးငါကျပ် ဝင်လမ်းရှိမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ မသန်းမြင့်မှာ မျက်နှာမငယ်ရဘဲ ရှေးကက့ဲသို့ အစေခံသူရင်းငှါး စသည်တို့ဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် နေနိုင်ခွင့် ရှိတော့မည်ဖြစ်ကြောင်းနှင့် အားရဝမ်းသာပြောပြလေသည်။
မောင်ထွန်းဦးမှာ မြေပိုင်ရှင်တစ်ဦးအနေဖြင့် နေထိုင်ရစဉ်အခါက နေအိမ်မှထွက်ခွာသွားလာရန် တာဝန်မရှိသဖြင့် မသန်းမြင့်အား နေ့ရှိသမျှ စောင့်ရှောက်အရေးယူရန် အချိန်ရခ့ဲလေရာ ထိုက့ဲသို့သော တောပွဲစားအလုပ်နှင့် တစ်ရွာဝင် တစ်ရွာထွက် လှည့်လည်သွားလာရခြင်းကို မသန်းမြင့်က မနှစ်သက်ချေ။ သို့ဖြစ်၍ သားအမိသုံးယောက် အိမ်ဦးခန်း၌ထိုင်ကာ ထိုအခြင်းအရာကို တိုင်ပင်ဆွေးနွေးကြရာတွင် မသန်းမြင့်က...
"ဘာလုပ်ဖို့လဲ ရှင့်တောပွဲစားအလုပ် နုပ်နုပ်ဖွဲဖွဲ မလုပ်ချင်ပါနဲ့ ကိုထွန်းဦးရယ်"
"မယ်မြင့် ဖောဖောသီသီသုံးစွဲရအောင် ကျုပ်အလုပ်လုပ်ဦးမှ နေရာကျမှာပေါ့ မယ်မြင့်ရဲ့"
"မသုံးရချင် နေပါစေ၊ ဒီအလုပ်တော့ မလုပ်ပါနဲ့ အေးအေးပဲဆားနဲ့စားမယ်"
"ဒ့ီပြင် အကြောင်းကလည်း ကျုပ်တို့မှာ အသုံးအစွဲနည်းနည်းကျပ်တည်းနေတယ် မယ်မြင့်ရဲ့၊ ဒီတော့..."
"အသုံးအစွဲကျပ်ရင် ကျွန်မအဖေ လက်ဖွဲ့တ့ဲ လယ်တစ်တောကို ရောင်းချင်လည်းရောင်း၊ ပေါင်ချင်လည်း ပေါင်လို့ ကျွန်မပြောပါပြီကော ကိုထွန်းဦး"
ထိုအခါ ဒေါ်သိန်းခင်က ဆေးလိပ်လိပ်လျက်ရှိရာမှ ရုတ်တရက် စွက်ဖက်ပြောမည်အပြုတွင် မောင်ထွန်းဦးက 'အမေ' ဟု ခေါ်ကာ သတိပေးလိုက်သဖြင့် ဒေါ်သိန်းခင်သည် တစ်စုံတစ်ရာမျှ မပြောတော့ဘဲ ဆေးလိပ်လိပ်မြဲတိုင်းလိပ်နေ၏။ ထို့နောက် မောင်ထွန်းဦးက မသန်းမြင့်အား...
"မယ်မြင့် ရှိသမျှပစ္စည်းကလေးကို အိမ်သုံးစရိတ်ထဲ ထည့်မယ်ဆိုတာပြောရုံနဲ့ပဲ ကျေးဇူးကြီးလှပါပြီ မယ်မြင့်။ သို့သော် နေပါစေ ထည့်ဖို့မလိုပါဘူး။ စပါးပေါ်တ့ဲရာသီကလေးမှာ သုံးလေလအလုပ်လုပ်ရလို့ ကျုပ်ဘာမှ ဖြစ်မသွားနိုင်ပါဘူး မယ်မြင့်ရဲ့။ အိမ်မှာတစ်ယောက်တည်း ပျင်းလို့ရှိရင် ဝတၳုစာအုပ်ကလေးဘာလေးဖတ်နေတာပေါ့၊ အမေလည်း ရှ်ိသားကပဲ"
ထိုသို့ပြောနေစဉ် ဒေါ်သိန်းခင်က ဝင်၍ပြောလိုလှသဖြင့် ပါးစပ်တပြင်ပြင် ရှိနေသော်လည်း မောင်ထွန်းဦးက မျက်စိတစ်မှိတ်တည်း မှိတ်ပြသောကြောင့် ဒေါ်သိန်းခင် ပြောခွင့်မရတော့ဘဲ နောက်ဆုံး၌ ဆေးလိပ်ကိုသာငုံ့၍ လိပ်နေလေ၏။
မောင်ထွန်းဦးသည် ထိုအရပ်သား 'မျက်နှာကြီး' ဖြစ်သောကြောင့် စပါးဝယ်သောအလုပ်ကို တွင်ကျယ်စွာ လုပ်ကိုင်နိုင်လေရာ အင်္ဂလိပ်လဆန်း ၁၆ ရက်နေ့တိုင်း ဝက်လက်ဘူတာသို့ ကုန်စုံဈေးရထားဆိုက်သော အခါများတွင် မသန်းမြင့်အတွက် စားစရာအမျိုးမျိုးနှင့် အထည်အလိပ်အဆန်းအပြားများကို တစ်ပွေ့တစ်ဝိုက်ကြီး ဝယ်ခြမ်းလေ့ရှိ၏။ သို့ဖြစ်၍ မသန်းမြင့်မှာ တောရွာကလေး၌ပင် နေထိုင်ရသော်ငြားလည်း အကောင်းဆုံးသော နိုင်ငံခြားအစားအစာများနှင့် အဝတ်အဆင်ဆန်း အမျိုးမျိုးတို့ကို မပြတ်စားသောက် ဝတ်ဆင်နိုင်ခ့ဲလေ၏။
တစ်နေ့သ၌ မသန်းမြင့်၏ မိထွေးဒေါ်လှကြီးသည် ရွှေဘိုမြို့၌ရှိသော သမီးအရင်းထံသွားရင်း မန်ကျည်းတုံရွာ၌ရှိသော မသန်းမြင့်ထံ ဝင်သွားခ့ဲလေ၏။ မသန်းမြင့်၏ဖခင် မြို့အုပ်ဦးသောင်းတင်မှာ လွန်ခ့ဲသောနှစ်ကပင် ရောဂါနှင့်ရုတ်တရက်ကွယ်လွန်ခ့ဲပြီဖြစ်၏။ မြို့အုပ်တကာတို့တွင် အရမ်းဆုံးသော လူတစ်ယောက်ဖြစ်၍ လာဘ်စားရာ၌ အလွန်ရဲတင်းလှ၏။ အသုံးအစွဲမှာလည်း အရက်စက်ဆုံး လူတစ်ယောက်ဖြစ်၏။ တစ်ချက်တလေ အကော်တွေ့သဖြင့် လယ်မြေများကိုပင် ဝယ်ဖူးသော်လည်း သေသောအခါ၌ ကြေးဝိုင်းဝိုင်းလည်လျက် သေသွားရှာ၏။
မသန်းမြင့်၏မိထွေး ဒေါ်လှကြီး ှမှာ ဝဝတုတ်တုတ်၊ လည်ကုပ်တိုတို၊ ပါးစပ်ပြဲပြဲ အောက်သူကြီးတစ်ယောက်ဖြစ်၍ စကားပြောရာ၌ နှုတ်အာကြမ်းကြမ်းနှင့် ဘွင်းဘွင်းကြီးပြောတတ်သော အလေ့ရှိ၏။ ဒေါ်လှကြီးသည် မသန်းမြင့်၏ နေအိမ်သို့ ဆိုက်ရောက်ပြီးနောက် အိမ်ဦးခန်းတွင် မသန်းမြင့်နှင့် နှစ်ယောက်တည်း ထိုင်လျက် စကားပြောနေကြစဉ် ဒေါ်လှကြီးက...
"ဟ့ဲ သန်းမြင့်၊ နင့်ယောကျ်ားကို ဘူတာရုံမှာ ငါမြင်ခ့ဲတယ်။ ဒီသူငယ် ဘာဖြစ်တာလဲဟယ်။ လူရုပ်တောင် မပီတော့ပါလား။ နင်ဆေးရုံတက်မယ့်အစား နင့်ယောကျ်ား လွှတ်ပါတော့လားဟယ်"
"အခုတလေ ငွေရေးကြေးရေးကြောင့် စိတ်မကောင်းလို့ ထင်ပါရဲ့ ကြီးကြီးရယ်။ ဒါလဲ သူက အစီအမံမတတ်လို့နဲ့ တူပါရဲ့၊ နို့မို့တော့"
(ကြမ်းပြင်ကို လက်ဝါးဖြင့် ပုတ်လျက်)"ညည်းကလားအေ ဒီလိုပြောတာ ထွန်းဦးလိုလူများ ညည်းကဘာမှမတတ်ဘူး၊ ညာမတတ်ဘူးနဲ့ ပြောဝ့ံတာ ငါအ့ံပါရဲ့ သန်းမြင့်ရယ်"
"ကြိီးကြီးက အဝေးကနေပြီး ဘာသိလို့လဲ"
"ဟ့ဲ ညည်းသာမသိတာ၊ ငါအကုန်သိတယ်။ ညည်းဆေးရုံတက်တာက တစ်နေ့ ၁၆ ကျပ်၊ တစ်လ ဘယ်လောက်ကုန်သလဲ၊ ၆လ ဆို ဘယ်လောက်ကျသလဲ။ ပြီးတော့ ညည်းမရှိတုန်း လယ်အရောင်းအဝယ်နဲ့ ပတ်သက်လို့ အရှုပ်အရှင်းဖြစ်ပြီး ရုံးပြင်ကနားရောက်ရတာက ဘယ်လောက်ကုန်သွားသလဲ ညည်းသိသလား။ ပြီးတော့ ညည်းအဖေ ညည်းတို့ညီအစ်မ လက်ဖွဲ့ခ့ဲတယ်ဆိုတ့ဲ လယ်တစ်တောစီကလည်း ဘာဖြစ်ကုန်သလဲ ညည်းသိရဲ့လား"
"မသိပေါင် ကြီးကြီး"
"အေး- ညည်းအဖေ လူဆိုးတော့ သူလက်ဖွဲ့တယ်ဆိုတ့ဲ လယ်တွေက လက်စသတ်တော့ အပေါင်တွေနဲ့တော့။ နောက်ဆုံးကျတော့ မြေဈေးကျတာနဲ့ ငွေတိုးတွေ တက်နေတာနဲ့ သူခမျာ တစ်ပြားမှမရတ့ဲအပြင် မစိုက်ရတာတောင် ကျေးဇူးတင်ရမလိုလို ဖြစ်နေသေးတော့ ညည်းအဖေ လုပ်ပုံများတော့အေ... ငါတို့ တစ်တွေကို ဒုက္ခပေါ့။ မောင်မင်းကြီးသား မောင်ထွန်းဦး ကောင်းရှာပေလို့သာ။ ညည်းမရှိတုန်းက ညည်းညီမ မသန်းတင် လက်ထပ်တော့ မောင်ထွန်းဦးက ငွေ ၃၀၀ိ လက်ဖွဲ့ရှာပေသတော်။ ဒီငွေကို မသန်းမြင့်ကိုယ်စား သူကလက်ဖွဲ့လိုက်ပါတယ်တ့ဲ။ သူ့မှာ ရှေးကလို ချောင်ချိရင် ဒီ့ထက်မက ပေးချင်ပါတယ်တ့ဲ။ ငါ့ကိုလည်း သမီးအိမ်ထောင်ကျပြီးနောက် ဘယ်အခါမဆို သူ့အိမ်မှာလာပြီး စားနေလှည့်ပါတ့ဲ။ သူ့မိခင်နဲ့အတူတူ ပြုစုစောင့်ရှောက်ပါ့မယ်တ့ဲ။ ဒီယောကျ်ားမျိုး ဘယ်မှာ ရှာလို့ရမလဲ သန်းမြင့်ရယ်။ ညည်းလာ်ကဖြင့် ဘယ်မှာနေမှန်းမသ်ိဘူး။ ဒါနဲ့များတောင် ညည်းက ထွန်းဦးကို အစီအမံမတတ်ဘူးလေး ဘာလေးနဲ့ အ့ံသြပါရဲ့ အစ်မကြီးရယ်"
မသန်းမြင့်မှာမူ မည်သို့မျှ ပြန်မပြောနိုင်ဘဲ ကြောင်တောင်ငေးလျက်သာလျှင် ကြည့်နေမိလေ၏။
ဒေါ်လှကြီးက ဆက်လက်၍-
"ညည်းဆေးရုံမှာကတည်းက ငါက ညည်းဆီကို အကျိုးအကြောင်း စာရေးပါ၊ ဒီလောက် ငွေကုန်မခံပါစေနဲ့လို့ ပြောပါတယ်။ နို့ပေမယ့် ညည်းယောကျ်ားက ရှိသမျှကုန်သွားပါစေတ့ဲ။ သူကျန်းကျန်းမာမာနဲ့ ပြန်လာရင် ပြီးရောတ့ဲ။ ပေါင်လိုက်ရတ့ဲလယ်တွေ၊ ရောင်းလိုက်ရတ့ဲစပါးတွေ၊ အခု သူတို့သားအမိမှာ ဘာရှိတော့သလဲ"
မသန်းမြင့်မှာ ဆေးရုံသို့ရောက်သည့်နေ့မှစ၍ ထိုနေ့တိုင်အောင် လင်မောင်ထွန်းဦးအတွက်လည်းကောင်း၊ ယောက္ခမကြီး ဒေါ်သိန်းခင် အတွက်လည်းကောင်း အလျဉ်း သတိမရဘဲ မိမိပျော်ရွှင်မှုနှင့် သုံးဖြုန်းမှုအတွက်သာ အာရုံပြုမိခြင်းများကိုလည်းကောင်း၊ ရှိသမျှပစ္စည်းများကို ပေါင်နှံရောင်းချ၍ မိမိအတွက် သဒါ္ဓကြည်ဖြူစွာ အကုန်အကျခံပြီးလျှင် အိမ်မှုလုပ်ငန်းအရပ်ရပ်ကို အစေခံ မငှါးနိုင်သော အဖြစ်၌ အကုန်သိမ်းကျုံး၍လုပ်ရှာသော ယောက္ခမကြီးအတွက်လည်းကောင်း၊ ဖခင်သုံးဖြုန်းခ့ဲသော လယ်မြေအကြောင်းကို မိမိအား စိတ်မချမ်းမသာမဖြစ်ရစေခြင်းငှါ မပြောဘဲ မျိုသိပ်ထားရှာသော မောင်ထွန်းဦးအတွက်လည်းကောင်း အသည်းနာလှ၍ ယူကျုံးမရ ဖြစ်သည်နှင့် မျက်ရည်တွေတွေ ယိုစီးကာ ရှိနေလေ၏။
ထိုနေ့ညနေ၌ မောင်ထွန်းဦးသည် စပါးဝယ်ရာမှ မောကြီး ပန်းကြီးနှင့် ပြန်လာရာတွင် မသန်းမြင့်ကိုယ်တိုင် အဆင်သင့်ဖျော်ထားသော သံပရာရည်ရှာလဘတ်ကို ဖန်ခွက်ဖြင့်ထည့်ကာ လှမ်းပေးလျက် မောင်ထွန်းဦး၏ နဖူးပြင်မှ ယိုစီးကျနေသော ချွေးများကို မသန်းမြင့်က လက်ဝါးဖြင့် ယုယကြင်နာစွာ သပ်ချပေးလေရကား မောင်ထွန်းဦးသည် သံပရာရှာလဘတ်ကို သောက်ပြီးနောက်...
"အမေ"
"ဘာလဲ ငါ့သား"
"သံပရာတစ်ခြမ်းနဲ့ ကျေရဆိုတာ ဒီဟာထင်ပါရဲ့ အမေ"
ရွှေဥဒေါင်း
မေတ္တာသောက ဗျာပါဒ ဝတၳုတိုများ စာအုပ်မှ
Copied from Khine Nilar Mg.
စလေ ငနော့
မင်္ဂလာနေ့လည်ခင်း၊ နေကောင်းလား ငါရီယိုဒီဂျနေရိုမှဘရာဇီးဖြစ်ပြီးကျွန်ုပ်၏ blog အတွက်နောက်လိုက်အသစ်များကိုရှာဖွေသည်။ မိတ်ဆွေသူငယ်ချင်းအသစ်များလည်းဝေးကွာပါသည်။
ReplyDeletehttps://viagenspelobrasilerio.blogspot.com/?m=1
မင်္ဂလာနေ့လယ်ခင်းပါခင်ဗျ။ နေကောင်းပါတယ်၊ သိရတာ ဝမ်းသာပါတယ်နော်။
Delete