အိမ်နီးချင်း 🖊 ပီမိုးနင်း
အိမ်နီးချင်း
••••••••••••••••
ပီမိုးနင်း
“ဆရာ…အခုတလော ဟိုဘက်ခန်းက ဘာဖြစ်သလဲ မသိဘူး၊ စောင်းသလိုလို ပြောင်သလိုလိုနဲ့ စကားလည်း မပြောဘူး၊ ဘာများ ပတ္တလာဂျီဖြစ်သလဲ မသိဘူး”
ဆရာလှ။ “ဘယ်သူလဲ၊ အရေးစိုက်လို့”
မယ်ခင်။ “ဘယ်သူရမလဲ ဆရာရဲ့၊ မိချိုတို့ ညီအစ်မပေါ့၊ ခါတိုင်းဆိုရင် ကူးလို့ သန်းလို့၊ မီးဖိုချောင်ကို ၀င်ပြီး ဆားနှိုက် ကြက်သွန်နှိုက်၊ အခုတော့ မျက်စောင်းတောင် မထိုးဘူး”
“နင်က ဘာလုပ်မိလို့လဲ”
“ကျွန်မ ဘာမှ မလုပ်မိပါဘူး၊ သြော်…သတိရပါပြီ၊ သုံးလေးရက်လောက်က အိမ်က ကောင်မ ဟိုတိရစၦာန်မ မိအေး မီးဖိုချောင်မှာ ဆားအိုးကို ဖွင့်ထားတယ်၊ အိမ်မြှောင်တစ်ကောင်က အိုးနှုတ်ခမ်းမှာ တက်နေတယ်၊ ကျီးကန်းတစ်ကောင်ကလည်း နှိုက်တော့မလို့ လုပ်နေတယ်၊ ဒါနဲ့ ကျွန်မက ဆူတယ်၊ ကျွန်မဆူတော့ သူတို့ ရယ်မောနေရာက အသံတိတ်သွားတယ်၊ အဲဒီကတည်းက စပြီး သုန်မှုန်နေတာပဲ၊ သူတို့ကို စောင်းတယ် ထင်လို့ပေါ့”
“ဒီလိုကောင်မတွေ အရေးစိုက်လို့၊ သူတို့မောင် ချစ်တီးက လူမိုက်၊ အရင် မယ်ပိုတို့ နေတုန်းကလည်း စားရသောက်ရရင် တစ်မျိုး၊ မစားရရင် တစ်မျိုး၊ ပြီး သူတို့မောင်နဲ့ တိုက်ပေး၊ ဟိုခွေးမသား လူမိုက်က မယ်ပိုကို ပါးရိုက်လို့ ထောင်ခြောက်လ ကျသွားပါရောလား”
“ဒီလိုဖြင့် ကျွန်မ ကြောက်တယ် ဆရာရဲ့၊ ကျွန်မတို့ လူမိုက်တွေ ဘာတွေနဲ့ နီးနီးကပ်ကပ် မနေချင်ဘူး”
“ဘာကြောက်ရမလဲ ငါ ရှိတယ်၊ ငါတို့လို အိမ်နီးချင်းမျိုးဆိုတာ စောင့်ရှောက်ရတာ၊ ဘာမှ မပူနဲ့၊ နင့်ခြေအောက်ကို သူတို့အားလုံး ရောက်အောင် ငါ လုပ်မယ်၊ အခုအတောအတွင်းမှာ ငြိမ်ငြိမ်ကလေးနေ၊ ဘာမှ သတိမထားသလို နေ၊ ငါ ဓာတ်ရိုက်ပြမယ်၊ နက္ခတ်မကြုံသေးလို့၊ တနင်္ဂနွေပြောင်းဖို့ ရက်ကလေး လိုနေတယ်”
“ဆရာ့ဟာ ဘယ်တော့လောက် ကြာနေမှာလဲ၊ စောင်းတာ မြောင်းတာတွေကို ကျွန်မ ခံနေရမှာလား”
“ခံနေ… မကြားဟန်ဆောင်နေ၊ မသိဟန်လုပ်၊ တစ်ခါတလေ ရယ်မောပြီး သူတို့အခန်းကို ကူး၊ ကွမ်းအစ်ဆွဲစား၊ နင့်ကို ပါးမရိုက်၀့ံဘူး၊ ငါ ရှိသေးတယ်၊ ငါ ခတ်ဆေးကလေးတစ်ခုလည်း လုပ်ပေးမယ်၊ ခတ်ဆေးက သာစွမ်းတယ်၊ ဂမုန်းကလေး လိုနေလို့၊ စစ်တွေက ဘုန်းကြီးတစ်ပါးဆီမှာ ရှိတယ် ပြောလို့ မှာထားတယ်၊ ဘယ်နေ့ အကော်ဆိုက်မယ် မသိဘူး”
“ဆရာ့ဟာက ဘယ်နေ့မှ မသေချာဘူး၊ ကျွန်မ ကြာကြာကြီး မနေနိုင်ဘူး၊ အိမ်လခတွေကလည်း စပေါ်အပြင် တစ်လခကျော်ကျော် အိမ်ရှင်အပေါ်မှာ ကျွန်မက ကြူးနေလို့၊ နို့မဟုတ်ရင် ကျွန်မ ချက်ချင်း ပြောင်းမှာပဲ”
“ဘောက်မယ်ကြောင့် ပြောင်းရမှာတုံး၊ အညံ့ခံလို့၊ အလွန်ဆုံး တနင်္ဂနွေတစ်ပတ်ပဲ၊ ကိုင်း… နက်ဖြန်ခါ ငါ အင်းကလေးတစ်ခု ပေးမယ်၊ အဲဒီအင်းကလေးကို သူတို့အိပ်ရာအောက် သွားထိုး၊ ဒါမှ သေသေချာချာ စွမ်းတာ၊ တစ်ခါတည်း နင့်ကို ဘုရားလို ကိုးကွယ်စေ့မယ်”
“သူတို့အခန်းထဲကို ၀င်ရင် ကျူးလွန်မှုလုပ်ရင် ဘယ့်နှယ်လုပ်မလဲ”
“ရယ်ရယ်မောမော ဒရော ဖောရောနဲ့ သွား၊ ရှေးဦးပထမ ကွမ်းအစ်ကို မတောင်းဘဲ စား၊ အင်းတစ်ခုကို ကွမ်းအစ်ထဲ ထည့်ခဲ့၊ တစ်ခုကိုတော့ အိပ်ရာအောက်မှာ ထား၊ မသိစေနဲ့”
“ကွမ်းအစ်ထဲက အင်းကို သူတို့ တွေ့ရင် ကျွန်မကို မသင်္ကာဖြစ်မှာပေါ့”
“အင်းက ကွမ်းအစ်ထဲမှာ မနေဘူး၊ နင် ထည့်ပြီး ကွမ်းအစ်ကို ဖုံးသည်နှင့်တစ်ပြိုင်တည်း ထွက်ပြေးမှာပဲ၊ အိပ်ရာအောက်က အင်းလည်း ဒီလို ပြေးမှာပဲ၊ သူတို့အခန်းကို ၀င်တော့ ရယ်ရယ်မောမော ခေါ်ခေါ်ပြောပြောသာ ၀င်၊ သူတို့ နင့်ကို ဘာမှ မလုပ်စေရဘူး၊ နင့်နဖူးမှာ ငါ ၀ ကွင်းပေးလိုက်မယ်”
ဆရာ အိမ်ကို ပြန်ပြီး သေးငယ်သော စက္ကူစကလေးတစ်ခုကို သတင်းစာရွက်မှ ဖြတ်ကာ လိပ်လေ၏။ ထိုနောက် မယ်ခင်ကို ခေါ်ပြီး ပေး၏၊ နဖူးကိုလည်း လက်ညှိုးဖြင့် ၀ကွက်၍ ပေး၏။
ထိုနောက် “သူတို့ ဘာလုပ်နေကြသလဲ”ဟု မေး၏။
“ကျွန်မ မသိဘူး၊ အခန်းထဲမှာတော့ တိုးတိုး စကားပြောနေကြတာပဲ”
“အဲ… ၀င်သာသွား၊ ရှင်ချိုတို့ ဘာဖြစ်နေကြတာလဲ ဘာလဲ ပြောပြီး ရယ်ရယ်မောမော ၀င်သွား၊ နဖူးမှာ ၀ကွက်ပြီးသား… မကြောက်နဲ့”
မယ်ခင်သည် ဆရာပြောတိုင်း လုပ်၏။
အခန်းထဲသို့ ရောက်သာအခါ ညီအစ်မနှစ်ယောက် တစ်ယောက်က အိပ်ရာမှာ ဘေးစောင်းလှဲ၍ နေ၏။ တစ်ယောက်က ခေါင်းရင်းက ထိုင်လျက် နဖူးကို နှိပ်၍ နေ၏။
မယ်ခင်သည် ကုလားထိုင်ပေါ်၌ တင်ထားသော ကြေးကွမ်းအစ်ကို ဖွင့်၍ ကွမ်းစားရင်း အင်းကို ထည့်၏။ ကွမ်းအစ်ကို ပိတ်ပြီး အိပ်ရာခြေရင်းသို့ သွားပြီး အိပ်နေသူ၏ ခြေဖျားကို လက်နှင့် ဆုပ်ကိုင်ကာ “အေးလို့ပါကလား”ဟု ပြောပြီး စောင်နှင့် ဖုံး၍ ပေးပြီး အင်းကို အိပ်ရာအောက်သို့ သွင်းလိုက်၏။
ညီအစ်မနှစ်ယောက်သည် စကားမပြောဘဲ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ပြုံးကြ၏။
တစ်ယောက်က…
“မယ်ခင်တို့များ ဘာပတ္တလာဂျီဖြစ်လို့ ဒီဘက်ခန်းကို မကူးသလဲ၊ အခုမှ သတိရတာ၊ ဘယ်လင်ဆီ စိတ်ရောက်လို့လဲ” ဟု ပြော၏။
“ဘယ်မှ မရောက်ပါဘူးတော်၊ လူတစ်ခု ပူမှုက ဆယ်ကုဋေဆိုတာလို တစ်ခါတလေတော့လည်း တောင်တွေး မြောက်တွေးနဲ့ အမှတ်တမဲ့နေမိတာပဲ၊ ကျုပ်ကလည်း ရှင်တို့ညီအစ်မ အခုတလော ဘာများဖြစ်သလဲလို့”
“ဘာဖြစ်လို့လဲတော်… ဘာမှ မဖြစ်ပါကလား၊ ဟိုမအေ… ကြောင့်ပေါ့၊ ရှင် မကြားဘူးလား”
“ဟင့်အင်း… မကြားပါဘူး၊ ဘယ်မအေလဲ”
“ဒီက မောင်တော်ပေါ့၊ ဓားထိုးမှုဖြစ်လို့ ချုပ်ထားတယ်တဲ့၊ ကုန်စရာလည်း ငွေမရှိဘူး”
“အဲဒါမှ အခက်၊ ကျုပ်တော့ ငွေ ၁၅ ကျပ် ရှိရဲ့၊ ဓာတုဗေဒနားကပ်ကလေးကို မရွှေစောက အတင်းဖြုတ်ယူပြီး ငွေအစိတ်ပေးတယ်၊ အခု ၁၅ ကျပ်ပဲ ကျန်တော့တယ်၊ လိုရင် သုံးတာပေါ့၊ အာမခံကလေး ဘာကလေးအတွက် အကုန်ခံရလိမ့်မယ်” ဟု ပြောကာ အိတ်ထဲမှ ထုတ်၍ ပေး၏။
ချစ်တီး အချုပ်က လွတ်လာ၏။
“မေခင့်ကျေးဇူးကို ကျွန်တော် တစ်သက်လုံး မမေ့ဘူး၊ မေခင့်အတွက်ဆိုရင် အသက်စွန့်မယ်၊ ကျွန်တော့်အစ်မကြီးကို ဘယ်လိုလူမှ မစော်ကားရဘူး၊ ဒီအရပ်ထဲမှာ လူမိုက်တွေက ဗိုလ်လုပ်နေတယ်၊ ကျွန်တော့်အစ်မကြီးကို မျက်စောင်းတစ်ချက်ထိုးရင် အူပေါက်စေ့မယ်” စသည်ဖြင့် ပြောလေ၏။
နောက်တစ်နေ့ မယ်ခင်နှင့် ဆရာ တွေ့ကြရာ မယ်ခင်က…
“ဟုတ်လိုက်တာ ဆရာ၊ ဆရာ့အင်း သိပ်စွမ်းတာပဲ၊ ကျွန်မက သနားလို့ သူတို့ကို ငွေ ၁၅ ကျပ်တောင် လှည့်လိုက်သေးတယ်” ဟု ပြောလေ၏။
မြန်မာ့အလင်းနှစ်သစ်မင်္ဂလာ
အထူးထုတ်သတင်းစာ၊ ဧပြီ၊ ၁၉၃၇
(စိတ်ကူးချိုချိုမူ၊ ၂၀၁၇)
ဖရီးဒမ်း စာအုပ်တိုက် စာဖတ်ရှိန်မြှင့်တင်ရေးအစီအစဉ်။
'Freedom Publishing House' ပေ့ဂျ်ကနေ ကူးယူပါတယ်။
စလေ ငနော့
Comments
Post a Comment