ကိုဗစ်နောက်ကြောင်းပြန် အပိုင်း ၂၊ ၃၊ ၄၊ ၅ 🖊 ဒေါက်တာမြင့်ဇော်
ဆရာဒေါက်တာမြင့်ဇော်ရဲ့ 'ကိုဗစ်နောက်ကြောင်းပြန် - ဂေဟဗေဒနှင့် လူမှုစီးပွားအမြင်မှ သုံးသပ်ခြင်း' စာအုပ်ထဲက အပိုင်း ၁ ကို အရင်ရက်က တင်ပေးခဲ့ပါတယ်။ ခု အပိုင်း ၂၊ ၃၊ ၄ နဲ့ ၅ ကို တပေါင်းတည်း စုတင်ပေးလိုက်ပါတယ်။
ကြိုမြင်ခဲ့တဲ့ ကပ်ဘေး
•••••••••••••••••••••••••
ဒေါက်တာမြင့်ဇော်
7Day Daily
Sunday, April 26, 2020 - 07:07
‘နောင်ကြုံရမယ့် ကပ်ရော ဂါဘေးဖြစ်လာမှာလား မေးစရာ မလိုပါ။ ဘယ်အချိန်ဖြစ်မှာလဲဆို တာသာ မေးရမှာ (The Next Pandemic: Not if, but when)’ ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို ၂၀၁၃ မေလ ၉ ရက်ထုတ်နယူးယောက် တိုင်းမ်သတင်းစာမှာ ဖော်ပြခဲ့ပါ တယ်။ ရေးသူကအမေရိကန်သိပ္ပံ စာရေးဆရာ ဒေးဗစ်ကွာမန်း (David Quammen) ဖြစ်ပါ တယ်။ သူ့ကို အတော်ဆုံးစာရေး ဆရာထဲက တစ်ယောက်လို့ နယူး ယောက်တိုင်းမ် သတင်းစာက ရည်ညွှန်းပါတယ်။ ၂၀၁၃ မှာပဲ သူ့ရဲ့ လွင့်စဉ်ရောက်ရှိလာခြင်း (Spillover)ဆိုတဲ့စာအုပ်ထွက် လာပါတယ်။ ပညာရှင်တွေရဲ့ သုတေသနအမြင်တွေကို မူတည် ပြီး အချက်အလက်အထောက် အထားနဲ့ သတိပေးချက်တွေ ပါ ဝင်ပါတယ်။
သူတွေ့ခဲ့တဲ့ ပညာရှင်တွေ က ဧရာမဖြစ်ရပ်ကြီး (Next Big One-NBO)ကတော့ ဖြစ်မှာပဲ။ ဘာ့ကြောင့် ဖြစ်မလဲ။ ဖြစ်နိုင်ခြေ အများဆုံးကတော့ ဗိုင်းရပ်စ် ကြောင့်ပဲ။ ဘယ်လိုဗိုင်းရပ်စ်မျိုး လဲ။ အသစ်ဖြစ်လိမ့်မယ်။ အ နည်းဆုံးလူတွေ မသိထားသေးတဲ့ ဗိုင်းရပ်စ်။ ကိုရိုနာဗိုင်းရပ်စ်အုပ်စု ထဲက ဖြစ်နိုင်တယ်။ မျိုးဗီဇဟာ ဒီအင်န်အေ(DNA)မဟုတ်ဘဲ အာရ်အင်န်အေ(RNA)ဖြစ်လိမ့် မယ်။ သူက ကူးစက်ပြောင်းလဲမှု မြန်တယ်။ အဲဒီဗိုင်းရပ်စ်က ဘယ် က လာမလဲ။ တခြားတိရစာၦန်တွေ ဆီကနေလာမယ်။ ဒါကို ဇိုနိုးဆစ် (Zoonosis)လို့ ခေါ်တယ်။ ဒီ စကားလုံးဟာ အနာဂတ်မှာကြား ရမယ့်စကားလုံး၊ ၂၁ ရာစုမှာအ သုံးများမယ့်စကားလုံးဖြစ်လာဖို့ အကြောင်းခံရှိပြီးသားပါ။ (Zoonosis is 'a world of the nature', destined for heavy use in twenty-first century.) လက် ရှိမှာ ကူးစက်ရောဂါ ၆၀ ရာခိုင်နှုန်း လောက်ရဲ့ ဇာစ်မြစ်က တိရစၧာန် တွေပါ။ ဒါတွေက ဒေးဗစ်ရဲ့စာ အုပ်မှာ ၂၀၁၃ က ဖော်ပြခဲ့တာ တွေပါ။ လောလောဆယ်ကပ် ဘေးကနေ ပြန်ကြည့်တဲ့အခါ အားလုံးဟာ အဆက်အစပ်မိနေ ပါတယ်။
ဗိုင်းရပ်စ်အကြောင်း ပြော မယ်ဆိုရင် ဂေဟဗေဒကို ဖယ် ထားလို့ မရပါဘူး။ ဂေဟစနစ်အ ကြီးအသေးနေရာအားလုံးကို လူ သားရဲ့သက်ရောက်မှုက ရောက် ခဲ့ပြီ။ သဘာဝလောကဟာ အလျင်အမြန်ပြိုကွဲလာနေတယ်။ ဒီ နေရာမှာ မမြင်မိကြတာက သ ဘာဝလောကဟာ မထင်မှတ် ထားတဲ့ပုံစံတွေနဲ့ ပြောင်းလဲ ရပ် တည်ကြတာကိုပါ။ အရင်တုန်းက ဂေဟစနစ်ထဲမှာ အနှောင့်အယှက်မပေးဘဲ ရှိနေတဲ့ ရောဂါပိုး မွှားတွေဟာ တည်ရာမှီရာအသစ် ဖြစ်တဲ့ လူသတ္တဝါတွေဆီကို ရောက်လာတယ်။ လူတွေဆီကို ရောက်လာတယ်ဆိုတဲ့စကား ထက် လူတွေက ရောက်သွား တယ်လို့ပြောရင် ပိုမှန်နိုင်တယ်။ လူက လှုပ်ခါဖျက်ဆီးလိုက်တဲ့ ဇီဝသစ်ပင်ပေါ်က ဗိုင်းရပ်စ်တွေ ဟာ လူဆီကိုပဲ ရောက်လာတယ်။
နေ့စဉ်နဲ့အမျှ တောရိုင်း သတ္တဝါတွေရဲ့ ခိုလှုံရာတွေ ပျက် စီးနေကြပါတယ်။ သစ်တောမရှိ တဲ့အခါ တောထဲက လင်းနို့ဟာ အိမ်နောက်ဖေးက သစ်ပင်ဆီ ရောက်လာပါတော့တယ်။ ဖြစ် ရပ်မှန်ဇာတ်ကြောင်းတစ်ခုမှာ အ နောက်အာဖရိကကလေးတစ် ယောက်ဟာ လင်းနို့လာခိုတဲ့သစ် ပင်အောက်မှာ ဆော့ပါတယ်။ သစ်ပင်က ကြွေကျတဲ့အသီးကို သူကကောက်စားပါတယ်။ အဲဒီ အသီးဟာ လင်းနို့ဆိတ်ထားတာ (ဒါမှမဟုတ်)လင်းနို့မစင်ကျထား တာရှိနေပါလိမ့်မယ်။ အဲဒီလို နည်းနဲ့ လင်းနို့မှာရှိတဲ့ မိုက်ခရုပ် ဟာ လူ့ခန္ဓာထဲကို ရောက်ရှိလာ ပါတယ်။ အဲဒီ (၂)နှစ်သားကလေး ဟာ တိရစၧာန်ကနေ လူဆီကို အီ ဘိုလာ လွင့်စဉ်ရောက်ရှိမှု (Spillover)ဖြစ်စဉ်ရဲ့စမှတ်ပါ။
၁၉၉၁ မှာ ပင်ဆယ်ဗေးနီး ယားပြည်နယ်ပမာဏရှိတဲ့ မိုး သစ်တောတွေကို အင်ဒိုနီးရှားမှာ မီးရှို့ရှင်းလင်းခဲ့ပါတယ်။ မီးခိုး တွေဟာ လေထဲမှာတိမ်တိုက်လို ရှိနေခဲ့တယ်။ မီးခိုးမြူတွေကြားက သစ်ပင်တွေဟာ မိုးခေါင်တာနဲ့ပါ ရောပြီး အသီးမသီးတော့ပါဘူး။ ရလဒ်ကတော့ အဲဒီသစ်ပင်တွေ မှာနေတဲ့ လင်းနို့တွေဟာအပြင် ကို အစာရှာထွက်ဖို့ကလွဲလို့ တခြားရွေးစရာမရှိဖြစ်ခဲ့တာပါ။ လင်းနို့ဟာ သူနဲ့အတူ ဗိုင်းရပ်စ်ကို သယ်ဆောင်သွားပါတယ်။ သစ် သီးပင်တန်းမှာ လင်းနို့တွေရောက် လာပြီး အခြေချလို့မကြာခင်မှာပဲ အနီးအနားက ဝက်တွေဖျားနာကြ တယ်။ ဝက်ကနေ လူကိုကူးလို့ ၁၉၉၆ ရောက်တဲ့အခါ ပြင်းထန် ဦးနှောက်ရောင်လက္ခဏာတွေလူ ၂၆၅ ယောက်လောက်မှာဖြစ်ပြီး ၁၀၅ ယောက်သေဆုံးပါတယ်။ အဲဒါဟာ နီပါဗိုင်းရပ်စ် (Nipah Virus)စကူးစက်ခဲ့တဲ့ အခြေအ နေပါ။ အခုအထိလည်း အရှေ့ တောင်အာရှတစ်ခွင်မှာ ပြန်ပြန် ဖြစ်နေတာရှိပါတယ်။
ကယ်လီဖိုးနီးယား တက္က သိုလ်က ရောဂါနဲ့ ဂေဟဗေဒ ပညာရှင် (Disease Ecologist)ကတော့ သစ်တောပြုန်းတီးမှုနဲ့ ကူးစက်ရောဂါအဆက်အစပ်က သက်သေရှိပြီးသား နားလည်မှုပဲ လို့ ပြောပါတယ်။
နှစ်စဉ် လူတစ်သောင်း လောက် သေနေတဲ့ငှက်ဖျားဟာ ခြင်ကနေတစ်ဆင့် ကူးစက်တဲ့ ပလပ်စ်မိုဒီယမ်ပါရာဆိုက် (Plasmodium Parasites) ကြောင့်ဖြစ်ရတာပါ။ သတင်းဆိုး က တောပြုန်းမှုနဲ့ ငှက်ဖျားက ဆက်စပ်နေတာပါ။ ခြင်ခိုစရာ တောမရှိရင် ကောင်းတာပေါ့လို့ ပြောစရာရှိပါတယ်။ တကယ်က တော့ သစ်တောပြုန်းပြီး အလင်း ရောင်ပိုဝင်လာတဲ့အခါ မြေပြင် မှာ တစ်စိတ်တစ်ပိုင်းအရိပ်ရပြီး နွေးတဲ့ရေအိုင်လေးတွေ ပေါ်လာ ပါတယ်။ ဒါကတော့ အနောဖလိ ခြင်တွေကြိုက်တဲ့နေရာပေါ့။
ဘရာဇီးမှာ အရင်က ငှက် ဖျားဖြစ်တဲ့လူ နှစ်စဉ် ခြောက်သန်း လောက်ရှိရာကနေ ၁၉၄၀ ကျော် ကာလတွေမှာ ငါးသောင်း လောက်အထိ ကျလာတယ်။ ၁၉၆၀ ကျော်ကစလို့ ပြန်တက် လာလိုက်တာ ၂၁ ရာစုအစမှာ တစ်နှစ်ကို လူခြောက်သိန်း လောက်အထိ ပြန်ဖြစ်လာပါ တယ်။ ၂၀၀၃ ကနေ ၂၀၁၅ အထိ လေ့လာခဲ့တဲ့သုတေသနမှာ သစ် တောပြုန်းတီးမှု ၁၀ ရာခိုင်နှုန်း တက်တိုင်း ငှက်ဖျားပမာဏ ၃ ရာ ခိုင်နှုန်းတက်လာတယ်လို့ တွေ့ပါ တယ်။ အာဖရိကမှာထက်စာရင် အာရှနဲ့တောင်အမေရိကမှာ ငှက် ဖျားနဲ့တောပြုန်းမှု ပိုဆက်စပ် တယ်လို့ ဆိုပါတယ်။
အမေဇုန်သစ်တောတွေ၊ မီး လောင်နေတဲ့၊ အရှေ့တောင်အာ ရှက သစ်တောတွေပြုန်းပြီးနေတဲ့ ဒီနေ့ခေတ်ကိုကြည့်ပြီး ရှေ့မှာ ဘာတွေကြုံရမလဲလို့ ဆင်ခြင် စရာ ရှိပါတယ်။
အလားတူပါပဲ။ ဝက်စ်နိုင်း ဗိုင်းရပ်စ် (West Nile)က အာဖရိ က ရွှေ့ပြောင်းငှက်တွေမှာရှိပါ တယ်။ သူတို့ရဲ့ကမ်ဘာ့တောင်နဲ့ မြောက်နှစ်စဉ်ရွှေ့ပြောင်းပျံသန်း မှုခရီးစဉ်အတွင်း မြောက်အမေ ရိကတိုက်မှာ ရပ်နားလေ့ရှိပါ တယ်။ ဒီအလေ့အထက ရာစုနှစ် တွေနဲ့ ချီပြီးရှိနေတာပါ။ ဒါဆိုရင် ၁၉၉၆ ကျမှ အမေရိကန်မှာ ဝက်စ်နိုင်းဗိုင်းရပ်စ် (ဝက်စ်နိုင်း ရောဂါ)ဆိုပြီး ပေါ်လာသလဲ။ အဖြေကတော့ ဒေသခံငှက်အုပ် အတွင်းက အပြောင်းအလဲပဲဖြစ် ပါတယ်။ နှစ် ၂၀ အတွင်းမှာ အဲဒီ နေရာတွေရဲ့ ငှက်မျိုးစုံလင်မှုက ၂၅ ရာခိုင်နှုန်းထိုးဆင်းသွားတယ်။ အဓိကအားဖြင့် သစ်တောက်ငှက် နဲ့ မယ်ညို (Rail)ငှက်တွေနည်း သွားတယ်။ သူတို့က ဗိုင်းရပ်စ် ကပ်ဖို့ခက်တဲ့ ငှက်မျိုးတွေ။ တစ် ပြိုင်နက်တည်းမှာ ခပ်ညံ့ညံ့ပတ် ဝန်းကျင်မှာရှင်နိုင်တဲ့ ကျီးကန်း တွေ၊ သပိတ်လွယ်ငှက်တွေက များလာတယ်။ သူတို့ဆီ ဗိုင်းရပ်စ် ရောက်ဖို့က လွယ်တယ်။ ဒါနဲ့ သူ တို့ဟာ ဗိုင်းရပ်စ်သယ်ဆောင်တဲ့ ငှက်တွေဖြစ်လာတယ်။ သူတို့ကို ခြင်ကကိုက်၊ ခြင်က လူကို ကိုက် ရာကနေ ဝက်စ်နိုင်းရောဂါဖြစ်လာ ပါတယ်။
လိုင်းရောဂါ (Lyme Disease)ကလည်း အလားတူပုံစံပါ ပဲ။ အမေရိကန်အရှေ့မြောက်ပိုင်း က သစ်တောကြီးတွေထဲမှာ ပို ဆန်(စွေ့-Oppsum)တွေ၊ ရှဉ့် (Chipmunks)တွေ အပါအဝင် ဇီဝပဒေသာရှိခဲ့ကြတယ်။ ရှဉ့်တို့၊ စွေ့တို့က ခွေးလှေး(မွှား)အရေအ တွက်ကို ထိန်းပေးထားတယ်။ လွန်ခဲ့တဲ့နှစ် ၅၀ အတွင်း ခြံဝင်း အိမ်ရာတွေကို တိုးချဲ့ကြတော့ သစ်တောက အကွက်လိုက် အ ပိုင်းပိုင်းပြတ်လာတယ်။ စွေ့တွေ၊ ရှဉ့်တွေလည်း နည်းလာတယ်။ များလာတာကတော့ ခြေထောက် ဖြူကြွက်နဲ့ သမင်တွေပဲ။ သူတို့က ခွေးလှေးကို မရှင်းနိုင်ဘူး။ ကြွက် တစ်ကောင်ဟာ တစ်ပတ်လုံး ခွေး လှေး ၅၀ လောက်ကို ရှင်းနိုင် တယ်။ စွေ့ကတော့ ရာပေါင်း များစွာရှင်းနိုင်တယ်။ ဒါနဲ့ပဲ မွှား ဆီကနေ လူတွေဆီကို လိုင်းရောဂါရောက်လာတယ်။
လိုင်းရောဂါကို နှစ် ၂၀ ကြာ သုတေသနလုပ်ခဲ့တဲ့ သုတေသန ပညာရှင်အောဇ်ဖဲလ်က ခုလို ပြောခဲ့ပါတယ်။
‘‘ဇီးကွက်တွေ၊ မြေခွေးတွေ၊ လင်းယုန်တွေ၊ ရှဉ့်တွေစတဲ့ ဇီ၀ စုံလင်မှုဟာ ကြွက်အရေအတွက် ကို ထိန်းပေးတယ်။ ဌာနေဇီဝပဒေ သာကျလာတာနဲ့အတူ လိုင်းရော ဂါပမာဏမြင့်လာတယ်။ ဒီနေရာ မှာ ခွဲစိတ်ဖြတ်တောက်ခြင်းရဲ့ ပြဿနာကိုလည်း ထည့်ပြောရ မှာပဲ။ သစ်တောကို ခြံစည်းရိုးတွေ နဲ့ ပိုင်းပစ်လိုက်ရင် ဖြစ်လာတာက သစ်တောကျွန်းပိုင်း (Green Island)လေးတွေပဲ။ အပြသာရှိ ပေမယ့် သစ်တောရဲ့စုံလင်ထိန်း ညှိပေးနိုင်မှု ပါမလာတော့ဘူး။’’
အိမ်ရာစီမံကိန်းစတဲ့ မြေ ယာအသုံးချပုံစံပြောင်းလဲလာ တာက ကပ်ရောဂါဘေးနဲ့ဆက် စပ်ကြောင်း မြင်ခဲ့ကြပါပြီ။ ခုထိ လည်း ခေါင်းစဉ်မျိုးစုံနဲ့ ဌာနေလူ မျိုးစုတွေရဲ့ သဘာဝရပ်ဝန်းတွေ ကို သိမ်းယူနေကြ၊ စိတ်ပိုင်းဖြတ် တောက်နေကြဆဲပါ။ သာမန်အ မြင်မှာတော့ တိရစၧာန်တွေက ရန် မူသူတွေဖြစ်ပြီး လူက ဓားစာခံ ဖြစ်တယ်လို့ မြင်ကြပါတယ်။ ပိုး မွှားတွေ ထိုးဖောက်ဝင်ရောက် လာပြီလို့ ပြောတတ်ကြပါတယ်။ လူသားတွေရဲ့ ကျူးကျော်မှုကို မေ့ထားလို့မဖြစ်ပါဘူး။ လူသား တွေရဲ့ ကျူးကျော်မှုကြောင့် ဟန် ချက်ပျက်သွားတဲ့ ဂေဟစနစ်မှာ တိရစၧာန်ကနေ လူကို ကူးစက်မှု က ကျယ်ပြန့်လာနေဦးမှာပါ။
(ဆက်လက်ဖော်ပြပါမည်)
(ဆောင်းပါးရှင် ဒေါက်တာမြင့် ဇော်သည် သဘာဝပတ်ဝန်းကျင် နှင့် ငြိမ်းချမ်းရေးဆိုင်ရာ လှုပ်ရှား သူတစ်ဦးဖြစ်ပြီး ကိုဗစ်နောက် ကြောင်းပြန် (ဂေဟဗေဒနှင့် လူမှုစီးပွားအမြင်မှ လေ့လာခြင်း) စာအုပ်ကို ရေးသားသူဖြစ်သည်။ ယခုဆောင်းပါးသည် စာအုပ်၏ အခန်း (၂) တွင် ဖော်ပြထားသော ဆောင်းပါးဖြစ်ပါသည်။ အဆိုပါ စာအုပ်ကို အွန်လိုင်းတွင်လည်း ဖြန့်ဝေထားပါသည်။)
________________________
ထွက်နှုန်းမြင့်မွေးမြူရေး (သို့)
••••••••••••••••••••••••••••••
ရောဂါပိုးစက်ရုံများ
••••••••••••••••••••••••
ဒေါက်တာမြင့်ဇော်
7Day Daily
Tuesday, April 28, 2020 - 07:24
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တောင်ပိုင်းမှာ၂၀၀၉ ခုနှစ်က တုပ်ကွေး(Dengue)ရော ဂါကူးစက်ပျံ့နှံ့မှုဖြစ်ခဲ့ပါတယ်။ ခြင်ဆေးဖျန်းခြင်းအစရှိတဲ့ နည်း လမ်းတွေနဲ့ စစ်ဆင်ရေးသဖွယ်နှိမ် နင်းဖို့ ကြိုးစားကြရပါတယ်။ တ ကယ်က ဖလော်ရီဒါတောင်ပိုင်း မှာ သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ ခြင်တွေရှိနေတာက အသစ်အ ဆန်းမဟုတ်ပါဘူး။ အသစ်အ ဆန်းက အဲဒီနှစ်တွေမတိုင်မီ ဖြစ် ခဲ့တဲ့ ၂၀၀၈ ဘဏ္႑ာရေးအကျပ် အတည်းပါ။ ဘဏ္႑ာရေးအကျပ် အတည်းနဲ့တွဲပြီး အိမ်ရာအကျပ် အတည်းဖြစ်ပါတယ်။ ဘဏ်တွေ ကို ငွေအကျေမပေးနိုင်လို့ ရာ၊ ထောင်ချီတဲ့အိမ်တွေ ပိတ်သိမ်း ပေးရပါတယ်။ ဖြစ်ချင်တော့ ဖလော်ရီဒါတောင်ပိုင်းက အိမ် တွေမှာ ရေကူးကန်တွေတွဲပါလေ့ ရှိပါတယ်။ လူမနေတော့တဲ့ အိမ် တွေရဲ့ ရေကူးကန် ရေစပ်စပ်မှာ ခြင်တွေပေါက်ဖွားရာကနေ မကြုံ ဖူးတဲ့ တုပ်ကွေးရောဂါဘေး (Unprecedented Outbreak of Dengue) ပေါ်ပေါက်ရတာပါ။
သာမန်အားဖြင့်တော့ အိမ် ရာအကျပ်အတည်းနဲ့ ရောဂါဘေး ဆက်စပ်လိမ့်မယ်လို့ ဘယ်ထင် ထားကြမလဲ။ လူမှုစီးပွားစနစ် တွေဟာလည်း ကပ်ဘေးကိုဖြစ် စေတဲ့ ရေသောက်မြစ်တွေဖြစ် နေတတ်ပါတယ်။
ရော့ဘ်ဝေါလေ့စ် (Rob Wallace)ဟာ ဆင့်ကဲပြောင်းလဲမှု ဇီဝဗေဒပညာရှင် (Evolutionary Biologist) တစ်ယောက်ဖြစ်ပါ တယ်။ ကူးစက်ရောဂါဆိုင်ရာဖြစ် ရပ်တွေမှာ အဓိကကျတဲ့အခြေ အနေတစ်ခုက မွေးမြူရေးလုပ် ငန်းကြီးတွေဖြစ်တယ်လို့ သူ ထောက်ပြခဲ့တာကြာပါပြီ။ သူ့ရဲ့ ‘မွေးမြူရေး လုပ်ငန်းကြီးများ ကြောင့် တုပ်ကွေးရောဂါကြီးများ ဖြစ်ရသည်-Big farms nake big flu’ ဆိုတဲ့စာအုပ်က ၂၀၁၆ မှာ ထွက်ခဲ့ပါတယ်။
တိုင်းမဂ္ဂဇင်း (၁၃ ဧပြီ ၂၀၂၀)မှာ ‘နောက်ထပ်ကပ်ဘေး ကို ကာကွယ်ဖို့စားနပ်ရိက္ခာစနစ် ကို ပြန်စဉ်းစားဖို့လိုပြီ- We need to rethink our food system to prevent the next pandemic’ ဆိုတဲ့ဆောင်းပါး ပါပါတယ်။ အဲ ဒီမှာ ရော့ဘ်ရဲ့မှတ်ချက်တွေကို ဖော်ပြထားပါတယ်။
ဒီဘက် ဆယ်စုနှစ်တွေမှာ ကူးစက်ရောဂါဖြစ်ပွားမှုများလာ စေတဲ့အကြောင်းတစ်ခုက သယံ ဇာတထုတ်ယူမှုနဲ့ လူဦးရေများ လာတာ၊ နောက်အကြောင်းတစ် ခုက တစ်ကမ်ဘာလုံးရဲ့ ကုန်သွယ် ရေးနဲ့ခရီးသွားလာမှုကြီးမားလာ တာနဲ့ နောက်ထပ်အကြောင်းရင်း တစ်ခုကတော့ ခေတ်သစ်စားနပ် ရိက္ခာထုတ်လုပ်မှုစနစ် ဖြစ်ပါ တယ်။
အထူးသဖြင့် ခေတ်သစ်စက် ရုံပုံစံမွေးမြူရေးလုပ်ငန်း (Factory Farming)ဟာ လူတွေ၊ တိရစၧာန်တွေနဲ့ မိုက်ခရုတ်ပိုးမွှား တွေကို ဆန်ကောထဲထည့်လှိမ့်သ လို ဖြစ်နေပါတယ်။ စားနပ်ရိက္ခာ ထုတ်လုပ်တဲ့လုပ်ငန်းဟာ ရောဂါ ထုတ်လုပ်တဲ့လုပ်ငန်းပါဖြစ်နေ တဲ့ အခြေအနေမျိုးပါ။ အဲဒီလို ရိက္ခာနဲ့ရောဂါ ရောထုတ်ပေးတဲ့ စနစ်ကို ပိုပိုပြီးလူတွေမှီခိုလာနေ ရတာကလည်း ခေတ်သစ်လူမှုစီး ပွားဘဝရဲ့ပြဿနာပါ။
မွေးမြူရေးလုပ်ငန်းကြီးတွေ ကနေ ထွက်လာတဲ့ရောဂါနာမည် တွေကို တန်းစီရေးဖို့ကိုပဲ စာ ကြောင်းအတော်များများ လိုပါ တယ်။
အာဖရိကဝက်တုပ်ကွေး၊ အီကိုလီ၊ ခွာနာလျှာနာ၊ နီပါဗိုင်း ရပ်စ်...စသည်စသည်။ အိတ်ချ် ဝမ်းအင်န်ဝမ်း (H1N1)အပါအ ဝင် တုပ်ကွေးအမျိုးမျိုးကတော့ လူသိများ ပြဿနာကြီးတဲ့ရောဂါ ပါ။ စက်ရုံပုံစံမွေးမြူရေးလုပ်ငန်း တွေရဲ့ သော့ချက်စကားလုံးက များများ၊ မြန်မြန်၊ ကြီးကြီး (တစ် နည်းအားဖြင့်) ထွက်နှုန်းမြင့် မွေး မြူရေး (Intensification)ဖြစ်ပါ တယ်။ ရှိသလောက်နေရာမှာ အ စုလိုက်၊ အထပ်လိုက် ထားတဲ့ ကြက်၊ ဘဲ၊ ဝက်စတဲ့မွေးမြူရေး လုပ်ငန်းတွေကို မြင်ယောင်မိကြ ပါလိမ့်မယ်။ စုပြုံထားတဲ့ အခြေ အနေမှာ တစ်ကောင်နဲ့တစ် ကောင် ထိတွေ့ကူးစက်ဖို့လွယ် ကူတယ်။ မွေးထားသမျှက မျိုးဗီဇ တစ်ခုတည်းက လာမှာဖြစ်တာ ကြောင့် ရောက်လာတဲ့ရောဂါပိုး မွှားဟာ အားလုံးကိုဖြတ်ဝင်သွား ဖို့လွယ်တယ်။ ဒါကို မျိုးဗီဇဆိုင်ရာ အဆီးအတားဘရိတ် မရှိခြင်း (Genetic Firebreak)လို့ ရည်ညွှန်း ကြတယ်။
ဗိုင်းရပ်စ်ပိုးမွှားတွေရဲ့ ဒုက္ခ ပေးနိုင်စွမ်း (Virulence)ဟာ ဆင့် ကဲပြောင်းလဲပြီး (Evolution)အ ခွင့်အရေးယူနိုင်စွမ်းအပေါ် မူ တည်တယ်လို့ သိထားကြပါ တယ်။ သိပ်ပြင်းထန်လို့ အိမ်ရှင် (လူသတ္တဝါ)မြန်မြန်သေသွားရင် ရောဂါပိုးမွှားကပါ သူနဲ့လိုက်သေ သွားပြီး ကူးစက်ဖို့အခွင့်အရေး နည်းမယ်။ စက်ရုံမွေးမြူရေးလို နေရာမှာ သေသွားလည်းကူးစက် ဖို့ အခွင့်အရေးနည်းမှာမပူရဘူး။ အဲဒါကြောင့် မူလအိမ်ရှင်(လင်း နို့စသည်ဖြင့်)ကနေ မွေးမြူရေးထဲ ရောက်လာတဲ့ဗိုင်းရပ်စ်တွေဟာ ပြင်းထန်လာကြတယ်။ အဲဒီလို ကြားခံအခြေအနေ (မွေးမြူရေး ခြံ)မှာ ပြင်းထန်ပြီးသားဗိုင်းရပ်စ် ပိုးမွှားတွေက လူဆီထပ်ရောက် လာတဲ့အခါ ဒုက္ခရောက်ကြတော့ တယ်။ နောက်ပြီး စက်ရုံမွေးမြူ ရေးဟာ သူ့သဘာဝအရကို အ ကုန်တင်၊ အကုန်ချ(ရောင်း)လုပ် ရတာမို့ ခံနိုင်ရည်ရှိတဲ့မျိုးဗီဇကျန် ခဲ့စရာ အကြောင်းလည်းမရှိဘူး။ နောက်ပြီး တင်ပို့ရောင်းချမှုက လည်း ခရီးအကွာအဝေးကြီးမား ကြတာမို့ အဝေးကြီးကို လှမ်းပြန့် ဖို့လည်း လွယ်ပါတယ်။
အထက်မှာပြောခဲ့တာတွေ ကို အရပ်ဒေသဆိုင်ရာကူးစက် ရောဂါပညာရှင် (Spatial Epidemiologist) ဂေးဘတ်နဲ့အ ဖွဲ့က အောက်ပါပုံမှာရှင်းပြထား ပါတယ်။ သိပ်သည်းခြင်း (Higher Density)၊ မျိုးဗီဇစုံလင်မှုနိမ့်ကျ ခြင်း (Low Genetic Diversity)၊ အကုန်သွင်း၊ အကုန်ထုတ်ပုံစံ (All-in/All-out)နဲ့ ကုန်သွယ်မှု မြင့်မားဝေးကွာခြင်း (High Trade)ရဲ့အကျိုးဆက်တွေကို သူ တို့က ရှင်းပြထားပါတယ်။ ဒီအ ထဲမှာ မပါသေးတာက ကြက်၊ ငှက်တွေမှာ ပဋိဇီဝဆေးမတိုး တော့တဲ့ အခြေအနေဖြစ်လာတာ ပါ။ ဒါကလည်း ပြဿနာအကြီး ကြီးပါ။
ညအိပ်မပျော်ဖြစ်ရလောက် အောင် ကြီးမားတဲ့ ၂၁ ရာစုရဲ့ စိန် ခေါ်မှုတွေက ဘာလဲလို့မေးတဲ့ အခါ ပညာရှင်တွေညွှန်ပြတာတစ် ခုက ပဋိဇီဝဆေးယဉ်ပါးမှုပါ။ အဲ ဒီပြဿနာဟာ စက်ရုံပုံစံမွေးမြူ ရေးတွေနဲ့ ဆက်စပ်နေပါတယ်။ ရော့ဘ်က ရောဂါပိုးမွှားတွေဟာ အတော်ဆုံးရှေ့နေတွေ ရထား တယ်။ အဲဒါကတော့ ကော်ပိုရေး ရှင်းကြီးတွေပဲ။ နိုင်ငံတိုင်းလိုလို မှာ မွေးမြူရေးခြံတွေရဲ့ ပဋိဇီ၀ ဆေးသုံးစွဲမှုကန့်သတ်ဖို့ ကြိုးစား တိုင်း ကုမ္ပဏီကြီးတွေရဲ့ဖိအားကို ကြုံရတယ်။ မွေးမြူရေးလုပ်ငန်း ကြီးတွေရဲ့ အညစ်အကြေးစွန့် ကန်တွေမှာ တခြားရောဂါပိုးတွေ အပြင် ပဋိဇီဝဆေးတွေပါ လျှံနေ တယ်။ ဒါတွေက လူတွေရဲ့ရေ ရင်းမြစ်ထဲ ရောက်ကြတာများ တယ်။
၁၉၈၀ ပြည့်နှစ်ကျော်ကစ လို့ စက်မှုပုံစံမွေးမြူရေးဟာ တရုတ်ပြည်မှာ အလွန်လျင်မြန် လာခဲ့ပါတယ်။ H1N1 တုပ်ကွေး ပုံစံနှစ်မျိုးဟာ တရုတ်ပြည်ရဲ့ မွေး မြူရေးခြံတွေကနေ လူတွေဆီကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဒီရောဂါနှစ်မျိုးဟာ ဒုက္ခပေးနိုင် စွမ်းမြင့်ပါတယ်။
လက်ရှိကပ်ဘေးကို ဖြစ်စေ တဲ့ဗိုင်းရပ်စ် (SAR-Cov-2)ဟာ လင်းနို့က လာတာဖြစ်ကြောင်း ပြောခဲ့ပြီးပါပြီ။ ဒါပေမဲ့ စက်ရုံပုံစံ မွေးမြူရေးလုပ်ငန်းကြီးတွေနဲ့ ဆက်စပ်မှုတော့ ရှိနေပါတယ်။ အဲဒါကတော့ မမြင်သာတဲ့လူမှု စီးပွားဖြစ်တည်မှုပါ။ ကိုဗစ်ဗိုင်း ရပ်စ်ဟာ လင်းနို့ဆီကနေလူဆီကို မရောက်ခင်မှာ ကြားခံ တိရစၧာန် တစ်မျိုးမျိုးရှိမယ်လို့ တွေးဆပါ တယ်။ ဖြစ်နိုင်ခြေများတာက သင်းခွေချပ်ပါ။ ဒီလိုတောရိုင်း သတ္တဝါတွေက တရုတ်ကဈေး တွေမှာ ရောင်းကြလေ့ရှိပါတယ်။ ရောင်းကြသူတွေက အသေးစား လုပ်ငန်းသမားတွေပါ။ သူတို့ နောက်ကြောင်းကို ကြည့်ရင် မွေး မြူရေးလုပ်ငန်းတွေဆီကို မြေယာ တွေပါသွားသူတွေ၊ လုပ်ငန်းကြီး တွေနဲ့ ယှဉ်ပြိုင်ဖို့ မဖြစ်နိုင်လို့ မူလလုပ်ကွက်ပျက်သွားသူတွေ ပါ။ သူတို့က တောရိုင်းနဲ့အဆန်း အပြားရောင်းဝယ်မှုတွေ လုပ်လာ ကြပါတယ်။
လက်ရှိကပ်ဘေးမှာ အသေ အပျောက်နှုန်းက ၁ ရာခိုင်နှုန်းက နေ ၂ ရာခိုင်နှုန်းရှိမယ် မှန်းပါ တယ်။ H7N9 နဲ့ H5N1 ရဲ့အ သေအပျောက်နှုန်းက ကူးစက်ခံရ သူရဲ့ သုံးပုံတစ်ပုံရှိပါတယ်။ ထွက်နှုန်းမြင့်မွေးမြူရေးစနစ်ရဲ့ အန္တရာယ်ကို ကြိုသတိပေးခဲ့သူ တစ်ယောက်က ‘တံခါးဝက မကောင်းဆိုးဝါး (The monster at our door)’ဆိုတဲ့စာအုပ်ကို ရေးခဲ့တဲ့ မိုက်ဒေးဗစ် (Mike Davis)ပါ။ လက်ရှိကပ်ဘေးဖြစ်လာ တဲ့အခါ မကြာခင်က သူရေးတဲ့ ဆောင်းပါးက ‘မကောင်းဆိုးဝါး ဟာအိမ်ထဲကို ဝင်လာခဲ့ပြီ (The monster enters)လို့ဖြစ်ပါတယ်။
သူက လက်ရှိကပ်ဘေးဟာ အကြိမ်ကြိမ်ထပ်ကြည့်နေရတဲ့ ရုပ်ရှင်ကားဟောင်းပါလို့ ရည် ညွှန်းပါတယ်။ ဂေဟပျက်ယွင်းမှု၊ ထွက်နှုန်းမြင့်မွေးမြူရေး၊ အမြတ် အဓိကစီးပွားရေးစနစ်တွေရဲ့ ထုတ်ကုန်ဆားစ်ရောဂါ၊ ကူးစက် တုပ်ကွေးအမျိုးမျိုးကို မြင်ခဲ့ကြ ပြီးသားပါ။ ဆောင်းပါးထဲက သူ့ မှတ်ချက်ကို ကပ်ရောဂါဘေးထဲ ရောက်နေတဲ့ ကျုပ်တို့အနေနဲ့နားလည်ဖို့ မခက်ခဲလောက်ပါဘူး။
‘‘ဒီကပ်ဘေးက ဂလိုဘယ် လိုက်ဇေးရှင်းနဲ့ အမြတ်သာ ပဓာ နစီးပွားရေးစနစ်ကို ကမ်ဘာကြီးရဲ့ ဇီဝစနစ်က မထမ်းပိုးနိုင်ကြောင်း ပြလိုက်တာပါပဲ’’
တောရိုင်းတိရစာၦန်၊ မွေးမြူရေးတိရစၧာန်နှင့် လူတို့ကြား ကူးစက်မှု။
တောရိုင်းတိရစာၦန်များတွင် တည်ငြိမ်သည့် ပမာဏနှင့် ရှိနေသော်လည်း
(အောက်ဆုံးမျဉ်းကြောင်း)
မွေးမြူရေးတိရစာၦန်များဆီတွင် ကူးစက်မှုအဆများစွာဖြင့် သွားသည်။ (အပေါ်မျဉ်းကြောင်း)
လူများထံတွင်လည်းကူးစက်မှု ပမာဏမြင့်မားသည်။ (အလယ်မျဉ်းကြောင်း)
(ဆောင်းပါးရှင် ဒေါက်တာမြင့်ဇော်သည် သဘာဝပတ်ဝန်းကျင်နှင့် ငြိမ်းချမ်းရေးဆိုင်ရာ လှုပ်ရှားသူတစ်ဦးဖြစ်ပြီး (ကိုဗစ်နောက်ကြောင်းပြန် ဂေဟဗေဒနှင့် လူမှုစီးပွားအမြင်မှ လေ့လာခြင်း) စာအုပ်ကို ရေးသားသူဖြစ်သည်။ အဆိုပါစာအုပ်ကို အွန်လိုင်းတွင်လည်းဖြန့်ဝေထားပါသည်။)
______________________
စနစ်ကို ဆန်းစစ်ကြရအောင်
•••••••••••••••••••••••••••••
ဒေါက်တာမြင့်ဇော်
7Day Daily
Wednesday, April 29, 2020 - 07:25
‘‘မီးလောင်နေတဲ့အခါ မီး သတ်သမားတွေကို လုံလောက် တဲ့လက်နက်ကိရိယာပေးရင် အ တော်အတန် အပျက်အစီး လောက်နဲ့မီးငြိမ်းအောင်လုပ်လို့ ရတယ်။ ဒါပေမဲ့ အရှည်သဖြင့် အတွက်ကတော့ မီးဘေးကာ ကွယ်ရေးစည်းမျဉ်းစည်းကမ်း တွေချတာ၊ အထိန်းအကွပ်တွေ လုပ်ရမှာပါ။ ပြည်သူက ဘေး ထွက်ဆိုးကျိုးတွေကို ထမ်းနေရ ပြီး စီးပွားရေးလုပ်ငန်းကြီးတွေက အမြတ်ရနေတဲ့စနစ်ကို မထိန်း နိုင်ရင် နောင်လာမယ့်အနာဂတ် မှာ ကြုံရမယ့်ကပ်ဘေးတွေကို ရှောင်လွှဲဖို့ ခက်ပါလိမ့်မယ်’’
ကပ်ဘေးနဲ့ပတ်သက်ပြီး ရေ တိုရေရှည်ဘာတွေစဉ်းစားဖို့လို သလဲဆိုတာနဲ့ ပတ်သက်ပြီး ရော့ဘ်ဝဲလေ့က အထက်ပါအ တိုင်း ပြောပါတယ်။ မကြာခင်က သူ့ရဲ့ဆောင်းပါးတစ်ပုဒ်ကိုလည်း ခုလိုတည့်တည့်ခေါင်းစဉ်တပ်ပါ တယ်။
‘အရင်းရှင်စနစ်ဟာ ရောဂါ ဖြစ်ပေါ်ရာ အဓိကနေရာပဲ- Capitalism is a disease hotspot’။ ဆင့်ကဲပြောင်းလဲမှုဆိုင်ရာ ဇီဝဗေဒပညာရှင်ဖြစ်တဲ့ ရော့ဘ် ရဲ့အဆိုအရတော့ ဆားစ်(SARS) လို၊ H1N1 လို၊ ဝက်တုပ်ကွေးလို၊ အီဘိုလာလို၊ အခုကိုဗစ်လို ကူး စက်ရောဂါဘေးတွေကို အကြမ်း ဖျင်းနှစ်ခုခွဲကြရတယ်။ ဝေးလံ ခေါင်ဖျားဒေသတွေကနေ (Hinterland) လာတာနဲ့ စက်ရုံပုံစံ ထွက်နှုန်းမြင့် မွေးမြူရေးလုပ်ငန်း တွေကနေလာတာ။ ဒါပေမဲ့ ဒီ နှစ်ခုဟာ သိပ်မကွဲပြားတာများ တယ်။ ဝေးလံခေါင်ဖျားဒေသက ပိုးမွှားဟာထွက်နှုန်းမြင့်မွေးမြူ ရေးလုပ်ငန်းမှာ ကြီးမားလာပြီး လူဆီရောက်လာတဲ့အကြောင်း တွေ ပြောခဲ့ကြပြီ။ အခေါင်အဖျား ဒေသတွေထဲကို လုပ်ငန်းကြီးတွေ က ရောက်လာတာ၊ ဒေသခံအ သေးစားတွေကိုလည်း သူတို့ ထုတ်လုပ်မှုကွင်းဆက်ထဲထည့် လိုက်တာ၊ ဒါမှမဟုတ် သိမ်းပိုက် လိုက်တာတွေဖြစ်နေခဲ့တယ်။ အ ရင်းရှင်ကုန်ထုတ်လုပ်မှုကွင်း ဆက်မှာ ကျေးလက်၊မြို့ပြဆိုတာ လည်း သိပ်မကွဲပြားတော့ဘူး။ သေချာတဲ့ရလဒ်တစ်ခုကတော့ အသစ်ထွက်ပေါ်လာတဲ့ကူးစက် ရောဂါလေးပုံသုံးပုံဟာ တောရိုင်းတိရစာၦန် (သို့မဟုတ်) မွေးမြူရေးတိရစာၦန်တွေမှာ အစပြုနေ တယ်ဆိုတဲ့အချက်ပါပဲ။
ကမ်ဘာကို ဒီအခြေအနေ ရောက်အောင် မောင်းနှင်လာတာ ဟာ အမြတ်ပဓာနစီးပွားရေးစနစ် ပဲလို့ ရော့ဘ်ကဆိုတယ်။ သတ္တ ဝါဆီကနေ လူဆီကို ဗိုင်းရပ်စ် ပိုးမွှားလွင့်စဉ်လာတဲ့ ဖြစ်စဉ် (Spillover)တွေ ဘယ်ကပဲစစ ကပ်ရောဂါဖြစ်စေဖို့ တည်ခင်း ပေးတဲ့အခြေအနေတစ်ခုက သိပ် သည်းမှု (Density)ပါ။ ၁၉၁၈ စပိန်တုပ်ကွေး (Spanish Flu)လို့ ကျုပ်တို့သိကြတာဟာ တကယ် တော့ အမည်မှားနေတာပါ။ စပိန် မှာ စတာမဟုတ်ပါဘူး။ အဲဒီကာ လက လူတွေ၊ တိရစၧာန်တွေ၊ ကြက်၊ငှက်တွေ ကျပ်သိပ်နေထိုင် ကြတဲ့ ကန်ဆက်ပြည်နယ်(အမေ ရိကန်)မွေးမြူရေးခြံတွေက လာ တာဖြစ်ဖို့ အများဆုံးပါ။
၁၉၄၀ ကနေ ၂၀၀၄ အထိ ဖြစ်ခဲ့တဲ့ ကူးစက်ရောဂါတွေက လည်း မွေးမြူရေးသိပ်သည်းထူ ထပ်တဲ့ အမေရိကန်အရှေ့ မြောက်ပိုင်း၊ အနောက်ဥရောပ၊ ဂျပန်၊ အရှေ့တောင်ဩစတြေး လျဒေသတွေမှာလို့ လေ့လာချက် တစ်ခုက ဆိုပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေမှာတော့ ကုန် ထုတ်လုပ်ငန်းတွေ အာရှကို ပြောင်းရွှေ့ကြတာကြောင့် လူ တွေ၊ သတ္တဝါတွေ ပိုပြီးနီးနီးကပ် ကပ်နေလာကြရပါတယ်။ အ စောပိုင်းတုပ်ကွေး (Avian Flu-1996)၊ ဆားစ်တုပ်ကွေး(SARS -2002)တွေဟာ သမိုင်းတစ် လျှောက် လူတွေ၊ မွေးမြူရေးလုပ် ငန်းတွေ အထူထပ်ဆုံးနေထိုင်မှု လို့ မှတ်တမ်းပြုကြတဲ့ဂွမ်ဒေါင်း ခရိုင်(Guangdong)က စပါ တယ်။
ဝူဟန်မြို့တည်ရှိတဲ့ ဟူဘေး ခရိုင် (Hubei)ဟာ ဂွမ်ဒေါင်းရဲ့ မြောက်ဘက်မှာရှိပါတယ်။ လွန် ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ အဓိ ကကုန်ထုတ်လုပ်မှုဗဟိုချက်တစ် ခုဖြစ်လာတဲ့ဒေသပါ။ ဝူဟန်မြို့ ကြီးမားလာတဲ့အခါ ဘေးပတ်ဝန်း ကျင်က သစ်တောတွေ၊ ကျေး လက်ဒေသတွေဆီကို ချဲ့ထွင်လာ ပါတယ်။ ကျေးလက်က အသေး စားလယ်သမားတွေဟာ ကျယ် ပြန့်လှတဲ့ ဆင်းရဲသားရပ်ကွက် တွေကို ရောက်လာပါတယ်။ ဆင်းရဲသားရပ်ကွက်တွေဟာ မြို့ နဲ့တောရဲ့ကြားထဲက တံတားဖြစ် လာပါတယ်။ ရပ်တည်ဖို့အတွက် အနီးအနားတောထဲမှာ အမဲ လိုက်ကြ၊ ထောင်ချောက်ဆင် ကြ၊ တောထဲက သင်းခွေချပ်၊ မိ ကျောင်း၊ လင်းနို့၊ တောကြောင် တွေကို အရှင်မွေးဖို့ကြိုးစားကြနဲ့ အရိုင်းနဲ့အယဉ်ဆိုတာတွေလည်း မကွဲမပြားဖြစ်လာပါတယ်။
တရုတ်သုတေသနပညာ ရှင်တွေရေးကြတဲ့ Chung မဂ္ဂ ဇင်းမှာ မကြာခင်က ဖော်ပြခဲ့တဲ့ ‘ကူးစက်ခြင်း(Social Contagion)’ ဟာ ကပ်ရောဂါဘေးအ တွင်း တရုတ်ပြည်တွင်းအခြေအ နေတွေကို နားလည်လိုတဲ့ပရိ သတ်ကြောင့် ပျံ့နှံ့သွားတဲ့ဆောင်း ပါးပါ။ ဆောင်းပါးရှင်က အထက် မှာဖော်ပြခဲ့တဲ့ အခြေအနေတွေ ကို ရည်ညွှန်းပြီး ပူအိုက်မီးဖိုမြို့ ကြီးလေးမြို့ထဲက တစ်မြို့ (Four Furnaces)လို့ အရပ်စကားနဲ့ ပြောကြတဲ့ ဝူဟန်မြို့ရဲ့အောက် မှာ နောက်ထပ်မီးဖိုရှိတယ်လို့ တင်စားပြောပါတယ်။ အဲဒါက တော့ အရင်းရှင်စိုက်မွေးစနစ်နဲ့ မြို့ပြဖြစ်တည်မှုရောထည့်ထား တဲ့ဆင့်ကဲပြောင်းလဲမှု ဟင်း ပေါင်းအိုးကြီး (Evolutionary pressure of capitalist agriculture and urbanization)ဖြစ်ပါ တယ်တဲ့။ ကမ်ဘာ့စီးပွားရေးစနစ်ရဲ့ ကျောရိုးက စက်မှုနဲ့မြို့ပြဖြစ် တည်မှုပါ။ ယခုနောက်ဆုံးရောက် လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ တောရိုင်းဇာစ်မြစ်ကနေ စက်မှု၊ မြို့ပြကျောရိုးကို ပျံ့နှံ့သွားတာ ကြောင့် ကျုပ်တို့ခေတ်ကာလရဲ့ နိုင်ငံရေး၊ စီးပွားရေးနှစ်ဖက်စလုံး ကို ကိုယ်စားပြုတဲ့ပုလိပ်ရောဂါ လို့ သူက ရည်ညွှန်းပါတယ်။
ဖြစ်နေတဲ့ ကပ်ဘေးဟာ တရုတ်ဗိုင်းရပ်စ်တို့၊ ယဉ်ကျေးမှု တို့ မဟုတ်ပါဘူး။ အရင်းရှင်စနစ် ရဲ့ စီးပွားရေးပထဝီပါ။ မြေသိမ်း မှု၊ တောတောင်ထဲအထိ ချဲ့ထွင် မှုတွေကို ငွေလုံးငွေရင်း (Capital)က ဦးဆောင်နေတာပါ။ ကပ် ဘေးဖြစ်စေတဲ့ နေရာတွေကို လက်ညှိုးထိုးဆိုရင် နယူးယောက် တို့၊ လန်ဒန်တို့၊ ဟောင်ကောင် တို့၊ ဘေဂျင်းတို့ကိုလည်း ချန် ထားခဲ့လို့မရပါဘူး။
၂၀၀၈ စီးပွားပျက်ကပ်အ ပြီးမှာ အမေရိကန်က ဂိုးမန်းဆက် (Goldman Sach)လုပ်ငန်းကြီး ဟာ ကမ်ဘာ့အကြီးဆုံးဝက်မွေးမြူ ရေးလုပ်ငန်းကို ပိုင်တဲ့ရှန်ဟွေ (Shuanghui) ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးရဲ့ ရှယ်ယာ ၆၀ ရာ ခိုင်နှုန်းကို ဝယ်ခဲ့ပါတယ်။ ဖူဂျီ ယန်၊ ဟိုင်နန်စတဲ့ပြည်နယ်တွေ က မွေးမြူရေးလုပ်ငန်းပိုင်ဆိုင်မှု တန်ဖိုးသန်းပေါင်းများစွာကို ဝယ် ယူခဲ့ကြပါတယ်။
ဥစ္စာစုပြုံတိုးပွားလာဖို့ပဲ (Accumulation)ဦးတည်တဲ့ အ ရင်းရှင်ကုန်ထုတ်လုပ်မှုစနစ်ဟာ ပထမဆုံးလည်းမဟုတ်၊ နောက် ဆုံးလည်းမဖြစ်နိုင်တဲ့ ကပ်ဘေး ထဲကို ခေါ်လာခဲ့ပါပြီ။ နိုင်ငံရေး စနစ်က ထိန်းကျောင်းပေးမှာ လား။ ကပ်ဘေးဆိုင်ရာဖြစ်နိုင် ခြေအစီရင်ခံစာတွေကို ရနေတဲ့ အမေရိကန်လွှတ်တော်အမတ် တွေဟာ သန်းနဲ့ချီတဲ့ရှယ်ယာ တွေကို ဖေဖော်ဝါရီ(၂၀၂၀)လ လယ်က ထုတ်ရောင်းခဲ့ပါတယ်။ သူတို့ထဲက တချို့ဟာ သတင်း ဌာနတွေရှေ့ထွက်ပြီး ဘာမှ ပူပန် စရာမရှိပါဘူးဆိုတာမျိုး ပြောနေ ပါသေးတယ်။ စီးပွားရေးစနစ်နဲ့တွဲ ပါနေတဲ့ ကိုယ်ရဖို့ကိုယ်လုပ်၊ ကိုယ့်အတွက် ကိုယ်ကြည့်ဆိုတာ အလွန်အကျွံတစ်သီးပုဂ္ဂလဖြစ်မှု (Hyper individualism)ကလည်း နေရာတကာမြင်သာနေပြန်ပါ တယ်။
အမွေးမပါတဲ့ကြက်မျိုးတစ် ခုကို မွေးမြူရေးလုပ်ငန်းတစ်ခုက စမ်းသပ်ခဲ့ဖူးပါတယ်။ အမွေးဖယ် ရတဲ့အလုပ်သက်သာပြီး အမြတ် ပိုရဖို့ ရည်ရွယ်တာပါ။ ဂွမ်ဒေါင်း မှာ ဘဲတွေကို ရာသီပြောင်းပြန် မီးပေးပြီး အမြတ်နှစ်ဆရအောင် လုပ်ပါတယ်။ ကုန်စည်ပစ္စည်းရဲ့ အသုံးဝင်မှုတန်ဖိုး (Use Value)ကို အဓိကဦးတည်တာမဟုတ်ဘဲ ထပ်ပိုးအမြတ် (Surplus Value) ကို ဗဟိုပြုထုတ်လုပ်မှုတွေ ကြောင့် ဆိုးကျိုးတွေများလှပါပြီ။ ထွက်နှုန်းမြင့် မွေးမြူရေးလုပ်ငန်း တွေကနေ အသား၊ ငါးနဲ့ကပ်ရော ဂါတွေ တွဲထုတ်နေတာကို ဘယ် လိုလုပ်ကြမလဲ။ အရာရာကို ကုန် စည်ပစ္စည်းအဖြစ် ဈေးကွက်တင် ဖို့၊ ဈေးသတ်မှတ်ဖို့၊ ထပ်ပိုးအ မြတ်ရဖို့ ဦးတည်တဲ့အရင်းရှင်ကုန် ထုတ်လုပ်မှုပြဿနာကို ကပ်ဘေး အတွင်းမှာ ကျုပ်တို့စဉ်းစားကြရ ပါမယ်။
ဒီနေ့ကမ်ဘာမှာ ကာကွယ်ရေး ဝတ်စုံတွေနဲ့ သွားလာနေကြတာ၊ မျက်နှာဖုံးတွေ၊ လက်အိတ်တွေ ဝတ်ထားကြရတာ ပုံမှန်မြင်ကွင်း တစ်ခုဖြစ်နေပါပြီ။ နည်းပညာ တွေ ဘယ်လိုတိုးတက်လာပေ မယ့် ကမ်ဘာဟာ လူသားကို ဖော် ရွေမှု နည်းနည်းလာပါလားလို့ တွေးမိပါတယ်။
ကပ်ရောဂါအတွင်းက ကျုပ် တို့ဟာ ဒီမတိုင်ခင်ကတည်းက ရှိ နေတဲ့မြေကမ်ဘာရဲ့ အလွမ်းဇာတ် ကို တွေးကြဖို့လိုပါမယ်။ မွေးမြူ ရေးလုပ်ငန်းတွေကနေ ပဋိဇီ၀ ဆေးမတိုးတဲ့ မိုက်ခရုတ်ပိုးမွှား တွေနဲ့ အညစ်အကြေးတွေ စီးဝင် လာတယ်။ ငှက်ပျောခင်းတွေက ပိုးသတ်ဆေးတွေ ရေရင်းမြစ်ထဲ တောက်လျှောက်စီးဝင်နေတယ်။ ရှူသွင်းလိုက်တဲ့ လေထဲမှာ အ သက်တိုစေမယ့် အမှုန်တွေပါနေ တယ်။ နှစ်စဉ်သန်းနဲ့ချီသေနေတဲ့ ကင်ဆာရောဂါရဲ့ သုံးပုံနှစ်ပုံဟာ သဘာဝပတ်ဝန်းကျင်အဆိပ်အ တောက်တွေကြောင့် ဖြစ်ရတာ။
ညစ်ညမ်းမှုတွေ၊ ကုန်ထုတ် လုပ်မှုရဲ့ ဘေးထွက်ဆိုးကျိုးတွေ တစ်နေရာရာ ရောက်သွားမှာ ပေါ့။ ကိုယ်နဲ့မဆိုင်လို့ တွေးရင်း နေစရာရှားလာခဲ့ကြပြီ။ မိုးအဆုံး မြေအဆုံး ချဲ့ထွင်ကြရင်း ကျုပ် တို့ဘာသာထောင့်ထဲမှာ ပိတ်မိ ကြပြီ။
ကိုယ့်အိမ်ထဲမှာ ပိတ်မိနေ ကြရင်း လွတ်လပ်တဲ့ကုန်သွယ် ရေးတို့၊ ဂလိုဘယ်လိုက်ဇေးရှင်း တို့ရဲ့ ကတိကဝတ်တွေကို ယုံ ကြည်ခဲ့ကြ၊ လွဲချော်ခဲ့ကြတာတွေ ကို ပြန်ဆင်ခြင်ကြည့်ဖို့လိုပါမယ်။
ဟေတီနိုင်ငံရဲ့သဘာဝပတ် ဝန်းကျင်ပျက်စီးမှုက ပြင်သစ်ကို လိုနီဘဝထဲက စပါတယ်။ ဒေသ တော်တော်များများက လွင်တီး ခေါင်ဖြစ်ကျန်ခဲ့ပါတယ်။ လွတ် လပ်ရေးရပြီး အိမ်နီးချင်းအမေရိ ကန်ဩဇာအောက်ရောက်သွား တော့လည်း သယံဇာတထုတ်ယူ ခံရတာ၊ အမေရိကန်အားကိုးနဲ့ တန်ခိုးပြတဲ့အာဏာရှင်တွေကို ပြည်သူက ဘာမှလုပ်မရတာနဲ့ပဲ နိဂုံးချုပ်ပါတယ်။ အမေရိကန်နဲ့ ကနေဒါကော်ပိုရေးရှင်းတွေက ဒေါ်လာဘီလီယံ ၂၀ လောက် တန်ဖိုးရှိတဲ့ သတ္တုသိုက်တွေကို တူးသွားတာပါ။
မှတ်မှတ်ရရကတော့ အမေ ရိကန်သမ္မတကလင်တန်လက် ထက်မှာဖြစ်ခဲ့တာပါ။ ဟေတီ တောင်သူတွေကို ကာကွယ်ဖို့ အစိုးရကပြည်ပဆန်တင်သွင်းမှု ကို အခွန် ၃၀ ရာခိုင်နှုန်းကောက် ပါတယ်။ နီယိုလစ်ဘရယ်အရင်း ရှင်ဝါဒအဆိုမှာတော့ လွတ်လပ် တဲ့ ကုန်သွယ်ရေးကို ပိတ်ဆို့တယ် ပေါ့။ ရာသီဘေးစတာတွေ ကြောင့် ဟေတီက ကမ်ဘာ့ငွေကြေး ရန်ပုံငွေအဖွဲ့ကနေ ငွေချေးတဲ့ အခါ ကလင်တန်က (ငွေလိုချင် ရင် အမေရိကန်ကသွင်းလာတဲ့ ဆန်စပါးအတွက် အခွန်ကိုလျှော့ ပေးရမယ်လို့ တောင်းဆိုပါ တယ်။) ဟေတီက သုညရာခိုင် နှုန်းအထိ အခွန်လျှော့ချပေးလိုက် တဲ့အခါ အမေရိကန်က တင်သွင်း တဲ့ဈေးပေါတဲ့ဆန်တွေဟာ တစ် နိုင်ငံလုံး ပြန့်သွားပါတယ်။ အ မြတ်ထွက်သွားတာကတော့ စပါး စိုက်တဲ့ သမ္မတကလင်တန်ရဲ့ အာကန်ဆပ် (Arkansas)ပြည် နယ်ပါပဲ။ ဟေတီမှာတော့ နိုင်ငံ ရဲ့စားနပ်ရိက္ခာ ၅၂ ရာခိုင်နှုန်းကို ပြည်ပက တင်သွင်းရတဲ့ဘ၀ ရောက်သွားတယ်။ ဟေတီ တောင်သူတွေဟာ မြေယာစွန့်ခွာ ပြီး မြို့ပြဆင်းရဲသားတွေအဖြစ် ပျံကျရပ်ကွက်တွေမှာ နေကြရ တယ်။
၂၀၁၀ ဟေတီငလျင်ကြီး ဖြစ်တဲ့အခါ ကျေးလက်က ရွှေ့ လာတဲ့သူတွေအများကြီး သေကြ ရပါတယ်။ လက်ရှိကမ်ဘာရဲ့ လူမှု စီးပွားလည်ပတ်မှုမှာ ဆင်းရဲတဲ့ နိုင်ငံတွေရဲ့ သဘာဝရင်းမြစ်ကို ချမ်းသာတဲ့နိုင်ငံတွေက စုပ်ယူ၊ ဘေးထွက်ဆိုးကျိုးတွေကို ဆင်းရဲ သားတွေထံ တင်ပို့ခံရမှုက ဖြစ်ရိုး ဖြစ်စဉ်လိုပဲ သဘောထားခဲ့ကြ တာပါ။
ဒီကပ်ဘေးထဲမှာ အားလုံး အတူတူပဲဆိုတဲ့ယူဆချက်ဟာ လည်း အပြည့်အဝတော့ မမှန်ဘူး လို့ မိုက်ကယူဆပါတယ်။ သူက ‘တိုင်းတန်းနစ်သငေ်္ဘာကြီးပေါ်က အသက်ကယ်လှေများ’ ဆိုတာနဲ့ ဥပမာပေးပါတယ်။ ဆင်းရဲချမ်း သာကွာဟမှုကြီးတဲ့ ကမ်ဘာမှာ အသက်ကယ်လှေတွေဟာ ဓနနဲ့ အာဏာချုပ်ကိုင်သူတစ်စုရဲ့ လက်ထဲမှာလို့ သူကဆိုပါတယ်။
နယူးယောက်ကာမဂ္ဂဇင်း မှာ ‘ကပ်ဘေးသည် သဘာဝဘေး ဒဏ်မဟုတ်-The pandemic is not a natural disaster’ ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဧပြီ ၁၃ က ဖော်ပြခဲ့ပါတယ်။ ဆောင်းပါးရှင် ကိတ်ဘရောင်းက ကပ်ဘေးကို ဖြစ်စေတဲ့စီးပွားရေးစနစ်ရဲ့ လက် ချက်တွေကို ဝေဖန်ပြတာပါ။ ကိတ်ဘရောင်းဟာ မကြာသေးမီ (ကပ်ဘေးမတိုင်မီ)ရက်တွေအ ထိ သူနဲ့အိမ်နီးချင်းဝက်စလေတို့ ရဲ့ မနက်ခင်းလုပ်ငန်းကို ရေးပြပါ တယ်။
‘‘မနက်တိုင်းမှာ နှစ်ယောက် သားပွေ့ဖက်နှုတ်ဆက်ကြတယ်။ ရပ်ကွက်ထဲက မြေကွက်လေးမှာ တူးကြဆွကြ စိုက်ကြပျိုးကြ တယ်။ မြေဩဇာလုပ်တယ်။ ရလာတဲ့အသီးအနှံလေးတွေကို စားဖို့ အိမ်ပြန်သယ်ကြတယ်’’
ကိတ်က သူ့ရဲ့ဆောင်းပါး ကို ခုလိုနိဂုံးချုပ်ပါတယ်။
‘‘ကပ်ဘေးမှာ အထီးကျန် နေရတဲ့အခါ ကမ်ဘာပေါ်မှာ အ ကျိုးဆက်တွေဟာ နက်နက်ရှိုင်း ရှိုင်းချိတ်ဆက်နေပါလားလို့ ပို တွေးမိတယ်။ တစ်လောကလုံး ကို ရောက်တဲ့ဂေဟစနစ်ကွင်း ဆက်ကြီးက အားလုံးကို ချည် နှောင်ထားပါလားဆိုတာ ဆင်ခြင် ကြရအောင်ပါ။ ကပ်ဘေးကြီးပြီး သွားရင် ဝက်စလေနဲ့ကျွန်မပြန် စိုက်ကြပျိုးကြမယ်။ တခြားလူ တွေ ပါလာဖို့ မျှော်လင့်တယ်။ တစ်ကမ်ဘာလုံးလည်း မြေကမ်ဘာဆို တဲ့ ကိုယ့်ဥယျာဉ်ခြံလေးကို ပြန် ဂရုစိုက်မယ်လို့ မျှော်လင့်ပါတယ်’’
(ဆောင်းပါးရှင် ဒေါက်တာမြင့်ဇော်သည် သဘာဝပတ်ဝန်းကျင်နှင့် ငြိမ်းချမ်းရေးဆိုင်ရာ လှုပ်ရှားသူတစ်ဦးဖြစ်ပြီး (ကိုဗစ်နောက်ကြောင်းပြန် ဂေဟဗေဒနှင့် လူမှုစီးပွားအမြင်မှ လေ့လာခြင်း) စာအုပ်ကို ရေးသားသူဖြစ်သည်။ အဆိုပါစာအုပ်ကို အွန်လိုင်းတွင်လည်းဖြန့်ဝေထားပါသည်။)
___________________________
လမ်းများ၊ ခရီးများအကြောင်း
•••••••••••••••••••••••••••••••
ဒေါက်တာမြင့်ဇော်
7Day Daily
Thursday, April 30, 2020 - 07:33
၂၀၀၈ ဇွန်လမှာ နယ်သာ လန်နိုင်ငံသူ ဂျိုစတန်(Astrid Joosten)ဟာ ခင်ပွန်းဖြစ်သူနဲ့ အ တူ ယူဂန္ဓာနိုင်ငံကို အလည်သွား ပါတယ်။ ဒါဟာ သူတို့ရဲ့ ပထမ ဆုံးအာဖရိကခရီးမဟုတ်ပါဘူး။ သူတို့ဟာ နှစ်တိုင်း ဥရောပကနေ ခရီးထွက်လေ့ရှိပါတယ်။ မိုဇမ် ဘစ်၊ ဇမ်ဘီယာ၊ မာလီတို့ကို သွားခဲ့ကြပြီးပြီမို့ ယူဂန္ဓာကို သွားတာပါ။
ပုံမှန်ခရီးစဉ်ကတော့တောင် ပေါ်ဂေါ်ရီလာတွေ ကြည့်ဖို့ပါ။ ခရီးစဉ်အတွင်း တစ်နေ့မှာတော့ မာရမ်မာဂမ်ဘို တောထဲက နေရာတစ်ခုကို လေ့လာဖို့ လမ်းပြ က ဖိတ်ခေါ်ပါတယ်။ ဒေသခံ တွေက စပါးကြီးမြွေဂူလို့ သိကြ တဲ့နေရာပါ။ အဲဒီနေရာကို ခရီး သွားအများစုကတော့ သွားလေ့ မရှိပါဘူး။ ဂျိုစတန်တို့ကတော့ ရောက်တုန်းသွားတာပေါ့ဆိုပြီး သွားပါတယ်။
အလင်းရောင်နည်းတဲ့ဂူထဲ ကို အလွယ်တကူဆင်းလို့မရပါ ဘူး။ အနံ့အသက်ကလည်း ဆိုး ပါတယ်။ ဂူခေါင်မိုးမှာ လူတွေ ရောက်လာလို့ အသံမျိုးစုံပေးပြီး မတည်မငြိမ် ဖြစ်နေတာက ထောင်ချီတဲ့သစ်သီးစား အီဂျစ် လင်းနို့တွေပါ။ သူတို့ စွန့်ပစ် ပစ္စည်းတွေကြောင့် ကြမ်းပြင်က လည်း ညစ်ပတ်နေပါတယ်။ ဂျို စတန်ရဲ့ ခင်ပွန်းဖြစ်သူအမှတ်ရ တာက လင်းနို့ချေးတွေရှိနေတဲ့ ကျောက်တုံးတစ်တုံးကို သူ့ဇနီး လက်နဲ့ ထောက်လိုက်တာကိုပါ ပဲ။ ညစ်ပေနေတဲ့လက်နဲ့ မျက်နှာ ကို ထိမိတာ၊ ပါးစပ်ထဲ သကြား လုံးထည့်လိုက်တာရှိပါလိမ့်မယ်။ ဒါနဲ့ပဲ ဗိုင်းရပ်စ်ဟာ ဂျိုစတန်ဆီကို ရောက်သွားပါတယ်။
သူတို့နှစ်ယောက်စလုံးဟာ မားဘတ်ဗိုင်းရပ်စ် (Marburg) ဆိုတာကို မကြားဖူးပါဘူး။ ဂူထဲ ကို ရောက်ပြီး ၁၃ ရက်အကြာ နယ်သာလန်နေအိမ်မှာ ဂျိုစတန် ဖျားပါတယ်။ အစကတော့ ပုံမှန် အဖျားပါပဲ။ တဖြည်းဖြည်းနဲ့ ဆိုး လာပါတယ်။ ဆရာဝန်ဆီရောက် တဲ့အခါ အာဖရိကခရီးစဉ်ကို ကြားရတဲ့ဆရာဝန်က မားဘတ် ဗိုင်းရပ်စ်ဖြစ်မလားတွေးပါတယ်။ သူက အီဘိုလာနဲ့ နီးစပ်တဲ့အမျိုး အစားထဲကပါ။ ၁၉၆၇ မှာ စတွေ့ ပါတယ်။ အနောက်ဂျာမနီမား ဘတ်ဒေသက ဆေးသုတေသန ဌာနအတွက် ပို့လိုက်တဲ့ အာဖရိ ကန်မျောက်တွေကနေ ဓာတ်ခွဲ ခန်းအလုပ်သမားငါးယောက် သေပါတယ်။ အာဖရိကမှာ ဆက် ရှိနေပြီး အသေအပျောက်နှုန်းက ၉၀ ရာခိုင်နှုန်းပါ။
ပြင်းထန်တဲ့ ရောဂါလက္ခ ဏာတွေနဲ့ ဂျိုစတန်သေဆုံးခဲ့ပါ တယ်။ ဒီခေတ်သစ်ကမ်ဘာရဲ့ နေ ထိုင်မှုပုံစံတစ်ခုက အရှေ့အ နောက်တောင်မြောက် ဝဲယာခရီး သွားကြတာပါ။ တောရိုင်းဌာန တွေပါ မကျန်ပါဘူး။ နေရာ တော်တော်များများဟာ ခရီးသွား ဈေးကွက်ထဲ ဆွဲထည့်ပြီး ရောင်း ကုန်အလုပ်ခံကြရပါတယ်။
ကျုပ်တို့ဟာ ကွန်ဂိုတော ကြီးထဲကို လမ်းဖောက်ကြတယ်။ အမေဇုန်ကို ဖြတ်ဝင်ကြတယ်။ ဘော်နီယို၊ မဒါဂတ်စကာ မကျန် ကြပါဘူး။ ခရီးသွားတွေဟာ ရောက်တဲ့နေရာမှာ အသစ်အ ဆန်းတွေ စားကြတယ်။ ခရီးသွား လုပ်ငန်းရဲ့ ထမင်းပွဲတွေအတွက် တောထဲဝင် သားကောင်ရှာကြရ တယ်။
ဒီနေ့ကမ်ဘာရဲ့ ခရီးသွားလုပ် ငန်းဟာ ခေတ်သစ်ကမ်ဘာရဲ့လူမှု စီးပွားရေးဖွဲ့စည်းပုံနဲ့လည်း ဆိုင် တယ်လို့ ဒေးဗစ်ဟာဗေး (David Harvey)က ဝေဖန်ပြပါတယ်။ အရင်းရှင်စီးပွားရေးဖွဲ့စည်းပုံရဲ့ ဖိအားများတဲ့ လူမှုဘဝကနေ ခဏဖြစ်ဖြစ် အနားရချင်ကြ တယ်။ အလျော်အစားယူသကဲ့ သို့ ဝယ်ယူစားသုံးခြင်း (Compensatory Consumerism)လို့ သူက သုံးပါတယ်။
နိုင်ငံတကာခရီးသွားဟာ သန်း ၈၀၀ လောက်ကနေ ၁ ဒသမ ၄ ဘီလီယံအထိ ၂၀၁၀- ၂၀၁၈ အတွင်းမှာ များလာခဲ့ တယ်။ ဒီနေ့ခေတ် ကုန်ထုတ် လုပ်မှုပုံစံဟာ ဝယ်ယူသုံးစွဲသူမြန် မြန်ပြန်လာဝယ်ရေး (Shortest possible turnover time)ကို ဦး တည်တယ်။ အထူးသဖြင့် ၂၀၀၇ -၂၀၀၈ အလွန်မှာ စီးပွားရေး အင်အားစုတွေရဲ့ ငွေလုံးငွေရင်း ဟာ ကုန်စည်သစ်၊ ဒီဇိုင်းသစ်၊ နေရာသစ်တွေကို တောက် လျှောက်ဖန်တီးတယ်။ အလုပ်အ ကိုင်ဖန်တီးပေးတယ်ဆိုတဲ့ ခေါင်း စဉ်အောက်မှာ စီးပွားရေးလုပ်ငန်း ကြီးတွေဟာ သူတို့ရဲ့ငွေလုံးငွေ ရင်း (Accumulation)မြှုပ်နှံစရာ နေရာသစ်တွေ တောက်လျှောက် ဖန်တီးတယ်။ များများဝယ်၊ မြန် မြန်သုံး၊ မြန်မြန်ထပ်ဝယ်ဆိုတဲ့ ဝယ်ယူသုံးစွဲမှု ဓလေ့ကြီးကို အင် နဲ့အားနဲ့ တည်ဆောက်ကြတယ် လို့ ဟာဗေးက ဆိုပါတယ်။
ခရီးသွားလုပ်ငန်း၊ ဝယ်ယူ စားသုံးမှု၊ ကော်ပိုရေးရှင်းတွေရဲ့ ပိုလျှံဓနဥစ္စာများ၊ ဈေးကွက်၊ သဘာ၀၀န်းကျင်ပျက်စီးမှု၊ ကပ် ရောဂါစတာတွေကို အခုအချိန် မှာတော့ ဆက်စပ်မိကြပါပြီ။
တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည် နယ်ကစခဲ့တဲ့ ဆားစ်(SARS)ဟာ မြန်မြန်တန့်သွားလို့သာ သက် ပြင်းချနိုင်ခဲ့တဲ့ ကြောက်စရာ ရော ဂါပါ။ ၂၀၀၂-၂၀၀၄ မှာ နိုင်ငံ၊ ဒေသ ၂၉ ခုက လူ ၈,၀၀၀ ကျော် ကို ကူးစက်ခဲ့ပြီး ၇၇၄ ယောက် သေဆုံးခဲ့ပါတယ်။
ဆားစ်ကူးစက်မှုလမ်း ကြောင်းမှာ အကြီးစားကူးစက် ပြန့်ပွားမှုဖြစ်စေသူတစ်ဦး (Super Spreader)လို့ သတ်မှတ်ခံရ သူက ဂွမ်ဒေါင်းဆေးရုံကို ရောက် လာတဲ့ ပင်လယ်စာကုန်သည် ကျိုးကျောက်ဖုန်း (Zhou Zuo Feng)ပါ။ သူဘယ်လို ကူးစက်ခံ ခဲ့ရလဲ အတိအကျမသိရပေမယ့် သားငါးဈေးက ဖြစ်ဖို့များပါ တယ်။ ဆေးရုံမှာ နှစ်ရက်ပဲနေ သွားပေမယ့် သူ့ဆီကနေ ဆေးရုံ ဝန်ထမ်းအနည်းဆုံး ၃၀ ကို ကူး စက်ခဲ့ပါတယ်။ အခြေအနေ မကောင်းလို့ နောက်ဆေးရုံကို ပြောင်းတော့ လူနာတင်ကားပေါ် မှာ အော့အန်ရုန်းကန်တာ၊ ပိုက် ထည့်ဖို့ ကြိုးစားရတာတွေ ကြောင့် နောက်ထပ်ဆရာဝန်နှစ် ယောက်၊ သူနာပြု ၂၃ ယောက်နဲ့ တခြားလူနာနဲ့ သူတို့ရဲ့ ဆွေမျိုး ၁၈ ယောက်လောက် ဆက်ကူး စက်ခံရပါတယ်။
သူ့ဆွေမျိုး ၁၉ ယောက် လည်း ဖျားနာကြပါတယ်။ သူ့ကို ဆရာဝန်တွေက အဆိပ်ဘုရင်လို့ နောက်ပိုင်းမှာ ခေါ်ကြပါတယ်။ သူက မသေပါဘူး။ သူ့ဆီကနေ ကူးစက်ခံခဲ့ရသူအများစုကတော့ ကံမကောင်းခဲ့ကြပါဘူး။ သူ့ဆီ ကနေ ကူးစက်ခံခဲ့ရသူတစ် ယောက်က ပထမဆုံးဆေးရုံက ပါမောက္ခဆရာဝန်ကြီး လျိုကျန် လွမ်(Liu Jianlun)ပါ။ အဆိပ် ဘုရင်ဖြစ်လာမယ့် လူနာနဲ့တွေ့ ပြီး နှစ်ပတ်အကြာမှာ တူဖြစ်သူ ရဲ့ မင်္ဂလာဆောင်အတွက် ဇနီးနဲ့ အတူ ဟောင်ကောင်ကို သွားပါ တယ်။ နှာစေးသလိုရှိပေမယ့် နေကောင်းနေတာကြောင့် ခရီး ထွက်ခဲ့ကြတာပါ။
ဟောင်ကောင်က မက်ထ ရိုပိုးဟိုတယ် (Metropole)အခန်း (၉၁၁)မှာ သူတို့တည်းပါတယ်။ ရောက်တဲ့ညမှာပဲ တောက် လျှောက်နှာစေး၊ ချောင်းဆိုး၊ အော့အန်ပြီး အပြင်းဖျားပါတယ်။ သိပ်မဝေးတဲ့ အခန်း(၉၀၄)မှာ မိသားစုဆီလာလည်တဲ့ ကနေဒါ က (၇၈)နှစ်အရွယ်အဘွားတစ် ယောက်ရှိပါတယ်။ ဟောင် ကောင်ကို စင်ကာပူကနေ ဈေး လာဝယ်တဲ့ အမျိုးသမီးငယ်တစ် ယောက်က အခန်း (၉၃၈)မှာနေ ပါတယ်။ ပါမောက္ခလျိုဆီကနေ ဟိုတယ်ဧည့်သည်ဝန်ထမ်း ၁၆ ယောက်လောက်ကို ပြန့်ခဲ့ပါ တယ်။ အဘွားအိုနဲ့ မိန်းကလေး ငယ်နှစ်ယောက်ဆီကနေ တိုရန် တို(ကနေဒါ)နဲ့ ဟောင်ကောင်ကို ဆားစ်ဗိုင်းရပ်စ်ရောက်သွားပါ တယ်။
သဘာဝလောကကို လှုပ်ခါ ချလိုက်လို့ လူဆီကို ကျလာတဲ့ ဗိုင်းရပ်စ်ပိုးမွှားတွေဟာ ယနေ့ ခေတ်မှာ ကမ်ဘာပတ်ဖို့ လွယ်ကူလှ ပါတယ်။
ကူးစက်ပျံ့နှံ့မှုနှုန်းကို Ro နဲ့ တွက်ပါတယ်။ ပုံထဲကအတိုင်း ပျမ်းမျှလူတစ်ယောက်ကနေ အ ခြားလူတစ်ယောက်ပဲ ကူးတဲ့နှုန်း ဆိုရင် (Ro=1) ပျံ့နှံ့မှုက ငြိမ်နေ ပါလိမ့်မယ်။ ပျမ်းမျှပျံ့နှံ့မှုက တစ် ယောက်ထက်ပိုပြီး (ပုံထဲကဥပမာ မှာလို သုံးယောက် Ro=3 ယောက်)ဆိုရင် ဆပွားကူးစက် တော့မယ့်အခြေအနေပါ။ အဲဒီ ထဲမှာမှ ဆားစ်ဗိုင်းရပ်စ်ဇာတ် လမ်းမှာလို ပျမ်းမျှထက်ပိုတဲ့အ ကြီးစားပြန့်ပွားစေသူတွေများနေ ရင် ခက်ကြတော့တာပါပဲ။
ဂလိုဘယ်လိုက်ဇေးရှင်းဖြစ် စဉ်အောက်မှာ လမ်းတွေပေါက်၊ ခရီးတွေ တွင်ကြပါတယ်။ ကမ်ဘာ့ မြို့ပြတိုင်းလိုလိုဟာ လေ ကြောင်းကွန်ရက်အချိတ်အဆက် ထဲမှာရှိပါတယ်။ လမ်းပေါက်ခြင်း ရဲ့ ဆိုးကျိုးဘက်ခြမ်းကို ဒီကပ် ရောဂါဘေးမှာ မြင်နေကြရပါပြီ။ ကပ်ရောဂါဟာ လမ်းကြောင်း တွေကနေတစ်ဆင့် ကမ်ဘာတစ်ခု လုံးကို အချိန်တိုအတွင်းရောက်ပါ တယ်။ ကပ်ရောဂါရဲ့ဝန်ထုပ်ဝန် ပိုးက အဲဒီလေယာဉ်တွေ၊ လမ်း ကြောင်းတွေနဲ့ တစ်ခါမှ မထိတွေ့ ခဲ့ဖူးသူ၊ အဲဒီလမ်းတွေက သယ် ဆောင်လာတဲ့ အကျိုးစီးပွားကို တစ်ခါမှ မခံစားခဲ့ရသူတွေအပေါ် ပြင်းပြင်းထန်ထန်ကျရောက်တာ တွေ့နေပါတယ်။
ဂလိုဘယ်လိုက်ဇေးရှင်း ခေါင်းစဉ်အောက်မှာ လမ်း ဖောက်ဖို့ အားသန်နေသူကျုပ်တို့ အနေနဲ့ဘယ်သူက ဘာရမှာလဲ ဆိုတဲ့ အကျိုးစီးပွားသင်္ချာကို ကျင့်ဝတ်သီလနဲ့ပါ ထင်ဟပ်ဖို့ လို ပါလိမ့်မယ်။ ကွယ်လွန်ကမ်ဘာအ တွက် စဉ်းစားကြဖို့ပါ။
(ဆောင်းပါးရှင် ဒေါက်တာမြင့်ဇော်သည် သဘာဝပတ်ဝန်းကျင်နှင့် ငြိမ်းချမ်းရေးဆိုင်ရာ လှုပ်ရှားသူတစ်ဦးဖြစ်ပြီး (ကိုဗစ်နောက်ကြောင်းပြန် ဂေဟဗေဒနှင့် လူမှုစီးပွားအမြင်မှ လေ့လာခြင်း) စာအုပ်ကို ရေးသားသူဖြစ်သည်။ အဆိုပါစာအုပ်ကို အွန်လိုင်းတွင်လည်းဖြန့်ဝေထားပါသည်။)
Copied from 7Day Daily.
စလေ ငနော့
Comments
Post a Comment