သူခိုးသေဖော်ညှိ စာမျိုးတွေ + လွမ်းစရာရှိမှ လွမ်းပါတယ် 🖊 လူထုစိန်ဝင်း

သူခိုးသေဖော်ညှိ စာမျိုးတွေ
•••••••••••••••••••••••••••••

လူထုစိန်၀င်း

(၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်နေ့ထုတ်၊ Weekly Eleven ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆရာ လူထုစိန်၀င်း၏ ဆောင်းပါး ဖြစ်ပါတယ်။ မြန်မာ့ နိုင်ငံရေးကို နိုင်ငံတကာ သီအိုရီတွေနဲ့ပဲ ချဉ်းကပ် လေ့လာသူတွေကို ေ၀ဖန်ထားတဲ့ ဆရာ့ အမြင်ကို မျှေ၀ပေး လိုက်ပါတယ်။)
(အင်တာနက်ကနေ ရဲဘော်တယောက်က အီးမေပို့လာတာကို မာယာစာဖတ်သူတို့အတွက် မျှေ၀ခြင်းဖြစ်ပါတယ်။ Weekly Eleven၊ အင်တာနက်ပေါ်တင်ပေးသူ၊ အီးမေပို့လာသူရဲဘော်- အားလုံးကို ကျေးဇူးတင်ပါတယ်။)

ခရစ္စမတ်နေ့က ကျောင်းသားဟောင်း တစ်ယောက်လာပြီး ဆုတောင်း မေတ္တာပို့ ပါတယ်။ ရှပ်အကျႌနဲ့ ပုဆိုး အပြင် ခုခေတ် မြို့ပြရဲ့ ပြယုဂ်ဘူးစုံ ပုလင်းစုံခြင်း ကလည်း ပါသေးတယ်။ နက်စ်ကော်ဖီ၊ တူတံဆိပ် ထောပတ်၊ ခရတ်ဖ်ချိစ်၊ စပရိုက်စတာ တွေအပြင် အာလူးကြော်ဘူး၊ နာနတ်ယိုဘူး၊ လိုက်ချီးဘူး ဆိုတာတွေလည်း ပါတယ်။ စုံနေတာပါပဲ။ တပည့်ဟောင်းကို တွေ့ရလို့ ၀မ်းသာရတယ်။ သူယူလာတဲ့ ပစ္စည်းတွေ အတွက်တော့ ထူးထူး ခြားခြား ခံစားမှုမဖြစ်ပါဘူး။

မက်မောရတဲ့ အရာတွေ

သူနဲ့ထိုင် စကားပြော နေဆဲမှာပဲ ဆန်ကောကြီး နှစ်ချပ်အပြည့် ထည့်လာတဲ့ အသီးအရွက်တွေ မပြီး ကလေးတွေက ယူလာပြ ကြတယ်။ အလုံ၊ တောင်ကြီး ကားဂိတ်က သွားယူပြီး ပြန်လာကြတာပါ။ ဘန်းတွေ ထဲမှာလည်း စုံနေတာပါပဲ။ စူကာသီး၊ စူကာညွန့်၊ မုန်ညင်း၊ မုန်လာ၊ ပန်းမုန်လာ၊ ပဲပုတ်၊ ဆီတိုဟူး၊ ထောပတ်သီး၊ မိုးမျှော်ငရုတ်သီး အစိုထုပ်၊ အခြောက်ထုပ်၊ ခေါပုတ်၊ ခဲလန်ချောင်း၊ ဖရုံစေ့ထုပ်၊ နေကြာစေ့ထုပ်၊ လက်ဖက်ခြောက်၊ ကြက်သွန်ဖြူ၊ နှစ်ပြန်ကြော် အပြည့်ပါတဲ့ ဘူးကြီးက တစ်ဘူး၊ တောင်ကြီးပဲစို၊ ပဲကြော် အမျိုးစုံ အမယ်စုံပါ။ ဆိုင်ခင်း ရောင်းရင်တောင် ရလောက်တယ်။ လတ်လတ် ဆတ်ဆတ် အသီးအရွက်တွေ မြင်ရတာ ၀မ်းသာလိုက်တာ။ တစ်ခုချင်း ကောက်ကိုင် ကြည့်ပြီး ကိုယ့်ဟာကိုယ် ကျေနပ် နေမိတယ်။ ‘ဒီပစ္စည်းတွေဟာ စောစောက လက်ဆွဲခြင်းထဲက ပစ္စည်းများရဲ့ လေးပုံ တစ်ပုံတောင် တန်ဖိုးရှိမယ် မထင်ဘူး။ ဒါပေမယ့် ပိုပြီး မက်မောမိတယ်။ နှစ်မျိုးစလုံးက မေတ္တာနဲ့ပေးတဲ့ ပစ္စည်းပါ။ ဒါပေမယ့် ခြင်းတောင်းထဲက ပစ္စည်းတွေက ပိုက်ဆံရှိရင် အချိန်မရွေး ၀ယ်လို့ရတယ်။ တောင်ကြီးက ပို့တဲ့ ပစ္စည်းတွေက ရန်ကုန်မှာ ၀ယ်လို့ မရနိုင်တဲ့ ပစ္စည်းမျိုး။ ဥပမာ စူကာညွန့် (ဂေါ်ရခါးညွန့်) ဆိုပါတော့၊ တကယ်ကို အညွန့်လေးတွေ။ ရန်ကုန်မှာ တွေ့ရသလို အရွက် ကြမ်းကြီးတွေ မဟုတ်ဘူး။ မုန်ညှင်းတွေ၊ မုန်လာတွေလည်း အလားတူပဲ။ လတ်လတ် ဆတ်ဆတ် နုဖတ်နေတာ တွေပါ။

တိုက်တိုက်ဆိုင်ဆိုင်

ညနေကျတော့ ချက်ချင်းပဲ ပါလာတဲ့ ဆန်ခေါက်ဆွဲ လုပ်ခိုင်းပြီး ရွှေပဲရွက် နိုင်းချင်း ထည့်စားလိုက်တယ်။ ရန်ကုန်မှာ ဆန်ခေါက်ဆွဲ စားလို့ရပေမယ့် ရွှေပဲရွက်က ရနိုင်တာ မဟုတ်ဘူးလေ။ တိုက်ဆိုင်ချင် ပြန်တော့ နောက်တစ်နေ့မှာ မန္တလေး က နှမတွေပို့လိုက်တဲ့ အသီးအရွက်တွေ ဘူးနှစ်ဘူးနဲ့ ရောက်လာပြန်တယ်။ သူတို့ထဲမှာလည်း ရွှေပဲရွက်တွေ ပါလာ သေးတယ်။ သုပ်ပြီးတစ်၀ကြီး စားရတော့မယ်။ ၀မ်းသာ လိုက်တာ၊ သူတို့ပို့တဲ့ အထဲမှာလည်း မုန်ညှင်း မုန်လာတွေအပြင် ဂွေးတောက်ရွက်၊ တစောင်းခါး၊ ကိုင်းခရမ်းချဉ်သီး၊ ပဲမြစ်စတဲ့ အညာစာတွေ ပါသေးတယ်။ ဆောင်းတွင်း စားစရာတွေ တိုက်တိုက် ဆိုင်ဆိုင် မြို့နှစ်မြို့က ရောက်လာတာ ဆိုတော့ လှိုင်ဘောလယ် နေတော့တယ်။ ဆောင်းဆိုတော့ ကားနဲ့ ပို့လည်း စိမ်းစို လန်းဆန်း နေတုန်း။ ရန်ကုန်မှာလည်း နှစ်ရက် သုံးရက်တော့ ကောင်းကောင်း ခံသေးတယ်။ ဒါကြောင့် ဆောင်း ရာသီကို ကြိုက်ရတာ။ အညာသား ဖြစ်ပြီး အပူနဲ့ မတည့်တဲ့ ရောဂါ အတွက်လည်း ဆောင်းကာလဆို နေရထိုင်ရ သက်သာတယ်။ ခရစ္စမတ် အလွန်မှာ အအေးကလေး ပိုလာတော့ အနွေးထည် ၀တ်ရလောက်အောင် မဟုတ်ပေမယ့် ဆောင်းမှန်း သိသာလို့ ကျေနပ်မိတယ်။ ဆောင်းရာသီ ကုန်ဆုံးသွားမှာကို နှမြောနေမိတယ်။

အရှေ့ကအရှေ့၊ အနောက်က အနောက်

မြန်မာလူမျိုးက ဆောင်းရာသီက ချစ်စရာ အကောင်းဆုံးလို့ ယူဆပေမယ့် အနောက်က လူတွေကတော့ ဆောင်းကို တော်တော် စိတ်ပျက်ရှာကြမှာ။ သစ်ပင် ပန်းပင်တွေမရှိ၊ လမ်းတွေပေါ် နှင်းတွေခဲပြီး ကားတွေ ပိတ်ဆို့နေလို့ သွားလို့လာလို့ မရဖြစ်ကြတယ်။ သူတို့ဆီမှာ ဘာသစ်ပင် ပန်းပင်မှ မရှိတဲ့အချိန်မှာ မြန်မာ ပြည်မှာတော့ ပန်းတွေ အပွင့်ဆုံး၊ ဟင်းသီး ဟင်းရွက်တွေ အပေါဆုံး ဖြစ်နေတယ်လေ။ မြန်မာပြည်ကလူတွေ ကျောကော့အောင် လှိမ့်ခံနေကြရတဲ့ နွေလ မေလ ကျတော့ သူတို့က အလှဆုံး အချစ်ဆုံး ပန်းတွေ အပွင့်ဆုံးတဲ့။ အရှေ့နဲ့ အနောက် ကတော့ ဖြောင့်ဖြောင့်ကြီးကို ဆန့်ကျင် နေကြတာပဲ။ ဒီမနက်ပဲ သတင်းစာထဲမှာ အအေးလွန်ကဲလို့ ဥရောပတစ်၀န်းမှာ သေဆုံးသူပေါင်း ငါးဆယ် နီးပါးရှိတယ်ဆိုတဲ့ သတင်း ဖတ်လိုက် ရသေးတယ်။ လေယာဉ်တွေ၊ မီးရထားတွေ မော်တော်ကားတွေလည်း မထွက်နိုင်ကြလို့ မြို့တကာ နယ် တကာမှာ ခရီးသည်တွေ ထောင်သောင်းချီပြီး သောင်တင်နေကြသတဲ့။ မြန်မာ လူမျိုးချစ်တဲ့ ဆောင်းဟာ သူတို့ အတွက်တော့ စိတ်ပျက် စရာပေါ့။ သူတို့ချစ်တဲ့ မေလကျတော့ မြန်မာ လူမျိုးတွေက ကြောက်လိုက်တာ။ ဒါကြောင့်လည်း အရှေ့က အရှေ့၊ အနောက်က အနောက်ပဲလို့ စာရေး ဆရာကြီး မတ်တွိန်းက ပြောခဲ့တာနေမှာ။

ဘာထိပ်တိုက်တိုးတာလဲ

ဒါနဲ့တောင် လူတွေက အနောက်က အရာမှန်သမျကို ဘာကြောင့်များ ကောင်းလှချည့်ရဲ့ ဆိုပြီး ခေါင်းပေါ် တင်ထားချင် နေကြတာလဲ။ အနောက်က လူတွေပြောသမျ စကားလုံးတိုင်း စာကြောင်းတိုင်းကို ဘာကြောင့်များ အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိလှ ပါပေတယ်လို့ ပြောနေကြတာလဲ။ သူတို့နိုင်ငံမှာ ယဉ်ကျေးမှုတွေချင်း ထိပ်တိုက်တိုး နေကြတာနဲ့ပဲ ဒီမှာလည်း ထိပ်တိုက်တိုးစရာလား။ ဒီမှာက ဆဋ္ဌမ သင်္ဂါယနာတင်ခဲ့တဲ့ မင်းတုန်းမင်းကြီးကတောင် အမေရိကန် သာသနာပြုတွေ အတွက် ကျောင်းဆောက် ပေးခဲ့သလို အစ္စလာမ် ဘာသာ၀င်တွေ အတွက်လည်း ၀တ်ပြုစရာ ပလီ၀တ်ကျောင်း ဆောက်လုပ် လှူဒါန်းခဲ့တာပါ။ ပြည်ကြီး(တရုတ်) က၀င်လာသူတွေ၊ မူလွတ် (အိန္ဒိယ) ကရောက်လာတဲ့ သူတွေနဲ့လည်း ဆွေလိုမျိုး လိုနေခဲ့ကြတာ နှစ်ပေါင်း ရာချီ ကြာခဲ့ပါပြီ။ ဘာယဉ်ကျေးမှုတွေမှ ထိပ်တိုက် မတိုးခဲ့ဖူးပါဘူး။ သူတို့ဆီမှာကတော့ ကမ်ဘာပေါ်မှာ ရှိရှိသမျ လူမျိုးတစ်ရာ့ တစ်ပါးနဲ့ ဒေသခံတွေက အရေအတွက် အားဖြင့် 'ပိန်မသာ လိန်မသာ' ရှိနေကြရာမှာ မဟာလူဖြူတွေက အသားမဖြူတဲ့ လူတွေဆိုရင် ဘယ်သူ့မဆို ဒုတိယတန်းစား လူမျိုးတွေလို့ ရှုမြင်ထား ကြလေတော့ ပြဿနာကြီးတွေ မဖြစ်ဘဲ နေပါတော့မလား။

စပါးတကပ်လိုတုံ့ပြန်မှုပါ

လူမည်းတွေ လူူညိုလူဝါတွေ ကရောက်စတော့ လူနည်းစုမို့ ငုံ့ခံနေကြရတာ ဖြစ်တယ်။ နောင်နှစ် တွေကြာပြီး ကိုယ့်အင်အားက များသထက်များ လာကြတဲ့အခါ ကောင်းကောင်း ပြန်အစွမ်းပြကြတယ်လေ။ ဒီတော့ ပြဿနာတွေက ပဋိပက္ခတွေဖြစ်၊ နောက်တစ်ဆင့် တက်တော့ လူမျိုးရေး၊ ဘာသာရေးနဲ့ ရန်ပွဲကြီး ရန်ပွဲငယ်တွေအထိ ဖြစ်လာကြရ တော့တာပါပဲ။ ဒါကို ယဉ်ကျေးမှုချင်း ထိပ်တိုက် တိုးတာလို့ ပြောတာပါ။ တကယ်က ယဉ်ကျေးမှုချင်း ထိပ်တိုက်တိုးတာ မဟုတ်ပါဘူး။ ကာလ ရှည်ကြာစွာ အနှိမ်ခံ၊ အဖိနှိပ်ခံ နေရာမှာ နေခဲ့ကြရသူတွေက ဗိုလ်ကျ မောက်မာ ဖိနှိပ်သူတွေကို တူညီတဲ့နည်းနဲ့ လက်တုံ့ ပြန်ကြတာ ဖြစ်ပါတယ်။ အနောက်ဖက်နဲ့ အနောက် မြောက်ဘက် တောကြီး မျက်မည်း ဒေသတွေ ဖြတ်ပြီး ရထားလမ်း ဖောက်ဖို့ ကျွန်ကုန်ကူး သူတွေဆီက တစ်ဆင့် ခေါ်ယူခဲ့တဲ့ တရုတ် လူမျိုးတွေကို ဘယ်လိုထားပြီး ဘယ်လို ခိုင်းခဲ့ကြသလဲ။ ကြာပွတ်နဲ့ တရွှမ်းရွှမ်း ရိုက်ပြီး ရောမခေတ်က ကျွန်တွေကို ဆက်ဆံသလို ဆက်ဆံခဲ့ကြတာပဲ မဟုတ်လား။ နောက်ဆုံးကျတော့ ရောမခေတ်မှာ 'စပါးတကပ်'တို့ တုံ့ပြန်ခဲ့သလို တုံ့ပြန်ခဲ့ကြတာပါ။ ဘာယဉ်ကျေးမှုခြင်း ထိပ်တိုက် တိုးခြင်းမှ မဟုတ်ပါဘူး။

သူခိုးသေဖော်မညှိနဲ့

ဒီလိုတုံ့ပြန်မှုတွေကို သေးသိမ်အောင် မဟာ ကော်ပိုရေးရှင်းကြီးများရဲ့ ကိုယ်စားလှယ်တွေက ဘာမှမဟုတ်တဲ့ ယဉ်ကျေးမှုချင်း ထိပ်တိုက် တိုးမှုအဖြစ် ရေးသား ဝါဒဖြန့်နေကြတာ ဖြစ်တယ်။ အဲဒီ ဝါဒဖြန့်ချိ ချက်တွေကို ဘာရည်ရွယ်ချက်နဲ့ ပြည်တွင်းမှာ တစ်ဆင့် ဝါဒဖြန့်ချိ ပေးနေတယ် ဆိုတာ သိသာပါတယ်။ ကမ်ဘာကြီးကြောင်းကို မြန်မာတွေ သိစေချင်လို့ ဆိုတဲ့ အကြောင်းပြချက် ခိုင်မာစေဖို့ ၊ တော့ဖလာတို့၊ ပီတာဒရပ်ကားတို့၊ ဖူကူးယားမတို့၊ ဟန်တင်ထန်တို့၊ စတစ်ဂလစ် တို့လိုဘဲ ထင်ရှား ကျော်ကြားတဲ့ နှုံးချွမ်စကီးတို့ အက်ဒ၀ပ်ဆာအစ်တို့ ဖီလန်ကွန်ဒဲရားတို့ ဂျွန်ပီးစ်ဂါးတို့လို ပါမောက္ခကြီးတွေရဲ့ စာအုပ် တွေလည်း ဘာကြောင့် ဘာသာ မပြန်ကြတာလဲ။ မဟာ ကော်ပိုရေးရှင်း ကြီးတွေ ကြီးစိုးတဲ့ စနစ်ကြီးရဲ့ သရုပ်မှန်ကို အမှန်အတိုင်း ခွဲခြမ်း စိတ်ဖြာထားတဲ့ စာမျိုးတွေ ဖြစ်နေလို့ မဟုတ်ဘူးလား။ ဘယ်သူမဆို ကိုယ်ရေး ချင်တာ ရေးခွင့်ရှိပါတယ်။ ကိုယ်ဝါဒ ဖြန့်ချင်တာ ဖြန့်နိုင်ပါတယ်။ ကိုယ့်ဟာကို ရိုးရိုး သားသား လုပ်ပါ။ ဒါပေမယ့် မြန်မာတွေ ကြားဖူးစေချင်လို့၊ ဖတ်ဖူးစေချင်လို့၊ ဗဟုသုတ ရှိစေချင်လို့ ဆိုတဲ့ စေတနာ ယောင်ဆောင် "သူခိုး သေဖော်ညှိ" စကားတွေနဲ့တော့ လူတွေကို မလှည့်စားပါနဲ့။ အဲဒီ စကားတွေဟာ လူတွေ အားလုံးကို သိမ်းကျုံးပြီး နလဗိန်းတုံးတွေမို့ ပညာပေး နေရတာလို့ ပြောလိုက် တာနဲ့ အတူတူပါပဲ။

ဘယ်သူနဲ့မဆိုယှဉ်ရဲတယ်

မြန်မာလူမျိုးက အတွေ့အကြုံတွေ များလှတဲ့ လူမျိုးပါ။ လူတစ်ယောက် ပါးစပ်ဟ လိုက်တာနဲ့ အူမထိအောင် ဖောက်ထွင်း မြင်နိုင်တဲ့ လူမျိုး ဖြစ်ပါတယ်။ ကျွန်ဘ၀မှာ နေခဲ့ရချိန်တွေ များလွန်းလို့ စီပွားရေးတို့ ဘာတို့ ကောင်းကောင်း မလုပ်တတ်၊ မကိုင်တတ် သေးပေမဲ့၊ နိုင်ငံရေး အသိစိတ်နဲ့ နိုင်ငံရေး နိုးကြားမှု၊ နိုင်ငံရေးအမြင် တို့မှာတော့ ခေါ်လာစမ်းပါ။ ဘယ်သူနဲ့မဆို ယှဉ်ရဲပါတယ်။ ကိုယ်တိုင်မကြုံဘူး၊ ကိုယ်တိုင် မခံစားဘူး၊ ကိုယ်တိုင် လူတွေနဲ့ အတူလက်တွဲဲပြီး ဖြတ်သန်းကျော်လွှား မပြုဖူးသူတွေက ဘာသိမှာလဲ။ ဘာနားလည်မှာလဲ။ နိုင်ငံရေးဆိုတာ စာအုပ်ကြီးတွေ ဖတ်ပြီး လုပ်ရတဲ့ ကိစ္စမျိုး မဟုတ်ဘူး။ လူတွေ ကြားထဲနေပြီး လူတွေနဲ့အတူ လက်ချင်းတွဲ လုပ်ဆောင် ရတာမျိုး ဖြစ်တယ်။ ဟမ်ဘာဂါစားပြီး ၀ီစကီလေး စုပ်ချင်နေသူ များနဲ့တော့ လားလားမှ အပ်စပ်တဲ့အရာ မဟုတ်ကြောင်းပါဗျာ။

လူထုစိန်၀င်း

_______________________

လွမ်းစရာရှိမှ လွမ်းပါတယ်
•••••••••••••••••••••••••••••

လူထုစိန်၀င်း

စာအုပ်ထုတ်ေ၀ရေး လုပ်နေတဲ့ လူငယ်ထုတ်ေ၀သူတဦး ရောက်လာပြီး၊ ကွယ်လွန်သူ တိုင်းသိပြည်သိ ပုဂိ္ဂုလ်တယောက်အကြောင်း အမှတ်တရ စာအုပ်ထုတ်ဖို့အတွက် ဆောင်းပါး ရေးပေးဖို့ ပြောပါတယ်။ ကွယ်လွန်တာတောင် တော်တော်ကြာပြီဖြစ်တဲ့ အဲဒီ ပုဂိ္ဂုလ်ကြီးဟာ သူ့ခေတ်သူ့အခါက ထင်ရှားတ့ဲစာရေးဆရာ တဦးဖြစ်ပါတယ်။ နိုင်ငံရေးနယ်ပယ်မှာလည်း လူသိများပါတယ်။ ရေးစရာမရှိတ့ဲလူ ထုတ်ေ၀သူလူငယ်ကို သွယ်၀ိုက်ပြောမနေတော့ဘဲ ဒဲ့ဒိုး ပဲ ချက်ချင်းအဖြေပေးလိုက်ပါတယ်။ ကွယ်လွန်သူဟာ အသက်အရွယ်ချင်း ကွာခြားမှုကြောင့် ရင်းနှီးကျွမ်း၀င်မှု ရှိခဲ့သူမဟုတ်ပါဘူး။

သာမန်မြင် တွေ့ဖူးရုံလောက် ရှိတာပါ။ အဲဒီတော့ သူ့အကြောင်းကို ဆရာ ဒဂုန်တာရာရဲ့ 'ရုပ်ပုံလွှာ' လို စာမျိုးလည်း ရေးနိုင်စွမ်းမရှိပါဘူး။ ဖတ်ဖူးတဲ့ သူ့စာတွေအကြောင်း၊ သူ့နိုင်ငံ ရေးအကြောင်း ရေးဖို့ကျတော့လည်း ခက်တာက နယ်ပယ်နှစ်ခုစလုံးမှာ ကိုယ်နှစ်သက်တာ တခုမှမရှိပါဘူး။ အဲဒီတော့ ဘာသွားရေးရမှာလဲ။ မြင်တဲ့သိတဲ့အတိုင်း ရေးဖို့ဆိုတာကလည်း ကွယ်လွန်သူ တယောက်ရဲ့ အပြစ်အနာအဆာတွေ ဖော်ထုတ်ရေးသားတယ်ဆိုတာ လူ့ယဉ်ကျေးမှုအရ မလုပ်အပ်တဲ့အရာမဟုတ်လား။ ပါတီမှန်သမျှ၀င်ခဲ့သူ သူရေးတဲ့စာတွေဟာ သူ့ခေတ် သူ့အခါကရောင်းအကောင်းဆုံး စာရင်း၀င်တွေ ဖြစ်ခဲ့တာမှန်ပါတယ်။
ဒါပေမဲ့ အများစုက မြီးကောင်ပေါက် အရွယ်ကြိုက် အချစ်ကြောင့်အသည်းကွဲတာ၊ မျက်ရည်ချောင်းစီးရတာမျိုးတွေများပါတယ်။ ကလေးကြိုက် ကဗျာဆန်ဆန် စကားလုံး လှလှလေးတွေနဲ့ မြီးကောင်ပေါက်အကြိုက် ကြီးကြီးကျယ်ကျယ် ဘ၀ဒဿနစကားလုံးတွေ 'မံ' သထားပြီး နောက်ဆုံးကျတော့ အရက်နာကျ သွားရတာချည့်ပါပဲ။ နိုင်ငံရေးဖက် ကျတော့လည်း ပြောစရာဆိုလို့ မြန်မာပြည်မှာ ရှိရှိသမျှ နိုင်ငံရေးပါတီ တခုမှမရှိဘူးဆိုတဲ့ မှတ်လောက်သားလောက်လုပ်ရပ်တွေပဲ ရှိပါတယ်။ သခင်ခေတ်မှာ သခင်စဖြစ်ခဲ့ပြီး၊ အင်္ဂလိပ်အစိုးရကို ကလော်တုတ်ခဲ့ဖူးပါတယ်။ ဂျပန်ခေတ်ရောက်တော့ အာရှလူငယ်ဖြစ် လိုက်၊ နောက်တော့ အလံနီဖြစ်လိုက် ဗကပဖြစ်လိုက်နဲ့ ထောင်တွေဘာတွေလည်း လူအထင်ကြီး ခံရရုံလောက်ကျဖူးပါတယ်။ ဖဆပလအစိုးရ ခေတ်ကျတော့လည်း တိုက်ခန်း တွေ ဘာတွေရလိုက်ပါသေးတယ်။ နောက်ဆုံး မကွယ်လွန်ခင်မှာတော့ ခေတ်ပြောင်း တော်လှန်ရေးဆိုတာတွေ ဘာတွေ ကြွေးကြော်အော်ဟစ် သွားပါသေးတယ်။ အဲဒီလို သမိုင်းကြောင်းရှိခဲ့သူ တယောက်အကြောင်း ဘာတွေများစာဖွဲ့ရမှာလဲ။ လွမ်းစရာရှိမှ လွမ်းပါတယ် လွမ်းလောက်စရာ ဘာတခုမှ မကျန်ရစ်တဲ့ သူတယောက်အကြောင်းကို ''နာမည်ကျော်လို့'' ဆိုပြီး စာအုပ် ထုတ်လို့ရော သူသမိုင်းကပြောင်းသွား၊ ကောင်းသွားမှာလား။ နိုင်ငံရေးမှာ ပါ၀င်ပတ်သက်ခဲ့ဖူးတယ်။ ဆိုတာနဲ့ပဲ ကြည်ညိုရမှာလား။ စာရေးဆရာဖြစ်တယ် ဆိုတာနဲ့ပဲ လေးစားဦးထားရမှာလား။ သူပါ၀င်ပတ်သက်တဲ့ နိုင်ငံရေးကရော ဘယ်လို ဟာမျိုးလဲ။ သူရေးခဲ့တာ ဘယ်လို စာမျိုးလဲဆိုတာတွေနဲ့ပဲသူ့ကို အကဲဖြတ်ရလိမ့်မယ် ထင်ပါတယ်။ အဲဒါကြောင့် မရေးချင်ဘူးပြောလိုက်တာ ဖြစ်ပါတယ်။ ကိုယ်နဲ့ အယူအဆချင်း မတူလို့ မလေးစားတာ မဟုတ်ပါဘူး၊ အယူအဆချင်းမတူပေမယ့်လို့ ရင်းနှီးကျွမ်း၀င်ခဲ့သူတွေ၊ လေးစားရိုသေခဲ့သူတွေ အများကြီးရှိပါတယ်။ လူချင်း ပေါင်းသင်းဆက်ဆံရာမှာ အယူအဆတို့ ယုံကြည်မူတို့ သိပ်အရေးမကြီးပါဘူး။ လူတကိုယ် စိတ်တမျိုး ဆိုတဲ့အတိုင်း၊ လူတိုင်း လူတိုင်း ကိုယ်နှစ်သက်စုံမက်ရာကို ယုံကြည်ကြမှာပဲဖြစ်တယ်။ ကိုယ့်လွတ်လပ်ခွင့်ကို တန်ဖိုးထားသလို သူ့လွတ်လပ်ခွင့်ကိုလည်း တန်ဖိုးထားလေးစားရ ကောင်းမှန်းသိတဲ့ 'စိတ်ယဉ်ကျေးမှု' အထက်တန်းကျသူတွေကြားမှာ အယူအဆ မတူကွဲပြားမှုတွေဟာ ဘာမှ အနှောင့်အယှက် မဖြစ်နိုင်ပါဘူး။ အထက်တန်းကျတဲ့ စိတ်ယဉ်ကျေးမူ အယူအဆချင်းမတူလို့ ယုံကြည် ချက်ခြင်းမတူလို့ဆိုပြီး 'ငါနဲ့မတူငါ့ရန်သူ' လို့ သဘောထားခြင်းဟာ၊ စိတ်ယဉ်ကျေးမှုနိမ့်ကျမူ ကိုဖော်ပြရာ ရောက်ပါတယ်။ လူမှုဆက်ဆံရေး နယ်ပယ်မှာ အရေးကြီးတာက အယူအဆတွေ၊ ယုံကြည်မှုတွေ မဟုတ်ပါဘူး။ အထက်တန်းကျတဲ့ စိတ်ယဉ်ကျေးမူ (moral integrity) ရှိဖို့သာ ဖြစ်တယ်လို့ ထင်ပါတယ်။ လူ့ကျင့်၀တ်၊ လူ့သိက္ခာကို တန်ဖိုးထားလေးစားရ ကောင်းမှန်းသိ တဲ့လူစားမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ဒီလို လူစားမျိုးဟာ 'သိက္ခာကို ရိက္ခာနဲ့မလဲဘူး' ဆိုတဲ့စကားအတိုင်း ငွေ၊ ရာထူး၊ အာဏာဆိုတဲ့ ကိုယ်ကျိုးစီးပွားအတွက် ကိုယ့်သိက္ခာကို ရောင်းစားတဲ့ အလုပ်မျိုးဘယ်တော့မှမလုပ်ဘူး။ ဒီလိုလူမျိုးဆိုရင် ဘာဝါဒကိုပဲ ကိုင်စွဲကိုင်စွဲ ဘယ်ဘာသာကိုပဲ ကိုးကွယ်ကိုးကွယ် လေးစားကြည်ညိုအပ်တာပဲဖြစ်ပါတယ်။ မာသာထရီဇာ ဆိုတာ အဲဒီလို ပုဂိ္ဂုလ်မျိုးပါ။ တောင်အာဖရိကနိုင်ငံသား နယ်လ်ဆင်မင်ဒဲလားလည်း အလားတူပါပဲ။ သူ့လူမျိုးနဲ့ သူ့နိုင်ငံအတွက် လူမျိုးဆက် တဆက်လုံးလုံး အကျဉ်းထောင်ထဲမှာ နေခဲ့ရပြီး၊ ထောင်ကလွတ်လို့ နိုင်ငံအကြီးအကဲ သမ္မတရာထူးရခဲ့ပေမဲ့ နောက်ဆုံးမှာ ရာထူးက အငြိမ်းစားယူပြီး သာမန်လူသား တယောက်အနေနဲ့ပဲ အေးအေးချမ်းချမ်း ရိုးရိုးကုပ်ကုပ်နေခဲ့သူ ဖြစ်ပါတယ်။ ဒီခေတ်လို ကာလပျက်ကြီးထဲမှာ မင်ဒဲလားလိုလူမျိုး ဘယ်မှာရှာ တွေ့နိုင်ပါ့မလဲ။ မင်ဒဲလားတို့၊ မာသာထရီဇာတို့ဆိုတာ တကယ့်ကို သူတော်စင်တွေဖြစ်ကြတယ်။ သူတို့လို လူတွေကိုလူမျိုးမတူ၊ ဘာသာကွဲပြားပေမဲ့ ရှိခိုးဦးခိုက်ပြုထိုက် ပါပေတယ်။ ကိုယ်ကောင်း စားရေးသာလုပ် စာအုပ်ထုတ်ဖို့လာပြောတဲ့ ပုဂ္ဂိုလ်ကျတော့ မာသာထရီဇာလိုလူမျိုး မဟုတ်သလို၊ မင်ဒဲလားလို ပုဂ္ဂိုလ်လည်း မဟုတ်ပါဘူး။ သူ့ဘ၀ တစ်လျောက်လုံးမှာ လူအထင်ကြီးစေမဲ့ စကားကြီးစကားကျယ်တွေ ပြောနေပေမဲ့ တကယ်တမ်းကျတော့ သူ့တကိုယ် ကောင်းစားရေးကလွဲပြီး ဘာမှလုပ်ခဲ့တာမဟုတ်ပါဘူး။ ခိုင်ခိုင်မာမာ ကိုင်စွဲထား တဲ့မူတခု၊ ယုံကြည်မှုတခုလည်း မရှိခဲ့ဖူးပါဘူး။ ရေစုန်မှာ အလိုက်သင့်ကလေး စီးမျောပြီး တက်သမျှ အစိုးရနဲ့ တည့်အောင်ပေါင်း အခွင့်အရေးယူဖို့ လောက်သာ တသက်လုံးလုပ်ခဲ့တာ ပါ။ မြန်မာပြည်မှာ ပေါ်ပေါက်ခဲ့ဖူးသမျှ နိုင်ငံရေးပါတီဟူသမျှမှာ မပါခဲ့ဖူးတာမရှိတဲ့ လူစားမျိုးကို ဘယ်လိုလုပ် လေးစားရမှာလဲ။ လေးစားမှုဆိုတာ ငွေနဲ့လည်းမဆိုင်ပါဘူး။ ရာထူးအာဏာနဲ့ လည်းမဆိုင်ပါဘူး။ 'သိက္ခာ' နဲ့ သာဆိုင်ပါတယ်။ (moral integrity) ဆိုတဲ့ စိတ်ယဉ်ကျေးမှု အထက်တန်းကျပြီး တည်ကြည်ခိုင်မြဲတဲ့ သိက္ခာရှိသူမှန်ရင် လူတကာလေးစားကြမှာ ပါပဲ။ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေဆိုရင်တော့ 'အာကာကိုလွှာပုံပြုပြီး မေယုကိုစုတ်တံချီ' လို့တောင် ရေးလို့ ကုန်နိုင် ဖွယ်မရှိတော့ပါဘူးလို့ပဲ ပြောလိုက်ချင်ပါတော့တယ်။

လူထုစိန်၀င်း

(Weekly Eleven Journal)

နှစ်ပုဒ်စလုံးကို ကိုအေးဝင်း (လမင်းတရာ) ရဲ့ 'မာယာ အွန်လိုင်းမဂ္ဂဇင်း' ဘလော့ဂ်ကနေ ကူးယူပါတယ်။

Photo - Google

စလေ ငနော့



Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်