မြမဉ္ဇူ ရုပ်ပုံ 🖊 ဒဂုန်တာရာ
မြမဉ္ဇူ ရုပ်ပုံ
•••••••••••••••••
ရေးသူ-ဒဂုန်တာရာ
Monday, April 7, 2008
(၁၃၆၂ ခု၊ တန်ဆောင်မုန်းလ၊ ၂၀၀၀ နို၀င်ဘာလ မာယာမဂ္ဂဇင်းမှ ပြန်လည်ကူးယူဖော်ပြ ပါတယ်။)
ကျွန်တော် သူမကို မြမဉ္ဇူ အဖြစ် စတင်သိရှိခြင်းမဟုတ်။ သပိတ်မှောက်ကျောင်းသူ မအမာ အဖြစ်သာ စတင်မြင်ဖူးခဲ့ရခြင်း ဖြစ်သည်။ ၁၉၃၆ ကျောင်းသားသပိတ်တွင် နယ်မှ ကျွန်တော်တို့ ပထမဆုံး နိုင်ငံလုံးဆိုင်ရာ ညီလာခံသို့ တက်ရောက်စဉ်က သူမကို စတင်မြင်ဖူးသည်။ ဂျူဗလီဟောတွင် ကျင်းပသည်။
ယင်းညီလာခံကြီးမှ ပထမဦးဆုံးသော ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂကို မွေးဖွားပေး လိုက်သည်။ ယင်းညီလာခံတွင် အဆိုတင်သွင်းသော အင်းလျားဆောင်သူ မအမာကို တွေ့ရသည်။ စကားပြောကောင်းသည်ဟု ခံစားလိုက်သည်။
ထို့နောက် ကျွန်တော် ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိသွားစဉ် 'ဒေါသ' ဟူသော ၀တၳုတို ကလေးကို တက္ကသိုလ်ကျောင်းတိုက် မဂ္ဂဇင်းတွင်လားမသိ ဖတ်လိုက်မိသည်။ ရေးသူက မြမဉ္ဇူ၊ ဂျာမန်၀တၳု၊ ၀တၳုရေးဆရာ ဟာမိ၏ Fury ၀တၳုကို ဘာသာပြန်ထားသော ၀တၳု။ ကျွန်တော် 'ဒေါသ' ကို ကြိုက်သွားသည်။ ထို့နောက် မြမဉ္ဇူ ၀တၳုများကို မဖတ်မိ။ ကျွန်တော်ပဲ မဖတ်မိသလား၊ မြမဉ္ဇူပဲ ဆက်မရေးသလား မသိတော့။
ထို့နောက် စစ်မဖြစ်မီကာလက ကြီးပွါးရေးစာအုပ်တိုက်မှ 'မောရစ်ကောလစ်' ၏ 'အမှုအခင်း များ' စာအုပ်ဘာသာပြန်ကို ဖတ်ရသည်။ ထို့နောက် စစ်ပြီးစတွင် 'ဝါဆီလုစကား' ၏ 'သက်တန့်ရောင်' ၀တၳုဘာသာပြန်ကို ဖတ်ရသည်။ ယင်း သက်တန့်ရောင် ၀တၳုအမှာရေးသူက 'သခင်သန်းထွန်း'။ သူကလည်း စာအရေးကောင်း၊ အဖွဲ့အနွဲ့ကောင်း။
၁၉၅၀ ဒီဇင်ဘာလက မန္တလေးသို့ ရောက်သွားသည်။ စာရေးဆရာ မိတ်ဆက်ပွဲ ဖြစ်သည်။ ၀န်ကြီးချုပ် သခင်နုက အထက်မြန်မာပြည် စာရေးဆရာနှင့် အောက်မြန်မာပြည် စာရေးဆရာ မိတ်ဆက်ပွဲ လုပ်ပေးသည်။ ထိုအခါက ဒေါ်အမာကို တွေ့ရသည်။
ကျွန်တော်က အသက် ၃၀ အရွယ်၊ ဒေါ်အမာက ကျွန်တော်ထက် ၄ နှစ်ခန့် ကြီးသည်။ မိတ်ဆက်ပွဲ ဖြစ်သဖြင့် ဟိုဧည့်ခံပွဲသွားရ၊ သည်ဧည့်ခံပွဲသွားရသဖြင့်၊ ဒေါ်အမာနှင့် ကောင်းစွာပင် စကား မပြောဖြစ်။
၁၉၃၉ ကျွန်တော် မန္တလေးရောက်စဉ် ကိုဗဟိန်းက ဒေါ်အမာဆီ ခေါ်မသွား။ မတွေ့လိုက်။ ရွှေပြည်ဦးဘတင်ထံသို့ ကိုဗဟိန်းက ခေါ်သွားသည်။ ရွှေပြည်ဦးဘတင်နှင့်အတူ ဦးထင်ကို တွေ့ရသည်။ နောက်မှ ဦးထင်သည် ဒေါ်အမာ၏ ဖခင်မှန်း သိရသည်။ ရွှေပြည်ဦးဘတင်က ကျွန်တော်တို့ ရှမ်းပြည်သွားမည်ဆို၍ ရှမ်းပြည်တွင် ရေကို အထူးဂရုစိုက်သောက်ရန် မှာကြားနေသည်။ ဦးဘတင်မှာ ယခု ရသဒါရိုက်တာ ကို၀င်းဖေ၏ ဖခင်ဖြစ်ကြောင်း နောက်မှ သိရသည်။ နောက်တော့ မန္တလေးရောက် လျှင် ဦးလှအိမ်မှာ တည်းခိုသည်။ သတင်းစာဖက်တွင် ရောက်နေပြီ။ ထိုအခါ ဒေါ်အမာသည် လူထုဒေါ်အမာ ဖြစ်နေပါပြီ။
(ခ)
စာပေဘ၀ ဆိုသည်က ပြောရအခက်သား။ အကဲဖြတ်ရခက်သည်။ မိမိတို့၏ ပုဂ္ဂလိကဘ၀နှင့် ဆက်စပ်နေသည်။ ကိုလှနှင့် အကြောင်းပါသောအခါ သတင်းစာဆရာမ ဖြစ်သွားဟန်တူသည်။ ကိုလှနှင့် ကျွန်တော်တို့က ခင်ကြသည်။ ကျောင်းသားဘ၀ ကတည်းက သိကျွမ်းသည်။ ကျွန်တော်ထက် အတော်လည်းကြီးသည်။ စစ်ဖြစ်ခါနီးက ကိုလှ တာ၀န်ယူ ထုတ်နေသော ကြီးပွါးရေးမဂ္ဂဇင်းတိုက်သို့ ၀တၳုတိုကလေးတပုဒ် ရေးပေးခဲ့သည်။ ထိုအခါက ကျွန်တော် ကျိုက်လတ် သို့ ရောက်နေသည်။
၀တၳုရေးဆရာ မောပါဆွန်း၏ 'မွန်းလိုက်' အမည်ရှိ ၀တၳုတိုကလေးကို မှီးကာရေးလိုက်သည်။ 'အလှဂုဏ်' ဟု အမည်တပ်သည်။ ကြီးပွါးရေးမဂ္ဂဇင်းမှာ ထို၀တၳုပါလာသည်။ ကိုလှက ကျွန်တော်ဖတ်ရန် စာအုပ်များစွာ ပို့လိုက်သည်။ ၁၉၄၆ က ကျွန်တော် တာရာထုတ်ေ၀သောအခါ ဒေါ်အမာထံက စာရောက်လာသည်။ ကျွန်တော်၏ တာရာမဂ္ဂဇင်းအတွက် ကိုယ်စားလှယ် လုပ်ရန်ဖြစ်သည်။ သို့သော် ကျွန်တော်က လူထုတိုက်အတွက် ကိုယ်စားလှယ်မပေးဖြစ်ပဲ အခြားတိုက်သို့ ပေးဖြစ်သွားသည်။ ကျွန်တော် အားနာနေသည်။ ကျွန်တော်က လုပ်ငန်းကောင်းစွာ မလုပ်တတ်၍ အရင်လာ၍ ပြောသူကို ပေးလိုက်ဟန်တူသည်။ ကျွန်တော်က မန္တလေး အရောက် နည်းသည်။ ထို့ကြောင့် ဒေါ်အမာနှင့် အထိအတွေ့ နည်းသည်။ မန္တလေးရောက်လျှင်လည်း လူထုတိုက်တွင် ကိုလှနှင့်သာ စကားပြောဖြစ်သည်။ ကိုလှနှင့် စကားကောင်းနေစဉ် ဒေါ်အမာက ၀င်ပြောတတ်သည်။
ဒေါ်အမာရေးသော သခင်ကိုယ်တော်မှိုင်း၊ ပြည်သူချစ်သော အနုပညာသည် စာအုပ်များ ထွက်လျှင် ကျွန်တော့်ထံ ပို့တတ်သည်။ ကျွန်တော် ဖတ်ရသည်။ ဒေါ်အမာက အစုအဆောင်းကောင်း။ မန္တလေးမှ အနုပညာရှင် ဇာတ်ဆရာများအကြောင်း၊ စေ့စေ့ငှငှရေးသည်ကို ဖတ်ကြည့်ဖြစ်သည်။ ကျွန်တော်သည် ဇာတ်သဘင် ဝါသနာပါသဖြင့် ဖတ်ဖြစ်သည်။ ဒေါ်အမာသည် ဇာတ်သဘင်လောက၊ ဂီတလောကနှင့် အကျွမ်း၀င် နားလည်သည်။
သခင်ကိုယ်တော်မှိုင်းစာအုပ်ဆိုလျှင် အထူကြီး။ ကျကျနနလေ့လာကာ အတၳုပ္ပတ္တိကို ရေးသည်။ ကျွန်တော်က ရသစာပေကို ဒေါ်အမာထံမှ မျှော်လင့်သည်။ မြမဉ္ဇူ၏ စာပေအရေးအသား အဖွဲ့အနွဲ့ကို သိနေသဖြင့် မြမဉ္ဇူကဲ့သို့ ၀တၳုများကို ဘာသာပြန်စေချင်သည်။ သို့သော် ပြန်သည်ကို မတွေ့ရ။ မြမဉ္ဇူက ပြန်လည်ရှင်သန် ထမြောက်ခြင်း မရှိ။ လူထုဒေါ်အမာဟူသော သတင်းစာဆရာ၊ အတၳုပ္ပတ္တိ ဆရာ သဘောမျိုးကိုသာ တွေ့နေရသည်။ စိတ်ထဲက သိတ်မကျေနပ်။
(ဂ)
သတင်းစာဆရာနှင့် စာရေးဆရာ (ဝါ)ရသစာရေးဆရာ ကတော့ သိပ်မတူ။ သတင်းစာဆရာ ဆိုသည်ကတော့ သတင်းကို အခြေပြု၍ ရေးဖွဲ့ရသည်။ သတင်းဆိုသည်ကတော့ တကယ်ဖြစ်ပျက် နေသည့် အရာတို့ကို မှတ်တမ်းတင်ရသည်။ ရသ စာရေးဆရာ ကတော့ တကယ့်အဖြစ်အပျက်ကို အခြေပြုကာ ဇာတ်လမ်း ဇာတ်ကွက်တို့ဖြင့် ခြယ်သရသည်။
ကျွန်တော်က မြမဉ္ဇူ ဖြစ်စေလိုသည်။ သူမ၏ အတွေ့အကြုံနှင့်ဆိုလျှင် သူမဖြတ်သန်းခဲ့သော၊ သူမ ဖြတ်သန်းနေသော သမိုင်းအတွေ့အကြုံနှင့်ဆိုလျှင်၊ မြမဉ္ဇူအဖွဲ့အနွဲ့နှင့်ဆိုလျှင် ၀တၳုရှည်ရေးဖွဲ့နိုင် မည်ဟု ထင်ထားခဲ့သည်။ သို့သော် သတင်းစာဆရာ အခန်းကလည်း သူ့အခန်းနှင့်သူ ရှိသည်ကို ကျွန် တော် နားလည်သည်။ ယခုလည်း မဂ္ဂဇင်းများတွင် သူမ၏ အတွေ့အကြုံများကို အခြေခံကာ ေ၀ဖန်အ ကဲဖြတ်သော စာများကိုလည်း ဖတ်နေရ၍ မြမဉ္ဇူကို မတွေ့ရသော်လည်း လူထုဒေါ်အမာအဖြစ် တွေ့နေရ၍ တမျိုး ကျေနပ်နေရသည်။
မနှစ်က အမရပူရ ဂန္ဓာရုံကျောင်းတိုက်အနီး တောင်လေးလုံးကျောင်းတိုက်အသွား မန္တလေး ဘူတာမှ ဆင်းလျင် ဒေါ်အမာ့အိမ်သို့ ၀င်ရသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ဆီဆေး ကားချပ်ကြီး ရှေ့တွင် ကျွန်တော်တို့ကို ဧည့်ခံသည်။ ခဏတဖြုတ်တော့ စကားပြောသည်။ မန္တလေးက ကဗျာဆရာနှင့် စာရေးဆရာများလည်း ခေါ်ထား၍ စုံစုံလင်လင်။ မြမဉ္ဇူအကြောင်း ပြောရင်း မြမဉ္ဇူနာမည်နှင့် ရေးသော ၀တၳုများ စုထုတ်မည်ဟု ကြားရ၍ ၀မ်းသာမိသည်။ စကားပြောကြရင်း တာရာနာမည်နှင့် စပ်ထားသော အဆိုတော် စာရေးဆရာအကြောင်း ရောက်သွားသည်။ 'မိန်းကလေးလား၊ ယောကျ်ားလေးလား မသိဘူး' ဟု ကျွန်တော်က ပြောလိုက်ရာ ဒေါ်အမာက ပြုံး၍ 'ရှင်က မိန်းကလေးဖြစ်စေချင်တာလား' ဟု ကျွန်တော့်ကို စလိုက်သည်။
(ဃ)
မြမဉ္ဇူ၏ ၀တၳု၊ ဘာသာပြန်စသော စာများကို မဖတ်ရသော်လည်း ယနေ့ ထွက်နေသော မဂ္ဂဇင်းများတွင် ဒေါ်အမာ၏ ဆောင်ပါးများကို ဖတ်နေရသည်။ ပထမမျိုးဆက်၊ ဒုတိယမျိုးဆက်များကို ဖြတ်သန်းသွားပြီး တတိယမျိုးဆက် ကိုဖြတ်သန်းနေဆဲ။ ယနေ့ ခေတ်ပေါ် အခြေအနေကို သူမ ခံစားသည့်အတိုင်း ရေးသားထားသည်။ စစ်မဖြစ်မီခေတ်နှင့် ယနေ့ခေတ်ကို နှိုင်းယှဉ်၍ ဖော်ပြထားသဖြင့် အသိတိုးရသည်။ အသိဆိုသည်မှာ နှိုင်းယှဉ်ချက်များဖြင့်သာ မှန်ကန်သော အသိကို တွေ့နိုင်သည်။
ချိုသည်ဟု အရသာကိုခံလျှင် သာမန်ထက် မချိုသောရသခံစားချက် များသာဖြစ်သည်။ သာမန်ထက်ချိုလျှင် ယခုအချိုသည် ပေါ့သွားပေမည်။ သူမ၏ အယူအဆများ၊ သူမ၏ ခံစားချက်များကို ယနေ့ တတိယမျိုးဆက်များ ပို၍ ဖတ်သင့်သည်။ သို့မှသာလျှင် သူတို့၏အမြင် သူတို့၏လှုပ်ရှားမှု မည်သည့်နေရာ ရောက်ရှိနေပြီကို ပို၍ သိနိုင်သောကြောင့် ဖြစ်သည်။
ကျွန်တော်က အမျိုးသားနေ့ မျိုးဆက်ဖြစ်ခြင်းဖြစ်၍ သူမ၏အယူအဆ၊ သူမ၏ ခံစားချက်ကို ဖတ်ချင်နေမိသည်။
၁၉၃၆ ကျောင်းသားသပိတ်မှ စတင်တွေ့ထိခဲ့ရသော သပိတ်မှောက်ကျောင်းသူ မအမာကို ယနေ့ ဈေးကွက်စီးပွါးရေးစနစ် ဟုခေါ်သော ခေတ်တခေတ်တွင်လည်း စူးရှထက်မြက်စွာ၊ ရွှင်လန်းစွာ၊ ေ၀ဖန်စွာ ဖြတ်သန်းနေသည်ကို တွေ့မြင်ရပေသည်။
ဒဂုန်တာရာ
၁၉၉၅ ဖေဖော်ဝါရီ ၁၀။
စာပေဂျာနယ် အတွဲ (၃)၊ အမှတ်၃၊ ၁၉၉၅ နို၀င်ဘာလထုတ်မှ ကူးယူဖော်ပြသည်။
ကိုအေးဝင်း (လမင်းတရာ) ရဲ့ 'မာယာ အွန်လိုင်းမဂ္ဂဇင်း' ဘလော့ဂ်ကနေ ကူးယူပါတယ်။
စလေ ငနော့
Comments
Post a Comment