ဓားပြ မျှားနတ်မောင် 🖊 မဟာဆွေ
ဓားပြ မျှားနတ်မောင်
•••••••••••••••••••••••
မဟာဆွေ
ရိုင်ဖယ်သံများ အဆက်မပြတ် ကြားရပြီးလျှင် မော်တော်ထဲသို့ တဒေါက်ဒေါက်ထိမှန်လေ၏။ ရေကူးတတ်သူများ ရေထဲသို့ ခုန်ဆင်းကြလေ၏။ မော်တော်ထဲသို့ ရေများဝင်လာပြီဖြစ်ရာ အော်သူအော်၊ ငိုသူငိုနှင့် ဆူပွက်နေလေသည်။ လုလင်ကား အပေါ်အင်္ကျီနှင့် ရှပ်အင်္ကျီကို လျှင်မြန်စွာ ချွတ်လိုက်၏။ လုံချည်ကို ခါးတောင်းကျိုက်လိုက်လေသည်။
မော်တော်သည် အိုးတည်နစ် နှစ်တော့လေရာ "ကယ်တော်မူပါ၊ လုပ်ကြပါဦး” နှင့် ကုန်းအော်ကြ၊ ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်နေကြနှင့် မော်တော်သည် ရေအောက်သို့ မြုပ်ဆင်းမည်ဟန်ပြုနေ၏။ ထိုအတွင်း ဓားပြများသည် မော်တော်ကို လှမ်း၍မပစ်တော့ဘဲ နောက်ပြန်ပစ်နေကြခြင်းဖြင့် ပုလိပ်နှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်နေကြဟန်တူ၏။
မိန်းမပျိုမှာ ရေ ခါးသာသာနှင့် ဘာမျှမလုပ်တတ်အောင် ဖြစ်နေရှာ၏။ အားကိုးလိုသောမျက်နှာနှင့် လုလင်အား ကြည့်ရှုနေ၏။ အချို့လည်း ရေထဲခုန်ချကြ၍ တစ်ခါနှစ်ခါပေါ်ပြီး အဆုံးစွန်မြုပ်၍ သွားကြတော့၏။ မော်တော်လည်း တင်လာသော ကုန်ပစ္စည်းဒဏ် မခံနိုင်တော့သဖြင့် မြုပ်၍သွားတော့ရာ လုလင်လည်း မိန်းမပျိုကလေး၏ လက်ကိုဆွဲကာ မော်တော်နှင့်လွတ်ရာ ရေထဲသို့ ဆင်းလိုက်၏။ ခြေနှစ်ချောင်းဖြင့် ရေကိုဖော့ထားပြီးလျှင် မိန်းမပျိုကလေး မနစ်မွန်းရန် ဖေးမထား၏။ မိန်းမပျိုမှာ ရေကူးတတ်ပုံ မရသဖြင့် ပို၍လေးနေ၏။ မိန်းမပျိုအား ချိုင်းကလျှို၍ ဘယ်လက်ဖြင့် ထိမ်းပြီးလျှင် ညာလက်တစ်ဘက်၊ ခြေထောက်နှစ်ဘက်ကို အားယူ၍ ကူးနေရသည်။
ဝါးသုံးရိုက်ခရီးကို လုလင်သည် တစ်ယောက်တည်းဖြစ်က ချောင်ချောင်ကလေး ကူးနိုင်သော်လည်း အသေလို လူပိုတစ်ယောက် ပါလာသဖြင့် ဝါးသုံးရိုက်ခန့်လောက်ပင် အတော်မော၍နေတော့၏။ မိန်းမပျိုကား စကားလုံးဝ မပြောနိုင်။ ကြောက်အားနှင့် ကြက်သေသေကာ လိုက်ပါလာ၏။
ဝါးနှစ်ရိုက်သာသာ အရောက်တွင်ကား လုလင်မှာ လက်ပန်းကျနေ၏။ အကယ်၍ မိန်းကလေးအား စွန့်ပစ်၍ ကူးမည်ဆိုက သက်သက်သာသာ ကူးနိုင်သေး၏။ မိန်းကလေးနှင့် အတူကူးလျှင် နှစ်ယောက်စလုံး နစ်မြုပ်တော့မည်ကဲ့သို့ ဖြစ်နေ၏။ စိတ်သာလျှော့လိုက်လျှင် နှစ်ယောက်စလုံး နစ်တော့မည်ဖြစ်ရာ အံခဲအားတင်းလျက် ကြိုးစား၍ ကူးပြန်သဖြင့် ခြေထောက်မီသောနေရာသို့ ရောက်၍သွား၏။
လုလင်သည် မိန်းမပျိုပါ ထောက်မိသည်အထိသွားရန် ညောင်းနေသော ဘယ်လက်မှ မိန်းမပျိုအား ညာလက်သို့ ရွှေ့လိုက်ရာ မတော်ရာ ကိုင်မိသဖြင့် မိန်းမပျိုမျက်နှာတစ်ခုလုံး ရှက်သွေးလျှမ်းသွားရှာ၏။
မိန်းမပျို ထောက်မှီသောနေရာသို့ ရောက်သောအခါ မိန်းမပျိုအား လွှတ်ပေး၏။ နှစ်ယောက်တွဲ ကမ်းဘက်တက်လာရာ မိန်းမပျိုသည် ရင်ခေါင်းအပေါ်တွင် ရုတ်တရက် ထိုင်ချလိုက်ပြန်၏။
လုလင်သည် သူခါးတောင်းကျိုက်လာသော လုံချည်ကို ရေထဲချွတ်၍နေ၏။ ကျွတ်လာသော လုံချည်ကို ရေပေါ်မြှောက်ကာ ရေညှစ်ပြီးလျှင် ဆန့်ခါလိုက်၏။ ထို့နောက် မိန်းမပျို၏ခေါင်းမှ ကွင်းလိုက်စွပ်ပေးရင်း...
“ခုတော့ ဒီလုံချည်ပဲ ရင်ရှားထားဦး၊ ကျုပ်သိတယ်၊ ရေနစ်ရင် ဒီလိုဖြစ်မယ်ဆိုတာ၊ ဒါကြောင့် မင်းအတွက် ရည်ရွယ်ပြီး ဒီလုံချည်အလေးခံခဲ့တာ”
“အထူးကျေးဇူးတင်ပါရှင်၊ ကျွန်မ အသက်သခင်ပါပဲ”
“ကဲ ဒီလိုနေလို့ မပြီးသေးဘူး၊ ဟော ဟိုမှာ ရွာနဲ့တူတယ်၊ မီးခိုးမြင်ရတယ်၊ အဲဒီသွားပြီး အဝတ်ခြောက်များ ခဏဖြစ်ဖြစ်ငှားရမယ်”
မိန်းမပျိုမှာ ခိုက်ခိုက်တုန်နေရှာ၏။ ရွာဟု ထင်ရသောနေရာမှာ မိုင်ဝက်ခန့်ဝေးသေးရာ လုလင်က
“ကဲ သွားကြစို့ လမ်းလျှောက်ရင်း နွေးလာလိမ့်မယ်”
လုလင်ကရှေ့မှ မိန်းမပျိုကနောက်မှ သွားကြ၏။ တစ်ခါတစ်ရံ နှစ်ယောက်သား ယှဉ်လျက်ဖြစ်သွားကြ၏။
“သူများမေးရင် မောင်နှမလို့ပြော၊ နာမည် ဘယ့်နှယ့်ခေါ်သလဲ”
"အမြင့်လို့ ခေါ်ကြတယ်၊ အပြည့်အစုံက ခင်စိုးမြင့်တဲ့”
“ကျုပ်နာမည် ထွန်းရင်တဲ့၊ မှတ်ထား”
“ဟုတ်ကဲ့ ကိုကိုထွန်းလို့ ခေါ်ပါ့မယ်”
"အသက် ဘယ်လောက်ရှိပြီလဲ"
"၁၈-နှစ်”
“ကျုပ် ၂၃-နှစ်”
ခဏစကားပြတ်သွားပြီး လျှောက်မြဲ လျှောက်လာကြ၏။ မိန်းမပျိုသည် လုလင်ပျိုအား တစ်စုံတစ်ရာ မေးလို၏။ နှုတ်မထွက်ရဲ။ သူမေးလိုသော အကြောင်းမှာ လူပျိုလား၊ အိမ်ထောင်နဲ့လား ဟူ၍ဖြစ်၏။ သူ၏ အသက်သခင်မှာ လူဟန်၊
အဝတ်အထည်၊ ရုပ် စသည်တို့မှာ အောက်တန်းစားမဟုတ်ဟု တွေးပြီးသောကြောင့်တည်း။
"မေမေလည်း ဘယ်လိုဖြစ်နေမလဲဘဲ၊ ဘုရား ဘုရား အသက်ချမ်းသာပါ့မလား”
လူတို့ဓမ္မတာအတိုင်း ရှေးဦးစွာ မိမိအသက်အတွက် အလွန်စိုးရိမ်ရသဖြင့် မိခင်အား သတိမရနိုင်။ မိမိအသက်ဘေး စိတ်ချရမှ မိခင်အား သတိရစွာ ပြောလိုက်ခြင်းဖြစ်၏။ လုလင်က...
“ရေကူးတတ်လား"
“ဘယ်ကူးတတ်မလဲ”
“ဓားပြရန်ကြောင့် ဘယ်သူမှ မကယ်ဝံ့ကြဘူး၊ ရေကူးတတ်တဲ့သူက လွဲရင်...”
လုလင် စကားမဆက်တော့။
မဆက်သော်လည်း အဓိပ္ပာယ်ပေါ်နေသဖြင့်...
"အမယ်လေး မေမေရဲ့၊ သမီး ဘယ့်နှယ်လုပ်ပြီး နေရစ်ရမှာလဲ မေမေရဲ့”
ဟု အပူတိုက် ငိုလိုက်ပြန်ရာ လုလင်က တရားချရ၏။
“အမြင့်အပူ အမြင့်သိတယ်၊ အမြင့်တို့မှာ ပထွေးနဲ့နေရတာ၊ မေမေလည်ပတ်လို့ ဘာမှမဖြစ်ပေမဲ့ မေမေမရှိရင် ခက်တယ်"
"ဒီပြင်ဆွေမျိုး မရှိဘူးလား"
“ရင်းရင်းချာချာရယ်လို့ မရှိဘူး၊ စစ်ဒဏ်ခံသွားကြရပြီ”
“ကျိုက်လတ်ကပဲလား”
“မဟုတ်ဘူး၊ ရန်ကုန်က မဂိုလမ်းမှာနေတယ်၊ ပထွေးက စိန်ပွဲစား၊ ကျိုက်လတ်က မိတ်ဆွေတစ်ဦးက သူ့စိန်ရတီ ၂၀-လောက် ထုခွဲပေးပါလို့ စာရတာနဲ့ မေမေနဲ့ လာကြတာပဲ”
"အနို့ အဲဒါလည်း အမြင့်အမေ့ဆီ ပါသွားရောပေါ့”
"မပါဘူး၊ အမြင့် ချွေးခံအင်္ကျီအိတ်ထဲမှာ (စမ်းကြည့်ရင်း) ရှိသေးတယ်၊ စိန်ရှင် သိပ်ကံကောင်းတာပဲ၊ ပြန်ပေးရင် ဘယ်လောက် ဝမ်းသာရှာမလဲ"
ထွန်းရင်သည် ခင်စိုးမြင့်၏ မြင့်မြတ်သောစိတ်ထားကို အထူးသဘောကျသွား၏။ စိန်များ အမေ့ထဲပါသွားသည်ဆိုက စိန်ရှင်သည် စွပ်စွဲနေမည်မဟုတ်။ လူတစ်ယောက်လုံး သေနေသဖြင့် ကံတူအကျိုးပေးဟု တရားနှင့်ဖြေကြမည်ဖြစ်၏။ စိန်ရတီ နှစ်ဆယ်ကား ကာလတန်ဖိုးနှင့် ငွေ ၇ဝဝဝ ကျပ် ၈ဝဝဝ ကျပ်ခန့် တန်၏။
"သာဓု သာဓု သာဓု အမြင့်”
ဟု ကောင်းချီးပေးလိုက်လေသည်။ ထွန်းရင်၏ လက်မောင်းကိုဆွဲကာ “ကိုကိုထွန်း ခဏစောင့်ပါဦး” ဟု ပြောကာ ချုံကွယ်တစ်ခုဆီသို့ ထွက်ခွာသွား၏။ ခင်စိုးမြင့် ချုံကွယ်သွားမှ ထွန်းရင်လည်း မိမိ၏ အာဘောသွန်ကိစ္စကို သတိရလေသည်။
ခင်စိုးမြင့် ပြန်လာသောအခါ အမြင့် နေရစ်ဦး ဟု ချုံကွယ်သို့ သွားပြန်၏။ ချုံကွယ်မှ ထွက်လာသောအခါ ခင်စိုးမြင့်မှာ ဘော်လီအင်္ကျီနှင့် အပေါ်အင်္ကျီ ချွတ်ပြီးလျှင် ရေညှစ်၍ သူ့ထဘီရင်ရှားပေါ်တွင် အပေါ်ဝတ်ကို ထပ်၍ဝတ်ထားသည်ကို တွေ့ရ၏။
"ရော့ ဒါကို ကိုကိုထွန်း ဘောင်းဘီအိတ်ထဲ ထည့်ထားစမ်းပါ”
ခင်စိုးမြင့်သည် သူ့လက်ထဲက ရေစို၍ကြေမွနေသော စက္ကူနှင့် လုံးထွေးနေသည့် စိန်ကြယ်သီး တစ်ရံ၊ စိန်နားကပ် တစ်ရံဖြစ်၏။ ကြယ်သီးတစ်လုံးလျှင် ၃ ရတီခန့်စီ ရှိ၏။ ထွန်းရင်သည် စိန်ထည်များကို သူ၏ဘောင်းဘီအိတ်ထဲသို့ ထည့်ထားလိုက်၏။
သူတို့တွေ့သောရွာကား ရွာကြီးမဟုတ်။ ၁၄-၅ အိမ်ထက်မများသော တံငါရွာကလေး ဖြစ်နေ၏။ ပိုက်ကွန်လှန်းထားခြင်း၊ ငါးညှီစော်နံခြင်းတို့က သက်သေခံနေလေသည်။ ရှေးဦးဆုံးတွေ့သော တဲတစ်တဲသို့ ဝင်ကြ၏။ တဲထဲ၌ အသက် ၄၀- နီးပါး မိန်းမတစ်ယောက်၊ အသက် ၁၆-နှစ်ခန့် တစ်ယောက်၊ ၁၃-နှစ်ခန့် တစ်ယောက်နှင့် ၅နှစ်ရွယ်မှ ၁၀-နှစ်ရွယ်အထိ ယောက်ျားကလေး သုံးယောက်ကို မြင်ကြ၏။ မိန်းမကြီးနှင့် ၁၆-နှစ်ရွယ်မှာ ချည်ကြမ်းလုံချည် အဖာအထေးကို ရင်ရှားထား၏။ အင်္ကျီနတၳိ ကျန်ယောက်ျားကလေး သုံးယောက်ကား တစ်ယောက်မှ ခါးဝတ်မရှိကြချေ။ ခင်စိုးမြင့်က အင်္ဂလိပ်ဘာသာဖြင့်
"အမြင့်ဖြင့် ဒီလိုမြင်ရတာ စိတ်ကို သိပ်ထိခိုက်တာပဲ၊ အမြင့်လက်ဆွဲအိတ်ထဲမှာ ငွေ ၃ဝဝ ကျပ်ပါတယ်၊ ခုတော့ ရေထဲ ခန္ဓာကြွေရစ်ပြီ"
"ဘာကိစ္စရှိပါသလဲ၊ ပုစွန်လိုချင်လို့လား”
ဟု မိန်းမကြီးက မေး၏။
“ကျွန်တော်တို့မော်တော် ဓားပြတိုက်ခံရပြီး မော်တော်နစ်လို့ လက်ပစ်ကူးလာကြတဲ့ သူတွေပါ။ ဒီမှာ မီးကလေးလှုံ၊ အဝတ်ကလေး ခြောက်အောင် လုပ်ချင်လို့ပါပဲ”
“ကိုကိုထွန်း အမြင့်ခါးက လုံချည်တော့ ခြောက်လုနီးနေပြီ”
"ကိုကိုထွန်း ဘောင်းဘီလည်း အတွင်းအိတ်တွေလောက် စိုနေတာပဲ”
တဲအတွင်း၌ အမြင့်တစ်ပေခန့် မျောတိုင်ကလေးပေါ်တွင် ဝါးကြမ်းခင်းထား၏။ အလျား ၁ ပေ၊ အနံ ၆ ပေလောက် ရှိ၏။ သင်ဖြူးမရှိ။ ဖျာကောင်းကောင်းပင် မရှိ။ ညစ်ပေသော စောင်နှင့် ခေါင်းအုံးအချို့ တစ်နေရာတွင် စုထား၏။
"ဒါဖြင့် ထိုင်ဦးလေ၊ ဟို တင်ရီ မီးတောက်အောင် လုပ်လိုက်”
၁၆-နှစ်ရွယ်သည် လက်ဘက်ရည်ကြမ်းအိုး တည်ထား၍ မီးခိုးအူနေသော မီးဖိုက ထင်းစများကို ဆွကာဆွကာ မီးပြောင်းဖြင့် မှုတ်၍နေ၏။ မိန်းမကြီးသည် ညစ်ပေသော ချည်ကြမ်းလုံချည် တစ်ထည်ယူကာ ထွန်းရင်အား လှမ်းပေးရင်း...
"အဒေါ်တို့တော့ ဒါပဲရှိတယ် မောင်ရဲ့”
“ကိစ္စမရှိပါဘူး အဒေါ်"
ဟု လှမ်းယူကာ ခါးကဘောင်းဘီနှင့် အတွင်းခံ ဆပ်စပင်တာကို ချွတ်ချလိုက်၏။
“သွားလေ အမြင့်၊ လက်ကလေး ခြေဖဝါးကလေး နွေးလာအောင် ကင်လိုက်ဦး၊ ပြီးတော့ ဘော်လီ ခြောက်အောင်လုပ်”
ထွန်းရင်သည် ဘောင်းဘီကို ကောက်ယူကာ ဘောင်းဘီအိတ်ထဲက ပစ္စည်းများကို
လက်ကိုင်ပုဝါထဲ ထည့်ပြီးလျှင် ...
“အိုကွယ် အမြင့်ကလည်း ကိုကိုထွန်း လုပ်မှာပေါ့”
ဟု ပြောလိုက်၏။ ထွန်းရင်လည်း ခင်စိုးမြင့်ရှိရာသို့ သွားပြီးလျှင် ဘောင်းဘီအတွင်းအိတ်များကို မီးကင်နေ၏။ နှစ်ယောက်သား မျက်နှာချင်းဆိုင် နီးနီးကပ်ကပ်ထိုင်၍နေကြရာ ထွန်းရင်မှာ ထိုအခါကျမှ ခင်စိုးမြင့်၏ နှာတံပေါ်ပုံ မျက်တောင်ကော့အတွင်းက ကြည်လင်သောမျက်လုံး၊ နဖူးဆံစတို့ကို ထင်ရှားစွာ မြင်ရ၏။ သွေးပူတုန်းက ဘာမျှစိတ်မဖောက်ပြားခဲ့ဘဲ သွေးအေးမှ စိတ်ရိုးတိုးရွတ ဖြစ်၍သွား၏။
ခင်စိုးမြင့်စိတ်တွင်လည်း လူကင်းသောနေရာမှ နှစ်ယောက်တည်း လာကြရာ သူသာမရိုးက အခက်ဟု တွေးမိသဖြင့် ကျေးဇူးတင်သော အမူအရာနှင့် ထွန်းရင်၏ မျက်နှာကို မကြာခဏ မော့ကြည့်မိ၏။ လူသားဖို,မတို့၏ အချစ်ကား ချစ်စကား ချစ်စာလွှာ မပြောခင်ကပင် ချစ်နှင့်ပြီးဖြစ်တတ်ရာ သူတို့နှစ်ဦးမှာလည်း အတွင်းစိတ် ယိုဖိတ်နေကြလေသည်။
ထိုအခိုက် ကမ်းနားဘက်ဆီမှ တင်ရီရေဟု အော်ခေါ်သံ ကြားရ၏။ လှေကလေးတစ်စင်း ဆိုက်နေသည်ကို မြင်ကြရ၏။ ၁၆-နှစ်ရွယ်သည် တောင်းတစ်လုံးဖြင့် ဆင်း၍သွား၏။ မကြာမီပင် အသက် ၄၅-နှစ်ခန့် ခါးတောင်းကျိုက်နှင့် လူတစ်ယောက်၊ တင်ရီမှာ တောင်းကလေးရွက်၍ ဝင်လာကြ၏။ တောင်းထဲ၌ ပုစွန်များ ငါးများပါလာ၏။
“ဟေ့ မမင်း လုံကွင်းပေးစမ်းဟေ့”
ဟု ပြောလိုက်ရာ၊ မိန်းမကြီးသည် လူကြီးအနားသို့သွား၍ တစ်စုံတစ်ရာ တိုးတိုးပြောလိုက်၏။ ထွန်းရင်လည်း အလိုက်သိစွာ ဆပ်စပင်တာဘောင်းဘီကို ဝတ်ပြီးလျှင် သူ့ခါးကလုံချည်ကို လူကြီးအား ပေးလိုက်လေသည်။
ခင်စိုးမြင့်လည်း ဇာဘော်လီ၊ အဝတ်အင်္ကျီများ ထပ်၍ဝတ်ဆင်ကာ ထွန်းရင်၏ ရွှေတောင်လုံချည်ကို အတွင်းသို့ ခေါက်သွင်း၍ ချဝတ်လိုက်၏။ လူကြီးက အကျိုးအကြောင်းမေးသဖြင့် ထွန်းရင်က အကျိုးအကြောင်းပြောရာ၊ စုတ်သပ်နေ၏။
ထွန်းရင်သည် သူ့ဘောင်းဘီအိတ်ထဲက ဝါတာပရုအိတ်ကို ထုတ်ပြပြီးလျှင်
“ကဲ အမြင့်၊ ဒီမှာ ငွေ ၅ဝဝ ကျပ်လောက်ပါတယ်၊ အမြင့် ကလေးတွေ အဝတ်ဝယ်ပေးချင်ရင် အတိုင်းအထွာယူခဲ့”
ဟု အင်္ဂလိပ်လို ပြောလိုက်၏။
ခင်စိုးမြင့်သည် ကလေးမနှစ်ယောက်၏ ကိုယ်အတိုင်းအထွာကို လက်ဖြင့် မှတ်သား တိုင်းထွာနေ၏။ ထွန်းရင်က လူကြီးအား...
"ဦးလေး ရေတက်မှာ ကျွန်တော်တို့ကို ကျိုက်လတ်ပို့ပေးပါ၊ ဟိုကျရင် ဦးလေးတို့ တစ်အိမ်လုံးအတွက် ဝတ်စုံတစ်စုံစီ ဝယ်ပေးမယ်”
သို့ဖြင့် ရေတက်ချိန်တွင် ထွန်းရင်က ပဲ့ကိုင်လျက်၊ လူကြီးက ရှေ့ကလှော်စေပြီးလျှင် လှေငယ်ဖြင့် ထွက်ခွာခဲ့ကြ၏။ ရေတက်လည်း ဖြစ်ပြန်၊ ထွန်းရင်၏ ခွန်အားဗလကလည်း ကောင်းသဖြင့်၊ လှေကလေးမှာ ရိပ်ကနဲ ရိပ်ကနဲ ပြေး၍နေ၏။ ခင်စိုးမြင့်ကား ထွန်းရင်ဘက် လှည့်ထိုင်ကာ ထွန်းရင်၏ ရင်အုံနှင့် လက်မောင်းကြွက်သားကြီးများကို သဘောကျနေလေသည်။
၎င်းတို့သည် ကျိုက်လတ်သို့ ညနေ ၅-နာရီခွဲခန့်တွင် ရောက်ကြ၏။ ကုန်စုံဆိုင်တစ်ဆိုင်တွင် အကြီးမနှစ်ယောက်အဖို့ ဘော်လီနှင့် ပေါ်ပလင် အပေါ်ဝတ် နှစ်စုံစီ၊ အငယ်ကလေးတွေဖို့ လုံချည်၊ ရှပ်လက်တို တစ်စုံစီ၊ မိန်းမကြီးနှင့် ယောက်ျားကြီးဖို့ ဝတ်စုံတစ်စုံစီ၊ ဆန်တစ်တင်း၊ ဆီနှစ်ပိဿာခွဲဝင် တစ်လုံး၊ ငါးပိ၊ ငရုတ်၊ ကြက်သွန်နီဖြူများပါဝယ်၍ ကူလီနှင့် လှေငယ်ပေါ်သို့ တင်ပေးလိုက်ရာ လူကြီးမှာ ဝမ်းသာ၍မဆုံး၊ ကျေးဇူးတင်၍ မဆုံး၊ တတ်သမျှ မှတ်သမျှ ဆုတောင်းသွားရှာသည်။
ကျိုက်လတ်ဌာနသို့ နှစ်ယောက်သား သွားရောက် စုံစမ်းသောအခါ ခင်စိုးမြင့် ငိုပွဲတွေ့ပြန်၏။ မိခင်မှာ သေဆုံးသူစာရင်းတွင် တွေ့ရသောကြောင့်တည်း။ ထွန်းရင်ကပင် တရားပြ၊ ချော့မော့ခေါ်ခဲ့၏။ လမ်းတွင် ...
“ကိုကိုထွန်း ကျိုက်လတ်ကပဲလား"
"မဟုတ်ဘူး ရန်ကုန်က၊ ကြည့်မြင်တိုင်မှာ နေတယ်”
“အိမ်ထောင်နဲ့လား"
(မရဲတရဲ မေးသည်။)
“ဟုတ်တယ် အိမ်ထောင်နဲ့ပဲ”
ခင်စိုးမြင့် မျက်နှာ မသိမသာ ပျက်၍သွား၏။ နှစ်ယောက်သားသည် ၆-လမ်းထဲသို့ လာကြရာ ခင်စိုးမြင့်က "ဒီအိမ်ပဲ” ဆို၍ နှစ်ထပ်အိမ်ပေါ်သို့ တက်ရောက်သွားကြရာ အိမ်ရှင်များမှာ ဝမ်းသာအားရနှင့် “အမြင့် အမြင့် ကံကောင်းလိုက်တာနော်” ဟု ဖက်ရမ်းလုပ်ကြ၏။ ခင်စိုးမြင့်က ...
“ကိုကိုထွန်း ဟိုဟာ ကြီးကြီးကို ပေးလိုက်ပါ"
ထွန်းရင်သည် ဘောင်းဘီအိတ်ထဲက စိန်များကို ဆီးကြိုနှုတ်ဆက်သူ အဒေါ်ကြီးအား ပေးလိုက်ရာ ..
"ဟင် ဒါတွေ ရေထဲမပါဘူးနော်၊ ကဲ ကဲ ဟောဒါ အမြင့်ယူ”
ဟု စိန်နားကပ်ကို ပေး၏။
"အို နေပါစေ ကြီးကြီးရဲ့၊ မလိုချင်ပါဘူး”
"ရေအဆုံး၊ ကုန်းတစ်ဝက်တဲ့ နည်းတောင်နည်းသေးတယ်၊ ယူပါ”
ဟု အထပ်ထပ်ပေးသော်လည်း မယူသဖြင့်၊ အဒေါ်ကြီးသည် သူ့လက်သူကြွယ်က စိန်ခြယ်လက်စွပ်ကို ချွတ်ကာ အတင်းဝတ်ပေးလိုက်လေသည်။ အကျိုးအကြောင်း ပြောပြပြီးနောက် ခင်စိုးမြင့်သည် ထွန်းရင်နောက်သို့ လိုက်လာ၏။ ထွန်းရင်တည်းခိုသောအိမ်မှာ သုံးလမ်းတွင်ဖြစ်ရာ ခေါက်ဆွဲကြော်ဆိုင်တွင် ခေါက်ဆွဲကြော်များ ဝင်စားပြီးလျှင် သုံးလမ်းသို့ ဝင်ခဲ့ကြ၏။
"ဟာ .. ကိုထွန်းရင်ပါလား”
အိမ်အောက်ထပ်သို့ ဝင်မိ၍ ၂ဝဝ-အား ဓာတ်မီးရောင်က ထွန်းရင်၏ မျက်နှာကို အဟပ်လိုက် ထွန်းရင်နှင့် အသက်တူ လူတစ်ယောက်က ဆီး၍ ဝမ်းသာအားရ နှုတ်ဆက်လိုက်ခြင်း ဖြစ်၏။
“ကျွန်တော် အထင်သား၊ ခင်ဗျားတော့ ဓားပြကျည်ဆံ မထိရင် ရေနစ်လို့တော့ သေမဲ့လူ မဟုတ်ဘူးလို့”
နှစ်ယောက်သား အကျိုးအကြောင်း ပြောဆိုနေကြသည်မှာ တစ်နာရီခန့်ကြာ၏။ ခင်စိုးမြင့်မှာ နားထောင်၍သာ မျက်နှာနှစ်ခုကို တစ်လှည့်စီကြည့်နေ၏။ အိမ်ခံလူက...
"အိုင်ဆေး၊ ဒါထက် အိမ်မှာ ထမင်းတော့ မရှိဘူး၊ ဘာစားမလဲ အဝယ်ခိုင်းလိုက်မယ်”
"နေပေ့စီ ကိုသန်းမြင့်၊ ခုပဲ ခေါက်ဆွဲကြော် စားလာကြတယ်”
အချိန်ကား ၇-နာရီခွဲခန့် ရှိပြီဖြစ်၏။ ထွန်းရင်သည် အိမ်သာသို့ ထ၍သွားရာ၊ ကိုသန်းမြင့်ဆိုသူနှင့် ခင်စိုးမြင့် စားပွဲတွင် ကျန်ရစ်ကြ၏။
"ခင်ဗျားတို့တော့ ကံတူအကျိုးပေး ဖြစ်နေကြတော့တာပဲ"
"ကျွန်မ မိဘမွေးတဲ့အသက် မရှိတော့ပါဘူးရှင်၊ သူပေးတဲ့အသက်ပဲ ရှိပါတယ်”
”... ... ... ... ...”
”... ... ... ... ...”
”... ... ... ... ...”
”ဪ ကိုထွန်းရင် ကိုထွန်းရင်၊ ဒီထိ သစ္စာကြီးတဲ့လူပဲ”
“ကျွန်မ နားမလည်ပါဘူးရှင်”
"သူနဲ့ကျွန်တော်ဟာ ကောလိပ်ကျောင်းကတည်းက အတူတူ အလွန်ခင်တဲ့ သူငယ်ချင်း၊ ဘယ်မှာ မယားရှိဦးမှာလဲ၊ သူ့စေတနာရိုးနဲ့ အသက်ကယ်တာကို ခင်ဗျားအထင်လွဲ ...”
ခြေသံကြားသဖြင့် စကားရပ်၍ တဖန် ထွန်းရင်ကိုကြည့်ကာ ..
"ဟေ့လူ ခင်ဗျား မခင်စိုးမြင့်ကို မယားရှိတယ်လို့ ပြောတယ်ဆို”
ထွန်းရင် ဘာမျှမပြော၊ ရယ်၍သာနေ၏။ ခင်စိုးမြင့်ကား မျက်နှာညှိုးကြသွား၏။ ထွန်းရင်သည် သူ့အား မိတ်ဆွေလို နှမအရင်းလိုသာ ခင်သည်။ အခြားနည်း ခင်ချင်ပုံမရ။ ထို့ကြောင့်သာ မယားမရှိဘဲ မယားရှိသယောင် ပြောခြင်းဟု တွေးမိသောကြောင့်တည်း။
"ကိုထွန်းရင် ကနေ့ညအိပ်ရင် အရှေ့ဘက်ခန်းက နှစ်ယောက်အိပ်ခုတင်မှာ အိပ်ရမယ်နော်၊ မခင်စိုးမြင့်က သူ့အနောက်ဘက်ခန်း တစ်ယောက်အိပ်ခုတင်မှာ အိပ်ရမယ်”
"ဒါထက် လုံချည်တစ်ထည်လောက် ပေးပါဦးဗျ"
သန်းမြင့်က ပိုးလုံချည်တစ်ထည် အခန်းတစ်ခန်းထဲက ယူပေးသဖြင့် ခါးက ဘောင်းဘီတိုနှင့် လဲလိုက်လေသည်။ ည ၉-နာရီခန့်တွင် အိမ်အပေါ်ထပ်သို့ တက်ရောက်သွားကြ၏။ ခင်စိုးမြင့်နှင့် ထွန်းရင်မှာ တစ်ယောက် တစ်ခန်းစီ အိပ်ကြရန် ကိုယ့်အခန်းကိုယ် ဝင်ရောက်သည်အထိ သန်းမြင့်က လိုက်ပို့၏။
ခင်စိုးမြင့်ကား မအိပ်သေးဘဲ ပြတင်းတစ်ခုနှင့်ကာ၊ မတ်တတ်ရပ်၍ ကောင်းကင်ပြင်ကို ငေးကြည့်နေ၏။ လခြမ်းကလေးသည် ကြယ်တွေ၏ အလယ်တွင် လူကျယ်လုပ်ကာ အလင်းရောင် ပို၍ပေးနေ၏။
"အမြင့် ...”
နောက်ခေါ်သံကြားသဖြင့် လှည့်ကြည့်လိုက်ရာ ထွန်းရင်ဖြစ်နေ၏။ အမြင့်၏ ပခုံးကလေး လှုပ်လာ၏။ ကိုယ်ကလေးပါ လှုပ်ပြီးလျှင် ငိုရှိုက်နေရှာသည်။
“ဘာလို့ငိုတာလဲ အမြင့်ရယ်”
"ကိုကိုက အမြင့်ကိုမှ မချစ်ဘဲ”
ဟု ကလေးဆိုးလို လွှတ်ခနဲ ပြောလိုက်ရှာ၏။
"မချစ်ဘူးလို့ ဘယ်သူက ပြောသလဲ”
တဖန်ဆက်ကာ " ချစ်ကြောင်း ခုပြမယ်ပေါ့” ဟု ခင်စိုးမြင့်၏ ကိုယ်ကလေးကို သူ့ရင်ခွင်ထဲတွင် ပါးပြင်ကို အထပ်ထပ်ကြူလိုက်၏။
သွေးသောက်မဂ္ဂဇင်း
၁၉၄၇-ခု၊ နိုဝင်ဘာလ
ဆရာမဟာဆွေ၊ ဝတၳုတိုပေါင်းချုပ် (၃) ပီဒီအက်ဖ်၊
စာမျက်နှာ ၃ - ၁၀။
စာရိုက် - စလေ ငနော့
Comments
Post a Comment