ခင်ဗျား လူဝါးဝမှာစိုးလို့ 🖊 သာဓု

ခင်ဗျား လူဝါးဝမှာစိုးလို့
•••••••••••••••••••••••••••

သာဓု

သာဓု အလွန်ချစ်သော သခင်အချို့သည် ဂျပန်ခေတ်က ဟန်ပြရရှိခဲ့သော အတုအယောင် အာဏာ မဖြစ်စလောက် ကလေးကိုပင် မမြင်ဖူး၍ မူးမြစ်ထင်ကာ အကြီးအကျယ် ဘဝင်ကိုင် နေကြသောကြောင့် နိုင်ငံရေးသမားများကို စိတ်ပျက် ပြီး (နိုင်ငံရေးကိုမူ အသက်နှင့်ထပ်တူ ချစ်၏။) ခပ်အေးအေးပင် ပူတူတူးပေါင်ဒါ လုပ်ရောင်းနေခဲ့၏။

ထမင်း၊ လက်ဖက်ရည်၊ စွပ်ကျယ် တစ်ပတ်နွမ်းက အစ တဖွဖွ အလှူခံလေ့ရှိသော သခင်အချို့ပင်လျှင် ရာဇဝတ်အုပ် လေး အစ ရုံးအမှုထမ်းလေးအစ ဖြစ်လာသည် နှင့် သာဓုကို တွေ့သည်ကိုပင် မမြင်ဟန် ဆောင်သွားတတ်ကြသည်။ ပက်ပင်းတိုးနေသော အခါများတွင်လည်း စကားဟဟ မပြော။ ထိုလို သခင်များအနက် ရာထူးကြီးသူများက ပို၍ဆိုးသည်။ အာဏာများများရှိလေ များများ အဖက်မလုပ်ချင်ကြလေ ဖြစ်ကုန်ကြသည်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်း တစ်ခါက ပြောဖူးသည်။

ထိုတစ်ခါက ဆိုသည်မှာ အရွေးခံရသော လွှတ်တော် အမတ် သခင်များနှင့် ဆွေးနွေးကြသော အခါ ကဖြစ်၏။ အဓိက အကြောင်းအရင်းမှာ ပြည်သူတို့၏ အခွန်ငွေကို ချွေတာ သောအားဖြင့် လည်းကောင်း၊ ပိုသောငွေကို အခြားနေရာ လူထုအကျိုးအတွက် သုံးနိုင်ရန် လည်းကောင်း၊ သခင်အမတ် များက လခမယူရန် ဆွေးနွေးဆုံးဖြတ် အတည် ပြုသောကာလ၊ သခင်အမတ်များကလည်း လစာမယူဘဲ နေကြမည်ဟု ကတိ ပြုသော အချိန်အခါသမယ။ ယင်းအခါက ပြောဖူးသည်မှာ

“အေး၊ တို့သခင်တွေ ခုတော့ အတော်ဟုတ်တာပဲ၊ ဒါပေ မယ့် ဒီကောင်တွေ သိပ်တော့ စိတ်မချရသေးဘူး၊ ဝန်ကြီးလေး ဘာလေး ဖြစ်ပြီးမှ သူတို့စိတ်ထား အမှန်ကို သိရမှာ၊ ဘယ်သူ ဆောင့်ကြွားကြွား ဖြစ်လာမလဲ ဆိုတာ”

ဆရာကြီး ထင်သည့် (နိုင်ငံရေးဗေဒင် ဟောလိုက်သည့်) အတိုင်းပင် ကွက်တိ မှန်နေသည်ကို ဂျပန်ခေတ်က လက်တွေ့ သိလိုက်ရချေ၏။ (အထက်ပါ ဒုတိယအပိုဒ်အတိုင်း။)

လွတ်လပ်ရေးရပြီးစ တစ်နေ့တွင် သာဓုသည် ရွှေတိဂုံ ဘုရားလမ်း ကျားကူးကွက်သစ်ရှိ တဲတစ်လုံးတွင် စာပုံနှိပ်ရိုက် နေသည့်အခိုက် ''လဲဗီးတပ်” ယူနီဖောင်းဖြင့် အရာရှိတစ်ယောက် ပေါက်လာသည်။ သူ့နောက်တွင် ငယ်သားတပ်သား ရာထူးအဆင့်ဆင့်တို့ သုံးလေးယောက်လည်း ပါလာသည်။ ရုတ်တရက် သူ မမှတ်မိ။ ဘယ်သူပါလိမ့်ဟု အကဲခတ်ရင်း ကုလားထိုင်များ ထုတ်ပေးလိုက်သည်။

သာဓုမှာ ပုံနှိပ်စက် ရိုက်နေဆဲတန်းလန်းက ထ၍ ဧည့်ခံရ သောကြောင့် တစ်ကိုယ်လုံး ပေကျံနေသည်နှင့် လက်ဆေးရန် အလှည့်လိုက်တွင်

“ဟေ့၊ ထိုင်ပါဦးကွ”

ထိုအသံကြောင့် ပြန်လှည့်အကြည့်တွင် ထိုအရာရှိ၏ အပြုံးကို မြင်လိုက်ရမှ ရေနံသပိတ် အရေးတော်ပုံ အတွင်းက
သာဓုတို့ ရေနံသပိတ်တပ်ကြီး ချီလာစဉ် သရက်မြို့မှ လိုက် လာသော သခင်တစ်ယောက် ဖြစ်နေသည်ကို သိရ၏။ ထိုစဉ် က အလွန်ရိုးသော အေးသော၊ သိမ်မွေ့လှသော သခင်တစ်ဦး ဖြစ်လျက် သာဓုတို့ နှင့်အတူ ပုဏ္ဏက သခင်ထွန်းစိန် တို့မှာ တတွဲတွဲဖြင့် အလွန် ချစ်ခင်ခဲ့ကြသည်။ တစ်ဦးကို တစ်ဦး လေးစားကြသည်။

ယခုမူ သူက

“ဟေ့ ထိုင်ပါဦးကွ”

ဟု စကားစလိုက်သဖြင့် သာဓုစိတ်တွင် တစ်မျိုးဖြစ်သွားသည်။

“ငါ ရန်ကုန်ရောက်ကတည်းက မင်းကို လိုက်ရှာနေတာ၊ ခု သခင်သက်တင် ပြောလိုက်မှ မင်းဒီမှာနေကြောင်း သိရလို့ ငါ လာခဲ့တာပဲ”

သာဓုတစ်ကိုယ်လုံး ကျင်သွားသည်။ သူသည် ရေနံသပိတ် တစ်လျှောက်လုံး အပြုံးနှင့် နူးညံ့သိမ်မွေ့ခဲ့သည်။ သူ့ထက် ငါးနှစ်ခန့်ငယ်သော မင်းဘူးမှလိုက်လာသည့် သခင်သိန်းလေး ဆိုသူကိုပင် “ခင်ဗျား၊ ကျွန်တော်၊ ဟုတ်ကဲ့” စသည်ဖြင့် ပျော့ ပျောင်းခဲ့ပါလျက်၊ သာဓုကို ပို၍ လေးစားခဲ့ပါလျက်၊ အဘယ်ကြောင့် မင်းတွေ ငါတွေနှင့် စကားမိုက်လုံး ကြီးနေသည်မသိ၊ သူ့ထက် ဆယ်ပြန်မကသော ခေါင်းဆောင်ကြီးများ၊ ဝန်ကြီး များပင်လျှင် သာဓုအား ဤလို ရင့်ရင့်သီးသီး စကားလုံးမသုံး။

“အေး၊ ငါဒီမှာနေကြောင်း မင်းသိပြီ၊ သိလို့ လာပြီ၊ ငါနဲ့ လည်းတွေ့ပြီ၊ ကဲ မင်းငါ့ကို ဘာပြောချင်သလဲ၊ ပြောပြီးရင် ပြန်၊ ငါ အလုပ်ရှိသေးတယ်”

သို့ လျှင် သာဓုကလည်း ခပ်ရင့်ရင့် သုံးလိုက်သောကြောင့် သူ အတော်ကြီး မျက်နှာပျက်သွားသည်။ သူ နှင့် ပါလာသူများ လည်း အံ့အားသင့်ကုန်ကြသည်။ ကွယ်ရာတွင် သူက သူ့ငယ် သားများအား မည်သို့ မည်ပုံ လေလုံးထွားခဲ့သည်ကို တွေးစရာ မလို။ ယင်းတို့၏ အမူအရာအားဖြင့် သိသာနေပြီဖြစ်၏။

သူရုတ်တရက် ဘာမျှဆက်မပြောနိုင်၊ လက်ကိုင်ပုဝါထုတ် ချွေးသုတ်ဖြင့် ပြောရမည့်အကြောင်းအရာ ရှာနေသည်။

“ဒီမှာရဲဘော်တို့၊ သူနဲ့ ကျွန်တော်နဲ့ က ရေနံသပိတ်မှာ အ တူတူ အသေခံဗိုလ် လုပ်ခဲ့ကြတာပေါ့၊ သခင်ဘိုးလှကြီးပြီးရင် ပုဏ္ဏကသခင် ထွန်းစိန်၊ နောက် ကျွန်တော်၊ ကျွန်တော်ပြီးရင်
သခင်တင်ဦး၊ အဲ နောက်တော့ သူပေါ့၊ သူက ပဉ္စမတပ်ဗိုလ် ဆိုပါတော့”

သာဓုလည်း ထိုသို့ပင် သူနှင့်ပါလာသော ငယ်သားများ ဘက်သို့ လှည့်၍ ပြောပြလိုက်၏။ သူပို၍ မျက်နှာပျက်သွား သည်။ နောက် အခြားသော အလုပ်အကိုင် အကြောင်းများ
လောက်သာ ပြောပြီး လဲဗီးအရာရှိ ထပြန်သွားလေတော့သည် ဟူ၏။ (လဲဗီးတပ်ဆိုသည်မှာ ဖ ဆ ပ လ တို့၏ ခါးပိုက်ဆောင် လက်နက်ကိုင်တပ်ဖွဲ့၊ မကြာခဏလည်း အမည်ပြောင်း သည်။)

ထိုနေ့က သူတို့ ပြန်သွားပြီးနောက် အလုပ်လုပ်ရသည်မှာ မဖြောင့် ဖြစ်နေ၏။
သာဓုနေသော ကျားကူးရပ်ကွက် ဆိုသည်မှာ စစ်ဘေး ကြောင့် အနယ်နယ်မှ ပြေးလာကြသော ဒုက္ခသည်က လူ အများစုဖြစ်သည်။ လူပေါင်းစုံ၊ နယ်ပေါင်းစုံ ဖြစ်၍လည်း စရိုက်ပေါင်းစုံ ရှိကြသည်။ အချို့က ယဉ်ကျေးပြီး အချို့က အလွန်မိုက်ရိုင်းကြသည်။ သာဓုထက် ငယ်သူအချို့က သာဓု အား “မင်း-ငါ” အသုံးအနှုန်းသာမက တိုင်းထွာ၍ပင် ပြော တတ်ကြသော်လည်း သူ့စရိုက်နှင့်သူ ဖြစ်သောကြောင့် သာဓု စိတ်မဆိုးနိုင်၊ မကျေနပ်က နောက်ထပ် အရောမဝင်ဘဲ နေ လိုက်ရုံသာရှိသည်။

မိုက်ကန်းတတ်သူ၊ ဆက်လက် မိုက်ကန်းနေသည်ကို ဘာ ပြောရန် လိုတော့သနည်း၊ အလွန်ယဉ်ကျေး သိမ်မွေ့ ခဲ့သူက မိုက်ကန်းလာသည်ကိုမူ သာဓု သည်းမခံနိုင်၊ သို့ သည်းမခံနိုင် သည့် အကြောင်းရင်းများထဲတွင် သူ့အတွက် ယူကျုံးမရ ဖြစ်မိ ခြင်းလည်းပါသည်။

သတ္တလောကကြီးတွင် အဆိုးချည်းလည်း မရှိ၊ အကောင်း ချည်းလည်း မရှိ၊ အဆိုးနှင့်အကောင်း အမြဲ ဒွန်တွဲနေသည်ဟု သာဓုတို့၏ ကိုးကွယ်ဆည်းကပ်ရာ ဂေါတမဘုရားက ဟောပြ သွားသည်။

တစ်နေ့သော နေ့လယ်ပိုင်းအချိန် အထက်ပါ ကျားကူး ရပ်ကွက်မှာပင်၊ ပုံနှိပ်စက် ရိုက်နေစဉ်မှာပင် သာဓုတဲရှေ့ ပလက်ဖောင်းသို့ ကားအနက်ကလေး တစ်စီး ဆိုက်လာသဖြင့် သာဓု ဂရုတစိုက် ကြည့်နေမိသည်။ ကားမှာ ဝန်ကြီးများသာ အများအားဖြင့် စီးသော “ဝီစလီကား” ဖြစ်၍ သာဓုထံသို့ ပုံနှိပ်လုပ်ငန်း တစ်ခုခုအပ်ရန် လာသလော၊ လာတတ်ကြ သည်မှာ အိမ်တက် မင်္ဂလာဆွမ်းကျွေး၊ ဘုရားအနေကဇာတင်၊ ထိမ်းမြားမင်္ဂလာ စသည့် ဖိတ်ကြားစာများ အပ်နှံရန် ယခု လည်း သို့ပင် ထင်လိုက်မိ၏။

ထူးခြားသည်ကား ယခုလာရပ်သည့်ကားမှာ အခါတိုင်းက ကဲ့သို့ မဟုတ်၊ လက်နက်ကိုင် သက်တော်စောင့်များ ပါလာသည်။ ၎င်းတို့က ပထမဆင်းပြီး ကားနောက်တံခါးကို ဖွင့်ပေး လိုက်ရာ ခေါင်းပေါင်းနှင့် တိုက်ပုံ နှင့် အခန့်သား လူပုပု တစ်ယောက် ဆင်းလာသည်ကို တွေ့ရသဖြင့် သာဓု ပို၍ အကဲ ခတ်ကြည့် နေမိသည်။

ဝန်ကြီးများလား၊ ငါ့မိတ်ဆွေ ဝန်ကြီးတွေဆိုလည်း ငါ့ဆီ မလာဖူးကြပါဘူး။
ထိုသူလည်း ကားပေါ်မှဆင်းပြီး သာဓုတဲသို့ ဦးတည်
လျှောက်လာပြန် သောကြောင့်

“ဝန်ကြီး ဆိုရလောက်အောင်လည်း ဒီလောက် ပုတဲ့လူ ဝန်ကြီးအဖွဲ့ ထဲပါတာ မကြား မမြင်မိပါဘူး”

ထိုအတွေးများ လျှပ်ပြက်သလို တစ်ကွက်ပြီးတစ်ကွက် ပေါ်လာခိုက် ထိုလူ သာဓု တဲဝရောက်မှပင်

“ဟာ ဟေး၊ ခင်ဗျား ဘယ်လိုဖြစ်လာတာလဲ”

သာဓု ထိုမျှသာ ရေရွတ်နိုင်သည်။ တစိတ်လုံးလည်း အံ့ အားသင့်ခြင်းဖြင့် မအားမလပ် တွေနေသည်။ သာဓုမှာလည်း ထုံးစံအတိုင်း ပုံနှိပ်မင်၊ ရေနံဆီ၊ စက်ဆီတို့ဖြင့် ပေရေကာ စွပ်ကျယ်စုတ်၊ ဘောင်းဘီတို ကပိုကရိုနှင့် ညစ်ပေနေသည် ကိုပင် ထိုလူက မရွံမရှာ သာဓုလက်မောင်း နှစ်ဘက်ကို ဆုပ်ကိုင်ရင်း

“ဒီမှာ၊ ဒီမှာ သခင်ဖေသန်းရဲ့ ခု ကျွန်တော် ဝန်ကြီးဖြစ်လာပြီ''

သူသည် သာဓုကို ကိုင်ထားသည့် လက်တစ်ဘက်ကို ဖြုတ်ကာ လက်မဖြင့် သူ့ ရင်ညွန့်ကို ထောက်ပြရင်း ပြောနေ သည်။ သို့သော် သူ့အမူအရာတွင် ဘဝင်ကိုင်၍ မာနထောင် လာသည့် အသွင်မျိုးမရှိ။ ညီအစ်ကိုချင်း စာမေးပွဲအောင် သဖြင့် ဝမ်းသာအားရ လာကြွားသည့် အရိပ်လက္ခဏာမျိုး ဖြစ်၏။

သူကား အခြားသူမဟုတ်၊ ဤစာအုပ်တစ်နေရာတွင် ဖော်ပြ ထားသော ချင်းဗမာညီလာခံသို့ အတူသွားခဲ့ကြသည့် သခင်လွင် ဖြစ်ချေ၏။ ထိုအချိန်က စုတ်ပြတ် ပေရေနေသော သာဓု အား တရင်းတနှီး ယခုကဲ့သို့ ဖက်လှဲတကင်း ပြောဆိုပြုမူနေ သည်ကို သူ့သက်တော်စောင့်များရော ပတ်ဝန်းကျင်ကပါ တအံ့တသြ ငေးမောနေကြ၏။

“နေစမ်းပါဦး ဘယ်တုန်းက ဝန်ကြီး ဖြစ်လိုက်တာလဲ။ သတင်းမကြား ဘာမကြားနဲ့”

“ဒီနေ့ပဲဗျ၊ မျက်စိလည် လမ်းမှားပြီး ဝန်ကြီးဖြစ်သွားတယ်၊ ခုပဲ ကျမ်းကျိန် ပြီးပြန်လာတာ၊ အိမ်တောင် ပြန်မရောက်သေးဘူး၊ ဝန်ကြီး ပူပူနွေးနွေး ဘဝနဲ့ ပထမဆုံးတွေ့တာ ခင်ဗျားပဲ၊ တမင့်ကို ခင်ဗျာဆီ လာတွေ့တာ”

“အဲ၊ လာရတဲ့အကြောင်းက”

“ဘာအကြောင်းမှ မရှိဘူး၊ တမင်သက်သက်ကို ခင်ဗျာဆီ ဦးဦးဖျားဖျား လာနှုတ်ဆက်တာ၊ ခင်ဗျား လူဝါးဝမှာစိုးလို့”

သာဓုကရယ်၍

“ဘာကို လူဝါးဝရမှာလဲ”

“ခင်ဗျားက ယုံရတာမဟုတ်ဘူး၊ လူတောထဲပေမယ့် စိတ် မထင်ရင် စွပ်ပြောတတ်တယ် မဟုတ်လား”

ပြိုင်တူ ရယ်မိကြရာမှ သိသိသာသာ များလာသော ပတ် ဝန်းကျင် လူထုကို သာဓု အကဲ့ခတ်လိုက်မိ၏။ သူတို့လည်း ရယ်နေကြသည်။ သာဓုတို့ ကြည်နူးသလို သူတို့လည်း ဝေစု ယူကာ ကြည်နူးနေကြသည်။

“ကဲ ဘယ်လိုလဲ ပြန်တော့မလို့လား ထိုင်ဦးလေဗျာ”

''ဒီလိုနဲ့ ဘယ်ပြန်လိမ့်မလဲ၊ ဧည့်သည်လာတာ တစ်ခုခု တော့ ကျွေးမှပေါ့ ဗျာ”

''ဒါဖြင့် လက်ဖက်ရည်လား ကော်ဖီလား”

“ကျွန်တော့် ရဲဘော်တွေအတွက်ပဲ လက်ဖက်ရည် လုပ်ဗျာ၊ ဘယ်မလဲ ဆရာမကော”

မေးရင်းပြောရင်းပင် သခင်လွင်လည်း အလယ်ခန်းတွင် မောင်ဝဏ္ဏကို နို့တိုက်နေသည့် မခင်ညိုအား နှုတ်ဆက်စကား ပြောနေ၏။ သာဓုကလည်း တပည့်ကျော် မောင်မောင်လှ (ယခု ကာလာမောင်မောင်လှ) အား လက်ဖက်ရည် မှာခိုင်းပြီး အလယ်ခန်းသို့ ဝင်သွားရာ သခင်လွင် မရှိတော့ချေ။ နောက် ဖေးဘက် ဝင်သွားသည်ဆိုသဖြင့် လိုက်သွားသည်တွင် ဝန်ကြီး တစ်ယောက် အနေဖြင့် ပြုမူလိမ့်မည်ဟု မမျှော်လင့်မိသော အဖြစ်မျိုးနှင့် ကြုံလိုက်ရချေတော့၏။

သာဓု ဘာမျှမပြောဘဲ ရပ်ကြည့်နေသည်။ ခေါင်းပေါင်းစ တလူလူဖြင့် ဝန်ကြီးပေါက်စ သခင်လွင်သည် ကြောင်အိမ်ကို ဖွင့်၍ ပန်းကန်ပြားတစ်ချပ် ဆွဲယူကာ ထမင်းအိုးဖွင့်ပြီး ထမင်း ထည့်သည်။ နောက် ဒယ်အိုးထဲမှ ဘဲဥလုံးကြော် ဆီပြန်တစ် လုံးနှင့် အနှစ်အနည်းငယ် ခပ်ထည့်ကာ ကြောင်အိမ်ဖွင့်ပြန် သည်။ ငါးပိရည်နှစ်ဇွန်း ခပ်ထည့်ပြီး လှည့်အလာတွင် သာဓု နှင့် မျက်နှာချင်းဆိုင်မိကြသည်တွင် သာဓုအား ပြုံးကြည့်ပြီး ထမင်းနှင့် ဟင်းရော ငါးပိရည်ပါ အားပါးတရ ရောနယ်နေ သည်။ ထမင်းတစ်လုတ် သူ့ပါးစပ်ထဲ သွတ်သွင်းလိုက်စဉ်

“ပြောရောပေါ့ ဗျာ၊ ခူးခပ်ပေးမှာပေါ့”

ဟု သာဓုက ပြောရင်း မောင်ဝဏ္ဏတို့ အမေအား လှမ်းခေါ်လိုက်ရာ

“မခေါ်နဲ့ ဆရာမကို ပြောပြီးမှ ကျွန်တော့်ဟာကျွန်တော် လာခူးစားတာ၊ ခါတိုင်းလဲ ကျွန်တော်လာရင် ဒီလိုပဲ ခူးခပ် စားချင် စားတာပဲ မဟုတ်လား၊ ဆရာမ ကျောင်းသွားနေတုန်း”

သာဓုတို့အား လှမ်း၍ မြင်နေရသော နေရာတွင် လက်ဖက် ရည် သောက်နေကြသော သက်တော်စောင့် ရဲဘော်တို့မှာ လည်း ပို၍ ကဲ၍ အံ့သြငေးမောရင်း တစ်ယောက်မျက်နှာ တစ် ယောက်ကြည့်နေကြ၏။

“ကဲ လာဗျာ၊ အိမ်ရှေ့မှာ ထိုင်စား”

သာဓုက ပုပုဝန်ကြီးကို ဆွဲခေါ်လာပြီး အိမ်ရှေ့ဧည့်ခန်းသို့ ခေါ်လာသော်လည်း ကုလားထိုင်တွင် မထိုင်၊ စက္ကူထုပ်များ ပုံထားသည့် ကွပ်ပျစ်ပေါ်တက်၍ ဆောင့်ကြောင့်ကြီး ထိုင်စား နေပြန်ရာမှ သာဓုက တစ်စုံတစ်ရာ ပြောတော့မည်ကို သိသွား သည့်နှယ်

“ဘာလဲဗျ၊ တောအလှူမှာ ထိုင်စားနေတဲ့ တောသူကြီးနဲ့ တူ မနေဘူးလား၊ ခင်ဗျားပြောမှာ ကျွန်တော် သိပါတယ်ဗျာ”

ထိုအခိုက် ဆရာမထွက်လာပြီး “အို” ဟု ရေရွတ်လိုက်သည်နှင့်

“မဟုတ်ဘူး ဆရာမရဲ့၊ ထမင်းနဲ့ ဟင်းနဲ့ ခုလိုပုံပြီး စား တယ်ဆိုတာ ဒီအတိုင်း ထိုင်စားမှ အားရပါးရ ရှိတယ်ဗျ''

ဆိုက်ဆိုက်မြိုက်မြိုက် သာဓုနှင့်မှ ကြုံလိုက်ရသော ဝန်ကြီး ပေါက်စ သခင်လွင်၏ ရယ်စရာ ဖြစ်ရပ်တစ်ခုလည်း ရှိချေ သေး၏။

အထက်ပါ အရ သာဓုအိမ်တွင် ထမင်းခူးစားသွားပြီးနောက် တစ်ပတ်လောက်အကြာတွင် ပုံနှိပ်စက်ကိစ္စဖြင့် အတွင်းဝန်ရုံး သို့အသွား လန်ခြားတစ်စီးက ရှေ့မှဖြတ်ပြေးလာသော ကလေး တစ်ယောက်ကို အရှောင်လိုက်တွင် သာဓုကားနှင့် ဘွားခနဲ တိုက်မိတော့၏။ သာဓု ကားမောင်းလျှင် အလွန်သတိထား လေ့ရှိသည်နှင့်အညီ ကလေးကို ကြိုမြင်ကတည်းက အရှိန် သတ်ထားခဲ့၍သာ လန်ခြားကို တိုးမိရုံတိုက်မိသည်။ အရှိန် မပြင်းသော်လည်း လန်ခြားဆွဲသူ ကုလားမှာ အဘိုးကြီးဖြစ်၍ မထိန်းနိုင် မဟန်နိုင်ဖြစ်ကာ လန်ခြားမှာ နောက်သို့ ပက်လက် လန်ထောင်နေပြီး လန်ခြားကုလားသည်လည်း လမ်းနှင့်ခြေထောက် သုံးပေလောက် လွတ်ပြီးမြောက်နေသဖြင့် သာဓု ခပ် သုတ်သုတ် ပြေးဆင်းသွား၏။ လေထဲတွင် မြောက်နေသော လန်ခြားဘက်မှ ခုန်၍ လက်ကို ဆွဲခိုဆောင့်ချလိုက်မှ လန် ခြားမှာ ပုံမှန်အခြေသို့ ရောက်သွားစဉ်

“ဟာ သခင်ဖေသန်း”

“ဟေး၊ သခင်လွင်၊ ဘယ်လိုဝန်ကြီးလဲ ဒီဝန်ကြီးက”

“နေဦး၊ ကျွန်တော်လည်း လိုက်မယ်”

ဖိုင်တွဲကို ချိုင်းကြားညှပ်၍ လန်ခြားပေါ်မှ လွှားခနဲဆင်း၊ ကုလားကို ပိုက်ဆံပေး၊ သာဓုကားပေါ်သို့ ခပ်အေးအေး တက်လာသော သခင်လွင်အား ဝန်ကြီးတစ်ယောက်ဟု ရပ်ကြည့်နေ သူအချို့က သိ၍ ပြုံးစေ့စေ့ ဖြစ်နေကြ၏။

“အေးဗျာ၊ ဒီနေ့ ကားကလည် ပျက်နေ၊ ရုံးမှာကလဲ အရေး ကြီးတဲ့ကိစ္စတွေ ရှိနေတာနဲ့ လန်ခြားပဲ စီးခဲ့ရတယ်”

“ဘာလဲဗျ၊ အရေးမကြီးရင်တော့ လန်ခြားလည်း မစီးဘူး၊ ရုံးလည်း မလာတော့ဘူးလား''

“လုပ်ပြီ ခင်ဗျား၊ ကဲ ရုံးကိုလိုက်ပို့၊ ဟိုရောက်ရင် လက် ဖက်ရည်တိုက်မယ်”

☕☕☕

ဆရာသာဓု၊ သာဓု လူဝါးဝတယ် ပီဒီအက်ဖ်၊
စာမျက်နှာ ၇၉ - ၉၁။

စာ႐ိုက် - စလေ ငနော့


Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်