အမှိုက်မကလေး 🖊 သော်တာဆွေ

အမှိုက်မကလေး
•••••••••••••••••••••••

သော်တာဆွေ

ကိုယ်ပိုင်ကားကလေးတစ်စီးနှင့် တဝှီးဝှီးနေ၍ ပစ္စည်းဥစ္စာအားဖြင့် အထက်တန်းလွှာဟု ခေါ်ဆိုကြသော တက္ကသိုလ်ပညာတတ် မိန်းကလေးတစ်ယောက်အား အမှိုက်မကလေးဟု မဆိုပါ။ “အမှိုက်ကစ ပြာသာဒ်မီးလောင်” ဟူသောစကားကို မှီငြမ်းပြု၍သာ “အမှိုက်မကလေး” ဟု ရေးလိုက်ခြင်း ဖြစ်ပါသည်။

တဒင်္ဂအချိန်ကလေးအတွင်း သူကလေး၏ အမှတ်မထင် ရုတ်တရက် ပြောဆိုပြုမူလိုက်သည်ကြောင့် ကျွန်တော်တို့ လူကြီးအချို့တွင် တစ်သက်မှာ တစ်ခါသာ ကြုံကြိုက်ရ တတ်သည့် အခွင့်အရေးနှင့် ပိုင်ဆိုင်မှုသည် မမျှော်လင့်ဘဲ ဆုံးရှုံးပျက်စီးသွားရလေ၏။ သူကလေးကိုယ်တိုင်ကတော့ ဘာမှမသိလိုက်။ ရုတ်တရက် စက္ကန့် အနည်းငယ်ကလေး အတွင်း သူပြုမူချင်သည့် အမူအရာ၊ သူပြောချင်သည့် စကားကို ဟန်ပါပါ ဝါ ခရာတာတာ ဝင့်ကြွားလိုက်ရသည်နှင့်ပင် ကျေနပ်နှစ်သိမ့် ပီတိစိမ့်သွားပေမည်။ နောက်ပိုင်း တွင် လုံးဝ သိတော့မည် မဟုတ်ပေ။

ယခု ဤစာကို ကျွန်တော် ရေးလိုက်သော်လည်း သူကလေးသည် သည်စာမျိုးကို ဖတ်လေ့ရှိသော အဆင့်အတန်း မဟုတ်မူ၍ သင်းကလေး စိတ်မကောင်းများ ဖြစ်သွား လိမ့်မလားဟု ကျွန်တော်က စိုးရိမ်ပူပန်စရာလည်း မရှိပါ။ စာဖတ်သူအတွက်သာ တွေးတောဆင်ခြင်စရာ ရလိမ့်မည်ဟု ထင်မိသောကြောင့်သာ ဤစာကို ရေးလိုက်ခြင်း ဖြစ်ပါ၏။

အဖြစ်ကို သည်လိုပါ။

ကျွန်တော့်တွင် နှစ်ပေါင်းများစွာကပင် ချစ်ခင်လာခဲ့ သော မိတ်ဆွေကောင်း တစ်ယောက် ရှိ၏။ ၁၉၅၁ ခုနှစ်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုအစိုးရလက်ထက် ကချင်ပြည်နယ် မြစ်ကြီးနား မြို့၌ ကျင်းပသော မနောပွဲသို့ စာရေးဆရာလေးယောက် လိုက်ခွင့်ရသည်၌ ကျွန်တော် ပါဝင်သွားခဲ့လေ၏။

ဖေဖော်ဝါရီလ ၁၂ရက် နံနက် ၁၀နာရီခန့်တွင် ရန်ကုန်မှ ကျွန်တော်တို့ လိုက်ပါလာ ခဲ့ သော လေယာဉ် မြစ်ကြီးနားလေဆိပ်သို့ ဆင်းသက်လိုက်သောအခါ အသက် အစိတ်နှင့်သုံးဆယ်ကြား ခန့်မှန်းရသော လူချော၊ မိန်းမချော ဇနီးမောင်နှံတစ်စုံသည် စာရေးဆရာသော်တာဆွေ ပါလာမည်ဟု သတင်းစာထဲ တွေ့ ထားသဖြင့် ကျွန်တော့်ကို လာရောက်ကြိုဆိုနေကြ၏။ စာချင်းလည်း မဆက်သွယ်ဖူး၊ လူချင်းလည်း မမြင်ဖူးသေးသော စာရေးဆရာနှင့် စာဖတ်သူတို့ ယခုမှ ပထမဦးဆုံးအကြိမ် တွေ့ဆုံရခြင်း ဖြစ်လေ၏။

ထိုစဉ်က ထိုလေယာဉ်နှင့် ပါသွားသော စာရေးဆရာလေးယောက်မှာ ဂျာနယ်ကျော် မမလေး၊ ဒဂုန်တာရာ၊ မင်းရှင်နှင့် သော်တာဆွေတို့ ဖြစ်လေရာ ထိုလင်မယားသည် ကျွန်တော့်ကို ရွေးချယ်၍ သူတို့ အိမ်သို့ သူတို့ ဂျစ်ကားနှင့် ခေါ်ဆောင်သွားလေ၏။ သူတို့ အိမ်ကလေးသည် ဧရာဝတီကမ်းနဖူးဝယ် ပြန့်ပြူးသာယာသော ခြံဥယျာဉ်အတွင်း၌ လှပစွာ တည်ရှိနေပုံကလေးကို ယခုတိုင် ကျွန်တော့်မျက်စိထဲမှာ မြင်ယောင်ဆဲ။

သူတို့ ဇနီးမောင်နှံသည် မြစ်ကြီးနားဇာတိများ မဟုတ်ကြပေ။ လင်ယောက်ျား ဖြစ်သူက အစိုးရအမှုထမ်းဖြစ်၍ အလုပ်တာဝန်နှင့် ရောက်နေကြခြင်း ဖြစ်သည်။ ထိုမှစ၍ သူတို့ လင်မယားနှင့် ကျွန်တော် ခင်မင်ခဲ့ကြလေရာ ယောက်ျားဖြစ်သူ ကျွန်တော့်မိတ်ဆွေ ကိုချစ်ဆွေသည် အဆင့်ဆင့်တက်လာသော ရာထူးအမျိုးမျိုးနှင့် မြန်မာပြည်အရပ်ရပ် အမြို့မြို့အနယ်နယ် ရောက်သော်လည်း ကျွန်တော်နှင့် လူချင်းစာချင်း အဆက်အသွယ် မပြတ်။ နောက်ဆုံး သူ၏ အကြီးဆုံးသော ရာထူးနှင့် ရန်ကုန်မှာ နေရသောအခါကား ကျွန်တော်နှင့် လူချင်း ပိုမို၍နီးစပ်လျက် တယ်လီဖုန်း မကြာခဏ ဆက်သွယ်တတ်ကြ လေ၏။

သူတို့ လင်မယားနှင့် ကျွန်တော်တို့ လင်မယားသည် လင်စုံမယားဖက် ချစ်ခင်ကြသူများ ဖြစ်သည်။ မေ ကန်ဘဲ ဆရာအတတ်သင်ကျောင်းတွင် နေစဉ် ကျွန်တော်တို့ သမီး ရည်းစားသည် ထိုစဉ်က ပဲခူးမြို့ပိုင်ဖြစ်နေသော ကိုချစ်ဆွေတို့ နေအိမ်သို့ စနေ တနင်္ဂနွေ နေ့များ၌ သွားရောက်လည်ပတ်လေ့ရှိ၏။ နောင် ကျွန်တော်တို့ အိမ်ထောင်ကျပြီး နေထိုင်ခဲ့ကြသော ခုနှစ်မိုင် ရွာတန်းရှည် ရွာကလေးမှသည် ခြောက်မိုင် မာလကာခြံ အိမ်ကြီးအထိ သူတို့ လင်မယားက လာရောက်လည်ပတ်လေ့ရှိကြသည်။

သို့ရှိစဉ် “လင်မယားတို့ ၏ ဓမ္မတာထုံးတမ်းအရ အဆုံးစခန်းကျတော့ အပြုံးပန်း မလှ ပေဘူး။ မုဆိုးဖို မုဆိုးမရယ်လို့ မရချင် ရချင်ဘဲငယ်နှင့် လုရတဲ့ ပွဲတွင်” ကိုချစ်ဆွေသည် မုဆိုးဖိုဘဝကို မျက်ရည်ပေါက်ကြီးငယ်နှင့် ရရှိခဲ့လေ၏။ ထိုမှမကြာမီ သူ့အသက်သည် ၆၀ ပြည့်ပြန်လေသဖြင့် ဇနီးသည်က ချစ်လှစွာသောလင်သားကို စွန့်ခွာသွားရသကဲ့ သို့ ကိုချစ်ဆွေလည်း သူ၏ ချစ်လှစွာသော အလုပ်ခွင်မှ ပင်စင်ယူလိုက်ရလေ၏။
ဒါတင်ပဲတဲ့ လား မဟုတ်သေး။ ကိုချစ်ဆွေသည် ဇနီးသည်နှင့် ပျော်ရွှင်စွာနေထိုင်ခဲ့ သော အစိုးရ အလုပ်သမားရိပ်သာက ဂေဟာကြီးကိုလည်းကောင်း၊ အလုပ်ခွင်တွင် စီးခဲ့ သော မော်တော်ကားကိုလည်းကောင်း စွန့်လွှတ်လိုက်ရလေ၏။ ရာထူးကြီးနှင့် အတူရှိခဲ့ သော တပည့်သားမြေးများလည်း ကြက်ပျောက်ငှက်ပျောက်၊ စာကလေး အမြီးနုတ် ခေါင်းနုတ် နှင့် နောက်ဆုံးမှာ သူ့ခမျာလေးတွင် ပင်စင်လစာကလေးနှင့် အိမ်မဲရာမဲ။ သား လူပျို နှစ်ယောက်က အလုပ်ရှိနေပေ၍သာ။

ထိုရောအခါ သူချစ်လှစွာသော စာရေးဆရာ သော်တာဆွေနှင့် ကြံကြံဖန်ဖန် ဘဝကံချင်း လာ၍ တူညီနေပုံကား ကျွန်တော် ​သော်တာဆွေလည်း မိမိ အနှစ်အစိတ်ကျော် နေထိုင် ခဲ့ သော ခြောက်မိုင် မာလကာခြံအိမ်ကြီးမှ စွန့်ခွာခဲ့ရကာ ယခု အင်းစိန် မဂ္ဂင်ကျောင်း လမ်း အိမ်ငယ်ကလေး၌ ရောက်ရှိနေ၏။

ဤတွင် တစ်နေ့သ၌ အင်းစိန်မြို့စွန်မြို့ ဖျား အကြိုအကြားရှိ ကျွန်တော်၏ နေအိမ်သစ် ကလေးသို့ ကိုချစ်ဆွေသည် သူ့မြေးငယ်တစ်ယောက်နှင့် ခဲခဲယဉ်းယဉ်း ရောက်လာကာ သူ၏ပင်ကိုဝါသနာအလျောက် ရယ်စရာမောစရာများကို တသောသော ပြောပြီးနောက်...

“ကိုဆွေ ကျွန်တော်လဲ ခင်ဗျားလို ကိုယ်ပိုင်အိမ်ကလေးတစ်လုံးနဲ့ ခင်ဗျားနဲ့ နီးနီးနားနား နေချင်တယ်ဗျာ၊ ဒီအနီးအနားမှာ ရောင်းမယ့် အိမ်များခြံများ မရှိဘူးလားဗျာ”
“အဆင်သင့်ပဲ ရှိပါတယ်ရှင်၊ အဲဟိုခြံနဲ့ အိမ်ပါပဲ”

မေက ကျွန်တော့်အိမ် ခြံဝင်းနှင့် ငါးပေမျှသာကွာသော တစ်ဖက်ခြံကို ပြလိုက်ရာ ကိုချစ်ဆွေသည် ဝမ်းသာအားရ ထ၍ကြည့်လိုက်ပြီး...

“ဟာ.. အတော်ပဲ၊ ကျွန်တော်ဝယ်နိုင်တဲ့ အဖိုး ဖြစ်ပါစေဗျာ၊ ဘယ်လောက်တဲ့ လဲ”

“မေကြားတာတော့ တစ်သောင်းခြောက်ထောင်တဲ့ ကိုချစ်ဆွေရယ်”

“ဟာ..ဒီလောက်တော့ ကျွန်တော်တတ်နိုင်တယ်၊ တတ်နိုင်တယ်၊ လာ... ကိုဆွေ ကျွန်တော်တို့ ဒီအိမ် သွားကြည့်ရအောင်ဗျာ၊ အိမ်ရှင်ရှိရဲ့ လား”

“အိမ်ရှင်အဘွားကြီးကတော့ ပြည်တော်သာမှာနေတယ်ဗျ၊ ဒီအိမ်မှာ သူ့သားနဲ့ ချွေးမ နေကြတာ၊ အခု သူတို့ မရှိကြဘူး၊ ဒါပေမယ့် လာပါ၊ ကျွန်တော်တို့ နဲ့ ခင်ကြပါတယ်၊ ကြည့်လို့ ရပါတယ်”

ထိုခြံထဲရောက်၊ ထိုအိမ်ကို အိမ်တွင်းအိမ်ပြင် ကြည့်ကြပြီးနောက်၊ ကိုချစ်ဆွေက...
“ဒီအိမ်ကတော့ သိပ်မကောင်းဘူး၊ ပြင်ဆောက်ရမှာပဲ”

“ခင်ဗျားငွေတတ်နိုင်ရင် ကြိုက်သလို ပြင်ဆောက်လိုက်ပေါ့ ဗျာ၊ ခုအခြေအနေအတိုင်း ဆိုလဲ ခင်ဗျားမိသားစု နည်းနည်းပါးပါးပြင်ဆင်ပြီး နေနိုင်ပါတယ်ဗျ”

သူ တွေ၍ စဉ်းစားပြီး...

“အေး... ဟုတ်တယ်ဗျ”

''ခင်ဗျား အခု နံ့သာကုန်းမှာ နေတဲ့ အိမ်က စပေါ်ဘယ်လောက်၊ လခဘယ်လောက်လဲ”

“စပေါ်နှစ်သောင်း၊ အိမ်လခနှစ်ရာဗျာ”

“ဟာ... ဒါဖြင့် ကိုချစ်ဆွေ၊ ခင်ဗျား စိတ်ကူးမလွဲနဲ့တော့၊ ဒီခြံနဲ့ အိမ်သာ ဝယ်လိုက် ပေတော့၊ ခြံမြေအကျယ်ချင်း အတူတူပဲ၊ အိမ်ပဲ ဟိုကနည်းနည်းကြီးတာ”

“ဟိုက မီးရှိတယ်၊ ဒီက မီးမရှိဘူး”

“မီးတော့ ခင်ဗျားရောက်တော့ သွယ်တာပေါ့ ဗျာ၊ ဒီအင်းစိန်မှာ ခင်ဗျားအနေနဲ့ ရနိုင်ပါ လိမ့်မယ်ဗျ”

ကိုချစ်ဆွေသည် လွန်ခဲ့ သောတစ်ချိန်က အင်းစိန်မြို့တွင် မြို့ပိုင်လုပ်ခဲ့ ဖူး၏။

“အေး... ဟုတ်ပြီ၊ ဟိုအိမ်က စပေါ်ငွေ ပြန်တောင်းမယ်”

“အဲဒီစပေါ်ငွေနဲ့ပဲ ဒီမှာ အိမ်ပိုင်ခြံပိုင် ဖြစ်နေပြီဗျာ၊ ဒီငွေက လွယ်လွယ်တောင်းလို့ ရပါ့ မလား”

“ရတယ်ဗျ၊ အိမ်ရှင်က ကျွန်တော့်ကို ဝမ်နင်ပေးနေပြီ၊ သူ့အိမ်ကို ရောင်းချင်ပြီ ဝယ်နိုင်ရင် ဝယ်ပါ၊ မဝယ်နိုင်ရင် ဖယ်ပေးစေချင်ပြီတဲ့”

“သူ့အိမ်က ဘယ်လောက်တဲ့ လဲ”

“တစ်သိန်းခွဲတဲ့ ”

“ခင်ဗျား ဝယ်နိုင်မလား”

“ကြံကြံဖန်ဖန်၊ ကျားသားမိုးကြိုးဗျာ၊ ကျွန်တော့လက်ထဲ ငွေတစ်သောင်းပြည့်အောင်မှ မရှိတာဘဲ၊ ဒီအိမ်ဝယ်ဖို့ တောင် အဲဟိုက စပေါ်ငွေရမှဗျ”

“ခင်ဗျား ဝယ်မယ်မဟုတ်လား”

“ဝယ်မယ်ဗျာ၊ အဲဟို အိမ်ရှင်ကို ကျွန်တော် စကားပြောလိုက်တော့မယ်၊ ကိုဆွေလဲ ဒီအိမ်ရှင်နဲ့ စကားအပြတ်ပြောလိုက်တော့၊ လျှော့နိုင်ဦးမလား ဆစ်ကြည့်ဦးပေါ့ ဗျ”

သို့ သော် ထိုအိမ်ရှင်အဘွားကြီးနှင့်တွေ့၍ ကျွန်တော်တို့ က တစ်သောင်းခွဲနှင့် ရနိုင် မလား ဆစ်ကြည့်လိုက်တော့မှပင် တစ်သောင်းရှစ်ထောင်ရမှ ရောင်းတော့မည်ဟု ဆိုလေ သည်။ အကြောင်းမှာ ကိုချစ်ဆွေအလျင် ကျွန်တော်နှင့်ပတ်သက်ပြီး ရောက်လာသူ တစ်ဦးကို ကျွန်တော်နှင့်တစ်အိမ်ကျော် မြေကွက်ရှိ တဲငယ်တစ်လုံးကို တစ်သောင်း လေးထောင်နှင့် ကျွန်တော့်ဇနီးက အရောင်းအဝယ် လုပ်ပေးထားခဲ့ပြီးသောကြောင့် ဖြစ်၏။ ဤနှစ်ခုနှိုင်းယှဉ်လျှင် ယခု အဘွားကြီးအိမ်က ယခင်အိမ်ထက် များစွာ သာနေ သည်လည်း မှန်၏။ ထို့ကြောင့် ကျွန်တော်သည် ကိုချစ်ဆွေထံသွား၍ တစ်သောင်းရှစ်ထောင်နှင့်မှ ရနိုင်တော့မည်ဖြစ်ကြောင်း၊ ခြောက်ထောင်နှင့် မဟုတ်တော့ကြောင်း ပြောရလေ၏။

ထိုအခါ ကိုချစ်ဆွေလည်း ထိုအိမ်ရှင်နှင့် စကားပြောပြီးနေပြီဖြစ်သောကြောင့် ငွေ နှစ်ထောင်ကလေးအတွက်နှင့် ဘာမျှ အကြောင်းမထူးဘူး။ တစ်သောင်းရှစ်ထောင်နှင့်ပဲ ဝယ်တော့မည်ဟု ဆုံးဖြတ်လိုက်လေ၏။

ယင်း၌ ကျွန်တော်တို့ လင်မယားမှာ လွန်စွာဝမ်းသာသွားတော့၏။ အကြောင်းမှာ ကျွန်တော်တို့ လင်မယား မညားမီကပင် ချစ်ခင်ခဲ့ သော ကိုချစ်ဆွေနှင့် အိမ်ချင်းကပ်နေရတော့မည်။ ထိုအခါ ကိုချစ်ဆွေရောက်လာ၍ သူ့အိမ် လျှပ်စစ်မီးရလျှင် ယခု ဘက်ထရီမီးနှင့်သာ နေရသော ကျွန်တော်တို့ အိမ်သို့ မီးကူးယူမည်။ နောက်ပြီး ကိုချစ်ဆွေမှာ တီဗွီရှိသည်။ တယ်လီဖုန်းရှိသည်။ ကျွန်တော်နှစ်ဦးမှာ သူ့ အိမ်သည် ကိုယ့်အိမ်၊ ကိုယ့်အိမ်သည်သူ့ အိမ် နေကြမည်မဟုတ်ပါလား။ အိမ်နီးချင်းကလဲ ကပ်လျက်၊ ကျွန်တော့်အတွက် ဘယ်လောက်နိပ်သွားပြီနည်း။ မဂ္ဂဇင်းတိုက်တွေနှင့် ကျွန်တော် ဖုန်းနှင့် စကားပြောနိုင်ပြီ။

သော်တာဆွေတို့က ကိုယ့်မှာ ဘာမျှမရှိပေမယ့် ဘုန်းနှင့်ကံနှင့်ဟဲ့။ ကျွန်တော် တော်တော်လေး ဘဝင်မြင့်သွားမိ၏။

သို့သော်၊ အဲသည် သို့ သော်က တော်တော်ဆိုးရွား၏။ 

အခြေအနေတို့ သည် ဧကန် ဟန်ကျတော့မည်ဟု သေချာသလောက် အချိန်သို့ ရောက်နေပေပြီ။

ထိုနေ့ညနေ လေးနာရီခန့် ဝယ် ကျွန်တော်သည် နံ့သာကုန်းရှိ ကိုချစ်ဆွေအိမ်သို့ သွား၍ ခြံမြေရောင်းမည့်အဘွားကြီးနှင့် လူချင်း မျက်နှာစုံညီတွေ့ရန် ကိုချစ်ဆွေကို ခေါ်သည်။ အဘွားကြီးက နေ့လယ်လောက်ကပင် သူ့အိမ်သို့ ရောက်နေသည်။ ကိုချစ်ဆွေနှင့် သူ့ သား လူပျိုတစ်ယောက် ကျွန်တော်နှင့်အတူ လိုက်လာကြသည်။

ကျွန်တော်တို့ သုံးယောက် လမ်းလျှောက်လာကြသည်။ အင်းစိန် မင်းကြီးလမ်း အထက ကျောင်းရှေ့သို့ ရောက်သော် ကျွန်တော်တို့ နောက်မှ လိုက်လာသော ဒတ်ဆန်း အပြာကလေးတစ်စီးသည် ကျွန်တော်တို့ အနီး၌ ထိုးရပ်ကာ ကိုယ်တိုင်မောင်းလာသော အသက် နှစ်ဆယ်အစိတ်အရွယ် ခပ်ချောချောသူငယ်မသည် ကိုချစ်ဆွေအား.. 

“အစ်ကိုကြီး..... အစ်ကိုကြီး၊ ဘယ်သွားမလို့လဲ”

ကိုချစ်ဆွေက... 

“ဟာ... မ ပါလား၊ အစ်ကိုကြီး အိမ်ဝယ်မလို့ အဲဒီသွားကြမှာ” 

“ဟင် အစ်ကိုကြီး မကိုလဲ ဘာမှမပြောဘူး၊ မပါလိုက်မယ် ဘယ်မှာလဲ” 

“မဂ္ဂင်ကျောင်းလမ်းမှာ”

“လာ... ကားပေါ်တက်ကြ၊ အစ်ကိုကြီး ရှေ့ကလာ” 

ဆိုပြီး သူ့ ကားရှေ့တံခါး ဖွင့်ပေး ၏။ ကျွန်တော်နှင့် ကိုချစ်ဆွေသားက နောက်မှ တက်ကြ၏။

ကျွန်တော်သည် ဤခရီး ကားစီးသွားရ၍ ဝမ်းသာမိသော်လည်း ကိုချစ်ဆွေသား၏ မျက်နှာထားက တယ်ပြီး ကြည်ပုံမပေါ်။ ဤမိန်းကလေးကို သူ့ အဖေနှင့် ပတ်သက်ပြီး
ကောင်းကောင်းကြီး သိထားပုံပေါ်သည်။ မအဝှာကား ကားရှေ့ပိုင်းမှာ ကိုချစ်ဆွေနှင့် တွတ်ထိုးနေသည်။ 

မဂ္ဂင်ကျောင်းလမ်း ရောက်လတ်သော် ကျွန်တော့်အိမ်ရှိရာ လမ်းကြားကလေးက ကျဉ်း၍ ကားမဝင်ပါ။ ခြေဆယ့်လေးငါးလှမ်းမျှ လမ်းလျှောက်ဝင်ရသည်မို့ ကျွန်တော်တို့ ကားပေါ်က ဆင်းကြတော့ ဖအေက ကြည်ကြည်ဖြူဖြူ သားက ငြူစူစူဖြစ်နေသော ဤမိန်းကလေးကို ကျွန်တော် သေချာစွာ သတိထား၍ ကြည့်မိသည်။ အလ့ဲ အနိပ်ကလေးပဲ။

မဖြူမညို၊ မဆူမကြုံ၊ မနိမ့်မမြင့်၊ အလောတော် အလတ်တော် လူကြီးကြိုက်၊ လူငယ်ကြိုက်၊ အဘိုးကြီးများနှင့် အံကိုက်ပေတကား။ ဟန်အမူအရာလည်း ဖြိုးဖြိုး ဖျတ်ဖျတ်၊ ဆိုးဆိုးဆတ်ဆတ် ရှိပေ၏။ ဝယ်မည့်ခြံထဲ ရောက်သောအခါ သူငယ်မက...

“ဟင်.. နေရာကလဲ ချောင်ကျလိုက်တာ၊ အိမ်ကလဲ ချာတူးလန်” 

တိုက်ကြီးနှင့်နေသော အမျိုးသမီး၏ စကားသံ ထွက်လာတော့ ကိုချစ်ဆွေက...

“အို... ကိုယ်နဲ့ တန်ရာ၊ ကိုယ့်ရှိတဲ့ ငွေနဲ့ တိုင်းဝယ်ရတာပဲကွာ” 

သူတို့ချင်း စကားရှည်နေသော် အခြေအနေ မလှမည်စိုး၍ ကျွန်တော်က ကိုချစ်ဆွေနှင့် ခြံရှင်အဘွားကြီးကို တွေ့ ပေးလိုက်၏။ တစ်သောင်းရှင်ထောင်နှင့်ပဲ စနေနေ့မှာ စရန်သတ်မည်ဟု စကားပြတ်သွား၏။ ထိုနေ့မှာ အင်္ဂါဖြစ်လေတော့ ကြားမှာ သုံးရက်ပဲ ရှိတော့သည်။ 

သို့ရာတွင် မမျှော်လင့်သော အရာတစ်ခုက ကြားပေါက်ပေါ်လာ၏။ အကြောင်း သော်ကား ကိုချစ်ဆွေက သက်သက် စကားပိုလိုက်ခြင်း။

အသို့ ဟူမူ ကျွန်တော်တို့ မဂ္ဂလမ်းမပေါ် ပြန်ရောက်ကြသောအခါ ကျွန်တော်နေသော လမ်းထိပ်တည့်တည့်ရှိ အိမ်ငယ်ကလေးကို ထိုကောင်မလေးအား ကိုချစ်ဆွေက ပြ၍...

“ဒီအိမ်နဲ့ ဒီခြံကလေးက နှစ်သောင်းခွဲတဲ့ ကွာ” 

ယင်း၌ ကောင်မလေးက ဖြိုးဖြိုးဖျတ်ဖျတ် ဆိုးဆိုးဆတ်ဆတ်နှင့် ခြေထောက်ကလေး ဆောင့်လိုက်ကာ...

“ဟင့်..ဟင့် ဒါဖြင့် အစ်ကိုကြီး ဒီအိမ်ကို ဝယ်ရမယ် ဒီအိမ်ကို ဝယ်ရမယ်၊ ဟိုအိမ်ကို မဝယ်ရဘူး၊ ဟိုအိမ်လမ်းထဲ ကားဝင်လို့ မရဘူး”

ဆတ်စလူးအသံနှင့် အော်လေသည်။ ပတ်ဝန်းကျင်က အားလုံးကြားရ၏။ 

ကိုချစ်ဆွေ၏အသံက ခပ်တိုးတိုး။

“ခြံကလေးကလဲ ကျဉ်းတယ်၊ အိမ်ကလေးလဲ ပိုငယ်တယ်။ ဈေးကလဲ ပိုနေတယ်” 

“အို...ပိုပို၊ အိမ်ငယ်တာကလဲ အသစ်ကြီးကြီး ပြန်ဆောက်ရင် ရတာပေါ့၊ ဟင့်.. ဟင့်.. ဒီအိမ်ဝယ်ရမယ်နော် အစ်ကိုကြီး” 

ဟု ဆိုပြီး သူ့ကားဆီသို့ သွားလေ၏။ 

“ကိုဆွေ အဲဒီ နှစ်သောင်းငါးထောင်ဆိုတဲ့ အိမ်ကို ဘယ်လောက် လျှော့နိုင်ဦးမလဲ ဆစ်ကြည့်စမ်းဗျာ” 

ဟု ပြောပြီး ကားပေါ်တက်၍ ကားထွက်သွားလေသည်။

ဟင်... သည်လူဘယ်လိုများ စိတ်ပြောင်းသွားပြန်ပါလိမ့်။ ကျွန်တော်အံသြမိ၏။ 

ဤ နှစ်သောင်းငါးထောင်ဆိုသော အိမ်ကလေးကို သူ့အား ပွဲစားတစ်ယောက်က ခေါ်ပြ ထားသည်ကို ကျွန်တော် သိ၏။ မဂ္ဂင်ကျောင်းလမ်းမပေါ်မှာ ရှိသည်ကလွဲ၍ အိမ် ကလေးက ငယ်၊ ခြံကလေးက ကျဉ်း၏။
ကျွန်တော် တစ်သောင်းရှစ်ထောင်နှင့် ဝယ်ခိုင်းနေသော အိမ်နှင့်စာလျှင် များစွာ ငယ် နေ၏။ နို့ပြီး ထိုအိမ်ကလေးသည် ကျွန်တော်တို့ နေသော လမ်း၏ ထိပ်တည့်တည့် ကျနေ၍ ဤနေရာမျိုးကို မနေအပ်ဟု ရှေးလူကြီးသူမများ ယူဆကြောင်းလည်း ကျွန်တော်တို့ ပြောဆိုပြီးဖြစ်၏။

ခုမှ ကိုယ့်လူ အဘယ်ကြောင့် စိတ်ပြောင်းရပါသနည်း။ သည် ဆတ်စလူးမလေးက မည်သူနည်း။ သူ့ အပေါ် အဘယ်ကြောင့် သြဇာပေးနေပါသနည်း။ ဇရာအိုနှင့် ကညာပျို၊ ဘာဂလို တိုတိုပါကလား။

ကိုယ့်လူ ဤလူစားမျိုး ဖြစ်လိမ့်မည်ဟုလည်း ကျွန်တော်မယူဆခဲ့။

မည်သို့ ဖြစ်စေ မိတ်ဆွေတို့ ဝတ္တရား ရှိသည့်အတိုင်း၊ သူတို့ ကားထွက်သွားပြီး၍ ကျွန်တော် ပြန်အလာမှာ ထိုအိမ်ရှေ့ရောက်လျှင် ထိုဆတ်စလူးမ ပြောသွားစဉ်က နားထောင်နေသော ထိုအိမ်ရှင်မအား ကျွန်တော်က... 

“မဘုတိုရေ ခင်ဗျားတို့ အိမ် နီးစပ်လိမ့်မယ်ဗျို့၊  နှစ်သောင်းငါးထောင်က ဘယ်လောက်
လျှော့နိုင်ဦးမလဲ မေးခိုင်းလိုက်တယ်ဗျ” 

ထိုအခါ မဘုတိုသည် အလွန်တရာအံ့ဩသော မျက်နှာနှင့်...

“ဟင်... နှစ်သောင်းငါးထောင်လို့ ဘယ်သူပြောသလဲ၊ သုံးသောင်းငါးထောင်ပါရှင်၊ တစ်ပြားမှ မလျှော့နိုင်ပါဘူး” 

ကဲ..ကမ်းကုန်ရော၊ ကျွန်တော် တစ်ခွန်းမှ စကားမဆက်တော့။

နံနက်မိုးသောက်လျှင် ကျွန်တော်သည် လမ်းလျှောက်ရင်း ကိုချစ်ဆွေတို့ အိမ် ရောက် သွားသည်။ သူတို့ အိမ် လှေကားတက်ဖို့ ချဉ်းကပ်မိလျှင်ပင် အတွင်းမှ သူတို့ သားအဖ နှစ်ယောက်၏ အသံကို ကြားရသည်။

သား။ ။ “ကျွန်တော်တို့ အမေ သေတာ သုံးနှစ်ရှိပြီ၊ ကျွန်တော်တို့ အဖေလေး တော်လှ
အောက်မေ့နေတာ၊ အဖေက ခုမှ ယောက်မမြင်းစီး ထွက်သကိုးဗျ” 

ဖအေ။ ။ “မင်းက ငါ့ကို ဒီလို ဘယ့်နှယ်ကြောင့် ပြောနိုင်တာလဲ”

သား။ ။ “ဆရာသော်တာဆွေပြောတဲ့ အိမ်နဲ့ ခြံမဟုတ်ဘဲ ဟိုကောင်မလေးစကား နားထောင်မယ် စိတ်ကူးတယ် မဟုတ်လား”

ဖအေ။ ။ “ဈေးချင်းတူရင် ယူရကောင်းမလားလို့ ကိုချစ်ဆွေကို ငါ ဆစ်ခိုင်း ကြည့် တာပါကွာ”
 
သား။ ။“တူတူ မယူရဘူး၊ ခြံလဲ ကျဉ်းတယ်၊ အိမ်လဲ ငယ်တယ်” 

ဖအေ။ ။ “ကားလမ်းမ ကျတယ်ကွ”

သား။ ။ “ကားလမ်းကျတော့ ဟိုကောင်မ ကားတဝှီးဝှီးနဲ့ လာနေဦးမှာပေါ့ဗျ” 

ဖအေ။ ။ “ဒီကောင်မလေးက ငါ့အပေါ် ရိုးရိုးသားသား ခင်တာပါကွာ” 

သား။ ။ ''ဟင်... အဖေ့ကို ပြောလိုက်တဲ့ စကားနဲ့ ပုံသဏ္ဌာန်ဟန်ပန်တွေက ရိုးရိုး သားသား ခင်တာလားဗျ”

ဖအေ။ ။ “ဒါ သူငယ်ငယ်ကတည်းက ငါ့အပေါ်မှာ အကျင့်ပါလာတာပါကွာ၊ ကဲ ကဲ... မင်းတို့ ကြိုက်တာပဲ ဝယ်ကြပါကွာ၊ သူပြောတာ ငါမဝယ်တော့ပါဘူး”

ယင်း၌ ကျွန်တော်က တံခါးကွယ်မှ ကိုယ်ထင်ပြကာ... 

“ခင်ဗျား ဝယ်ချင်လဲ မရတော့ပါဘူးဗျ၊ အခု နှစ်သောင်းငါးထောင် မဟုတ်တော့ဘူး၊ သုံးသောင်းငါးထောင်တဲ့ ဗျ”

“ဟင်.. ဘယ့်နှယ် နေ့ချင်းညချင်း ဈေးတက်သွားရပါလိမ့်”

“ခင်ဗျား ဆတ်စလူးမ အသံကြောင့်ပေါ့ ဗျ၊ မနေ့က ညနေ သူခင်ဗျားကို ပြောလိုက်ပုံက မယားငယ်ငယ်လေးက လင်အဘိုးကြီးကို အပြတ် အမိန့်ပေးလိုက်တဲ့ အသံမျိုးဗျ။ ဒီအသံကို ဟိုမိန်းမကြားတော့ ဒီငနာကြီးဟာ မယားငယ်ငယ်လေး အလို လိုက်ရတော့ မှာပဲ ဆိုပြီး ငွေတစ်သောင်း ဈေးတက်ပစ်လိုက်တာဗျာ”

“ဟုတ်တယ်၊ ဆရာပြောတာ ရှင်းတယ်” 

သူ့ သားက ကျွန်တော့်ကို ထောက်ခံ၏၊ ဤတွင် ကိုချစ်ဆွေက...

“ကဲဗျာ ကိုဆွေပြောတဲ့ အိမ်နဲ့ ခြံပဲ ဝယ်ပါတော့မယ်” 

ဟု ယတိပြတ် ဆုံးဖြတ်ချက် ချလိုက်လေ၏။

သို့ ရာတွင်၊ ဤ သို့ ရာတွင်က ရှေးဦးစွာ ဆိုးရွားခဲ့ သော သို့ သော်ကို နိဂုံးချုပ်ပေမည်။

စာဖတ်သူများ မှတ်မိကြပါလိမ့်မည်။ ကိုချစ်ဆွေက ဟိုအဘွားကြီးအား စနေနေ့ မှာ စရန်သတ်မည်ဟု အင်္ဂါနေ့က ပြောခဲ့ သည်။ သောကြာနေ့ ညနေခင်းမှာ ဤ အဘွားကြီးက ကျွန်တော်တို့ လင်မယားဆီ ရောက်လာပြီး ဒလဘက်မှာနေသော သူ့သမီး တစ်ယောက်က တပို့တွဲလလောက်တွင် သည်အရပ်သို့ ပြောင်းလာမည် ဆိုသဖြင့် သူ့အိမ်ကို မရောင်းတော့ပါဘူးဟု လူကြီးစကား လာ၍ဖျက်၏။ 

ဟိုက်၊ ဘယ်လိုဖြစ်သနည်း။ 

အကြောင်းမှန်ကို စုံစမ်းလိုက်တော့... 

ဟို ဆတ်စလူးမ အသံကြောင့် မဘုတိုက သူ့အိမ်ကို ဈေးတစ်သောင်း တင်ပစ်လိုက် သည့်အပြင် တစ်သောင်းရှစ်ထောင်နှင့် ရောင်းမည်ဆိုသော အဘွားကြီး ဒေါ်မဲတူ အား လည်း 

“ကျွန်မဟာတောင် သုံးသောင်းခွဲဆိုထားတာ၊ ရှင့်ခြံအကျယ်ကြီးက တစ်သောင်း ရှစ်ထောင်တည်းနဲ့ ဆိုတော့ သိပ်နည်းမနေဘူးလား၊ ခုခေတ် အိမ်ဈေး မြေဈေးတွေနဲ့ တော့်ဟာ ငါးသောင်းတော့ ရနိုင်တယ်” 

ဆိုသောစကား အဘွားကြီး နားဝင်သွား သောကြောင့် ဖြစ်သတည်း။

နိဂုံးချုပ်သော်... 

ဒေါ်မဲတူနှင့် ဒေါ်ဘုတိုတို့ သည် ပိုနေမြဲ ကျားနေမြဲ။

ကိုချစ်ဆွေသည် ပထမငှားအိမ်မှ စပေါ်ပြန်ယူရန် စကားလွန်ပြီးနေ၍ ဒုတိယ အိမ် တစ်လုံးကို အမြန်ရှာရကာ လခနှစ်ရာ၊ စပေါ်နှစ်သောင်းနှင့်ပဲ ပြောင်းရွှေ့ သွားရရှာ၏။

စင်စစ်သော်ကား ကျွန်တော် ငသော်တာဆွေက ကိုချစ်ဆွေကို အမှီပြု၍ လျှပ်စစ်မီးနှင့် တယ်လီဖုန်းနှင့် ဖြစ်ကရောဟ့ဲ ဟူသော ရည်ရွယ်ချက်နှင့် ကိုချစ်ဆွေ အိမ်ပိုင်မြေပိုင် ဖြစ်ကရောဟ့ဲ ဟူသော မဟာစီမံကိန်း အဆောက်အဦ ပြာသာဒ်ကြီးသည် ဟိုဆတ်စလူးမ အမှိုက်မကလေးကစ၍ မီးလောင်ပြာကျသွားခြင်း ဖြစ်လေသတည်း။

ဘယ်လိုကြံကြံ ကံမလိုက်တော့ ခံလိုက်ရရော။
 
မထင်တာ မမြင်တာ ဝင်ကာနှောက်လို့ နောက်ကျပြီကော။

ဆရာသော်တာဆွေ၊ အမှိုက်မကလေး ပီဒီအက်ဖ်။

စာရိုက် - စလေ ငနော့ 



Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်