ကိုယ့်ဘာသာ ကိုယ်ဝတာ ဘာဖြစ်လဲ 🖊 မစန္ဒာ

ကိုယ့်ဘာသာ ကိုယ်ဝတာ ဘာဖြစ်လဲ
••••••••••••••••••••••••••••••••••••

မစန္ဒာ

“...အစကတော့ ပိန်ပိန်
ဝသွားပြီ...
ခုတော့ ဝသွားပြီ...”

နောက်က ပြဒါးများ ပျက်ပြယ်ကာ ခပ်မှိန်မှိန်၊ ခပ်မှုန်မှုန် ဖြစ်နေသော မှန်ရှေ့တွင် မအေးညိုမို့ ရပ်ပြီဆိုလျှင် ကိုအေးသောင်ခမျာ ထိုသီချင်းကို မဆိုဘဲ မနေနိုင်။

ထိုသီချင်းသံ ကြားလျှင်လည်း မအေးညိုက စိတ်မဆိုးဘဲ မနေနိုင်။ နှုတ်ခမ်း အစုံက ဇတ်ခနဲ စူထွက်လာကာ ဇောင့်ခနဲ မျက်စောင်းထိုး တတ်သည်။

"...အညို မှားပါပြီကွယ်၊ လင်ယူမိလို့၊ အင်းလျားရေ တစ်စည်လောက်တော့ လိုချင်ပါတယ်၊ လိုချင်ပါတယ်... မအေးညိုကို ရေခေါ်ချိုး၊ တစ်မျိုးနော် ဝအောင်...”

“ကေးသောင်နော်၊ ကေးသောင်”

မျက်စောင်းကို မြင်လျက်နှင့် ဆက်၍ ဆိုနေလျှင်တော့ မအေးညိုက အော်သည့် “ကေးသောင်” ဟူသည်မှာ ကိုအေးသောင်ဟု ဆိုလိုရင်းဖြစ်သည်။ သူ့ယောက်ျားကို သူက “ကိုကို” တွေ “မောင်မောင်” တွေ မခေါ်တတ်ပေ။ ကိုအေးသောင် ဟုပင် ခပ်ရိုးရိုး ခေါ်သည်။ ထိုခပ်ရိုးရိုးကို မြန်မြန် ခေါ်လေတော့ ကိုအေးသောင်ခမျာ “ကေးသောင်” ဘဝသို့ ပြောင်းရရှာ လေသည်။

“ဟုတ်တယ်၊ လင်ယူမိလို့ ဒီလို ပုံဆိုးကြီး ဖြစ်လာတာ။ ကျုပ် အပျိုတုန်းက ဆိုရင် ပိန်ပိန်လေး၊ သွယ်သွယ်လေး၊ လှလှပပကလေး သိရဲ့လား”

မအေးညိုက သူ ‘ဝ’ ရသမျှ အပြစ်တွေ အားလုံးကို ကိုအေးသောင် အပေါ်သို့ ပုံချတတ်သည်။

“အေး၊ ဟုတ်တယ်၊ ဟုတ်တယ်။ ငါက မင်း တစ်နေ့ တစ်နေ့ စားနေတဲ့ ထမင်း လေးငါးထပ် ထဲမှာ ‘ဝ’ ဆေးတွေ ထည့်ကျေွး နေတယ်ပဲ ထားပါတော့”

“ကိုယ့်ဘာသာ ကိုယ်စားတာ ဘာဖြစ်လဲ။ ကျုပ် အပျိုဘဝတုန်းက ဆိုရင် ဒီထက်တောင် စားသေး။ ဘယ်မှာ ဝလို့လဲ၊ ကေးသောင်နဲ့ ရမှ”
“အေး ထားပါတော့၊ ထားပါတော့”

ကိုအေးသောင်က သူ့ထက် ဆယ်နှစ်နီးပါး ငယ်သော ဇနီးလေးကို အလျှော့ပေးကာ အညို မှားပါပြီကွယ် လင်ယူမိလို့ဟု မပွင့်တပွင့်နှင့် ကတော့ ပြန်ညည်းတတ် လေသည်။ မအေးညို ကလည်း “ဟုတ်တယ်။ လင်ယူမိလို့ ဒီလို ပုံဆိုးကြီး ဖြစ်လာတာ” ဟု အနိုင်ယူ ပြောရင်း ဆောင့်ခနဲ ထပြီး ထွက်သွား တတ်သည်။ ကိုအေးသောင် ကတော့ ဘာမျှမပြော။ ကျောပြင်ပြားပြား အောက်တွင် လိမ့်၍ ပါသွားသော တင်ပါး နှစ်ဘက်ကို ကြည့်ကာ တစ်ဦးတည်း ပြုံးနေမိတတ် လေသည်။

ဟုတ်တော့လည်း ဟုတ်သလိုလိုပင်။ သူနှင့်ရပြီး ငါးနှစ် နောက်ပိုင်းကျမှ မအေးညို အလွန် ဝလာခြင်း ဖြစ်လေသည်။ အစတုန်းကတော့ သူပြောသလို ပိန်ပိန်သေးသေးလေး ဖြစ်သည်။

မအေးညိုက မိဘ မရှိပေး၊ အဒေါ်နှင့် အတူနေရင်း အဒေါ်၏ လုပ်ငန်းဖြစ်သော ဆီးငန်စေ့ထုပ် လုပ်ငန်းကို ကူညီလုပ်ကိုင် နေသူလေး ဖြစ်သည်။ အောက်ခြေသိမ်း လုပ်ကိုင်နေရ သော်လည်း လုပ်ခတော့ ရရှိသူ မဟုတ်၊ ဆွေမျိုး ဆိုတော့လေည်း ဆွေမျိုး ဝတ္တရားနှင့် အညီ ထမင်းကျေွးပြီး အဝတ်ဟောင်း ဆင်ထားရုံသာ ဖြစ်သည်။ အစားမက်သော မအေးညို ကလည်း ထမင်းကြမ်းကို ငရုတ်သီးမှုန့်၊ ငံပြာရည်နှင့် နယ်ကာ တစ်နေ့ သုံးလေးထပ် စားရင်း ကျေနပ် နေလေသည်။ ဝချိန် မတန်သေးသော ကြောင့်လား၊ ဈေးသွားလိုက်၊ ချက်လိုက် ပြုတ်လိုက်၊ လှည်းလိုက် ကျင်းလိုက်၊ ဆားငန်စေ့ ပြေးထုပ်လိုက်နှင့် အလုပ် ပင်ပန်းသော ကြောင့်လားတော့ မသိ၊ ထိုအချိန် ထိုအခါက မအေးညိုသည် ပိန်ပိန်ကျစ်ကျစ် ကလေး ဖြစ်သည်။ အသားကလေး ဖြူသောကြောင့် ငါးကျည်းခြောက်နှင့် နှိုင်း မရသော်လည်း ငါးဖောင်ရိုးခြောက် ကလေးနှင့်တော့ တူလေသည်။

“သားရယ် မင်းကိုတော့ မအေးညိုကလေးနဲ့ သဘောတူ တယ်ကွယ့်။ ခမျာကလေးက သနားစရာ မိဘမဲ့ကလေး။ နေတာထိုင်တာ ကျတော့ ဗိုင်းကောင်းကျောက်ဖိ ပိပိပြားပြား ကလေး။ အိမ်ထောင် ထိန်းသိမ်းမှုလည်း တော်၊ အချက်အပြုတ်၊ အချုပ်အလုပ် ကလည်း ကောင်း ဘာမျှ ပြေသစရာ မလိုဘူး”

အမေက သူ့ကို နားချတော့ ကိုအေးသောင်သည် မျက်နှာကို မသိမသာ မဲ့မိသည်။

“အမေကလည်း ငါးဖောင်ရိုးခြောက်ကလေး ဆီပူထိုးထားသလို ပိန်ကပ် နေတာလေးတော့ ထည့်ပြောပါဦး”

ဟု ပြောမိသေးသည်။ ထို ငါးဖောင်ရိုးခြောက်  ကလေးသည် တစ်နေ့သော အခါတွင် ရေစိမ်လိုက်သော ပေါင်မုန့်နှယ် ပွပြီး ဝလာလိမ့်မည်ဟု သူ လုံးဝ မထင်ခဲ့ပေ။

သူက မထင်သော်လည်း အမေကတော့ ထင်ခဲ့ပုံ ရသည်။ ထင်ရုံသာမက သိခဲ့ပုံပင် ရသည်။

“မပူပါနဲ့ သားရယ်။ မိန်းမဆိုတာ ‘ဝ’ ချိန်တန်ရင် ‘ဝ’ လာမှာပဲ၊ စိတ်သာချ။ သူ့အမေ မဆုံးခင် ကတည်းက အမေ မြင်ဖူးသာပဲ။ ဝဝတုတ်တုတ်ကြီးပါ”

“သူ့အမေ ‘ဝ’ တာနဲ့သူ့သမီး ‘ပိန်’ တာနဲ့ ဘာဆိုင်လို့လဲ အမေရ”

သူက ပြောတော့ အမေက ပြုံးလေသည်။ အမေ ဘာကြောင့် ပြုံးသနည်း။ သူ မသိခဲ့သော်လည်း သူ့ သူငယ်ချင်း အောင်မောင်း ကတော့ သိခဲ့လေသည်။

“ဟုတ်တယ်ကွ၊ သမီးကို လိုချင်ရင် အမေကို အရင် ကြိုက်ကြည့်ရတယ်။ အများကြီး ပိန်သလား၊ ဝသလား၊ အရွယ်တင်သလားကို အရင်ကြည့်။ သမီးဆိုတာ အမေလို လာဖို့ ရာနှုန်းရှစ်ဆယ် ရှိတယ်”

ဟု ပြောလေသည်။

သူ့ အမေက စောစောစီးစီး ဆုံးသွားလေတော့ ကိုအေးသောင် ကြိုက်ကြည့်ချင် သော်လည်း ကြိုက်ခွင့် မကြုံခဲ့ပေ။ ကြိုက်ခွင့် ကြုံရသော သမီးကိုကား သိပ် မကြိုက်ချင်သည် ကတော့ အမှန်ပင်။

သို့သော် သူ့အသက်က သုံးဆယ် ကျော်နေပြီ။ မအေးညို ကလည်း နှစ်ဆယ် ကျော်နေပြီ။ အမေ ကြိုက်သူကို သိပ် မကြိုက်ချင် သော်လည်း ကိုယ့်ဟာကိုယ်လည်း ကြိုက်စရာ ရှိလေသည် မဟုတ်။ ချောချောလှလှ ကောင်မလေးများကို လိုက်ပြီး ငေးရုံ ငမ်းရုံအပြင် သူက ဘာစွမ်းဘာစမျှ မရှိလေတော့ အမေ့ သဘောကို ခေါင်းညိတ် သဘောတူရုံမျှသာ ရှိသည်။ အမေသာ ရှာမပေးလျှင် ဒီတစ်သက် မိန်းမရရန် သိပ်မလွယ်ကြောင်း ကိုယ့်ကိုကိုယ် သိလေသည်။ သို့ပါသော်လည်း “တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြ၊ ကြိုက်ကြတာလည်း မဟုတ်ဘဲနဲ့ အမေရယ် ဖြစ်ပါ့မလား” ဟု မယူချင်သလို ဘာလိုလိုနှင့် မူကြည့်မိသေးသည်။ အမေက “ဒီလိုပဲ ယူပြီးတော့လည်း ချစ်သွားကြတာ ပါပဲကွယ်” ဟု ပြောလေသည်။

အမေက ဘာကြောင့်များ အစစ အရာရာကို ကြိုပြီး သိခဲ့လေ သနည်းဟု ကိုအေးသောင် မကြာခဏ စဉ်းစားမိသည်။ အမေ ပြောသလိုပင် သူတို့နှစ်ဦး ယူပြီးတော့လည်း အမုန်တကယ် ချစ်သွားကြ လေသည်။ မအေးညိုက “ကေးသောင်။ ကေးသောင်” နှင့် တစ်ကေးတည်းကေး တစ်သောင်တည်း သောင်ကာ သူ့ကို အရိပ် တကြည့်ကြည့်နှင့် ပြုစုခဲ့သလို သူကလည်း သူ၏ ချစ်စဖွယ် ငါးခြောက်ရိုး ကလေးကို အလိုလိုက် အကြိုက်ဆောင်ခဲ့ လေသည်။ သံယောဇဉ်တွေ မေတ္တာတွေ တပ်ရစ်ပြီး တစ်ရစ် တိုးခဲ့လေသည်။
တစ်ခုတော့ စိတ်မကောင်း ဖြစ်မိသည်။ မအေးညိုခမျာ “ဒရိုင်ဘာ မယား” ဟူသော ဘွဲ့ကလေးကိုသာ ရခဲ့ရှာ လေသည်။

“ကေးသောင်ရယ် လခသုံးရာ ဆိုတာ နည်းတာ မှတ်လို့။ အောက်တန်းစာရေး လခထက် များပါတယ်”

မအေးညိုက ပြောတတ်လေသည်။

“နေစရာ အိမ်ရော၊ မီးရော ရေရော အဆင်သင့် ရတာကိုလည်း ထည့်သွင်းဦး လေ။ နောက်ပြီး ဆရာရော၊ မမရော ဒီလောက် သဘောကောင်းတာ သိသားနဲ့ အလုပ်ပြောင်းဖို့တော့ မစဉ်းပါနဲ့ ကေးသောင်ရယ်”

မအေးညို ကတော့ အခြေအနေ အရပ်ရပ်ကို ကျေနပ်လေသည်။ လခသုံးရာကိုလည်း ကျေနပ်သည်။ သူတို့ အပိုင်စားရသော နောက်ဖေး တန်းလျားကလေး ကိုလည်း သဘောကျသည်။ ကိုယ့်အိမ် ကိုယ့်ယာနှင့် ကိုယ်ပိုင် ဝင်ငွေနှင့် ဟူသော အသိက သူ့ကို အလိုလို ရွှင်ပျော်ပျော် နေစေလေသည်။ အိပ်ချင်လျှင် သော်လည်းကောင်း၊ စားချင်လျှင် သော်လည်းကောင်း၊ မည်သူ့ မျက်နှာကိုမျှ ကြည့်နေစရာ မလို၊ ထမင်းကြမ်းကို ငံပြာရည်၊ ငရုတ်သီးမှုန့်နှင့် နယ်စားခြင်း ဖြစ်သော်လည်း ဆန်ကလည်း ရှား၊ ငံပြာရည် ကလည်း မပေါ၊ ငရုတ်သီးမှုန့် ကလည်း ဈေးကြီးလေတော့ အဒေါ်အိမ်မှာတုန်းက နည်းနည်းတော့ လက်တွန့်ရသည်။ “ဟဲ့၊ စားလှချည်ကလား အေးညိုရဲ့၊ ညည်း ငရုတ်သီးမှုန့်က တစ်ဆယ်သား ငါးကျပ်နော်” ဟူသော အပြောအဆိုမျိုးလေး ကြားရမည် ကိုတော့ လန့်ရသည်။

ခုတော့ မည်မျှ ပျော်စရာ ကောင်းလေသနည်း။ ဆာလာလျှင် မီးဖိုထဲဝင်၊ စားချင်ရာ စားနိုင်သည်။ အိမ်ရှေ့ခန်းကို ကြမ်းပြောင်အောင် လှဲပြီး ဖျာချောလေး ခင်းကာ နေ့လယ်နေ့ခင်း တရေးတမော အိပ်၊ တစ်ခါတစ်ရံ ဆရာနှင့် မမတို့ အပြင်မထွက်သော ညများတွင် ကိုအေးသောင် အနားရပါက မြို့ထဲသွားပြီး ရုပ်ရှင်ကြည့်ခွင့် ရသေးသည်။ ဝက်သားတုတ်ထိုး စားရသေးသည်။ ဒါတွေ ဒါတွေဟာ နည်းနည်းနောနော အရသာ မဟုတ်။ မအေးညို ကတော့ “ကိုအေးသောင့်မယား စည်းစိမ်” ကို သိကြားမင်း မိဖုရား စည်းစိမ်နှင့်ပင် မလဲချင်။

တစ်ခုတော့ မကျေမနပ် ဖြစ်မိသည်။ အိမ်ထောင်သက် ဆယ်နှစ် ကျော်လာပြီ ဖြစ်သော်ည်း သူတို့မှာ ကလေးငယ် မရှိခဲ့ပေ။ ပထမ သားဦးတုန်း ကတော့ ကိုယ်ဝန် သုံးလနှင့် ပျက်ကျသွားသည်။ ဒုတိယ သားလေး ကျတော့လည်း ခက်ခက်ခဲခဲ မွေးအပြီး မီးပင် မထွက်ရသေး၊ အသားဝါ ဖြစ်ကာ သေဆုံး သွားခဲ့သည်။ ထို့နောက်တစ်ခါ ကိုယ်ဝန် ရှိပြန်တော့လည်း ငါးလထဲ အရောက်တွင် ချော်လဲကာ ပျက်ကျပြန်သည်။ ဒီနောက်ပိုင်းတော့ မအေးညိုသည် ကိုယ်ဝန် ရှိလာမည်ကိုပင် တွေးပြီး ကြောက်သလိုလို ဖြစ်နေသည်။ သူ ကြောက်နေလို့လားတော့ မသိ၊ နောက်ထပ်လည်း ကိုယ်ဝန်ငြိတွယ် မလာတော့ပေ။ မိမိ၏ ဝမ်းနှင့်လွယ်ပြီး မွေးသော သား၊ သမီးလေးကို ယုယ ပိုက်ထွေးချင် သော်လည်း ပိုက်ထွေးခွင့် ကြုံမလာတော့ပေ။ ဒါတစ်ခုကိုတော့ မကျေမနပ် ဖြစ်မိသည်။ ဝမ်းနည်းမိ လေသည်။

ဒီနောက်ပိုင်းတော့ မအေးညို တဖြည်းဖြည်း ဝလာသည်။ ဝလာတော့လည်း ဝင်းပြီး စိုပြည်ကာ လှလာလေသည်။ ကိုအေးသောင်က သူ့မယား အလှကလေးကို ကြည့်ပြီး ကျေနပ် မဆုံးအောင် ရှိခဲ့သည်။

သိုသော် မအေးညို ဝလာခြင်းက လှသော နေရာတွင် ရပ်မနေ၊ တန့်မနေပေ။ အရှိန် ကောင်းကောင်းနှင့် ဆက်၍ ဝလာလေသည်။

“ဟေ့၊ ဒီထက် မဝစေနဲ့တော့ကွ၊ မလှတော့ဘူး”
ကိုအေးသောင်က သတိပေးသော်လည်း မရတော့ပေ။ ဆက်တိုက် ဝလာသည်မှာ ပေါင်ချိန် တစ်ရာ့သုံးဆယ် ကျော်သည် အထိပင်။ သူ့အရပ်ကလေးက ငါးပေပင် မပြည့်တတ် လေတော့ ပေါင်ချိန် တစ်ရာ့သုံးဆယ်ကျော် ဟူသော အလေးချိန်သည် အပေါ်သို့ တက်စရာ မရှိတော့ဘဲ ဘေးဘက်သို့ ကား၍ ထွက်လာလေသည်။ တစ်ချိန်တုန်းက “ငါးဖောင်ရိုးခြောက် ကလေး ဆီပူထိုးထားသလို ပိန်ကပ် နေတာပဲ” ဟု သူကိုယ်တိုင် ထောပနာ ပြုခဲ့ရသော မအေးညိုသည် အခုတော့ နာမည် အသစ်တစ်ခု ရနေပြီ ဖြစ်သည်။

“သိပ်မုန်းတာပဲ ဟွန်း၊ ကိုယ့် ကျေးဇူးရှင်မို့ ငြိမ်နေတာ၊ အဟုတ်မှတ်လို့”

တစ်နေ့တုန်း ကတော့ မအေးညို ဒေါသဖြစ် လာသည်။ အိမ်ကလေး ပေါ်သို့ ခြေသံပြင်းပြင်းနှင့် တက်လာသည်။

“ဟ၊ ကြမ်းတွေ ကျိုးကျကုန်ပါ့မယ်ဟ၊ ဖြည်းဖြည်း”

“ကျိုး ကျိုးပေါ့တော်”

မအေးညိုက နှုတ်ခမ်းစူ၍ ပြောသည်။

“သူများမှာ နာမည် ရှိရက်သားနဲ့ အလကား ဖျက်လိုဖျက်ဆီး နှိမ်နှိမ်ချချ”

“ဘာဖြစ်လို့တုံးဟ၊ နင်ကလဲ”

“မမပေါ့”

“ဟင်၊ မမက ဘာဖြစ်လို့လဲ”

“အေးညိုကို အေးညို ခေါ်နေကျပဲဟာ ခေါ်ပါလား၊ ဟွန်း။ ခုတော့ သက်သက်မဲ့ နှိမ်ပြီး ...”

“သက်သက်မဲ့ နှိမ်ပြီး ဘယ်လို ခေါ်လို့လဲ”

“ရွှေလုံး တဲ့”

“ဘာ၊ ရွှေလုံး”

“ဟုတ်တယ်၊ တစ်မနက်လုံး ရွှေလုံး၊ ရွှေလုံးနဲ့ပဲ ခေါ်နေတာ၊ စိတ်ကို တိုနေတာပဲ”

ကိုအေးသောင်က “ဟီး” ခနဲ ရယ်မိသည်။ မြန်မာရုပ်ရှင် ကြည့်သူတိုင်း ရွှေလုံးကို မသိသူ ရှိမည်မဟုတ်။ မျက်နှာလှလှ ကလေးနှင့် ရွှေလုံးလေး “ဝ” ကြောင်း ကိုလည်း မသိသူ ရှိမည် မထင်။ ရုပ်ရှင်ထဲက “ရွှေလုံး” လိုပင် ဖြူဖြူ၊ ပုပု၊ ဝဝ၊ လုံးလုံးကလေး ဖြစ်နေသော သူ့ဇနီးသည်ကို အလိုက်ဖက်ဆုံး အမည် ပေးလိုက်သည့် ဆရာကတော်၏ ဇဝနဉာဏ် ကိုလည်း သဘောကျ သွားသည်။

“ဘာ အဟီးလဲ၊ ရှင်ကြီးက”

မအေးညိုက မျက်စောင်းထိုးသည်။

“သူများ ‘ဝ’ တာကို အမြဲ ခလုတ်တိုက်ချင် နေတာပဲ။ သူကတော့ဖြင့် ‘ဝ’ မှာ ကြောက်လွန်းလို့ လေ့ကျင့်ခန်း လုပ်ရတာနဲ့၊ ကြိုးခုန် ရတာနဲ့၊ ရေကူးရတာနဲ့”

အတ္တမာနကို ထိပါးလာပြီ ဆိုတော့ မအေးညိုသည် အလုပ်ရှင်သော ဘာသော ထည့်မတွက်ချင် တော့ပေ။ “ဆရာကတော်က သိပ် သဘောကောင်းတာ” ဟူသော တွေးနေကျ အတွေးသည်လည်း ခေါင်းထဲမှ ပျောက်သွားသည်။ ယခင်က ကောင်းခဲ့သမျှ အားလုံးသည် “ရွှေလုံး” တစ်ခွန်းတည်းနှင့် ကျေသွားပြီမို့ မအေးညို၏ နှုတ်ခမ်းသည် အပြင်သို့ စူထွက်နေသည်။

“ဒါလောက် ပင်ပင်ပန်းပန်း ကြိုးစား နေတာတောင် ဗိုက်ကြီးက ပူလို့၊ ဖင်ကြီးက ကောက်လို့၊ သူကမှ ဒေါ်စိန်ခင်ကြီး”

ကိုအေးသောင် “ဟီး” ခနဲ ရယ်ပြန်သည်။ မအေးညိုက ရှေ့တွင် ပြန်မပြောရဲတော့ ကွယ်ရာမှာ အတိုးချပြီး ပြန်တွယ်သည်။ ဆရာကတော်ကို မထိုးရဲခဲ့သော မျက်စောင်းသည် ကိုအေးသောင် အပေါ်သို့ အငြိုးနှင့် စုပြုံကျရောက် လာသည်။

“ဘာ၊ အဟီးလဲ၊ ဟွန်း”

မအေးညို ပြောလည်း ပြောစရာပင်။ ဆရာ့ ဇနီးက အရပ်မြင့်သော ကြောင့်သာ မအေးညိုလောက် လုံးမနေခြင်း ဖြစ်သည်။ ဒေါ်စိန်ခင်လောက် မဝသော်လည်း ဝတော့ ဝလေသည်။ သူက မအေးညိုလို တိုက်ကြီးထဲ အဝင်အထွက် သိပ်မရှိသဖြင့် ဆရာတော် ကြိုးခုန်ခြင်း၊ လေ့ကျင့်ခန်း လုပ်ခြင်းများ ကိုတော့ မမြင်ဖူးပေ။ သို့သော်လည်း ရေကူးဝတ်စုံ အနီနှင့် အဝါကျားလေး ဝတ်ပြီး ရေကူးကန်ထဲမှ တက်လာသည် ကိုတော့ တစ်ခါက မြင်ဖူးသည်။ ကိုယ်ခန္ဓာတွင် ရှိသင့် ရှိထိုက်သည်ထက် ပိုထွက်နေသော အသားစိုင်၊ အသားခဲများကြောင့် ကြည့်ရသည်မှာ မျက်စိပသာဒ သိပ်မရှိလှပေ။ “အင်း၊ အသား ငါးပိဿာလောက် လှီးထုတ် လိုက်ရင်တော့ အတော် လှမှာပဲ” ဟု သူက တွေးမိသေးသည်။

ဆရာကတော်က ထောပတ်စားပြီး မအေးညိုက ငါးပိရည် စားသော်လည်း “ဝ” ကြသည်ကတော့ အတူတူပင်။ ထို့ အပြင် “ဝ” သည်ဟု ပြောလျှင် မကြိုက်သည်ကလည်း အတူတူပင်။

သို့သော် တစ်ခုတော့ မတူချေ။ ပိန်သည် မပိန်သည် ကိုတော့ အပထား၊ ဆရာကတော်က ပိန်ရန် ကြိုးစားသေးသည်။ ရေကူးဖော်၊ ကြိုးခုန်ဖော် ရသေးသည်။ မအေးညိုကတော့ လုံးဝ မကြိုးစားသေးပေ။

“အညိုရာ၊ လေ့ကျင့်ခန်း လုပ်တယ်ဆိုတာ ကောင်းတာပဲ။ လှဖို့အတွက် ပြောတာ မဟုတ်ပါဘူး။ မင်း ပိန်ပိန်၊ ဝဝ ငါက ချစ်နေမှာပါ။ ဒါပေမယ့် ကျန်းမာရေး အတွက် ပြောတာ”

ကိုအေးသောင်က လိမ္မာပါးနပ်စွာ စည်းရုံးသည်။
“လေ့ကျင့်ခန်းလေး ဘာလေးလုပ်၊ ကြိုးလေး ဘာလေး ခုန်တော့ အညောင်းအညာ၊ အကြောအခြင် ပြေတာပေါ့၊ ဟုတ်ဘူးလား”

မအေးညိုက မလှုပ်ပေ။ ဟိုတစ်ခါတုန်းက မမ လေ့ကျင့်ခန်း လုပ်သလို ခြေစုံရပ်ပြီး လက်ဖဝါး နှစ်ဖက်ကို ကြမ်းပြင်တွင် အပြားလိုက် ထိအောင် လုပ်ကြည့်ဖူးသည်။ ကြမ်းပြင်ကို လက်ဖဝါးနှင့် ထိဖို့ နေနေသာသာ ကြားက ဗိုက်ကလုံးပြီး ခံနေသဖြင့် လက်ဖျားနှင့်ပင် ထိမရခဲ့သည့် အကြေင်း ကိုယ့်ဟာကိုယ်သာ သိသည်။

“များများ မလုပ်ရပါဘူး အညိုရာ၊ တစ်နေ့ နာရီဝက်လောက် ဆိုတာ ဘာကြာလို့လဲ”

“အို၊ ရှင် လုပ်ကြည့်ပါလား။ ဘယ်လောက် ပင်ပန်းလဲ။ အညိုလည်း ပိန်းချင်တာပေါ့။ ဒါပေမယ့် ဘာမှ မလုပ်ဘဲ ပြန်ပိန်ချင်တာ။ ပိန်ဖို့ အဘွက်တော့ ကိုယ့်ကိုယ်ကိုယ် မညှဉ်းဆဲ နိုင်ပေါင်၊ မနှိပ်စက် နိုင်ပေါင်၊ နောက်ပြီးတော့ အစားလည်း မလျှော့နိုင်ပေါင်”

မအေးညိုက ပါးစပ်မှ ခါးခါးသီးသီး ပြောရင်း “လေ့ကျင့်ခန်း လုပ်တာများ ဘာခက်လို့လဲ။ ကေးသောင် မသိအောင် ကြိတ်လုပ်ဦးမယ်။ ခါးသေး ရင်ချီလေး ဖြစ်အောင်ကို လုပ်ပြဦးမယ်” ဟု စိတ်ထဲမှ စဉ်းစားသည်။

မအေးညို အတွေးကို လှမ်းမမြင်ရ၊ မသိရလေတော့ ကိုအေးသောင် စိတ်ညစ်သွားသည်။ “ဒီလိုဆို အစားတော့ နည်းနည်းလျှော့ ပါလားကွာ” ဟု ပြောချင်သော်လည်း “ဘာလဲ၊ ကေးသောင်က အညို စားတာကို မသဒ္ဒါလို့လား” ဟု မျက်ရည်စမ်းစမ်းနှင့် မေးတော့မည်ကို ကြိုတင် သိထားသောကြောင့် မပြောရဲတော့ချေ။ စကား အခြေအတင်းနှင့် ခွန်းကြီး ခွန်းငယ် ဖြစ်ရမည်ကို မလိုလား။ ပိန်သည် ဖြစ်စေ၊ ဝသည် ဖြစ်စေ၊ မအေညိုသည် သူ၏ ကြင်ယာသက်ထား ဇနီးမယားပေမို့ ချစ်ရ မြတ်နိုးရ မည်သာ။ မအေးညိုက လွှဲလျှင် ဖွဲနှင့် ဆန်ကွဲချည်း ဟူသော စိတ်မျိုး အတွေးမျိုးကြောင့်တော့ မဟုတ်။ အခြားသူများက ပုသိမ်ငကျွဲ၊ ပေါ်ဆန်းမွှေး ဖြစ်ကောင်း ဖြစ်မည်။ မအေးညိုက ဆန်ကွဲလေး ဖြစ်ကောင်း ဖြစ်မည်။ သို့သော် ကိုယ်မပိုင်သော ပေါ်ဆန်းမွှေးထက် ကိုယ့်လက်ထဲက ဆန်ကွဲလေးကို ပိုမို တန်ဖိုး ထားရမည် ကတော့ ဦးအေးသောင်၏ အဘိဓမ္မာပင် ဖြစ်လေသည်။

တစ်ခုတော့ ရယ်စရာ ကောင်းသည်။ မအေးညိုသည် သူ့ကိုယ်သူ “ဝ” သည်ကို သိသော်လည်း သူ အမှန်တကယ် “ဝ” သည်လောက်တော့ “ဝ”  မှန်း သိပုံ မရပေ။ လူ့ဓမ္မတာ အရ မိမိကိုယ် မိမိ သာသာထိုးထိုး၊ ဖေးဖေးမမ တွေးတတ် လေသောကြောင့် ဖြစ်မည် ထင်သည်။

“အံမာလေး ကြည့်ပါဦး။ ဝလိုက်တာနော်၊ အညို့ နှစ်ဆလောက် ရှိမယ် ကေးသောင်ရယ်”

သူ့လောက် ဝသူများကို တွေ့ပါက ထိုသို့ ပြောတတ်သည်။

“အဲဒီ မိန်းမနဲ့ အညိုနဲ့ ဘယ်သူ ပိုဝမလဲဟင်”

လူ့လောက် မဝသူများကို တွေ့ပါကလည်း ထိုသို့ မေးတတ်သည်။ ကိုအေးသောင် ဘယ်လို ဖြေရမည်နည်း။ သူက လူရည်မလည်သေးဘော့ တစ်ခါ နှစ်ခါ အမှန်အတိုင်း ဖြေမိသည်။ မုသား မပါတော့ လင်္ကာ မချောပေ။ မအေးညိုလည်း စိတ်ကောက်လေသည်။ ထို့ကြောင့် စကားကြီး ခြောက်ခွန်းထဲမှ “ဟုတ်မှန်၏၊ အကျိုး မရှိ၊ ကြားသူ မနှစ်သက်” ဟူသော အဆိုပါ စကားကို မပြောမိအောင် ဆင်ခြင်ရသည်။ နှစ်ယောက်တည်း နေရသော အိမ်ထောင် ကလေးတွင် တစ်ဦးနှင့် တစ်ဦး စကား မပြောဘဲ နေရသည်မှာ စိတ်ပင်ပန်းဖွယ် ကောင်းလှသည်။ မအေးညို စိတ်ကောက်လျှင် ကိုအေးသောင် မနေတတ်။

သို့သော် မအေးညိုမို့ မှန်ရှေ့တွင် ရပ်ပြီ ဆိုလျှင်တော့ ကျီစားချင် စိတ်ကို တားဆီး၍ မနိုင်ချေ။ နှုတ်ခမ်း စူတော့မည်။ မျက်စောင်း ထိုးတော့မည်ကို သိသော်လည်း ဟို သီချင်းလေး ကိုလည်း မဆိုဘဲ မနေနိုင်ချေ။

“အစက ပိန်ပိန်
ဝသွားပြီ၊
ခုတော့ ‘ဝ’ သွားပြီ၊
အညို မှားပါပြီကွယ် လင်ယူမိလို့”

* * *

နောက်ဖေး တန်းလျားမှ သီချင်းသံက တစ်ခါတစ်ရံ လေသင့်လျှင် တိုက်ပေါ်အထိ ရောက်လာတတ်သည်။

ထိုသီချင်းသံ ကြားရလျှင် ဦးခင်မောင်စိန်က သူ့ဇနီး ခင်မမကို အလိုလို လှမ်းကြည့်မိ တတ်သည်။ “မိန်းမတွေများ အသက်ကလေးမှ ကြီးမယ် မကြံသေးဘူး ‘ဝ’ လာတာက အရင်ပဲကိုး” ဟု တွေးမိတတ်သည်။

ခင်မမသည် တစ်ချိန်တုန်း ကတော့ တက္ကသိုလ်မှ ထင်ရှားသော ကြယ်ပွင့်လေး တစ်ပွင့် ဖြစ်လေသည်။ အသားဖြူဖြူ အရပ် မြင့်မြင့်နှင့် သွယ်လျသော ကိုယ်ဟန် ကလေးသည် မိန်းကလေး အများစုထဲတွင် ထူးခြား ပေါ်လွင် နေတတ်သည်။ သူ၏ မျက်တောင် ကော့ကော့လေးသည် လည်းကောင်း၊ မျက်လုံးတောက်တောက် ကလေးသည် လည်းကောင်း၊ နှာတံ စင်းစင်းနှင့် နှုတ်ခမ်း ဖူးဖူးလေးသည် လည်းကောင်း၊ ပါးပြင်ပေါ်မှ မှဲ့နက်ကလေးသည် လည်းကောင်း၊ ကျောင်းသားများ အတွက် ကိုးကွယ်စရာ အလှတရားများ ဖြစ်လေသည်။ ထို အလှတရားများ၏ ဖမ်းစားမှုကြောင့် သူသည် ခင်မမ၏ အချစ်ကို ရစေရန် အဖေနှင့် အမေ၏ အကူအညီကို ယူခဲ့ရသည်။ သိန်း သုံးဆယ်လောက် ချမ်းသာသော မိုးကုတ် သူဌေးသား ဆိုတော့လည်း ခင်မမ၏ အမေက “သမီးထက် အရပ်ကလေး နည်းနည်း ပုပေမယ့် မသိသာ ပါဘူးကွယ်။ တစ်သက်လုံး ချမ်းချမ်းသာသာ နေရမှာ စိတ်ကူး မလွဲစမ်းပါနဲ့” ဟု သူ့သမီးကို နားချခဲ့ပုံ ရလေသည်။

ခုတော့လည်း သူ့ကို ဖမ်းစား ညှို့ငင်ခဲ့သော အလှတရား များသည် အလှတရား၏ နောက်ကွယ်တွင် မှေးမှိန်ဖျော့တော့ အင်အားနည်းပါး ကုန်ကြပေပြီ။

“သကြား မစားရဘူး ဆိုလို့ ကော်ဖီကို သကြား မထည့်ဘဲ သောက်နေ ရတာလည်း ကြာလှပြီ။ ထမင်းလည်း မနက်ပိုင်း တစ်နပ်ပဲ စားတာ ကိုကို သိသားပဲ။ လေ့ကျင့်ခန်းလည်း လုပ်သားနဲ့”

ခင်မမက ညည်းတတ်သည်။

“ကော်ဖီကို သကြား မထည့်ဘဲ သောက်ပေမယ့် ပေါင်မုန့်စားတော့ ထောပတ်ထူထူ သုတ်တာကိုလည်း ပြောဦးမှပေါ့ ခင်မရဲ့”

“ဒါကတော့ ထောပတ် ပါးပါးလေးဆို စားလို့မှ မကောင်းတာ”

“ညနေပိုင်း ထမင်း မစားဘူးသာ ဆိုတယ် ခေါက်ဆွဲ စားလိုက်၊ လက်သုပ် စားလိုက်၊ ကြေးအိုးပြုတ် သောက်လိုက် လုပ်နေတာကရော”

“အို ဒါကတော့ ဆာတာကိုး အမြဲတမ်းလဲ မဟုတ်ပါဘူး ကိုကိုရာ”

ခင်မမက မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ်နှင့် ပြောသည်။ အဆီပို၊ အသားပိုများက ခန္ဓာ၏ အရှေ့ဘက် အပေါ်ပိုင်းနှင့် နောက်ဘက် အောက်ပိုင်းတွင် အများဆုံး စုနေ၍ ‘န’ငယ်ပုံ ဖြစ်ချင်လာသည်။ သို့သော် မျက်နှာလေး ကတော့ လှမြဲပင်၊ ပါးပြည့်ပြည့်လေး များက ဖောင်းလာသော်လည်း၊ မေးထပ်က နှစ်ထပ်ဖြစ်ချင် လာသေးလည်း ဦးခေါင်းပိုင်း တွင်တော့ ခန္ဓာကိုယ်ပိုင်းကလောက် အဝတရား မကြီးစိုးသေးပေ။ ထို့ကြောင့်လည်း ခင်မမသည် ကိုယ်လုံးပေါ် မှန်ရှေ့တွင် သိပ်မရပ်ဘဲ ကိုယ်တစ်ပိုင်း ပေါ်သော မှန်တင်ခုံရှေ့တွင် ကြာကြာထိုင်ဖြစ် လေသည်လားတော့ မသိ။

“အင်းလျားရေ တစ်စည်လောက်တော့ လိုချင်ပါတယ်၊ လိုချင်ပါတယ်၊ မအေးညိုကို ရေခေါ်ချိုး၊ တစ်မျိုးနော် ဝအောင် အေးညို လှအောင်”

ကိုအေးသောင်၏ အသံက လွင့်ပျံ၍ တက်လာပြန် လေသည်။ ဒီတစ်ခါတော့ ခင်မမသည် သူ့ကိုများ စောင်းဆို နေသလားဟုပင် ထင်မိသည်။ ထင်မိသည်နှင့် တစ်ဆက်တည်းမှာပင် “ငါက အေးညိုလောက် ‘ဝ’ တာမှ မဟုတ်ဘဲ အေးညိုကသာ ဝပြီး လုံးနေတာ” ဟု တွေးမိသည်။ ခုတလော ဘာဖြစ်နေသည် မသိ။ အေးညိုကို ကြည့်ရင်း ရွှေလုံးဟု ခေါ်ချင်နေသည်။ ဖြူဖြူ၊ ပုပု၊ ဝဝ၊ လုံးလုံးလေးမို့ ရွှေလုံးနှင့်လည်း တကယ် တူလေသည်။ ဒီနေ့ မနက်တော့ လျှာယားယား ရှိသည်နှင့် ခေါ်နေကျ အေးညိုဟု မခေါ်တော့ဘဲ ရွှေလုံး၊ ရွှေလုံးဟုသာ ခေါ်ကောင်းကောင်းနှင့် ခေါ်ခိုင်းမိသည်။ ရွှေလုံး၊ အဲ မအေးညိုက ကြိုက်ပုံမရ။ ဘာမျှ ပြန်မပြော သော်လည်း မျက်နှာကတော့ ခပ်ပျက်ပျက်ပင်။

“ခင်မမနဲ့အေးညို၊ ကြည့်ရတာ ဘယ်သူ ပိုဝမလဲဟင် ကိုကို”

ခင်မမက မေးသည်။ တိုင်း(မ်) မဂ္ဂဇင်း ဖတ်နေသော ဦးခင်မောင်စိန်က မှန်ထဲမှတစ်ဆင့် မြင်နေရသော ခင်မမ၏ ရုပ်သွင်ကို လှမ်းကြည့်သည်။

“အေးညိုက ရွှေလုံးနဲ့ မတူဘူးလား ဟင်၊ ဝဝ လုံးလုံးကလေး ဖြစ်နေတာ”

ခင်မမက စကားခေါ်သည်။ ပြိုင်ချင်သည် ကတော့ လူ့သဘာဝမို့ တား၍ မရပေ။ ဓနပြိုင်၊ ပညာပြိုင်၊ အလှပြိုင်၊ ဘာပဲ ပြိုင်ပြိုင်၊ ဘယ်သူနှင့်ပဲ ပြိုင်ပြိုင် ခင်မမက နိုင်ခဲ့သည်သာ ဖြစ်သည်။ ခုတော့ ဒါတွေကို ပြိုင်ဖို့ စိတ်မဝင်စားတော့ပေ။ ကယ်လိုရီ၊ ကယ်လိုရီနှင့် အော်နေရသော အသက်အရွယ်ပိုင်းကို ရောက်နေပြီမို့ အဝပြိုင်ဖို့သာ ရှိတော့သည်။ ပြိုင်စရာကလည်း လောလောဆယ် နီးနီးနားနား ဆို၍ မအေးညို တစ်ယောက်သာ ရှိတော့လည်း မအေးညိုနှင့်သာ ပြိုင်ရတော့မည်။

“သူ့ကို ခင်းမက ဒီနေ့မနက် ‘ရွှေလုံး’ လို့ ခေါ်လိုက်တာ သိပ်မကြည်ဘူး ထင်တယ်”

“ရွှေလုံး”

“ဟုတ်တယ်၊ ရွှေလုံးလိုပဲ ဝဝ လုံးလုံးလေးမို့လေ”

“သူကရော မင်းကို ပြန်ခေါ် မသွားဘူးလား”

“ဘာခေါ်ရမှာလဲ”

“ဒေါ်စိန်ခင် လို့လေ”

“ဘာ”

ခင်မမက မျက်လုံးပြူး၍ အော်သည်။ ဦးခင်မောင်စိန်က ရယ်သည်။

“ကိုကိုက ခင်မကို ဒီလိုတောင် ပြောနေပြီ ဟုတ်လား”

“ဟုတ်တာပြောရင် စိတ်မဆိုးရဘူး မိန်းမရ”

“အရင်တုန်းကတော့ ခင်သန်းနုထက်တောင် လှသေးတယ် ဆို“

“အေး၊ ဟုတ်တယ်။ ကိုကို ဝတၳု ရေးတတ်ရင် ‘အရင်တုန်း ကတော့ ခင်သန်းနု၊ အခုတော့ ဒေါ်စိန်ခင်’ ဆိုပြီး ဝတၳုတစ်ပုဒ် ရေးမလားလို့။ ရုပ်ရှင် ရိုက်ဖြစ်ရင်လည်း ပထမပိုင်းမှာ ခင်သန်းနုနဲ့ ရိုက်၊ အသက်ကြီးပိုင်းမှာ ဒေါ်စိန်ခင်နဲ့ ရိုက်၊ ဘယ်လောက်ကောင်း ...”

“ကိုကိုနော်”

ခင်မမ အသံတုန် လာသည်။ ဦးခင်မောင်စိန်ကို ထုရိုက်၊ ကုတ်ဖဲ့ လုပ်ပစ်လိုက်ချင်သော “ဒေါသ” ၏ နောက်ကွယ်တွင် “သူ အသစ် တွေ့နေပြီ ထင်တယ်” ဟူသော “သောက” က ထက်ကြပ် လိုက်ပါ လာလေသည်။ သောက လိုက်လာတော့လည်း ရှေ့မှ ဒေါသကို ဇွတ်အတင်းဖိပြီး ဝမ်းထဲသို့ ပြန်မျိုချ လိုက်ရသည်။

“သူ၊ နောက်တစ်ယောက်များ ထပ်ယူလေဦးမလား” ဟူသော စိုးရိမ်စိတ်က ခင်မမကို ဖိစီးခဲ့သည် ကတော့ ကြာပေပြီ။ “သားသမီး သံယောဇဉ် ဆိုတာ ယောက်ျားကို ချည်တိုင်မှာ မြဲအောင်တုပ်ဖို့ အကောင်းဆုံး ကြိုးပဲ သမီးရဲ့” ဟု သူ့မိခင်ကြီးက သင်ကြား ပို့ချခဲ့သော်လည်း သူက သားတစ်ယောက်၊ သမီးတစ်ယောက်မျှ မမွေးနိုင်ခဲ့ပေ။ ဆရာဝန်ပြ ဆို၍ ပြ၊ သားအိမ်ခြစ် ဆို၍ ခြစ်၊ ဆေးစား ဆို၍ စားခဲ့သော်လည်း ကုသိုလ်ကံ နည်းခဲ့သည်။ စိန်၊ ရွှေ၊ ငွေ၊ ပတ္တမြား၊ ရတနာ အစစ ပြည့်စုံသော်လည်း သားသမီး ရတနာကိုကား ယနေ့အထိ မရရှိခဲ့ပေ။ ရရှိရန်လည်း မလွယ်တော့။ သူ့အသက်က လေးဆယ်ကျော်ခဲ့ ပေပြီ။ သွေးဆုံး နောက်ကျသော အမျိုးမို့ လေးဆယ်ကျော်မှ ကံပေါ်ပြီး ရင်သွေးရတနာ ရချင် ရဦးမှာပေါ့ဟု မျှော်လင့်ချက်ကလေး ထားရှိမိသော်လည်း အားကတော့ သိပ်မရှိလှပေ။

“ယောက်ျားဆိုတာ နွားလိုပဲ သမီးရဲ့၊ ချည်တိုင်မှာ မြဲအောင် ချည်နိုင်မှ။ အဲ ကိုယ့်ကြိုး မခိုင်ရင်တော့ မြက်စိုစို စိမ်းစိမ်းလေး တွေနောက် ကောက်ကောက် ပါသွားမှာပဲ။ ဒီချည်တိုင်မှာ ဒီကောက်ရိုးပဲ ဝါးနေရရင် ကြာရှည် မြဲချင်တာ မဟုတ်ဘူး”

သူ့ မိခင်ကြီး၏ စကားကို ကြားယောင်မိရင်း ခင်မမ သက်ပြင်းချသည်။ အနည်းငယ် ထိပ်ပြောင်ကာ အတန်ငယ် ဗိုက်ရွှဲသော်လည်း စည်းစိမ် ချမ်းသာ၊ ပစ္စည်းဥစ္စာ ပေါများပြည့်စုံ လေသော အသက် လေးဆယ်ကျော် ယောကျ်ားတစ်ဦး အတွက် မြက်စိုမြက်စိမ်း ကလေးများ ကလည်း ရှားလိမ့်မည် မထင်။

နောက်ပြီး သူ့ယောကျ်ား အကြောင်းကို သူ ကောင်းကောင်း သိသည်။ အင်မတန် အလှမက် လေသည်။ သူ့ကို မရမက ယူခြင်းလည်း ထိုအလှကြောင့်ပင် ဖြစ်သည်။ နှုတ်ကသာ “ခင်မကို ချစ်လိုက်တာကွယ်” ဟု တဖွဖွ ပြောနေသော်လည်း သူ ချစ်သည်က ခင်မ၏ ကိုယ်ခန္ဓာပေါ်ရှိ အလှတရားများကိုသာ ဖြစ်ပေလိမ့်မည်။ ခင်မမသည် တွေးရင်း သက်ပြင်းချမိ ပြန်သည်။

“ကိုကိုက ခင်မ အလှပျက်လာတော့ စိတ်ပျက်စကား ပြောတယ်ပေါ့၊ ဟုတ်လား”

ခင်မမ ဝမ်းနည်းစကား ပြောမိသည်။

“အလကား ‘စ’တာကို သိသားနဲ့ ခင်မရယ်”

“ကိုကိုက ‘စ’တယ် ဆိုပေမယ့် တကယ် စိတ်ထဲမှာ ရှိတာကို ပြောတာပါ၊ ခင်မ သိပါတယ်”

“အော်၊ ကိုယ့်မိန်းမကို ဟိုးအရင် ဆယ့်ရှစ်နှစ်သမီးလေး တုန်းက ပုံစံအတိုင်း လှတော့ လှစေချင်တာပေါ့။ ဒါပေမယ့် သင်္ခါရတရားကို နားလည် ပါတယ်ကွာ။ ဘယ်အရာမှ တစ်သတ်မတ်တည်း မြဲနိုင်တာ မဟုတ်ပါဘူး”

ဦးခင်မောင်စိန်က သူ့ အဓိပ္ပါယ်နှင့်သူ ပြောသည်။ ခင်မမ၏ အလှတရားများ ပြောင်းလဲ လာသလို သူ၏ မေတ္တာတရား ကလည်း ပြောင်းလဲနိုင်သည်ပင် မဟုတ်ပါလား။

သို့သော် နောက်ဆက်တွဲကို မြှုပ်ထားလိုက်တော့ ခင်မမ စိတ်သက်သာ သွားပုံရသည်။

“ခင်မမလည်း အရင်တုန်းက အတိုင်း လှချင်တာပေါ့ ကိုကိုရယ်။ ဒါပေမယ့် သိပ်တော့လည်း ဇွဲမကောင်းနိုင်ဘူး။ အပင်ပန်းလည်း မခံနိုင်ဘူး”

“အိုကွယ် ဝချိန်တန်လို့ ဝတာပဲ ဘာတတ်နိုင်မှာလဲ”

“ဪ၊ တော်ကြာတော့ ကိုကို အသစ်တွေ့သွားမှာ စိုးရိမ်လို့ပါ”

“စိတ်ချ ခင်မရေ၊ မင်းကိုတော့ ဘယ်တော့မှ မပစ်ဘူး စိတ်ချ”

ဦးခင်မောင်စိန်က သူ့အဓိပ္ပါယ်နှင့်သူ ပြောပြန်သည်။ ခင်မမကို မပစ်ဘူး ဆိုသည်မှာ နောက်တစ်ယောက် မယူဘူးဟု ပြောခြင်း မဟုတ်ပေ။ ခင်မမကို နံပါတ်တစ် အရာတွင် မြဲမြဲ ထိုင်စေရင်း နံပါတ်နှစ်သည် လည်းကောင်း၊ သုံးသည် လည်းကောင်း တိုးလာနိုင်သည် မဟုတ်ပါလား။

“မရှိတဲ့သူ ကျတော့လည်း တစ်မျိုးကောင်းတယ် ကိုကိုရယ်။ အေးညိုဆိုရင် ကြည့်။ သူ့ယောက်ျားအတွက် သူ ပူပုံ မရဘူး။ စိုးရိမ်ပုံ မရဘူး”

“ဘာဖြစ်လို့လဲ”

“ဪ အေးသောင်က တစ်ယောက်က နှစ်ယောက် ကျေွးနိုင်တဲ့သူမှ မဟုတ်တာ”

“ဒီလိုလဲ မထင်ပါနဲ့ကွာ။ ယောက်ျားတွေများ စန်းထလာရင် ကိုယ့်ထမင်း ကိုယ်စားပြီး မယားငယ် ခံတဲ့သူနဲ့ တွေ့ချင် တွေ့တတ်တာပါ။ ဒါပေမယ့် တွေ့လည်း ယူမယ်တော့ မထင်ပါဘူး။ အေးသောင်က တကယ် ရိုးတယ်။ အေးညိုကိုလည်း တကယ် ချစ်တယ်”

“ကိုကိုကေရာ”

ခင်မမက မေးသည်။ ဦးခင်မောင်စိန်၏ မျက်နှာ အပြောင်းအလဲကို အမိအရ အကဲခတ်သည်။

“ကိုကို ရိုးတာ ခင်မ မသိဘူးလား”

“မရိုးတာကို သိပါတယ်”

“ဘာ မရိုးလို့လဲ”

“ဟိုတစ်ခါ ကောင်မလေး တစ်ယောက်နဲ့ ရုပ်ရှင်ရုံထဲက ထွက်လာတာ ရိုးတာလား။ တစ်နေ့တုန်းက တိုက်ပုံ အကျႌအိတ် ထဲက မိန်းမကိုင် ပဝါလေး တစ်ထည် တွေ့တာ ရိုးတာလား”

“အပျော်တွေပါ ခင်မရယ်၊ သိသားနဲ့များ”

ဦးခင်မောင်စိန်က ခပ်ပြုံးပြုံး ဖြေသည်။ ကိုအေးသောင်က အေးညို စိတ်ဆိုး၊ စိတ်ကောက်မည်ကို စိုးရိမ်သော်လည်း သူကတော့ ခင်မမ စိတ်ဆိုးမည်ကို မစိုးရိမ်လှပေ။ ရခါစကတော့ ခင်မမ စိတ်ကောက်၍ ချော့ရသည်က အရသာတစ်မျိုး ဖြစ် သည်။ အခုတော့လည်း မချော့ဘဲ ကြည့်နေရသည်က အရသာ တစ်မျိုး ဖြစ်လာလေသည်။

“ကဲပါကွာ ထမင်းဆာပါပြီ။ စားကြပါစို့”

“ဆာရင် ကိုယ့်ဘာသာကိုယ် သွားစားပေါ့”

“ခင်မ မအားဘူးလား”

“အို ခင်မ စားတော့ ‘စားပြန်ပြီလား ဒီပုံနဲ့တော့ ပိန်ပါ လိမ့်မယ်ကွာ အားကြီး’ လို့ ကိုကိုကပဲ ပြောဦးမှာ မဟုတ်လား”

“ကဲပါကွာ မပြောပါဘူး၊ ကိုယ့်ယောက်ျား တစ်ခါတလေ အိမ်မှာစားတာ ဘေးကလိုက်ပြီး ငါးကြော် အရိုးလေး ဘာလေး နွှင်ပေးပါဦး”

ဦးခင်မောင်စိန်က လက်ထဲမှ တိုင်းမ် မဂ္ဂဇင်းကို အိပ်ရာပေါ်သို့ ချလိုက်ကာ နေရာမှ ထသည်။ မနေ့တုန်းက ညနေစာကို ဝေဝေသက်တို့နှင့် အတူ စားခဲ့သည်ကို သတိရသည်။ ဝေဝေသက်က သူ့ကို ငါးအရိုးနွှင်၍ ပေးခဲ့သည်။ ထမင်းစား ပြီးတော့လည်း လိမေ္မာ်သီးစိတ် ကလေးတွေကို အကြောသင် အခွံနွှာပြီး ပါးစပ်ထဲအရောက် ခွံ့ပေးခဲ့သည်။ သူက လိမေ္မာ်သီးမွှာလေးနှင့် အတူ ဝေဝေသက်၏ လက်ဖောင်းဖောင်းကလေး ကိုပါ ရောပြီး ခပ်ဖွဖွ ကိုက်ကာ ကျီစားခဲ့ရသေးသည်။ ဝေဝေသက် ရုန်းတော့ လက်ဖဝါလေးကို ဆုပ်ကိုင်ကာ တစ်ကိုယ်လုံး သူ့ဘက်သို့ ယိမ်းလာအောင် ဆွဲယူလိုက်သည်။

“ကိုကို”

“ဟင်၊ ဝေသက်”

“ဟောတော့”

သူ့ဘေးမှ ခင်မမက အလန့်တကြား အော်သည်။

“မြတ်စွာဘုရား၊ ဘယ်က ဝေသက်လဲဟင်”

“ကိုကို ဘာပြောမိလို့လဲ”

“အခုပဲ ပြောတယ်။ ခင်မခေါ်တော့ ဝေသက်တဲ့”
“ဝေသက်ဆိုတော့ ဝက်သေနဲ့ တူပါတယ်ကွာ။ ဒီနေ့ ဝက်သားဟင်းလား”

ဦးခင်မောင်စိန်က သူ့ကိုယ်သူ ရယ်ချင်နေသည်။ ဘယ်လိုများ ဒီစည်း မရှိလေသော ပါးစပ်က “ဝေသက်” ဟု ထွက်လိုက် မိလေသည် မသိ။

“ကိုကိုနော်၊ အူကြောင်ကြောင် လုပ်မနေနဲ့”

“မအူပါဘူး၊ မကြောင် ပါဘူးကွာ”

“ဒါဆို ‘ဝေသက်’  ဆိုတာ ဘယ်သူလဲ”

“မိန်းကလေး တစ်ယောက်ပေါ့ကွ။ ခင်မလောက်တော့ မလှပါဘူး”

“ဘယ်က မိန်းကလေးလဲ၊ စားသောက်ဆိုင်က စားပွဲထိုး မိန်းကလေးမျိုးလား”

“အခုတော့ မဟုတ်တော့ပါဘူး”

ဦးခင်မောင်စိန်က ဝေဝေသက် ဆီသို့ စိတ်ရောက် သွားပြန်သည်။ စပြီး တွေ့သည်ကတော့ စားသောက်ဆိုင် တွင်ပင် ဖြစ်သည်။ များစွာသော စားပွဲထိုး မိန်းကလေးများ ကဲ့သို့ပင် မိမိ၏ ဘဝ ရပ်တည်မှု အတွက် ရသည့် အလုပ်ကို ရသည့် နေ့တွင် ရသလို လုပ်ကိုင်နေရသူလေး ဖြစ်လေသည်။

ထိုအချိန်တွင် ဦးခင်မောင်စိန်နှင့် တွေ့ကြသည်။ ဝေဝေသက်က နွမ်းပါးသည်။ ဦးခင်မောင်စိန်က ချမ်းသာသည်။ ဝေဝေသက်က ငွေကြေး လိုအပ်နေသည်။ ဦးခင်မောင်စိန်က အပေးအကမ်း ရက်ရောသည်။ ထို့ပြင် ဝေဝေသက်က လှသည်။ ဦးခင်မောင်စိန်က ထိုအလှကို မက်မောသည်။ တချို့ အလှများက ငွေပေးလျှင် မရသော်လည်း ဝေဝေသက်၏ အလှကိုကား ငွေနှင့် ဝယ်ယူ၍ ရခဲ့သည်။

“ဘယ်လိုလဲ ကိုကို၊ ဒိုရာတို့ မေမီတို့လိုလား”

ခင်မက အံကြိတ်သံနှင့် မေးသည်။ ဒိုရာနှင့် မေမီသည်လည်း ဝေသက် အရင်က သူ ဝယ်ယူခဲ့သော အလှကလေးများ ဖြစ်သည်။ သူဝယ်သည် ဆိုရာ၌ တစ်ဦးတည်းပိုင် ဝယ်ယူသည် မဟုတ်။ ပျော်လိုသော ခဏတွင်သာ အချိန်ပိုင်းနှင့် ဝယ်ယူခဲ့သူများ ဖြစ်သည်။ ဒီနှစ်ယောက်က သူတို့ အသိုင်းအဝိုင်းတွင် ထင်ရှားလေတော့ ခင်မလည်း သိသွားခဲ့သည်။ တစ်ရက် နှစ်ရက်ခန့် စိတ်ကောက် သော်လည်း နောက်တော့ ဘာမျှ မပြောတော့ပေ။ အချိန်ပိုင်း ကလေးများ ရှိနေလျှင် အချိန်ပြည့် တစ်ယောက် ခန့်ထားရန် စိတ်ကူးတော့မည် မဟုဘ်ဟု သဘောပေါက်သွားပုံ ရလေသည်။ မနိုင်တော့လည်း သည်းခံရုံအပြင် ဘာမျှ မတတ်နိုင်ခဲ့ပေ။

“ဟင်၊ ဒိုရာတို့လိုလား ဆိုမှ”

ခင်မမက ထပ်မေးပြန်သည်။ ဦးခင်မောင်စိန် ခေါင်းကုတ်မိသည်။ ဘယ်လို ပြန်ဖြေရမည် မသိ။ အစတုန်းကတော့ ဒိုရာတို့လိုပင် သဘောထား မိသည်မှာ အမှန်ပင်။ သို့သော် ဝေသက်က ဒိုနာတို့လောက် ငွေစကား မပြောချေ။ ထို့ပြင် ဒိုရာတို့လို ကိုယ်ခန္ဓာကို ရောင်းသူ မဟုတ်။ ငွေကြေး လိုအပ် နေချိန်တွင် ငွေကြေးကို ပုံပေးသူနှင့် တွေ့၍ မျက်စိမှိတ် လက်ခံလိုက်ပုံ ရသည်။ အခြားသူများနှင့်လည်း အရှုပ်အရှင်း မကြားရ။

“ကဲ လာပါ ခင်မရယ်၊ ထမင်း စားရအောင်ဆို”

“အို၊ မစားဘူး၊ ဘာစကားလွှဲ တာလဲ။ ပြော”

“ဘာပြောရမှာလဲ”

“ဝေသက်ဆိုတာ ဘယ်သူလဲ”

”ကောင်မလေး တစ်ယောက် ဆိုမှ”

”သူ့ကို ကိုကိုက ဘယ်လို သဘောထား နေလဲ”

”ဘယ်မှ သဘောမထားပါဘူး။ ခင်မကလည်း ကိုကိုအကြောင်း သိသားနဲ့။ အပျော်ပေါ့ကွာ”

“အပျော်ဆိုတာ ပျော်ပြီးရင် မေ့ရတယ်၊ သိရဲ့လား”

“အခုရော ဘယ်သူက သတိရ နေလို့လဲ”

“သတိ မရရင် ဝေသက်လို့ ဒီပါးစပ်က ထွက်လာပါ့မလား ပြောပါဦး”

“အေး၊ ဒါလည်း ဟုတ်တာပဲ”

“ဘာဟုဘ်တာလဲ”

“ခုန ခင်မ ပြောတာလေ၊ ဘာလဲ”

“ဟင်၊ ဒီလိုဆို သတိရ နေတယ်ပေါ့၊ ဟုတ်လား။ ဟုတ်လား ကိုကို၊ ပြောပါဦး”

ခင်မက တုန်ယင် လှိုက်လှဲစွာ မေးသည်။ ခင်မ ပြောမှပင် သူ့စိတ်ကိုသူ သိတော့သည်။ သူသည် ဝေဝေသက်ကို ခေတ္တခဏ ပျော်စရာ၊ ပါးစရာကလေးဟု သဘောထားခဲ့ရာမှ အတန်ငယ် လေးနက်လာပြီ ထင်သည်။ ဝေဝေသက်၏ အပြုအစု၊ အယုအယတို့တွင် သာယာတိမ်းမူး ညွှတ်နူးလာပြီ ထင်သည်။

“ပြောပါဦး ကိုကိုရဲ့၊ ပြောပါဦး”

ခင်မမက သူ့လက်ကို ကိုင်လှုပ်၍ မေးသည်။ သူက ခေါင်းကုတ်သည်။

“ခင်မကလဲကွာ အသာ နေပါဦး။ စဉ်းစား ပါရစေဦး။ ခင်မပြောမှ စဉ်းစားမိလို့ပါ။ အစကတော့ အပျော်ပါပဲ။ အပျော်ကြံခဲ့တာ ပါပဲ”
“ဟောတော့၊ အခုတော့ရော”

ခင်မမက မျက်လုံးပြူး မျက်ဆန်ပြူးနှင့် မေးသည်။

“အေးလေ၊ အခုလဲ အပျော်ပါပဲ”

ဦးခင်မောင်စိန်က မရေမရာ ဖြေသည်။ သူ့စိတ်ကိုလည်း သူ သဲသဲကွဲကွဲ မသိသေး။

“ကိုကိုနော်၊ ကိုကို့ အကြောင်းကို ခင်မ သိတယ်၊ ယောက်ျား ပဲလေ၊ တစ်ခါတလေ အပျော်အပါးပဲလေနဲ့ ခွင့်လွှတ်နေတာ။ အဲဒီလို စွဲစွဲလမ်းလမ်း ဖြစ်လာတာမျိုး ကိုတော့ ခွင့်မလွှတ်နိုင်ဘူး၊ သိရဲ့လား ကိုကို၊ မယားငယ် မထားနဲ့”

“ဟ ဒီခေတ်မှာ မယားငယ် မရှိဘူးဟ၊ မယားပြိုင်တဲ့”

“ဘာ မယားပြိုင်လဲ ဟင်၊ ဘာ မယားပြိုင်လဲ”

ခင်မမက မှန်တင်ခုံ ပေါ်မှ ရေမွှေး ပုလင်းကို ကောက်ကာ ကြမ်းပေါ်သို့ ပစ်ပေါက်လိုက်သည်။ ခွမ်းခနဲ ကွဲသွားသော အသံနှင့်အတူ ရေမွှေးနံ့က ကြိုင်လှောက်ပြီး ထွက်သွားလေသည်။

“ဟ၊ နှမြောစရာကြီး”

“ဘာ နှမြောရမှာလဲ ကဲ”

ခင်မမက နောက်တစ်ပုလင်း ကောက်ကာ ပေါက်ခွဲလိုက် ပြန်သည်။ အမွှေးနံ့ တစ်မျိုး ထွက်လာပြန်သည်။

“ဟင်၊ အရင်တုန်းကတော့ ချစ်လှချေရဲ့ဆို၊ ကြိုက်လှချေရဲ့ဆို၊ ခင်မကသာ လက်မထပ်ဘူးလို့ ခေါင်းခါရင် နိုင်ငံခြားကို အပြီး ထွက်သွားမလို့ ဆို။ အင်းလျားကန်ထဲတောင် ဆင်းပြီး သေချင်တယ်ဆို ဟင် ဟင်”

ခင်မမက စိတ်လွတ်လက်လွတ် ဖြစ်နေသည်။

“ဟင်၊ အခုတော့ ရှင် ပလီခဲ့သမျှ ရှင် မေ့ပြီပေါ့၊ ဟုတ်လား။ အစက ဒိုရာ၊ နောက်တော့ အေမီ၊ အခု တစ်ခါ ဝေသက်။ နောက် ဘယ်သူ လာဦးမှာလဲဟင်။ ပြောပါဦး၊ ပြောစမ်းပါဦး၊ ဦးအတောင်နှစ်ဆယ်ကြီး ရဲ့”

“ဝေသက် ပြီးတော့ မေထက်၊ မေထက် ပြီးတော့ မြမဉ္ဇူ၊ မြမဉ္ဇူ ပြီးတော့ အင်နီ၊ အင်နီ ပြီးတော့ မွန်မွန်အေး ပြီးတော့”

“ကိုကိုနော်၊ ကိုကိုနော်၊ ကဲ ကဲ ကဲ”

ဒီတစ်ခါတော့ မှန်တင်ခုံပေါ်မှ ရှိရှိသမျှ နှုတ်ခမ်းနီဘူး တွေရော၊ မိတ်ကပ်ဘူး တွေရော၊ လက်သည်းနီဘူး တွေရော အကုန်လုံး ကြမ်းပြင်ပေါ် ရောက်ကုန်သည်။

တစ်သက်နှင့် တစ်ကိုယ် ခင်မမ ဒီလောက် စိတ်ဆိုးသည်ကို ဒီတစ်ခါသာ တွေ့ဖူးသည်။ ယဉ်ယဉ်ကျေးကျေး နူးနူးညံ့ညံ့ ရှိရန် ကြိုးပမ်းလေ့ ရှိသော ခင်မမ တစ်ယောက် စိတ်လွတ်လက်လွတ် ဖြစ်နေသည်ကို ကြည့်ပြီး ဦးခင်မောင်စိန်က သဘောကျ နေသည်။ ဒီတစ်ခါ ရန်ဖြစ်ရသည်မှာ ပျော်စရာ ကောင်းလှသည်။

“ကေးသောင်နော်၊ ကေးသောင်၊ ဒီသီချင်းကို မဆိုပါနဲ့ဆိုတာ ပြောလို့ မရဘူးလား”

အရေးထဲတွင် မအေးညို၏ အသံက လွင့်ပျံပြီး တက်လာ သေးသည်။ ကိုအေးသောင် ဘယ်လို ပြန်ဖြေသည် မသိ။ သီချင်းသံတော့ တိတ်သွားသည်။

“ကိုယ့်ဘာသာကိုယ် ‘ဝ’ တာ ဘာဖြစ်လဲ။ ဒါကိုပဲ အမြဲ ‘ဝ’ နေတာပဲ။ ပိန်တုန်းကလည်း ငါးဖောင်ရိုးတဲ့။ ဝပြန်တော့လည်း ရွှေလုံးတဲ့”

မအေးညို တဖြစ်တောက်တောက် ပြောနေမည့် စကားများကို ဆက်လက် ကြားယောင်ရင်း ဦးခင်မောင်စိန် ရယ်ချင်လာသည်။

ခုအချိန်ဆိုလျှင် ကိုအေးသောင်က မအေးညို၏ ပခုံးလေးကို ဖက်ကာ “ချစ်လို့ စတာပါ မိန်းမရာ” ဟု ချော့နေလိမ့်မည် ထင်သည်။ ထို့နောက်မှ ဆက်၍ “ဪ၊ ငါလည်း မိန်းမကို ချော့ဦးမှပေါ့” ဟု ချော့ရန် သတိရသည်။

“ကဲ လွှင့်ပစ်စရာလည်း ကုန်ပြီ။ လှုပ်လိုက် ရှားလိုက်၊ ဒေါသ ဖြစ်လိုက်ရတာ ကယ်လိုရီလည်း တော်တော်ကျ သွားရောပေါ့။ ခင်မ ကြည့်ရတာ နည်းနည်းတောင် ပိန်သွားသလိုပဲ”

“ကိုကိုနော်”

ခင်မမက အံကိုက်ထားသည်။

“ကဲ လာပါဗျာ၊ ထမင်းစားရအောင်”

“မစားဘူး”

“တော်ကြာ ပိန်ပြု သွားပါဦးမယ်ဗျာ။ စားလိုက်စမ်းပါ။ မိန်းမကလဲ”

“အို မစားဘူးဆို မစားဘူး”

“ငါးလေး ဘာလေး အရိုးနွှင် မပေးတော့ဘူးလား”

“အို၊ မပေးဘူး”

“ဝေသက် ကတော့ အရိုးနွှင် ပေးတယ်ဗျ။ အံမာလေးဗျ။ အံမာလေးဗျ၊ သေပါပြီဗျ”

ခင်မမက ဦးခင်မောင်စိန်၏ ကျောကို တဘုန်းဘုန်း ထုရိုက်သည်။

“သွား၊ သွား၊ အဲဒီ အရိုးနွှင်ပေးတဲ့ ကောင်မဆီ သွား။ အဲဒီ မသာမဆီ သွား။ ပြန်မလာနဲ့။ ဘယ်တော့မှ ပြန်မလာနဲ့။ ဟီး၊ အဲဒီ မသာမ ဆီမှာပဲ နေ။ အီး ဟီး ဟီး”

ခင်မမက အားရအောင် ထုရိုက်ပြီး ချုံးပွဲချ၍ ငိုလေသည်။ ဦးခင်မောင်စိန် ဘယ်လိုမှ ချော့၍ မရတော့ပေ။

“ခင်မ ကလဲကွာ၊ ကိုကို ‘စ’တာကို သိရဲ့သားနဲ့၊ ထ၊ ထ၊ ထမင်း စားကြမယ်။ ထမင်း မစားချင်ရင် အေးသောင်ကို ရွှေတောင်တန်းက ကြေးအိုးပြုတ် ဝယ်ခိုင်း လိုက်မယ်လေ။ ဒါမှမဟုတ် မလေးရှား ခေါက်ဆွဲ စားမလား”

ခင်မမက ခေါင်းကို အတွင်ခါသည်။ ခုနတုန်းက ဆာတာတာ၊ ဟာတာတာ ဖြစ်နေသမျှ ပျောက်သွားသည်။ ဘာဆို ဘာကိုမျှ မစားချင်တော့။ ရင်ထဲတွင် ဒေါသနှင့် သောကတို့က မွှေနှောက်ပြီး ပြည့်ကယ်ကယ် ဖြစ်နေသည်။

ဪ၊ လင်ပူ ဟူသည်မှာ နှလုံးသားကို လွန်ပူနှင့် ဖောက်သည့်အလား ခံစားရမှန်းကို တွေ့ကြုံမှ သိရလေသည်။ “ဒီလိုမှန်းသာ သိရင် ကိုကို့ကို အစက မယူခဲ့ပါဘူး” ဟု ရှိုက်သံနှင့် ပြောမိစဉ် သေနာကျ အေးသောင်၏ အသံကို ကြားရပြန်သည်။

“အညို မှားပါပြီကွယ်၊ လင်ယူမိလို့”

* * *

မအေးညို အံ့ဩသည်။ တော်တော့်ကို အံ့ဩ နေသည်။ မမတစ်ယောက် ဘယ်လိုလုပ်ပြီး ဒီလောက် မြန်မြန်ပိန်အောင် လေ့ကျင့်လိုက် လေသည် မသိ။ နှစ်လ၊ သုံးလ အတောအတွင်း၌ ကိုယ်ရေ စစ်ကျသွားသည်။ ဗိုက်ခေါက် ထူထူကြီး ပျောက်သွားသည်။

သူ့မှာတော့ ကိုအေးသောင်း အလစ်တွင် ယူလိုက်ရသည့် လေ့ကျင့်ခန်း။ နည်းစနစ် မှန်ကန်ရဲ့လားတော့ အသေအချာ မသိ။ မမ လုပ်တာတွေ မြင်ဖူးသမျှ ကုန်းလိုက် ကွလိုက်၊ ထိုင်လိုက် ထလိုက်နှင့် လိုက်၍ လုပ်သည်မှာ ချေွးဒီးဒီးပင် ကျခဲ့သည်။ အကြောအခြင်တွေ တောင့်တင်း၊ ကိုယ်လက်တွေ နာကျင်ကိုက်ခဲခြင်း ကသာ အဖတ်တင်သည်။ ရွှေလုံးက ရွှေလုံးပင်။ ခုတော့ မမကို ကြည့်စမ်း၊ ပိန်သွား လှသွား လိုက်သည်မှာ အားကျစရာ။

“မမ”

မအေးညိုက သနပ်ခါး သွေးရင်း မရဲတရဲ ခေါ်သည်။

“မမ အရမ်းလှတယ်နော်”

“ဟုတ်လား”

“ဘယ်လို လုပ်လဲဟင်”

ခင်မမက ဘာမျှ ပြန်မပြောဘဲ မအေးညိုကိုသာ ငေးကြည့်နေသည်။

“ကျွန်မလည်း ပိန်ချင်လိုက်တာ။ လေ့ကျင့်ခန်းလည်း လုပ်တာပဲ မမရဲ့၊ အစားလည်း လျှော့ပါတယ်။ ဒါပေမယ့် ကြည့်ပါဦး၊ ဗိုက်ကြီးက ပူလို့”

မအေးညို၏ စကားကို ကြားတော့ ခင်မမ ပြုံးမိသည်။

“ဗိုက်ခေါက် မထူချင်ရင် နင် အေးသောင်ကို နောက်မိန်းမ တစ်ယောက်လောက် ယူခိုင်းကြည့် ပါလား” ဟု ပြောလိုက်ချင်စိတ် ပေါက်လာသည်။ လင်ပူ ဟူသည်မှာ ရင်ကို တကယ် ပူစေသည်မို့ ထူးထူးခြားခြား အစားလျှော့စရာ မလိုဘဲ မစားနိုင် မသောက်နိုင် ဖြစ်ခဲ့ရသည့် ကိုယ့်အကြောင်းကို ကိုယ်သာ သိသည်။

အပျော်အပြက်တွေ တုန်းက မကြိုက်သော်လည်း ခွင့်လွှတ်၍ ရခဲ့သေးသည်။ ပြီးပြီးပျောက်ပျောက်တွေ ဆိုတော့ ကိုယ်နှင့်လည်း ထိပ်တိုက် ယှဉ်လာစရာ အကြောင်း မရှိ။ အခုတော့ ပေါ်လာပြီ။ ဝေဝေသက် ဆိုသည့် မိန်းမ။ ခင်မမသာ စောစောစီးစီး အိမ်ထောင်ကျ၍ စောစောစီးစီး ကလေးတွေ မွေးဖြစ်လျှင် သမီးဦးက ဝေဝေသက်နှင့် ရွယ်တူလောက် ရှိလိမ့်မည် ထင်သည်။ သမီးအရွယ်နှင့် အမေအရွယ် ယှဉ်ကြစတမ်း ဆိုရင်တော့ သူ့ဘက်မှ အစစအရာရာ ရှုံးနိမ့်ပြီးသား ဖြစ်လေသည်။ ဒီကြားထဲ သူက သားသမီး ရတနာ မထွန်းကားခဲ့ သည်က ပို၍ ခက်သည်။ လွန်ခဲ့သည့်ဆယ်ရက်လောက် ကတော့ ဝေဝေသက်တွင် ကိုယ်ဝန် ရှိနေပြီဟု ဦးခင်မောင်စိန်က ပြောသည်။ ထိုစကားကို ကြားရတော့ သူ မိုက်ခနဲ ဖြစ်သွားသည်။ သူ အလဲထိုး ခံရတော့မည် ဖြစ်ကြောင်း ချက်ချင်း နားလည် သွားသောကြောင့် ဖြစ်လေသည်။ “ဝမ်းမနည်းပါနဲ့ ခင်မရယ်။ ခင်မကို ကိုကိုက ဘယ်တော့မှ မပစ်ပါဘူး” ဟု ဦးခင်မောင်စိန်က ညှာတာသနား ဟန်နှင့် ပြောတော့ “အို ပစ်ချင်လဲ ပစ်လိုက်စမ်းပါ။ အရေးမကြီး ပါဘူး”ဟု မာနခံ ပြောရင်း မျက်ရည်သွယ်သွယ် ကျခဲ့ရသည်။ “သူသာ ကလေး ရှိမလာရင် ကိုကို လက်ထပ် မယူပါဘူး ခင်မရယ်” ခုတော့ ဦးခင်မောင်စိန်က သူ လက်ထပ်ယူမည် ဖြစ်ကြောင်း အသိပေး လေသည်။ ခင်မမ နှုတ်ခမ်းကိုသာ တင်းတင်းကိုက်ထား မိတော့သည်။ အချောတွင် တစ်၊ အလှတွင် တစ်၊ အယဉ်တွင် တစ်၊ နေရာတကာတွင် နံပါတ်တစ် စွဲထားခဲ့သော ခင်မမသည် မယားတွင်လည်း နံပါတ်တစ် ပါတကားဟု တွေးမိပြီး တော်တော် အသည်းနာမိသည်။

“ကျွန်မလည်း ပိန်ချင်လိုက်တာ။ အခုတော့ အခေါက်ကထူ၊ ဗိုက်ကပူနဲ့”

“ရင်မပူရလို့ ဗိုက်ပူတာ အေးညိုရယ်၊ နင်သာ ရင်ပူရင် ဗိုက်ပူတော့မှာ မဟုတ်ပါဘူး”

ခင်မမက ခပ်တိုးတိုး ပြောကာ ချာခနဲ လှည့်ထွက်သွားသည်။ မအေးညိုက ပါးစပ်ကလေး အဟောင်းသားနှင့် ငေး၍ ကျန်ခဲ့သည်။ ဘာပြောသွားမှန်း မသိ။

“အေးညိုရယ် နင်ဟာလေ၊ လည်ပုံလည်ပန်းနဲ့ တော်တော်ကို အသုံးမကျတာ”

ဒေါ်စိုးက သူ့လက်ထဲမှ ပန်းကန်ကို အမှတ်မဲ့ ဆောင့်ချမိရင်း ခပ်ကြိတ်ကြိတ် ပြောသည်။

“ဆရာနဲ့ မမလေးနဲ့ အဆင်မပြေတာ နင် နည်းနည်းပါးပါးတော့ ရိပ်မိဖို့ ကောင်းပါတယ်”

“ဟောတော့၊ ဒေါ်အေးစိုး မပြောရင် ကျွန်မက ဘယ်လိုလုပ် သိမှာလဲ။ မနက်လာ ငရုတ်သီးထောင်း၊ ပန်းကန်ဆေးပြီးရင် ကျွန်မက ပြန်တာပဲဟာ၊ ဒီအိမ်မှာ အကြာကြီး နေတာမှ မဟုတ်တာ”

ယခင်တုန်းက ခပ်ကြာကြာ နေသေးသော်လည်း အခု သုံးလပိုင်းလောက် တွင်တော့ မအေးညိုက ကြာကြာမနေ၊ လုပ်စရာ ရှိသည်ကို မြန်မြန်ထက်ထက် လုပ်ပြီး မြန်မြန်ပင် ပြန်ပြေးတတ်သည်။ ကိုအေးသောင် အလစ်တွင် သူက လေ့ကျင့်ခန်း လုပ်ရသေးသည် မဟုတ်ပါလား။

“နင် ဘယ်သူ့ကိုမှတော့ မပြောနဲ့ဟဲ့။ ခုတလော ဆရာ ခြေမငြိမ်လို့ မမလေး စိတ်ဆင်းရဲ နေရတာ”

“ဆရာက အရင်ကရော ငြိမ်လို့လား ဒေါ်စိုးရယ်။ နည်းနည်းပါးပါးတော့ အပျော်အပါး ရှိတာပဲ မဟုတ်လား”

“အခုဟာက အရင်ဟာတွေလို နည်းနည်းပါးပါး မဟုတ်ဘူးဟဲ့၊ ထူးထူးခြားခြား ...”

ဒေါ်စိုးက ရေတွေ စိုနေသော လက်နှစ်ဖက်ကို တင်ပါး နှစ်ဖက်တွင် ပွတ်သပ်ရင်း မအေးညိုနား ကပ်ကာ တိုးတိုးပြောသည်။

“ကောင်မလေး ဗိုက်ထဲမှာ ကလေး ရှိနေပြီတဲ့။ ဆရာက ဒါကြောင့် ရုံးတက်ပြီး လက်ထပ် ယူလိုက်တယ်”

“ဟောတော့”

မအေးညို မျက်လုံးဝိုင်း သွားသည်။

“မမလေးခမျာ ဟန်မပျက်သာ အလှပြင်ပြီး ပြုံးနေရတာ ရင်ထဲ ဘယ်လောက် ပူနေရှာမလဲ။ ဒါကြောင့် ပိန်သွားတာပေါ့။ ထမင်းလည်း မစားနိုင်ဘူး”

“ဟောတော့”

“အဲဒါကို နင်က ကျွန်မလည်း ပိန်ချင်လိုက်တာ မမ ဘယ်လို လုပ်သလဲ ဘာလဲနဲ့ အလိုက်ကန်းဆိုး မသိ ပြောနေသေးတယ်။ ပိန်ချင်ရင် နင့်ယောက်ျားကို အကူအညီ တောင်းပေါ့ ‘မယားပြိုင်’လေး တစ်ယောက်လောက် ကောက်ယူစမ်းပါလို့”

မအေးညို ခေါင်းကြီးသွားသည်။

“ဒီလိုနည်းနဲ့တော့ မပိန်ပါရစေနဲ့ ဒေါ်စိုးရယ်။ တစ်သက်လုံးပဲ ရွှေလုံးနာမည် တွင်ချင်ရင်လည်း တွင်ပါစေတော့” ဟု အသံကလေး ပျော့ပျော့နှင့် ပြောမိလေသည်။

နောက်ဘက်က ပြဒါးများ ပျက်ပြယ်ကာ ခပ်မှိန်မှိန်၊ ခပ်မှုန်မှုန် ဖြစ်နေသော မှန်ရှေ့တွင် မအေးညို ရပ်မိပြန်သည်။

ကိုအေးသောင် ကလည်း သီချင်း ဆိုမိပြန်သည်။
“အစက ပိန်ပိန်
‘ဝ’ သွားပြီ။
ခုတော့ ‘ဝ’ သွားပြီ”

ကိုအေးသောင်က ဇတ်ခနဲ စူထွက်လာမည့် နှုတ်ခမ်းနှင့် ဆောင့်ခနဲ ထိုးမည့် မျက်စောင်းများကို မျှော်လင့်ရင်း အေးညိုကို လှမ်းကြည့်သည်။ သူ့ခမျာ ရုတ်တရက် အံ့ဩပြီး သီချင်းဆိုပင် ရပ်သွားသည်။ မအေးညိုက သူ့ကို အချိုဆုံး ပြုံးပြ နေသောကြောင့် ဖြစ်လေသည်။

မစန္ဒာ
သဘင်၊ နိုဝင်ဘာ၊ ၁၉၇၇။
(မစန္ဒာ၏ မဂ္ဂဇင်း ဝတၳုရှည်များ)
(စာမျက်နှာ ၁၁၉ -၂၃၃)

 မြန်မာဝတၳုတိုများ ပေ့ဂျ်ကနေ ကူးယူပါတယ်။

စလေ ငနော့




Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်