သရော်စာ သမိုင်းနှင့် သရော်စာ ပုံသဏ္ဌာန်များ ၅ 🖊 မင်းခက်ရဲ
သရော်စာ သမိုင်းနှင့်
••••••••••••••••••••••••••••••
သရော်စာ ပုံသဏ္ဌာန်များ(၅)-
•••••••••••••••••••••••••••••••
တုပလှောင်ပြောင်ဟန်
•••••••••••••••••••••••••••
သို့မဟုတ် စာပြောင်ပုံစံ (Parody)
••••••••••••••••••••••••••••••••••••••
မင်းခက်ရဲ
အခန်းဆက်စာပေဆောင်းပါး – သရော်စာ သမိုင်းနှင့် သရော်စာ ပုံသဏ္ဌာန်များ အပိုင်း(၄) - ဂရိတို့ ၏ ဗီဇ ဒီမှာဖတ်နိုင်သည်။
https://m.facebook.com/story.php?story_fbid=767925323696321&id=100014365818991
တုပလှောင်ပြောင်ဟန် သို့မဟုတ် စာပြောင် ပုံစံ (Parody)
သရော်စာ၏ နောက်ထပ်ပုံစံတစ်မျိုးမှာ တုပလှောင်ပြောင်ဟန် (parody)၊ လူ့လှုပ်ရှားမှုတွေကို တုပလှောင်ပြောင်ဟန် (mimicry) ပင်ဖြစ်သည်။ သဘာဝယုတ္တိအကျဆုံးဟန်ဖြင့် ရေးဖွဲ့သည်။ သရော်စာအဖွဲ့များတွင် ကျေနပ်နှစ်သိမ့်မှု အပေးဆုံး၊ အထိရောက်ဆုံးအဖွဲ့ ပုံစံဟု ဆိုကြသည်။ ကောင်လေးနှင့် ကောင်မလေးနှစ်ဦး ထမင်းစားပွဲထိပ်အောက်ခြေတွင် ထိုင်နေပြီး သူတို့နှစ်ဦးသည် တစ်ဦးနှင့် တစ်ဦး အလွန်တည်ကြည်လေးနက်စွာ ကြည့်နေသည်။ အင်မတန်ကြီးကျယ်လေးနက်သည့် အကြောင်းအရာတွေကို ချဲ့ကားပြောနေကြသည်။ တစ်ယောက်က နှုတ်ခမ်းမွှေးကြီးအတုနှင့် တစ်ယောက်က မိန်းမကြီးတွေဝတ်သော ရှေ့ဖုံးလည်စီးမျိုးကို ဆင်ထားသည့်ဟန်။ သူတို့သည် လှောင်ပြောင်နေခြင်း (prody) ဖြစ်သည်။ အထူးသဖြင့် လူကြီးတွေ၏ တည်ကြည် လေးနက်ပုံကို တုပလှောင်ပြောင်နေခြင်း (mimicry) ဖြစ်သည်။ သို့သော် စာပြောင်သည် ပုံဖျက်ခြင်း (distortion) သက်သက်ဟု မှတ်ယူ၍ ရမည်မဟုတ်။ ပုံဖျက်ခြင်းသက်သက်သည် သရော်စာမဖြစ်နိုင်။

စာပြောင် ဝါ တုပလှောင်ပြောင်ခြင်းသည် တုပခြင်း သက်သက်မဟုတ်ပါ။ လှောင်ပြောင်နေသော ငှက်သည် လှောင်ပြောင်နေသူမဟုတ်ပါ။ အခြားငှက်တစ်ကောင်၏ သီချင်းများကို တုပနေခြင်းသာဖြစ်သည်။ တုပခြင်းတစ်ခုက နားထောင်သူ သို့မဟုတ် စာဖတ်သူ ကို ကြည်နူးစေမည်။ တိတိကျကျ တုပမှုကြောင့် ကျေနပ်နှစ်သက်စေသည်။ သို့သော် မူရင်းကို အံ့သြချီးမွမ်းမှုမှ ရုန်းမထွက် နိုင်ပါ။ မူရင်း၏ အပြစ်အနာအဆာတွေကို အရင်တုန်းကလို မမြင်နိုင်သေး။ မူရင်းကို မနှစ်မမြို့ဖြစ်မလာသးဆိုလျှင် ထို အရာသည် စာပြောင်မဟုတ်ပါ။ တူအောင်တုခြင်း သက်သက်သာဖြစ်ပါမည်။ သို့သော် မူရင်းကို နာလိုခံခက်ဖြစ်စေမည်။ အမှားများကို ထောက်ပြမည်။ မသိမမြင်သေးသည့် ချစ်ခင်နှစ်သက် စရာလေးများကိုလည်း ထုတ်ပြမည်။ အားနည်းချက် များကိုလည်း အလေးအနက်ထား၍ ထပ်ခါထပ်ခါ ဆိုနေမည်ဆိုလျှင် ၎င်းသည် စာပြောင် ဝါ တုပလှောင်ပြောင်ခြင်း (parody) ပင်ဖြစ်သည်။
နိုင်ငံရေးခေါင်းဆောင်၊ အနုပညာ သမားများကို တူအောင်တုနိုင်ခြင်းများစွာရှိပါသည်။ ၎င်းတို့ကို ပရိသတ်က “တူလိုက်တာ”ဟု အော်ဟစ်အားပေးနိုင်ပါ မည်။ သရော်မှုမဖြစ်လာနိုင်ပါ။

မူရင်းကို ဓာတ်ပုံရိုက်ထားသကဲ့သို့ တုပခြင်းများရှိပါသည်။ မူလထင်ရှားသော နိုင်ငံရေးခေါင်းဆောင်၊ အနုပညာ သမားများကို တူအောင်တုနိုင်ခြင်း များစွာရှိပါသည်။ ၎င်းတို့ကို ပရိသတ်က “တူလိုက်တာ” ဟု အော်ဟစ်အားပေးနိုင်ပါမည်။ သရော်မှုမဖြစ်လာနိုင်ပါ။ တုပသည့် ပုဂ္ဂိုလ်၏ အမှားကလေးကို ပုံကြီးချဲ့ပြော၊ မကောင်းသည့် ဉာဉ်ကလေးများ ရှိလျှင် ထုတ်ဖော်ပြ၊ သို့မှသာ ပရိသတ်က အလှောင်ခံပုဂ္ဂိုလ်၏ စရိုက်အမြင်သစ်တွေ ပွင့်လာမည်။ လှောင်ပြောင်ချင် လာမည်။ အထင်အမြင်သေးချင်လာမည်။ ရွံရှာလာမည်။ ရယ်မောပစ်လိုက်မည်။ ဤသို့ဖြစ်အောင် လုပ်သည့်အပြုအမူ နည်းလမ်းကို လှောင်ပြောင်ဟန် စာပြောင်ဟန် (parody) ဟုခေါ်မည်။ ဤသို့ ပြုမူခြင်းဖြစ်ပေါ်လာသည့် အကျိုးသက် ရောက်မှုကို သရော်စာဟုခေါ်ပါမည်။ စာပြောင် ဝါ တုပလှောင်ပြောင်းခြင်းကို အဓိကပုံသဏ္ဌာန်နှစ်မျိုး ခွဲခြားနိုင်သည်။ ပုံသဏ္ဌာန်အဓိကနှင့် အကြောင်းအရာ အဓိကစသဖြင့် ပုံသဏ္ဌာန်နှစ်မျိုး၊ စာပြောင်အကြောင်းပြောလျှင် စာပြောင်နှင့် သရော်ခံမူရင်းတို့ကြား ပြင်ပအသွင်တူညီမှုကို စတင်စဉ်စား ကြည့်သင်သည်။ ဥပမာ အေအီးဟော့စ်မန်း၏ စာများသည် တောက်ပြောင်သော စာပြောင်များဖြစ်သည်။ အဓိကအားဖြင့် ဟန်ပေါ်တွင် အာရုံစိုက်ထားသည်။ ဂရိတို့၏ ကြေကွဲဇာတ်တွင် တွေ့ရသည့်ဟန်မျိုး၊ အဲဖရက်အက်ဒဝပ်ဟော့က်စ်မန်း က (A.E. Housemain) သူ၏ အင်မတန်ထူးကဲကောင်းမွန်လှသော ဝေဖန်ရေးသဘောတရားများကြောင့် လန်ဒန်တက္ကသိုလ် ပါမောက္ခခန့်အပ်ခြင်းခံလိုက်ရသူ ဂနၳဝင်များကို အင်္ဂလိပ်လိုပြန်ရာ စွမ်းရည်မပြည့်ဝသူတို့ကို စာပြောင်ဖြင့်သရော်သည်။ သူ၏ စာပြောင်များမှာ အလွန်တရာကြမ်းတမ်းသည်။ ညှာတာမှုလုံးဝကင်းမဲ့သူဖြစ်သည်။ သူ၏ ပြိုင်ဘက်ပညာရှင်တစ်ဦး ကို သရော်ရာတွင် “ဒီဂနၳဝင်စာဆိုသူလို တည်းဖြတ်ဖို့ ကျွန်တော်ခွေးတစ်ကောင်ကို လေ့ကျင့်ပျိုးထောင်ပေးလိုက်အုံးမယ်” ဟူသော အသှုံးအနှုန်းမျိုးအထိ သုံးခဲ့သည်။ ဟော့စ်မန်း၏ စာပြောင်များမှာ ဂရိကြေကွဲဇာတ်ပုံစံထဲ၌သာ ရှိပါသည်။
( ပုံစာ - အဲဖရက်အက်ဒဝပ်ဟော့က်စ်မန်း A.E. Housemain)
ပုံသဏ္ဌာန်ကို မပြောင်းမလဲထိန်းသိမ်းထားပြီး ပုံကြီးချဲ့ပြောခြင်းမျိုးလည်းမရှိ၊ ရွဲ့ခြင်းလည်းမရှိသည့် အခြားသော တုပလှောင်ပြောင်ဟန်များစွာလည်းရှိပါသည်။ ပုံသဏ္ဌာန်ကို ဤအတိုင်းထား၍ အတွင်းသားများကို ရွဲ့ခြင်း၊ လှောင်ပြောင်ချဲ့ခြင်းပုံစံ မျိုးကို အကြောင်းအရာအဓိက စာပြောင်ဟု သတ်မှတ်ကြသည်။ ဘာသာရေး သရော်စာအများအပြားတွင် ဤပုံစံမျိုးကို တွေ့ရမည်။ ပုံစံအဆင်အယင်ကိုမပြောင်း အတွင်းသားရှိအတွေးကို ကြမ်းကြမ်းတမ်းတမ်း လုပ်လိုက်သည်။ ပိုမိုရက်ရက်စက်စက် ဝရုန်းသုန်းကား၊ ထို့နောက် အတ္တကြီးမှု ဂယောက်ဂယက်နိုင်မှုမျိုးဖြင့် ခင်းကျင်းလိုက်သည်။ ဤသို့အကြောင်း အရာမျိုးကို နူးညံ့သိမ်မွေ့သောစကားလုံး ကြည်ညိုဖွယ်ရာပုံသဏ္ဌာန်ဖြင့် ယှဉ်ကြည့်လိုက်ပါ။ ၎င်းသည် သရော်ခြင်းတစ်မျိုး သာဖြစ်သည်။ ဥပမာ မုဆိုးတစ်ဦးက “အရှင်ဘုရား တပည့်တော် ဒီနေ့ ဒရယ်တစ်ကောင်လောက် ဖမ်းမိပါစေ၊ ဖမ်းမိလျှင် လည် ကံကောင်းထောက်မပြီး ထိုဒရယ်မှာ အမဖြစ်ပြီး ဗိုက်ထဲမှာ နောက်တစ်ကောင်လောက် အပိုရှိနေပါစေဘုရား” ဆို သော ဆုတောင်းမျိုး နောက်ဆရာဝန်တစ်ယောက်က ဒီနေ့ လူနာမျာများလာပါစေလို့ တွေးနေပုံမျိုးဖြင့် နှိုင်းယှဉ်ကြည့်ပါ။
“အပ်ဖျားပေါ်တွင် နတ်သမီးဘယ်နှစ်ပါး ကနေသလဲ” ဟူသော မေးခွန်းမှာ ထိုခေတ်အနေဖြင့် သရော်စာတစ်ခုဖြစ်ပါသည်။
စာပြောင်မှာ သရုပ်မှန်မှုပါရမည်ဖြစ်သည်။ စာရေးဆရာ၏ မူရင်းလက်ရာနှင့် ဟန်ကိုသရော်ကြလေ့ရှိသည်။ သရုပ်မှန်မှုပါလွန်း၍လည်း စာပြောင်သည် စာပြောင်မှန်းမသိဖြစ်ရသည်။ အလယ်ခေတ်တစ်လျှောက် ခရစ်ယာန်ဘာသာရေး အတွေးအခေါ်ခေတ်တွင် နတ်သား နတ်သမီးများနှင့်ပတ်သက်၍ များစွာတွေ့ရသည်။ နတ်သမီးများ တစ်ချိန်တည်းနှစ် နေရာပေါ်နိုင်သလား။ တစ်နေရာတည်းနှစ်ယောက် နေနိုင်သလားစသဖြင့် အမျိုးမျိုးတွေးခဲ့ကြသည်။ “အပ်ဖျားပေါ်တွင် နတ်သမီးဘယ်နှစ်ပါး ကနေသလဲ”ဟူသော မေးခွန်းမှာ ထိုခေတ်အနေဖြင့် သရော်စာတစ်ခုဖြစ်ပါသည်။ ယခုခေတ် ဘာသာရေး၊ အတွေးအခေါ်မကြီးစိုးသည့်အခါတွင်မူ နားလည်ရခက်မည်။ သို့သော် ထိုခေတ်အခါကမူ ထိုမေးခန်းကိုယ်၌ က အသားမကျသေးသော မေးခွန်းဖြစ်ကြောင်း တွေ့နိုင်သည်။ အလယ်ခေတ် ဒဿနဆရာများတွင် ဘယ်သူမှ နတ်သမီးများ ကနေသည့်ပုံကို တွေးတောစဉ်းစားကြမည် မဟုတ်သလို နတ်သမီးနှင့် အပ်များကို တွဲမြင်ကြမည်မဟုတ်။ ဤ အပ်ဖျားပေါ်တွင် ကနေသည်ဟု ဘာသာရေးကြည်ညိုသော ခေတ်၌ စိတ်ရှုပ်စရာအတွေးမျိုး ဘယ်သူမှ တွေးမည်မဟုတ် ပါ။ ၎င်းမှာ စာပြောင်တစ်မျိုးပင်ဖြစ်သည်။ ဘယ်သူက စထွင်ခဲ့သည်ကိုတော့မသိရပါ။
တစ်ခါက အမေရိကန်သတင်းစာတစ်စောင်တွင် စာပြောင်သရော်စာတစ်ခု ပါပါသည်။ ၎င်းစာပြောင်၏ ခေါင်းစဉ် မှာ “ကုလသမဂ္ဂအဖွဲ့အစည်းတွင် ပြောရန်မိန့်ခွန်းနမူနာပုံစံ” ဟု ဖော်ပြထားသည်။ ဥက္ကဋ္ဌကြီးခင်ဗျားဟု အစချီထားပြီး “ကျွန်ုပ်၏ နိုင်ငံများ၊ ကျွန်ုပ်၏ အစိုးရကိုယ်စား ကျွနု်ပ်က လူကြီးများနှင့် လူကြီးမင်းတို့၏ ထင်ရှားကျော်ကြားလှသော လုပ်ဖော်ကိုင်ဖက်များအားလုံး၏ (က) ရွေးကောက်ခံရခြင်း၊ (ခ) ပြန်လည်ရွေးကောက်ခံရခြင်း၊ (ဂ) အမျိုးသားလွတ်လပ်ရေး နေ့၊ (ဃ) မြေငလျင်လှုပ်မှု သို့မဟုတ် တော်လှန်ရေးတစ်ခုခုအောင်မြင်စွာ လုပ်နိုင်မှု (တစ်ခုခုကို ကြိုက်နှစ်သက်ရာ နှစ်သက်ရာ ရွေးချယ်ရန်ဆိုထားခြင်းဖြစ်သည်) ကို အထူးဝမ်းမြောက်ဝမ်းသာဖြစ်မိပါကြောင်း ပြောလိုပါသည်။ ၎င်းအတွက် ကြောင့်ပင် ကြီးမြင့်မြတ်သည့် ကော်မတီတွင် အတူတကွ အလုပ်လုပ်ကြရသည်ကို ဝမ်းမြောက်ဂုဏ်ယူမိခြင်းနှင့်အတူ အဖွဲ့အစည်းမှ ကိုယ်စားလှယ်တစ်ဦးဖြစ်သော ဦး——— တို့အတွက်လည်း အထူးဝမ်းမြောက်ဂုဏ်ယူမိကြောင်း ရိုးသားစွား ပြောပါရစေ။
ကျွန်ုပ်တို့နိုင်ငံတော်တွင် ——– ဟူသော စကားပုံတစ်ခုရှိပါသည်။ (မိခင်ဘာသာစကားအတိုင်းရွတ်ပြီး စကားပုံတစ်ခုခုကို ကိုးကားလိုက်ပါ)
ယခုကျွနိုပ်တို့ဆွေးနွေးရမည့် အကြောင်းအရာအလှည့်ကို ရောက်ပြီဖြစ်သည့်အလျှောက် ဤဖြစ်ရပ်တွင် ပါဝင်သည့် အင်မတန်အရေးကြီးလှသော ဖြစ်ရပ်ကလေးများကို ကျွနု်ပ်တို့ အစိုးရ၏ အမြင်အတိုင်း အတိုးချုံးဖော်ပြ လိုပါသည်” စသဖြင့် နောက်ပိုင်းတွင် ရွေးချယ်စရာများ အေဘီစီဒီလေးခုပေး၍ သင့်တော်သလို တစ်ခုခုရွေးချယ်ခိုင်းကာ မိန့်ခွန်းပုံစံ၏ တရားသေနိုင်မှုကို သရော်ခဲ့ဖူးပါသည်။ နိုင်ငံရေးနှင့် ဘာသာရေးသရော်စာအများစုမှာ အကြောင်းအရာ စာပြောင်အရေးအသားများ ဖြစ်ပါသည်။ ၎င်းတို့က မူရင်းသရော်ခံအရာ၏ ပုံသဏ္ဌာန်ကို မပျောက်မပျက်အောင် ထိန်းသိမ်း သည်။ အတွင်းသားအကြောင်းအရာကိုသာ ပိုမိုသရုပ်မှန်ကန်လာအောင် ပွင့်ပွင့်လင်းလင်းပြောပြီး ဖျက်ပစ်ပါသည်။
ကြွက်နှင့်ဖားတို့၏ စစ်ပွဲ
ဟော့က်စ်မန်၏ ပုံသဏ္ဌာန်အဓိက စာပြောင်များကို နမူနာဖော်ပြရန် မဖြစ်နိုင်ပါ။ အကြောင်းအရာ အဓိကစာပြောင် နှင့် ပုံသဏ္ဌာန်အဓိကစာပြောင်ဆိုသည့် ယေဘုယျသဘောသာဖြစ်ပါသည်။ အကြောင်းအရာနှင့် ပုံသဏ္ဌာန်ဆိုသည့် စာပေ တွင် အလွန်တရာ နီးကပ်ဆက်စပ်တည်ရှိနေသည့် အရာဖြစ်၍ တစ်ခါတစ်ရံ ခွဲခြားရခက်ခဲပါသည်။ ခွဲဖို့လည်း မသင့်တော် သည့်အခါမျိုးရှိတတ်သည်။ ဤသဘောကို ဂရိအပြစ်စာပြောင်တစ်ပုဒ်ဖြစ်သည့် ကြွက်ဖားတိုက်ပွဲနှင့် ဆုံးဖြတ်မှုအမြင် (vision of judgment) တို့တွင်တွေ့နိုင်ပါမည်။ ကြွက်ဖားစစ်မှာ ဘီစီငါးရာလောက်က ရေးခဲ့ပြီး မည်သူရေးခဲ့မှန်းမသိ။ ဟိုးမား၏ အဲပစ်ကဗျာရှည်ကြီးအား တုပလှောင်ပြောင်ထားသည့် ကဗျာအမျိုးအစားမျိုးဖြစ်သည်။ ဒုတိယအမျိုးအစား ဆုံးဖြတ်ချက်အမြင် (vision of judgment) ကိုမူ ၁၈၂၁ ခုနှစ်တွင် ကဗျာဆရာ လော့ဒ်ဘိုင်ရွန်ရေးသည်။ ပထမတစ်ခုက ပေါ့ပေါ့ပါးပါး အကြောင်းအကျိုးဆိုတာ ထည့်မထား။ ဒုတိယတစ်ခုမှာမူ လေးလေးနက်နက်ဖြင့် ဖွဲ့ဆိုထားသည့် ဇာတ်ပြော သရော်စာအမျိုးအစား။ သူတို့နှစ်ခုစလုံးတွင် တခြားစာပြောင်ဟန်များနှင့် ကွာခြားချက်ကမူရင်း သရော်ခံကိုမသိပါဘဲနှင့် နှစ်သိမ့်ကျေနပ်မှုအပြည့် အ၀ ပေးနိုင်သည့် စာပြောင်မျိုးဖြစ်ခြင်းပင်။
ကြွက်ဖားစစ်ပွဲ စာပြောင်သည် ဟိုမား၏ အဲပစ်ကဗျာဟန်ကို ကျွမ်းကျင်လိမ္မာစွာ တုပသွားခဲ့သည်။ ခိုင်မာပြီး ညိမ့် ညောင်းသော ခြောက်ပါဒမတ္တာစနစ်အလင်္ကာ (hexameter) မျိုးဖြစ်ပြီး ဂုဏ်ပုဒ်တွေ၊ ဟိတ်လုံးဟန်လုံးတွေ တထေကြီး သုံးစွဲသွားသည်။ “ထို့နောက်အရှင်သခင်တော်မြတ်သည် ရွံဗွက်ထဲရှိ ခမ်းနားကြီးကျယ်လှစွာသော ညောင်စောင်းပေါ်သို့ လဲကျသွားပြီး ညောင်စောင်းနှင့်ရိုက်ကာ ဦးခေါင်းကြေမွသွားလေသည်။ ဦးခေါင်းနှင့် နှာခေါင်းပေါက်ထဲမှနေ၍ ဦးနှောက် များ ထွက်ကျလာလေသည်။ ကမ်ဘာမြေကြီးကား သွေးစီးကြောင်းတို့ဖြင့် ရစရာမရှိ” စသဖြင့် အင်မတန်ရက်စက်ကြမ်းတမ်း သော စစ်ပွဲကို ဖော်ပြထားသည့် အသုံးအနှုန်းတို့ကို သုံးစွဲပါသည်။ စစ်ပွဲကလည်း ကြမ်းတမ်းလွန်းလှသည့်အတွက် နတ် များပင်ဝင်စွက်ရသည့်အဖြစ်။ သူတို့၏ သူရဲကောင်းတွေကိုလည်း မြင့်မြတ်သည့်ဟန်ပေါက်အောင် အမည်များကို ရှုပ်ရှုပ် ထွေးထွေးပေးသည်။ ကြွက်သံတမန်ကြီးကို စာရေးဆရာက ရှည်လျားသည့် “မြင့်မြတ်တော်မူသော၊ ထောပတ်များရှာဖွေ နှိုက်စားနိုင်တော်မူသော သူ၏ သားတော် လက်ကိုင်ဒယ်တပ်အိုးအဖွဲ့” ဟူသော စာကြောင်းဖြင့် ပဲ့တင်ထပ်လိုက်သည်။ ကဗျာဆရာက ဇာတ်ကြောင်းပြောခြင်းကို ဟိုးမား၏ အိလိယက်စ်တွင်သုံးသော စကားလုံးလေးနက်မှုအသံအတိုင်း လိုက် ၍ သုံးနှုန်းခဲ့သည်။

ကြွက်ဖားစစ်ပွဲနှင့် အိလိယက်ကဗျာရှည်ကြီး ကွာခြားချက်မှာ ပမာဏအတိုင်းအတာသာ ဖြစ်သည်။ အိလိယက်စ် ကဗျာ၏ သူရဲကောင်းများမှာ ခွန်အားကြီးသည့်လူများ၊ ကြွက်ဖားစစ်ပွဲ၏ သူရဲကောင်းများမှာ အဖျက်တိရစာၦန်များ၊ တစ်နေ့တာစစ်ပွဲအကြောင်းကို ဖော်ပြထားသည်။ တစ်နေ့တာစစ်ပွဲကလေးကို မကောင်းဆိုးဝါးအသေးစားကလေးများက ကျူးကျော်မှုအကြောင်း ဖြစ်ပွားပုံကို အစပိုင်းတွင် ရှည်လျချွန်မြသော လက်သည်းရှည်တွေနဲ့ လိပ်ကျောခွံလိုဒိုင်းတွေကာဆီးပြီး သူတို့ ရုတ်တရက်ရောက်လာကြသည်။ ခပ်စွေစွေကလေးလျှောက်လာကြပြီ။ ကလေး ငယ်ရဲ့ မေးရိုးတွေနဲ့ ရန်လိုနေကြသည်။ လက်မောင်းမှာ အမှတ်တံဆိပ်တွေနဲ့ အကောင်တိုင်းအကောင်တိုင်း ခြေ ထောက်ရှစ်ချောင်း၊ သားမြတ်မှာလည်း မျက်လုံးတွေနဲ့ ဦးချိုက နှစ်ချောင်း ဘယ်တော့မှ မောပန်းမှာမဟုတ်တဲ့သူတို့တွေ” ဟုဆိုပါသည်။ ဤစာအကြောင်းကို ရေးဖွဲ့ရာတွင် ကဗျာဆရာက ဟိုးမား၏ ဟန်အတိုင်းဖွဲ့၍ သရော်ထားခြင်းဖြစ်သည်။ ကြွက်ဖားစစ်ပွဲသည် ဟိုးမားစတိုင်နှင့် ပုံကြီးချဲ့ ပြောဆိုသည့် စာပြောင်တစ်ပုဒ်ဖြစ်သည်။ ဟိုးမား၏ ကဗျာတွင် “ပထမတော့ လူတွေ တိုက်ကြသည်။ နောက်မနေနိုင်လို့ နတ်တွေပါ ဘာမဆိုင်ညာမဆိုင်ပါလာသည်”ဟု ဟိုးမားက အိုလပီးယားနတ် တွေကိုပါ ဆွဲထည့်ပုံအား ကြွက်ဖားစစ်တွင် ပို၍ရဲရဲတင်းတင်းပင် လှောင်ပြောင်ထားခဲ့သည်။ အသိနာက “ကျွန်မကတော့ ကြွက်တွေဘက်က ကူမတိုက်နိုင်ပါ။ ဘာကြောင့်လဲဆိုတော့ ကြွက်တွေဟာ မြေယာတွေကို ဖျက်ဆီးတယ်။ ဆီတွေကို သောက်သုံးပစ်တယ်။ ကျွန်မရဲ့ ဘုရားကျောင်းထဲက မီးအိမ်ရဲ့ မီးဇာကို တတိတိကိုက်ဖြတ်ဖျက်ဆီးတယ်။ အဆိုးဆုံးက ကျွန်မရဲ့ဝတ်ရုံကို ဖောက်ဖြဲကြတာပါပဲ ဒါကြောင့် ကျွန်မကြွက်တွေဘက်က မတိုက်ဘူး”ဟု ဆိုပါသည်။
အဆုံးသတ်တွင် အခြားသော နတ်တွေအားလုံးက ဇုနတ်မင်းကြီးအား စစ်ပွဲကိုရပ်အောင် ဖန်တီးပေးဖို့တောင်းပန် ကြသည်။ ဇုနတ်မင်းကြီးက စစ်ပွဲရပ်အောင် လျှပ်ပြက်ပြသည်။ မိုးခြိမ်းသည်။ မိုးကြိုးပစ်ချသည်။ ကြွက်များက နည်းနည်း လေးမျှ ဂရုမစိုက်။ သံမဏိကဲ့သို့ ခိုင်မာသော စိတ်ဓာတ်၊ ရဲရဲတောက်သတ္တိတို့ဖြင့် ဒလစပ်တိုက်နေသည့်ကြွက်နှင့် ဖားတို့ စစ်ပွဲ။ နောက်ဆုံးတွင် စာဖတ်သူ၏ မျက်စိထဲတွင် လူသားတို့၏ စစ်ပွဲများကို တွေးမိလာမည်။ စစ်ပွဲများ၊ စစ်သွေးဆာ လောင်မှုများကို ဤကဗျာက လှောင်ပြောင်ထားခဲ့သည်။ အထူးသဖြင့် စစ်သွေးဆာလှောင်နေတတ်သည့် လူသား တစ်နည်း ပြောရလျှင် လူသား၏ တိရစၧာန်စိတ်တို့ကို ကြွက်နှင့်ဖားတို့၏ စိတ်ဖြင့်ဖော်ကျူးထားခြင်းဖြစ်သည်။ ကြွက်နှင့်ဖားစစ်သည် ပုံသဏ္ဌာန်ဟန် စာပြောင်အမျိုးအစားဖြစ်သော်လည်း အလွန်တရာအရေးပါသည့်အကြောင်း အရာတစ်ခုကို သရော်ထား သည့် စာပြောင်ရေးဟန်လည်းဖြစ်သည်။ ထို့ကြောင့် ပုံသဏ္ဌာန်နှင့် အကြောင်းအရာ စာပြောင်ဟူ၍ ခွဲပြောရခက်ပါလိမ့် မည်။ စာပြောင်အမျိုးအစားခွဲတစ်ခု ရှိပါသေးသည်။ ၎င်းမှာ နောက်ပြောင်သရော်မှုစာပြောင် (Hoax parody) အမျိုးအစား ပင်။ သရော်စာသည် ကြိုးတန်းလမ်းလျှောက်ပုံသဏ္ဌာန်ဟု ဆိုခဲ့သည်။ ကြိုးတန်း၏ တဖက်တွင် ဟာသဆန်မှု ကျန်တဖက် တွင် ပုတ်ခတ်ပြောဆိုခြင်းမျိုးဟု ဆိုချင်သည်။ သရော်စာအမျိုးအစားတွင် စာပြောင်ပါမည်။ စာပြောင်တွင် (Hoax) နောက်ပြောင်ဟူ၍ တွေ့ရပါမည်။ ကြိုးတမ်းလမ်းလျှောက်ပင်မကပါ။ စက်ဝိုင်းအလယ်ဗ ဟိုအမှတ်ကလေး တစ်မှတ်မျှပင်ဖြစ်ပါ မည်။ အလယ်ဗဟိုအမှတ်မှနေ၍ ကျန်သည့်နေရာများတွင် ဟာသ၊ ပြက်လုံး၊ ပုတ်ခတ်ဆဲရေးမှု၊ စော်ကားမှု၊ သိက္ခာချမှု၊ လိမ်ညာမှုစသဖြင့် ပတ်ပတ်လည်ရှိနေမည့် စာပြောင်အမျိုးအစားပင်။
Hoax ကို ယေဘုယျအားဖြင့် မုသားဆိုခြင်းထဲတွင် ထည့်သည်။ လိမ်ညာခြင်းတစ်မျိုးပင်ဖြစ်သည်။ သို့သော် လိမ်ခြင်းမှ တစ်ဖက်သားသူဆီမှ တစ်ခုခုကို လိုချင်၍ မုသားပြောဆိုခြင်းဟုဆိုပါလျှင် hoax မှာမူ မိမိ၏ ရည်ရွယ်ချက်တစ်ခု ကို ဖော်ပြလို၍ မုသားပြောခြင်းဟုဆိုပါမည်။ နောင်ပြောင်ခြင်းဟုလည်းဆို၍ ရသလို ပရိယာယ်ဟုလည်းဆိုကြသည်။ တကယ်တမ်းမူ hoax စာပြောင်တွင် နောက်ပြောင်ခြင်းနှင့် ပရိယာယ်နှစ်ခုပေါင်းစပ်ထားခြင်းဖြစ်သည်။ hoax တွင် “မုသား ဆိုခြင်း”ဟူသော အဓိပ္ပာယ်ပါနေသည့်အတွက် အတော်ပြဿနာတက်သည်။ နောက်ပြောင်သရော်မှု (hoax parody) ဟု ခေါ်ပါမည်။ ပရိယာယ်၏ သဘောမှာ မိမိဆန္ဒ(ဝါ)အမှန်တရားတစ်ခုခုပြောလို၍ သွယ်ဝိုက်ဆိုခြင်းဟု ဆိုနိုင်ပြီး နောက် ပြောင်မှုနှင့် ထိုပရိယာယ်သဘောကို ပေါင်းစပ်ထားသည့် နောက်ပြောင်သရော်မှု (hoax parody) မှာမူ မိမိဆန္ဒကို ထုတ် ဖော်ပြလို၍ ပြောင်လှောင်သည့်သဘောဖြင့် လိမ်လည်မုသားဆိုခြင်းဖြစ်သည်။ လိမ်ခြင်းသည် မကောင်းဟုခံယူထားသည့် လူ့အဖွဲ့အစည်းအတွက်မူ ဤအရေးအသားဟန်မှာ အတော်ပြဿနာရှိသည်။ ထို့ကြောင့် ပရိယာယ်စာပြောင် သရော်စာ ရေးသူ များမှာ လူထုပရိသတ်၏ အထင်လွဲခံရသူများဖြစ်သွားတတ်သည်။
၁၈၂၇ တွင် စရောစပါးမာရီမီးသည် ရို့မန့်တစ်ဂိုဏ်းများ၏ မသိနားမလည်မှုကို သရော်သည့်အနေဖြင့် အီလျီယန်း အမည်ရှိသော ကဗျာရေးကာ မက်ဂလာနောဗစ်ဟု ကလောင်အမည်တပ်ကာ နောက်ပြောင်သရော်ပါသည်။ သူက သူ၏ ကဗျာကို ပြင်သစ်လိုလည်း ပြန်ပေးလိုက်ပါတော့သည်။ ပြီးလျှင် အတၳုပတ္တိတစ်ခုကိုထည့်ပြီး ပုံတူရုပ်ပုံလွှာကိုပါ တစ်ပါ တည်း ထုတ်ဝေလိုက်သည်။ ပုံတူရုပ်ပုံလွှာကို မာရီမီးက ဘော်လကန်ရိုးရာဝတ်စုံနှင့် နှုတ်ခမ်းမွှေးအကြီးကို အတုတပ်ကာ ကဗျာဆရာမာဂလာနောဗစ်အနေဖြင့် ရုပ်တုပုံလွှာကို ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ မာဂလာနောဗစ်ကို ဥရောပစာပေသမိုင်း ပညာရှင်များကပင် လက်ခံခဲ့သည်။ ပညာရှင်တစ်ဦးကဆိုလျှင် မာဂလာနောဗစ်သည် ဆားဗီးယန်းတော်လှန်ရေးသမားများ တွင် အရေးပါသူအဖြစ် ညွှန်းဆိုသည်။ ဝေဖန်ရေးပညာရှင်အများစုက အင်္ဂလိပ်သို့ ဘာသာပြန်ခဲ့သည်။ ကဗျာဆရာကြီး ပွတ်ရှကင်ကပင် သူ၏ ကဗျာအများစုကို ရုရှားဘာသာသို့ ပြန်ဆိုလိုက်သည်။ တစ်ခါတလေ ဤနောက်ပြောင်သရော်စာ ပုံစံကို အမှန်အတရားအဖြစ်ပင် လက်ခံလောက်ရသည်အထိဖြစ်သည်။ လိမ်ညာမှုသည် အမြဲတမ်းအချိန်မရွေး တစ်စုံတစ်ယောက်ကို တစ်ခုခု လိမ်ညာမှု အသင့်ဖြစ်နေသည်။ နောက် ပြောင်သရော်သူ (hoaxer) မှာမူ မိမိဆန္ဒကို ထုတ်ဖော်ပြသလိုသည့် တစ်ခါတစ်ရံမှသာ နောက်ပြောင်သရော်သည်။ သူ၏ ထေ့လုံးများကို ဖော်ပြမည်။ လိမ်ညာမှုအောင်မြင်သွားခြင်းသည် လိမ်ညာသူအတွက်သာဖြစ်ပြီး နောက်ပြောင်သရော်မှု အောင်မြင်သွားလျှင် အကျိုးဖြစ်ထွန်းစေသည့် ကြည်နူးနှစ်သိမ့်စွာ ရယ်မောနိုင်ခြင်းသာဖြစ်ပါလိမ့်မည်။

အပိုင်း(၆) “တစ်ကိုယ်တော်သူရဲကောင်းဝါဒ လှောင်ပြောင်မှု နှင့် ရွဲ့စာပြောင်”အပိုင်းကို ဆက်လက်တင်ဆက်ပေးသွားပါမယ်။
မင်းခက်ရဲ
မင်းခက်ရဲ
စာရေးဆရာမင်းခက်ရဲသည်
ဒသန၊ စာပေသီအိုရီ၊ စာပေဝေဖန်ရေး နှင့် လူ့အခွင့်အရေးဆိုင်ရာ ပညာရပ်စာပေများရေးသားထုတ်ဝေသော စာရေးဆရာတစ်ဦးဖြစ်သည်။
Copied from Channel FFE Media.
စလေ ငနော့
Comments
Post a Comment