ဆီစွန်းသွားသော ကြိုးကြီးချိတ်တစ်ထည် 🖊 မြသန်းတင့်

ဆီစွန်းသွားသော
••••••••••••••••••••••
ကြိုးကြီးချိတ်တစ်ထည်
••••••••••••••••••••••••••••

မြသန်းတင့်

ပြောရအုံးမယ်။ ကျွန်တော့်သား ဇော်မော်ရဲ့ အကြောင်း။ ဇော်မော်ရဲ့ အကြောင်းဆိုတာထက် ဇော်မော်ရဲ့ အတင်းဆိုယင် ပိုပြီးမှန်လိမ့်မယ် ထင်တယ်။

မှတ်မိကြအုံးမလား မသိဘူး။ တစ်ခါတုန်းက ကျွန်တော့်သား ဇော်မော်ဟာ အရောင်လွင့်သွားတဲ့ ဂျင်းဘောင်းဘီကလေး တစ်ထည်နဲ့ တူတဲ့အကြောင်းကို ကျွန်တော် ပြောခဲ့ဖူးတယ်။ ခုလဲ သူ့အကြောင်း။ အဲ သူ့အ
တင်းကိုပဲ ပြောရအုံးမှာပဲ။ ပြောစရာတွေက ရှိလာကာကိုး။

('အရောင်လွင့်သွားသော ဂျင်းဘောင်ဘီတစ်ထည်' ကို မဖတ်ရသေးရင်/ပြန်ဖတ်ချင်ရင် သည်မှာ ဖတ်နိုင်ပါတယ်။ ။ ငနော့)

https://m.facebook.com/story.php?story_fbid=366594070496117&id=100014365818991

အမှန်ကတော့ ကိုယ့်သားရဲ့ အတင်းကို မပြောချင်ဘူး။ မပြောရက်ဘူး၊ ဒါပေမယ့် မတတ်နိုင်ဘူးလေ။ ကိုယ့်ရင်ထဲမှာ ခံစားရတာတွေ များလွန်းတော့ နည်းနည်းပြေပျောက်မှ ပြေပျောက်ပါစေတော့ဆိုတဲ့ သဘောနဲ့
ကျွန်တော် ပြောရတာ။ တစ်ကယ်တော့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်း၊ ကိုယ့်အထုပ် ကိုယ်ဖြေပြတာနဲ့အတူတူပဲ။

ကျွန်တော့်သား မိန်းမခိုးလာတဲ့အကြောင်းကို ပြောခဲ့ပြီးပြီ။ သူ့ကောင်မလေးရဲ့ နာမည်က ဂျူလိုင်တဲ့။ ခုခေတ်မှာ နာမည်တွေကို တမင် မဆန်း ဆန်းအောင် ပေးနေကြတယ်။ တစ်ချို့နာမည်တွေက ခေါ်လို့သာခေါ်ရတယ်။ သေသေချာချာ စဉ်းစားကြည့်တော့ ဘာအဓိပ္ပါယ်မှမရှိဘူး။ မြန်မာလိုလဲ အနက်ပြန်လို့မရဘူး။ အင်္ဂလိပ်လိုလဲ အနက်ပြန်လို့မရဘူး။ မွန်လို၊ အိန္ဒိယလိုလဲ အနက်ပြန်လို့မရဘူး။ ဥပမာ - အဆိုတော်တစ်ယောက်ရဲ့ နာမည် ဆိုပါတော့။ အဲဒီအဆိုတော်ရဲ့ နာမည်က တစ်လုံးတည်းရယ်။ ယပင့်ဟထိုးမှောက်ချ၊ ဝစ္စနှစ်လုံးပေါက်ပါတယ်။ ခေါ်ကြည့် ရွတ်ကြည့်ယင်တော့ နားထောင်ကောင်းသလိုလို၊ ရွတ်လို့ကောင်းသလိုလိုပဲ၊ ဒါပေမယ့် မြန်မာလိုကျတော့ ဘာအဓိပ္ပါယ်မှမထွက်ဘူး။ အင်္ဂလိပ်လိုလဲ ဘာအနက်မှမထွက်ဘူး။

ခုလဲ ကျွန်တော့်ချွေးမနာမည်က ဂျူလိုင်တဲ့။ ဂျူလိုင်ဆိုတော့ အင်္ဂလိပ်လတစ်လ။ ကောင်းပြီ။ အဲဒီလမှာ မွေးလို့ ဂျူလိုင်လို့မှည့်တယ်ပဲထား။ ကျွန်တော်တို့ကတော့ အဲဒီလကို ဇူလိုင်လို့ပြောကြတယ်။ ခေါ်ကြတယ်။ သူတို့ကတော့ ဂျူလိုင်တဲ့။ အင်္ဂလိပ်သံပါပါခေါ်တယ်။ တစ်ချို့ကျတော့ ဂျူလိုင်တောင် မခေါ်တော့ဘူး။
ဂျူလိုင်တဲ့။ သိပ်အင်္ဂလိပ်ဆန်နေကြတာလေ။ ဘာဂျူလိုင်လဲ။ ဘာဂျူလိုင်လဲ၊ ဇူလိုင်ပေါ့။ ဩဂတ်တဲ့။ ဘာ ဩဂတ်လဲ။ ဩဂုတ်ပေါ့။ ဧပြီပေါ့။ ဘာအေပရယ်လ်လဲ။ ရှေးက ကျွန်တော်တို့ပညာရှိတွေက မြန်မာဆန်အောင်
လုပ်ခဲ့ပြီးပြီ၊ ရှိပြီးသား ဘာခုမှ အဆန်းထွင်နေရမှာလဲ။ တစ်နေ့က ရုပ်မြင်သံကြားမှာ ကြည်ကြည်ဌေး ပြောသွားသလိုပေါ့။ ဂစ်-ဂစ်တာတဲ့။ ဘာ ဂစ်တာလဲ။ ဂီတာပေါ့။ မြန်မာလို ခေါ်ပြီးသား ရှိနေပြီ။ မသိလို့၊ နားမလည်လို့ ​ခေါ်နေတဲ့ကလေးတွေဆို ထားပါတော့။ လူကြီးတွေ၊ စာရေးဆရာတွေကပါ ဂီတာလို့မရေးပဲ မခေါ်ပဲ
ဂစ်တာလို့ရေးနေ ခေါ်နေကြတယ်။ ဂီတာလို့ခေါ်တာ ဘယ်လောက်နားဝင်ချိုသလဲ။ မြန်မာလို ပါဠိလိုလဲ အနက်ရတယ်။ အသံလဲ သာတယ်။ ရှေးက ခေါ်ခဲ့ပြီးသားလဲ ဖြစ်တယ်။ ခုတော့ ဂစ်တာတဲ့။ ဂစ်ဆိုတဲ့မြည်သံစွဲဟာ မြန်မာမှာ မကောင်းတဲ့အသံ။ မချိမဆံ့ အသံ။ ငှက်ဆိုးထိုးသံ။ ရုပ်မြင်သံကြားကနေပြီး ကြည်ကြည်ဌေးက ဂစ်-ဂစ်တာလို့ ပြောသွားတော့ ကျွန်တော် သဘောကျလိုက်တာ။ မိသားစု ကြည့်နေတဲ့ကြားထဲမှာ တစ်ယောက်တည်း ထပြီး ဩဘာလက်ခုပ်တီးမိတယ်။ စိတ်ထဲက။ ကာယကံမြောက်တော့ မလုပ်ပါဘူး။ လှည့်
ကြည့်လို့မှ ကိုယ်တစ်ယောက်တည်း မဟုတ်လား။ တော်တော်ကြာ အဘိုးကြီး ဘာပေါက်သွားသလဲ မသိဘူး။ "စိန်ကြောင်" လို့ အပြောခံရမှာစိုးလို့။ ဒါပေမယ့် စိတ်ထဲကတော့ အကြိမ်တစ်သောင်းလောက် လက်ခုပ်တီးပစ်လိုက်တယ်။ ကဲ-မှတ်ကရော။

အဲ-ဂျူလိုင်အကြောင်း ပြောရအုံးမယ်။ ကျွန်တော်တို့ ကျောင်းတုန်းက ဂျွန်တို့၊ အေပရယ်လ်တို့၊ မေတို့
စတဲ့နာမည်မျိုးနဲ့မိန်ကလေးတွေ တွေ့ခဲ့ဖူးတယ်။ ဒါပေမယ့် ဂျူလိုင်ဆိုတဲ့နာမည်ကိုတော့ တစ်ခါမှ မတွေ့ဖူးဘူး။ အသုံးများတဲ့ ခရစ်ယာန်နာမည်တွေထဲမှာလဲ ဒီနာမည်မျိုး မတွေ့ဖူးဘူး။ မယုံယင် လန်းနားစ်အဘိဓာန်
နောက်ဆက်တွဲမှာ ခရစ်ယာန်နာမည်တွေ ပါတယ် လှန်ကြည့်။ ခုတော့ ဂျူလိုင်တဲ့။ ဂျလိုင်တဲ့။ နောက်ကျယင်
အောက်တိုဘာတို့၊ ဘာတို့များ မှည့်ကြမလား မသိဘူး။ ယောက်ျားကလေးကို မှည့်လို့လဲ မကောင်းဘူး။ အဲ- မိန်းကလေးကို မည့်ပြန်ယင်လဲ ပိုဆိုးတယ်။

ထားပါ။ သားနဲ့ချွေးမကို မဆံ့မပြဲ အစိုးရတိုက်ခန်းကလေးပေါ်မှာ တင်ပြီး ကျွေးခဲ့တယ်။ သားက ဘာမှမအောင်ဘူး။ ဒီတော့ ကျွန်တော် ဘာလုပ်ရသလဲ။ ထုံးစံအတိုင်း သငေ်္ဘာသားလိုက်နိုင်အောင် လုပ်ရတယ်။ သွားလိုက်ရတာ၊ ဟိုရုံး၊ ဒီရုံး၊ ဖတ်ဖတ်ကို မောလို့။ ဒါပေမယ့် ကျွန်တော့်လိုကောင် လိုက်လို့ ဘာရမှာလဲ။ ဟိုရုံး သည်ရုံးမှာ ကိုယ့်လုပ်ဖော် ကိုင်ဖက်တွေ၊ အပေါင်းအသင်းတွေ ရှိသင့်သလောက်တော့ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော် မပြောချင်ပါဘူး။

ကျွန်တော်ကတော့ တတ်နိုင်သလောက် ကျွေးထားတာပဲ။ ဒါပေမယ့် သူတို့မှာ ချစ်စ၊ ခင်စ ကြင်နာစဆိုတော့ ဘိုင်စကုတ်ကလေး သွားလိုက်၊ စတိတ်ရှိုးကလေး ကြည့်လိုက်၊ ဟိုသွားလိုက်၊ ဒီလာလိုက်နဲ့၊ ခက်တာက သူတို့သွားတာက အရေးမကြီးဘူး။ ပိုက်ဆံကုန်ရတာက ကျွန်တော်။ သိတဲ့အတိုင်း စတိတ်ရှိုးဆိုယင်လဲ နေရာကောင်းကောင်းဆိုယင် နှစ်ဆယ်အစိတ် ပေးရတာ။ အိမ်က သမီးတွေ ကြည့်ချင်ပါတယ်လို့ပူဆာတာတောင် ဆယ်ခါတစ်ခါလောက်ပဲ ပို့နိုင်တယ်။ ဒါတောင်မှ အနိုင်နိုင်ရယ်။

ရုပ်မြင်သံကြားမှာ ကြည့်ရသားပဲအေ နီးနီးကပ်ကပ်လဲ ကြည့်လို့ရသေးတယ်။ ပိုက်ဆံကုန်လဲ သက်သာတယ်။ အိမ်မှာပဲ ကြည့်ပါလို့သမီးတွေကို ချော့ရတယ်။ တစ်ခါတလေ စတိတ်ရှိုးရာသီ ​ရောက်လာယင် သူတို့ပူဆာမှာစိုးလို့ မျက်နှာကို တင်းတင်းပြီး ကြိုကန်ထားရတယ်။

ခု ဇော်မော်တို့လင်မယားကျတော့ ကျွန်တော် တားလို့မရဘူးလေ။ ကိုယ့်သားကို ပြောနိုင်ဆိုနိုင်၊ ပြောခွင့်ဆိုခွင့် ရှိပေမယ့် သူများသမီးကျတော့ ပြောခွင့်လဲ မရှိဘူး။ ပြောလဲ မပြောချင်ဘူး။ ဒီတော့ သူတို့သုံးဖို့ဆိုပြီး
တစ်လကို နှစ်ရာတစ်လှည့်၊ နှစ်ရာ့ငါးဆယ်တစ်လှည့် ပေးရတယ်။ လခကလေး ရှစ်ရာစကေးရတဲ့ ကျွန်တော့်ဝင်ငွေနဲ့ဆိုယင် ဒီလောက်ပဲ ပေးနိုင်တော့တာပေါ့။ ဒါပေးတာတောင် လွန်လှပြီ။ သူတို့ကို ကျွေးလဲ ကျွေးရသေးတယ်။ အသုံးစရိတ်လဲ ပေးရသေးတယ်ဆိုယင် ကျွန်တော့်လခဟာ ဘာကျန်တော့မှာလဲ။

တော်ပါသေးရဲ့။ ကျန်တဲ့လူတွေအတွက် အဝတ်အစားဖိုးတို့ ဘာတို့ သိပ်မကျန်တော့ဘူး။ ကျွန်တော့်သမီးတွေကတော့ ရုပ်မြင်သံကြားက အဆိုတော်တွေ ဝတ်တဲ့အဝတ်အစားတွေကို ကြည့်ပြီး ဒါကတော့ ဂျပန်ဆစ်၊ ဒါကတော့ ထိုင်းဆစ်၊ ဒါကတော့ ပါတိတ်၊ ဒါကတော့ အိတုံ၊ ဒါကတော့ အိရှန် စသဖြင့် ပြောကြပါရဲ့။
အင်း-စကားခေါ်ကြဟန်တူပါရဲ့။ ဒါပေမယ့် ဘာရမလဲ။ သူတို့ စကားကို မကြားသလို လုပ်ပြီး မျက်နှာကို တမင်တင်းထားလိုက်တယ်။ စိတ်တော့ မကောင်းဘူးပေါ့။ သီတင်းကျွတ်တို့၊ နှစ်သစ်ကူးတို့ကျမှ အထက်အောက် တစ်ဆင်စာစီလောက်ကို မနည်းချွေတာပြီး ဝယ်ပေးရတယ်။

အမေကြီးအတွက်ကတော့ ကိစ္စမရှိဘူး။ သူက ဘယ်မှလဲ ထွက်တာမဟုတ်ဘူး။ မီးဖိုချောင်မှာပဲ အချိန်ကုန်ရတော့ အဝတ်အစားဖိုး သိပ်မကုန်လှပါဘူး။ သူအပြင်ထွက်ယင် မနက်ဈေးပေါ့။ မနက်ဈေးကတော့လဲ အိမ်နားတင်ဆိုတော့ ဒီလိုနဲ့ပဲ ထွက်သွားတာပဲ။ တစ်ခါတလေမှာ ခုံဖိနပ်နဲ့ပဲ သွားတာပဲ။ တစ်ခါတလေ ကျွန်တော်နဲ့ဘုရားသွားတယ်။ ဘုရားသွားတယ်ဆိုတော့လဲ ဒီလောက် ဝတ်စားဆင်ယင်စရာ မလိုဘူး။ မင်္ဂလာဆောင်တို့၊ ဆွမ်းကျွေးတို့တော့ ကျွန်တော်ပဲ သွားလိုက်တယ်။ ယောက်ျားဆိုတော့ ဘာမှသိပ်အပန်းမကြီးဘူး။
ရွှေမရှိတာ လူမသိဘူး။ စိန်မရှိတာ လူမသိဘူး၊ သူ့အမေကြီးမှာ အပျိုတုန်းက ဝယ်ထားတဲ့ ထဘီကလေးတွေနဲ့ ပွဲသွားပွဲလာ ပတ်ဖို့ အဝတ်အစားကလေး သုံးလေးစုံပဲရှိတယ်။ ဒီပြင်လဲ မလိုတော့ပါဘူး။

ဟုတ်တယ်လေ။ အသက်လဲ ငါးဆယ်ကျော်လာပြီ။ ဆံပင် ကွက်တိကွက်ကြား ဖြူပြီ။ ဝလဲနေပြီ။ ဒီအရွယ်ကြီးကျမှ ထိုင်းဆစ်နဲ့၊ ဂျပန်ဆစ်နဲ့၊ အိတုံနဲ့၊ အိရှန်နဲ့၊ မိတ်ကပ်တွေ၊ ဆံပင်တွေလုပ်နေယင်လဲ ကြည့်လို့
မကောင်းတော့ပါဘူး။ အသက်ငါးဆယ်ကျော်မှ ဆံပင်ကို ဖြတ်ပြီး ကောက်ထားယင် ဘယ်မှာကောင်းတော့မှာလဲ။ မိန်းမအလှပြင်တယ် ဆိုတာ အရွယ်နဲ့လိုက်အောင် ပြင်ရတယ်။ အရွယ်နဲ့မလိုက်အောင် အလှပြင်ထားတဲ့
မိန်းမကြီးတွေကို မြင်ယင်တစ်မျိုးပဲ။

ကျွန်တော့်အတွက်လဲ အဝတ်အစား ဒီလောက် မကုန်လှပါဘူး။

တစ်ခြားကလာတဲ့ အဟောင်းအကျေ အင်္ကျီနှစ်ထည် သုံးထည်လောက် ဝယ်ထားလိုက်ယင် ပြီးတာပဲ။
တစ်ထည်မှ လေးငါးဆယ်ရယ်။ အဲ-သူများအကျဆိုတော့ နည်းနည်းချွေးပြန်စော်တော့ နံသပေါ့။ ဒါပေမယ့်
မတတ်နိုင်ဘူးလေ။ တစ်ထည်မှ လေးငါးဆယ်ဆိုတော့ မဆိုးပါဘူး။ ဝတ်ပျော်ပါတယ်။ ရုတ်တရက်ကြည့်
လိုက်ယင်တော့ ဖောရိန်းချုပ်လိုလိုပေါ့။ နည်းနည်းဟောင်းသွားယင်လဲ ဆယ့်ငါးကျပ်လောက်၊ နှစ်ဆယ်
လောက်နဲ့ပြန်ရောင်းလိုက်။ အသစ်ပြန်လုပ်ထားတဲ့ အဲဒါမျိုးတူကို ဝယ်ဝတ်လိုက်နဲ့။ ဖြစ်ပါတယ်။

ဟုတ်တယ်လေ။ ကျွန်တော့်လို့ကောင်ဟာ ဒီလောက်ပဲ ဝတ်နိုင်မှာပေါ့။ အဲရိုးတို့ ဘာတို့ဆိုတဲ့ ရှပ်မျိုးဆိုယင် တစ်ထည်ကို သုံးရာကျော် လေးရာ။ ဘယ်တတ်နိုင်ပါ့မလဲ။ တစ်လောက လမ်းလျှောက်ယင်း ဝတ်ဖို့
ပလေးဘွိုင်စပို့ရှပ်ကလေးကို ကောက်ကိုင်ပြီး ဈေးမေးကြည့်မိပါတယ်၊ သုံးရာငါးဆယ်တဲ့။ လမ်းလျှောက်ဖို့ ဝေါ့ကင်းရှူးကလေး တစ်ရံကို လှတာနဲ့မေးမိပါတယ်။ ခြောက်ရာတဲ့။ တစ်ချို့များ ရှစ်ရာ တစ်ထောင်အထိ ရှိသတဲ့။ ဆက်မမေးရဲတော့ပဲ ဆိုင်ထဲက မြန်မြန်ထွက်လာခဲ့ရတယ်။ အမယ်လေးဗျလို့ အော်မိမှာ စိုးလို့လေ။ ဆိုင်ထဲက လူတွေကတော့ ကျွန်တော့်ကို "စိန်ကြောင်" လို့အောက်မေ့ကြမှာပဲ။

ဒီတော့ ကျွန်တော် ဘာဝတ်သလဲ၊ အဟောင်းအကျပဲပေါ့။ စတိတ်ကော်လာနဲ့အင်္ကျီကို ဝတ်ချင်ယင်တော့ ကုန်တိုက်က "မန္တလေးရှပ်" ရှိတယ်။ လုံချည်က နှစ်ရှစ်ဆယ်ချည်ချော သုံးလေးထည်လောက် အပေါ်အင်္ကျီကလဲ သုံးလေးထည်ဆိုယင် တော်ပါပြီ။ ရပါတယ်။ ဖြစ်ပါတယ်။

အဲ ခက်နေတောက ဇော်မော်တို့ လင်မယား။

ဂျူလိုင်ဆိုယင် သူတို့အိမ်မှာက မနက်လင်းယင် နက်စ်ကဖေး၊ လီမွန်ဘာလီ၊ ပေါင်မုန့်၊ ထောပတ်၊ ချိစ်၊ ကိုကိုး၊ အိုဗာတင်း၊ ဟောလစ်၊ သစ်သီးဆိုယင် ပန်းသီး၊ သစ်တော်သီး၊ ဆန်းကစ်၊ ကျွဲကော၊ ဝါရှင်တန် ဂရိတ်ဖရု၊ စပျစ်၊ လိမေ္မာ်။ ငှက်ပျောသီးဆိုယင် တယ်တောင် မစားဖြစ်ဘူး။

ကျွန်တော့်အိမ်မှာတော့ ဘာစားရမှာလဲ။ မနက်လင်းယင် အများအားဖြင့် ပဲပြုတ်နဲ့ထမင်းကြော်ပေါ့။
တနင်္ဂနွေတို့ဘာတို့လောက်ဆိုယင် မုန့်ဟင်းခါးကလေး ဘာလေး စားရတတ်ရဲ့။ ဒါပေမယ့် နေ့တိုင်း ဘယ့်နှယ်
မုန့်ဟင်းခါး စားနိုင်ပါ့မလဲ။ တစ်ပွဲကို အနည်းဆုံး တစ်ကျပ် ပြားခြောက်ဆယ်ကနေ နှစ်ကျပ်အထိ ရှိတယ်။ ဒီတော့ လူခြောက်ယောက် ခုနှစ်ယောက်ရှိတဲ့အိမ်ထောင်မှာ မနက်တိုင်း ဘယ့်နှယ်လုပ်ပြီး မုန့်ဟင်းခါးစားနိုင်
ပါ့မလဲ။ တစ်ခါစားယင် တစ်ဆယ်လောက် ကုန်နေပြီ။ ပြီးတော့ ကော်ဖီပါသေးတယ်၊ နက်စ်ကဖေးဆိုတာတော့ မပြောနဲ့။ ၅၁ လမ်းထိပ် ချစ်တီးကော်ဖီမှုန့်ကိုတောင် မနည်းအားခဲပြီး ဟဲနေရတယ်။ တစ်ခါတလေမှာ
မသောက်နိုင်ဘူး။ စဉ်းစားကြည့်လေ။ နက်စ်ကဖေးဗူးကြီးတစ်ဗူးကို တစ်ရာကျော် တစ်ရာ့အထက်။ အမေကြီးက ကော်ဖီကြိုက်တတ်တော့ ဒီပြင် သွားရည်စာသာ မစားချင်နေမယ်။ ကော်ဖီတော့ သောက်ချင်ရှာတယ်။ နှမြောတယ်လို့တော့ ညည်းတာပေါ့။ "ညည်းမနေပါနဲ့ကွာ။ မင်းက တစ်ခြားဘာမှစားတာ သောက်တာမဟုတ်ဘူး။ ကော်ဖီလေးတော့ သောက်ပါ”လို့ ကျွန်တော်က ဖျောင်းဖျပါတယ်။

ဟုတ်တယ်လေ။ အမေကြီးမှာ အိမ်ထဲအိမ်ပြင် ထွက်ရတာ မဟုတ်ပါဘူး။ ကျွန်တော်တို့တစ်တွေက အပြင်ကို ထွက်နေကြတာ။ လက်ဖက်ရည်ဆိုင်ကလေး အစ ထိုင်မိပါတယ်။ အပေါင်းအသင်းနဲ့တွေ့လို့ မုန့်ကလေးအစ စားမိပါတယ်။ သမီးတွေဆိုယင်လဲ ကျောင်းတက်ချိန်မှာ သူတို့မုန့်ဖိုးနဲ့သူတို့ ရှိနေတော့ လက်သုပ်ကလေးအစ၊ မုန့်ဟင်းခါးကလေးအစ ကျောင်းမှာ စားဖြစ်တယ်။ ဒါပေမယ့် အမေကြီးခမျာမှာတော့ ကော်ဖီကလေးကလွဲလို့ ဘာမှဟုတ်တိပတ်တိ စားဖြစ်ရှာတာ မဟုတ်ဘူး။ ကိုယ့်မိန်းမမို့လို့ ကိုယ်ပြောတာ မဟုတ်ပါဘူး။ တစ်ချို့မိန်းမတွေကျတော့ ဈေးဝယ်ယင်း ဈေးမှာ မုန့်ဟင်းခါးတို့၊ ခေါက်ဆွဲတို့၊ လက်သုပ်တို့ စားဖြစ်ခဲ့ကြတယ်၊ သူ့မှာတော့ မဟုတ်ပါဘူး။ ကြိုက်လဲ မကြိုက်ဘူး။ သူက ပေါင်မုန့်ကလေးအစ၊ ထောပတ်ကလေးအစ၊ ကော်ဖီကလေးအစ ကြိုက်တာ။ ခုတော့ ယောက်ျားရဲ့လခကလဲ မလောက်၊ ဘေးပန်းကလဲ ဝင်ငွေမရှိ၊
သားသမီး စရိတ်နဲ့ဆိုတော့ သူကြိုက်တဲ့ ပေါင်မုန့်ကလေးအစ၊ ထောပတ်ကလေးအစလဲ မစားနိုင်ရှာတော့ဘူး။ ကော်ဖီကလေးလောက်ပဲ သောက်နိုင်တော့တယ်။ ဒါတောင် တစ်လောက နက်စ်ကဖေးက တစ်ရာကျော်ဖြစ်လာတော့ သိပ်အကုန်အကျများတယ်ဆိုပြီး ကော်ဖီကိုတောင် မှန်မှန်မသောက်နိုင်ဘူး။ ဈေးထဲက ပြန်ပေါင်းကလေး ငါးမူးဖိုး၊ ကောက်ညှင်းပေါင်းကလေး တစ်ကျပ်ဖိုး၊ နွားနို့ပူတင်းကလေး ငါးမူးဖိုးလောက်နဲ့
ကော်ဖီကြမ်းကလေးကိုပဲ သောက်နိုင်တော့တယ်။ ကျွန်တော် စိတ်မကောင်းဘူး။

"အမေကြီးကလဲကွာ၊ ဒီလောက်လဲ ချွေတာမနေပါနဲ့။ စားသာ စားပါ" လို့ကျွန်တော်က ပြောတယ်။

"အဖေကြီးကသာ စားပါလို့ပြောပေမယ့် အိမ်မှာ ဟင်းမကောင်းယင် သားသမီးတွေက မျက်နှာ မကောင်းချင်ကြဘူး။ အငယ်နှစ်ကောင်ဆို အလွန်ချေးများတယ်။ ဟိုဟာ မစားချင်ဘူး၊ ဒီဟာ မစားချင်ဘူး။ ဘဲဥချည်းပဲ စားရလို့ လူလဲ ဘဲဥပုံ ပေါက်နေပြီလို့ ပြောသူက ပြောတယ်။ အားရှိအောင် ပဲကုလားဟင်းကလေး
ချက်ပြန်တော့လဲ တစ်ခါလာ ဒီပဲဟင်းချည်းပဲလားလို့ နှာခေါင်းရှုံ့သူက ရှုံ့တယ်။ ဒီတော့ မျက်နှာပန်းလှအောင်
ချက်ရတယ်။ ဒီကတော့ ငါးပိရည်ကျိုကလေးနဲ့ ချဉ်ရည်ကလေးတစ်ခွက်လောက်နဲ့ဆိုယင် ဖြစ်တယ်"

ကျွန်တော် စိတ်ထိခိုက်သွားတယ်။ သူ့ဘက်က ကြည့်တော့လဲ ဟုတ်သားပဲ။ ဟင်းမကောင်းယင် ကျွန်တော်ကအစ မျက်နှာမကြည်ဘူး။ ဟင်းကောင်းယင် ထမင်းပိုင်းမှာ ရွှန်းရွှန်းဝေအောင် စကားတွေ ပြောလိုက်၊
နောက်လိုက် ပြောင်လိုက် လုပ်နေတဲ့ ကျွန်တော်ဟာ ဟင်းမကောင်းယင် အသံတိတ်ပြီး ထမင်းကို မြန်မြန်ပြီးအောင် စားပြီး ထသွားတတ်တယ်။

ဂျူလိုင်ဆိုယင် ကျွန်တော့်အိမ်မှာ စားရသောက်ရတော့ ဘယ်လောက် ဆင်းရဲရှာမလဲ။ ကျွန်တော် တွေးပြီး စိတ်မကောင်းဘူး။ သူ့အိမ်မှာဆိုယင် တစ်ပိဿာခြောက်ဆယ်လောက် ပေးရတဲ့ ငရံ့အူဟင်း၊ ပုစွန်တုပ်ကြီး၊ ကြက်သား၊ ဘဲသား၊ ဝက်သား၊ စသဖြင့် စားနိုင်တယ်။ တစ်ခါတလေများ ဟင်းအကြိုက်ချင်းမတူလို့ တစ်ယောက်တစ်မျိုး။ တစ်ယောက်အတွက် ပုစွန်တုပ်၊ တစ်ယောက်အတွက် ငဘတ်မွှေ၊ တစ်ယောက်အတွက် ကြက်သားစသဖြင့် ဟင်းလျာကို နှစ်မျိုးသုံးမျိုး ချက်ရတယ်။ ဟင်းရံဆိုတာကတော့ ပြည့်လို့တဲ့။ တစ်ခါတလေ တစ်စွန်းတစ သူပြောသံ ကျွန်တော်ကြားရတယ်။

ကျွန်တော့်အိမ်မှာကတော့ ဘယ်မှာ ဒီလိုစားနိုင်လိမ့်မတုံး။

ပဲကုလားဟင်းတစ်လှည့်၊ ငါးပိရည်ကျို တစ်လှည့်၊ ချဉ်ရည်ဟင်းတစ်လှည့် အသားကလေး ပြောက်ပြောက်ပါတဲ့ သားပြွမ်းဟင်းတစ်ခွက်။ ဒီလောက်ပဲပေါ့။ အကြော်ကတော့ ပဲသီးကြော်ကလေး၊ ကန်စွန်းရွက်ကြော်ကလေး၊ ဂေါ်ဖီထုပ်ကြော်ကလေးလောက်ပေါ့။

ရစတုန်းကတော့ သူတို့နှစ်ယောက် သွားလိုက် လာလိုက်၊ ပျော်လိုက် ပါးလိုက်။ ရန်ကင်းက ကျွန်တော့်တိုက်ခန်းဟာ ရွှေဘုံမဟုတ်သည့်တိုင် တဲအိုပျက် မဟုတ်ဘူး။ ဒီတော့ သူတို့ ပျော်ကြတယ်။ ပျော်ပါစေ။ ငယ်ရွယ်တဲ့ ​မောင်နှံစုံတွေ ကြည်နူးတာ ပျော်တာကို မြင်ရတာ စိတ်ကြည်နူးစရာပါပဲ။ အထူးသဖြင့် ကိုယ့်သားနဲ့ ကိုယ့်ချွေးမဆိုတော့ ပိုလို့တောင် ကြည်နူးရပါသေးတယ်။ ပီတိဖြစ်ရသေးတယ်။ မိဘဝတ္တရားကို ကျေပွန်ရတာဟာလဲ ကြည်နူးစရာပေပဲပေါ့။

လေးငါးလလောက် ရှိလာတော့ သူတို့ အရှိန်နည်းနည်း လျော့သွားကြတယ်ထင်တယ်။ ခါတိုင်းလောက် မထွက်ကြတော့ဘူး။ အေးလေ။ ဘယ်မှာလဲ ထွက်နိုင်ပါတော့မလဲ။ ကျွန်တော်ထောက်ပံ့တဲ့ ​ငွေကလေး မဖြစ်စလောက်နဲ့ဆိုတော့ ကြပ်တည်းလာပြီပေါ့။ ရစတုန်းကသာ ဒါတွေကို မေ့ထားနိုင်တာ။ နည်းနည်း ကြာလာတော့ ဒါတွေက စကားပြောလာပြီပေါ့။ တစ်ယောက်နဲ့တစ်ယောက် ကျိတ်ပြီး စိတ်ကောက်ကြတာတို့ ဘာတို့ ဖြစ်လာတယ်။ သူတို့ကတော့ လူကြီးတွေ မသိဘူးလို့ ထင်ကောင်း ထင်ကြမယ်။ ဘယ် မသိပဲနေပါ့မလဲ။ ကိုယ်က မွေးထုတ်ထားတဲ့ သားပဲ။ ငယ်ငယ်တုန်းက ပြောသလိုပြောရယင် သူတို့ထက် အယင်ထမင်းစားလာတဲ့ လူပဲ။ သိတာပေါ့။ ဇော်မော်က အပြင်ထွက်သွားတယ်။ ဂျူလိုင်က နေမကောင်းလို့ဆိုပြီး အိပ်ခန်းအောင်းနေတယ်။ သိတာပေါ့။ သူတို့လင်မယား အကြောင်းမရှိပဲနဲ့ ဘယ်မှာ တစ်ယောက်တည်း ထွက်ဖူးလို့လဲ။ ခုတော့
တစ်ယောက်က အပြင်ထွက်သွားတယ်၊ တစ်ယောက်က အခန်းထဲမှာ အောင်းနေတယ်။ ထမင်းစားခေါ်တော့ ခေါင်းကိုက်သလေး၊ ဗိုက်နာသလေးနဲ့ အကြောင်းပြတယ်။ လင်မယား စိတ်ကောက်တာဆိုတာ အသိသာကြီးပါပဲ။

ကိုယ်လဲ ငယ်ရာကကြီးလာတာပဲလေ။ သိတာမှ သိပ်သိ။

⚫ ⚫ ⚫

ဒါပေမယ့် ခုခေတ်က ငယ်ရွယ်သူမောင်နှံတွေဟာ ကျွန်တော်တို့ခေတ်က ငယ်ရွယ်သူမောင်နှံတွေနဲ့ မတူဘူးလို့ထင်တယ်။ ထင်တယ်မဟုတ်ပါဘူးလေ။ တူကို မတူပါဘူး။ ကျွန်တော်တို့ခေတ်တုန်းက ရှေးခေတ်လို သုံးနှစ်သုံးမိုး ပိုးတာ ပန်းတာ မလုပ်ရသည့်တိုင် ကြာသင့်သလောက် ကြာတယ်။ ချစ်ကြလို့ လက်ထပ်ကြမယ်ဆိုတော့လဲ စဉ်းစားသင့်သလောက် စဉ်းစားတယ်။ လင်ရယ် မယားရယ်လို့ဖြစ်လာပြီး အဆင်မပြေဘူးဆိုယင်လဲ ကွဲဖို့ဆိုတာ တော်တော်နဲ့မလွယ်ဘူး။

ခုခေတ်ကတော့ ဒုံးပျံခေတ်။ မြန်တယ်။ မနေ့ကတွေ့၊ ဒီနေ့ သမီးရည်းစားဖြစ်၊ မနက်ဖြန်တော့ လက်ထပ်၊ သန်ဘက်ခါကျတော့ ကွဲ။ စကားပမာ ပြောရယ် အဲဒီလောက်နီးနီး မြန်တယ်။ အိမ်ထောင်ရေးကို လေးလေးနက်နက် မစဉ်းစားခဲ့ကြဘူး။

စောစောက ပြောခဲ့သလိုပဲ။ ရကာစမှာတော့ တဲအိုပျက်မှာ နေရ၊ ရွှေဘုံပေါ်မှာ စံရ၊ ချစ်တာပဓာနလို့ ဆိုချင်ပါတယ်ဆိုတဲ့ သီချင်းဟာ ကျွန်တော်တို့ခေတ်တုန်းက မှန်တယ်။ အနည်းဆုံး ကျွန်တော့်အတွက် မှန်တယ်။ ကျွန်တော်တို့ မင်္ဂလာဆောင်ခဲ့ကြတုန်းက မင်္ဂလာသာ ဆောင်ခဲ့ကြတယ်။ ပိုက်ဆံတစ်ပြားမှ မရှိဘူး။ ဒီတုန်းက သူက ဆယ်တန်း မအောင်သေးဘူး။ ကျွန်တော်က ရုံးတစ်ရုံးမှာ အောက်တန်းစာရေးလုပ်ယင်း ဘီအေကို ကွန်ပတ်နဲ့ဖြေနေတယ်။ မအောင်သေးဘူး။ ကျန်တဲ့ဘာသာတွေကို ဖြေရအုံးမယ်။ ကိုယ်ချစ်လို့ကိုယ်
ယူခဲ့တာ။ သူကလဲ သူချစ်လို့ သူယူခဲ့ကာ၊ လက်ထပ်ကြမယ်ဆိုတော့ နှစ်ယောက်စလုံး သေသေချာချာ စဉ်းစားပြီးမှ လက်ထပ်ခဲ့ကြတာ။

လက်ထပ်တော့ ရုံးမှာ တက်ပြီး လက်ထပ်ကြတယ်။ မိတ်ဆွေတွေကို လက်ဖက်ရည်ကလေးတိုက်ဖို့၊
သက်သေအဖြစ် လက်မှတ်ထိုးတဲ့ သူငယ်ချင်းတွေကို ထမင်းကျွေးဖို့တောင် ပိုက်ဆံမရှိဘူး။ ကုန်ကုန်ပြောရယင် ရုံးမှာ လက်မှတ်ထိုးဖို့ တံဆိပ်ခေါင်းဖိုး တစ်ဆယ်တောင် မရှိဘူး။ သူငယ်ချင်းတစ်ယောက်က ငွေငါးဆယ် ထုတ်ချေးလို့ အဲဒီငွေငါးဆယ်နဲ့ ကျွန်တော်တို့ဘ၀ခရီးကို စခဲ့ရတာ။

တံဆိပ်ခေါင်းဖိုးက တစ်ဆယ်။ စာရေးတွေကို လက်ဖက်ရည် တိုက်တာ ငါးကျပ်။ ကျန်တဲ့ပိုက်ဆံကလေးနဲ့ သက်သေအဖြစ် လက်မှတ်ထိုးတဲ့ သူငယ်ချင်းနှစ်ယောက်ကို ဘုံဘေရက်စတော့ရင့်မှာ ထမင်းကျွေးတာက သုံးဆယ်။

လင်ရယ် မယားရယ် ဆိုပြီး ကျွန်တော် ငှားနေတဲ့အခန်းကလေးကို သူလိုက်လာတော့ ကျွန်တော်တို့ နှစ်ယောက်ပေါင်းမှာ ငါးကျပ်ပဲ ချမ်းသာတော့တယ်။

အခြေအနေကို ကျွန်တော်ကလဲ ပွင့်ပွင့်လင်းလင်း ပြောပြတယ်။ သူကလဲ နားလည်တယ်။

"မပူပါနဲ့မောင်ရယ်။ မ ကြယ်သီးတံတပ်ပြီး ကျွေးမှာပေါ့။ စက်ချုပ်ပြီး ကျွေးမှာပေါ့။ မောင်ရတဲ့လခကလေးနဲ့ မ စက်ချုပ်၊ ကြယ်သီးတံ တပ်တာနဲ့ဆိုယင် လင်ကိုယ်မယားကတော့ နေနိုင်ပါတယ်'' လို့ မက ပြောပြီး ချစ်တာပဓာနကို ဆိုပြတယ်။ ခုလဲ ချစ်ရမယ်၊ နောင်လဲ ချစ်ကြပါစို့ကွယ်ဆိုသလို ဟိုတုန်းကလဲ ချစ်တယ်။ ခုလဲ ချစ်တယ်။ နောင်လဲချစ်မှာပဲ။ ဟိုတုန်းကလဲ ပျော်တယ်၊ ခုလဲ ပျော်တယ်။ နောင်လဲ ပျော်အုံးမှာပဲ။ အိမ်ထောင်ရေးအတွက် စိတ်ညစ်ခဲ့ရတာရယ်လို့ မရှိသေးဘူး။

ကိုယ့်အိမ်ထောင်ရေးအတွက် စိတ်မညစ်ခဲ့ဖူးတဲ့ ကျွန်တော်ဟာ ဇော်မော့်အိမ်ထောင်ရေးကျတော့
မညစ်ပဲ နေလို့မရတော့ဘူး။ ကိုယ့်သား၊ အတောင်အလက်မှမစုံသေးခင် မိန်းမယူလာတယ်။ ကျွန်တော်က
တတ်နိုင်သမျှ ကျွေးထားတယ်။ ထားပါ။ ရေရှည်မဟုတ်သည့်တိုင် သူ့မှာ အလုပ်အကိုင်ရယ်လို့ ဟန်ဟန်ပန်ပန် မရသေးခင်မှာ ကျွန်တော် တတ်နိုင်ပါတယ်။
ဒါပေမယ့် ခက်တာက ဒီလောက်နဲ့ မပြီးဘူး။

တစ်နေ့ ကျွန်တော် ရုံးကပြန်လာတော့ မနက်က မဖတ်ရသေးတဲ့ဂါဒီယန်းသတင်းစာကို ဖတ်နေတုန်း အမေကြီးက ပြောတယ်။

"အဖေကြီးကို စကားတစ်ခွန်း ပြောရအုံးမယ်" တဲ့ အစချီတယ်။ ကျွန်တော် ထိတ်သွားတယ်။

"ဘာလဲ"

ကျွန်တော်က သတင်းစာကို မျက်နှာက ဖယ်လိုက်ပြီး သူ့ကို လှမ်းကြည့်တယ်။ သူ့မျက်နှာကတော့ ခါတိုင်းလိုပါဘဲ။

"ကလေးကွေ ကိစ္စလေ"

"ဘယ်ကလေးတွေလဲကွ။ ရှင်းရှင်းပြောစမ်းပါ"

ကျွန်တော့်စိတ်ထဲမှာ သားသမီးထဲက နောက်တစ်ယောက် ပြဿနာပေါ်ပြန်ပြီလားလို့ ထိတ်သွားပြန်တယ်။

"ကိုဇော်နဲ့ ဂျူလိုင်တို့ ကိစ္စလေ"

"ဘာကိစ္စလဲကွ၊ လက်ထပ်ပြီးလို့ အိမ်ပေါ်မှာ ရောက်နေပြီပဲ။ ဘာကိစ္စရှိရအုံးမှာလဲ။ သငေ်္ဘာသား လျှောက်ထားတာတော့ မရသေးဘူး။ ငါတစ်နေ့ကတင် စုံစမ်းခဲ့ပြီးပြီ"

"အဲဒါ မဟုတ်ဘူးရှင့်။ သူတို့နှစ်ယောက်ကို တရားဝင်မင်္ဂလာဆောင်ဖို့"

"ခုကော တရားဝင် မင်္ဂလာမဆောင်လို့ တိတ်တိတ်ပုန်း ညားနေကြတာလားကွ။ တရားရုံးမှာတက် လက်မှတ်ထိုးထားပြီးမှပဲ ဒီထက် တရားဝင်ရအုံးမှာလား"

အမေကြီးက ကျွန်တော့်ကို စိတ်ပျက်လက်ပျက်နဲ့ လှမ်းကြည့်လိုက်တယ်။

"ဒီလို တရားဝင် မဟုတ်ဘူးရှင့်။ ကောင်မလေးကို ပြန်အပ်ပြီး အခမ်းအနားနဲ့ မင်္ဂလာဆောင်ဖို့ တစ်ဖက်က ပြောနေတယ်"

"ဘာ ဂျူလိုင်တို့ မိဘတွေဘက်ကလား"

"ဟုတ်တယ်"

"ဘယ်သူက ဘာလာပြောလို့လဲ"

"ဘယ်သူကမှ လာပြောတာ မဟုတ်ပါဘူး။ ဂျူလိုင်က လိုက်ပြေးလို့ အဖေကသာ စိတ်ဆိုးပေမယ့် အမေနဲ့ အဆက်အသွယ် ရှိနေတယ်။ ပြန်အပ်ပြီး မိသားဖသားပီပီ မင်္ဂလာဆောင်ယင် ညည်းအဖေ သဘောတူမှာပါတဲ့။ ဒါကို ကောင်မလေးက ကျွန်မကို ပြောတယ်"

မိသားဖသားပီပီဆိုတဲ့ စကားကြောင့် ကျွန်တော် နည်းနည်းအောင့်သွားတယ်။ သူ့စကားက အပေါ်စီးကြီးနဲ့။

"ဒီလိုဆိုယင်လဲ လူကြီးတွေနဲ့ ပြန်အပ်ပြီး အိမ်မှာ မင်္ဂလာဆွမ်းကလေးကျွေးပြီး ဆောင်လိုက်တာပေါ့ကွာ''

"မဟုတ်ဘူးရှင့်။ တစ်နေရာရာမှာ ဆောင်ချင်တယ်တဲ့။ အသံထွက်လာတယ်"

ကျွန်တော် မောသွားတယ်။ တစ်နေရာရာဆိုကတည်းက ကျွန်တော် သိလိုက်ပါပြီ။ အဲဒီတစ်နေရာရာဟာ ဇရပ်မဟုတ်ဘူး။ ဝိုင်အမ်ဘီအေအသင်းကိုက် မဟုတ်ဘူး။ တရုတ်ဘုံကျောင်း မဟုတ်ဘူး။ အနည်းဆုံး စထရင်း၊ ကန်တော်ကြီး၊ ကရဝိက်၊ အများဆုံး အင်းလျားလိတ်။

"ဒီတော့ ငါကကာလုပ်ရမှာလဲကွ။ သူတို့ဆီ ဒီအတိုင်း သွားလို့ ဖြစ်မလား"

"ကျွန်မ စဉ်းစားထားတယ်၊ အဖေကြီးရုံးက အရာရှိကြီးကတော် ရှိတယ်မဟုတ်လား။ အဲ-သူတို့ အရာရှိကြီးချင်းဆိုတော့ တီးခေါက်ကြည့်လို့ ကောင်းတာပေါ့။ ဒီတော့ အရာရှိကြီးကတော်ဆီကို ကျွန်မတို့နှစ်ယောက် သွားပြီး သူတို့ဘက်က သဘောထားကို တီးခေါက်ကြည့်ပေးဖို့ ပြောရယင် မကောင်းဘူးလား။ သူတို့လူကြီးချင်း တီးခေါက်ကြည့်တော့ အဆင်ပြေတာပေါ့။ အရာရှိကြီးကတော်ကလဲ ဒါမျိုးကို ဝါသနာပါတာပဲ"

"နည်းနည်းပါးပါး ဆိုင်းလို့မရဘူးလား"

"မရဘူးရှင့်။ ဟိုဟာက သုံးလရှိပြီတဲ့”

ဘယ်လိုလုပ်ရမလဲလို့ စဉ်းစားတယ်။ အဖြေရှာလို့ မရဘူး။ ဘာပဲဖြစ်ဖြစ် ပြန်မအပ်ပဲနေယင် ဘယ့်နှယ်နေမလဲ။ ပြန်အပ်ပြီး သင့်လျော်တဲ့နေရာမှာ မင်္ဂလာဆောင်ခွင့်ပေးဖို့ နှစ်ဘက်ညှိနှိုင်းယင်ကော။ ကျွန်တော်
မစဉ်းစားတတ်ဘူး။ ဒီတော့ မိန်းမကိုပဲ ဆရာတင်ရတယ်။

သူနဲ့ ကျွန်တော် ကျွန်တော့်ရုံးက အရာရှိကြီးကတော်ဆီသွားပြီး ပြန်အပ်မယ့်အကြောင်း၊ ဘယ်လိုစီစဉ်ရမယ့်အကြောင်း သဘောထားကို တီးခေါက်ပေးဖို့ သွားပြောကြတယ်။ အရာရှိကြီးကတော်ကလဲ လိုလိုချင်ချင်ပါပဲ။ သူတို့နဲ့ ခင်မင်ရင်းနှီးနေတော့ တီးခေါက်ပေးမယ်လို့ သဘောတူတယ်။

မကြာပါဘူး။ အဖြေကို သိလာရတာပါပဲ။

တစ်နေ့မှာ ကျွန်တော်တို့ရုံးက အရာရှိကြီးကတော်က ကျွန်တော်တို့လင်မယားကို ခေါ်ပြီး ပြောတယ်။
သူ့မျက်နှာက ပြုံးပြုံးရွှင်ရွှင်ဆိုတော့ ကျွန်တော် စိတ်ထဲမှာ အေးသွားတယ်။ မအေးလို့ မဖြစ်ဘူးလေ။ ဂျူလိုင်တို့အဖေကလဲ ကျွန်တော့်ထက် နှစ်ဆင့်သုံးဆင့်လောက် မြင့်တဲ့အရာရှိကြီး။ ကိုယ်သွားအပြောခိုင်းသူကလဲ သူတို့နဲ့မှ တန်းတူအဆင့်တူတဲ့ အရာရှိကြီးဆိုတော့ သူတို့မျက်နှာပျက်မှာ ငြိုငြင်မှာကိုလဲ စိုးရိမ်တယ်။

"လာကြဟေ့။ အဆင်ပြေပါတယ်။ မမက မင်းတို့မျိုးရိုးအကြောင်း၊ မင်းအကြောင်း ပြောပြတယ်။ ကိုယ့်သမီးကလဲ ပါနေတော့ အဆင်ပြေအောင် လုပ်ရမှာပေါ့လေတဲ့။ အယင်သမီးတွေတုန်းက ကောင်းကောင်းမွန်မွန် လက်ထပ်ခဲ့တော့ ခုသမီးထွေးဆုံးမှာလဲ ကောင်းကောင်းမွန်မွန် ဖြစ်စေချင်တာ တစ်ခုပါပဲတဲ့။ သူလဲ အစ်ကိုကြီးကို ပြောပါအုံးမယ်တဲ့။ အဆင်ပြေမှာပါတဲ့။ ဒီတော့ မမကလဲ ကိုယ့်ဘက်ကတော့ အဆင်ပြေအောင်
လုပ်ပေးမှာပါ။ ကြိုက်ကာသာ ပြောလို့ အာမခံခဲ့တာပဲ။ ဒီတော့ အင်းလျားလိတ်မှာပဲဖြစ်ဖြစ် စီစဉ်ပေးလိုက်ပေါ့ကွယ်။ နှစ်ဘက်ကျေကျေလည်လည် ဖြစ်သွားတော့ ကလေးတွေအဖို့လဲ ကောင်းတာပေါ့။ ပြန်အပ်ဖို့ကိစ္စကတော့ မမတို့ ကြည့်စီစဉ်မယ်လေ။ ဟိုရောက်ယင် မင်းတို့ ဘာမှပြောစရာ မလိုပါဘူး။ ဖိတ်သင့်တဲ့လူကြီး
ဆယ်ယောက်လောက်ဖိတ်ပြီး အပ်လိုက်တာပေါ့။ ပြီးတော့မှ မင်္ဂလာပွဲကို နေ့ကောင်းရက်သာရွေးပြီး စီစဉ်တာပေါ့။ ဒီလိုပေါ့ကွယ်။ သားရေးသမီးရေးဆိုတော့လဲ ထိုက်သင့်သလောက် လုပ်ရမှာပေါ့"

ကိုယ့်လူကြီးရှေ့မှာမို့ မနည်းကြီး ဟန်ဆောင်နေရတယ်။ ကျွန်တော် တော်တော်စိတ်ဓာတ်ကျသွားတယ်။ ဒီအတိုင်းဆိုယင်တော့ အင်းလျားလိတ်ကတော့ တန်းနေပြီ။ ပြီးတော့ မမစကားအသွားအလာကို
ကြည့်ယင်လဲ ကျွန်တော်တို့ဘက်ကပဲ ကုန်ရမယ့်အပေါက်။

အရာရှိကြီးနဲ့ မမကို နှုတ်ဆက်ပြီး ကျွန်တော်တို့ ပြန်ခဲ့ကြတယ်။ ခုလောလောဆယ် ကျွန်တော်လုပ်ရမယ့် လုပ်ငန်းနှစ်ခု။ နံပါတ်တစ်က လူကြီးစုံရာန့်အပ်ရမယ်။ နံပါတ်နှစ်က အင်းလျားလိတ်မှာ မင်္ဂလာကိစ္စ စီစဉ်ရမယ်။

တစ်ညလုံး အိပ်လို့မပျော်ဘူး။ အမေကြီးကတော့ ကြည့်စီစဉ်တာပေါ့ အဖေကြီးရယ်လို့ အားပေးပါရဲ့ ။
ဒါပေမယ့် ကျွန်တော်မောတယ်။

⚫ ⚫ ⚫

နံပါတ်တစ်ကိစ္စကတော့ ချောချောမောမောပဲ ပြီးသွားတယ်။ အရာရှိကြီးနဲ့မမတို့ကပဲ ကြီးကြပ်စီစဉ်တဲ့အတွက် လူကြီးဆယ်ယောက်လောက်ဖိတ်ပြီး ကျဉ်းကျဉ်းပဲ ဝိုင်းလိုက်ကြတယ်။
အဲ-ဂျူလိုင်ရဲ့ အဖေကတော့ မျက်နှာကား ခပ်တင်းတင်းပဲခင်ဗျာ။ ကျွန်တော့်လို ပါမွှားရဲ့ သားနဲ့သဘောမတူလို့ပဲလား၊ ဒါမှမဟုတ် ရုံးမှာ မျက်နှာထားတင်းတင်း ထားနေကျဖြစ်တဲ့အတွက် အကြောအခြင်တွေ၊
ကြွက်သားတွေ အသားကျသွားလို့လားတော့ မသိဘူး။ မျက်နှာထားကတော့ ခပ်တင်းတင်းပဲ။ ကျွန်တော့်ထက် အဆင့်နှစ်၊ အဆင့်သုံးဆင့်လောက် မြင့်လဲ မြင့်ပြန်၊ ကိုယ့်အထက် လူကြီးနဲ့လဲ တန်းတူဖြစ်ပြန်၊ ကိုယ့်ထက်လဲ အသက်ကြီးသူ ဖြစ်နေပြန်တော့ ကျွန်တော်လဲ ခပ်ရှိန်းရှိန်းပဲ။

ဘာပဲဖြစ်ဖြစ် စေ့စပ်ကြောင်းလမ်းပွဲဟာ အဆင်ချောသွားတဲ့အတွက် စိတ်တော့အေးသွားရတာပေါ့လေ။

စိတ်မအေးစရာကတော့ အင်းလျားလိတ်မှာ မင်္ဂလာဆောင်ရမယ့်ကိစ္စခင်ဗျ။

ကျွန်တော် စဉ်းစားကြည့်တယ်။ အင်းလျားလိတ်မှာဆိုယင် အနည်းဆုံး တစ်ယောက်ကို ဆယ့်ခြောက်ကျပ်လောက် ကျမယ်။ လူငါးရာလောက် ဖိတ်ချင်တယ်တဲ့။ သူတို့ကို ဖိတ်စာသုံးရာပေးပါတဲ့။ ရပါတယ်။ သူတို့က မျက်နှာကြီးဆိုတော့ ဖိတ်ရမယ့်လူတွေ များမှာပေါ့။ ဒါက အကြောင်းမဟုတ်ပါဘူး။ ဒါပေမယ့် တစ်ယောက် ဆယ့်ခြောက်ကျပ်နဲ့ပဲ တွက်အုံး၊ လူငါးရာဆိုယင် ငွေရှစ်ထောင်။ အင်းလျားလိတ်ကို ငှားခက တစ်ထောင်။ ဒီအထဲမှာ တီးပိုင်းထည့်ရအုံးမယ်။ တီးပိုင်းခက အနည်းဆုံး လေးထောင်။

တီးဝိုင်းဆိုလို့ ပြောရအုံးမယ်။ ကျွန်တော်က မြန်မာဆန်ဆန်တီးဝိုင်း ထည့်ချင်တယ်။ မင်္ဂလာဆောင်မှာ ကျက်သရေရှိရှိ၊ မြန်မာသီချင်းနဲ့၊ စောင်းနဲ့၊ စန္ဒရားနဲ့၊ တယောနဲ့ ထည့်ချင်တယ်။ ဂီတလောကမှာ ကျွန်တော်နဲ့ သိကျွမ်းတဲ့သူတွေ ရှိတယ်။ သူတို့ကို အကူအညီတောင်းတန်ကောင်းမယ်။ အကူအညီဆိုပေမယ့် အလကားပဲတင်း မဟုတ်ပါဘူး။ သူများလေးထောင်ဆိုယင် ကျွန်တော့်ကို သုံးထောင်လောက်နဲ့ လိုက်အောင် ပြောမယ်။ "အခါတော်ပေးတာက နတ်ရေးငယ်ရွှေစာ" ဆိုတဲ့သီချင်းမျိုးကို တင်တင်မြအသံနဲ့စန္ဒရားချစ်ဆွေတို့၊
စန္ဒရားလှထွတ်တို့လက်သံမျိုးနဲ့ ကြားလိုက်ရယင် ဘယ်လောက် ကျက်သရေရှိသလဲ၊ မင်္ဂလာရှိသလဲ၊ မင်္ဂလာ
ရှိလိုက်သမျှ ကိုယ်တောင် မင်္ဂလာဆောင်ချင်လာလောက်အောင် မင်္ဂလာရှိတယ်။ တစ်ကယ်။

ကျွန်တော်က ကျွန်တော့်စိတ်ကူးကို ပြောပြတော့ "ဟင်-အောက်လိုက်တာ” တဲ့။ ဇော်မော်က နှာခေါင်းရှုံ့တယ်။ ဂျူလိုင်ကတော့ ဘာမှမပြောပါဘူး။ ဒါပေမယ့် သူကလဲ မသိမသာ နှာခေါင်းရှုံ့လိုက်တယ်။

ဒီတော့ ဖိတ်စာရိုက်တဲ့စရိတ်၊ ကျွေးမွေးဧည့်ခံတဲ့စရိတ်၊ တီးဝိုင်းစရိတ်၊ မင်္ဂလာသတို့သား သတို့သမီး ပြင်စရိတ်နဲ့ အဝတ်အစားစရိတ်၊ ဗွီဒီယိုရိုက်ခကာလာဓာတ်ပုံရိုက်။

အမယ်လေးဗျ၊ နည်းတာတွေ မဟုတ်ဘူး။ အနည်းဆုံး နှစ်သောင်းတစ်ဝိုက်လောက်တော့ သွားထိမယ်။ သူတို့ဘက်က ဘာကို အကုန်ခံမယ်ဆိုတာ ထွက်မလာသေးဘူး။ ဪ-တစ်ခုတော့ ရှိတယ်။ အိပ်ရာ၊ ခုတင်၊ ခြင်ထောင်တို့ကိုတော့ လက်ဖွဲ့မယ်တဲ့။ ပြီးတော့လဲ ကျွန်တော့်ဆီမှာ ကြပ်တည်းယင် ကလေးတွေ သူတို့ဆီကို လာနေကြည့်လို့တော့ အသံထွက်ထားတယ်။

ထားပါ။ ခုတင်၊ မွေ့ရာ၊ ခြင်ထောင်က ဘယ်လောက်ကုန်မှာလဲ။ တစ်ကယ်ကုန်မှာက အကျွေးအမွေးတို့၊ တီးဝိုင်းတို့၊ ဗွီဒီယိုတို့၊ အင်းလျားလိတ်တို့က ကုန်မှာ။

ဒီလောက်များတဲ့ ပိုက်ဆံကို ကျွန်တော် ဘယ်က သွားရှာရမှာလဲမမ။ အစ်ကိုကြီးတို့ကိုလဲ ကျွန်တော် မပြောရဲဘူး၊ မပြောရက်ဘူး၊ သူတို့ကို တောင်းပန်လို့ သူတို့က ပြေလည်အောင် လုပ်ပေးပြန်တော့လဲ ကိုယ်က နောက်တစ်ပူကို ဖွင့်ပြောလို့ မကောင်းတော့ဘူး။ ပြီးတော့ ဒါမျိုးဆိုတာကလဲ ကိုယ်ရေးကိုယ်တာ ကိစ္စသက်သက်။

ကျွန်တော့်မှာ ကားပြန်ရောင်းတော့ ကျန်တဲ့ငွေကလေး တစ်သောင်းကို ဘဏ်မှာ စုထားတယ်။ ဒီလောက်ဆိုယင် တစ်သောင်းခွဲကျော်ကျော်တော့ ရှိမှာပေါ့။ ဒါလေးပဲ ရှိတယ်။ ကားထုတ်ရလို့ရောင်းတာလဲ ခွင့်ပြုတဲ့ကာလ ကျော်မှ ရောင်းတာပါ။ ချက်ချင်း ပြန်ရောင်းတာ မဟုတ်ပါဘူး။ ဒါက ရှင်းအောင် ပြောထားရတာ။

အားလုံးစီစဉ်ပြီး မတတ်နိုင်ဘူးလေ။ ရှာကြံလုပ်ရတော့မှာပဲ။ တိုတိုပြောရယင် မင်္ဂလာဆောင်ဖိတ်စာကို သူတို့ကြိုက်တဲ့ ပုံစံအတိုင်း ကြိုက်တဲ့ပုံနှိပ်တိုက်မှာ အစောင်ငါးရာရိုက်ပြီး သူတို့တောင်းတဲ့အတိုင်း သူတို့ကို အစောင်သုံးရာ ပေးလိုက်တယ်။ ကျွန်တော်တို့ဘက်က အစောင်နှစ်ရာ ယူထားလိုက်တယ်။ ဒီတင် သူတို့က
ဖိတ်သင့်ဖိတ်ထိုက်တဲ့လူတွေ ကျန်နေသေးတယ်ဆိုတာနဲ့ ကျွန်တော့်အစောင်ငါးဆယ် ထပ်ပေးလိုက်တယ်။ ဗြောင်တော့ မတောင်း၊ ဖိတ်စာပေးပါအုံးလို့တော့ ထပ်မတောင်းဘူးပေါ့။ ဒါပေမယ့် ဖိတ်သင့်ဖိတ်ထိုက်တဲ့လူတွေ ကျန်သေးတယ်ဆို နှစ်ခါသုံးခါလောက် ညည်းပြလိုက်တော့ ကိုယ်က အလိုက်သိရတာပေါ့။ ကိုယ်က လူငယ်၊ သူတို့က လူကြီး၊ လူကြီးရဲ့ အလိုကို သိရမှာပေါ့။ ကလေးတွေမျက်နှာလဲ ရှိတယ်။ အစ်ကိုကြီးတို့ မမတို့ မျက်နှာလဲ ရှိတယ်။ နာခြင်းနာယင် ကိုယ်ကပဲ အနာခံရမှာပေါ့။ ဒီလောက်အထိ လုပ်လာပြီးမှ သူတို့ဘက်က
ငြိုငြင်သွားတာမျိုး အဖြစ်မခံချင်ဘူးလေ။

အားလုံး ကျွန်တော်လုပ်ပေးပါတယ်။ အဲ-ဒါပေမယ့် သူတို့ဘက်က ကျွန်တော်တို့ကို မျက်နှာထားတင်းတင်းနဲ့ ဆက်ဆံတာရယ်၊ တီးဝိုင်းမှာ မြန်မာတီးဝိုင်း၊ မြန်မာအသံကလေးဆိုလို့ နည်းနည်းမှမထည့်ပဲ စတီရီယိုဝိုင်းထည့်တာရယ်၊ သတို့သား သတို့သမီးဖို့ အဝတ်အစား ဝယ်တာရယ်ကိုတော့ ကျွန်တော့်စိတ်ထဲမှာ တော်တော်လေး ဘဝင်မကျဖြစ်ရတယ်။

ကြည့်လေ။ သတို့သားနဲ့သတို့သမီးဖို့ မင်္ဂလာဝတ်စုံတဲ့။ ရုံးမှာ လက်ထပ်ပြီးပြီပဲ။ လက်ထပ်လို့ ဟိုဒင်း ကျွန်တော်မပြောချင်ပါဘူး။ ပြောတော့ ပြောရအုံးမယ်။ ဟိုဒင်း သုံးလတောင် ရှိနေပြီပဲ။ ဧည့်ခံပွဲလောက်လုပ်ယင် တော်ရောပေါ့။ မဟုတ်ဘူး။ အဲဒီမှာလဲ ဘိသိက်ဆရာနဲ့ ဘိသိက်သွန်းချင်သေးသတဲ့။ ဘိသိက်ဆရာ ငှားရအုံးမယ်။ အဲ-ကန်တော့ရအုံးမယ်။ မင်္ဂလာဩဘာရတု ရေးရအုံးမယ်။ ဩဘာရတုကို ပင်းဦးဖတ်မှတဲ့။ ဝင်းဦးကို ကျွန်တော်မသိဘူး၊ ကြည့်ဖူးတယ် ကြားဖူးတယ်။ လူတစ်မျိုးတဲ့။ သူ့ကို သွားခေါ်ပေမယ့် လိုက်ချင်မှလိုက်တာ။ သွားမခေါ်ပေမယ့်လဲ သူလုပ်ချင်ပြီဆိုယင် ငွေကုန်သံပြာ သူ့စရိတ်နဲ့သူ လာပြီး လုပ်ချင်လုပ်ပေးတတ်သေးတာ။ ကျွန်တော့်မိတ်ဆွေတွေထဲမှာ သူနဲ့သိတဲ့လူ မရှိဘူး။ ဒီတော့ သူ့ကိုတော့ ခေါ်လို့ရမှာ မဟုတ်ဘူး။ ဖိတ်လို့ရချင်မှရမှာလို့ ကျွန်တော်ပြောလိုက်တယ်။

သတို့သားနဲ့သတို့သမီး ဝတ်စုံကျတော့လဲ ကျွန်တော်က ရိုးရိုးပဲ ဝတ်ဖို့ပြောတယ်။ ဒါပေမယ့် သူတို့ဘက်က ကြိုးကြီးချိတ်နဲ့မှတဲ့။ မန္တလေးကြိုးကြီးချိတ်ဟာ တစ်ထည်ကို တစ်ထောင်ကျော်ကျော်ပေးရတယ်။
အဲဒါ နှစ်ထည်နဲ့ကို ငွေနှစ်ထောင်ကျော် ကုန်နေပြီ။ သတို့သမီးက ကိုယ့်အိမ်မှာဆိုတော့ အလှပြင်ဆိုင်သွားရတာတို့ ဘာတို့။ ဖိနပ်တို့ကလဲ ကုန်တယ်။

အို-ပြောရယင် အများကြီး။ မကျေနပ်တာတွေ အများကြီး၊ ဒါပေမယ့် ကိုယ်က လူငယ်ဆိုတော့ ဘာမှမပြောပါဘူး။ ပြောလဲ မပြောရဲပါဘူး။

ဒီတော့ ကျွန်တော် ဘာလုပ်သလဲ။ အယင်တစ်ခါတုန်းကလို ဘုရားသွားပြီးတော့ ပုတီးစိပ်တော့ဘူး
ဘောလုံးပွဲသွားပြီး ကိုယ်မကြိုက်တဲ့အသင်း၊ ကိုယ်မကြိုက်တဲ့ဘောသမားကို အော်ပစ်လိုက်တယ်။ ကဲ-မှတ်ကရော။

မင်္ဂလာဆောင်တဲ့နေ့ကျတော့ ကျွန်တော့်အိမ်ကပဲ သတို့သမီးနဲ့ သတို့သား ထွက်ရတယ်။ ကျွန်တော်က
မိတ်ဆွေတစ်ယောက်ရဲ့ ကိုရိုလာကားကို ခဏငှားထားတယ်။ မင်္ဂလာသတို့သားနဲ့ သတို့သမီးစီးဖို့၊ ဒါကို ဂျူလိုင်ရဲ့ အမေက မကြိုက်ဘူးတဲ့။ ကားက ပုံဟောင်းနေတယ်ဆိုပြီး တိုယိုတာ ကိုလိုလာ နောက်ဆုံးပေါ် ၈၅ ခုနှစ် ပုံစံတစ်စင်းကို လွှတ်လိုက်တယ်။ ကျွန်တော် ဘာမှမပြောပါဘူး။ ကိုယ်က လူငယ်ကိုး။ သတို့သား သတို့သမီးစီးဖို့ဆိုပြီး အားနာပါးနာနဲ့ ကျွန်တော်ငှားလာတဲ့ မိတ်ဆွေပိုင်ရှင်ကိုတော့ ကြည့်ကောင်းအောင် တောင်းပန်ရတာပေါ့။ မျက်နှာတော့ ခပ်ပူပူပဲ။ ဟုတ်တယ်လေ။ သူ့ကားက ကားကောင်း။ အစတုန်းကတော့ သူ့ကားကို လာငှားပြီး သုံးသိန်းတန်ကားကို ငှားလို့ရတော့ သူ့ကားကို မသုံးဘူးဆိုတော့ ကျွန်တော် ဘယ်ကောင်းမလဲ။

ဒီအထဲမှာ ပြဿနာတစ်ခု ပေါ်လာသေးတယ်။ လက်ဖွဲ့တွေကို လက်ခံတဲ့နေရာမှာ သူ့သမီးရဲ့ သူငယ်ချင်းတွေ ရှိတယ်တဲ့။ လက်ဖွဲ့တွေက အများကြီးလာမှာတဲ့။ ဒီတော့ သတို့သမီးရဲ့ သူငယ်ချင်းတွေကို တာဝန်ပေးမယ်တဲ့။ မိန်းကလေးတွေဆိုတော့ လက်ဖွဲ့ပစ္စည်းတို့ ဘာတို့ လက်ခံရာမှာလဲ စေ့စပ်တာပေါ့တဲ့။

ပြောပုံကတော့ ယဉ်ယဉ်ကလေးပါပဲ။ ဒါပေမယ့် စဉ်းစားကြည့်လေ။ ဘယ်အဓိပ္ပါယ်ရောက်သလဲ။
ကျွန်တော်တို့ဘက်ကဆိုယင် လက်ဖွဲ့ပစ္စည်းကို လက်ခံရာမှာ သိမ်းဆည်းရာမှာ မစေ့စပ်ဘူးဆိုတဲ့သဘောပေါ့။
သွယ်ဝိုက်ယူရင် စိတ်မချရဘူးပေါ့။

အထင်သေးလိုက်တာဆိုပြီး ကျွန်တော် စိတ်မကောင်းဖြစ်သွားတယ်။ တစ်ချို့ မင်္ဂလာဆောင်တွေမှာ လက်ဖွဲ့ပစ္စည်းကို ဟိုဘက်က လက်ခံလို့ တစ်ချို့ပစ္စည်းတွေ ပျောက်တယ်။ ဘာဖြစ်တယ်ဆိုပြီး ပြောသံတွေကို သူတို့ကြားဖူးတယ်ထင်ပါရဲ့။ ကျွန်တော်လဲ ကြားဖူးနေတော့ ပိုဆိုးတာပေါ့။

ဒါပေမယ့် ရပါတယ်။ ကိုယ်က လူငယ်ပဲ။ အရေးကြီးတာက မင်္ဂလာကိစ္စကြီးတစ်ခုလုံး ချောမောဖို့၊ ကလေးတွေ စိတ်ချမ်းသာဖို့၊ သူတို့ကျေနပ်ဖို့၊ ကျွန်တော့်ရုံးက အစ်ကိုကြီးနဲ့မမတို့ မျက်နှာမပျက်ဖို့သာ အဓိကပါ။

ကျွန်တော် ဘာမှမပြောတော့ပါဘူး။ လေးဘက်ထောက်ပြီး အလျှော့ပေးလိုက်ပါတယ်။

မင်္ဂလာပွဲမစမီ ဆယ့်ငါးမိနစ်အလိုမှာ သတို့သားနဲ့သတို့သမီး သုံးသိန်းတန်ကားပေါ်က ဆင်းလာကြတယ်။ နောက်က အပျိုရံက တစ်ကား၊ လူပျိုရံတွေကတစ်ကား။

နှစ်ယောက်စလုံး မန္တလေးကြိုးကြီးချိတ်ပန်းနုရောင်နဲ့။ ကောင်းလိုက်တဲ့လုံချည်။ မကောင်းပဲနေပါ့မလား။ မန္တလေးကို အော်ဒါပေးပြီး ရက်ခိုင်းထားတာကိုး။ တစ်ထည်ကို တစ်ထောင့်နှစ်ရာကျတယ်။ ဇော်မော်က ရွှေဖလားရောင်ကြိုးကြီးချိတ်နဲ့။ နံ့သာရောင်အပေါ်အင်္ကျီနဲ့။ စတစ်ကော်လာအဖြူနဲ့။ ပန်းနုရောင်ခေါင်းပေါင်းနဲ့။ ဂျူလိုင်ကလဲ ပန်းနုရောင်ကြိုးကြီးချိတ်နဲ့။ ကျွန်တော် မခေါ်တတ်တဲ့ပန်းနုရောင်အင်္ကျီနဲ့။ ခေါင်းမှာ
ပန်းနုရောင်နဲ့ ပလတ်စတစ်ပန်းလေးတစ်ပွင့်နဲ့ သဇင်ခက်နှစ်ခက်ကို ထိုးလို့။ ဆံမြိတ်ကဝဲလို့။ ကြည်နူးစရာဆိုလို့ ကျွန်တော့်မျက်စိထဲမှာ ဒီရှုခင်းကလေးတစ်ကွက်ပဲ ရှိတယ်။

ကျွန်တော်တို့ လင်မယားကတော့ အပေါက်ဝကနေ ဧည့်သည်တွေကို ဆီးကြိုရတာပေါ့လေ။ ဒါပေမယ့် ကျွန်တော်မသိတဲ့ ပုဂ္ဂိုလ်ကြီးတွေပဲ များပါတယ်။ ကျွန်တော်တို့ကို သတို့သားအဖေနဲ့ အမေရယ်လို့တောင် သိပုံမရကြပါဘူး။ ဂျူလိုင်အမေကတော့ တစ်ပွဲလုံး သူ့ခြေရာချည်းပေါ့။ အဖေကတော့ အရေးကြီးတဲ့ပုဂ္ဂိုလ်လောက်ကိုပဲ နှုတ်ဆက်တယ်။ ကျန်တဲ့လူတွေကိုတော့ သိပ်မနှုတ်ဆက်ဘူး၊ နှုတ်ဆက်ယင်လဲ ဝတ်ကျေတန်းကျေလောက်ပဲ ခေါင်းညိတ်ပြတယ်။ မျက်နှာထားကတော့ ခပ်တင်းတင်းပဲ။

ရှင်းရှင်းပြောရယင်တော့ ဒီမင်္ဂလာပွဲဟာ သူတို့ပွဲပဲ။ ဧည့်သည်ငါးရာလောက်အနက် သုံးရာငါးဆယ်က သူတို့ဘက် ဧည့်သည်တွေ။ ကျွန်တော်တို့ဘက်က ဧည့်သည်က တစ်ရာကျော်ကျော်ကလေး ရှိတယ်။
နည်းနည်းတော့ မျက်နှာငယ်တာပေါ့လေ။

နောက်ဆုံးတော့ ကိုယ့်ဧည့်သည် မျက်နှာမငယ်ရအောင် ကိုယ့်ဧည့်သည်ကိုပဲ ဧည့်ခံရတာပေါ့။ သူတို့ကလဲ ကျွန်တော်တို့ဧည့်သည်ဆိုယင် အကဲခတ်တဲ့ မျက်လုံးတွေနဲ့ကြည့်ပြီး ခပ်ပြောင်ပြောင်ပဲ ရပ်နေကြတယ်။ ကျွန်တော့်ကိစ္စဆိုယင် ဒီလောက်မျက်နှာ အငယ်မခံဘူး။ သားကိစ္စဆိုတော့ မတတ်နိုင်ဘူးလေ၊ လုပ်မိပြီကိုး။

ခန်းမထဲက စတီရိယိုတေးသံက ဟိန်းနေတယ်။ ဘာသီချင်းတွေမှန်း ကျွန်တော် မသိဘူး။ နားတွေတော့အူနေပြီ။ နည်းနည်းတောင် ခေါင်းကိုက်လာတယ်။ ဒါပေမယ့် ရပါတယ်၊ တစ်ချီမှာတော့ အမျိုးသမီးအဆိုတော်က အင်္ဂလိပ်သီချင်းဆိုတယ်။ အဓိပ္ပါယ်တော့ ကျွန်တော်လဲ နားမလည်ဘူး။ သူတို့လဲ နားလည်မှာ မဟုတ်ဘူး။ ဆိုတဲ့အသံကလဲ မပီဘူး။ အော်နေတာပဲ ကျွန်တော်သိတယ်။

အခမ်းအနားမှူးက အခမ်းအနားကို စကြောင်း ကြေညာတယ်။ သတို့သားနဲ့သတို့သမီးကို ပွဲထုတ်တယ်။ မြန်မာဆန်ဆန်ဆိုယင် အခါတော်ပေးတာက နတ်ရေးငယ်ရွှေစာဆိုတဲ့ သီချင်းကို တင်တင်မြရဲ့အသံ အေးအေးနဲ့ စန္ဒရားလက်သံ ​ကောင်းကောင်းလေးနဲ့ဆိုယင် ဘယ်လောက်ကျက်သရေ ရှိလိုက်မလဲ။ ခုတော့
စတီရီယိုနဲ့ပွဲထုတ်တယ်။ ဒိန်းတပ်တပ် ဒိန်းတပ်တပ်ပေါ့။

ကျွန်တော် စိတ်မကောင်းဘူး၊ ကိုယ့်တုန်းက ဒီသီချင်းမျိုးကလေးနဲ့မင်္ဂလာဆောင်ခဲ့ချင်တာ မဆောင်နိုင်ခဲ့ဘူး။ ကျွန်တော့်သားကျတော့ ဆောင်နိုင်ပါရဲ့။ ဒါပေမယ့် ဒီသီချင်းနဲ့ မဟုတ်တော့ဘူး။ မင်္ဂလာဆောင်မှာ
သားတစ်ယောက် လူလားမြောက်ပြီဟေ့လို့ ဝမ်းသာပေမယ့် သားတစ်ယောက်တော့ လက်လွှတ်လိုက်ရပြီလို့ မိဘတို့ရဲ့ နှမြောခြင်းနဲ့ နှမြောပြီး စိတ်မကောင်းဖြစ်သလို မြန်မာ့ယဉ်ကျေးမှုတစ်ခုလဲ ဆုံးရှုံးပျောက်ကွယ်သွားပါပေါ့လား ဆိုပြီး ကျွန်တော် စိတ်ထိခိုက်သွားတယ်။

မင်္ဂလာသတို့သားနဲ့ သတို့သမီး ထိုင်ခုံပေါ်မှာ ထိုင်ကြပြီးတော့ ပုဂ္ဂိုလ်ကြီးတစ်ယောက်က လက်ထပ်ပေးတယ်။ ဝင်းဦးကို ဘယ်လိုလုပ်ပြီး ခေါ်လာသလဲတော့ မသိဘူး။ ဝင်းဦးက မင်္ဂလာဩဘာရတု ဖတ်တယ်။
သတို့သား သတို့သမီးရဲ့ နာမည်ရော နှစ်ဖက်မိဘရဲ့ နာမည်ရော ပါတယ်။ ဒါပဲ ကျွန်တော်သိလိုက်တယ်။ ဘိသိက်ဆရာက ဘိသိက်သွန်းပေးတယ်။ ပုဂ္ဂိုလ်ကြီးတစ်ယောက်က ဩဝါဒစကား ပြောတယ်။ ပြီးတော့ စားကြ သောက်ကြတယ်။

ကိစ္စပြီးတော့ ဧည့်သည်တွေလဲ အသီးသီး နှုတ်ဆက်ပြန်သွားကြတယ်။ ကျွန်တော်တို့ဧည့်သည်က
နည်းနည်းကလေးပါ။ တစ်ချို့ ကျွန်တော့်ဧည့်သည်များဆိုယင် အင်းလျားလိတ်ကနေပြီး တက္ကစီစီးပြန်ရတာတွေက မနည်းဘူး။ ခြေကျင်ပြန်ရတဲ့လူတောင် ပါလိုက်သေးတယ်။

သူတို့ဘက်ကတော့ ကိုယ်ပိုင်ကားတွေနဲ့ချည်းပဲခင်ဗျ။ အညံ့ဆုံးဆိုတဲ့ကားဟာ ဖင်မယ်လီယာ။ ဒါတောင် နှစ်စင်းသုံးစင်းပဲပါတယ်။ ကျန်တာတွေကတော့ ဖိတ်ဖိတ်လက်နေတဲ့ နောက်ဆုံးပေါ်ကားတွေချည်းပဲ။

မင်္ဂလာလက်ဖွဲ့တွေ သိမ်းလာတော့ ကျွန်တော် မသိမသာ အကဲခတ်ကြည့်လိုက်တယ်။ နည်းတဲ့လက်ဖွဲ့တွေ မဟုတ်ဘူး။ အထုပ်လှလှတွေ၊ ပန်းရိုက်စက္ကူတွေနဲ့ ထုပ်ပြီး ဖဲကြိုးလှလှကလေးကွေ စည်းထားတဲ့ အထုပ်ကြီး အထုပ်ငယ်တွေ။ ငွေတွေကလဲ တော်တော်များတယ်။

ဒါတွေအားလုံးကို ကျွန်တော်တို့ဘက်က လက်ဖျားနဲ့တောင် မတို့ပါဘူး။

အခမ်းအနားပြီးတော့ မင်္ဂလာဆောင်လက်ဖွဲ့ကွေကို ဒတ်ဆန်းကားပေါ်မှာ တင်တယ်။ အထုပ်အပိုးချည်းပဲ ကားလေးစီးတိုက် သယ်ရတယ်။ ငွေတွေကလဲ မနည်းဘူး။

ဂျူလိုင်တို့အမေက-

"ကဲ-အိမ်မှာ မင်္ဂလာအခမ်းအနားပြင်တော့ အိမ်ကိုပဲ မောင်းပေါ့။ မင်းတို့လဲ လိုက်ခဲ့ကြအုံး" ဆိုလို့ ကျွန်တော်တို့လင်မယားလဲ လိုက်သွားတယ်။

ဟိုရောက်တော့ ကလေးတွေက အပေါ်ထပ်တက်ပြီး ပစ္စည်းစာရင်းစစ်ကြတယ်။ မမကတော့ ကျွန်တော်တို့ကို နန်းကြီးသုပ်စားသွားအုံးလို့ ဆိုတာနဲ့ ကျွန်တော်တို့လင်မယား စားကြတယ်။ အစ်ကိုကြီးကတော့ ကျွန်တော်တို့နဲ့အတူ မစားဘူး။ ဂေါက်သီးရိုက်ဖို့ ချိန်းထားလို့ဆိုပြီး ဂေါက်ကွင်းကို ထွက်သွားလေရဲ့။

မမနဲ့ အထိုက်အလျောက် စကားပြော၊ ကလေးတွေကို နှုတ်ဆက်ပြီး ကျန်တော်တို့လင်မယား ပြန်လာခဲ့တယ်။ ဇော်မော်ကတော့ သူ့သူငယ်ချင်းတွေကို ကျွေးဖို့ဆိုပြီး ကြိုးကြီးချိတ်နဲ့ပဲ အပြင်ကို ပါသွားတယ်။ သူ့ကြိုးကြီးချိတ်လုံချည် အသစ်စက်စက်ကြီးမှာ အကွက်ကြီးတစ်ခု။ ပန်းကန်ပြားဝိုင်းလောက် ရှိတယ်။
ကျွန်တော်က မြင်လိုက်လို့ "ဟိုမှာ မင့်သားပုဆိုးမှာ ဘာကွက်ကြီးလဲ" လို့ ကျွန်တော်က အမေကြီးကို
လှမ်းမေးလိုက်တယ်။

"စောစောကလေ။ ဆာလို့ဆိုပြီး လင်မယားနှစ်ယောက် နန်းကြီးမုန့်တီ အဝယ်ခိုင်းပြီး စားကြတာလေ။ တစ်ယောက်နဲ့ တစ်ယောက် လုစားယင်း နန်းကြီးခွက်ကြီး မှောက်ကျပြီး ပုဆိုးပေါ် ဖိတ်ကျလို့ ဆီတွေ
ပေသွားတာပေါ့”

အမေကြီးက ပြောတယ်။ ကျွန်တော် နှမြောလိုက်တာ။ ဆီကွက်ကြီး စွန်းနေတဲ့ ဒီကြိုးကြီးချိတ်ပုဆိုးကြီး ဘယ်မှာသွား ဝတ်တော့မှာလဲ။

"ကိုယ့်ဘက်က လူငယ်ဖြစ်နေလို့သာ သူတို့အကြိုက်ချည်း လိုက်လျောရတာ တစ်မျိုးတော့ တစ်မျိုးကြီးပဲ''

အိမ်ရောက်တော့ အမေကြီးက မအောင့်နိုင်တော့ပဲ ဖွင့်ပြောတယ်။

"အင်း၊ ဒါပေါ့ ကိုယ်က လူငယ်ကိုး။ ဘယ်တတ်နိုင်မလဲ"

ကျွန်တော် ဒီလောက်ပဲ ပြောလိုက်တယ်။ ကျွန်တော်ကပါ စိတ်မကောင်းကြောင်းပြယင် အမေကြီး ငိုမှာ သေချာ၏။

"ဟုတ်တယ်လေ၊ ဘယ်တတ်နိုင်မလဲ။ အစတုန်းက ကိုယ်က ဘာဖြစ်လို့ လုပ်ပေးခဲသလဲ။ ကိုယ့်ကို
ဘယ်သူက ရိုက်ပြီးခိုင်းလို့လဲ။ ကိုယ့်ဘာသာ သူတို့အကြိုက်ဆောင်ခဲ့ပြီးမှ ပြောနေလို့ကော ဘာထူးအုံးမှာလဲ"

စာရင်းချုပ်လိုက်တော့ ကျွန်တော်စုထားတဲ့ ​ငွေတစ်သောင်းခွဲအပြင် နောက်ထပ်တစ်သောင်းလောက်
အကြွေးတင်လိုက်တယ်။ ကိစ္စမရှိပါဘူးလေ။ ကိုယ်က လူငယ်ပဲ။ အနာခံရမှာပေါ့။

နာရီကို ကြည့်လိုက်တော့ လေးနာရီ ထိုးတော့မယ်။ ဘောလုံးပွဲမီသေးတယ်။ ဟိုးရောက်ယင် ကိုယ်မကြိုက်တဲ့ ​ဘောအသင်း၊ ကိုယ်မကြိုက်တဲ့ ဘောသမားကို အော်ပစ်လိုက်မယ်။ ဘာဖြစ်သလဲ။

မြသန်းတင့်

၁၉၈၆ ခုနှစ်၊ အမှတ်(၂၁၂)၊ စန္ဒာရုပ်စုံမဂ္ဂဇင်း၊ စာမျက်နှာ(၁၃၈ မှ ၁၅၁)။

စာရိုက် - စလေ ငနော့

(ပီဒီအက်ဖ်ကနေ ကိုယ်တိုင် စာရိုက်ထားပါတယ်။)


Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်