သရော်စာ သမိုင်းနှင့် သရော်စာ ပုံသဏ္ဌာန်များ ၆ 🖊 မင်းခက်ရဲ

သရော်စာ သမိုင်းနှင့်
•••••••••••••••••••••••••••
သရော်စာ ပုံသဏ္ဌာန်များ ၆ -
•••••••••••••••••••••••••••••
တစ်ကိုယ်တော်သူရဲကောင်းဝါဒ
••••••••••••••••••••••••••••••
လှောင်ပြောင်မှုနှင့် ရွဲ့စာပြောင်
••••••••••••••••••••••••••••••••

မင်းခက်ရဲ


အခန်းဆက်စာပေဆောင်းပါး

သရော်စာသမိုင်းနှင့် သရော်စာပုံသဏ္ဌာန်များ အပိုင်း(၅) တုပလှောင်ပြောင်ဟန် သို့မဟုတ် စာပြောင်ပုံစံ (Parody) ဒီမှာဖတ်နိုင်သည်။

https://m.facebook.com/story.php?story_fbid=770642083424645&id=100014365818991

တစ်ကိုယ်တော်သူရဲကောင်းဝါဒ လှောင်ပြောင်မှုနှင့် ရွဲ့စာပြောင်

သရော်စာကို စာပေပုံစံအမျိုးမျိုးဖြင့် ရေးသည်။ သို့မဟုတ် စာပေပုံသဏ္ဌာန်များကိုပင် သရော်လိုသည့်အတွက် ကပြောင်းကပြန်ဖြစ်အောင် ရွဲ့ခြင်းဖြင့် သရော်သည်။ အင်အားရှိပြီး ထိုးဖောက်နိုင်စွမ်းရှိသော စာပြောင်(parady)မျိုးဖြစ်ဖို့ ရာ ဤသို့တုပရွဲ့ခြင်းသဘော ပါဝင်နေသည်။ စာပေပုံစံ ဥပမာ အဲပစ်၊ ဒရမ်မာ၊ ရိုမန့်တစ်တို့ကို သရော်ခဲ့ခြင်းနည်းလမ်းမျိုး ကိုတွေ့ရပါမည်။ တစ်နည်းမှာ တစ်ကိုယ်တော်သူရဲကောင်း လှောင်ပြောင်မှု (mock-heroic)နှင့် နောက်တစ်နည်းမှာ စာကို တုပခြင်း၊ ရွဲ့ခြင်းဖြင့် သရော်သည့် ဘားလခ်ခေါ် ရွဲ့စာပြောင် (burlesque) အမျိုးအစားဖြစ်သည်။
တစ်ကိုယ်တော်သူရဲကောင်းဝါဒကို လှောင်ပြောင်သည့်နည်းမှာ အလွန်တရာ အရေးကြီးဖြစ်နေဟန်မျိုး။ စကားလုံး ဝေါဟာရများမှာလည်း ခမ်းနားပြီး သိမ်မွေ့သည်။ ဟန်မှာလည်း ပေါ့ပေါ့ပါးပါးဟန်။ စကားပြောလေသွက်သွက်ကလေးဖြင့် အများဆုံးသုံးနှုန်းပြီး မြင့်မြတ်ပါသည်ဆိုသော နိမိတ်ပုံများကိုသာ ရွေးချယ်တတ်သည်။ စကားပြောဆိုလျှင် သူ့စာကြောင်း မှာ ရှည်လျားပြီး သြဇာအပြည့်ဖြင့် ကဗျာဆိုလျှင်လည်း တည်ကြည်ခံ့ငြားသည့် ကာရန်မတ္တာစနစ်မျိုး၊ သူ၏ လေသံက အင်မတန်ကြီးကျယ်မြင့်မြတ်သည့် ကဗျာဆရာကြီးများနှင့် တတန်းတည်းလိုလို သို့မဟုတ် သူနှင့်ပြိုင်ဘက်လိုလို။


ဘားလခ်ခေါ် ရွဲ့စာပြောင်နည်းမှာမူ နှုတ်ကြမ်း၊ လျှာကြမ်း၊ အာသရမ်းဆိုသလို စကားကြမ်းသည်။ သေးဖွဲသိမ်နုပ် မည်။ လေးနက်သည့် အပြောအဆိုမျိုးကို ရှောင်မည်။ သဘာဝကျသည့် လေသံကိုတော့ ရအောင်ဖမ်းသည်။ စာကြောင်း များက တိုတိုတုတ်တုတ်။ လွယ်ကူရှင်းလင်းစွာဖြင့်။ ဘားလခ်ကဗျာပုံစံများမှာ စကားပြေပုံပေါက်နေပြီး စကားပြောအရေး အဖွဲ့ကမူ စကားစမြည် လေပြည်ထိုးနေပုံမျိုး ပေါက်နေသည်။ တစ်ကိုယ်တော်သူရဲကောင်းဝါဒကို လှောင်ပြောင်သည့် နည်းလမ်း မှာ ကဗျာကြီး၊ စာကြီး၊ ပေကြီးများမှ ကိုးကားချက်များ ယူသုံးရသည်ကို နှစ်သက်သည်။ သုံးရာတွင်လည်း တတ်နိုင်သမျှ မူရင်းစကားလုံးအတိုင်း သုံးတတ်ကြသည်။ ထိုသို့သုံးခြင်းသဘောမှာ မူရင်း(သူရဲကောင်းသဘောတရား)ထက် အရေးပါ အရာရောက်မှုကို လျော့ကျသွားအောင် သရော်လိုက်ခြင်းဖြစ်သည်။ ဘားလခ်နည်းမှာမူ စာကြီးပေကြီးမှ ယူသုံးသည့်အခါ မျိုးဆိုလျှင် ယူသုံးသည့်စာသား၏ အဓိပ္ပာယ်နိမ့်ကျသွားအောင် ပြောင်းပစ်လိုက်သည်။


တစ်ကိုယ်တော်သူရဲကောင်းဝါဒစာပြောင်များကို ဖတ်ရသည့်အခါ မြင့်မြတ်မှု တစစအမှန်များ ပဲ့တင်ထပ်မှုကြောင့် အံ့အားသင့်စေမည်ဖြစ်ပြီး အလှတရားအစစ်အမှန်၏ ရောင်ပြန်ရိုက်မှုကိုလည်း တွေ့ရမည်။ ဘားလခ်ကိုဖတ်ရာတွင်မူ စကားလုံးကြမ်းကြမ်းများ သိမ်ဖျင်းနုံချာသော ပုံပန်းသဏ္ဌာန်များကြောင့် တုန်လှုပ်ရမည်။ ဤပုံသဏ္ဌာန်နှစ်ခုမှာ နည်းလမ်းချင်းလည်း မတူသလို အကျိုးသက်ရောက်မှုချင်းလည်း မတူပါ။ သူရဲကောင်းဝါဒလှောင်ပြောင်မှုမှာ အလွန်သေးဖွဲ့သိမ်နိုပ် သည့် အကြောင်းအရာကိုယူ၍ အင်မတန်ကြီးကျယ်လေးနက်ဟန်၊ ခံ့ညားသားနားဟန်၊ လေးနက်တည်ငြိမ် ဣနြေ္ဒသမ္ပတ္တိရှိဟန်ရေးဖွဲ့ခြင်ဖြစ်သည်။ ဘားလခ်နည်းမှာမူ အကြောင်းအရာကို လှောင်ပြောင်ရယ်မောမည်။ သေးနုပ်ညံ့ဖျင်းစွာ ပြောမည်။ ဖျက်ပစ်မည်။ အထင်သေးအမြင်သေးဟန် ရှုံ့ချမည်။
တစ်ကိုယ်တော်သူရဲကောင်းဝါဒ စာပြောင်မျိုးတွင် အမှန်တကယ်ပြောနေသော အကြောင်းအရာသည် စိတ်ဝင်စားဖွယ်ရာ အရေးတကြီးပုံစံမျိုး။ သေးသိမ်အောင်လုပ်စရာမလို။ သို့သော် ပတ်ဝန်းကျင်အခြေအနေများထက် ပိုမို သေးငယ်သည့် ဖြစ်ရပ်ကလေးသာဖြစ်သည်။ အကောင်းဆုံးဥပမာကို ထုတ်ပြရလျှင် ကြွက်နှင့်ဖားတို့၏ စစ်ပွဲကိုပြရ မည်။ ကြွက်နှင့်ဖားတို့၏ စစ်ပွဲမှာ အလွန်တရာပြင်းထန်သော တိုက်ပွဲမျိုး။ သူတို့ခံစားရသော ဒုက္ခဝေဒနာအမျိုးမျိုး၊ သွေသံတရဲရဲ၊ သေကြေပျက်စီးမှုများ ဒုနှင်ဒေး၊ ကမ်ဘာမြေတစ်ခုလုံးလည်း သွေးချောင်းစီးလျက်။ သို့သော် တိုက်ပွဲတွင်ပါဝင်သည့် ဇာတ် ကောင်ကလေးများမှာ အလွန်သေးငယ်သော တိရစၧာန်များ သူတု့ိနာမည်များကမူ ခမ်းနားကြီကျယ်လျက်။ ဟိုးမား၏ သူရဲကောင်းနာမည်များနှင့် ခပ်ဆင်ဆင်။ ကိုက်ကြဖြတ်ကြပုံကိုလည်း ဟိုးမား၏ သူရဲကောင်းတို့သတ်ကြဖြတ်ကြပုံမျိုး ကျားကုတ်ကျားခဲ။ အိုလံပီယာတောင်ထိပ်မှ နတ်များက သူတို့၏စစ်ပွဲကို ဂရုတစိုက်ကြည့်လျက်။ သို့သော် အကြောင်းအရာ တစ်ခုလုံးမှာမူ အဓိပ္ပာယ်မရှိ ရယ်ဖွယ်သက်သက်သာဖြစ်သည်။

သူရဲကောင်းဝါဒသရော်မှု စာပြောင်နှင့် ဘားလခ်သဘောမှာ တစ်ခုမှတစ်ခု ကူးပြောင်းခြင်း ရောယှက်နေခြင်း ပုံသဏ္ဌာန်များရှိသည်။ ဆာဗင်းတီးစ်၏ ဒန်ကွီဟိုတေးတွင် ဤသဘောမျိုးကို တွေ့ရမည်။ ဒန်ကွီဟိုတေးက သူရဲကောင်း သရော်မှုစာပြောင်အမျိုးအစား။ သူ့တပည့်ဆန်ချိုမှာ သူရဲကောင်းအဖြစ် ခံယူထားသူ ရူးးပေါပေါလူတစ်ဦး အမိန့်နာခံတတ် သော ထုံထုံအအ၊ နောက်ပြောင်ကျီစယ်နေသယောင် ထင်ရသည်။ ဤတွင် အဓိကပြောလိုသည်မှာ ဒန်ကွီဟိုတေးဇာတ် ကောင်က သူရဲကောင်းဝါဒကို သရော်ထားသည့် စာပြောင်အမျိုးအစား၊ ဒန်ကွီဟိုတေးသူရဲကာင်း၏ တပည့်ဆန်ချိုက ဘားလခ်အမျိုးအစား။ ထို့ကြောင့် ဘားလခ်သဘောတွင် သူရဲကောင်း၏ အဆောင်အယောင်တွဲဖက်လူပုဂ္ဂိုလ်များကို နှိမ့်ချ မည်။ နောက်တစ်ခုမှာ ကြီးမြတ်သော ပုဂ္ဂိုလ်၏ အပြုအမူ၊ အပြောအဆိုသည် လူများအကြားတွင် အနိမ့်ကျဆုံးပုံစံဖြင့် ဖော် ပြသည်။ ဒန်ကွီဟိုတေးဝတၳုကိုပင် နှိုင်းယှဉ်ကြည့်နိုင်သည်။ ထို့ကြောင့် ဝေဖန်ရေးဆရာအချို့က တစ်ကိုယ်တော်သူရဲ ကောင်းဝါဒ သရော်မှုစာပြောင်မှ ဘားလခ်ပေါက်ဖွားလာသည်ဟုပင် ယုံကြည်ခဲ့ကြသည်။


စာပေပုံစံတစ်ခုခုကို သရော်ရာမျိုး သို့မဟုတ် ထိုစာပေပုံစံတစ်ခုခုထဲတွင် ထည့်၍သရော်ရာမျိုး၌ အဲပစ်ပုံစံ၊ ဒရမ်မာ၊ ရို့မန့်တစ်စသဖြင့် သုံးမျိုးတွေ့ရမည်။ ခုအဲပစ်ပုံစံစာပြောင်များအကြောင်းကိုစ၍ ပြောပါမည်။ လူစီးလီးယပ် က (Lucilius) သူ၏ ပထမဆုံး သရော်စာတွင်နတ်များကို ရောမမြို့ကြီးကို ကယ်တင်ရန် အစည်းအဝေးထိုင်ခိုင်းလိုက်သည်။ ရောမမြို့ကြီး ချုံးချုံးကျပျက်စီးနေပြီ။ ဟုတ်သည်။ အကျင့်စာရိတ္တမကောင်း ကိုယ်ကျိုးရှာနိုင်ငံရေးသမားများကြောင့် ရောမမြို့ကြီး ပျက်စီးသွားတော့မည်။ ထို့ကြောင့် ရောမမြို့ကြီးပျက်စီးသွားမည့်အရေးကို တိုင်ပင်ရန် ဂရိနတ်များ အစည်းအဝေး ထိုင်နေပုံကို ပြသခဲ့သည်။ အကျင့်စာရိတ္တပျက်သော ထိုခေတ်နိုင်ငံရေးသမားများကို သရော်ခြင်းဖြစ်သည်။ နောက်ထပ်အထူး ထင်ရှားသော သရော်စာမှာ တိရစၧာန်များနှင့်ပတ်သက်သည့် အဲပစ်သရော်စာအမျိုးအစားများပင်။ အားလုံးမှာ ကြွက်နှင့်ဖား တို့၏ အရိပ်အာဝါသ လွှမ်းမိုးမှုကိုခံရသည်။

ဒရိုင်ဒင်

ဖော်လန်ဂို (Folengo) ၏ ယင်ကောင်များတိုက်ပွဲ၊ ၁၆ ရာစုအလယ်စပိန်စာရေးဆရာကြီး ဗီဂ (Vega) ၏ ကြောင်များတိုက်ပွဲ၊ ၁၇ ရာစုစာရေးဆရာ (Pellicer) ၏ မြည်းများ၏တိုက်ပွဲစသဖြင့် အများအပြား ပေါ်ပေါက်ခဲ့ပါသည်။ နီကိုလပ်ဘွိုင်လူး၏ လက်တန်းန် (Boileau-lectern) က အစိုးရအရာရှိတစ်ဦးအကြား အသေးအဖွဲ့ကိစ္စလေးကို ရေး ကြီးခွင်ကျယ်ဆွေးနွေးကြပုံကို ဖော်ပြခြင်းဖြင့် သရော်သည်။ ၎င်းသည်လည်း တစ်ကိုယ်တော်သူရဲကောင်းဝါဒ သရော်မှုစာပြောင်အမျိုးအစားပင် ဖြစ်သည်။ ဘွိုင်လူးနှင့်တစ်ခေတ်တည်း ထင်ရှားသူ ဒရိုင်ဒင်ပင်။ ၁၆၃၀ ခုနှစ်ဖွား ၁၇ ရာစု အလယ်၏ တစ်ဝက်ခန့်လောက်က ဖြစ်သည်။ ကမ်းဘရစ်ချ်ကျောင်းတော်သား ဒရိုင်ဒင်မှာ ဒေးကားနှင့်ဟော့ဘ်တို့ ၏ ဒဿနကိုဆည်းပူးခဲ့သည်။ သူခေတ်ကာလ အရေးကြီးဖြစ်ရပ်များကလည်း သူ့အပေါ်ရိုက်ခတ်ခဲ့သည်။ ဘာသာရေးသမားနှင့် နိုင်ငံရေးဆန့်ကျင်ဘက်အုပ်စုများကို သရော်ခဲ့သည့် အက်ဆလွန်နှင့် အာခီတော့ပယ်လ် (Absalom and Achitopel ကို ၁၆၁၈ ခုနှစ်တွင်ရေးခဲ့သည်။ ဒရိုင်ဒင်၏ အထင်ရှားဆုံးအလုပ်မှာ ဝေဖန်ရေးအလုပ်နှင့် သရော်စာရေး သူအဖြစ် အနုပညာအရည်အချင်း အပြည့်အဝရှိသည်။



( ပုံစာ - Lope de Vega)


သရော်ရာတွင် တစ်ဖက်သားအပေါ် ကြင်နာသနားမှု လုံဝမရှိ။ အထူးသဖြင့် ၁၆၈၂ ခုနှစ်တွင် ထွက်လာသည့် မခ်ဖလက်နော ကျော်ဇောထင်ရှားသလို။ သူ၏ သနားညှာတာကင်းမဲ့မှု ကို လည်း တွေ့ရမည်။ အနောက်တိုင်းစာပေလောကတွင် အလွန်ကျော်ကြားသည့် ပုဂ္ဂိုလ်ရေးသရော်စာတစ်ခုလည်းဖြစ် သည်။ ပရိုတက်စတင်ကဗျာဆရာတစ်ဦးကို တိုက်ခိုက်ထားသည်။ သူရဲကောင်းဝါဒအကြောင်းအရာ စာပြောင်မျိုးပင်။ စွမ်း အားကြီးသည့် ဘုရင်နှင့် ရှေ့ဖြစ်ဟောဆရာတို့ကို သရော်ထားခြင်းဖြစ်သည်။
ဒရိုင်ဒင်နှင့်ပြိုင်ဘက်မှာ အလက်ဇန္ဒားပုပ်ဖြစ်သည်။ ဒရိုင်ဒင်တို့ခေတ်က အနှိုင်းမဲ့ကဗျာဆရာကြီးဆိုသည့် ဂုဏ်ပုဒ်နှင့်ဒရိုင်ဒင်၏ မာနကို အသိတရားများပေးခဲ့သူမှာ အသက် ၁၇ နှစ်သား အလက်ဇန္ဒားပုပ်ပင်ဖြစ်သည်။ သရော်စာနှင့်ပတ်သက်လျှင် ပုပ်၏ ရိတ်ဖ်အော့သည် လော့ခ် (Rape of the lock) ကို ကျက်သရေရှိပြီး တင့်တယ်သလောက် ဒမ်းစီးယပ် (Dunciad) ကိုမူ မတင့်တယ်ဟုဆိုကြသည်။ ပုပ်မှာ ဟိုမား၏ အိလိယက်စ်နှင့် သြဒေးစပ်ကို ဘာသာပြန်ရာမှာ အင်္ဂလန်စာပေခေတ်ဦးတွင် အနည်းငယ်အောင်မြင်လာသည်။ သို့သော် ဒရိုင်ဒင်၏ အောင်မြင်မှုကို မကျော်လွှားနိုင်သေး၊ ဒရိုင်ဒင်၏ မာနကို ခဝါမချနိုင်သေး။ ၁၉၁၂ သူ၏ သရော်စာဖြစ်သည့် ရိတ်အော့ဖ်သည် လော့ခ်ကသူ၏ အောင်မြင်မှုကို အထွတ်အထိပ်ရောက်အောင် တွန်းတင်ပေးလိုက်၏။ ၎င်းမှာလည်း သူရဲကောင်းဝါဒသရော်မှုအဲပစ်စာပြောင်မျိုး (mock-herioc parody) ဖြစ်သည်။



( ပုံစာ - Rape of the lock)

ဤစာပေပုံစံမှာ ခေတ်သစ်မော်ဒန်စာပေထဲတွင်လည်း ရှိသည်။ ၎င်းမှာ အိုင်ယာလန်သား ဂျိုက်၏ ယူလီဆီး (Joyce - Ulysses) ဖြစ်သည်။ ၎င်းကဟိုးမား၏ အဲပစ်ကဗျာကြီးဖြစ်သော သြဒေးစပ်ပေါ်တွင် အခြေခံတည်ဆောက်ထားခြင်းဖြစ်၏။ ရေးဖွဲ့ဟန်အများစုမှာ အနိမ့်အမြင့်တွင် စိတ်ကျသံမျိုးဖြင့် တည်ဆောက်ထားပြီး ခံစားချက်ကို ထုတ်ဖော်ရာတွင် သိမ်သိမ်မွေ့မွေ့မရှိ ကြမ်းတမ်းသည်။ အကြောင်းအရာအားဖြင့်လည်း အလွန်သေးဖွဲ့သည့် အကြောင်း အရာများ၊ သရော်စာပုံစံဖြင့် ကြည့်၍ဆိုရလျှင် ဘားလခ်ခေါ်ရွဲ့စာပြောင်အမျိုးအစားမျိုးပင်။ ပေါ့ပါးသည်စာပြောင်အမျိုး အစားစာပိုဒ်များပါသည်။ အထူးသဖြင့် ကလေးငယ်ကလေးမွေးလာသည့် အကြောင်းရေးစပ်သည့် အခန်းကြီးတစ်ခန်းဖြစ် သည်။ ယူလီဆီး၏ သရော်ရခြင်းရည်ရွယ်ချက်မှာ ခေတ်သစ်အိုင်ယာလန်ပြည်ကြီးမှာ မြင့်မြတ်ပြီး ကိန်းကြီးခန်းကြီးနိုင် သည့် အဲပစ်အစဉ်အလာဖြင့် ဖွံ့ဖြိုးတိုးတက်လာသည့် သူရဲကောင်း နိုင်ငံတော် (Heroic State) အယူအဆကို သရော်လို ခြင်းဖြစ်သည်။


( ပုံစာ - James Joyce)

တက်ဆိုနီ

သူရဲကောင်းစာပြောင်ထဲတွင် အမည်အကျော်ကြားဆုံး အဲပစ်ပုံစံသရော်စာမှာ အလက်ဇန္ဒရိုတက်ဆိုနီ (Alessandro Tassoni)၏ ကြိမ်ခြင်းတောင်း၏ အဓမ္မမှု (The Rape of the Bucket) ဖြစ်သည်။ မြင့်မြတ်မှုနှင့် အာဏာ ကို တစ်ဖက်ကအာဏာ၊ ကျန်တစ်ဖက်က ရုန့်ရင်းကြမ်းတမ်းမှုများနှင့် ပေါင်းစပ်၍ စိတ်ရှုပ်ထွေးခြင်း၊ ကြည်နူးနှစ်သက်ခြင်း တို့ကိုပေးသည်။ အီတလီမြို့နှစ်မြို့ကြားရှိ ဘိုလော့ညာနှင့် မိုဒီနာတို့ကြား ဖြစ်ပွားသောစစ်ပွဲ ၊အလယ်ခေတ်စစ်ပွဲအကြောင်း ဖြစ်သည်။ အင်အားကြီးမြို့နှစ်မြို့၏ တိုက်ပွဲဖြစ်သောကြောင့် သွေးကြောင်းစီးခဲ့သည့် စစ်ပွဲအကြောင်းပင်။ တက်ဆိုနီက သူ၏ စာကို အဲပစ် အစီအစဉ်အတိုင်းရေးသည်။ ပထမပဋိပက္ခစတင်မည်။ ဒုတိယ ငြိမ်းချမ်းရေးလုပ်သည်။ သို့သော် မအောင်မမြင်၊ မပြေမလည်ဖြစ်ကြမည်။ နောက်ဆုံး နတ်ဘုရားများက ဝင်ရောက်ညှိနှိုင်းပေးလည်းမရ။ တစ်ဖက်က စဖောက်ကာ ပြန်တိုက်မည်ဆိုသော အဲပစ်အစဉ်အလာတိုင်း တက်ဆို နီကသူ၏ စာကိုဖွဲ့သည်။ သူက အဲပစ်အစဉ်အလာ ဇာတ်ကြောင်းကို သရော်သည့်အနေဖြင့် ဤလမ်းကြောင်းအတိုင်း ခင်းလိုက်ခြင်းသာဖြစ်သည်။


စစ်ပွဲမှန်သမျှသည် အတော်ဗရုတ်ဗရတ်နိုင်ကြောင်း စိတ်ရှုပ်ဖို့ကောင်းကြောင်းသူသိသည်။ သည်အတိုင်းပင် အဲပစ် ကဗျာအစဉ်အလာများသည်လည်း အသေးအဖွဲ့ကိစ္စများကို ပုံကြီးချဲ့သည့်အမျိုးအစားမျိုး ဖြစ်သည်ဟု သူခံယူ သည်။ သူ့ခေတ်တွင် အီတလီသားကြီးတစ်ဦး၏ ခံ့ညားဖွယ်အမူအရာတွေဆိုတာလည်း ရယ်ချင်စရာကောင်းသည်ဟု သူမြင်လာခဲ့သည်။ ထို့ကြောင့် သူက သူ့ကဗျာကို မိုဒီနာသားတို့က ဘိုလော့ညာကို ကျူးကျော်တိုက်ခိုက်ပုံဖြင့်စ၍ ဖွင့်လိုက်သည်။ ဘယ်လိုအကြောင်းကြောင့် စစ်ပွဲဖြစ်သလဲ။ ရှေးသမိုင်း အစဉ်အဆက်ကြောင့်လား။ မဟုတ်ပါ။ ဘာမျှမဟုတ် သည့် ဟယ်လင်မင်းသမီး၏ မျက်နှာလေးတစ်ကွက်ကြောင့်လား။ တက်ဆိုနီက အဲပစ်တို့ကို သရော်သည့်အနေဖြင့် သူ၏ ဤကမ်ဘာကြီးတစ်ခုလုံး သွေးချောင်းစီးလောက်သည့် တိုက်ပွဲကြီး၏ အကြောင်းအရင်းမှာ သောက်ရေခတ်ကြိမ်ခြင်းတောင်း တစ်လုံးကြောင့်ဟူသော အကြောင်းတရားကို ကဗျာ၏ မူရင်းအမြစ်အဖြစ် ထည့်သွင်းပါသည်။ ဤကဗျာတွင်သူသည် သူရဲကောင်းဝါဒများကို ဆန့်ကျင်လှောင်ပြောင်ထားခဲ့သည်။


နတ်သမီးဂျူနီသည် နတ်သဘင်အစည်းအဝေးမှစ၍ ပျောက်ကွယ်သွား၏။ သူမဆံပင်ကို ဆေးကြောချင်နေပြီ။ ထို့ ကြောင့် သူမသည် အစည်းအဝေးမှ ဖယ်ခွာလိုက်သည်။ စေတန်နတ်ကမူ လူသားမျိုးနွယ်တွေကို တဗျစ်တောက်တောက် ရှုံ့ချပြစ်တင်နေခဲ့သည်။ လူသားမျိုးနွယ်တွေကို လေပြင်းတိုက်ပြီး ဆုံးမမှဖြစ်မည်။ နတ်သားဂျူဖီယာက မာကျူရီနှင့်အတူ အစည်းအဝေးတက်သည် စသဖြင့် တက်ဆိုနီက လူသားစစ်ပွဲကြောင့် အိုလံပီယာတောင်ထိပ်မှ နတ်များအလုပ်များနေပုံကို ဖွဲ့သည်။ အလုပ်မများဘဲလည်းမနေနိုင်။ စစ်ပွဲကတကယ့်ပြင်းပြင်းထန်ထန်။ အကြောင်းရင်းက ရေဆွဲပုံးတစ်ခုကြောင့်။
တက်ဆိုနီ၏ ကဗျာမှာ အကောင်းမြင်ဝါဒဘက်သို့ ယိမ်းယိုင်သွားသည်ဟု ထင်ရသယောင်ရှိသည်။ သို့သော် တက်ဆိုနီမှာ အနုပညာလက်နက်ကို ဗရမ်းဗတာမသုံးစွဲပါ။ တက်ဆိုနီ၏ ဇာတ်ပြောလေမှာ တစ်ခါတစ်ခါ ကြီးကျယ်လေး နက်၍ တစ်ခါတစ်လေ ဟာသဆန်နေသည်။ ကြိမ်ခြင်းတောင်း အဓမ္မမှုတွင် သရော်စာ၊ ဘားလခ်သူရဲကောင်းဝါဒကိုင် လှောင်ပြောင်သော စာပြောင်သဘောတရားများ အားလုံးကို တွေ့ရမည်။ အကြောင်းအရာကို အင်မတန်လေးနက်ကြီး ကျယ် တန်ဖိုးထားသည်။ သို့သော် နောက်ခံအကြောင်းအရာမှာမူ အလွန်တရားသေးဖွဲ့သိမ်နုပ်လွန်းသည်။ တက်ဆိုနီ၏ စာမှာ စာပြောင်စာပေတွင် အဆင့်အတန်းရှိပြီး သိမ်မွေ့သော လက်ရာတစ်ခုဖြစ်ပါသည်။










အပိုင်း(၇) “ရိုမန့်စ်အဖွဲ့ကို သရော်ခြင်း”အပိုင်းကို ဆက်လက်တင်ဆက်ပေးသွားပါမယ်။

မင်းခက်ရဲ


မင်းခက်ရဲ

စာရေးဆရာမင်းခက်ရဲသည်
ဒသန၊ စာပေသီအိုရီ၊ စာပေဝေဖန်ရေး နှင့် လူ့အခွင့်အရေးဆိုင်ရာ ပညာရပ်စာပေများရေးသားထုတ်ဝေသော စာရေးဆရာတစ်ဦးဖြစ်သည်။

Copied from Channel FFE Media.

စလေ ငနော့

Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်