ပန်တျာရှင် 🖊 ကြပ်ကလေး

ပန်တျာရှင်
••••••••••••••••

ကြပ်ကလေး

“အခု ငါပြောတဲ့အိမ်ရဲ့ တစ်ခြမ်းကို ငှားမယ်တဲ့ကွ”

စိန်မင်းပြောခဲ့သော အထက်ပါ စကားကလေးများသည် ကျော်ခေါင်အတွက် အဖိုးတစ်သိန်းဆု ပေါက်သည့်တိုင်အောင် ဤမျှ ဝမ်းမြောက်မည် မဟုတ်။ အဘယ်ကြောင့်ဆိုသော် သူထီမထိုးထားပါ။ ယခုအခါ ကျော်ခေါင်သည် တက္ကသိုလ်ကျောင်းဝယ် ညာတာပါတေးနှင့် ကပ်ရပ်နေထိုင်ရသည်။ အမိတက္ကသိုလ်ကြီးကား သူ့အတွက် နို့မထွက်တော့။ အခြားစကားလုံးနှင့်ဆိုရသော် ကျောင်းဆက်မနေတော့ပါ။ အလုပ်အကိုင်နှင့် ဖြစ်နေပါပြီ။ သူ့နောက် ကလေးများကို ဆက်လက် နို့တက်နိုင်ရန် သူသည် အမိတက္ကသိုလ်၏ ပေါင်ပေါ်မှ ဖယ်ပေးရမည်ဖြစ်လေသည်။ (ဤနေရာ၌ အမိ
တက္ကသိုလ်နှင့် တက္ကသိုလ်အမိကို မရောစေလိုပါ)

သို့နှင့် အိမ်ပေါသလောက် ရှားလှသော ရန်ကုန်ဝယ် အိမ်ငှားရန် ရှာဖွေရတော့၏။ ရတာမလို လိုတာမရနှင့် နောက်ဆုံးတွင် စိတ်ပျက်နေစဉ်ဝယ် အထက်ဖော်ပြပါအတိုင်း စိန်မင်းထံမှ ရေကျော်ထဲတွင် အိမ်တစ်လုံး၏ ထက်ဝက်သော အစိတ်အပိုင်းကို ငှားမည်ဟူသော သတင်းကောင်းကို ကြားရလေတော့သည်။

အချိန်ကား နံနက် ခုနှစ်နာရီခွဲပင်ဖြစ်၏။

ကျော်ခေါင်သည် စိန်မင်း ပြောပြသည့် လိပ်စာအတိုင်း လာခဲ့ရာ တစ်ခြမ်းတံခါး ပိတ်ထားသော အိမ်တွင်ကပ်ထားသော
ဆိုင်းဘုတ်ကိုမြင်မှ “ဒန့်” ခနဲ ခြေလှမ်းတန့်သွားလေ၏။

"အိမ်ငှားရန်ရှိသည်
ငှားသူသည် အစစ်အဆေး အမေးမြန်း ခံရလိမ့်မည်''

“အလဲ့ကွဲ့”

ကျော်ခေါင်မှာ အာမေဋိတ်သံပြုရင်း ခဏမျှ ကြောင်ကြည့်လိုက်သေးသည်။ အဘယ်ကဲ့သို့ အစစ်ဆေးခံရမည်ကို သူစဉ်းစားနေမိသည်။ ဆေးလက်မှတ်ကိုပင် ယူရချေဦးမည်လားမသိ။ ဤသို့ဖြင့် ကျော်ခေါင်မှာ အဆုတ်နာ ဆေးရုံသွားရမလို၊ လက်နှိပ်စက်ဆရာပုထံ ပြေးရမလိုနှင့် စိတ်ထွေသွားပြီး “ဂေါ်လီမှာ ဝိုင်းရင်း နေရပြီး၊ လူမှာ ကြံရင်း သေရမည်” ဟူသော စကားလုံးကို နှလုံးပိုက်ကာ တစ်ချီတော့ ကြံလိုက်ဦးမည်ဟု အံခဲရင်း လှေကားထစ် သုံးထစ်ခန့် တက်မိစဉ် အိမ်ထဲမှ “လူကြီးတွေမရှိလို့ ကန်တော့ပါသေးရဲ့” ဟူသော အသံကိုကြားရသောအခါ လန့်ဖြန့်ပြီး ပြန်လှည့်ဆင်းသွားမိတော့မလို ဖြစ်ပြီးမှ “အို ငါနဲ့ဘာဆိုင်သလဲ" ဟု တွေးကာ ဆက်တက်လာခဲ့သည်။

“ကျွန်တော် မယ်သီလရင်လည်း မဟုတ်ဘူး။ ဘုရားတည်လဲ မဟုတ်ဘူး။ ဒုက္ခိတလည်း မဟုတ်ဘူး၊ ခရီးစရိတ်လည်း အလှူမခံဘူး၊ ခွက်လည်း မပါဘူး၊ အိမ်ငှားမလို့ပါခင်ဗျာ”

ကျော်ခေါင်သည် အသံကို ကျယ်ကျယ်နှင့် “မ” တစ်လုံးကို သတင်းသုံးလိုက်မှ အတွင်းမှအသံမှာ “အဟိ” မြည်လာပြီး အိမ်ပေါက်ဝမှ လမင်းကြီး ထွက်လာလေ၏။ (မှားလို့ပါခင်ဗျာ) ဆယ့်ရှစ်နှစ်ခန့် အသားဖြူဖြူ ခပ်ချောချော မိန်းကလေးတစ်ယောက်
ထွက်လာပါသည်။

“အော် အိမ်ငှားမလို့ကိုး”

“ဟုတ်ကဲ့”

“တက်ပါ တက်ပါ”

“ဘယ်တက်ရမှာလည်းဗျ။ လှေကားထိပ်ရောက်နေပြီ ဥစ္စာ”

မိန်းမပျိုသည် ဤတွင်မှ ကျော်ခေါင်ရပ်နေရာသို့ ကြည့်လိုက်ပြီး ပြုံးရယ်လိုက်တော့သည်။

“အိမ်ပေါ်ကို တက်ဖို့ပြောတာ”

“ဘုရားရေ ကျွန်တော်တက်နေတာ ဇရပ်လား”

ကျော်ခေါင်သည် ဂွတိုက်ပြောနေခြင်းမဟုတ်ပေ။

ရယ်စရာပြောခြင်းလည်း မဟုတ်။ မိန်းမပျိုလေးများနှင့် တွေ့တိုင်း ဤသို့ ပြောတတ်သည်။ ခပ်နွဲ့နွဲ့ပြောက ရည်းစားစကား မှတ်မည်ကို ကြောက်သည်နှင့်အညီ၊ ခပ်ကြမ်းကြမ်း ပြောလိုက်လည်း တစ်ဖက်က စိတ်ဆိုးမည်ကို စိုးရိမ်တတ်သည်မှာ သူ့ညာဉ် ဖြစ်သတည်း။

မိန်းမပျိုမှာ ပြုံးခြင်းလည်းမရ။ ရယ်ခြင်းလည်းမကျသော သွားဖော်ပြီး အသံမထွက်သော မျက်နှာပေးဖြင့် -

“ထိုင်ပါဦးလေ၊ အိမ်ငှားမလို့လာတာဆိုတော့ အမေးအမြန်း ခံနိုင်တာပေါ့ ဟုတ်လား”

ကုလားထိုင်ပေါ် ထိုင်ချရင်း ကျော်ခေါင်က-

“ဟုတ်ကဲ့၊ ကျေနပ်အောင် မေးပြီးရင် အိမ်ခန်းရမယ်ဆိုရင် မေးသမျှ ဖြေပါမယ် မကျေနပ်လို့ အိမ်ခန်းမရရင် ခရီးစရိတ်
မပေးဘူး ဆိုတာလည်း ကျွန်တော် နားလည်ပါတယ်”

မိန်းမပျိုသည် မက်ကလိန်းသွားတိုက်ဆေး ကြော်ငြာပြီးကတည်းက အကျင့်ရလာသလား မသိ။ သွားကိုတဖြဲတည်းဖြဲရင်း -

“ရှင် ကျွန်မနံမည်ကို သိလား”

ကျော်ခေါင်သည် အူလယ်လယ်ဖြစ်သွားလေ၏။

“ခင်ဗျာ”

“ရှင် ကျွန်မနံမည်ကို သိလား''

“ဒါဟာ အိမ်ငှားကို မေးရမှာမဟုတ်ဘူးဗျ၊ ဗေဒင်ဆရာကို မေးရမဲ့ မေးခွန်းပဲ”

“ဘာဖြစ်ဖြစ် ရှင်မဖြေနိုင်ဘူးလား"

အမိတက္ကသိုလ်၏ပေါင်ပေါ်တွင် မနေလိုတော့သော ကျော်ခေါင်အဖို့ အိမ်ရဖို့က အရေးကြီးသည်။

“ဖြေပါ့မယ်ဗျာ၊ မသိဘူး”

“ကျွန်မရဲ့ မျက်နှာကို မြင်တာတောင် မသိဘူးလား”

“မသိဘူး”

“တော်တော် ရှော်သေးတာပဲ"

ကျော်ခေါင်မှာ အောင့်သီးအောင့်သက် နိုင်သွားပြန်သည်။

“ဘာဆိုင်လို့ သိရမှာလဲဗျ။ ခင်ဗျားနဖူးမှာ နံမည်ကပ်ထားတာမှ မဟုတ်တာ”

မိန်းမပျို သည် ပြုံးရာမှ ရယ်လိုက်သည်။

“ကျွန်မက အဆိုတော်လေ”

“ကျွန်တော် သီချင်းနားမထောင်ဘူးလေ”

စချီကတည်းက တလွဲတွေ ဖြစ်ကုန်ကြပါပြီ။

သို့သော် အိမ်ခန်းရရန်လိုသော ကျော်ခေါင်မှာ မိန်းမပျို၏ ထူးခြားသော အမူအကျင့်ကို ဝမ်းထဲမှ မုန်းလှသော်လည်း အရှုံးပေးရတော့သည်။

“ကျွန်တော် သီချင်းနားမထောင်ချင်ဘူးဆိုတာ စာတွေဖတ်ရလို့ပါ။ နောက်ကို နားထောင်မှာပါ”

“ရှင် နားထောင်တာ မထောင်တာ မရေးမဟုတ်ပါဘူး”

“နို့ ဘယ်သူနားထောင်တော့ အရေးလဲဗျ”

“ပြည်သူလူထု နားထောင်တာ အရေးပေါ့။ ကျွန်မတို့က ပြည်သူလူထုအတွက် သီဆိုနေတာ”

“ဘယ်ဟုတ်ရမှာလည်း ခင်ဗျားတို့ သီဆိုနေတာက ကုက္ကိုင်းက
မြင့်-မြတ်-ကျော်-ထွတ်-တင် တို့က ဆင်းနင်းကွက်သစ်က
တီ-ကျွတ်-တောက်တဲ့တို့အတွက်၊ ကျုပ်မသိတဲ့ခင်ဗျားက မိုးစိမ်းအောက်က ကြက်မောက်ပန်းအတွက် သူတို့အတွက်တွေ ဆိုတာပါ”

မိန်းမပျို မျက်နှာညိုသွားတော့သည်။ ကျော်ခေါင် မှားသွားပြန်ပေပြီ။ အိမ်ခန်းရမှဖြစ်မည်။ ကျောင်းက လက်မခံတော့ပြီ။

“အို သူတို့တွေလည်း ပြည်သူလူထုကြီးရဲ့ အစိတ်အပိုင်းတွေပဲဆိုတော့ ခင်ဗျားတို့ဆိုရတာ ပြည်သူလူထုအတွက်ဆိုတော့
မမှားပါဘူးလေ”

ကျော်ခေါင် အဖာကောင်း၍ပဲလော၊ မျက်နှာညောင်း၍လော မသိ၊ မိန်းမပျိုမှာ ပြန်ပြုံးပြလာလေသည်။ ထိုပြုံးမျက်နှာကလေးကိုပင် ထိန်းသိမ်းထားနိုင်စေခြင်းငှာ ကျော်ခေါင်ကပင် စကားပြောလေ၏။

“ဒါထက် ခင်ဗျားနံမယ်ကို မြင်မြင်ချင်း သိရမှာ ဘာကြောင့်လဲဗျာ”

“ကျွန်မဓါတ်ပုံ သီချင်းစာအုပ်မျက်နှာဖုံးမှာ ပါဘူးတယ်လေ"

“အရှေ့ မျက်နှာဖုံးလား၊ အနောက် မျက်နှာဖုံးလား”

“အော် မျက်နှာဖုံးဆိုမှ အရှေ့မှာပေါ့”

“မသိပါဘူးဗျာ၊ အခုကာလမဂ္ဂဇင်းတွေ မျက်နှာများလွန်းပြီး နောက်စေ့တောင် မရှိတော့လို့ မေးရတာပါ။ ကျွန်တော်ကလည်း ဟဲ ဟဲ ဘိုင်ကျတယ်ဗျ။ ဝယ်မဖတ်နိုင်လို့ မသိလိုက်ဘူးဗျာ။ ခင်ဗျားနံမယ်က ဘယ်သူ”

“ခင်နှင်းဝေ၊ ရှင့်နံမယ်ကကော”

“ကျွန်တော့်နံမည်က မဂ္ဂဇင်းတို့၊ ဂျာနယ်တို့ဝေးလို့ သမ္မာန်စာမှာတောင် မပါဘူးခင်ဗျား။ ကျော်ခေါင်တဲ့”

“ရှင့်ကို ရာဇဝင်မေးနေတာမဟုတ်ဘူး။ နံမယ်မေးနေတာ”

“ဟုတ်ပါတယ်၊ နံမယ်ပါပဲ၊ ကျော်ခေါင် ကြောင်ခေါ်”

စိတ်ခပ်ထွက်ထွက်နှင့် ဖြေလိုက်ပါမှ နားလည်သွားတော့သည်။ ခင်နှင်းဝေက ရယ်လိုက်ပြန်ရင်း-

“ကောင်ကျော်မို့ အဲလေ ကိုကျော်ခေါင် သီချင်းရေးဖူးလား”

“တောက်တီးတောက်တဲ့ဗျာ”

“ဒါရှင်ရေးဖူးတဲ့ နံမယ်လား"

“ဟာ ဂွကျပါပြီ၊ မရေးဖူးဘူးလို့ပြောတာ”

“မသိနိုင်ဘူးလေး ခုခေတ်သီချင်းနံမည်တွေက အဆန်းချည်းမို့ ဘာပဲဖြစ်ဖြစ် ရှင်သီချင်းရေးရမယ် ဒါမှ အိမ်ငှားမယ်"

ကျော်ခေါင်၏ မျက်လုံးလေးများ ပြည်တော်သာပြားစေကလေးများလို သေးသေးနှင့် ဝိုင်းသွားလေတော့သည်။

“ကျွန်တော် မရေးတတ်ဘူးဗျ”

"ဒါမှ အတွေးအခေါ်အသစ်တွေ ရမှာပေါ့”

ကျော်ခေါင်အဖို့ ရှောင်မလွတ်သာတော့။

“ကျွန်တော်က နံမည်ကျော်မှ မဟုတ်ဘဲ”

“နံမည်ကျော်ရင် တခြားတီးဝိုင်းတွေ ရောက်နေရောပေါ့ရှင်၊ ကျွန်မတို့တီးပိုင်းက အပျော်တမ်းဆိုတော့ တီးမှုတ်သီဆိုတဲ့ သူတွေချည်းပဲရှိတယ်၊ သီချင်းရေးတတ်တဲ့သူ မရှိလို့ပါ"

"သီချင်းရေးတယ်ဆိုတာ မလွယ်ဘူးထင်တယ်၊ ဂီတသံနားမလည်ရင် ဖြစ်ပါ့မလားဗျာ”

“စကားလုံးပဲ လိုချင်တာပါ၊ အသံသွင်းမဲ့ လူတွေရှိပါတယ်၊ သူတို့ခေါင်းထဲမှာ တီးလုံးတွေ ကျပ်နေတယ်၊ စာသားရှာမရလို့”

“ဒါဖြင့်လည်း ရေးပေးမယ်ဗျာ၊ အခုတစ်လော ခေတ်စားနေတဲ့ စကားလုံးအတိုင်း တက္ကသိုလ်ကျော်ခေါင်ဆိုတဲ့နံမယ်နဲ့ ရေးပါမယ်။ အိမ်ခန်းကလေးသာ တစ်စိတ်ငှားပါဗျာ”

ကျော်ခေါင်သည် အလျှော့ပေးလိုက်ရပြီး လေပြေနှင့် သတ်လိုက်ရလေသည်။ တောမှသူ့ညီတစ်ယောက် ရန်ကုန်မှာ ကျောင်းလာနေမည်ဖြစ်၍လည်း သူအိမ်ခန်းရဖို့ကိစ္စမှာ ဝန်လေးလှသည်။

“အိမ်ခန်းက စိတ်ချပါရှင်၊ ကျွန်မအမေက ကျွန်မကို ဖူးဖူးမှုတ်ထားတာ”

“ဒါ ကျွန်တော်နဲ့ ဘာဆိုင်သလဲဗျ”

“သြော် ကျွန်မပြီးရင်ပြီးရောလို့ ပြောတာပါ။ မေမေဈေးက ပြန်လာတော့မှပဲ အိမ်ခန်းလစာ စကားပြောပေါ့၊ ရှင်သီချင်းရေးမယ်ဆိုတော့ အိမ်ခန်းကို လခ ​ပေါပေါနဲ့ ရရစေ့မယ်”

မဆစ်ခင်က လျော့နေပါပြီ။ ကျော်ခေါင်လည်း ခင်နှင်းဝေအား ပန်တျာရှင် ​ပေါက်စလေးတစ်ယောက် ဖြစ်ကြောင်း ကောင်းကောင်း နားလည်ပါသည်။

“ကျွန်မက ကောက်ပဲသီးနှံရုံးမှာလုပ်တယ်ရှင့်”

“ဟာ နီးသားပဲ ကျွန်တော်က နိုင်ငံတော်သစ်လုပ်ငန်းအဖွဲ့မှာ လုပ်တယ်လေ”

“ဒါ နီးသလား၊ ဗိုလ်အောင်ကျော်လမ်းနဲ့ ပန်းဆိုးတန်းပဲ”

“မဟုတ်ပါဘူး၊ ဘုတ်အဖွဲ့ချည်းပဲမို့ နီးစပ်တာ ပြောတာပါ”

ဤအချိန်၏ နောက်တွင်ကား အရေးပါအရာရောက်သော အကြောင်းအရာများ မရှိတော့ပေ။ အတိုချုံး၍ ဖော်ပြရမည်ဆိုသော်
ကျော်ခေါင် အိမ်ခန်းရရှိသွားခြင်းနှင့် စိတ်ထဲမှ ခင်နှင်းဝေကို စွဲသွားခြင်းသာ ပေါ်လွင်အကျိုးဖြစ်ပေတော့သည်။

ကျော်ခေါင်မှာ သီချင်းကောင်းသည်ထက် ကောင်းအောင် ဂီတသင်တန်းကို သူငယ်ချင်းတစ်ယောက်ဆီ၌ ကြိတ်တက်ရတော့သည်။ ခင်နှင်းဝေ၏အမေ ဒေါ်သင်းမြမှာ သမီးကိုချစ်လွန်းသဖြင့် သမီးပြီးလျှင် ပြီးရစေကာမူ တစ်ဖက်ခန်းမှ ကျော်ခေါင်၏ တစ်ချက်တစ်ချက် သီချင်းစပ်ရန် တယ်လိုက်သော ညောင်နာနာအသံကလေးကို ခပ်ချဉ်ချဉ်ဖြစ်မိတော့သည်။

“ကြာရင်တော့ ဆီးအောင့်တော့မှာပဲ၊ သမီးကလည်း ဒီကောင့်ကိုမှ အိမ်ငှားရတယ်လို့”

“မေမေကလည်း တက်သစ်စ ပန်တျာရှင်လေးကို မချိုးပါနဲ့”

“ဟဲ့... ငါနဲ့ စကားပြောတာ အင်္ဂလိပ်စကားတွေ ညှပ်ညှပ်ပြီး မပြောပါနဲ့၊ ငါ နားမလည်ဘူး”

ခင်နှင်းဝေမှာ သူ့အမေကို ဘာမှပြန်လည်ရှင်းလင်းခြင်း မရှိတော့ဘဲ လက်လျှော့လိုက်ကာ တစ်ဖက်အခန်းသို့ ကူးသွားလေသည်။

“ကိုကျော်ခေါင်"

“အဲဒါ ဒီရှပ်ပဲဗျ”

“ဘယ်ရှပ်လဲ့ရှင့်၊ ရှင်က အင်္ကျီချုပ်နေတာလား”

“ဂီတသံတွေနဲ့ ခွဲခြားပြောပြနေတာဗျ၊ အီးဖလက်တို့၊ ဒီရှပ်တို့ဆိုတာတွေ နားမလည်ဘူးလားဗျ”

“ဗျဗျနဲ့ ပြောမနေပါနဲ့၊ သူစိမ်းကျနေတာပဲ”

“သူစိမ်းမဟုတ်လို့ ခင်ဗျားနဲ့ကျွန်တော်က ဆွေမျိုးလား”

ခင်နှင်းဝေသည် ချစ်စရာမျက်စောင်းလေးကို ထိုးလိုက်ရာ မျက်စောင်းသာ မဟုတ်ဘဲ မီးစသာဖြစ်ရင် ကျော်ခေါင်တော်တော်
ပူသွားမည်ဖြစ်သည်။

“ကိုကျော်ခေါင်ဟာ ပြောရင်းဆိုရင်း ပိုပြီး ကဲလာတာပဲ၊ ကျွန်မမှာ နံမည်ရှိပါတယ်။ နံမည်ကိုခေါ်ပါ"

ဤတွင်ဝယ် ခင်နှင်းဝေတို့၏ “အကျော်စုံတူရိယာအဖွဲ့” ကလေး၌ ကျော်ခေါင် နံမည်ရစပြုလာလေသည်။ သူ၏ ပွဲဦးထွက်
သီချင်းလေးဖြစ်သော “ချာတူးမေ” သီချင်းသည် လူကြိုက်များသည်နှင့်အမျှ “ဝါဦးကတွယ်တဲ့ကျွတ်”၊ “ဝါးခမောက်နဲ့ ဖားကောက်သူ”၊ “ဘုတ်ဆုံ”၊ “သူထီး”၊ “ရဲရင့်ခြင်း၏တန်ဖိုး”၊ “ဥတုသုံးမျိုး” အစရှိသော သီချင်းများကို တကုတ်ကုတ်ကျက်ကာ လိုက်လံသီဆိုကြသူများ ပေါများနေပြီဖြစ်သည်။

“ကဲ ဒါတွေ ဘေးချိတ်ထားဦး၊ အခု ဘာသီချင်းရေးပြီးပြီလဲ၊ အသံလွှင့်ရမှာ ငါးရက်ပဲ ကျန်တော့တယ်။ သီချင်းတိုက်ရဦးမှာ”

ကျော်ခေါင်သည် စကားပင်မပြောဘဲ လက်ထဲမှ စာရွက်ကလေးကို အသာထိုးပေးလိုက်တော့သည်။

“အောင်မယ် ဘကြီးသာဇံဆိုပါလား၊ သီချင်းနံမည်က ကောင်းတယ်၊ ဒီသီချင်းလည်း လူကြိုက်များအုံးမှာပဲ”

ခင်နှင်းဝေက ချီးကျူးပြီးလျှင် ကျော်ခေါင်မှာ တစ်ပတ်ခန့်ကြာမှ မိုးပေါ်မှ ပြန်ကျလာတော့သည်။ ထို့ကြောင့် ရင်ကိုကော့ကာ ကျောကို သေနတ်မှန်သော တရုတ်ဖြူ စစ်ပြေးဂိုက်မျိုး ပြုလုပ်ရင်း-

“ဒီတစ်ခါတော့ တေးသွားပါ သွင်းထားပြီးပြီ၊ သူများသွား မသွင်းခိုင်းနဲ့တော့၊ တခါတည်းတိုက်ပြီး အသံလွှင့်လိုက်ရုံပဲ”

ခင်နှင်းဝေမှာ အံ့အားသင့်သွားသည်။ ခါတိုင်း ကျော်ခေါင်သည် သီချင်းသာ ရေးပေးလေ့ရှိပြီး အသံကို တခြားသူသွင်းရသည်။
ယခုတခါကား ပန်တျာနယ်ပယ်တွင်းသို့ ကျော်ခေါင်တဆစ်မျှ ကျူးကျော်လာပြီဖြစ်တော့၏။

“ဟုတ်လား ကဲ ဆိုပြစမ်းပါဦး”

“ကျွန်တော့်သီချင်းက အစကတရုတ်သံနဲ့ စထားတယ်။ ပြီးတော့ ဂေါ်ရင်ဂျီဗုံသံ၊ ပြီးတော့ ဟာဝေယံအလိုက်ကို ညှပ်ပြီး ယိုးဒယားနှဲသံနဲ့ တစ်ပိုဒ်အုပ်လိုက်တယ်၊ နောက်တစ်ပိုဒ်ကို ကုလားသီချင်းနဲ့ယူပြီး မြန်မာဘုရားကိုးဆူ ပူဇော်သံနဲ့ ဆွဲလာတယ်၊ ပြီးတော့မှ ရုရှားစစ်ချီ ထည့်ထားတာကိုး၊ ဒါမှ မြိုင်မှာပေါ့။ နောက်တော့ မက်စီကိုသံနှော ကမေ်ဘာဇဆွဲငင်သံနဲ့ဟပ်၊ ဦးရှင်ကြီးတင်သံကို ကြားညှပ်ပြီး အင်္ဂလိပ်သီချင်းကြီးသံနဲ့ ဆက်ယူလာရာက ခုနစ်သံချီနဲ့ ချထားတယ်လေ”

“ဟာ နိပ်တာပဲ၊ ဒီသီချင်းကို ကျွန်မကိုယ်တိုင်ဆိုမယ်၊ ကဲ ဆိုပြပါဦး”

ကျော်ခေါင်သည် အသားယူစွာဖြင့် ချောင်းတစ်ချက်ဟန့်လိုက်ပြီး သီချင်းဆိုရန် ပါးစပ်အဟလိုက်တွင် ခင်နှင်းဝေ ကျောခိုင်းထားသော နောက်ပေါက်မှ ဒေါ်သင်းမြကြီး၏ မျက်ခွက်ပေါ်လာလေရာ ကျော်ခေါင်မှာ ပါးစပ်ကြီးဟထားရင်းက “အာ့ အာ့ခ် အားခု ခင့် အီး အီး” နှင့် လန့်ဖြန့်သံတွေ ထွက်လာလေ၏။ သူဘာကြောင့် ဤမျှကြောက်ရသနည်း၊ ဒေါ်သန်းမြသည် သူ့သမီး နောက်ကျောမှကျော်၍ ကျော်ခေါင်ကို လက်သီးပြ၏။ မျက်လုံး နှစ်ဖက်စလုံးကို တစ်လှည့်စီပြူးပြ၏။ နှုတ်ခမ်းကိုက်ပြ၏။ အသံ
မထွက်သော ခြိမ်းခြောက်နည်းပေါင်းများစွာနှင့် ခြိမ်းခြောက်ပြ၏။ ကျော်ခေါင် ကြောက်ရှာပေလိမ့်မည်။

“ရှင့်သီချင်းအစက တရုတ်သံကလည်း ခွေး ကားကြိတ်ခံရသလိုပါကလား၊ ကောင်းကောင်းဆိုပါ”

ကျော်ခေါင်သည် သူ့အသံကို ဒေါ်သင်းမြကြီး မကြိုက်မှန်းလည်း သိ၏။ သိ၍လည်း ဒေါ်သင်းမြကြီးရှေ့တွင်မဆိုရဲ၊ ခင်နှင်းဝေကလည်း ဇွတ်ဆိုခိုင်းနေသည်။ သို့ဖြင့်နောက်ဆုံးတွင် ကြံရာမရဘဲ ဒေါ်သင်းမြကြီးကိုကြည့်ကာ “အော် ဟော် ဟော ဒေါ်ဒေါ်” ဟုခေါ်လိုက်မှ ခင်နှင်းဝေလည်း လှည့်ကြည့်လိုက်ရာ ဒေါ်သင်းမြမျက်နှာသည် ဆန့်ကျင်ဘက်အသွင်ကို ဆောင်နေလေတော့သည်။

“သော် သမီးတို့ သီချင်းတိုက်မလို့လား၊ ဟဲ ဟဲ မေမေ ဇိနတၳပကာသနီစာအုပ်ကို သမီးမြင်မိသလားလို့ မေးမလို့၊ နေပါစေတော့လေ၊ မေမေ ဟိုဘက်အိမ်ကို ကူးလိုက်ဦးမယ်”

“ရှင်းရှင်းဆိုရလျှင် ငါ့သမီးမနေနိုင်လို့ ငါ ရှောင်လိုက်ဦးမယ်” ဟုဆိုလိုကြောင်း ခင်နှင်းဝေ မသိသော်လည်း ကျော်ခေါင် သိသည်။ မည်သို့ပင်ဖြစ်စေကာမူ အဘွားကြီးကွယ်သွားသည်တွင်မှ ကျော်ခေါင်၏ ချိုတေးသံစုံသည် ပန်းပဲ ဖါးဖိုထိပ်ဝတွင်
ပါဂျာတပ်ထားသကဲ့သို့ မြည်ချင်တိုင်း မြည်လာပါတော့သည်။ ထိုသီချင်းကို တီးဝိုင်းနှင့် တီးလိုက်သောအခါ ရွှေတိဂုံဘုရားကြီးမှ မောင်း
ဗုံ၊ ကွမ်းညှပ်၊ ဓါးများ ရောင်းသောဆိုင်များမှ အစုလိုက်အပြုံလိုက် ကျလာသည်နှင့် တူသည်ဟု နောင်ခါတွင် သောတရှင်များက
ချီးကျူးကြသည်ဆို၏။

ခင်နှင်းဝေသည် သီချင်းဆုံးသောအခါတွင် သီချင်းစာရွက်ကလေးကိုကိုင်ပြီး ဝမ်းမြောက်ဝမ်းသာ ခုန်ဆွခုန်ဆွနှင့် မြူးတူးသွားသည်ကို နောက်ကျောမှကြည့်ရင်း ကျော်ခေါင်၏ အသဲဝယ် အမြစ်တွယ်စပြုပြီဖြစ်သော အချစ်ညောင်ပင်ကလေးသည် “ဝေါ” ခနဲ
ကြီးပြင်းလာလေတော့သည်။

အချိန်နာရီရက်လများသည် ကွက်သစ်များ လောင်သောမီးပမာ မြန်လှချေတော့၏။

“ဝေရယ် ဝေမှမရရင် မောင် ကြောင်တောင်တောင်ကြီး သေရပါတော့မယ်” အစရှိသော ရည်းစားစာကလေးကို အသင့်ဖြစ်စေကာ ခင်နှင်းဝေ တစ်ယောက်ထဲရှိစဉ် ပေါင်ပေါ်သို့ ပစ်ချလိုက်၍
“အဲဒီသီချင်းသားကိုကြည့်ပါဦး” ဟု ကမန်းကတန်း ပြောကာ အိမ်ပေါ်မှ ဆင်းလာခဲ့လေ၏။

မျက်နှာပူ၍သာ ဆင်းလာရသည်။ ဘယ်ကိုသွားရမှန်း မသိသဖြင့် ရွှေတိဂုံဘုရားပေါ်သို့တက်ကာ ရှိသမျှ ဆင်းတုများကို တစ်ကြိမ်စီ လိုက်ဦးချ၏။ ဦးချတိုင်းလည်း “ခင်နှင်းဝေကလေးနှင့် ပေါင်းဖော်ရပါလို၏” ဟူသော ဆုကို ​တောင်းလေသည်။ ဆင်းတုတော်ပေါင်း (၃၃၃) ဆူ ပြည့်သောအခါ ဆက်လက်၍ ထိုင်ချည်ထချည် မပြုနိုင်တော့ဘဲ ပေါင်များအောင့်ကာ အိမ်သို့ အနိုင်နိုင် ပြန်လာခဲ့ရလေတော့သည်။ အိမ်ရောက်ရောက်ချင်း ခင်နှင်းဝေတို့ အခန်းဘက်သို့ စောင်းငဲ့ကြည့်လိုက်ရာ သားအမိနှစ်ယောက်လုံး မရှိကြသဖြင့်
ရင်ထဲတွင် ဒိတ်ကနဲတစ်ချက်ဖြစ်သွားပြီး သူ့အခန်းထဲသို့ ဝင်လာခဲ့၏။ ကုတင်ပေါ်သို့ ခြေပစ်လက်ပစ်လှဲရန် ဖင်ထိုင်အချလိုက်တွင် အပေါက်မှ ခင်နှင်းဝေ ဝင်လာသည်ကို တွေ့ရလေရာ “အား ဝူး ဝါး ဝူး ဝါး” နှင့် ယောင်အအဖြစ်နေပြီး မတ်တပ်စုံရပ်လိုက်မိတော့သည်။

ခင်နှင်းဝေ၏ မျက်နှာကား ဣနြေ္ဒတင်းလှ၏။

ကျော်ခေါင်၏ မျက်စေ့ကို ကြည့်ပြီး လက်ထဲမှ
စာခေါက်ကလေးကို ကျော်ခေါင်၏ခြေရင်းသို့ ပစ်ချလိုက်ပြီး -

“ကိုကျော်ခေါင်ကို ဘုရားမှတ်လို့ ကိုးကွယ်ခဲ့တာ ဖွတ်ထွက်မှ တောင်ပို့မှန်းသိတယ်”

“ဘုရား... တောင်ပို့ .. တောင်ပို့... ဖွတ် ဘာတွေပြောနေတာလဲ”

“ကိုယ့်အပြစ်ကို မသိဘူးလား”

“ချစ် ချစ် ချစ်မိတာ အပြစ်လားဗျာ”

“အို ရှည်ရှည်ပြောမနေပါနဲ့တော့ ကျွန်မမှာ ရည်စားရှိတယ် ဘယ်သူလဲ သိချင်သေးသလား၊ အဖွဲ့ထဲက စန္ဒယားတီးတဲ့ ကိုဖေဦး"

ခင်နှင်းဝေမှာ ပြောပြီးသည်နှင့်တစ်ပြိုင်နက် ချာကနဲလှည့် ထွက်သွားတော့ရာ ကျော်ခေါင်သာလျှင် ယောင်ပေပေ မျက်နှာငယ်ကလေးနှင့် ကျန်ရစ်တော့သည်။

“ကိုဖေဦး၊ အဖွဲ့ထဲက စန္ဒယားတီးတဲ့ ကိုဖေဦး"

ကိုဖေဦးကို ​ကျော်ခေါင် မြင်ဖူးပါသည်။ စကားလည်း ပြောဖူးပါသည်။ ကိုဖေဦးမှာ ရာဇဝတ်အုပ်ကလေးဖြစ်၏။ အသားဖြူဖြူ၊ ရုပ်ဖြောင့်ဖြောင့်ပါပေ။ ခင်နှင်းဝေ ကျမည်ဆိုကလည်း ကျစရာဖြစ်၏။

ကျော်ခေါင်သည် ယခုမှ ကုတင်ပေါ်သို့ ခြေပစ်လက်ပစ် လှဲမိတော့သည်။

“၃၃၃ ဆူသောဘုရားရှင်များ ကယ်တော်မမူကြတော့ဘူး ထင်ပါရဲ့”

“ငါသေမှပဲ၊ မသေရင် အပြောနဲ့ အဟောနဲ့ ညီမှာ ဟုတ်ဘူး”

ကျော်ခေါင် သေဖို့ စဉ်းစားရတော့သည်။ တကယ်စဉ်းစားသောအခါ ဘယ်ကစ၍ သေရမှန်းမသိ။ ထုတ်ပေါ်က ဆွဲကြိုးချ
သေရလျှင်လည်း မျက်လုံးပြူးကြီးနှင့် မသာရုပ်ဆိုးမည်ကို ကြောက်သည်။ အဆိပ်သောက်ရလျှင်လည်း ရှုံ့မဲ့သော မျက်နှာကြီးက ပိုပြီးဆိုးချေတော့မည်။ နောက်ဆုံးတွင် ရေထဲခုန်ချ
သေမည်ဟု ဆုံးဖြတ်၏။

“ဒါ အကောင်းဆုံးပဲ၊ ငါကလည်း ရေမကူးတတ်တော့ မုချသေမှာပဲ၊ ဒါပေမယ့် အလောင်းပြန်ပေါ်လာတဲ့အခါ ပုဆိုးမပါရင်တော့ ဒုက္ခပဲ။ အိုးထဲ ကျောက်ခဲတွေထည့်ပြီး ရေထဲခုန်ချမယ်။ ဒါမှ ပြန်လဲပေါ်မလာဘူး။ ပြည်တော်သာ မသာ... ပြည်ကျော်သာ မသာနဲ့ နံမယ်ကြီးမယ်။ ဂွကျတာက နေ့ခင်းဘက် အိုးကြီး လည်ပင်းဆွဲသွားရမှာလဲ မဖြစ်။ ညဘက်သွားမှပဲ”

တစ်နေ့လုံး ခင်နှင်းဝေ ပေါ်မလာ။ ကျော်ခေါင်မှာလည်း သူ့အကြံအစည်အတိုင်း အစီအမံများ ပြုလုပ်ပြီးလေပြီ။

အချိန်ကား ညဉ့်ဆယ််နာရီခွဲခန့် ရှိလေ၏။

ကျော်ခေါင်သည် အိုးကလေးပိုက်ကာ ပြတင်းပေါက်မှ ခုန်ချလာခဲ့သည်။ အိမ်နှင့် ငါးလှမ်းခန့်ကွာသော် အိမ်သို့ပြန်လှည့်ကြည့်ပြီး တစ်ခါမှ သီချင်းမစပ်ခဲ့ဖူးသော အသုံးအနှုန်းများကို သုံးရင်း နှုတ်ဆက်မိတော့သည်။

“ခင်စိမ်းပင်လေးရယ်။ ခင်မုန်းလှတဲ့ မျက်နှာမွဲကလေး တစ်ယောက်တော့ဖြင့် လောကထဲက ပျောက်ကွယ်သွားတော့မယ်။
မနက်မှကြားတဲ့သတင်းကို နားထောင်ပြီး ဝမ်းသာရစ်ပေတော့”

ကျော်ခေါင်သည် စိတ်ကိုတင်းထားလိုက်ကာ မြစ်ဘက်သို့ ထွက်လာခဲ့လေသည်။ တကုတ်ကုတ်နှင့် လျှောက်လာခဲ့လေရာ
ဗိုလ်တထောင်စေတီ အလွန်တွင် နောက်မှနေ၍ ဂုတ်ကို ရဲသားဆွဲလာလေတော့၏။

“ဟေ့ကောင် ငြိမ်ငြိမ်နေ၊ ငါတို့ သတင်းရထားပြီးသား၊ မင်းလက်ထဲကဟာ ဘာလဲ”

ကျော်ခေါင်၏ ရင်ထဲတွင် တဒိတ်ဒိတ်နှင့် ခုန်လာသည်။ ရဲသားကို ကြောက်၍မဟုတ်။ သူ မသေရမှာ ကြောက်၍ပင်ဖြစ်သည်။

“ဟေ့ကောင် ပြောလေ”

“ကျောက်ခဲတွေ ထည့်ထားတဲ့ အိုးပါ”

“ဘိန်းတွေပါတယ် မဟုတ်လား”

ရဲသားနှစ်ယောက်ဖြစ်၍ အခြားတစ်ယောက်က မေးလိုက်ခြင်း ဖြစ်သည်။

“ကျောက်ခဲပါဆိုမှ ဘယ်ကဘိန်းလဲ”

ရဲသားတစ်ယောက်က နားရင်းပိတ်အုပ်လိုက်၏။

“ပေးစမ်း မင်းလက်ထဲ အိုး”

ပြောပြောဆိုဆိုနှင့် လက်ထဲက အိုးကိုဆွဲလေရာ ကျော်ခေါင်ကလည်း ဇွတ်ပြန်ဆွဲရင်း ပြောမိပြောရာ ပြောလိုက်လေ၏။

“ကျုပ်က ဘိုးဘိုးဂိုဏ်းကဗျ။ ဓါတ်ဆင်မလို့ ယူလာတာ”

ရဲသားတစ်ယောက်က နားရင်းအုပ်လိုက်ပြန်လေ၏။

“ခင်ဗျားတို့က ဘယ့်နှယ် တစ်ဖက်ဖက် အုပ်နေတာလဲ နာတယ်ဗျ”

“နာရင် မင်းလက်ထဲက အိုးပေး”

ပေးမည်ဝေးစွ၊ ကျော်ခေါင်မှာ ဆောင့်ပင် ပြန်ဆွဲလိုက်သည် ဖြစ်ရကား၊ လက်တစ်ဖက်စီ အိုးကိုကိုင်ထားသော ရဲသားများမှာ ရှေ့သို့ပြုံပါလာကာ ခေါင်းသုံးလုံးပြိုင်၍ “ဂွပ်” ကနဲ ဆောင့်မိကြပြီး သုံးယောက်သား ချာချာလည်သွားကြလေ၏။

ထိုခဏ၌ အနားသို့ ရာဇဝတ်အုပ်တစ်ယောက် ​ရောက်လာကာ

“ဟေ့ကောင်တွေ ဘာဖြစ်နေကြတာလဲ”

ဟု မေးလိုက်သည်တွင် ရဲသားများမှာ ကမန်းကတန်း စုံရပ်ပြီး

“ဒီကောင် အိုးထဲမှာ ဘိန်းတွေထည့်လာတယ် ထင်တယ်၊ ကျွန်တော်တို့ကြားရတဲ့ သတင်းက သိပ်မသေချာပေမယ့် မှန်ပုံပေါ်တယ်ဆရာ”

ဟု ဖြေလိုက်ရာ ရာဇဝတ်အုပ်သည် ကျော်ခေါင်၏ မျက်နှာကို သေသေချာချာ ကြည့်လိုက်ရင်း “ဟာ ကိုကျော်ခေါင်ပဲ” ဟု လက်မောင်းကို ကိုင်၍ နှုတ်ဆက်လိုက်၏။ ကျော်ခေါင်မှာ ရာဇဝတ်အုပ်မျက်နှာကိုကြည့်ပြီးမှ ထွက်ပြေးချင်စိတ် ပေါက်လာတော့သည်။

“ကိုဖေဦး”

“ဟုတ်ကဲ့ ကျွန်တော်ပါပဲ၊ ခင်ဗျားက အချိန်မတော်ကြီး ဘာလာလုပ်တာလဲ”

ကျော်ခေါင်မှာ ဝမ်းနည်းလာ၏။ ရင်ထဲမှာလည်း လိပ်၍လိပ်၍ တက်လာသည်။

“မမေးပါနဲ့တော့ ကိုဖေဦးရယ်၊ ကျွန်တော်က ကံဆိုးတဲ့လူပါ၊ ခင်ဗျားက ကံကောင်းတဲ့သူပါ။ ကျွန်တော်ရေးခဲ့တဲ့ ခင်နဲ့မောင်နဲ့ တူနှစ်ဖြာ ပျော်ရွှင်ကြတဲ့ မင်္ဂလာဦးညမှာ လဆန်းဝါ ကြယ်တသင်းနဲ့ ဝင်းပစွာ ဆိုတဲ့ မင်္ဂလာဦးတေးသီချင်းကို ကျွန်တော် မဆိုရတော့ဘူးဗျာ”

ကိုဖေဦးသည် အားရပါးရ ရယ်လိုက်လေသည်။

“ရယ်ပါ ရယ်ပါ၊ ခင်ဗျားကတော့ အားရပါးရ ရယ်နိုင်တာပေါ့ဗျာ၊ ရေနစ်သေတော့မဲ့ မသာလောင်းကလေးရှေ့မှာ ရယ်ရက်ပါရဲ့ဗျာ”

“ခင်ဗျားက သီချင်းစပ်နေတုန်းပဲလား”

“ထွတ် ဒါငိုချင်းဗျ။ သွားဗျာ ခင်ဗျားတို့ မရှုပ်နဲ့”

ကိုဖေဦးမှာ ဆက်လက်ရယ်မောပြီး ကျော်ခေါင်ကို အတင်းပြန်ဆွဲလာပြီး အိမ်ရှေ့သို့ ပို့ပေးလေ၏။

ကျော်ခေါင်မှာ သူ့အကြံ မအောင်တော့သည်ဖြစ်ရကား စိတ်ပျက်ပျက်နှင့်ပင် ထွက်လမ်းပြတင်းပေါက်မှ ပြန်ဝင်ပြီး အိပ်ရာပေါ်တွင် လူးလှိမ့်မိရာမှ တစ်မှိတ်မျှ အိပ်ပျော်သွားလေတာ့သည်။

နောက်နေ့တွင် ခင်နှင်းဝေ ရောက်လာကာ

“ကိုကျော်ခေါင် သီချင်းရေးပေးဦး”

ကျော်ခေါင်၏ ရင်ထဲတွင် ဆို့လာသည်။ သို့သော် သူ ခင်နှင်းဝေကို တန်ပြန်ငြင်းနိုင်စွမ်းမရှိကာ သီချင်းတစ်ပုဒ်ကို ရေးရတော့သည်။ ကလောင်သွားသည် ရေးသူ၏ နှလုံးကြေးမုံဖြစ်ရကား -

“အသဲနှလုံးတွေ ပျက်ကြွေပြုန်းစေတော့၊ ပြုံးလို့သာခံပါတော့မည်၊ ကြင်သက်ဝေ ရှောင်ဖယ်တိမ်း စိမ်းရက်နိုင်တော့သည်”
အစရှိသော “စိမ်းကားသူ” သီချင်းကလေးသည် ညဦးလေယာဉ်ကို စီးကာ သောတရှင်တို့အား ခင်နှင်းဝေက ငိုတိုင်သွားသည်ကို
အချို့သူများ မှတ်မိကြပေလိမ့်မည်။

ဤသီချင်း အသံလွှင့်ပြီးသွားသောနေ့၏ နောက်နေ့တွင် ကျော်ခေါင်အနားသို့ ခင်နှင်းဝေပြုံးရွှင်ကာ ကပ်လာပြန်တော့သည်။
ကျော်ခေါင်ကား ဆောင့်ကြောင့်ထိုင်၍ မှိုင်နေဆဲပင်။

“ကိုကျော်ခေါင်”

“သွားပါဗျာ”

“ဘာဖြစ်နေတာလဲရှင့်”

“သေတော့မလို့”

“ဘာရောဂါနဲ့လဲ”

“ပြုစားတဲ့ စုန်းမလေးက မေးရသေးသလားဗျာ”

ခင်နှင်းဝေသည် နှစ်ခြိုက်စွာ ပြုံးလိုက်လေသည်။

“အော် ကိုကျော်ခေါင် ကိုကျော်ခေါင်”

“အခုတော့ မသေသေးပါဘူးဗျာ”

“ရှင် တော်တော်အတယ်၊ ရှင့်သီချင်းတွေက အလွမ်းသီချင်း နဲနေတယ်၊ အလွမ်းသီချင်းကို ပြည်သူလူထုက ပိုကြိုက်လို့
ရှင့်ကို ရေးနိုင်ပါစေတော့လို့ ကျွန်မ တမင်လုပ်လိုက်တာ၊ ကိုဖေဦးက လူပျိုမဟုတ်ဘူး၊ သူရယ် သူ့မိန်းမရယ်က အကြံပေးလို့ လုပ်ရတာရှင့်”

ကျော်ခေါင်သည် လွှားကနဲ ထခုန်မိတော့၏။

“အဟုတ်ပြောတာလား၊ ဝေဝေ... အဟုတ်ပြောတာလား"

“တော်ပါ အခုမှ ကဲမနေပါနဲ့”

ကျော်ခေါင်သည် ကြိတ်မနိုင်ခဲမရဟန်မျိုးဖြင့် တဖြည်းဖြည်း ကပ်လာစဉ် ခင်နှင်းဝေက-

“အနားကို ကပ်မလာနဲ့၊ ရှင့်ကို ပြောစရာ ကျန်သေးတယ် ရှင်ရေးခဲ့တဲ့ အလွမ်းသီချင်းက ကောင်းတော့ကောင်းပါရဲ့ ခေတ်မဆန်ဘူး၊ ခေတ်ဆန်ဆန် အလွမ်းသီချင်းတစ်ပုဒ် ​ရေးပေးမှ ရှင့်ကို ချစ်နိုင်မယ်”

နံမည်ကြီးသော ကျော်ခေါင်အဖို့ မခဲယဉ်းတော့ပါ။ တက္ကသိုလ်ကျော်ခေါင်ဆိုလျှင် “သကာရေသီချင်းသံ” “ဂီတအိမ်ကြီး
“သီချင်းဆိုတဲ့လူ” “ပထမတန်း” စသော ဂီတစာစောင်များက အတင်းချော့၍ ဖော်ပြကြရပါသည်။

ထိုခေတ်တွင် ကျော်ခေါင်သည် အချစ်အတွက် အလွမ်းလက်စွမ်းပြတော့သည်။

သို့ဖြင့် “လွမ်း၍ငိုသည်” ဟူသောသီချင်းကို စာဖတ်သူများကပင် ရကောင်းပါတော့မည်။ ဤသီချင်းကလေးဖြင့် ကျော်ခေါင်နှင့် ခင်နှင်းဝေတို့၏ ချစ်လမ်းကြီး ပေါ်ပေါက်လာရတော့သည်။

ဒေါ်သင်းမြကြီးကား ထိုသီချင်းစာကို ရှုံ့မဲ့စွာ ဖတ်နေဆဲပင်။

“ရွှေလသာ ဝါဝါဝင်း၊ မဒီရေချိုးဆင်း၊ ကျွန်တော်လွမ်းလိုက်တာ။ ခင့်မျက်နှာ ကွင်းကနဲ ကြည့်လိုက်တိုင်း မြင်မိတယ်။ စွဲသနော် စွဲသနော်၊ အောင်မယ်လေးဗျ စွဲလှသနော် သနားပါဗျာ''

“သူ့ရုပ်ကလေးက တော်တော်နိပ်တယ်၊ သေဟဲ့ နန္ဒိယ။ ဝင်းဝါရွှေသွေး၊ တာတေတောက်တဲ့ကြီး တူနဲ့ထု၊ သေတ္တာထဲထည့် တွံတေးမှာ တီနဲ့တို့၊ တယ်နယ်တူနယ်တောင်"

ဒေါ်သင်းမြ၏ မျက်နှာကိုဖော်ပြရလျှင် စာရှုသူအဆွေတို့ ခုနစ်ရက် ထမင်းမစားနိုင်ကြမည် ဖြစ်သဖြင့် ဤမျှပင် ရပ်နားပါရစေတော့... ။

ဩဂုတ် ၁၉၅၃(သွေးသောက်)

ဆရာကြပ်ကလေး၊ မတစ်လုံးကြေနှင့် ဟာသဝတၳုတိုများ၊ စာမျက်နှာ ၉၂ - ၁၁၄။

စာရိုက် - စလေ ငနော့



Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်