လွတ်လပ်ခြင်းကို ပြစ်ဒဏ်အဖြစ် ခံစားနေကြရသူများ 🖊 မြင့်သန်း


လွတ်လပ်ခြင်းကို 
•••••••••••••••••••
ပြစ်ဒဏ်အဖြစ် 
••••••••••••••••••••
ခံစားနေကြရသူများ
•••••••••••••••••••••••

မြင့်သန်း

လုံခြုံရေးအိတ်တစ်လုံးကိုင်ရင်း အခန်းထဲကို ကလယ်ဝင်လာတယ်။ လုံခြုံရေးအိတ်ဆိုတာက သူ့နည်းသူ့ဟန်နဲ့ ဖွင့်ရတဲ့အိတ်။ ဓာတ်မှန်ရိုက်လို့ မရတဲ့အိတ်။ နောက်ထပ် ဘာတွေလုပ်လို့မရမှန်းတော့ မသိဘူး။  ဒီကိစ္စက ကလယ်ပဲ သိတယ်။ သူက အဖွဲ့ရဲ့အတွင်းရေးမှူး။ သူ့အလုပ်နဲ့ ကျွန်တော်တို့အလုပ်က တခြားစီ။ ကျွန်တော်တို့လုပ်ငန်းမှာတော့ သူမရှိရင် မဖြစ်ဘူး။ သူ ခွင့်သွားတဲ့အခါ သူ့လိုမျိုးအတွေ့အကြုံနဲ့ လူစားရဖို့ အတော်ရှာရတယ်။ ဒီထက် ပိုဆိုးတာက သူ့လို နိုင်ငံတကာလုံခြုံရေးစနစ်ရဲ့ ထိပ်တန်းကင်းလွတ်ခွင့်တချို့ ရထားတဲ့ လူမျိုးဖြစ်ဖို့လိုတာ။

          ကော်ဖီခွက်တွေ တင်ထားတဲ့ စားပွဲပေါ် လုံခြုံရေးအိတ် ချလိုက်တာကို ကျွန်တော်တို့အားလုံး ကြည့်နေမိတယ်။ အဲဒီအိတ်နဲ့အတူ သီခြားပါလာတဲ့ စာအိတ်ကိုဖွင့်ပြီး ကလယ်က ဖတ်နေတယ်။ ဒီစာအိတ်ဟာ လုံခြုံရေးအိတ်ကိုဖွင့်ဖို့ လမ်းညွှန်ပဲဖြစ်မယ်။ နည်းလမ်းတွေကတော့ အမျိုးမျိုးပဲ။ တစ်နိုင်ငံ ဒါမှမဟူတ် အဖွဲ့အစည်းတစ်ခုခုတိုင်းမှာ သူ့နည်းသူ့ဟန်နဲ့ချည်းပဲ။ အီလက်ထရွန်နစ်နည်းပညာတိုးတက်မှုမှာ အခြေခံတာချည်းပဲ။ ကျွန်တော်တို့ကတော့ မသိဘူး။ ကလယ်ကတော့ မသိလို့မဖြစ်ဘူး။ ဒါက သူ့အလုပ်။ နောက်တော့ ဟိုဟာနှိပ် ဒီဟာနှိပ်လုပ်ရင်း အိတ်ပွင့်သွားတယ်။ ကျွန်တော်တို့က ဝိုင်းပြီး လက်ခုပ်တီးလိုက်ကြတယ်။ အိတ်ထဲက ချိတ်ပိတ်ထားတဲ့ အိတ်ကလေးတွေ ထွက်လာပြန်တယ်။ ကျွန်တော်တို့ကို ကြည့်လိုက်ရင်း ဘာမှမပြောပဲ ခေါင်းခါလိုက်ယ်။ နောက်တော့ အိတ်ကလေးတွေပေါ်က နံပါတ်တွေကြည့်ပြီး ကျွန်တော်တို့ရှေ့ဆီ တွန်းပို့လိုက်တယ်။ မာရီယိုက အရင်ဆုံး ကောက်ယူလိုက်ပြီး အိတ်ကို ကြည့်လိုက်တယ်။။ ငါ့အိတ်သေချာရဲ့လား ကလယ်လို့ ကလယ့်ကို လှမ်းကြည့်ရင်း မေးလိုက်တယ်။ ကလယ်က ခေါင်းညိတ်ပြရင်း လုံခြုံရေးအိတ်ထဲမှာ ပါလာတဲ့ အနီရောင်နှုတ်ခမ်းသားနဲ့ စာအိတ်ကို ဖွင့်ဖတ်နေတယ်။ ငါ့အိတ်ဆိုတာ သေချာရဲ့လား။ အိတ်ပေါ်မှာ ငါ့နာမည်မပါဘူး။ နံပါတ်တွေပဲ ပါတယ်လို့ မာရီယိုက ထပ်ပြောတယ်။ ကလယ်ကတော့ ခေါင်းပဲ ညိတ်ပြရင်း စာအိတ်ထဲက စာကို ဖတ်နေတယ်။ နောက်တော့မှာ အဲဒါ နင့်နံပါတ်၊ ဒီကလုံခြုံရေးအတွက် ငါပေးထားတဲ့ နံပါတ်တွေလို့ ပြောတယ်။ တချက်ကလေးပဲ မော့ကြည့်ပြီး စာကို ဆက်ဖတ်နေတယ်။ ငါ့နံပါတ်က ငါတောင် မသိလိုက်ရပါလားလို့ မာရီယိုက ထပ်ပြောပြန်တယ်။ ကလယ်က ဖတ်နေတဲ့စာရွက်ကို အသာချပြီး မော့ကြည့်လိုက်ရင်း ဒီကိစ္စက နင် သိစရာမလိုဘူး။ ငါပဲ သိစရာလိုတယ်။ ငါ့အလုပ်လို့ပြောပြီး စာကို ဆက်ဖတ်မယ်လို့ လုပ်ရင်း အီတာလျံတွေက လျှာရှည်တယ်ဆိုတာ ဟုတ်တာပဲလို့ ပြောပြီး သူ့ဘာသာ ပြုံးတယ်။ နောက်တော့ စာကို ဆက်ဖတ်နေတယ်။ ကျွန်တော်တို့လည်း ပြုံးမိတယ်။ မာရီယိုကတော့ ရယ်လိုက်ရင်း အေး၊ ဟုတ်သားပဲလို့ ပြောတယ်။ တခြားတော့မဟုတ်ဘူး။ ကလယ် ကိုယ်တိုင်က အီတာလျံကပြား။ အဖေက အီတာလျံအစစ်။

          လျူးကတော့ သူ့အတွက် စာအိတ်ကို စားပွဲပေါ်ကို ပစ်ချလိုက်ပြီး ထိုင်ရာက ထတယ်။ ကျွန်တော်တို့က သူ့ကို ကြည့်လိုက်တော့ ပါးစပ်က ဘာမှမပြောဘဲ လက်က ဓားသွားယူဦးမယ်ဆိုတဲ့ သဘောနဲ့ ပြတယ်။ တစ်ယောက်ချင်းစီအတွက် အိတ်ကလေးတွေဖွင့်ဖို့ ဓားလိုတယ်။ ထောင့်ကို ဓားနဲ့လှီးဖြတ်လိုက်ပြီးမှ အထဲက ကြိုးစလေးကို ဆွဲထုတ်လိုက်ရင် အိတ်နှုတ်ခမ်းကို ကြိုးက ဖြတ်ထုတ်လိုက်တယ်။ ဒီလိုမှ အိတ်က ပွင့်သွားတယ်။ အဲဒီအိတ်မျိုးက ကျွန်တော်တို့ ကြုံဖူးတယ်။  ဆွစ်လုံခြုံရေးကုမ္ပဏီတစ်ခုက ထွင်ထားတာ။ ဒီအိတ်ကို သုံးတယ်ဆိုတာနဲ့ ဒီကလူတွေမှာ ဆွစ်လုံခြုံရေးနဲ့ အဆက်အသွယ်ရှိတယ်ဆိုတာ ပေါ်တာပဲ။ ဒါပေမယ့် အပြင်ကအိတ်ကြီးက တခြားက လုပ်တာ။ မာရီယိုကတော့ သူ့လက်နဲ့ အိတ်ကို ဆွဲဖြဲကြည့်နေသေးတယ်။ နောက်တော့ လက်လျှော့လိုက်ပုံရတယ်။ ကျွန်တော်တို့ကိုလှမ်းကြည့်ရင်း ပုခုံးတွန့်ပြတော့ အေဒရီယံက အရူးပဲလို့ လှမ်းပြောလိုက်တယ်။ မာရီယိုက လက်ခံတဲ့သဘောနဲ့ ခေါင်းညိတ်ပြတယ်။ သူက ကျွန်တော်တို့နဲ့ လာပြီး အလုပ်လုပ်တာ သိပ်မကြာလှသေးဘူး။ တစ်နှစ်သာသာပဲ ရှိဦးမယ်။ အခုလို လုံခြုံရေးအရ သိပ်ကျပ်တဲ့နေရာတွေကို မရောက်ဖူးသေးဘူး။ သူက လူရဲ့စရိုက်၊ အပြုအမူပြောပုံဆိုပုံ စတာတွေကို လေ့လာအကဲဖြတ်ရာမှာ သိပ်တော်တယ်။ သူ့အဖေကိုယ်တိုင်က ဒေါက်တာအက်(က)မင်ဆီမှာ တပည့်ခံလာတဲ့လူ။ သူကိုယ်တိုင်ကလည်း စိတ်ပညာနဲ့ ပီအိပ်ချ်ဒီရထားတဲ့လူ။ သူ့အဖေဆီက နည်းပညာတွေ အများကြီးရထားတယ်။ မာရီယိုရဲ့ အဓိကပြဿနာတစ်ခုက စည်းကမ်းသိပ်မရှိဘူး။ အဲဒီအထဲမှာ အဝတ်အစားနဲ့ အစားအသောက်ဟာ အဓိကပဲ။ တချို့အစည်းအဝေးတွေမှာ သူလိုက်ဖို့လိုရင် ကလယ်ကပဲ အဝတ်အစားဆင်ရတယ်။ ဒါကြောင့် ကလယ်ကို နောက်ပြီး အမေလို့ခေါ်လေ့ရှိတယ်။ အစားအသောက်နဲ့ ပတ်သက်လို့တော့ ဘယ်လောက်ကောင်းတဲ့ ဟိုတယ်ကြီးမှာနေနေ မာရီယိုဘဝင်မကျဘူး။ ဘယ်အရပ်၊ ဘယ်ဒေသပဲ ရောက်ရောက် လမ်းဘေးဆိုင်၊ လမ်းကြားထဲက ဆိုင်လိုမျိုးမှာ သွားပြီး စားသောက်နေရမှ။ ကျွန်တော်တို့မှာ ရေးသားမထားပေတဲ့ လက်ခံထားတဲ့မူက အလုပ်ကိစ္စမပြီးမချင်း အရက်မသောက်ကြရဘူး။ အပြင်ထွက်မစားကြဘူး။ ဒီလိုအခါမျိုးမှာတော့ မာရီယိုက မူကို မဖောက်ဖျက်ပေတဲ့လည်း အတော့်ကို သည်းခံနေရပုံပဲ။ ဒီကောင်က ကလေးကြီးပဲလို့ ကလယ်က ပြောလေ့ရှိတယ်။

          ခုလည်း ကျွန်တော်တို့ ဘယ်မှမထွက်နိုင်သေးဘူး။ ဒီဝင်းထဲမှာတော့ လမ်းလျှောက်ပြီး သွားချင်ရာသွားလို့ရတယ်။ ခုနက ကလယ်ဖောက်လိုက်တဲ့အိတ်ထဲမှာ ပါလာတဲ့ အပြာရောင်ကြိုးတပ်ထားတဲ့ ကတ်ပြားကို လည်ပင်းမှာ ချိတ်ပြီး လျှောက်သွားနိုင်သတဲ့။ လျှောက်သွားဖို့ ဆိုတာကလည်း ကျွန်တော်တို့ရောက်နေတာ လေတပ်တစ်ခုရဲ့လေယာဉ်ကွင်း။ မနေ့ညက ဒီလေယာဉ်ကွင်းကို ရောက်ကြတယ်။ ရှစ်ယောက်၊ ဆယ်ယောက်စီကားနဲ့ လာကြိုကြတယ်။ ကားမှန်က အထဲကို မမြင်ရတဲ့မှန်မျိုး။ လာကြိုတဲ့ ဗိုလ်မှူးကြီးကတော့ ကျွန်တော်တို့နဲ့ သိပြီးသား။ ပရင်စတန်တက္ကသိုလ်ထွက်။ သူတို့လူမျိုးရဲ့ အသံထွက်မပါဘဲ အင်္ဂလိပ်လို ပြောနိုင်တဲ့လူ။ ကျွန်တော်တို့နဲ့ အတော့်ကို ပွင့်ပွင့်လင်းလင်းပြောနိုင်တဲ့လူ။ ပြောခွင့်ရှိတဲ့လူ။ သူနဲ့ကျွန်တော်နဲ့က ပုဂ္ဂိုလ်ရေးအရ အတော်ခင်တယ်။ အဖေရှိကတည်းက သူ့မိသားစုနဲ့ ခင်ကြတာ။ သူက မြို့တော်ကြီးကနေလာတာ။ တွေ့တွေ့ချင်း ကျွန်တော်က မင်းဒီလာတာ အိမ်တော်ကြီးက သိသလားလို့မေးတော့ ငါ ဘာမှမသိဘူး။ မင်းတို့လာမယ်။ အဲဒီကို မင်းသွား၊ လိုအပ်တာ စီစဉ်ပေး။ မင်းလည်း အဲဒီမှာနေဆိုတဲ့အမိန့် မနက်ကမှ ရတာ။ ခုဟာက ဘာမှန်းကို မသိဘူး။ အိမ်တော်ကြီးကလည်း သိမယ်မထင်ဘူး။ အိမ်တော်ကြီးက လာတဲ့အမိန့်ဆိုရင် တစ်မျိုးလို့ သူက ပြန်ဖြေတယ်။ အိမ်တော်ကြီးဆိုတာ သူတို့ တိုင်းပြည်က မြေရှိသမျှကို ပိုင်တဲ့လူတွေ နေတဲ့နေရာ။ ဗိုလ်မှူးကြီးက အနားကပ်ပြီး အသံခပ်တိုးတိုးနဲ့ မေးတယ်။ မင်းတို့ရော ဘာကိစ္စနဲ့လာတာလဲ။ သိထားရင် ငါ့လည်း နည်းနည်းလောက် ပြောထားပါ။ တို့ဆီမှာ ရှုပ်နေတာတော့ အမှန်ပဲ။ တပ်နဲ့တော့ မဆိုင်ဘူး။ ဒါပေတဲ့ အစည်းအဝေးလုပ်မှာ ဆိုတော့လည်း ငါ မစဉ်းစားတတ်ဘူး။ ဟိုတစ်ခေါက်က ဒီမှာ အစည်းအဝေးလုပ်တာကတော့ တပ်က ပါနေလို့။ မင်းတို့လည်း ရှိနေတာပဲလို့ ပြောတယ်။ ငါတို့လည်း မျက်စိပိတ်နားပိတ်ပဲလို့ အေဒရီယံက ဝင်ပြောတယ်။ ဗိုလ်မှူးကြီးက သူ့ဘာသာခေါင်းခါနေတယ်။ စိတ်ချမ်းသာပုံမရဘူး။ သူကိုယ်တိုင်က အိမ်တော်ကြီးကို တိုက်ရိုက် ဝင်ထွက်သွားလာနိုင်တယ်။ သူ့အဖေကိုယ်တိုင်ကလည်း ဗိုလ်ချုပ်ကြီးဖြစ်ခဲ့ဖူးတယ်။ ခုတော့ အနားယူသွားပြီ။

          ဗိုလ်မှူးကြီးကတော့ တစ်ခုခုကို သတိရသွားပုံပဲ ပြုံးပြလိုက်ရင်း မင်းဖို့ မာလကာသီးတွေပါတယ်။ ဒီကိုမလာခင် အဖေ့ကို သွားကန်တော့တော့ အဖေက မင်းအတွက် သူ့ခြံထဲက မာလကာသီးတွေ ခူးပေးလိုက်တယ်လို့ပြောရင်း သူ့ဘာသာရယ်နေတယ်။ အဖေကပြောဖူးတယ်။ မာလကာသီးဆိုတာကို အနောက်တိုင်းသားတွေက လူဆင်းရဲတွေရဲ့ ပန်းသီး Apple of the poor လို့ခေါ်တာ။ ဒီကောင့်ကျခါမှ ပန်းသီးစားနိုင်လျက်ကနဲ့ မာလကာသီးကို ဘာလို့ကြိုက်တယ်ဆိုတာ ငါ စဉ်းစားလို့မရဘူးလို့ အဖေက ပြောလေ့ရှိတယ်လို့ ဗိုလ်မှူးကြီးက ထပ်ပြောတယ်။ အဖေကြီးနေကောင်းလားလို့ ကျွန်တော်က မေးလိုက်မိတယ်။ ကောင်းတယ်လို့ သူကဖြေရင်း အေဒရီယံကိုလှမ်းကြည့်လိုက်တယ်။ ကျွန်တော့်ကို မကြည့်ပဲ ကျွန်တော့်ကိုဘက်ကို သူ့လက်မနဲ့ညွှန်ပြီး ဟိုတစ်ခေါက်က အဖေနဲ့တွေ့တော့ အဖေက ခု သူတရားထိုင်တယ်လို့ ပြောတယ်။ ဒီတော့ သူက ဘာပြောတယ်ထင်သလဲ။ တရားထိုင်တာ အညောင်းမိနိုင်တယ်။ စိတ်ရဲ့အေးချမ်းမှု၊ ငြိမ်းအေးမှုရဖို့သက်သက်ပဲ။ ဂေါက်သီးပြန်ရိုက်ပါ ဗိုလ်ချုပ်ကြီးလို့ ပြောသတဲ့။ ဒါတင်မဟုတ်သေးဘူး။ ဂေါက်ရိုက်တာက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လွတ်လပ်မှုကို ရနိုင်တယ်။ ရုပ်ပိုင်းဆိုင်ရာ လွတ်လပ်မှုမပါတဲ့ စိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှုဟာ ကြက်ဥ၊ ဘဲဥကို အခွံမခွဲဘဲ ဒီအတိုင်းစားခိုင်းတာနဲ့ အတူတူပဲ ဗိုလ်ချုပ်ကြီးလို့ ထပ်ပြောသေးတာလို့ ပြောပြီး ဗိုလ်မှူးကြီးက ရယ်ရော။ အေဒရီယံကလည်း ရယ်လိုက်ရင်း မဟုတ်ဘူးလား ဗိုလ်မှူးကြီးလို့မေးတယ်။ ဗိုလ်မှူးကြီးက ခေါင်းညိတ်ရင်း ဟုတ်တော့ ဟုတ်ပါတယ်လို့ပြောပြီး ဘာမှဆက်မပြောဘူး။ နောက်တော့ သူ့တာဝန်နဲ့ပတ်သတ်တာတွေ၊ ကျွန်တော်တို့ သိသင့်သိထိုက်တာတွေ ပြောတယ်။ သိသင့်သိထိုက်တယ်ဆိုတာက ဒီလေတပ်စခန်းထဲမှာ ညဘက်အပြင်ဘက်ဆီထွက်ပြီး လမ်းလျှောက်ကြရင် သိထားသင့်တဲ့  အကြောင်းတွေပဲ။

          တကယ်လို့ ညဆယ်နာရီခွဲ ​နောက်ပိုင်းမှာ ခင်ဗျားတို့အနေနဲ့ အပြင်ဘက်ထွက်ပြီး ဒီဝင်းထဲမှာ ခြေဆန့်လက်ဆန့်လမ်းလျှောက်ချင်ရင် လွတ်လွတ်လပ်လပ် လျှောက်နိုင်ပါတယ်။ ကြိုးအပြာရောင်တပ်ထားတဲ့ ကတ်ပြားကလေးသာ လည်ပင်းမှာ ဆွဲထားဖို့မမေ့ပါနဲ့။ ခင်ဗျားတို့ရဲ့ လုံခြုံရေးအတွက် ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ခင်ဗျားတို့ကို ပေးထားတဲ့  အပြာရောင်ကြိုးကလေးဟာ ညဘက်ပစ်ကွင်းကြည့် မှန်ပြောင်းထဲမှာ ပေါ်နိုင်တဲ့ အမှတ်အသားပါပါတယ်။ အဲဒီအမှတ်အသားကလေးတွေက ခင်ဗျားတို့ကို ဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်ပြီးသားပါ။ ခု ခင်ဗျားတို့နေတဲ့ အဆောက်အဦးရဲ့အရှေ့ဘက်တံခါးက ထွက်ရင် မျှော်စင်က ကင်းအဖွဲ့က ခင်ဗျားတို့ ဝင်တာ၊ ထွက်တာ မြင်နေရပါတယ်။ သူတို့က ၇၀ နဲ့ ၇၇ ဒီဂရီအမြင့်ကနေကြည့်နေမှာပါ။ အဲဒီလိုပဲ ဒီအဆောက်အဦးရဲ့ရှေ့က လမ်းကလေးကနေ ဘယ်ဘက်အတိုင်းလျှောက်မယ်ဆိုရင် အရေးပေါ်သုံးဖို့ထားတဲ့ ဟယ်လီကော်ပတာတွေ ထားတဲ့နေရာအထိ လျှောက်နိုင်ပါတယ်။ အဲဒီဂိတ်ကိုတော့ မဖြတ်နိုင်ပါဘူး။ ဂိတ်မရောက်ခင် ကိုက် ၂၀၀ ရဲ့ ညာဘက်မှာ ကင်းပုန်းရှိပါတယ်။ လက်ဖြောင့်တပ်သားကျော် ခုနစ်ယောက်ရှိပါတယ်။ ပစ်ရမယ်ဆိုရင် ကိုက် ၁၀၀ အတွင်းမှာ လူတစ်ယောက်ရဲ့ မျက်ခုံးမွေးနှစ်ခုကြား တည့်တည့်ထိအောင် ပစ်နိုင်တဲ့သူတွေချည်းပါပဲ။ အဲဒီဘက်ကို လျှောက်ရင်ဖြင့် ခင်ဗျားတို့ဟာ ပစ်ကွင်းအညွှန်းအရ ၂ နာရီနဲ့ ၃ နာရီအကြားမှာ ရှိနေမှာပါ။ ခင်ဗျားတို့ိကို သူတို့ရဲ့ ပစ်ကွင်းကြည့်မှန်ပြောင်းကနေ အမြဲကြည့်နေမှာပါ။ ဒီတော့ ခင်ဗျားတို့ဟာ အမြဲတမ်း အန္တရာယ်ကင်းပါတယ်။ ဗိုလ်မှူးကြီး ရှင်းပြနေတာ မဆုံးသေးဘူး၊ အားလုံးငြိမ်နားထောင်နေတုန်း မာရီယိုဆီက ဟာ ဆိုပြီး အသံထွက်လာတယ်။ အားလုံးကို သူ့ကို လှမ်းကြည့်လိုက်ကြတယ်။ ကလယ်ကတော့ ကိုယ့်လူ ကိုယ်ထိန်းတဲ့သဘောနဲ့ နင် ဘာသိချင်သလဲ မာရီယိုလို့ လှမ်းမေးတယ်။ မဟုတ်သေးပါဘူးဟာ။ ငါတို့ သွားလာလှုပ်ရှားနေတဲ့နောက်ကို လက်ဖြောင့်သေနတ်သမားတွေက သူတို့မှန်ပြောင်းထဲကနေကြည့်ပြီး ချိန်ထားမယ်ဆိုတာက ငါ့စိတ်ထဲတော့ တစ်မျိုးကြီးပဲ။ ငါတို့က ရန်သူမှမဟုတ်ဘဲလို့ မာရီယိုက ပြောတယ်။

          ကျွန်တော်တို့ကတော့ ဗိုလ်မှူးကြီးဆီက ဘာဖြေမယ်ဆိုတာ စောင့်နေမိတယ်။ ကလယ်ကတော့ ဘာမှမပြောတော့ဘူး။ ဗိုလ်မှူးကြီးက ဘာမှထပ်မပြောခင် သူ့ဘာသာ ခေါင်းညိတ်နေတယ်။ ခင်ဗျားကို ကျွန်တော်နားလည်ပါတယ်ဆိုတဲ့ မျက်နှာပေးမျိုးနဲ့။ နောက်တော့မှ ခင်ဗျားအနေနဲ့ ခုလိုအနေအထားမျိုးနဲ့ မကြုံဖူးသေးလို့ပါလို့ အစချီပြီး ရှင်းပြပြန်တယ်။ ခင်ဗျားတို့ရဲ့ လှုပ်ရှားမှုတိုင်း ကျွန်တော်တို့ သိနေပါမှ ခင်ဗျားတို့ရဲ့ လွတ်လပ်မှုကို ကျွန်တော်တို့က ကာကွယ်စောင့်ရှောက်ပေးနိုင်မှာ။ ခင်ဗျားတို့ကို အခုလိုစောင့်ရှောက်ကြည့်နေရတာက တကယ်လို့ ခင်ဗျားတို့ရဲ့ လွတ်လပ်မှု၊ အသက်အန္တရာယ် စတာတွေကို ကာကွယ်စောင့်ရှောက်ပေးနေတဲ့ ကိစ္စမှာ ဒုတိယအခွင့်အရေးဆိုတာ မရှိနိုင်ဘူး။ ဆိုလိုတာက ခုလို စက္ကန့်မလပ်စောင့်ရှောက်မကြည့်ဘဲလည်း ရပါတယ်လေ။ ဘာမှပြဿနာပေါ်စရာမရှိပါဘူးလို့ သဘောထားလိုက်မိတဲ့အတွက် လွှတ်ထားလိုက်တုန်း တစ်ခုခုဖြစ်ခဲ့ရင် ဖြစ်ခဲ့တဲ့ကိစ္စကို မပြင်နိုင်တော့ဘူး။ ပြန်ပြင်လို့မရောတ့ဘူး။ အထူးသဖြင့် အသက်နဲ့ယှဉ်ပြီး လုပ်ရတဲ့ကိစ္စတွေမှာ ဒုတိယအခွင့်အရေးဆိုတာ မရှိဘူး။ သေခြင်းရှင်ခြင်းဆိုတာ ပြန်ပြင်လို့မရဘူး။ ခင်ဗျား သဘောပေါက်ပါလိမ့်မယ်လို့ ဗိုလ်မှူးကြီးကပြောရင်း အားလုံးကို တလှည့်ချင်းကြည့်လိုက်တယ်။ ပြီးတော့မှပြုံးပြီး သူ့လက်နှစ်ဖက်ကို သူ့ဘာသာပွတ်နေတယ်။ ကျွန်တော်တို့လည်း ခေါင်းညိတ်မိလိုက်ကြတယ်။ မာရီယိုတောင် သူ့ဘာသာ ခေါင်းညိတ်နေတယ်။ သူ့အနေနဲ့တော့ သဘောတူချင်မှတူမယ်။ ဒါပေမယ့် ဒီနေရာမှာတော့ သူ့အနေနဲ့ ဘာမှရွေးချယ်စရာမရှိဘူး။ လူမှာ လွတ်လပ်စွာ ​ရွေးချယ်ခွင့်ရှိတယ်ဆိုတာက အမှန်ပဲ။ ဒါပေတဲ့ လွတ်လပ်စွာရွေးချယ်ခွင့်ရှိတာဟာ လွတ်လပ်နေလို့တော့ မဟုတ်ဘူး။ လူဆိုတာ လွတ်လပ်တယ်ဆိုတဲ့ အနေအထားထဲမှာ ရှိနေရလေတော့ လူနဲ့လွတ်လပ်ခြင်းဆိုတာကို ခွဲခွာပစ်လို့မရနိုင်တဲ့အခြေအနေဖြစ်နေလို့ပဲ။ တကယ်တော့ လွတ်လပ်ခြင်းဟာ ရုံးမင်းက သေဒဏ်ပေးထားလိုက်သလိုမျိုးပဲ။ လူဖြစ်နေရခြင်းအတွက် လူတိုင်းကျခံထားလိုက်ရတဲ့ ပြစ်ဒဏ်ပဲ။ လွတ်လပ်ခြင်းဟာ လူသားတိုင်းအတွက် သေခြင်းတရားလိုပဲ၊ ရှောင်ပြေးပုန်းလို့ မရနိုင်တာတစ်ခု။

          ပထမနေ့ အစည်းအဝေး လုပ်တဲ့နေရာက လေတပ်စခန်းထဲမှာပဲ။ ကျွန်တော်တို့နေနေတဲ့ အဆောက်အဦးကနေ ဆယ်မိနစ်လောက်ပဲ သွားရတယ်။ ကျွန်တော်တို့မိတ်ဆွေ ဗိုလ်မှူးကြီးကိုယ်တိုင် လိုက်ပို့တယ်။ အဲဒီအဆောက်အဦးဆီရောက်ပြီး အစည်းအဝေးလုပ်မယ့်အခန်းထဲကို သွားရင်း ဗိုလ်မှူးကြီးက ပြောတယ်။ ဒီအဆောက်အဦးထဲက အစည်းအဝေးခန်းဟာ တော်ရုံ ဗုံးဒဏ်ကို ခံနိုင်သတဲ့။ အစည်းအဝေးခန်းထဲ ဝင်ခါနီးတော့ အေဒရီယံက မာရီယိုကို အသာကပ်ပြီးနောက်တယ်။ မင်းဘာမှမပူနဲ့။ ဒီအခန်းကို ဗုံးနဲ့ကြဲလို့မရဘူး။ ဗုံးဒဏ်ခံနိုင်တယ်လို့ပြောပြီး နောက်တယ်။ ထုံးစံအတိုင်းပဲ၊ မာရီယိုက မျက်လုံးပြူးသွားပြီး ခပ်တိုးတိုး ပြန်ပြောတယ်။ သေချင်းဆိုး မင်းမှာ ဒီထက်ကောင်းတဲ့သတင်းမရှိဘူးလားတဲ့။ အဲဒီနေ့မနက်က ကျွန်တော်တို့လည်း နေ့လယ်စာ စားချိန်လောက်အထိ အစည်းအဝေးခန်းထဲမှာပဲ အချိန်ကုန်ကြတယ်။ အဓိကကတော့ သူတို့အနေနဲ့ ကျွန်တော်တို့သိသင့်တာတွေ အသေးစိတ်ထပ်ပြီးရှင်းပြတာပဲ။ နေ့လယ်စာ စားပြီးတော့ အစည်းအဝေးမဆက်တော့ဘူး။ သူတို့ဆီက အရေးပါတဲ့လူတွေထဲက တချို့က တစ်နေရာမှာထပ်ပြီး အစည်းအဝေးသွားရမယ်တဲ့။ သူတို့တစ်တွေ ဗျာများနေတာ သိသာတယ်။ ကျွန်တော်တို့အနေနဲ့ကတော့လည်း ကျွန်တော်တို့ သိထားပြီးသားတွေနဲ့ သူတို့ပြောတာတွေကို ပြန်ပြီး တိုက်ဆိုင်စစ်ဆေးကြည့်သေးတယ်။ အချိန်ယူရမယ်။ ကျွန်တော်တို့မိတ်ဆွေ ဗိုလ်မှူးကြီးကတော့ နေ့ခင်းစာစားမှ ပြန်တွေ့ရတယ်။ သူက အစည်းအဝေးခန်းထဲ မဝင်ရဘူး။ ကျွန်တော်တို့ အတွင်းရေးမှူးလိုပဲ။ သူတို့က အစည်းအဝေးနဲ့ မဆိုင်ဘူး။ သိီးခြားအလုပ်တွေနဲ့သာ ဆိုင်တာ။ စားသောက်ခန်းမှာတော့ သူတို့ပါ စားကြရတယ်။ ဝန်ကြီးချုပ်ရဲ့ လက်ထောက်က အစားအသောက်တွေကို လိုက်ကြည့်ရင်း ကြိုက်မကြိုက် မေးတယ်။ ကျွန်တော်တို့ စားချင်တာမျိုးတွေတော့ မဟုတ်ဘူး။ သူတို့အစာတွေကို ခေတ်မီမီချက်ထားတာပဲ။ ဒီတော့လည်း အစာက အရသာရှိသင့်သလောက်မရှိဘူး။ အလှပြင်ထားတဲ့ အစာနဲ့တူနေတယ်။ ဓနုဖြူဒေါ်စောရီဆိုင်က ဝက်သားဟင်းကို လူဖြူတွေ ကြိုက်မလားရယ်လို့ ပြင်ချက်လိုက်ရင် ဘိုလည်းမကြိုက်၊ မြန်မာလည်း မကြိုက်တဲ့ဟင်းမျိုးပဲဖြစ်သွားမှာပဲ။ ခုတော့ သူတို့ုတိုင်းရင်းသားအစားအစာတွေဟာ မကောင်းတတ်လို့ မျိုချလိုက်ရတဲ့အစာမျိုးပဲ ဖြစ်သွားတယ်။

          ကျွန်တော်တို့နေနေတဲ့ အဆောက်အဦးကို ပြန်ရောက်တော့ ကျွန်တော်တို့ဘာသာ အလုပ်အတွက်အစည်းအဝေးသဘောမျိုးလေး ထပ်လုပ်ရတယ်။ ကျွန်တော်တို့အတွက်ပေးထားတဲ့ သီးသန့်စားသောက်ခန်းထဲမှာ။ စားသောက်ခန်းကို မနေ့ကတည်းက ဟိုဆေးက စစ်ထားတယ်။ စစ်ထားတယ်ဆိုတာက အခန်းမှာ အသံဖမ်းစက်ကိရိယာတွေ၊ တခြားကနေ လှမ်းနားထောင်နိုင်တာတွေ ရှိ၊ မရှိစစ်တာပဲ။ ကျွန်တော်တို့ထဲမှာ ပါလာတဲ့ ဟိုဆေးက ဒီကိစ္စတွေမှာတော်တယ်။ ကွန်ပျူတာတို့ အင်တာနက်တို့ ကိစ္စတွေမှာ သူမရှိရင် ကျွန်တော်တို့ ဘာမှလုပ်တတ်မှာမဟုတ်ဘူး။ ဘယ်နေရာမှာ ဘယ်လို ပိတ်ဆို့ထားတာတွေ ရှိတဲ့အထဲက ကျွန်တော်တို့ သိချင်တာ တစ်ခုခုရှိရင် သူက ရှာပေးနိုင်တယ်။ အင်မတန်လုံခြုံပါတယ်ဆိုတဲ့ ဘဏ်တစ်ခုခုက လူတစ်ယောက်ရဲ့ ဘဏ်စာရင်းကိုကြည့်ချင်ရင် သူက ရှာပေးနိုင်တယ်။ မာရီယိုကတော့ ဟိုဆေးကို မင်းလည်း သူခိုးအကြီးစားပဲလို့ နောက်လေ့ရှိတယ်။ ဟိုဆေးက မင်းလိုပေါ့ မာရီယိုရယ်။ ဗက်တီကန်မှာ သာသနာပိုင်ဖြစ်မယ့်လူတွေမှ မဟုတ်ပဲလို့ တုံ့ပြန်တော့ပှ မာရီယိုက အမြင်မှန်ရသွားပုံပေါ်တယ်။ အေး၊ ဟုတ်သားရယ်လို့ ဝန်ခံတယ်။ ဟုတ်တော့လည်း ဟုတ်တယ်။ ကနေ့ကမ်ဘာကြီးမှာ လူရိုးဟာ သင်္ချိုင်းမှာပဲ ရှိတယ်ဆိုတဲ့ အနေအထားပြန်ရောက်သွားပြီး။ ရိုးလို့၊ အ လို့ ခံံရရင် ခံရတဲ့လူတွေ မသနားကြတော့ဘူး။ သစ္စာတို့၊ မေတ္တာတို့အရင်းခံနဲ့ ပြောတယ်လုပ်တယ်ဆိုတာဟာ ဘေးလူကြားကောင်းရုံထက် မပိုတော့ဘူး။ ချမ်းသာနေလို့၊ အာဏာရှိနေလို့၊ သစ္စာတွေ၊ မေတ္တာတွေ အရင်းခံပြီး ပြောနေတာတွေ ကြားလာရတိုင်း ခင်ဗျားတို့ပြောနေတာတွေကို ယုံမယ့်လူ ​တော်တော်များများ ရှိကောင်းရှိမယ်။ အဲဒီလူတွေစာရင်းထဲတော့ ကျွန်တော်မပါဘူးလို့ပဲ စိတ်ထဲက မှတ်လိုက်မိတယ်။ ခပ်ညံ့ညံ့လူတွေ အတော်များများရဲ့ ရှိနေခြင်းဟာ လူနည်းစုကို လူချမ်းသာတွေဖြစ်လာအောင်၊ အာဏာရှိတဲ့လူတွေဖြစ်လာအောင် လုပ်ပေးနေတာပဲ။ အာဏာလိုချင်တဲ့ လူတစ်ယောက် အာဏာရဖို့ အာဏာဆိုတာ ဘာမှန်းမသိတဲ့လူတွေက ဝိုင်းပြီး မဲပေးရတယ်ဆိုတာကိုက ဆာ(ရ)ထာပြောသလိုဖြင့် တခုခုလွဲနေတာပဲ။ ဒါကြောင့်လည်း မာရီယိုလို ပညာရှင်တွေဟာ သိပ်လိုအပ်တယ်။ ဘယ်လိုလူက ဘယ်နေရာမှာ ဘယ်လိုပြောတာဟာ ဘာကြောင့်ဆိုတာမျိုးကို အကဲဖြတ်နိုင်တယ်။ ကျွန်တော်တို့နဲ့အတူ သူပါလာတဲ့အတွက် စကားပြောတဲ့လူတွေကိုပဲ သူက ဂရုစိုက်ပြီး ကြည့်တတ်တယ်။ ပြောတဲ့လူက ပြောတဲ့အချက်အလက် မှန်တာမှားတာကို သူ ဂရုမစိုက်ဘူး။ ပြောတဲ့လူက ဘယ်လောက်မှန်မှန်ကန်ကန်ပြောနေတယ်ဆိုတာကို သူက ဂရုစိုက်ကြည့်နေတာ။ ကျွန်တော်တို့ ထည့်စဉ်းစားရတဲ့ အချက်တွေထဲမှာ သူ့အကဲဖြတ်မှုကလည်း အတော့်ကို အရေးကြီးတယ်။

          သေချာတာကတော့ ဝန်ကြီးချုပ်က ငယ်ငယ်က ကျောင်းကောင်းကောင်းမှာ နေဖူးတယ်လို့ မာရီယိုဆီက ပထမဆုံးကောက်ချက်ထွက်လာတယ်။ အကုန်လုံးက မာရီယိုကို လှမ်းကြည့်နေကြတယ်။ သေချင်းဆိုး၊ မင်းကို ပိုက်ဆံပေးငှားထားတာက ဝန်ကြီးချုပ်ငယ်ငယ်က ကျောင်းကောင်းကောင်း နေဖူးတယ်ဆိုတာ သိချင်လို့မဟုတ်ဘူးလို့ အေဒရီယံက လှမ်းပြောရင်း သူ့လက်ထဲက လက်သုတ်နေတဲ့ စက္ကူနဲ့ လှမ်းပေါက်လိုက်တယ်။ ကျွန်တော်တို့လည်း ရယ်လိုက်မိကြတယ်။ လက်သည်းဆိုးဆေး အရောင်ကိုရော မင်းကြိုက်ရဲ့လားလို့ လျူးက ရယ်စရာ ဝင်ပြောတယ်။ တရုတ်စပ်တယ်လို့ သူက ထပ်ပြောပြီး ဒီကောင်တော့ ခေါင်းဖြတ်ပစ်ဖို့ကောင်းပြီလို့ ဆက်ပြောတယ်။ မာရီယိုက လက်ကာပြပြီး မင်းတို့ ပျင်းနေကြမှာစိုးလို့ပါကွာလို့ ပြောပြီး သူ့စိစစ်အကဲဖြတ်ချက်တွေအကြောင်း ပြောတယ်။ ဒီတော့လည်း ကျွန်တော်တို့ နားထောင်ခဲ့ရတာတွေမှာ ခုနစ်ဆယ့်ငါးရာခိုင်နှုန်းအထက် မှန်တယ်လို့ ကျွန်တော်တို့ လက်ခံကြရဖို့ဖြစ်လာတယ်။ တစ်နာရီသာသာလောက် ကျွန်တော်တို့အချင်းချင်း ဆက်ပြီး ဆွေးနွေးကြရတယ်။ ကျွန်တော်တို့ဘက်က စိစစ်ရတာတွေနဲ့ ပြန်ပြီး တိုက်ဆိုင်စစ်ကြည့်တော့ ကျေနပ်လောက်တဲ့ ထုတ်ယူနိဂုံးတွေ ဆွဲလို့ရလာတယ်။ ကိုင်း ဒီလိုဖြင့် ရှမ်ပိန်တစ်လုံးလောက် ဖောက်စို့လို့ ကျွန်တော်က ပြောလိုက်မိတယ်။ အေဒရီယံက လျူးကို အသာမေးငေါ့ပြလိုက်တယ်။ တံခါးဖွင့်ခိုင်းလိုက်တာ။ အပြင်ကလူတွေကိုလည်း ခေါ်လိုက်ပါလို့ ထပ်ပြောတယ်။ အပြင်မှာက ဟိုဆေးနဲ့ကလယ်တို့ ရှိနေကြတယ်။ မာရီယိုကတော့ ကျွန်တော်တို့မှတ်စုစာရွက်တွေ လိုက်တောင်းပြီး သူ့လက်ထဲမှာ စုကိုင်ထားတယ်။ ဟိုဆေးဝင်လာရင် သူ့လက်ထဲမှာ ခရီးဆောင်ပြာချစက်ကလေး ပါလာမှာကိုး။ စက်ကလေးက ဘယ်လိုလုပ်ထားမှန်းတော့မသိဘူး။ ရိုးရိုးခရီးဆောင်သေတ္တာလေးလိုပဲ။ အဲဒီအထဲကို စာရွက်တွေထည့်လိုက်ရင် ပြာဖြစ်သွားရော။ ကလယ်နဲ့ ဟိုဆေးတို့ ဝင်လာကြတော့ ကလယ်က ရှမ်ပိန်နှစ်လုံးကိုင်လာတယ်။ ဟိုဆေးကတော့ ပြာချစက်ကလေးကိုင်လာပြီး စားပွဲပေါ်မှာ တင်လိုက်တယ်။ လျူးက ဖန်ခွက်တွေ ယူလာတယ်။ မာရီယိုက သူ့လက်ထဲက စာရွက်တွေကို ဟိုဆေးကို ပေးလိုက်တော့ ဟိုဆေးက အားလုံးကို လှမ်းကြည့်လိုက်ပြီး သူ့လက်ညှိုးနဲ့ သူ့ခေါင်းကို ထိုးပြတယ်။ သူဆိုလိုချင်တာက ခင်ဗျားတို့ဟာတွေ ခေါင်းထဲမှာ အကုန်ရောက်ပြီလားဆိုတာပဲ။ စက်ထဲထည့်ပြီးရင် ဘာမှ ပြန်လုပ်လို့မရတော့ဘူး။ စက်ကလေးက တစ်လမ်းသွားပဲ။ အားလုံးက ခေါင်းညိတ်ပြလိုက်တော့ ဟိုဆေးက စာရွက်တွေအားလုံးကို သေတ္တာကလေးထဲထည့်ပြီး အဖုံးပိတ်လိုက်တော့တယ်။ အားလုံးက လက်ခုပ်တီးနေကြတုန်း၊ လျူးက ရှမ်ပိန်ဖောက်လိုက်လို့ ဖောင်းခနဲ မြည်သွားတော့တယ်။

          မာရီယိုကတော့ ရှမ်ပိန်မသောက်ခင် မနက်ဖြန်အတွက် ငါ မလိုတော့ဘူး မဟုတ်လားလို့ မေးလို့ အေဒရီယံက ခေါင်းညိတ်ပြလိုက်တယ်။ အတော်ဝမ်းသာသွားပုံရတယ်။ ရှမ်ပိန်ကို တစ်ချီတည်းမော့ချလိုက်ပြီး ငါတော့ ဘီယာသောက်တော့မယ်လို့ပြောပြီး အခန်းအပြင်ဘက်ဆီ လျှောက်သွားရော။ သတိရလိုက်မိတာနဲ့ မာရီယို မင်းသောက်ချင်ရာ သောက်နိုင်တယ်။ စားချင်တာကို မှာ၊ မနက်ဖြန်နေ့ခင်းမှ ငါတို့ ဒီဝင်းထဲက ထွက်လို့ရမှာလို့ ကျွန်တော်က လှမ်းပြောလိုက်ရတယ်။ ဒီတော့မှ သူရောက်နေတဲ့ အနေအထားကို သူ့ဘာသာ သတိရသွားပုံရတယ်။ မာရီယိုက တံခါးနားမှာ မတ်တပ်ရပ်ရင်း သူ့နဖူးနဲ့ တံခါးဘောင်ကို အသာခွေ့ပြလိုက်လို့ အားလုံး ရယ်ကြရသေးတယ်။ နောက်တော့ သူက လှမ်းကြည့်လိုက်ရင်းမေးတယ်။ မနက်ဖြန် ဘယ်အချိန် တော်မို လာမလဲတဲ့။ တော်မိုဆိုတာက ကျွန်တော်တို့ကို ပြန်ပို့ပေးမယ့် လေယာဉ်ကလေးက လေယာဉ်မှူး။ အရင်ကတော့ လေတပ်က ဖိုက်တာမောင်းတဲ့ ပိုင်းလော့။ ခုတော့ အနားယူပြီး သူနဲ့ သူ့သူငယ်ချင်းတစ်ယောက်က ဆယ်ယောက်စီး၊ ရှစ်ယောက်စီးလေယာဉ်ပျံကလေးတွေန့ဲ ကိုယ်ပိုင်စီးပွားရေးလုပ်နေကြတယ်။ အဆက်အသွယ်တွေကလည်း ကောင်းတယ်။ လေယာဉ်ကွင်းတိုင်းလိုလိုမှာ သူတို့နဲ့ မကင်းရာမကင်းကြောင်း လူတွေရှိတယ်။ ဒိဒေသတကြောက အစိုးရပိုင်းက လူတွေ၊ အစိုးရနဲ့ပတ်သတ်တဲ့ စာရင်းမဝင်၊ အင်းမဝင် ခရီးသွားတဲ့လူတွေရဲ့မိတ်ဆွေပဲ။ ကျွန်တော်ကတော့ သူရဲ့ စက်စနာအမ်တူးဆိုတာကလေးကို သဘောကျတယ်။ ကစားစရာလေယာဉ်ပျံကလေးနဲ့ တူလို့။ နောက်နေ့တော့ တော်မို့ လေယာဉ်ပျံကလေး နေ့ခင်းဆယ့်နှစ်နာရီလောက်မှာ ရောက်နေပြီဆိုတာ ဗိုလ်မှူးကြီးက သတင်းပေးလို့ သိရတယ်။

          လေယာဉ်ပျံကလေး လေထဲမှာ အသားကျသွားတော့ တော်မိုက ဦးပိုင်းက သူ့အခန်းထဲကနေ ထွက်လာတယ်။ ထုံးစံအတိုင်းပဲ။ သူ့လေယာဉ်ပျံအတွက် လက်မှတ်ထိုးပေးစရာ ယူလာရင်း ဘယ်သွားကြမှာလဲလို့ မေးတယ်။ ခရီးစဉ်အတိအကျကို လေယာဉ်ပေါ်ရောက်မှ အသိပေးနေကျ။ လက်မှတ်ထိုးစရာစာရွက်တွေကို ကလယ်က လှမ်းယူနေတုန်း အေဒရီယံက မင်းခေါ်လာတဲ့နေရာ ပြန်ခေါ်သွားပေါ့ကွာလို့ ပြောတော့ တော်မိုက ခေါင်းညိတ်ရင်း လှည့်ပြုံးပြတယ်။ နောက်တော့ ကျွန်တော့်ကို ကြည့်လိုက်ရင်း အလာတုန်းက ခင်ဗျား ပြောတယ်။ ခင်ဗျားမိန်းမနဲ့ မြို့တော်ကြီးမှာ ဆုံမှာဆို…။ ကျွန်တော် လှည့်ပြီး ပို့ပေးရမလားလို့ မေးတယ်။ ကျွန်တော်က အသာပဲ ခေါင်းခါပြလိုက်တယ်။ ညနေကျမှ ဟိုက ခြောက်နာရီလောက်ထွက်တဲ့ လေယာဉ်ပျံနဲ့ ပြန်လိုက်သွားမယ်။ အေဒရီယံရော၊ မာရီယိုရော ပြန်ကြမှာ။ ကလယ်တို့ကတော့ လျှောက်ကြည့်ချင်သေးလို့ တစ်ရက်နှစ်ရက်ကြာမှ လိုက်လာမယ်၊ မင်းသိသားပဲ။ တို့က ဒီနိုင်ငံထဲမှာ တရားဝင် မရှိကြသေးဘဲ၊ ရောက်မှ မရောက်သေးဘဲ မယုံရင် ငါတို့နိုင်ငံကူးလက်မှတ်ကြည့်ပါလားလို့ ကျွန်တော်က ဖြေရင်း နောက်လိုက်တယ်။ တော်မိုက ပြုံးတယ်။ ဒီအသိုင်းအဝိုင်းထဲမှာ ကြာခဲ့ပြီဖြစ်လို့ ထပ်မမေးတော့ဘူး။ မာရီယိုကို လှည့်ကြည့်လိုက်တယ်။ မာရီယိုက ရှေ့ဆုံးမှာ တစ်ယောက်တည်း ထိုင်နေရင်း လေယာဉ်ပျံရဲ့အပြင်ဘက်ကို ငေးနေတယ်။ မင်းကြည့်ရတာ သိပ်စိတ်မရွှင်ဘူးထင်တယ်လို့ ပြောပြီး တော်မိုက သူ့ဘောင်းဘီအိတ်ထဲက သကြားလုံးကလေး တစ်လုံး ထုတ်လိုက်ပြီး မာရီယိုကို လှမ်းပေးရင်း မင်းကိုယ်ထဲမှာ သကြားဓာတ် နည်းနေလို့ဖြစ်မယ်လို့ နောက်တယ်။ သကြားလုံးကလေးက သကြားလုံး လုံးလုံးကလေးနောက်မှာ တုတ်တံကလေးတပ်ထားတဲ့ သကြားလုံးကလေးမျိုး။ တော်မိုက အဲဒီသကြားလုံးကလေးမျိုးကို စီးကရက်ခဲသလိုမျိုး ငုံတတ်တယ်။ မာရီယို လှမ်းယူလိုက်ရင်း ကျေးဇူးပဲ။ ငါ့ကိုယ်ထဲမှာ သကြားဓာတ်နည်းနေတာ အမှန်ပဲလို့ ပြန်ပြောလိုက်ပြီးတော့မှ စိတ်မရွှင်တာတော့ မဟုတ်ဘူးကွာ၊ စဉ်းစားကြည့်လို့ နားကို မလည်နိုင်ဘူး ဖြစ်နေတယ်လို့ ပြန်ဖြေတယ်။ တော်မိုက လေယာဉ်ဦးပိုင်းဘက်ကို ခြေနှစ်လှမ်းလောက် နောက်ဆုတ်သွားပြီး လေယာဉ်ရဲ့နံရံကို မှီပြီးရပ်လိုက်ရင်း ပြောစမ်းပါဦး၊ မင်းပြဿနာ လို့ မေးတယ်။

          ကျွန်တော်တို့ကတော့ မာရီယို ဘာပြောမယ်ဆိုတာ သိပြီးသားပေမယ့် အားလုံးက နားစွင့်နေကြတယ်။ လူတစ်ယောက်ရဲ့ လွတ်လပ်ခွင့် ဆုံးရှူံးမသွားအောင် သေနတ်နဲ့ချိန်ပြီး စောင့်ရှောက်ရတယ်ဆိုတာ ငါ ဘယ်လိုမှ နားလည်ကြည့်လို့မရဘူး လို့ ပြောပြီး မာရီယိုက သကြားလုံးကလေးကို အခွံခွာနေတယ်။ တော်မိုက ဘာမှပြန်မပြောဘူး။ သကြားလုံး အခွံခွာနေတဲ့ မာရီယိုကို ကြည့်နေတယ်။ လေယာဉ်ပျံရဲ့ အပြင်ဘက်က လာတဲ့ စက်သံပဲ ကြားနေရတယ်။ နောက်တော့မှ တော်မိုက ပြောတယ်။ ငါဟာ အရင်တုန်းက ဟောက်နက်မောင်းနေတာ။ ငါ့အလုပ်က ငါတို့နိုင်ငံရဲ့ မြောက်ဘက်ကမ်းရိုးတန်း တကြောရဲ့ လုံခြုံရေးအတွက် တာဝန်ယူရတယ်။ လုံခြုံရေးဆိုပေတဲ့ တို့တိုင်းပြည်က အန္တရာယ်မရှိတဲ့တိုင်းပြည်။ တခြားတိုင်းပြည်တွေနဲ့လည်း ဝေးတယ်။ တခြားတိုင်းပြည်တွေလို ရန်မများဘူး။ တို့က သူများ သွားကူပေးရတာလောက်က လွဲရင် ဘယ်သူနဲ့မှလည်း စစ်မဖြစ်ဖူးဘူး။ ပြောမယ်ဆိုရင်တော့ ငါတို့ကို ဘယ်သူကမှလည်း လာတိုက်မှာမဟုတ်ဘူူး။ ဒါပေမယ့် ငါ့အလုပ်က ဘယ်သူကမှ လာမတိုက်တဲ့စစ်ကို မျှော်လင့်နေရင်း လုံခြုံရေးတာဝန်ယူနေရတာပဲ။ နေရာအမျိုးမျိုးပြောင်းပြီး တာဝန်ထမ်းဆောင်ခဲ့ရပေတဲ့ ငါ့ရဲ့ အဓိကတာဝန်ဟာ ဘယ်သူကမှ လာမတိုက်မယ့်စစ်ကို သိသိချည်းနဲ့ မျှော်လင့်ချက်အပြည့်ထားရင်းနဲ့ တာဝန်ယူပြီး ကာကွယ်စောင့်ရှောက်နေခဲ့ရတာဟာ နောက်ဆုံးတော့ လေတပ်က ထွက်တဲ့အထိပဲ။ တကယ်တော့ လွတ်လပ်ခြင်းကို ဆုံးရှူံးသွားမှာစိုးလို့ ထိန်းသိမ်းစောင့်ရှောက်နေရတာဟာ လွတ်လပ်နေခြင်းက ပေးထားတဲ့ ပြစ်ဒဏ်ပဲမဟုတ်လား မာရီယိုလို့ တော်မိုက အရှည်ကြီးပြောတယ်။ နောက်တော့ ပြုံးလိုက်ရင်း သူ့အိတ်ထဲက သကြားလုံးကလေး တစ်လုံးထပ်ထုတ်ပြီး မာရီယိုကို ပေးပြန်တယ်။ အပိုတစ်လုံး ဆောင်ထားလို့ပြောပြီး ကျွန်တော့်ဆီကို အသာမော့ကြည့်လိုက်ရင်း သူ့လက်ထဲက စာရွက်တွေနဲ့ လေယာဉ်ဦးခန်းဆီက လေယာဉ်မောင်းခန်းကို ညွှန်ပြတယ်။ ကျွန်တော်တို့ကတော့ အသာပဲ ခေါင်းညိတ်ပြလိုက်ကြတယ်။ နောက်ဘက်နားမှာ ထိုင်နေတဲ့ ကလယ်က အိုကေရဲ့လား မာရီယိုလို့ လှမ်းမေးလိုက်တယ်။ မာရီယိုက ထိုင်ရာက ထပြီး  နောက်ဘက်ကို လှမ်းကြည့်လိုက်ရင်း အိုကေလို့ ပြောပြီး တော်မိုက ငါ့ကို ဆုံးမသွားတယ်လို့ပြောရင်း ပြန်ထိုင်လိုက်တော့တယ်။

          လေယာဉ်အလယ်က လူသွားလမ်းကလေးရဲ့ တခြားတစ်ဘက်မှာထိုင်နေတဲ့ အေဒရီယံက ကျွန်တော့်ကို လှမ်းကြည့်လိုက်ရင်း ဟုတ်သား၊ ငါတု့ိဟာ ဖြစ်မလာမယ့်စစ်ကို မျှော်လင့်နေရင်း ကာကွယ်နေကြရတာပဲ။ လွတ်လပ်ခြင်းရဲ့အပြစ်ဒဏ်ကို ခံနေရသူတွေ သက်သက်ပဲလို့ပြောပြီး ခေါင်းခါပြတယ်။ ကျွန်တော်ကတော့ အမှတ်မထင် ဖတ်ကြည့်နေမိတ့ဲ လက်ထဲက စာရွက်ကလေးပေါ်က စာကြောင်းလေးကြောင်းကို မျဉ်းသားပြီး သူ့ဆီကို ကမ်းလိုက်တယ်။ မကြာခင်က ထုတ်တဲ့ လီယိုနာ့ဒ်ကိုဟင်း (Leonard Cohen) ရဲ့ သီချင်းထဲက စာကြောင်းလေးတွေ…။

     The Party’s over

     But I’ve landed on my feet

     I’ll be standing on this corner

     Where there used to be a street.

          အေဒရီယံက နှစ်ကြိမ်လောက် ပြန်ဖတ်ကြည့်နေတယ်။ ပြီးမှ အားရပါးရ ရယ်လိုက်ရင်း ကျွန်တော့်ကို ကြည့်ပြီး သူ့လက်ထဲက ဝီစကီခွက် မြှောက်ပြတယ်။ ကျွန်တော်လည်း ကျွန်တော့်လက်ထဲက ဝီစကီခွက်ကို အသာမြှောက်ပြလိုက်ရင်း သူ့လိုပဲ အားရပါးရ ရယ်ချလိုက်မိတော့တယ်။


မြင့်သန်း

ရွှေအမြုတေ (၂၀၁၆) (ဘယ်လထုတ်လဲ  မမှတ်မိပါ)

'မြားများ' ဘလော့ဂ်ကနေ ကူးယူပါတယ်။ 'ပတ်သတ်' ဆိုတဲ့ စာလုံးပေါင်းတခုပဲ ပြင်ရိုက်ထားပါတယ်။ 

စလေ ငနော့ 


Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်