သစ္စာဖောက် 🖊 ဖိုးကျော့

သစ္စာဖောက်
••••••••••••••••••

ဖိုးကျော့

(၁၃၆၃ ခု၊ ဒုတိယဝါဆိုလဆုတ် ၁၁ ရက်၊ 2001 August 15 မာယာမဂ္ဂဇင်းမှာ ထည့်သွင်းဖော်ပြဖူး တဲ့ ၀တၳုကို ထပ်မံဖော်ပြခြင်း ဖြစ်ပါတယ်။)

သူသည် တိတ်ဆိတ် ငြိမ်သက်နေခြင်းကိုသာ လိုလား၏။ ဆူညံခြင်းကို လုံး၀မနှစ်သက် တတ်။ သူ့နားကလည်း ပါးလွန်းသည်။ တခါတခါ သစ်တောကို လေပြင်းတိုးသံ၊ သစ်ခြောက်ရွက်များ တသဲ့သဲ့ ကြွေကျသံ၊ တောသစ်သီးလုံးများ တဖြောက်ဖြောက် ကြွေကျသံနှင့် တောတိရစၦာန်များ အော်မြည် ညည်းတွားသံတို့ကိုပင် သူ့နားက မကြားချင်။ ထို့ကြောင့်လည်း သူသည် အသံမျိုးစုံတို့ဖြင့် ဆူညံနေတတ်သော ပတ်၀န်းကျင်နှင့် အပြင်လောကကို ရှောင်နေသည်။ တိတ်ဆိတ်အေးချမ်းသော သူ့မြေအောက်ကမ်ဘာထဲ၌သာ သူ့မိသားစုနှင့်သူ အေးချမ်းဆိတ်ငြိမ်စွာ နေထိုင်လေ့ရှိသည်။

တနေ့သ၌ အစာရှာဖွေစားသောက်ရန် မြေအောက်ကမ်ဘာကျင်းထဲမှ အပြင်လောကသို့ သူ့မိသားစုနှင့်အတူ သူထွက်လာသည်။ လေနှင့်ကြွေပြီး သူ့ကျင်း၀ကို လာပိတ်နေကြသော သစ်ရွက်ခြောက်များကို ဦးစွာ ဖယ်ရှားပစ်ရသည်။ သစ်ရွက်ခြောက်များပေါ်တွင် တင်ကျန်နေ ကြသော နှင်းရည်နှင်းစက်များကို လျက်သောက်ကြလေ၏။

နှင်းရည်သောက်ယင်း သူတို့ မိသားစုသည် ဆင်ခြေလျှောအတိုင်း စမ်းပေါက်တခုနား ဆင်းလာကြသည်။ သူ့နောက်တွင် စီတန်းလိုက်ပါလာကြသော သူ့မိသားစုကို တချက် သူလှည့် ကြည့်သည်။ အားလုံး ပျော်ပျော်ရွှင်ရွှင် မြူးမြူးကြွကြွပင်။ ဤတော ဤတောင်တွင် သူတို့ မိသားစုကို ရန်မူရဲသော တောတိရစၦာန်ဆို၍လည်း တကောင်တမြီး၊ တအုပ်တမမျှ မရှိကြ။ တောဘုရင်ဖြစ်သော ကျားကြီးများပင် သူတို့ မိသားစု ထွက်လာသည်ကို မြင်လျှင် မယောင် မလည်နှင့် ရှောင်သွားကြ၏။ တခြား တောတိရစၦာန်များဆိုလျင်မူ သူတို့ မိသားစု အနားကိုပင် မသီရဲကြ။ ေ၀းေ၀းကပင် ရှောင်ပြေးတတ်ကြ၏။ ထို့ကြောင့်လည်း သူတို့ မိသားစုမှာ အနှောက် အယှက်ကင်းမဲ့စွာ အစာရှာဖွေစားသောက်နိုင်ကြသည်။ ဤတော ဤတောင်တွင် လွတ်လွတ် လပ်လပ် သွားလာနေနိုင်ကြသည်။

တောင်ချိုင့်တခု၏ စမ်းပေါက်နားရှိ စိမ်းလန်းသော ဆင်ငိုမြက်ခင်းပြင်နားသို့ မိသားစုလိုက် ဆင်းလာကြသည်။ ဆင်ငိုမြက်ဥတွေမှာ သူတို့ အကြိုက်ဆုံး အစားအစာ ဖြစ်၏။ သူတို့ တူးဖော်စားသောက်ရန် ရည်ရွယ်ထားသော ဆင်ငိုမြက်ခင်းနား အရောက်တွင် ၀က်အော်သံများကို ကြားကြရသည်။ သူတို့ မိသားစုကို မြင်သည်နှင့် ၀က်များသည် ကစဥ့်ကလျား ထွက်ပြေးသွားကြ၏။ မြက်ခင်းကား ၀က်တွေ ဦးသွား၍ ထောင်းလမောင်း ကြေသွားလေပြီ။ ဆင်ငိုမြက်ဥများတွင်မက မြက်ပုတ်အောက် မြုပ်နေကြသော ခရုလုံးများပါ တက်တက်စင်သွားလေသည်။

သူသည် ၀က်ပုတ်များကို ဒေါသဖြစ်စွာနှင့် သူတွေ့ထား၊ မြင်ထားဖူးသော နောက်ထပ် ဆင်ငိုမြက်တခင်းရှိရာသို့ ဦးဆောင်ထွက်လာလေသည်။ မြက်ခင်းတွင် မြက်ဥများကို အေးအေး လူလူ တူးဖော် စားသောက်နေကြစဉ် တကြိမ်တခါမှ မကြားဖူးသေးသော အသံထူး အသံဆန်း တခုကို ကြားလိုက်ရသည်။ ထိုအသံသည် သူ၏ ပါးလွန်းသော နားထဲ တချက်ချင်း စူး၀င်လာသည်။ အလွန် နားကလောစရာကောင်းသော အသံပင်။

သူသည် တမြုံ့မြုံ့ဝါးနေသော ဆင်ငိုမြက်ဥများကိုပင် ဆက်မဝါးမိတော့ပဲ အသံကို နားစွင့်လိုက်မိ၏။ သူ၏ ထူးခြားစွာ နားစွင့်နေမှုနှင့် အတူ သူ့မိသားစုသည်လည်း အသံ လာရာဆီသို့ နားစွင့်နေကြသည်။ ကြောက်လန့်၍မဟုတ်၊ နားထဲစူး၀င်လာသော အသံကို နားကလော၍ ခံပြင်း၍သာ ဖြစ်သည်။ သူတို့ မိသားစုကား ဆူညံမှု၊ နားကလောမှုကို လုံး၀ မခံနိုင်ကြ။

တချက်ချင်း တ၀ုတ်၀ုတ် ဟောင်လိုက်သော အသံက ထူးဆန်းသည်။ တိရစၦာန် အချင်းချင်း ကိုက်ခဲသတ်ဖြတ်လိုသော ဒေါသသံ အပြည့်ပါသည်။ မာန်၀င်နေသော အာကလောင်ခြစ်၍ ဟောင်သံက ဟိန်းထွက်လာသည်။ တတောလုံး တတောင်လုံး ဆူညံသွား၏။ ဆူဆူညံညံ အသံဗလံများကို နားမခံနိုင်ကြသော သူတို့၏ မိသားစုနှင့်လည်း ပိုနီး လာ၏။ နားထဲ ပိုခံပြင်းလာသည်။ ထို့ကြောင့် သူတို့ မိသားစုအားလုံးသည် အသံရှင်ကို မည်သူမည်ဝါ ဖြစ်မှန်း သိလိုသဖြင့် အကုန်နားစွင့်နေကြ၏။

အစကမူ ချေ(ဂျီ)ငယ် ဟောက်သံလားဟု ထင်မိ၏။ လုံး၀မဟုတ်။ သူသည် ဤတော ဤတောင်၌ ကျားမြည်သံကအစ တောတိရစၦာန်မျိုးစုံနှင့် ငှက်မျိုးစုံတို့၏ မြည်သံများကို အကြိမ် ပေါင်း မရေမတွက်နိုင်အောင် ကြားဖူးထားသည်။ ယခု အော်မြည်လာသံမှာ ဘယ်တိရစၦာန် အော်မြည်လာသံနှင့်မှ မတူ။ ကိုယ်ပိုင်စွမ်းအားဖြင့် တပါးသူကို ကိုက်ခဲသတ်ဖြတ်ရန် လိုက်လံ အော်ဟစ်လာသံထက် အားကိုးတခုခု၊ အမှောင့်ပရောဂ တဦးဦးက ၀င်ပူးစေခိုင်း လာသံလို အားမန် အပြည့်ပါလာသံ။

အသံမှာ ပို၍ နီးလာသည်။ ဆင်သံ၊ ကျားသံ၊ ပြောင်သံ၊ ဆတ်သံ၊ ၀က်သံ၊ ချေ (ဂျီ)သံ စသည့် သူကြားဖူးခဲ့သမျှ အသံများစွာကို သူပြန်စဉ်းစားသည်။ မည်သည့် တောတိရစၦာန်၏ မြည်သံနှင့်မှမတူ။ တမူထူးခြား ရန်လိုလာသော အသံပင်။ အလွန်နားကလော လာသော အသံကို နားစွင့်ကာ သူတို့ မိသားစုအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ထို့ကြောင့် သူတို့ မိသားစုသည် သဘာ၀ဖန်ဆင်းရှင်က ပေးအပ်ထားသော ကိုယ်ပေါ်က ဆူးတောင်တွေကို ချက်ချင်းအသင့်ပြင် ထောင်ထားလိုက်ကြသည်။

တခါမှ မကြားဖူးသော ထူးထူးခြားခြား အသံရှင်သည် သူတို့ဆီလာပြီး သူတို့ကို ရန်မူလာလျှင် ကိုယ်ပေါ်က ဆူးချွန်တွေကို ရုတ်ချည်းခါထုတ်ပစ်ပြီး ရန်သူကို တိုက်ခိုက်ရန် ဖြစ်၏။ သူတို့ မိသားစုသည် ဤသို့ပင် တောတိရစၦာန်များကို ဆူးချောင်းတွေနှင့် ပစ်လွှတ်ပြီး အနားမသီရဲအောင် ခြောက်လှန့်ကာကွယ်ခဲ့ကြသည်။ သူတို့ ဆူးတွေနှင့် လှမ်းပစ်၍ မထိလျှင်လည်း အရေးမကြီး။ ဆူးနှင့် လှမ်းပစ်ခဲ့၍ မထိနိုင် မဖောက်နိုင်သော အရေထူ အရေပျော့ တောတိရစၦာန်များဆိုလျှင် ကိုယ်ပေါ်က ဆူးတောင် ဆူးချွန်တွေကို ဖြန့်ထောင်ထား လိုက်ရုံသာ။ သားစားကြူးသော ကျားရဲက လာကိုက်မလား လာကိုက်လှည့်။ ကိုက်သည်နှင့် တပြိုင်နက် ကျား၏ အာခံတွင်းကို ဆူးစူး၍ အော်ပြေးရမည်။ ခြေထောက်နှင့် နင်းမလား၊ ကိုယ်နှင့် ဖိသတ်မလား၊ လာခဲ့။ ရန်သူ၏ ခြေထောက်နှင့် ကိုယ်လုံးက သူတို့ ကိုယ်ခန္ဓာကို မဖိ မနင်းမိမီ သူတို့ ဖွရွထားသော ဆူးတောင်တွေက ရန်သူတောတိရစၦာန်၏ ခြေထောက်ကို ဦးစွာ စူး၀င်ကြပေလိမ့်မည်။ အဖျားတွင် အဆိပ်ပါသော သူ့ဆူးတောင်၏ ထိ ရှ စူး ကျင်ခြင်းကို ဘယ် တောတိရစၦာန်မှ မခံနိုင်ကြ။ အနက်ရစ် တမြုပ် အဆိပ်စူးခံရသော တောတိရစၦာန်မှာ လုံး၀ မသေနိုင်သော်လည်း နာကျင်ကိုက်ခဲကာ ခြေလှမ်း ရာပေါင်းများစွာ ပြေးနေရပေမည်။ ထိုအဆိပ်စူးနှင့်ပင် သူတို့ မိသားစုမှာ ဤတော ဤတောင်ရှိ ကျားရဲတကွသော အန္တရာယ် ပြုတတ်သူ မှန်သမျှကို ဆုံးမထားရလေသည်။ ထို့ကြောင့် တောတိရစၦာန်များသည် သားစဉ် မြေးဆက် သူတို့မိသားစုနှင့် ကင်းကင်းရှင်းရှင်း နေကြ၏။ သူတို့ရှိရာ မြေအောက်ကမ်ဘာနားကို မည်သူမျှ မလာရဲ။ တခါတခါ မလွှဲမရှောင်သာ၍ ကျင်းပေါ်ရှိ မြေပြင်ထက်မှ ဖြတ်ပြေးသွားတတ် ကြသော ခြေသံများလောက်သာ ကြားရသည်။ ဤသည်ကိုပင် သူတို့မိသားစုကလည်း အိပ်ပျော်နေရာမှ လန့်နိုးရပါ့မလားဟု အားလုံး စိတ်တိုတတ်ကြ၏။ သူတို့မှာ နားပူသည်ကို ဤမျှထိ မခံချင်ကြသူတွေ။

ထို့ကြောင့် ယခု ဆူညံအော်ဟစ်ကာ ပြေးလာနေသော အသံကို မလိုမုန်းထားစွာ အားလုံး နားစွင့်ထားကြ၏။ သူတို့ကို အန္တရာယ်ပြုရန် လာလျှင် ဆူးချောင်းတွေ ဆူးတောင်တွေနှင့် လှမ်းပစ်ရန်ကိုလည်း အသင့်ပြင်ထားကြ၏။ ကလေးတွေကအစ ကြောက်ရွံ့ ထိတ်လန့်မှုတော့ မည်သူမျှ မဖြစ်ကြ။ တ၀ုတ်၀ုတ် တေဝါင်းေဝါင်း ဟောင်လာသော ဆူညံသံကို နားမခံသာ၍သာ ပစ်ခတ်ခြောက်လှန့်ရန်သာ။

တ၀ုတ်၀ုတ် ဟောင်လိုက်လာသော အသံရှင်၏ ခြေသံနှင့်အတူ သူ့ကို ကြောက်ရွံ့၍ ဆောက်တည်ရာမရ ပြေးလာသော တောတိရစၦာန်တကောင်၏ ခြေသံက သူတို့အနား ရောက်လာသည်။ သူတို့မိသားစုသည် ဆူးတောင်တွေကို ထောင်ကာ ငေးကြည့်နေကြ၏။ ကျီကနဲ မြည်လိုက်သော ချေ(ဂျီ)ငယ်၏ အထိတ်တလန့် အော်လိုက်သံနှင့်အတူ အသံရှင်၏ ကိုက်ခဲ မာန်ဖီလိုက်သံက သူတို့နားထဲမှာ ဆူညံ ပေါက်ကွဲသွားသည်။ သူတို့၏ မျက်စိရှေ့၌ပင် ချေ(ဂျီ)ငယ်သည် လဲကျသွား၏။ အသံရှင်သည် ချေ(ဂျီ)ငယ်ကို ကျားကုတ်ကျားခဲ ကိုက်လှဲလိုက်သည်။ ခဏသာကြာ၏။ ဆန့်ငင်ဆန့်ငင် ဖြစ်နေသော ချေ(ဂျီ)ငယ်နားကို အသံရှင်၏ သခင်ရောက်လာသည်။ ထူးခြားသော အသံရှင်နှင့် သူ့သခင်ကို ကြည့်ကာ သူတို့မိသားစုမှာ ဖွတ်မေ့ပတတ်မေ့ ဖြစ်သွားကြ၏။

'၀ုတ်'

'၀ုတ်'

သူတို့မိသားစုကို ခွေးတိရစၦာန် မြင်သွားပုံရ၏။ ချက်ချင်း လှမ်းဟောင်သည်။
သူ့ သခင်အားကိုးနှင့် ချေ(ဂျီ)ငယ်ကို ကိုက်လှဲထားရာမှ သူတို့မိသားစုနားသို့ တ၀ုတ်၀ုတ်ဟောင်ကာ ပြေးလာသည်။ သူ့သခင်ကမူ သူတို့မိသားစုကို လန့်၍ ချက်ချင်း အနားကို မလာရဲသေး။ သူ့ခွေးကိုပင် ပြန်ခေါ်၏။ သို့သော် သခင်အားရ ကျွန်ပါး၀ လုပ်ချင်နေသော ခွေးတိရစၦာန်သည် သူတို့မိသားစုအား ဟန်နှင့် မာန်နှင့် ကိုက်ခဲသတ်ဖြတ်ရန် ပြေးလာ၏။ သူတို့မိသားစုကား ဤတော ဤတောင်တွင် မည်သူ့ကိုမျှ ကြောက်ရွ့ံတတ်သူများ မဟုတ်ကြ။ ထိုကြောင့် ခွေးတိရစၦာန်ပြေးလိုက်လာသည်ကို မြင်သော်လည်း လုံး၀ ထွက်မပြေး ကြ။ အတွေ့အကြုံအရ ကလေးတွေကအစ ကိုယ်ပေါ်က ဆူးတောင်တွေကို ချက်ချင်းဖြန့် ထောင်ကာ တိုက်ခိုက်ရန် အသင့် ပြင်ထားကြ၏။

သူကား ခွေးတိရစၦာန်ကြီးကို ဒေါသဖြစ်ကာ သတိနှင့် စူးစိုက်ကြည့်နေ၏။ အခြေလေး ချောင်းရှိသော သတ္တဝါအချင်းချင်း ကိုယ်ချင်းမစာပဲ ချေ(ဂျီ)ငယ်အား အခြေနှစ်ချောင်းရှိသော သူ့သခင် သတ္တဝါကြီးကို ကိုက်သတ်ပေးရုံနှင့် အားမရသေး၊ မျက်နှာလိုမျက်နှာရနှင့် သူတို့ မိသားစုကိုပါ ကိုက်သတ်ရန် ပြေးလာချေ၏။ သူသည် ဒေါသဖြစ်ဖြစ်နှင့် ဆူးတကမ်း သို့အရောက်တွင် သူ့ကိုယ်မှ ဆူးတွေကို ခါထုတ်ပစ်လိုက်သည်။ သူ့အခြေအနေကို စောင့်ကြည့်နေသော သူ့မိသားစုတွေကလည်း ကိုယ်ပေါ်က ဆူးတွေကို သစ္စာဖောက် ခွေးတိရစၦာန်ဆီ ခါလွှတ်လိုက်ကြသည်။ သူတို့ကိုယ်ပေါ်မှ ခါပစ်လိုက်သော ဆူးတောင်များ သည် သစ္စာဖောက် ခွေးတိရစၦာန်ကို ဘယ်နှဆူး ထိသွားသည်မသိ၊ တဂိန်ဂိန်အော်ကာ သူ့သခင်ရှိရာသို့ ချက်ချင်းပြန်ပြေး၏။ သူတို့ မိသားစုမှ တဖြန်းဖြန်း တဖြန်းဖြန်း ခါထုတ် လိုက်သော ဆူးတောင်များကို ကြောက်ကာ သူ့သခင်က သစ်ပင်ကြီးတပင်နှင့် သူ့ကိုယ်ကို ကွယ်ထားသည်။ သူအကာအကွယ် ယူထားသော သစ်ပင်၏ ပင်စည်အခေါက်၌ပင် ဆူး တောင်သုံးလေးချောင်း စူးစိုက် စူးနစ်၀င်နေသည်ကို မြင်ရ၏။ သူ မပြေးသလို သူတို့၏ မိသားစုလည်း မည်သူမျှ ထွက်မပြေးကြ။ သစ္စာဖောက် ခွေးတိရစၦာန်နှင့် သူ့သခင်ကိုသာ စိုက်ကြည့်နေကြ၏။ နောက်တခါ ဆူးတောင်တကမ်းသို့ ခွေးတိရစၦာန်နှင့် သူ့သခင်တို့ ပြန်ရောက်လာကြလျှင် သူတို့ကိုယ်ပေါ်တွင် နောက်ထပ် ကျန်နေသေးသော ဆူးတောင်များနှင့် ပစ်လွှတ်ရန် ချိန်ရွယ်ထားကြသည်။

မလာရဲကြတော့။ ခွေးတိရစၦာန်နှင့် သူ့သခင်တို့သည် သူတို့ မိသားစုကို ကြောက်ရွ့ံသွား ကြလေပြီ။ ဆူးစူးခံထားရသော သစ္စာဖောက်ခွေးတိရစၦာန်မှာ သူ့သခင်နားတွင် တဂိန်ဂိန် အော်နေ၏။ သို့သော် သူ့သခင်ကမူ သူ့ကို ကယ်ဆယ်ရန်မဆိုထားနှင့် သူကိုက်ပေးထားသော ချေ(ဂျီ)ငယ်ကိုပင် မကောက်ရဲသေးပဲ သစ်ပင်ကြီး၌သာ ကိုယ်ကို ကပ်၍ ပုန်းနေ၏။ သူတို့ မိသားစုဆီက နောက်ထပ်ပစ်လွှတ်မည့် ဆူးတွေကို ကြောက်နေလေသည်။

ခွေးတိရစၦာန်နှင့် သူ့သခင်တို့က သူတို့ မိသားစုဆီသို့ နောက်ထပ် ရန်ရှာရန် မကပ်၀့ံကြ တော့ပေ။ သူတို့မိသားစုသည်လည်း သူတို့သိုက်နန်းရှိရာ မြေအောက်ကမ်ဘာသို့ အေးဆေးစွာ ပြန်လာကြလေသည်။ သို့သော် ဖြူကောင်တို့၏ စိတ်ထဲ၌မူ ခွေးတိရစၦာန်အား လုံး၀ မကျေနပ်ကြ။ အခြေလေးချောင်ရှိသော တိရစၦာန်အချင်းချင်း ကူညီရိုင်းပင်းရမည့်အစား အခြေနှစ်ချောင်းရှိသော သတ္တဝါကိုသာ မျက်နှာလို မျက်နှာရ၊ မျိုးတူဇာတ်တူ အချင်းချင်းကို လိုက်လံ ကိုက်သတ်ပေးနေခြင်းသည် တိရစၦာန်လောကကို သစ္စာဖောက်ခြင်းပင်။
တိရစၦာန်လောကကို သစ္စာဖောက်နေသူကား ခွေးတိရစၦာန်ပင်တည်း။ ။

ဖိုးကျော့

သဘင်မဂ္ဂဇင်း 

(? ခုနှစ်)

မာယာအွန်လိုင်းမဂ္ဂဇင်း ဘလော့ဂ်ကနေ ကူးယူပါတယ်။ မာယာကို ကျေးဇူးတင်ပါတယ်။

စလေ ငနော့ 


Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်