ရတနာ ခုနစ်သွယ် 🖊 မင်းလူ
အောက်ပါဝတ္ထုတိုကလေးဟာ ဆရာမင်းလူ ကွယ်လွန်ခါနီး နောက်ဆုံးရေးသွားခဲ့တဲ့ ဆရာ့ရဲ့ နောက်ဆုံးလက်ရာ ဖြစ်ပါတယ်။ ပြီးအောင်တော့ ရေးမသွားနိုင်ရှာပါ။ စာဖတ်သူတွေအနေနဲ့ ဖတ်ပြီး နှစ်သက်သလို ခံစားဇာတ်သိမ်းနိုင်ကြောင့် ဆရာ့သမီး ဆရာမယုယက ပြောထားပါတယ်။ ဘလော့ဂ်တခုမှာ တွေ့လို့ ယူလာပါတယ်။ ။ ငနော့
ရတနာ ခုနှစ်သွယ်
•••••••••••••••••••••
မင်းလူ
ရွှေနိုင်ငံအစိုးရသည် ပြည်သူလူထုအပေါ် တဆိတ် အလိုလိုက်လွန်းသည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောသည်။ ယမန်နှစ်က စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၁၈ ရာခိုင်နှုန်း ဆိုသည်မှာ ရန်ပုံငွေ ပိုမိုထည့်ဝင်ရမည်စိုးသောကြောင့် ကိန်းဂဏန်းတွေ တမင်လျော့ပြခြင်းဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က စွပ်စွဲသည်။ ဝန်ထမ်းတွေ လခတိုးတောင်းတိုင်း ခုလို လိုက်လျောနေပါက ကြာလျှင် ပို၍အတင့်ရဲပြီး ရောင့်တက်လာကြလိမ့်မည်ဟု အိုင်အယ်လ်အိုက သတိပေးလာသည်။ အများအပြား ပိုလျှံနေသော အရန်ငွေကြေးတွေကို အလဟဿ သုံးဖြုန်းနေမယ့်အစား မိမိတို့လို ဆင်းရဲသော နိုင်ငံများကို ကူညီထောက်ပံ့သင့်သည်ဟု အရှေ့မြောက်ဘက်ရှိ အိမ်နီးချင်းနိုင်ငံတစ်ခုက တောင်းဆိုသည်။ အမေရိကန်နိုင်ငံကလည်း ဒီမိုကရေစီဆိုသည်မှာ ရပိုင်ခွင့်တွေချည်း တောင်းဆိုနေဖို့ မဟုတ်၊ လိုက်နာစောင့်ထိန်းရမည့် စည်းကမ်းများ၊ ထမ်းဆောင်ရမည့် တာဝန်များလည်း ပူးတွဲပါဝင်ကြောင်း သတိချပ်ဖို့လိုသည်ဟု တိုက်တွန်းသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့ကြီးကတောင် လူ့အခွင့်အရေး ဆိုသည်မှာ အတိုင်းအဆမရှိသော သဘောမဟုတ်ကြောင်း၊ အကန့်အသတ်ဖြင့် ရယူသုံးစွဲရသော ကိစ္စမျိုးဖြစ်ကြောင်း ဝေဖန်ထောက်ပြလာရလေသည်။
ကဲ.... အခုလို လူပြောသူပြော များလာရလောက်အောင် ရွှေနိုင်ငံသူ နိုင်ငံသားတွေ ဘယ်လောက်များ ထင်တိုင်းကြဲပြီး ကဲနေကြသလဲဆိုတာ လေ့လာဆန်းစစ်ကြည့်ကြရအောင်....။
* * *
“မြို့နယ်အတွင်းရှိ ကျေးဇူးရှင် မိဘပြည်သူများခင်ဗျား၊ မြန်မာစံတော်ချိန် ညနေခြောက်နာရီထိုးပြီ ဖြစ်ပါသဖြင့် မိမိတို့၏ အိမ်ဂေဟာရှိ လျှပ်စစ်မီးများကို အပြည့်အဝ ထွန်းညှိကြပါရန် လေးစားစွာ တိုက်တွန်းနှိုးဆော် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျား....”
လျှပ်စစ်ဖြန့်ဖြူးရေးဌာနက အသံချဲ့စက်ဖြင့် လိုက်လံကြေငြာနေခြင်း ဖြစ်၏။ နေ့စဉ် ညနေခြောက်နာရီထိုးတိုင်း မပျက်မကွက် ကြားနေရသော အသံဖြစ်၏။ ထို့ကြောင့် အခြားအချိန်တွေမှာ နာရီကြည့်ဖို့ လိုချင်လိုမည်။ ညနေခြောက်နာရီ ဆိုရင်တော့ ထိုအသံကြားရုံနှင့် သိကြပြီးဖြစ်၏။ ဒါကို “မီးဆော်သည်” ဟု ဝေါဟာရအသစ် ထွင်ထားကြသည်။
“ဟဲ့.. မီးဆော်သံတောင် ကြားပြီ၊ ဆော့နေကြတုန်းပဲလား၊ တော်ကြတော့၊ ထမင်းစားချိန် ရောက်နေပြီ”
ဟု မိခင်တွေက သားသမီးများကို သတိပေးတတ်ကြသည်။ မနက်မိုးလင်းတဲ့အခါမှာတော့ မီးပိတ်ဖို့ နှိုးဆော်သံ မကြားရ။ မေ့ပြီး တစ်နာရီလောက် ပိုသုံးလည်း အမြတ်ပဲဟု လျှပ်စစ်ဌာနက ယူဆပုံပေါ်သည်။ သူတို့မှာ လျှပ်စစ်မီးများကို များများဖြုန်းပေးဖို့ နည်းမျိုးစုံဖြင့် ကြိုးစားကြရရှာသည်။
မီတာခကို လျှော့ချပေးသည်။ အထူးသက်သာခွင့်များလည်း ပေးသေးသည်။ ညဆယ့်နှစ်နာရီ နောက်ပိုင်းနှင့် နေ့ခင်းပိုင်း အသုံးပြုမှုများ၊ ဝပ်အားများများသုံးရသော ပါဝါမီတာများကို ဈေးလျှော့ပေးသည်။ လစဉ် ယူနစ် ၂၀၀ ထက်ကျော်လျှင် ၂၀ ရာခိုင်နှုန်း ထပ်လျှော့ပေးသေးသည်။ တစ်နှစ်အတွင်း လျှပ်စစ်ဓာတ်အား အများဆုံး အသုံးပြုသူများကို လေအေးပေးစက်၊ ရုပ်မြင်သံကြားစက်၊ အလှချိတ် ဖန်မီးဆောင်း စသည်တို့ လက်ဆောင်ချီးမြှင့်သည်။
သတင်းစာများတွင်လည်း “မောင်လျှပ်စစ်”၊ “မောင်မီးချောင်း” စသော ကလောင်အမည်များဖြင့် “လျှပ်စစ် အပြည့်အဝ သုံးစွဲခြင်း၏ အကျိုးကျေးဇူးများ” ၊ “များများသုံးလေ တွက်ခြေကိုက်လေ” ဆိုသော ခေါင်းစဉ်များတပ်ပြီး ဆောင်းပါးများ ရေးကြသည်။ “နေဝင် မီးထွန်းကြပါစို့” သီချင်းကလည်း ရေဒီယိုနှင့် ရုပ်မြင်သံကြားမှာ တစ်နေ့ဆယ်ခါလောက် လာသည်။
နေ့လည်နေ့ခင်းပင်ဖြစ်စေ မိမိတို့အိမ်ရှိ အခန်းများအားလုံးမှာ လျှပ်စစ်မီးများ ဖွင့်ထားသင့်ကြောင်း၊ မှောင်နေလျှင် ခြင်ကျားခေါ် ခြင်ပုန်းများ ကိုက်သောကြောင့် ကလေးများ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နိုင်ကြောင်း၊ မြွေပါးကင်းပါး အန္တရာယ်မှ ကင်းနိုင်ကြောင်း ဇာတ်လမ်းဆင်ပြီး ရုပ်မြင်သံကြားမှ ပြသသည်။ နာမည်ကျော် သရုပ်ဆောင်များက ပါဝင်ကူညီကြသည်။
ထိုဇာတ်လမ်းကို ရိုက်ကူးပေးသော ဒါရိုက်တာသည် ထိုနှစ်အတွက် အကယ်ဒမီဆု ရသည်။ ပရိသတ်တွေကတော့ ဇာတ်လမ်းကို စိတ်မဝင်စားကြ။ မင်းသား၊ မင်းသမီးတွေ ဘာအဝတ်အစား ဝတ်တယ်ဆိုတာကိုသာ ဂရုစိုက် မှတ်သားကြသည်။
တကယ်တော့ အိမ်ဘေးပတ်လည် မီးထွန်းဖို့ဆိုတာက ကျေးရွာတွေအတွက်သာ လိုအပ်ကောင်း လိုအပ်မည်။ မြို့ပေါ်မှာကျတော့ ညဆိုပေမယ့် မှောင်တဲ့နေရာက မရှိသလောက်ပဲ။ ခပ်စိပ်စိပ် စိုက်ထူထားသော လမ်းမီးတိုင်တွေက လမ်းကြိုလမ်းကြားထဲအထိ ရောက်သည်။ ဒါတင်မက နောက်ဖေးလမ်းကြားမှာပါ မီးတိုင်တွေ စိုက်ထူပေးထားလို့ တစ်မြို့လုံး လင်းထိန်နေတာလေ။
ခုလို လျှပ်စစ်ဖြုန်းအားကောင်းအောင် လှုံ့ဆော်နေရတာက အကြောင်းရှိသည်။ ရွှေနိုင်ငံမှာ လျှပ်စစ်ဓာတ်အားတွေ အလျှံပယ် ထွက်နေတာကိုး။ ထွက်သလောက် မီအောင် သုံးမပေးနိုင်လျှင် မလိုလားအပ်သော ပြဿနာတွေ ဖြစ်လာတတ်သည်။ မဟာဓာတ်အားလိုင်းများ လျှပ်စစ်တွေ အောင်းတာ များလာသည်။ ထိုအခါ အပူလွန်ကဲသဖြင့် ဓာတ်ကြိုးတွေ အရည်ပျော်ပြီး ပြတ်ကျတတ်သည်။
နွေနှင့်ဆောင်းဆိုလျှင် နည်းနည်း ထိန်းနိုင်သေးသည်။ လေအေးပေးစက်တွေ၊ ပန်ကာတွေ၊ အပူပေးစက်တွေ သုံးကြသောကြောင့် ဖြစ်သည်။ မိုးတွင်းရောက်ပြီ ဆိုလျှင်တော့ ပြဿနာတက်တော့သည်။ သိပ်မပူတော့သဖြင့် လေအေးပေးစက်တွေ အသုံးနည်းသွားသည်။ သိပ်လည်း မအေးသဖြင့် အပူပေးစက်တွေလည်း သိပ်မသုံးတော့။ ဒီကြားထဲမှာမှ မိုးရေ အဝင်ကောင်းသဖြင့် ဆည်တွေ၊ တာတမံတွေမှာ ရေတွေ ပြည့်လျှံနေသည်။ ရေအားလျှပ်စစ်ထွက်နှုန်းက နှစ်ဆတိုးလာပြန်သည်။ အလိုလိုကမှ လျှပ်စစ်တွေ ပိုနေရတဲ့အထဲ ခုတော့ မနိုင်မနင်း ဖြစ်ကုန်ပြီ။
ထိုကာလတွင် လျှပ်စစ်ဖြန့်ဖြူးရေးဌာနအဖို့ ခေါင်းအခဲရဆုံး ပြဿနာမှာ ဗို့အားတွေ အဆမတန် တက်လာခြင်းပင် ဖြစ်သည်။ ဓာတ်အားခွဲရုံတိုင်းတွင် ဗို့အားနှိမ့်စက်တွေ ထားပေးရသည်။ ဒီကြားထဲကမှ မနိုင်မနင်းဖြစ်ပြီး ဘရိတ်ကာတွေပြုတ်ကျ၊ မီးတွေပြတ်သဖြင့် အတိုင်အတော ခံရသေးသည်။ ဗို့အားဆောင့်တက်ပြီး အိမ်သုံး လျှပ်စစ်ပစ္စည်းတွေ ပျက်စီးကုန်လို့ လျော်ကြေးပေးရတာလည်း မကြာခဏပဲ။
လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေကလည်း တစ်ရုံပြီးတစ်ရုံ ထပ်တိုးလာသေးသည်။ ပြည်တွင်းမှာ သုံးမကုန်အောင် ပိုလျှံနေတော့ နိုင်ငံခြားကိုတောင် တင်ပို့နေရသည်။ အာရှတိုက်၏ ထက်ဝက်နီးပါးမှာ ရွှေနိုင်ငံမှ လျှပ်စစ် သို့မဟုတ် သဘာဝဓာတ်ငွေ့ကို အလုအယက် ဝယ်ယူသုံးစွဲနေကြရသော နိုင်ငံများဖြစ်၏။ ထို့ကြောင့် ရွှေနိုင်ငံကို အာရှတိုက်ရဲ့ မီးစက်ကြီးဟု ခေါ်ဝေါ်နေကြလေသည်။
ပတ်ဝန်းကျင်နိုင်ငံများမှာ ရွှေနိုင်ငံအပေါ် အလိုလိုက်အကြိုက်ပေးပြီး ချော့မော့ဆက်ဆံနေကြရ၏။ တစ်စုံတစ်ရာ စိတ်အခန့်မသင့်လို့ “မီးဖြတ်လိုက်ရမလား” ဆိုပြီး တစ်ချက်ကြိမ်းလိုက်တာနဲ့ ပြားပြားဝပ်ကုန်တော့တာပဲ။ နိုင်ငံလုံခြုံရေးအတွက်လည်း ပူစရာမလို။ ကိုယ်က အေးအေးဆေးဆေး နေရုံပဲ။ ဘေးပတ်ဝန်းကျင် နိုင်ငံတွေက ဝိုင်းပြီး ကာကွယ်ပေးထားသည်။ တကယ်တော့ ဘယ်သူကမှလည်း ထိရဲတာမဟုတ်။ ဒီမှာ တစ်ခုခုဖြစ်လျှင် အားလုံး မှောင်အတိကျသွားမှာ မဟုတ်လား။
ဒီထဲမှာမှ ကံဆိုးရှာသော နိုင်ငံတစ်နိုင်ငံလည်း ရှိသေးသည်။ ထိုနိုင်ငံတွင် ဆင်ဖြူတစ်ကောင် ဖမ်းဆီးရမိသည်။ အရပ်အမောင်းမှာ ထူးထူးခြားခြား မြင့်မားပြီး ကောင်းမြတ်သော ကြန်အင်လက္ခဏာအားလုံး ပြည့်စုံသည်။ ဆင်ထီးဖြစ်ပြီး အရောင်မှာ စကျင်ကျောက်ကဲ့သို့ ဖြူဖွေးနေ၏။
တိုက်ဆိုင်မှုကတော့ ထိုနိုင်ငံမှာ လပေါင်းများစွာ မိုးခေါင်နေခဲ့ရာမှ ဆင်ဖြူတော် ပေါ်လာပြီးနောက် မိုးဖြိုင်ဖြိုင်ရွာချလာခြင်းပင် ဖြစ်လေသည်။ ထို့ကြောင့် ဆင်ဖြူတော်ကို သူတို့၏ အသက်သခင် ကျေးဇူးရှင်အဖြစ် အလွန်တန်ဖိုးထားနေကြသည်။ ဒီလိုအချိန်မှာမှ ထိုဆင်ဖြူတော်ကို လက်ဆောင်ပဏ္ဏာအဖြစ် လိုချင်သည်ဟု ရွှေနိုင်ငံမှ တောင်းဆိုလာသောအခါ....
အိမ်နီးချင်းနိုင်ငံ အစိုးရခမျာ အတော် အကျပ်ရိုက်သွားသည်။ ဆင်ဖြူတော်ကို ပေးလိုက်တာနဲ့ လူထုက ဆူဆူပူပူ လုပ်တော့မည်။ အစိုးရအဖွဲ့ ပြုတ်ကျသွားမှာ ကျိန်းသေသည်။ ထို့ကြောင့် ဆင်ဖြူတော်ကို ချမ်းသာပေးပါ၊ သမီးကညာ ဆက်ဆိုလျှင် ဆက်ပါမည်ဟု မေတ္တာရပ်ခံသည်။
ဒါကို ရွှေနိုင်ငံက စိတ်ခုသွားပြီး ပေးပို့နေသော လျှပ်စစ်မီးကို ဖြတ်ချလိုက်လေတော့သည်။ တစ်ဖက်နိုင်ငံ၏ မြို့တော်အပါအဝင် သုံးပုံနှစ်ပုံလောက် မှောင်အတိကျသွားသည်။ စက်ရုံ၊ အလုပ်ရုံတွေလည်း ရပ်ဆိုင်းကုန်သည်။ အထိအနာဆုံး ကိစ္စကတော့....
ထိုအချိန်တွင် ရွှေနိုင်ငံမှ ရိုက်ကူးထုတ်လုပ်သော “နန်းတွင်းပတ္တမြား” အမည်ရှိ ရုပ်မြင်သံကြားဇာတ်လမ်းကို အာရှတစ်လွှားမှာ တစ်ပြိုင်နက်တည်း ထုတ်လွှင့်ပြသနေ၏။ ရာဇဝင်ဇာတ်ကားဖြစ်ပြီး အလွန် လူကြိုက်များသည်။ တစ်ပိုင်းတစ်စလေးတောင် အလွတ်မခံနိုင်အောင် စွဲလမ်းနှစ်သက်နေကြသည်။ တကယ် အရေးကြီးတဲ့ ကောင်းခန်းရောက်ခါမှ လျှပ်စစ်မီးပျက်သွားသဖြင့် မခံမရပ်နိုင်အောင်ဖြစ်ပြီး ဆူကြပူကြသည်။
တစ်ချို့ကလည်း လမ်းပေါ်ထွက်၊ ဖယောင်းတိုင်တွေထွန်းပြီး ဆန္ဒထုတ်ဖော်ကြသည်။
ကြာလျှင် အခက်ကြီး ခက်တော့မည်။ ထို့ကြောင့် အိမ်နီးချင်းနိုင်ငံမှ ဝန်ကြီးချုပ်သည် ရွှေနိုင်ငံသို့ အူယားဖားယား အပြေးအလွှား ရောက်ရှိလာရလေတော့သည်။ ဆင်ဖြူတော်ကို အပိုင်တော့ မယူပါနဲ့၊ တစ်လတိတိ လာရောက်ပြသပေးပါမယ်ဟု မေတ္တာရပ်ခံသည်။
ရွှေနိုင်ငံက ထိုအဆိုပြုချက်ကို လက်မခံ။ တစ်ထစ် လျှော့ပေးလိုက်သည်။ ဆင်ဖြူတော်ကို တစ်နှစ်လျှင်ခြောက်လ ပိုင်ဆိုင်ခွင့် ပေးရမည်။ ထိုကိစ္စ သဘောတူ၊ မတူ စဉ်းစားရန် အချိန်သုံးလပေးမည်။ ထိုကာလအတွင်းမှာ လူသားချင်း စာနာထောက်ထားသောအားဖြင့် ယခင်ပို့လွှတ်နေကျ လျှပ်စစ်ဓာတ်အား၏ သုံးပုံတစ်ပုံကို ယာယီပြန်ပေးမည်ဟု ပြောလွှတ်လိုက်၏။
ဘာပဲဖြစ်ဖြစ်.. ခဏတော့ အသက်ရှူချောင်သွားသည်။ လျှပ်စစ်ဓာတ်အား သုံးပုံတစ်ပုံ ပြန်ရပြီဖြစ်သောကြောင့် တစ်ဖက်နိုင်ငံ၏ မြို့တော်ရှိ ရပ်ကွက်များကို A,B,C ဟူ၍ အပိုင်းသုံးပိုင်းခွဲပြီး အလှည့်ကျ မီးပေးရလေသည်။
* * *
ဦးစီးမှူးသည် ပျင်းရိငြီးငွေ့မှုကို သည်းမခံနိုင်တော့ဘဲ ဝါးခနဲ သမ်းလိုက်သည်။ တကယ်တော့ လက်အောက်ငယ်သားတွေလည်း အိပ်ငိုက်နေကြတာပါပဲ။ အဆူခံရမှာ ကြောက်လို့သာ အောင့်ထားကြရတာ။ ခုလို လူကြီးကိုယ်၌က စပြီးသမ်းပြီဆိုတော့ သူတို့လည်း တဝါးဝါး လိုက်သမ်းကြလေ၏။
ကွန်ပျူတာဌာနက ကောင်လေးနှစ်ယောက်ကတော့ အိပ်ချင်ပုံမရ။ လန်းလန်းဆန်းဆန်း တက်တက်ကြွကြွ ရှိနေသည်။ ကွန်ပျူတာ မော်နီတာကို စူးစူးစိုက်စိုက် ကြည့်နေကြ၏။ အလုပ်များနေတာတော့ မဟုတ်။ လုပ်စရာ မရှိသဖြင့် အင်တာနက်ပေါ်တက်ပြီး ဝါသနာပါရာ လျှောက်ကြည့်နေကြတာ ဖြစ်မည်။ ဂိမ်းကစားနေကြတာလည်း ဖြစ်ချင်ဖြစ်မည်။
ဦးစီးမှူး၏ စိတ်အစဉ်သည် အလုပ်ဝင်ကာစ ဝန်ထမ်းငယ်ဘဝသို့ ပြန်ရောက်သွားသည်။ ထိုစဉ်က သူတက်ရသောရုံးမှာ အခုလို လေအေးစက်တပ်ထားသော ခမ်းခမ်းနားနားရုံးကြီး မဟုတ်။ အုတ်တိုက်ဟောင်းလေး တစ်ခုသာ ဖြစ်၏။ ပန်ကာဆိုလို့ အရာရှိရုံးခန်းထဲမှာသာ ရှိ၏။ ထိုတစ်လုံးတည်းသော ပန်ကာကလည်း စလိုးမိုးရှင်းနဲ့သာ ဖြည်းဖြည်းလေး တစ်ရွက်ချင်း လည်သည်။ ဆုံလည်တွေကလည်း ပင်နယံတွေ စားနေသဖြင့် ထစ်ထစ်နေရသေးသည်။ အရာရှိမှန်း သိအောင်သာ ဖွင့်ထားရခြင်း ဖြစ်၏။ ယပ်ခတ်သလောက်တောင် လေမရ။
ရုံးခန်းကလည်း ကျဉ်းကျဉ်းလေး။ ဝန်ထမ်းစားပွဲတွေနဲ့ပဲ ပြည့်လုလု ဖြစ်နေပြီ။ မှတ်ပုံတင်၊ သန်းခေါင်စာရင်း လာလုပ်တဲ့လူတွေက ကြိတ်ကြိတ်တိုးနေသည်။ ဝန်ထမ်းအင်အားက နည်းနည်းလေး။ ပြီးတော့ ဒီကိစ္စတွေက လုပ်ရကိုင်ရတာ လက်ဝင်သည်။ အမှားအယွင်း မရှိအောင် အဆင့်ဆင့် စီစစ်ရသည်။ ပြီးတော့ ရုံးချုပ်ကိုတင်၊ ပြန်ကျလာဖို့ လနဲ့ချီအောင် စောင့်ချင်စောင့်ရသည်။ ဒီတော့ လူတွေက ရုံးကို အခေါက်ခေါက်အခါခါ လာရသည်။ (မြန်မြန်ပြီးနိုင်တဲ့ နည်းလမ်းတော့ ရှိစမြဲပေါ့)
ထိုစဉ်က သူတို့ဝန်ထမ်းတွေ အလွန်မျက်နှာပွင့်သည်။ အလုပ်ကိစ္စနှင့် လာတဲ့လူတိုင်းက မျက်နှာချိုသွေးကြသည်။ အောက်ကြို့ဆက်ဆံကြရသည်။ ကိုယ့်ဟာကိုယ် သိုင်းဝတ္ထု ဖတ်နေတာကို အလုပ်မအားသေးဘူးဆိုပြီး ထိုင်စောင့်ခိုင်းထားလည်း စိတ်မဆိုးရဲကြ။ လုပ်ရတာ ကြာမယ်၊ အချိန်မရှိတော့ဘူး၊ နက်ဖြန်မှ လာခဲ့ဆိုလည်း ကုပ်ကုပ်ကလေး ပြန်သွားကြတာပဲ။ အခေါက်ခေါက်အခါခါ လာရလို့လည်း ငြိုငြင်မှု မရှိကြ။ စိတ်အခန့်မသင့်လို့ အော်လားငေါက်လား လုပ်တာတောင် သွားဖြဲလေးတွေနဲ့ ခေါင်းငုံ့ခံကြရရှာတာ။ လက်ဖက်ရည် တိုက်ချင်သူတွေ၊ ဝမ်းတေဘယ် ပေးချင်သူတွေဆိုတာ ပေါလွန်းလို့ ရှောင်တောင်နေရ၏။
ခုတော့ ပြောင်းပြန်ဖြစ်သွားပြီ။ ရုံးခန်းကြီးက ကျယ်ဝန်းခမ်းနားလှသော်လည်း လာရောက်ဆောင်ရွက်သူက နည်းပါးလှသည်။ ဒီနေ့ဆိုလျှင် ဈေးဦးတောင် မပေါက်သေး။ ဒါကလည်း သိပ်တော့ မဆန်းလှ။
ခုချိန်မှာ မှတ်ပုံတင် (နိုင်ငံသား စီစစ်ရေးကတ်) နှင့် သန်းခေါင်စာရင်း (အိမ်ထောင်စု လူဦးရေစာရင်း) ဆိုတာကလည်း သိပ်မှ အသုံးမဝင်တော့ပဲကိုး။ ခရီးသွားတဲ့အခါ မှတ်ပုံတင် စစ်တာတို့၊ ညအချိန်မတော် အိမ်တံခါးလာခေါက်ပြီး ဧည့်စာရင်းစစ်တာမျိုးလည်း မရှိတော့။ ဒီအခါမှာ လူတွေက မှတ်ပုံတင်တို့၊ သန်းခေါင်စာရင်းတို့ကို သိပ်အလေးမထားချင်ကြတော့။ သွားလေရာ ဆောင်သွားတာမျိုးလည်း မရှိတော့။ ဟိုချောင်ထိုး၊ ဒီချောင်ထိုးနဲ့ ဘယ်နားထားလိုက်မိမှန်း မသိလိုက်တဲ့လူတွေ များသည်။ တစ်ချို့ဆို ကိုယ့်မှတ်ပုံတင်နံပါတ်တောင် ကောင်းကောင်းမမှတ်မိတော့။
မှတ်ပုံတင် လုပ်ရတာကလည်း အလွန်လွယ်သည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လှမ်းအကြောင်းကြားလိုက်ရုံသာ ဖြစ်၏။ လဝက ဝန်ထမ်းတွေက အိမ်တိုင်ရာရောက်လာပြီး ဆောင်ရွက်ပေးလိမ့်မည်။ ဒါတောင်မှ အလုပ်ရှုပ်တယ်ဆိုပြီး ဘာသိဘာသာ နေတဲ့လူ၊ မေ့လျော့နေတဲ့လူတွေက များသည်။
ထိုတာဝန်ကို ရပ်ကွက်အာဏာပိုင်တွေက ထမ်းဆောင်ကြရတော့သည်။ ရပ်ကွက်အတွင်းရှိ အသက် ၁၀ နှစ်ပြည့်သူနှင့် ၁၈ နှစ် ပြည့်သူများ စာရင်းကို မျက်ခြည်မပြတ် စောင့်ကြည့်ပြီး သတင်းပို့ရသည်။ ထိုအခါ ရုံးမှ ဝန်ထမ်းတွေက အိမ်အထိ တကူးတက သွားရောက်လုပ်ကိုင်ပေးရသည်။ ကြည်ကြည်ဖြူဖြူု ပူးပေါင်းကူညီသူလည်း ရှိသည်။ တစ်ချို့ကတော့ အတော်ရစ်သည်။ မအားသေးဘူး၊ နောက်နေ့မှလာ ဆိုတာမျိုး လုပ်တတ်သည်။ ချိန်းထားပြီးမှ အိမ်တံခါးပိတ်ပြီး လျှောက်လည်နေလို့ တပ်ခေါက်ပြန်ရတာလည်း ရှိ၏။ မှတ်ပုံတင်လုပ်မယ့် ကလေးက ဂိမ်းကစားတာ မပြီးသေးလို့ နာရီဝက်၊ တစ်နာရီ ထိုင်စောင့်နေရတာလည်း ကြုံရသည်။
ဟိုအရင်က ဟာသလုပ်ပြောကြတာ ရှိသည်။ တောကတက်လာတဲ့ အဘိုးကြီးတစ်ယောက်ကို စစ်ဆေးရေးဂိတ်မှ လုံခြုံရေးတာဝန်ခံက မှတ်ပုံတင် ပြခိုင်းသည်။ အဘိုးကြီးက...
“ဟင်.. လူကိုယ်တိုင်တောင် တွေ့နေမှတော့ မှတ်ပုံတင် လိုသေးလို့လားဟ”
လို့ ပြန်ပြောသတဲ့။
ဒါ ဟိုတုန်းကတော့ ရယ်စရာသက်သက်ပေါ့။ ခုတော့ ဒီအတိုင်း တကယ်ဖြစ်နေပြီ။ အကြောင်း တစ်စုံတစ်ခုကြောင့် ပြစရာ မှတ်ပုံတင် ပါမလာလည်း ကိစ္စမရှိ။ ဌာနဆိုင်ရာတိုင်းလိုလိုမှာ ရှိသော မှတ်ပုံတင်ဖတ်စက်ပေါ်မှာ လက်ဝဲလက်မကို ဖိထားပေးလိုက်ရုံပဲ။ စက်က လက်ဗွေကိုဖတ်၊ ရုံးချုပ်က ပင်မကွန်ပျူတာဆီပို့၊ စစ်ဆေးတိုက်ဆိုင်ကြည့်ပြီး မူရင်းမှတ်ပုံတင်ကို ပြန်ပို့ပေး၊ ဒီဟာက ကွန်ပျူတာ ဖန်သားပြင်ပေါ်မှာ လာပေါ်နေတာကို ကြည့်လိုက်ရုံပဲ။
ဒီတော့ ဘယ်သူကများ မှတ်ပုံတင်ကတ်ပြားကို အလုပ်ရှုပ်ခံပြီး သိမ်းထား၊ ဆောင်ထားချင်တော့ပါမလဲ။
“အလုပ်မရှိတော့လည်း ပျင်းလိုက်တာကွာ၊ တစ်ယောက်ယောက်လာရင် ကောင်းမှာပဲ”
ဟု ဦးစီးက ညည်းတွားလိုက်၏။ သူ့အခန်းရဲ့ ထောင့်မှစားပွဲမှာ ထိုင်နေသော လက်စွဲတော် စာရေးကလေးက တစ်ချက်လှမ်းကြည့်သည်။ အလိုလို သိတတ်သူပီပီ ရုံးအပြင်ဘက်ကို ထွက်လာပြီး ဟိုဟိုဒီဒီ လှမ်းမျှော်ကြည့်ရင်း ကင်းစောင့်နေသည်။
ခဏအကြာမှာ အသက်ငါးဆယ်ကျော်ကျော်ဟု ခန့်မှန်းရသော အမျိုးသမီးကြီးတစ်ယောက် လျှောက်လာတာ မြင်ရသည်။ ရုံးရှေ့ရောက်တော့ ခြေလှမ်းနည်းနည်း နှေးသွားသည်။ ရုံးဘက်ကို ကွက်ကြည့်ကွက်ကြည့် လုပ်သည်။ ချီတုံချတုံ ဖြစ်နေဟန်ကို အကဲခတ်မိသော စာရေးကလေးက အနားကို ပြေးသွားပြီး...
“ကျွန်တော် ဘာအကူအညီပေးရမလဲ အန်တီ”
“ဘာ.. ဘာပြောတယ်”
စာရေးကလေးသည် သူ အခေါ်အပြော မှားသွားကြောင်း ချက်ချင်းရိပ်မိလိုက်သည်။ အမျိုးသမီးကြီးမှာ အတော်စွာမယ့်ပုံပဲ ဟုလည်း သဘောပေါက်သွားသည်။ အပျိုကြီးဖြစ်ဖို့ များသည်။ ထို့ကြောင့်...
“သြော်.. ဒီလိုပါ အစ်မကြီး၊ ကျွန်တော်က ဒီရုံးက ဝန်ထမ်းပါ၊ တစ်ခုခုများ အစ်မကြီးအတွက် ဆောင်ရွက်ပေးနိုင်မလားလို့”
အမျိုးသမီးကြီးက ခဏဆိုင်းနေပြီးမှ...
“အဲ.. ဟိုဒင်း၊ ငါ့နိုင်ငံသားကတ်ထဲက ဓာတ်ပုံကို သိပ်မကြိုက်လို့ ပြန်ရိုက်ပြီး အသစ်လုပ်ချင်လို့”
“ဟာ.. သိပ်ရတာပေါ့ခင်ဗျာ၊ လာပါ၊ အထဲကို ကြွပါ”
“အခုလုပ်မှာ မဟုတ်ဘူး၊ စုံစမ်းရုံပဲ လာတာ”
“စုံစမ်းတာများ ဖုန်းဆက်လိုက် ပြီးရော၊ အခု လူကိုယ်တိုင် ရောက်လာမှတော့ တစ်ခါတည်းပဲ လုပ်သွားလိုက်ပါလား”
မိန်းမကြီးက အင်တင်တင် လုပ်နေသည်။
“ရောက်လာမှတော့ ဦးစီးမှူးနဲ့ တွေ့သွားပါလားခင်ဗျာ၊ သိပ်သဘောကောင်းပါတယ်၊ အားလုံး အဆင်ပြေရပါစေ့မယ်”
ကောင်လေးပုံစံမှာ အတင်း လက်ဆွဲခေါ်တော့မလိုပဲ။ ရုပ်ကလေးကတော့ အချောသားဟု တွေးမိပြီး...
“ဒါဆိုလည်း ခဏတော့ ဝင်တွေ့လိုက်ဦးမယ်”
ဦးစီးမှူးသည် ပါးရည်နပ်ရည်ရှိသူ ဖြစ်၏။ စာရေးကလေးနှင့် မိန်းမကြီးတို့ အခန်းထဲဝင်လာတာ မြင်သောအခါ မတ်တပ်ရပ်ရင်း ကိုယ်ကို အနည်းငယ် ကိုင်းညွတ်ပြီး...
“မင်္ဂလာပါခင်ဗျာ.. ထိုင်ပါ”
မိန်းမကြီးထိုင်ပြီးမှ သူလည်း ပြန်ထိုင်ပြီး..
“ကျွန်တော် ဘာအကူအညီ ပေးရပါမလဲ”
စာရေးကလေးက ဝင်ပြောပေးသည်။
“နိုင်ငံသားကတ်အဟောင်းက ဓာတ်ပုံကို မကြိုက်လို့ အသစ်ရိုက်ပြီး ပြန်လုပ်ချင်လို့တဲ့ ဦးစီး”
“ဟာ ရပါတယ်၊ ကတ်ပြားဟောင်းလေးသာ ခဏလောက် ပြပါ”
“အဟောင်းက အိမ်မှာကျန်ခဲ့တယ်”
“ဒါဆိုလည်း ဖြစ်ပါတယ်၊ နံပါတ်ပြောရင် ရပါပြီ”
“အဲဒါက....”
“နံပါတ် မမှတ်မိလည်း အရေးမကြီးပါဘူး၊ လူကိုယ်တိုင် ရောက်နေပြီပဲ၊ လက်ဗွေဖတ်စက်နဲ့ ရှာပေးပါမယ်”
“ကျွန်မက စုံစမ်းရုံလောက်..”
အမျိုးသမီးကြီး စကားမဆုံးခင်မှာပင် စာရေးမလေးတစ်ယောက် အနားကို ရောက်လာပြီး..
“ကော်ဖီ သုံးဆောင်ပါရှင်”
ဆိုပြီး ပန်းကန်ကို စားပွဲပေါ် ချပေးသည်။
“ဟင့်အင်း.. တော်ပြီ၊ ကော်ဖီမသောက်ဘူး၊ ညကျရင် အိပ်မပျော်ဘဲ နေလိမ့်မယ်”
“ဧည့်သည် ဘာကြိုက်တတ်လဲ မမေးမစမ်းဘဲ ယူလာရသလား၊ သွား သွား၊ သီးစုံကို ယူလာခဲ့”
ဟု ဦးစီးမှူးက ပြောလိုက်သည်။
စာရေးမလေးက “ဟုတ်” ဆိုပြီး သွားပြန်ယူလာသည်။ အမျိုးသမီးကြီးသည် အစကတော့ အချိန်မရှိဘူး၊ နောက်ရက်မှ လာမယ်ဆိုပြီး ထပြန်မလို့ပဲ။ အခုလို ပျူပျူငှာငှာ ဧည့်ဝတ်ကျေနေတော့ အားနာသွားသည်။ ထို့ကြောင့်..
“အင်းလေ.. တစ်ခါတည်းပဲ လုပ်သွားလိုက်မယ်”
ရုံးခန်းထဲမှာ ပျာယာခတ်သွားသည်။ ဦးစီးမှူးကိုယ်တိုင် ဆောင်ရွက်ပေးရသည်။ လက်ဗွေဖတ်စက်မှတစ်ဆင့် ရှာလိုက်သောအခါ စက္ကန့်သုံးဆယ်အတွင်းမှာ ကွန်ပျူတာ ဖန်သားပြင်ပေါ်၌ ကတ်ပြားဟောင်းပုံ ပေါ်လာသည်။ လွန်ခဲ့သော ငါးနှစ်က ပြုလုပ်ထားခြင်း ဖြစ်၏။
“အင်း.. ရုပ်ရည်ကတော့ သိပ်မပြောင်းပါဘူး”
ဟု ဦးစီးမှူးက ပင့်ပေးလိုက်သည်။
“ဒါပေမယ့်.. ဆံပင်ပုံစံက..”
“ဟုတ်ပါရဲ့ခင်ဗျာ၊ ဆံပင်ပုံစံက နည်းနည်းရိုးနေတယ်၊ ဓာတ်ပုံအသစ် ပြန်ရိုက်လိုက်တာ ကောင်းပါတယ်”
အလိုက်သိသော စာရေးမလေးက ခရင်ပတ်ဘူးကို ထုတ်ပေးသည်။ အမျိုးသမီးကြီးက “ရတယ်၊ ပါတယ်” ဆိုပြီး သူ့ကိုယ်ပိုင်ဘူးကို ထုတ်၍သုံးသည်။ ပန်းဆီရောင် နှုတ်ခမ်းပါးပါး ဆိုးလိုက်သေးသည်။
ဓာတ်ပုံရိုက်သည်။ ကွန်ပျူတာမှာ ပေါ်လာသော သူ့ဓာတ်ပုံကို ကြည့်ပြီး..
“ခေါင်းက နည်းနည်းစောင်းနေတယ်”
ဦးစီးမှူးက ဖန်သားပြင်ပေါ် လက်ညှိုးနှင့် ဟိုတို့ဒီတို့ လုပ်သည်။
“ဒီလောက်ဆို ရပြီလား”
“အသား နည်းနည်းညိုနေသလိုပဲ”
အဲဒါမှ ပြဿနာ။ နိုင်ငံသားကတ်ဆိုတာက အပြင်ကပုံနဲ့ တတ်နိုင်သမျှ တူရမည်။ ညိုတဲ့သူကို ဖြူအောင်လုပ်လို့ မဖြစ်။ ဒီအကြောင်းပြောလို့ “ဒါဆိုလည်း မလုပ်တော့ဘူး” ဆိုလည်း ခက်မည်။ မတော်တဆ တိုင်လားတောလားလုပ်လျှင် ဒုက္ခ။ ထို့ကြောင့် အလင်း နည်းနည်းတင်ပေးလိုက်သည်။ အမျိုးသမီးကြီးက သိပ်ကျေနပ်ပုံ မရသေး။
“ဒါက ပုံကြီးဖြစ်နေလို့ပါ၊ ကတ်ပြားထဲကျရင် အနေတော်လောက် ဖြစ်သွားမှာ၊ ပြီးတော့ ကာလာနည်းနည်းကျဦးမှာ ဆိုတော့..”
ဟု မလိမ့်တပတ် ပြောရသည်။ ဒီတော့မှ..
“ဒါဆိုရင်လည်း ပြီးရော”
နှစ်မိနစ်ပဲ ကြာသည်။ စမတ်ကတ်လေး စက်ထဲက ထွက်လာသည်။ အမျိုးသမီးကြီးက ကတ်ပြားကို ယူကြည့်သည်။ တစ်စုံတစ်ခု အထွန့်တက်ချင်သေးပုံရသည်။ ထိုစဉ် ရုံးရှေ့မှာ လာကြိုခဲ့သော စာရေးကလေး ရောက်လာသည်။ ကြွေစက္ကူအကောင်းစားဖြင့် ရိုက်ထားသော ပြက္ခဒိန်တစ်စောင်ကို စားပွဲပေါ် လာချပေးရင်း....
“ဒါ ကျွန်တော်တို့ဌာနရဲ့ လက်ဆောင်ပါ၊ နိုင်ငံသားကတ် လာလုပ်တဲ့လူတိုင်းကို ပေးတာပါခင်ဗျာ”
“ဟင်.. ပြက္ခဒိန် ဘာလုပ်ရမှာလဲ၊ ခုပဲ ဖေဖော်ဝါရီလတောင် ရောက်နေပြီ”
“ဒါ ရိုးရိုးပြက္ခဒိန် မဟုတ်ပါဘူး၊ ဗေဒင်ဟောစာတမ်း ပါတယ်”
“ဗေဒင်....”
အမျိုးသမီးကြီးက စိတ်ဝင်စားသွားသည်။
“ဟုတ်ကဲ့.. ဒီမှာ ကျွန်တော်ပြမယ်၊ အစ်မကြီးရဲ့ မွေးရက်က ငါးလပိုင်း ဆယ်ရက်နေ့နော်၊ ပေါင်းရင် ဆယ့်ငါးရတယ်၊ ဒီနေ့က နှစ်လပိုင်း ခုနစ်ရက်ဆိုတော့ ပေါင်းရင် ကိုး၊ ဆယ့်ငါးနဲ့ ပြန်ပေါင်းတော့ နှစ်ဆယ့်လေး၊ ကဲ.. ကြည့်..”
စာရေးကလေးက ပြက္ခဒိန်၏ နောက်ဆုံးစာရွက်ကို လှန်လိုက်သည်။ ဇယားပေါ်ရှိ နှစ်ဆယ့်လေးနေရာကို လက်ညှိုးနှင့်ထောက်သည်။ ကပ်လျက်အကွက်မှာတော့ ဟောစာတမ်း ရေးထားသည်။
“ဖူးစာရှင်နှင့် မမျှော်လင့်ဘဲ ဆုံတွေ့ရတတ်သည်”
အမျိုးသမီးကြီး၏ နှုတ်ခမ်းများ ပြုံးယောင်သမ်းသွားသည်။ စာရေးကလေးကို ဖျတ်ခနဲ မော့ကြည့်လိုက်၏။
* * *
မဟာသီရိဒေဝတာယက္ခမောရိယ အားကစားကွင်းကြီးသည် ပရိသတ် နှစ်သိန်းဆံ့သည်။ ကမ္ဘာ့အကြီးဆုံး ကွင်းတွေထဲမှာ ပါဝင်သည်။ နောက်ဆုံးမှ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သောကြောင့် ပိုပြီး ခေတ်မီသည်။ အထူးသဖြင့် မီးအလင်းပေးပုံစနစ် ဖြစ်၏။ ဆလိုက်မီးမောင်းကြီးတွေကို လုံးဝမမြင်ရ။ သို့ပါလျက် ညပွဲတွေ ကစားတဲ့အခါ ကွင်းအတွင်းမှာ နေ့လည်ကဲ့သို့ လင်းထိန်နေသည်။ ထိုအလင်းရောင် ဘယ်ကလာမှန်း ဘယ်လိုမှ ခန့်မှန်းလို့မရ။ ထိုလျှို့ဝှက်ချက်ကြောင့်ပင် နာမည်ကျော်ကြားခြင်း ဖြစ်၏။ ထိုအချက်ကြောင့်ပင် လာမည့်နှစ်မှာ ကျင်းပမည့် ကမ္ဘာ့အိုလံပစ် အားကစားကွင်းအဖြစ် ရွေးချယ်ခံရခြင်းလည်း ဖြစ်၏။
ကွင်းထဲမှာ ပရိသတ်တွေ ပြည့်လျှံနေပြီ။ ဝင်ခွင့်မရသူတွေအတွက် ကွင်း၏ လေးဘက်လေးတန်မှာ ပလာစမာ တီဗီကြီးတွေ ထောင်ပေးထားသည်။ ဖိုင်ဘာထိုင်ခုံတွေလည်း အများအပြား ချပေးထားသည်။
ဒီနေ့ကစားမည့်ပွဲမှာ တစ်ကမ္ဘာလုံးရှိ ဘောလုံးဝါသနာအိုးတွေ အကြီးအကျယ် စိတ်ဝင်စားစွာ စောင့်မျှော်နေကြသောပွဲ၊ ကမ္ဘာ့ချန်ပီယံလိဂ်ပွဲပင် ဖြစ်၏။ ဒေသဆိုင်ရာ ကလပ်ချန်ပီယံများ ထပ်ဆင့်ယှဉ်ပြိုင်ပြီး ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းကို ရွေးချယ်ခြင်းပါပဲ။ ဒီနေ့ကစားမည့် နောက်ဆုံးဗိုလ်လုပွဲမှာ ဥရောပချန်ပီယံ မန်ချက်စတာယူနိုက်တက်နှင့် အာရှချန်ပီယံ ရွှေနိုင်ငံကိုယ်စားပြု ဆလုံအက်ဖ်စီအသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်၏။
အမှန်အားဖြင့်တော့ ဒီလို ဗိုလ်လုပွဲမျိုးကို ကြားနိုင်ငံက ကွင်းတစ်ကွင်းမှာ ကစားရမည်ဖြစ်၏။ သို့ရာတွင် မန်ချက်စတာယူနိုက်တက် အသင်းကိုယ်တိုင်က မဟာသီရိဒေဝတာယက္ခမောရိယ ကွင်းသစ်ကြီးမှာ လာကစားပါရစေ၊ အဝေးကွင်း အခွင့်အရေးကိုလည်း မယူပါဟု တောင်းဆိုခဲ့ခြင်း ဖြစ်၏။ ဒါကလည်း စီးပွားရေးဈေးကွက်နှင့် ဆက်နွယ်နေသည်။
မန်ယူအသင်းကို အင်္ဂလန်နိုင်ငံရှိ ဂျော်နီရန်းနား စကော့ဝီစကီကုမ္ပဏီက စပွန်ဆာ ပေးထားသည်။ ဘောလုံးပွဲ မတိုင်ခင်အတွင်းမှာ အရောင်းမြှင့်တင်ရေး အစီအစဉ်တွေ လုပ်သည်။ အရက်ပုလင်း အဖုံးထဲမှာ ကံစမ်းမဲ ထည့်ထားသည်။ မဲပေါက်သူများသည် ရွှေနိုင်ငံမှာ ကျင်းပမည့် ဘောလုံးပွဲကို စရိတ်ငြိမ်း သွားကြည့်ရမည်ဟု မက်လုံးပေးသည်။ အားကစားကို ခုတုံးလုပ်ပြီး အရက်ရောင်းကောင်းအောင် လုပ်တာ မသင့်တော်ကြောင်း စာနယ်ဇင်းတွေက ဝေဖန်ကြသည်။ ထိုအရက်များမှာ ဝီစကီအစစ် မဟုတ်ကြောင်း၊ တောအရက်တွေကို အရောင်ဆိုးအနံ့ ထည့်ထားသော “ဖောလျှော” များသာဖြစ်ကြောင်း ကောလဟာလ သတင်းတွေလည်း ထွက်လိုက်သေးသည်။ ဘာပဲဖြစ်ဖြစ် သောက်သောက်လဲ ရောင်းကောင်းသည်။ တကယ်ကို “သောက်သောက်ပြီး လဲ” ကြတာပါပဲ။
ဆလုံအက်ဖ်စီ အသင်းကိုတော့ ပြည်တွင်းမှ ထိပ်တန်းအချိုရည်ကုမ္ပဏီဖြစ်သော “ရဲယိုကိုလာ” က စပွန်ဆာပေးထားသည်။ ဘောလုံးသမားများ၏ ဂျာစီအင်္ကျီပေါ်မှာ ရဲယိုသီးပုံကြီး ရိုက်နှိပ်ထားသည်။ ထိုတံဆိပ်မှာ ကမ္ဘာကျော် အမှတ်အသားတစ်ခု ဖြစ်နေပြီ။ မန်ယူကို သရဲနီ၊ အာဆင်နယ်ကို ဂန်းနားခေါ် အမြောက်ကြီး၊ လစ်ဗာပူးကို ကြိုးကြာနီဟု ခေါ်ကြသလို သူတို့ကိုလည်း ရဲယိုသီးများဟု ခေါ်ကြသည်။
သူတို့အသင်းသည် ဗိုလ်စွဲမည်ဟု ရေပန်းစားနေတာ မှန်သည်။ သို့ရာတွင် အသင်း၏ ဂိုးသွင်းတိုက်စစ်မှူး တိုးလှိုင်ဝင်းကို အီတလီ ထိပ်သီးကလပ်အသင်းဖြစ်သော ဒီစီမီလန်သို့ ဒေါ်လာသန်းတစ်ရာဖြင့် ရောင်းချလိုက်ခြင်း အပေါ်မှာတော့ ရွှေနိုင်ငံ ပရိသတ်တွေ မကျေနပ်ကြ။ ထို့ကြောင့် တိုးလှိုင်ဝင်း၏ ဓာတ်ပုံပိုစတာကြီးတွေ ကိုင်သူက ကိုင်လာကြသည်။
ဘောလုံးပွဲမှာ ပထမပိုင်း အေးစက်စက် နိုင်နေ၏။ နှစ်သင်းစလုံးသည် တစ်ဖက်နှင့်တစ်ဖက် အကဲစမ်းနေကြသည်။ အမှားမခံနိုင်သဖြင့် ကွင်းလယ်မှာပင် ထိန်းကစားနေကြသဖြင့် ပျင်းစရာတောင် ကောင်းသည်။
ပရိသတ်များက အော်ဟစ်လှောင်ပြောင်ကြသည်။
ဒုတိယပိုင်းမှာတော့ ကစားအား တင်လာကြသည်။ နှစ်ဖက် အပြန်အလှန် ထိုးဖောက်မှုတွေ ရှိလာသည်။ ပွဲက သွက်လာ၏။ ဆလုံအက်ဖ်စီအသင်းက ကစားကွက်သာသည်။ သို့ရာတွင် ဂိုးသွင်းမည့်သူ မရှိဘဲ ဖြစ်နေ၏။ တိုးလှိုင်ဝင်း မရှိလို့ တိုက်စစ်အားလျော့တာပဲ ဆိုပြီး ပို၍ မကျေမနပ် ဖြစ်လာကြသည်။ “တိုးလှိုင်ဝင်း ပြန်ခေါ်ပေး” ဟု ပြိုင်တူအော်ကြသည်။
ပွဲက ပိုမြန်လာသည်။ ရွှေနိုင်ငံပရိသတ်များက အိုးစည်ဒိုးပတ်တွေတီးပြီး အားပေးသည်။ မန်ယူဂိုးသမား ဘောလုံးတည်ကန်တော့မည်ဆိုလျှင် ယကွင်းတွေ တချမ်းချမ်းတီးပြီး အနှောင့်အယှက် ပေးကြသည်။ နှဲတွေကိုလည်း မှုတ်ကြသည်။ နှဲအလက်တစ်ထောင်လောက် ပြိုင်တူ တီးမှုတ်ကြသဖြင့် တစ်ကွင်းလုံး ဆူညံပြီး ဒိုင်လူကြီး၏ ခရာသံကိုတောင် ကောင်းကောင်းမကြားရ ဖြစ်နေသည်။
မန်ယူဘောလုံးသမား တစ်ယောက်သည် ဒိုင်လူကြီး ခရာမှုတ်ပြီးမှ ဘောလုံးကို ကန်မိသဖြင့် အဝါကတ် အပြခံရသည်။ နှဲသံကြောင့် မကြားရကြောင်း ဝိုင်းပြီး စောဒကတက်ရာမှ ပရိသတ်မှာ ပိုပြီး မငြိမ်မသက် ဖြစ်လာသည်။ ပွဲကလည်း ပိုပြီး အကြိတ်အနယ် ရှိလာ၏။
တစ်ခါတော့ ဆလုံအက်ဖ်စီအသင်းမှ အထောင်တိုက်စစ်မှူး၊ တောင်ပံနှင့် အလယ်တန်းလူတို့၏ တွဲလုံးဖြင့် ထိုးဖောက်လာသည်။ တိုက်စစ်မှူးက ဘောလုံးကို ဖနောင့်လေးနှင့်ချိတ်ပြီး ထားခဲ့သည်။ အလယ်တန်းလူက နှစ်ယောက်ကို လိမ်ခေါက်ပြီး ညာဘက်ခြမ်းကို ထိုးပေးသည်။ တောင်ပံကစားသမားက ရှေ့သို့ အလောတော် ချပေးလိုက်၏။ တိုက်စစ်မှူးဆီ ကွက်တိရောက်သည်။ ဂိုးသမားနှင့် နှစ်ယောက်တည်း။ သို့ရာတွင် စည်းကြပ်ဒိုင်က အလံထောင်ထားသည်။ လူကျွံဘော။
တစ်ကွင်းလုံး ဆူညံသွားသည်။ ဆဲဆိုသံတွေ ဟိန်းထွက်လာသည်။ တစ်ပြိုင်နက်တည်းမှာပင် ကွင်းအတွင်းသို့ ရေသန့်ဘူးများ၊ အုတ်ခဲကျိုးများ၊ ခဲလုံးများ၊ တုတ်ချောင်းများ ဝဲပျံကျလာသည်။ အုတ်ခဲကျိုးတစ်ပိုင်းသည် စည်းကြပ်ဒိုင်၏ နောက်စေ့ကို တည့်တည့်ကြီးထိမှန်ပြီး ခုန်ထွက်သွား၏။
ရွှေနိုင်ငံ ပရိသတ်များသည် ခုချိန်အထိ ဒီအကျင့်ကို မဖျောက်နိုင်သေး။ အစိုးရက မြှောက်စားထားသဖြင့် ပိုတောင် အတင့်ရဲလာကြသေးသည်။ ဥပဒေထုတ်ပြီး တားမြစ်လို့လည်း မရ။ လူအုပ်စုလိုက်ကြီးဆိုတော့ အရေးယူဖို့လည်း ခက်သည်။ ဒီလိုကိစ္စမျိုးတွေအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက အရေးယူတာလည်း အကြိမ်ကြိမ်။ ဒဏ်ငွေဆောင်ခဲ့ရတာကပဲ အားလုံးပေါင်းလျှင် သန်းတစ်ရာ ကျော်နေပြီ။
ထို့ကြောင့် သူတို့လည်း စိတ်ရှိလက်ရှိ ထင်တိုင်းကြဲနိုင်အောင်၊ ဒဏ်ရာအနာတရလည်း မဖြစ်အောင် စီစဉ်ပေးထားရသည်။ ပစ်ပေါက်လို့ရသော ပစ္စည်းများကို ရော်ဘာနှင့် ဖော့သားကိုစပ်ပြီး အတု ပြုလုပ်ပေးထားသည်။ စောစောက စည်းကြပ်ဒိုင်၏ နောက်စေ့ကို မှန်သွားသော အုတ်ခဲကျိုးမှာလည်း အတုပင်ဖြစ်၏။ ထို့ကြောင့် ဘာမှမဖြစ်ဘဲ ခေါင်းလေးကိုသာ ပွတ်နေခဲ့တာပေါ့။
ရုတ်ရုတ်သဲသဲ ရုန်းရင်းဆန်ခတ် ပြုသူများကို လုံခြုံရေးတပ်ဖွဲ့များက နံပါတ်တုတ်နှင့် လိုက်ရိုက်သည်။ ထိုနံပါတ်တုတ်များမှာလည်း အစစ်မဟုတ်။ နိုင်လွန်အိတ်ရှည်ထဲကို လေမှုတ်ထည့်ထားခြင်းမျှသာ ဖြစ်၏။ အရိုက်ခံရလျှင် လုံးဝမနာဘဲ ကလေးကစားစရာတွေလို “ကျွိကျွိ” နဲ့ မြည်သေးသည်။ တချို့ နောက်တီးနောက်တောက်ကောင်တွေက အရိုက်ခံချင်တာနဲ့ တမင်တကာ ရန်ဖြစ်ချင်ယောင် ဆောင်ကြသေးသည်။
အားကစားကွင်းအတွင်းမှာ အိုးစည်ဒိုးပတ်သံတွေ၊ ယကွင်းသံတွေ၊ နှဲသံတွေ၊ ကျွိကျွိမြည်သံတွေ ဆူညံနေသည်။ ကွင်းအတွင်းသို့ ပစ်ပေါက်ထားသော ပစ္စည်းများကို ကောက်ယူဖယ်ရှားပြီးနောက် ဘောလုံးပွဲ ပြန်စသည်။
စောစောက ပြဿနာကြောင့် မန်ယူအသင်းမှာ ဖြုံသွားပြီး ကစားအားကျလာသည်။ ဆလုံအက်ဖ်စီအသင်းက ဖိကစားလာသည်။ သို့ရာတွင် ဂိုးကံခေနေ၏။ မကြာခဏဆိုသလို ဝင်လုလုဖြစ်ပြီးမှ လွဲချော်သွားရသည်။ အပိုင်ကန်သွင်းလိုက်သော်လည်း တိုင်ဘေးက ပွတ်ထွက်သွားတာ၊ ဂိုးသမား ပုတ်ထုတ်လိုက်တာ၊ တိုင်ထိထွက်သွားတာမျိုးတွေ ဖြစ်နေ၏။
ပုံမှန် ပွဲကစားချိန် ပြည့်သွားသဖြင့် ထပ်ဆောင်းချိန် ငါးမိနစ်ပေးသည်။ နှစ်မိနစ်လောက်မှာ ဆလုံအက်ဖ်စီ ထောင့်ကန်ဘောရသည်။ ကန်တင်၊ ခေါင်းတိုက်၊ ပြန်လျှံထွက်၊ ပိတ်သွင်း၊ လူထိပြန်ထွက်၊ တစ်ကြိမ်မှာတော့ ဂိုးပြီထင်တာ၊ ဂိုးစည်းနားရောက်မှ တစ်ဖက်နောက်တန်းလူက လျှောထိုးပြီး ဖျက်လိုက်နိုင်သည်။ ဟင်ခနဲ၊ ဟာခနဲ။
ဘောလုံးသည် လည်ထွက်လာသည်။ နောက်တန်းလူက ရှင်းထုတ်လိုက်ရာ ဘောလုံးက ကွင်း၏ သုံးချိုးနှစ်ချိုးဆီ ကျသွားသည်။ ဆလုံအက်ဖ်စီ ကစားသမားတွေ တစ်သင်းလုံး တက်ဖိပြီး ဂိုးရဖို့မဲနေတုန်း မန်ယူကောင်တာတိုက်ကွက် မိသွားသည်။ ဆလုံအက်ဖ်စီ ကစားသမားတွေ အသည်းအသန် လိုက်ဖျက်သော်လည်း မမီတော့ဘဲ ပွဲပြီးရန် စက္ကန့်ပိုင်းအလိုမှာ ဂိုးပေးလိုက်ရသည်။
မန်ယူ ဗိုလ်စွဲသွားသည်။ ရွှေနိုင်ငံသားတွေ အသည်းကွဲရပြီ။ တစ်ချို့ ယူကျုံးမရ ဖြစ်ကြ၏။ တစ်ချို့ မျက်ရည်ကျသည်။ အများစုကတော့ ပေါက်ကွဲကြသည်။ အထူးသဖြင့် သူတို့အချစ်တော် တိုးလှိုင်ဝင်းကို အမြတ်ကြီးကြီးနှင့် ရောင်းစားလိုက်သော ဆလုံအက်ဖ်စီ အသင်းပိုင်ရှင်အပေါ် ဒေါသတွေ ပုံကျသွားသည်။ အော်ဟစ် ဆူပူကန့်ကွက်ကြသည်။ ထို့ကြောင့် အသင်းပိုင်ရှင်မှာ ပရိသတ်များ ကျေနပ်အောင် မိမိကိုယ်ကို အပြစ်ပေးတဲ့အနေနဲ့ လက်နှစ်ဖက်ကို နောက်စေ့ပေါ်တင်၊ ဆောင့်ကြောင့်ထိုင်ပြီး ဖားခုန်ခုန်ပြရလေသည်။
* * *
တာဝန်မှူး၏ ဖန်သားပြင်စားပွဲပေါ်မှ မီးနီလေး တဖျတ်ဖျတ်လင်းလာသည်။ တစ်ပြိုင်နက်တည်းမှာ အချက်ပေးသံလည်း မြည်လာသည်။ တစ်စုံတစ်ယောက်က ဖုန်းဆက် အကူအညီတောင်းလာခြင်း ဖြစ်၏။ သူသည် ခလုတ်ကို အလျင်အမြန်နှိပ်၍ ဖွင့်လိုက်ပြီး....
“ကူညီပါရစေခင်ဗျာ”
ဟု နှုတ်ဆက်လိုက်သည်။ အခုလို အလျင်အမြန် မထူးလို့လည်းမဖြစ်။ အချက်ပေးသံ စမြည်လာပြီး ငါးစက္ကန့်အတွင်း ပြန်မထူးနိုင်လျှင် နှောင့်နှေးကြန့်ကြာမှုဖြင့် ထုချေလွှာ တင်ရလိမ့်မည်။
ပြည်သူများအနေဖြင့် အရေးပေါ်အကူအညီ လိုအပ်ပါက အလွယ်တကူ ဆက်သွယ်နိုင်အောင် အစီအစဉ် လုပ်ပေးထားသည်။ ပုံသေ နံပါတ်တစ်ခု သတ်မှတ်ပေးထားလျှင် မျက်စိမှုန်သူ၊ မျက်စိမမြင်သူများအတွက် နံပါတ်နှိပ်ဖို့ အခက်အခဲ ဖြစ်နိုင်သည်။ တစ်ချို့ကလည်း ဂဏန်းလေး သုံးလုံးလောက်ကိုပင် မမှတ်မိဘဲ ရှိတတ်သည်။ တစ်ချို့လည်း အရေးအကြောင်းကြုံလျှင် အယောင်ယောင်အမှားမှားဖြစ်ပြီး မေ့နေတတ်သည်။
ထို့ကြောင့် အရေးပေါ် အကူအညီတောင်းလိုလျှင် တယ်လီဖုန်းပေါ်ရှိ ကြိုက်ရာနံပါတ်တစ်ခုကို သုံးကြိမ်ဆက်တိုက် နှိပ်လိုက်ရုံပဲ ဖြစ်၏။ ဖုန်းလက်ခံမည့်သူ တာဝန်မှူး နှစ်ဆယ့်လေးဦးအနက် တစ်ယောက်ယောက်ထံသို့ အလိုအလျောက် ချိတ်ဆက်ပေးလိမ့်မည်။
ဗီဒီယိုဖုန်းဖြင့် ခေါ်ဆိုခြင်းဖြစ်သောကြောင့် တာဝန်မှူးရှေ့မှ ဖန်သားပြင်ပေါ်တွင် အမျိုးသမီးကြီးတစ်ဦးပုံ ပေါ်လာသည်။
“ကူညီပါရစေခင်ဗျာ”
ဟု ထပ်ပြောရင်း အကဲခတ်လိုက်သည်။ အမျိုးသမီးကြီးမှာ အတော်ပင် ထိတ်လန့်တုန်လှုပ်နေပုံရသည်။ ဘေးဘီကို ဟိုကြည့်ဒီကြည့် ဂဏှာမငြိမ် ဖြစ်နေ၏။ ထို့နောက် အလောတကြီး ပြောသည်။
“ကျွန်မဆီ.. ကျွန်မဆီ အမြန်လာခဲ့ပါ”
“ဘာဖြစ်လို့ပါလဲ”
“ကြောက်လို့....”
“ဘာကို ကြောက်..”
စကားမဆုံးခင် ဖုန်းချသွားသည်။ မရတော့။ စက်ပိတ်ထားသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင်။ သူစိုးရိမ်သွားသည်။ ဖုန်းလှမ်းဆက်သော နေရာကို အက်စ်ဂျီပီအက်စ်ထဲမှာ ရှာသည်။ အိမ်နံပါတ်ကအစ အတိအကျရသည်။
မြေပုံကို ပြန်ချဲ့သည်။ ထိုမြို့နယ်အတွင်းရှိ လမ်းများပေါ်တွင် မှိတ်တုတ်မှိတ်တုတ် အနီစက်ကလေးများ ရွေ့လျားနေကြသည်။ လှည့်ကင်းကားများပင် ဖြစ်၏။ အကူအညီတောင်းသော အိမ်ရှင်နှင့် အနီးဆုံး လမ်းကြောပေါ်မှာရှိသော အနီစက်ကတော့ ရပ်တန့်နေ၏။ ဒီကောင်တွေ ကော်ဖီဆိုင် ဝင်ထိုင်နေသလား မသိဘူး။ နားရက် အဖြတ်ခံချင်ပြီထင်တယ်ဟု တွေးရင်း အနီစက်ပေါ် လက်ညှိုးတင်၍ ဖိလိုက်သည်။ ချက်ချင်းပင် ဖန်သားပြင်ပေါ်မှာ မျက်နှာတစ်ခု ပေါ်လာပြီး..
“၀၉၂ သတင်းပို့ပါတယ်”
ဟု ပြောသည်။
“တာဝန်မှူး ၀၇ ပြောနေတယ်၊ မင်းတို့ကား ဘာဖြစ်လို့ ရပ်ထားသလဲ”
“မိန်းကလေးတစ်ယောက်ရဲ့ ကားဘီးပေါက်နေလို့ ကူညီနေတာပါ”
“ဘယ်လောက်ကြာဦးမလဲ”
“ပြီးပါပြီ.. ဘီးဟောင်းကို ပြန်သိမ်းနေပါပြီ”
“ဒါဆို ပြီးရော၊ အမျိုးသမီးကြီးတစ်ယောက် အရေးပေါ် အကူအညီတောင်းထားတယ်၊ သူသိပ်ကြောက်နေပုံရတယ်၊ အမြန်ဆုံးသွားပါ၊ နေရာအတိအကျကို မင်းတို့စက်ထဲ လှမ်းပို့ပေးမယ်၊ သူ့ပုံကိုပါ တွဲပို့လိုက်မယ်”
“ဟုတ်ကဲ့”
“သတိထားသွားပါ၊ အန္တရာယ် ရှိကောင်းရှိနိုင်တယ်၊ ဒါပဲ”
တာဝန်မှူးသည် စောစောက မှတ်တမ်းတင်ထားသော ဗီဒီယိုဖိုင်ကို ပြန်ဖွင့်ကြည့်သည်။ အမျိုးသမီးကြီးမှာ အသက်လေးဆယ်လောက်ရှိမည်ဟု ခန့်မှန်းရသည်။ ဒီ့ထက်လည်း ကြီးကောင်းကြီးနိုင်သည်။ ခုခေတ်မှာ အသက်ခြောက်ဆယ်ကလည်း ကော့စမစ် ဆာဂျရီနည်းဖြင့် လေးဆယ်လောက်ထင်ရအောင် ပြုပြင်နိုင်သည်။
ပုံကို ရုပ်သေဖမ်းလိုက်သည်။ မျက်နှာကို ပုံကြီးချဲ့ကြည့်သည်။ ထိတ်လန့်တုန်လှုပ်နေပုံက ထင်ရှားလွန်းလှသည်။ ဗီဒီယိုအဖြစ် ပြန်ပြောင်းကြည့်သည်။ ဘေးဘီကို စိတ်မချသလို လှမ်းကြည့်နေတာကလည်း သေချာသည်။ ဘေးမှာ တစ်စုံတစ်ယောက် ရှိနေသလား၊ တစ်ခုခု ခြိမ်းခြောက်ခံနေရသလား၊ အန္တရာယ်က အချိန်မရွေး ဝင်လာနိုင်လို့ စိတ်မချနိုင် ဖြစ်နေတာလား။ လိုအပ်ရင် အကူအညီပေးနိုင်အောင် အနီးဆုံး လှည့်ကင်းများ၊ မြို့နယ်ရဲစခန်းနှင့် အကြမ်းဖက်မှု နှိမ်နင်းရေး အဖွဲ့တို့ကိုပါ သတင်းပေးပို့ထားလိုက်သည်။ ဒါမျိုးက အလွန်သတိထားရသည်။ နည်းနည်းလေး လစ်ဟင်းသွားလို့ ပြဿနာပေါ်လျှင် ပခုံးပေါ်က ကြယ်ကလေး ကြွေသွားနိုင်သည်။
ကင်းလှည့်ယာဉ်ပေါ်မှ ရဲကြပ်ကြီးသည် သူ့အဖော်ကို လှမ်းကြည့်သည်။ ပေါက်သွားသောဘီးကို လှိမ့်ယူသွားပြီး ကားနောက်ဖုံးထဲ ထည့်ပေးနေတာ တွေ့ရသည်။ လက်ပတ်နာရီပေါ်မှ အချက်ပေးခလုတ်ကို နှိပ်ပြီး မြန်မြန်လာရန် သတိပေးလိုက်သည်။
ဒုရဲတပ်ကြပ်သည် ပြန်လှည့်ထွက်မည်အပြု ကားပိုင်ရှင်မိန်းကလေးက လှမ်းခေါ်သဖြင့် ရပ်စောင့်နေရသည်။ မိန်းကလေးက တစ်စုံတစ်ခု လှမ်းပေးသည်။ ဒုရဲတပ်ကြပ်က ခေါင်းခါခါ လက်ခါခါလုပ်ရင်း အကြောက်အကန် ငြင်းသည်။ မိန်းကလေးက အင်္ကျီအိတ်ထဲ အတင်းထိုးထည့်ပေးသည်။ ဒုရဲကြပ်က ပြန်ထုတ်၊ ကားဘောနက်ပေါ် တင်ပေးခဲ့ပြီး ပြန်ထွက်လာသည်။ မိန်းကလေးက ရယ်ရင်း ကျန်ခဲ့သည်။
ဒုရဲကြပ်က ကားပေါ် အမြန်တက်ရင်း..
“လက်ဖက်ရည်ဖိုး ပေးနေလို့ ငြင်းပြီး ထွက်ပြေးလာရတယ်”
ဟု ပြောသည်။
“အေး.. ကောင်းတယ်၊ တော်ကြာ သတင်းထောက်မလေး ဖြစ်နေရင် နာပြီပဲ၊ တစ်နေရာရာကနေတောင် သူ့အဖော်က ဗီဒီယိုနဲ့ ချောင်းရိုက်ချင် ရိုက်ထားမှာ”
“မီဒီယာသမားတွေက မလွယ်ဘူးနော်၊ သူတို့မသိတာ မရှိဘူး၊ ဒါနဲ့ အရေးပေါ်က ဘာကိစ္စပေါ်လို့လဲ ဆရာ”
“လမ်းကျမှ ရှင်းပြမယ်”
ဆိုပြီး ကားကို အမြန်မောင်းထွက်လိုက်သည်။
သွားမယ့်အိမ် ရှိတဲ့နေရာ၊ အနီးဆုံး အမြန်ဆုံး သွားနိုင်သောလမ်းကြောင်း၊ ခရီး အကွာအဝေး၊ တစ်နာရီ ကီလိုငါးဆယ်နှုန်းနှင့်သွားလျှင် ကြာမည့်အချိန်များကို မြေပုံပေါ်မှာ အတိအကျ တွက်ချက်ဖော်ပြပေးထားသည်။ ညဘက်ဖြစ်သောကြောင့် လမ်းရှင်းသည်။ ထို့ကြောင့် သူက ကီလိုရှစ်ဆယ်နှုန်းတင်ပြီး မောင်းသည်။ ခုချိန်မှာ တစ်မိနစ်ကအစ အရေးကြီးသည်။
လူလတ်တန်းစားများနေသော ရပ်ကွက်ဖြစ်၏။ အတော်အသင့် ကျယ်ဝန်းသော ဝင်းခြံကလေးများထဲတွင် ခုချိန်မှာ ပြန်လည်ခေတ်စားနေသော သစ်သားအိမ်များဖြင့် နေကြသည်။ သူတို့သွားရမည့်အိမ်က ဝင်းတံခါး အဆင်သင့်ဖွင့်ထားသည်။ ကားမီးပိတ်ပြီး အသာလေး လှိမ့်ဝင်လိုက်၏။
“သတိထားကွ၊ ထောင်ချောက်ဖြစ်ချင် ဖြစ်နေမယ်၊ စတန်းဂန်းကို အဆင်သင့်လုပ်ထား”
စတန်းဂန်းဆိုတာက ကျည်ဆံနှင့်ပစ်ရသော သေနတ်မျိုးမဟုတ်။ လျှပ်စစ်သံလိုက်လှိုင်း ထုတ်လွှင့်သော လက်နက်သာဖြစ်၏။ စက်ကွင်းမိသွားလျှင် တစ်ကိုယ်လုံး အကြောတွေဆိုင်းပြီး မလှုပ်နိုင်တော့ဘဲ ကြက်သေသေသွားရုံသာ ဖြစ်၏။ ပေငါးဆယ် အကွာအဝေးအထိ ပစ်နိုင်သည်။
“ဖုန်းတစ်ချက် ခေါ်ကြည့်ရင်ကောင်းမလား ဆရာ”
“မခေါ်နဲ့၊ အထဲမှာ မသမာသူ ရှိနေရင် အချက်ပေးလိုက်သလို ဖြစ်သွားမယ်”
သို့ရာတွင် သူတို့ရောက်လာကြောင်း အိမ်ထဲက သိနှင့်ပြီးဖြစ်၏။ အိမ်တံခါး ပွင့်လာပြီးနောက် အမျိုးသမီးကြီး တစ်ယောက်က...
“အိမ်ထဲဝင်ခဲ့ပါ”
ဟု ပြောသည်။ ရဲကြပ်ကြီးက..
“ငါအရင်ဝင်မယ်၊ သတိထားလိုက်ခဲ့”
ပြောပြီး ရှေ့က ဦးဆောင်ဝင်သွားသည်။ ဒုရဲကြပ်သည် ဘောင်းဘီနောက်အိတ်ထဲမှာ ထည့်ထားသော စတန်းဂန်းပေါ် လက်တင်ရင်း ကိုယ်တစောင်း အနေအထားဖြင့် ဝင်လိုက်သည်။
“ကြာလိုက်တာ”
ဟု မိန်းမကြီးက အပြစ်တင်သလို ပြောသည်။
“သတင်းရရချင်း ချက်ချင်း အမြန်လာခဲ့တာပါ ခင်ဗျာ၊ ဒါနဲ့..”
ထိုအခိုက်တွင် အတွင်းခန်းအဝင် ခန်းဆီးကြားမှ လှုပ်ရှားမှုတစ်ခုကို ရိပ်ခနဲ မြင်လိုက်ရသည်။
“ဟေ့.. ဘယ်သူလဲ”
အသံနှင့် တစ်ပြိုင်နက်တည်းလောက်မှာပင် ဒုရဲကြပ်က စတန်းဂန်းနှင့် ထိုးချိန်ပြီး ပစ်ထည့်လိုက်၏။ တွီခနဲ မြည်သံ၊ ဝေါင်းခနဲ အော်သံနှင့်အတူ ကြောင်ဝါကြီးတစ်ကောင်သည် ကားယားကြီးဆန့်လျက် ငြိမ်သက်နေလေသည်။
“ဟင်..”
အမျိုးသမီးကြီးသည် ကြောင်ကြီးရှိရာသို့ ပြေးသွားသည်။ တယုတယ ထွေးပိုက်လိုက်ပြီး..
“ဟန်နီ.. ဟန်နီလေး....”
လှုပ်ယမ်းရင်း ရေရွတ်နေရာမှ..
“မင်းတို့.. မင်းတို့.. ငါ့ကြောင်ကို သတ်ပစ်လိုက်ပြီ”
“မ.. မဟုတ်ပါဘူးခင်ဗျ၊ ခဏ သတိလစ်သွားရုံပါပဲ”
“ဘာ..”
“ဒီလိုပါ..အန္တရာယ် ရှိမယ်မှတ်လို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ငြိမ်သွားအောင် လုပ်တဲ့သဘောပါ၊ သုံးမိနစ်အတွင်း ပြန်ကောင်းသွားပါလိမ့်မယ်”
ဟု ရဲကြပ်ကြီးက ဝင်ရှင်းပြသည်။ အမျိုးသမီးကြီးမှာ မယုံသင်္ကာတစ်ဝက်ဖြင့်..
“ငါ့ကြောင် တစ်ခုခု ဖြစ်သွားလို့ကတော့ မင်းတို့ ပြုတ်ပြီသာမှတ်လိုက်”
ဆိုပြီး သူ့ကြောင်ကို ပွတ်သပ်ရင်း..
“ဟန်နီလေး.. ဟန်နီလေး၊ သတိရပါတော့ကွယ်”
ဟု ရေရွတ်နေသည်။ အရေးထဲမှာ ကြောင်က အထီးကြီးဖြစ်ကြောင်း ရဲမျက်စိဖြင့် မြင်ဖြစ်အောင် မြင်လိုက်မိသေးသည်။
ကံအားလျော်စွာပဲ နှစ်မိနစ်ခွဲ သာသာလောက်မှာ ကြောင်ကြီး ပြန်သတိရလာသည်။ သူဘာမှမဖြစ်ခဲ့သလို “ညောင်” ဟု တစ်ချက်အော်ပြီး အမျိုးသမီးကြီး၏ ရင်ကို ခေါင်းနှင့်ဝှေ့ရင်း ချွဲနေသေးသည်။
“ဟန်နီလေး.. သတိရပြီနော်၊ ဟင်.. အတိတ်များ မေ့သွားပြီလား၊ မာမီ့ကို မှတ်မိတယ်နော်”
ဒုရဲတပ်ကြပ်မှာ ခစ်ခနဲ အသံထွက်မလို ဖြစ်သွားသဖြင့် ရဲကြပ်ကြီးက တံတောင်နှင့်တွက်ပြီး သတိပေးလိုက်ရသေးသည်။
“ဒါနဲ့.. ကျွန်တော်တို့ကို ဘာကိစ္စရှိလို့ အရေးပေါ် အကူအညီ တောင်းရတာလဲဆိုတာ သိပါရစေ”
ဟု ရဲကြပ်ကြီးက လာရင်းကိစ္စကို ပြန်အစဖော်လိုက်သည်။ ဒီတော့မှ အမျိုးသမီးကြီးလည်း ပြန်သတိရသွားပြီး ထိတ်လန့်ချောက်ချားသည့်အသွင် ပြန်ဖြစ်သွားသည်။ ဟိုဟိုဒီဒီ စိတ်မချသလို ကြည့်သည်။ ဒုရဲကြပ်လည်း စတန်းဂန်းကို အသင့်ပြင်ပြီး မျက်ခြည်မပြတ် လိုက်ကြည့်ရပြန်သည်။
“ကျွန်တော်တို့ ရောက်လာပြီပဲ၊ စိတ်မပူပါနဲ့တော့၊ ပြောသာပြောပါ၊ ဘာဖြစ်လို့လဲ”
အမျိုးသမီးကြီးက အသံတုန်တုန်ဖြင့်..
“ကြောက်လို့..”
“ဘာကို ကြောက်တာလဲ”
“သရဲ”
“ဗျာ..”
အမျိုးသမီးကြီးက အဖြစ်အပျက်ကို ပြောပြသည်။ သူသည် အပျိုကြီးဖြစ်ပြီး တူမလေးတစ်ယောက်နှင့်အတူ နေသည်။ တူမလေးက အလုပ်ကိစ္စ ရှိသဖြင့် ခရီးထွက်နေသည်။ အိမ်မှာ သူတစ်ယောက်တည်း ကျန်သည်။ (ဟန်နီဟု အမည်ပေးထားသော ကြောင်ထီးကြီးကလည်း ဘာမှ အားမကိုးရကြောင်း၊ စားဖို့နှင့် ချွဲဖို့သာသိကြောင်းလည်း ထည့်ပြောသေးသည်)
ဒီနေ့ ညဦးပိုင်းတုန်းကတော့ ပျင်းပျင်းရှိတာနှင့် ဗီဒီယိုဇာတ်ကား တစ်ကား ကြည့်သည်။ ခုတစ်လောမှာ နာမည်ကြီးနေတဲ့ သရဲကားဖြစ်၏။ တိုက်ဆိုင်ချင်တော့ ထိုဇာတ်လမ်းမှာ လူပျိုကြီးသရဲက အပျိုကြီးကို လိုက်ခြောက်တဲ့အကြောင်း ဖြစ်၏။ ရိုက်ထားတာ ပညာသားပါသဖြင့် တော်တော် ကြောက်ဖို့ကောင်းသည်။ ထိုဇာတ်ကားကို ကြည့်ပြီးနောက် အပျိုကြီးမှာ ချောက်ချားလာပြီး တစ်ယောက်တည်း မနေရဲတော့။ တံခါးခေါက်သံလိုလို၊ ခြေသံလိုလို၊ ညည်းသံလိုလိုလည်း ကြားရသည်ဟု ဆို၏။
“အဲဒီတော့....”
ရဲကြပ်ကြီးက စကားထောက်ပေးလိုက်တော့..
“ကျွန်မတစ်ယောက်တည်း မအိပ်ရဲဘူး၊ ရှင်တို့ ဒီည အိမ်ရှေ့ခန်းမှာ ထိုင်စောင့်ပေးပါ”
“ဒါကတော့.. အဲ.. ခဏနော်၊ ကျွန်တော် အထက်ကို အစီရင်ခံလိုက်ပါဦးမယ်”
ရဲကြပ်ကြီးက အိမ်ပေါက်ဝဘက် ထွက်သွားပြီး တာဝန်မှူးဆီ ဖုန်းလှမ်းဆက်လိုက်သည်။
“၀၇ ပြောနေတယ်”
“၀၉၂ သတင်းပို့ပါတယ်၊ ရည်မှန်းချက်နေရာကို ရောက်နေပါပြီ”
“ဘာထူးသလဲ”
ရဲကြပ်ကြီးက အဖြစ်အပျက်ကို တင်ပြပြီးနောက်....
“သရဲကြောက်တယ် ဆိုတာကတော့ ရဲအရေးပိုင်တဲ့အမှု မဟုတ်လောက်ဘူးထင်တယ် တာဝန်မှူး”
“ဘာကွ.. မင်းစကားပြောတာ သတိထားပြော၊ ငါတို့ ပြည်သူ့ရဲဆိုတာ လူထုရဲ့ ရုပ်ပိုင်းလုံခြုံရေးသာ မကဘူး၊ စိတ်ပိုင်းလုံခြုံရေးကိုပါ ကာကွယ်စောင့်ရှောက်ပေးဖို့ တာဝန်ရှိတယ်ဆိုတာ မင်းနားမလည်ဘူးလား”
“ဟုတ်.. အဲဒီတော့....”
“သူပြောတဲ့အတိုင်း ကျေနပ်အောင် လုပ်ပေးလိုက်၊ ဒါပဲ”
ရဲကြပ်ကြီးသည် အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည်။
“အထက်က ခွင့်ပြုချက် ရပါပြီခင်ဗျာ၊ ကျွန်တော်တို့ အိမ်ရှေ့ခန်းမှာ တစ်ညလုံး ထိုင်စောင့်ပေးပါ့မယ်၊ အစ်မကြီး စိတ်ချလက်ချသာ အိပ်ပါတော့”
အမျိုးသမီးကြီးက..
“အင်း.. ကျေးဇူးပဲ၊ ကော်ဖီသောက်ကြပါလား”
“တော်ပြီခင်ဗျ.. ကျွန်တော်တို့ လိုက်နာရမယ့် စည်းကမ်းရှိပါတယ်၊ ပြည်သူလူထုဆီက ဘာမှ စားသောက်ခွင့် မရှိပါဘူး၊ ရေတောင်မှ ကိုယ့်ရေဘူးနဲ့ကိုယ် လာရတာပါ”
“ဒါဆိုလည်း ပြီးရော”
ထိုစဉ် ဒုရဲကြပ်က မနေနိုင်မထိုင်နိုင် မေးလိုက်မိပြန်သည်။
“ဒါနဲ့ အစ်မကြီးရဲ့တူမ ဆိုတာက ခရီးသွားတာ ဘယ်လောက်ကြာမှာလဲ”
“တစ်ပတ်လောက်ကြာမယ် ပြောတယ်၊ ဒီတော့ နောက်ရက်တွေကျရင်လည်း မင်းတို့ပဲ လာစောင့်ပေးပါ၊ မနက်ဖြန် မမှောင်ခင် ရောက်အောင်လာခဲ့”
ဟု ပြောပြီး အိပ်ခန်းထဲ ဝင်သွားသည်။ အတွင်းက တံခါးချက်ချသံကိုလည်း ကြားရသည်။ ဒုရဲကြပ်က သူ့ဆရာကို လှမ်းကြည့်သည်။ ရဲကြပ်ကြီးက ပခုံးတွန့်ပြီး သက်ပြင်းချလိုက်၏။
* * *
မီးသတ်ကားတစ်စီးသည် အချက်ပြမီးကို မှိတ်တုတ်မှိတ်တုတ်လုပ်ရင်း ဖြတ်မောင်းသွားသည်။ ကားပေါ်မှာ ပါလာသော တပ်ဖွဲ့ဝင်တွေကလည်း မီးသတ်ဝတ်စုံများကို အပြည့်အဝ ဝတ်ဆင်ထားကြသည်။ တပ်ဖွဲ့ဝင် တစ်ယောက်ဆိုလျှင် ငွေရောင် အပူကာဝတ်စုံကြီးကိုတောင် အဆင်သင့် ဆင်မြန်းထား၏။ တစ်နေရာရာမှာ မီးလောင်နေသောကြောင့် ငြှိမ်းသတ်ရန် သွားနေကြခြင်းမဟုတ်။ ပုံမှန်ဝတ္တရားအတိုင်း ကင်းလှည့်နေခြင်းပင် ဖြစ်၏။
မီးသတ်တပ်ဖွဲ့အနေဖြင့် ဟိုအရင်တုန်းကလို စခန်းမှာ ကျောက်ချထိုင်ပြီး စောင့်နေလို့ မရတော့။ အလှည့်ကျ ကင်းထောက်ထွက်ကြရသည်။ စခန်းမှာလည်း တာဝန်ကျ ကားတစ်စီးပေါ်တွင် ဝတ်စုံပြည့် ဝတ်ဆင်ထားသော တပ်ဖွဲ့ဝင်များက အဆင်သင့် ထိုင်စောင့်နေရသည်။ အရေးပေါ်ကိစ္စ ရှိတာနဲ့ စက္ကန့်ပိုင်းအတွင်း ချက်ချင်းထွက်နိုင်ရမည် ဖြစ်၏။ အထပ်မြင့် အဆောက်အဦးတွေပေါ်မှာလည်း အင်အားကောင်းသော အဝေးကြည့်ကင်မရာများ တပ်ဆင်ထားသည်။ စခန်းရှိ မော်နီတာမှ တစ်ချိန်လုံး စောင့်ကြည့်နေရသည်။
မီးသတ်တပ်ဖွဲ့ဆိုသည်မှာ မီးလောင်လျှင် ရေနဲ့ပက်တဲ့ အလုပ်လောက်ပဲ လုပ်ရတာဟု လူတွေက ထင်ကြသည်။ တကယ်တော့ ဘေးအန္တရာယ်ကျရောက်တဲ့ ကိစ္စမှန်သမျှ မီးသတ် ပါရတာချည်းပါပဲ။ ရေကြီး၊ လေမုန်တိုင်းတိုက်၊ လေယာဉ်ပျက်ကျ၊ ရထားမှောက်၊ သင်္ဘောနစ်၊ ကားတိုက် အသက်ကယ်ရတဲ့ ကိစ္စတွေမှာ အမြဲလိုက်ပြီး ကူညီရသည်။ ဒါနဲ့တောင် တစ်ချို့လူတွေက အကောင်းမမြင်ချင်ကြသေး။
“လာတာ နောက်ကျတယ်”
“မီးသတ်ဖို့ လာတာလား၊ မီးသွေးကောက်ဖို့ လာတာလား”
စသည်ဖြင့် ထေ့ကြ ငေါ့ကြသေးသည်။
လမ်းဆုံတစ်ခုအနီးမှာ ကားရပ်လိုက်သည်။ မြေအောက်ရေလှောင်ကန်နှင့် ဆက်သွယ်ထားသော အရေးပေါ် ရေတိုင်ကီကို စစ်ဆေးသည်။ ရေအပြည့်ရှိကြောင်း မီတာက ပြနေသည်။ ထို့နောက် လမ်းဆုံထောင့်ရှိ စတိုးဆိုင်ထဲသို့ တပ်ဖွဲ့ဝင်တစ်ယောက်က ဝင်သွားသည်။ ဆိုင်ရှင်က “ဘာလဲ” ဆိုသောသဘော မေးငေါ့ပြသည်။ မီးသတ်တပ်ဖွဲ့ဝင်က ဆိုင်ထောင့်တစ်နေရာဆီ လျှောက်သွားပြီး စစ်ဆေးကြည့်သည်။ ထို့နောက် ဆိုင်ရှင်ဘက်လှည့်ပြီး....
“သက်တမ်းကုန်ဖို့ ၁၈ ရက်ပဲ လိုပါတော့တယ်၊ အသစ်တစ်ဘူး လဲပေးခဲ့မယ်နော်”
ဆိုင်ရှင်က စိတ်မပါသလို ပုံစံဖြင့် ခေါင်းညိတ်သည်။ အပိုအလုပ်တွေ ဆိုသော မျက်နှာထားမျိုး ဖြစ်၏။ မီးသတ်တပ်ဖွဲ့ဝင်က ဘူးဟောင်းကို ယူသွားပြီး ကားပေါ်မှ ဘူးသစ်တစ်ဘူး ယူလာသည်။ မူလနေရာမှာ ပြန်တင်ပေးသည်။ ကောင်တာဆီ လျှောက်သွားသည်။ ဆိုင်ရှင်က ငါးရာတန်တစ်ရွက် ပေးသည်။ မီးသတ်ဘူးက ပထမဆုံးတစ်ခါသာ ဝယ်ရသည်။ နောက်ပိုင်း အသစ်လဲလျှင် ဝန်ဆောင်ခ ငါးရာသာ ပေးရသည်။
“ကျေးဇူးတင်ပါတယ်ခင်ဗျာ”
ဟု ပြောရင်း လှည့်ထွက်သည်။ ဆိုင်ရှင်က..
“တစ်ခါမှ မကြားဖူးပါဘူးဗျာ၊ မီးသတ်ကားက ကင်းလှည့်ရတယ်လို့၊ အလကား နိမိတ်မရှိ နမာမရှိ”
ဟု ရေရွတ်လိုက်သည်။ မီးသတ်တပ်ဖွဲ့ဝင်မှာ ဇက်ကလေး ပုသွားရှာ၏။
စတိုးဆိုင်ပိုင်ရှင်သည် နည်းနည်း စိတ်တိုနေသည်။ အရင်ကတော့ သူ့ဆိုင်သည် လမ်းဆုံလမ်းခွမှာ ဖြစ်သောကြောင့် ရောင်းအား အလွန်ကောင်းခဲ့သည်။ သူစီးနေကျ ကားကိုတောင် နောက်ဆုံးထွက်သော မော်ဒယ်အသစ်ကားနှင့် အလိုက်ပေးပြီး လဲစီးနိုင်ခဲ့သည်။
လွန်ခဲ့သော နှစ်ပတ်လောက်ကတော့ သူ့ဆိုင်နှင့် မျက်နှာချင်းဆိုင်မှာ မီနီမတ်ကက်တစ်ခု လာဖွင့်သည်။ ၂၄/ ၃၆၅ ဆိုသော ဆိုင်ဖြစ်၏။ တစ်နှစ်ပတ်လုံး ပိတ်ရက်မရှိ ၂၄ နာရီ ဖွင့်သောဆိုင်။ ထိုဆိုင် ဖွင့်ပြီးကတည်းက သူ့ဆိုင်မှာ ရောင်းအား အတော်ကျသွားသည်။ ထို့ကြောင့် စိတ်မသက်မသာ ဖြစ်နေရ၏။ ဒီအတိုင်းဆိုလျှင် အခွန်ဦးစီးဌာနကိုသာ အားကိုးရဖွယ် ရှိနေသည်။ ခုနောက်ပိုင်း ပြဠာန်းထားသော အခွန်ဥပဒေက တစ်မျိုးဖြစ်၏။ မြတ်လျှင် ကိုယ်က အမြတ်ခွန်ဆောင်ရပြီး ရှုံးလျှင် အခွန်ဦးစီးဌာနက အရှုံးခွန် ပြန်ပေးရလေသည်။
လူနှစ်ယောက် ဆိုင်ထဲဝင်လာသည်။ ဆိုင်ရှင်သည် ပျာပျာသလဲ ထရပ်လိုက်ပြီး..
“ဘာအလိုရှိလို့ပါလဲ”
ဟု မေးပြီး မျက်မှောင်တစ်ချက်ကုပ်ပြီး အကဲခတ်လိုက်သည်။ ဝင်လာသူများမှာ ဝန်ထမ်းယူနီဖောင်းများ ဝတ်ထားသည်။ ရှေ့ကလူမှာ အရာရှိဖြစ်ပြီး တက်ဘလက် ကွန်ပျူတာအိတ်ကို ကိုင်လာသည်။
“ဘာကိစ္စလဲ”
ဆိုင်ရှင်၏ လေသံရော စကားလုံးပါ ပြောင်းသွားသည်။ ပစ္စည်းဝယ်မည့်သူများ ဟုတ်ပုံမရကြောင်း ရိပ်စားမိသောကြောင့် ဖြစ်၏။
“ကျွန်တော်တို့က နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ဌာနကပါ”
“အဲဒီတော့....”
အရာရှိဖြစ်သူက မျက်နှာကို အချိုသာဆုံးဖြစ်အောင် ပြင်ဆင်လိုက်ပြီး..
“ဟို.. ဒီက အစ်ကိုကြီးအနေနဲ့ ပတ်စ်ပို့များ လုပ်ဦးမလားလို့ပါ”
“ပတ်စ်ပို့ ဟုတ်လား၊ ဘာအတွက် လုပ်ရမှာလဲ”
“သြော်.. နိုင်ငံခြားတွေ ဘာတွေ သွားရင် ပတ်စ်ပို့ အဆင်သင့်ရှိတော့ တစ်ခါတည်း ကောက်ထွက်သွားလို့ ရတာပေါ့”
“နိုင်ငံခြား ဘာသွားလုပ်ရမှာလဲ၊ ဟိုကလူတွေတောင် ဒီကိုလာပြီး လေ့လာနေကြရတာပဲ၊ ပြီးတော့ ပိုက်ဆံလည်း အပို အကုန်မခံနိုင်ဘူး၊ ဈေးရောင်းမကောင်းရတဲ့ ကြားထဲ..”
“ဟာ.. တစ်ပြားမှ မကုန်စေရပါဘူး၊ ဒီလကုန်ထိ ပရိုမိုးရှင်းကာလမို့ အခမဲ့ လုပ်ပေးမှာပါ”
“တော်ပါပြီကွာ၊ အချိန်ကုန် မခံနိုင်ဘူး၊ အလုပ်လည်း မအားဘူး”
“အလုပ် မရှုပ်ပါဘူး၊ နာမည်နဲ့ နိုင်ငံသားကတ်နံပါတ် ပြောရုံပါပဲ၊ ကားပေါ်မှာ ပစ္စည်းကိရိယာ အပြည့်အစုံ ပါပါတယ်၊ ဆယ့်ငါးမိနစ်အတွင်း ပြီးပါတယ်”
ဆိုင်ရှင်က ခေါင်းယမ်းနေပြန်သည်။ နောက်မှပါလာသော ဝန်ထမ်းက..
“ဟိုလေ.. ဟိုကိစ္စ မပြောရသေးဘူး”
ဟု သတိပေးတော့မှ အရာရှိလုပ်သူက သတိရသွားဟန်ဖြင့်..
“ဟုတ်သားပဲ.. ဒီလိုပါ ခင်ဗျာ၊ ဒီရက်ပိုင်းအတွင်း ပတ်စ်ပို့လုပ်တဲ့လူတွေကို ကံစမ်းမဲ ဖောက်ပေးပါတယ်၊ ကံထူးတဲ့သူတွေကို ဗုဒ္ဓဂါယာဘုရားဖူး စရိတ်ငြိမ်း ပို့ပေးမှာပါ”
ဆိုင်ရှင်သည် စိတ်ဝင်စားဟန် ဖြစ်သွားသည်။ ခဏ စဉ်းစားနေပြီးမှ..
“ကောင်းပြီလေ.. ပတ်စ်ပို့လုပ်မယ်၊ ဒါပေမယ့် ငါ့ဆိုင်က ပစ္စည်းတစ်ခုခုဝယ်မှ လုပ်မယ်”
“ခင်ဗျာ..”
“ဟုတ်တယ်၊ မင်းတို့ ငါ့ဆိုင်က ရေသန့်ဘူးဝယ်မှ ငါလည်း ပတ်စ်ပို့ လုပ်နိုင်မယ်”
အရာရှိက ခေါင်းကုတ်လိုက်သည်။ သူတို့အနေနှင့် လျာထားချက် မပြည့်မီလျှင် အထုခံရတော့မည်။ မတတ်နိုင်ပါဘူး ဆိုပြီး...
“ဟုတ်ကဲ့.. ကောင်းပါပြီ၊ ဝယ်ပါ့မယ်၊ ဘယ်နှစ်ဘူး ဝယ်ရမှာလဲ”
“ခြောက်ဘူး တစ်ကတ်”
“ဟာ.. အဲဒီလောက်တော့ မလုပ်ပါနဲ့၊ ကျွန်တော်တို့က ဝန်ထမ်းတွေပါ၊ ပြီးတော့ ဟိုအရင်ကလို အပိုဝင်ငွေလည်း ရှာလို့ရတာ မဟုတ်ပါဘူး၊ အဲ.... ဒီလိုလုပ်ပါလားခင်ဗျာ၊ ကျွန်တော်တို့က နှစ်ယောက်လာတာဆိုတော့ နှစ်ဘူးဝယ်မယ်လေ”
ဆိုင်ရှင်က အပြင်ကို တစ်ချက်လှမ်းကြည့်ပြီး..
“ကားပေါ်မှာ ယာဉ်မောင်းတစ်ယောက် ပါသေးတယ် မဟုတ်လား၊ ဒီတော့ ရေသန့်ဘူးသုံးဘူး ဝယ်ရမယ်”
“အဲ.. ဟုတ် ဟုတ်၊ ရပါတယ်ခင်ဗျာ၊ ရပါတယ်”
ဆိုင်ရှင်က ဈေးအကြီးဆုံးတံဆိပ် သုံးဘူး သွာယူလာသည်။
* * *
တစ်ချို့က ထူးဆန်းသလို လှည့်ကြည့်လှည့်ကြည့် လုပ်သွားသည်။ တစ်ချို့ကတော့ ပြုံးစေ့စေ့။ ခပ်ရဲရဲ ခပ်နောက်နောက် ကောင်မလေးတွေကတော့...
“ပြောင်အောင် လှဲနော်၊ အမှိုက်မစင်ရင် နားရွက်ဆွဲ ထိုင်ထလုပ်ရမယ်.. သိလား”
ဟု မကြားတကြား စသွားကြသည်။
သူသည် ဘယ်သူ့ကိုမှ မကြည့်။ ခေါင်းကြီးငုံ့ပြီး မတ်ရပ် အုန်းတံမြက်စည်းဖြင့် လမ်းတစ်လျှောက် လိုက်လှည်းနေသည်။ အမှိုက်ကလည်း သိပ်များများစားစား ရှိတာတော့ မဟုတ်။ ကြွေကျနေသော သစ်ရွက်တစ်ချို့တလေသာ ရှိသည်။ အမှိုက်မရှိဘဲ လှည်းနေရတာက ပိုပြီးတော့တောင် ကြောင်တောင်တောင် နိုင်နေသေးသည်။
တကယ်တော့ သူသည် သန့်ရှင်းရေး အောက်ခြေဝန်ထမ်း မဟုတ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့မှလည်း မဟုတ်။ မြို့နယ်အုပ်ချုပ်ရေးမှူးသာ ဖြစ်လေသည်။ ဒါဖြင့် ဘယ့်နှယ်ကြောင့် ကိုယ်တိုင်ဆင်းပြီး တံမြက်စည်းလှည်းနေရတာလဲ။ ဒီလိုတဲ့..။
ခုချိန်မှာ လူတွေက ထစ်ခနဲရှိ လျော်ကြေးတောင်းဖို့ပဲ စိတ်ကူးနေကြသည်။ လေမုန်တိုင်းတိုက်လို့ ဓာတ်တိုင်တွေကျိုးပြီး လျှပ်စစ်မီး ခဏပြတ်လည်း လျော်ကြေးတောင်းသည်။ ရထားချိန်နောက်ကျလည်း အလုပ်တွေ နှောင့်နှေးလို့ဆိုပြီး လျော်ကြေးတောင်းသည်။ အင်တာနက်လိုင်းတွေ မကောင်းလည်း လျော်ကြေးတောင်းသည်။ ထိုပြဿနာများကို ဖြေရှင်းဖို့ “လျော်ကြေးဦးစီးဌာန” ဆိုတာကိုတောင် သီးခြားဖွဲ့စည်းပေးထားရ၏။
ဒီအကြောင်းတွေကို သိသောကြောင့် သူတို့ဌာနအနေဖြင့် အစဉ်အမြဲ သတိထားနေရသည်။ လက်အောက်ငယ်သားတွေကိုတောင် စိတ်မချသောကြောင့် သူကိုယ်တိုင် မြို့နယ်အနှံ့ လိုက်လံ ကြည့်ရှုစစ်ဆေးရသည်။ ကာနဲ့သွားတဲ့အခါ သွားသည်။ ကားပေါ်မှာ လျှပ်စစ်စက်ဘီးကလေး တင်သွားပြီး လမ်းကြိုလမ်းကြားဝင်သည်။ တစ်ခါတစ်ရံ လမ်းလျှောက်ရသည်။ ဒီကြားထဲကမှ...
မြို့နယ်ပန်းခြံကို အလှပဆုံး၊ အသပ်ရပ်ဆုံးဖြစ်အောင် လုပ်ပေးထားသည်။ ဆယ့်နှစ်ရာသီပတ်လုံး ပန်းတွေ ဖူးပွင့်နေအောင် စီစဉ်ထားသည်။ ကလေးတွေ ကစားဖို့ ဒန်းတွေ၊ ဆီးဆောတွေ၊ ဝင်္ကပါတွေ စသည်ဖြင့် မျိုးစုံအောင် လုပ်ပေးထားသည်။
ကလေးတွေက ဒါတွေ ကစားရတာ ရိုးအီလာပြီ။ ထို့ကြောင့် သစ်ပင်ပေါ် တက်ဆော့သည်။ ကံဆိုးချင်တော့ သေသေချာချာ စစ်ဆေးထားတဲ့ကြားက သစ်ကိုင်းတစ်ကိုင်းက နည်းနည်း သွေ့ခြောက်နေသည်။ ကျိုးကျပြီး တက်ခွနေသော ကလေးတစ်ယောက် ပြုတ်ကျသည်။ သိပ်မမြင့်လို့ တော်သေးသည်။ သို့တိုင်အောင် ဒူးပြဲသွားသည်။ ခြေထောက်ခေါက်ပြီး အဆစ်ရောင်သွားသည်။
ကလေးမိဘတွေက တရားစွဲ၊ လျော်ကြေးတောင်းသည်။ အခမဲ့ ဆေးကုသခွင့် ရထားသဖြင့် ဆေးဖိုးဝါးခတော့ တောင်းလို့မရ။ သူတို့ အကြောင်းပြတဲ့ စွပ်စွဲချက်ကတော့ ဒဏ်ရာကြောင့် သုံးရက် ကျောင်းပျက်ခဲ့ရသဖြင့် ပညာရေးမှာ ထိခိုက်နစ်နာရခြင်း၊ သစ်ကိုင်းပေါ်မှ ပြုတ်ကျသောကြောင့် ထိတ်လန့်တုန်လှုပ်သွားရခြင်း၊ ကလေးမှာ စိတ်ထိခိုက် ခံစားရခြင်း၊ မိဘများမှာလည်း စိုးရိမ်ပူပန်မှု ဖြစ်ရခြင်း၊ ထိုရက်များအတွင်း ကလေးကို ဂရုစိုက် စောင့်ကြည့်နေရသဖြင့် ကြည့်နေကျ ရုပ်မြင်သံကြားဇာတ်လမ်းတွဲ သုံးပိုင်းလွတ်သွားရခြင်း.... စသည်ဖြင့်..။
လျော်ကြေးငွေကို ဌာနမှ စိုက်ထုတ်ပေးလိုက်ရသည်။ ပန်းခြံတာဝန်ခံကို မိလ္လာဌာနသို့ ပြောင်းရွှေ့လိုက်သည်။ လစာ နှစ်တိုးတစ်နှစ် ဖြတ်တောက်ခံရသည်။ အုပ်ချုပ်ရေးမှူးမှာလည်း အပြစ်မကင်းဟု သတ်မှတ်သည်။ ထို့ကြောင့် မြို့နယ်ပန်းခြံအတွင်း တစ်ရက်လျှင် သုံးနာရီနှုန်းဖြင့် သုံးရက်တိတိ တံမြက်စည်းလှည်း သန့်ရှင်းရေးလုပ်ရန် ဒဏ်ပေးခံရခြင်း ဖြစ်၏။
သူသည် ခေါင်းကြီးငုံ့ပြီး တံမြက်စည်းလှည်းနေသည်။ ရှက်လှသောကြောင့် မျက်နှာကြီးက နီရဲနေသည်။ ဝတ်စုံပြည့် ဝတ်ထားရသောကြောင့်လည်း လူသိထင်ရှား ဖြစ်နေ၏။ ဒီကြားထဲ မီဒီယာသမားတွေကလည်း တစ်မှောင့်။ ဓာတ်ပုံတွေ ဝိုင်းရိုက်ကြသည်။ ဗီဒီယိုရိုက်ပြီး ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်သည်။ ဒီကြားထဲမှာ ခပ်ရဲရဲ သတင်းထောက်မလေး တစ်ယောက်က..
“ခုလိုပေါ့နော်... ပြစ်ဒဏ်ပေးခြင်း ခံရတဲ့အတွက်ပေါ့နော်၊ ဘယ်လိုများ ခံစားရသလဲပေါ့နော်..”
ဆိုပြီး အင်တာဗျူး လာလုပ်နေသေးသည်။
ဒီအချိန်မှာ မီဒီယာသမားတွေက အလွန်လျင်သည်။ ထူးထူးခြားခြား တစ်ခုခု ဖြစ်လိုက်တာနဲ့ ချက်ချင်း ဝိုင်းအုံရောက်ရှိလာတော့တာပါပဲ။ ဘယ်ကဘယ်လို ပေါ်လာမှန်းမသိ။ အမှန်မှာ စီဂျေခေါ် အလွတ်သတင်းထောက်များပင် ဖြစ်၏။
ခုချိန်မှာ မည်သူမဆို ဝါသနာပါလျှင် အလွတ်သတင်းထောက် တစ်နည်းအားဖြင့် အပျော်တမ်းသတင်းထောက် လုပ်လို့ရသည်။ စမတ်ဖုန်းတွေကလည်း လူတိုင်းလိုလိုမှာ ရှိနေသောကြောင့် အဆင်ပြေသည်။ သတင်းထူးတယ်ထင်လျှင် ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုရိုက်၊ အဖြစ်အပျက်ကို တတ်နိုင်သလောက်ရေး၊ အသံဖမ်းလို့ရလျှင် ဖမ်းပြီး သတင်းအေဂျင်စီတွေဆီ အင်တာနက်ကတစ်ဆင့် ပို့လိုက်။ ကြိုက်လျှင် ဝယ်သည်။ ထို့ကြောင့် လူအတော်များများက သွားလာတဲ့အခါ အမှတ်တမဲ့ မနေဘဲ သတင်းထူးရမလားလို့ နားမျက်စိကို အမြဲဖွင့်ထားတတ်သည်။
ခုတလောဆို ကလေးသတင်းထောက် ဆိုတာတောင် ခေတ်စားနေသေးသည်။ ကလေးတွေဆိုတော့ သတိမထားမိကြ။ သူတို့ရှေ့မှာ အမှတ်တမဲ့ ပြောချင်တာပြော၊ လုပ်ချင်တာ လုပ်မိတတ်ကြသည်။ ဒီမှာတင်ပဲ လျှို့ဝှက်ချက်တွေ ပေါက်ကြားကုန်တော့တာပါပဲ။
ကင်မရာတွေကလည်း အလွန် အဆင့်မြင့်လာသည်။ မိုင်နဲ့ချီပြီး ဝေးတဲ့နေရာကနေ အနီးကပ် ဆွဲယူရိုက်ကူးနိုင်သည်။ မီဒီယာတွေက မြို့တော်အနှံ့အပြားမှာ ထောင်ချောက်ကင်မရာတွေ တပ်ဆင်ထားသေးသည်။ နာမည်ကြီး ထင်ရှားကျော်ကြားသူတွေ၊ ထိပ်တန်း နိုင်ငံရေးသမားတွေရဲ့ အိမ်တွေ၊ ခြံဝင်းတွေရှေ့မှာ အင်အားကောင်းသော ကင်မရာများကို အသေတပ်ဆင်ပြီး နှစ်ဆယ့်လေးနာရီပတ်လုံး စောင့်ကြည့်နေကြသည်။ ထို့ကြောင့် သူတို့ခမျာ အနေအထိုင် အပြောအဆို မလွတ်လပ်ကြဘဲ အစဉ်အမြဲ သတိထားနေကြရရှာသည်။
ဒီကြားထဲမှာ ကောလဟာလ သတင်းတစ်ခု ထွက်လာသေးသည်။ မီဒီယာသမားတွေက ခွေးတွေ၊ ကြောင်တွေ၊ ငှက်တွေမှာ စပိုင်ကင်မရာ သေးသေးလေးတွေ တပ်ဆင်ပြီး လွှတ်ထားတယ်တဲ့။ ပြီးတော့ လွှတ်တော်အဆောက်အဦးထဲမှာ ကြွက်တစ်ကောင် ဖြတ်ပြေးသွားတာ တွေ့လိုက်တယ်ဆိုသော သတင်း ထွက်ပေါ်လာပြန်သောအခါ ပုဂ္ဂိုလ်ကြီးတွေ တုန်လှုပ်ချောက်ချားကုန်ကြသည်။
မီဒီယာတွေကတော့ အတော် လက်ရဲဇက်ရ နိုင်လာပြီ။ ခုအချိန်မှာ ဟိုးအရင်ခေတ်ဟောင်းတုန်းကလို သေနတ်ကို ကြောက်စရာမလိုတော့။ ကင်မရာကို ကြောက်ရတဲ့ခေတ်ကြီး ဖြစ်နေပြီ။ ထို့ကြောင့် မီဒီယာဥပဒေကို ပြန်လည်သုံးသပ်သင့်သည်ဟု ပြောတဲ့လူက ပြောလာသည်။ စာနယ်ဇင်းလွတ်လပ်ခွင့်ကို အကန့်အသတ်နှင့်သာ ပေးဖို့ကောင်းသည်ဟု ဝေဖန်တဲ့လူတွေလည်း ရှိသေးသည်။ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ကဆိုလျှင် စာပေစီစစ်ရေးအဖွဲ့ ပြန်လည်ထားရှိပေးရန် လွှတ်တော်မှာ အဆိုတင်သွင်းရတဲ့အထိ ဖြစ်လာသည်။
တကယ်တော့ လွှတ်တော်ကိုယ်စားလှယ်များ ခမျာလည်း သိပ်တော့ မစားသာလှ။ မီဒီယာသမားတွေက ကင်မရာဒေါက်ထောက် ကြည့်နေသလို မဲဆန္ဒရှင် ပြည်သူတွေကလည်း စောင့်ကြည့် အကဲခတ်နေကြသည်။
လွှတ်တော်အစည်းအဝေး ကျင်းပပုံကို ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ပေးသည်။ အင်တာနက်နှင့် ချိတ်ဆက်ထားသောကြောင့် ကွန်ပျူတာများ၊ လက်ကိုင်ဖုန်းများနှင့်လည်း ကြည့်ရှုနိုင်သည်။ ဒါတင်မကသေး၊ မဲဆန္ဒရှင် ပြည်သူများအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ အဆိုတင်သွင်းမှုတွေကို အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက် ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း ပြုလုပ်နိုင်သည်။
ကွန်ပျူတာများ၊ လက်ကိုင်ဖုန်းများ၊ ရုပ်မြင်သံကြားစက်များ၏ မျက်နှာပြင်ပေါ်တွင် ထောင့်တစ်နေရာ၌ အမှန်အမှတ်အသားနှင့် ကြက်ခြေခတ် အမှတ်အသားပါသော အကွက်နှစ်ကွက် ပေါ်နေသည်။ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်၏ အဆိုကို အချိန်နှင့်တစ်ပြေးညီ ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း ပြုလုပ်နိုင်သည်။ ကြိုက်လျှင် အမှန်ကိုနှိပ်၊ မကြိုက်လျှင် ကြက်ခြေခတ်ကိုနှိပ်။
အဆိုတင်သွင်းနေသော၊ သို့မဟုတ် အဆိုတစ်ခုကို ဆွေးနွေးနေသော လွှတ်တော်ကိုယ်စားလှယ်၏ ရှေ့က ခုံမြင့်ပေါ်မှာ မီးနီသုံးလုံး တန်းလျက်ရှိနေသည်။ သူ့ဆွေးနွေးမှုကို အွန်လိုင်းမှ တိုက်ရိုက်ကြည့်ရှုနေသော မဲဆန္ဒရှင်များက ကျေနပ်လျှင်တော့ ကိစ္စမရှိ။ သဘောမကျတာရှိလို့ လှမ်းပြီး ကန့်ကွက်ကြလျှင်တော့ ပြဿနာရှိလာနိုင်သည်။
ကန့်ကွက်သော မဲဆန္ဒရှင် ၂၅% ကျော်သွားလျှင် ရှေ့က မီးနီတစ်လုံး တစ်ဖျပ်ဖျပ် လင်းလာလိမ့်မည်။ ဒါဆို သတိထားပေတော့။ ဆက်ပြောလို့ ကန့်ကွက်သူ ၅၀% ပြည့်သွားလျှင် နောက်ထပ် မီးနီတစ်လုံး လင်းလာလိမ့်မည်။ ဒါဆို အန္တရာယ်ရှိလာပြီ။ အဆိုကို ရုပ်သိမ်းချင်သိမ်း၊ ပြန်ပြင်ချင်ပြင်။ သူ့ဆွေးနွေးမှုအပေါ် လူကြိုက်နည်းလာပြီ။ ဒီလိုမဟုတ်ဘဲ မိုက်မိုက်ကန်းကန်း ခေါင်းမာမာနဲ့ ဆက်တင်နေလို့ ကန့်ကွက်သူ ၇၅% ကျော်သွားပြီဆိုလျှင်တော့ မီးနီသုံးလုံးစလုံး လင်းလာရုံမက အချက်ပေးသံပါ မြည်လာမည်။ ထို့နောက် သူ၏ထိုင်ခုံသည် ကြမ်းပြင်အောက်သို့ အလိုအလျောက် နိမ့်ကျပြီး ဝင်ရောက်ပျောက်ကွယ်သွားလိမ့်မည်။ လွှတ်တော်ထဲမှာ သူ့အတွက် ထိုင်ခုံ မရှိတော့ပြီ။
* * *
ဆေးရုံကြီး၏ ပြင်ပလူနာဌာန။
စမ်းသပ်ခန်းရှေ့တွင် လူငါးယောက်ခန့် တစ်ဖက်တစ်ချက်စီ ထိုင်နေကြသည်။ သူတို့သည် ဝင်ပေါက်ဆီသို့ မကြာခဏ လှမ်းလှမ်းကြည့်ကြ၏။ တစ်စုံတစ်ယောက်ကို စောင့်မျှော်နေကြခြင်းဖြစ်ကြောင်း သိသာသည်။ အမျိုးသမီးကြီးတစ်ယောက်က နာရီကို လှမ်းကြည့်ပြီး....
“လေးနာရီခွဲ ချိန်းထားတာ၊ အခု ခြောက်နာရီတောင် ထိုးတော့မယ်”
“အဲဒီအတိုင်းပဲ၊ အမြဲနောက်ကျတယ်”
ဟု မျက်နှာချင်းဆိုင်ထိုင်ခုံမှာ ထိုင်နေသော ခပ်ဖိုင့်ဖိုင့် လူတစ်ယောက်က ထောက်ခံလိုက်သည်။
သူတို့အားလုံး အဝတ်အစား သပ်သပ်ရပ်ရပ် ဝတ်ထားကြသည်။ သူတို့ပုံစံမှာ ကျန်းကျန်းမာမာ ရှိကြသည်။ လူနာတွေနှင့် မတူ။ ဘယ်တူပါ့မလဲ.. လူနာမှ မဟုတ်တာ။ အားလုံး ဆရာဝန်တွေချည်း ဖြစ်၏။ ရိုးရိုးဆရာဝန်တောင် မဟုတ်။ အထူးကုဆရာဝန်များ ဖြစ်ကြလေသည်။
ဒီနေ့ လူနာတစ်ယောက် ချိန်းဆိုထားသည်။ တယ်လီဖုန်းဖြင့် လှမ်းအကြောင်းကြားခြင်း ဖြစ်၏။ ဆေးရုံက သတ်မှတ်ပေးသော အချိန်မှာ သူ မအား၊ လေးနာရီခွဲမှ အားမည်ဆိုသဖြင့် ဆရာဝန်တွေက စောင့်နေကြရသည်။
ကျန်းမာရေး နည်းဥပဒေအရ လူနာအဆင်ပြေမည့် အချိန်ကို ဦးစားပေးရသည်။ ပြီးတော့ လူနာအနေနှင့် သူကြိုက်နှစ်သက်သော ဆရာဝန်ကို ရွေးချယ်ပိုင်ခွင့်ရှိသည်။ လူနာဆိုတာ နဂိုကတည်းက စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေသူတွေ ဖြစ်သောကြောင့် အကြာကြီး ထိုင်စောင့်ခိုင်းဖို့ မသင့်တော်။ ထို့ကြောင့် ဆရာဝန်တွေကသာ လူနာကို စောင့်ရသည်။ တကယ်လို့ တစ်စုံတစ်ရာ အကြောင်းမညီညွတ်သဖြင့် လူနာက စောင့်နေရတဲ့ အခြေအနေမျိုး ဖြစ်သွားခဲ့လျှင် နစ်နာကြေးအဖြစ် တစ်မိနစ်လျှင် ကျပ်တစ်ထောင်နှုန်း ဆေးရုံက ပြန်လျော်ပေးရသည်။
လူနာတွေကလည်း ဒီအခွင့်အရေးကို ကောင်းကောင်းယူကြသည်။ အချိန်ကို မလေးစားကြ။ တချို့လူနာတွေဆိုလျှင် တမင်တကာ နောက်ကျပြီးမှ လာတတ်သည်။ ချိန်းပြီးတော့မှ မလာဘဲနေတဲ့လူလည်း ရှိသည်။ အကြာကြီး ထိုင်စောင့်နေရပြီးမှ ဒီနေ့ မလာဖြစ်ဘူး၊ နက်ဖြန်မှလာမယ် ဆိုပြီး ထပ်ချိန်းချင်ချိန်းသည်။ တွေတဲ့အခါကျတော့လည်း ပေါက်ကရတွေ မေးချင်မေးသည်။ ရောဂါနဲ့ မဆိုင်တဲ့အကြောင်းတွေ ပြောပြီး လေကြောရှည်ချင် ရှည်နေတတ်သည်။ အတော် စိတ်ရှည်သည်းခံရသော ကိစ္စပင် ဖြစ်၏။
ဆရာဝန်များမှာ အချိန်ကုန်လူပန်း ဖြစ်ကြရသည့်အတွက် ဆရာဝန်တစ်ပိုင်း လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်က ကျန်းမာရေး နည်းဥပဒေကို ပြင်ဆင်ပေးရန် လွှတ်တော်တွင် အဆိုတင်သွင်းဖို့ ကြိုးစားသည်။ သူစကားစပြောပြီး ငါးမိနစ် မပြည့်ခင်မှာပင် ရှေ့က မီးနီနှစ်လုံး လင်းလာသဖြင့် ဆက်မတင်ရဲဘဲ အဆိုကို ပြန်ရုပ်သိမ်းလိုက်ရသည်။
“အင်း. သူတို့ခေတ် ဖြစ်နေတော့လည်း သည်းခံရမှာပေါ့လေ”
ဟု ဆရာဝန်တစ်ယောက်က ပြောသည်။
“လုပ်ထားပေါ့.. လုပ်ထားပေါ့”
တစ်ယောက်က ဝင်ထောက်ခံသည်။ သပ်သပ်ရပ်ရပ် လှလှပပ ဝတ်ဆင်ထားသော အမျိုးသမီးဆရာဝန် တစ်ယောက်က..
“အင်း.. ကြမ်းကြား လေကြားနော်၊ စကားပြောတာ ကြည့်ပြော၊ ဒီထဲမှာ မီဒီယာသတင်းပေး ရှိချင်ရှိနေမှာ”
မျက်စောင်းထိုး ခပ်ယွန်းယွန်းမှာ ထိုင်နေသော ဆရာဝန်တစ်ယောက်က ဖျတ်ခနဲ တစ်ချက်လှမ်းကြည့်ပြီး မသိမသာ ပြုံးလိုက်၏။ သူပြုံးပုံက မထီတရီ၊ မိမိကို စောင်းပြောမှန်း ရိပ်မိကြောင်း အချက်ပြလိုက်ခြင်း ဖြစ်၏။
ဟုတ်တော့လည်း ဟုတ်သည်။ သူက အွန်လိုင်းမဂ္ဂဇင်းမှာ ဆေးပညာဆောင်းပါးတွေ၊ ဝတ္ထုတိုလေးတွေလည်း ရေးလေ့ရှိသည်။ သူမြှောက်ပေးလို့ လူနာတွေ ရောင့်တက်နေတာဟု အစွပ်စွဲခံရသည်။ သူကလည်း သူပဲ။ ဆရာဝန်ကွန်ယက်မှာ အထူးအစည်းအဝေး လုပ်ပြီး ကျန်းမာရေး နည်းဥပဒေကို ပြင်ဆင်နိုင်ဖို့ ဆွေးကြနွေးကြတုန်းက သူပဲ ထပြီး ကန့်ကွက်ခဲ့သေးသည်။
သူ့ပုံစံကိုလည်း ကြည့်ဦး။ အသားညိုညို၊ ပိန်ညောင်ညောင်၊ စတစ်ကော်လာ အင်္ကျီလက်တို အဖြူနှင့် ချည်လုံချည် ခပ်နွမ်းနွမ်းကို ဝတ်ထားသည်။ ဆရာဝန်နှင့် မတူဘဲ လူနာပုံပေါက်နေသည်။
ထိုအခိုက်တွင် “တီ တီ” ဆိုသော အချက်ပေးသံကို ကြားရ၏။
“ဟော.. လာပြီထင်တယ်”
ဆရာဝန် လေးငါးယောက်ဆီမှ ပြိုင်တူ အသံထွက်လာသည်။ တချို့က သူတို့ကိုယ်သူတို့ သပ်သပ်ရပ်ရပ်ဖြစ်အောင် ဆံပင်သပ်သူသပ်၊ အင်္ကျီ ဆွဲဆန့်သူဆန့်၊ မျက်နှာကို တစ်ရှူးစက္ကူနှင့် တို့သူတို့ လုပ်ရင်း အဆင်သင့် ပြင်ထားကြသည်။
အစိမ်းရင့်ရောင် မှန်လျှောတံခါး ပွင့်သွားသည်။ တွန်းလှည်းကုလားထိုင် (ဝှီးချဲ) တစ်စီးကို သူနာပြုဆရာမ ငယ်ငယ်ချောချောလေးတစ်ယောက်က တွန်းလာသည်။ မိန့်မိန့်ကြီးထိုင်ပြီး လိုက်ပါလာသူမှာ အသက်ခြောက်ဆယ်ကျော်ခန့် ရှိမည့် လူကြီးတစ်ယောက် ဖြစ်၏။ ဆရာဝန်များ ထိုင်နေသော ခုံတန်းနှစ်တန်း၏ ထိပ်တည့်တည့်မှာ ရပ်သည်။ အစွန်ဆုံးရှိ ဆရာဝန်တစ်ယောက်က..
“နေကောင်းတယ်နော် အန်ကယ်”
ဟု နှုတ်ဆက်လိုက်သည်။ လူကြီးက ဖျပ်ခနဲ လှည့်ကြည့်ပြီး လေသံမာမာဖြင့်..
“ဟ.. နေမကောင်းလို့ ဆေးရုံလာတာပေါ့ကွ၊ နေကောင်းရင် အိမ်မှာပဲ အဘွားကြီးကို ဖက်ပြီး နေမှာပေါ့”
ုဟု ပြောလိုက်ရာ ဆရာဝန်မှာ မျက်နှာလေးငယ်သွားသည်။ လူကြီးက ဒီဘက်ကို လှည့်ကြည့်ပြန်သည်။ အကြည့်ခံရသော ဆရာဝန်က ပါးစပ်ကို အစွမ်းကုန်ဖြဲပြီး ရယ်ပြလိုက်သည်။
“ဟင်း.. အိနြေ္ဒမရှိလိုက်တာကွာ၊ စပ်ဖြဲဖြဲနဲ့”
ဆရာဝန်မှာ မျက်နှာပိုးသတ်လိုက်သော်လည်း နောက်ကျသွားပြီ။ လူကြီးက လက်ပြလိုက်သောအခါ သူနာပြု ဆရာမလေးက ဝှီးချဲကို ဆက်တွန်းသွားသည်။ အစွမ်းကုန် ပြင်ဆင်ခြယ်သထားသော အမျိုးသမီး ဆရာဝန်ရှေ့မှာ ရပ်သည်။ လူကြီးက စေ့စေ့ကြည့်နေသဖြင့် မနေတတ်မထိုင်တတ် ဖြစ်နေရ၏။
“အံမယ်.. ညည်းက မင်္ဂလာဆောင်နဲ့ မှားပြီး ရောက်လာတာလား”
ဟု မေးလိုက်သဖြင့် အိုးတိုးအမ်းတမ်း ဖြစ်သွားရှာသည်။ လူကြီးက ဘယ်ညာလှည့်ကြည့်သွား၏။ တန်းစီထိုင်နေသော ဆရာဝန်များမှာ နှုတ်လည်းမဆက်ရဲ၊ ရယ်လည်းမပြရဲ၊ ပြုံးလည်းမပြရဲ၊ တည်လည်းမတည်ရဲ၊ ဘယ်လိုနေရမှန်း မသိအောင် ခွတီးခွကျ ဖြစ်နေကြ၏။
လူကြီးက ဝှီးချဲကို နောက်ပြန်ုဆုတ်ရန် အချက်ပြသည်။ စောစောက ကျော်လာခဲ့သော နေရာတွင် ရပ်ရန် လက်ပြလိုက်၏။ ထို့နောက် အသားညိုညို၊ ပိန်ခြောက်ခြောက် ဆရာဝန်ကို မျက်နှာချင်းဆိုင်လိုက်ပြီး..
“မင်းက ဆရာဝန်တဲ့လား”
ညိုပိန်ဆရာဝန်က မတ်တပ်ရပ်လိုက်ပြီး..
“ဟုတ်ပါတယ်ခင်ဗျာ”
ဟု လေးလေးစားစား ဖြေသည်။
“ဆရာဝန်ဆိုပြီး လူနာလုပ်တဲ့ ငါ့ထက်တောင် ပိန်နေသေးပါလားကွ”
“ပိန်တာ ဝတာက ကျန်းမာတာနဲ့ သိပ်မဆိုင်ဘူးခင်ဗျ”
သူ့ကို စောဒကတက်သဖြင့် လူကြီးမျက်နှာထား တစ်မျိုးဖြစ်သွားပြီးမှ..
“ဒါနဲ့ မင်းက ဆရာဝန်ဆိုတော့ သီချင်းတွေ ဘာတွေ ဆိုသေးလား”
“ခင်ဗျာ....”
“သြော်.. တချို့ဆရာဝန်တွေက အဆိုတော်လည်း လုပ်သေးတယ်မဟုတ်လား၊ ဒါကြောင့်မေးတာ”
“တစ်ခါတလေတော့ ဆိုပါတယ်”
“တစ်ခါတလေ....”
“ဟုတ်ကဲ့.. စာပေဟောပြောပွဲမှာ ဆိုတာကို ပြောတာပါ”
“စာပေဟောပြောပွဲမှာ စာရေးဆရာတွေ သီချင်းဆိုကြတာတော့ အဆန်းမဟုတ်ပါဘူးကွာ၊ အမယ်.. မင်းပြောပုံအရဆိုရင် မင်းက စာလည်းရေးတယ်ပေါ့”
“မတောက်တခေါက်ပါ ခင်ဗျာ”
လူကြီးက ဆရာဝန်ကို စိုက်ကြည့်ပြီး အကဲခတ်လိုက်သည်။ ဆရာဝန်ကလည်း အိနြေ္ဒရရပင် ပြန်ကြည့်နေသည်။ လူကြီးက ဆုံးဖြတ်ချက် ချလိုက်ဟန်ဖြင့်....
“ကဲ.. မင်းနဲ့ပဲ ပြတော့မယ်”
“ဟုတ်ကဲ့.. ကြွပါခင်ဗျာ”
ဆရာဝန်က စမ်းသပ်ခန်းသို့ ဦးဆောင်ပြီး ခေါ်သွားသည်။
ခုချိန်မှာ လူတွေက ကျန်းမာရေး အသိအမြင်တွေ တိုးတက်လာလို့ပဲလား၊ ဒါမှမဟုတ် အခွင့်အရေးတွေ အလျှံပယ် ရနေလို့ပဲလားတော့ မသိ။ ဝမ်းနာ ခေါင်းခဲတာလောက်ကိုတောင် အထူးကုဆရာဝန်နဲ့မှ ပြချင်ကြသည်။
ခုလည်း ဒီအတိုင်းပဲ။ လူကြီး၏ရောဂါမှာ သိပ်ကြီးကြီးကျယ်ကျယ် မဟုတ်။ အသက်ခြောက်ဆယ်ကျော် လူကြီးတွေ ဖြစ်လေ့ဖြစ်ထရှိသော ဆီးကျိတ်ရောင်ရောဂါသာ ဖြစ်၏။ ဒီအတွက် ဆေးတွေလည်း သောက်နေသည်။ ပြဿနာကတော့ ဆီးကျိတ်ဆေးများသည် ယောက်ျားစွမ်းရည်ကို ထိခိုက်တတ်ခြင်းပင် ဖြစ်၏။
ဒီအရွယ်ရောက်မှတော့ ဒါတွေ အရေးကြီးသေးလို့လားဟု ပြောလို့မရ။ ခုကာလမှာ ဒီအရွယ်ကြီးတွေက ငြိမ်းခါနီးတစ်ချက် ထတောက်တဲ့မီးလို လူငယ်တွေထက် ပိုကဲချင်တတ်ကြတာလေ။
အခုလူနာကလည်း ဒီသဘောပါပဲ။ သူ့မှာ မိန်းမနှစ်ယောက် ရှိသည်။ ဒုတိယဇနီးက အသက်သုံးဆယ့်ငါးနှစ်ပဲ ရှိသေးသတဲ့။ ဒါနဲ့ပဲ သောက်သင့်တဲ့ဆေးတွေ ပေးရသည်။ စားသုံးသင့်သော အစားအစာတွေကို ညွှန်းရသည်။
“ကျေးဇူးပါပဲကွာ၊ ငါသွားဦးမယ်ဟေ့”
လူကြီးက ထရပ်လိုက်သည်။ တကယ်တော့ သန်သန်မာမာကြီး။ သူနာပြုဆရာမလေး တွန်းပို့တာ ခံချင်လို့ရယ်ကြောင့် စောစောက ဝှီးချဲနှင့်လာခြင်း ဖြစ်၏။
လူကြီး ခြေလှမ်းပြင်လိုက်စဉ်မှာပင်
ဆရာဝန်က...
“သွားလို့ မရသေးဘူးခင်ဗျ”
“ဟေ.. ဘာကြောင့်လဲ”
“ကျွန်တော်တို့ ဆေးရုံမှာ ညွှန်ကြားချက် ထုတ်ထားပါတယ်၊ လူနာတစ်ယောက်ကို အနည်းဆုံး နာရီဝက်ကြာအောင် စမ်းသပ် စစ်ဆေးရပါမယ်၊ ခုမှ ဆယ့်ငါးမိနစ်ပဲ ရှိပါသေးတယ်”
“ဘာကွ.. ငါက မင်းတို့ဆေးရုံရဲ့ စည်းကမ်းကို ဘာကြောင့် လိုက်နာရမှာလဲ၊ ငါချိန်းထားတာ ရှိတယ်ကွ၊ သွားမှဖြစ်မယ်”
ဆိုပြီး ခြေလှမ်းပြင်ပြန်သည်။ ဆရာဝန်ခမျာ ပြူးပြူးပျာပျာ ဖြစ်သွားပြီး...
“မလုပ်ပါနဲ့ခင်ဗျာ၊ အန်ကယ် ခုချိန်ထွက်သွားရင် ကျွန်တော် ထုချေလွှာ အတောင်းခံရပါလိမ့်မယ်၊ ကျွန်တော့်ဘက်ကိုလည်း ငဲ့ညှာပါဦး”
လူကြီး အနည်းငယ် တွေသွားသည်။ ထိုစဉ်ပင် ဆရာဝန်၏ ခေါင်းထဲမှာ အကြံတစ်ချက် လက်ခနဲ ဝင်လာသည်။ ထို့ကြောင့်...
“သြော်.. ဒါနဲ့ NOSEBOOK ပေါ်မှာ ဒီနေ့မနက်က ဖိုင်အသစ်တစ်ခု တက်လာတယ်ခင်ဗျ၊ အဲဒါ အန်ကယ် ကြည့်ပြီးပြီလား”
“ဟေ.. ဟုတ်လား”
လူကြီး စိတ်ဝင်စားဟန်ပြသည်။ ဆရာဝန်က အခွင့်အရေးကို လက်လွှတ်မခံဘဲ...
“ကျွန်တော် ဖွင့်ပြမယ်လေ”
ဆိုပြီး ကွန်ပျူတာကို အလျင်အမြန် ဖွင့်ပြလိုက်သည်။
NOSEBOOK ဆိုသည်မှာ အင်တာနက်ပေါ်မှာ FACEBOOK နှင့်အပြိုင် ပေါ်ထွက်လာသော လူမှုကွန်ယက်တစ်ခု ဖြစ်၏။ လူကြီးများအတွက် သီးသန့်ဖြစ်ပြီး အဘိုးကြီးများ၏ သည်းခြေကြိုက်ဖြစ်၏။
ထိုနေ့က လူနာအဘိုးကြီးသည် စမ်းသပ်ခန်းထဲတွင် တစ်နာရီခွဲကျော်ကျော် ကြာအောင် နေသွားခဲ့သည်။ ဆရာဝန် ညိုပိန်သည်လည်း လူနာကို အချိန်အကြာဆုံး စိတ်ရှည်လက်ရှည် စမ်းသပ်ကုသသူအဖြစ် နာမည်ကောင်းရသွားသည်။ ထိုလအတွက် အထူးချွန်ဆုံး ဆရာဝန်ဆုနှင့် အထူးဆုကြေး ကျပ်ငါးသိန်းကိုလည်း ရရှိခဲ့သည်။
* * *
သတင်းစာခေတ်ကုန်ပြီဟု ဆိုကြသည်။ ဟုတ်လည်း ဟုတ်သည်။ အရင်ကဆိုလျှင် သတင်းလေးတစ်ခုကို သိရဖို့အရေး တော်တော် အပင်ပန်းခံ ကြိုးစားရသည်။ လူက သတင်းကို လိုက်ရသည့်သဘော ဖြစ်၏။ ခုတော့ ဒီလိုမဟုတ်။ သတင်းက လူနောက်ကို အတင်း တကောက်ကောက် လိုက်နေတဲ့သဘော ဖြစ်နေပြီ။ လက်ကိုင်ဖုန်းတစ်လုံး ရှိရုံဖြင့် တစ်ကမ္ဘာလုံးက သတင်းတွေကို စက္ကန့်နှင့်အမျှ သိရှိနိုင်သည်။ သတင်းတွေက လိုတာထက်ပိုပြီး ဖောချင်းသောချင်း ဖြစ်နေလေသည်။
ဒီကြားထဲမှာ ခေတ်ဟောင်းတုန်းကလို သတင်းစာမှ ဖတ်ချင်ပါတယ် ဆိုသူများလည်း ရှိသေးသည်။ များသောအားဖြင့် လူကြီးပိုင်းတွေ ဖြစ်၏။ သူတို့အတွက် အိမ်တွေမှာ သတင်းစာစက်တွေ တပ်ပေးထားရသည်။ တကယ့် သတင်းစာတွေအတိုင်း စက်က တစ်နေ့သုံးကြိမ် ရိုက်နှိပ်ထုတ်ပေးသည်။
ဒီနေ့အတွက် နေ့လည်ခင်းသတင်းစာ ရပြီဖြစ်ကြောင်း အချက်ပေးသံ ပေါ်လာသည်။ အဘိုးကြီးတစ်ယောက်သည် စက်မှ ဖန်သားပြင်ကို တို့လိုက်သောအခါ သတင်းစာ ထွက်လာသည်။ သူက ဆွဲယူပြီး လွန်ခဲ့သော နှစ်ငါးဆယ်ကတည်းက ရှိနေခဲ့သော ကျွန်းသား ပက်လက်ကုလားထိုင်ပေါ် ထိုင်လိုက်သည်။ ဒါမျိုးက သိပ်ရှားနေပြီ။ တလောကတောင် ရှေးဟောင်းပစ္စည်း ဝယ်ရောင်းလုပ်သူတစ်ယောက်ကို သူ့သားက ခေါ်လာပြသေးသည်။ ထိုသူက ဆယ်သိန်းပေးမည်ဟု ပြောသည်။ သူက ဘယ်လောက်ပေးပေး မရောင်းဘူးဟု ငေါက်လွှတ်လိုက်ရသည်။
သတင်းစာကို ဖတ်ကြည့်သည်။ သတင်းတွေက သိပ်မထူးလှ။ အရင်ဆိုလျှင်တော့ အုတ်အော်သောင်းတင်း ဖြစ်ကောင်းဖြစ်မည်။ ခုတော့ ဘာမှမဆန်းလှ။ ကိုရီးယားက အရှေ့ပင်လယ်ထဲသို့ တာဝေးပစ်ဒုံးကျည် နှစ်စင်း ပစ်လွှတ်လိုက်သည်။ ထိုအခါ ဂျပန်ကလည်း အားကျမခံ ပင်လယ်ထဲသို့ ဒုံးကျည်လေးစင်း ပြန်ပစ်ပြလိုက်လေသည်။ ကုန်းမြေပေါ်ကို တကယ်မပစ်ရဲသဖြင့် ပင်လယ်ထဲကိုချည်း ပစ်ပြီး အင်အားပြနေကြခြင်း ဖြစ်၏။
တကယ်တော့ ခုချိန်တွင် နိုင်ငံတိုင်းလိုလိုမှာ ဒုံးကျည်တွေ ရှိနေကြပြီဖြစ်သည်။ ရွှေနိုင်ငံမှာဆိုလျှင် အစင်းတစ်ရာလောက် ရှိသည်။ ကြာလျှင် သတ္တုတွေ အညှိတက်ကုန်မှာတောင် စိုးရိမ်ရသည်။ ထို့ကြောင့် လွတ်လပ်ရေးနေ့တို့ တော်လှန်ရေးနေ့တို့မှာ ဘင်္ဂလားပင်လယ်အော်ထဲသို့ ဒုံးကျည်တွေ ပစ်လွှတ်ပြီး ဖြုန်းပစ်ရလေသည်။
နောက်သတင်းတစ်ခုကတော့ နည်းနည်း စိတ်ဝင်စားဖို့ကောင်းသည်။ အင်္ဂါဂြိုဟ်သို့ စေလွှတ်လိုက်သော အာကာသယာဉ်မှူး ကမ္ဘာမြေသို့ ဘေးမသီရန်မခဘဲ ပြန်ရောက်လာသော သတင်းပင်ဖြစ်၏။ ခရီးစဉ်မှာ အသွားအပြန် ခြောက်လ ကြာမြင့်ခဲ့သည်။ အာကာသယာဉ်မှူး၏ ကျန်းမာရေးအတွက် စိုးရိမ်ခဲ့ကြရသည်။ ရလဒ်အမှန်က ပြောင်းပြန်ဖြစ်နေသဖြင့် အားလုံး အံ့သြကြရသည်။ အာကာသယာဉ်မှူးကို စစ်ဆေးကြည့်သောအခါ သူ့ခန္ဓာကိုယ်မှ ဆဲလ်များသည် ခြောက်နှစ်စာလောက် ပြန်လည်နုပျိုသွားကြောင်း တွေ့ရှိရသောကြောင့်ပင် ဖြစ်လေသည်။
“အင်း.. အာကာသခရီးသွား ကုမ္ပဏီတွေကတော့ တော်တော် အလုပ်ဖြစ်ကြတော့မှာပဲ”
ဟု ရေရွတ်လိုက်၏။ သူကိုယ်တိုင်တော့ သွားနိုင်စွမ်းမရှိ။ အင်္ဂါဂြိုဟ် တစ်ခေါက်သွားဖို့က ဒေါ်လာငါးသန်းလောက် ကုန်တယ်မဟုတ်လား။
“ဖေဖေ.. ထမင်းစားပြီးပြီလား”
သားအလတ်ကောင် အပြင်က ပြန်လာပြီး နှုတ်ဆက်လိုက်ခြင်း ဖြစ်၏။
“မင်းအလုပ်က ပြန်လာတာ စောလှချည်လားကွ”
“ဟုတ်တယ်ဖေဖေ၊ ဒီည နိုက်ဂျူတီရှိလို့ စောစောပြန်နားတာပါ”
“နိုက်ဂျူတီရှိလည်း အလကားပါကွာ၊ ဘာအလုပ်မှ လုပ်စရာမှ မရှိတာ”
အလတ်ကောင်သည် အီးတပ်မှဗိုလ်ကြီး ဖြစ်၏။ အီးတပ်ဆိုသည်မှာ အရပ်အခေါ်အဝေါ် ဖြစ်၏။ အမှန်ကတော့ လွန်ခဲ့သော ငါးနှစ်ကမှ အသစ်ထပ်မံ ဖွဲ့စည်းခဲ့သော အီလက်ထရောနစ်တပ်ရင်းကို ဆိုလိုသည်။ ခုချိန်မှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မြေပြင်ရေပြင်စစ်ပွဲ ဆင်နွှဲတာမျိုး အလွန်ရှားသွားပြီ။ လေပြင်စစ်ပွဲသာ ရှိတော့သည်။ လေပြင်စစ်ပွဲ ဆိုရာမှာလည်း တိုက်လေယာဉ်များနှင့် တိုက်ကြသော စစ်ပွဲကို ဆိုလိုတာမဟုတ်။
တစ်နိုင်ငံ၏ ဆိုက်ဘာကွန်ယက်များကို ဝင်ရောက်မွှေနှောက်ခြင်း၊ အချက်အလက်များ ခိုးယူခြင်း၊ တိုက်ခိုက် ဖျက်ဆီးခြင်းများ ပြုလုပ်ကြသည်။ ဒါကို ကာကွယ်ဖို့နှင့် တန်ပြန်တိုက်ခိုက်ဖို့ ကွန်ပျူတာအိုင်တီ ကျွမ်းကျင်သော စစ်သည်များဖြင့် တပ်ရင်းတစ်ရင်း ဖွဲ့ထားရခြင်း ဖြစ်၏။ ဉာဏ်ရည်အထက်မြက်ဆုံး လူတွေကိုသာ ရွေးခန့်သည်။ သို့ရာတွင် အဘိုးကြီးကတော့ စစ်ဗိုလ်လုပ်နေပြီး စစ်လည်း မတိုက်ဖူးဘူး၊ သေနတ်လည်း မကိုင်ရဘူး ဆိုပြီး သိပ်အထင်မကြီးလှ။
“ဒီလိုရှိတယ် ဖေဖေရဲ့၊ ခု မြောက်ဘက်နယ်စပ်မှာ ဆိုက်ဘာလှိုင်းတွေ မငြိမ်မသက် ဖြစ်နေတယ်၊ ကျွန်တော်တို့ကို သွေးတိုးစမ်းတာလို့ ယူဆရတယ်၊ အဲဒီကိစ္စ တန်ပြန်ဖို့ ကျွန်တော်တို့ အလုပ်များနေတာ”
ဟု ပြောပြီး အတွင်းခန်းထဲ ဝင်သွားသည်။ အဘိုးကြီးက....
“ငါတို့နိုင်ငံကို ဘယ်သူ ရန်စဝံ့မှာမို့လို့လဲ၊ အလကား.. လခ ညာယူလို့ကောင်းအောင် ဆင်ခြေတွေ ပေးနေတာပါ”
ဟု ရေရွတ်ပြီး သတင်းစာကို ဆက်ဖတ်သည်။
သူအကြိုက်ဆုံးဖြစ်သော “ပြည်သူ့ဆန္ဒ ဖော်ထုတ်ကြ” ဆိုသော ကဏ္ဍဖြစ်သည်။ ပြည်သူ့ဆန္ဒ ဆိုသော်လည်း ဝန်ထမ်းတွေကသာ ရေးကြတာများသည်။ မိမိတို့ အနိုင်ကျင့်ခံရပုံတွေကို ရင်ဖွင့်ကြခြင်း ဖြစ်၏။ သူတို့ဌာနတွေမှာ လာရောက်ဆောင်ရွက်ကြသော ပြည်သူလူထုက ၎င်းတို့အပေါ် အမျိုးမျိုးရစ်ကြ၊ ပညာပြကြပုံတွေကို တင်ပြထားကြသည်။ တစ်ခုခု အဆင်မပြေလျှင် တိုင်ကြတောကြသေးသည်။ အထက်လူကြီးတွေကလည်း တိုင်သူဘက်က အမြဲမှန်သည်ဟု ယူဆထားကြဟန် တူသည်။ ကိုယ့်ဝန်ထမ်းကိုသာ ဖိကြိမ်းတတ်ကြသည်။ (လစာကို မက်လောက်အောင် ပေးထားသဖြင့် ဝန်ထမ်းဘဝမှလည်း ရုန်းမထွက်နိုင်ကြ)
နောက်တစ်ပုဒ်ကတော့ ဘတ်စ်ကားစပယ်ယာတစ်ဦး၏ ရင်ဖွင့်သံဖြစ်၏။
အယ်ဒီတာ ခင်ဗျား....
ကားစပယ်ယာတစ်ဦးရဲ့ ဒုက္ခကို မတတ်သာလွန်းလို့ ရင်ဖွင့် တိုင်တည်လိုက်ရပါတယ်။ ကျွန်တော်တို့ကို ခရီးသည်တွေက အမျိုးမျိုး အနိုင်ကျင့်ကြပါတယ်။ မှတ်တိုင်မရောက်သေးဘဲ ရပ်ခိုင်းပါတယ်။ လမ်းကနေ ဖြတ်ပြီး တားပါတယ်။ ရပ်မပေးရင် ပြဿနာရှာပါတယ်။ ထိုင်စရာခုံလွတ်တွေ အများကြီး ရှိရက်သားနဲ့ တမင်တကာ မတ်တပ်ရပ်စီးပါတယ်။ စစ်ဆေးရေးနဲ့တွေ့ရင် ကျွန်တော်တို့ပဲ အရေးယူခံရပါတယ်။
ခုနောက်ပိုင်း မိန်းကလေးတွေ တော်တော် အတင့်ရဲလာပါတယ်။ အုပ်စုဖွဲ့ပြီး သောင်းကျန်းကြပါတယ်။ ယာဉ်စီးခွင့်ကတ်ပြား ရှိရက်သားနဲ့ တမင်တကာ ကားခိုးစီးပါတယ်။ တောင်းပန်လို့လည်း မရပါ။ ဘတ်စ်ကားတွေက ခရီးသည် အတက်အဆင်းကို အလိုအလျောက် မှတ်တမ်းတင်ထားတာ ဆိုတော့ ဂိတ်သိမ်းရင် ရငွေနဲ့ ခရီးသည်အရေအတွက် မကိုက်တဲ့အခါ ကျွန်တော်တို့ကပဲ စိုက်လျော်ရပါတယ်။ ပြီးတော့ သူတို့ကပဲစပြီး ယောက်ျားလေးတွေနားကို အတင်း တိုးကပ်ပြီးတော့မှ ဝီစီမှုတ်ပြီး သူတို့ကို နသားပါးယား လုပ်ပါတယ်၊ အော်လိုအော် လုပ်တတ်ပါတယ်။ ဒါကြောင့် တစ်ချို့ ယောက်ျားလေးတွေက အမျိုးသားသီးသန့် ဘတ်စ်ကားဆွဲပေးဖို့ တောင်းဆိုကြတာတောင် ရှိပါတယ်။
ဒီအထဲမှာ အမြွှာညီအစ်မနှစ်ယောက်က အဆိုးဆုံးပါပဲ။ တစ်ခါက ကားရပ်ဖို့ ဘရိတ်နင်းလိုက်တဲ့အခါ သူတို့ထဲကတစ်ယောက် လဲကျမလိုဖြစ်ပြီး ယိုင်သွားလို့ ကျွန်တော်က လက်မောင်းကို ဖမ်းကိုင်ထိန်းပေးတာကို သူ့လက်ကို ဆွဲပါတယ်ဆိုပြီး တိုင်လို့ ကျွန်တော့်မှာ စပယ်ယာလိုက်ခွင့် တစ်ပတ် အပိတ်ခံထိပါတယ်။ ဒရိုင်ဘာခမျာလည်း အမောင်းကြမ်းတယ်၊ ဘရိတ်ကို ဆောင့်အုပ်တယ်ဆိုပြီး တိုင်လို့ ပြင်းထန်စွာ သတိပေးခံရပါတယ်။ တစ်ရက်မှာလည်း အဲဒီ အမြွှာညီအစ်မပဲ ကားပေါ်က ဆင်းခါနီးမှာ ကျွန်တော့်တင်ပါးကို ဆွဲဆိတ်သွားပါတယ်။ လက်သည်းရှည်ကြီးတွေနဲ့ ဆိုတော့ တင်ပါးပဲ့ပြီး သွေးတွေတောင် စို့လာပါတယ်။
ဒါကြောင့် ကျွန်တော်တို့ရဲ့ သနားစရာ ဘတ်စ်ကားစပယ်ယာ ဘဝကိုလည်း ငဲ့ညှာစာနာကြပါဦးလို့ အော်လိုက်ရပါတယ် ခင်ဗျား။
စပယ်ယာတစ်ဦး (၅၅၅)
သတင်းစာဖတ်ရင်း အဘိုးကြီး မျက်မှောင်ကုပ်သွားသည်။
“အကြီးမ၊ အငယ်မ”
ဟု ကုန်းအော်လိုက်၏။ “ဗျာ” ဆိုသော ထူးသံနှင့်အတူ အမြွှာညီအစ်မနှစ်ယောက် ရှေ့မှာလာရပ်သည်။
“ဒီမှာ နင်တို့နှစ်ယောက်အကြောင်း သတင်းစာထဲ ပါတယ်”
ဆိုပြီး သတင်းစာကို ထိုးပေးလိုက်သည်။ အမြွှာညီအစ်မက ပြိုင်တူဖတ်ကြည့်သည်။ ထို့နောက် အစ်မကြီးက..
“ဘာဆိုင်လို့လဲ ဖေဖေရာ၊ မြန်မာပြည်မှာ အမြွှာတွေ အများကြီးရှိတာပဲ၊ ဒါ သမီးတို့ ဟုတ်ချင်မှ ဟုတ်မှာပေါ့”
“ဘာ မဟုတ်ရမှာလဲ၊ ဒါမျိုး ပေါက်တတ်ကရ လုပ်တတ်တာ နင်တို့ပဲရှိတယ်၊ ပြီးတော့ စပယ်ယာက ငါးသုံးလုံးလို့ ရေးထားတယ်၊ ငါးသုံးလုံးကားလိုင်းက နင်တို့ စီးနေကျပဲ၊ ကျပ်ကျပ် သတိထားနော်၊ နင်တို့....”
အမြွှာညီအစ်မသည် လျှာတစ်လစ်ထုတ်၊ ဇက်ကလေးတွေ ပုပြီး ထွက်သွားကြသည်။ ကွယ်ရာရောက်မှာ “သတင်းစာထဲတောင် ပါတယ်ဆိုတော့ ငါတို့လုပ်တာ အောင်မြင်တာပေါ့” ဟု အချင်းချင်းပြောပြီး ရယ်ကြသည်။
အဘိုးကြီးသည် သတင်းစာကို ဆက်မဖတ်တော့ဘဲ စားပွဲပုလေးပေါ် ပစ်ချလိုက်သည်။ ထိုစဉ်မှာပင် သူ့အချစ်ဆုံး မြေးမလေး ပြေးဝင်လာပြီး ဖက်လိုက်သည်။ သူ့ပါးကို ရွှတ်ခနဲ နမ်းလိုက်ပြီး....
“ဘိုးဘိုးကြီး.. ဟန်းဆက်ဝယ်ပေး”
“ဟဲ့.. ဘယ်လို ဖြစ်လာပြန်တာတုန်း”
“မီးမီး နေကြာစေ့ ဝယ်စားတာ အထုပ်ထဲက တယ်လီဖုန်းဆင်းကတ် ကံစမ်းမဲပေါက်တယ် ဘိုးဘိုးရဲ့”
“ဟေ.. ဟိုတလောကပဲ ဟန်းဆက်တစ်လုံး ဝယ်ပေးပြီးပြီ မဟုတ်လား”
“အဲဒါက အောက်သွားပြ်ီ၊ အခု နောက်ဆုံးပေါ်တဲ့ ဟန်းဆက်တွေက ဖန်ရှင်တွေ ပိုစုံတယ်၊ ဂိမ်းအသစ်တွေလည်း ပေါ်တာနဲ့ အလိုအလျောက် ထည့်ပေးမယ်တဲ့၊ ဟော.. ပြောရင်းဆိုရင်း ဖုန်းသည်တောင်လာပြီ၊ ဝယ်ပေးပါနော် ဘိုးဘိုး”
တယ်လီဖုန်းရောင်းတဲ့ ကားကလည်း တိုက်ရှေ့မှာ အဆင်သင့်ရောက်နေပြီ။ သူတို့ရောင်းတဲ့ ဟန်းဆက်တွေဟာ လုပ်ဆောင်ချက်တွေ ဘယ်လောက်စုံလင်ကြောင်း၊ ပြောလည်းပြော၊ လက်တွေ့လည်း လုပ်ပြနေသည်။ သူတို့ဟန်းဆက်တွေ ဘယ်လောက်အကြမ်းခံကြောင်း သိစေရန် ရေထဲ စိမ်ပြထားသည်။ ပြီးတော့ ပလက်ဖောင်းပေါ်ကို ပစ်ချပြသည်။
အဘိုးကြီးသည် သူငယ်ငယ်တုန်းက တိုက်ခန်းရှေ့မှာ တိုက်ကြီးတံမြက်စည်။ လာရောင်းသူတွေကို သတိရမိ၏။ သူတို့ရဲ့ တံမြက်စည်းတွေ ခိုင်တဲ့အကြောင်း ကြော်ငြာတဲ့အနေနဲ့ ပလက်ဖောင်းပေါ် တဖုံးဖုံး ရိုက်ပြနေတာ မြင်ယောင်နေမိ၏။ ဘာပဲဖြစ်ဖြစ် မြေးမလေး အချွဲကောင်းမှုကြောင့် ဟန်းဆက်ဖိုး သောင်းနှစ်ထောင် ထွက်သွားလေသည်။
“တော်တော် စီးပွားရေးသောင်းကျန်းတဲ့ကောင်တွေ”
ဟု ရေရွတ်နေစဉ် တိုက်တိုက်ဆိုင်ဆိုင် ဖုန်းခေါ်သံ မြည်လာ၏။ ဖုန်းဖွင့်ပြီး ထူးလိုက်တော့ တစ်ဖက်မှ..
“ကျွန်တော် တယ်လီဖုန်းကုမ္ပဏီက ဆက်တာပါ၊ တယ်လီဖုန်းလိုင်း ကောင်းရဲ့လားလို့ လှမ်းစစ်ဆေးတာပါ ခင်ဗျာ”
“မင်းတို့ကလည်း လွန်လွန်းတယ်၊ ဒါပဲ ခဏခဏ လှမ်းမေးနေတာပဲ”
အဘိုးကြီးက ဖုန်းကိစ္စ စိတ်တိုလက်စမို့ ခပ်ငေါက်ငေါက် ပြန်ပြောသော်လည်း တစ်ဖက်မှ စိတ်မဆိုးဘဲ..
“တာဝန်အရ ဆက်ရတာပါ ခင်ဗျာ၊ စိတ်မရှိပါနဲ့၊ ကျွန်တော်တို့ရဲ့ဖုန်းကို သုံးစွဲသူတိုင်း အဆင်ပြေအောင် ကြိုးစားနေပါတယ်၊ အခု ကျွန်တော်ပြောနေတာကိုရော ကြည်ကြည်လင်လင် ကြားပါရဲ့လားခင်ဗျာ”
“ကြားတယ်ကွ.. ကြားတယ်၊ လိုင်းကလည်း ကြည်လွန်းလို့ မင်းအသံကိုသာ မကဘူး၊ မင်းရဲ့ အာပုပ်စော်နံ့ကိုပါ ဒီမှာလာပြီး နံနေတယ်၊ ရှင်းပြီလား”
ဟု စိတ်ပေါက်ပေါက်နှင့် ပြောပြီး တယ်လီဖုန်းကို ဆောင့်ပိတ်ပစ်လိုက်၏။
* * *
(ရတနာခုနှစ်သွယ်နှင့် ပတ်သက်၍....
အဖေ ဒီစာမူကိုရေးတော့ ကင်ဆာရောဂါ စတင်ခံစားနေရပါပြီ။ လက်ရေးစာမူ စာမျက်နှာ ၆၀ ရေးပြီးတဲ့အချိန်မှာ အဖေ့ကင်ဆာကျိတ်က ခေါင်းကို ရောက်နေပြီ။ ညာဘက်တစ်ခြမ်းလုံး ကောင်းကောင်း မလှုပ်ရှားနိုင်တော့ဘူး။ စာကို လက်နဲ့ မရေးနိုင်တော့တဲ့အတွက် စာမျက်နှာ ၆၁ ကို လက်နှိပ်စက်နဲ့ ဆက်ရေးခဲ့ပါတယ်။
စာမျက်နှာ ၆၁ (သို့) လက်နှိပ်စက်စာမူ)
“အချိန်တွေ မှန်နိုင်ပါတော့မလား ဗမာပြည်မှာ နာရီတွေကများ” ဆိုသော ရှေးသီချင်းတစ်ပုဒ် ရှိခဲ့ဖူးသည်။ အခုတော့ မြန်မာပြည်မှာ ပါတီတွေကများဟု ဆိုရမလို ဖြစ်နေ၏။ ပါတီတွေ၊ အဖွဲ့အစည်းတွေ၊ သမဂ္ဂတွေ၊ ကွန်ယက်တွေက များပြားလွန်းလို့ မှတ်တောင် မမှတ်မိတော့။ အားလုံးပေါင်းလိုက်လျှင် ထောင်ဂဏန်းလောက် ရှိလိမ့်မည်ဟု ဆိုကြသည်။ တစ်ချို့ အဖွဲ့အစည်းတွေက လူကြီးချင်း သဘောထားကွဲလွဲလို့၊ လူကြီးနှင့်လူငယ် မသင့်မြတ်လို့၊ လူငယ်အချင်းချင်း အမြင်မတူလို့ စသည်ဖြင့် အဖွဲ့တွေ ကွဲကုန်သောကြောင့် ဖောင်းပွလာတာလည်း ပါသည်။
အဖွဲ့အစည်း ဖွဲ့ဖို့ကလည်း အလွန်လွယ်ကူသည်။ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး အပါအဝင် အဖွဲ့ဝင်ဆယ်ဦးရှိလျှင် ရပြီ။
လူစာရင်းနှင့် ဓာတ်ပုံများကို မြို့နယ်ရုံးကို ပို့လိုက်ရုံသာ။ တစ်ပတ်နေလျှင် လိုင်စင်ကျပြီ။ မြို့နယ်ရုံးကလည်း ပယ်ချတယ်လို့ လုံးဝမရှိ။ မှတ်ပုံတင်ကြေး တစ်နှစ်တစ်သောင်း မှန်မှန်ရဖို့သာ အရေးကြီးသည်။ ဒီတော့ များလေကြိုက်လေပဲ။
အဖွဲ့အစည်းတွေ ဘယ်လောက်များသလဲဆိုတော့ အောက်ပါအတိုင်း ဟာသလုပ်ပြီး ပြောကြရသည်။
“လူထူထူ ရှိတဲ့နေရာကျရင် ဥက္ကဋ္ဌကြီးလို့ လှမ်းခေါ်လိုက်၊ လူဆယ်ယောက်မှာ ကိုးယောက်က လှည့်ကြည့်လိမ့်မယ်တဲ့၊ ကျန်တစ်ယောက်က နာယက ဖြစ်နေလို့ပါ” တဲ့။
အသင်းအဖွဲ့တွေကလည်း မျိုးစုံသည်။ တောက်တဲ့ ကာကွယ်ရေးအသင်း၊ မြက်ပင်အခွင့်အရေး စောင့်ရှောက်မှုအဖွဲ့၊ ကင်ဆာအစည်းအရုံး၊ ကဗျာကယ်တင်ရေး သမဂ္ဂ၊ ယမကာတပ်ဦး စသည်ဖြင့်။
တိုင်းပြည်နှင့် လူမျိုးအတွက် တကယ် ကိုယ်ကျိုးစွန့် အနစ်နာခံ လုပ်နေသော အဖွဲ့အစည်းတွေလည်း ရှိသည်။ သို့ရာတွင် အနည်းစုသာဖြစ်ပြီး အခု နှစ်ဆယ်ကျော်ခန့်သာ ရှိသည်။ ကျန်တာတွေကတော့ ကိုယ့်ဦးတည်ချက်နဲ့ကိုယ် လုပ်ကြကိုင်ကြ၊ ကြံကြဖန်ကြ၊ စားကြသောက်ကြပေါ့။
(စာမျက်နှာ ၆၁ ပြီးတော့ အဖေ့လက်က လက်နှိပ်စက်တောင် ရိုက်နိုင်တဲ့ အခြေအနေ မဟုတ်တော့ဘူး။ ပရိသတ်အတွက် သူ့စာမူ ပြီးချင်လွန်းလို့ ခေါင်းကို ဓာတ်ကင်နေတဲ့ အချိန်အတွင်းမှာပဲ စာတွေကို ကက်ဆက်နဲ့ အသံသွင်းပေးခဲ့ပါတယ်။ ဒါပေမယ့် အဖေ့ခေါင်းက အကျိတ်ကြောင့် အဖေ့မှတ်ဉာဏ်က အဖေ့အနုပညာကို မလိုက်နိုင်တော့ဘူး။ အဖေ ရွတ်ပေးခဲ့တာတွေက ဟိုရောက်ဒီရောက်နဲ့။ အသံဖမ်းတဲ့ကက်ဆက် ချို့ယွင်းမှု ရှိနေတာရယ်၊ ပတ်ဝန်းကျင် ဆူညံသံတွေရယ် ပေါင်းလိုက်တော့ အသံတွေက ရောထွေးကုန်လို့ အသံအရည်အသွေး ကောင်းကောင်း မရခဲ့ဘူး။ အသံဖိုင်ကို လူလေးငါးယောက်က အကြိမ်ကြိမ် ဝိုင်းနားထောင်ပြီး အတတ်နိုင်ဆုံး လိုက်ရေးထားပါတယ်။
စာမျက်နှာ ၆၂ (သို့) အသံဖိုင်)
အစိုးရကလည်း လူလည်ကျသည်။ အဖွဲ့အစည်းတွေ ဘာလုပ်ချင်လဲ လုပ်၊ ဘာမှ မပြောဘူး။ အဖွဲ့အစည်းတွေက ဘာအဆိုတင်ချင်လဲ တင်၊ ဘာမှ မကန့်ကွက်ဘူး။ ဒီလိုနဲ့ အဖွဲ့အစည်းတွေ စည်းပျက်ကမ်းပျက် ဖြစ်ကုန်ပြီး တချို့ဆို ပေါတောတောတွေတောင် လုပ်ကုန်ကြသည်။ ဒီလိုနည်းနဲ့ အစိုးရကလည်း အသင်းအဖွဲ့တွေကို ယောင်ဝါးဝါးဖြစ်အောင် ပညာသားပါပါနဲ့ လုပ်ထားလိုက်၏။
အဖွဲ့အစည်းတွေမှာကလည်း အခွင့်အရေးတွေက ရ၊ အလှူရှင်တွေက ရ၊ နေရာကလေးကလည်း ရလာပြီဆိုတော့ ဖောက်ပြန်ချင်လာကြသည်။
နောက်ပြီး နေရာကောင်းလာပြီဆိုလျှင် ငွေရှင်ကြေးရှင်တို့က ငွေနှင့်ပေါက်ကာ ဝင်လာပြီး တကယ် အလုပ်လုပ်သူတွေက ဘေးရောက်သွားသည်။ ထို့နောက် စိတ်ပျက်ကာ အဖွဲ့က ထွက်သွားကြ၏။ အခွင့်အရေးအတွက် ဝင်လာသူများက ပြည်တွင်းပြည်ပက အထောက်အပံ့ကိုသာ အဓိကထားကြကာ အလုပ်ကိုတော့ အယောင်ပြ လုပ်တာလောက်ပဲရှိပြီး ရသမျှငွေကိုတော့ ကိုယ်ကျိုးအတွက် သုံးကြသည်။
တစ်ချို့ကျတော့လည်း အရပ်ထဲမှာ ဘာအလုပ်မှ မရှိ။ အိမ်ကလည်း သိပ်မကြည်။ အိမ်ကဆူလျှင် ဘိလိယက်ခုံ သို့မဟုတ် ဂိမ်းဆိုင်မှာသွားပြီး စတေးရှောင်နေလိုက်သည်။ အရွယ်ရောက်တော့လည်း စာကို စိတ်မဝင်စား။ အိမ်အတွက်လည်း ဝင်ငွေမရှာ။ ဒီလိုလူမျိုးတွေ အဖွဲ့အစည်းထဲ ရောက်လာတော့ အဖွဲ့အစည်းတွေကလည်း ပိုသဘောကျကြသည်။ အကြောင်းကတော့ အဲလို လူမျိုးတွေမှာ အလုပ်မရှိသဖြင့် အချိန်ပြည့် အားနေတတ်သည်။ ဒီတော့ သူတို့ကို အချိန်ပြည့် အလုပ်လုပ်ပေးနိုင်သည်၊ အကူအညီ ပေးနိုင်သည် မဟုတ်လား။ ဒီလိုလူမျိုးတွေကို အတွင်းရေးမှူး ရာထူးလေး ပေးလိုက်တော့ ရပ်ကွက်ကလူတွေလည်း လေးစားရ၊ အိမ်က မိဘတွေလည်း သဘောကျကြရပေါ့။ မကျလို့လည်း မဖြစ်။ ကျုပ်တို့က တိုင်းပြည်အတွက် အလုပ်လုပ်နေတာဟု ကြွေးကြော်နေတာကိုး။
လယ်သမားတွေကိုလည်း အစိုးရက လယ်ဧက ၂၀ စီ ခံစားခွင့်ပြုထား၏။ တကယ်လို့ စပါးဈေးကျသွားလည်း ကိစ္စမရှိ။ အစိုးရက စိုက်ထုတ်ပေးသည်။ စိုက်သမျှ အရှုံးမရှိကြ။ အလုပ်သမားတွေလည်း လစာကို အပြည့်အဝ ရကြသည်။ ဘေးပယောဂ မဝင်အောင်လည်း အကာအကွယ် ပေးထားတော့ အဖွဲ့အစည်းတွေမှာလည်း လုပ်စရာ အလုပ်မရှိတော့ဘဲ အီးယောင်ဝါး ဖြစ်ကုန်ကြသည်။ ထိုအချိန်မှာ ဘယ်သူမှ ထင်မှတ်မထားသော ဆန္ဒုပြပွဲကြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
(စာမျက်နှာ ၆၂ က အဖေ့စာတွေကို ကြည့်ရင် ကင်ဆာကျိတ်က အဖေ့ဦးနှောက်ကို ဘယ်လောက်ထိခိုက်နေပြီဆိုတာ သိသာပါတယ်။ ဟိုရောက်ဒီရောက် စာတွေကို အခုလို ဖော်ပြနေရတာကလည်း အဖေ့ကြိုးစားမှု၊ အဖေ့အားထုတ်မှုကို ပရိသတ်ကြီးကို ချပြချင်လို့ပါ။ နေမကောင်းတဲ့ကြားက သူ့ပရိသတ်ကို စေတနာ မလျော့ခဲ့တဲ့ အဖေ့ကို နားလည်သောအားဖြင့် ရတနာခုနှစ်သွယ်ကို ပရိသတ်ကြီး ကြိုက်နှစ်သက်သလို ဇာတ်သိမ်းနိုင်ပါတယ်။ အဖေ့ စာပေါင်းများစွာ ဖတ်ရှုခဲ့တဲ့ ပရိသတ်ကြီး အနေနဲ့ အဖေ ဘယ်လိုဇာတ်သိမ်းချင်တယ် ဆိုတာ အဖေနဲ့ နှလုံးသားချင်း ထပ်တူကျ ခံစားနိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။
ယုယ)
--------------
မင်းလူ
Unknown at 5/07/2016 11:58:00 pm
အလင်းရောင် ဘလော့ဂ် (Shweahlynn Blogspot) ရဲ့ ပို့စ်နှစ်ခုကနေ ကူးယူပါတယ်။ ဆရာမယုယနဲ့ ဘလော့ဂါကို ကျေးဇူးတင်ပါတယ်။
Photo - Google.
စလေ ငနော့
Comments
Post a Comment