ရတနာ ခုနစ်သွယ် ၂ 🖊 မင်းလူ

ရတနာ ခုနစ်သွယ် (ဒုတိယပိုင်း)
••••••••••••••••••••••••••••••••••••

မင်းလူ

“အံမယ်.. ညည်းက မင်္ဂလာဆောင်နဲ့ မှားပြီး ရောက်လာတာလား”

ဟု မေးလိုက်သဖြင့် အိုးတိုးအမ်းတမ်း ဖြစ်သွားရှာသည်။ လူကြီးက ဘယ်ညာလှည့်ကြည့်သွား၏။ တန်းစီထိုင်နေသော ဆရာဝန်များမှာ နှုတ်လည်းမဆက်ရဲ၊ ရယ်လည်းမပြရဲ၊ ပြုံးလည်းမပြရဲ၊ တည်လည်းမတည်ရဲ၊ ဘယ်လိုနေရမှန်း မသိအောင် ခွတီးခွကျ ဖြစ်နေကြ၏။

လူကြီးက ဝှီးချဲကို နောက်ပြန်ုဆုတ်ရန် အချက်ပြသည်။ စောစောက ကျော်လာခဲ့သော နေရာတွင် ရပ်ရန် လက်ပြလိုက်၏။ ထို့နောက် အသားညိုညို၊ ပိန်ခြောက်ခြောက် ဆရာဝန်ကို မျက်နှာချင်းဆိုင်လိုက်ပြီး..

“မင်းက ဆရာဝန်တဲ့လား”

ညိုပိန်ဆရာဝန်က မတ်တပ်ရပ်လိုက်ပြီး..

“ဟုတ်ပါတယ်ခင်ဗျာ”

ဟု လေးလေးစားစား ဖြေသည်။

“ဆရာဝန်ဆိုပြီး လူနာလုပ်တဲ့ ငါ့ထက်တောင် ပိန်နေသေးပါလားကွ”

“ပိန်တာ ဝတာက ကျန်းမာတာနဲ့ သိပ်မဆိုင်ဘူးခင်ဗျ”

သူ့ကို စောဒကတက်သဖြင့် လူကြီးမျက်နှာထား တစ်မျိုးဖြစ်သွားပြီးမှ..

“ဒါနဲ့ မင်းက ဆရာဝန်ဆိုတော့ သီချင်းတွေ ဘာတွေ ဆိုသေးလား”

“ခင်ဗျာ....”

“သြော်.. တချို့ဆရာဝန်တွေက အဆိုတော်လည်း လုပ်သေးတယ်မဟုတ်လား၊ ဒါကြောင့်မေးတာ”

“တစ်ခါတလေတော့ ဆိုပါတယ်”

“တစ်ခါတလေ....”

“ဟုတ်ကဲ့.. စာပေဟောပြောပွဲမှာ ဆိုတာကို ပြောတာပါ”

“စာပေဟောပြောပွဲမှာ စာရေးဆရာတွေ သီချင်းဆိုကြတာတော့ အဆန်းမဟုတ်ပါဘူးကွာ၊ အမယ်.. မင်းပြောပုံအရဆိုရင် မင်းက စာလည်းရေးတယ်ပေါ့”

“မတောက်တခေါက်ပါ ခင်ဗျာ”

လူကြီးက ဆရာဝန်ကို စိုက်ကြည့်ပြီး အကဲခတ်လိုက်သည်။ ဆရာဝန်ကလည်း အိနြေ္ဒရရပင် ပြန်ကြည့်နေသည်။ လူကြီးက ဆုံးဖြတ်ချက် ချလိုက်ဟန်ဖြင့်....

“ကဲ.. မင်းနဲ့ပဲ ပြတော့မယ်”

“ဟုတ်ကဲ့.. ကြွပါခင်ဗျာ”

ဆရာဝန်က စမ်းသပ်ခန်းသို့ ဦးဆောင်ပြီး ခေါ်သွားသည်။

ခုချိန်မှာ လူတွေက ကျန်းမာရေး အသိအမြင်တွေ တိုးတက်လာလို့ပဲလား၊ ဒါမှမဟုတ် အခွင့်အရေးတွေ အလျှံပယ် ရနေလို့ပဲလားတော့ မသိ။ ဝမ်းနာ ခေါင်းခဲတာလောက်ကိုတောင် အထူးကုဆရာဝန်နဲ့မှ ပြချင်ကြသည်။

ခုလည်း ဒီအတိုင်းပဲ။ လူကြီး၏ရောဂါမှာ သိပ်ကြီးကြီးကျယ်ကျယ် မဟုတ်။ အသက်ခြောက်ဆယ်ကျော် လူကြီးတွေ ဖြစ်လေ့ဖြစ်ထရှိသော ဆီးကျိတ်ရောင်ရောဂါသာ ဖြစ်၏။ ဒီအတွက် ဆေးတွေလည်း သောက်နေသည်။ ပြဿနာကတော့ ဆီးကျိတ်ဆေးများသည် ယောကျ်ားစွမ်းရည်ကို ထိခိုက်တတ်ခြင်းပင် ဖြစ်၏။

ဒီအရွယ်ရောက်မှတော့ ဒါတွေ အရေးကြီးသေးလို့လားဟု ပြောလို့မရ။ ခုကာလမှာ ဒီအရွယ်ကြီးတွေက ငြိမ်းခါနီးတစ်ချက် ထတောက်တဲ့မီးလို လူငယ်တွေထက် ပိုကဲချင်တတ်ကြတာလေ။
အခုလူနာကလည်း ဒီသဘောပါပဲ။ သူ့မှာ မိန်းမနှစ်ယောက် ရှိသည်။ ဒုတိယဇနီးက အသက်သုံးဆယ့်ငါးနှစ်ပဲ ရှိသေးသတဲ့။ ဒါနဲ့ပဲ သောက်သင့်တဲ့ဆေးတွေ ပေးရသည်။ စားသုံးသင့်သော အစားအစာတွေကို ညွှန်းရသည်။

“ကျေးဇူးပါပဲကွာ၊ ငါသွားဦးမယ်ဟေ့”

လူကြီးက ထရပ်လိုက်သည်။ တကယ်တော့ သန်သန်မာမာကြီး။ သူနာပြုဆရာမလေး တွန်းပို့တာ ခံချင်လို့ရယ်ကြောင့် စောစောက ဝှီးချဲနှင့်လာခြင်း ဖြစ်၏။

လူကြီး ခြေလှမ်းပြင်လိုက်စဉ်မှာပင် 
ဆရာဝန်က...

“သွားလို့ မရသေးဘူးခင်ဗျ”

“ဟေ.. ဘာကြောင့်လဲ”

“ကျွန်တော်တို့ ဆေးရုံမှာ ညွှန်ကြားချက် ထုတ်ထားပါတယ်၊ လူနာတစ်ယောက်ကို အနည်းဆုံး နာရီဝက်ကြာအောင် စမ်းသပ် စစ်ဆေးရပါမယ်၊ ခုမှ ဆယ့်ငါးမိနစ်ပဲ ရှိပါသေးတယ်”

“ဘာကွ.. ငါက မင်းတို့ဆေးရုံရဲ့ စည်းကမ်းကို ဘာကြောင့် လိုက်နာရမှာလဲ၊ ငါချိန်းထားတာ ရှိတယ်ကွ၊ သွားမှဖြစ်မယ်”

ဆိုပြီး ခြေလှမ်းပြင်ပြန်သည်။ ဆရာဝန်ခမျာ ပြူးပြူးပျာပျာ ဖြစ်သွားပြီး...

“မလုပ်ပါနဲ့ခင်ဗျာ၊ အန်ကယ် ခုချိန်ထွက်သွားရင် ကျွန်တော် ထုချေလွှာ အတောင်းခံရပါလိမ့်မယ်၊ ကျွန်တော့်ဘက်ကိုလည်း ငဲ့ညှာပါဦး”

လူကြီး အနည်းငယ် တွေသွားသည်။ ထိုစဉ်ပင် ဆရာဝန်၏ ခေါင်းထဲမှာ အကြံတစ်ချက် လက်ခနဲ ဝင်လာသည်။ ထို့ကြောင့်...

“သြော်.. ဒါနဲ့ NOSEBOOK ပေါ်မှာ ဒီနေ့မနက်က ဖိုင်အသစ်တစ်ခု တက်လာတယ်ခင်ဗျ၊ အဲဒါ အန်ကယ် ကြည့့်ပြီးပြီလား”

“ဟေ.. ဟုတ်လား”

လူကြီး စိတ်ဝင်စားဟန်ပြသည်။ ဆရာဝန်က အခွင့်အရေးကို လက်လွှတ်မခံဘဲ...

“ကျွန်တော် ဖွင့်ပြမယ်လေ”

ဆိုပြီး ကွန်ပျူတာကို အလျင်အမြန် ဖွင့်ပြလိုက်သည်။

NOSEBOOK ဆိုသည်မှာ အင်တာနက်ပေါ်မှာ FACEBOOK နှင့်အပြိုင် ပေါ်ထွက်လာသော လူမှုကွန်ယက်တစ်ခု ဖြစ်၏။ လူကြီးများအတွက် သီးသန့်ဖြစ်ပြီး အဘိုးကြီးများ၏ သည်းခြေကြိုက်ဖြစ်၏။

ထိုနေ့က လူနာအဘိုးကြီးသည် စမ်းသပ်ခန်းထဲတွင် တစ်နာရီခွဲကျော်ကျော် ကြာအောင် နေသွားခဲ့သည်။ ဆရာဝန် ညိုပိန်သည်လည်း လူနာကို အချိန်အကြာဆုံး စိတ်ရှည်လက်ရှည် စမ်းသပ်ကုသသူအဖြစ် နာမည်ကောင်းရသွားသည်။ ထိုလအတွက် အထူးချွန်ဆုံး ဆရာဝန်ဆုနှင့် အထူးဆုကြေး ကျပ်ငါးသိန်းကိုလည်း ရရှိခဲ့သည်။

* * *

သတင်းစာခေတ်ကုန်ပြီဟု ဆိုကြသည်။ ဟုတ်လည်း ဟုတ်သည်။ အရင်ကဆိုလျှင် သတင်းလေးတစ်ခုကို သိရဖို့အရေး တော်တော် အပင်ပန်းခံ ကြိုးစားရသည်။ လူက သတင်းကို လိုက်ရသည့်သဘော ဖြစ်၏။ ခုတော့ ဒီလိုမဟုတ်။ သတင်းက လူနောက်ကို အတင်း တကောက်ကောက် လိုက်နေတဲ့သဘော ဖြစ်နေပြီ။ လက်ကိုင်ဖုန်းတစ်လုံး ရှိရုံဖြင့် တစ်ကမ္ဘာလုံးက သတင်းတွေကို စက္ကန့်နှင့်အမျှ သိရှိနိုင်သည်။ သတင်းတွေက လိုတာထက်ပိုပြီး ဖောချင်းသောချင်း ဖြစ်နေလေသည်။

ဒီကြားထဲမှာ ခေတ်ဟောင်းတုန်းကလို သတင်းစာမှ ဖတ်ချင်ပါတယ် ဆိုသူများလည်း ရှိသေးသည်။ များသောအားဖြင့် လူကြီးပိုင်းတွေ ဖြစ်၏။ သူတို့အတွက် အိမ်တွေမှာ သတင်းစာစက်တွေ တပ်ပေးထားရသည်။ တကယ့် သတင်းစာတွေအတိုင်း စက်က တစ်နေ့သုံးကြိမ် ရိုက်နှိပ်ထုတ်ပေးသည်။
ဒီနေ့အတွက် နေ့လည်ခင်းသတင်းစာ ရပြီဖြစ်ကြောင်း အချက်ပေးသံ ပေါ်လာသည်။ အဘိုးကြီးတစ်ယောက်သည် စက်မှ ဖန်သားပြင်ကို တို့လိုက်သောအခါ သတင်းစာ ထွက်လာသည်။ သူက ဆွဲယူပြီး လွန်ခဲ့သော နှစ်ငါးဆယ်ကတည်းက ရှိနေခဲ့သော ကျွန်းသား ပက်လက်ကုလားထိုင်ပေါ် ထိုင်လိုက်သည်။ ဒါမျိုးက သိပ်ရှားနေပြီ။ တလောကတောင် ရှေးဟောင်းပစ္စည်း ဝယ်ရောင်းလုပ်သူတစ်ယောက်ကို သူ့သားက ခေါ်လာပြသေးသည်။ ထိုသူက ဆယ်သိန်းပေးမည်ဟု ပြောသည်။ သူက ဘယ်လောက်ပေးပေး မရောင်းဘူးဟု ငေါက်လွှတ်လိုက်ရသည်။

သတင်းစာကို ဖတ်ကြည့်သည်။ သတင်းတွေက သိပ်မထူးလှ။ အရင်ဆိုလျှင်တော့ အုတ်အော်သောင်းတင်း ဖြစ်ကောင်းဖြစ်မည်။ ခုတော့ ဘာမှမဆန်းလှ။ ကိုရီးယားက အရှေ့ပင်လယ်ထဲသို့ တာဝေးပစ်ဒုံးကျည် နှစ်စင်း ပစ်လွှတ်လိုက်သည်။ ထိုအခါ ဂျပန်ကလည်း အားကျမခံ ပင်လယ်ထဲသို့ ဒုံးကျည်လေးစင်း ပြန်ပစ်ပြလိုက်လေသည်။ ကုန်းမြေပေါ်ကို တကယ်မပစ်ရဲသဖြင့် ပင်လယ်ထဲကိုချည်း ပစ်ပြီး အင်အားပြနေကြခြင်း ဖြစ်၏။
တကယ်တော့ ခုချိန်တွင် နိုင်ငံတိုင်းလိုလိုမှာ ဒုံးကျည်တွေ ရှိနေကြပြီဖြစ်သည်။ ရွှေနိုင်ငံမှာဆိုလျှင် အစင်းတစ်ရာလောက် ရှိသည်။ ကြာလျှင် သတ္တုတွေ အညှိတက်ကုန်မှာတောင် စိုးရိမ်ရသည်။ ထို့ကြောင့် လွတ်လပ်ရေးနေ့တို့ တော်လှန်ရေးနေ့တို့မှာ ဘင်္ဂလားပင်လယ်အော်ထဲသို့ ဒုံးကျည်တွေ ပစ်လွှတ်ပြီး ဖြုန်းပစ်ရလေသည်။

နောက်သတင်းတစ်ခုကတော့ နည်းနည်း စိတ်ဝင်စားဖို့ကောင်းသည်။ အင်္ဂါဂြိုဟ်သို့ စေလွှတ်လိုက်သော အာကာသယာဉ်မှူး ကမ္ဘာမြေသို့ ဘေးမသီရန်မခဘဲ ပြန်ရောက်လာသော သတင်းပင်ဖြစ်၏။ ခရီးစဉ်မှာ အသွားအပြန် ခြောက်လ ကြာမြင့်ခဲ့သည်။ အာကာသယာဉ်မှူး၏ ကျန်းမာရေးအတွက် စိုးရိမ်ခဲ့ကြရသည်။ ရလဒ်အမှန်က ပြောင်းပြန်ဖြစ်နေသဖြင့် အားလုံး အံ့သြကြရသည်။ အာကာသယာဉ်မှူးကို စစ်ဆေးကြည့်သောအခါ သူ့ခန္ဓာကိုယ်မှ ဆဲလ်များသည် ခြောက်နှစ်စာလောက် ပြန်လည်နုပျိုသွားကြောင်း တွေ့ရှိရသောကြောင့်ပင် ဖြစ်လေသည်။

“အင်း.. အာကာသခရီးသွား ကုမ္ပဏီတွေကတော့ တော်တော် အလုပ်ဖြစ်ကြတော့မှာပဲ”

ဟု ရေရွတ်လိုက်၏။ သူကိုယ်တိုင်တော့ သွားနိုင်စွမ်းမရှိ။ အင်္ဂါဂြိုဟ် တစ်ခေါက်သွားဖို့က ဒေါ်လာငါးသန်းလောက် ကုန်တယ်မဟုတ်လား။

“ဖေဖေ.. ထမင်းစားပြီးပြီလား”

သားအလတ်ကောင် အပြင်က ပြန်လာပြီး နှုတ်ဆက်လိုက်ခြင်း ဖြစ်၏။

“မင်းအလုပ်က ပြန်လာတာ စောလှချည်လားကွ”

“ဟုတ်တယ်ဖေဖေ၊ ဒီည နိုက်ဂျူတီရှိလို့ စောစောပြန်နားတာပါ”

“နိုက်ဂျူတီရှိလည်း အလကားပါကွာ၊ ဘာအလုပ်မှ လုပ်စရာမှ မရှိတာ”

အလတ်ကောင်သည် အီးတပ်မှဗိုလ်ကြီး ဖြစ်၏။ အီးတပ်ဆိုသည်မှာ အရပ်အခေါ်အဝေါ် ဖြစ်၏။ အမှန်ကတော့ လွန်ခဲ့သော ငါးနှစ်ကမှ အသစ်ထပ်မံ ဖွဲ့စည်းခဲ့သော အီလက်ထရောနစ်တပ်ရင်းကို ဆိုလိုသည်။ ခုချိန်မှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မြေပြင်ရေပြင်စစ်ပွဲ ဆင်နွှဲတာမျိုး အလွန်ရှားသွားပြီ။ လေပြင်စစ်ပွဲသာ ရှိတော့သည်။ လေပြင်စစ်ပွဲ ဆိုရာမှာလည်း တိုက်လေယာဉ်များနှင့် တိုက်ကြသော စစ်ပွဲကို ဆိုလိုတာမဟုတ်။

တစ်နိုင်ငံ၏ ဆိုက်ဘာကွန်ယက်များကို ဝင်ရောက်မွှေနှောက်ခြင်း၊ အချက်အလက်များ ခိုးယူခြင်း၊ တိုက်ခိုက် ဖျက်ဆီးခြင်းများ ပြုလုပ်ကြသည်။ ဒါကို ကာကွယ်ဖို့နှင့် တန်ပြန်တိုက်ခိုက်ဖို့ ကွန်ပျူတာအိုင်တီ ကျွမ်းကျင်သော စစ်သည်များဖြင့် တပ်ရင်းတစ်ရင်း ဖွဲ့ထားရခြင်း ဖြစ်၏။ ဉာဏ်ရည်အထက်မြက်ဆုံး လူတွေကိုသာ ရွေးခန့်သည်။ သို့ရာတွင် အဘိုးကြီးကတော့ စစ်ဗိုလ်လုပ်နေပြီး စစ်လည်း မတိုက်ဖူးဘူး၊ သေနတ်လည်း မကိုင်ရဘူး ဆိုပြီး သိပ်အထင်မကြီးလှ။

“ဒီလိုရှိတယ် ဖေဖေရဲ့၊ ခု မြောက်ဘက်နယ်စပ်မှာ ဆိုက်ဘာလှိုင်းတွေ မငြိမ်မသက် ဖြစ်နေတယ်၊ ကျွန်တော်တို့ကို သွေးတိုးစမ်းတာလို့ ယူဆရတယ်၊ အဲဒီကိစ္စ တန်ပြန်ဖို့ ကျွန်တော်တို့ အလုပ်များနေတာ”

ဟု ပြောပြီး အတွင်းခန်းထဲ ဝင်သွားသည်။ အဘိုးကြီးက....

“ငါတို့နိုင်ငံကို ဘယ်သူ ရန်စဝံ့မှာမို့လို့လဲ၊ အလကား.. လခ ညာယူလို့ကောင်းအောင် ဆင်ခြေတွေ ပေးနေတာပါ”

ဟု ရေရွတ်ပြီး သတင်းစာကို ဆက်ဖတ်သည်။
သူအကြိုက်ဆုံးဖြစ်သော “ပြည်သူ့ဆန္ဒ ဖော်ထုတ်ကြ” ဆိုသော ကဏ္႑ဖြစ်သည်။ ပြည်သူ့ဆန္ဒ ဆိုသော်လည်း ဝန်ထမ်းတွေကသာ ရေးကြတာများသည်။ မိမိတို့ အနိုင်ကျင့်ခံရပုံတွေကို ရင်ဖွင့်ကြခြင်း ဖြစ်၏။ သူတို့ဌာနတွေမှာ လာရောက်ဆောင်ရွက်ကြသော ပြည်သူလူထုက ၎င်းတို့အပေါ် အမျိူးမျိုးရစ်ကြ၊ ပညာပြကြပုံတွေကို တင်ပြထားကြသည်။ တစ်ခုခု အဆင်မပြေလျှင် တိုင်ကြတောကြသေးသည်။ အထက်လူကြီးတွေကလည်း တိုင်သူဘက်က အမြဲမှန်သည်ဟု ယူဆထားကြဟန် တူသည်။ ကိုယ့်ဝန်ထမ်းကိုသာ ဖိကြိမ်းတတ်ကြသည်။ (လစာကို မက်လောက်အောင် ပေးထားသဖြင့် ဝန်ထမ်းဘဝမှလည်း ရုန်းမထွက်နိုင်ကြ)

နောက်တစ်ပုဒ်ကတော့ ဘတ်စ်ကားစပယ်ယာတစ်ဦး၏ ရင်ဖွင့်သံဖြစ်၏။

အယ်ဒီတာ ခင်ဗျား.... 

ကားစပယ်ယာတစ်ဦးရဲ့ ဒုက္ခကို မတတ်သာလွန်းလို့ ရင်ဖွင့် တိုင်တည်လိုက်ရပါတယ်။ ကျွန်တော်တို့ကို ခရီးသည်တွေက အမျိုးမျိုး အနိုင်ကျင့်ကြပါတယ်။ မှတ်တိုင်မရောက်သေးဘဲ ရပ်ခိုင်းပါတယ်။ လမ်းကနေ ဖြတ်ပြီး တားပါတယ်။ ရပ်မပေးရင် ပြဿနာရှာပါတယ်။ ထိုင်စရာခုံလွတ်တွေ အများကြီး ရှိရက်သားနဲ့ တမင်တကာ မတ်တပ်ရပ်စီးပါတယ်။ စစ်ဆေးရေးနဲ့တွေ့ရင် ကျွန်တော်တို့ပဲ အရေးယူခံရပါတယ်။
ခုနောက်ပိုင်း မိန်းကလေးတွေ တော်တော် အတင့်ရဲလာပါတယ်။ အုပ်စုဖွဲ့ပြီး သောင်းကျန်းကြပါတယ်။ ယာဉ်စီးခွင့်ကတ်ပြား ရှိရက်သားနဲ့ တမင်တကာ ကားခိုးစီးပါတယ်။ တောင်းပန်လို့လည်း မရပါ။ ဘတ်စ်ကားတွေက ခရီးသည် အတက်အဆင်းကို အလိုအလျောက် မှတ်တမ်းတင်ထားတာ ဆိုတော့ ဂိတ်သိမ်းရင် ရငွေနဲ့ ခရီးသည်အရေအတွက် မကိုက်တဲ့အခါ ကျွန်တော်တို့ကပဲ စိုက်လျော်ရပါတယ်။ ပြီးတော့ သူတို့ကပဲစပြီး ယောကျ်ားလေးတွေနားကို အတင်း တိုးကပ်ပြီးတော့မှ ဝီစီမှုတ်ပြီး သူတို့ကို နသားပါးယား လုပ်ပါတယ်၊ အော်လိုအော် လုပ်တတ်ပါတယ်။ ဒါကြောင့် တစ်ချို့ ယောကျ်ားလေးတွေက အမျိုးသားသီးသန့် ဘတ်စ်ကားဆွဲပေးဖို့ တောင်းဆိုကြတာတောင် ရှိပါတယ်။

ဒီအထဲမှာ အမြွှာညီအစ်မနှစ်ယောက်က အဆိုးဆုံးပါပဲ။ တစ်ခါက ကားရပ်ဖို့ ဘရိတ်နင်းလိုက်တဲ့အခါ သူတို့ထဲကတစ်ယောက် လဲကျမလိုဖြစ်ပြီး ယိုင်သွားလို့ ကျွန်တော်က လက်မောင်းကို ဖမ်းကိုင်ထိန်းပေးတာကို သူ့လက်ကို ဆွဲပါတယ်ဆိုပြီး တိုင်လို့ ကျွန်တော့်မှာ စပယ်ယာလိုက်ခွင့် တစ်ပတ် အပိတ်ခံထိပါတယ်။ ဒရိုင်ဘာခမျာလည်း အမောင်းကြမ်းတယ်၊ ဘရိတ်ကို ဆောင့်အုပ်တယ်ဆိုပြီး တိုင်လို့ ပြင်းထန်စွာ သတိပေးခံရပါတယ်။ တစ်ရက်မှာလည်း အဲဒီ အမြွှာညီအစ်မပဲ ကားပေါ်က ဆင်းခါနီးမှာ ကျွန်တော့်တင်ပါးကို ဆွဲဆိတ်သွားပါတယ်။ လက်သည်းရှည်ကြီးတွေနဲ့ ဆိုတော့ တင်ပါးပဲ့ပြီး သွေးတွေတောင် စို့လာပါတယ်။

ဒါကြောင့် ကျွန်တော်တို့ရဲ့ သနားစရာ ဘတ်စ်ကားစပယ်ယာ ဘဝကိုလည်း ငဲ့ညှာစာနာကြပါဦးလို့ အော်လိုက်ရပါတယ် ခင်ဗျား။

စပယ်ယာတစ်ဦး (၅၅၅)

သတင်းစာဖတ်ရင်း အဘိုးကြီး မျက်မှောင်ကုပ်သွားသည်။

“အကြီးမ၊ အငယ်မ”

ဟု ကုန်းအော်လိုက်၏။ “ဗျာ” ဆိုသော ထူးသံနှင့်အတူ အမြွှာညီအစ်မနှစ်ယောက် ရှေ့မှာလာရပ်သည်။

“ဒီမှာ နင်တို့နှစ်ယောက်အကြောင်း သတင်းစာထဲ ပါတယ်”

ဆိုပြီး သတင်းစာကို ထိုးပေးလိုက်သည်။ အမြွှာညီအစ်မက ပြိုင်တူဖတ်ကြည့်သည်။ ထို့နောက် အစ်မကြီးက..

“ဘာဆိုင်လို့လဲ ဖေဖေရာ၊ မြန်မာပြည်မှာ အမြွှာတွေ အများကြီးရှိတာပဲ၊ ဒါ သမီးတို့ ဟုတ်ချင်မှ ဟုတ်မှာပေါ့”

“ဘာ မဟုတ်ရမှာလဲ၊ ဒါမျိုး ပေါက်တတ်ကရ လုပ်တတ်တာ နင်တို့ပဲရှိတယ်၊ ပြီးတော့ စပယ်ယာက ငါးသုံးလုံးလို့ ရေးထားတယ်၊ ငါးသုံးလုံးကားလိုင်းက နင်တို့ စီးနေကျပဲ၊ ကျပ်ကျပ် သတိထားနော်၊ နင်တို့....”

အမြွှာညီအစ်မသည် လျှာတစ်လစ်ထုတ်၊ ဇက်ကလေးတွေ ပုပြီး ထွက်သွားကြသည်။ ကွယ်ရာရောက်မှာ “သတင်းစာထဲတောင် ပါတယ်ဆိုတော့ ငါတို့လုပ်တာ အောင်မြင်တာပေါ့” ဟု အချင်းချင်းပြောပြီး ရယ်ကြသည်။

အဘိုးကြီးသည် သတင်းစာကို ဆက်မဖတ်တော့ဘဲ စားပွဲပုလေးပေါ် ပစ်ချလိုက်သည်။ ထိုစဉ်မှာပင် သူ့အချစ်ဆုံး မြေးမလေး ပြေးဝင်လာပြီး ဖက်လိုက်သည်။ သူ့ပါးကို ရွှတ်ခနဲ နမ်းလိုက်ပြီး....

“ဘိုးဘိုးကြီး.. ဟန်းဆက်ဝယ်ပေး”

“ဟဲ့.. ဘယ်လို ဖြစ်လာပြန်တာတုန်း”

“မီးမီး နေကြာစေ့ ဝယ်စားတာ အထုပ်ထဲက တယ်လီဖုန်းဆင်းကတ် ကံစမ်းမဲပေါက်တယ် ဘိုးဘိုးရဲ့”

“ဟေ.. ဟိုတလောကပဲ ဟန်းဆက်တစ်လုံး ဝယ်ပေးပြီးပြီ မဟုတ်လား”

“အဲဒါက အောက်သွားြပ်ီ၊ အခု နောက်ဆုံးပေါ်တဲ့ ဟန်းဆက်တွေက ဖန်ရှင်တွေ ပိုစုံတယ်၊ ဂိမ်းအသစ်တွေလည်း ပေါ်တာနဲ့ အလိုအလျောက် ထည့်ပေးမယ်တဲ့၊ ဟော.. ပြောရင်းဆိုရင်း ဖုန်းသည်တောင်လာပြီ၊ ဝယ်ပေးပါနော် ဘိုးဘိုး”

တယ်လီဖုန်းရောင်းတဲ့ ကားကလည်း တိုက်ရှေ့မှာ အဆင်သင့်ရောက်နေပြီ။ သူတို့ရောင်းတဲ့ ဟန်းဆက်တွေဟာ လုပ်ဆောင်ချက်တွေ ဘယ်လောက်စုံလင်ကြောင်း၊ ပြောလည်းပြော၊ လက်တွေ့လည်း လုပ်ပြနေသည်။ သူတို့ဟန်းဆက်တွေ ဘယ်လောက်အကြမ်းခံကြောင်း သိစေရန် ရေထဲ စိမ်ပြထားသည်။ ပြီးတော့ ပလက်ဖောင်းပေါ်ကို ပစ်ချပြသည်။

အဘိုးကြီးသည် သူငယ်ငယ်တုန်းက တိုက်ခန်းရှေ့မှာ တိုက်ကြီးတံမြက်စည်။ လာရောင်းသူတွေကို သတိရမိ၏။ သူတို့ရဲ့ တံမြက်စည်းတွေ ခိုင်တဲ့အကြောင်း ကြော်ငြာတဲ့အနေနဲ့ ပလက်ဖောင်းပေါ် တဖုံးဖုံး ရိုက်ပြနေတာ မြင်ယောင်နေမိ၏။ ဘာပဲဖြစ်ဖြစ် မြေးမလေး အချွဲကောင်းမှုကြောင့် ဟန်းဆက်ဖိုး သောင်းနှစ်ထောင် ထွက်သွားလေသည်။

“တော်တော် စီးပွားရေးသောင်းကျန်းတဲ့ ကောင်တွေ”

ဟု ရေရွတ်နေစဉ် တိုက်တိုက်ဆိုင်ဆိုင် ဖုန်းခေါ်သံ မြည်လာ၏။ ဖုန်းဖွင့်ပြီး ထူးလိုက်တော့ တစ်ဖက်မှ..

“ကျွန်တော် တယ်လီဖုန်းကုမ္ပဏီက ဆက်တာပါ၊ တယ်လီဖုန်းလိုင်း ကောင်းရဲ့လားလို့ လှမ်းစစ်ဆေးတာပါ ခင်ဗျာ”

“မင်းတို့ကလည်း လွန်လွန်းတယ်၊ ဒါပဲ ခဏခဏ လှမ်းမေးနေတာပဲ”

အဘိုးကြီးက ဖုန်းကိစ္စ စိတ်တိုလက်စမို့ ခပ်ငေါက်ငေါက် ပြန်ပြောသော်လည်း တစ်ဖက်မှ စိတ်မဆိုးဘဲ..

“တာဝန်အရ ဆက်ရတာပါ ခင်ဗျာ၊ စိတ်မရှိပါနဲ့၊ ကျွန်တော်တို့ရဲ့ဖုန်းကို သုံးစွဲသူတိုင်း အဆင်ပြေအောင် ကြိုးစားနေပါတယ်၊ အခု ကျွန်တော်ပြောနေတာကိုရော ကြည်ကြည်လင်လင် ကြားပါရဲ့လားခင်ဗျာ”

“ကြားတယ်ကွ.. ကြားတယ်၊ လိုင်းကလည်း ကြည်လွန်းလို့ မင်းအသံကိုသာ မကဘူး၊ မင်းရဲ့ အာပုပ်စော်နံ့ကိုပါ ဒီမှာလာပြီး နံနေတယ်၊ ရှင်းပြီလား”

ဟု စိတ်ပေါက်ပေါက်နှင့် ပြောပြီး တယ်လီဖုန်းကို ဆောင့်ပိတ်ပစ်လိုက်၏။

* * *

(ရတနာခုနှစ်သွယ်နှင့် ပတ်သက်၍....

အဖေ ဒီစာမူကိုရေးတော့ ကင်ဆာရောဂါ စတင်ခံစားနေရပါပြီ။ လက်ရေးစာမူ စာမျက်နှာ ၆၀ ရေးပြီးတဲ့အချိန်မှာ အဖေ့ကင်ဆာကျိတ်က ခေါင်းကို ရောက်နေပြီ။ ညာဘက်တစ်ခြမ်းလုံး ကောင်းကောင်း မလှုပ်ရှားနိုင်တော့ဘူး။ စာကို လက်နဲ့ မရေးနိုင်တော့တဲ့အတွက် စာမျက်နှာ ၆၁ ကို လက်နှိပ်စက်နဲ့ ဆက်ရေးခဲ့ပါတယ်။
စာမျက်နှာ ၆၁ (သို့) လက်နှိပ်စက်စာမူ)

“အချိန်တွေ မှန်နိုင်ပါတော့မလား ဗမာပြည်မှာ နာရီတွေကများ” ဆိုသော ရှေးသီချင်းတစ်ပုဒ် ရှိခဲ့ဖူးသည်။ အခုတော့ မြန်မာပြည်မှာ ပါတီတွေကများဟု ဆိုရမလို ဖြစ်နေ၏။ ပါတီတွေ၊ အဖွဲ့အစည်းတွေ၊ သမဂ္ဂတွေ၊ ကွန်ယက်တွေက များပြားလွန်းလို့ မှတ်တောင် မမှတ်မိတော့။ အားလုံးပေါင်းလိုက်လျှင် ထောင်ဂဏန်းလောက် ရှိလိမ့်မည်ဟု ဆိုကြသည်။ တစ်ချို့ အဖွဲ့အစည်းတွေက လူကြီးချင်း သဘောထားကွဲလွဲလို့၊ လူကြီးနှင့်လူငယ် မသင့်မြတ်လို့၊ လူငယ်အချင်းချင်း အမြင်မတူလို့ စသည်ဖြင့် အဖွဲ့တွေ ကွဲကုန်သောကြောင့် ဖောင်းပွလာတာလည်း ပါသည်။

အဖွဲ့အစည်း ဖွဲ့ဖို့ကလည်း အလွန်လွယ်ကူသည်။ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး အပါအဝင် အဖွဲ့ဝင်ဆယ်ဦးရှိလျှင် ရပြီ။
လူစာရင်းနှင့် ဓာတ်ပုံများကို မြို့နယ်ရုံးကို ပို့လိုက်ရုံသာ။ တစ်ပတ်နေလျှင် လိုင်စင်ကျပြီ။ မြို့နယ်ရုံးကလည်း ပယ်ချတယ်လို့ လုံးဝမရှိ။ မှတ်ပုံတင်ကြေး တစ်နှစ်တစ်သောင်း မှန်မှန်ရဖို့သာ အရေးကြီးသည်။ ဒီတော့ များလေကြိုက်လေပဲ။

အဖွဲ့အစည်းတွေ ဘယ်လောက်များသလဲဆိုတော့ အောက်ပါအတိုင်း ဟာသလုပ်ပြီး ပြောကြရသည်။

“လူထူထူ ရှိတဲ့နေရာကျရင် ဥက္ကဋ္ဌကြီးလို့ လှမ်းခေါ်လိုက်၊ လူဆယ်ယောက်မှာ ကိုးယောက်က လှည့်ကြည့်လိမ့်မယ်တဲ့၊ ကျန်တစ်ယောက်က နာယက ဖြစ်နေလို့ပါ” တဲ့။

အသင်းအဖွဲ့တွေကလည်း မျိုးစုံသည်။ တောက်တဲ့ ကာကွယ်ရေးအသင်း၊ မြက်ပင်အခွင့်အရေး စောင့်ရှောက်မှုအဖွဲ့၊ ကင်ဆာအစည်းအရုံး၊ ကဗျာကယ်တင်ရေး သမဂ္ဂ၊ ယမကာတပ်ဦး စသည်ဖြင့်။

တိုင်းပြည်နှင့် လူမျိုးအတွက် တကယ် ကိုယ်ကျိုးစွန့် အနစ်နာခံ လုပ်နေသော အဖွဲ့အစည်းတွေလည်း ရှိသည်။ သို့ရာတွင် အနည်းစုသာဖြစ်ပြီး အခု နှစ်ဆယ်ကျော်ခန့်သာ ရှိသည်။ ကျန်တာတွေကတော့ ကိုယ့်ဦးတည်ချက်နဲ့ကိုယ် လုပ်ကြကိုင်ကြ၊ ကြံကြဖန်ကြ၊ စားကြသောက်ကြပေါ့။

(စာမျက်နှာ ၆၁ ပြီးတော့ အဖေ့လက်က လက်နှိပ်စက်တောင် ရိုက်နိုင်တဲ့ အခြေအနေ မဟုတ်တော့ဘူး။ ပရိသတ်အတွက် သူ့စာမူ ပြီးချင်လွန်းလို့ ခေါင်းကို ဓာတ်ကင်နေတဲ့ အချိန်အတွင်းမှာပဲ စာတွေကို ကက်ဆက်နဲ့ အသံသွင်းပေးခဲ့ပါတယ်။ ဒါပေမယ့် အဖေ့ခေါင်းက အကျိတ်ကြောင့် အဖေ့မှတ်ဉာဏ်က အဖေ့အနုပညာကို မလိုက်နိုင်တော့ဘူး။ အဖေ ရွတ်ပေးခဲ့တာတွေက ဟိုရောက်ဒီရောက်နဲ့။ အသံဖမ်းတဲ့ကက်ဆက် ချို့ယွင်းမှု ရှိနေတာရယ်၊ ပတ်ဝန်းကျင် ဆူညံသံတွေရယ် ပေါင်းလိုက်တော့ အသံတွေက ရောထွေးကုန်လို့ အသံအရည်အသွေး ကောင်းကောင်း မရခဲ့ဘူး။ အသံဖိုင်ကို လူလေးငါးယောက်က အကြိမ်ကြိမ် ဝိုင်းနားထောင်ပြီး အတတ်နိုင်ဆုံး လိုက်ရေးထားပါတယ်။
စာမျက်နှာ ၆၂ (သို့) အသံဖိုင်)

အစိုးရကလည်း လူလည်ကျသည်။ အဖွဲ့အစည်းတွေ ဘာလုပ်ချင်လဲ လုပ်၊ ဘာမှ မပြောဘူး။ အဖွဲ့အစည်းတွေက ဘာအဆိုတင်ချင်လဲ တင်၊ ဘာမှ မကန့်ကွက်ဘူး။ ဒီလိုနဲ့ အဖွဲ့အစည်းတွေ စည်းပျက်ကမ်းပျက် ဖြစ်ကုန်ပြီး တချို့ဆို ပေါတောတောတွေတောင် လုပ်ကုန်ကြသည်။ ဒီလိုနည်းနဲ့ အစိုးရကလည်း အသင်းအဖွဲ့တွေကို ယောင်ဝါးဝါးဖြစ်အောင် ပညာသားပါပါနဲ့ လုပ်ထားလိုက်၏။

အဖွဲ့အစည်းတွေမှာကလည်း အခွင့်အရေးတွေက ရ၊ အလှူရှင်တွေက ရ၊ နေရာကလေးကလည်း ရလာပြီဆိုတော့ ဖောက်ပြန်ချင်လာကြသည်။

နောက်ပြီး နေရာကောင်းလာပြီဆိုလျှင် ငွေရှင်ကြေးရှင်တို့က ငွေနှင့်ပေါက်ကာ ဝင်လာပြီး တကယ် အလုပ်လုပ်သူတွေက ဘေးရောက်သွားသည်။ ထို့နောက် စိတ်ပျက်ကာ အဖွဲ့က ထွက်သွားကြ၏။ အခွင့်အရေးအတွက် ဝင်လာသူများက ပြည်တွင်းပြည်ပက အထောက်အပံ့ကိုသာ အဓိကထားကြကာ အလုပ်ကိုတော့ အယောင်ပြ လုပ်တာလောက်ပဲရှိပြီး ရသမျှငွေကိုတော့ ကိုယ်ကျိုးအတွက် သုံးကြသည်။

တစ်ချို့ကျတော့လည်း အရပ်ထဲမှာ ဘာအလုပ်မှ မရှိ။ အိမ်ကလည်း သိပ်မကြည်။ အိမ်ကဆူလျှင် ဘိလိယက်ခုံ သို့မဟုတ် ဂိမ်းဆိုင်မှာသွားပြီး စတေးရှောင်နေလိုက်သည်။ အရွယ်ရောက်တော့လည်း စာကို စိတ်မဝင်စား။ အိမ်အတွက်လည်း ဝင်ငွေမရှာ။ ဒီလိုလူမျိူးတွေ အဖွဲ့အစည်းထဲ ရောက်လာတော့ အဖွဲ့အစည်းတွေကလည်း ပိုသဘောကျကြသည်။ အကြောင်းကတော့ အဲလို လူမျိုးတွေမှာ အလုပ်မရှိသဖြင့့် အချိန်ပြည့် အားနေတတ်သည်။ ဒီတော့ သူတို့ကို အချိန်ပြည့် အလုပ်လုပ်ပေးနိုင်သည်၊ အကူအညီ ပေးနိုင်သည် မဟုတ်လား။ ဒီလိုလူမျိုးတွေကို အတွင်းရေးမှူး ရာထူးလေး ပေးလိုက်တော့ ရပ်ကွက်ကလူတွေလည်း လေးစားရ၊ အိမ်က မိဘတွေလည်း သဘောကျကြရပေါ့။ မကျလို့လည်း မဖြစ်။ ကျုပ်တို့က တိုင်းပြည်အတွက် အလုပ်လုပ်နေတာဟု ကြွေးကြော်နေတာကိုး။

လယ်သမားတွေကိုလည်း အစိုးရက လယ်ဧက ၂၀ စီ ခံစားခွင့်ပြုထား၏။ တကယ်လို့ စပါးဈေးကျသွားလည်း ကိစ္စမရှိ။ အစိုးရက စိုက်ထုတ်ပေးသည်။ စိုက်သမျှ အရှုံးမရှိကြ။ အလုပ်သမားတွေလည်း လစာကို အပြည့်အဝ ရကြသည်။ ဘေးပယောဂ မဝင်အောင်လည်း အကာအကွယ် ပေးထားတော့ အဖွဲ့အစည်းတွေမှာလည်း လုပ်စရာ အလုပ်မရှိတော့ဘဲ အီးယောင်ဝါး ဖြစ်ကုန်ကြသည်။ ထိုအချိန်မှာ ဘယ်သူမှ ထင်မှတ်မထားသော ဆန္ဒုပြပွဲကြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

(စာမျက်နှာ ၆၂ က အဖေ့စာတွေကို ကြည့်ရင် ကင်ဆာကျိတ်က အဖေ့ဦးနှောက်ကို ဘယ်လောက်ထိခိုက်နေပြီဆိုတာ သိသာပါတယ်။ ဟိုရောက်ဒီရောက် စာတွေကို အခုလို ဖော်ပြနေရတာကလည်း အဖေ့ကြိုးစားမှု၊ အဖေ့အားထုတ်မှုကို ပရိသတ်ကြီးကို ချပြချင်လို့ပါ။ နေမကောင်းတဲ့ကြားက သူ့ပရိသတ်ကို စေတနာ မလျော့ခဲ့တဲ့ အဖေ့ကို နားလည်သောအားဖြင့် ရတနာခုနှစ်သွယ်ကို ပရိသတ်ကြီး ကြိုက်နှစ်သက်သလို ဇာတ်သိမ်းနိုင်ပါတယ်။ အဖေ့ စာပေါင်းများစွာ ဖတ်ရှုခဲ့တဲ့ ပရိသတ်ကြီး အနေနဲ့ အဖေ ဘယ်လိုဇာတ်သိမ်းချင်တယ် ဆိုတာ အဖေနဲ့ နှလုံးသားချင်း ထပ်တူကျ ခံစားနိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ယုယ)

--------------

မင်းလူ

Unknown at 5/07/2016 11:58:00 pm

အလင်းရောင် ဘလော့ဂ် (Shweahlynn Blogspot) ရဲ့ ပို့စ်နှစ်ခုကနေ ကူးယူပါတယ်။ ဆရာမယုယနဲ့ ဘလော့ဂါကို ကျေးဇူးတင်ပါတယ်။

Photo - Google.

စလေ ငနော့ 



Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်