ချစ်စရာကောင်းတဲ့ လူငယ်တွေ ၃ + ၄ 🖊 အောင်သင်း

ချစ်စရာကောင်းတဲ့ လူငယ်တွေ ၃
•••••••••••••••••••••••••••••••••••

အောင်သင်း

ငါလည်း စကားရှည်သွားလို့ ခုတစ်ပတ်မှ အဲဒီအံ့သြစရာ လူငယ် အကြောင်းကို ဆက်ရပြန်တော့တယ်။ လူငယ်ဆိုသော်လည်းပဲ သူ့အသက်က ၄ဝ ကျော်လောက်ပါပြီ။ သို့သော်လည်း ငါ့အဖို့မှာတော့ လူငယ်ပါပဲ။ တခြား လူငယ်တွေထက် အံ့သြဖို့ကောင်း တာတွေပြောပြချင်လို့ ဒီဆောင်းပါးကို ဆက်ရေးလိုက်တာပါ။ ကိုင်း- သူ့အကြောင်းကို မဖတ်ရသေးမီမှာ သူ့လိပ်စာ ကတ်ပြားလေး ကို ကြည့်လိုက် ကြဦးစို့။
 
ရွှေရောင်ပြောင်လက်နေတဲ့ သူ့ရဲ့လိပ်စာကတ်ပြားမှာ  ရေးထားတဲ့ ဂုဏ်ပုဒ်တွေက နိုင်ငံတော် အလံ သုံးရောင်ခြယ် ကြယ်တစ်ပွင့်နဲ့ အတူ ဦးမြတ်ဦး (BABY VITA)B.A (Geog), RL (Law), Dip in Food Tech.(ဥက္ကဋ္ဌ) ၊ မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းသူများအသင်း (ဗဟိုအမှု ဆောင်)၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်၊ ကာကွယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန (ကကပြန်)။

အဲဒီလို လိပ်စာကတ်မှာ ရေးထားတာတွေထောက်တော့ သူ့ရဲ့ ကြိုးပမ်းအောင်မြင်မှုကို မင်းတို့သိလောက်ပါပြီ။ ဒါပေမယ့် ကြေကွဲစရာလည်းကောင်း၊ ချီးကျူးဖွယ်ရာ၊ အားကျဖွယ်ရာ ကောင်းတာ ကတော့ သူ့ရဲ့ဘဝ  နိဒါန်းကို အနုတ်လက္ခဏာနဲ့ စပြီး ဖွင့်ခဲ့ရတဲ့ သူ့ဘဝပါပဲ။ သူကိုယ်တိုင်သာ မဟုတ်ဘဲ သူ့ဖခင် (ဖော်ကောင် ဦးဘညွန့်) ကိုယ်တိုင်ကလည်း သူ့ရဲ့ အရွယ်ကောင်းမှာ အညွန့်ကျိုးသွားပြီး အနုတ်လက္ခဏာနဲ့ ဘဝကို နိဒါန်းပျိုး ခဲ့ရတာပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းတို့ နိုင်ငံတော်အာဇာနည်ကြီးများ လုပ်ကြံ မှုကြီးမှာ ကိုဘညွန့်က ပါဝင်ပတ်သက် ခဲ့တယ်လေ။ နောက်တော့မှ သူက အစိုးရသက်သေဖြစ်လာလို့ ကြိုးမိန့် က လွတ်ခဲ့ရတာမဟုတ်လား။
ဒီဖြစ်ရပ်တွေအားလုံးကိုတော့ နိုင်ငံတော် လုပ်ကြံမှုကြီးအကြောင်း စာ အုပ်တွေမှာ အသေးစိတ် တွေ့နိုင်ပါ တယ်။ လူထုဦးလှရေး တဲ့ ”ထောင်နှင့် လူသား” စာအုပ်မှာလည်း ဖတ်နိုင်ပါ တယ်။ ရှာဖွေပြီး ဖတ်ကြပေတော့ကွယ်။

ကဲ- ထားလိုက်ပါတော့ကွယ်။ ငါပြောချင်တာက မောင်မြတ်ဦးရဲ့ဘဝကို ခဏ ထားလိုက်ဦး။ သူ့ဖခင် ဦး ဘညွန့်ကိုယ်တိုင်က ဘဝ တစ်ဆစ်ချိုးမှာ အနုတ်လက္ခ ဏာနဲ့ နိဒါန်းပျိုးခဲ့ရတယ် မဟုတ်လား။ အဲဒီနောက် တော့ အိမ်ထောင်တွေဘာ တွေကျပြီး သားကလေးတစ် ယောက် ရတယ်မဟုတ်လား။ အဲဒီသားကလေးက လည်း ကိုယ်အင်္ဂါ မသန်စွမ်းဘဲ ဖြစ်လာခဲ့ရတယ်။
သူတို့ဘဝကို ငါ တို့ လှမ်းပြီး မှန်းဆဆင်ခြင် ကြည့်ကြရအောင်။ သူတို့ ဘဝတိုက်ပွဲ၊ တစ်နည်းအား ဖြင့် ”ရဲသုံးဘော်တိုက်ပွဲ” အကြောင်းကို မှန်းဆကြည့် ကြစို့။ မင်းတို့ ငါတို့ သိ ကြတဲ့အတိုင်း သားဦးဆိုတာ ဟာ မိဘနှစ်ပါးရဲ့ မျှော်လင့်ချက်၊ ရည်မှန်းချက်၊ တောင့်တချက်တွေရဲ့ နိဒါန်းပဲ မဟုတ်လား။ ဒီတော့ မောင်မြတ်ဦးလို့ ခေါ်တွင်လာမယ့် သားဦးလေး မျက်နှာမြင်နေ စဉ်အခါမှာ ဖခင်ရော၊ မိခင် နှစ်ပါးစလုံးက မျှော်လင့်ချက်တွေ၊ တမ်းတချက်တွေ၊ မေတ္တာတွေတစ်ပုံကြီးနဲ့ စောင့်နေကြမှာပေါ့။ အဲဒီမှာ သိလိုက်ရ တာက မောင်မြတ်ဦးဟာ ကိုယ်လက်အင်္ဂါမစုံလင်သော၊ လက်နှစ်ဖက်အင်္ဂါ ချို့ယွင်း လာသော ကလေးငယ် တစ် ယောက် ဖြစ်လာခဲ့ရတယ်။ ဘဝကို အနုတ်လက္ခဏာနဲ့ နိဒါန်းပျိုးရတဲ့ သားကလေးတစ်ယောက် လောကထဲ ဝင်လာပြန်ပြီ။

ကိုင်း- စဉ်းစား ကြည့်စမ်း။ ဖခင်ဖြစ်သူ ဦး ဘညွန့်ကလည်း အနုတ် လက္ခဏာနိဒါန်း။ သားဖြစ် သူ မောင်မြတ်ဦးကလည်း အနုတ်လက္ခဏာနိဒါန်း။ မောင်မြတ်ဦးရဲ့အနုတ်လက္ခဏာက နှစ်ချက်ဖြစ်နေ တယ်။ တစ်ချက်က နိုင်ငံတော် လုပ်ကြံမှုမှာ ပါဝင် ပတ်သက်ခဲ့တဲ့ ဖော်ကောင် ဘညွန့်ရဲ့သားဖြစ်နေတယ်။ ဒုတိယအချက်က ကိုယ် ကိုယ်တိုင် ကိုယ်လက်မသန် စွမ်းတဲ့သူဖြစ်နေ တယ်။ အဲဒီ သိမ်ငယ်ခြင်းတွေကို ကျော်လွှားအားတင်းပြီး ဘဝကို ရင်ဆိုင်နိုင်တဲ့ သတ္တိမျိုး ရင် တွင်းမှာ ပေါက်ဖွားလာ အောင် ဦးဘညွန့်က မောင် မြတ်ဦးလေးရဲ့ နှလုံးသားထဲမှာ ဘယ်လို စိုက်ပျိုးပေးခဲ့သလဲဆိုတာ ငါဖြင့် တွေးလိုက်တိုင်း အံ့သြနေမိတော့တာပဲ။ အဲဒီ အင်္ဂါမစုံ၊ လူစဉ်မမီတဲ့ မောင်မြတ်ဦးလေးဟာ အင်္ဂါမစုံတဲ့ လူငယ်ဘဝမှာ အပေါင်းအသင်းတွေနဲ့ ပတ်ဝန်းကျင်ထဲကို ဘယ်လို ဖြတ်သန်းကျော်လွှားခဲ့သလဲ။ သူ့အဖေက ဘယ်လိုခွန်အားတွေ ပေးခဲ့သလဲ။ ဒါတွေကို မောင်မြတ်ဦးကိုယ်တိုင် ပြန်ပြီး စာတစ်အုပ်ဖြစ် အောင် ရေးနိုင်ရင် ကောင်း မှာပဲလို့ တောင့်တမိတာ အမှန်ပါပဲ။
အဲဒီပွဲမှာ မောင်မြတ်ဦးရဲ့ သမီးလေးလည်း ပါလာပါတယ်။ သူ့သမီးလေးကတော့ ဥပဓိရုပ်ကလည်း လှလှသန့်သန့်။ အရပ်အမောင်းလည်း ထောင်ထောင်မောင်းမောင်း။ မောင်မြတ်ဦးက သူ့သမီးနဲ့ မိတ်ဆက်ပေးပြန်တယ်။ သူ့သမီးနာမည်ကို လည်း ပြောပြပါ ရဲ့။ ဒါပေမယ့် ငါက မေ့သွားပြီ။ ရုပ်ရှင်၊ ဗီဒီယိုတွေမှာ သရုပ်ဆောင်လုပ်တယ်လို့လည်း ပြောလိုက်ပါသေး တယ်။ ဒါပေမယ့် ငါက ဗီဒီယိုတွေ၊ ရုပ်ရှင်တွေ မကြည့်တာ ကြာလှပြီ။ ဒါကြောင့် သူ့ကို မျက်မှန်းမတန်းမိ တော့ပါဘူး။ ဒီလိုနဲ့ပဲ အားလုံး ပြန်ခါနီးတော့ နှုတ်ဆက်ကြ တဲ့အခါမှာ မောင်မြတ်ဦးက ငါ့ကို နှုတ်ဆက်ဖို့ သူ့ညာလက်ကို ကမ်းလိုက်တယ်။ ငါက ငုံ့ကြည့်လိုက်တယ်။ လူစဉ်မမီတဲ့ သူ့လက်ကလေးကို ဆွဲလိုက်ရမှာ အားနာနေတယ်။ ငါကလည်း အမှတ်မထင်ဘဲ ”မင်းလက် ကို ဆွဲရမှာ အားနာနေတယ် ကွာ” လို့ နှုတ်က ထွက်သွားမိတယ်။ မောင်မြတ်ဦးက ”ဒီ လိုပဲ လက်ဆွဲနှုတ်ဆက်နေ ကြတာ ရိုးနေပါပြီ ဆရာ” လို့ သူက ပြောရှာပါတယ်။ ဒါနဲ့ ငါလည်း သူ့ကို လက် ဆွဲပြီး နှုတ်ဆက်လိုက်မိပါ သေးတယ်။
ပြီးတော့ သူ့သမီးလေးက ငါ့ဆီလာပြီး လက်ဆွဲနှုတ်ဆက် ပြန်တယ်။ တိုးတိုးလေး ပြောသေး တယ်။ ”ဘဘ၊ သမီး ဘဘဆီကို ခဏခဏလာပါရစေနော်” တဲ့။ ငါ ကလည်း သွက်သွက်ကြီး ခေါင်း ညိတ်ပြလိုက်ပါတယ်။
အဲဒါ ဘဝကို အနုတ် လက္ခဏာနဲ့ နိဒါန်းပျိုးလာခဲ့ပြီး အားကြီးလှတဲ့ ဘဝသတ္တိနဲ့ ပေါင်းလိုက်တော့မှ ဘဝအပေါင်းလက္ခဏာ ဖြစ်လာခဲ့ရသူတွေရဲ့အကြောင်း ပါပဲ။ ငါက ဒီဆောင်းပါးတွေကို အခုမှ ရေးဖြစ်တော့တာပါ။ ဒါပေမယ့် သူတို့နဲ့ တွေ့ပြီး တဲ့နောက် မောင်မြတ်ဦးတို့အကြောင်းကို ရင်ထဲမှာ ရေးနေခဲ့တာ အတော်ကြာနေခဲ့ပါပြီ။ ရေးလိုက်ရင် ကာယကံရှင်တွေကလည်း ကြိုက်မှ ကြိုက်ပါ့ မလားဆိုတာကို စဉ်းစားရသေးတာကိုး။ ဒါပေမယ့် နောက်တော့ မကြိုက်စရာ အကြောင်းမရှိပါဘူးလေ။ လူငယ်အချင်းချင်းအတွက် ဘဝသတ္တိ ဝေငှနိုင်တယ်မဟုတ်လားလို့ တွေးပြီး ဒီစာတွေကို ရေး လိုက်တာပါပဲ။

ကိုင်း- မောင်ရင်တို့၊ မင်းမှာ အားငယ်စရာ ဘာတွေရှိ သလဲ။ လောကမှာ ကိုယ်ကျင့်တရား၊ ကိုယ်ကျင့်စာရိတ္တ ချို့ယွင်းတာကလွဲရင် အားငယ်စရာ ဘာမှ မရှိဘူးလို့ ငါ ထင်မိတယ်။ အဲဒီ ကိုယ်ကျင့်စာရိတ္တကိုတော့ဖြင့် နိုင်အောင် ထိန်းနိုင်ဖို့ လိုတယ်။ ကိုယ်ကျင့်တရားလုံရင် ဘဝသတ္တိ ကို မွေးယူလို့ရပါတယ်။ မောင် မြတ်ဦးလို ကြီးမားတဲ့ အနုတ်လက္ခဏာမျိုးဆိုတာ ကြုံတောင့်ကြုံခဲပါ။ မောင်မြတ်ဦးလို အနုတ်လက္ခဏာ ပါလာတဲ့ လူငယ်တွေတောင်မှ ရင်ကော့၊ ခေါင်းမော့ပြီး ဘဝကို ရင်ဆိုင်သွားနိုင်ရင် လူတန်းသူတန်းစေ့ အင်္ဂါစုံတဲ့ လူငယ်တွေအဖို့ မိုးကိုတက်ပြီး ဒူးနဲ့ တိုက်ချင်ရင်တောင် တိုက်နိုင်တယ်ဆိုတဲ့ ဘဝ သတ္တိမျိုး မွေးနိုင်ဖို့ပဲ လိုတယ်လို့ ထင်မိတယ်။
ငါကတော့ ကိုယ်လက် ခြေအင်္ဂါ မရှိတာထက် သတ္တိမရှိ တာက ပိုပြီးဆုံးရှုံးတယ်လို့ ထင်မိတာပဲ။ စဉ်းစားကြည့်လေ။ သတ္တိ ဆုံးရှုံးရင် အားလုံးကို ဆုံးရံှုးသွားပြီ မဟုတ်လား။

အောင်သင်း

_______________________________

ချစ်စရာကောင်းတဲ့ လူငယ်တွေ ၄
••••••••••••••••••••••••••••••••••••

အောင်သင်း

ဒီဆောင်းပါးတွေကို ”ချစ်စရာကောင်းတဲ့ လူငယ်တွေ” လို့ အမည်ပေးထားတယ်။ ဒီဆောင်းပါးစုတွေကို ”မျိုးဆက်သစ် တိုးတက်ရစ်ဖို့” လို့ အမည်ပေးခဲ့တာ လည်း မင်းတို့အသိပါပဲ။ ဒီဆောင်းပါးတွေ စပြီးရေးစဉ်က ”မင်း၊ ငါ” စသည်အားဖြင့် ရည်ညွှန်းပြောဆို ပြီး ရေးလေ့ မရှိကြဘူးမဟုတ်လား။ ပရိသတ်နားထဲမှာ ရင့်သီးရိုင်းပျတဲ့ လေသံမျိုး ထွက်နေနိုင်တယ်။ ဒါကြောင့် မဝံ့မရဲ ဖြစ်ခဲ့ တယ်။ သို့သော်လည်း ငါက ကျောင်းဆရာတစ်ပိုင်းလည်း ဖြစ်နေတော့ အတန်းထဲမှာ အဲဒီလိုပဲ ”မင်း၊ ငါ” ကို ရင်းနှီး စွာသုံး ပြီး ပြောလေ့ရှိပါတယ်။ ဒါကြောင့် ကိုယ့်တပည့်သား ငယ်တွေကို ပြောဆိုဆက်ဆံသလို စာရေးတဲ့အခါမှာလည်း ရင်းနှီးတဲ့လေသံနဲ့ ပဲ ရေးသားလိုက်ပါတယ်။ ပထမအစမှာတော့ စာရေးဆရာ တစ်ယောက်နှစ်ယောက် မကျေနပ်သလို ဝေဖန်တဲ့လေသံ နဲ့ ရေး လိုက်ကြပါသေးတယ်။ သို့သော်လည်း လူငယ်ပိုင်းကတော့ ဘာမှမပြောကြပါဘူး။ နောက်ပိုင်းမှာတော့ လူငယ်တွေကိုယ်တိုင်က ”ကျွန်တော် တို့ နားထဲမှာ ကြားရတာ ပထမတော့ ရင့်သီးသလိုပဲ၊ နောက်တော့ ရင်းနှီးသလိုပဲ။ ဒါကြောင့် အဲဒီလိုရေးတာကို ပိုပြီးကြိုက်လာတယ်” လို့ ပြောတတ်ကြပါတယ်။

အရင်တစ်ပတ်က ပြောခဲ့တဲ့ မောင်မြတ်ဦးတို့ လာကန်တော့ကြအပြီး တစ်ရက်နှစ်ရက်အတွင်းမှာပဲ တယ်လီဖုန်း ဝင်လာပါ တယ်။ ဘယ်သူမှန်း မသိပါဘူး။ ဆရာကြီးကို လာတွေ့ပါရစေလို့ ခွင့်တောင်းတာပါ။ သူ ဆက်တဲ့နေ့မှာ တခြားတွေ့ဖို့လူတွေ ချိန်းထားတာကြောင့် နောက်တစ်နေ့မှာ လာတွေ့ဖို့ အချိန်ပေးလိုက်ပါတယ်။ နာမည်တော့ ပြောသပေါ့လေ၊ ဘယ်သူမှန်း ဘယ်ဝါမှန်းတော့ မသိပါဘူး။ သူကိုယ်တိုင်ကလည်း ဆရာကြီး ကျွန် တော့ကို မသိပါဘူး။ ကျွန်တော်ကသာ သိနေတာပါလို့ ပြောပါတယ်။ ဒီလို လူငယ်တွေလည်း မကြာခဏ ကြုံနေ ရတာမို့ မထူးဆန်းတော့ပါဘူး။

ဒါနဲ့ နောက်တစ်နေ့ ချိန်းတဲ့အချိန်မှာ စောင့် နေလိုက်ပါတယ်။ အိမ်ရှေ့ကို အဆင့်မြင့်ကားကြီးတစ်စီး ဆိုက်လာပါတယ်။ လူသုံးယောက် ဆင်းလာပါတယ်။ ငါက အိမ်ပေါ်က အောက်ထပ်ကို ဆင်းရတာ အလွန်ဝန် လေးပါတယ်။ အသက်ကြီးလာတော့ ပင်ပန်းတယ်ဆိုရမှာ ပေါ့ကွယ်။ သူတို့သုံးယောက် ဖိနပ်တွေ လှေကားထိပ်မှာ ချွတ်ပစ်ခဲ့ပြီး အိမ်အပေါ်ထပ် တက်လာကြပါတယ်။ တစ်ယောက်က အမှတ်မထင် နောက်ဖေးခန်းထဲကို ဝင်သွားပါ တယ်။ ဘာလုပ်ဖို့ရယ်လို့ ငါမသိလိုက်ပါဘူး။ နောက်မှ ကြည့် လိုက်တော့ မီးဖိုခန်းဘက်က ကြွေလင်ပန်းကလေး တစ်ခုကို ဝင်ယူတာပါ။ အဲဒီ ကြွေလင်ပန်းကလေးထဲမှာ စက္ကူထုပ် ကလေးနှစ်ခု ကို ထည့်ထားတယ်။ အဲဒီလင်ပန်းကလေးကို ငါ့ရှေ့မှာလာချပြီး သူတို့သုံးယောက်သား ကန်တော့ကြတော့တာပါပဲ။ ခေါင်းဆောင်ဖြစ် ဟန်တူတဲ့ လူငယ်က ”ကျွန်တော်တို့ဘဝကို အပြောင်းအလဲ ဖြစ် သွားစေတဲ့ ဆရာကြီးရဲ့ သြဝါဒစကားတွေ အတွက် ကန်တော့တာပါ ဆရာကြီး” လို့ ပြောရှာပါတယ်။

ငါလည်း အလိုက်သင့် ဆုတွေဘာတွေ ပေးလိုက်ပါတယ်။ ပြီးမှ 

”အေး- မင်းတို့ပြောတဲ့ သြ ဝါဒစကားဆိုတာ ဘယ်တုန်းက ဘယ်မှာ ဘယ်လိုပြောခဲ့တယ်ဆိုတာ ငါကတော့ ဘယ်မှာမှတ်မိပါ့မလဲ။ မင်းတို့က ပြန်ပြောမှ ငါ့သြ ဝါဒစကားကို မှတ်မိတော့ မှာပဲ”

ဒီတော့မှ သူတို့ထဲက ဦး ဆောင်ပြီး လာဟန်တူတဲ့ သူငယ် က ပြန်ပြီး လက်အုပ်လေးတချီချီနဲ့ ပြောရှာပါတယ်။

”လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကျော်က ဆရာကြီး ရန်ကုန်ဆေးရုံကြီး အလယ်ကွင်းပြင်မှာ ဟောပြောပွဲ လုပ်ခဲ့ဖူးပါတယ်။ ဒီအချိန်က ကျွန်တော်က ရှစ်တန်းကျောင်းသားလေးပေါ့ ဆရာရယ်၊ ရှစ်တန်း ကျောင်းသားဆိုသော်လည်း ရှစ်တန်းစာမေးပွဲ ကျထားတဲ့ ကျောင်းသားပါ။ စိတ်ကလေနေပြီး အိမ်က ထွက်ပြေးရမလိုလို၊ ဟိုဟာလုပ်ရမလိုလို၊ ဒီဟာလုပ်ရမလိုလို စိတ်ပျက်လက် ပျက်ဖြစ်နေတဲ့အချိန်ပေါ့။ ဆရာကြီး စကားထဲမှာ သတ္တိမွေး ယူရတဲ့အကြောင်း၊ ဘဝသတ္တိရှိဖို့ အကြောင်းတွေ၊ လောကကို ရင်ဆိုင်ဖို့အကြောင်းတွေ အတော်များများလေး ပါပါတယ်။ ကျွန်တော် အဲဒီ မှာတင် ”ငါ ဘာကြောင့် အခက်အခဲကို ရင်မဆိုင်ရဲရမှာလဲ” ဆိုတဲ့ စိတ်နဲ့ အိမ်ပြန်ရောက်ရောက်ချင်း စာတွေကို ပြန်ဖတ်တာပဲ။ အဲဒီနှစ်မှာ ကျွန်တော် ရှစ်တန်းစာမေးပွဲကို ချောချောမောမော အောင်သွားတယ်။ လူရောစိတ်ရော ပြောင်းသွားတယ်။ အဲဒီနောက်မှာ ကျွန်တော့် စရိုက်တွေ ပြောင်း သွား တယ်။ အခက်အခဲတွေ တွေ့တိုင်း ဆရာ ကြီးပြောတဲ့စကားထဲမှာပါတဲ့ သတ္တိ ဆုံးရှုံးသွားရင် အားလုံးဆုံးရှုံးသွား တာပဲဆိုတဲ့ စကားလုံးကို နားထဲမှာ ကြားယောင်ပြီး အခက်အခဲဟူသ မျှကို ဝံ့ဝံ့စားစား ရင်ဆိုင်ဖြိုပစ််ခဲ့ တာပါပဲ။ အဲဒီလိုနဲ့ ကျွန်တော် ရှစ်တန်း သာမက ဆယ်တန်းကိုလည်း ဂုဏ်ထူးတွေနဲ့ အလွယ်တကူ အောင်ခဲ့ပါတယ်။ ကျွန်တော်လေ ဆရာကြီးရဲ့ သြဝါဒ စကားကြောင့် ကျွန်တော့်ဘဝ ဒီလို ဒီလို အောင် မြင်မှုတွေ ရခဲ့ပါတယ်လို့ ဆရာ ကြိးဆီကို ပြေးလာပြီး ဝမ်းသာအားရ ပြောပြချင်လိုက်တာ အူကို ရွနေတာပဲ။ ဆရာကြီး ဝမ်းသာစေချင်လွန်းလို့ပါ။ ဒါပေမယ့် ဒီလောက်နဲ့ဖြင့် မကြွားလာက်သေးဘူးလို့ မနည်းကြီး အောင့် ထားလိုက်ရပါ တယ်”

”ဒါဖြင့် မင်း အခုတော့ ဘွဲ့ရပြီပေါ့”

”ဘွဲ့ရတာမှ ပြည်တွင်း ဘွဲ့သာမက ပြည်ပကပေးတဲ့ ဘွဲ့ သုံးခုတောင် ရလိုက်ပါသေးတယ်”

”ဟေ- ဟုတ်လား”

”ဟုတ်ပါတယ် ဆရာ ကြီး၊ ဆရာကြီးကို ကြွားချင်နေတာ ခုမှ အားရပါးရ ကြွားခွင့်ရတော့တာပါပဲ”

”မင်း အခုတော့ ဘာ လုပ်နေသလဲ”

”အခုတော့ နိုင်ငံခြား ကုမ္ပဏီကြီးတစ်ခုက မြန်မာပြည်မှာ ကုမ္ပဏီကြီးတစ်ခု အစပျိုးစိုက် ထူပါတယ်။ အဲဒီကုမ္ပဏီမှာ ကျွန်တော်က ဒါရိုက်တာပါ ဆရာကြီး၊ အဲဒီမှာပဲ ပြောလိုက်ရပါဦးမယ်။ သူတို့နိုင်ငံခြားကုမ္ပဏီတွေက ကုမ္ပဏီ ထူထောင်တဲ့ တိုင်းပြည်မှာ သက်ဆိုင်ရာ တိုင်းရင်းသားတွေကို ဒါရိုက်တာ ခန့်လေ့မရှိပါဘူး။ တခြား တိုင်းပြည်က လူမျိုးတွေကို သာ ဒါရိုက်တာခန့်ထားလေ့ ရှိပါတယ်။ ကျွန်တော့်ကိုတော့ အရည် အချင်းကိုရော စာရိတ္တကိုပါ ယုံ ကြည်တာကြောင့် ကျွန်တော့်ကို ဒါ ရိုက်တာ ခန့်တာပါ”

”အေးကွယ် ငါလည်း ဝမ်းသာလွန်းလို့ မင်းကို ဘာပြော ရမှန်းတောင် မသိတော့ဘူး။ ငါ ပြောလိုက်တဲ့ စကားတစ်ခွန်း ကြောင့် ကလေးသာသာ လူငယ် လေးတစ်ယောက်ရဲ့ ဘဝလမ်း ကြောင်း တိုးတက်ပြောင်းလဲသွား တယ်ဆိုတာ ကြားရတော့ ငါ့ရဲ့ ဝမ်းသာမှုဟာလည်း မင်းထက် မနည်းပါဘူး။ မင်းနဲ့ ထပ်တူထပ်မျှ ဝမ်းသာမိတယ်လို့ ပြောပါရစေ တော့”

ဒီလိုနဲ့ပဲ ကန်တော့ပြီး ပြန်သွားကြတယ်။ သူတို့ ပြန်သွား တော့မှ သူတို့ရဲ့ ကန်တော့တဲ့ အထုပ်တွေကို ဖြည်ကြည့်လိုက် တယ်။ ကန်တော့ငွေကြေးပမာဏက သိန်းဂဏန်းပါပဲ။ သိန်းဂဏန်းမှ ခပ်သေးသေးသိန်းဂဏန်း မဟုတ်ပါဘူး။ ဒီလိုပါပဲ ငါ့အဖို့မှာတော့ ထောင်ဂဏန်းမျှ ဖြစ်စေ၊ သောင်းဂဏန်းမျှဖြစ်စေ သိန်းဂ ဏန်း ကြီးကြီးပဲဖြစ်စေ အနုမောဒနာပြုရခြင်း၊ ပီတိဖြစ်ရခြင်းမှာ အတူတူချည်းပါပဲ။ ဒီတော့ ငါ့အဖို့ လူငယ်တွေဟာ ချစ်စရာကောင်း တာတွေချည်းပါပဲ။

တချို့လူငယ်တွေဆိုရင် ငါပြောတာကို တိုက်ရိုက်ကြားနာ ရတာတောင် မဟုတ်ပါဘူး။ အသံ သွင်းမှတ်တမ်းထဲက ကြားရတဲ့ စကားတွေကြောင့် ဘဝပြောင်းလဲ သွားပါတယ်လို့ ကျေးဇူးတင်လွန်း လို့ ”ဆရာကြီး ဦးအောင်သင်းကို မြင်ဖူးတွေ့ဖူးအောင် ကိုယ်တိုင် သွားပြီး ကန်တော့မယ်” ဆိုတဲ့ စိတ်နဲ့ ငါ့ဆီကို ရောက်လာတဲ့သူ တွေလည်း မကြာခဏ ကြုံရပါတယ်။

ကိုင်း- ဒီတော့ ငါ့တို့ဗမာလူငယ်တွေဟာ ချစ်စရာမကောင်းပေဘူးလား။ ငါကတော့ဖြင့် အခုလိုအိုမင်းမစွမ်းဖြစ်လာ ချိန်ရောက်တော့ မှ ငါတို့လူငယ် တွေကို ပိုပြီးချစ်တဲ့အပြင် ပိုပြီးအားကိုးစိတ် ပေါ်လာမိတာ အမှန်ပါပဲ။

အောင်သင်း

Copied from Sayaraungthin Wordpress. Thanks to the site.

စလေ ငနော့


Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်