ချစ်စရာကောင်းတဲ့ လူငယ်တွေ ၁ + ၂ 🖊 အောင်သင်း

ချစ်စရာကောင်းတဲ့ လူငယ်တွေ
•••••••••••••••••••••••••••••••••••

အောင်သင်း

‘မျိုးဆက်သစ်တိုးတက်ရစ်ဖို့’ ဆိုတဲ့ကဏ္႑ကို ‘ဈေးကွက်ဂျာနယ်’ မှာ ပုံမှန်ရေးနေခဲ့တာ အတော်ကြာ ခဲ့ပါပြီ။ လူငယ်တွေ သတိပြုမှတ် သားဖွယ်ရာ၊ တွေးတောဆင်ခြင် ဖွယ်ရာတွေကို ရှုထောင့်အမျိုးမျိုးက ရေးခဲ့ပါတယ်။ အဲဒီအပြင် ပိဋကတ်မိတ်ဆက်၊ ဂနၴဝင်မိတ်ဆက် စာပေကြီးပေကြီးတွေကိုလည်း အ ခွင့်သင့်တိုင်းရေးခဲ့ပါတယ်။ အဲဒီ စာတွေကိုရေးစဉ်အခါက လူငယ် တွေရဲ့ တုံ့ပြန်မှုကို များများစားစား မမျှော်လင့်ခဲ့ပါဘူး။ နောက်တော့ တွေ့လာရတာက လူငယ်တွေဟာ သူတို့အပေါ် အကျိုးပြုတယ်ထင်မိရင် သိသိသာသာကြီး တုံ့ပြန် တတ်ကြတာကို အ့ံအားသင့်စွာ တွေ့လာရတယ်။

ဒီတော့ကို ငါတို့လူငယ်တွေဟာ ကောင်းချင်ကြတယ်။ မြင့်မြတ်ချင်ကြတယ်။ ကျေးဇူးတရားကို ခင်ခင်မက်မက် တုံ့ပြန်ချင်ကြတယ်။ သူတော်ကောင်းစိတ် တဖွားဖွား အရင်းခံအားဖြင့် ရှိနေကြတယ်ဆိုတာ အလွန်သိသာပါတယ်။

ငါက လူငယ်တွေနဲ့ ပတ်သက်ပြီး ဆင်ခြင်စရာတွေ ကျင့်သုံးစရာတွေကို ရေးလေ့ရှိတယ် မဟုတ်လား။ အဲဒီလို ဆုံးမသံတွေ တဝေဝေနဲ့ ​ရေးတဲ့စာတွေကို ခင်ခင်မက်မက်  အမြတ်တနိုးဖတ်ကြတယ်။ ဆရာကြီးလုပ်တယ်လို့ တစ်စက်မှ မထင်တဲ့အပြင် သူတို့ ဘကြီး၊ ဘထွေး၊ ဦးကြီး၊ ဦးလေးလိုခင်မင်ပြီး ကျေးဇူးတင်ကြတယ်။ စားစရာလေးတွေ၊ တိုလီမိုလီအသုံးအဆောင်လေးတွေကို အိမ်တိုင်ရာရောက် လာပြီး ကန်တော့လက်ဆောင်ပေးတတ်ကြတယ်။ ရန်ကုန်မြို့ပေါ်ကတင်မက နယ်ကျေးလက်တွေကတောင်မှ ရန်ကုန်ကို ရောက်လာရင် တယ်လီဖုန်းဆက်၊ လိပ်စာကို မေး၊ ဘတ်စ်ကားကြောကိုပါမေးပြီး တကူးတက ငါ့ဆီရောက်လာတတ်ကြတယ်။

သူတို့ခမျာ အလုပ်ကိစ္စနဲ့ ရန်ကုန်ကို ​ရောက်လာကြတာဆိုတော့ ကြာရှည်လည်း စကားမပြောနိုင် အားပါဘူး။ ဘယ်စာအုပ်၊ ဘယ်ဆောင်းပါးထဲက ဘယ်သင်ခန်းစာကို တွေ့လိုက်လို့ သူတို့ဘဝ အသိ အမြင် ပြောင်းလဲသွားကြောင်း စသည် အားဖြင့် ဝေဝေဆာဆာကြီး ပြောတတ်ကြတာပဲ။ တချို့လည်း လူငယ်မဟုတ်တော့ဘူး။ လူကြီး၊ လူလတ်ပိုင်းတွေ ဖြစ်နေကြပြီ။ သူတို့ကတော့ သူတို့ရဲ့ သားသမီး၊ တူ၊ တူမ စတာတွေကို ငါ့စာအုပ်တွေ အဖတ်ခိုင်းရကြောင်း၊ အဲဒီလို ဖတ်ကြတဲ့အတွက် သူတို့ တစ်တွေမှာ လိမ္မာရေးခြားဖွံ့ဖြိုးလာတဲ့အတွက် ​ကျေးဇူးတင်ကြောင်း စသည်အားဖြင့် ပြောတတ်ကြတယ်။ ကျေးဇူးစကားကို လေးလေးပင်ပင် ပြောတတ်ကြတယ်။ သူတို့ရဲ့ ကန်တော့လက်ဆောင်ဖြစ်တဲ့ မုန့်ပဲသွားရေစာတွေထက် သူတို့ကျေးဇူးစကားက ငါ့နားထဲမှာ ပိုပြီး ချိုမြိန်နေမယ်ဆိုတာကို မင်းတို့ မှန်းနိုင် လောက်ပါတယ်။

ဒီလိုဖြစ်ရပ်တွေကို မကြာခဏဆိုသလို ကြုံတွေ့ နေရတော့ ငါ့အဖို့မှာ ရိုးနေပြီလို့ ထင်စရာ အကြောင်းရှိတယ်။ မရိုးနိုင်ဘူး ကွယ်တို့ရေ။ ငါ့မှာဖြင့် တစ်မျိုးပြီး တစ်မျိုး တစ်ခန်းပြီးတစ်ခန်း သစ်ဆန်းလို့သာ နေတော့တာပါပဲ။ ဇာတ်လမ်းလေးတွေကလည်း တစ်မျိုးပြီးတစ်မျိုး သူတို့အတွေ့အကြုံလေးတွေကို ဆန်းဆန်းပြားပြား ကြားနေရတယ် မဟုတ်လား။ ဒီတော့ နားထောင်လို့ မငြီးနိုင်ဘူးပေါ့။

လွန်ခဲ့တဲ့ တစ်လလောက်က ပုသိမ်က လူငယ်သုံးယောက်လောက် နဲ့ ရန်ကုန်လူငယ်သုံးလေးယောက် ပေါင်းပြီး ငါ့ဆီကို လာချင်ကြောင်း၊ ကန်တော့ချင်ကြောင်း တယ်လီဖုန်း ဆက်ပြီး ခွင့်တောင်းတယ်။ ငါက နောက်တစ်နေ့ အချိန်ပေးပြီး ချိန်းလိုက်တယ်။ ချိန်းတဲ့အချိန်မှာပဲ သူတို့တစ်သိုက်ကြီး ရောက်လာကြ တယ်။ ခပ်ရွယ်ရွယ် သနားကမား မိန်းမပျိုလေး တစ်ယောက်လည်း ပါလာတယ်။ အမျိုးသားတွေကတော့ အသက် (၄ဝ) ကျော်တစ်ဝိုက်လောက်ပါပဲ။ အားလုံးက ကျောင်းနေဖက်သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။ သူတို့တွေက ငါ့စာအုပ်တွေကို ဘယ်စာအုပ်က ဘယ်လို ကောင်းကြောင်း ဘယ်စကားလုံးကို မမေ့နိုင်ကြောင်း အလွတ်နီးပါး ရွတ်ပြကြတယ်။ ငါ့အဖို့မှာ ကိုယ်ရေးတဲ့စာကို စာဖတ်သူ တစ်ယောက်က နှစ်နှစ်သက်သက် ရင်းရင်းနှီးနှီး ရွတ်ပြသံကို ကြားရတာ ဘယ်လောက် နားဝင်ချိုတယ်ဆိုတာ စဉ်စားသာကြည့်ကြပါတော့။

သူတို့အားလုံးဟာ စီးပွားရေး ဘက်မှာလည်း အောင်မြင်မှုကိုယ်စီ ထိုက်သင့်သလောက် ရှိနေကြပြီ ဖြစ်ဟန်တူပါတယ်။ ငါ့ကို တခြား လက်ဆောင်တွေအပြင် ငွေကြေး လက်ဆောင်ပါ ကန်တော့သွားကြပါတယ်။ အမှန်ပြောရရင် ဒီဘက်ပိုင်းမှာ ငါက စာအုပ်ကို တွင်တွင်ကျယ်ကျယ် မရေးနိုင်တော့ဘူး။ နည်းနည်းပါးပါးရေးပြီး အဟောင်းတွေ ပြန်ထုတ်တာလေးနဲ့ ထိုင်စားနေတာ။ ဒီတော့ ဒီလိုကန်တော့ချင်ရတာကိုလည်း ဝမ်းသာမိတာ အမှန်ပဲ။ သို့သော်လည်း တကူးတကကြီး လာပြီး ငါ့စာတွေရဲ့ ဂုဏ်ကျေးဇူးအတွက် ကန်တော့လိုက်တဲ့ ငွေကြေးကိုတော့ ပိုလို့အရသာတွေ့မိတာကို အထူးပြောစရာမလိုတော့ဘူးပေါ့။

ထွေရာလေးပါး ပြောကြရင်း ဗန္ဓုလရဲ့သား ’မောင်ကျန်ကြီး’ ရဲ့ အကြောင်းကို စကားစပ်မိသွားတယ်။ ငါက မောင်ကျန်ကြီးရဲ့အပေါ် ငါ့အတွေးအမြင် ပြောင်းသွားတဲ့အကြောင်း ပြောပြလိုက်တော့ မောင်ကျန်ကြီးရဲ့ ဓာတ်ပုံပါတဲ့စာအုပ် သူ့မှာရှိတဲ့ အကြောင်း တစ်ယောက်က ပြောပြတယ်။ ငါ ဝမ်းသာအားရ အဲဒီစာအုပ် ခဏလိုချင်တယ်ကွာလို့ ပြောလိုက်တော့ တစ်ရက်နှစ်ရက် အတွင်းမှာပဲ ငါ့ကို ‘တင်နိုင်တိုး’ ရေးတဲ့ ‘သမိုင်းတစ်ကွေ့ မှတ်တမ်းများ’ ဆိုတဲ့ စာအုပ်ကို လာပေးရှာတယ်။

ကဲ – ထားလိုက်ဦးတော့၊ အားလုံး ပြန်ကြတော့မယ်လို့ နှုတ်ဆက်ကြတော့ အဲဒီထဲက တပည့်တစ်ယောက်က ”ဆရာ၊ ကျွန်တော်က ‘ဖော်ကောင်ဘညွန့်’ ရဲ့သားပါ” လို့ ပြောလိုက်တော့ ငါ့မှာ ရုတ်တရက် မှင်တက်မိသွားလိုက်သလို သူ့ကို ငေးကြည့်နေမိတယ်။ ”ဖော်ကောင် ဘညွန့်” ဆိုတာ မင်းတို့သိချင်မှ သိတော့မယ်။ ကြားဖူးချင်မှ ကြားဖူးတော့မယ်။ ၁၉၄၇ လောက်က မသိတဲ့လူ မရှိအောင် နာမည်ကြီးခဲ့တာပါ။ ဗိုလ်ချုပ်အောင်ဆန်းတို့ကို လုပ်ကြံဖို့ ဦးစောက လွှတ်လိုက်တဲ့လက်မရွံ့ လူသတ်သမားတွေနဲ့ အတူပါသွားခဲ့တဲ့ ကိုဘညွန့်ပေါ့။ နောင်အခါမှာ သူက နောင်တကြီးစွာ ရပြီး ဖော်ကောင်လို့ခေါ်တဲ့ ဖြစ်သမျှအကြောင်း အလုံးစုံကို အစိုးရ သက်သေအဖြစ် ထုတ်ဖော် ဖြောင့်ချက်ပေးတဲ့အတွက် ဦးစောကို ကြိုးစင်တင်နိုင်ခဲ့တယ်။ ကိုဘညွန့်ကိုလည်း အစိုးရသက်သေအဖြစ် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်။ ဒါပေမယ့် ‘ဖော်ကောင်ဘညွန့်’ လို့ တော့ အမည်တွင်သွားတယ်။ ဒီအကြောင်းတွေကို နိုင်ငံတော်လုပ်ကြံမှုကြီးစာအုပ်တွေ ဖတ်လိုက်ရင် အားလုံးသိမှာပါပဲ။
နောက်တစ်ပတ်ဆက်ပါဦး မယ်။

အောင်သင်း

___________________________

ချစ်စရာကောင်းတဲ့ လူငယ်တွေ -၂
•••••••••••••••••••••••••••••••••••

အောင်သင်း

အရင်တစ်ပတ်က ဖော်ကောင်ဘညွန့်လို့ အမည်တွင်ခဲ့တဲ့ ဦးဘညွန့်အကြောင်းကို မိတ်ဆက်ပေးခဲ့တယ်။ အခုတော့ သူ့သားအကြောင်းကို ပြောရပြန်တော့မယ်။ ငါ့စာထဲမှာ အတုယူအားကျလောက်တဲ့ ဂုဏ်အင်္ဂါရပ်မရှိ ရင် အဲဒီလူငယ်အကြောင်းကို စာထဲထည့်ပြီး ရေးလေ့မရှိဘူးဆိုတာ မင်းတို့အားလုံး သိကြပါတယ်။ အခုလည်းပဲ ထူးခြားချက်ရှိနေတာကြောင့် ငါ့စာထဲမှာ ထည့်ပြီးရေးလိုက်ရတာပါ။

ဖြစ်ပုံက ဒီလိုပါ၊ အားလုံးလူငယ်တွေ ပြန်ခါနီးမှာ နှုတ်ဆက်ကြတော့ အသီးသီးက နှုတ်ဆက်ကြတယ်။ ဘယ်ဝါပါ ဘာအလုပ်အကိုင် လုပ်ပါတယ် စသည်အားဖြင့် ပြောဆိုပြီး နှုတ်ဆက်ကြတယ်။ ဒီနာမည်တွေ အကုန်လုံးကို ငါက ဘယ်မှတ်မိနိုင်ပါ့မလဲ။ ”သြော်-အေး အေး” စသည်အားဖြင့်ပဲ တုံ့ပြန်ရတာပေါ့။ အဲဒီမှာ လူငယ်တစ်ယောက်က (ငါဒီကလေးတွေကို လူငယ်တွေလို့ ပြောနေရသော်လည်း သူတို့တစ်တွေက အသက် ၄ဝ ကျော်နေကြပြီမို့ လူလတ်ပိုင်းတွေလို့ ဆိုရမှာပါ။) အဲဒီလို နှုတ်ဆက် ကြတော့ တစ်ယောက်သော လူငယ်က ”ကျွန်တော်က ဖော်ကောင်ဘညွန့်ရဲ့ သားပါဆရာ” လို့ သူကိုယ်သူ ဖော်ပြီး မိတ်ဆက်လိုက်တာများ ငါလည်း ”ဟေ” လို့ ဆိုပြီး ကြက်သေသေသွားမိတယ်။ ငါတို့ လူငယ်ဘဝက ဖော်ကောင်ဘညွန့်ဆိုတာ မကြားဖူးတဲ့သူ မရှိဘူး။ အပေါင်းအသင်းအချင်းချင်းမှာ တစ်စုံတစ်ယောက်က နှုတ်မလုံလို့ လျှို့ဝှက်ချက်တစ်ခုခု ပေါ်ပေါက်သွားရင် အဲဒီနှုတ်မလုံသူကို ”ဖော်ကောင်ဘညွန့်” လို့ နာမည်ပေး လိုက်ကြတယ်။ အဲဒီလောက်ထိအောင် ”ဖော်ကောင်ဘညွန့်” ဟာ နာမည်ကြီးခဲ့ပါတယ်။ ဒါကြောင့် အံ့အားသင့် ကြက်သေသေသွားတာပါ။ အဲဒါဟာ အ့ံသြရခြင်းရဲ့ အဆုံးမဟုတ်သေးဘူး။  နောက်ဆက်ပြီး ကြုံလာတာကမှ တကယ် အံ့သြစရာအထွတ်ကို ရောက်သွားပြန်တယ်။ ငါပြောချင်တဲ့ ဒီလူငယ်ရဲ့ဂုဏ်ပုဒ် ဆိုပါတော့ကွယ်။ အဲဒီလူငယ်က သူ့လက်နှစ်ဖက်ကို ငါ့မျက်နှာ ရှေ့မှာထုတ်ပြလိုက်ပါတယ်။ သူ့ပါးစပ်ကလည်း ”ကျွန်တော် က ကိုယ်လက်အင်္ဂါ မသန်စွမ်းသူပါ” လို့ ပြောလိုက်ပါ တယ်။ အဲဒီကိုယ်အင်္ဂါ မသန်စွမ်းတဲ့ဂုဏ်သည်ပင်လျှင် သူ့ရဲ့ထူးခြားတဲ့ ဂုဏ်တစ်ရပ် ဖြစ်လာပါတော့တယ်။ သူ့လက်နှစ်ဖက်က ပုံမှန် လက်နှစ်ဖက်လို မဟုတ်ဘဲ လက်တံနည်းနည်းတိုနေတယ်လို့ ထင်ရတယ်။ လက်နှစ်ဖက်မှာရှိတဲ့ လက်ချောင်းတွေကလည်း ငါတို့ လူကောင်းတွေရဲ့ လက်ချောင်းတွေလောက် မရှည်ဘဲ ချင်းတက် ထွက်သလို ခပ်တိုတိုလေးပဲ ရှိတယ်။ အဲဒါလည်း လက်ချောင်းတိုလေး နှစ်ချောင်းစီလောက်ပဲပါတယ်။ သာမန်မိန်းကလေးငယ်တစ်ယောက်သာ တွေ့ရင် ”ဟယ်-အူယားစရာ” လို့ စိတ်ထဲမှာ မြည်တမ်းလိုက်မိမှာပဲ။

”ကျွန်တော် ဒီလက်နှစ်ချောင်းနဲ့ပဲ ဘွဲ့သုံးခု ယူခဲ့ပြီးပါပြီ ဆရာ”

”ဒါထက် မင်း စာရေးတော့ ဘယ်လိုရေးသလဲ”
”ညာဘက်လက်က လက်ကလေးနှစ်ချောင်းနဲ့ ဖောင် တိန်ကို ညှပ်ထားပြီး ဘယ်ဘက်က ထိန်းပေးသွားရတယ်။ လက်နှစ်ဖက်နဲ့ ဖောင်တိန်ကို ညှပ်သွားရတယ်ဆိုပါတော့ ဆရာရယ်”

ငါ့မှာလေ ဒီသူငယ်ကို မြင်လိုက်ပြီးတဲ့နောက် နောက်ကွယ်က မမြင်ရတဲ့ ဂုဏ်ကျက်သရေ တစ်လှေချည်းကို လှမ်းပြီးမြင်လိုက်မိ တယ်။ ဖော်ကောင်ဘညွန့် ဆိုတာတွေ၊ ဘေဘီဗိုက်တာ ဆိုတာတွေ၊ သားဖြစ်သူက ကိုယ်လက်အင်္ဂါ မသန်မစွမ်း ချို့တဲ့စွာနဲ့ မွေးဖွားလာခဲ့တာတွေ အဲဒီလို ဖြစ်လာရတဲ့ အခြေအနေတွေကြားထဲမှာ မသန်မစွမ်းတဲ့သားကလေးကို သန်စွမ်းတဲ့ သားကြီးဖြစ်အောင် ယုယ ပျိုးထောင် လူ့ဘောင်ထဲမှာ မွေးမြူ ခဲ့ရတာတွေ အားလုံးကို လှမ်းလို့ တွေးလိုက်မြင်ယောင်လိုက်မိပါတော့တယ်။

မင်းတို့ စဉ်းစားကြည့်စမ်း။ သူ့ဖခင် ဦးဘညွန့်က အာဇာနည်ခေါင်းဆောင်ကြီးများကို လုပ်ကြံကြရာမှာ ကြံဖော်ကြံဖက်အဖြစ် ပတ်သက်ခဲ့ရတယ်။ တစ်ပြည်လုံး မှာ ‘ဖော်ကောင်ဘညွန့်’ ရယ်လို့ ဟိုးဟိုးကျော်ခဲ့တယ်။ လူဆိုးလူယုတ်မာတစ်ယောက်အဖြစ် တစ်တိုင်းပြည်လုံးက အော့ကြောလန်ခဲ့တယ်။ နောက်နှစ်ပေါင်းအတော် လေးကြာမှ ‘ဘေဘီဗိုက်တာ’ ဆိုတဲ့ ကလေးအားတိုးဆေးကို မထင်မရှား ရောင်းချပြီး အသက်မွေးလာခဲ့ရတယ်။ အဲဒါတွေကို ဖတ်ရတော့ ငါ့မှာလေ ဗုဒ္ဓဝင်ထဲက အင်္ဂုလိမာလ ဇာတ်တော်ကြီးကို သွားသတိရမိသေးတယ်။ အင်္ဂုလိဆိုတာက လက်ညှိုး၊ မာလဆိုတာက ပန်းကုံး၊ လက်ညှိုးပန်းကုံးကို လည်မှာ ဆင်သော ဆိုတဲ့ အဓိပ္ပာယ် ရှိတယ်။ အင်္ဂုလိမာလရဲ့ နာမည်အရင်းက ဟိံသကလို့ ခေါ်ပါတယ်။ နောက်မှ လူတွေရဲ့လက်ညှိုးတွေကို ဖြတ်ပြီး ပန်းကုံးလုပ် လည်ပင်းမှာ ဆွဲတာကြောင့် သူ့ကို အင်္ဂုလိမာလလို့ခေါ်ကြတာ။ ဧရာမကြောက်စရာ လူဆိုးကြီးပေါ့။ နောက် ဘုရားနဲ့ တွေ့တော့မှ ကျွတ်တမ်းဝင်သွားတယ်။ ဒါပေမယ့် ပြည်သူလူထုက သူ့ကို အခဲမကျေဘူး။ ဒါကြောင့် မြင်သူတိုင်းက ငါတို့ ဆွေမျိုးသားချင်းတွေရဲ့ လက်ညှိုးကိုဖြတ်သော သူရယ်လို့ ကျိန်းမောင်းဆဲဆိုကြတယ်။ ခဲနဲ့၊ တုတ်နဲ့ ပစ်တတ်ကြတယ်။ ဆွမ်းခံပြီး ပြန်လာရင် ဆွမ်းမရလာတဲ့အပြင် သွေးသံရဲရဲ ဖြစ်လာလေ့ရှိတယ်။ ဒီတော့မှ ဘုရားသခင်က ‘ငါ့သား အင်္ဂုလိမာလ လူတကာရဲ့ ရန်သူဖြစ်နေပြီ၊ ငါ့သားအတွက် ဂါထာတစ်ခုတော့ ပေးလေမှပဲ’ လို့ ကြံရွယ်ပြီး အင်္ဂုလိမာလ ပရိတ်တော်ကို ပေးသနားတော်မူခဲ့တယ်။ အဲဒီပရိတ်တော်ရဲ့ တန်ခိုးအာနိသင်က ကိုယ်ဝန်ဆောင် အမျိုးသမီးများ မျက်နှာမြင်တဲ့အခါမှာ ဒီပရိတ်တော်ကို ရွတ်ပေးလိုက်ရင် သက်သာလွယ်ကူစွာ မီးဖွားနိုင်တယ်ဆိုကိုး။ ဒီတော့ မီးနေအိမ်ဟူသမျှက အင်္ဂုလိမာလထေရ် အရှင်ကို ပရိတ်တော်ရွတ်ပေးဖို့ တောင်းပန်ကြရပြန်တာပေါ့။ အဲဒီလိုနဲ့ အင်္ဂုလိမာလထေရ်အရှင်ဟာ တိုင်းပြည်ရန်သူကြီးကနေပြီး ပြည်သူ့ ကျေးဇူးရှင်ကြီး ဖြစ်သွားခဲ့ရတယ်။ ဒါကြောင့် ငါက ဖော်ကောင်ဘညွန့်ဟာလည်း ဘေဘီ ဗိုက်တာ ကလေးအားတိုးဆေး ဖော်ပြီး ရောင်းလိုက်တာဟာဖြင့် အင်္ဂုလိမာလပရိတ်တော်နဲ့ တူနေပါကလားရယ်လို့ သွားပြီး သတိရမိတာပါ။

ငါလည်း လေရှည်သွားလိုက်မိတာ မဆုံးနိုင်တော့ဘဲ ဖြစ်သွားပြီ။ နောက်တစ်ပတ်မှ ဆက်ကြဦးမှာပေါ့ကွာ။

အောင်သင်း

Copied from Sayaraungthin Wordpress. Thanks to the site.

စလေ ငနော့ 



Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်