ဒီလိုပဲ ဖြစ်ရမှာပေါ့ 🖊 ကြပ်ကလေး

ဒီလိုပဲ ဖြစ်ရမှာပေါ့
•••••••••••••••••••••

ကြပ်ကလေး

မနုရီတို့ အလယ်ထပ်ပြောင်းလာသည်မှာ ငါးရက်လောက်ပင် ကြာသေးသည်။

အပေါ်ထပ်မှ ညိမ်းမောင်မှာ လှေကားအဆင်းအတက်တွင် မကြာခဏ ဆုံမိကြသည်ဖြစ်၍ မနုရီ၏နံမည်ကလေးမှအပ အခြား
ချောပုံလှပုံ ကိုယ်လုံးကိုယ်ပေါက် ကျနပုံကို အလွတ်ရနေပြီဖြစ်၏။

ညိမ်းမောင်မှာ ဘီအေအထက်တန်း ကျောင်းသားတစ်ယောက် ဖြစ်၍ ရေနံချောင်းမှ လာရောက်ကာ ငယ်သူငယ်ချင်း စိန်ဦး၏ အိမ်ခန်းတွင် လာရောက်နေထိုင်သူဖြစ်လေသည်။ 
 
စိန်ဦးတို့ လင်မယားနှစ်ယောက်စလုံးမှာ ကလေးမရှိသူများ ဖြစ်သည့်အပြင် နှစ်ယောက်လုံး ရုံးအလုပ်သမားများဖြစ်ကြ၍  ယခုကဲ့သို့ ကြာသပတေးနေ့မျိုးတွင် ညိမ်းမောင်တစ်ယောက်တည်း အခန်းထဲတွင် ရှိနေသည်မှာ မဆန်းပေ။

မနုရီ မက်ထရစ်ဖြေရန်အတွက် ပညာသင်ကျောင်းတစ်ကျောင်း၌ နေသည်ကိုလည်း ညိမ်းမောင်သိ၏။ ညနေသုံးနာရီခန့် ကျောင်းဆင်း၍ လေးနာရီမထိုးမီ ဆယ့်ငါးမိနစ်ခန့်တွင် လှေကား၌ တွေ့ဆုံနိုင်သည်ကိုလည်း သိ၏။ ထို့ကြောင့်ပင် ညနေပိုင်း တက်စရာရှိသော ပါဠိကိုပင် မတက်တော့ဘဲ ́ စာတစ်စောင်ရေးကာ မနုရီ၏အပြန်ကို စောင့်လျက်ရှိသည်။ 

သူ့အကြံကား တော်တော်ပိုင်သည်ဟု ဆိုရပေမည်။ လမ်းမ၌ စာပေးလျှင် လူများမြင်ကြမည်။ ကျောင်း၌စာပေးလျှင် ကျောင်းသား အဖော်များမြင်ကြမည်။ အိမ်ထဲ၌ စာပေးလျှင် အိမ်သူ အိမ်သားတွေ သိကုန်မည်။ ထို့ကြောင့် လမ်းမကျ အိမ်မကျ လှေကားအတက်အဆင်းကား အနည်းငယ်လည်း မှောင်၏။ မနုရီတို့၏ အခန်းသည်လည်းကောင်း၊ မျက်နှာချင်းဆိုင်အခန်းသည်လည်းကောင်း၊ အမြဲတမ်း တံခါးပိတ်ထားလေ့ရှိကြလေသည်။ သို့ဖြစ်၍ မှောင်ခိုရည်းစားစာသည် အကျိုးဖြစ်ထွန်းမည်ဟု သူမျှော်လင့်ထားလေသည်။

သုံးနာရီခွဲသည်နှင့်တပြိုင်နက် ကြမ်းပိုးများသော ကုလားထိုင်ကို ထိုင်မိသူသကဲ့သို့ ဖင်တကြွကြွဖြစ်လာသည်။ တံခါးပေါက် မှ လှေကားသို့ ချောင်းကြည့်ရသည်မှာလည်း လိပ်ခေါင်းကဲ့သို့ ထွက်ချည်ဝင်ချည် ဖြစ်လှပြီ။

မျှော်ရဖန်များသဖြင့် မောသွားဟန်ဖြင့် ပြန်ထိုင်ပြန်ကာ တိုင်ကပ်နာရီကို မော့ကြည့်နေပြန်သည်။

ဤသို့ဖြင့် လေးနာရီထိုးရန် ဆယ့်နှစ်မိနစ်လောက်တွင် တဖန် ထချောင်းပြန်ရာ လှေကားမှ တက်လာသော မနုရီကိုတွေ့လိုက် ရသည်တွင် ကမန်းတတန်း တံခါးချပ်ကိုဆက်ဆွဲလိုက်ပြီး အပြင် ထွက်လိုက်ကာ လှေကားထစ်နှစ်ထစ် ဆင်းလိုက်ပြီးမှ စာကျန်ခဲ့သည်ကို သတိရကာ ကပျာကရာပင် ပြန်တက်ပြီး အခန်းထဲ
ကို ပြန်ဝင်လိုက်သည်တွင် သူထွက်စဉ်က ပြန်စေ့ထားမိသော တံခါးရွက်နှင့် နဖူးတို့ပစ်ဆောင့်လိုက်ကြလေ၏။

နာသည်ကိုပင် အရေးမထားနိုင်တော့ဘဲ တွန်းဝင်သွားကာ စားပွဲပေါ်မှာ စာခေါက်ကိုယူပြီး ပြန်ထွက်မည်ပြု၏။ 

“ဟ မနိပ်သေးဘူး၊ အသားလွတ်ဖြစ်နေတယ်”
 
ဟု ကြံပြန်ကာ စားပွဲပေါ်တွင် တွေ့ရာ သင်္ဂဇာဆရာတော်ဘုရား နိဿယပြန်သော ဓမ္မပဒစာအုပ်ကြားထဲသို့ ညှပ်လိုက်ပြီး စာအုပ်ပါယူ၍ ဒရောသောပါး ပြေးဆင်းလာခဲ့လေ၏။ 

ထိုအချိန်တွင် မနုရီမှာ သူ့အခန်း၌ ပိတ်ထားသော တံခါးရှေ့တွင် ရပ်နေပြီဖြစ်ရာ အနားရောက်လာသော ညိမ်းမောင်မှာ နှလုံးကလေးတုန်၊ မောကလည်းမောနှင့် မျက်လုံးပြူးလျက် ရှူးရဲ ရှူးရှဲနှင့် ဖြစ်နေရကား မနုရီက ကြောက်ကြောက်နှင့် ကြည့်သည်ကို ညိမ်းမောင်သည် သူ့အား မနုရီပြူးပြဲပြသည် အမှတ်နှင့် သာ၍
လန့်သွားကာ နှာခေါင်းကြီးများပင် ပွထလာမိလေ၏။

တဖန် မနုရီမှာ ညိမ်းမောင်၏ မျက်နှာထားကြောင့် ရင်ဖို သွားပြန်ကာ ကဗျာကရာ တံခါးထုခေါက်လိုက်လေ၏။
 
“ဒေါက် ဒေါက် ဒေါက်” 

တံခါးခေါက်သံကြားမှ ညိမ်းမောင်မှာ သူ့ကိစ္စ မပြီးမြောက်သေး သည်ကို ပြန်လည်သတိရမိပြီး ကမန်းကတန်းပင်- 

“ရော့ ရော့” 

နှင့် ဓမ္မပဒစာအုပ်ကြီးကို မနုရီအား ထိုးပေးနေလေသည်။

ဤတွင်မှ မနုရီမှာ ညိမ်းမောင်အကြံကို ရိပ်မိလာလေသည်။ မနုရီမှာလည်း ငြိမ်းမောင်ကို ဂရုထားသည်ဖြစ်ရကား ညိမ်းမောင်အား မျက်စိစပါးမွှေးစူး မထားစေကာမူ ဤသို့စာပေးကြောင်း သိရသောအခါ အကြောက်တစ်မျိုး ဖြစ်ပေါ်လာပြန်လေ၏။

မနုရီ ​တွေဝေနေစဉ် “ဂျောက်" ခနဲ တံခါးဖွင့်သံထွက်ပေါ်လာ ရာ မနုရီမှာ ဘာမျှမစဉ်းစားနိုင်တော့ဘဲ ညိမ်းမောင်အား သနားသလိုလို စိတ်ရင်းခံကြောင့် စာအုပ်ဆွဲယူလိုက်ကာ လက်ထဲတွင် ပိုက်ထားသော ကျောင်းစာအုပ်များနှင့် ထပ်ကိုင်လိုက်ပြီးသည်နှင့် တပြိုင်နက် တံခါးချပ်လည်း ပွင့်လာပြီဖြစ်သဖြင့် အထဲဝင်သွားလေ၏။

တံခါးဖွင့်ပေးသော မနုရီ၏ မိခင်မှာ မနုရီဝင်လာပြီးဖြစ်သော်လည်း တံခါးကို ပြန်မပိတ်သေးဘဲ ညိမ်းမောင်ကို မနုရီ၏
ဧည့်သည်ကျောင်းသား တစ်ယောက်မှတ်၍ -

“လာလေ... မောင်ရင်၊ ဘယ့်နှယ်ပြန်ဆင်းသွားမလို့လဲ”

ဟု မေးလိုက်ရာ လစ်တော့မည်ပြု နေသော  ညိမ်းမောင်မှာ လန့်ဖျပ်သွားပြီး - 

“တခြား ဘယ်နှယ့်မှတော့ မလုပ်ရသေးပါဘူးခင်ဗျာ”

ဟု ဖြေလိုက်လေ၏။

ဤသို့သော ဖြေသံကို အပေါက်နားရှိ ကုလားထိုင်တွင် စာထိုင်ဖတ်နေသော မနုရီ၏ဖခင် ဦးလှမောင်ကြားမိသည်တွင် ခေါင်းပြောင်ကလေးကို ထောင်ထလိုက်ရင်း -
 
“ဘယ့်နှယ့်အဖြေလဲဟေ့” 

ဟု မေးလိုက်၏။

ညိမ်းမောင်မှာ မိမိအဖြေမှားသွားပြီးမှန်း သိသော်လည်း အဒေါ်ကြီးနားထဲတွင် ဗလုံးဗထွေးကြီးဝင်သွားမှန်းကို အကဲခတ် မိသဖြင့် ဟန်မပျက်ဝင်လာပြီး ဦးလှမောင်အနား၌ ဝင်ထိုင်လိုက်၏။

ဦးလှမောင်မှာ သူ့အမေးကို ဖြေမည်လားဟု ညိမ်းမောင် ကို လိုက်ကြည့်နေရာ သူ့အနားတွင် ဝင်ထိုင်ပြီး အေးအေးဆေး
ဆေးပင် နောက်မှီနေသော ညိမ်းမောင်ကိုတွေ့ရသောအခါ မအောင့်နိုင်တော့ဘဲ ...  

“ဟင်”

ဟု ထပ်မေးလိုက်ရာ စောစောက မေးခွန်းကို မကြားလိုက်သော ညိမ်းမောင်မှာ မျက်လုံးပြူးသွားပြီး -

"အီ''

ဟု မေးခွန်းအဆန်းဖြင့် ပြန်မေးလိုက်မိလေတော့သည်။ ဦးလှမောင်မှာ ဘယ်လိုသတ္တဝါပါလိမ့်ဟူသော အတွေးဖြင့် ကြည့်ရင်း
-

“မင်း အခုန အပေါက်ဝမှာ ဖြေတဲ့အဖြေဟာ မေးခွန်းနဲ့ မဆိုင်ပါလားကွ”

ဟု ခပ်ဆတ်ဆတ်ပြောလိုက်ရာ ညိမ်းမောင်မှာ သူ၏ လွတ်သွားသောအဖြေကို အဘိုးကြီး ရိပ်မိသွားပြီဟုသိကာ တိတ်သွား ပြန်၏။

“ခင်ဗျာ” 

ဟု ပြန်မေးလိုက်မိပြန်လေ၏။ အဘိုးကြီးမှာ မျက်လုံးကျယ်ကြီးဖြင့် ကြည့်လိုက်ရင်း -

“မင်းအခုနက အပေါက်ဝမှာ ဖြေတဲ့အဖြေဟာ မေးခွန်းနဲ့ မဆိုင်ပါလား”

ဟု ခပ်ငေါက်ငေါက်မေးလိုက်မှ ညိမ်းမောင်မှာ အကြံရလာ ပြီဖြစ်သဖြင့်... 

“ကျွန်တော် နားလေးနေတယ်ခင်ဗျ”
 
ဟုပြောလိုက်မှ အဘိုးကြီးမှာ ကျေနပ်သွားဟန်နှင့်.. 

“ဒီလိုဖြစ်ရမှာပေါ့”
 

ဟုပြောလိုက်ပြီး ရွှေမျက်မှန်ကလေးနှင့် ညိမ်းမောင်ကို ကြည့်လိုက်မိပြန်ကာ - 

“အင်း မျက်စိကလည်းမကောင်း၊ နားကလည်းပျက်ဆိုတော့ တော်တော်ဝဋ်ကြီးတဲ့ ​ကောင်လေးပဲ”

ဟု တိုးတိုးကလေးညည်းလိုက်ရာ ညိမ်းမောင်မှာ အဘိုးကြီး သနားအောင် မျက်နှာငယ်ကလေးနှင့် “ဟုတ်ကဲ့” ဟု ဖြေလိုက်မှ အဘိုးကြီး မျက်လုံးပြူးသွားလေ၏။

“ဟင် မင်း တိုးတိုးပြောတာ ကြားတယ်လား"

ဤတွင်မှ ညိမ်းမောင်မှာ သူဒုတိယမ္ပိ လွတ်သွားပြန်ပြီဟု ရိပ်မိတော့၏။ သို့သော် ဟန်မပျက်ပင် - 

“ဟုတ်ကဲ့ တခါတခါတော့ ကြားပါတယ်၊ အခုဟာ ကျွန်တော် ကျောင်းသားလားလို့ မေးတာ မဟုတ်လား” 

ဟုအဘိုးကြီးကိုပြန်မေးမှ အဘိုးကြီးသည် သင်္ကာကင်းသွားကာ စကားနည်းစေရန် ခေါင်းညိတ်လိုက်ပြီး “ဒီလိုဖြစ်ရမှာပေါ့” ဟု သူအနှစ်သက်ဆုံး ဝါကျကလေးကို ညည်းလိုက်လေသည်။

ဤအချိန်တွင် မနုရီသည် သူ့အမေနှင့် အိမ်နောက်ဖေး လိုက်သွားပြီဖြစ်၏။ ကျောင်းစာအုပ်များကိုမူ အိနြေ္ဒမပျက်စေရန် နောက်ဖေးမယူသွားဘဲ အနီးမှ စားပွဲပေါ်တွင်ပင် တင်ထားခဲ့ရာ ညိမ်းမောင်မှာ တထိတ်ထိတ်နှင့် ဓမ္မပဒစာအုပ်ကိုပင် မျက်ခြေမပျက် ကြည့်နေမိတော့သည်။

မနုရီ၏ မိခင်မှာ မနုရီအား သူသိလိုသမျှကို မေးမြန်းနေလေရာ မနုရီလည်း ညိမ်းမောင်အကြောင်းကို ရေရေလယ်လယ် သိသည်မဟုတ်ရကား ရမ်းဝါးနေလေ၏။ 

“သူက ကျောင်းသားပဲလား”

“ဟုတ်တယ်လေ မနုရီရဲ့ သူငယ်ချင်းပေါ့”
 
“လူနံမည်က ဘာတဲ့တုန်း” 

“ရစ်ချာ့ဒ်-တဲ့" 

မနုရီမှာ အဘွားကြီးမှတ်ရခက်အောင် အင်္ဂလိပ်နာမည်ကြီး ပြောလိုက်ခြင်းဖြစ်လေသည်။ 

မကြာမီပင် မနုရီ၊ အဘွားကြီးနှင့် လက်ဖက်ရည်ပန်းကန်များပါ ဧည့်ခန်းသို့ ရောက်လာကြလေ၏။

ညိမ်းမောင်နှင့် ဦးလှမောင်တို့၏အကြားရှိ စားပွဲကလေးပေါ်တွင် လက်ဖက်ရည် အငွေ့တထောင်းထောင်းနှင့် ပန်းကန်နှစ်ခုလည်း ရောက်ရှိနေလေ၏။

ဦးလှမောင်မှာ လောကဝတ်ကျေပြွန်စွာနှင့် - 

“ကဲ သောက်လိုက်အုန်း၊ ဒါထက် မောင်ရင်ဘယ်မှာနေလဲ"

“အပေါ်ထပ်” 

ညိမ်းမောင်က အဖြေမဆုံးမီ အဘွားကြီးက - 

“ဟင် ကျောင်းသားဆို”

ဟုမေးလိုက်ရာ ဦးလှမောင်က အဘွားကြီးအား မတိုးမကျယ် ဖြင့် - 

“သူနားလေးနေတယ်”

ဟု ပြောလိုက်ပြီး ငြိမ်းမောင်အား ခပ်ကျယ်ကျယ်မေးပြန်၏။ 

“ဘယ်မှာနေလဲ” 

“အော် စောစောက မေးတာလား၊ ကျွန်တော်က ပညာ ဘယ်မှာသင်လဲ မေးတယ်မှတ်လို့၊ ကျွန်တော်ပညာသင်တဲ့နေရာ မှာ ကျောင်းအပေါ်ထပ်မို့ပါ၊ ကျွန်တော်နေတော့ ဟို ဟို ငါးဆယ့်နှစ်လမ်းမှာပါ”

အဘိုးကြီးနှင့် အဘွားကြီးကား အိမ်ပြင်ထွက်ကြသူများ မဟုတ်၍ ဖြီးသမျှ ယုံနေကြလေသည်။ ညိမ်းမောင်မှာလည်း စောစောက ဆင်းသွားတော့ဟန်မျိုး ဖြစ်ခဲ့သည်မှအစ မနုရီနှင့် တစ်ခါတလေ မှတွေ့ရသော သူငယ်ချင်းဟန်မျိုးကို ဆောင်လို၍ ဤသို့ဖြေလိုက်ရခြင်း ဖြစ်လေသည်။

အဘိုးကြီးကား ဤမျှမရပ်သေးဘဲ...
 
“နံမယ်ကကောကွ” 

“ညိမ်းမောင်ပါခင်ဗျာ” 

ဤနေရာတွင်လည်း အဘွားကြီးကဝင်၍... 

“ဟ မနုရီပြောတော့ ဘာတဲ့ လချက်-ဆို” 

“အို ရစ်ချာ့ဒ်ပါ မေမေရဲ့” 

ဤသို့ မနုရီက ဝင်ထောက်ပေးသလိုလိုနှင့် လမ်းခင်းပေးလိုက်မှ ညိမ်းမောင်မှာ အကြံရလာကာ -

“ဟုတ်ကဲ့ အင်္ဂလိပ်ကျောင်းမှာ ငယ်ငယ်က နေခဲ့ရတော့ ငယ်နံမည်က ရစ်ချာ့လေ”

ဟု ဆက်ဖြီးလိုက်လေ၏။ 

“အဲ ဒီလိုဖြစ်ရမှာပေါ့”

ဟုပြောပြီး ဦးလှမောင်မှာ စကားစပြတ်သွားရကား စားပွဲပေါ်ရှိ မနုရီ၏ စာအုပ်ကိုမြင်လိုက်သည်တွင်... 

“အော် စောစောက သမီးပိုက်လာတဲ့အထဲမှာ ဓမ္မပဒမြင်လိုက်ပါတယ်”

ဟု ပြောလိုက်ရာ မနုရီမှာ မနေသာတော့ဘဲ ပြန်ဖြေရ လေ၏။

“ဟုတ်ကဲ့ ဖတ်ကြည့်မလို့၊ သူငယ်ချင်းတစ်ယောက်ဆီက ငှားခဲ့တယ်လေ"
 
“ပေးစမ်းကွယ်၊ ဖေဖေ ဖတ်ကြည့်စမ်းမယ်” 

အဖိုးကြီး၏ စကားအဆုံးတွင် မနုရီရော ညိမ်းမောင်ပါ မျက်လုံးပြူးသွားကြလေ၏။

မနုရီမှာ ညိမ်းမောင်အား မျက်လုံးဖြင့် အကူအညီတောင်းလိုက်ရာ ညိမ်းမောင်မှာ အဖိုးကြီး အာရုံပြောင်းသွားရန် စကားရှာ၍ မရသဖြင့် ကြံမိကြံရာ သူ့ဖို့ထားသော လက်ဖက်ရည်ခွက်ကို မတော်တဆလိုလိုဖြင့် တမင်တိုက်ချလိုက်လေ၏။
 
ပန်းကန်ကွဲသံကြားလျှင် အဖိုးကြီး အာရုံပြောင်းသွားရမည်ဟု ကြံကာ လုပ်လိုက်လေရာ ပန်းကန်မှာ အဖိုးကြီး၏ခြေထောက်ပေါ် စွတ်စွတ်ရွတ်ရွတ်ကျသွားလေသည်။ 

အဘိုးကြီးမှာ သူ့လက်ဖက်ရည် ပူပူဒဏ်ကြောင့် -
 
“အား ဖူးဖူး” 

ဟု ပါးစပ်ထဲမှ လက်ဖက်ရည်များကို စွတ်မှုတ်ထုတ်လိုက် ရာ လက်ဖက်ရည်နှင့် တံထွေးများမှာ ညိမ်းမောင်မျက်ခွက်ပေါ် သို့ ဒါရိုက်ဟစ်ကျရောက်ကုန်သဖြင့် ညိမ်းမောင်မှာ ယောင်ပြီး လက်ဖက်ရည်စက်များကို လက်ဖြင့်ပုတ်ချမိလေ၏။ ဤသို့ ပုတ် ချလိုက်ရာတွင် သူ့မျက်မှန်သူ ပုတ်ချလိုက်မိသဖြင့် မျက်မှန်ကလေးမှာ လွင့်စင်ပြီး အဘွားကြီး၏ မျက်ခွက်ကို မှန်ပြန်လေ၏။

ဤသို့သော လျင်မြန်လှသည့် ဗရုတ်ဗရက်အဆုံးတွင် ညိမ်းမောင်မှာ အဘိုးကြီး အဘွားကြီးတို့၏ မျက်နှာကို မကြည့်ရဲတော့ဘဲ ကဗျာကရာထ၍ လစ်ထွက်လာခဲ့လေ၏။ 
 
အပေါ်ထပ်တက်သွားလျှင် နောက်က လိုက်လာက ပြေးပေါက်ရှိမည် မဟုတ်သဖြင့် လှေကားမှ ဆင်းပြေးခဲ့ရလေ၏။ သို့ရာတွင် မျက်မှန်မပါတော့သည် ဖြစ်ရကား နှစ်ထစ်မျှဆင်းပြီး နောက်တစ်ထစ်ကို ကျော်ဆင်းမိသဖြင့် ဖင်ထိုင်ရက်ကြီး အုန်း ဒုန်း ဒုန်း ဒုန်းနှင့် စက်အမြှောက်ပစ် သွားလေတော့သည်။ 

ဤအချိန်တွင် မနုရီ၏ ကြီးတော်ရသေ့မကြီးမှာ မနုရီတို့ဆီ
လာလည်ရန် တက်လာသဖြင့် ညိမ်းမောင်၏ တစ်တီတူးငှက်ကဲ့သို့ မိုးမျှော်နေသော ခြေထောက်အစုံမှာ ရသေ့မကြီး၏ ရင်ဘတ်ကို ပြေးဆောင့်လိုက်မိပြီး နှစ်ယောက်စလုံး ဗလုံးဗထွေးနှင့် ပလက်ဖောင်းပေါ်သို့ ကျလာကြလေ၏။

ညိမ်းမောင်မှာ အခွင့်သာလျှင်သာခြင်း မတ်တပ်ရပ်လိုက်ရာ ဘေးက ကုလားဆိုင်တစ်ဆိုင်ရှေ့တွင် ရပ်မိလျက်ဖြစ်နေလေ၏။ စောစောက ဗလုံး ဗထွေးဖြစ်စဉ် ရသေ့မကြီး၏ တဘက်မှာ သူ့လည်ပင်းတွင် ပတ်လျက်ရှိသဖြင့် ဆိုင်ရှင်ကုလားမှာ ဘုရားတည် ကျောင်းဆောက်ရန် လာသော အလှူခံမှတ်၍ “ဂျောင်း ဂျောင်း” နှင့် စွတ်မောင်းထုတ်နေလေတော့သည်။ 

ကုလား၏ “ဂျောင်း” သံကြားတော့မှ ငြိမ်းမောင်လည်း “ဂျောင်း” ရန် ဟန်ပြင်လိုက်သည်နှင့် တပြိုင်နက် ရသေ့မကြီးသည် သူ့တဘက်ပါသွားသဖြင့်

“ပါသွားပြီ ပါသွားပြီတော့”

ဟု အော်လိုက်သဖြင့် ပတ်ဝန်းကျင်မှ လူများမှာ လုယက်မှုဟု အထင်ရောက်သွားကြကာ ဝိုင်းလာလေ၏။

လူတွေ ဝိုင်းလာသည်နှင့် တပြိုင်နက်ပင် ငြိမ်းမောင်မှာ  တစ်လှမ်းနှစ်လှမ်း ပြေးလိုက်ရာတွင် လူအုပ်ထဲမှ ခပ်ဖျတ်ဖျတ်လတ်လတ် လူတစ်ယောက်က လေလွင့်နေသော တဘက်ကို ဖမ်းဆွဲလိုက်လေရာ ငြိမ်းမောင်မှာ ကော့လန်လန်ကြီးဖြစ်သွားပြီး “အစ် အစ် အစ်” နှင့် မျက်လုံးပြူး လျှာထွက်လာလေ၏။

ဦးလှမောင်တို့လည်း ဆင်းလိုက်လာကာ ရသေ့မကြီးအား အကျိုးအကြောင်း မေးကြလေ၏။ 

“ဘာပါသွားတာလဲ” 

“တဘက် တဘက်” 

ရသေ့မကြီး၏ အဖြေကို ကြားရသောအခါ ဖမ်းထားသူလည်း ညိမ်းမောင်ကို သေသေချာချာကြည့်ကာ... 

“ဘာသဘက်လဲ၊ ဒီလူ့ကို သဘက်ပူးတာလား”
 
ဟုမေးကာ အူကြောင်ကြောင်ဖြစ်နေလေ၏။

ဤကဲ့သို့ အကုန်လုံးရှုပ်ထွေးစဉ် မနုရီသည် သူနိုင်သည့် ဇာတ်ကွက်ကိုဝင်ရောက် ကပြလေတော့သည်။

“ဒီလိုပါ... ဒီ ကိုညိမ်းမောင်က အရီနဲ့ ခင်လို့ အရီက သူ့အကြောင်း ကောင်းကောင်းသိပါတယ်၊ သူ စာသိပ်ကြိုးစားတာမို့ ဦးနှောက်ပျက်ပြီး ဒီလိုပဲ တစ်ခါတစ်ခါ အရူးထတတ်တယ်လေ”

မနုရီစကားအဆုံးတွင် ငြိမ်းမောင်ရှုံ့မဲ့မဲ့ကြီးဖြစ်သွားသော် လည်း ဦးလှမောင်မှာ ကျေနပ်သွားသလို မျက်ခုံးနှစ်ဖက်ကို ပင့်လိုက်၍

“အေး... ဒီလိုဖြစ်ရမှာပေါ့” 

ဟု ပြောလိုက်လေသည်။ ရသေ့မကြီးလည်း သူ့တဘက်ပြန်ရ၍ ယူငင်ကာအပေါ်ထပ်သို့ တက်သွားသည်တွင် မနုရီ၏ မိခင်လည်း ညိမ်းမောင်ဘက်သို့ လှည့်၍

“မောင်ရင် မျက်မှန်လာယူဦးလေ၊ မကွဲဘူးကွဲ့၊  အဒေါ်ပေါင်ပေါ်ကျလို့”

ဟုပြောလိုက်ရာ ညိမ်းမောင်လည်း လိုက်တက်ခဲ့ရပေတော့ သည်။  

အပေါ်ထပ်သို့ ရောက်သောအခါ အားလုံးကြေကြေအေးအေး ဖြစ်သွားသော်လည်း ရသေ့မကြီးမှာ ညိမ်းမောင်နှင့်မနုရီတို့ ဆက်ဆံပုံကို သဘောမကျသလို မှုန်ကုတ်ကုတ် ရှုသိုးသိုးကြီး လုပ်နေရာ ညိမ်းမောင်မှာ ရသေ့မကြီးကို သူ့ဘက်ပါရန် အကြံ ထုတ်ရပြန်လေ၏။ 

“အော်... မိုးညှင်းဆရာတော်ကြီးရဲ့ တရားဟော တယ်ပြီး နားထောင် ကောင်းတယ်နော်” 

“မိုးညှင်းဆရာတော်လည်း ကောင်းတာပဲ၊ မင်းကွန်းဇေတဝန် ဆရာတော်လည်း ကောင်းတာပဲ”

ညိမ်းမောင် အစ်အောက်ထုတ်လိုက်ရာတွင် ရသေ့မကြီး၏ စကားထွက်လာရတော့၏။ ညိမ်းမောင်လည်း ရသေ့မကြီး၏  စကားစကိုရသည်နှင့်တပြိုင်နက် -

“ဟာ ကောင်းပါပြီလား၊ ဒီဆရာတော်ကြီးဟာ ကျွန်တော့် ဘကြီးတော်တယ်လေ၊ အင်မတန် သိက္ခာသမာဓိနဲ့ပြည့်စုံတဲ့ ဆရာတော်ကြီးပေါ့။ တရားဟောလိုက်ရင်လည်း ရှင်းသွားတာပဲ”

ဟု လှိမ့်လိုက်လေရာ ရသေ့မကြီး မျက်နှာမှာ ကြည်လင်သွားကာ

“ဟင်... မင်းက ဆရာတော်ကြီး တူလားက့ွဲ”

“ဟုတ်တာပေါ့ခင်ဗျား၊ တလောက မြေလှူတုန်းကတောင် ကျွန်တော်နေမကောင်းလို့ မလာဖြစ်တာပေါ့”

ညိမ်းမောင်၏ အဖြီးအလှိမ့် ရေယဉ်ကြောဝယ် မျောသွား ပြီးဖြစ်ရကား ရသေ့မကြီးလည်း မနုရီ၏ မိခင်ကို မျက်စပစ်၍
အိမ်ရှေ့ဘက်သို့ ထွက်သွားလေ၏။ 
 
မိန်းမသားနှစ်ယောက်သည် လူငယ်ချင်း လွတ်လပ်စွာ စကား
ပြောနိုင်ဖို့ ရှောင်ပေးကြသည်ဟု သိရှိသော်လည်း ဦးလှမောင်မှာ အိနြေ္ဒမပျက် ရှောင်ပေးနိုင်ရန် ခွင့်ကောင်းမရသဖြင့် အူကြောင်ကြောင်ဖြစ်နေစဉ် အလိုက်သိသော မနုရီက -

“ရော့ ဖေဖေ၊ ဓမ္မပဒဖတ်မယ်ဆို” 

ဟု မေးလိုက်ရာ အဘိုးကြီးမှာ ကျေနပ်သွားကာ 

“အေး ဒီလိုဖြစ်ရမှာပေါ့”

ဟု ဆို၍ စာအုပ်ယူပြီး ထွက်သွားလေသည်။

အဘိုးကြီးမရှိမှ ငြိမ်းမောင်က - 

“အထဲက စာရော” 

“ဘာစာလဲ” 

ညိမ်းမောင်မှာ ဒိတ်ခနဲဖြစ်သွားကာ မနရီ၏ မျက်နှာကို
မကြည့်ဘဲ ငုံ့လိုက်ရာမှ မနုရီ၏ နိုင်လွန်ပိုးအင်္ကျီအိတ်ထဲတွင် စာခေါက်ကလေးကို တစ်ရိပ်ရိပ်မြင်ပြီးမှ -

“အင်း ဒီလိုဖြစ်ရမှာပေါ့” 

ဟု ဦးလှမောင် ဂိုက်ဖမ်းလိုက်လေ၏။ 

“ဘာ ဒီလိုဖြစ်ရမှာလဲ လူကြီးတွေ မရှိတော့ဘူး”
 
“မရှိတော့ဘူး ဘာဖြစ်လဲ”

“မရှိတော့ မိကောင်းဖခင် သားသမီးပီပီ ပြန်ရင်ကောင်း လိမ့်မယ်ထင်တယ်”

“အင်း ဒီလိုဖြစ်ရမှာပေါ့။ ဒါထက် အကြောင်းလေးတွေရော မသိရဘူးလား”

“ပြန်ပါ” 

“မသိရရင် မပြန်ဘူး” 

မနုရီမှာ စိတ်ညစ်သလို ခေါင်းကုတ်ရင်းက - 

“မနက်ဖြန်ညနေ စောင့်နေ” 

“စာပြန်မှာလား” 

မနုရီမှာ နှုတ်ကမပြောဘဲ ခေါင်းငြိမ့်လိုက်လေသည်။ 

“စာက ဘယ်လိုပြန်မှာလဲ”

ညိမ်းမောင်မှာ ထပ်ကဲနေပြန်ရာ မနုရီသည် မျက်စောင်းကလေး တစ်ချက်ထိုးရင်း -

“မှတ်ထား၊ မိန်းကလေးမှန်ရင် မုန်းလို့တော့မပြန်ထဲကချည်း ရှင့်”

“အဲဒီလိုဖြစ်ရမှာပေါ့”

ပြောပြောဆိုဆို ငြိမ်းမောင်မှာ မိကောင်းဖခင်သားသမီးပီပီ ထွက်လာခဲ့ရာတွင် သူ့နောက်မှ တံခါးချောက်ခနဲ ပိတ်သံနှင့် မရှေးမနှောင်း ဓမ္မပဒကို ကိုင်၍ ရသေ့မကြီးနှင့် တရားဆွေးနွေးနေသော ဦးလှမောင်ထံမှ စကားသံကျယ်လောင်စွာ ထွက်ပေါ် လာလေ၏။

“ဒီလိုဖြစ်ရမှာပေါ့” 

ကြပ်ကလေး

အောက်တိုဘာလ (၁၉၅၀)၊
 
(ကလောင်စုံမဂ္ဂဇင်းမှ)။

ဆရာကြပ်ကလေး၊ မတစ်လုံးကြေနှင့်  ဟာသဝတၳုတိုများ၊ စာမျက်နှာ ၇၅ - ၉၁။

စာရိုက် - စလေ ငနော့



Comments

Popular posts from this blog

ငရဲဆိုတာ ဂျိုနဲ့လား 🖋 ဟံသာဝတီ ဦးဝင်းတင်

ဘာလဲဟဲ့... လူ့ငရဲ (မိတ်ဆက်) 🖋 ဟံသာဝတီ ဦးဝင်းတင်

ပုံစံခွက်ထဲက နိုင်ငံရေးမုန်တိုင်း (၁) 🖋 ဟံသာဝတီ ဦးဝင်းတင်